” မြွေဖမ်းလို့ပေးခဲ့ပါ့မယ် “(စ/ဆုံး)

” မြွေဖမ်းလို့ပေးခဲ့ပါ့မယ် “(စ/ဆုံး)

===============================

(ဤဝတ္ထုတိုမှာ ဒို့ကျေးရွာဂျာနယ် အတွဲ-(၇)၊ အမှတ်- ၁၁၊ အမှတ်-၁၂ (၂၀၁၀ပြည့်နှစ် ဇွန်လ ၁ ရက်နှင့် ဇွန် ၁၅ရက်)၌ ၂ ပတ်ဆက်တိုက် ဖော်ပြခဲ့သော စာရေးသူ၏ ရှစ်ဆုမြောက်၊ ငတောငလုံးဆုရ (၆)ဆု မြောက် ဝတ္ထုတို ဖြစ်ပါသည်။)

“နှစ်ရက်နှစ်ည ကြာနေမှတော့ ကိုကြီးတော ပြန်ချင်ရော့မယ်။ ကဲ … ရော့ … ဒါက လုပ်အားခငွေ ငါးထောင်။ ဟောဒီနှစ်ထုပ်မှာ တစ်ထုပ်က ညာကယာ၊ ကုလားပဲခွေနဲ့ မုန့်ယှက်။ တစ်ထုပ်က ကိုကြီးတော အမြွှာညီကိုအတွက် နို့ဆီဘူးနဲ့ မုန့်ထုပ်။ ဒီအထုပ်ကတော့ ဧည့်သည်ကျွေး အကြွင်းအကျန်တွေကို ရောစုပေါင်းထားတဲ့ ဝက်သားပေါင်းဟင်းပဲ။ ကိုကြီးတောတို့၊ မောင်လုံးတို့ ပြန်ကြပေတော့။ နောက် အလုပ်ရှိလည်း လာခေါ်မယ်။ အလုပ် ရှိ မရှိလည်း အားရင် လာမေး။ ကျေနပ်ရဲ့လား ကိုကြီးတော”

“ကျေနပ်ပါတယ် ဆရာလေး။ ဘုန်းကြီးပျံပွဲအရှိန်နဲ့ စားလိုက်ရတဲ့ ထမင်းကောင်း၊ ဟင်းကောင်း၊ မုန့်ကောင်း။ ဒါနဲ့တင် တန်ပါတယ်။ ကျွန်တော်တို့ မနက်ခင်း ပြန်မရသေးပါဘူး။ အရေးကြီးတဲ့ ကျေးဇူးဆပ်ရမယ့်ဟာလေး လုပ်ရဦးမှာပါ ဆရာလေး”

“ခင်ဗျာ … အရေးကြီးတဲ့ ကျေးဇူးဆပ်ရမယ့်ဟာလေး လုပ်ရဦးမှာပါ ဆရာလေးတဲ့။ ကျွန်တော် သိခွင့်ရှိပါသလား၊ဘကျွန်တော်တို့နဲ့ သိခွင့်ရှိပါသလား၊ ကျွန်တော်တို့နဲ့ တိုက်ရိုက် သွယ်ဝိုက် ပတ်သက်နေပါသလား”

မပြန်သေးဟု ပြောလာသူ၊ ကျေးဇူးဆပ်ရမယ့်ဟာလေး လုပ်ရဦးမှာပါဟု ပြောလာသူက ချိုင့်ကြီးရွာသား ပျံကျလုပ်သား တောလိုက်သမား ဖခင်ဖြစ်သူ ငတော။ ငတော၏သား ငလုံးမှာ သူ့ဖခင်ငတောဘေး၌ တည်တည်ငြိမ်ငြိမ်။

အံ့အားသင့်ကာ “ခင်ဗျာ” ဖြစ်သွားသူက ကျောင်းကုန်းရွာမှ ဘကြီးမိုးကောင်း၏သား မူလတန်းကျောင်းအုပ်ဆရာ၊ တောင်သူ စွယ်စုံလုပ်နေရသူ ကိုဝင်းမြင့်။

ငတောက စကားစကို ပြန်စသည်။

“ဆရာလေးတို့ ပဲတီ(ပဲဒီ)ခင်းထဲမှာ မြွေပွေးကြီးတစ်ကောင်၊ မြွေပွေးလတ်တစ်ကောင်နဲ့ မြွေဟောက်ကြီးတစ်ကောင် ရောက်နေပါတယ်။ ဆရာလေးတို့ ရိပ်မိသိရှိပါသလား”

“ဟင်”

“ဆရာလေးတို့ ကျွေးတာစား၊ ပေးတာယူပြီး ကျွန်တော်တို့ မျက်နှာလွှဲခဲပစ် မသွားရက်ပါဘူး ဆရာလေး။ ကျေးဇူးသိမှ သစ္စာရှိ၊ သစ္စာရှိမှ ကျေးဇူးသိပါ။ အဲဒီမြွေသုံးကောင်ကို ဖမ်းပေးခဲ့ပါမယ်”

“ကျွန်တော်တို့ရော၊ အခင်းစောင့်ငှားထားတဲ့ ဦးကျားမောင်ရော မရိပ်မိဘူး၊ မသိဘူး ကိုကြီးတော။ မြွေပွေးကြီး တစ်ကောင်၊ မြွေပွေးလတ် တစ်ကောင်၊ နောက်ပြီး မြွေဟောက်ကြီး တစ်ကောင်၊ ဟုတ်လား … ကိုကြီးတော။ ကိုကြီးတော မြင်လိုက်ရတာလား”

“မျက်စိနဲ့တော့ မမြင်ရသေးဘူး ဆရာလေး။ ဆရာလေးတို့ ယာခင်းထဲမှာတော့ ရှိတာ သေချာပါတယ်။ ကျွန်တော်ဟာ ပျံကျလုပ်သား ကူလီဖြစ်သလို တောကိစ္စ၊ သားကောင်ကိစ္စကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ သမ္ဘာရင့်ရွာမုဆိုးတစ်ဦးပါ ဆရာလေး။ ကျွန်တော် ခန့်မှန်းရင် သားကောင်ကိစ္စ၊ တောကိစ္စမှာ လွဲခဲပါတယ်။ မုဆိုးစိုင်သင် ကျွမ်းကျင်လာခဲ့သူပါ။ ယုံနော် ဆရာလေး””

“ဒုက္ခပါပဲဗျာ။ အလိုလိုမှ ပဲတီကောက်က အလုပ်သမား ခေါ်မရလို့ ခက်ခက်ခဲခဲဖြစ်တာ လူတိုင်းပဲ။ ဒီမြွေကြီးတွေရှိတာသိရင် ဘယ်သူ လိုက်မလဲ။ ရှိတာဖွင့်မပြောဘဲ ကောက်ခိုင်းလို့ နင်းမိ ကိုက်မိရင် ကျွန်တော်မှာ တာဝန်ရှိတယ်။ ကျွန်တော် ပဲတီ(ပဲဒီ)ခင်းက တစ်ကွင်းတစ်ကွက်ထဲ ၁ဝဧက ယာ။ မြွေကြောက်ပြီး နိုင်အောင် မကောက်နိုင်ရင် နောက်အဖူးအပွင့် နောက်ကျ၊ အထွက်နှုန်း ကျမယ်။ ဖြစ်သလိုဖမ်းပေးခဲ့ပါ ကိုကြီးတောရာ။ မသိရင် ကိစ္စမရှိဘူး၊ သိရက်နဲ့ဖွင့်မပြောလဲ တာဝန်၊ ဖွင့်ပြောလဲ ဘယ်သူမှ လိုက်ကောက်မှာ မဟုတ်ဘူး။ ကျွန်တော် ငွေပေးပါ့မယ်”

