ဝက်သားဟင်းတောင်းစားသည့်သဘက်ကြီး

*ဝက်သားဟင်းတောင်းစားသောသဘက်ကြီး*📖📖📖

**********************************************

(ဖြစ်ရပ်မှန်)

+++++++++++++++++++++++++++++++++

ဒီအဖြစ်အပျက်က ကျွန်တော်အသက်၁၆နှစ်လောက်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ကျွန်တော်က မော်လမြိုင်ဇာတိဆိုတော့ ဆောင်းတွင်းမနက်တွေဆိုရင် သူငယ်ချင်းတွေနဲ့စုပြီး တောင်ပေါ်view pointကို လမ်းလျောက်နေကြ၊ ကျွန်တော်တို့သွားတဲ့လမ်းက အ.ထ.က(၁)ကျောင်းအလွန် အသေတိုက်ကနေ တက်ရတာမို့ မနက်အရုဏ်တက်ချိန်ဆိုရင် ကြက်သီးထလောက်အောင် ကျောချမ်းစရာကောင်းလှတယ်။

အသေတိုက်ရဲ့အရှေ့မှာတော့ ညောင်မုတ်ဆိတ်တွေ တွဲလောင်းကျနေတဲ့ ညောင်ပင်တစ်ပင်ရှိပြီး အဲဒီအပင်မှာ သဘက်ကြီးတစ်ကောင် နေတယ်လို့လဲ ပါးစပ်ရာဇဝင်တွေရှိခဲ့ကြတယ်။

ကိုယ်တွေက ဆယ်ကျော်သက်အရွယ်တွေဖြစ်တဲ့ အပြင် အဖွဲ့ကလဲတောင့်ဝောာ့ သရဲလဲမကြောက်ဘူး၊ တစ္ဆေလဲမကြောက်ဘူးဆိုပြီး ကြွေးကြော်ခဲ့တာပေါ့။

မှတ်မှတ်ရရ အဲဒီနေ့က မန်ယူနဲ့ ဘာစီလိုနာ ချန်ပီယံလိဒ်ဗိုလ်လုပွဲကြည့်ရင်း မအိပ်ဖြစ်ကြတော့ပဲ မနက်သုံးနာရီခွဲလောက် တောင်ပေါ်သွားကြမယ်ဆိုပြီး ထွက်လာခဲ့ကြတယ်။

သံလွင်ဥယျာဉ်ကနေဖြတ်လာရင်း အသေတိုက် ကုန်းတက်လဲရောက်ရော ကားလမ်းမကို ပိတ်ပြီးအိပ်နေတဲ့အရာတစ်ခုကို တွေ့လိုက်ရတယ်။

ဒါကိုမြင်တော့ အဖွဲ့ထဲမှာပါတဲ့ တစ်ယောက်က အရှေ့ကိုကပ်ပြီးကြည့်လိုက်ရာ အမွှေးမျှင်တွေ ဖုံးလွှမ်းနေတဲ့အကောင်တစ်ကောင်ဖြစ်နေ တာကြောင့် အကုန်လုံးအော်ပြီးပြေးကြတာပေါ့။

အဲဒီနေ့ကစပြီး ဆောင်းတွင်းမနက်လမ်းလျောက်တဲ့ အစီအစဉ်ပျက်သွားသလို အသေတိုက်ဘက်ကိုလဲ ယောင်လို့တောင် ခြေဦးမလှည့်ကြတော့ဘူး။

ဒီလိုနဲ့ သုံးလလောက်ကြာတော့ အသေတိုက်ကုန်းတက်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အလှူတစ်ခုလုပ်ပါလေရော။

ကျောင်းထိုင်ဘုန်းကြီးက အဒေါ်တွေကိုးကွယ်တဲ့ ဘုန်းကြီးဖြစ်လို့ အကုန်လုံးဝိုင်းကူလုပ်ပေးဖို့ အမိန့်ကျလာခဲ့တယ်။

