လူဝင်စားလေလား

လူဝင်စားလေလား(စ/ဆုံး)
————————-

ဒီတစ်ခါဝတ္ထုလေးကတော့ ခါတိုင်းရေးနေကျပုံစံမဟုတ်တဲ့ ဖြစ်ရပ်မှန်လေးဖြစ်ပါသည်။ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက ဒီနေ့ဒီချိန်ထိ သက်ရှိထင်ရှားရှိနေပါသေးသည်။ဇာတ်ကောင်အမည်များကလွဲ၍ ကျန်သောအကြောင်းအရာများမှာအမှန်ပင်ဖြစ်ပါသည်။

ကမ္ဘာအရပ်ရပ်မှာ လူဝင်စားနဲ့ပက်သက်တဲ့ အကြောင်းအရာအဖြစ်အပျက်တွေ အတော်များများရှိပါသည်။ တချို့သောလူဝင်စားများသည် အရင်ဘဝက အကြောင်းအရာတချို့ကို လက်ရှိဘဝထိ တစ်ခုမကျန်အကုန်မှတ်မိနိုင်စွမ်းရှိကြပြီး အရင်ဘဝအတိုင်းပြုမူပြောဆိုနေထိုင်သူများပင်ရှိသည်။

တချို့သောလူဝင်စားများကတော့ ဟိုးအရင်ဘဝက ကြုံတွေ့ခဲ့ရတဲ့ သူတို့အစွဲအလမ်းကြီးခဲ့သည့်အရာများကိုသာ မှတ်မိလေ့ရှိလေသည်။ဥပမာ-အရင်ဘဝကကြိုက်ခဲ့သည့်အစားအစာ၊ အသုံးအဆောင်ပစ္စည်း ၊သူနေထိုင်ခဲ့သည့်နေရာ ၊သူခင်တွယ်ရာလူပုဂ္ဂိုလ်၊တိရိစ္ဆာန်လေးတွေ၊ သူအရင်ဘဝကကြောက်လန့်ခဲ့ရသည့်အရာတွေ စသဖြင့်ဖြစ်သည်။

တချို့တချိူ့သောလူဝင်စားများဆိုလျှင် ယခင်ဘဝကမိဘဆွေမျိုး၊ညီကိုမောင်နှမများကို အတိအကျပြန်မှတ်မိကာ ၎င်းနေထိုင်ခဲ့ရာနေရပ်သို့ပြန်သွားကာ ဘဝဟောင်းကတော်စပ်ခဲ့သူများနှင့်ပြန်လည်ဆုံစည်းခဲ့သည့် ဖြစ်ရပ်များလည်းရှိသည်။

&&&&&&&&&&&&&

အချိန်ကာလအားဖြင့် ၁၉၉၄ ခုနှစ်လောက်ကဖြစ်ပါသည်။

“ယောကျာ်းရေ ၊မိန်းမ ညကအိမ်မက်မက်တာ မိန်းမဗိုက်ထဲက ကလေးလေးကယောကျာ်းလေးတဲ့တော် အိမ်မက်ထဲမှာမိန်းမကိုစကားတွေပြောနေတာဆိုတာလေ ချစ်ဖို့ကောင်းလိုက်တာ”

“ဟုတ်လား သားဦးယောကျာ်းလေးဆိုတော့လည်း ကောင်းတာပေါ့ကွာ၊ အိမ်မက်ထဲကအတိုင်း အမှန်ဆိုရင်တော့ သားအဖအဖော်ရပြီပေါ့ကွာ”

ကိုမြင့်ကျော်နှင့်မစန်းအေးတို့ ဇနီးမောင်နှံနှစ်ယောက် အိမ်မက်နှင့်အတူစိတ်ကူးယဥ်ကာ မမြင်ရသေးတဲ့ ဗိုက်ထဲကခလေးလေးကိုတွေးရင်း ပျော်နေကြလေသည်။
တောသူတောင်သားများပေမို့ အလုပ်ပင်ပန်းကြလေရာ ကိုမြင့်ကျော်က ဇနီးဖြစ်သူကို ကိုယ်ဝန်နှင့်မို့မည်သည့်အလုပ်မှ ခိုင်းစေခြင်းမရှိပဲ သူကိုယ်တိုင်သာ မညီးမညူလုပ်ကိုင်လေသည်။မစန်းအေးကိုယ်တိုင်ကလည်း ကိုယ်ဝန်​ကြောင့်မူးမောအော့အန်ခြင်းနှင့်အတူ မည်သည့်အလုပ်မှလည်း ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိပေ။

