မှင်စာကလေးမောင်ဖိုးနီ (စ/ဆုံး)
——————————
“ဒေါင်….ဒေါင်……ဒေါင်……”
ကျောင်း ဆင်းခေါင်းလောင်း ထိုးတော့ ကျွန်တော် သင်လက်စ စာကို ရပ်လိုက်ပြီး
“ကဲသားတို့ သမီးတို့…
အခုသင်လိုက်တဲ့ အပုဒ်ကို
အိမ်က ပိုင်အောင်ကျက်ခဲ့ရမယ်နော်…”
“ဟုတ်ကဲ့ပါဆရာ…”
“ကဲ ဆင်းလို့ရပြီ…”
“မင်္ဂလာပါဆရာ..
ကျေးဇူးတင်ပါတယ် ဆရာ…”
ကျောင်းသားလေးများက ကျွန်တော့်ကို နှုတ်ဆက်ကာ အသီးသီးထွက်ခွာသွားကြသည်။
“ဟေ…
မောင်နီ…
မပြန်သေးဘူးလား…..”
အတန်းနောက်ဆုံးမှ ထိုင်သော ဂျစ်ကန်ကန် စာမကြိုးစားသည့်ကောင်လေး။
ဒီကောင်လေးသည် စာသာ မကြိုးစားတာ ကူညီချင်စိတ်အပြည့်ရှိပြီးကျွန်တော့်ကို်အတော်လေးခင်တွယ်သည်။
မောင်နီက လက်ကလေးပိုက်ကာ ကျွန်တော့်ရှေ့ရောက်သောအခါ မျက်နှာ လေး စပ်ဖြီးဖြီးနဲ့
“ဟိုလေ..ဆရာ
သားမေမေကသားကို ရှင်ပြုပေးတော့မယ်..
ဆရာ့ကို ဖိတ်ချင်လို့ပါ..
မေမေကလည်း ဆရာလေးကိုဖိတ်ခဲ့ပါတဲ့…”
“ဟေ…”
မောင်နီသည် သူ၏ မိခင် မုဆိုးမကြီး မတင်နှင့် အတူနေပြီး အတော်လေး နွမ်းပါးသော မိသားစုလေးဖြစ်သည်။
ဟိုတစ်လောလေးကတော့ မတင်ချဲ ပေါက်သည် လို့တော့ကြားရသည်။ (ထတောင် ကလိုက်သေးတယ်တဲ့လေ)
ထို့ကြောင့် သူ၏ သားလေးကို ရှင်ပြုခွင့်ရတော့မည်မို့ ဘယ်လောက် ပျော်နေလိုက်မည်မသိပါ..။
ဟိုတလောလေးကတောင် ကျွန်တော့်ကို သူ့သားလေးနဲ့အတူ ပုဆိုးနှင့်မုန့်များလာကန်တော့သွားသေးသည်။
“အေး..အေး….
အခြားဆရာတွေရော…”
မောင်နီက ခေါင်းလေး ငြိမ့်ပြသည်…။
“အေး..အေး…
သား..လှေ က စောင့်နေတော့မယ်…
ဂရုစိုက်ပြန်နော်…”
“ဟုတ်…”
မောင်နီ လွယ်အိတ်နွမ်းနွမ်းလေးကို လွယ်ကာ ထွက်ခွာသွားတော့ ကျွန်တော် ဒီကောင်လေးနှင့် စတွေ့ပုံကို သတိရမိသည်။
ကျွန်တော့်နာမည် မောင်သန့်ဇင်..။
မူလတန်းပြအဖြစ်နဲ့ ဧရာဝတီတိုင်းက သရက်ကျွန်း ရွာလေးကို တာဝန်ကျခဲ့တာပေါ့။
စာသင်ကျောင်းဆိုတာ အနီးအနားရွာလေးတွေမှာ တစ်ကျောင်းထဲရှိလို့ ချောင်းတွေမြောင်းတွေပေါတဲ့အရပ်မို့ ကျောင်းသားလေးတွေက လှေနဲ့လာရတယ်။