“မြွေဖမ်းပေးခဲ့ပါမယ် ဆရာလေး။ ငွေတစ်ပြားမှ မပေးပါနဲ့။ ခု မြွေ အရောင်းအဝယ် မရှိတော့ပေမယ့် မျက်စိအားကောင်းအောင် မြွေပွေးသည်းခြေမှာတဲ့လူနဲ့၊ နွားပခုံးပေါက်၊ နွားအရေနာသိပ်ဖို့ မြွေပွေးအဆီ၊ မြွေပွေးပြာ မှာသူနဲ့ ရှိထားပါတယ်။ ဆရာလေး အသုံးကျလဲ ယူထားလိုက်ပါ။

ငလုံးကို ရွာပြန်ပြီး မြွေဖမ်းခက်ရင်းနဲ့ မြွေဖမ်းညှပ်ယူဖို့ ဆရာလေးက ဆိုင်ကယ်နဲ့ အခုလိုက်ပို့ပြီး ချက်ချင်း ပြန်လှည့်ခဲ့ပါ။ ကျွန်တော်က ပဲတီခင်း ပြန်သွားပြီး အဲဒီက စောင့်ပါ့မယ်”

“ရတယ် ကိုကြီးတော … ရတယ်၊ ကျွန်တော်ကိုယ်တိုင် လိုက်ပို့မယ်။ ဒီနှစ် မြွေကိုက်လူနာတွေထဲမှာ မတွေ့စဖူး အဖိတ်အစင် တွေ့လာရတယ်။ မြွေဆေးအတုကြောင့်လား၊ ပို့ချိန် နောက်ကျလို့လား၊ ရောဂါအခံရှိလို့လားတော့ မသိဘူး။

မြွေဆေးအတုတွေ မိတဲ့မြို့နယ်မှာ မိသတဲ့။ တုတုစစ်စစ် မြွေကိုက်ရင် သေတတ်လို့ ကြောက်ကြတာ သဘာဝကျပါတယ် ကိုကြီးတော။ သိလျက်နဲ့ ကြိုတင်မကာကွယ်ရင်၊ ရှင်းမထားရင် ကိုက်မိတဲ့ တစ်ပြိုင်နက် တရားခံဟာ ကျွန်တော် ဖြစ်သွားမယ်။

မြွေဆိုတာ ပဲတီခင်းထဲ ကြိုးနဲ့ချည်ထားသလို မနေဘူး။ သူဝင်ချင်ဝင်၊ ထွက်ချင်ထွက်မှာလို့ ကျွန်တော် ဆင်ခြေမပေးပါဘူး။ ကဲ… ကိုကြီးတော မှာစရာရှိတာ ငလုံးကိုမှာ၊ ပြီးရင် ပဲတီခင်းပြန်၊ ကျွန်တော် အဖေ့ကို အကျိုးအကြောင်းပြောပြီး ငလုံးနဲ့ မြွေဖမ်းပစ္စည်း သွားယူမယ်”

“တောထဲကတည်းက ကျွန်တော်တို့ သားအဖနှစ်ယောက် အသေးစိတ်ကြည့်၊ ဖမ်းကွင်း သတ်မှတ်လျာထားခဲ့ပါပြီ ဆရာလေး။ ကျွန်တော် တောက စောင့်မယ်။ ဆရာလေးတို့က ချက်ချင်းပြန်ခဲ့ပါ”

ဆရာလေးကိုဝင်းမြင့်နှင့် ငလုံးတို့က ငတောတို့ရွာချိုင့်ကြီးဘက်သို့ ဆိုင်ကယ်စီးသွားပြီ။ ငတောက ပဲတီခင်းဘက် ထွက်ခဲ့သည်။

ဆရာလေးတို့ရွာ ကျောင်းကုန်းနှင့် ငတောတို့ရွာချိုင့်ကြီးသည် တိုင်ဝက်(တစ်မိုင်) ခန့်သာ ဝေးကွာရာ ဆိုင်ကယ်စီးချိန် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်မျှသာ ကြာသည်။ ငတောတို့ ခြေလျင်လာလျှင်ပင် မိနစ်လေးဆယ်ခန့်သာ လျှောက်ရသည်။ ဆရာလေးတို့က အလုပ်ရှိ၍ မှာတိုင်း ငတော လာနေကြမို့ သည် လမ်းနှင့် သည်ရွာ၊ သည်ခရီးနှင့် သည်ယာသည် ရေအိုးနှင့် ရေမှုတ်ပမာ တူလှပါဘိတောင်း။

ရေအိုးနှင့်ရေမှုတ်ပမာ ဆက်သွယ်နိုင်ဖို့ စတင်လာသူက ဆရာလေး ကိုဝင်းမြင့်။

ဆရာလေးတို့ ကျောင်းကုန်းရွာသည် ရွာကလည်း ကုန်းပေါ်၊ ယာမြေများကလည်း ကုန်းယာမြေ၊ ကုန်းယာမြေများကို ဖွတ်ချေးကုန်း၊ လိပ်ကျောကုန်း၊ လူပန်းနွားမောကုန်း(နမောကုန်း)၊ ထွန်သွားဖြုန်းကုန်း(ဒသဖြုန်းကုန်း)၊ မသထာ(မသဒ္ဓါ)ကုန်း ဟု ခေါ်ကြသည်။

မသထာ(မသဒ္ဓါ)ကုန်းဟု ခေါ်ခြင်းမှာ မိစစ်ဖစစ် ယာမြေမှန်တို့ မိုးများပြီ၊ ရေလွန်ပြီ၊ မိုးပိုပြီဆိုမှ ကုန်းယာမြေများ သီးနှံရကြသည်။ သူတို့ ကုန်းယာသီးနှံရသောနှစ်၌ အခြားရွာများမှ မြေကောင်းမြေမှန် သီးနှံတို့ ပျက်စီးရ၍ အများစုက သူတို့ကို မသဒ္ဓါ (မသထာ)ကြ။

သည်ကုန်းယာမြေတို့ကို မသထာ(မသဒ္ဓါ)ကုန်းဟု ခေါ်ကြသည်။ ထိုသို့ မိုးများသောနှစ်မှာ ငါးနှစ်၊ တစ်နှစ် ရှိခဲလှ၍ ဘေးရွာများကသာ မသာထာ(မသဒ္ဓါ)သည် ကျောင်းကုန်းရွာလည်း မွဲခြောက်ခြောက်၊ ကျောင်းကုန်းသားလည်း မွဲခြောက်ခြောက်၊ တောကျေးလက်စရိုက်အရ ရွာကိုတွယ်တာ၊ ယာကိုတွယ်တာ၍ ရွာဖက်ကပ်နေသူများသည်လည်း လူမွေးလူရောင် မပြောင်။ နွားလည်း နွားမွေးနွားရောင် မပြောင်။