ဒါနဲ့ အိမ်ကနေ ထမင်းဟင်းတွေချုက်ပြတ်ပြီး အရုဏ်ဆွမ်းအမှီဘုန်းကြီးကျောင်းကို တက်ကြတာပေါ့၊ အိုးတွေခွက်တွေ ရွက်တဲ့သူကရွက် ဆွဲတဲ့သူကဆွဲနဲ့ ပျော်စရာတော့ကောင်းသားဗျ။

ထမင်းဟင်းတွေပါတဲ့အတွက် အသေတိုက် ကုန်းတက်ကနေ မတက်ပဲ သမဝါယမသင်တန်းကျောင်းအနောက်လမ်းကနေ ဓါတ်မီးကိုယ်စီနဲ့တက်လာခဲ့ကြတယ်။

မနက်လေးနာရီလောက်ဆိုတော့ အလင်းရောင်ကလဲ မှိန်တိန်တိန် လမ်းကလဲတောလမ်းဖြစ်တဲ့အတွက် ခလုပ်မတိုက်အောင် သတိထားလျောက်ရင်း တောင်ပေါ်ကိုတက်လာတဲ့အချိန် မသင်းနွဲ့ဆိုတဲ့ မိန်းမက ထမင်းအိုးအဖုံးကိုလက်နဲ့ခေါက်ပြီး သူ့သားကို“ ဖိုးခွေး… ဟိုရောက်ရင် ဆရာတော်တွေ ဆွမ်းဘုန်းပြီးမှ စားရမယ်နော်၊ ငါတို့မသိအောင် သရဲလိုခိုးစား‌မနေနဲ့”လို့အမှတ်မထင်ပြောလိုက်တာ။

ဖိုးခွေးဆိုတဲ့ကောင်ကလဲ လူလစ်ရင် လစ်သလို ဟင်းတွေခိုးစားတတ်တဲ့အကျင့်ရှိတာမို့ သူ့‌အမေက သတိပေးလိုက်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းရောက်တော့ အရုဏ်ဆွမ်းအတွက် ပြင်ဆင်နေတဲ့အချိန် ဆွမ်းစားဆောင်ထောင့်မှာ ထိုင်နေတဲ့ ဖိုးခွေးက တစ်ကိုယ်လုံးတုန်ရီပြီး သားရည်တွေတမြှားမြှားကျလာတာ။ အစကတော့ ဘယ်သူမှသတိမထားမိပဲ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပေါ့။ နောက်မှ ညဉ်းသံက ကျယ်လာတကြောင့် ကြည့်လိုက်တာ ဟိုကောင် မျက်လုံးပြူးပြီး ခြေတွေလက်တွေပါ ကောက်ကွေးနေပြီ။

ကျွန်တော်တို့လဲ ချက်ချင်း ဆရာတော်ကိုပြေးခေါ်ရတာပေါ့၊ ဆရာတော်ရောက်လာတော့ ဖိုးခွေးက အံကြိတ်ပြီး ဟင်းအိုးကို လက်ညိုးထိုးနေတာဗျ။

ဆရာတော်ကျောင်းမှာလဲ မကျွတ်လွတ်တဲ့သူတွေ ရှိနေတာကြောင့် ဝင်ပူးတာဘယ်သူလဲ၊ ဘယ်ကလဲဆိုပြီး မေးတော့မှ အသေတိုက်ရှေ့က ညောင်ပင်မှာနေတဲ့ သဘက်ကြီးဖြစ်နေခဲ့တယ်။ ဆရာတော်က ဘာလိုချင်လို့ ဝင်ပူးတာလဲလို့မေးတော့ ဟင်းအိုးကိုလက်ညိုးထိုးပြီး ဝက်သားဟင်း စားချင်လို့ လိုက်လာတာဆိုပဲ။

