ရုက္ခစိုးနတ်၏အငြိုး(စ/ဆုံး)
—————————
ဧရာဝတီတိုင်းအတွင်းရှိ ကြံတော
ရွာလေးတွင် ငွေကြေးချမ်းသာသော
ဦးဘသန်းတို့ မိသားစုရှိလေ၏။ ငွေကြေးချမ်းသာသောကြောင့် နှစ်ထပ်အိမ်ကြီးကို ဆောက်လုပ်ထားပြီး Tv’ Vcdစက်များလည်းရှိသည်။
ဦးဘသန်းသည် မည်သည့်အရာကိုမှ
အယုံအကြည်မရှိ အကြောက်အလန့်မရှိပဲ
တစ်ဇွတ်ထိုး တစ်ဇောက်ကန်း ပြုလုပ်ပြောဆိုတတ်သဖြင့် ရွာထဲရှိ လူများက
တစ်ဇောက်ကန်းဘသန်းဟု ခေါ်ဆိုကြလေသည်။ ဦးဘသန်းမှာ ဇနီးသည် ဆုံးပါးသွားပြီး သားသုံးယောက်နှင့် သမီးနှစ်ယောက်ရှိလေရာ သားကြီးနှစ်ယောက်မှာ အိမ်ထောင်ရက်သားကျပြီး အိမ်ခွဲနေကြသဖြင့် သမီးများဖြစ်ကြသည့် မရင်ငွေ
မရင်ရွှေ သားအငယ်ထွန်းသိန်း
တို့နှင့် အတူနေထိုင်ကြသည်။ သားနှင့် သမီးများက အောက်ထပ်တွင် နေကြပြီး ဦးဘသန်းက အပေါ်ထပ်တွင် နေထိုင်လေသည်။ ညဘက်များတွင် သားသမီးများက TV မှ လာသော ဇာတ်ကားများကို
ကြည့်ရှုကြပြီး ဦးဘသန်းက ည(၇)နာရီထိုးသည်နှင့် အပေါ်ထပ်သို့ တက်ကာ အိပ်လေ့ရှိလေသည်။ ဦးဘသန်း၏ အိမ်ရှေ့
ရွာလမ်းမကြီးတစ်ဖက်ကမ်း ဦးဘသန်းအပိုင်ခြံထဲတွင် ယောက်ျားလေးဖက်ခန့်မျှရှိသော အဓိကရ ကုက္ကိုပင်ကြီးတစ်ပင် ရှိပြီး ရုက္ခစိုးနတ်ကြီးနေသည်ဟု ပြောဆိုကြသည်။
+++++
တန်ခူးလ။ မကြာမှီတွင် မိုးများရွာချေတော့မည်။ လျှပ်စစ်မီး မရှိသည့်
တောရွာဖြစ်သဖြင့် ထမင်းဟင်းများ ချက်ပြုတ်စားသောက်ရန်အတွက် ထင်းမီးဖိုများကို အသုံးပြုကြရလေသည်။ ထို့ကြောင့် ထင်းခြောက်များရရှိစေရန် တပေါင်းလလောက်မှစ၍
ထင်းများကို ခုတ်ထစ်ဖြတ်တောက်ပြီး အခြောက်လှန်းထားကြရလေသည်။
ထင်းများခြောက်သွေ့လျှင် ထင်းများကို
မိုးလုံသည့် တဲထဲသို့ ထည့်သွင်းသိမ်းဆည်းကြရသည်။ သို့မှသာ မိုးတွင်းတွင် ထမင်းဟင်းများ ချက်ပြုတ်ရန် ထင်းခြောက်များကို အလွယ်တကူ ရရှိမည်ဖြစ်လေသည်။
တစ်နေ့တွင် ဦးဘသန်းသည် မိုးတွင်းစာအတွက် ထင်းများ စုဆောင်းထားရန်အတွက် သစ်ပင်များကို ခုတ်လှဲဖြတ်တောက်ပြီး ထင်းများပြုလုပ်ကာ
အခြောက်လှန်းနေလေသည်။ တစ်မိုးတွင်းစာ ထင်းများက မလုံလောက်သေးသဖြင့်
ကုက္ကိုပင်ကြီး၏ အကိုင်းများကို ခုတ်ယူပြီး ထင်းလုပ်ရန် ကြံစည်မိပြီး သစ်ခုတ်သမားကို ငှား၍ ခုတ်ခိုင်းလေတော့သည်။ ရွာထဲရှိ သစ်ခုတ်သမားများက မခုတ်ရဲကြသဖြင့် တစ်ဖက်ရွာမှ သစ်ခုတ်သမားများကို သွားခေါ်လေ၏။
