မောင်လူမွှေးနဲ့မကြေးမုံ

မောင်လူမွှေးနဲ့မကြေးမုံ(စ/ဆုံး)
———————————-

မခင်မွှေး၏ခေါင်းပေါ်တွင် ခေါင်းတလားတစ်ခုကို ရွက်ထားသည်။ အခေါင်းမှာ သူမ၏မောင်ဖြစ်သူ မောင်လူမွှေး ၏အလောင်းပါသော အခေါင်းဖြစ်လေသည်။
မခင်မွှေးက မောင်လူမွှေးအလောင်းကို မျှောပစ်မည့် ဧရာ၀တီမြစ်ရှိရာသို့ ခေါင်းတလားကိုရွက်ရင်း လျှောက်လာခဲ့ လေသည်။
မခင်မွှေးက မြစ်ဆိပ်ကမ်းအနီးရောက်ခါနီးတွင် မြစ်ထဲသို့မျှော်ကြည့်ကာ သက်ပြင်းကိုချလိုက်သည်။
မောင်လေးကို ရေထဲမှာ မျှောပစ်ရတော့မယ်။ နောင်ဆိုရင် မောင်လေးနဲ့ ဘယ်တော့မှ ပြန်ဆုံရမှာ မဟုတ်တော့ပါလားဟု တွေးကာ မခင်မွှေး ဝမ်းနည်းသွားလေသည်။
မခင်မွှေးက မြစ်ကမ်းစပ်အထိလျှောက်လာပြီး ခေါင်းပေါ်ရွက်လာသောအခေါင်းကို အောက်သို့ချလိုက်လေသည်။

မြစ်ထဲမျှောမပစ်မီ နောက်ဆုံးအနေဖြင့် ကြည့်ရန် အခေါင်းအဖုံးကို ဆွဲဖွင့်လိုက်လေ၏။
အခေါင်းထဲမှာတော့ မောင်လူမွှေးသည် သူ့ကိုမြင်နေကျအတိုင်း အိပ်နေသည့်သဖွယ် ရှိနေမြဲဖြစ်သည်။
‘မောင်လေးရယ်….’
မခင်မွှေးက မောင်လူမွှေးကိုကြည့်ကာ ကြေကြေကွဲကွဲ မြည်တမ်းလိုက်သည်။
မောင်လူမွှေးအသုဘကို ချရာတွင် အသုဘပို့သူ ဘယ်သူမျှမပါ။ ဖခင်ဖြစ်သူ ဦးကျောက်ခဲကိုယ်တိုင်ပင် လိုက် မလာခဲ့ချေ။ ဦးကျောက်ခဲက သားအတွက် အခေါင်းကို သူကိုယ်တိုင်ရိုက်ပေးလိုက်ပြီး အလောင်းကို အခေါင်းအတွင်း ပြင်ဆင်ပေးကာ ရေထဲမျှောပြီး စွန့်ပစ်ဖို့ မခင်မွေးတစ်ယောက်တည်းကို လွှတ်လိုက်ခြင်းဖြစ်သည်။

တကယ်တော့- သူတို့ရွာမှာ သေသူများ၏အလောင်းကို မြစ်ထဲမျှော စွန့်ပစ်သည့် အလေ့အထ မရှိပါ။ ရွာ သုသာန်၌ပင် မြေမြှပ်၍ ဖြစ်စေ၊ အုတ်ဂူတည်၍ဖြစ်စေ စွန့်ပစ်ကြမြဲဖြစ်သည်။
မောင်လူမွှေးကတော့……
မောင်လူမွှေး၏ရုပ်အလောင်းကိုတော့ သာမန်လူများကို သဂြိုဟ်သလို သုသာန်တွင် သဂြိုဟ်ဖို့ မဖြစ်နိုင်သဖြင့် ရေထဲမျှောပစ်ရန် စီစဉ်ရခြင်းဖြစ်ပါသည်။
တကယ်တော့- မခင်မွှေး၏မောင်ငယ် မောင်လူမွှေးဆိုသည်မှာ…….
+ + + + +

ဒေါ်မြင့်က ညတိုင်း အိပ်မက်ထဲတွင် ကလေးလေးကို နို့တိုက်ရတယ်လို့ အိပ်မက်မက်ကြောင်း ပြောသည်။ ဦးကျောက်ခဲက မယုံ ကြည်။ ဒေါ်မြင့် အိပ်မက်မက်လျှင်လည်း အစွဲအလမ်းကြောင့် အိပ်မက်မက်တာလို့ပဲ ထင်နေသည်။ သို့သော်- ထူးဆန်းတာက အသက်မပါသော သန္ဓေသားလေးသည် ပုပ်သိုးသွားခြင်း၊ ဆွေးမြေ့သွားခြင်း၊ အနံ့ဆိုး ထွက်ခြင်းမရှိပဲ သည်အတိုင်း ရှိနေခြင်းပင်။
ပို၍ထူးဆန်းတာက- ဒေါ်မြင့်သည် ကလေးအသေလေးမွေးထားသော်လည်း နို့ထွက်နေခြင်းဖြစ်သည်။ သာမန် သားသည်အမေတွေလို ပုံမှန်နို့ထွက်သည်။ နို့ကို ညှစ် ပစ်ရခြင်းမျိုးလည်း မရှိခဲ့ချေ။
ထိုအခြေအနေများကြောင့် လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍ခိုင်မြဲသွားလေသည်။

အမေပြောပြောပြ၍ မခင်မွေးသည်လည်း လူခြောက်ကလေးကို သူမ၏သက်ရှိမောင်လေးသဖွယ် ထင်မြင် ယူဆထားခဲ့လေသည်။ အမေက သူ့သားလူခြောက်ကလေးနှင့် အိပ်မက်ထဲတွင်တွေ့ရပုံများအား ပြောပြောပြတတ်လေသည်။
သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက်ကလေးကို နာမည်ပေးခဲ့ကြသည်။
ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေး-ဟု မှည့်ခေါ်ထားခဲ့လေသည်။
မခင်မွှေးတို့နေထိုင်ရာ မြင်သာရွာတွင် လူခြောက်အဖြစ်မွေးဖွားလာသူမှာ မောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှ လူခြောက် မမွေးဖွားဖူးကြချေ။ လူခြောက်မမွေးဖူးသော်လည်း လူခြောက်အယူအဆကိုတော့ လက်ခံယုံကြည်ကြသည်။

လူခြောက်တို့သည် ညပိုင်းတွင် မိခင်ဖြစ်သူနှင့် အိပ်မက်ထဲတွင်တွေ့ဆုံတတ်ပုံ၊ သူတို့အလို ရှိရာကို မိခင်များအား အိပ်မက်ထဲတွင်ပြောပြပုံများကို ပုံပြင်သဖွယ် ယခင်ကတည်းက ကြားနာဖူးကြသည်။
လူခြောက်သည် မိဘများအား ကောင်းကျိုးပေးသည်။ လူခြောက်မွေးလျှင် လာဘ်ကောင်းသည်ဟူသည့် အယူအဆကိုလည်း ယုံကြည် ကြလေသည်။
လူခြောက်ကလေး မောင်လူမွှေးက တစ်နေ့တွင် ဦးကျောက်ခဲနှင့်ဒေါ်မြင့်တို့မိသားစုအား ကောင်းကျိုးပေးလိမ့် မည်ဟု တစ်ရွာလုံးက ပြောကြလေသည်။
+ + + + +