သို့သော် ဂရုတစိုက်ရှိနေသည့်ကြားက သူတို့လိုချင်နေသည့် ခလေးလေးဟာ လူ့လောကအပြင်သို့မရောက်ခင် မိခင်ဝမ်းထဲမှာပင် ကံအ​ကြောင်းမလှစွာပျက်စီးသွားခဲ့လေသည်။
သားဦးကိုယ်ဝန်ပျက်ဆီးခြင်းနှင့်ပက်သက်ပြီး လင်မယားနှစ်ယောက်လုံး စိတ်မကောင်းခြင်းကြီးစွာဖြစ်ကြရသည်။

သူတို့ရဲ့ဝမ်းနည်းမှု့တို့သည့် လသိပ်မကြာခင်အချိန်ကာလတွင် ဒုတိယကိုယ်ဝန်ဟူသောအရာတစ်ခုကကုစားခဲ့သည်။ဒီတစ်ခါကိုယ်ဝန်မှာတော့ မစန်းအေးတစ်ယောက် မည်သည့်အိမ်မက်မှမက်ခြင်းမရှိသလို၊ ကိုယ်ဝန်ကြောင့်ဖြစ်တတ်သည့် ပင်ပန်းနွမ်းနယ်ခြင်းလည်းမရှိပဲ သွားသွားလာလာနှင့် အလုပ်အကိုင်ပင်မပျက်ခဲ့ပါပေ။
ခင်ပွန်းဖြစ်သူကိုမြင့်ကျော်က ပထမကိုယ်ဝန်လို​ဖြစ်မည်စိုး၍ တားနေသည့်ကြားက အလုပ်အကိုင်များပင် ယောကျ်ားဖြစ်သူနှင့်အတူတကွလုပ်ကိုင်လျက်ရှိ​လေသည်။

ဒီလိုနဲ့ မစန်းအေးတစ်ယောက်မီးဖွားရန် ​အချိန်နီးကပ်လာ​တော့ ကလေးမီးဖွားရန်အလိုငှာ သူမမိခင်​နေထိုင်​သောရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ထိုရွာတွင် ရွာနားနီးချင်းက ကိုယ်ဝန်ဆောင်သည်အားလုံးရဲ့ယုံကြည်အားကိုးရာ အရပ်လက်သည်ကြီး ဒေါ်ဘုတ်ဆုံရှိနေလေသည်။
ထိုအချိန်ကာလရောက်တဲ့အထိ ကျေးလတ်တောရွာများတွင် အရပ်လက်သည်များကိုသာအားကိုး၍ ကလေးမီးဖွားမူ့ပြုကြသည်။

“အမလေး နာလိုက်တာအမေရဲ့ ကျွတ် ကျွတ် ကျွတ်”

“သမီး အမေရှိတယ် အားတင်းထားနော် ဘာမှမဖြစ်ဘူးသိလား”

“မစန်းအေး တူမဘာမှမကြောက်နဲ့ ဒီရွာနီးချုပ်စပ်က ကလေးတွေအကုန်ဒေါ်ကြီးမွေးပေးခဲ့တာချည်းပဲ သမီးဘာမှမဖြစ်ဘူး”

“အား အမလေး နာလိုက်တာ ”

“တူမကြီး ညှစ် ညှစ် အားစိုက်ညှစ်မွေးတော့မယ်”

“အား အမလေး အမေ့”

“ဟဲ့ မွေးပြီ မွေးပြီ ”

“ဒေါ်စိန် ရှင့်သမီးမွေးလာတဲ့ခလေးလေးကလည်း တစ်ကိုယ်လုံးအိတ်စွပ်နဲ့တော်ရေ၊ မိန်းခလေးတော့ မိန်းခလေး”

