*ဝက်စွယ်ကွင်းပိတ်*📖📖📖 (စဆုံး)
****************************
(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားထားပါသည်)
အချိန်ကား ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ခန့်ဖြစ်သည်။ ကရင်ပြည်နယ် ဖာပွန်မြို့အရှေ့တောင်ဘက်အနီးတွင် ဘွာဒိုကျေးရွာတည်ရှိသည်။ ထိုကျေးရွာတစ်ဝိုက်ဒေသများမှာ တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောကြီးများဖြင့်အုပ်ဆိုင်းနေသည့်ဒေသဖြစ်သည်။
ကဲဒိုက ဘွာဒိုရွာနှင့်အတော်လှမ်းသည့် တောင်ကုန်းကလေးပေါ်တွင် နေထိုင်သည့်ဒေသခံမုဆိုးတစ်ယောက်ဖြစ်သည်။ ယခုလည်း ဘွာဒိုအနောက်ဘက် တောင်တန်းကြီးပေါ်ရှိ တောအုပ်ကြီးအတွင်းတွင် ပြေးလွှားနေလျှက်ရှိသည်။
လက်တစ်ဖက်က တစ်လုံးထိုး လက်လုပ်ရိုင်ဖယ်သေနတ်တစ်လက်ကိုကိုင်တွယ်ရင်း မြန်နိုင်သမျှ မြန်အောင်ပြေးနေမိသည်။ သူပြေးနေရသည်ကလဲ အကြောင်းရှိသည်။ သူ့အရှေ့တွင် တောဝက်များခပ်သွက်သွက်ပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ဖြစ်သည်။ တောဝက်များမှာ အနံ့ခံကောင်းသော်လည်း သူက ခပ်ခွာခွာမှပြေးလိုက်နေသည်မို့ သူ့အားရိပ်မိပုံမရပေ။ တောဝက်များကို ဝက်တောင်းကြီးတစ်ကောင်က ဦးဆောင်နေသည်ကိုတွေ့ရသည်။ ထိုဝက်တောင်းကြီးနောက်မှ အခြားဝက်ထီးများနှင့် ဝက်မများက ပြေးလိုက်နေကြသလို ဝက်သားပေါက်ငယ်ကလေးများမှာတော့ အုပ်စုအနောက်ပိုင်းမှ ခပ်သွက်သွက်ပြေးလိုက်နေကြသည်။
ဝက်အုပ်က သူတို့သွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်ငယ်များ၊ ချုံနွယ်ပင်များကို တဖြောင်းဖြောင်းနှင့် တိုက်ခတ်သွားကြရာ အနောက်က ကဲဒိုပြေးလိုက်နေသည့် အသံများကိုပင် မကြားနိုင်ကြပေ။ နောက်ဆုံးတော့ ဝက်အုပ်က ရပ်တန့်လိုက်သည်။ အလွန်ကြီးမားသည့် ဝါးရုံကြီးတစ်ခုအနီးတွင် ရပ်တန့်လိုက်ပြီး အကြီးအကဲဝက်နှင့် ဝက်ထီးများက ဝါးရုံကိုလှည့်ပတ်ကြည့်ကြသည်။ ထို့နောက် သူတို့၏ခြေထောက်များဖြင့် ဝါးရုံဘေးနားရှိမြေပြင်ကို ကုတ်ဖဲ့ကာ ခွာရာပေးကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ သူတို့စားကျက်ကို မှတ်သားသည့်သဘောဖြစ်သည်။ ထို့နောက် ဝက်ထီးများက တစီစီနှင့်အော်ဟစ်လိုက်ရာ ဝက်မများနှင့် ဝက်ကလေးများက ဝါးရုံကြီးမှထွက်နေသည့် မျှစ်စို့ကြီးများ နှင့် ဝါးပင်ငယ်များကို ချိုးဖဲ့စားသောက်ကြသည်။
ကဲဒိုအလွန်ပျော်ရွှင်သွားမိသည်။ ယနေ့တော့ ဝက်ထမ်းပြီးပြန်မည်ဟု ဆုံးဖြတ်လိုက်ကာ ထိုဝါးရုံအား အကွက်အကွင်းကောင်းကောင်းမြင်တွေ့နိုင်သည့် တောင်စောင်းပေါ်သို့ အသာကလေး တွားသွားကာ တက်ခဲ့သည်။ မြက်ပင်၊ ပိန်းပင်များကို အကာအကွယ်ယူလျှက် တောင်စောင်းကလေးပေါ်သို့တက်လာခဲ့သည်။ တောင်စောင်းပေါ်ရောက်သည့်အခါ အောက်ဘက်ဝါးရုံတွင် အစာစားသောက်နေသည့် တောဝက်များကိုအတိုင်းသားမြင်နေရသည်။
“ဟန်ကျပြီဟေ့၊ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူးကွာ၊ ငါဒီလိုမှန်းသိရင် ငါ့ယောက်ဖကို အဖော်ခေါ်လာခဲ့ပါတယ်”