စုတ်ချာချာ မွဲခြောက်ခြောက်လူကို တွေ့ပါက နင့်ဘကလွှား၊ နင့်ပုံကတော့ ကျောင်းကုန်းသားကြနေတာပဲ။ နွားပိန်ကပ် နေပါက ဂရုစိုက်ဟ၊ နင့်နွားက ကျောင်းကုန်း နွားကြနေတာပဲဟု ဘေးရွာများက စကားတင်းဆို နှိမ်ချခဲ့ကြသည်။

ရွာက ကုန်းပေါ်၊ ယာက ကုန်းယာ၊ နွေဘက်၌ ရေတစ်စက်ကို ရွှေတစ်စက်ပမာ မက်မောရလောက်အောင် ရေ ရှားမှရှား၊ ရေတွင်းနက်နက်၊ လူကျွက်ကျွက် ရေအတွက် အချိန်ကုန် လူပန်းခဲ့ကြသည်။

သို့ရာတွင် ကျောင်းကုန်းရွာသူရွာသားတို့သည် အဘတို့၊ အမေကြီးတို့ လက်ထက်ကတောင် ငတ်မသေဘဲနဲ့ ဘာလို့ တို့က ငတ်သေရမှာလဲ၊ ရွာက မခွဲမခွာဘူးဟု စိတ်ဓာတ်ခိုင်ကျည်ခဲ့ကြသည်။

နွားအိုကြီး ချည်တိုင်ခင်တွယ်သလို ကျောင်းကုန်းရွာသူရွာသား အဆက်ဆက်တို့က ဒို့ရွာကို ဒို့ချစ်သည်ဟု ကမ္ဗည်းမတင်၊ နှုတ်မှ မဟစ်ကြွေးဘဲ ရွာချစ်သွေး၊ တောသူတောသားသွေးဖြင့် ရွာကို ဖက်တွယ်ခဲ့ကြသည်။

ထိုအထဲတွင် ခေတ်ပညာတတ်၊ ဘွဲ့ရဆရာလေး ကိုဝင်းမြင့်လည်း ရှေ့ဆုံးက ပါခဲ့၏။

ဆရာလေးကိုဝင်းမြင့်သည် ဘကြီးမိုးကောင်း၏ တစ်ဦးတည်းသော သား။ ဘကြီးမိုးကောင်းမှာ ယာလည်း တစ်ကွက်သာရှိသည်။ ကျောင်းကုန်း အမွေခံယာမြေ။ ထုံးစံအတိုင်း ကုန်းယာ။

ဆရာလေးဘွဲ့ရ၊ ရွာအမကကျောင်းမှာ မူလတန်းပြဆရာဖြစ်ပြီး နောက်နှစ်မှစ၍ သည်ယာကွက်ကြီးကို လေးဘက်လေးတန် ထယ်အကြိမ်ကြိမ်ထိုး၊ တစ်တောင်အမြင့်၊ တစ်တောင်ထုခန့်ရှိသော ရေဖမ်းကန်သင်းကြီး တင်သည်။

ကန်သင်းအရှည်အလိုက် ၁၅ တောင်အကွာ တန်းစီ၍ သရက်စိုက်ကျင်း လေးဘက်လေးတန် တူးသည်။ ဆရာလေးတူးသော စိုက်ကျင်းက နှစ်တောင်ပတ်လည် နှစ်တောင်အနက်ကျင်း။ ကျင်းထဲ၌ နွားချေးဆွေး၊ အမှိုက်ဆွေး၊ သစ်ရွက်ဆွေး၊ ထန်းတောထန်းလျက်ချက် မီးဖိုပြာ၊ (မဖောက်ထုံး၊ နို့ဆီတစ်ဘူးနှုန်းတို့ကို) အပြည့်အသိပ်ထည့်ကာ ၁၁ လ နှပ်သည်။

နောက်နှစ်မိုးလယ်မှာ ဦးစံပေါခေါ် အလုံးကြီးခေါ် ဦးစံပေါသရက်မျိုး အပင်တစ်ရာကျော်ကို စိုက်သည်။ ထိုသရက်မျိုးကို အချို့က ဦးစံပေါ မင်းသားကြီးလက်ရုံးဟုလည်း ခေါ်ကြသည်။ အလုံးကြီး၊ အစောဆုံးပေါ်၊ ဒေသကြိုက်မျိုး ဖြစ်သည်။

သရက်ပင်ချသောနှစ်၌ မြေရေတွင်းတူး၊ ထန်းလုံးပြွန်မြုပ်၊ ဝါးခွေတပ်၊ စက်သီးဆင်ကာ အသက်ဆက် ရေလောင်းရသည်။

ရေတွင်းကနက်နက်၊ နွေနေကပူပူ၊ ဆရာကိုဝင်းမြင့်က လူငယ်သွေး ဆူဆူ၊ လူမသေသေးသမျှ ရေထမ်းလောင်းမည်။ လူမသေက သရက်ပင် မသေစေရထုံး နှလုံးစွဲကာ တစ်လကိုတစ်ပင်လျှင် ငါးကြိမ် အသက်ဆက် ရေလောင်းသည်။ သရက် လေးငါးဆယ်ပင် သေသည်။ လေးငါးဆယ်ပင် အဆင့်မမီ။ ကျန်အပင်များမှာ နှစ်နှစ်သားအထိသာ အသက်ဆက် ရေလိုက်ရသည်။

ငါးနှစ်၌ ငှက်စာဆော်၍ ခုနစ်နှစ်၌ ဖောက်သည် စတင်ပေးရသည်။ ထိုအချိန်မှာ ကြီးမားသော ပြောင်းလဲမှု အရှိန်အဟုန် စတင်သည်။

ရေအရင်းအမြစ်ဌာနနှင့် စည်ပင် ရောက်လာပြီး ရွာလေးထောင့်တွင် စက်ရေတွင်း လေးတွင်း တူးဖော်ပေးရာ တစ်ရွာလုံး ဝမ်းသာမဆုံး တပြုံးပြုံး။

ကျေးရွာချင်းဆက်လမ်းများကို ဖောက်လုပ်ပေးရာ မြောင်၊ မြင်းမူ၊ မန္တလေး၊ ရေစကြို၊ ပခုက္ကူ၊ ချောင်းဦး၊ မုံရွာလမ်းကြော ဆက်မိသည်။ ကား၊ ရထား၊ ထော်လာဂျီ ကြိုက်ရာသွား၊ အချိန်မရွေးသွား၊ ရောင်းမလား၊ ဝယ်မလား၊ ဖျားသလား၊ နာသလား၊ ပညာ၊ စီးပွား၊ ကျန်းမာ၊ ကူးသန်း အဆင့်အတန်းမြင့်သွားသည်။

ထိုသို့သော အနေအထား ပြောင်းလဲတိုးတက်လာစဉ် ရွှေဘုံတောင် ငွေဘုံတောင် လျှပ်စစ်မြစ်ရေတင်က ချင်းတွင်းမြစ်ရေကို ကျောင်းကုန်းအရောက် ဖောဖောသီသီ ပို့ပေးသောအခါ မည်သည့်ကာလကမှ အိပ်မက် မမက်ဝံ့သော အညာကျေးလက်ကုန်းခေါင်ခေါင် ကုန်းမြေများကြား၌ စပါးပန်း စတင်ပွင့်ဖူးသည်။