ထိုသစ်ခုတ်သမားများလည်း ကုက္ကိုပင်ကြီးကို လာရောက်ကြည့်ရှုကြပြီး
“ဟာ ကုက္ကိုပင်ကြီးက အကြီးကြီးပဲဗျ။ ခုတ်လို့ ဖြစ်ပါ့မလား ဦးဘသန်းရယ်”
“ခုတ်မှာသာ ခုတ်စမ်းပါကွာ။ ခင်ဗျားတို့ ကြောက်ရင် ဘသန်းက ခုတ်ခိုင်းလို့ခုတ်တာ၊ မကျေနပ်ရင် ဘသန်းကိုသာ
သွားပြောလို့ ပြောလိုက်။ ခုတ်ခကိုလည်း သူများတွေထက် ပိုပေးမယ်။ ဟုတ်ပြီလား”
“ဒီလိုဆိုရင်လည်း ကျွန်တော်တို့ ခုတ်မယ်ဗျာ။ သစ်ပင်က အတော်ကြီးတော့ လူစုရမှာနဲ့ ဓားတွေ သွေးရဦးမှာနဲ့ဆိုတော့ သဘက်ခါကျမှ လာခုတ်မယ်ဗျာ”
“အေးပါ မင်းတို့အဆင်ပြေတဲ့ အချိန်သာလာခဲ့။ ငါကတော့ မြန်လေကောင်းလေပဲ”
“ဟုတ်ကဲ့ ကျွန်တော်တို့ သဘက်ခါ
လာခုတ်မယ်။ အခုရွာပြန်ပြီး လုပ်စရာရှိတာလေးတွေ လုပ်လိုက်ဦးမယ်ဗျာ”
“အေး အေး သဘက်ခါကျ ဆက်ဆက်လာခဲ့ကြ။ ငါ မင်းတို့စားဖို့ ထမင်းပိုချက်ထားလိုက်မယ်”
“ဟုတ်ကဲ့ သဘက်ခါကျရင် ဆက်ဆက်လာခဲ့ပါ့မယ်”
သစ်ခုတ်သမားများလည်း ကတိပေးပြီး ပြန်သွားကြလေတော့သည်။
+++++
ထိုသတင်းကြားသောအခါ ရွာသားများမှာ ထိတ်လန့်အံ့ဩကုန်ကြရလေသည်။
“ဘသန်းကတော့ ပြဿနာကို မီးခွက်ထွန်းပြီး ရှာနေပြန်ပြီဟေ့”
“ဟုတ်ပါ့ဗျာ။ တဇွတ်ထိုးတဇောက်ကန်း
ဘုကလန့်ဂွစာကြီးဘသန်းလေ ဘယ်သူမှ မခုတ်ရဲတဲ့ သစ်ပင်ကြီးကို ခုတ်မလို့တဲ့။
ဒီရွာကသစ်ခုတ်သမားတွေက မခုတ်ရဲကြလို့ ဟိုဘက်ရွာက သစ်ခုတ်သမားတွေကို ဈေးပိုပေးပြီး သွားငှားလာတာတဲ့။
ဘာဖြစ်မလည်း စောင့်သာကြည့်ကြပေတော့”
“ဟုတ်တယ်။ ရုက္ခစိုးနတ်ကြီးနေတဲ့
အပင်ကြီးကိုမှ ခုတ်မလို့တဲ့။ သူ့ဖာသာသူ
နေတာကို သွားစရင်တော့ ဟိုကငြိမ်နေမှာမဟုတ်ဖူး”
“ဘယ်ချက် မသာပေါ်နေမလဲ ကြည့်နေကြပေတော့ဟေ့”
ရွာသူ/ရွာသားများက တစ်ယောက်တစ်ပေါက် ပြောဆိုဝေဖန်နေကြသော်လည်း ဦးဘသန်းကတော့ ဂရုမစိုက်။ ထိုအခါ ဦးဘသန်း၏ ဦးလေးတော်စပ်သူ ဦးအောင်ကြည်မှ သွား၍ တားလေသည်။
“ဟေ့ကောင်ဘသန်း။ မင်း ဟိုကုက္ကိုပင်ကြီးကို ခုတ်မလို့ဆို”
“ဟုတ်တယ်။ မိုးတွင်းစာ ထင်းလုပ်ဖို့
ခုတ်မလို့လေ။ ဘာဖြစ်လို့လည်း”
“ဟ ဘာဖြစ်ရမလည်း။ အဲ့ဒီအပင်ကြီးက
အဓိကရအပင်ကြီးလေ။ ပြီးတော့ ရုက္ခစိုးနတ်ကြီးနေတယ်လို့ ပြောနေကြတာ
မင်းခုတ်လိုက်ရင် သူ့နေစရာ ပျက်စီးသွားမှာပေါ့။ အခြားအပင်တွေကိုပဲ ခုတ်ပါကွာ”