ကဲဒိုက စိတ်ထဲမှတွေးပြီး သေနတ်ကို တောဝက်အုပ်ဆီသို့ သေချာထိုးချိန်လိုက်သည်။
(၂)
သူ့သေနတ်မှာ လုပ်သေနတ်ဖြစ်သော်လည်း ခေတ်မီသည့်သေနတ်တစ်လက်ဟုဆိုရမည်ဖြစ်သည်။ ထိုဒေသတွင် လက်နက်ကိုင်များပေါ်များသလို သေနတ်များ၊ ကျည်များမှာလည်း ပေါများသည်။ အထူးသဖြင့် သူတို့ကိုင်ဆောင်သည့် လုပ်သေနတ်များမှာ အထူးပေါများသည်။ သူကိုင်သည့်သေနတ်မှာ တစ်လုံးထိုး ဘို့အက်ရှင် ရိုင်ဖယ်သေနတ်ဖြစ်ပြီး မှန်ပြောင်းကလေးတစ်ခုတပ်ဆင်ထားလေရာ အနီးကပ်ချိန်ရွယ်ရန်အတွက် အလွန်အဆင်ပြေလှသည်။
သေနတ်ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီးသားဖြစ်သည်မို့ သေနတ်မောင်းကိုအသာဆွဲတင်လိုက်သည်။ အမဲဆီများဖြင့်ချောမွေ့နေအောင်ပွတ်ထားသည်မို့ သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။
တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။
“ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား”
ကဲဒိုရေရွတ်လိုက်မိသည်။ ဝက်တောင်းကြီး၏ နှာခေါင်းအောက်မှ တိုးထွက်နေသည့်ဝက်စွယ်ကြီးမှာ ကော့လန်နေပြီး အစွယ်ထိပ်ဖျားမှာ တစ်ဖန်ပြန်လည်ပြီး ပါးစပ်အောက်သို့တိုးဝင်သွားရာ ကြည့်လိုက်လျှင် ဝက်စွယ်ကောက်မှာ ဝလုံးပုံစံဖြစ်နေသည်။ ထိုသို့ဝက်စွယ်မျိုးကို ဝက်စွယ်ကွင်းပိတ်ဟုခေါ်တတ်ပြီး ဝက်စွယ်ချည်းပင် ဈေးကောင်းအလွန်ရတတ်သည်။
ကဲဒိုလည်းပျော်ရွှင်သွားပြီး ထိုဝက်ကြီး၏ လက်ပြင်နေရာကိုချိန်ရွယ်လိုက်သည်။ ဦးခေါင်းကိုပစ်ခတ်ချင်သော်လည်း ဝက်စွယ်ပဲ့သွားမည်စိုးသဖြင့် နှလုံးနေရာကိုထိုးချိန်လိုက်ခြင်းဖြစ်သည်။ ပစ်ကွင်းကောင်းကောင်းရထားသဖြင့် ကဲဒိုက တစ်ချက်ပြုံးလိုက်ပြီး သေနတ်ခလုပ်မောင်းကို ညှစ်ချလိုက်သည်။
“ချောက်”
ကျည်ပွင့်မထွက်ဘဲ ကျည်ရိုက်တံက ကျည်အိမ်၏ဖင်ကို အရှိန်ဖြင့်သွားရိုက်သံကိုသာ ကြားလိုက်ရသည်။ ကဲဒိုလည်း ထူးဆန်းသွားပြီး နောက်တစ်ချက်မောင်းတင်လိုက်ကာ ပြန်လည်ချိန်ရွယ်လျှက် ဒုတိယအကြိမ်ပစ်ခတ်လိုက်သည်။
“ချောက်”
သေနတ်မှာ ကျည်မထွက်ပေ။ ကဲဒိုလည်း စိတ်တိုသွားမိသည်။
“ဖိုးထီးကျည်ဆံတွေက မီးမကူးတာများလား”
စိတ်ထဲတွေးလိုက်ပြီး သေနတ်မောင်းကိုဆွဲလိုက်ကာ ကျည်အိမ်အတွင်းမှကျည်ဆံကိုထုတ်လိုက်သည်။ ထို့နောက် ခါးတွင်ပတ်ထားသည့် ခါးပတ်အိတ်ထဲမှ ကျည်ဆန်တစ်ခုကိုထုတ်ယူလိုက်ကာ ကျည်အိမ်အတွင်းသို့ထည့်ပြီး မောင်းပြန်တင်လိုက်သည်။
“ချောက်”
ဘယ်နှကြိမ် ကြိုးစားကြိုးစား သေနတ်က ကျည်မထွက်ပေ။ ဝက်များက သူတို့ဖာသာဆူညံနေသဖြင့် သူ့သေနတ်မောင်းဖြုတ်သံကို မကြားသောကြောင့်သာ တော်သေးသည်။
“တောက် ဘာဖြစ်တာလဲကွာ၊ သေနတ်ကဖြစ်တာလား၊ ကျည်ကဖြစ်တာလား”
ခဏကြာသည့်အခါ တောဝက်အုပ်မှာ တောအသွင်းသို့ ပြန်လည်ပြေးဝင်သွားသည်။ ကဲဒိုလည်း စိတ်ဆိုးပြီး ဆက်မလိုက်တော့ပေ။ ကျည်ဆန်ထည့်ပြီး မောင်းတင်ထားသည့်သေနတ်အား စိတ်ပေါက်ပေါက်ဖြင့် မိုးပေါ်သို့ထောင်ဖောက်လိုက်သည်။
