*ဘွားမယ်စိန်နှင့်မြေခိုး၍အသေမဖြောင့်ခဲ့ရသောကိုမြင့်*📖📖📖
***********************************
စ…ဆုံး
“ကိုမြင့်… ဒီနေ့ကျုပ်ဘာဟင်းချက်ပေးရမလဲ”
“အို…ထူးထွေမေးမနေပါနဲ့ မိန်းမရယ်…
အဆင်ပြေတာချက်ပေါ့ကွ”
“မေးရမှာပေါ့တော်…ရှင်မနေ့က ကျုပ်
ဝက်သားဟင်းချက်တော့
ကြက်သားနဲ့ခဝဲသီးကြော်လေးစားချင်တယ်ဆိုပြီး
ပြောနေတာလေ…
ဒီနေ့ ခြံထဲက ခဝဲသီးလေးနဲ့ကြက်သားလေးကို
ကျုပ်ရောကြော်ပေးရမလားပြော”
“အေးပါကွာ…ဒါဆိုလည်း မင်းသဘောပဲ ချက်ပါမိန်းမရာ”
ကိုမြင့်တို့ဇနီးမောင်နှံသည် သောင်ထွန်းရွာ၌နေထိုင်ကြသူများဖြစ်ကြ၏။
သောင်ထွန်းရွာ ရွာလယ်ပိုင်း၌နေထိုင်ကြပြီး
ကိုမြင့်နှင့်ဇနီးသည် မသူဇာတို့၌ သားတစ်ယောက်၊
သမီးတစ်ယောက် ရှိပေသည်။
သားသည်ကား ဆယ်ငါးနှစ်အရွယ်ရှိပြီး သမီးသည်က
ဆယ်နှစ်သာသာရှိသေး၏။
ယခု ဟင်းချက်ဖို့ရန်ပြောနေရင်း ကိုမြင့်တစ်ယောက် တူရွင်းကို ယူကာ လုပ်ငန်းစတင်ဖို့ပြင်သည်။
ကိုမြင့်တူရွင်းယူသည်ကို တွေ့သောအခါ မသူဇာက…
“ကိုမြင့်တူရွင်းယူပြီးဘာလုပ်မလို့တုန်းတော့”
“သြော်…ဒီမှာလေ ငါတို့ဝိုင်းကို ခြံခတ်ချင်လို့ကွ…”
“အိုတော်… အရင်လည်းဒီတိုင်းနေနေကြတာပဲကို”
“တောတက်တုန်းကဝါးတွေကလည်းပိုနေတာမလား…
အကြောင့်တလက်စထဲလုပ်တာပါမိန်းမရာ”
“ပြီးတာပဲတော်…ကျုပ်ထမင်းချက်ပြီးတာနဲ့လာကူပေးမယ်”
“အေး…အေး……”
ကိုမြင့်တို့ဝိုင်း၏ဘေးဝိုင်းတွင် ကိုဖေသန်းတို့ဝိုင်းရှိ၏။
နှစ်ဝိုင်းကြား၌ အကာအရံမထားကြတာဟိုးယခင်ကတည်းကပင်။
ယခုတော့ ကိုမြင့်က ဝိုင်းခတ်ဖို့ပြင်ဆင်နေလေသည်။
ခြံဝိုင်းနှစ်ဝိုင်းကြားအကာအရံ မထားသော်လည်း
ကြားမှာရှိသော သစ်ငုတ်တိုကြီးကို အမှတ်အသားပြုထားကြလေသည်။
သို့သော် ကိုမြင့်သည် စည်းဝိုင်းမခတ်ခင်ကပင်အကြံရှိ၏။
ထိုအကြံသည်က သစ်ငုတ်တိုကို တူးယူဖယ်ရှားပြီး
ခြံဝိုင်းခတ်လျှင် တစ်ဖက်ခြံဝိုင်းမှမြေအနည်းငယ်အား တိုးယူဖို့ရန်ဖြစ်၏။
ထို့ကြောင့် သူ့အကြံအတိုင်းစတင်ပြုလုပ်တော့သည်။
ထိုနေ့၌ တစ်ဖက်ခြံရှိ ကိုဖေသန်းတို့မိသားစုကအိမ်၌မရှိကြ။
