လိပ်ပြာဝှက်တဲ့ည

*စုန်းထီးကြီးဦးဘသာနှင့် လိပ်ပြာဝှက်တဲ့ည*📖📖📖

*********************************************

(၁)

လိပ်ပြာလှတယ်ဆိုတာ သရဲတစ္ဆေတွေကို လွယ်လွယ်မြင်နိုင်တာ၊ သရဲတစ္ဆေတွေက သူများတွေထက်လွယ်လွယ်ပူးကပ်နိုင်တာကိုခေါ်တာတဲ့ဗျ၊ အဲဒီအတိုင်းဆိုရင် ကျုပ်ညီမထွေးကလည်း လိပ်ပြာလှတယ်ပြောရမယ်၊ သူက အမြဲလိုလို လူတွေမြင်မြင်နေရတယ်ပြောတာပဲ၊ သူက သိုက်ကလာတာနဲ့များ ဆိုင်မလားတော့မပြောတတ်ပါဘူးဗျာ။

တစ်ရက်တော့ ရွာအနောက်ပိုင်းက ဒေါ်လုံးကြီး အသည်းအသန်နေမကောင်းဖြစ်နေပါရောဗျာ၊ သူက ကျုပ်အမေနဲ့ ညီအမတစ်ဝမ်းကွဲတော်တယ်ဆိုတော့ အမျိုးနီးတယ်လို့ပဲ ပြောရမှာပေါ့။ ကျုပ်တို့အညာသားဆိုတာကလည်း ဆွေမျိုးဆိုရင် သိပ်ခင်ကြတဲ့အမျိုးမဟုတ်လားဗျ၊ တစ်ချို့ဆို ဆွေမျိုးလို့တောင်မခေါ်ဘူး ရွှေမျိုးလို့ခေါ်ကြသဗျ၊ ဒီတော့လည်း အမျိုးထဲက တစ်ယောက်ယောက်နေမကောင်းရင် ကျန်တဲ့အမျိုးတွေက ဝိုင်းပြီးဂရုစိုက်ကြရတာ ထုံးစံပဲဗျ၊ အမျိုးရင်းတဲ့လူတွေဆိုရင် လူမမာအိမ်က အိမ်မှုကိစ္စတွေဝိုင်းကူပေးကြ၊ လူမမာစားဖို့သောက်ဖို့ ချက်ပြုတ်ပို့ကြ၊ ပြီးတော့ လူမမာအိမ်က လူတွေစားသောက်ဖို့ပို့ကြတယ်၊ ဆေးကောင်းဝါးကောင်းရှိရင်လည်း ညွန်ကြကူကြနဲ့ပေါ့ဗျာ၊ အဲဒီအိမ်က ကလေးတွေဘာတွေရှိရင်လည်း ကူထိန်းပေးတတ်ကြသေးတယ်ဗျ၊ အမျိုးချင်းဝေးတယ်ဆိုရင်တောင် ဟင်းလေးဘာလေးချက်ပြီးတော့ သတင်းမေးသွားတတ်ကြသေးသဗျာ။

အခုဒေါ်လုံးကြီး နေမကောင်းဖြစ်တယ်ဆိုရော သူ့အိမ်ကိုကျုပ်တို့သွားကူရတာပေါ့ဗျာ၊ ဒေါ်လုံးကြီးက အပျိုကြီးဗျ၊ သားထောက်သမီးခံကလည်းမရှိဘူး၊ သူ့ညီမ ဒေါ်လုံးသေးကလည်း တစ်ရွာသားနဲ့အိမ်ထောင်ကျပြီး အောက်ပြည်အောက်ရွာဘက်ဆင်းသွားတယ်ဆိုတော့ ပြုစုမည့်လူလည်းမရှိဘူးပေါ့ဗျာ၊ ဒီတော့ အမျိုးရင်းတွေကပဲ ဝိုင်းကူပြီး ပြုစုပေးရသဗျ၊ ကျုပ်တို့လည်း နိုင်ရင်နိုင်သလို ကူပေးပါတယ်၊ ဒါပေမယ့် ဒေါ်လုံးကြီးက မိန်းမဆိုတော့ကာ မိန်းမသားအဖော်လေးတော့ ညရေးညတာလိုတယ်ပေါ့၊ ဒီအခါ အဖေ့အမိန့်နဲ့ အိမ်က အငယ်မနှစ်ယောက် ဒေါ်လုံးကြီးအိမ်မှာ သွားနေပေးပြီး ကူညီပေးတယ်ဆိုပါတော့။

ဒေါ်လုံးက ဘာဖြစ်မှန်းတော့မသိဘူးဗျ၊ အစားအသောက်ပျက်ရာကနေ ခြောက်လလောက်ကြာတဲ့အခါ တစ်ကိုယ်လုံးပိန်ချုံးပြီးတော့ လဲသွားတာပဲ၊ အဲတစ်ခုကတော့ ဗိုက်ကြီးတော့ပူလာသဗျ၊ အသက်ငယ်ရင်တော့ ကိုယ်ဝန်ရှိနေတယ်ပဲထင်ကြမှာ၊ အခုဒေါ်လုံးကြီးက အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နားကပ်နေလို့သာ မထင်ကြတာ၊ ဆေးဆရာဦးမှတ်ကြီးကတော့ ဖျဉ်းဆွဲတာလို့ပြောတယ်ဗျ၊ အစားအသောက်မဝင်တော့ တစ်နေ့ထက်တစ်နေ့ ပိုဆိုးတယ်ဆိုပါတော့။

ဒီနေ့တော့ကျုပ်အားနေတာနဲ့ ဒေါ်လုံးကြီးတို့အိမ်ဘက်ထွက်လာခဲ့တယ်ဗျ၊ ဘာကူညီပေးရမလဲဆိုပြီးသွားရင်း ဒေါ်လုံးကြီးအိမ်ထဲကိုဝင်လိုက်တယ်၊ အငယ်မက အိမ်ပေါ်အတက်အဆင်းလုပ်တဲ့ လှေကားဦးမှာ ငုတ်တုတ်ထိုင်ရင်း ဟင်းရွက်တွေသင်နေပါရောဗျာ၊ ကျုပ်လည်းဝင်လာရော အငယ်မက ကျုပ်ကိုမျက်မှောင်ကြုတ်ပြီး ကြည့်နေသဗျ။

“ဟဲ့ အငယ်မ၊ ငါဘာလုပ်ပေးရမလဲ၊ နင်တို့သုံးဖို့စွဲဖို့ ရေရောရှိသေးရဲ့လား၊ မရှိရင် ရေထမ်းပေးမယ်”

“ဟာ အကိုလတ်ကလည်း ရေထမ်းတာများ တစ်ယောက်တည်းလာပေါ့၊ ဘာဖြစ်လို့ လူသုံးလေးယောက်ခေါ်လာတာလဲ”

အငယ်မလှမ်းမေးတော့ ကျုပ်ဖြင့်ကြောင်အမ်းအမ်းဖြစ်သွားတယ်၊ ဒါနဲ့ အနောက်ကိုလှည့်ကြည့်လိုက်တော့ ခြံတံခါးအဝနားမှာ လူဆိုလို့ ကျုပ်တစ်ယောက်တည်းရှိတာဗျ။ ဒါနဲ့ အငယ်မကိုကြည့်လိုက်ရင်း

“ဟဲ့ အငယ်မ၊ နင်ဘာတွေလျှောက်ပြောနေတာလဲ ဒီမှာငါတစ်ယောက်တည်း ရှိတာပါဟ”

“အကိုလတ်ကတော့ ပြောရော့မယ်၊ ခုနက လူကြီးသုံးယောက်ပါလာတယ်လေ၊ တစ်ယောက်က အင်္ကျီအကွက်ကြီးနဲ့၊ ခုနကတင်ပဲ အိမ်ဘေးကိုဝင်သွားကြတယ်မဟုတ်လား”

ကျုပ်ဖြင့်ကျောတောင်ချမ်းလာတယ်ဗျာ။ ဒါနဲ့ပဲ အငယ်မနဲ့ဆက်မပြောချင်တို့လို့ ရေထမ်းပုံးယူရအောင် အိမ်ဘေးကိုထွက်လာခဲ့တယ်၊ အိမ်ဘေးက ရေကပြင်မှာတော့ နို့ညှာညီမက အဝတ်တွေလျှော်ဖွပ်နေသဗျ။ ကျုပ်လာတော့ ကျုပ်ကိုမော့ကြည့်ရင်း

“အကိုလတ်လာတာနဲ့အတော်ပဲ၊ အဝတ်လျှော်ရင်း ရေကုန်တော့မယ်၊ ရေလေးဘာလေး ထမ်းသွားပေးအုံး”