သည်လိုနှင့်…မောင်လူမွှေးကို တကယ့်သက်ရှိကလေးတစ်ယောက်ကို မွေးသည့်သဖွယ် မွေးလာခဲ့လေသည်။ ဒေါ်မြင့်က လက်တစ်ဝါး အရွယ်ရှိသည့် ထန်းခေါက်ဖာလေးထဲတွင် အောက်ခြေမှာ ဂွမ်းစနုနုလေးခံကာ မောင်လူမွှေးကို ထည့်ထားသည်။ ထန်းခေါက်ဖာလေးဘေးတွင် မောင်လူမွှေးကစားရန် အိုးပုတ်၊ ချိုးရုပ်ကလေးများ ချပေးထားသည်။ ဒေါ်မြင့်အပြောအရ မောင်လူမွှေးလေးသည် ညတိုင်း ထိုကစားစရာလေး များနှင့် ကစားသည်ဟုဆို၏။ မောင်လူမွှေး အတွက် အင်္ကျီအ၀တ်အစား သေးသေးလေးများကိုလည်း သီးခြားချုပ်လုပ်ကာ ထန်းခေါက်ဖာလေး ဘေးတွင် ချပေးထားလေသည်။ အ၀တ်အစားများကိုလည်း တစ်နေ့တစ်ကြိမ် လဲလှယ်ပေးလေ၏။ ညဖက် အိပ်မက်ထဲတွင် သူ လဲ၀တ်ပေး ထားသော အ၀တ်အစားလေးများကို ၀တ်ထားသည့်အတိုင်း မောင်လူမွှေးကိုတွေ့ဆုံရသည်ဟု ဒေါ်မြင့်က ဆိုပြန်လေသည်။

သို့ဖြင့်…. လူခြောက်ကလေးမောင်လူမွှေး မွေးဖွားပြီး ၂နှစ်ကြာမြင့်ချိန်သို့ ရောက်လာခဲ့လေ၏။
မောင်လူမွှေးလေး အသက်၂နှစ်အရွယ်ရှိလာပြီဟု ဆိုနိုင်လေသည်။
အသက်၂နှစ်တွင် ကလေးများ စကားတီတီတာတာ ပြောတတ်လာသည့်အတိုင်း မောင်လူမွှေးသည်လည်း စကားတတ်လာပြီဟု ဒေါ်မြင့်က ပြောပြလေသည်။ မနက်မိုးလင်းတိုင်း ညက အိပ်မက်ထဲတွင် မောင်လူမွှေးပြောလိုက် သည့် တီတီတာတာစကားလေးများကို ပြန်ပြောပြတတ်လေသည်။
တစ်နေ့တွင်… ဒေါ်မြင့်က ထူးထူးဆန်းဆန်းစကားတစ်ခွန်းပြောလေသည်။
`ကိုကျောက်ခဲရေ… ညက ကျွန်မသားလေးနဲ့တွေ့တော့ အိပ်မက်ထဲမှာ သားလေးမောင်လူမွှေးက ကျွန်မ လက်ကိုဆွဲပြီး ထီဆိုင် တစ်ဆိုင်ကို ခေါ်သွားတယ်တော့၊ ထီဆိုင်က မြို့က နာရီစင်ကြီးဘေးနားတွင်ရယ်၊ ထီဆိုင်နာမည် တောင် ကျွန်မဖတ်လိုက်သေးတယ်၊ နဂါးမင်း ထီဆိုင်တဲ့တော့၊ မောင်လူမွှေးက ချိတ်ထားတဲ့ ထီစာအုပ်တွေထဲက အောက်ဆုံးတန်း ဘယ်ဖက်အစွန်က ထီအုပ်ကိုယူလိုက်တော့ တစ်ရွက် တည်းကျန်တဲ့ ထီလက်မှတ်ဖြစ်နေတယ်၊ သားလေးက အမေတဲ့… ဒီထီလက်မှတ်ကိုထိုးတဲ့… သိန်းဆုကြီးပေါက်လိမ့်မယ်တဲ့…. အဲဒီလို ပြောခဲ့တယ်တော်၊ ကိုကျောက်ခဲ… ရှင်က မြို့ကိုအရောက်အပေါက်များတော့ မေးရဦးမယ်၊ နာရီစင်ကြီးနားမှာ ထီဆိုင်များရှိသလားတော့´
`ရှိမှာပေါ့မယ်မြင့်ရယ်… လူစည်ကားတဲ့ဈေးကြီးနားတွင်ဟာကိုး၊ ထီဆိုင်လည်း ရှိမှာပေါ့´
`ကျုပ်တို့သွားကြည့်ရအောင်တော်၊ အိပ်မက်ထဲကလို နဂါးမင်းထီဆိုင်ဆိုတာတွေ့ရင် ထိုးလိုက်စမ်းချင်တယ်´
`မယ်မြင့်ရယ်… မင့်ဟာက အစွဲအလန်းကြီးလို့ အိပ်မက်မက်တာပါကွာ၊ ထီဆိုင်ကြည့်ရုံနဲ့တော့ မြို့တက်ရမှာ စရိတ်ကုန်ပါတယ်ကွာ´
`အို..ကိုကျောက်ခဲ၊ တော် ဘယ်လိုပြောတာတုန်း၊ သားလေးက ထီပေါက်စေချင်လို့ အိပ်မက်ထဲကနေ အမေကို အသိပေးတာ၊ ပေါက် မယ်ဆိုလည်း သူပြောတဲ့အပတ်မှာထိုးမှ ပေါက်မှာရှင့်၊ လမ်းစရိတ် နှမျောမနေပါနဲ့ရှင်ရယ်၊ ကျွန်မ စိတ်ထဲမလည်း တကယ်လို့ ထင်နေတယ်၊ ရှင် လိုက်မပို့လည်း ကျွန်မဘာသာ လှေကြုံနဲ့လိုက်သွားမတော်´
`ကိုင်း… ကိုင်း… မင်း ဒါလောက်စိတ်ဆန္ဒရှိနေလည်း ငါလိုက်ပို့ပါမယ်ကွာ´
ထိုအခေါက်က မြို့ကိုသွားတော့ မခင်မွှေးလည်း လိုက်ခဲ့ရသည်။

ဒေါ်မြင့်က နာရီစင်ကြီးနားအရောက်တွင် ခြေလှမ်းများပိုသွက်လာကာ.. အိပ်မက်ထဲက ထီဆိုင်ကို လိုက်ရှာလေသည်။ ထူးဆန်းစွာပင်… နာရီစင်ကြီး၏တောင် ဖက်ခြမ်း ဈေးဆိုင်တန်းတွင် အစွန်ဆုံး၌ ထီဆိုင်ကို တွေ့ရလေ၏။ ပို၍ထူးဆန်းသည်ကား ထီဆိုင်အမည်မှာ `နဂါးမင်း´ဖြစ်နေခြင်းပင်ဖြစ်တော့သည်။
ဒေါ်မြင့်သည် တစ်နှစ်တစ်ခေါက်ပင် မြို့ကိုမရောက်ဖြစ်ပါ။ မြို့ကိုသွားစရာရှိလျှင် ဦးကျောက်ခဲသာ သွားမြဲဖြစ်သည်။ ကိစ္စပေါ်ခဲ၍လည်း မြို့ကိုရောက်ခဲကြပါသည်။ ထီဆိုင်ကို အမည်နှင့်တကွ အိပ်မက်မက်ခြင်းသည် မသိစိတ်ကစွဲလမ်းလို့ မဖြစ်နိုင်ပေ။
`အို… ကျွန်မအိပ်မက်ထဲက မြင်ကွင်းတွေကလည်း ဒီအတိုင်းပဲ၊ ဒီအတိုင်းပဲ…´
ဒေါ်မြင့်၏ခြေလှမ်းများက မပြေးရုံတမယ်ဖြင့် ထီဆိုင်ဆီရောက်သွားလေ၏။
`အမယ်လေးကိုကျောက်ခဲရေ.. ကြည့်ပါဦး၊ အောက်ဆုံးတန်း ဘယ်ဖက်အစွန်ကထီစာအုပ်က တစ်ရွက် တည်းကျန်တော့တာလည်း အိပ်မက်ထဲက အတိုင်းပဲတော့´
ဒေါ်မြင့်က ထိုတစ်ရွက်တည်းကျန်သော ထီလက်မှတ်ကိုပင် ယုံကြည်စွာ ဖြတ်ယူခဲ့လေသည်။
ထိုအပတ်ကထီဖွင့်ပွဲတွင် ဒေါ်မြင့်ထိုးခဲ့သောထီလက်မှတ်က တစ်သိန်းဆုပေါက်ကြောင်းကို နဂါးမင်းထီဆိုင်က ရွာအထိလိုက်လာကာ အကြောင်းကြားပေးခဲ့လေသည်။ ထိုခေတ်က အများဆုံးထီဆုငွေမှာလည်း တစ်သိန်းပင်ဖြစ် လေသည်။
+ + + + +