ကျွန်တော် ရောက်ကာစက နေသားမကျပေမယ့် ရွာခံတွေရဲ့ ကူညီဖေးမ မှုကြောင့် အဆင်ပြေခဲ့ပါတယ်.။
အထူးသဖြင့် လုပ်ဖော်ကိုင်ဖက် ရွာခံဆရာမနှင်းနုနှင့်ပို၍ ရင်းနှီးခဲ့ရပါသည်။
ကျွန်တော်လည်း စာကို စေတနာထားပြီးသင် ရပ်ရွာရေးအချို့ကိုလည်း (ကျန်းမာရေးဗဟုသုတတို့ လုပ်အားဉာဏ်အားတို့)ကူညီလို့ ရွာသားတွေရော
ကျောင်သားလေးတွေရော ချစ်ကြတယ်။
ဒီကောင်လေး ကိုတွေ့ တော့ အဝတ်စားပေစုတ်စုတ်လေးနဲ့ ဂျစ်ကန်ကန်လေး။
ရန်ဖြစ်မည်ဆို ထိပ်ဆုံးက။
ကျောင်းနောက်ကျတိုင်း ကျွန်တော်ရိုက်တော့ သူ့အမေကို ကူ ညီနေလို့ဟု အမြဲဖြေသည်။
ကျွန်တော် မယုံလို့ အိမ်ကို လိုက်သွားကြည့်တော့
ချို့ချို့တဲ့တဲ့နှင့် တဲစုတ်လေးမှာ ဘဝကိုရင်ဆိုင်နေသော သားအမိနှစ်ယောက်ကို တွေ့တော့ကျွန်တော်ရိုက်ခဲ့ဆူခဲ့တာကို အသဲနာမိသည်။
ထိုအချိန်မှစ၍ မောင်နီ့ကို နားလည်ပေးခဲ့ပါသည်။
တစ်ခါက သူ့အမေကို ကူညီဖို့ ကျောင်းထွက်လိုက်တာကို ကျွန်တော်က အတင်းပြန်ခေါ်၍ ပညာတတ်တစ်ယောက်၏ ဂုဏ် ကိုသေချာရှင်းပြမှ သူ့အမေလည်း သူ့သားလေးကို ပညာတတ်ကြီးဖြစ်စေချင်ရှာသည်။
စာအုပ်တို့ လိုအပ်သည့် ပစ္စည်းတိူ့ကို ကျွတ်တော်ကူညီပေးခဲ့သည်။
“ဆရာ…”
ဆရာမ နှင်း နု ၏ အသံကြောင့် ကျွန်တော့်အတွေးစများပျက်ပြယ်သွားလေပြီ။
“သြော်…
ဆရာမ…
မပြန်သေးဘူးလား…”
နှင်းနုက ကျွန်တော့်ကို နှစ်လိုဖွယ်ပြုံးပြသည်။
သူမ၏ ကေသာထက် ဆံထုံးလေးပေါ်မှကျက်သရေရှိစွာပန်ဆင်ထားသော နှင်းဆီပွင့်ရဲရဲလေးမှ ဆူးရှသောရနံ့တို့ ပျံ ့လွင့်နေ၏။
“ပြန်တော့မှာပါဆရာရဲ့…
အမေနဲ့အဖေက ဆရာ့ကို ထမင်းစားကြွခဲ့ပါအုံးတဲ့..”
ကျွန်တော်စိတ်ထဲ ပျော်သလိုတော့ရှိသွားသည်။
ဆရာမနှင်းနုထံမှ အကြည့်လွှဲကာ
“အားနာစရာကြီး..
ဆရာမလေးရယ်….
ကျွန်တော့်အတွက်တကူး…တ”
“ဆရာလေးရယ်…
ကျွန်မတို့က သူစိမ်းတွေလည်းမဟုတ်တော့ပါဘူး…
ပြီးတော့….”
ဆရာမလေးနှင်းနုကစကားကို ရပ်လိုက်သည်။
ကျွန်တော် စိတ်လှုပ်ရှားသွားပြီး
“ပြီးတော့ရော….”
“ပြီးတော့…
ထမင်းစားဆက်ဆက်လာခဲ့ပါအုံးလို့…
သွားပြီနော်..ဆရာလေး….”
“အင်း…ဂရုစိုက်ပြန်နော်..”