“ဟာ အခြားအပင်တွေက အသီးတွေသီးနေကြတဲ့အပင်တွေချည်းပဲ။ ဒီကုက္ကိုပင်ကြီးက ဘာအသီးမှလည်း မစားရဘူး။ ထင်းကိုင်းတွေကလည်း အများကြီးပဲဗျ ပြီးတော့ ခင်ဗျားတို့ပြောပြောနေတဲ့ ရုက္ခစိုးနတ်ကြီးဆိုတာ ခင်ဗျားတို့ မြင်ဖူးလို့လား။ အလကား လျှောက်ပြောနေကြတာ”
“ဟ မြင်တော့ဘယ်မြင်ဖူးမလည်းကွ။ လူကြီးသူမတွေ ပြောတာပေါ့။ အပင်ကြီးရင် အစောင့်အရှောက်ဆိုတာ ရှိတယ်ကွ”
တစ်ကယ်ရှိတယ်ဆိုရင်လည်း ဘသန်းက ဂရုမစိုက်ဖူး။ ကျုပ်ပိုင်တဲ့အပင် ကျုပ်ခုတ်တာ ဘယ်သူ့ဂရုစိုက်နေရဦးမှာလည်းဗျ”
“မင်းပိုင်တဲ့အပင်ဆိုပေမဲ့ ဒီအပင်ကြီးက အဓိကရအပင်ကြီးလေ။ ပြောမရလို့
ခုတ်မယ်ဆိုရင်လည်း သူနေလို့ရအောင်
တစ်ကိုင်းနှစ်ကိုင်းလောက်တော့ ချန်ထားပေးလိုက်ပါကွာ”
“ဟာ..တစ်ကိုင်းမှ မချန်နိုင်ဘူးဗျာ။ အကုန်ခုတ်ပစ်မှာ။ အဲ့ဒါမှ မိုးတွင်းစာ ထင်းဖူလုံမှာ။ ကျုပ်ထင်းမရှိရင် အဲ့ဒီ ရုက္ခစိုးနတ်ကြီးက ထင်းလာပေးမှာလား။ သွားစမ်းပါဗျာ။ အရေးမပါတာတွေ လာမပြောနေနဲ့”
“အေး ငါက မင်းကိုစေတနာနဲ့ပြောတာ လက်မခံလည်း မင်းသဘောပဲ”
ဦးဘသန်း၏ တဇွတ်ထိုးစကားကြောင့်
ဦးအောင်ကြည်မှာ ဒေါသဖြစ်ကာ ပြန်လာခဲ့ရလေတော့သည်။
+++++
နောက်နှစ်ရက်ကြာသောအခါ တစ်ဖက်ရွာမှ သစ်ခုတ်သမားများ ရောက်လာကြပြီး
ကုက္ကိုပင်ကြီး၏ အကိုင်းများကို ခုတ်ရန်
ပြင်ဆင်လေတော့သည်။ ကုက္ကိုပင်ကြီး၏ ကိုင်းများကို ခုတ်ရန် အပင်ပေါ်သို့
တက်ရန် ပြင်လိုက်ချိန်၌ လေလည်းမတိုက်
မိုးလည်းမရွာဘဲ ကုက္ကိုပင်ကြီးပေါ်မှ တစ်ဖြောဖြော တစ်ရှဲရှဲ
မြည်လာသဖြင့် အပင်ပေါ်သို့ တက်ရန်ပြင်နေကြသူများမှာ ထိတ်လန့်ကုန်ကြရ၏။ ထိုအခါ သစ်ခုတ်သမားခေါင်းဆောင်မှ
“ကဲ ဒီအပင်က ပုဂ္ဂိုလ်ကြီးရေ။ မကျေနပ်တာရှိရင် ဦးဘသန်းကိုသာ သွားလုပ်ပါဗျို့။ ကျုပ်တို့က သူခိုင်းလို့ လုပ်ကြရတာပါ။ ကျုပ်တို့ကိုတော့ ဘာမှ မလုပ်ပါနဲ့”
ဟု အော်ပြောလိုက်လေရာ ပြန်လည်၍
ငြိမ်သက်သွားလေတော့သည်။ ထို့ကြောင့်
သစ်ခုတ်သမားများလည်း အပင်ပေါ်သို့ တက်၍ အကိုင်းများကို ခုတ်ထစ်ကြလေတော့သည်။
“ဒုတ် ဒုတ် ဒုတ်”
“ဂျွတ် ဖြောင်း ဝုန်း”
အကိုင်းများမှာ ကြီးမားပြီး များပြားလွန်းသဖြင့် လူအင်အားဖြင့် ခုတ်ထစ်လိုက်ကြသည်မှာ နေထန်းတစ်ဖျားအရောက်လောက်မှ ပြီးလေသည်။ ရုက္ခစိုးနတ်ကြီး နေသည်ဟု ဆိုကြသော ကုက္ကိုပင်ကြီးမှာ
အကိုင်းအခက် တစ်ကိုင်းမျှပင် မကန်တော့ဘဲ ကတုံးဖြစ်သွားပြီး ငုတ်တိုကြီးမျှသာ ကျန်ရစ်နေလေတော့သည်။
