“လိပ်ပြာခွဲတဲ့နေ့”(စ/ဆုံး)

“လိပ်ပြာခွဲတဲ့နေ့”(စ/ဆုံး)

===========================

“ကိုအောင်ကျော်
ရှင်အရက်သောက်တာလျှော့လို့
မရတော့ဘူးလား’

“ငါ့ပါးစပ်နဲ့ငါသောက်တာ
ဘယ်သူ့ဂရုစိုက်နေရမှာလဲ မသန်းအေးရ

“ဘယ်သူ့ကိုဂရုစိုက်ရမယ်လို့
ပြောနေတာမဟုတ်ဘူး၊မကြာခင်
ကျွန်မလည်းမွေးရဖွားရတော့မယ်။
မကြာခင်ရှင်လည်းကလေးဖအေဖြစ်
တော့မယ်လေ၊ဒါကြောင့်အရက်ကို
ဖြစ်နိုင်ရင်မသောက်ဖို့ပြောနေတာ။
ရှင်ကတခြားလူတွေလိုမဟုတ်ဘူး
မူးလာရင်သွေးဆိုးတယ်၊ရမ်းကားတယ်
ဒီလိုလုပ်နေရင်နောင်လာမယ့်
အိမ်ထောင်ရေးကဘယ်လိုလုပ် သာယာနိုင်ပါတော့မလဲရှင်.”

“ဟ…ငါကမင်းကိုရိုက်နှက်နှိပ်စက်နေလို့လား.
ငါမင်းကိုဝမ်းဝအောင်ရှာကျွေးနေတာ လူတိုင်းအသိပဲ၊ငါပင်ပန်းလို့အရက်သောက်တာ
ငါဘယ်သူ့ကိုဂရုစိုက်နေရမှာလဲကွာ”

“ရှင်ကပြောလေကဲလေပဲ
ဘယ်တော့ဖြစ်ဖြစ်ကျွန်မပြောရင်
နားမထောင်ဘူး။
အကယ်၍ကျွန်မသေသွားခဲ့ရင်တောင်
ကျွန်မကလေးကိုရှင်နဲ့ထားခဲ့ရမှာ
စိတ်မဖြောင့်ပါဘူးတော်”

“ဟာဒီမိန်းမ ဗိုက်ကြီးကြီးနဲ့
မပြောကောင်းမဆိုကောင်းကွာ”

မသန်းအေးနဲ့ကိုအောင်ကျော်တို့
လင်မယားနှစ်ယောက် တစ်ဦးနဲ့တစ်ဦး
ကတောက်ကဆဖြစ်ကာစကားများနေ
ကြလေတယ်။
ကိုအောင်ကျော်နဲ့မသန်းအေးက
အသက်ကြီးမှအိမ်ထောင်ကျကြပြီး
အိမ်ထောင်သက်၄နှစ်ကျော်မှ
ပထမဆုံးသောရင်သွေးလေးအား
ရရှိထားခြင်းဖြစ်ပါတယ်။
ကိုအောင်ကျော်ကပန်းရံလုပ်ပြီး
ဇနီးသည်မသန်းအေးအားရှာဖွေ
ကျွေးမွေးလေတယ်၊ကိုအောင်ကျော်က
အလုပ်ပင်ပန်းသည်ဟုဆိုကာ
အရက်ကလေးအားညစဉ်ညတိုင်း
သောက်တတ်ပါတယ်။
အဲသလိုညစဉ်ညတိုင်းအရက်တွေ
သောက်ပြီးမူးရူးကာပတ်ဝန်းကျင်အား
ရမ်းတဲ့ဒဏ်တွေကိုမသန်းအေး တစ်ယောက်မခံနိုင်ဖြစ်ရပါတော့တယ်။

မသန်းအေးကနာမည်နဲ့လိုက်အောင်
အေးသူတစ်ယောက်ဖြစ်ပါတယ်။
ထို့ကြောင့်မည်သူနဲ့မှလည်းစကားများ
ပြဿနာဖြစ်ခြင်းမရှိခဲ့ပေ။
ယခုမူအရက်သောက်တတ်သည့်
ခင်ပွန်းသည်အားအရက်မသောက်ရန်
ပြောဆိုရင်းစကားများနေရပါတော့တယ်

