” ဝိညာဥ့်စိမ်းနဲ့ဝင်္ကဘာည ” (စ/ဆုံး)

” ဝိညာဥ့်စိမ်းနဲ့ဝင်္ကဘာည ” (စ/ဆုံး)

==============================

ကျုပ် လက်မှာ ပေစွန်းနေတဲ့ သွေးစ သွေးနတွေကို
ရေချိုးခန်းထဲ ဝင်ပြီး အသေအချာ ဆေးကြောပစ်နေမိတယ်။
ကျုပ်ဝတ်ထားတာက အနက်ရောင် တီရှပ်မို့
သွေးစတွေစင်နေပေမယ့် သိတ်မသိသာဘူးပေါ့။
ရေချိုးခန်းထဲက မှန်မှာ ပေါ်နေတဲ့ ကျုပ်မျက်နှာကို
ကျုပ်ကြည့်လိုက်တယ်။
ကျုပ် ကိုယ်ကျုပ်မမြင်တော့ဘူး။
တခါမှ မမြင်ဘူးတဲ့ လူသားတစ်ယောက်ကိုမြင်နေရသလို ကျုပ်ခံစားနေရတယ်။
ကျုပ်က ဧရာတိုင်းဘက်က တောသားတစ်ယောက်။
တောသားဆိုလို့ အထင်တော့မသေးလိုက်နဲ့။
ကျုပ်မိဘတွေက တောသူဋ္ဌေးတွေ။
မြို့ကလူတွေချမ်းသာတာလောက်တော့ ကျုပ်မိဘတွေက ရယ်ချင်တယ်ပြောရမလားပဲ။
ကျုပ်က အိမ်မှာသားအငယ်ဆုံး။
ကျုပ်အထက်မှာ အကိုနှစ်ယောက် အမနှစ်ယောက်ရှိတယ်။
ကျုပ်အထက်ကအမနဲ့ကျုပ်ပဲလူလွတ်။
ကျန်တဲ့သူတွေက အိမ်ထောင်ကျပြီးသူ့စီးပွားနဲ့သူ
လုပ်နေကြပြီ။

ကျုပ်မိဘတွေမှာ ပုဇွန်ကန်၊ ငါးကန်တွေလည်းရှိတယ်။
ဆန်စက်လုပ်ငန်းတွေလည်းရှိတယ်။
လယ်တွေယာတွေလည်းရှိတယ်။
ကျုပ်က ဘွဲ့ရပညာတတ်။
ကျုပ်ကလုပ်ချင်ရာကို တဇာက်ကန်းလုပ်တတ်တဲ့သူ။
ကျုပ်လုပ်ချင်ပြီဆို ကျုပ်ကိုဘယ်သူမှတားမရကြဘူး။
ကျုပ်ရဲ့အဲလို သန္ဒေကြောင့်ပဲ အခုဒုက္ခတွေ့ရပြီ။

ကျုပ်အခုရောက်နေတာ ဆယ်မိုင်ကုန်းဘက်က
ခြံဝန်းကြီး တစ်ခုရဲ့ တိုက်တစ်တိုက်ထဲမှာ။
ရန်ကုန်မြို့ဆိုတာ စိတ်ကူးရရင်ချက်ချင်းကျုပ်ကထလာလို့ရတဲ့နေရာလေ။
ကျုပ်အတွက်ပိုက်ဆံဆိုတာ ထည့်စဥ်းစားစရာလိုတဲ့အရာမှမဟုတ်တာ။
ကျုပ်အတွက် အိမ်ထောင်ပြုဖို့ဆိုတာလည်းမလိုဘူး။
ကျုပ်သာတောင့်တရင် ဘယ်လိုအရွယ်အစား၊
ဘယ်လိုအနေအထား လိုချင်လဲသာပြော၊
ကျုပ်ရှေ့ရောက်လာနေကြလေ။

ဒီတစ်ခါလည်း ကျုပ်အသက်နှစ်ဆယ်လောက်ထဲက
ရင်းနှီးလာခဲ့တဲ့ ရန်ကုန်မြို့ ဆယ်မိုင်ကုန်းကသူငယ်ချင်း မြဟန် ရဲ့တိုက်မှာရောက်နေခဲ့တာ။
ဒီကောင်နဲ့ ပေါင်းမိတာဆယ်စုနှစ်လောက်ရှိပြီ။
ဒီကောင် မိဘတွေက အမျိုးတွေကနိူင်ငံခြားမှာနေကြတယ်။
ဒီကောင်က မိဘတွေပို့ပေးတဲ့ပိုက်ဆံကို ဘယ်လိုဖြုန်းရမလဲစဥ်းစားနေတဲ့ကောင်။
မထင်မှတ်ပဲတွဲမိပြီး ပေါင်းလာခဲ့တာဆယ်စုနှစ်တစ်ခုရှိပြီ။
ကျုပ်တို့နှစ်ယောက် မြဟန်ရဲ့ ခြံဝန်းကြီးထဲက
တိုက်ထဲမှာ ဆေးလည်းချဘူးတယ်။
အရက်လည်းသောက်ကြတယ်။
ကုန်ကုန်ပြောရရင် မိန်းမပျက်တွေခေါ်ပြီးလည်း
ပျော်ပါးခဲ့ဘူးတယ်။
ကျုပ်က ကျုပ်မြို့မှာပျင်းရင် မြဟန်နဲ့လာပေါင်းနေကြ။
ကျုပ်နဲ့မြဟန် စရိုက်တူ၊အသွင်တူ အတော်လေးပေါင်းမိခဲ့ကြတယ်။

