ဝဋ်ကြွေးများနှင့်ဘဝနိဂုံး(စ/ဆုံး)
—————————-
‘ဒုတ်’
‘အင်း အွက် အွက်’
မနက်အရုဏ်ပင်မတက်သေးချေ။ကျွန်မတို့၏အိမ်ခေါင်းရင်းရှိ ဝက်သတ်ရုံမှ ဝက်တွေကိုရဲဒင်းဖြင့်ထုသည့်အသံ၊ဝက်တွေ၏မချိမဆံ့အော်ဟစ်ညည်းညူသံတို့နှင့်အတူ ကျွန်မတို့မိသားစုလည်း အိပ်ရာမှ နိုးထလာခဲ့ကြရပါသည်။
အဒီအသံတွေသည် နေ့စဥ်ကြားနေရသည်ဆိုပေမင့် ထုရိုက်သံ၊ဝက်တွေ၏သနားစဖွယ်အော်သံတွေက ကျွန်မတို့အတွက် အမြဲစိတ်မချမ်းသာစရာဖြစ်၍နေပါသည်။
အိပ်ရာမှနိုးသည့်နောက် ကျွန်မတို့လည်း မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီး မနက်စာအတွက် ထမင်းချက်ကြ၊ကျောင်းသွားဖို့ပြင်ဆင်ကြနှင့် ကိုယ်စီအလုပ်ရှုပ်၍နေပါတော့သည်။
အားလုံးပြင်ဆင်ပြီးသည့်နောက် မနက်စာစားသောက်ပြီး ကျောင်းသွားဖို့ရာ သူငယ်ချင်းဖြစ်သူ တိမ်လွှာနှင့်အတူထွက်လာခဲ့ပါသည်။
ယင်းသို့ထွက်လာရင်းမှ တိမ်လွှာက
“ဟဲ့ အေးသူ။ငါ့အဖေ ကုန်တင်ကုန်ချအလုပ်နားလိုက်ပြီ”
“ဟင် ဘာဖြစ်လို့လဲ”
“အရွယ်ရလာပြီလေ။ကုန်တင်ကုန်ချဘယ်လုပ်နိုင်တော့မလဲ”
“သြော် ဒါလည်း ဟုတ်သားပဲ။အခုသူဘာလုပ်နေတုံး”
တိမ်လွှာက ကျွန်မအမေးကိုချက်ချင်းမဖြေသေးဘဲ သက်ပြင်းရှည်ကြီးကိုချလိုက်သည်။
ပြီးနောက်မှ
“ဝက်သတ်ရုံမှာအလုပ်ဝင်နေတယ်”
“ဟယ်”
တိမ်လွှာ၏အဖြေကြောင့်လည်းအံ့သြသွားရပါသည်။
သို့သော် ထိုအလုပ်နှင့်ပတ်သက်၍ ကောင်း မကောင်းဆိုတာကတော့ဝေဖန်ပြမနေတော့ပါ။
သူမတို့စားဝတ်နေရေးအခက်အခဲကိုကျွန်မလည်းသိနေသည်မဟုတ်လား။
ပြီးတော့ ဤဝက်သတ်သည့်အလုပ်ကလည်း ဤရွာရှိ အခြားအလုပ်တွေထက် ဝင်ငွေပိုကောင်းနေသည်ပဲလေ။
ထို့နောက်ကျွန်မက
“အင်းပေါ့လေ။အဆင်ပြေရာပဲလုပ်ကြရတာပဲ”
ထိုမျှသာကျွန်မဆိုဖြစ်သည်။
ပြီးတော့ နှစ်ယောက်သားမည်သည့်စကားမှမဆိုဖြစ်ကြတော့ဘဲ ကျောင်းသို့သာဆက်လက်လျှောက်လာခဲ့ပါတော့သည်။
ဆိုရပါဦးမည်။
ကျွန်မတို့ရွာသည် အလွန်ခေါင်ပြီးလျှပ်စစ်မီးပင်မရှိသေးဘဲ ရေနံဆီမီးခွက်၊ဘတ္ထရီမီး၊အောက်လင်းဓာတ်မီးတို့ကိုသာ ညရေးညတာအတွက်အသုံးပြုကြရပါသည်။
