ယမကာမင်းဒင်နှင့်အောက်လမ်းကျား

ယမကာမင်းဒင်နှင့်အောက်လမ်းကျား(စ/ဆုံး)

——————————–———–

နီရဲနေသော နေရောင်ခြည်၏ အလင်းသည် အနောက်အရပ်မှ အရှေ့ရပ်သို့ ထွန်းလင်းနေ၏။ ညနေဆည်းဆာ အလှသည် သဘာဝအလှတရားတခုလဲ ဖြစ်ပေ၏။ ထိုသို့ ညနေစောင်းတွင် ရွာအနောက်ဖက် ထန်းတောလေးသည် လူအများဖြင့် စည်ကားလျှက်ရှိလေသည်။ သာယာကုန်း ရွာသားများသာ မက အနီးအနားရှိ ထန်းသုံးပင်ရွာနှင့် သပြေကုန်းရွာသားများလဲ လာရောက်လေ့ ရှိ၏။ သာယာကုန်းရွာ ကိုညိုကြီး ထန်းရည်ဆို မကြိုက်သူမရှိ အမြည်းဆိုလည်း ကြက်ကြော်၊ကြွက်ကြော်၊ဖားကင်များရသလို မြေပဲလှော်၊ပဲကြီးလှော်များလည်း ရလေ၏။

ထိုသို့ ထန်းရည်သောက်သော လူများထဲတွင် မင်းဒင်လည်း ပါလေ၏။မင်းဒင်သည် အသက်၂၅နှစ်ခန့်ရှိပြီး မြန်မာ့ဆေးပညာကို တက်ကျွမ်းပြီး သာယာကုန်းရွာတွင် ဆေးကုသော အလုပ်ဖြင့် မိခင်အား ရှာကျွေးနေသော လူတယောက်ဖြစ်လေ၏။ သို့သော်လည်း မင်းဒင်အဖို့ ညနေရောက်လျှင် ထန်းရည် မသောက်ရလျှင် မနေနိုင်ဘဲ အမြဲမပျက်ညနေတိုင်း ထန်းတော၌သာ အချိန်ကုန်တက်သောကြောင့် သူအား တရွာလုံးမှ ယမကာမင်းဒင်ဟု အမည်ပေးထားကြလေ၏။ ယခုလည်း မင်းဒင်တယောက် အပေါင်းသင်းများဖြင့် ထန်းရည်သောက်နေလေ၏။

“ကို ညိုကြီး ထန်းရည် တစ်မြူလောက် ချပေးပါဦး”ဟု မင်းဒင်မှ လှမ်းအော်ကာ ပြောလိုက်လေ၏။ ထိုအခါ ဇော်မင်းမှ

“ဟေ့ရောင် မင်းဒင် တော်ပြီလေကွာ ငါတို့ လေးယောက်သောက်နေတာ သုံးမြူရှိနေပြီကွ”

“အေးဟ ဇော်မင်း ပြောမှ ငါတို့သောက်နေတာ သုံးမြူရှိနေပြီ ပြန်သင့်ပြီထင်တယ် “ဟု တင်မောင်မှ ဖြတ်၍ပြောလိုက်လေ၏။

အမှန်တကယ်လည်း မင်းဒင်တို့ လေးယောက်ဟာ တနေ့သုံးမြူသာ သောက်ကြပြီး ပို၍မသောက်ကြပေ။ မင်းဒင်သည် သောက်ဖော်သောက်ဖက်များ ဖြစ်သည် ဇော်မင်း၊ တင်မောင်နဲ့ သန်းအေးတို့ သုံးယောက်မှ လွှဲပြီး တခြားသူများဖြင့် တွဲ၍မသောက်ပေ။ ထို့ပြင် အမြဲ သုံးမြူသာ သောက်ရန် တယောက်နှင့် တယောက် ဂတိခံထားကြလေ၏။