ထိုအဖြစ်က လောကကြီးတွင် မောင်လူမွှေး တကယ်အသက်ရှင်လျက်ရှိနေကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ဦးကျောက်ခဲသည် ယခင်က ဇနီးသည်စိတ်ချမ်းသာအောင် လူခြောက်သားငယ်တကယ်ရှိတယ်ဆိုတာကို ယုံကြည်ဟန်ပြခဲ့ခြင်းသာ ဖြစ်သည်။ ဇနီးသည်၏ယုံကြည်မှုကို မပျက်စေလို၍ အလိုလိုက်ကာ ယုံဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မောင်လူမွှေးပေးတဲ့အိပ်မက်အရ အိပ်မက် ထဲကထီဆိုင်ကို နာမည်အတိအကျနှင့် အပြင်မှာတွေ့ရခြင်း၊ သိန်းဆုကြီးတကယ်ပေါက်ခဲ့ခြင်းများကြောင့်…. ဦးကျောက်ခဲသည် သားငယ် လူခြောက်ကလေးမောင်လူမွှေး တကယ်ရှိနေ တယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ရပါတော့သည်။
နောက်ပိုင်းတွင်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များက ပိုလို့ပင် ထူးဆန်းပါသေးသည်။

မောင်လူမွှေးက အိမ်စီးပွားရေးအတွက် လုပ်ကိုင်ရန် အကြံဉာဏ်များကို ဆက်တိုက်ပေးခဲ့လေသည်။ ပထမဆုံးအနေဖြင့် ထီပေါက်သောငွေဖြင့် စက်တပ်မော်တော်တစ်စီး၀ယ်ရန်၊ ထိုမော်တော်ဖြင့် မြင်သာရွာနှင့်မြို့ကို ကုန်ကူးသန်းရန် အကြံပေးခဲ့သည်။ မောင်လူမွှေးအကြံပေး သည့်အတိုင်း လုပ်ခဲ့ရာ… ယခင်က မြို့သို့သွားရန်နှင့် ကုန်ပစ္စည်းများတင်ပို့ရန်ရှိလျှင် အခြားရွာမှ မော်တော်ကြုံစောင့်၍ စီးရ၊ တင်ရသော မြင်သာရွာသည်…. ဦးကျောက်ခဲ တို့၏မော်တော်ရှိလာသောကြောင့် ကုန်သွယ်သွားလာမှုအဆင်ပြေလာခဲ့သည်။ ဦးကျောက်ခဲ၊ ဒေါ်မြင့်တို့မိသားစုအတွက် လည်း စီးပွားတက်ခဲ့လေတော့သည်။
ယခင်က… ဦးကျောက်ခဲတို့၏စီးပွားရေးမှာ သာမန်မျှသာဖြစ်သည်။ နေအိမ်ကလည်း ထရံကာ၊ ဓနိမိုး အိမ်ငယ်လေးမျှသာဖြစ်သည်။ မောင်လူမွှေးက ဘယ်လိုကုန်စည်မျိုးကို လှောင်ပါ။ ဘယ်နေရာမှာ လယ်ကွက်၀ယ်ပါ။ ဘာသီးနှံကိုစိုက်ပါ…စသဖြင့် အိပ်မက်ထဲကတစ်ဆင့် အကြံပေးခဲ့တဲ့အတိုင်း လုပ်ဆောင်လာခဲ့ရာ တစတစ စီးပွား တိုးလာခဲ့လေသည်။
ယခုဆိုလျှင်… ဒေါ်မြင့်နှင့်မခင်မွှေးမှာလည်း ရွှေတွဲလွဲ ငွေတွဲလွဲဖြစ်လာသည့်အပြင် စုနိုင်ဆောင်းနိုင်လာသည်။ အိမ်ကိုလည်း တော အရပ်ဖြစ်သည့်တိုင် နှစ်ထပ်တိုက်ဖြင့် နေနိုင်လာသည်။
မြင်သာရွာတစ်ရွာလုံးက ဦးကျောက်ခဲတို့ ကောင်းစားလာခြင်းသည် လူခြောက်မောင်လူမွှေးက အကျိုးပေး လို့ဆိုတာကို လက်ခံ ယုံကြည်ကြလေ၏။
+ + + + +

သည်လိုနှင့်… အချိန်ရာသီများ တဖြည်းဖြည်းကုန်လွန်လာခဲ့ရာ မောင်လူမွှေးလေးသည် အသက်၁၆နှစ်အရွယ်သို့ ရောက်လာခဲ့လေ တော့၏။
`ကျွန်မသားလေးက လူပျိုပေါက်ကလေးဖြစ်လာတော့ ထွားလာလိုက်တာ၊ အရပ်ကြီးမှ အမြင့်ကြီးပဲရှင်၊ မအေက သူ့ကိုမော်ကြည့်ရ တယ်၊ ရုပ်ကလေးကလည်း ချောသလားမမေးနဲ့၊ နှုတ်ခမ်းမွေးစစ၊ ပါးသိုင်းမွေးရေးရေးနဲ့ သိပ်ယောကျာ်း ပီသတဲ့ကလေးပဲ´
ဒေါ်မြင့်က မောင်လူမွှေးသွင်ပြင်ကို ပြောပြတတ်သည်။ လူခြောက်ဆိုသည်မှာ မိခင်တစ်ဦးတည်းနှင့်သာ အိပ်မက်ထဲတွင် ဆက်သွယ် လို့ရသည့်အတွက် မောင်လူမွှေးကို ဒေါ်မြင့်တစ်ဦးတည်းသာ မြင်ဖူးလေသည်။ ဒေါ်မြင့် ပြောသည့်ပုံစံကို ပုံဖော်စိတ်ကူးကြည့်ရလေသည်။
တစ်နေ့တော့… ဒေါ်မြင့်က သတင်းထူးတစ်ခုကို ပြောပြလေ၏။

`ကိုကျောက်ခဲရေ… သားလေးက အရွယ်ရောက်လာတော့ ချစ်သူကြိုက်သူ တွေ့နေပြီရှင့်´
`ဟေ…´
`ညက ကျွန်မကိုပြောတယ်၊ သူ့မှာ ချစ်သူရှိနေပြီတဲ့၊ နာမည်တောင် ပြောပြသေးတယ်၊ သူ့ချစ်သူနာမည်က မကြေးမုံတဲ့ရှင့်´
`မကြေးမုံ´
`မကြေးမုံက သူ့လိုပဲ လူခြောက်မလေးတစ်ယောက်လို့ ပြောတယ် ကိုကျောက်ခဲရေ´
`သြော်… သူတို့လူခြောက်အချင်းချင်း ၀ိညာဉ်လောကမှာ တွေ့ကြချစ်ကြတာနေမှာပေါ့ မယ်မြင့်ရယ်´
`ဟုတ်ပါ့ရှင်၊ အဲဒါ… သားလေးက မကြေးမုံလေးနဲ့ ပေးစားပါတဲ့၊ မကြေးမုံလေးရှိတဲ့နေရာကို သူပြောပြပါ့မယ်တဲ့´
`အေး… တို့ကြားဖူးတာတော့ လူခြောက်တွေဟာ သူတို့လူခြောက်အချင်းချင်း သူတို့ရဲ့သီးခြားကမ်ဘာမှာ တွေ့ ဆုံပြီး ချစ်ကြကြိုက်ကြ ဆိုကိုး၊ လူခြောက်ယောကျာ်းလေးက သူ့ချစ်သူ လူခြောက်မလေးကို တောင်းရမ်းပေးဖို့ မိဘ တွေကိုပြောလို့ သူပြောတဲ့လိပ်စာအတိုင်း သွားပြီး တောင်းရမ်းတဲ့အခါ… အဲဒီအိမ်မှာ လူခြောက်မိန်းကလေးတစ်ယောက် တကယ်ရှိနေတတ်တယ်တဲ့၊ ငါတို့သားလေးရဲ့ချစ်သူက ဘယ်အရပ်မှာ နေတာတဲ့လဲ မယ်မြင့်´
`အဲဒါ မပြောသေးဘူးရှင့်၊ သူ့ချစ်သူ မကြေးမုံက သူ့မိဘတွေကို အရင်ခွင့်တောင်းဦးမယ်တဲ့၊ မကြေးမုံမိဘတွေက သဘောတူပါတယ်၊ လာပြီးတောင်းရမ်းလှည့်ပါလို့ ဆိုတဲ့အခါကျမှ မကြေးမုံတို့နေရပ်လိပ်စာကို ပြောမယ်တဲ့ ကိုကျောက်ခဲရေ´
`အင်းပေါ့လေ… ဟုတ်တာပေါ့၊ အေးကွာ… မကြေးမုံကို သွားတောင်းလို့ တကယ်ပဲ လူခြောက်မလေး မကြေးမုံရှိတယ်ဆိုရင် လောက ကြီးမှာ လူခြောက်ဆိုတဲ့ အမျိုးအစားဟာ တကယ်ရှိပါတယ်ဆိုတာကို သက်သေပြ စရာတစ်ခု ကြုံရဦးမှာပေါ့ မယ်မြင့်ရယ်၊ လူခြောက်ဆိုတာ ရှားရှားပါးပါးမို့ မကြေးမုံရဲ့မိဘများကလည်း သဘော မတူပဲရှိမယ်မထင်ပါဘူးကွာ´
`ဒါပေါ့ကိုကျောက်ခဲရယ်၊ ကျွန်မသားလေးအတွက် မကြေးမုံကို ဘယ်လောက်တင်တောင်းရတောင်းရပါတော်၊ သားလေးစိတ်ချမ်းသာ အောင် သူ့ချစ်သူနဲ့ပေါင်းရဖို့ ကျွန်မတို့က လုပ်ပေးရမှာပေါ့´
+ + + + +