+++++
နောက်တစ်နေ့ညနေ မှောင်ရီပျိုးစအချိန်တွင် ဦးဘသန်း၏ သမီးငယ်မရင်ရွှေမှာ လယ်ထဲမှအိမ်သို့ ပြန်လာနေခိုက် အိမ်နားအရောက်တွင် အနောက်မှနေ၍ တစ်စုံတစ်ယောက်မှ လှမ်းဆွဲလိုက်သလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရသဖြင့် ကြက်သီးမွေးညင်းများထလာပြီး အိမ်သို့ အမြန်ပြေးခဲ့လေတော့သည်။ အိမ်သို့ရောက်သောအခါ အိမ်ပေါ်တွင် ထိုင်နေသော ဦးအောင်ကြည်ကို စိုက်ကြည့်လိုက်ပြီး လက်ညှိုးထိုးကာ
“ဟင်းး တောက်။ ဘသန်း မင်း သတိထား”
ဟု အသံဩဩကြီးဖြင့် ပြောလိုက်လေသည်။
“ဟဲ့ ရင်ရွှေ။ နင် ဖအေကို
လက်ညှိုးထိုးပြီး ဘာတွေပြောနေတာလဲ”
“ငါ ရင်ရွှေမဟုတ်ဖူး။ ဟိုကုက္ကိုပင်ကြီးမှာနေတဲ့ ရုက္ခစိုးနတ်ကြီးပဲ။ အခုမင်းက အကိုင်းတွေကို အကုန်ခုတ်လိုက်တော့ ငါနေစရာမရှိတော့ဘူး။ မင်းကို မကျေနပ်ဖူး ကံမြင့်နေတုန်းတော့ လုပ်ထားဦးပေါ့ကွာ။ မကြာခင် ငါ့အကြောင်းသိစေရမယ်”
“ဘာရုက္ခစိုးလည်း၊ ဘာနတ်လည်း။ ဘာမှအယုံအကြည်မရှိဘူးကွ။ ငါပိုင်တဲ့အပင်ကို ငါခုတ်တာ ဘာဖြစ်လည်း”
“အေး မင်းပိုင်တဲ့အပင်ကိုခုတ်ရင်လည်း နတ်နေကိုင်းတစ်ကိုင်း ချန်ပေးရတယ်ကွ။
ဘာဖြစ်မလည်းဆိုတာတော့ မကြာခင် မင်းသိစေရမယ်ကွ။ ဟင်းးး တောက်”
ဒေါသတစ်ကြီး အံကြိတ်တောက်ခတ်ကာ
ပြောလိုက်ပြီး မရင်ရွှေမှာ လဲကျသွားလေတော့သည်။ ထိုအချိန်တွင် နောက်မှလိုက်ပါလာသော အစ်မဖြစ်သူနှင့်
မောင်တို့က ပွေ့ထူလိုက်ကြပြီး
“အစ်မရင်ရွှေ ဘာဖြစ်တာလည်း အစ်မ အစ်မ”
ထိုအခါကျမှ မရင်ရွှေမှာကယောင်ချောက်ချားဖြင့်
“ဟင်..ငါ ငါဘာဖြစ်လို့လည်း”
ဟု မေးလာသဖြင့် အကြောင်းစုံကို ရှင်းပြလိုက်ရာ
“ကျွန်မ လယ်ထဲကပြန်လာတာ အိမ်နားရောက်ကာနီးမှာ အနောက်က တစ်ယောက်ယောက်က လှမ်းဆွဲလိုက်သလို ဖြစ်သွားတာကြောင့် လှည့်ကြည့်လိုက်တော့လည်း ဘယ်သူမှမရှိဘူး။
အဲ့ဒါနဲ့ ကြက်သီးမွေးညင်းတွေထလာပြီး ကြောက်ကြောက်နဲ့ အိမ်ကိုအမြန်ပြန်လာတာ အိမ်ရှေ့ရောက်တော့ ခေါင်းထဲ
မိုက်ကနဲဖြစ်သွားပြီး ဘာမှမသိတော့ဘူး။ အခုမှ ပြန်သတိရတာ”
“ကဲ ကဲ လာ အိမ်ပေါ်တက်တော့ ဘာမှ မဟုတ်ဖူး စိတ်ကယောင်ချောက်ချားဖြစ်တာ။ ဘုရားစင်ပေါ်က ရေမန်းသောက်လိုက် ကောင်းသွားလိမ့်မယ်”
ဦးဘသန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်ပြီး