ဆရာမလေးက ခေါင်းငြိမ့်ပြကာ ပြန်သွားသည်။
ဆရာမလေး၏ မိဘများသည် ကျွန်တော့်ကို သဘောကျကာ ဆရာမလေးနှင့် နီးစေချင်ကြသည်။
ဆရာမလေးသည်လည်း ကျွန်တော့်သဘောထား ကို ရိပ်မိပုံရပါသည်။
တစ်ကျောင်းလုံးက ဆရာတွေကလည်း ဝိုင်းစသည်။
သို့သော် ကျွန်တော်သည် ရှေ့မတိုးရဲ အခြေနေစောင့်ရင်းစောင့်ရင်း………..။
ညနေရောက်တော့ ကျွန်တော်ရေမိုး ချိုး အဝတ်အစားလဲကာ ဆရာမလေးတို့အိမ်ကို ထွက်လာခဲ့သည်….။
###############
မောင်နီတို့အလှူမရောက်ခင် တစ်ပတ်ခန့်အလို….။
“အမလေး….ငါ့သားလေးရဲ့…
အဖြစ်ဆိုးလှချေလား…….
အီး…ဟီး….ဟီး……..
ငါ့သားလေး……….”
ထိန်ပင်ဝဲအနီး
ချောင်းစပ်မှ လူတွေ ရုံးစုရုံးစုဖြစ်နေကြသည်။
မြင်ရသော မြင်ကွင်းကြောင့် ကျွန်တော့်မျက်လုံးကို မယုံနိုင်..။
“ဘုရား… ဘုရား…
တကယ်မဟုတ်လိုက်ပါနဲ့….”
ပြာနှမ်းဖောယောင်နေသော မောင်ထိန်၏ အလောင်းနှင့် ဘေးမှာ မိခင် မတင်က အရူးတစ်ပိုင်း ငိုကြွေးနေသည်။
ကျွန်တော့်ကို မြင်တော့
“ဆရာလေးရယ်…
ကျွန်မသားလေးကိုကယ်လို့ရရင်ကယ်ပါအုံး….
ကျွန်မသားလေးမသေဘူးနော်….
ကျွန်မသားလေးကရှင်ပြုရမှာ…
အီးဟီး…….
သားလေး…….”
ကျွန်တော် လုံးဝ စိတ်မကောင်း သော်လည်း ဘာမှမတ်နိုင်တော့ပေ။
ကျွန်တော်ဖြစ်စဉ်ကိုမေးကြည့်တော့ မောင်နီသည်သူငယ်ချင်းတွေနှင့် လှေနဲ့ကစားကြရာ ဝဲအနားအရောက်တွင် ဟန်ချက်ပျက်ကာ ရေထဲချော်ကြသွားသော သူငယ်ချုင်းကို ဆယ်ရင်း သူငယ်ချင်းကမသေပဲ နစ်သွားသည်ဆိုကြသည်။
မိုးကာလမို့ သည်ချောင်းကတော်တော်လေးကျယ်သည့်အပြင် ရေစီးသန်နေသည်လေ။
အမှန်ဆို သည်ကလေး ရေကူးတတ်တာပဲလေ…။
သည်ဝဲသည် တစ်နှစ်တစ်ခါ လူစားသည်ဟူသောစကားကြောင့် လူတွေက အမျိုးမျိုးမှတ်ချက်ပေးကြသည်။
“ဖိုးနီလေးသနားပါတယ်အေ….”