“အေးပါဟာ၊ ငါကလည်း ကူရအောင်ဆိုပြီးလာခဲ့တာပါဟ”

ကျုပ်က ရေပုံးနဲ့ထမ်းပိုးကိုဆွဲယူလိုက်ရင်း

“ဟဲ့ ဒါနဲ့ အငယ်မဘာတွေဖြစ်နေတာလဲ၊ အိပ်ရေးတွေဘာတွေပျက်ပြီး မြင်ချင်ရာတွေမြင်နေတာလား”

ကျုပ်မေးတော့ နို့ညှာညီမက အလန့်တကြားနဲ့

“ဟယ် အကိုလတ်ကိုလည်းပြောတယ်လား”

“ဟေ၊ ဒါဆို နင့်ကိုရောပြောတာများလား”

“ပြောတာပေါ့ အကိုလတ်ရာ၊ ပြောတောတွေကလည်း ကြောက်စရာကြီးတွေ၊ သူ့မျက်လုံးထဲ လူတွေတွေ့တွေ့နေရတယ်တဲ့၊ ဟိုရက်ကလည်း အိမ်ပေါ်ကိုလူတွေတက်လာပြီးတော့ အကြီးဒေါ်လုံးကို ထိုင်ကြည့်နေကြတယ်ဆိုပဲ၊ သူပြောတဲ့နေရာကို သမီးကြည့်တော့လည်း ဘာမှမတွေ့ပါဘူး”

“ဟိုရက်ကတော့ အကြီးဒေါ်လုံး ခြေရင်းမှာလူတွေထိုင်နေကြရင်း အကြီးခြုံထားတဲ့ စောင်ကိုဝိုင်းဆွဲနေတယ်ပြောတယ်၊ ဒီလူတွေ စကားပြောနေတာလည်း ဆူညံနေတာပဲတဲ့”

“အင်း၊ ထူးတော့ထူးနေပြီဟ၊ အငယ်မက သိုက်ကလာတာဆိုတော့ ဧကန္တတစ္ဆေသရဲတွေကို မြင်နေရတာများလား၊ နင်တို့တွေ ဘုရားတရားများများလုပ်ကြစမ်း”

နို့ညှာမကိုပြောပြီးတော့ ကျုပ်ရေထမ်းပုံးကလေး ထမ်းပြီးတော့ အဲဒီအိမ်ကနေထွက်လာခဲ့တာပေါ့ဗျာ၊ ဒေါ်လုံးကြီးအိမ်နဲ့ လေးငါးအိမ်လောက်လှမ်းတဲ့ အိမ်မှာရှိတဲ့ ရေတွင်းကနေ ရေငင်ပေးရပါရောဗျာ၊ ရေထမ်းရင်း သုံးလေးထမ်းလောက်ရတဲ့အခါ နွားတွေမောင်းလာတဲ့ ဦးဘသာနဲ့တွေ့ပါရောဗျာ။

“ဟေ့အလတ်ကောင်၊ ဘယ်ကိုရေတွေထမ်းနေတာလဲကွ”

“ဟာ၊ ဦးဘသာနဲ့တွေ့တာ အတော်ပဲဗျာ၊ ကျုပ်ပြောစရာရှိလို့ဗျ၊ အခုတလော အငယ်မက ထူးဆန်းနေတယ်”

ဦးဘသာက နွားရိုက်တဲ့ကြိမ်ကို မြေကြီးမှာထောက်ရင်းနဲ့

“ဆိုစမ်းပါအုံး၊ ဘယ်လိုထူးဆန်းတာလဲကွ”

ကျုပ်လည်း ရေထမ်းပုံးကို မြေပေါ်ချရင်း

“ဒီလိုဦးဘသာရဲ့ အငယ်မက နေမကောင်းဖြစ်တဲ့ ဒေါ်လုံးကြီးအိမ်မှာ သွားပြီးနေပေးတယ်မဟုတ်လား၊ အဲဒါအခုတလော လူစိမ်းတွေတွေ့နေရတယ်လို့ပြောတယ်ဗျ၊ ဒါပေမယ့် ကျုပ်တို့ကြည့်လိုက်တော့လည်း ဘာဆိုဘာမှကိုမရှိဘူးဗျာ၊ အဲဒါ မဟုတ်မှလွဲရော သရဲတွေများလား”

“လူတွေကိုရန်မပြုဘူးဆိုရင်တော့ သရဲလို့ပြောတာထက် ပရလောကသားလို့ ပြောလို့ရမယ်ထင်တယ်ကွ၊ ဒါပေမယ့် နာမကျန်းဖြစ်နေတဲ့လူတွေအိမ်မှာ ဒီလိုမျိုးအရိပ်အယောင်တွေများများတွေ့တာ မကောင်းဘူးဟေ့၊ လူနာအတွက်စိုးရိမ်ရတယ်ကွ”

“ဟာ၊ ဟုတ်လားဗျာ”

“ဒီလိုကွ၊ လူမမာတစ်ယောက်က လူစိမ်းတွေ၊ ကိုယ်နဲ့တစ်ခါမှ မမြင်ဖူးမသိဖူးတဲ့လူတွေ ကိုယ့်အနားမှာမြင်နေရပြီဆိုရင် အဲဒါ သေတော့မယ့်နိမိတ်ပဲဟေ့၊ ပြောရရင်တော့ ပရလောကကိုမြင်ရတဲ့လူဟာ သေတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ကွာ၊ သူမြင်နေရတာတွေက ပရလောကသားတွေကိုးကွ”

“ဒါဆို ဒေါ်လုံးကြီးလည်း စိုးရိမ်ရတယ်ပေါ့နော်”

“ဒါကတော့ သူ့ကိုကုနေတဲ့ဆေးဆရာတွေအသိဆုံးဖြစ်မှာပေါ့ကွာ၊ တစ်ခုခုထူးရင်တော့ ငါ့လာပြောပေါ့ကွာ၊ ကဲ ငါလည်းသွားပြီဟေ့”

ဦးဘသာက နွားတွေကိုမောင်းချသွားတော့တယ်၊ သူပြောတာနားထောင်ပြီး ကျုပ်တောင်မှ ခပ်လန့်လန့်ဖြစ်သွားတာပါပဲ။

(၂)

ဦးဘသာပြောတဲ့အတိုင်းပဲဗျ၊ သုံးရက်လောက်နေတော့ ဒေါ်လုံးကြီးအမောဖောက်ပါရောဗျာ၊ အမောဖောက်တယ်ဆိုတာက မျက်လုံးကြီးပြူးပြီး နှာခေါင်းကပွစိပွစိဖြစ်ရင်း အသက်ကိုမနည်းပြူးပြဲပြီးရှူနေတာကိုပြောတာဗျ၊ ဆွေမျိုးရင်းတွေလည်း အကုန်ပြေးလာကြတာပေါ့၊ ဆေးဆရာဦးမှတ်ကြီးကိုခေါ်ပြီးပြတော့ ဦးမှတ်ကြီးက ခေါင်းခါပြသဗျ၊ အခြေအနေမကောင်းဘူးဆိုတဲ့သဘောပေါ့ဗျာ။

“အခြေအနေကတော့ မကောင်းတော့ဘူးဟေ့၊ ဆွေမျိုးတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြပါ၊ ကျုပ်စိတ်ထင် ဒီမနက် မိုးတောင်လင်းပါ့မလားမသိဘူး”

အဲဒီလိုပြောပြီးတော့ လူနာအတွက် မေတ္တာပို့ပေးပြီး အိမ်ပေါ်ကနေဆင်းသွားတာပဲဗျာ၊ လူနာရဲ့ဆွေမျိုးတွေကတော့ စုကုန်ကြပြီ၊ ဆွေမျိုးဆိုလို့လည်း များများစားစားမရှိပါဘူးဗျာ၊ သုံးအိမ်ထောင်ထဲရယ်ပါဗျ၊ ဒီထဲမှာ အဖေတို့အိမ်ထောင်လည်းပါတယ်ဆိုတော့ ဒီကိစ္စက အဖေ့ခေါင်းပေါ်ရောက်လာတယ်ဆိုပါတော့။

“ဟေ့ကောင်မောင်တုတ်၊ မင်းက ချက်ချင်းပဲ မြိုင်သာကိုသွားဖို့ပြင်စမ်း၊ မြိုင်သာကနေ မနက်ဖြန်မနက်စောစော သူ့ညီမ လုံးသေးဆီကို သံကြိုးရိုက်”

“ဟိုနေ့က စာပို့ပြီးပြီလေသူကြီး”