“အေးကွာ အဲ့တာဆိုလည်း ဒါလေး လက်စဖြတ်ပြီး ပြန်ကြစို့ကွာ “ဟု ပြောပြီး လက်ကျန်ထန်းရည်လေးအား တယောက်တခွက်ဖြင့် အပြတ်ဖြတ်နေကြလေ၏။ ထိုစဉ် သူတို့ ထန်းရည်ဝိုင်းဆီသို့ လူငယ်လေး တယောက် ပြေးလာနေ၏။အတော် ဝေးဝေးမှနေ၍ ထိုလူငယ်လေးသည် မင်းဒင်အား လှမ်းခေါ်နေလေသည်။

“ဗျို့ ကိုကြီး မင်းဒင် ကိုကြီးမင်းဒင်ကို သူကြီးက ခေါ်ခိုင်းလိုက်လို့ အဲ့တာ လိုက်ခဲ့မှ ဖြစ်မယ်ဗျ”

“ဟေ့ရောင် မင်းဘာ တွေလုပ်ထားတာလဲ သူကြီးက ခေါ်နေပြီ”

“ငါလဲ ဘာမှမလုပ်ထားပါဘူး သန်းအေးရာ ကိစ္စရှိလို့ ခေါ်ခိုင်းတာ နေမှာပါ”ဟု မင်းဒင်လည်း သန်းအေးအား ရှင်းပြနေ၏။ ထိုစဉ် အပြေးလာနေသော လူငယ်လေးသည် သူတို့ထန်းရည်ဝိုင်းနားသို့ ရောက်လာပြီး

“ကိုကြီးမင်းဒင် သူကြီးက ခေါ်ခိုင်းလို့ ညောင်လေးပင်ရွာက လူတွေလဲ သူကြီးအိမ်မှာ ရောက်နေတယ် အရေးကြီးတယ် အခုချက်ချင်း လိုက်ခဲ့ပါတဲ့ မှာလိုက်တယ်”ဟု လူငယ်လေးမှ ပြောလိုက်လေ၏။ ထိုသို့ လာပြောသော လူငယ်လေးမှာ တခြားသူမဟုတ်ဘဲ ကျောက်ခဲ ဖြစ်နေ၏။ အသက် ၁၄နှစ်ရှိပြီး ဘယ်ကိစ္စမဆို ဖင်ပေါ့ပြီး သွတ်သွတ်လက်လက် ရှိသောကြောင့်လည်း သူကြီးအားထားတဲ့ သူတယောက်ဖြစ်နေလေ၏။

“ဘာကိစ္စအရေးကြီးနေတာလဲကွ ငါဒီမှာ ထန်းရည်သောက်နေတာလေ မအားသေးဘူး”

“မအားလို့မရဘူး ကိုကြီးမင်ဒင်ရဲ့ သူကြီးက အခုချက်ချင်း လိုက်ခဲ့ဖို့ ပြောလိုက်တယ် ”

“နေပါဦး မင်းသူကြီးက အရေးကြီးတယ်ဆိုတော့ ဘာကိစ္စလဲ မပြောလိုက်ဘူးလား”

“မပြောလိုက်ဘူး ကိုကြီးမင်ဒင် လာမှပြောမယ်တဲ့”

“အေးကွာ အဲ့တာဆိုလဲ ငါအခုဘဲ လိုက်ခဲ့မယ်” ဟုပြောကာ မင်းဒင်လဲ ကျောက်ခဲနောက် တန်းလိုက်လာခဲ့လေသည်။ နှစ်ယောက်သား စကားပြောနေရင်း လျှောက်လာကြရာ ရွာတံခါးနားအရောက်တွင် ကိုထွေးနှင့်တွေလေ၏။

“ဟာ မင်းဒင်ရာ ငါမှာ မင်းဆီလာမလို့ ထွက်လာတာ မင်းက ပြန်လာနေပြီကိုး”

“ဘာကိစ္စလည်းဗျ ကိုထွေးက ကျုပ်ကို ဘာလို့တွေချင်တာတုံး”

“ဟိုတလောက မင်းဆေးကုပေးလို့ ငါမိန်းမ သက်သာသွားတာလေ အဲ့တာ မင်းကို ကျေးဇူးတင်ချင်လို့ ငါလာခဲ့တာကွ ”