လက်သည်ဒေါ်ဘုတ်ဆုံအပြောကြောင့် မစန်းအေးမိခင်ဒေါ်စိန်လည်း မြေးမလေးဖြစ်သူကိုကြည့်ပြီး တအံ့တသြဖြစ်နေလေသည်။
လက်သည်ဒေါ်ဘုတ်ဆုံက တစ်ကိုယ်လုံးစွပ်ထားသည့်အိတ်ကလေးထဲမှ ကလေးငယ်လေးကိုထုတ်ကာသန့်စင်​ပေးလေသည်။ကလေးကိုစွပ်ထားသည့် ကျွတ်ကျွတ်အိတ်သဏ္ဌာန်အိပ်ငယ်ကလေးကိုလည်း သေချာစွာသန့်စင်ပြီး ဖွားအေဖြစ်သူဒေါ်စိန်က အမွှေးနံ့သာဘူးလေးထဲထည့်ကာ သိမ်းဆည်းပေးထားသည်။

ဒီလိုနဲ့ ၁၉၉၅ ခုနှစ်တော်သလင်းလပြည့်နေ့မှာတော့ မစန်းအေးတစ်ယောက် သမီးလေးကို မိခင်ဖြစ်သူအိမ်မှာအဆင်ပြေစွာ​ချော​မွေ့စွာ မွေးဖွားနိုင်ခဲ့လေသည်။

သမီးကလေးမှာ တောသူတောင်သားမိဘနှစ်ပါးကမွေးဖွားခဲ့သော်လည်း ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်နဲ့ချစ်စရာ အလွန်ကောင်းခဲ့သည်။
ကလေးမချစ်ဟုဆိုသည့်သူတွေပင် တွေ့လျှင်ပါးလေးတော့ ညှစ်သွားတတ်ကြသည်။

“ဟယ် မစန်းအေး ညီးကလေးလေးကအေ ညီးနဲ့လည်းမတူ ညီးယောကျာ်းနဲ့လည်း မတူ တရုတ်မရုပ်ကလေးတော့ တကယ့်ကို​ဖြူ​ဖြူ​ဖွေး​ဖွေး ဝဝတုတ်တုတ်လေးနဲ့ချစ်စရာအေ”

သမီးကလေးမှာ မွေးကတည်းက အငိုအရယ်နည်းလှသည်။ကျန်းမာရေးတော့ အနည်းငယ်ချူချာလေ့ရှိရာ မိဘနှစ်ပါးက အလွန်ဂရုစိုက်ရသည်။တခါတလေ တစ်ခုခုကို​တွေး​နေသလို​ငြိမ်နေတတ်သည်။

ဒီလိုနဲ့ သမီးကလေး တစ်နှစ်ကျော် နှစ်နှစ်အရွယ်စကားပြောတတ်ကာစသို့ ရောက်ရှိလာသည်။စကားပြောတတ်ကာစရောက်သည်နှင့် မပီကလာပီကလာလေးနှင့် မိဘနှစ်ပါးကို ကိစ္စတစ်ခုကိုအမြဲပြောတော့သည်။

“ဝ နိတို့အိမ်မှာ မီနေချင်ဘူး”

“ဟင် သမီးလေး ဘာပြောတာလည်း၊ကိုမြင့်ကျော် ယောကျာ်း ဒီမှာ သမီးလေးစကားပြောတတ်နေပြီတော့ လာနားထောင်ပါဦး ဘာပြောနေတာလည်း ကျုပ်နားမလည်လို့”

“ဟေ ဟုတ်လား ဖေဖေ့သမီးလေးက စကားပြောနေပြီဆိုကွ ဖေဖေ့လို့ခေါ်ပါဦး”

ကိုမြင့်ကျော်လည်း အိမ်အောက်ကအလုပ်လုပ်​နေရင်းမှ ဇနီးဖြစ်သူမစန်းအေးခေါ်သံကြောင့် အိမ်ပေါ်သို့တတ်လာရင်း သမီးလေးအနားတွင်ဝင်ထိုင်ကာမေးလိုက်သည်။

“ဝ ဒီအိမ်မှာ မီနေချင်ဘူး”

“သမီးက ဒီအိမ်မှာမနေချင်ဘူးလို့ပြောတာလား”