=================

“အမယ်လေး ဗိုက်နာလိုက်တာ
ကိုအောင်ကျော် ကိုအောင်ကျော်
ကျွန်မဗိုက်နာနေပြီ မွေးတော့မယ်နဲ့
တူတယ် ကိုအောင်ကျော်’

မသန်းအေးတစ်ယောက် ခင်ပွန်းဖြစ်သူအားအော်ခေါ်နေပေမယ့်
ကိုအောင်ကျော်မှာအိမ်မှာရှိမနေပဲ
အရက်ဆိုက်၌အရက်သောက်ရင်း
အချိန်ဖြုန်းနေပါတယ်။

အိမ်ကြီးထဲ၌ မသန်းအေးတစ်ယောက်တည်းသာ
ရှိနေပါတယ်။
မသန်းအေးလည်းနာကြင်သည့်ဝေဒနာ
အားကြိတ်မှိတ်ခံစားရင်း ပတ်ဝန်းကျင်အား အကူအညီတောင်းရပါတော့တယ်။
အချိန်ကလည်းည၈နာရီခန့် ရှိပြီဖြစ်သည့်အတွက် မသန်းအေးတစ်ယောက် ကြောက်စိတ်ဖြစ်ခြင်း၊အားငယ်ခြင်းများ
ဖြစ်ကာမျက်ရည်များပင်ကျလာပါတော့
တယ်။

မသန်းအေးရဲ့အကူအညီတောင်းသံအား
ပတ်ဝန်းကျင်မှကြားသိကာ
မသန်းအေးထံသို့အပြေးအလွှား
ရောက်လာကြပါတော့တယ်၊
ထိုအခါမသန်းအေးကသူနှင့်အစ်မတော်စပ်သူမသီတာအားခေါ်ပေးရန်
ပြောသဖြင့်အိမ်နီးချင်းတစ်ယောက်က
မသီတာအားခေါ်ပေးလိုက်လေတယ်။

မသီတာလည်းညကြီးအချိန်မတော်
ရပ်ကွက်အတွင်းမှဆိုက်ကားအား
ငှားကာဆေးရုံသို့ ညီမဖြစ်သူအား
ခေါ်လာပါတော့တယ်။
အိမ်နီးချင်းများကမသန်းအေးမီးဖွား
တော့မည့်အကြောင်းအား အရက်ဆိုင်မှာ
ရှိနေသည့်ကိုအောင်ကျော်အား
သွားရောက်အသိပေးလိုက်ကြပါတယ်။
သို့ပေမယ့် အိုးကမပူစလောင်းကပူ
ဆိုသည့်စကားအတိုင်း ကိုအောင်ကျော်မှာ အရက်သောက်ပင်
မပျက်ခဲ့ပေ။

ဆေးရုံပေါ်တွင်တော့ မသန်းအေး
တစ်ယောက်ကလေးမီးဖွားရန်အတွက်
လုံးပန်းနေရပါတော့တယ်။

“လူနာရှင် လူနာရှင်ရှိပါသလား”

“ဟုတ် ကျွန်မမွေးလူနာသန်းအေးရဲ့
အစ်မပါ ဒေါက်တာ”

“မသန်းအေး မွေးပြီးပါပြီ
ကလေးကမိန်းကလေးပါ။
ဒါပေမယ့်လူကြီးရဲ့ကျန်းမာရေးကတော့
သိပ်ပြီးအားမရဘူး၊ဒါနဲ့မွေးလူနာရဲ့
ခင်ပွန်းရောပါလာသလား”

“ဟို ဟို သူအလုပၼအားလို့
လိုက်မလာနိုင်တာပါ ဒေါက်တာ”

“ဒီလိုမွေးခါနီးဖွားခါနီးအချိန်ရောက်တာ
တောင်မှမအားရအောင်သူကဘာအလုပ်
တွေများလုပ်နေသလဲရှင်”

ဆရာဝန်ကြီးကမွေးလူနာ၏
ကိုယ်စားဒေါသဖြစ်ကာပြောလိုက်ခြင်း
ဖြစ်ပါတယ်။
မသန်းအေးတစ်ယောက်သမီးလေးအား
အောင်မြင်စွာမွေးဖွားပြီးသွားပေမယ့်
ခင်ပွန်းသည်ကတော့ယခုထိဆေးရုံသို့
ရောက်မလာခဲ့ချေ။
မသန်းအေးလည်းခင်ပွန်းသည်အား
နာကျည်းခြင်းများဖြင့်မျက်ရည်များ
ကျဆင်းလာပါတော့တယ်.