အမှုမဲ့အမှတ်မဲ့ပင် နေလေသည်။
+++++
ထိုသို့ မရင်ရွှေအား ရုက္ခစိုးနတ်ကြီးက ဝင်၍ပူးသည့်အကြောင်းကို ရွာသူ/ရွာသားများ သိကြသောအခါတွင် ပို၍ ထိတ်လန့်ကုန်ကြလေသည်။ ထို့ကြောင့် ရွာထဲမှ ဗဟုသုတပြည့်စုံသော ဘသာအေးထံသို့
သွား၍ မေးမြန်းကြလေသည်။
“အဘရေ။ ဦးဘသန်းတော့ ဟိုကုက္ကိုပင်ကြီးကို ခုတ်လိုက်တာ အဲ့ဒီအပင်မှာနေတဲ့ ရုက္ခစိုးနတ်ကြီးက မကျေနပ်လို့ သူ့သမီးအငယ်မ ရင်ရွှေကို ဝင်ပူးပြီး ဦးဘသန်းကို ကြိမ်းဝါးနေတယ်တဲ့။ အဘ ကြားပြီးပြီလား”
“အေး။ အဘလဲ ကြားပြီးပါပြီ။ ဒီကောင်ဘသန်းက မလုပ်သင့်တာကို လုပ်လိုက်တာပဲ။ အဓိကရအပင်ကြီးကို ကတုံးဖြစ်အောင် ခုတ်လိုက်တော့ အပင်ကြီးမှာ မှီတွယ်နေတဲ့ ရုက္ခစိုးနတ်ကြီးလဲ သူ့ရဲ့
ဘုံဗိမာန် ပျက်စီးရလေတော့ စိတ်ဆိုးပြီပေါ့”
“အဘ ရုက္ခစိုးနတ်ဆိုတာ တစ်ကယ်ရှိလို့လား”
“ရှိတာပေါ့ လူ့ဘဝတုန်းက ဘုရား တရားသံဃာ ရတနာသုံးပါးမြဲမြံသူ ရပ်အကျိုး
ရွာအကျိုး အများကောင်းကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးခဲ့သူများ ကွယ်လွန်ရင် ရုက္ခစိုးဆိုတဲ့ စတုမဟာရာဇ်အောက်နတ်များ ဖြစ်ကြတယ်။ သူတို့က သစ်ပင်ကြီး ညောင်ပင်ကြီးများကို ဘုံဗိမာန်ပြုပြီး
နေကြလို့ ရုက္ခစိုးနတ်လို့ ခေါ်ကြတယ်။ ရုက္ခစိုးနတ်ကြီးတွေက သရဲတစ္ဆေ ပြိတ္တာ ကျတ်တို့ထက် ဘုန်းတန်ခိုးကြီးမားကြတယ်။ သားဆုပန်ရင် သားဆုပေးတယ်။ သူတို့ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံပြီး ကုသိုလ်ကောင်းမှုတွေပြု အမျှပေးဝေရင် အဲ့ဒီသူကို ပြန်လည်ကြည့်ရှုစောင့်ရှောက်လေ့ ရှိတယ်။ ပြီးတော့ ရုက္ခစိုးနတ်ကြီးတွေဟာ အသက်အလွန်ရှည်ကျတယ်။ ဘယ်လောက်အထိ
အသက်ရှည်သလည်းဆိုရင် နောင်ပွင့်မယ့်
ဘုရားရှင်ကိုတောင် ဖူးမြော်ခွင့် ရကြသတဲ့”
“ဟုတ်ရဲ့လား အဘရယ်။ အဲ့ဒီလောက်တောင် အသက်ရှည်ကြတာလား”
“ဟုတ်တယ်ကွဲ့။ မြတ်စွာဘုရားရှင်ရဲ့
ဆံတော်ရှစ်ဆူကို ချီးမြှင့်ခြင်း ခံရတဲ့
တဖုဿ ဘလိကကုန်သည်ညီနောင်နဲ့
ဥက္ကလာပမင်းကြီးတို့ဟာ ရွှေတိဂုံစေတီတော်တည်ဖို့ သိင်္ဂုတ္တရကုန်းတော် ရှိတဲ့နေရာကို မသိကြလို့ တစ်တိုင်းပြည်လုံးကို မောင်းကြေးနင်းခတ်ပြီး မေးမြန်းစေသော်လည်း မည်သူမှ မသိကြဘူး။
ဒါကြောင့် ဥက္ကလာပမင်းကြီးက ခမည်းတော်သိကြားမင်းကြီးကို တ’လိုက်တဲ့အခါမှာ သိကြားမင်းကြီးက ဧရာဝဏ်ဆင်တော်ကိုစီးပြီး နတ်ဗိုလ်ခြေ ပရိတ်သတ်အစုံနဲ့ လူ့ပြည်ကို ဆင်းသက်လာယ်။ ဒီအခါ