“ဟာကွာ၊ စာကကြာတယ်၊ သံကြိုးအမြန်ရိုက်၊ ဒေါ်လုံးတင်အခြေအနေမကောင်းလို့ အသက်မှီချင်ရင် မြန်မြန်လာခဲ့ပါလို့ ရိုက်လိုက်၊ အခုပဲလှည်းကောက်ပြီး အကြီးကောင်တို့နဲ့သွားကြ”

“ကဲ ကျန်တဲ့မိပြားတို့ကတော့ ရပ်ထဲရွာထဲ နာရေးအတွက် ပြင်ဆင်ထားကြ၊ ကနားဖျဉ်းထိုးဖို့၊ ချက်ဖို့ပြုတ်ဖို့ ဧည့်ခံဖို့အတွက်ကို ကာလသားခေါင်း မောင်မြင့်တို့နဲ့တိုင်ပင်ပြီး လုပ်ကြ”

မိပြားတို့လည်း ထထွက်သွားတော့တယ်၊ အိမ်ပေါ်မှာ ကျုပ်တို့ပဲကျန်ခဲ့တော့တာပေါ့ဗျာ၊ အဖေက ရွာဦးကျောင်းဆရာတော်ကို သွားလျှောက်မယ်ဆိုပြီးထသွားလေရဲ့၊ အမေကတော့ မျက်ရည်ကလေး တစမ်းစမ်းနဲ့ပေါ့ဗျာ၊ အငယ်မနဲ့ နို့ညှာမက ဒေါ်လုံးကြီးဘေးနားမှာထိုင်နေတယ်ဗျ၊ ဒီအချိန် အငယ်မက ထအော်တာပဲ

“သွား၊ သွားကြစမ်း၊ ဒီကိုမလာကြနဲ့”

ဘယ်သူမှမရှိတဲ့ လှေကားအတက်အဆင်းကိုကြည့်ပြီး အသံအကျယ်ကြီးနဲ့အော်နေတာဗျ၊ ကျုပ်တို့သူ့ကိုမေးကြည့်တော့မှ လူလေးယောက်က ဒေါ်လုံးကြီးကိုရွာပြန်သယ်သွားမယ်ဆိုပြီး လှေကားကနေတက်ဖို့လုပ်နေတယ်တဲ့ဗျာ၊ ကျုပ်တို့ဖြင့်ဘာကိုမှ မမြင်ရပါဘူး။

“ဟော၊ ဟော လှေကားကနေမပြန်သေးဘဲ အခုအထိ ပြူတစ်ပြူတစ်လုပ်ပြီး ကြည့်နေကြသေးတယ်”

အမေကလည်း တော်တော်လန့်လာတယ်၊ ဒါနဲ့နောက်တော့ အိမ်ထဲဖယောင်းတိုင်ထွန်းပြီးတော့ ရှိသမျှပြတင်းပေါက်တွေပိတ်ပြီးနေလိုက်ရတယ်ဗျ၊ အငယ်မပြောတာတော့ တံခါးပိတ်လိုက်ရင် ဒီလူတွေကိုမတွေ့ရတော့ဘူးဆိုပဲ။ လူနာဘေးနားမှာ တစ်ယောက်တစ်လှည်းစောင့်နေကြရင်း တဖြည်းဖြည်းညမှောင်လာတယ်ဗျ၊ ကျုပ်တောင်မှ အိမ်တိုင်ကိုကျောမှီထိုင်ရင်း နည်းနည်းငိုက်လာတယ်၊ ညခုနစ်နာရီလောက်ရောက်တော့ ဒုန်းခနဲအသံကြီးကြားလိုက်တော့မှ ကျုပ်လန့်ပြီးနိုးသွားတယ်ဗျာ၊ ဒေါ်လုံးကြီးကိုကြည့်လိုက်တော့ ဒေါ်လုံးကြီးက ပါးစပ်ကြီးပွင့်လျှက်သားနဲ့ ပက်လက်ကြီးဗျ၊ ဒေါ်လုံးကြီးဘေးနားမှာတော့ အငယ်မက ခွေခွေကလေးလဲကျနေသဗျာ။

“ဟဲ့ အငယ်မ၊ နင်အပင်ပန်းမခံနဲ့၊ အိပ်ချင်ရင်သွားအိပ်တော့၊ ငါတို့ရှိတယ်၊ ငါတို့စောင့်ပေးမယ်”

ကျုပ်ပြောပေမယ့် အငယ်မက တုတ်တုတ်မလှုပ်ဘူးဗျ၊ ဒါနဲ့ အငယ်မကို သွားလှုပ်နိုးလိုက်ရင်း

“ဟဲ့ အငယ်မ၊ အိပ်ချင်ရင် အိမ်ခန်းထဲသွားအိပ်စမ်း”

ကျုပ်လှုပ်နှိုးပေမယ့် အငယ်မက လှုပ်ကိုမလှုပ်တော့ပါဘူးဗျာ၊ အသက်ကတော့ ရှိသေးတယ်ဗျ၊ ဒါပေမယ့် အသက်ရှူတာကတော့ မျဉ်းမျဉ်းကလေးပဲ၊ ဒါနဲ့ကျုပ် တော်တော်စိတ်ပူသွားမိတယ်၊

“အငယ်မ၊ အငယ်မ”

ကျုပ်အော်ခေါ်နေတဲ့အချိန် အမေက ရေနွေးကြမ်းကရားအိုးထည့်ထားတဲ့ ဗန်းကလေးကိုင်ပြီး အိမ်ပေါ်တက်လာတယ်။

“ဟဲ့ အလတ်ကောင်၊ လူနာအနားမှာ အော်ကြီးဟစ်ကျယ်နဲ့ ဘာလုပ်နေတာလဲ”

“အမေ၊ အငယ်မကို နှိုးမရတော့ဘူးဗျ”

“လူမမာကိုပြုစုရင်း အိပ်ရေးပျက်တာများလို့ အိပ်ပျော်နေတယ်ထင်ပါ့၊ သွားမနှိုးပါနဲ့အေ”

“ဟာ၊ အမေ၊ ဒါရိုးရိုးအိပ်တာမှ ဟုတ်ရဲ့လား၊ နှိုးလို့ကိုမရတော့ဘူးဗျ”

အမေတောင် ထိတ်လန့်သွားတယ်၊ မီးဖိုချောင်မှာ ရေနွေးကျိုနေတဲ့ နို့ညှာမလည်း အိမ်ပေါ်ပြေးတက်လာတယ်၊ ကျုပ်တို့ဘယ်လောက်နှိုးနှိုးအငယ်မက မနိုးဘူးဗျ၊ ရေစက်နဲ့တောက်နှိုးရုံမကလို့ ရေနဲ့ပက်ပြီးနှိုးလည်းမထတော့ဘူး၊ အမေက အငယ်မကိုဖက်ပြီး ငိုတော့တာပဲဗျာ။ ကျုပ်ဘာလုပ်ရမှန်းမသိဘဲ ခေါင်းတွေထူပူနေတယ်၊ နောက်မှ ဦးဘသာပြောတဲ့စကားကို သတိရသွားတယ်၊ ကိစ္စထူးရင် သူ့ကိုပြောလို့ ပြောသွားတယ်မဟုတ်လား၊ ဒါရိုးရိုးတန်းတန်းပြောတာမဖြစ်လောက်ဘူး၊ သေချာတာကတော့ ဦးဘသာက တစ်ခုခုသိနေတာဖြစ်မှာဗျ၊ ဒီလိုနဲ့ ကျုပ်လည်း ဦးဘသာကိုပြေးခေါ်ဖို့ ဒေါ်လုံးကြီးအိမ်ပေါ်ကနေ ပြေးဆင်းခဲ့ပါရောဗျာ။

“ဦးဘသာ . . . ဗျို့ . . . ဦးဘသာ”

ဦးဘသာအိမ်ကိုမရောက်ခင်ကတည်းက အသံရှည်ဆွဲအော်ပြီး ဦးဘာခြံထဲပြေးဝင်သွားလိုက်တယ်၊ ဦးဘသာက ကွမ်းအစ်ကလေးဖွင့်လို့ရယ်ဗျ

“အသံရှည်ဆွဲပြီး အော်လာပုံထောက်တော့ တော်တော်အရေးကြီးနေပြီထင်တယ်”

“အရေးကြီးတယ်၊ အရေးကြီးတယ်ဗျ၊ အငယ်မ . . . အငယ်မကို ခေါ်မရတော့ဘူးဗျ”

ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူဖွင့်နေတဲ့ကွမ်းအစ်ကို ပြန်ဖုံးလိုက်တယ်၊ ပြီးတော့ မတ်တပ်ထရပ်ပြီး ပုဆိုးကိုပြင်ဝတ်လိုက်သဗျာ။