“ညီမလေး ညည်းကျန်းမာရေးကို
ဂရုစိုက် ဟိုကောင်ကိုခေါင်းထဲထည့်ပြီး
စဉ်းစားမနေနဲ့ ညည်းပဲရောဂါရလိမ့်မယ်
ဒေါက်တာကပြောတယ် ညည်းကျန်းမာရေးကိုသိပ်အားမရဘူးတဲ့
ဒါကြောင့်ကိုယ့်ဟာကိုယ်အားရှိအောင်
နေထိုင်ပါ ငါ့ညီမ။
ငါ့ညီမနားမှာအစ်မတစ်ယောက်လုံးရှိ
တယ်”

“ညီမလေးသူ့ကိုနာကျည်းလွန်းလို့ပါ
အစ်မရယ် ကိုယ့်ရဲ့ပထမဆုံးကလေး
တစ်ယောက်ဖွားမြင်တာကိုတောင်
လာမကြည့်နိုင်ရအောင် အရက်လောက်
ညီမလေးမီးဖွားတာကအရေးမပါလို့လား
အရက်လောက်ညီမကိုတန်ဖိုးမထား
တာလား၊ညီမကိုမငဲ့ရင်တောင် မွေးလာတဲ့ကလေးကိုတော့
သူလာပြီးကြည့်သင့်တာပေါ့အစ်မရယ်”

“သြော် အစ်မပြောပြီးပြီပဲညီမလေးရဲ့
ညီမလေးနားမှာဘယ်သူမှမရှိရင်နေ
အစ်မတစ်ယောက်လုံးရှိတယ်
ဘာမှစိတ်အားမငယ်နဲ့ကြားလား”

“ဟုတ်အစ်မ
အစ်မရှိလို့သာပေါ့ရှင်၊မဟုတ်ရင်
ညီမလေးမွေးခန်းထဲမှာပဲ အားငယ်ပြီး
သေမလားအောင့်မေ့ရတယ်။

“အို… ညီမလေးကလည်း
ဘာတွေလျှောက်တွေးနေတာလဲ
အခုညည်းမှာသမီးလေးလည်းရှိနေပြီ
အစ်မကြီးလည်းညည်းအနားမှာ
ရှိနေတာပဲမလား။
ဘာမှစိတ်ဓာတ်မကျနဲ့ ကြားလား”

“ဟုတ်အစ်မ”

မသန်းအေးဆေးရုံမှဆင်းသည့်
တိုင်အောင်ကိုအောင်ကျော်တစ်ယောက်
မသန်းအေးထံသို့ရောက်မလာခဲ့ပေ။
ထို့ကြောင့်မသန်းအေးလည်း
အိမ်ပြန်ရောက်ကတည်းက
ကိုအောင်ကျော်အားစကားတစ်ခွန်းမှ
မပြောပဲနေနေလိုက်တယ်။
အစ်မဖြစ်သူမသီတာကတော့
အားရင်အားသလိုညီမဖြစ်သူထံ
ရောက်လာကာပြုစုလုပ်ကိုင်ပေးရှာ
တယ်။
ကလေးအနှီးလျှော်တာဖွတ်တာ
မသန်းအေး၏အဝတ်အစားကအစ
မသီတာကပဲဒိုင်ခံလျှော်ဖွတ်လဲလှယ်
ပေးလေတယ်။

ကိုအောင်ကျော်ကတော့
မသန်းအေးအားဂရုစိုက်ဖို့နေနေသာသာ
သူမွေးထားသည့်ကလေးကိုပင်
အရေးတယူလုပ်ပြီးမကြည့်ပေ။
ထို့ကြောင့်မသန်းအေးလည်း
ကိုကျော်အောင်အားမုန်းတီးသထက်
မုန်းလာခဲ့ပါတော့တယ်။

ကလေးမီးဖွားပြီး၇ရက်မြောက်သည့်ညတွင်တော့မသန်းအေးတစ်ယောက်
အတွင်းကြောများတက်ကာ
သတိလစ်သွားလေတယ်။
ကိုအောင်ကျော်လည်းထိုအခါမှ
ပြာပြာသလဲဖြစ်ကာဘာလုပ်လို့
ဘာကိုင်ရမှန်းမသိပဲဖြစ်နေပါတော့တယ်
ထို့ကြောင့်မသန်းအေး၏အစ်မမသီတာကိုပြေးပြီးခေါ်လိုက်ပါတယ်။
မသီတာကညီမဖြစ်သူမသန်းအေးအား
တတ်ကျွမ်းသလောက်ပြုစုလုပ်ကိုင်
ပေးပေမယ့် ညသန်းခေါင်လောက်တွင်
တော့လူ့လောကထဲမှ မသန်းအေး
တစ်ယောက်ထွက်ခွာသွားပါတော့တယ်။