တစ်ဖက်ရွာရှိအလှူပွဲသို့သွားနေကြခြင်းဖြစ်သည်။
အချိန်ကိုက်လုပ်ဆောင်နေသော ကိုမြင့်သည်က
ချွေးတလုံးလုံးဖြင့်မမောနိုင်ပေ။
ထမင်းဟင်းချက်ပြီးသည့် မသူဇာသည်လည်း
ကိုမြင့်အားလာဝိုင်းကူပေး၏။ထို့နေ့တစ်နေကုန်သော အခါ၌
ကိုမြင့်၏ခြံဝိုင်းခတ်ခြင်းသည်လည်း
ပြီးဆုံးသွားတော့လေသည်။
နောက်တစ်ရက်၌ ကိုမြင့် ခြံခတ်လိုက်သည်ကို
ကိုဖေသန်းသိသွားပြီး လာကြည့်လေသည်။
ကိုမြင့်ခတ်ထားသောဝိုင်းထဲ၌ သူစိုက်ထားသော ငရုပ်ပင်လေးတစ်ပင်ကပါသွားသည်ကိုတွေ့သောအခါ ကိုမြင့်မြေခိုးသည်ကိုသိရှိသွားတော့သည်။
ဘာကြောင့်ဆို ငရုပ်ပင်သည် သစ်ငုပ်တိုနှင့်မလှမ်းမကမ်းတွင်ရှိသောကြောင့်ဖြစ်၏။
“ကိုမြင့်…ကိုမြင့် ခင်ဗျားလာပါဦးဗျာ”
ကိုဖေသန်း၏ခေါ်သံကြောင့် ကိုမြင့်တို့မိသားစုမနက်စာစားနေကြရာမှ…
“ကျုပ်တော့မျက်ခုံးခပ်လှုပ်လှုပ်ပဲတော်”
“နေစမ်းပါကွာ…ငါသွားပြောဦးမယ်…
မင်းတို့သားအမိစားနှင့်ကြတော့”
ဟု…ကိုမြင့်ကပြောလိုက်ပြီး ပုဆိုးအားပြင်ဝတ်ကာ ကိုဖေသန်းရပ်နေသော ခြံစည်းရိုးနားသို့သွားတော့လေသည်။
ခြံစည်းရိုးအနီးရောက်တော့ တစ်ဖက်ခြံစည်းရိုးနားရှိသော
ကိုဖေသန်းအား…
“ကိုဖေသန်းပြော…စောစောစီးစီးခေါ်တာဘာအကြောင်းတုန်း”
“ဘာကမှာလဲကိုမြင့်ရ…ခင်ဗျား စည်းရိုးခတ်တာကို
ကျုပ်မပြောလိုပါဘူး…အခုခင်ဗျားလုပ်ပုံက
ကျုပ်မြေတစ်တောင်လောက်အဲ့ဘက်မှာပါနေတယ်လေ”
“ဘာဗျ…ခင်ဗျားမြေတစ်တောင်…
စဥ်းစဥ်းစားစားလဲပြောပါမောင်…ကျုပ်စည်းရိုးခတ်တာ
သစ်ငုပ်တိုနေရာကခတ်တာပါဗျ”
“ခင်ဗျားညာနေတာ…ခင်ဗျားဘက်ပါနေတဲ့ငရုပ်ပင် အဲ့တာကို
ကျုပ်သေချာ မှတ်ထားတာဗျ…သစ်ငုပ်တိုနဲ့သုံးထွာလောက်ပဲဝေးတယ်အဲ့အပင်က အခု အဲ့အပင်ကလည်းခင်ဗျားဘက်မှာဆိုတော့ ခင်ဗျားခေါင်းပါရင်သိမှာပေါ့…
ကျုပ်မြေတွေခင်ဗျားဘက်ရောက်နေတာကို…”
“ဟိတ်လူ…ကျုပ်ပြောပြီးပြီ ခင်ဗျားမြေကျုပ်ဘက်မရှိဘူး…ကျုပ်စည်းရိုးခတ်တာ သစ်ငုပ်တိုကနေပဲစခတ်တာ…”
“ခင်ဗျားညာတာခင်ဗျားသိမှာပေါ့…။ကျုပ်ကတော့ဒီကိစ္စကိုလုံးဝမကျေနပ်ဘူးဗျာ…ခင်ဗျားကို သူကြီးနဲ့တိုင်ရလိမ့်မယ်”
“တိုင်ချင်တာတိုင်စမ်းဗျာ. . .