“အေးလေ တစ်နှစ်တစ်ခါလူစားတာလည်းမပြောနဲ့လေ…”
ကျွန်တော် ထိုစကားများကို အယုံအကြည်မရှိသော်လည်း
ရှင်မပြုလိုက်ရပဲ သေဆုံးသွားသော ချစ်တပည့်အတွက် ကျွန်တော်မခံစားနိုင်သလို မိခင်ကြီးအတွက်ပိုလို့သနားမိသည်။
မောင်နီ၏ နာရေးကို တစ်ရွာလုံးက ဝိုင်းကူ ညီ၍ အေးအေးဆေးဆေးပြီးသွားသည်။
ရက်လည်တော့ မောင်နီဆုံးသွားသည့် ထိန်ပင်ဝဲအနီးတွင် ပရိတ်တရားနာ အမျှဝေကြသည်။
မောင်နီ၏ မိခင်ကြီးသည်လည်း လူ့လောကကို စိတ်ကုန်သွားကာ စစ်ကိုင်းသို့သွား၍ သီလရှင်အပြီးဝတ်လိုက်လေတော့သည်။
ကျွန်တော် ၏ စာသင်ခန်းလေးသည် ယခုအခါတစ်ခုခု လိုအပ်နေသလို အမြဲ ခံစားနေရသည်။
နောက်ဆုံးခုံလေးသို့ အမှတ်မထင်ကြည့်မိတိုင်း ပေစုတ်စုတ် စပ်ဖြီးဖြီးမျက်နှာပေးလေးနှင့် ကောင်လေး..။
ယခုမတွေ့ရတော့ပြီ….။
တစ်လခန့်အကြာ…။
ကျွန်တော် ကိစ္စတစ်ခုနှင့် တစ်ဖက်ကမ်းသို့ လှေနှင့်အကူး မောင်နီ ဆုံးသွားသော ထိန်ပင်ဝဲနားအရောက်
……ဝုန်း………
…ဗွမ်း…..
ရေလုံးကြီး ကျွတက်လာပြီး ကျွန်တော်တို့အပေါ် လာစင် ၏။
“ဟာ…..”
“ဘာလဲဟ……”
“ကြည့်ရတာ ဒီကောင်လေး မကျွတ်သေးဘူးနဲ့တူတယ်….”
“ဗျာ…”
လှေလှော်နေသော ဦးလေးသာမောင်ထံမှစကားကြောင့်ကျွန်တော် မှင်သက်သွားမိသည်။
“မဖြစ်နိုင်ပါဘူး ဦးလေးရယ်…
အမျှပေးပြီးပြီလေ…
အခြောက်အလှန့်လည်းအရင်ကမရှိပါဘူး….”
“ငါ့တူက စာပဲသင်နေတော့မသိသေးဘူးနဲ့တူပါတယ်…
အခုတစ်လောဒီ ဝဲအနီးမှာ ရေထဲက ထွက်ထွက်လာတဲ နီနီ အကောင်လေးပေါ်နေတယ်တဲ့…
မှင်စာလေးနဲ့တူပါရဲ့
ဦးလေးကြုံတာ သုံးခါရှိနေပြီ…..
ဟော….”
ဦးလေးသာမောင်ပြသော ဘက်သို့ ကြည့်လိုက်တော့
…ဗွမ်း…..
ကမ်းစပ် ထိန်ပင်ကြီးပေါ်မှ မျောက်လိုလို အနီရောင်အကောင်လေး ရေထဲခုန်ချသွားတာတွေ့လိုက်ရသည်..။
ကျွန်တော့်မျက်လုံးကိုယ်ကျွန်တော်မယုံနိုင်။
“တွေ့ပြီမို့လား..ငါ့တူ….”
“ဟုတ်….”
ကျွန်တော်သေချာစဉ်းစားကြည့်တော့ မိမိ၏ တပည့် မောင်နီ သေသွားသည်က မကြာသေး။
မိမိက ကျွတ်ပြီထင်သော်လည်း တကယ်မကျွတ်သေး၍ မိမိ အား နှုတ်ဆက် သည်ထင်ပါ၏။
ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။
နှင်းနုတို့အိမ်ကိုရောက်တော့ ဒီအကြောင်းတွေကိုပြောကြသည်။
နှင်းနု၏ မောင်က
“ဟုတ်တယ်ဆရာလေးရေ…
တစ်ရွာလုံးက လည်း ဖိုးနီလို့ပဲထင်ကြတယ်…
အဲ့အကောင်လေးက ဝဲအနီးကဖြတ်သွားတဲ့လူတွေကို လိုက်ခြောက်တယ်…
ငါးဖမ်းတဲ့ လူတွေကိုလည်း စနောက် ခြောက်လှန့်တယ်…
အစပိုင်းတော့ ကြောက်ကြပေမယ့်
ဒီကောင်လေးက အန္တရာယ်မပေးပဲ စနောက်ယုံပဲဆိုတော့…သိပ်ပြီးမကြောက်ကြတော့ပါဘူး..”