မသီတာလည်းညီမဖြစ်သူအတွက်
ယူကျုံးမရဖြစ်ပြီးငိုချလိုက်ပါတော့တယ်
ကိုအောင်ကျော်လည်းအသိစိတ်ကင်းမဲ့
သွားသည့်အလားငူငူကြီးထိုင်နေလေ
တယ်။
မသီတာ၏ငိုသံအားကြားသိသော
အိမ်နီးချင်းများကအိမ်ထဲဝင်လာကြပြီး
မသန်းအေးရဲ့အလောင်းအားညတွင်း
ချင်းပင်ပြင်ဆင်လိုက်ကြပါတယ်။

မသန်းအေးသေရသည်မှာ
ကိုအောင်ကျော်ကြောင့်ဟုအားလုံးက
စွပ်စွဲပြောဆိုကြပါတော့တယ်။
ကိုအောင်ကျော်လည်းမိမိလုပ်ရက်များကိုနောင်တအကြီးအကျယ်ရကာ
အများပြောသမျှခါးစည်းခဲရပါတော့
တယ်။

မနက်လင်းသည်နှင့်မသီတစ်ယောက်
အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦး
အားနာရေးအိမ်သို့ခေါ်လာခဲ့တယ်။
ထိုမိန်းမကြီး၏လက်ထဲ၌ အရွယ်အစား
ခပ်သေးသေးချိန်ခွင်တစ်ခုလည်းပါလာ
ပါတယ်။

“ဒေါ်ကြီးဆွေ လုပ်စရာရှိတာလုပ်ပါ”

မသီတာကဒေါ်ကြီးဆွေဆိုသည့်
မိန်းမကြီးအားလုပ်စရာရှိတာလုပ်ပါဟု
ပြောလိုက်တော့ ဒေါ်ကြီးဆွေဆိုသည့်
မိန်းမကြီးလည်း မသန်းအေး၏
အလောင်းနား၌ချိန်ခွင်ကိုချိတ်ဆွဲလိုက်
ပါတော့တယ်။
ပြီးနောက်လက်ထဲမှဝါဂွမ်းစအနည်းငယ်ကိုယူကာချိန်ခွင်၏တစ်ဖက်၌ထည့်ပြီး

“သန်းအေးရေ ဒါကနင်”

ဒေါ်ကြီးဆွေကနောက်ထပ်
ချိန်ခွင်တစ်ဖက်တွင်လည်းတူညီသည့်
ဝါဂွမ်းစအနည်းငယ်အားထည့်ကာ

“ဒါက အောင်ကျော်”

တူညီသောဝါဂွမ်းစများကြောင့်
ချိန်ခွင်ဟာဘယ်ဘက်မှတိမ်းစောင်း
မနေပဲဘောင်ပိတ်နေပါတယ်။

“သန်းအေးရေ ဒီနားမှာနင့်ယောက်ျားရော၊နင့်ရဲ့သမီးလေးရော၊နင့်ရဲ့ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတွေ
ရောအားလုံးစုံစုံညီညီရောက်နေကြတယ်
ငါတို့ဒီလိုလုပ်ရတာ နင့်သမီးလေးရဲ့
ရှေ့ရေးအတွက်ပါကွယ်။
နင့်သမီးလေးကိုနင်ဘယ်လောက်ထိ
ချစ်မယ်၊စွဲလန်းမယ်ဆိုတာငါတို့အားလုံး
သိပါတယ် ဒါပေမယ့် နင်နဲ့နင့်သမီးက
ဘဝချင်းမတူတော့ဘူး။
ဘဝခြားသွားကြပြီ ဒီတော့နင်ဟာ
နင့်သမီးလေးနဲ့အတူနေဖို့ မဖြစ်နိုင်ဘူး။
နင့်သမီးလေးကိုချစ်လို့ နင့်နောက်ကို
အပါခေါ်သွားရင် နင့်ယောက်ျားရော
နင့်ရဲ့အမျိုးတွေပါ ဝမ်းနည်းပူဆွေးနေရမယ်၊စိတ်ဆင်းရဲ
နေကြလိမ့်မယ် နင့်သမီးလေးအတွက်လည်း
မကောင်းဘူး။
ပြီးတော့ကလေးကဘဝအဆက်ဆက်က
ကုသိုလ်ကောင်းမှုတွေရှိချင်ရှိလိမ့်မယ်
ဒါကြောင့်နင်နဲ့အတူနေဖို့ဆိုတာ
မဖြစ်နိုင်ဘူး။
ဒါကြောင့်နင့်သမီးလေးကို ကျန်းကျန်းမာမာ၊ပျော်ပျော်ရွှင်ရွှင်နေရဖို့
အတွက်နင့်ကလေးကိုနင့်ယောက်ျားဆီမှာထားခဲ့ပါ။
နင့်သမီးကိုနင့်ယောက်ျားဆီမှာ
ထားခဲ့မယ်ဆိုရင် နင့်ယောက်ျားအောင်ကျော်ရဲ့ဘက်ကို
ချိန်ခွင်စောင်းပြပါ။