သို့သော်… လောကကြီးတွင် ကြိုတင်မျှော်မှန်းသည့်အတိုင်း ဖြစ်ချင်မှဖြစ်တတ်သည့် ထုံးစံအတိုင်း ကံကြမ္မာ အလှည့်အပြောင်းတစ်ခု နှင့် မမျှော်လင့်ပဲ ကြုံလိုက်ရလေသည်။
မြစ်အောက်ဖက်အရပ်ရှိ ဒေါ်မြင့်၏ဇာတိရွာဖြစ်သော ဖလံကျင်းရွာတွင် ဒေါ်မြင့်၏အစ်မအကြီးဆုံးဖြစ်သူ ကွယ်လွန်သွားကြောင်း လူကြုံဖြင့် သတင်းစကားရောက်လာခဲ့လေသည်။ အစ်မအရင်း၏အသုဘမို့ ဒေါ်မြင့်မှာ ချက်ချင်းလိုက်ဖို့ ပြင်ရလေ၏။ မြို့မှတစ်ဆင့် ဖလံကျင်းကို သွားသည့် လှေကို စီးရမည်ဖြစ်သည်။
သတင်းရပြီး နောက်တစ်နေ့မနက်တွင် ဒေါ်မြင့်တစ်ဦးတည်း ဖလံကျင်းကိုထွက်သွားခဲ့လေသည်။
မသွားမီ ပြောပြသွားခဲ့ပါသေးသည်။
`အစ်မကြီးနာရေးမို့ မဖြစ်သာလို့သာ သွားရမယ်၊ စိတ်မဖြောင့်ဘူး ကိုကျောက်ခဲရယ်၊ သားလေးကလည်း ညတုန်းက သတိနဲ့သွားဖို့ သတိပေးလိုက်သေးတယ်´
`ဟင်.. ဟုတ်လား´
`သမီးရေ… ခင်မွှေး၊ ညီးကြီးတော်ကြီး ရက်လည်ပြီးမှ အမေပြန်လာမှာဆိုတော့ တစ်ပတ်လောက်ကြာမယ်ကွဲ့´
`ဟုတ်ကဲ့အမေ´
`မောင်လေးကို သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့ကွယ်၊ အင်္ကျီလေးတွေ လဲ၀တ်ပေးကွဲ့နော်´
`ဟုတ်ကဲ့ပါအမေ´
`ဘုရားစင်မှာ ဘုရားပန်းတွေကို မညှိုးစေနဲ့၊ တစ်ရက်ခြားတစ်ခါလဲပေး၊ မနက်တိုင်း ဆွမ်းတော်လည်းတင်၊ သောက်တော်ရေချမ်းများ လည်း လဲဖို့မမေ့နဲ့နော် သမီး´
`စိတ်ချပါအမေရယ်´
ဒေါ်မြင့်တစ်ယောက် အိမ်ကိုနောက်ဆံငင်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
+ + + + +

မောင်လူမွှေးက ခရီးထွက်ရာတွင် သတိနှင့်သွားဖို့ သတိပေးခဲ့သည်ဟု ဒေါ်မြင့်က ပြောပြသွားခဲ့သည်။ လူခြောက်ကလေးသည် ကြုံလာရမည့်အန္တရာယ်ကို ကြိုသိ၍များ မိခင်ကို သတိပေးခဲ့လေသလား မသိ။
ရက်လည်ဆွမ်းသွပ်ပြီးသည်နှင့် ဒေါ်မြင့် ဖလံကျင်းရွာက ပြန်လာခဲ့သည်။ ဖလံကျင်းကနေ မြို့အထိ လှေစီးရပါသည်။ မြို့ရောက်မှ အိမ်ကမော်တော်နှင့် မြင်သာရွာကို ပြန်ရန်ဖြစ်သည်။
အချိန်ကာလမှာ မိုးတွင်းဖြစ်သည်။ ဖလံကျင်းက မနက်စောစောထွက်လာစဉ်က ရာသီဥတု သာယာနေပါလျှက် လှေထွက်လာပြီး နာရီ ၀က်ခန့်အကြာတွင် လေပြင်းများတိုက်ခတ်လာလေသည်။ လေက တစတစပြင်းထန်လာရာ.. မုန်တိုင်းအဆင့်သို့ရောက်ခဲ့ပြီး ဧရာ၀တီမြစ်အတွင်း သွားလာနေသည့် လှေ၊ သင်းဘော ရေယာဉ်များ အခက်အခဲအန္တရာယ် ကြုံတွေ့ခဲ့ရလေသည်။
လေပြင်းမုန်တိုင်း ငြိမ်သက်ပြီး ညမိုးချုပ်သွားသည့်တိုင် ဒေါ်မြင့်ပါလာသော လှေသည် မြို့သို့ရောက်မလာခဲ့ချေ။
+ + + + +

ဖလံကျင်းရွာကလူတွေကလည်း စိတ်မချလို့ နောက်တစ်နေ့တွင် မြင်သာရွာကို လိုက်လာသည်။
ဦးကျောက်ခဲတို့ကလည်း ဖလံကျင်းကိုလိုက်ဖို့ ထွက်လာခဲ့သည်။
မြို့တွင် ဖလံကျင်းကလူတွေနှင့် ဦးကျောက်ခဲတို့ ဆုံမိကြသည်။
ဒေါ်မြင့်ပါသွားသော လှေတစ်စင်းလုံး ပျောက်ချင်းမလှပျောက်နေသည်။
တစ်ပတ်ကြာသည့်အခါမှာတော့…. မုန်တိုင်းထဲတွင် လှေနှင့်အတူ ဒေါ်မြင့်တို့ခရီးသည်အားလုံး ပါသွားပြီဟု မှတ်ချက်ချလိုက်ရလေ တော့သည်။
မုန်တိုင်းကြောင့်နစ်မြုပ်သွားသော လှေသငေ်္ဘာများမှ ခရီးသည်တို့၏အလောင်းများကို ဆယ်ယူရရှိသော်လည်း ဒေါ်မြင့်အလောင်းကို မူ မတွေ့ခဲ့ရပေ။ မည်သို့ဆိုစေ… ဒေါ်မြင့်ကို သေစာရင်းသွင်းလိုက်ရပါပြီ။
+ + + + +