ရွာတွင် မီးစက်ကြီးတစ်ခုရှိသေးပေမင့် တစ်ရက်လျှင် တစ်ရာကျပ်ပေးရသည်ဆိုတော့ တော်ရုံလူတွေလည်းမသုံးနိုင်ကြပါ။
ပြီးတော့ ရွာကလေးသည် မြို့နှင့်အတန်ငယ်အလှမ်းဝေးသလိုမြို့သို့သွားမည့်ကားလမ်းကလည်း ပြုပြင်ထားခြင်းမရှိသည်မို့ လမ်းကကြမ်းလွန်းလှပါသည်။
မိုးတွင်းကာလဆိုလျှင် အဲ့ဒီကားလမ်းသည် ရေတွေဖြင့်သာလွှမ်းနေသည်မို့ ကားလည်းမောင်း၍မရတော့ပါ။
(ယခုနောက်ပိုင်းတွင်တော့ မီးလည်းပုံမှန်ရရှိလာသလို၊ကားလမ်းလည်းကောင်းမွန်လာပါသည်။)
ထို့ကြောင့် မြို့သို့သွားလိုလျှင် ရထားကိုသာအားကိုးရပါသည်။
ရွာနှင့်ခပ်လှမ်းလှမ်းနေရာတွင်ဘူတာရုံတစ်ခုရှိပါသည်။
အနှီဘူတာရုံသည် ခရီးသည်တွေ၊စျေးသည်တွေနှင့်တကွကုန်တင်ကုန်ချလုပ်ကိုင်စားသောက်သူတွေဖြင့် အနည်းငယ်စည်စည်ကားကားရှိနေပါသည်။
ကျွန်မသူငယ်ချင်းတိမ်လွှာ၏ဖခင်ဦးဘိုလေးသည် ထိုဘူတာရုံတွင် ကုန်တင်၊ကုန်ချအလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းပြု
လုပ်နေသူဖြစ်ပါသည်။
ယခုမူ အသက်အရွယ်ကြောင့် ထိုအလုပ်ကိုစွန့်လွှတ်ပြီး ဝက်သတ်သည့်အလုပ်ကိုပြောင်းလုပ်ချေပြီ။
ဆိုခဲ့ပြီးသည့်အတိုင်း ဤရွာတွင် ဝက်သတ်သည့်အလုပ်က အခြားအလုပ်အကိုင်တွေထက်ဝင်ငွေပိုမိုရရှိနေခြင်းပင်မဟုတ်ပါလား။
+++++++++++++++++++++++++++
နောက်တစ်နေ့ညနေစောင်းအချိန်ရောက်တော့ ဦးဘိုလေးတစ်ယောက် ရွာထဲမှဝက်တစ်ကောင်ဝယ်ပြီး ကြိုးနှင့်ဆွဲလာပါသည်။
ဝက်ကလည်း အော်ဟစ်ရင်း
အသည်းအသန်ရုန်းကန်နေသည်မို့ ဦးဘိုလေးလည်း ကြိုးကိုအတင်းဆောင့်ဆွဲကာ ဝက်သတ်ရုံထဲသို့ဆွဲခေါ်သွားပါသည်။
နောက်တစ်နေ့မနက်ရောက်တော့ ထုံးစံအတိုင်း အဲ့ထိဝက်သတ် ရုံမှ ဝက်တွေကိုထုရိုက်သည့်အသံ၊ဝက်တွေ၏အော်ဟစ်သံတို့ကိုနားမချမ်းသာဖွယ်ကြားရပြန်ပါသည်။
ရက်အနည်းငယ်ကြာလာခဲ့ပါသည်။
ဦးဘိုလေးသည်လည်း ညနေအချိန်ဆိုလျှင် ရွာထဲသို့ဝက်တွေလိုက်ဝယ်၊မနက်ဆိုလျှင် သတ်ဖြတ်၊ပြီးလျှင်ဝက်အသေကိုရေနွေးတည်ထားသည့်မိုးဗြဲဒယ်အိုးကြီးထဲထည့်ပြီး အမွှေးအမျှင်များကိုခြစ်၊သေချာဆေးကြောပြီးတောင်းထဲထည့်ကာ စက်ဘီးဖြင့် ဝက်သားဆိုင်များသို့လိုက်လံပို့ပါသည်။