ကျောက်စလိပ်ကုန်း၊ လူပင်ပန်းနွားမောကုန်း၊ ထွန် သွားဖြုန်းကုန်း၌ ပထမဆုံး ကောက်နှံတို့ စတင်နှုတ်ဆက်သည်အထိ ရွာခံ ကြည်းတောသားတို့ ရင်ခုန်မပြေ။ သွေးတဒိတ်ဒိတ်တိုး၊ သွေးလည်ပတ်မြန် ဆန်မှု အရှိန်မပြေ၊ ကန္တာရဆူးထနောင်း၊ ကဇောင်း၊ ကျားလျှာ၊ ထနောင်း၊ ရှား၊ တမာ၊ ထန်း၊ ချုံပုတ်ချုံနွယ်များကြားမှ ဖြတ်သန်းလာသော လေပြည်တွင် စီးမျောပါဝင်လာသည်။ စပါးရနံ့၊ ငါးရနံ့သည် သူတို့ဒေသ၏ ကိုယ်ပိုင် ရနံ့ဖြစ်တော့မည်ဟု ထင်မှတ်ရန် မဝံ့မရဲ။

ပြန်လည် မျိုးသစ်ရန် အိပ်ယာမှ ထလာသော စပါးစေ့လေးများ၊ ရိုးပြတ်တောမှ နောက်သီးနှံ စိုက်ပျိုးရန် ထွန်ယက်ရင်း နွားတောက်ခေါက်သံများ၊ ရိုးပြတ်ကွင်းမှ တောက်ခေါက်သံသည် သီးထပ် အောင်အတိတ်၊ အောင်နိမိတ်၊ အောင်ဘိသိက်၊ ခြောက် သယောင်းထနေသော ယခင်ကုန်းယာမြေတို့သည် ရွှေဘုံတောင် ငွေဘုံတောင်မြစ်ရေကို နှစ်နှစ်၊ သုံးနှစ် ဆက်တိုက် သောက်ရကတည်းက မူလဘူတမြေ ရုပ်ပြောင်းသွားသည်။

နုန်းမြေ၊ မြေနု တစ်စတစ်စဝင်ရာမှ နုန်းမြေ ပို့သက် များများလာသည်။ ယာထဲ ဖိနပ်မပါဘဲသွားက ကြမ်းရှိနေသော မူလကုန်းမြေသည် ယခုအခါ နူးညံ့လာသည်။

နွေစပါး တစ်ဧက ရှစ်ဆယ်ဝန်းကျင်၊ မိုးစပါး တစ်ဧက တင်းတစ်ရာဝန်းကျင်၊ သီးထပ်ပဲမျိုးစုံက တင်းဆယ့်ငါး နှစ်ဆယ်ဝန်းကျင်၊ သည်တော့ ကျောင်းကုန်းသည် ရွှေကုန်း၊ ငွေကုန်း ယခင်တစ်ဧက ကုန်းယာတစ်သိန်း ပေးသူမရှိ။ ယခု တစ်ဧက သိန်းသုံးဆယ် ရောင်းသူမရှိ။ မြေတန်ဖိုးတက်သည်။

မရွယ်ဘဲ စော်ကဲမင်းဖြစ်၊ စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲ၊ တိုင်းယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်ဖြစ်ရသူက ဆရာလေး ကိုဝင်းမြင့်နှင့် သူ့သရက်ပင်များ။

ရေငန်သောက်၊ မိုးပေါက်ကျမှ အစိုရိပ်ထင်သော သရက်ဝန်းကျင်၌ မြစ်ရေသောက်ရသောအခါ အပင်ပိုဖြစ် အသီးပိုသီး အသီးပိုကြီးသည်။

မိုးဦးအကျများကျသောနှစ်၌ အနက်ပြောက်ရောဂါ ကျရောက်ဆုံးရှုံးတတ်သဖြင့် စိုးရိမ်နေစဉ် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးရှင် ဆရာကြီးချိုင့်ကြီး ယဉ်မောင်၏ သရက်သီး အနက်ပြောက်ရောဂါ မကျရောက်ရေးဆောင်းပါး ဖတ်မိသည်။ ဆရာကြီးကို ငတောငလုံးလောက်သာ ရေးသည်ဟု ထင်မြင် ယူဆရာမှ ယခုဆောင်းပါး အပါအဝင် သရက်ဆောင်းပါး အများအပြား ဖတ်ရသောအခါ ကိုဝင်းမြင့် တွေ့ချင်မေးချင်လာသည်။

ဆရာကြီးနှင့်တွေ့ဖို့ ကိုဝင်းမြင့်သွားတော့ ရွာထဲမှာ မတွေ့။ သူ့ အသိအကျွမ်းဆရာ ခေါ်၍ တောလိုက်ရန် လုပ်ရသည်။

ရွာခံဆရာက ဆရာကြီးဟာ အိမ်ထောင်မရှိ လူပျိုကြီးဖြစ်ကြောင်း၊ တောထဲမှာ နေတယ်။ သရက်၊ ငှက်ပျောနဲ့ စပါးစိုက်တယ်။ အေးအေးဆေးဆေး စာဖတ် စာရေးတယ်။ ဘာနိုင်ငံရေးမှ မပတ်သက်ဟု ပြော၍ လိုက်ပို့သည်။

ထိုအချိန်မှ စတင်၍ ငတောငလုံးတို့နှင့် သိကျွမ်းသည်။ ဆရာကြီးဦးယဉ်မောင်က ငတောနှင့်ငလုံးတို့ကို သရက်ပင်ဆေးဖျန်းခိုင်းနေခိုက် ရောက်လာသော ဆရာလေးအား သရက်ပင်ခြေမြေပေါ်မှာပဲ ဧည့်ခံသည်။

ဒို့ကျေးရွာဂျာနယ်ပါ ဆရာ့ဆောင်းပါးများထဲမှ မေးသမျှအချက် အလက်တို့ကို သရက်ပင်များ လက်တွေ့ပြသ၍လည်း ဖြေသည်။ တဲခေါ် သွား၍ စာအုပ်များထဲမှ ဓာတ်ပုံသရုပ်ဖော်ပုံနှင့် စာသိစာတွေ့ကိုလည်း ပြသရှင်းလင်းသည်။

ဆရာကြီးဦးယဉ်မောင်က ကိုဝင်းမြင့်အား တို့ကျေးရွာအတွက် စိုက်ပျိုးရေးနည်းလမ်းကောင်းများ (၁) နှင့် (၂) ကို မေတ္တာလက်ဆောင်ပေးရာ ကိုဝင်းမြင့်က လက်အုပ်ချီ၍ တောင်းပန်သည်။

“ဆရာကြီး စေတနာကို ကျွန်တော် စော်ကားတာ မဟုတ်ပါဘူး၊ မယူပါရစေနဲ့။ ကျွန်တော်ဆီမှာရော ကျွန်တော့်ရွာ အခြားသူတွေဆီမှာရော ဒီစာအုပ်တွေ ပေါပါတယ်ဆရာကြီး။ ကြော်ငြာကတည်းက ကြိုတင်မှာ အလုအယက် ဝယ်ခဲ့ကြတာပါ။