“ဒိန်း”
သေနတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ တောအုပ်အတွင်း သားကောင်များ၊ ငှက်များမှာ လန့်ပြီးထွက်ပြေးကုန်ကြသည်။ ကဲဒိုလည်း အလွန်အံ့ဩနေမိသည်။ ထို့ကြောင့် ခုနက ပစ်မရသည့်ကျည်ဆန်တစ်ခုကို ပြန်ကောက်ယူလိုက်ပြီး ကျည်အိမ်ထဲထည့်ကာ အနီးရှိသစ်ကိုင်းတစ်ခုကိုပစ်ထည့်လိုက်သည်။
“ဒိန်း”
ကျည်ဆန်ထွက်သွားပြီး သစ်ကိုင်းကိုထိသွားကာ သစ်ကိုင်းမှာကျိုးကျသွားသည်။ ကဲဒိုတစ်ယောက် မျက်လုံးပြူးသွားရပြီဖြစ်သည်။
“ဒါ၊ ဒါဆို ခုနက ဝက်စွယ်ကွင်းပိတ်ကြီးကြောင့်များလား”
ထိုနေ့တော့ ကဲဒိုလက်ဗလာနှင့် အိမ်ကိုပြန်ခဲ့ရသည်။
(၃)
အိမ်ရောက်တော့ မိန်းမက တဗြစ်တောက်တောက်လုပ်သည်။ အမဲမရဘဲ ကျည်ဆန်ကုန်သွားခြင်းကြောင့်ဖြစ်သည်။ ကဲဒိုတို့မှာ အိမ်၏စီးပွားရေးအတွက် ကွမ်းသီးခြံများ တနိုင်တပိုင်စိုက်ပျိုးထားသောကြောင့် စားဖို့ကတော့မပူရပေ။ ကဲဒိုက မုဆိုးမျိုးရိုးဖြစ်သည်။ အဘိုးဖြစ်သူကလည်း မုဆိုးဖြစ်ပြီး၊ အဖေဖြစ်သူမှာလည်း မုဆိုးတစ်ယောက်ဖြစ်သည်။ သို့သော်အဖေဖြစ်သူမှာ တောလည်ရင်း လက်နက်ကိုင်များနှင့်တွေ့ကာ လူမှားပစ်ခတ်ခံရပြီး သူငယ်ငယ်ကပင်သေဆုံးသွားလေရာ အမဲလိုက်သည့်မုဆိုးပညာရပ်များကို အဘိုးထံမှသာ သင်ယူခဲ့ရသည်။ အိမ်ထောင်ကျပြီးသွားတော့ ဇနီးဖြစ်သူက အမဲလိုက်ခြင်းကို အားမပေးသဖြင့် စိုက်ပျိုးရေးဘက်သို့ ဦးတည်ခဲ့ရပြန်သည်။ ဘွာဒိုတောင်ဘက်ရှိ တောင်ကုန်းကလေးများတွင် ကွမ်းသီးပင်များစိုက်ပျိုးထားပြီး ထိုတောင်ကုန်းကလေးပေါ်တွင်ပင် အိမ်ဆောက်ကာ ဇနီးနှင့်အတူနေထိုင်သည်။ ဇနီးသည်၏ မောင်၊ ယောက်ဖဖြစ်သူလည်း သူတို့နှင့်အတူနေသည်။
ဆိုင်အတွင်းကိုဝင်လိုက်တော့ ဆိုင်မှာမီးအလင်းရောင်ခပ်မှိန်မှိန်ထွန်းထားသည်။ ထိုဆိုင်ကလေးမှာ ကုန်အစုံရသည့်ဆိုင်ဖြစ်ပြီး အရက်မျိုးစုံလဲရသည်။ ဆိုင်ဘေးတွင် အဖီဆွဲထားပြီး ခုံကလေးများချထားသဖြင့် ညနေဆိုလျှင် အရက်သမားများ ဝိုင်းဖွဲ့သည့်နေရာဖြစ်သည်။
ဘီယာတစ်လုံးဝယ်လိုက်ပြီး ဆိုင်အတွင်း ဟိုဟိုဒီဒီကြည့်လိုက်ရာ သူရှာနေသည့်သူကိုတွေ့သွားသည်။ ထိုသူထိုင်နေသည့် ခုံသို့သွားကာ ဝင်ထိုင်လိုက်သည်။ ထိုသူကတော့ အသက်ခုနစ်ဆယ်ခန့်ရှိပြီဖြစ်သည့် ဘိုးစေးသောပင်ဖြစ်သည်။
“အတီး(ဦးလေး) ၊ ရောက်နေတာနဲ့အတော်ပဲဗျာ”
“အေးကွာ ကဲဒို၊ လာထိုင်”
“အတီး ကိုဒီမှာမတွေ့ရင် အိမ်ကိုလာမလို့ပဲဗျ”
“မင်းက ငါ့ကိုဘာလို့တွေ့ချင်တာလဲကွ”
ဘိုးစေးသောက အရက်ဖြူတစ်လုံးကို ရေရောပြီး သောက်နေခြင်းဖြစ်သည်။ ဘီယာပုလင်းကိုင်လာသော ကဲဒိုကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“မင်းဆီမှာ အမြည်းပါမလာဘူးလားကွ”
ကဲဒိုက ခေါင်းခါပြသည်။
“မင်းကွာ၊ ငါကတော့ဖြင့် မုဆိုးလာပြီဆိုတော့ အသားလေးဘာလေးများ အမြည်းပါလာမလားလို့”
“အမြည်းနေနေသာသာဗျာ၊ ကျုပ်တောင်အသားမစားရတာကြာပြီဗျ၊ ဒီနေ့တောင် အိမ်မှာကြက်ဥနဲ့စားလာရတာ”