လူခြောက်တို့သည် မိခင်ဖြစ်သူနှင့်သာ ဆက်သွယ်လို့ ရသည်။ မိခင်ကိုအိပ်မက်ပေးကာ မိခင်ဖြစ်သူပြန်ပြောပြ မှသာ လူခြောက်အကြောင်းကို သိခွင့်ရကြခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်မြင့်ကွယ်လွန်သွားသည့်အခါ… လူခြောက်ကလေးမောင်လူမွှေးနှင့် အဆက်အသွယ်ပြတ်သွားရ လေသည်။
လူခြောက်တို့သည် သူတို့သေဆုံးပြီဆိုပါက သေဆုံးသွားပြီဖြစ်ကြောင်း မိခင်ကို အိပ်မက်ထဲတွင် အသိပေး ကြသည်။ သူတို့၏ ရုပ်ခန္ဓာ ကို မည်သို့မည်ပုံ စွန့်ပစ်ပါဟု မှာကြားတတ်ကြပါသည်။ မြေမြှုပ်ခြင်း၊ ရေထဲမျှောပစ်ခြင်း၊ မီးရှို့ပစ်ခြင်းတို့ကို သူတို့စိတ်တိုင်းကျ လုပ်ဆောင်ပေး ရပါသည်။
လူခြောက်တို့သည် သူတို့သေဆုံးသွားပြီဟု အသိပေးပြီးနောက်ပိုင်းတွင် မိခင်ဖြစ်သူကို အိပ်မက်မပေးတော့ပါ။ လူခြောက်ခန္ဓာကိုယ် ကို သံယောဇဉ်တွယ်ပြီး စွန့်မပစ်ပဲထားလျှင်လည်း ဆက်ပြီး အိပ်မက်မပေးတော့ပါ။

မောင်လူမွှေးနှင့်ဒေါ်မြင့်တို့ဖြစ်ရပ်မှာတော့…. မမျှော်လင့်ပဲ မိခင်ဖြစ်သူက အရင်ကွယ်လွန်သွားနှင့်သည်။ မောင်လူမွှေး ဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ မသိနိုင်တော့ပေ။ မိခင်သေဆုံးခြင်းနှင့်အတူ လူခြောက်ပါ သေဆုံး သွားပြီလို့ ယူဆရမည်လား။
မောင်လူမွှေး၏ရုပ်ခန္ဓာကို ဆက်ပြီးထိန်းသိမ်းထားရမလား၊ စွန့်ပစ်ရမလား… ဦးကျောက်ခဲအနေဖြင့် ဘယ်လို ဆုံးဖြတ်ရမှန်းမသိ ဖြစ်ရ လေသည်။
အဆိုးဆုံးကတော့… မောင်လူမွှေးတွင် ဘ၀တူလူခြောက်မလေးနှင့် ချစ်သူရည်းစားဖြစ်နေမှန်း သိထားပါလျှက်နှင့် တောင်းရမ်းမပေး နိုင်တော့သည့်အတွက် ဦးကျောက်ခဲ စိတ်မကောင်းဖြစ်ရလေသည်။
`ဖြစ်ရလေသမီးရယ်…. သမီးမောင်လေးရဲ့ချစ်သူနာမည်ကို မကြေးမုံဆိုတာတောင် အဖေတို့ သိရပြီးမှ မကြေးမုံဘယ်မှာနေမှန်း မသိ ရလို့ တောင်းရမ်းမပေးနိုင်တော့ဘူး၊ အဖေ စိတ်မကောင်းလိုက်တာကွယ်´
သမီးဖြစ်သူမခင်မွှေးကိုတိုင်တည်ကာ ဦးကျောက်ခဲက ငြီးငြူလိုက်လေသည်။
+ + + + +

မောင်လူမွှေးကိစ္စကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို မကြံစည်တတ်တော့သော ဦးကျောက်ခဲက ဗဟုသုတ ရှိသူများကို မေးရမြန်းရ လေတော့သည်။
မောင်လူမွှေးကို မွေးပေးခဲ့သည့် လက်သည် အဘွားကြီး ဒေါ်ဇာယုကို မေးမြန်းကြည့်ရာ….
`ငါကြုံဖူးတဲ့ ဟိုဖက်ရွာက လူခြောက်ကလေးကတော့ အသက်၇နှစ်အထိပဲ ရှည်သဟဲ့၊ ၇နှစ်ရောက်တော့ သူသေပြီ၊ သူ့ကို ရေထဲမျှော ပစ်လိုက်ပါလို့ အမေကို အိပ်မက်ထဲမှာ ပြောဆိုပဲ၊ မောင်လူမွှေးက ဒီအရွယ်အထိလည်း အသက်ရှည်တယ်၊ ရည်းစားသနာတောင် ရှိနေပြီဆို တော့ မပြောတတ်တော့ပါဘူး ကျောက်ခဲရယ်၊ မောင်လူမွှေး ရှိသေးသလား၊ သေပြီလားဆိုတာ ငါလည်း ဘယ်ဆုံးဖြတ်တတ်မှာတုန်း၊ အဲဒီတော့ ကျောက်ခဲရေ… ငါ့ထက် စာပေဗဟုသုတပြည့်စုံတဲ့ ရွာဦးကျောင်းဆရာတော်ကိုသာ မေးလျှောက်ပေတော့ဟဲ့´
ရွာဦးကျောင်းဘုန်းကြီးကို လျှောက်ထားကြည့်ရာတွင်….
`ဒါမျိုးက စာထဲပေထဲလည်း တိတိကျကျပါတာမဟုတ်တော့ ခက်သား ဒကာရယ်၊ အတွေ့အကြုံရှိဖို့ဆိုတာလည်း ဒီလိုကိစ္စမျိုးက ကြုံခဲပေသကိုး၊ ကျုပ်အထင်… လူခြောက်မှာ အမေမရှိမှတော့ သူနဲ့ဆက်သွယ်လို့ မရတော့တဲ့အတူတူ၊ သူ့ခန္ဓာကိုယ်ကိုလည်း သက်မဲ့ခန္ဓာကိုယ်လို့ မှတ်ယူရုံရှိတော့တာပ၊ နဂိုကတည်းကလည်း အသက်၀ိညာဉ်မှ မရှိပေတာကိုး၊ အမေနဲ့အိပ်မက်ထဲမှာ တွေ့နေရလို့သာ လူရယ်လို့ သတ်မှတ် ရတာမဟုတ်လား၊ အမေမရှိတော့ဘူးဆိုတော့ သူ့ကိုလည်း အသက်ရှိတယ်လို့မှတ်လို့ ဘယ်ရတော့မှာတုန်း၊ ဒီတော့ကာ… အသက်မရှိတဲ့ လူ့ခန္ဓာတစ်ခုကို အိမ်မှာထားရတာလည်း အလောင်းတစ်လောင်းကို အိမ်မှာသိမ်းထားရတာနဲ့ တူနေမှာပေါ့၊ ကျက်သရေယုတ်တာပေါ့ကွယ်၊ ဒီတော့.. သူနဲ့ ဆက်သွယ်လို့မရတော့တဲ့အတူတူ သူ့၀ိညာဉ်ရှိသေးရင်လည်း လွတ်ရာကျွတ်ရာသွားနိုင်အောင် စွန့်ပစ်လိုက်တာ အကောင်းဆုံး ပေါ့ ဒကာ´
နောက်ဆုံးတော့ ဘုန်းကြီး၏အကြံပေးချက်အတိုင်းပင် မောင်လူမွှေး၏ခန္ဓာကိုယ်ကို စွန့်ပစ်ဖို့ဆုံးဖြတ်လိုက်ရပါ တော့သည်။
+ + + + +