ကျွန်တော် ရွာတစ်ရွာထဲမှာပဲ ဒို့ကျေးရွာဂျာနယ်ဖတ်သူ လေးဆယ်ကျော်ပါတယ်။ တိတိကျကျ ပြောရရင် ၄၃ စောင်ပါ။ ကျွန်တော် ဒီတစ်ပတ် လစာထုတ်သွားမှ မြို့နယ် ပြန်/ဆက်နဲ့ ဝင်ညှိ ငွေသွင်းရမှာက ရှစ်ယောက်၊ နောက်တိုး ရှစ်စောင်ပါ။

ဒို့ကျေးရွာဂျာနယ်ရဲ့ ထူးခြားချက်က ဟိုပြောဒီပြော တက်ထောင်မောင်းနင်း ပြောနေသူတွေကပါ ဖတ်မြည်းစမ်းကြည့်ပြီး ကြိုက်လို့ မှာဖတ်ကြပါ တယ်။ လက်တွေ့ အသုံးကျတာများတော့ လုပ်ငန်းသုံးသဘောထား ဖတ်နေကြပါတယ် ဆရာကြီး”

“ဟား… ဟား… ဟား၊ စာဖတ်ပရိသတ်ကို ကြာကြာလိမ်မရဘူးကွ။ အဲဒီလိုပဲ စာဖတ်ပရိသတ် အကျိုးရှိရင်လည်း ပန်းရနံ့ကို လေပြည်မှာ မပါဖို့ တားမရသလို ဖုံးကွယ်မရဘူး။ ဒို့ဆီမှာလည်း လက်ဖက်ရည်ဆိုင် ဧည့်ခံတင်ခိုင်းတယ်၊ သုံးလေးစောင်အထိတော့ အင်တင်တင်ပဲ၊ အဲ… စွဲလည်းဖတ်ရော ဂျာနယ်နောက်ကျရင် စောစောပိုင်းက အင်တင်တင်လုပ်ခဲ့တဲ့ ပရိသတ်က တဆူဆူနဲ့ ရန်လုပ်ရောတဲ့။

ဟား… ဟား… ဟား… တောသူ တောသားကို လူရာသွင်း၊ စေတနာနဲ့ အကျိုးပြု၊ နှစ်ရာကျပ်ထဲနဲ့ ရောင်းတဲ့ ဂျာနယ်၊ ကိုရင်လေး ရှာရရင် ရှာကြည့်စမ်း။ ဒို့ကျေးရွာမှ ဒို့ကျေးရွာရှိတာ သက်တော်ရှည် ဆရာတော်ကြီးတစ်ပါးဆီ အပတ်စဉ် ဆရာ ခေတ္တကပ်ရ တယ်။ ကိုရင်ကြီးတွေက ဆေးမြစ်ဆေးပင် တိုင်းရင်းဆေးနည်းပါရင် ဖတ်လျှောက်ပြရတယ်။

ဖတ်ကြကွ၊ ဂျာနယ်တစ်စောင် လက်ဖက်ရည်တစ်ခွက်၊ ကွမ်းတစ်ထုပ်ဖိုးနဲ့ အမြတ်ကြီးပါတယ်။ ခုဆိုရင် ကဏ္ဍစုံ မြိုင်မြိုင်လာတော့ ကလေး၊ လူငယ်၊ လူကြီး ပိုစိတ်ဝင်စား ဖတ်ကြတာ မြင်နေရတယ်”

ဆရာကြီးက ရယ်မောဧည့်ခံ၍ ငတောငလုံးတို့နှင့် မိတ်ဆက်ပေးသည်။ ဆရာလေးက သရက်ဆေးပတ်လိုက်နိုင်၊ မလိုက်နိုင် စတင် ငှားရမ်းရာမှ ငတောငလုံးနှင့် ဆရာလေးတို့ စတင်ခင်မင် ဝင်ထွက်သွားလာ လုပ်ကိုင်ပေးခဲ့ရသည်။

တောင်သူဘက်ကလည်း စေတနာထား၊ အငှားအရမ်းလိုက်သူ ဘက်ကလည်း မေတ္တာ၊ စေတနာထားက ရှေရှည်ဆက်ဆံရေး တည်မြဲလေ့ရှိသည့် သဘာဝအတိုင်း ဆရာလေးနှင့် ငတောတို့ ဆက်ဆံရေး တည်မြဲခဲ့သည်။

သရက်ဆေးပက်၊ ကိုင်းပိုကိုင်းညှပ်ခုတ်၊ သရက်သီးဆွတ်၊ လယ်ကန်သင်းပြင်၊ ပျိုးနုတ်၊ စပါးရိတ်၊ စပါးပုတ်နှင့် အထွေထွေကိစ္စအတွက် အရေးကြီးက ဆရာလေးမှ လူလွှတ်ခေါ်သည်။ ရွာမှာ အလုပ်မရှိက ဆရာလေးတို့ရွာ သွားပြီး အလုပ်ရှိ၊ မရှိ ငတောတို့က သွားရောက်စုံစမ်းသည်။ ရောက်စဉ် အမြင်မတော်သော လုပ်ငန်းတွေ့က ဝင်ကူ ဝင်မခဲ့ပါ၏။

ယခုပွဲက ဆရာလေးကိုဝင်းမြင့်ကိုယ်တိုင် လာခေါ်သည့်ပွဲ။ ကျောင်းကုန်းရွာမှာ ဘုန်းကြီးပျံပွဲ အကြီးအကျယ်ရှိသည်။ ဇာတ်၊ အငြိမ့်၊ ချောင်းဦးစိတ်ကြည်ရွှင်ဆိုင်း၊ ရေစကြိုတောင်ဦး ကျေးရွာဆိုင်း၊ ကျောက်ဆည်ဆင်က စသည်တို့ဖြင့် ဧည့်ခံမည်။

ဘုရားတင်စင် ရှင်းလိုက်၊ ပြဿာဒ်၊ အလောင်း တင်ကရဝိတ်၊ လောင်တိုက် စံကျောင်းမဏ္ဍပ် သုံးမဏ္ဍပ်၊ ဧယဉ်ကျူးဖြင့် ပူဇော်ရာ ရွာနီးချုပ်စပ်ပါမကျန် ခြိမ့်ခြိမ့်သဲသဲ။

ယခင် ကျောင်းကန်၊ ယခင် ကုန်းယာဘဝ စွန့်ပစ်ထားခဲ့သော မြစ်ရေတင် သုံးသီးစား ရွှေကုန်း၊ ငွေကုန်းက အစွမ်းကုန် ပူဇော်သည်။

“ကိုကြီးတော … ခင်ဗျားတို့တစ်အိမ်လုံး ဘုန်းကြီးပျံပွဲ လာခဲ့ကြ။ ကိုကြီးတောက ကျွန်တော့်ပဲတီခင်း စောင့်အိပ်ပေး။ နှစ်ရက်နှစ်ည ငါးထောင် ပေးမယ်။ ကျွန်တော့်လူငှားကြီး ဦးကျားမောင်ကို မျက်စိမှုန်တယ်၊ နားလေးတယ်ဆိုပြီး အားမရခဲ့ဘူး။ ခုကျမှ တန်ဖိုးသိတယ်။