“ဦးဘသာ၊ ဘာလုပ်တာလဲဗျ”

“ဟ၊ မင်းနဲ့လိုက်မလို့လေကွာ၊ ဒါနဲ့ ငါတို့ချည်းသွားလို့မဖြစ်သေးဘူးကွ၊ ဆေးဆရာကလေးကို ပင့်ရအုံးမယ်”

“ဆေးဆရာကလေးက ဘယ်သူလဲ၊ ဘယ်မှာလဲဗျ”

“ဟား၊ ဟား မင်းငါ့အိမ်မီးဖိုချောင်ထဲဝင်သွားလိုက်၊ ကြောင်အိမ်ပေါ်က ဆန်ခါခြင်းထဲမှာ ဘဲဥတွေရှိတယ်၊ အဲဒီအထဲက နှစ်လုံးနှိုက်ခဲ့စမ်းကွာ”

ဦးဘသာ ခိုင်းတာနဲ့ ကျုပ်လည်း သူပြောတဲ့အတိုင်း မီးဖိုထဲဝင်ပြီး ကြောင်အိမ်ပေါ်ကို ကြည့်လိုက်တယ်၊ ဘဲဥက ဘဲဥပြုတ်ဖြစ်မယ်ဗျ၊ နှစ်လုံးတည်းရှိတယ်၊ ကြွေပန်းကန်ကလေးတစ်လုံးထဲထည့်ထားပြီးတော့ ဆန်ခါကလေးနဲ့အုပ်ထားတယ်၊ ကျုပ်လည်း သူခိုင်းတဲ့အတိုင်း ဘဲဥနှစ်လုံးကိုနှိုက်ယူပြီး ပြန်ထွက်ခဲ့ပါရောဗျာ။

“ဦးဘသာက ဘယ်လိုလုပ်ပြီး ဘဲဥတွေဝယ်ထားတာလဲဗျ”

ကျုပ်တို့အညာမှာ ဘဲဥရှားတယ်မဟုတ်လားဗျာ၊ စားချင်ရင် ကြက်ဥလောက်ပဲရှိတာ၊ ဘဲကျတော့ ဒီလိုပူအိုက်ခြောက်သွေ့တဲ့ရာသီနဲ့ မကိုက်ဘူးမဟုတ်လား၊ ဘဲဆိုတဲ့အမျိုးက ရေကြိုက်တယ်ဆိုတော့ အညာမှာ သိပ်မမွေးကြဘူးလေဗျာ။

ဦးဘသာက ခုံဖိနပ်ကို တဂွတ်ဂွတ်နဲ့စီးသွားရင်း

“ဒွေးချောင်းဘက်က တောသည်လေးတွေ နေ့လည်က တက်လာကြတာ၊ သူတို့ဆီမှာ ဘဲဥပါလာတယ်ကွ၊ ငါလည်း ဘယ်လိုစားချင်မှန်းမသိလို့ ဈေးကြီးပေးဝယ်လိုက်တယ်ကွာ၊ အတော်ပဲ အခုမှ ဟန်ကျသွားတော့တယ်”

ဦးဘသာ အနောက်ကို ကျုပ်လည်း ဘဲဥတစ်လုံးကိုင်ပြီး ကောက်ကောက်ပါအောင်လိုက်သွားရတာပေါ့ဗျာ။

(၃)

ဒေါ်လုံးကြီးအိမ်ပေါ်ရောက်တာနဲ့ ဦးဘသာက အရင်ဆုံး ဒေါ်လုံးကြီးကိုကြည့်ပြီးတော့

“ဟိုက် သွားပြီဟ”

လို့ ရေရွတ်လိုက်တယ်၊ တစ်ခါ ဒေါ်လုံးဘေးနားမှာ လဲကျနေတဲ့ အငယ်မကိုကြည့်လိုက်ပြီး

“ဟာ၊ သူလဲသွားပြန်ပဟ”

ဦးဘသာ အဲဒီလိုပြောတာကို အမေက ကြားတာနဲ့ ငိုတော့တာပဲဗျာ၊ ဦးဘသာပြောပုံအရဆိုရင် သူတို့နှစ်ယောက်လုံး သေကြပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်လားဗျ။ ဦးဘသာကတော့ သူ့စကားကိုသူမသိလိုပုံနဲ့

“ဟဲ့ မသန်း၊ ညည်းကဘာဖြစ်လို့ထငိုတာလဲ”

“ဦးဘသာကြီးပဲ ပြောတယ်မဟုတ်လား၊ ကျွန်မသမီးကလေး သွားရှာပြီဆို၊ သွားပြီဆိုတာ သေပြီလို့ပြောတာမဟုတ်ဘူးလားရှင့်”

“ညည်းနှယ်ခက်ပါတယ်အေ၊ သွားပြီဆိုတာကတော့ ဟုတ်တယ်၊ သေပြီဆိုတာကတော့ မဟုတ်ဘူး”

“ဦးဘသာစကားက ဘယ်လိုကြီးလဲဗျ”

“သွားပြီဆိုတာ သူတို့လိပ်ပြာတွေထွက်သွားပြီး တစ်နေရာကိုရောက်သွားပြီလို့ပြောတာ၊ လူက သေတော့မသေသေးဘူးကွ၊ လိပ်ပြာလွင့်နေတယ်လို့ ခေါ်ကြမှာပေါ့ကွာ၊ သူတို့ကို ပြန်ခေါ်နိုင်ရင် သူတို့အသက်ရှင်မှာပါကွ”

ဦးဘသာပြောတော့ အမေက အားတက်သွားတယ်။

“ဒါဆို ကျွန်မသမီးလေးကို ကယ်ပါအုံး ဦးဘသာ”

“ဘာမှပူမနေပါနဲ့ မသန်းရာ၊ ငါတစ်ယောက်လုံးရောက်နေပြီပဲ၊ ဒီလောက်ကတော့ သာဒင်တို့အတွက် ပမွှားလေးပါဟ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီး

“ကဲ အလတ်ကောင်၊ ဒေါ်လုံးကြီးကို အိမ်အဝင်တံခါးဝအနားကို ရွေ့လာခဲ့”

ကျုပ်က ဒေါ်လုံးကြီးကိုဆွဲပြီးသယ်ရတာပေါ့ဗျာ၊ ဦးဘသာက အမေ့ဘက်ကိုကြည့်ပြီး

“မသန်းက၊ ထမင်းပန်းကန်တစ်ခုထဲကို ယောက်မတစ်ချောင်းနဲ့ ထမင်းတစ်ကော်စာထည့်ခဲ့၊ ပြီးတော့ အဲဒီယောက်မကိုပါ ယူလာခဲ့ကြားလား”

အမေကလည်း ကပြာကယာနဲ့ မီးဖိုထဲဝင်သွားတယ်၊ အပြင်ပြန်ထွက်လာတော့ သံပန်းကန်ပြားထဲမှာ ထမင်းတစ်ကော်ကို ပုံထားတယ်၊ ဘေးနားမှာတော့ ထမင်းအိုးမွှေတဲ့ ဇီးသားယောက်မတစ်ချောင်းကိုလည်း တင်ထားသေးသဗျာ၊ ဦးဘသာက ကျုပ်ယူလာတဲ့ ဘဲဥပြုတ်တစ်လုံးကို ထမင်းပန်းကန်ထဲထည့်သဗျ။

“င့ါကို ချည်တစ်လုံးပေးစမ်း”

အမေက ခပ်မြန်မြန်ပဲ ဒေါ်လုံးကြီးအိမ်ထရံမှာစိုက်ထားတဲ့ ချည်လုံးကိုပေးလိုက်တယ်၊ အဲဒီခေတ်က အိမ်တိုင်းစေ့လိုလို ရက်ကန်းခတ်ကြတယ်ဆိုတော့ ချည်လုံးတွေလည်း အိမ်တိုင်းလိုလိုရှိတယ်လေဗျာ၊ ဦးဘသာက ချည်လုံးကိုဘေးနားချပြီးတော့ ဒေါ်လုံးကြီးရဲ့ ခေါင်းရင်းမှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်၊ ပြီးရင် ထမင်းပန်းကန်ကိုယူလိုက်ပြီးတော့ ဒေါ်လုံးရဲ့ နဖူးပေါ်တင်လိုက်သဗျာ၊ တစ်ခါ ယောက်မကို ကောက်ယူလိုက်ပြီးတော့ သံပန်းကန်ကို တဒေါင်ဒေါင်နဲ့ခေါက်တယ်ဗျ။ ပါးစပ်ကလည်း ရွတ်သေးတယ်။