`သားရေ… ငါ့သားရဲ့ကျေးဇူးတွေလည်း အဖေတို့အပေါ် မနည်းပါဘူး၊ ဒါပေမယ့်… အဖေ့သားသာဆိုတယ်၊ အဖေလည်း သားကို မမြင်ဖူးဘူး၊ မင်းအမေမရှိတဲ့နောက် သားကိုအိမ်မှာဆက်ထားဖို့ ခက်လို့ စွန့်ပစ်ရတော့မယ်ကွယ်၊ အဖေ့ရင်ထဲ မချိပါဘူးသားရယ်၊ အဖေမှားရင်လည်း ခွင့်လွှတ်ပါတော့သားလေးမောင်လူမွှေးရေ´
ဦးကျောက်ခဲက မောင်လူမွှေး ခန္ဓာကိုယ်ဆန့်ရုံ သစ်သားအခေါင်းလေးကို ကိုယ်တိုင်ရိုက်ကာ…. အခေါင်းလေးထဲကို မောင်လူမွှေးအား ထည့်ရင်း နှုတ်မှ တတွတ်တွတ်ရေရွတ်နေခြင်းဖြစ်လေသည်။
`သမီးရေ… မခင်မွှေး´
`ရှင်… အဖေ´
`ရော့- ရော့- သမီးရဲ့မောင်လေးကို မြစ်ထဲမှာပဲ သွားပြီး မျှောပစ်လိုက်ပေတော့ကွယ်၊ မြေကြီးထဲလည်း မြှုပ်မပစ်ရက်၊ မီးလည်း မရှို့ရက်ပါဘူးကွယ်၊ ရေထဲမျှောပစ်တာပဲ ကောင်းပါတယ်´
`ဟုတ်ပါတယ်အဖေ´
`အေး.. အေး… ရေထဲမမျှောခင် မောင်လေးကောင်းရာမွန်ရာရောက်အောင် ဆုတောင်းလိုက်ဦးကွဲ့နော်´
မောင်လူမွှေးပါသောအခေါင်းသေးသေးလေးကို ခေါင်းပေါ်တင်ရွက်ကာ မခင်မွှေး မြစ်ဆိပ်သို့ထွက်လာခဲ့ခြင်းဖြစ် ပါသည်။
+ + + + +

မခင်မွှေးက မောင်လူမွှေးကို မြစ်ထဲမျှောမပစ်မီ နောက်ဆုံးအနေဖြင့် ကြည့်ရန် အခေါင်းအဖုံးကို ဆွဲဖွင့် လိုက်လေ၏။
အခေါင်းထဲမှာတော့ မောင်လူမွှေးသည် သူ့ကိုမြင်နေကျအတိုင်း အိပ်နေသည့်သဖွယ် ရှိနေမြဲဖြစ်သည်။
‘မောင်လေးရယ်….’
မခင်မွှေးက မောင်လူမွှေးကိုကြည့်ကာ ကြေကြေကွဲကွဲ မြည်တမ်းလိုက်သည်။
ထို့နောက် အခေါင်းအဖုံးအံကလေးကို သေချာပြန်ပိတ်ကာ မြစ်ကမ်းစပ်သို့ဆင်းခဲ့လေ၏။
ဒူးဆစ်မြုပ်သည့် ရေအနက်အရောက်တွင် မောင်လူမွှေးပါသောအခေါင်းလေးကို ရေစီးထဲသို့ မျှောချလိုက် လေသည်။
`သွားပေတော့ မောင်လေးရေ၊ နောင်ဘ၀များကျတော့ မောင်လေးကို သာမန်လူတစ်ယောက်အနေနဲ့ ဆုံရပါစေကွယ်´
နှုတ်မှ အသံထွက်ရေရွတ်ဆုတောင်းလိုက်မိလေသည်။
မောင်လူမွှေးပါသွားသော သစ်သားခေါင်းတလားလေးသည် ရေစီးထဲတွင် တရွေ့ရွေ့မျောပါရင်း တဖြည်းဖြည်း ေ၀သည်ထက် ေ၀းေ၀း သွားလေသည်။ မြစ်အောက်ဖက် ကမ်းအကွေ့တစ်နေရာအရောက်တွင်တော့ မခင်မွှေး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုစဉ်မှာပဲ…. သူမကို လှမ်းအော်မေးလိုက်သည့်အသံကို ကြားလိုက်ရခြင်းဖြစ်လေ၏။
+ + + + +

`အေ… လုံမလေး၊ ဟောဒီရွာဟာ မြင်သာရွာများလားကွဲ့´
မခင်မွှေးက အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။
လှော်လှေတစ်စင်းပေါ်တွင် ဇနီးမောင်နှံဟုထင်ရသော သက်ကြီးစုံတွဲတစ်တွဲ။ သူတို့က လှေကို အထက်ဖက်မှ လှော်ခတ်လာရင်း မခင်မွှေးကို လှမ်းအော်မေးလိုက်ခြင်းဖြစ်လေသည်။
`ဟုတ်ပါတယ်ဦးကြီး၊ ဒါ မြင်သာရွာပါ´
`ဟော… မြင်သာရွာရောက်ပြီတဲ့ရှင်မရေ၊ ဒါနဲ့… လုံမက ဒီရွာကပဲလားကွဲ့´
လှေပေါ်မှလူကြီးက သူ့ဇနီးကိုလှည့်ပြောလိုက်ပြီး… မခင်မွှေးကို တစ်ဆက်တည်းမေးလိုက်သည်။
`ဟုတ်ပါတယ်ဦးကြီး၊ ကျွန်မက ဟောဒီမြင်သာရွာကပါ´
`ဒါဖြင့်… ဒီရွာမှာ ဦးကျောက်ခဲ၊ ဒေါ်မြင့်ဆိုတာများရှိသလားကွယ်၊ လုံမ သိသလား´
`ရှိပါတယ်ဦးကြီး၊ ဦးကျောက်ခဲ၊ ဒေါ်မြင့်ဆိုတာ ကျွန်မမိဘများပါ၊ ကျွန်မအမေ ဒေါ်မြင့်ကတော့ ဆုံးသွား ပါပြီဦးကြီး´
`အေး.. အေး.. ဟုတ်သဟေ့၊ ဒေါ်မြင့်ဆုံးသွားပြီဆိုရင် ငါတို့လာရှာတဲ့ ဦးကျောက်ခဲဆိုတာ လုံမရဲ့အဖေ အသေအချာပါပဲ၊ လုံမနဲ့ တွေ့ရတာ အဆင်သင့်လိုက်လေ၊ ဦးကြီးတို့ကို လုံမတို့အိမ် ခေါ်သွားပေးစမ်းပါကွယ်၊ လုံမတို့ အဖေဦးကျောက်ခဲနဲ့တွေ့ချင်လို့ပါ´
လှေကိုကမ်းသို့ကပ်လာရင်း ပြောလိုက်ရာ အိမ်ကိုလာသောဧည့်သည်များဖြစ်ကြောင်း သိလိုက်ရလေသည်။
`ဟုတ်ကဲ့ဦးကြီး၊ အဖေအိမ်မှာရှိပါတယ်၊ လှေကို ဒီမှာပဲ ကြိုးနဲ့ချည်ထားခဲ့ပါ၊ မပျောက်ပါဘူး၊ ဦးကြီးတို့မှာ ဘာများသယ်စရာပါသေးလဲ၊ ကျွန်မကိုပေးလေ´
မခင်မွှေးက အိမ်ကိုလာသောဧည့်သည်များမို့ ဧည့်၀တ်ကျေပွန်အောင် ပြောလိုက်လေသည်။
+ + + + +