လိပ်ပြာခွဲသည့်ဒေါ်ကြီးဆွေ၏
စကားဆုံးတော့အားလုံးရဲ့အကြည့်
တွေကချိန်ခွင်ဆီ၌သာရှိနေပါတယ်။
၅မိနစ်ခန့်ကြာသည်အထိချိန်ခွင်က
လှုပ်ရှားခြင်းမရှိပေ။
ထို့ကြောင့်မသန်းအေးက သမီးလေးအား
သူ့ယောက်ျားနှင့်အတူမထားနိုင်ဟု
အားလုံးကသိလိုက်ရပါတော့တယ်။

“အဟမ်း အဟမ်း
သန်းအေးရေ ငါထပ်မေးမယ်နော်
နင့်သမီးကိုနင့်ယောက်ျားဆီမှာ
စိတ်ချပြီးထားခဲ့မယ်ဆိုရင်
နင့်ယောက်ျားအောင်ကျော်ရဲ့ဘက်ကို
ချိန်ခွင်စောင်းပြပါ……”

ဒုတိယအကြိမ်ထပ်မံပြီး
မေးလိုက်ပေမယ့်ချိန်ခွင်ကတော့
တုတ်တုတ်မျှမလှုပ်ရှားပေ။
ကိုအောင်ကျော်လည်းဇနီးဖြစ်သူ
မသန်းအေးကသမီးလေးအားသူနှင့်
မထားချင်မှန်းသိလိုက်ရပြီး ငိုနေပါတော့တယ်။

“ကဲ…သန်းအေးရေ နင့်ယောက်ျား
ဆီမှာနင့်ကလေးကိုမထားခဲ့ချင်မှန်း
ငါတို့သိလိုက်ရပါပြီ။
ဒါကြောင့်နင့်ယောက်ျားဘက်က
ဝါဂွမ်းစကိုငါဖယ်လိုက်ပါ့မယ်”

ဒေါ်ကြီးဆွေကကိုအောင်ကျော်
ဘက်မှဝါဂွမ်းစအားချိန်ခွင်ထဲမှ
ယူပြီးအများမြင်အောင်လွှင့်ပစ်လိုက်
ပါတယ်။

“ဒီထဲမှာရှိကြတဲ့ လူတွေထဲမှာ
မသန်းအေးရဲ့သမီးလေးကို
မွေးစားချင်ကြတဲ့သူများရှိပါသလား။

“ကျုပ်မွေးစားမယ်ဗျို့ ”

“ဟာ…ကိုအောင်ကျော်ရဲ့အစ်ကို
ကိုလူမင်းပါလား”

“သူကပိုက်ဆံရှိတဲ့သူဆိုတော့
မသန်းအေးကသူ့ကိုပဲရွေးလောက်တယ်”

နာရေးအိမ်၌ရှိနေကြသော
လူများကသူတို့အမြင်အားပြောဆိုနေကြ
ပါတယ်။

“ကျုပ်တူမကို အမွေစားအမွေခံနဲ့
မွေးစားပါ့မယ်”

“ကောင်းပါပြီ ဒါဆိုရင်အများရှေ့မှာ
ကိုလူမင်းကိုကိုယ်စားပြုတဲ့
ဝါဂွမ်းစကိုချိန်ခွင်ထဲထည့်လိုက်ပါ့မယ်”