“ကလူ၊ ကလူ၊ ကလူ၊ ဗုဒ္ဓဟူးသမီးရဲ့ လိပ်ပြာ၊ ဒီကိုပြန်လာ၊ ဒီကိုပြန်လာ၊ ဒီကိုပြန်လာ၊ တောကြိုတောကြား၊ ခြံကြိုခြံကြား၊ အိမ်ကိုအိမ်ကြား မသွားပါနဲ့၊ လာလာလာ ဗုဒ္ဓဟူးသမီးဆီကို ပြန်လာ”

ဦးဘသာက ဖွဲ့ဖွဲ့နွဲ့နွဲ့ရွတ်ဆိုပြီးတဲ့အချိန်မှာ ပန်းကန်ကိုပြန်ချပြီးတော့ ချည်ခင်ကချည်ကြိုးနဲ့ ဒေါ်လုံးကြီးရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကို ပတ်ချည်တယ်ဗျ၊ ပြီးတော့ ခုနကလိုပြန်ရွတ်လိုက် ချည်လုံးကိုချည်လိုက်နဲ့ ခုနစ်ခါတိတိလုပ်ပြီးတဲ့ အခါကျမှ ရပ်လိုက်တယ်၊ ပြီးတာနဲ့ ထမင်းပန်းကန်ထဲက ဘဲဥပြုတ်ကိုကောက်ယူလိုက်ပြီးတော့ ဒေါ်လုံးကြီးရဲ့ခေါင်းအနားက ကြမ်းပြင်ကိုပေါက်ခွဲလိုက်တယ်ဗျ၊ ဘဲဥပြုတ်က ကွဲပြီးအဖတ်တွေလွင့်စင်ထွက်သွားတယ်၊ ဦးဘသာက ဘဲဥပြုတ်ကိုလက်ညှိုးနဲ့ထိုးပြီး မွှေနှောက်ကြည့်ရင်း

“လိပ်ပြာလွင့်သွားတာတော့ဟုတ်တယ်၊ ဒါပေမယ့် သမားရိုးကျတော့မဟုတ်ဘူး၊ သူ့ကိုယ်ထဲမှာ အလုံးတစ်လုံးရှိနေတယ်၊ အဲဒီအလုံးက ဘေလုံးလိုမျိုးပဲ၊ ဒါပေမယ့် ငါစမ်းကြည့်ရသလောက်တော့ ပညာတွေတွေ့တယ်၊ ဒီတော့ သာမန်ဘေလုံးမဟုတ်ဘူး၊ အဲဒါ ဘူးလုံးပဲကွ”

ဦးဘသာက ကျုပ်တို့ကိုကြည့်ရင်း

“ဒေါ်လုံးကြီးဒီလိုဖြစ်တာ စုန်းတစ်ယောက်ရဲ့ဘူးသွင်းတာကို ခံရလို့ပဲကွ၊ ဘူးသွင်းတာ မအောင်မြင်လို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အခုလိုဖြစ်တာကွ”

“ဒါဆို ဘူးသွင်းတာအောင်မြင်သွားတယ်ဆိုရင်ရော”

“ဘူးသွင်းတာအောင်ရင်တော့ ဒေါ်လုံးကြီးစုန်းဖြစ်ပြီပေါ့ကွာ”

အမေက အရှေ့တိုးလာပြီး

“ဦးဘသာရယ်၊ ဒေါ်လုံးကြီးပဲ ကြည့်မနေပါနဲ့၊ ကျွန်မသမီးလေးကိုလည်း ပြန်ခေါ်ပါအုံးတော့”

“သြော်၊ အေး၊ ခေါ်ရမယ်၊ ခေါ်ရမယ်၊ အလတ်ကောင်ရေ၊ ဒေါ်လုံးကြီးသွားပြန်ထားပြီး မင်းညီမကို ဒီကိုခေါ်လာခဲ့”

ဦးဘသာက ပြောပြောဆိုဆိုနဲ့ ခုနက ကျထားတဲ့ဘဲဥအစအနတွေကို ကောက်ပြီးတော့ အိမ်ရှေ့ခြံပြင်ကိုလွှင့်ပစ်လိုက်တယ်ဗျ၊ ကျုပ်က အငယ်မကိုချထားလိုက်ရင်း

“သူ့ကိုရော ခုနကလိုခေါ်မှာလား”

ဦးဘသာက ခေါင်းခါပြီးတော့

“ခုနက နည်းက လူကြီးတွေ၊ မကျန်းမာတဲ့လူတွှေအတွက်နည်းကွ၊ ကလေးသူငယ်အတွက်ကျတော့ ကလေးခေါ်တဲ့နည်း သပ်သပ်ရှိတယ်”

အမေ့ကိုလည်း ထမင်းဖြူကို ပန်းကန်ထဲထည့်ပြီးယူခိုင်းတယ်၊ ယောက်မတော့ မပါတော့ဘူးဗျ၊ အဲဒီထမင်းထဲကို ကျန်တဲ့ဘဲဥတစ်လုံးထည့်လိုက်ပြီးတော့ အငယ်မရဲ့လက်နှစ်ဖက်ကို ကိုင်လိုက်ရင်း

“လိပ်ပြာလေးရေ၊ လိပ်ပြာလေးရေ၊ ပြန်လာပါ၊ အဖေနဲ့အတူပြန်လာနေပါ၊ အမေနဲ့အတူ ပြန်လာနေပါ၊ အကိုကြီး အမကြီးတွေနဲ့အတူ ပြန်လာနေပါ”

ဦးဘသာက အသံသေးသေးလေးနဲ့ပြောသဗျ၊ နတ်ကတော်တွေ မနှဲလေးဝင်ရင်ပြောတတ်တဲ့ အသံလိုမျိုးပေါ့ဗျာ၊ ပြောရင်းနဲ့ အငယ်မရဲ့လက်ဝါးနှစ်ဖက်ကိုလည်း လက်ခုပ်တီးသလိုမျိုး တီးတီးပေးသဗျ။

“လူလိမ်တွေနဲ့ သွားမနေပါနဲ့၊ လူညာတွေနဲ့ သွားမနေပါနဲ့၊ လှည့်စားတတ်တဲ့ ဖမ်းစားတတ်တဲ့ စုန်းကဝေတွေနဲ့သွားမနေပါနဲ့၊ တစ္ဆေသရဲတွေနဲ့ သွားမနေပါနဲ့။ လေးမြားတွေရဲ့လျှင်မြန်ခြင်းမျိုး၊ ငှက်ကလေးတွေရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ပျံလာခဲ့ပါ၊ စပါးတွေကိုလည်း ဆောင်ယူလာခဲ့ပါ၊ စပါးကျီတွေကိုလည်း ဆောက်လုပ်ပေးပါ၊ ဘုရားဒကာ၊ ကျောင်းဒကာ၊ ဘုရားအမ၊ ကျောင်းအမဖြစ်ပါစေ၊ သံတုံးကို ကိုက်ဖြတ်ရင်လည်း ပြတ်ပါစေ၊ ကျောက်တုံးကို ကိုက်ဖြတ်ရင်လည်း ပြတ်တောက်ပါစေ၊ ဆံဖြူသွားကျိုးတိုင် ကျန်းမာအသက်ရှည်ပါစေ”

ဦးဘသာက ပြောဆိုပြီးတော့ အငယ်မရဲ့ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပေးတယ်ဗျ၊ ဒီအချိန် အငယ်မကိုယ်လုံးက သိမ့်ခနဲတစ်ချက်တုန်သွားတယ်၊ ကျုပ်က အငယ်မကိုထိန်းပြီးကိုင်ထားလို့ သိလိုက်တာဗျ၊ ဦးဘသာက ချက်ခြင်း ချည်ခင်ကိုကောက်ယူလိုက်ပြီးတော့ အငယ်မရဲ့ လက်တွေကို ချည်ခင်နဲ့ပတ်တယ်၊ ဘယ်ဘက်ကို သုံးပတ်ပတ်ပြီး ချည်ခင်အစတွေကို ချည်နှောင်ပေးလိုက်တယ်၊ ညာဘက်ကိုလည်း ဒီအတိုင်းပဲ လုပ်ပေးလိုက်တာပါပဲဗျာ၊ တခြားတော့မသိပေမယ့် ဦးဘသာနဖူးပြောင်ပြောင်ကြီးက ချွေးတွေကိုစို့နေတာပဲဗျာ။

ပြီးတော့ အကြမ်းပန်ကန်လုံးထဲက ရေလေးတွေကို သူ့လက်နဲ့ယူပြီးတော့ မငယ်မရဲ့မျက်နှာကို ရေနဲ့တောက်ပေးလိုက်တော့ အငယ်မတစ်ယောက် မျက်တောင်တွေပိတ်ခတ်ပိတ်ခတ်ဖြစ်လာပြီးတော့ လန့်နိုးလာပါရောဗျာ။