သူလည်း သူ့ဧည့်သည်နဲ့ သူ့မိတ်ဆွေနဲ့မို့ ပွဲရက်တော့ စောင့်မပေးပါရစေနဲ့၊ အခြားလူငှားပါ ၊ ဘုန်းကြီး ပျံပွဲပြီးမှ ပြန်စောင့်ပေးမယ်ပြောတယ်။

အဲဒါ ကျွန်တော် အခက်အခဲဗျ၊ ပဲတီက ခေါင်(ဂေါင်)သီးတွေ မှည့်တာ မဲချပ်လို့ဗျ။ ပစ်မထားရဲလို့ လာခေါ် တာ … လာခဲ့ဦး”

ငတော ငြင်းမရ။ အလုပ် ရှိ မရှိ သွားစုံစမ်းက အလုပ်ရှိရှိ မရှိရှိ ဆန်၊ ပဲ၊ ဆီ၊ သရက်ချဉ်၊ သရက်သီး ကြုံရာထည့်ပေးတတ်သော ဆရာလေးမို့ သူ့အခက်အခဲကို ကူညီရန် တာဝန်ယူခဲ့သည်။ ငလုံးကို ပွဲကြည့်ချင်က နောက်ရက်မှ လာခဲ့ဟုဆိုပြီး ကျောင်းကုန်းသို့ တက်ခဲ့သည်။

ဆရာလေးက မုန့်တစ်ထုပ်၊ လက်ဖက်တစ်အုပ်၊ ရေတစ်အိုးနှင့် ပဲတီခင်းကို လိုက်ပို့အပ်နှံခဲ့သည်။ နေ့ရောညပါ စောင့်နေသော ယာထဲမှာ သပ်သပ်ရပ်ရပ်၊ လုံလုံ ခြုံခြုံ။ ထိုတဲ၌ အိပ်စောင့်ရမည်။

ဆရာလေး ပြန်သွားပြီးနောက်၌ သူ နှစ်ရက်နှစ်ည တာဝန်ယူစောင့်ရမည့် ပဲတီခင်းကို လေးဘက်လေးတန်ပတ်ပတ်လည် ငတော စေ့စေ့စပ်စပ်ကြည့်သည်။

ငတော စေ့စေ့ဆက်ဆက် ကြည့်ရှုရာမှ မြွေမစင် (မြွေချေး)ပုံများ တွေ့သည်။ မြွေချေးသည် ပုတတ်ချေးကဲ့သို့ အဖြူနှင့်အနက်ရောင် ဆီးသီးကင်းလိုလို အတောင့်လေးများလဲ မဟုတ်။ တောက်တဲ့ချေးကဲ့သို့ အဖြူဆွတ်ဆွတ် လက်တစ်ဆစ်ခန့် အတောင့်လေးများလဲ မဟုတ်။ မြွေချေးက အဖြူတစ်ပိုင်း၊ အနက်တစ်ပိုင်းဖြစ်ပြီး အပုံလိုက် ယိုလေ့ရှိသည်။

မြွေချေး၌ ငှက်မွှေး၊ ကြက်မွှေး ပါတတ်သည်။ အချို့ မြွေချေးက ဝမ်းပျက်သောကလေး ဝမ်းသွားထားသော ဝမ်းနှင့်တူ၏။

မြွေချေးတွေ့ရုံမျှဖြင့် ပဲတီခင်းထဲ၌ မြွေ ရှိ မရှိ မပြောသာသေး။ မြွေသည် သူ့ဝပ်ကျင်းအတွင်း၌ သာမန်အားဖြင့် မစင်မစွန့်။ အခြားနေရာ သွားလာနေရာ၌ မစင်စွန့်တတ်သည်။

ယခုလည်း ဖြတ်သွားဖြတ်လာများလားဟု ငတော စဉ်းစားသည်။ မြွေချေးအစိုရော အခြောက်ပါ တွေ့ရသောအခါ မြွေသည် ပဲတီခင်းထဲ၌ ဝပ်ကျင်းခပ်နိုင်သည်ဟု ငတော ယူဆသည်။

ဟုတ်သည်။ လေးသွားကြောင်း ချထားသော ပိတ်သည်းမှိုင်းညို့ အထက်ရှုပ်၊ အောက်ရှင်း ပဲတီခင်းတစ်နေရာရာတွင် မြွေရှိနိုင်သည်။

မြွေမစင်ပုံ သုံးမျိုး၊ အရွယ်အစား သုံးခု၊ အစိုအခြောက်တို့က မြွေတစ်ကောင်ထဲ မဟုတ်ကြောင်း ဖော်ပြနေသည်။ သုံးမျိုးသုံးကောင် သဘောပင်။

ညရောက်သောအခါ မြွေတွန်သံကို ငတော စူးစူးစိုက်စိုက် နားထောင်သည်။ အရှေ့ထိပ်၊ အနောက်ထိပ် မြွေက အသံကြည်မှကြည်။ တွန်တော့လည်း တစ်ခွန်းတည်း ရွှီးတဲ့။

ခါးလယ်မြွေက အသံခပ်အအ၊ တွန်တော့ နှစ်ခွန်း ရွှီရွှီတဲ့။ ငတော တောအတွေ့အကြုံအရ အရှေ့ထိပ် အနောက်ထိပ်မှ အသံကြည်ဖြင့် ရွှီခနဲ တွန်သော မြွေက မြွေပွေး။

ခါးလယ်က အသံခပ်အအနှင့် နှစ်ခွန်းတွန်သော မြွေက မြွေဟောက်။

မြွေမစင်ပုံ အစိုအခြောက်လည်း တွေ့သည်။ မြွေတွန်သံလည်း ကြားသည်။

ပဲတီခင်းထဲမှာ မြွေ ခေတ္တ ဝပ်ကျင်းလုပ်နေပြီ။ ပိုမိုသေချာစေရန် မနက်လင်းလျှင် လင်းချင်း မြွေလူးရာ (မြွေခြေရာ)များကို ငတော ရှာသည်။ အရှေ့ထိပ်နှင့် အနောက်ထိပ်မှ မြွေလူးကြောင်းမှာ ကကြီးလို ယပက်လက်လို လူးကြောင်းစိပ်သည်။ မြွေလူးကြောင်းစိပ်ခြင်းသည် မြွေပွေးဖြစ်ကြောင်း ဖော်ပြ ခြင်းပင်။

ခါးလယ်မှ မြွေလူးကြောင်းမှာ မစိပ် မကျဲ။ မစိပ်မကျဲ လူးကြောင်းက မြွေဟောက်ဖြစ်ကြောင်း ဖော်ပြခြင်းပင်။

အရှေ့ထိပ်က လူးကြောင်းကြီး၍ မြွေပွေးကြီး၊ ခါးလယ်မစိပ်မကျဲက လူးကြောင်းကြီး၍ မြွေဟောက် ကြီး၊ အနောက်ထိပ် လူကြောင်းစိပ်၊ လူးရာမကြီးမသေးမို့ မြွေပွေးအလတ်၊ အငယ်ဟု ငတော ခန့်မှန်းမိသည်။

မြွေသုံးကောင်စလုံး မိရိုးဖလာ ပင်မလမ်းဖြစ်သော ပဲတီခင်းခြောက်ဘေး လှည်းလမ်းမကြီးမှ လက်ခွဲမြောင်း၊ ပင်မမြောင်းဝန်းကျင် အစာရှာဟန် ရှိသည်။ အထွက်ခေါင်းနှင့် အမြီးခြေရာ၊ ပြန်ဝင်ခေါင်းနှင့် အမြီးခြေရာ လူးကြောင်း၌ ထင်ထင်ရှားရှား။