“ကျွန်တော်က ဘာလို့အခုမှသိရတာလဲ..”
“ဆရာလေးစိတ်မကောင်းဖြစ်မှာဆိုးလို့ပါ..
အားလုံးကလည်း ဖိုးနီလေးလို့ပဲထင်ကြလို့…”
နှင်းနုက
“အကိုရယ် စိတ်မကောင်းစရာတွေမတွေးပါနဲ့တော့နော်….
ထမင်းစားပြီးမှ ပြန်နော်..
ဟင်းကောင်းတွေ ချက်ထားတယ်…
အေးကုန်တော့မယ်…”
“အင်းပါ….”
နှင်းနု၏ နွေးထွေးသောစကားတို့က ကျွန်တော်၏ မရွှင်ပြသော စိတ်တို့ကို အနည်းငယ်သက်သာစေသလိုတော့ရှိသည်။
###############
ညသည် တိတ်ဆိတ်မဲမှောင်နေပြီး ချောင်းရိုးတစ်လျှောက် ပုရစ်အော်သံများက ကြီးစိုးထားသည်။
ထိန်ပင်ဝဲ..။
ကမ်းစပ်နားမှ ထိန်ပင်ကြီးက အရိပ်မဲမဲကြီးနှင့် ထီးထီးမားမားတည်ရှိကာ
….အ….
အ….အ…….
ကျီးတစ်အုပ်ပြိုသွားပြီး ကျွန်တော့်ကျောထဲစိမ့်ကနဲ ဖြစ်သွားသည်။
ကျွန်တော် သည်နေရာကို ဘယ်လိုရောက်နေမှန်းမသိခင်
ချောင်းထဲ မှ တရွေ့ရွေ့တက်လာသော အရာတစ်ခုကို တွေ့လိုက်ရသည်။
ထိုအရာသည် တဖြည်းဖြည်းနှင့် ရှင်းလင်းလာသည်။
“ဟင်….”
အမွှေးနီနီနှင့်မှင်စာကလေး…။
အမွှေးလေးများက ရေများစိုရွှဲနေပြီး မျက်နှာလေးကငိုင်နေ၏။
“မင်း….မင်း…က.. ဘာသတ္တဝါလည်း…”
ထိုအရာလေးက ကျွန်တော့်ကိုကြည့်နေရင်း ကလေးတစ်ယောက်အသွင်ကိုပြောင်းသွားသည်။
“ဟင်…မောင်..နီ…
သား….”
ကျွန်တော် မောင်နီလေးကို မကြောက်နိုင်ပဲ ပြေးဖက်ထားလိုက်သည်။
“နေ့လည်က သား နှုတ်ဆက်တာလား…”
မောင်နီကခေါင်းလေးငြိမ့်ကာ
“ဆရာ့မှာ ကံတွေနိမ့်နေတယ်..
ရေသဘက်က ဆရာ့ ကျောကို မရိုက်ခင် သား အာရုံလွှဲလိုက်တာ…
ဒီကောင်တွေက သာမာန်လူတွေမမြင်နိုင်ပဲ
တကယ်လို့ အရိုက်ခံရရင်လည်း ဆရာသိမှာမဟုတ်ဘူး…ရိုက်ခံရလို့ သုံးရောက်လောက်နေရင်သွေးတွေနည်းပြီး ဖြူပတ်ဖြူရော်နဲ့သေသွားမှာစိုးလို့ပါ…
တကယ်လို့ဆရာသေသွားရင်ကျောမှာ လက်ဝါးရာတွေတွေ့ရလိမ့်မယ်…”
(စကားချပ်# ရေ
သဘက်/ကုန်းသဘက်ဆိုတာတကယ်ရှိပါတယ်။ရေသဘက်ကတော့ ကံနိမ့်တဲ့ရေလုပ်သားတွေတွေ့ရတတ်ပြီး၊ကုန်းသဘက်ကတော့ တောထဲအလုပ်လုပ်ကိုင်တဲ့ ကံနိမ့်သူတွေ ကြုံရတတ်ပါတယ်။