အဘိုးကြီးက ရယ်မောလိုက်သည်။
“ဒါနဲ့ ကျုပ်အဘိုးကိုမေးစရာရှိလို့ဗျ၊ ဒီနေ့တောထဲမှာ ဝက်တောင်းကြီးတစ်ကောင်တွေ့ခဲ့တယ်”
အဘိုးကြီးကပြုံးလိုက်ပြီး
“ဘာလဲ ဝက်မာန်စွယ်ထုတ်မလို့လား”
“ဝက်မာန်စွယ်က ကျုပ်တို့ထုတ်နေကြပဲမဟုတ်လား၊ ဈေးကောင်းလည်းသိပ်မရပါဘူးဗျာ၊ အခုကတော့ ဝက်စွယ်ကွင်းကြီးဗျ”
အဘိုးကြီးက ထူးဆန်းသွားသည်။
“ထူးဆန်းလိုက်တာ၊ မင်းတကယ်ပြောတာလားကွ”
“တကယ်ပေါ့ဗျ၊ ပိုပြီးထူးဆန်းတာက ဒီဝက်တောင်းကြီးကို ကျုပ်ပစ်တာ ကျည်ငါးတောင့်တိတိဗျာ၊ တစ်ချက်မှမထွက်ဘူး”
“ဟုတ်ပါ့မလားကွာ၊ ဖိုးထီးဆီက ကျည်တွေက အင်တွေလည်းပါတယ်၊ တစ်ခါတစ်လေ မီးမကူးဘူးမဟုတ်လား”
“မဟုတ်ဘူးဗျ၊ ဝက်ကြီးထွက်သွားတော့ တခြားကိုပစ်တာကျတော့ ကျည်ကထွက်တယ်ဗျာ”
အဘိုးကြီးက ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ ဟုတ်ပြီဟေ့၊ မင်းပြောတဲ့အတိုင်းဆို အစွမ်းရှိတဲ့ ဝက်စွယ်ကွင်းကြီးဖြစ်မယ်ကွ”
“အဲဒါကြောင့် ဒီကောင်ကြီးကို ဘယ်လိုလှဲသိပ်ရမလဲဆိုတာ အဘိုးကိုလာတိုင်ပင်တာ”
အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ပလတ်စတစ်ခွက်ထဲမှ အရက်ကိုတစ်ကျိုက်မော့ချလိုက်သည်။
“ဝက်စွယ်ကွင်းတိုင်းက စွမ်းတာတော့မဟုတ်ဘူးကွ၊ ဒါပေမယ့် တကယ်စွမ်းတယ်ဆိုရင်လည်း တစ်ကွင်းထဲရောင်းပြီး သူဌေးဖြစ်နိုင်တယ်ကွ၊ ဝက်စွယ်ကွင်းပိတ်မှာ ထူးဆန်းတဲ့အစွမ်းတွေရှိတယ်၊ မီးမကူးဘူး၊ ကျည်မထွက်ဘူး၊ အဲဒီအစွယ်ရှိတဲ့အကောင်ကို ဘယ်လိုမှရန်ပြုလို့မရဘူးကွ၊ ဓါးမတိုးဘူး၊ လှံနဲ့ထိုးရင် လှံခွေသွားတယ်ကွ”
ကဲဒိုလည်း အတော်ထူးဆန်းသွားသည်။ ဝက်စွယ်ကွင်းပိတ်အကြောင်းကို အဘိုးပြောဖူးသည်ကိုသာ တစ်ခါကြားဖူးပြီး တစ်ခါမှ မမြင်ဖူးပေ။ အဘိုးကြီးကဆက်ပြီး
“မင်းပြောတဲ့အကောင်ကြီးကို တစ်ခါမှမမြင်ဖူးပါဘူးကွာ”
“ဟုတ်တယ်ဗျ၊ ကျုပ်လည်း တစ်ပတ်တစ်ခါလောက်တောလိုက်နေကျ၊ အခုမှပဲမြင်ဖူးတာ၊ ဒီကောင်ကြီးတွေ တောပြောင်းလာတာဖြစ်မယ်ဗျ”
အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။
“ကဲ၊ ဒါဆိုကျုပ်တို့ ဒီကောင်ကြီးကို ဘယ်လိုဖမ်းကြမလဲ”
အဘိုးကြီးက ပြုံးလိုက်ပြီး
“ဟဲ၊ ဟဲ ငါ့မှာနည်းလမ်းရှိပါတယ်ကွာ၊ မင်းဒီကောင်ကြီးကိုရရင် ငါ့ကိုဘယ်လောက်ပေးမလဲ”
“၃၀ ပေးမယ်ဗျာ”
ကဲဒိုက လက်သုံးချောင်းထောင်ပြလိုက်သည်။
“နည်းတယ်၊ ငါ့နည်းနဲ့လည်းဖမ်းသေးတယ်၊ မင်းကလည်း ကပ်စေးနှဲလိုက်တာ”
“ဒါဆိုတစ်ယောက်တစ်ဝက်ဗျာ၊ ဟုတ်ပြီလား”
အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။
(၃)
နောက်နေ့ အဘိုးကြီးစေးသောနှင့် တောတိုးခဲ့ကြသည်။ အဘိုးကြီးကတော့ သေနတ်မယူဘဲ မှန်ပြောင်းတစ်ခုသာ လည်ပင်းတွင်ချိတ်ဆွဲလာခဲ့သည်။ သူတို့တောတိုးရင်း လျှိုမြှောင်ကလေးတစ်ခုအတွင်းရောက်သောအခါ ဝါးကျိုးသံများ တဖြောင်းဖြောင်းနှင့်ကြားရသည်။ သူတို့နှစ်ဦးလည်း တောင်စောင်းပေါ်သို့တက်ကြည့်သည့်အခါ ဝါးရုံကြီးအနီးတွင် တောဝက်အုပ်ကိုတွေ့ရသည်။
“ဟိုတစ်ကောင်ပဲ အဘိုး”