“ဟုတ်တယ် ဝ ဒီမှာမီနေချင်ဘူး”

သမီးဖြစ်သူအပြောကြောင့် မိဘနှစ်ပါးတို့ကအတွေးချော်ကာစိုးရိမ်စိတ်တို့ဝင်လာလေသည်။သူတို့အတွေးထဲမှာတော့ အခုသမီးလေးလည်း အရင်ပထမကိုယ်ဝန်တုန်းကလို သူတို့ဘဝထဲကထွက်သွားမှာ အလွန်စိုးရိမ်မိကြသည်။
ဒီတော့ တတ်သိတဲ့လူ​ကြီးမိဘ​တွေနှင့်​မေး​မြန်း၊အထက်လမ်းဆရာတွေနှင့်လည်းမေးမြန်းကာ အဆောင်လက်ဖွဲ့ကြိုးတွေ လည်ပင်း၊လက်စသည်တို့မှာစည်းပေးထားကြသည်။

သူတို့မည်သို့ပင် ပြုလုပ်ထားခဲ့စေကာမူ က​လေးငယ်လေးကတော့ သူစိတ်ထဲမထင်ရင် မထင်တဲ့အချိန်ပြောနေမြဲပင်ဖြစ်သည်။စကားပြောသည့်အခါများတွင်လည်း သူမကိုယ်သူမ ဝဟူ၍သာသုံးနှုန်းပြောဆိုလေ့ရှိသည်။မိဘများပေးထားသော နာမည်ကိုခေါ်လျှင်မကြိုက်ပေ။

ကလေးငယ်လေး၏ ဝဲဖက်ရင်အုံတွင်လည်း ထိခိုက်ဒဏ်ရာဖြစ်ခဲ့သည့်ဟန် အမှတ်တစ်ခုပါရှိသေးသည်။

“ဟယ် သမီးလေးရင်ဘတ်က အမှတ်ကလေးကပိုတောင်ထင်းလာသလိုပဲ”

မိခင်ဖြစ်သူက သမီးဖြစ်သူ၏ရင်ဘတ်ကအမှတ်ကလေးကို ရေချိုးပေးရင်းအမှတ်တမဲ့ကြည့်ကာဆိုမိလေရာ ကလေးငယ်လေးက သူ့ရင်ဘတ်ကအမှတ်ကလေးကိုပြန်ငုံ့ကြည့်ရင်း ခပ်တွေတွေတစ်ချက်ဖြစ်သွားကာ သူမပြောနေကျစကားအားပြောပြန်လေသည်။

“ဝ ဒီမှာ မီနေချင်ဘူး၊ ဝအိမ် ဝပြန်ချင်တယ်”

“သမီးလေးရယ် သမီးအိမ်ကဒီမှာလေ ၊အဲ့ဒါကိုဘယ်ပြန်ဦးမှာလည်း”

“မဟုတ်ဘူး ဒါ ဝအိမ် မဟုတ်ဘူး”

“ဒါဆို သမီးအိမ်က ဘယ်မှာလည်း”

မစန်းအေးလည်း စိုးရိမ်စိတ်ဖြင့်မေးကြည့်လေသည်။

“ဝတို့က (……….)စျေးမှာ အချိုမှုန့်ရောင်းတာ၊ဝတို့အိမ်ကြီးကလည်း အကြီးကြီးပဲ ၊နိတို့အိမ်လိုသေးသေးလေးဟုတ်ဘူး”

“ဟင် သမီးတကယ်ပြောနေတာလား”

“တီကယ်ပြောတာပေါ့ ဝနာမည်က မောင်ချိန်၊ ဝမှာမိန်းမလည်းရှိတယ်၊ သားသမီးငါးယောက်လည်းရှိတယ် ၊စကားပြောတတ်တဲ့ ကြက်တူရွေးလေးတစ်ကောင်လည်းရှိတယ်”

“ဒါဆို သမီးက ယောကျား်လေးပေါ့”

“ဟုတ်တယ် ဝကယောကျာ်းလေး ၊ဝမိန်းမနာမည်က(…….)”