ယင်းသို့ပြုလုပ်ရာ၌ အပြီးအစီး တစ်ရက်ကိုတစ်ထောင့်ငါးရာရရှိသည်ဟုသိရပါသည်။
ထိုခေတ်က ဆန်တစ်ပြည်လျှင် သုံးရာ၊လေးရာခန့်သာရှိချိန်၌သူ၏တစ်နေ့တာဝင်ငွေမှာ မိသားစုလေးယောက်အတွက် ကောင်းစွာလောက်ငှနိုင်ပါသည်။
တစ်ရက်တွင်တော့ကျွန်မနှင့်တိမ်လွှာသည်ကျောင်းသို့သွားရာ၌ လမ်းခုလတ်အရောက်တွင် ၎င်းက
“ဟဲ့။အေးသူ။ငါ့အဖေကို ဒီဝက်သတ်တဲ့အလုပ်ကို စွန့်လွှတ်ခိုင်းလိုက်တာကောင်းမယ်ထင်တယ်”
“ဟင် ဘာဖြစ်လို့လဲ”
တိမ်လွှာသက်ပြင်းချလိုက်ပါသည်။
ပြီးနောက်
“မနက်က ငါအဖေ့ဝက်သတ်ရုံကိုရောက်ခဲ့တယ်။အဖေခေါင်းမူးတော့ လမ်းသိပ်မလျှောက်နိုင်လို့ငါလိုက်ပို့တာလေ”
“အင်း အဲဒီတော့”
“အဖေက ဝက်ကိုမသတ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အရက်ကိုပုလင်းခါးဝက်လောက်ကျိုးအောင်အရင်သောက်သေးတာ။ပြီးတော့ ဝက်ကိုရဲဒင်းနဲ့ထုသတ်တယ်။ဝက်ကမသေသေးတော့ ဓားနဲ့ဆက်ပြီးထိုးသတ်တယ်။လေးငါးချက်လောက်အထိပဲ။ဝက်ကလည်း နာလွန်းလို့အော်ဟစ်နေတာ။ငါလည်းဆက်မကြည့်ရဲတော့ဘဲအပြင်ထွက်လာခဲ့တော့တယ်။အဖေ့အလုပ်က အ ကုသိုလ်အရမ်းများလွန်းပါတယ်ဟယ်”
“သြော်။သူလည်းဘယ်လုပ်ချင်ပါ့မလဲ။မိသားစုစားဝတ်နေရေးအတွက်လုပ်ရတာပဲလေ”
“ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမယ့် ဒါကြီးကတော့..”
တိမ်လွှာ့စကားမဆုံးခင် ကျွန်မက ကြားဖြတ်မေးလိုက်ပါသည်။
“ဒါဆိုနင့်အဖေကို အခြားဘာအလုပ်လုပ်စေချင်တာလဲ”
“ကောင်းရာကောင်းကြောင်းအလုပ်ပေါ့။ဒါပေမယ့်လွယ်မယ်မထင်ဘူး။ငါပဲကျောင်းထွက်ပြီး အလုပ်လုပ်ကျွေးရင်ကောင်းမလားမသိဘူး”
တိမ်လွှာ့အတွက်ကျွန်မသက်ပြင်းချမိပါသည်။
ယခုခေတ်က အမျိုးသမီးမဆိုထားနှင့်။အမျိုးသားတွေပင်အလုပ်အကိုင်ရှားပါးလွန်းလှသည်မဟုတ်လား။
သို့သော် ကျွန်မလည်း ကောင်း၏ဆိုး၏ တစ်ခွန်းမှမပြောတော့ဘဲ
“အင်းပေါ့လေ။အရင်ဆုံးနင့်အဖေနဲ့တော့တိုင်ပင်ကြည့်ပါဦး”ဟုသာပြောလိုက်ပါတော့သည်။
နောက်ရက်တွေတွင်လည်း ဦးဘိုလေးတစ်ယောက် ဝက်တွေကိုဝယ်မြဲလိုက်ဝယ်၊သတ်မြဲသတ်နေသည်မို့