အဘိုးကြီးက မှန်ပြောင်းနှင့်ကြည့်သည်။
“အေးကွ၊ ဒါပေမယ့် စိတ်မကောင်းစရာက ညာဘက်က အစွယ်ပဲ အကွင်းဖြစ်နေတာ၊ ဘယ်ဘက်က အစွယ်ကတော့ တစ်ခုခုနဲ့ထိုးမိသလားမသိဘူးကွ၊ ပဲ့နေတယ်”
“အို၊ ဘာပဲဖြစ်ဖြစ်ဗျာ၊ ရတော့လည်း တစ်ယောက်တစ်ဝက်ပေါ့”
“ဒီကောင်ကြီးက လက်နက်ပြီးတယ်ဆိုတော့ ငါတို့ပစ်လို့မရဘူး၊ ဒီတော့ တခြားနည်းနဲ့လုပ်မှရမှာကွ”
“ကိုင်းထောင်မှာလား၊ ထောင်ချောက်ဆင်မှာလား”
“မင်းကလည်းကွာ၊ ဒီအရွယ်ကြီးကို ဘယ်လိုလုပ်နိုင်မှာလဲ၊ ငါပြောမယ် သူတို့ဒီနားက ဝါးရုံတွေကို ဒီတစ်ရက်တည်းနဲ့စားလို့ကုန်မှာမဟုတ်ဘူးကွ၊ ဒီတော့ နေရာကိုမှတ်ထားပြီး နေ့လည်ကျရင် ငါတို့ပြန်လာကြမယ်”
သူတို့ထိုနေရာကိုမှတ်သားပြီးနောက် နေ့လည်ရောက်တော့ ရွာပြန်လာခဲ့သည်။ ရွာမှ လူငယ်သုံးယောက်ခန့်ခေါ်လာပြီးတော့ ထိုနေရာသို့လာသည့်လမ်းတွင် ကြီးမားသည့်တွင်းကြီးတစ်ခုတူးသည်။ တွင်းမှာ ဆယ်ပေပတ်လည်ခန့်ရှိမည်ဖြစ်ပြီး ခြောက်ပေခန့်နက်သည်။
“ကျုပ်သိပြီအဘိုး၊ ပြီးရင်တွင်းထဲမှာ ဝါးချွန်တွေချထားမယ်မဟုတ်လား”
“မင်းကလည်းကွာ၊ ဓါးတောင်ပြီးတာ မင်းဝါးချွန်လောက်က တိုးမလားကွ၊ ဘာမှမထည့်ဘူး”
ထို့နောက် အနီးရှိဝါးများခုတ်ပြီး ထိုတွင်းကိုဖုံးနိုင်လောက်သည့် ဝါးတံခါးကြီးတစ်ချပ်လုပ်သည်။ အလားတူ နှီးများဖြင့် တွင်းဖုံးနိုင်သည့် ဆန်ကာကွက်ကိုရက်လုပ်ကာ ထိုတွင်းအပေါ်မှ ဖုံးအုပ်လိုက်သည်။ ပြီးနောက် မုဆိုးနည်းလမ်းဖြင့် ထိုနေရာကို သစ်ရွက်များဖြင့်ပြန်လည်ဖုံးအုပ်ကာ ခြေရာလက်ရာမပျက် ပြန်ဖန်တီးရသည်။
အဘိုးကြီးလုပ်နေသည်ကို ကဲဒိုက နားမလည်နိုင်သဖြင့် ကြည့်သာနေရသည်။ ထိုညတော့သူတို့အိမ်မပြန်တော့ဘဲ ရွာမှလူများကိုသာ မုန့်ဖိုးပေးပြိးပြန်လွှတ်လိုက်ရသည်။ ကဲဒိုကတော့ ဝါးဖြင့်ပြုလုပ်သည့် တံခါးကြီးကို ကိုင်ထားရသည်။ သူတို့တစ်ညလုံး တောအုပ်အတွင်းဖြတ်သန်းရလေသည်။
နောက်တစ်နေ့မိုးလင်းပြီးသည့်အခါ တောတိုးသံများကြားရသည်။ တောဝက်များမှာ တောအုပ်အတွင်းပြေးလွှားနေကြသည်။ တောဝက်များမှာ အစာရှာချိန်တွင် ပြေးလွှားနေတတ်ပြီး အစာစားပြီးချိန်တွင်တော့ အေးအေးလူလူသွားလာတတ်ကြသည်။ ယခုလည်း အစာအလွန်စာနေပုံရသည်။ တောအုပ်အတွင်း တဝုန်းဝုန်းနှင့်ပြေးလွှားလာသည်။
သူတို့ဆင်ထားသည့် တွင်းနားအရောက်တွင် တောဝက်တောင်းကြီးက ရပ်တန့်သွားသည်။ ထို့နောက် မြေပြင်ကိုနမ်းပြီး တစ်ခုခုကိုအနံ့ခံနေပုံရသည်။ ကဲဒိုမှာ တောဝက်ကြီးပြန်လှည့်ထွက်သွားမည်ကိုစိုးရိမ်နေရသည်။ ပြန်လှည့်ထွက်သွားပါက သူတို့ထောင်ချောက်အလကားဖြစ်ပြီ။
သို့သော် တောဝက်ကြီးက ခဏကြာသည့်အခါ ပြန်လည်ခေါင်းမော့လာပြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင်ဦးဆောင်ကာ ဝါးရုံကြီးဆီသို့ပြေးလွှားလိုက်သည်။
“ဝုန်း”
တွင်းအပေါ်တွင်ခင်းထားသည့် နှီးဆန်ကာကိုနင်းမိကာ တွင်းထဲသို့ ဝက်တောင်းကြီးပြုတ်ကျသွားလေသည်။ ဝက်များမှာ ဆူဆူညံညံအော်ဟစ်ကြလေသည်။