ဆရာတော်က တရားဟောဖို့အချိန်နီးနေတာမို့ ဟင်းအိုးထဲမှာရှိတဲ့ ဝက်သားဟင်းကို ပန်းကန်ထဲ ထည့်ကျွေးလိုက်လို့ပြောတဲ့အတွက် ကျွန်တော်တို့လဲ ဝက်သားဟင်း‌ထဲက အဆီတုံးတွေရွေးပြီး ထည့်ပေးလိုက်တာပေါ့။ ဒါကို ဒင်းက မစားဘူးဗျ၊ အိုးလိုက်စားမယ်တဲ့ဗျာ။

ဆရာတော်က နဂိုထဲက စိတ်ဆတ်တာမို့ ကျိမ်းတဲ့အဆောင်ကိုပြန်သွားပြီး ကိုရင်တွေကို ရိုက်တဲ့ ကြိမ်လုံးကြီးယူချလာတာ။ အဲဒီအချိန်ထိ ဒင်းက ကြမ်းပြင်ကိုလက်နဲ့ကုတ်လိုက် ဟင်းအိုးကို လက်ညိုးထိုးလိုက်လုပ်နေတုန်း။

ကျွန်တော်တို့လဲ ဆရာတော်ဘာလုပ်မလဲဆိုပြီး ကြည့်နေတာပေါ့၊ အဲဒီမှာ ဆရာတော်က ကြိုးတန်းမှာ လှမ်းထားတဲ့ သင်္ကန်းတစ်ထည်ကို ကြိမ်မှာပတ်ပြီး ဝင်ပူးနေတဲ့ကောင်ကို ကျွဲရိုက် နွားရိုက် ရိုက်ပါလေရော။

လေးငါးချက်လောက် ရိုက်ပြီးတော့မှ ဒင်းက သူ့အတွက်ဖယ်ထားတဲ့ ဟင်းပန်ကန်ကို လက်ညိုးထိုးပြတာ။ အလှူမှာကျွေးတဲ့ ဝက်သားတုံးဆိုတော့ တစ်တုံးတစ်တုံးကို လက်သုံးလုံးစာလောက်တုံးထားတဲ့အပြင် ပြန်နွေးထားတာကြောင့် အငွေ့တထောင်းထောင်း ထနေတာကို ပလုပ်ပလောင်းနဲ့စားပါလေရော။

စားလို့လဲကုန်ရော ဆရာတော်က ဟိန်းဟောက်မောင်းထုတ်တော့မှ ပြန်ထွက်သွားတယ်။ အဲဒီတော့မှ ရေမန်းတွေတိုက်၊ ပရိတ်ကြိုးတွေချည်ပေးလိုက်ရတယ်။

ဖိုးခွေးပြန်ပြောပြတာက ဆွမ်းစားကျောင်းမှာ သူထိုင်နေတဲ့အချိန် အဲဒီကောင်က ပြူတင်းပေါက်ကနေ ဝင်လာတာတဲ့၊ ပြီးတော့ သူ့ရဲ့လက်နဲ့ဆွဲယူပြီး အုန်းပင်ထိပ်ဖျားမှာ ချိတ်ထားတာဆိုပဲ၊ အုန်းပင်ပေါ်မှာလဲ အခြားကောင်တွေအများကြီးထိုင်နေကြသေးတယ်လို့လဲပြောတယ်။

အဲဒီနေ့ကတော့ မှတ်မှတ်ရရပဲမို့ အခုထိ မှတ်မိနေပါသေးတယ်။ ဖိုးခွေးကတော့ ဘုန်းကြီးကျောင်းကပြန်ပြီး နှစ်ရက်လောက်ဖျားသွားခဲ့တယ်။ ဖျားနေတဲ့အချိန်မှာလဲ သဘက်ကြီးကိုမြင်နေရလို့ ဆရာတွေနဲ့ပါကုလိုက်ရသေးတယ်။

အခုထိလဲ အဲဒီညောင်ပင်ကရှိနေသေးတယ်။ စမ်းချင်တဲ့သူတွေ မော်လမြိုင်ရောက်ရင် အသေတိုက်ရှေ့က ညောင်ပင်ဆီသွားလို့ရတယ်နော် 😁😁

လေးစားစွာဖြင့်

ဇေယန(ရာမည)