“ကိုထွေးကလဲဗျာ ကို့ရွာသားအချင်းချင်းဘဲ အဲ့တာတွေ မလိုပါဘူးဗျာ အဲ့နေ့က ခင်များလဲ ကျုပ်ကို ပဲတပြည်နဲ့ ဆန်တပြည်ပေးခဲ့တာဘဲ”

“ဘယ်ဟုတ်မလဲကွာ ထမင်းလေးဘာလေးတော့ ဖိတ်ကျွေးချင်တာပေါ့ ငါမိန်းမ မြွေကိုက်ခံရတာ သေမလိုဖြစ်ပြီး မျက်ဖြူလှန်နေတာတောင် မင်းက ပျောက်အောင် ကုပေးလိုက်တာဘဲ ငါမှာ သေပြီတောင် ထင်နေတာ မသေတော့ ဝမ်းသာလွန်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး မင်းကိုလဲ ကျေးဇူးတင်ပါတယ်ကွာ”

“ရပါတယ်ဗျာ အခုလဲ ကျုပ်ကို သူကြီးကခေါ်ခိုင်းလိုက်လို့ ကျောက်ခဲလာခေါ်တာ ခုသူကြီးဆီသွားမလို့ဗျ”

“ဟေ ဟုတ်လား အဲ့တာဆို လဲရောကွာ ငါဝယ်လာတဲ့ အရက်လေး ယူသွားကွာ”

“ဟာ ကျေးဇူးဗျာ ကျုပ်လဲ အရက်သောက်ချင်နေတာနဲ့ အတော်ဘဲဗျာ ”
“မလိုပါဘူးကွာ ငါကတောင် ကျေးဇူးတင်ရမှာ နောက်မှ မင်းကို တဝိုင်းလိုက်တိုက်မယ်ကွာ အခုတော့ သူကြီးဆီသွားအုံး တော်ကြာ နောက်ကြလို့ အငေါက်ခံနေရမယ်”

“အင်းဗျာ အဲ့တာဆို ကျုပ်သွားပြီ ကိုထွေး” ဟုပြောကာ နှစ်ယောက်သား ထွက်လာကြလေ၏။ ကိုထွေးပြောတာ မှန်နေ၏ သူကြီး သည် သူအား မရိုမသေလုပ်သူများကို အမြဲငေါက်လေ့ရှိလေ၏။ သူခေါ်ရင် ချက်ချင်းလာမှကြိုက်ပေ၏။ မဟုတ်ပါက သူကြီးပါဝါပြကာ ဆူလိုက်ငေါက်လိုက်တာများ နားထဲ သံဘုံးရိုက်သလို တဒိုင်းဒိုင်းနဲ့ ဆူညံနေတာဘဲနားကွဲမလားတောင် မှတ်ရလေ၏။ ထိုကြောင့် တရွာလုံးမှ သူကြီးခေါ်ခိုင်းလျှင် ကျန်တာတွေအကုန် ထားပြီး သူကြီးဆီဘဲ တန်းပြေးကြသည်အထိ သူကြီးအား ကြောက်ကြလေ၏။

“ဒါနဲ့ ကိုကြီးမင်ဒင်က ဘာလဲဗျ” လမ်းလျှောက်ရင်း ကျောက်ခဲမှ ရုတ်တရက် မေးလိုက်လေ၏။

“ဟကောင် မင်းမေးတာ ဘာလဲ ငါနားမလည်ဘူး ” မင်းဒင်သည် အရင်ပုလင်းအား တကျိုက်မျှမော့ကာ ပြန်မေးလိုက်လေ၏။

“ကျုပ်မေးတာ ကိုမင်းဒင်က အထက်လမ်းလား အောက်လမ်းလား မသိလို့မေးတာပါ”