ကံအရမ်းနိမ့်လို့ ကံအကြောင်းမလှတဲ့သူတွေဟာ
ရေသဘက်(or)ကုန်းသဘက်ရဲ့ကျောကိုလက်ဝါးနဲ့ရိုက်တာခံရရင် ရိုက်ခံရတာမသိပဲရိုက်ခံရတဲ့သူဟာနေမကောင်းတာလိုလိုတဖြည်းဖြည်းနဲ့ အားအင်ချိနဲ့ကာသွေးအားနည်းလာပြီွးှစ်ရက်သုံးရက်လောက်နေရင်သေတတ်တယ်လို့မှတ်သားဖူးပါတယ်။
ဝတ္ထုလိုရင်းမရောက်မှာစိုးသည့်အတွက် ဤမျှသာ။)
“ဆရာအရိုက်ခံရသေးလား…”
မောင်နီက ခေါင်းလေး ရမ်းပြသည်။
သေသွားတာတောင် ကျွန်တော့်အပေါ် သံယောဇဉ်ကြီးသည့်တပည့်အတွက်ရင်ထဲတစ်မျိုးကြီး..။
“ဆရာ..သားအမေကိုတွေ့ခွင့်မရတော့ဘူး…
သားကိုအမျှဝေတုန်းက
သက်တမ်းရင့်တဲ့အကောင်တွေ အနိုင်ကျင့်လို့
သာဓုမခေါ်လိုက်ရဘူး…
ပြီးတော့ အောက်လမ်းဆရာတစ်ယောက်က
သားကိုဖမ်းသွားပြီး ခိုင်းစားတာ
သားအတင်းထွက်ပြေးလာခဲ့ရတယ်….
သား…အခု..ဘိုးသာဒင်ရဲ့ ပြောင်းဖူးခင်းဘေးက သရက်ပင်နားမှာနေတယ်ဆရာ….
သားအချိန်မရတော့ဘူး..သွားရတော့မယ်…”
မောင်နီသည် အမွှေးနီကောင်လေးအသွင်ပြောင်းသွားပြီး ထိန်ပင်ကြီးပေါ် မျောက်တစ်ကောင်လိုလျှင်မြန်စွာခုန်တက်လိုက်ပြီး
…..ဗွမ်း….
ရေထဲသို့ ခုန်ချလိုက်သည်…။
ကျွန်တော် အသိတရားဝင်လာတော့ အိပ်ယာထက်မှာ အိပ်မက်က နိုးလာခြင်းဖြစ်သည်။
အိပ်မက်မက်ရင် အိပ်မက်ကိုမမှတ်မိတတ်သောညျွန်တော်သည်အိပ်မက်ကို ကျွန်တော့်စိတ်ထဲမှ ပျောက်မသွားသေးး။
မှင်စာကလေးသည် မောင်နီဖြစ်နေသည်မှာ သေချာလေပြီ။
မိမိမှာ ကံနိမ့်နေ၍ ဂရုစိုက်ဖို့လည်း မှာရှာသေးသည်။
တပည့်ရယ်…ဖြစ်ရလေခြင်း…..ဟူ၍ စိတ်ထဲမှ သက်ပြင်းအကြိမ်ကြိမ်ချမိသည်။
မနက်ရောက်တော့ ကျွန်တော် အိပ်မက်ကို ဆရာမလေးနှင်းနုကို ပြော ပြတော့ နှင်းနုကပါ စိတ်မကောင်းဖြစ်ရသည်။
ဘိုးသာဒင်၏ ခြံကိုသွားခြင်တယ်ဆိုလိုက်တော့ နှင်းနုက သူမပါ လိုက်မည်ဟု ပြောသည်။
သို့နှင့် လှေကလေးကိုလှော်ကာ နှစ်ယောက်သား
ဘိုးသာဒင်၏ ခြံသို့သွားကြသည်။
ဘိုးသာဒင်၏ ခြံသည် ချောင်း ဘေးနှင့်ကပ်ရပ် လေးရှိပြီး ပျောင်းခင်း/ သရက်ပင် သံပရာပင် ငှက်ပျောပင် စသည်ဖြင့် အစုံအလင်ရှိသည်။
“ဆရာလေးတို့ပါလား….”