“သန်းအေးရေ ဒါကနင်
ဟောဒီဘက်က နင့်သမီးလေးကိုမွေးစားမယ့်ကိုလူမင်းပဲ”

ဒေါ်ကြီးဆွေကအများမြင်သာအောင်
ဝါဂွမ်းစအသစ်များလဲကာအဟောင်း
များကိုတော့လွှင်ပစ်လိုက်ပါတယ်။

“သန်းအေးရေ နင့်သမီးလေးနဲ့
ဦးလေးတော်စပ်တဲ့ ကိုလူမင်းကတော့
နင့်သမီးကိုအမွေစားအမွေခံနဲ့
မွေးစားမတဲ့ အဲဒါနင့်ဘက်ကလက်ခံရင်
ကိုလူမင်းဘက်ကိုချိန်ခွင်စောင်းပြပါ”

ဒေါ်ကြီးဆွေ၏စကားဆုံးသည်နှင့်
အားလုံးကချိန်လွင်အားစိတ်ဝင်တစား
ဖြင့်ကြည့်နေကြပါတယ်။

အချိန်အတော်ကြာသည်အထိ
ချိန်ခွင်ကမလှုပ်ရှားပဲရှိနေပါတယ်။
ဒေါ်ကြီးဆွေလည်းလိပ်ပြာခွဲသည့်
ဓလေ့အားအများမယုံကြည်မှာ
စိုးသဖြင့်ချက်ချင်းပဲမေးခွန်းပြောင်းလိုက်
ပါတော့တယ်။

“သန်းအေးရေ ဒီလိုတော့မလုပ်ပါနဲ့ဟယ်
နင့်သမီးလေးကို ကိုလူမင်းဆီမှာ
မထားချင်ဘူးဆိုရင် နင့်ဘက်ကို
ချိန်ခွင်စောင်းပြပါ။

ဒေါ်ကြီးဆွေ၏စကားဆုံးသည်နှင့်
ချိန်ခွင်ကရုတ်တရက် မသန်းအေး
ဘက်သို့လျင်မြန်စွာစောင်းသွားပါတယ်။

“ဟာ”

“ဟင်”

“ဟယ်”

“မသန်းအေးက ကိုလူမင်းဆီမှာလည်း
သူ့သမီးကိုစိတ်မချတဲ့ပုံပဲဟဲ့”

“ဘယ်စိတ်ချပါ့မလဲအေ
ကိုလူမင်းက ပိုက်ဆံရှိတယ်ဆိုပြီး
မသန်းအေးကိုနှိမ်ချပြောဆိုထားတာ
ဒါကြောင့်မသန်းအေးက ကိုလူမင်းဆီ
သူ့သမီးလေးကိုမထားချင်တာ
ဖြစ်မယ်အေ့”

ကိုလူမင်းလည်း အဖြေမှန်ကို
သိသွားသဖြင့်နောက်သို့ဆုတ်နေလိုက်
ပါတယ်။

“ကဲ.မသန်းအေးရဲ့သမီးကို
မွေးစားချင်တဲ့ဆွေမျိုးများရှိပါသလား”

“ကျွန်မမွေးစားမယ် ကျွန်မကိုကိုယ်စားပြုပြီး ချိန်ခွင်ထဲကို
ဝါဂွမ်းစထည့်ပေးပါ။

“မသန်းအေးအစ်မ မသီတာပါလား
သူကဆင်းရဲတယ်အေ့ သူ့ဆီမှာရော
မသန်းအေးကသူ့ကလေးကိုထားခဲ့ပါ့
မလား။

“ပြောမရဘူးလေဟယ်
မသီတာကသူ့အစ်မပဲ ထားချင်ထားမှာပေါ့ဟာ”

“ကောင်းပါပြီ မသီတာက
သူ့တူမလေးကိုသူမွေးစားမယ့်
အကြောင်းအများရှေ့မှာပြောလိုက်ပါပြီ။
သန်းအေးရေ ဒါကနင်
ဟောဒီဘက်ကနင့်အစ်မ မသီတာပဲ”

ဒေါ်ကြီးဆွေက ထုံးစံအတိုင်း
ဝါဂွမ်းစများအသစ်လဲကာ ချိန်ခွင်ထဲ
ထည့်လိုက်ပါတယ်။

“သန်းအေးရေ နင့်သမီးလေးကို
နင့်အစ်မဆီမှာထားခဲ့ချင်တယ်ဆိုရင်
မသီတာဘက်ကိုချိန်ခွင်စောင်းပြပါ။