“အေးကွ မင်းမေးမှ ငါကိုယ်ငါတောင် ဘာမှန်းခုမှ တွေးကြည့်မိတယ်။ ငါက အထက်လမ်းလို့ ပြောရအောင်လဲ အင်းတို့ အိုင်တို့ စမတို့ လက်ဖွဲ့တွေ ဘာတခုမှ မလုပ်တက်ဘူးကွ။ဒါပေမယ့် ဂမုန်းတို့လို သိဒ္ဒိရှိတဲ့သစ်ပင်တွေ ပန်းပင်တွေကို ဆေးလုပ်ပြီး အောက်လမ်း ကဝေနဲ့ စုန်းတွေကို နိုင်တယ်ကွ။ အဲ့လိုနိုင်လို့လဲ အထက်လမ်း မထင်နဲ့ ငါက အထက်လမ်းဆရာတွေလို ငါးပါးသီလမလုံဘူး ။ နောက်ပြီး ငါ မြွေမှော်နဲ့ ဘီလူးနဲ့စီရင်ရတဲ့ ဘီလူးမှော်ကို အောင်ထားတယ်ကွ။ အဲ့လို မှော်ပညာတွေ အများစုက အောက်လမ်းဆရာတွေ သုံးကြတာ များတော့ ငါက အောက်လမ်းလဲမဟုတ်ဘူးကွ။ အဲ့တာကြောင့် ငါက အထက်လမ်းလဲမဟုတ်ဘူး အလယ်လမ်းလဲ မဟုတ်ဘူး အောက်လမ်းလဲ မဟုတ်ဘူး ဇကောဇကလမ်းလို့သာ မင်းမှတ်ထားလိုက်”ဟု မင်းဒင်လည်းကျောက်ခဲအား ရှင်းပြရင်း လျှောက်လာရာ သူကြီးအိမ်သို့ ရောက်လာလေ၏။

“ဟာ မောင်မင်းဒင် တောင် ပါလာပြီဟေ့ လာကွာ ငါတို့ မင်းကိုစောင့်နေတာ “ဟု သူကြီးဦးလှဝင်းမှ ရောက်ရောက်ချင်း ပြောလိုက်လေ၏။

“ဘာကိစ္စလဲဗျ ”

“ဒီလိုပါ မောင်မင်းဒင် ဦးတို့ရွာမှာ ကျားဝင်နေလို့ အဲ့တာ မောင်မင်းဒင်ကို လာခေါ်တာကွ”

“ဗျာ ကျားဟုတ်လား ကျားကတော့ ကျုပ်မဖမ်းရဲဘူးဗျ ဘာလို့ဆို ကျုပ်အခု မူးနေတယ်ဗျ ခုချိန်ဖမ်းလို့ကတော့ ကျုပ်ပါစားသွားမှာ”

“တကယ်ကျားဆို ဦးလေးတို့ ရွာသားတွေလဲ ဖမ်းရဲပါတယ် အခုက တကယ်ကျားအစစ်မဟုတ်ဘူး ”

“ဘယ်လို တကယ်ကျား မဟုတ်ဘူး ဟုတ်လား ဘာကျားတုန်းဗျ”

“ဦးတို့လဲ မသိလို့ မောင်မင်းဒင်ဆီလာတာဘဲ။ မြောက်ခေါင်း မောင်တင့်ပြောတာတော့ ကျားဟိန်းသံဘဲကြားရပြီး ကျားကို မမြင်ရဘူးတဲ့ကွ အစားခံရတဲ့သူတယောက်ထဲကဘဲ ကျားကြီး ကျားကြီး လို့ အော်ပြီး အကိုက်ခံလိုက်ရတာဘဲ အကိုက်ခံရတဲ့သူကို ချီပြေးသွားတာ လူကို တရွတ်တိုက်ဆွဲတာဘဲ မြင်ရပြီး ကျားကို မမြင်ရဘူးလို့ ပြောနေကြတာ အခု နှစ်ယောက်ရှိပြီး အစားခံလိုက်ရတာ အဲ့တာ ငါတို့လဲ ဘယ်လိုဖြစ်တာလဲ မသိလို့ မင်းကို အကူညီတောင်းရတာဘဲကွ”ဟု ဦးသာဝမှ ရှင်းပြလေ၏။