ဘိုးသာ ဒင်က တဲလေးအရှေ့မှ ကျွန်တော်တို့ကို မြင်၍ နှုတ်ဆက်သည်။
အသက်ငါးဆယ်ကျော်သော်လည်းသန်တုန်းမြန်တုန်းဖြစ်ပြီး ရွာထဲမှ အိမ်တွင် နေသည်ထက် ခြံထဲမှာ လာနေသည်က များလေ၏။
“ဟုတ်ကဲ့ပါ ဘိုးသာဒင်..”
“တဲထဲကြၽပါအုံး….”
ဘိုးသာဒင်က ခြံထွက်ပိန္နဲသီးနှင့် အစားသောက်များ ဧည့်ခံသည်။
ကျွန်တော် ညက အိပ်မက်ကို ဘိုးသာဒင်ကို ပြောပြလိုက်တော့ ဘိုးသာဒင်က ဟုတ်မှန်ကြောင်းပြောသည်။
“ဒီကောင်လေးက အိပ်မက်ပေးပြီး နေစရာမရှိလို့
ဘိုး စီကို လာခွင့်တောင်းတယ်ကွဲ့….
ဘယ်သူ့ကိုမှလည်းမနှောက်ယှက်ပါဘူး..
ခြံကိုလည်းစောင့်ရှောက်ပေးပါ့မယ်ဆိုလို့..
ဘိုးလည်းသနားလို့ ချောင်းစပ်က သရက်ပင်မှာနေချင်နေဆိုလို့ ခွင့်ပေးလိုက်တယ်…
အဲ့ထဲက ခြံထဲက ပျောင်းဖူး အခိုးခံရတာတွေလည်းမရှိဘူး…
ရှိရင်လည်း ဒီကောင်လေးချောက်လှန့်လွှတ်တာနဲ့
ပြေးရတာပဲ..
သီးနှံတွေလည်းအထွက်တိုးလာတယ်…
သနားစရာလေးပါကွယ်…”
နှင်းနုက ကျွန်တော့်ကို စိတ်မကောင်းသော မျက်နှာလေးနှင့်အကြည့် ကျွန်တော်နှင့်အကြည့်ချင်းဆုံသွားကြသည်။
“အဲ့သရက်ပင်နားသွားကြည့်ချင်တယ်ဘိုးသာဒင်..”
“ကြည့်ပါကွယ်…ကြည့်ပါ..”
ကျွန်တော် နှင့်နှင်းနုက ဘိုးသာဒင် ညွှန်ပြသော သရက်ပင်ကြီးရှိရာသို့ သွားကြသည်။
အပင်အောက်ရောက်တော့ ကျွန်တော်က မောင်နီ၏ နာမည်ကို ခေါ်ကြည့်သည်။
“မောင်နီရေ…
မောင်နီ….ဆရာတို့လာပြီလေ…
မင်းတကယ်ရှိတယ်ဆိုရင်ဆရာတို့ကို ရှိကြောင်းပြပါအုံး…”
နှင်းနုက ကျွန်တော်၏ လက် ကို စုပ်ကိုင်ထားသည်။
….ဘုတ်…..
“အမလေး….”
နှင်းနုက အလန့်တကြားကျွန်တော့်ကို ဖက်လိုက်တော့ ရင်ဖိုသွားသည်။
အပင်ပေါ်မှ ကျလာသော အရာသည် အနီရောင်အမွှေးစုတ်ဖွားဖွားနှင့်မှင်စာလေး မောင်နီဖြစ်ပြီး
“ဟီး…..ဟီး……ဟီး…..”