တိမ်လွှာက သူမ၏စိတ်ကူးကို ဖခင်ဖြစ်သူအား မပြောဖြစ်လေသလား၊သို့မဟုတ် ညှိနှိုင်း၍မရသည်လားဆိုတာ သူမတို့သမီးဖနှစ်ယောက်သာ သိပါလိမ့်မည်။
တစ်ရက်တွင်တော့ ဦးဘိုလေးသည် အခြားရွာမှဝက်တစ်ကောင်အားဝယ်ပြီး ကြိုးဖြင့်ဆွဲလာခဲ့ပါသည်။
ဝက်ကလည်းအော်ဟစ်ပြီးရုန်းလေရာ ဦးဘိုလေးလည်း ကြိုးကိုခပ်တင်းတင်းပြန်ဆွဲပြီးခေါ်လာပါသည်။
သို့သော် တစ်နေရာသို့အရောက်တွင် ဝက်က ရုတ်ချည်းပြန်ရုန်းလေရာ ဦးဘိုလေးလည်းဟန်ချက်ပျက်သွားပြီး သစ်ငုတ်တစ်ခုအား ခြေမဖြင့်တိုက်မိကာ အဲ့ဒီခြေမ အနည်းငယ်ပဲ့သွားပါသည်။
ထို့ကြောင့် ဦးဘိုလေးလည်း ဒေါသဖြစ်ကာ အနှီဝက်အား လေး၊ငါး၊ဆယ်ချက်ခန့်ပိတ်ကန်ပြီး ဆက်လက်ဆွဲခေါ်လာခဲ့ပါသည်။
ဝက်သတ်ရုံသို့ရောက်တော့ ဝက်ကိုကြိုးသေချာချည်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။
အိမ်သို့ရောက်သည့်အခါ၌ ရေမိုးချိုး၊အနာကိုဆေးထည့်၊ပြီးလျှင် ထမင်းစားပြီး ခပ်စောစောအိပ်ရာဝင်ပါသည်။
ရက်အနည်းငယ်ကြာလာခဲ့ပါသည်။
ဦးဘိုလေးသည် သူ၏အလုပ်အကိုင်ကို ပုံမှန်လုပ်ကိုင်နေသည်ဆိုပေမင့် သစ်ငုတ်ဖြင့်ထိုးမိသောအနာမှာမူ အညှော်ဝင်ကာ တတဖြည်းဖြည်းရင်းလာပြီး နောက်ဆုံး၌ အနာရှိန်တက်ကာ ဖျားပါလေတော့သည်။
ထို့ကြောင့် တိမ်လွှာလည်း ကျွန်မနှင့်အတူ ကျောင်းပင်မတက်နိုင်တော့ဘဲ ဖခင်ဦးဘိုလေးကိုသာ အနီးကပ်ပြုစုစောင့်ရှောက်နေရပါတော့သည်။
‘ဆေးခန်းသို့ပို့သင့်ကြောင်း’ကျွန်မကပြောသော်လည်း ‘ဖခင်က လက်မခံကြောင်း၊ဆေးမြီးတိုဖြင့်သာကုနေကြောင်း’တိမ်လွှာကပြန်ပြောသဖြင့် ကျွန်မလည်း မည်သို့မှပြန်မပြောဖြစ်တော့ပါ။
နောက်တစ်နေ့တွင်တော့ ကျွန်မကျောင်းမှပြန်လာချိန်၌ တိမ်လွှာတို့၏အိမ်ရှေ့သို့ရောက်ခိုက်
“အင်း အင်း အွက်’
အိမ်ထဲမှ ဝက်တစ်ကောင်၏မချိမဆံ့အော်ဟစ်သံကြောင့် ကျွန်မလည်း သူမတို့၏အိမ်ထဲသို့လှမ်စကြည့်လိုက်ရာ လူတွေစုပြုံနေသည်ကိုတွေ့ရပါသည်။
“ဘယ်လိုဖြစ်တာပါလိမ့်။အိမ်ထဲမှာများဝက်ပေါ်နေတာလား”
ယင်းသို့ရေရွတ်ပြီး အိမ်ဝိုင်းထဲသို့ဝင်လိုက်ရာ ဝက်ပေါ်နေသည်ကိုမတွေ့ရပါ။