ဒီတော့မှာ သူတို့သမီးလေးကလူဝင်စားတစ်ယောက်ဖြစ်မှန်းသိကြတော့သည်။ကလေးငယ်လေးဟာ ထမင်း၊ဟင်းကို သိပ်စားလေ့မရှိ မိခင်ဖြစ်သူက ထမင်းကျွေးသည့်အခါ အိမ်နီးနားကပ်လျက် ဖခင်ဖြစ်သူဘက်က အဘိုးအဘွားများအိမ်သို့ထွက်ပြေးကာ အကူအညီသွားတောင်းလေ့ရှိသည်။

“အဖေကြီးရေ အဖေကြီး ဝကိုကယ်ပါဦး”

“ဟေ ငါ့သမီး ဘာဖြစ်လာတာတုန်း”

“အီး ဟီး ဟီး ဝကို အမေက ထမင်းလိုက်ကျွေးနေလို့”

“အော် သမီးရယ် ထမင်းကျွေးတာကိုကွယ်၊ထမင်းစားမှအားရှိတာ သမီးကလိမ္မာတယ် မေမေကျွေးတာစားလိုက်နော်”

“ဝ ထမင်းမစားချင်ဘူး အီး ဟီး ဟီး”

မြန်မာထမင်းဟင်းကို ငြင်းဆန်လေ့ရှိသော်လည်း ခေါက်ဆွဲကျော်နှင့်ပေါင်မုန့်ကို အလွန်ကြိုက်နှစ်သက်လေသည်။ခေါက်ဆွဲကျော်စားရသည့်အခါများတွင် ပျော်ရွှင်နေတတ်က မြိန်ရေယှက်ရေစားသောက်တတ်သည်။
ဒါကြောင့် မိဘများက မကြာမကြာခေါက်ဆွဲကြော်ကြော်ကျွေးရလေသည်။ဒါ့အပြင် ကလေးငယ်လေးက ဟင်းခတ်အချိုမှုန့်များကိုလည်း ထမင်းစားသလိုခတ်စားတတ်သေးသည်။ဒါ​ကြောင့်မိဘများက သမီးဖြစ်သူကျန်းမာရေးအတွက် ဟင်းခတ်အချိုမှုန့်ဘူးကို ဖွတ်ထားရလေသည်။

တခြားကလေးငယ်များမှာ နှစ်နှစ်အရွယ်လောက်ဆို ကစားဖို့၊မုန့်ပဲသရေစာစားဖို့သာ အာသီသရှိသော်လည်း ကိုမြင့်ကျော်တို့သမီးလေးကတော့ ထိုကဲ့သို့မဟုတ်ပေ။ကလေးပီပီဆော့ကစားသည်ကို သိပ်တွေ့ရသည်မရှိပေ။
ကလေးငယ်လေးဟာ မိဘတွေမအား၍ ကြည့်မထားမိလိုက်သည့်အခါမျိုးတွေဆိုရင် လှစ်ကနဲအိမ်မှထွက်သွားကာ အသက်၈၀ ကျော်အရွယ် အဘွားကြီးတစ်ယောက်ရှိသည့်အိမ်သို့ စကားသွားပြောနေတတ်ပေသည်။မိဘများက သတိရသည့်အချိန်လိုက်ရှာလျှင်တော့ အဆိုပါအဘွားအိုကြီးအိမ်ပေါ်မှာ အဘွားအိုကြီးနှင့်နှစ်​ယောက်တည်းစကားလက်ဆုံကျနေတတ်သည်။

“အမလေး သမီးလေးရယ် အမေက သမီးပျောက်သွားလို့လိုက်ရှာနေတာ ၊သမီးကဘွားဘွားကြီးအိမ်ရောက်နေတာကိုး”

“ဟုတ်တယ် ဝ ဘွားဘွား​ကြီးအဖော်မရှိလို့စကားလာပြောနေတာ ”

ဒီလိုလူကြီးဆန်ဆန်နေတတ်ကာ တခြားကလေးများနှင့်မတူနေတတ်သည်ကို မိခင်ဖြစ်သူက မကြိုက်ပေ။သမီးလေးကို ရွယ်တူတခြားကလေးများပြုမူနေထိုင်သလို နေစေချင်သည်။