အိမ်ရောက်လို့ ဧည့်သည်လင်မယားက သူတို့ကိုယ်သူတို့ မိတ်ဆက်ကာ အကျိုးအကြောင်းရှင်းပြမှပင် သူတို့ ဘယ်သူဘယ်ဝါဆိုတာ သိလိုက်ရတော့၏။
`ဒီကနောင်ကြီး ဦးကျောက်ခဲကတော့ ကျုပ်တို့ကို သိမှာမဟုတ်ပါဘူး၊ ကျုပ်တို့က မြစ်အထက်ပိုင်း ပေါက်ဦး ဆိုတဲ့ရွာက လာခဲ့ကြတာပါ၊ ကျုပ်နာမည်က ကိုကြံမောင် တဲ့၊ ဟောဒီက ကျုပ်ဇနီးနာမည်က မနီ..ပါတဲ့´
`ဟုတ်ကဲ့ပါဗျာ´
ဧည့်သည်များကိုကြည့်၍ ဇေ၀ဇဝါဖြစ်နေသောဦးကျောက်ခဲကို ဧည့်သည်အမျိုးသမီး ဒေါ်နီက မေးလိုက်သည်။
`ဒါနဲ့… သိလိုတာလေးကို အရင်မေးပါရစေဦး မောင်ကြီးရယ်၊ မောင်ကြီးတို့မှာ လူခြောက်သားသမီးများ မွေးထားတာ ရှိသလား´
`ဗျာ… ဟုတ်…ဟုတ်ကဲ့´
မေးပုံဆန်းလှသည့်အတွက် ဦးကျောက်ခဲအံ့အားသင့်သွားရပြန်သည်။
`မောင်ကြီးတို့သားလေးက မောင်လူမွှေးမှတ်တယ်´
`ဟင်… ဟုတ်ပါတယ်ဗျာ၊ မှန်ပါတယ်´
`ကျွန်မတို့ သိနေတာ တခြားကြောင့်မဟုတ်ပါဘူးမောင်ကြီးရယ်၊ ကျွန်မတို့မှာလည်း လူခြောက်သမီးလေးတစ်ယောက် မွေးထားလို့ပါ´
`ဒါဖြင့်… ခင်ဗျားတို့က မကြေးမုံရဲ့မိဘတွေပေါ့၊ ဟုတ်လားဗျာ´
`ဟုတ်ပါသော်ကောဗျာ၊ တကယ်တော့.. နောင်ကြီးဦးကျောက်ခဲတို့က လူခြောက်သားလေးကိုခေါ်ပြီး ကျုပ်တို့ ပေါက်ဦးရွာကိုလာ၊ ကျုပ်တို့သမီးမကြေးမုံကို တောင်းရမ်းရမှာပါဗျာ၊ ဒါပေမယ့်… အစ်မကြီး ဒေါ်မြင့် မုန်တိုင်းမိပြီးကွယ်လွန် သွားလို့ ကျုပ်တို့ရှိရာနေရာကို မသိနိုင်ဘူး ဆိုတာ ကျုပ်တို့သမီးလေးက အိပ်မက်ပေးပြီးပြောပြလို့ သိပြီးပါပြီ၊ ဒါနဲ့ပဲ… မိန်းကလေးရှင်ဖြစ်ပါရက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး ကျုပ်တို့ကပဲ ဟောဒီမြင်သာရွာထိအောင် လိုက်လာရတော့ တာပါပဲဗျာ´
`အောင်မယ်လေးဗျာ… ကိုယ်ကျိုးနည်းပါပေါ့လား´
အကြောင်းစုံသိလိုက်ရသည်တွင်… ဦးကျောက်ခဲက သူ့ရင်ဘတ်ကြီးကို လက်သီးဆုပ်ဖြင့်ထုကာ အော်လိုက် လေတော့သည်။
+ + + + +

`သမီးရေ… မခင်မွှေး၊ ကြားရဲ့လားဟဲ့´
`ဟုတ်ကဲ့အဖေ၊ ကျွန်မတို့တော့ အမှားကြီးမှားပါကော အဖေရယ်´
မခင်မွှေးက ငိုသံပါကြီးဖြင့် ပြန်ပြောလိုက်သည်။
`ဘာများ အမှားအယွင်းရှိလို့လဲဗျာ၊ ပြောပါဦး´
ဦးကျောက်ခဲနှင့်မခင်မွှေးတို့ အမူအရာများကိုကြည့်ကာ ဦးကြံမောင်က မေးလိုက်လေ၏။
`ဒီလိုဦးကြီးရဲ့၊ အမေဆုံးသွားလို့ မောင်လေးနဲ့အဆက်အသွယ်မရတော့တာနဲ့ ကျွန်မတို့လည်း မောင်လေးကို စွန့်ပစ်လိုက်ကြတယ်လေ´
`ဟေ-´
`အလို… ဘုရား… ဘုရား…´
`မောင်လေးကို ရေထဲမျှော စွန့်ပစ်ပြီးလို့ မကြာဘူး၊ ဦးကြီးနဲ့ဒေါ်ကြီး ရောက်လာတာပါပဲ၊ လက်မတင်လေးပါပဲ ဒေါ်ကြီးရယ်´
`ဟယ်… ဒါဖြင့်.. လက်လွန်သွားပြီလို့ မဆိုနိုင်သေးပါဘူး၊ ဒီတိုင်းထိုင်နေလို့ ဘယ်ဖြစ်မှာလဲ၊ မြစ်ကြောင်းအတိုင်း ပြန်ရှာကြည့်ကြရုံပေါ့ လုံမရဲ့၊ မောင်ကြီးနဲ့ကိုကြံမောင်ရော… ဘယ်လိုသဘောရသလဲ´
`အချိန်မှမကြာသေးပဲ၊ ရှာကြည့်ရုံရှိတော့တာပေါ့ဗျာ´
+ + + + +

ဦးကြံမောင်နှင့်ဒေါ်နီရောက်လာသောသတင်းကို ကြားသိလိုက်သောရွာသားများလည်း အိမ်ကိုရောက်လာကြ ရာ… မောင်လူမွှေးကို ပြန်လည်ရှာဖွေသည့်ခရီးစဉ်တွင် နှစ်ဖက်မိဘများသာမက ရွာသူရွာသားတစ်အုပ်ကြီးလည်း လိုက်ပါ လာကြလေတော့သည်။
ဦးကြံမောင်တို့လှေသာမက ရွာမှာလှေရှိသည့်အိမ်တချို့ကလှေများလည်း ပါလာကြပြီး…. လှေလေးစင်းဖြင့် မြစ်ကြောင်းအတိုင်း စုန် ဆင်းကာ ရှာပုံတော်ဖွင့်ကြလေသည်။ လူတချို့က မြစ်ကမ်းစပ်အတိုင်း ခြေလျင်လျှောက်ကာ ကမ်းစပ်တလျှောက် စေ့စေ့စပ်စပ်ရှာကြလေသည်။
သို့သော်…. သို့သော်….
လူအုပ်စုဖြင့် ကုန်းကြောင်း၊ ရေကြောင်း ပိုက်စိတ်တိုက် ရှာကြပါသော်လည်း၊ ညနေစောင်းသွားသည့်တိုင် မောင်လူမွှေးပါသွားသော သစ်သားအခေါင်းလေးကို မည်သို့မျှ ပြန်လည်ရှာဖွေလို့ မတွေ့ကြတော့ပေ။
+ + + + +

နေလည်း၀င်သွားပြီဖြစ်၍ ဦးကြံမောင်နှင့်ဒေါ်နီတို့ မြင်သာရွာမှာပင် တစ်ညအိပ်လိုက်ရလေသည်။
ဦးကြံမောင်တို့လင်မယားပြောပြသည့်အတွက် သူတို့၏သမီးလေး မကြေးမုံအကြောင်းကို သိခွင့်ရခဲ့သည်။
ဦးကြံမောင်နှင့်ဒေါ်နီတို့တွင် သားသမီးတစ်ဦးတည်းသာထွန်းကားရာ တစ်ဦးတည်းသောသမီးလေးမှာ လူခြောက်ကလေးဖြစ်နေလေ သည်။ သို့သော်… လူခြောက်ကလေးကို စွန့်မပစ်ပဲ မကြေးမုံလို့နာမည်ပေးပြီး မွေးထားခဲ့ရာ မကြေးမုံလေးက မိဘများကို အကျိုးပေးခဲ့လေသည်။
အရွယ်ရောက်လာသည်တွင် ၀ိညာဉ်လောက၌ သူတို့လူခြောက်အချင်းချင်း ချစ်ကြိုက်နေပြီဖြစ်ကြောင်း မကြေးမုံက မိခင်ကိုဖွင့်ပြောခဲ့ လေသည်။ သူမ၏ချစ်သူ မောင်လူမွှေးဖက်မှ လာရောက်တောင်းရမ်းလျှင် သဘောတူ ပေးစားဖို့ကိုလည်း မိခင်အားခွင့်ပန်ခဲ့လေသည်။
ဒေါ်နီတို့ကလည်း မောင်လူမွှေး၏မိဘများလာရောက်တောင်းရမ်းလျှင် ပေးစားဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။