“အကြီးဒေါ်လုံး . . .အကြီးဒေါ်လုံး”

အငယ်မက နိုးလာပေမယ့် ပါးစပ်က ရေရွတ်နေတယ်ဗျ၊ သူ့ကြည့်ရတာ တော်တော်လည်းမောနေတဲ့ပုံပဲဗျာ၊ ဦးဘသာလည်း မောသွားတယ်ထင်ပါရဲ့၊ တိုင်လေးမှီပြီးတော့ထိုင်နေတယ်။

“အလတ်ကောင်၊ အဲဒီပန်းကန်ထဲက ဘဲဥပြုတ်နဲ့ ထမင်းတွေကို နယ်ဖတ်ပြီးတော့ အငယ်မကို တစ်လုပ်နှစ်လုပ်လောက် ခွံ့ကျွေးလိုက်စမ်းပါ”

ဦးဘသာပြောတဲ့အတိုင်း ကျုပ်လည်း ဘဲဥအခွံခွာပြီးတော့ ထမင်းနဲ့ရောနယ်ပြီး အငယ်မကိုကျွေးတယ်၊ အငယ်မက မစားဘူးဆိုပြီးလုပ်နေလို့ သူ့ကိုနည်းနည်းငေါက်လိုက်ရသေးတယ်။ အငယ်မကိုထမင်းကျွေးနေတုန်း

“ဦးဘသာ၊ လိပ်ပြာခေါ်တယ်ဆိုတာ ခုမှပဲ မျက်မြင်တွေ့ဖူးသွားတော့တယ်၊ ကြားဖူးတာတော့ကြာပြီဗျ၊ ဒါနဲ့ လိပ်ပြာဆိုတာ ဘာလဲဗျ”

ဦးဘသာက ရေနွေးကြမ်းခွက်ကိုကောက်ပြီး တစ်ကျိုက်မော့လိုက်သေးတယ်။

“ဒီလိုကွ၊ လိပ်ပြာကို မြန်မာအဘိဓါန်ထဲမှာ ဘယ်လိုပြောထားသလဲဆိုရင် ပန်းပွင့်တွေမှာနားတဲ့လိပ်ပြာကို ဖော်ပြသလို၊ သတ္တဝါတို့၏ ရုတ်သန္တန်မှာ ကိန်းတည်တဲ့ အသက်ဇီဝနာမ်ဝိညာဉ်လို့ အဓိပ္ပါယ်ဖွင့်ထားတယ်၊ ငါတို့အခုလုပ်တဲ့ လိပ်ပြာကတော့ ခုနက နာမ်ဝိညာဉ်ကိုပြောတာပဲကွ”

“ဒါဆို အဲဒီနာမ်ဝိညာဉ်ကောင်ကို လိပ်ပြာလို့ခေါ်ကြတာပေါ့နော်”

“ဟုတ်တာပေါ့ကွာ၊ လူတစ်ယောက်က မကျန်းမာလွန်းလို့ဖြစ်ဖြစ်၊ ချောက်ခြားစရာတစ်ခုခုကို မြင်တွေ့လိုက်လို့ လန့်သွားတာပဲဖြစ်ဖြစ် အဲဒီအခါမှာ လန့်ပြီးမေ့မြောသွားတာကို လိပ်ပြာလွင့်တယ်လို့ခေါ်ကြတယ်မဟုတ်လား၊ ပြီးတော့ လိပ်ပြာလှတယ်ဆိုတာကလည်း ရှိသေးသကွာ၊ လိပ်ပြာလှတယ်ဆိုတာကတော့ ကမ္မဇိဒ္ဓိတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလူကို အလွယ်တကူ ပူးနိုင်ကပ်နိုင်၊ လိုသလိုကြိုးဆွဲခိုင်းနိုင်တဲ့လူတွေကို ပြောတာကွ”

အငယ်မကတော့ ကျုပ်ထမင်းခွံ့တာကို ငြိမ်ပြီးစားနေတာပါပဲဗျာ။

“နောက်တစ်မျိုးက လိပ်ပြာနှုတ်တယ်ဆိုတာရှိသေးတယ်၊ သိုက်နန်းရှင်တွေ၊ တန်ခိုးရှင်တွေက သူတို့နှစ်သက်တဲ့လူရဲ့ အသက်ကိုနှုတ်တာကို လိပ်ပြာနှုတ်တယ်ခေါ်တာကွ၊ နောက်ပြီးတော့ လိပ်ပြာခွဲတယ်ဆိုတာလဲရှိသေးတယ်၊ များသောအားဖြင့် မိဘနဲ့သားသမီး သေကွဲကွဲတဲ့အခါ သေသွားတဲ့မိဘက သားသမီးကိုစိတ်စွဲနေတယ်ဆိုရင် လိပ်ပြာခွဲတဲ့နည်းလမ်းနဲ့ လိပ်ပြာခွဲပစ်ရတယ်တဲ့ကွ၊ မဟုတ်ရင် သေဆုံးသွားတဲ့ မိဘရဲ့ဝိညာဉ်က သားသမီးအနားမှာ စွဲကပ်နေတတ်သတဲ့”

“အဲဒါတော့ ကြားဖူးတယ်ဗျာ၊ ဖိုးတာတီး အမေသေတုန်းက အဲဒိလိုပဲ လိပ်ပြာခွဲတယ်ဆိုလား လုပ်ကြတယ်မဟုတ်လား”

“အေး၊ အဲဒီလိုမခွဲပစ်ရင် သေသွားတဲ့မိဘက ကိုယ့်သားသမီးကိုချစ်လွန်းလို့ ကလေးကိုမကျန်းမာအောင်လုပ်တတ်ကြတယ်၊ ကလေးကို ချူချာအောင်လုပ်တတ်ကြတယ်၊ ကလေးလိပ်ပြာငယ်ရင် လိပ်ပြာတောင်နှုတ်ပြီးသေအောင်လုပ်တတ်တယ်တဲ့”

“ဟ ကြောက်စရာကြီးနော်ဗျာ”

“ပြီးတော့ ရှေးအယူအဆတစ်ခုလဲရှိသေးတယ်ကွ၊ အဲဒါကတော့ အိပ်တဲ့အခါ ပက်လက်မအိပ်နဲ့၊ ပါးစပ်မပွင့်စေနဲ့တဲ့၊ အဲဒီလိုပါးစပ်ပွင့်သွားတဲ့အခါ ပါးစပ်ထဲကနေ လိပ်ပြာထွက်သွားပြီးတော့ လိပ်ပြာက လျှောက်သွားနေတတ်တယ်၊ အဲဒီလိုလျှောက်သွားရင်း လိပ်ပြာကလမ်းပျောက်ပြီးတော့ အိုးတွေ၊ ခွက်တွေ၊ ဂလိုင်တွေထဲမှားဝင်သွားရင် အဲဒီလူက လိပ်ပြာပျောက်တတ်တယ်ဆိုပဲကွ၊ ဒါကြောင့် ရှေးတုန်းက ညဘက်ဆိုရင် အိုးတွေခွက်တွေကို ပက်လက်လှန်မထားရဘူးလို့ ဆိုကြသပေါ့”

“ဒါကျတော့ တစ်မျိုးရယ်ရတယ်ဗျာ၊ ဒါနဲ့ လိပ်ပြာခေါ်တဲ့အထဲမှာ ဘဲဥနဲ့ဘာဆိုင်သလဲဗျ”

“အေး အဲဒါတော့ ငါလည်းမသိဘူး၊ ဒါပေမယ့် လိပ်ပြာနဲ့ပတ်သက်တာလုပ်ရင် ဘဲဥရယ် ချည်လုံးရယ်က မပါမဖြစ်ပဲကွ၊ လိပ်ပြာခေါ်နည်းတွေ အများကြီးရှိပေမယ့် အားလုံးကတော့ ဘဲဥနဲ့ချည်လုံးပါတာပဲ၊ ချည်လုံးကတော့ လိပ်ပြာချုပ်လုပ်ဖို့ပေါ့ကွ၊ လိပ်ပြာချုပ်ဆိုတာက နောက်တစ်ခါ လိပ်ပြာထွက်မပြေးအောင် ချုပ်နှောင်ထားတဲ့ အဆောင်တစ်မျိုးပဲ၊ သြော်၊ ပြောလက်စနဲ့ အငယ်မလက်က ချည်ကြိုးတွေကို သွားမဖြုတ်ပစ်နဲ့နော်ကွ၊ အဲဒါ လိပ်ပြာချုပ်ထားတာ၊ အလုပ်တွေလုပ်နေရင်း သူ့အလိုလိုပြတ်သွားတာ၊ ပျောက်ကျသွားတာက လုပ်ကောင်းတယ်၊ ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့တော့ တမင်မဖြုတ်ပစ်ရဘူး”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဦးဘသာ ကျုပ်မှတ်ထားပါ့မယ်”