“ဟေ့ကဲဒို၊ ဝက်တစ်ကောင်လောက်တော့ ပစ်လိုက်စမ်းကွာ”
ကဲဒိုက ဝက်မတစ်ကောင်ကို ပစ်ခတ်လိုက်သည်။ ခေါင်းကိုထိမှန်ပြီး ဝက်မမှာ သွေးရူးသွေးတန်းနှင့်ပြေးလွှားပြီး လဲကျသွားလေသည်။ ထိုတော့မှ ကျန်သည့်ဝက်များမှာ ကစဉ့်ကလျားဖြင့် ပြေးကုန်ကြသည်။
“လာဟေ့၊ အဖုံးသွားအုပ်ရအောင်”
အဘိုးကြီးက ပြောလိုက်ပြီး ကဲဒိုနှင့်နှစ်ယောက် ဝါးဖုံးကြီးကိုယူကာ တွင်းအနားသို့တိုးခဲ့သည်။ ဝက်ကြီးက တွင်းထဲကျနေပြီး ပြန်ကုပ်တက်ရန်လုပ်သော်လည်း မတက်နိုင်ပေ။ အဘိုးကြီးက တွင်းပေါ်မှနေပြီး ဝက်ကြီးကိုငုံ့ကြည့်သည်။ ဝက်ကြီးက သူတို့ကိုရန်လုပ်နေသည်။
“ကဲ၊ ဒီကောင်ကြီးကိုဘယ်လိုသတ်ကြမလဲ အဘိုး”
“မလိုပါဘူးကွာ၊ သူ့ကိုလက်နက်တွေမတိုးပေမယ့်၊ အစာငတ်ရင်တော့ သေနိုင်ပါတယ်ကွ၊ ဒီတော့တွင်းကိုအဖုံးနဲ့အုပ်ထားစို့၊ နောက်ဆယ်ရက်လောက်အထိ သူတောင့်ခံနိုင်ပါ့မလားကွာ၊ ဟား၊ ဟား”
တွင်းအဖုံးကိုသေချာအုပ်ပြီး ဝါးချွန်များဖြင့်မြေပေါ်သို့ထိုးစိုက်ကာ သေသေချာချာဖုံးအုပ်ခဲ့သည်။
“မင်းနဲ့ငါနဲ့ တစ်ယောက်တစ်ဝက်နော်”
“စိတ်ချ၊ အစွယ်ရောင်းရရင် အတီးနဲ့ကျုပ်နဲ့ တစ်ယောက်တစ်ဝက်ဗျာ”
ထိုနောက်ပိုင်းတော့ ဝက်ကြီးကျနေသည့် တွင်းကိုကင်းစောင့်ရတော့သည်။ သူများတွေလာဖော်မှာကိုစိုးရိမ်ရသည်။ ထို့အပြင် အခြားသားကောင်များရောက်လာမှာကိုလည်း စိုးရိမ်ရပြန်သည်။ သစ်ပင်တစ်ပင်ပေါ်တွင်ထိုင်ရင်း နေ့နေ့ညည သေနတ်ကိုင်ကာစောင့်နေရသည်။ ယောက်ဖဖြစ်သူကပါ လာပြီး တောထဲမှာပင် ချက်ပြုတ်စားရသည်။ ဝက်တောင်းကြီးမှာ ညညဆိုလျှင် အော်ဟစ်နေတတ်သေးသည်။ သူ့ဖာသာ အစာငတ်ပြီးသေဆုံးသွားသည်ကို စောင့်နေရသည်ကို ကဲဒိုစိတ်မရှည်ပေ၊ သို့သော် တခြားနည်းလမ်းကလည်းမရှိပြီ။
လဝက်ကျော် ကြာမှသာ ဝက်တောင်းကြီးသေဆုံးသွားသည်။ ကဲဒိုတို့မှာ တောအတွင်းတွင်သာ နေထိုင်ရသဖြင့် လူရိုင်းရုပ်ပေါက်နေပြီဖြစ်သည်။ ဝက်ကြီးမှာလည်း ပိန်လှီနေရာ အသားပင်စားစရာမရှိတော့ပေ။ နောက်တော့ ကဲဒိုက ဝက်စွယ်ကိုဖြတ်ယူကာ သမီးယောက်ဖနှစ်ယောက် ပြုံးရွှင်စွာနှင့် အိမ်ပြန်လာခဲ့သည်။
“အတီးရေ၊ ရခဲ့ပြီ”
သူတို့တီးတိုးသာပြောဆိုရသည်။ တစ်ရွာလုံးသိသွားလျှင် မသမာသူများက သူတို့ကိုသတ်ပြီး ဝက်စွယ်ကိုယူမည်ကို စိုးရိမ်ရသည်။ အဘိုးကြီးနှင့်အတူတူ သူတို့အိမ်နောက်ဘက်တွင် မီးပုံကြီးတစ်ပုံဖိုလိုက်သည်။ ထင်းအားကောင်းလှသဖြင့်မီးပုံကြီးမှာ မီးညွှန့်များ ရဲရဲနီတက်နေလေသည်။ အဘိုးကြီးက ဝက်စွယ်ကွင်းပိတ်ကိုကိုင်ပြီး မီးပုံအတွင်းသို့ပစ်ထည့်လိုက်သည်။
မကြာပါ၊ မီးပုံမှာ သူ့အလိုလိုမီးညွန့်ကျိုးကျသွားပြီး ထင်းချောင်းများမှာလည်း မီးသွေးအဖြစ်ပြောင်းလဲသွားကာ မီးငြိမ်းသွားလေသည်။ ကဲဒိုလည်း တစ်ခါမှ မမြင်တွေ့ဖူးသဖြင့် အလွန်အံ့ဩနေမိသည်။
(၅)
“ကိုကျော်ညွှန့်၊ ဗျို့ ကိုကျော်ညွန့်”
ခေါ်သံကြားသဖြင့် ကိုကျော်ညွန့်က အိမ်ရှေ့ထွက်လာရာ သူ့ငယ်သူငယ်ချင်း စောရော်နယ်နှင့် အသားဖြူဖြူ ယိုးဒယားတစ်ယောက်ကိုတွေ့သည်။