သို့သော်… မကြာခင်က မကြေးမုံပြောပြ၍ မောင်လူမွှေး၏မိခင် ဒေါ်မြင့်မှာ ကွယ်လွန်သွားကြောင်း၊ မောင်လူ မွှေးလည်း လူ့လောကနှင့် ဆက်သွယ်ဖို့ အခက်အခဲရှိနေကြောင်း သိရလေသည်။
မကြေးမုံက သူမကို မောင်လူမွှေးရှိရာအရပ်သို့ လိုက်ပို့ဖို့ပြောသော်လည်း ချက်ချင်း လိုက်မပို့ဖြစ်ခဲ့ချေ။ ဖခင်ဖြစ် သူဦးကြံမောင်က မိန်းကလေးရှင်ဖြစ်ပြီး သတိုးသားရှိရာသွားရမည်ကို ၀န်လေးသောကြောင့်ဖြစ်သည်။ မကြေးမုံအတန် တန် တောင်းဆိုမှသာ ယခုကဲ့သို့ မြင်သာရွာ ကိုစုံစမ်းပြီး ထွက်လာခဲ့ကြခြင်းဖြစ်လေ၏။
မကြေးမုံအကြောင်းတွေပြောပြရင်း… ဒေါ်နီက တစ်ပါတည်း ပါလာသော လူခြောက်မကြေးမုံလေးကို အများမြင် သာရန် ထန်းခေါက်ဖာလေးဖွင့်၍ ပြရှာသည်။
`ဖြစ်မှဖြစ်ရလေ…. သတိုးသမီးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါရက်နဲ့ သတိုးသားနဲ့ မဆုံဆည်းရလေခြင်း၊ ဖူးစာမမှန်လို့များ လားကွယ်´
+ + + + +

တကယ်တော့… မောင်လူမွှေးနှင့်မကြေးမုံတို့ ဖူးစာမှာ မှန်ကန်ပါသည်။ ကံကြမ္မာက တဒင်္ဂ ကျီစယ်လိုက်ခြင်း သာဖြစ်ပါသည်။
ထိုညတွင်… ဒေါ်နီ၏အိပ်မက်ထဲသို့ မကြေးမုံရောက်လာလေသည်။
မကြေးမုံက ပြောသည်။
`အမေ… အမေ… ကိုလူမွှေးနဲ့ကျွန်မနဲ့ တွေ့ခဲ့တယ်အမေ၊ ကိုလူမွှေးအခေါင်းက မြစ်ကမ်းစပ်က သစ်ကိုင်းတစ်ခုမှာ ငြိနေတာပါ၊ ဒီကနေသွားရင် မြစ်အောက်ဖက် တစ်တိုင်လောက်မှာ မြစ်ထဲကိုကိုင်းကျနေတဲ့ ညောင်မုတ်ဆိတ်ပင် ကြီးတစ်ပင် ရှိတယ်အမေ၊ ရေထဲကိုကိုင်းကျနေတဲ့ ညောင်မုတ်ဆိတ်နွယ်ကြီးကြားမှာ ကိုလူမွှေးပါတဲ့အခေါင်းလေး ရှိပါ တယ်အမေ၊ ရေ၀င်ပြီး ရေထဲမမြုပ်ခင် သွားယူပေးပါအမေရယ်…။ ထ… ထ…. အခုပဲ ကိုလူမွှေးကို သွားကယ်ပါတော့ အမေရယ်´
မကြေးမုံစကားဆုံးသည်နှင့် ဒေါ်နီ အိပ်ရာမှလန့်နိုးလာသည်။
ခင်ပွန်းဖြစ်သူဦးကြံမောင်ကို နှိုး၍ပြောလိုက်သည်။
ပြီးတော့… မခင်မွှေးကိုပါ အော်ခေါ်၍ နှိုးလိုက်လေ၏။
`လုံမလေး… မခင်မွှေးရေ၊ ထပါဦးကွယ်၊ ထပါဦး´
ဦးကျောက်ခဲပါ အိပ်ရာက နိုးလာခဲ့သည်။
ဒေါ်နီက အိပ်မက်ထဲမှာ မကြေးမုံပြောသည့်အကြောင်းကို ပြန်ပြောပြလိုက်လေသည်။
`ဟင်… အဲဒီညောင်မုတ်ဆိတ်ပင်ကြီးကို ကျုပ်သိပါတယ်၊ ခု ညချင်းတွင်းပဲ သွားကြစို့ဗျို့´
+ + + + +

မခင်မွှေးက အိမ်နီးချင်းများကိုပါ နှိုးပြီး အကျိုးအကြောင်းပြောပြ၍ ခေါ်လာခဲ့ရာ နေ့လည်ခင်းကအတိုင်းပင် လူအုပ်စုကြီးဖြစ်သွား လေသည်။
မီးတုတ်များ၊ ဓာတ်မီးများကိုကိုင်ဆောင်ကာ မြစ်အောက်ဖက်သို့ မြစ်ကမ်းစပ်အတိုင်း လျှောက်လာခဲ့ကြလေ သည်။
တစ်တိုင်ခန့်အကွာ ညောင်မုတ်ဆိတ်ပင်ကြီးရှိရာအရောက်တွင်တော့…
မြစ်ထဲကိုင်းကျနေသော ညောင်ကိုင်းများကို ဓာတ်မီးများဖြင့် ၀ိုင်းထိုးရင်း ရှာကြည့်လိုက်ကြရာ…
ရေထဲအထိ ထိုးစိုက်ကျနေသော ညောင်ကိုင်းတစ်ခုတွင် ငြိနေသည့် သစ်သားအခေါင်းလေးကို တွေ့လိုက်ရ လေတော့သည်။
`အမလေး… မောင်လေးရယ်၊ ကံကောင်းလို့ပါလား၊ မသေကောင်းမပျောက်ကောင်း´
မခင်မွှေးက ရေထဲဆင်းသွားကာ အခေါင်းလေးကို ပြန်ဆယ်ယူရင်း ပြောလိုက်လေတော့သည်။
+ + + + +

ညတွင်းချင်းစီစဉ်လိုက်ရာ… နောက်တစ်နေ့မနက်တွင် မောင်လူမွှေးနှင့်မကြေးမုံတို့ မင်္ဂလာပွဲကို ကျင်းပနိုင် ခဲ့လေသည်။
၀က်သားဟင်းနှင့် ထမင်းကျေွးကာ တစ်ရွာလုံးကို မီးခိုးတိတ်ဖိတ်ကြားသော မင်္ဂလာပွဲကြီးဖြစ်ပါ၏။
ဦးကျောက်ခဲ၏အိမ်ပေါ်တွင် မောင်လူမွှေးနှင့်မကြေးမုံတို့ လူခြောက်ခန္ဓာကိုယ်လေးနှစ်ခုကို ယှဉ်ရက်ချထား သည်။ အိမ်နံရံတွင် `မောင်လူမွှေးနှင့်မကြေးမုံတို့၏ မင်္ဂလာပွဲ´ဆိုသည့်စာတမ်းကို ပိတ်ဖြူသားပေါ်ရေး၍ ချိတ်ဆွဲထား သည်။
နှစ်ဖက်မိဘများက မင်္ဂလာပွဲအတွက် ဂုဏ်ယူစွာဖြင့် ပျော်ရွှင်နေကြလေသည်။
တကယ်တော့ ဤမင်္ဂလာပွဲသည် လောကကြီး၌ လူခြောက်ဆိုသည်မှာ တကယ်ရှိကြောင်းနှင့် လူခြောက်တို့သည် သူတို့၏သီးခြား ကမ္ဘာတွင် ကျင်လည်လှုပ်ရှားလျှက် မိဘများကို ကောင်းကျိုးပြုနေကြောင်း သက်သေပြလိုက်သည့် သာဓကတစ်ရပ်ပင် ဖြစ်တော့သည် မဟုတ်ပါလား။
မောင်လူမွှေးနှင့်မကြေးမုံတို့ သီးခြား၀ိညာဉ်လောကတွင် ပျော်ရွှင်စွာပေါင်းဖက်နေကြမည်ဟု အားလုံးကပင် ယုံကြည်ကြလေသည်။
+ + + + + + + + +
#ဆောင်းလုလင်