“နေပါဦး ဦးလေးသာဝရဲ့ အခုလိုဖြစ်တာ ဘယ်လောက်ကြာပြီတုံး ”

“လေးရက်လောက်တော့ ရှိပြီ မင်းဒင်ရ ငါလဲ ဘာမှန်း မသိလို့ မင်းဆီထွက်လာခဲ့တာဘဲ အဲ့မှာ ဦးလေးသာဝလဲ လိုက်မယ်ပြောလို့ တပါတည်းခေါ်လာခဲ့တာဘဲ”

“အင်းဗျ ကိုကျော်စိန်ပြောပုံအရတော့ ရိုးရိုးတော့ မဖြစ်နိုင်ဘူး ခနတော့ စောင့်ဗျာ ကျုပ် ဆေးလွယ်အိပ်သွားယူလိုက်ဦးမယ် ”

“သွားမနေနဲ့ မောင်မင်းဒင် ငါ သမီးကို မင်းအိမ်လွှတ်ပြီး မင်းဆေးလွယ်အိပ် ယူခိုင်းလိုက်ပြီ “ဟု သူကြီးဦး လှဝင်းမှ ပြောလိုက်လေ၏။ မကြာပါ မြနှင်းဖြူ တယောက် ဆေးလွယ်အိပ်လေး လွယ်ကာ ရောက်ချလာလေ၏။

“ရော မင်းဒင် နင့် လွယ်အိပ် ဘာပစ္စည်းတွေကျန်ခဲ့လဲ စစ်ကြည့်ဦး”

“ဘာမှမလိုဘူး မြနှင်းဖြူ အကုန်ပါတယ် “ဟု ပြောကာ အရက်ပုလင်းအား မော့လိုက်လေ၏။

“နင်ဟာလေ အရေးကြောင်းဆို အရက်ဘဲ သောက်နေတယ် အဲ့တာကြောင့် နင်ကို တရွာလုံးက ယမကာမင်းဒင်လို့ ခေါ်နေတာ ဧည့်သည်တွေလာတဲ့အချိန်မှာတော့ အရက်ကို မသောက်ဘဲနေစမ်းပါ “ဟု မြနှင်းဖြူမှ အပြစ်တင် ပြောလေ၏။

အမှန်တကယ်လည်း မင်းဒင်သည် သာရေးနာရေးသာမက အကူညီလိုသူများကို ကူညီပေးတက်ပြီး ဖျားနာသူများကိုလည်း ဆီပေး ဆန်ပေး ပဲပေးဖြင့် ကုသပေးတက်ပြီး ဘာမှမတက်နိုင်သူများကို အလကားပါ ကုပေးတက်သောကြောင့် တရွာလုံးက မင်းဒင်အား ချစ်ခင်ကြပြီး အားလုံးကလဲ ချီးကျူးကြလေ၏။သိုသော်လည်း အရက်ကို အသက်လောက် ချစ်ခင်သောက်သုံးတက်သောကြောင့်လည်း အရက်သမားဟုသာ အများက သက်မှတ်ထားကြလေသည်။

“အေးပါ မြနှင်းဖြူရာ ငါကိစ္စငါသိပါတယ်ဟ ကဲ့ ဦးလေးသာဝနဲ့ ကိုကျော်စိန် ကျုပ်တို့ သွားကြစို့ဗျာ”ဟု အသင့်ပြင်ထားသော လှည်းအား ကောက်က ထွက်လာကြလေ၏။

“ဒါနဲ့ မင်းဒင် မင်းအိပ်ထဲမှာ ဘာတွေပါသလဲကွ”