ဥက္ကလာပမင်းကြီးက ‘ဖခမည်းတော်သိကြားမင်း။ ရှေးဘုရားသုံးဆူတို့ရဲ့ တောင်ဝှေးတော် ရေစစ်တော်နဲ့ ရေသနုပ်တော်တို့ကို ဌာပနာထားရာ သိင်္ဂုတ္တရကုန်းတော်ကို ညွှန်ပြတော်မူပါ’ လို့ လျှောက်ထားမေးမြန်းတဲ့ အခါမှာ
သိကြားမင်းက ‘သားတော်ဥက္ကလာပမင်း
ငါသည်လည်း သက်တမ်းငယ်သောကြောင့် ရှေးဘုရားတို့ကို မမှီပေ။ သို့ပေမဲ့
ရှေးကတည်းက သက်တမ်းအလွန်ရှည်ကြသော ကမ္ဘာစောင့်ရုက္ခစိုးနတ်ကြီးများကို ခေါ်၍ မေးမြန်းပေးပါအံ့’ ဟုဆိုကာ ကမ္ဘာစောင့်ရုက္ခစိုးနတ်ကြီးများကို စုဝေးစေပြီး
မေးမြန်းလေရာ ကမ္ဘာနတ်ကြီးတစ်ပါးဖြစ်တဲ့ အမြိတ္တရုက္ခစိုးနတ်ကြီးလို့ခေါ်တဲ့
မှော်ဘီနတ်ကြီးက သိင်္ဂုတ္တရကုန်းတော် တည်ရှိရာအရပ်ကို ညွှန်ပြပေးပြီး
ကကုသန်ဘုရား၏ တောင်ဝှေးတော်သည် သိင်္ဂုတ္တရကုန်းတော်ရှိ ကညင်ပင်ကြီးအောက်၌ မြှုပ်နှံထားကြောင်းကို ပြောပြတယ်။ ဝေဠုသုမန ရုက္ခစိုးနတ်ကြီးက ကောဏာဂုံဘုရား၏ ရေစစ်တော်သည် သိင်္ဂုတ္တရကုန်းတော်ရှိ ကညင်ပင်ကြီးအောက်၌ မြှုပ်နှံထားသည်ကိုပြောပြသလို ဥဒုမ္ဗရရုက္ခစိုးနတ်ကြီးကလည်း ကဿဖဘုရားရှင်၏ ရေသနုပ်တော်သည်လည်း သိင်္ဂုတ္တရကုန်းတော်ရှိ ကညင်ပင်ကြီး အောက်၌ပင် မြှုပ်နှံထားကြောင်း ပြောပြသဖြင့် တူးဖော်ကာ စုပေါင်းဌာပနာပြီး ရွှေတိဂုံစေတီတော်ကြီးကို တည်ထားခဲ့ကြတယ်။ အဲ့ဒါကိုကြည့်ရင် ရုက္ခစိုးနတ်ကြီးတွေဟာ ကမ္ဘာနဲ့ချီပြီး အသက်ရှည်ကြတယ်ဆိုတာ သိရတယ်။ အဲ့ဒီ ရုက္ခစိုးနတ်တွေ၊ ဗြမ္မာတွေ စုဝေးခဲ့တဲ့နေရာကို အရင်က စုဝေးကုန်းလို့ ခေါ်တွင်ခဲ့ကြပြီး စေတီတော်တစ်ဆူကိုလည်း တည်ထားကိုးကွယ်ခဲ့ကြတယ်။ နောင်ကာလရွေ့လျောလာတဲ့ အခါမှာတော့ စုဝေးကုန်း ကနေပြီး ဆူးလေကုန်းလို့ ပြောင်းလဲခေါ်ဆိုခဲ့ကြပြီး စေတီတော်ကိုလဲ ဆူးလေစေတီတော်လို့ ယနေ့ထက်ထိ ခေါ်ဆိုနေကြတယ်ကွဲ့”
ဟု ဘသာအေးမှ ရှည်လျားစွာ ရှင်းပြလေသည်။
“ဟုတ်ကဲ့။ အဘရှင်းပြတော့မှပဲ သေသေချာချာ သိရတော့တယ်။ ဦးဘသန်းတော့ ဘယ်နေ့ ဘာဖြစ်မလဲ မသိဘူးနော်”
“သူ ကံဇာတာမြင့်နေချိန်တော့ ဘာမှ မဖြစ်သေးဘူးပေါ့။ ကံနိမ့်တဲ့ အချိန်ကျရင်တော့ ရုက္ခစိုးနတ်ကြီးက အငြိုးထားပြီး အန္တရာယ်ပြုမှာပဲကွဲ့။ တစ်ကိုင်းတစ်လေ ချန်ထားခဲ့ရင် တော်သေးတယ်။အခုတော့ ဘသန်းက တစ်ပင်လုံးကို ကတုံးဖြစ်အောင် ခုတ်ပစ်လိုက်တာဆိုတော့ တမင်တကာ ရန်သွားစလိုက်သလိုပဲ။