“ဘယ်သွားမလို့တုန်း ရော်နယ်ရ”
“ဘွာဒိုဘက်မှာ ဝက်စွယ်ကွင်းပိတ်အစစ်တွေ့ထားလို့၊ ကိုကျော်ညွှန့်လိုက်ခဲ့မလားလို့ အဖော်ခေါ်တာ”
ကိုကျော်ညွှန့်က ဖာပွန်တွင်နေထိုင်သူဖြစ်ရာ ဘွာဒိုမှာ သူတို့နှင့်မနီးမဝေးကလေးဖြစ်သည်။ ထို့အပြင် ဝက်စွယ်ကွင်းပိတ်အကြောင်းလည်း သိချင်သဖြင့် လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ ရော်နယ်က ကားတစ်စီးကိုမောင်းပြီး ယိုးဒယားလူမျိုးနှင့်အတူ လိုက်ပါလာခဲ့သည်။
“ဒါက ကျုပ်ဘော့စ်ဗျ၊ သူက အဲဒီလို ထူးဆန်းတဲ့အရာတွေဆိုရင် သိပ်စိတ်ဝင်စားတာ၊ နောက်ပြီးတော့ ယိုးဒယားတွေက ဒီလိုအစွမ်းတွေကိုလည်း ယုံတယ်မဟုတ်လား”
ထို့နောက် ရော်နယ်က သူနှင့်ဗမာလိုပြောလိုက်၊ ယိုးဒယားနှင့် ကွိကွိကွကွပြောလိုက်နှင့် မောင်းနှင်လာခဲ့ကြသည်။ ဘွာဒိုပင်မရောက်ဘဲ ကားလမ်းပေါက်သည့် တံခွန်တိုင်ရွာသို့ရောက်သည့်အခါ ရွာထဲသို့ချိုးဝင်ခဲ့သည်။
ရွာအပြင်ဘက်ကျသည့် အိမ်တစ်အိမ်ရှေ့တွင် ကားကိုရပ်လိုက်သည့်အခါ အိမ်ထဲမှ ဆံပင်ညှင်းသိုးသိုး ဗလတောင့်တောင့်နှင့်လူတစ်ယောက်ထွက်လာသည်။ ထိုသူကတော့ ကဲဒိုပင်ဖြစ်သည်။
“ခင်ဗျားဟာ စစ်လားမစစ်လားသိရအောင်၊ ကျုပ်တို့ကိုယ်တိုင်စမ်းမယ်”
ကဲဒိုကလည်းခေါင်းညိတ်လိုက်သည်။ သူတို့အိမ်နောက်ဖေးဘက်တွင် မီးဖိုဖိုလိုက်ပြီး ထိုမီးဖိုထဲသို့ ဝက်စွယ်ကွင်းကို ပစ်ထည့်လိုက်သည့်အခါ မီးဖိုငြိမ်းသွားလေသည်။ ရော်နယ်နှင့် ယိုးဒယားမှာ စကားတွေပြောဆိုနေလေသည်။
“ဝက်စွယ်ကွင်းပိတ်အစစ်က သေနတ်ပြီးတယ်လို့ကြားတယ်၊ ခင်ဗျားစမ်းပြမလား”
ကဲဒိုက ပြုံးလိုက်ပြီး ဝက်စွယ်ကိုလက်တွင်ကိုင်ကာ အိမ်နောက်ဖေးခပ်လှမ်းလှမ်းသို့လျှောက်သွားသည်။
“ခင်ဗျားတို့မှာ သေနတ်ပါတယ်မဟုတ်လား၊ ထုတ်ပစ်စမ်းဗျာ”
ကိုကျော်ညွန့်တို့ အံ့ဩသွားမိသည်။ ရော်နယ်က သူ့ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး ခေတ်မီပစ္စတိုသေနတ်အတိုကလေးတစ်လက်ကိုထုတ်လိုက်သည်။
“ဟာ၊ ဟေ့လူဖြစ်ပါ့မလားဗျာ၊ တော်fကြာခင်ဗျားဝက်စွယ်ကွင်းက မစွမ်းရင် ခင်ဗျားသေသွားမှာ”
ကိုကျော်ညွန့်က စိုးရိမ်သဖြင့်ပြောသော်လည်း ကဲဒိုကတော့ စိတ်ချရန်တွင်တွင်ပြောဆိုနေသည်မို့ နောက်ဆုံး ပစ်ခတ်ရန်အတွက် ဆုံးဖြတ်လိုက်သည်။ ယိုးဒယားက သေနတ်ကိုဆွဲယူလိုက်ပြီး ကဲဒိုကိုထိုးချိန်လိုက်ကာ ခလုပ်ကိုညှစ်လိုက်သည်။
သေနတ်က တချက်ချက်အသံသာထွက်ပြီး ကျည်မထွက်ပေ။
“ဘယ်လိုလဲ၊ ယုံပြီလားဗျ၊ ကဲ တခြားနေရာကို ပစ်ကြည့်စမ်းပါအုံး”
ယိုးဒယားက ကဲဒိုနံဘေး ဆယ်ပေခန့်အကွာကို သေနတ်နှင့်ပစ်ခတ်ရာ ကျည်ထွက်ပြီး အနောက်ကသစ်ပင်ကိုထိမှန်လေသည်။ ယိုဒယားမှာ ကျေနပ်သွားပြီး ခေါင်းညိတ်လေသည်။
“ကဲ ခင်ဗျားဘယ်လောက်ခေါ်မလဲ”
“ကျုပ်လည်း ဗိုက်နာနေတာဆိုတော့ သိန်းတစ်ရာပဲပေးဗျာ”
ရော်နယ်က ယိုးဒယားကို ဘာသာပြန်ပေးတော့ ယိုးဒယားက ခေါင်းညိတ်သည်။ သူတို့ကားအနောက်ဘက်တွင် တင်လာသည့်ခရီးဆောင်အိတ်ထဲမှ ပိုက်ဆံများကိုထုတ်ပြီးပေးချေလိုက်လေသည်။ ကိုကျော်ညွန့်ကတော့ ကဲဒိုထံကိုသွားပြီး အစွယ်ရလာပုံကိုမေးမြန်းသည်။