ကျုပ်မှန်တဲ့အတွက်ဂရုမစိုက်ဘူးဗျို့”
ကိုမြင့်စကားကြောင့် ကိုဖေသန်း ဒေါသတကြီးဖြင့်
သူကြီးအိမ်ရှိရာဆီသို့ထွက်သွားလေသည်။
ကိုမြင့်သည်က အေးအေးလူလူဖြင့်
မိသားစုနှင့်ထမင်းစားနေခဲ့၏။
ကိုမြင့်၏ဇနီး မသူဇာသည်ကတော့ ရင်လေးနေမိ၏။
မိမိယောင်္ကျားအကြောင်းကိုသိသူပေမ်ို့
ချိုသည်ခါးသည်ဝင်မပြောရဲပေ။
ကိုဖေသန်းသည်ကတော့ သူကြီးဦးနောင်ချိုအိမ်ဆီသို့သွားကာ တိုင်တန်းတော့လေသည်။ထိုအခါသူကြီးကိုယ်တိုင်ညကိုဖေသန်းအိမ်သို့လိုက်လာခဲ့၏။
သူကြီးတစ်ယောက်ထဲမဟုတ်ဘဲ ဦးဘစီနှင့် ကာလသားခေါင်းဆောင် မောင်အုန်းတို့ပါလိုက်လာခဲ့ကြသည်။
သူကြီးရောက်လာသောအခါ ကိုမြင့်ကလည်း
အိမ်ထဲမှထွက်လာခဲ့၏။
သူကြီးတို့ကညကိုဖေသန်းအိမ်သို့မဝင်ဘဲ ကိုမြင့်အိမ်သို့သာ ဝင်လာခဲ့ကြသည်။
“ဘယ်လိုဖြစ်တာလဲ မောင်မြင့်ရာ…မင်းမလည်း
ခြံနီးနားချင်းကို ဖြစ်စရာရှားလို့ကွာ”
“သူကြီးက သူပြောလို့မဟုတ်တာတွေသိတာပါဗျာ…ကျုပ်ပြောမယ် သူကြီး ကျုပ်က သစ်ငုတ်တိုကနေပဲခြံခတ်ထားတာဗျ”
ကိုမြင့်က မရမကငြင်းဆန်နေသည်။
ထိုအခါ အခြေအနေကိုသေချာကြည့်ထားသော သူကြီးက…
“တယ် မင်းတော့ ထိပ်တုန်းစာမိချင်ပြီထင်တယ်…
မင်းသစ်ငုတ်တိုတူးထားတဲ့အရာက ဟိုမှာလေ…
မင်းခြံခတ်တဲ့နေရာမှာဘယ်မလဲ သစ်ငုတ်တိုတူးရာ…
ငါက ရွာသူကြီးပါမောင်မြင့်ရ…မင်းလည်တာတော့ငါအိပ်သလောက်ပါပဲ”
“အာ..မ…မဟုတ်တာဗျာ…”
“တော်စမ်းမောင်မြင့်…အဲ့နေရာကိုခြံစည်းရိုးပြန်ရွေ့ပေးလိုက်…
မဟုတ်ရင် မင်းငါနဲ့အတွေ့ပဲ ကြားလား”
“ရွေ့ဆိုရွေ့ပါ့မယ်…ဒါပေမယ့် မနက်ဖြန်
ကျုပ်တောတက်ရဦးမှာ…
တောကပြန်လာမှပဲလုပ်ပေးနိုင်မယ်ဗျာ”
“အေး…မင်းဂတိသာမင်းတည်ပေါ့ကွာ…။
ကဲ…ဒါဆို မောင်ဖေသန်း မင်းလည်းကျေနပ်လိုက်တော့
သူပြောသလိုမလုပ်ရင်တော့ ငါ့လာတိုင်ပေါ့ကွာ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ သူကြီး”
ထိုသို့ဖြင့်ကိုမြင့်သည် သူကြီး၏စကားအားမတွန်းလှန်ရဲခဲ့။
သူတောတက်ပြန်လာလျှင်
ခြံစည်းရိုးပြန်ခတ်ပေးရတော့ပေမည်။
*********************
နောက်ရက်၌ ကိုမြင့်နှင့်အဖော်သူငယ်ချင်းနှစ်ယောက်