“ဟာ”

“ဟင်”

“ဟယ်”

“မသီတာဘက်ကိုချိန်ခွင်စောင်းသွားပြီ”

ဒေါ်ကြီးဆွေစကားဆုံးသည်နှင့်
ချိန်ခွင်ကလျင်လျင်မြန်မြန်ပင်
မသီတာဘက်သို့စောင်းသွားပါတယ်။
မသီတာလည်းဝမ်းသာပြီးမျက်ရည်များ
ပင်ကျလာပါတော့တယ်။

“ကဲ ဟုတ်ပြီ ဟုတ်ပြီ
အားလုံးသံသယရှင်းသွားအောင်
ထပ်ပြီးမေးပေးပါ့မယ်။

ဒေါ်ကြီးဆွေက သံသယရှင်းစေချင်သည့်
စိတ်ဖြင့်ထပ်မံ၍မေးလိုက်ပြန်တယ်.

“သန်းအေးရေ နင့်သမီးလေးကို
နင့်အစ်မသီတာဆီမှာ ထားခဲ့ချင်တာ
မှန်တယ်ဆိုရင်၊နင့်ဘက်ကိုချိန်ခွင်
စောင်းပြပါကွယ်.

အားလုံးကစိတ်ဝင်တစားဖြင့်
ကြည့်နေခိုက် ချိန်ခွင်မှာချက်ချင်းပင်
မသန်းအေးဘက်သို့စောင်းသွားပါ
တော့တယ်။

“ဟာနှစ်ကြိမ်မေးလည်းဟ
မသန်းအေးကသူ့အစ်မမသီတာကိုပဲ
ရွေးသွားတာအေ့။

“ရွေးမှာပေါ့ဟယ်
သူမသေခင်က မသီတာကပဲ
ပြုစုလုပ်ကိုင်ပေးသွားမလား
ဒါကြောင့်သူ့သမီးလေးကိုသူ့အဒေါ်
လက်ထဲပဲစိတ်ချတာနေမှာပေါ့အေ”

မသီတာလည်းတူမလေးအား
ပွေ့ချီပြီးနမ်းရှုံ့နေပါတော့တယ်။
ကိုအောင်ကျော်လည်းမိမိအား
နားကျည်းမုန်းတီးသွားသည့်ဇနီးသည်အားအပြစ်မမြင်ပဲ နောင်တနှင့်အတူ
ငိုကြွေးနေပါတော့တယ်။

မသန်းအေး၏ရက်လည်ပြီးသွားသည့်
ညတစ်ညတွင်တော့ မသီတာတစ်ယောက် အိပ်မက်တစ်ခုကို
မက်ပါတယ်။
အိပ်မက်ထဲ၌ မသန်းအေးက သမီးလေးအား အစ်မနှင့်သာထားခဲ့ချင်၍
လိပ်ပြာခွဲသည့်နေ့က အစ်မဖြစ်သူမသီတာကိုရွေးခဲ့ကြောင်း
သူမသေခင်ကပြုစုလုပ်ကိုင်ပေးခဲ့တာ
တွေကိုကျေးဇူးတင်ကြောင်းပြောကာ
ပျောက်သွားပါတော့တယ်။

မသီတာလည်းတူမလေးအား
သမီးရင်းနှင့်မခြာချစ်ခင်ကာ
ပြုစုစောင့်ရှောက်ခဲ့ပါတယ်။
ကိုအောင်ကျော်တစ်ယောက်လည်း
နောင်တတရားတို့ကိုရင်ဝယ်ပိုက်၍
အရက်ကိုရာသက်ပန်စွန့်လွတ်လိုက်ပါ
တော့တယ်။

မသန်းအေးတစ်ယောက်ကတော့
သမီးလေးကိုစိတ်ချစွာဖြင့်ထားခဲ့ပြီး
ဘဝသစ်ကိုကူးပြောင်းသွားလေရဲ့။

ပြီးပါပြီ။ ဇာတ်လမ်းလေးအား
ကြိုက်နှစ်သက်ပါက လက်မလေးတွေ
ပေးခဲ့ပါနော်။

ရွှင်လန်းကြပါစေ…………

#အောင်ဓူဝံ #ပရလောက #ဖြစ်ရပ်မှန်