“ဒါနဲ့ ခင်ဗျားဗျာ သိန်းသုံးရာလောက် တောင်းတာမဟုတ်ဘူး”
“တော်ပြီဗျာ၊ ကျုပ်ဒီတစ်ခါတော့ ဝက်စွယ်ကိုမရောင်းလို့မရတော့ဘူးဗျ၊ ကျုပ်ဆီမှာ အရင်က ဒီဈေးပေးပြီးဝယ်တဲ့သူရှိပေမယ့် ကျုပ်ကတိုးတောင်းရင် သူတို့မပေးနိုင်လို့ ပွဲပျက်ပေါင်းများပြီဗျ၊ အခုဆို ဝယ်လက်လာနိုးနဲ့စောင့်လိုက်ရတာ တစ်နှစ်လောက်ရှိတော့မယ်”
“ဒါနဲ့နေပါအုံး၊ ခင်ဗျားက ဘာလို့မရောင်းမဖြစ်တာလဲ”
“ဒီဝက်စွယ်အိမ်ကိုရောက်ကတည်းက အိမ်မှာသိသိသာသာစီးပွားကျသွားတယ်ဗျာ၊ ကျုပ်တို့လင်မယားလဲ ကွဲသွားတယ်၊ အိမ်တွေ၊ ခြံတွေကိုရတဲ့ဈေးနဲ့ရောင်းချပြီးတဲ့အပြင် အခုတောင် သိန်းနှစ်ဆယ်လောက် အကြွေးတင်နေတာဗျာ”
အိမ်ပြန်လမ်းတွင်တော့ ကိုကျော်ညွန့်တစ်ယောက် တွေဝေနေမိသည်။ သူ့ခေါင်းထဲတွင်တော့ သူတစ်ချိန်က ဆရာတော်တစ်ပါးမိန့်ဖူးသည့် စကားတစ်ချို့ကိုပြန်ကြားယောင်နေမိသည်။
“ဝက်စွယ်ကွင်းပိတ်က အစွမ်းထက်တယ်ဆိုပေမယ့် အိမ်မှာထားရင် အိမ်ခိုက်တယ်၊ စီးပွားတိတ်တယ်၊ မိသားစုအချင်းချင်း ခိုက်ရန်ဖြစ်ပွားတတ်တယ်၊ ဒီလို ပစစြည်းတွေက ထူးဆန်းတဲ့အစွမ်းတွေရှိတတ်တာမှန်ပေမယ့်၊ တစ်ဖက်မှာလည်း ဆိုးကျိုးတွေရှိတတ်တယ် ဒကာကြီးရဲ့”
“ဒါဆိုရင် သူများတွေဈေးကောင်းပေးဝယ်ကြာတာ ဘာလို့ပါလဲဘုရား”
“ဒီလို ဂမ္ဘီရပစ္စည်းတွေဆိုတာ ဒီအတိုင်းမဆောင်ကောင်းဘူး၊ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပြီးတော့ ဆေးအဆောင်တွေစီရင်ရတယ်၊ များသောအားဖြင့်ကတော့ ရုပ်တုထုပြီးတော့ ဂမ္ဘီရအစီအရင်တွေ ဆောင်ရွက်ကြလေ့ရှိတယ်ကွဲ့”
ယခုတော့ ကိုကျော်ညွန့်တစ်ယောက် ဝက်စွယ်ကွင်းပိတ်ကိုလည်း ကိုယ်တိုင်မြင်ခဲ့ဖူးပြီ၊ ဝက်စွယ်ကွင်းပိတ်အစွမ်းကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရပြီ၊ ထိုမျှသာမကသေး ဝက်စွယ်ကွင်းပိတ်၏ ဆိုးကျိုးကြောင့် ဘဝပျက်သွားရသည့် ကဲဒိုကိုလည်း ကိုယ်တိုင်တွေ့ခဲ့ရပြီဖြစ်သည်။
ရော်နယ်ကတော့ သူ့အိမ်ရှေ့တွင် သူ့ကိုချပေးခဲ့ပြီး မုန့်ဖိုးငွေသုံးသောင်းပေးသွားလေသည်။ ထိုကတည်းက ရော်နယ်နှင့်မတွေ့ဖြစ်တော့ပေ။
ငါးနှစ်ခန့်ကြာပြီးသည့်အခါ ဖာပွန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရော်နယ်နှင့်ပြန်ဆုံသည်။ ထိုအခါ ထိုယိုးဒယားသူဌေးအကြောင်းကို မေးမြန်းကြည့်ဖြစ်သည်။ ထိုသူဌေးမှာ လွန်ခဲ့သည့်လေးနှစ်ခန့်ကပင် လုပ်ငန်းအရှုံးပေါ်ပြီး တရားစွဲခံရကာ ထောင်ကျသွားကြောင်းနှင့်လုပ်ငန်းပျက်သွားသဖြင့် ရော်နယ်လည်း အခြားအလုပ်ပြောင်းသွားခဲ့ရကြောင်းပြောကြားလေသည်။
ကိုကျော်ညွန့်ကတော့ သက်ပြင်းတစ်ချက်ချမိသည်။ ထိုသို့ဖြစ်သွားခြင်းမှာ ဝက်စွယ်ကွင်းပိတ်၏ ဆိုးကျိုးကြောင့်လားဆိုတာတော့ ကိုကျော်ညွန့်လဲ တပ်အပ်မပြောနိုင်ပေ။
ပြီးပါပြီ။
စာဖတ်သူများတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်