တောတက်သွားကြသည်။
တောတက်၍ ထင်းခုတ်၊ဝါးခုတ်လုပ်ကိုင်ကြခြင်းဖြစ်၏။
တောတက်သွားကြပြီးနှစ်ရက်မျှကြာလေတော့ ရွာသို့
ကိုမြင့်၏အဖော်များပြန်ရောက်လာကြ၏။
ကိုမြင့် တစ်ယောက် တောဝက်ပတ်လို့
သေသည်ဆိုကာ အလောင်းအားရွာသို့
သယ်လာပေးကြလေသည်။
ထိုသို့ ရုတ်တရက်ဖြစ်ပေါ်လာသော ကံကြမ္မာအလှည့်အပြောင်း
ကြောင့် မသူဇာတို့သားအမိတတွေ မခံစားနိုင်ရှာ။
ကိုမြင့်သေသည်ဆိုသောသတင်းကြားသောအခါ ရွာသူကြီးကိုယ်တိုင်ဦးဆောင်၍ အသုဘအား ကူညီလုပ်ကိုင်ပေး၏။
သတင်းကြားသိရသော ကိုဖေသန်းတို့မိသားစုသည်လည်း
စိတ်မကောင်းဖြစ်ကြရသည်။
မသူဇာအားလည်းကိုဖေသန်း၏ဇနီးသည်မှ
အမြဲအားပေးကူညီရှာ၏။
အသုဘကိစ္စများပြီးစီးသောအခါအိမ်၌
မသူဇာနှင့်ကလေးနှစ်ယောက်သာကျန်ရှိ၏။
မသူဇာ၏မိဘများသည်ကား
ရွာတောင်ပိုင်း၌နေထိုင်ကြလေသည်။
မိဘများက မသူဇာတို့အား သူတို့နှင့်အတူလာနေထိုင်ဖို့ရန်
ပြောကြပါသော်လည်း မသူဇာကလက်မခံခဲ့။
သူသည် ယောင်္ကျားဖြစ်သူနှင့်အတူနေထိုင်ခဲ့သော
အိမ်လေးအားပစ်မထားခဲ့နိုင်ပေ။
ထိုသို့ဖြင့် မသူဇာတို့သားအမိသာရှိသော ညတစ်ည၌…
“ဘုန်း….”
“ဒုတ်…ဒုတ်…ဒုတ်….”
ဟူသော အသံကြီးကိုကြားရလေသည်။
ထိုအသံကိုကြားသော မသူဇာသည် မိမိခြံဝိုင်းထဲ၌ သူခိုးများကပ်လေသလားအတွေးဖြင့် သတိထားနေရ၏။
သို့သော် မိုးလင်းခါနီးမှထိုအသံသည်ပျောက်ကွယ်၍သွားလေသည်။
မနက်ရောက်တော့ခြံထဲဆင်းကြည့်ရာ၌လည်း
ထူးခြားမှုမရှိသည်ကိုတွေလိုက်ရ၏။
သို့သော် နောက်ရက်ညများ၌လည်း ထိုအသံကိုကြားရ၏။
တစ်စုံတစ်ခုအား တူးယူနေသောထိုအသံကြောင့် မသူဇာတို့သားအမိတတွေ ထိတ်လန့်လာကြသည်။
ညရောက်မည့်အရေးကိုပင် ကြောက်လန့်လာကြ၏။
ဘယ်အချိန်၌ ထိုခြံဝိုင်းထဲမှအသံသည် အိမ်ပေါ်ရှိမိမိတို့အား
တက်၍ အန္တရာယ်ပေးလာလိမ့်မလဲအတွေးဖြင့် အိပ်ကောင်းခြင်းမအိပ်ခဲ့ရ။
ထိုသို့ဖြင့် မသူဇာတို့သားအမိတတွေအိမ်၌ မနေဝံ့တော့ဘဲ
မိဘများအိမ်သို့သာသွားရောက်နေထိုင်ကြတော့သည်။
*************************
ထိုသို့သောအကြောင်းအရာများသည်
တစ်ရက် ညသန်းခေါင်အချိန်၌…
“အီး….ဟီး…ဟီး….ဟီး……..”