ကလေးငယ်လေးအကြောင်းသိသည့် သူတချို့က သူမပြောတာကြားချင်လို့မေးမြန်းသည့်အခါတွင်လည်း သေချာပြောပြတတ်သည်။

“သမီး သမီးနာမည်က ဘယ်သူလည်း”

“ဝနာမည် မောင်ချိန်”

“ဝက ဘယ်မှာနေတာလည်း”

“ဝက(…..)စျေးမှာ အချိုမှုန့်ရောင်းတာ၊ အင်း ဝဆိုင်ရောင်းကောင်းရဲ့လားမသိဘူး ၊ဝသားသမီးတွေကတော့ လိမ္မာပါတယ်”

လူ​ကြီး​လေးတစ်​ယောက်လို​ပြော​နေတဲ့ ကလေးငယ်လေးပြောသမျှကို တအံ့တသြနဲ့နားထောင်ကြရသည်။ ကလေးငယ်လေးပြောသည့်နေရာကို သွားကြည့်ဖို့တချို့ကပြောကြပေမယ့် မိဘများကသွားကြည့်ဖို့ စိတ်ကူးမရှိခဲ့ပေ။

သွားမကြည့်သည့်အပြင် သူသူငါငါပြောစကားအရ ဟုတ်​သော်ရှိ၊ မဟုတ်သော်ရှိ အတိတ်ဘဝမမှတ်မိစေရန်ရည်ရွယ်ကာ ဘဲဥများပြုတ်ကာ နေ့စဥ်ကျွေးခဲ့သည်။သို့သော်လည်း သူပြောချင်သည့်အခါပြောတတ်ပြီး သူကြိုက်နှစ်သက်ရာအစားအစာများကို စားမြဲပင်ဖြစ်သည်။

ကလေးငယ်လေး လေးနှစ်ပြည့်ပြီးချိန်တွင်တော့ အတိတ်ဘဝကိုပြန်ပြောခြင်းမရှိတော့ပေ။
ဟိုအရင်ကလိုငေးငေးငိုင်ငိုင်လည်း ဖြစ်မနေတော့ပဲ ရွယ်တူကလေးငယ်များနှင့် ဆော့ကစားခြင်းတို့ပြုလုပ်လာလေသည်။စကားပြောလျှင်လည်း အရင်ကလို ဝ ဟူ၍ပြောဆိုခြင်းမရှိတော့ပေ။မိဘများကိုလည်း နိတို့ဟု မပြောတော့ပဲ ဖေဖေ၊မေမေဟူ၍သာခေါ်တော့သည်။

ထိုအခါမှ သမီးဖြစ်သူကိုကြည့်၍မိဘနှစ်ပါး စိတ်ချလက်ချပျော်နိုင်တော့သည်။
အတိတ်ဘဝကိုပြန်မပြောတော့သော်ငြား သူမကြိုက်နှစ်သက်သည့် အစားအစားများကိုကြိုက်ဆဲ၊ဟင်းခတ်အချိုမှုန့်များကိုလည်း မိဘတွေလစ်ရင်လစ်သလိုခပ်စားမြဲဖြစ်သည်။

သူမအရွယ်ရောက်လာသည့်အခါ သူမငယ်စဥ်ကပြောဆိုပြုမူခဲ့သည်များကို ပြန်မှတ်မိခြင်းမရှိတော့။
မိဘများပြန်လည်ပြောပြသောအခါ တစ်ခါမျှမသိဖူး၊မကြားဖူးသည့် အကြောင်းအရာတစ်ခုကိုနားထောင်ရသလို အံ့သြသင့်စွာနားထောင်သည်။
ဒါပေမယ့် သူမမွေးတုန်းက သူမကိုယ်လုံးကိုစွပ်လျက်ပါလာသော ကျွတ်ကျွတ်အိတ်သဖွယ်အိတ်ကလေးကိုတော့ အမွှေးအကြိုင်အမြဲဆွတ်ကာ ဘူးသန့်သန့်လေးနှင့်ထည့်ပြီး ကိုယ်ပွားလေးဟုဆိုကာဂရုတစိုက်ရှိလေသည်။

ပြီးပါပြီ

#သန္တာထွန်း(အတွေးစု)