နတ်နဲ့နဂါး မလှည်းစားနဲ့တဲ့။ မင်းတို့လည်း သစ်ပင်တွေ ခုတ်ရင် သတိထားကြကွဲ့။
ပြီးတော့ အကိုင်းတစ်ကိုင်းတော့ ချန်ပေးခဲ့ကြ။ ကြားလား”
“ဟုတ်ကဲ့ပါ အဘ”
+++++
တစ်ည။ တိတိကျကျပြောရလျှင် ကုက္ကိုပင်ကြီးအား ခုတ်ပြီး၍ ငါးရက်မြောက်သောည။ ထိုည(၇)နာရီကျော်ခန့်တွင် သားသမီးများ Tvကြည့်နေကြချိန်တွင် ဦးဘသန်း အိမ်ပေါ်ထပ်သို့ တက်သွားလေသည်။ ခဏမျှအကြာတွင်
“ကယ်ကြပါဦး။ အားးး သရဲကြီးး။ ကြောက်ပါပြီဗျ”
“ဘုန်း… အား..သေပါပြီဗျ”
ဟု ဦးဘသန်း၏ စူးစူးဝါးဝါးအော်လိုက်သံနှင့် ရိုက်ပုတ်သံများကို ကြားလိုက်ကြရသဖြင့် သားသမီးများမှာ အပေါ်ထပ်သို့ အပြေးအလွှားတက်သွားပြီး
ကြည့်ရှုကြသောအခါတွင် ဦးဘသန်းမှာ အပေါ်ထပ် ဝရန်တာသို့ ကြည့်ရင်း ကြောက်လန့်တကြား အော်ဟစ်နေသည်ကို တွေ့လိုက်ရလေသည်။
“အဖေ..အဖေ..ဘာဖြစ်တာလဲ”
“ဟို ဟိုမှာ သရဲကြီး။ ငါ့ကို ရိုက်နေတယ်။
ငါ့ကိုသတ်တော့မယ်။ မ မလာနဲ့ သွား သွား အားးး”
ဦးဘသန်းမှာ ဝရန်တာဘက်ဆီသို့ ရကြည့်နေရင်းမှကြောက်လန့်တကြား
အော်ဟစ်နေရင်း မျက်ဖြူလန်၍ သွားလေတော့သည်။ ဦးဘသန်း၏ အော်ဟစ်သံကြောင့် အိမ်နီးနားချင်းများ ရောက်လာကြပြီး
“ဘာဖြစ်ကြတာလဲ။ အော်သံတွေကြားလို့”
“မသိပါဘူးဗျာ။ အဖေ အပေါ်ထပ်တက်သွားပြီး သိပ်မကြာဘူး အော်သံကြားလို့
တက်ကြည့်တော့ ဝရန်တာကိုကြည့်ပြီး
‘သရဲကြီး ကြောက်ပါပြီဗျ’ လို့အော်ရင်း သတိလစ်သွားတာ။ လုပ်ကြပါဦး”
လူကြီးများက စမ်းသပ်ကြည့်ကြသော အခါ ဦးဘသန်းမှာ မျက်ဖြူလန်ပြီး
အသက်မရှိတော့ပေ။
“ဟာ ဘသန်း အသက်မရှိတော့ဘူး။ တစ်ခုခုကို မြင်ပြီး အကြောက်လွန်ပြီး နှလုံးရပ် သေသွားတာနေမယ်”
“အဟင့် ဟင့် အောင်မလေး အဖေရဲ့။ သမီးတို့ကို ထားခဲ့ပြီလား။ အီး ဟီးဟီး”
“အီး ဟီး။ အဖေရေ ထကြည့်ပါဦး အဖေရဲ့။ အဟင့် ဟင့်”
“ကဲ ကဲ။ ငိုနေကြလို့ မပြီးဘူး။ နာရေးအတွက် လုပ်စရာရှိတာ လုပ်ကြရအောင်ဟေ့”
သမီးများက အော်ဟစ် ငိုယိုနေကြလေသဖြင့်လူကြီးများက ပြောလိုက်ရာ
ဦးဘသန်း၏ နာရေးအတွက် ပြင်ဆင်ကြလေသည်။ ဦးဘသန်း၏ အလောင်းအား ရေချိုးပေးကြရန် ဝတ်ထားသော အင်္ကျီကို ချွတ်လိုက်သည့် အခါတွင် ကြည့်ရှုနေကြသူများမှာ အလွန်ပင် အံ့ဩထိတ်လန့်သွားကြရလေ၏။
“ဟာ..”