ငိုသံသဲ့သဲ့ထွက်ပေါ်နေသည်။
ထိုငိုသံသည်အမှောင်ထုထဲမှဖြစ်၏။
ဘွားမယ်စိန်သည် အမှောင်ထုထဲ၌ရောက်နေသောမိမိအဖြစ်ကို
တွေးရင်း…
“ဟဲ့…ဘယ်သူတုန်း…”
ဟု…မေးလိုက်သောအခါ…အမှောင်ထုထဲမှ…
“ဘွား…ကျုပ်ပါ မောင်မြင့်ပါဗျာ”
ဟု ပြန်ပြောလေသည်။
“မောင်မြင့်ဆိုတာ…ရွာလယ်ပိုင်းကမောင်မြင့်လားကွဲ့…
နေပါဦးမောင်ရင်က တောဝက်ပတ်လို့သေသွားတာမလား…
အခု ဘွားကို ဘာကြောင့်အိမ်မက်ပေးနေရတာလဲ”
“ကျုပ်…ကျုပ်ကိုကယ်ပါဗျာ…အီး…ဟီး…ဟီး….
ကျုပ်ပင်ပန်းလှပါပြီဘွားရယ်…….”
“ဟဲ့…ဘာဖြစ်တယ်ဆိုတာသေချာပြောမှ
ဘွားကူညီပေးလို့ရမှာပေါ့မောင်မြင့်ရဲ့”
“ဟုတ်. . .ဟုတ်ကဲ့…ကျုပ်ပြောပါ့မယ်။ ကျုပ်မသေခင်တုန်းက
ဘေးခြံက ကိုဖေသန်းတို့ဆီကမြေတွေခိုးပြီးခြံဝိုင်းခတ်ခဲ့ပါတယ် …အဲ့တာကိုလည်း ကျုပ်တောကပြန်လာရင် ပြန်ပြင်ဖို့သူကြီးကပြောထားတာပါ…ဒါပေမယ့်ဗျာ…
ကျုပ်တောဝက်ပတ်လို့သေရာက ကျုပ်ခိုးထားတဲ့မြေတွေကို ကျုပ်ပြန်မပေးရသေးဘူးဗျ…အခုတော့ဖြင့် ကျုပ်ရဲ့အကုသိုလ်
ဝဋ်ကြွေးကြောင့် ညတိုင်း အဲ့မြေတွေကိုရသလောက် လက်နဲ့ခြစ်ကုပ်တူးပြီး
သူ့ဝိုင်းထဲပြန်ပြန်ထည့်ပေးနေရတယ်ဘွားရယ်။
ကျုပ်အဲ့လိုမှမလုပ်ရင်လည်း ကျုပ်ကို ငရဲသားတွေကလာရိုက်ကြတယ်ဗျ…ကျုပ်ထပ်ပြီးမလုပ်နိုင်တော့ဘူးဗျာ…ကျုပ်ကို ကူညီပေးပါဘွားရယ်”
“အင်း…မောင်ရင်လူ့ဘဝတုန်းကလုပ်တဲ့အကုသိုလ်ကမောင်ရင့်နောက်ကိုလိုက်တာပဲ…အဲ့တော့ မောင်ရင်လုပ်ခဲ့တဲ့အရာကို ဘွားတို့ကပြန်ပြီးပြင်ပေးမယ်ဆိုရင် မောင်ရင်လည်း
သက်သာရာရပေမယ်…ဒါကြောင့် ဆပ်ဖို့ပါသလောက်တော့ဆပ်ထားပေတော့ကွယ်…မနက်ဖြန်ရွာသူကြီးနဲ့တိုင်ပင်ပြီးရင်
ဘွားတို့စီစဥ်ပေးပါ့မယ်”
“ဟုတ်ကဲ့ ဘွား…ကျေးဇူးတင်ပါတယ်ဗျာ…ဒါဆို
ကျုပ်…ကျုပ်သွားတော့မယ်”
ဟု..နောက်ဆုံးပြော၍ အမှောင်ထဲမှအသံသည်
ပျောက်ကွယ်သွားတော့၏။
**********************************
နောက်တစ်နေ့နံနက်၌ဘွားမယ်စိန်သည် သူ့အားအိမ်မက်လာပေးသော ကိုမြင့်အကြောင်းအား သူကြီးဦးနောင်ချိုကိုပြောပြလေသည်။