“ကျုပ်အိပ်ထဲမှာလား ဂမုန်းနက်နဲ့ စီရင်ထားတဲ့ဆေး တွေနဲ့ လက်ညိုးတချောင်းသာသာ ရှိတဲ့ ဘီးလူးအရုပ်လေး ၇ခုပါတယ်ဗျ။ အမေ ထည့်ပေးလိုက်တာ ဖြစ်မယ်ဗျ “ဟု လွယ်အိပ်ထဲသို့ ကြည့်ကာ ကိုကျော်စိန်အား ပြောပြလိုက်လေ၏။ အချိန်ကား ၈နာရီခန့် ရှိပြီ ဖြစ်ပြီး သာယာကုန်းနှင့် ညောင်လေးပင်သည် နာရီဝတ် လောက်သာ သွားရလေ၏။

ထိုနောက် တဖြေးဖြးဖြင့် ညောင်လေးပင်ရွာလေးသုိ့ ရောက်ရှိလာလေ၏။ညောင်လေးပင်ရွာ သို့ ရောက်သောအခါ ရှစ်နာရီခွဲကျော်ကျော် လောက်ရှိပြီဖြစ်လေ၏။ မင်းဒင်တို့လည်း ညောင်လေးပင် ရွာသူကြီး အိမ်သို့ မောင်းနှင်လာကြလေ၏။

“ဟေ့ ကိုသာဝတို့ ရောက်လာပြီဟ မင်းဒင်လည်း ပါလာတယ်ဟ ” ညောင်လေးပင် ရွာသူကြီး ဦးညိုမှ မင်းဒင်အား ဧည့်ခံရန် ပြင်ဆင်ခိုင်းလေ၏။ ထိုအခါ မင်းဒင်လည်း ရွာရဲ့ ဖြစ်ပုံအား အသေးစိတ် မေးမြန်းလေ၏။

“ဦးလေးညို ရွာကို ကျားက ဘယ်ချိန်ဝင်တုံးဗျ ဘယ်နေရာက စဝင်တာလဲ အရွယ်စားရော ဘယ်လောက်ရှိမလဲဗျ”

“အေးကွ ဦးလေးသိသလောက်တော့ ကျားက အနောက်တံခါးက ဝင်လာတာ ကြည့်ဘဲကွ အချိန်ကတော့ ဆယ်တစ်နာရီခွဲလောက်ဆို ကျားဟိန်းသံကြားရပြီး ရွာထဲဝင်လာတာဘဲကွ အရွယ်အစားကတော့ နွားမတန်းလောက် ရှိတယ်လို့ အဆွဲခံရတဲ့ ရွာသားတွေ အော်ကြတာဘဲ ဘယ်သူမှ မမြင်ဘူးကြဘူးကွ။နောက်ပြီး အသံဘဲကြားပြီး အကောင်မမြင်ရတော့ ဘာမှလုပ်မရဘူးပေါ့ကွာ အဲ့တာ မင်းက အဲ့လိုမျိုးတွေ လိုက်စားဖူးတယ်ပြောလို့ ခေါ်ခိုင်းလိုက်တာဘဲ”

“ဟုတ်ကဲ့ပါ ဦးလေးညို ကျုပ်သဘောပေါက်ပြီး ကျားက သာမန်ကျား မဖြစ်နိုင်ဘူး ပညာသည်တယောက်က ဖြစ်ဖြစ် အောက်လမ်းဆရာက ဖြစ်ဖြစ် ပြုလုပ်ထားတဲ့ ကျားဖြစ်ရမယ်ဗျ ဦးလေးညို ဘာမှမပူနဲ့ ကျုပ်လုပ်ပေးမယ်”ဟု ပြောကာ လွယ်အိပ်ထဲမှ ဘီလူးရုပ်လေး ထုတ်ယူကာ ပါးစပ်မှလဲ မာန္တာန်များ ရွတ်ဆိုနေလေ၏။ ထိုနောက် ဘီလူးအရုပ်လေးအား ဂမုန်းနက်ဆေးမှုန့်လေးများဖြင့် ခေါင်းအား သုတ်ပေးလိုက်လေ၏။ ညောင်လေးပင် ရွာသား များလည်း မင်ဒင် လုပ်သည်များကို သေချာ ကြည့်ရှုနေလေ၏။