လူတွေကတော့ ဝိုင်းထဲတွင်ပြည့်လျက်ရှိနေပါသည်။
ထို့နောက် ကျွန်မလည်းထိုလူတွေကြားထဲတိုးဝင်ပြီးအိမ်ပေါ်သို့တက်လိုက်ရာ အိပ်ရာပေါ်တွင် လူးလှိမ့်ပြီး ဝက်တစ်ကောင်ကဲ့သို့အော်ဟစ်နေသည့်ဦးဘိုလေးအား တွေ့လိုက်ရပါသည်။
၎င်း၏ဘေးတွင် တိမ်လွှာတို့မောင်နှမတွေက တရှုံ့ရှုံ့ငိုလျက်ရှိနေပါသည်။
ယင်းအခိုက်တွင် အဆက်မပြတ် အော်ဟစ်နေသည့်ဦးဘိုလေးသည် ခေတ္တငြိမ်ကျသွားပါသည်။
ထိုအခါကျွန်မလည်း တိမ်လွှာ၏အနား ကပ်ထိုင်ပြီး မေးလိုက်ပါသည်။
“ဟဲ့။နင့်အဖေက ဘယ်လိုဖြစ်လို့ အခုလိုအော်နေရတာလဲ။သူ့မှာဝက်ရူးပြန်ရောဂါရှိနေလို့လား”
တိမ်လွှာခေါင်းခါပါသည်။
“မရှိဘူး။အခုဟာက အဖျားတက်ပြီးအော်နေတာ”
ပြောရင်းဖြင့်တိမ်လွှာက တရှုံ့ရှုံ့ငိုပြန်ပါသည်။
“ဆရာဝန်ကိုပြကြည့်ပြီးပြီလား”
“ပြကြည့်ပြီးပြီ။စောစောကပဲ ဆေးထိုးပေးပြီး ပြန်သွားတယ်။မသက်သာဘူးနဲ့တူပါတယ်”
ကျွန်မလည်း များစွာစိတ်မကောင်းဖြစ်မိပါသည်။
ယင်းအခိုက်တွင် ဦးဘိုလေးသည် လူးလှိမ့်ကာ ဝက်တစ်ကောင်ကဲ့သို့အော်နေပြန်ပါသည်။
“အင်း အင်း အွက်အွက်အွက်”
ယင်းသို့အတန်ကြာအောင်အော်ပြီးသည့်နောက် ပြန်ငြိမ်သွားပါသည်။
ပြီးနောက် လူးလှိမ့်ပြီး ပြန်အော်ပါသည်။
ယင်းသို့ လူးလှိမ့်ကာအော်လိုက်၊ပြန်ငြိမ်သွားလိုက်ဖြင့် အဆက်မပြတ်ပြုလုပ်နေရာမှ ညကိုးနာရီခန့်တွင်တော့ အပြီးတိုင်ငြိမ်ကျသွားပါတော့သည်။
ထိုအခါမှ လာရောက်ကြည့်ရှုသူတွေလည်း
ဦးဘိုလေး၏အလောင်းအားကြည့်၍သက်ပြင်းချကာ အိမ်သို့အသီးသီးပြန်သွားကြပါသည်။
ကျွန်မလည်းအိမ်သို့ပြန်ကာ ရေမိုးချိုး၊အဝတ်လဲ၊ထမင်းစားပြီးသည့်နောက် ရွာထဲမှအမျိုးသမီးကြီးအချို့နှင့်အတူ
တိမ်လွှာတို့မောင်နှမတွေ အားငယ်ကြောက်ရွံ့နေမည်စိုးသောကြောင့် တစ်ညတာစောင့်၍ပေးလိုက်ကြပါတော့သည်။
ဤအဖြစ်အပျက်သည် နှစ် နှစ်ဆယ်ကြာမြင့်ခဲ့ပြီဖြစ်ပေမင့် မျက်စိရှေ့မှာပင် ဖြစ်ပျက်ခဲ့သောကြောင့် အကြောင်းအကျိုးတိုက်ဆိုင်သည့်အခါတိုင်းတွင် ပြန်လည်အမှတ်ရမိလျက်ရှိနေပါတော့သည်။
အားလုံးအေးချမ်းပါစေ…။
#ဆရာဆွေ(တောင်တွင်း)