သူကြီးဦးနောင်ချိုမှတဆင့် မသူဇာထံရောက်ရှိသွားသောအခါ
ညစဥ်သူတို့ကြားနေရသောအသံသည်
ကိုမြင့်ဖြစ်တယ်ဆိုတာသိရှိသွားတော့၏။
ယောင်္ကျားဖြစ်သူ၏အဖြစ်ဆိုးကြောင့် သူကြီးတို့အားအကူအညီတောင်းပြီး ချက်ချင်းပင် ခြံစည်းရိုးရွေ့ဖို့ပြင်ဆင်ကြတော့သည်။
ခြံစည်းရိုးရွေ့တော့ရွာသားများက
ကူညီလုပ်ဆောင်ပေးကြလေသည်။
အကြောင်းစုံသိသွားသောကိုဖေသန်းတို့လည်း
ကိုမြင့်အတွက်စိတ်မကောင်းဖြစ်နေကြရလေသည်။
အားလုံးပြီးစီးသွားသောအခါ…
နောက်တစ်ရက်၌
ကိုမြင့်အတွက် ဘုန်းကြီးငါးပါးပင့်ကာ
ဆွမ်းကပ်ပေးကြလေသည်။
ထိုဆွန်းကပ်ပွဲ၌လည်း ဘွားမယ်စိန်အား ခေါ်ဆောင်ကြလေသည်။
ဆွန်းကပ်အမျှပေးဝေပြီးနောက် မသူဇာတို့သားအမိသည်
ဘွားမယ်စိန်အားကန်တော့ကြ၏။
“ဘွားကူညီပေးလို့သာ ကျုပ်ယောင်္ကျားအဖြစ်ကိုသိရတာပါ…
ဘွားကကျုပ်တို့ရဲ့ကျေးဇူးရှင်ပါတော်”
ဟုဆိုကာ မသူဇာက ကန်တော့၏။
ထိုအခါ ဘွားမယ်စိန်က…
“ဘယ်ဟုတ်မလဲ သူဇာရယ်…အခုလိုဖြစ်တာက
ညည်းယောင်္ကျားသူ့ဝဋ်ကြွေးတွေပေးဆပ်ဖို့ကံကုန်လို့ပဲအေ့…
နောက်ပြီး ညည်းသူ့အတွက်အလှူပေးအမျှအတန်းဝေတော့ သူလာတယ်အေ့…သာဓုလည်းသေချာခေါ်သွားတယ်…
ကျွတ်လွတ်သွားပါပြီအေ……”
“ရှင်…ဘွား…တကယ်…တကယ်ပြောတာလား”
“ဟဲ့…သူဇာ…ဘွားကမဟုတ်ဘဲပြောပါ့မလား…
ညည်းလည်းအေ”
မသူဇာက တအံ့တသြမေးသောအခါ မသူဇာအမေက ဝင်ဟန့်လေသည်။
ထိုအခါ မသူဇာက…
“မဟုတ်ပါဘူးအမေရယ်…ကျုပ်ဝမ်းသာလို့ပါတော်…
ကျုပ်ဝမ်းသာလို့ပါ…ကျုပ်ယောင်္ကျားအခုလိုဘဝဆိုးကလွတ်သွားတာကို ကျုပ်ဝမ်းသာတာပါတော်…”
ဟု မျက်ရည်တရွဲရွဲဖြင့်ပြောရှာသည်။
ထိုနေ့မှစ၍ မသူဇာတို့ခြံဝိုင်းထဲ၌ မည်သည့်အသံမှမကြားရတော့သကဲ့သို့ဘွားမယ်စိန်ထံသို့လည်း
ကိုမြင့်တစ်ယောက် ရောက်မလာတော့ပေ။
ပြီးပါပြီ။
စာရေးသူ ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်
စာဖတ်သူတို့အတွက်ဆင်ခြင်ဖွယ်ရာရစေဖို့
ရေးသားပေးလိုက်ပါတယ်။
လိုအပ်သည်ရှိသော် သည်းခံဖတ်ရှု့ပေးကြပါရှင်။