” ကဲ့ ကျုပ်က တော့လုပ်စရာ ရှိတာ လုပ်ပြီးပြီ ကျားလာရင် အဆင်သင့်ဖြစ်နေပြီဗျ တကယ်လို့ ကျားသာ လာရင် ပွဲသိမ်းပြီလို့ ကျုပ်အာမခံရဲတယ်”

“တကယ်လား မောင်မင်းဒင် ” သူကြီးဦးညိုမှ မင်းဒင်အား အံသြကာ မေးလိုက်လေ၏။

“တကယ်ပါ ကျားသာ လာပါစေ ”

“အဲ့တာဆို ဝမ်းသာစရာဘဲ ဦးလေးတို့ ဘာကူပေးရမလဲ လိုတာပြောပါ အားမနာပါနဲ့”

” ဒီလိုပါ ကျုပ်နဲ့ လိုက်ဖို့ မကြောက်တက်တဲ့ လူနှစ်ယောက်လောက် လိုတယ်ဗျ မီးခြစ်လေးဘာလေးလဲ ယူခဲ့ပေးပါ ကျန်တာတော့ မလိုပါဘူး”

“အေးကွာ ငါတို့ ညီကိုနှစ်ယောက် လိုက်ခဲ့မယ် “ဟု ကိုကျော်စိန်မှ ပြောလိုက်ရာ ကိုကျော်သိန်းမှ

“ဟုတ်တယ် မင်းဒင် ငါလဲ အကိုပြောသလို လိုက်ခဲ့မယ်” ဟု ပြောလေ၏။ ထိုနောက် သုံးယောက်သား အနောက်တံခါးသို့ ထွက်လာကြလေ၏။ အချိန်သည် ဆယ်တစ်နာရီထိုးရန် အနည်းငယ်သာ လိုတော့လေသည်။ ထိုစဉ် ရွာ၏ အနောက်ဘက် အတော်လေး လှမ်းသော နေရာမှ “ဝေါင်း ဝေါင်း ” ဟု ကျားဟိန်းသံ အကျယ်ကြီး ထွက်ပေါ်လာလေ၏။

“မင်းဒင်ရေ ကျားတော့ ဟိန်းနေပြီကွ လာတော့မယ် ထင်တယ်”

“ကျုပ်လဲ ကြားတယ် ကိုကျော်သိန်း ကျုပ် အဆင်သင့် ပြင်ထားတယ် ” ဟု ပြောလိုက်စဉ် ကျားဟိန်းသံသည် တဖြေးဖြေး နီးနီးလာလေ၏။ ထိုကြောင့် မင်းဒင်လည်း ဘီလူးအရုပ်လေးအား လက်မှကိုင်ကာ အသင့်စောင့်ဆိုင်းနေလေ၏။ ထိုအချိန် ကျားဟိန်းသံသည် အနောက်တံခါးပေါက် နှင့် ဝါးနှစ်ရိုက်အကွာသို့ ရောက်လာလေရာ မင်းဒင်လည်း ဘီလူးရုပ်လေးအား မြေပေါ်သို့ ချပေးကာ ဂမုန်းနက်ဆေးလေးအနည်းငယ်ဖြင့် တောက်လိုက်ရာ ဘီလူးရုပ်လေးသည် လက်ညိုးအရွယ်မှ တတောင်ခန့် တတောင်ခန့်မှ သုံးတောင်ခန့် မှ ခုနှစ်တောင်ခန့်သို့ ကြီးထွားလာကာ တဖြေးဖြေး ကိုးတောင်ခန့် ဘီလူးကြီးတကောင် ဖြစ်လာလေ၏။

“ဝေါင်း “ဝေါင်း ” ကျားဟိန်းသံသည် တံခါးဝသို့ ရောက်သည့်အခါ ဘီလူးကြီးသည် တင်းပုတ်ကြီးအား လွဲကာ ရိုက်ချလိုက်လေ၏။ “အုန်း ” ဘုန်း” တချက်မျှ အရိုက်ခံလိုက်ရသော အခါ ကျားကြီး၏ ရုပ်လုံးသည် ပေါ်လာလေ၏။