ဒီအခါ တစ်ချိန်လုံးဘေးမှာထိုင်ပြီးနားထောင်နေတဲ့အမေက

“ဒါနဲ့ ကိုဘမောင်ပြောဖူးတာကတော့ လိပ်ပြာဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးလို့ပြောတယ်၊ ထေရဝါဒအစစ်မှာ လိပ်ပြာကောင်တို့၊ ဝိညာဉ်တို့၊ နာမ်ကောင်တို့ဆိုတာ မရှိဘူးတဲ့”

အမေက ဝင်ထောက်ပေမယ့် ဦးဘသာက အပြုံးတောင်မပျက်ပါဘူးဗျာ။

“အေး၊ လူတွေကတော့ ဒီလိုပဲပြောကြတာပဲ၊ င့ါအထင်ကတော့ လိပ်ပြာဆိုတာကို အဓိပ္ပါယ်ဖွင့်ပုံခြင်းမတူတာနေမှာပါ၊ တကယ်တော့ ဒီလိုလိပ်ပြာနဲ့ဆက်စပ်တဲ့ကိစ္စတွေဆိုတာ ပရလောက၊ နာနာဘာဝလောကနဲ့ ဆက်စပ်တဲ့အဖြစ်အပျက်တစ်ခုပဲ၊ ပရလောက နာနာဘာဝဆိုတာ ဗုဒ္ဓဘာသာမှာလည်း ရှိတယ်မဟုတ်လား၊ ငါကတော့ ဉာဏ်လိုက်မမီပါဘူးကွာ၊ ဒါပေမယ့် လိပ်ပြာအယူအဆကိုတော့ တို့ဗမာတွေလည်းယုံသလို၊ တိုင်းရင်းသားတွေမှာလည်း အယူရှိတယ်ကွ၊ ရှမ်းတွေမှာလည်း လိပ်ပြာအယူရှိသလို၊ ကရင်တွေ၊ ကယားတွေမှာလည်း လိပ်ပြာအယူအဆကို ယုံကြည်ကြတယ်၊ အထက်လမ်း၊ အောက်လမ်း၊ စုန်းကဝေပညာတွေမှာလည်း လိပ်ပြာနဲ့ဆိုင်တာတွေရှိတယ်ဆိုတော့ ငါ့အထင်တော့ မရှိတဲ့အရာတစ်ခုလို့မထင်ဘူး၊ ငါပြောသလို အဓိပ္ပါယ်ဖွင့်ပုံခြင်း မတူတာပဲနေမှာ”

“ဘယ်လိုမတူတာလဲဗျ”

“ဟာ၊ အလတ်ကောင်တို့ကတော့ ဝေးပြီဟေ့၊ ငါရှင်းရှင်းပဲပြောမယ်၊ မင်းကို ဒီရွာမှာ အလတ်ကောင်လို့ လူတိုင်းသိပေမယ့် မင်းကိုတခြားနေရာမှာ ခင်မောင်လို့ပဲ သိတယ်ဆိုပါစို့ကွာ၊ အဲဒီခင်မောင်ဆိုပြီးသိတဲ့လူနဲ့ အလတ်ကောင်လို့ပဲ သိတဲ့လူနဲ့ ဆုံပါပြီတဲ့၊ သူတို့နှစ်ယောက်က မင်းအကြောင်းပြောတဲ့အခါ ခင်မောင်ဆိုတာ အလတ်ကောင်ပဲလို့ တွဲပြီးမသိထားဘူးဆိုရင် ခင်မောင်ဆိုတာတစ်ယောက်၊ အလတ်ကောင်ဆိုတာတစ်ယောက်ဆိုပြီး ထင်သွားကြမယ်မဟုတ်လားကွ”

“သြော်၊ ပေါက်ပြီ၊ ပေါက်ပြီ”

ဒီအချိန် အငယ်မလည်း ကျုပ်ခွံ့ကျွေးတဲ့ထမင်းပန်းကန်ကို ပြောင်နေအောင်စားလိုက်ပါရောဗျာ၊ စားသောက်ပြီးတော့ ရေတွေဘာတွေသောက်ပြီးတော့မှ အငယ်မက စကားစတယ်ဗျ။

“အကြီးဒေါ်လုံးနဲ့ သမီးနဲ့ဒီနားမှာထိုင်နေတုန်း အိမ်ပေါ်ကိုမိန်းမကြီးတစ်ယောက်တက်လာတယ် အမေ၊ အဲဒီမိန်းမကြီးက အဝတ်အစားတွေလည်းမပါဘူး၊ ဆံပင်ကတော့ အရှည်ကြီးပဲ ဟိုးမြေကြီးကိုထိနေတယ်”

အငယ်မပြောတာကို ကျုပ်တို့စိတ်ဝင်တစားနဲ့ နားထောင်နေတာပေါ့ဗျာ။

“အဲဒီမိန်းမကြီးက အကြီးဒေါ်လုံးကိုကြည့်ပြီးတော့ “ဟဲ့ မလုံး၊ ငါနဲ့လိုက်လာခဲ့၊ လာ၊ သွားကြမယ်” ဆိုပြီးခေါ်ပါရော၊ အကြီးဒေါ်လုံးကလည်း လှဲနေရာကနေ ငေါက်ခနဲထထိုင်ပြီး မတ်တပ်ရပ်တာပဲအမေ၊ သူသွားခါနီးကျတော့ သမီးဘက်ကိုလှည့်ကြည့်တယ်၊ ငါ့တူမလေးကို သိပ်ချစ်လို့ အကြီးနဲ့လိုက်ခဲ့ပါလာဆိုပြီးတော့ ခေါ်တယ်”

“ဟင်၊ ဒါနဲ့ပဲ နင်ကလိုက်သွားရောလား”

ကျုပ်ဒေါသထွက်ထွက်နဲ့ထပြောလိုက်တယ်။

“သမီးကလည်း အကြီးက နေမကောင်းဘူး၊ တစ်ယောက်ထဲသွားလို့မဖြစ်ဘူးဆိုပြီး လိုက်သွားတာပေါ့ အကိုလတ်ရယ်”

“ဟင် ငတုံးမ၊ အဲဒါနင့်ကို လိပ်ပြာနှုတ်ချင်လို့ ခေါ်သွားတာ၊ ဒါလေးတောင် နင်မသိဘူးလား”

ကျုပ်ငေါက်လိုက်တော့ အငယ်မက မျက်နှာမှိုင်ကျသွားတယ်၊ ဦးဘသာက ဘေးကနေထိုင်ရင်း

“အလတ်ကောင်ရာ၊ ကလေးက မသိလို့လိုက်သွားတာပဲ၊ ကလေးကို ဖိဆူမနေပါနဲ့၊ မင်းကိုရော မိန်းကလေးချောချောလှလှက ခဏလိုက်ခဲ့ပါဆိုရင် လိုက်သွားမှာပဲမဟုတ်လား”

ဦးဘသာပြောတော့ ကျုပ်လည်းဖြီးလိုက်ရင်း

“ဟာ၊ ဒါကတော့ဗျာ၊ ဟီး . . .”

“ကဲ သမီးဆက်ပြောပါအုံး”

“အဲဒီမိန်းမကြီးက သမီးတို့ကိုရွာပြင်ကိုခေါ်သွားတယ်၊ သမီးတို့က လမ်းလျှောက်နေတယ်ဆိုပေမယ့် မြေကြီးနဲ့ခြေထောက်နဲ့မထိဘဲ သူ့အလိုလိုရွေ့သွားသလိုကြီးသွားနေကြတာ၊ ရွာပြင်ရောက်တော့ ဟိုးတောတန်းအနားမှာ အိမ်ကြီးအိမ်ကောင်းတွေအများကြီးပဲ၊ အိမ်ကြီးတွေဆီကနေလည်း အလင်းရောင်တွေ ဝင်းလက်နေတာပဲ၊ မသိရင် မြို့ကြီးနဲ့တောင်တူတယ်၊ အဲဒီမိန်းမကြီးက သမီးတို့ကို အဲဒီကိုသွားချင်လားဆိုပြီး ခေါ်သွားတယ်”

“အဲဒီမှာ ပျော်စရာကြီးအမေရယ်၊ အဝေးကလှမ်းကြည့်တော့ ရွာကြီးလိုပဲ၊ တဖြည်းဖြည်းနီးလာတော့ သီချင်းဆိုရင်း မောင်းထောင်းနေတဲ့မိန်းကလေးတွေ၊ လမ်းမပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေ၊ အစုံပဲ အမေရဲ့၊ ဒါနဲ့ တဖြည်းဖြည်းနီးလာတော့မှ သမီးကြောက်လာတယ်”