နှစ်ရက်နှစ်ည အကဲခတ်ရမိသမျှ မြွေနေထိုင်နိုင်သည်ဟု ယူဆရသော ပဲတီခင်းအပိုင်း၊ ပဲတီခင်းအတန်းကို စိတ်မှန်း မှန်း၍ ထန်းရွက်ကျင်းတူးစိုက်၊ ငုတ်ရိုက်စိုက်မှတ်ထားသည်။

မြွေရှာချိန်၌ ထိုနေရာဝန်းကျင် အဓိကထား ရှာရမည်။

ငလုံးနှင့် ဆရာလေး ပြန်ရောက်လာချိန်၌ မြွေဖမ်းခက်ရင်းနှင့် မြွေဖမ်းညှပ်၊ မြွေထည့်ရန်အိတ်တို့ ပါလာသည်။ အချိန်ဆိုင်းမနေတော့။ ဖမ်းရန် စီစဉ်သည်။ ငတောက-

“ငလုံး အရှေ့ထိပ်က မြွေပွေးကြီးကို စဖမ်းမယ်။အဖေက မြွေဖမ်းခက်ရင်း၊ မင်းက မြွေဖမ်းညှပ်နဲ့ပဲ ပဲတီအတန်းလိုက် ပဲတီပင်ကို ဖယ်မယ်၊ မြွေရှာမယ်၊ လောဘမကြီးနဲ့။ ရှေ့တစ်ကမ်းဝဲယာ၊ ယာဝဲဘယ်ညာပြန်ကြည့်။ ခေါင်းငြိမ်ငြိမ်ထား။ မြွေရှာနေတယ်ဆိုတဲ့စိတ် စွဲထား။ ဆရာလေး ကန်သင်း ပေါ်သာနေပါ၊ ကျွန်တော်တို့ဖာသာ ဖမ်းပါ့မယ်”

ဆရာလေးက အရှေ့ထိပ်ကန်သင်းမှာ ရပ်နေသည်။ ငတောတို့က တောင်မြောက်ချထားသော ပဲတီတန်းများကို သတိကြီးစွာထား၍ လှန်လှောကာရှာသည်။

တစ်တန်း၊ နှစ်တန်း၊ သုံးတန်း၊ ဆယ့်လေး၊ ဆယ့်ငါး၊ ဆယ့်ခြောက်တန်း။

အတန်းသာဆုံးသည် မြွေက မတွေ့။ ဝဲဆုံးက ယာပတ်၊ ယာမှဆုံးက ဝဲပြန်ဝင်။ စုန်ဆန်ရှာဖွေရာ အတန်းငါးဆယ်ကျော်၌ ပဲတီပင်သားခွဲစဉ်က လစ်လပ်နေသော စုပြုံအုံပေါက်နေသည့် ပဲတီပင်ခြေ၌ ခြေသံ၊ ထိသံ၊ တိုးသံကြောင့် ပေါက်သတ်ရန် သတိသွင်းစောင့်နေလျက်ရှိသည့် မြွေပွေးကြီးကို တွေ့သည်။

ပေါက်ချင်ကိုက်ချင်၍ စောင့်နေသော မြွေပွေးကြီးအား ငတောက သူ၏မြွေဖမ်းခက်ရင်းဖြင့် ဆတ်ခနဲ၊ ဖျတ်ခနဲ တို့တို့ပေးရာ ထိမိ တို့မိသမျှကို ချက်စေ့လက်စေ့ ကိုက်ပေါက်နေသော မြွေပွေးကြီးပေါက်ချက်က ဖျောက်ခနဲ ဒေါက်ခနဲ။

မြွေဖမ်းခက်ရင်းကို ဆက်တိုက်စဉ်တိုက် ပေါက်ရာမှ ဟန်ချက်ပျက်သွားသော မြွေပွေးကြီး၏ ဇက်နောက်ကို မြွေဖမ်းခက်ရင်းဖြင့် ထိုးသည်။ မြွေဖမ်းခက်ရင်းမှာ လက်နှစ်သစ်ခန့်မျှသာ အကျယ်ရှိပြီး ထိပ်တုံးထားသည့် အထူးခက်ရင်း ဖြစ်သည်။

မြွေခေါင်းကို မြေပေါ်ချကာ ဝဲယာဖိညှပ်ထားသဖြင့် မြွေကြီးလွတ်အောင် မရုန်းနိုင်။ ငတော ထိုးချက်က မြွေသတ်သလို ပစ်ထိုးသော ထိုးချက်မဟုတ်။ ထိန်းထိုးထိုးရာ ချုပ်မိရုံသဘောမျှသာ ရှိ၏။

မြွေဖမ်းခက်ရင်းအောက် မျက်လုံးပြူးနေသော မြွေပွေးကြီးခေါင်းရှိရာ နေရာသို့ ငလုံး မြွေဖမ်းညှပ်က ဝေ့ဝဲလာသည်။

မြွေဖမ်းညှပ်မှာ ဝါးမာသုံးတောင်ထွာခန့်ရှိပြီး ဘက်နှစ်ဖက်ပါသည်။ တစ်ဖက်က မြွေဖမ်းသောဘက်၊ တစ်ဖက်က မြွေဖမ်းရန် ဟပေး၊ စေ့ပေး၊ ဖမ်းပေး၊ လွှတ်ပေးသော နိုင်လွန်ကြိုးပါသည့်ဘက်။

ငလုံး၏ မြွေဖမ်းညှပ်က ငတော ခွဖိထိုးထားသော မြွေဖမ်းခက်ရင်းအောက်မှ မြွေကြီးအနီး ရောက်သောအခါ ငတောက ခက်ရင်းဖြင့် ဖိထားသည်ကို မသိမသာ လျှော့ပေးသည်။ မြွေဖမ်းညှပ်နှင့် မြွေပွေးကြီးခေါင်း မထိတထိ၌ လုံးဝ လွှတ်ပေးလိုက်ရာ မြွေပွေးကြီးက မြွေဖမ်းခက်ရင်းအောက်မှ ငလုံး ဖွင့်ထားသော မြွေဖမ်းညှပ်အတွင်း ဇွတ်တိုးဝင်သည်။ ငလုံးက ညှပ်ကြိုးကို အားကုန်ဆန့်ဆွဲရာ မြွေပွေးကြီး အမြီးတရမ်းရမ်း မှီရာရစ်ပတ်ကိုက်ဖို့ ဒေါသတကြီး ကြိုးစားလေလေ၊ ငလုံးက ညှပ်ကြိုး တင်းသည်ထက် တင်းလေလေ လုပ်ရာ လှုပ် မရတော့။

ငတောက နှစ်အိတ်ထပ် မြွေထည့်သည့်အိတ်ကို ဖွင့်ပေး၊ ငလုံးက မြွေပွေးကြီးရော မြွေဖမ်းညှပ်ရော အိတ်ထဲထည့်၊ အိတ်ထဲရောက်မှ ညှပ်ကြိုးလျော့၍ မြွေပွေးကြီးကို လွှတ်ပေးရာ ရှူးရှူးရှားရှား။