“ဟာ မင်းဒင် ကျားကြီးက အတော်ကြီးတယ်ဟ အစွယ်တွေမှ ဖွေးနေတာဘဲ ”

“အင်းဗျ အတော်ကြီးတာဘဲ ဒါပေမယ့် စိတ်မပူပါနဲ့ အခု ဒီကျား ဒီနေ့ဘဲ ဇာတ်သိမ်းရမှာပါ”ဟု မင်းဒင်လည်း ကိုကျော်စ်ိန်အား ရှင်းပြနေစဉ် ကျားကြီးသည် ဘီးလူးကြီးအား ခုန်အုပ်ရန် ဟန်ပြင်လိုက်လေ၏။ “ဝေါင်း ဝေါင်း” ကျားကြီးသည် ဒေါသတကြီး ဟိန်းကာ ပြေးဝင်လာလေ၏။ သို့သော်လည်း ဘီလူးကြီးသည် ကျားကြီးအား ကြီးမား သော တင်းပုတ်ကြီးဖြင့် လွှဲရိုက်လေ၏။”ဘုန်း ဘုန်း ” ဘုန်း ဘုန်း” ဘီလူးကြီးသည် ကျားကြီးအား မနားတမ်း လွှဲရိုက်နေပေရာ နွားမတန်းခန့်ရှိသော ကျားကြီးသည် တဖြေးဖြေး သေးသေးလာလေ၏။ ဘီလူးကြီးသည်လည်း တဖြေးဖြေး သေလာသော ကျားကြီးအား အဆက်မပြတ် လွှဲရိုက်လေရာ နောက်ဆုံး၌ နွားမတန်းလောက်ရှိသော ကျားကြီးသည် တထွာခန့်ရှိသော ကျားရုပ်လေး တခုအဖြစ် ပြောင်းသွားလေ၏။

“ဟာ မင်းဒင် ကျားရုပ်လေးဖြစ်သွားပြီကွ ”

“ဟုတ်တယ် ကိုကျော်စိန် ဒီကောင်က နှီးနဲ့ ရက်လုပ်ထားတဲ့ ကျားဗျ အောက်လမ်းဆရာတွေ ဆေးစီရင်ထားတော့ အသက်ဝင်ပြီး အောက်လမ်းကျား ဖြစ်သွားတာဗျ။ နောက်ပြီး တကယ်ကျားလိုလည်း လူတွေစားတယ်ဗျ လူတွေစားတာ များလာရင် ကိုးတောင်ကျားလောက် ကြီးမားလာပြီး အတော်လဲ အစွမ်းထက်လာတယ်ဗျ ။ ခုတော့ ကျားက အရိုက်ခံရပါ များပြီး အရုပ်ကျားဖြစ်သွားတာ အဲ့တာ မီးရှို့လိုက်ဗျာ” ဟု မင်းဒင်မှ ပြောလိုက်ရာ ကိုကျောသိန်းမှ မီးခြစ်လေးထုတ်ကာ နှီးကျားရုပ်လေးအား မီးရှို့ဖြတ်ဆီးလိုက်လေ၏။

မင်းဒင်လည်း သူ၏ ဘီးလူးအား ဂမုန်းဆေးမှုန်ဖြင့် ပတ်လိုက်ရာ အရုပ်လေး ပြန်ဖြစ်သွားလေ၏။ ထိုဘီလူးအရုပ်လေးအား ကောက်ယူအား မင်းဒင်တို့ သုံးယောက်သား ရွာသူကြီး အိမ်သို့ ထွက်လာကြလေ၏။ ထို ညတွင် မင်းဒင်လည်း ဖြစ်ပြတ်ပုံများကို သေချာပြောပြရာ ရွာသူရွာသားများလည်း မင်းဒင်အား ကျေးဇူးတင်ကြောင်း ဝိုင်းဝန်းပြောကြလေ၏။ မင်းဒင်လည်း ထိုညတွင် ရွာသူကြီး ဦးညို အိမ်၌ပင် အိပ်လိုက်ရလေတော့သည်။

 

#နယ်နမိတ်

Credit