“လက်ဝါးရာကြီး။ အကြီးကြီးပဲဟ”
“အောင်မလေး။ ဘုရား ဘုရား”
အကြောင်းမှာ ဦးဘသန်း၏ ကျောကုန်းတွင် သာမန်ထက် ကြီးမားသော လက်ဝါးရာကြီးကို တွေ့လိုက်ကြရသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် အမြန်ပင် ရေချိုးပေးလိုက်ကြပြီး အလောင်းပြင်ထားလိုက်ကြလေတော့သည်။
+++++
ဦးဘသန်း၏ နာရေး (၅)ရက်ပြည့်သည့်နေ့တွင် ရွာထဲမှ လူများမှာ နာရေးအတွက် ဝိုင်းဝန်း လုပ်ကိုင် ဆောင်ရွက်ပေးနေကြသည်။ ထိုအချိန်တွင် ကြက်သွန်လှီးနေကြသည့် အမျိုးသမီးများထဲမှ မိန်းကလေးတစ်ဦးမှာ ရုတ်တရက် ထငိုပြီး
” ငါသားသမီးတွေကို ခေါ်ပေးကြပါ။ ငါ ဘသန်းပါ။ ငါပြောစရာရှိလို့ပါ”
ဟု ပြောသဖြင့် မရင်ငွေ၊ မရင်ရွှေနှင့် မောင်ထွန်းသိန်းတို့အား ခေါ်ပေးကြလေသည်။ သားသမီးများ ရောက်လာကြသောအခါတွင်
“သမီးကြီးရင်ငွေ။ အဖေ့အတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးပါ။
ရုက္ခစိုးကြီးက အဖေ့ကို အိမ်ပေါ်ထပ်တက်ပြီး ကျောကုန်းကို လက်ဝါးနဲ့ ရိုက်လို့ သေခဲ့ရတာ။ အခု ကုက္ကိုပင်ကြီးနားမှာနေနေရတယ်။ စားစရာလဲ ဘာမှ မရှိဘူး။ အဖေ အရမ်းဒုက္ခရောက်နေရတယ်။ အဖေ့ကို အမျှဝေပေးပါ”
“အဖြစ်ဆိုးလှချည်လား အဖေရယ်။ စိတ်ချပါ။ သမီးတို့ အဖေ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်ပြီး အမျှဝေပေးပါမယ် အဖေရယ် အဟင့် ဟင့်”
“ဒါဆိုရင် အဖေ သွားတော့မယ်နော်။
အခုတောင် ရုက္ခစိုးကြီးကို ခွင့်တောင်းပြီး
လာပြောရတာ။ အချိန်အကြာကြီး မရဘူး”
“စိတ်ချပါ အဖေရယ်။ သမီးတို့ အဖေ့ကို
သေသေချာချာ အမျှဝေပေးပါမယ်”
သားသမီးများက ကတိပြုလိုက်သော အခါတွင် ဦးဘသန်းလည်း ကျေနပ်သွားပြီး ထွက်ခွာသွားလေတော့၏။
ဦးဘသန်း၏ အသုဘ(၇)ရက်ပြည့်၍ ရက်လည်သည့်နေ့တွင် သားသမီးများက
ရဟန်းသံဃာများကို လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းပြီး အသုဘတရားနာကြားကာ ဦးဘသန်းအား အမျှအတန်းပေးဝေလိုက်ကြလေသည်။
ထိုသို့ အမျှအတန်းပေးဝေပြီးနောက်တွင်
ဦးဘသန်းမှာ ကျွတ်လွတ်သွားသည်လားမသိ။ မည်သူ့ကိုမှ ပူးကပ်ခြင်းမရှိတော့ချေ။
သို့သော်လည်း တစ်ဇောက်ကန်းဘသန်းဟု ခေါ်ကြသော ဦးဘသန်း၏အကြောင်းမှာ
ကြံတောရွာကလေးတွင် ပြောစမှတ် တွင်ခဲ့ရလေတော့သည်။
+++++
ကိုဖြိုး(ကျိုက်လတ်)