ခါးလယ်မှ မြွေဟောက်ကြီးကို ဆက်မဖမ်းဘဲ ချန်လှပ်ကာ အနောက်ဖျားမှ မြွေပွေးကို ငတောနှင့်ငလုံးတို့ ခက်ခက်ခဲခဲ ရှာဖွေဖမ်းဆီးခဲ့ရသည်။

အရှေ့ထိပ်မှ မြွေပွေးကြီးမှာ တစ်ပိဿာခန့်ရှိသော်လည်း အနောက်ထိပ်မှ မြွေပွေးမှာ သုံးလေးဆယ်သားခန့်သာ ရှိသည်။ ခါးလယ်မှ မြွေဟောက်ကို မဖမ်းမီ သူ့ယာခင်းစောင့်ရာ ယူခဲ့သော ဘတ်ခွနှင့် လွယ်အိတ်ကို ချိတ်ထားသည့်နေရာမှ ငတော သွားယူသည်။

“ငလုံး သိတယ်နော် … မြွေဟောက်”

“ဟုတ်ကဲ့ပါ အဖေရ၊ ကျုပ် လျင်ပါတယ်”

“စမယ်”

မြွေဟောက်သည် သူတိုက်ခိုက်သောလူဖြစ်ဖြစ်၊ သားကောင်ဖြစ်ဖြစ် သူ့တံထွေးဖြင့် မျက်စိထဲ တန်းခနဲဝင်အောင် ချိန်ပစ်သည်၊ ပက်သည်။ သူ့ တံထွေး မျက်စိထဲဝင်သွားပါက လူဖြစ်ဖြစ်၊ အခြားသားကောင်ဖြစ်ဖြစ် ခေတ္တ မိုးမှောင်ကြီးကျသကဲ့သို့ ဖြစ်ပြီး ဘာမှမမြင်ရတော့။ မကုသက လူဆိုလျှင် နောင်တွင် မျက်စိမှုန်သည်။ မျက်လုံးကန်းသည်။

မြွေဟောက် အဆိပ် တံထွေးကို မရင်ဆိုင်လို၍ မည်သည့်မြွေဖမ်းသမားမှ သူ့ကို ဖမ်းမရောင်း။ ဘီပီအိုင်မှလွဲ၍ ပုဂ္ဂလိကဝယ်သူကလည်း မဝယ်။ ငတောနှင့် ငလုံးတို့မှာ သူတို့၌ ဘေးအန္တရာယ် ရှိနိုင်မှန်းသိလျက်နှင့် ယာခင်းရှင်အတွက် စွန့်စွန့်စားစား ဖမ်းပေးရန် ကြိုးစားနေသည်။ သတိတော့ မမေ့ကြ။

တွေ့ပြီ။ မြွေဟောက်ကြီးသည် သူခွေနေရာကို ငတောက မြွေဖမ်းခက်ရင်းဖြင့် ထိလျှင်ထိချင်း ရှူးခနဲ အခွေဖြေ၊ မာန်သွင်း၊ ပါးပျဉ်းထောင်ရာ ငတောတို့ တင်ပါးကျော် မြင့်လာသည်။ ပါးပျဉ်းထောင်လာလျှင်လာချင်း ငတောက မြွေဖမ်းခက်ရင်းကိုချ၊ ဘတ်ခွနှင့် လောက်စာထုတ်ကာ လျှပ်တပြက် ပစ်ခတ်ရန် ချိန်ရွယ်လိုက်သည်။

မျက်စိရဲရဲ၊ လျှာရဲရဲဖြင့် ပါးပျဉ်းထောင်နေရာမှ လူ့မျက်စိကို တံထွေးဖြင့် ချိန်ပက်ရန် မြွေဟောက်ကြီး ပါးပျဉ်းညွတ်ယောင်ပြုသည်နှင့် တစ်ပြိုင်နက် ဖျန်း၊ ရှီး၊ ဖောင်းဟူသော ဘတ်ခွသံ ထွက်ပေါ်ပြီး မြွေဟောက်ပါးပျဉ်းကြီး နောက်ပြန်ကျိုးကျ၍ ဆံ့ငင် ဆံ့ငင်။ အဆိပ်အမြှုပ် တစီစီ။ ငလုံးက တဲမှ ဓားသွားယူပြီး ဇွတ်ဝင်ဖြတ်သည်။

“ကဲ … ဆရာလေး၊ မျက်စိနဲ့ တပ်အပ်မမြင်ရပေမယ့် မြွေသုံးကောင် ရှိနေတယ်၊ အဲဒါကြောင့် မြွေဖမ်းလို့ပေးခဲ့ပါမယ်လို့ ကျွန်တော်တို့ ပြောခဲ့တယ်။ ယုံပလား ဆရာလေး။ ကျွန်တော်တို့ တာဝန်ကျေပြီနော်။ ပြန်ခွင့်ပြုပါတော့။ တဲကနေ တန်း ရွာပြန်မယ်။ ဆရာလေးတို့ ရွာပေါ် မလိုက်တော့ဘူး”

“ဟာ … ဒီလိုလုပ်လို့ ဘယ်ရလိမ့်မလဲဗျာ။ အဖေက မျက်စိနဲ့ မမြင်ရဘဲ သူတို့ခန့်မှန်းတာ ဟုတ်ခဲ့ရင် ဖမ်းရရ မရရ မင်းလူတွေ တောကျွမ်း သားကောင်ကျွမ်းတွေတဲ့။ မင်းလူတွေပြောတဲ့ နွားပခုံးပေါက်ပျောက်ဆေး၊ နွားအရေနာပျောက်ဆေးအနေနဲ့ မြွေပွေးဆီ၊ မြွေပွေးပြာဟာ ရှေးကထဲက သုံးလာကြတာ။ မြွေပွေးရခဲ့ရင် အဆီထုတ်ခိုင်း၊ ပြာချခိုင်းတဲ့။ ပြီးမှ ဆိုင်ကယ်နှစ်စင်းနဲ့ သူ့ရွာအိမ်တိုင်ယာရောက် ပြန်ပို့တဲ့။ လုပ်ပေးခဲ့ဦး ကိုကြီးတော”

ငတောနှင့် ငလုံးတို့က မြွေပွေးအဆီထုတ်၊ မြွေပွေး ပြာချပေးခဲ့၏။

ရွာအပြန် ဆိုင်ကယ်နှစ်စီးအပေါ်တွင် မူလမုန့်ထုပ်၊ ဝက်သားဟင်းပေါင်းထုပ်များသာမက ဆန်၊ ပဲ၊ ဆီတို့ကိုပါ ဆရာလေးတို့က နေ့ဖို့ ညစာပေးလိုက်၏။

လိုက်ပို့သူကလည်း ပြုံးပြုံးရွှင်ရွှင် ရွာပြန်သူကလည်း စိတ်ချမ်းမြေ့ကြည်သာ ပျော်မဆုံး ပြုံးမဝ။

(ဤဝတ္ထုတိုမှာ ၂ဝဝ၉ခုနှစ်၊ ဒို့ကျေးရွာဂျာနယ်ဝတ္ထုတိုဆုရ ဖြစ်ပါသည်။ အတွဲ(၇) အမှတ်-(၁၁)၊ (၁၂)၌ ဖော်ပြခဲ့သည်။)

ပြီး…

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

#crd