“နင်ပြောတော့ ပျော်စရာကောင်းတယ်ဆို”

“ဟုတ်တယ်၊ အဝေးကလှမ်းကြည့်တော့ ပျော်စရာကြီး၊ အနားရောက်တော့မှ မောင်းထောင်းနေတဲ့မိန်းကလေးတွေက ကိုယ့်လက်တွေကိုယ် မောင်းဆုံထဲထည့်ပြီးထောင်းနေကြတာအမေရဲ့၊ လက်ကအသားတွေဆိုရင် စိစိညက်ညက်ကြေနေတာပဲ၊ ပြီးတော့ သူတို့ကသီချင်းဆိုနေတာမဟုတ်ဘဲ အော်ဟစ်ပြီး ညည်းညူနေကြတာ၊ လမ်းပေါ်ပြေးလွှားဆော့နေတဲ့ကလေးတွေဆိုရင်လည်း သူတို့က ဆော့နေတာမဟုတ်ဘူး၊ သူတို့အနောက်ကနေ ခေါင်းနှစ်လုံးပါတဲ့ ခွေးနက်ကြီးက လိုက်နေလို့ ထွက်ပြေးနေကြရတာ၊ အပြေးနှေးတဲ့ကလေးကို ခွေးနက်ကြီးက အကောင်လိုက်ကိုက်ပြီး မြိုပစ်တာအမေရဲ့”

“ဟာ၊ နင်ပြောတာနားထောင်ရင်း ငါတောင်ကြက်သီးတွေထလာပြီ”

“ဒီလိုနဲ့ အဲဒီရွာအဝင်နားကိုရောက်တော့ သမီးက မသွားရဲတော့ဘူး၊ အိမ်ကြီးတွေဆိုရင်လည်း မီးတွေလင်းနေတာမဟုတ်ဘဲ မီးတွေလောင်နေကြတာကိုး၊ ဒါပေမယ့် အကြီးနဲ့အဲဒီမိန်းမကြီးကတော့ သမီးကိုမရမကခေါ်တယ်၊ သမီးပြောပြတာတွေကိုလည်း သူတို့မယုံကြဘူး၊ ဒီအချိန်မှာပဲ သမီးကိုခေါ်နေတာကြားလိုက်ရတယ်၊ ခေါ်တာကတော့ ဦးဘသာအသံနဲ့တူတယ်၊ ဟိုမိန်းမကြီးက နင့်ကိုခေါ်နေတာ ပြန်မထူးနဲ့တဲ့၊ ဒါနဲ့ သမီးလည်း ဘာဖြစ်လဲဆိုပြီးတော့ ရှင်လို့ထူးလိုက်တာ၊ ဘယ်ကနေဘယ်လိုဖြစ်ပြီးတော့ ဒီကိုပြန်ရောက်လာသလဲမသိပါဘူးအမေရယ်”

အမေက ဦးဘသာကိုကြည့်တယ်ဗျ။

“ဒါဆို အကြီးဒေါ်လုံးကရော ဟိုကိုလိုက်သွားလား”

“လိုက်သွားလောက်မယ်ထင်တာပါပဲ၊ အကြီးကို သမီးကလမ်းမှာပြောပါသေးတယ်၊ အကြီးက မယုံတာခက်တာ”

ဦးဘသာက သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်တော့တယ်၊ နောက်တော့ ဦးဘသာကြီးပြန်သွားတော့တာပါပဲ၊ သိပ်မကြာပါဘူး ညကိုးနာရီလောက်မှာ အကြီးဒေါ်လုံးလည်း အသက်ထွက်သွားတော့တယ်၊ အဖေတို့စီစဉ်ထားသလို အကြီးဒေါ်လုံးအတွက် နာရေးတွေပြင်ရဆင်ရတာပေါ့ဗျာ။

ဒီရက်ပိုင်းအတွင်း နာရေးအလုပ်များနေတာနဲ့ ဦးဘသာကြီးဆီကိုတောင် မရောက်ဖြစ်ဘူးဗျာ၊ အမေပြောတာကတော့ အကြီးဒေါ်လုံးက မိစ္ဆာရွာကိုရောက်သွားတာတဲ့၊ အကြီးဒေါ်လုံးက အရင်ကလည်း အကုသိုလ်အလုပ်တွေ လုပ်ခဲ့သေးတယ်ဆိုပဲဗျာ၊ သူတို့အချင်းချင်းကျတော့ သိကြမှာပေါ့။

နာရေးရက်လည်ပြီး နောက်ရက်ကျတော့ အမေက ကျုပ်ကိုမီးဖိုချောင်ထဲကနေလှမ်းခေါ်သဗျ။

“ဟဲ့အလတ်ကောင် ဒီကိုလာစမ်း”

ကျုပ်မီးဖိုချောင်ထဲဝင်သွားတော့ အမေက ကျုပ်ကို ဟင်းအုပ်ကလေးတစ်ခုပေးတယ်ဗျ၊ ကျုပ်လှန်ကြည့်လိုက်တော့ အထဲမှာ ဘဲဥကိုအလုံးလိုက်ချက်ထားတာလေး နှစ်လုံးဗျ၊ ဘဲဥကို မန်ကျည်းသီးမှည့်အနှစ်ကလေးနဲ့ ဆီပြန်ကလေးချက်ထားတာပေါ့ဗျာ၊ အပေါ်က ပျဉ်းတော်သိမ်ရွက်ကလေးတွှေအုပ်ထားလို့ မွှေးကြိုင်နေတာပါပဲ။

“အမေ ဘယ်သူ့ကိုသွားပေးရမှာလဲ”

“ဦးဘသာအတွက်ပေါ့အေ၊ ဟိုနေ့က သူ့မှာ ဘဲဥဝယ်ထားပြီး မစားလိုက်ရရှာဘူးမဟုတ်လား၊ အဲဒါနင်သွားပို့ပေးလိုက်”

ကျုပ်လည်း ဟင်းအုပ်ကလေးကိုင်ပြီး ဦးဘသာအိမ်ကို ပြေးဝင်လာခဲ့တာပေါ့ဗျာ၊ အချိန်ကိုက်ပါပဲဗျာ၊ ဦးဘသာက ထမင်းစားဖို့တောင်ပြင်နေပြီ၊ ကျုပ်လည်း သူ့ခြံထဲဝင်လိုက်ရင်း

“ဦးဘသာက ထမင်းစားမလို့လုပ်နေတာကိုး၊ ဒါနဲ့ ဘာဟင်းချက်သလဲဗျ”

“ဘာမှမပါပါဘူးကွာ၊ ပဲနှပ်ရယ်၊ ငရုတ်သီးဆားထောင်းရယ်”

ကျုပ်ကပြုံးရင်း

“ဟား၊ ဟား ဒါဆိုရင်တော့ ဦးဘသာအတွက်ဟင်းကောင်းပါသဗျာ၊ ဟောဒီမှာ . . .”

ကျုပ်ပြောပြီး ဦးဘသာအိမ်ပေါ်တက်မလို့ရှိသေးတယ်၊ ခြေထောက်က ဘယ်လိုဖြစ်တယ်မသိဘူး၊ လှေကားထစ်နဲ့တိုက်မိပြီးတော့ လဲကျတော့မလိုဖြစ်သွားပါရောဗျာ၊ အနားက တိုင်ကိုလှမ်းဖမ်းကိုင်ထည့်လိုက်လို့ လူကတော့ မလဲပေမယ့် လက်ထဲကဟင်းခွက်ကတော့ မြေကြီးပေါ်ကို ဒိုင်ဗင်ထိုးပြီး ကျသွားရှာတယ်၊ ဦးဘသာက တအံ့တသြနဲ့ကြည့်ရင်း

“ဟာ၊ အလတ်ကောင် ဘာဟင်းတွေလဲကွ”

“ကုန်ပြီ၊ ကုန်ပါပြီဗျာ၊ အမေက ဦးဘသာစားဖို့ဆိုပြီး ချက်ပေးလိုက်တဲ့ ဘဲဥဟင်းဗျ”

“သေလိုက်ပါတော့အလတ်ကောင်ရာ၊ မင်းကြောင့် ငါပထမတစ်ခါလည်း ဘဲဥငတ်ပြီးပြီ၊ အခုလည်း ဒုတိယတစ်ခါ ထပ်ငတ်ပြီဟေ့၊ ငတ်ပြီဟ”

ပြီးပါပြီ။

အဂ္ဂဇော်