ရယ်သံလေးပေးကာ အပေါ်ကို ခုန်တက်ပျောက်ကွယ်သွားသည်။
မှင်စာလေးပျောက်ကွယ်သွားတော့မှ နှင်းနုက ကျွန်တော့်ကို ဖတ်ထားခြင်းမှ ရှက်ရွံ့သလိုပုံလေးနှင့် ပြန်အထွက် ကျွန်တော် မလွှတ်တော့ပဲ ဖတ်ထားလိုက်တော့သည်။
စိတ်ထဲမှပြောနေမိသည်က
“ချစ်တပည့်ရေ… မင်းက..ဆရာ့အပေါ်မှာ အတော်လေးသိတတ်တာပဲ…”
ထိုအချိန်မှ စ၍ မထင်မှတ်ပဲ ဆရာမနှင်းနုနှင့်ချစ်သူဘဝ တရားဝင်ရောက်ရှိသွားလေ၏။
ရက်အနည်းငယ်ကြာတော့ စစ်ကိုင်းတွင် သီလရှင်ဝတ်နေသော မတင် တစ်ဖြစ်လည်း ဆရာလေးသည် ရွာကို ကြွလာလေသည်။
ဆရာလေး၏ သွင်ပြင်သည် တရားရိပ်ကြောင့် တည်ငြိမ် အေးမြနေပေပြီ။
ဆရာလေးက ရွာကို လာရခြင်းမှာ အိပ်မက်ထဲမှာ သားလေးကို အိပ်မက် မက်၍ ဖြစ်ကြောင်း ၊
လူ့ဘဝက စုဆောင်းထားခဲ့သော ငွေအချို့ကို တူးဖော်က မတည်၍ သားလေးဆုံးပါးသွားသော နေရာအနီး၌ စေတီလေးတည်လိုကြောင်း ပြော၏။
ရွာသားများ၏ စုပေါင်းလှူဒါန်းငွေ နှင့် လုပ်အားများကြောင့် ထိန်ပင်ဝဲအနီး၌ စေတီငယ်လေးတစ်ဆူ အောင်မြင်စွာ တည်နိုင်ခဲ့သည်။
ရေစက်ချ အမျှဝေ ပြီးနောက် ဆရာလေးသည် စစ်ကိုင်း ပြန်ကျွသွားသလို ချစ်တပည့် မောင်နီလေး၏ သတင်း ကိုလည်း မကြားရတော့ပေ။
ခြောက်လှန့်သည်ဟူ၍ လည်း မကြားရတော့ ပေ။
ဘိုးသာဒင်ကလည်း မောင်နီလေး ကျွတ်သွားပြီဟူ၍
ပြောသောကြောင့် ကျွန်တော်နှင့် နှင်းနု ဝမ်းသာရပါသည်။
“မောင်နီလေးရေ ကောင်းတဲ့ဘုံဘဝရောက်ပါစေကွာ..
ဆရာတို့မင်းကို အမြဲသတိရနေမှာပါ….”
ဟူ၍ ဆုတောင်းမိကြသည်။
ဝါကျွတ်သော အခါ ကျွန်တော်နှင့် နှင်းနုတို့ မိဘများကသဘောတူသောကြောင့်လက်ထပ်လိုက်ကြသည်။
ငါးလခန့်ကြာသော အခါ
“အကို နှင်း ညက အိပ်မက်မက်တယ်…
မောင်နီလေးလေ..
နှင်းတို့နဲ့နေချင်တယ်တဲ့….
နှင်းလည်း..ခေါင်းငြမ့်လိုက်မိတယ်….”
“နှင်းရယ် မင်းစိတ်စွဲလို့ဖြစ်မှာပါ….”
မကြာပါချေ နှင်းနု ကိုယ် ဝန် ရလာပြီး သားယောကျာ်းလေး မွေးပါသည်။
ကျွန်တော်နှင့် နှင်းနု သည် ကလေးကို မောင်နီ ဝင်စားသည်ဟု ယုံကြည်ကြသည်။
ကျွန်တော်တို့ ချစ်မဝကြ။
ရှေ့ဆက် သာယာသော မိသားစုဘဝလေး ဖန်တီးဖို့
စိတ်ကူးကိုယ်စီနှင့် ပျော်ရွှင်မဆုံးကြ။
ယခုအခါ ထိန်ပင် ဝဲအနီးတွင် ဆဲလည်းသံလေး တစ်ချွင်ချွင်နှင့် သာယာအေးချမ်းလျက်
အရင်လို လူစားသည့် သတင်းများလည်း မကြားရတော့ ။
ကျွန်တော်၏ စာသင်ကျောင်းတော်လေးမှလည်း
“ပန်းကလေးများပွင့်တော့မည်…
ဖူးတံဝင့်လို့ချီ..
နေချည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း…”
ဟူသော သာယာသော အသံလေးများနှင့် ခေါင်းလောင်းသံချိုချိုလေးက လွင့်ပျံလျက်………..။
༒ပြီးပါပြီ༒
Rain