အခုတော့…..ကျုပ်လက်ဓားချက်ကြောင့်ဧည့်ခန်းမှာ
မြဟန်အသက်ပျောက်နေခဲ့ပြီ။
ကျုပ် မြဟန်ကိုသေစေလို၍ သတ်လိုက်တာမဟုတ်ဘူး။
အရက်အတူတူသောက်နေရင်းက ဘယ်ကနေဘယ်လိုစကားတွေထများမှန်းမသိဘူး။
ရုန်းရင်းဆန်ခတ်ဖြစ်ကြရင်းက ကျုပ်လက်လွန်မိသွားတာပါ။

“”စိုးဝေ….မင်း…မင်း လုပ်ရက်တယ်””

ကျုပ်ကိုလက်ညှိုးကြီးထိုးပြီး မြဟန်အသက်ပျောက်သွားခဲ့တယ်။
ကျုပ် တကယ်တော့ လက်လွန်သွားရတာ။
ကျုပ်ရဲ့အခင်မင်ရဆုံးသူငယ်ချင်းကို
သေစေလိုတဲ့ဆန္ဒ စိုးစဥ်းတောင်မရှိခဲ့ဘူး။
ကျုပ် အခုဘာဆက်လက်ရမလဲ….
အချိန်အားဖြင့်က ည ကိုးနာရီထိုးနေပြီ။
ကျုပ် ဒီအိမ်ကြီးထဲက ကျုပ်ရဲ့ခြေရာလက်ရာတွေကို အမြန်ဖျောက်လိုက်တယ်။
ကျုပ်ဒီအိမ်ကြီးထဲကနေ အမြန်ထွက်မှရမယ်။
ခြံဝန်းကြီးကအတန်အသင့်ကျယ်ဝန်းသည့်အတွက်
ကျုပ်နဲ့ မြဟန် အချင်းများခဲ့စဥ်က အသံတို့သည်
ပတ်ဝန်းကျင်သို့ သိတ်ပြီးပျံလွင့်မည်မထင်ပေ။
မြဟန် တို့ခြံရဲ့ခေါင်းရင်း တစ်ဆက်တည်းခြံကလည်း လူမနေသော ခြံကြီးဖြစ်ပြီးခြံကြီး၏
အလယ်ဗဟိုတွင် အတော်အသင့်ကြီးမားသော
ရှေးဟောင်းတိုက်ကြီးတစ်လုံးသာရှိပါတယ်။
ခြေရင်းဘက် ခြံ သစ်ခွတွေစိုက်တဲ့စိုက်ပျိုးရေးခြံဖြစ်ပြီး ညဘက်မှာ ညစောင့်တစ်ဦးသာရှိတာကို ကျုပ်သိတယ်။
ကျုပ် နဲ့မြဟန်အတူရှိနေတာကိုဘယ်သူကမှ မသိဘူး။ကျုပ် ဒီအမှု့ကနေ ကိုယ်လွတ်ရုန်းလို့ရတယ်။
ကျုပ်ထောင်အကျ မခံနိူင်ဘူး။
ရာဇဝတ်ဘေး ပြေးမလွတ်ဘူးဆိုပေမယ့် ကျုပ်ပြေးမယ်။
ကျုပ်လွတ်အောင် ပြေးမယ်။

ကျုပ်အတွေးမဆုံးခင်မှာ မြဟန်ရဲ့ ဖုန်းကမြည်လာတယ်။
ကျုပ် ချွေးစေးတွေတောင်အနည်းငယ်ထွက်လာတယ်။
ဖုန်းက အဆက်မပြတ်ခေါ်နေတာဖြစ်ပြီး
“”ချစ်”””….လို့ရေးထားပုံအရ မြဟန်ရဲ့ရည်စားဖြစ်မယ်။
ကျုပ် မြဟန်ဖုန်းကိုယူလိုက်တယ်။
ကျုပ်နဲ့ မြဟန်ရဲ့ ပတ်သက်ဆက်နွယ်ထားတဲ့
ဖုန်းမှတ်တမ်းတွေ၊ စာတွေကို အကုန်ဖျက်ပစ်လိုက်တယ်။
မြဟန်ဟာ ဝိုင်ဖိုင်ကြီးဖွင့်ထားပါလား။
မြဟန်ကို messager ကနေ သူမက
စာတွေပို့ထားတယ်။
သူမ စီစာပြန်ဖို့ ရေးလာတယ်။
ကျုပ်က စာကိုဝင်ဖတ်လိုက်တော့ တစ်ဘက်ကနေ
ကျုပ်ကို မြဟန်အထင်နဲ့ vedio call ခေါ်တယ်။
ကျုပ် ဖုန်းကိုပစ်ချလိုက်တယ်။
မဖြစ်တော့ဘူး ကျုပ်ဒီခြံထဲကနေ အမြန်ထွက်မှရတော့မယ်ဆိုတဲ့အတွေးနဲ့ ကျုပ်ထွက်ဖို့ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ခြံရှေ့ စီမှ ကားဟွန်းတီးသံဟာ
ဆူညံစွာ ထွက်ပေါ်လာတယ်။

ခြံဝန်းထဲကို လူအချို့ ဝင်လာတဲ့အသံတွေကြားလိုက်ရတယ်။
ကျုပ်ဘာလုပ်ရမှန်းမသိဖြစ်နေပြီးမှ ရေသန့်တစ်ဗူးကိုယူ၍ နောက်ဖေးပေါက်မှထွက်ကာ
ခေါင်းရင်းဘက်ရှိ လူမနေသော ခြံကြီးစီသို့ ကျိုးပြတ်နေသော ခြံစည်းရိုးတစ်နေရာမှ မရမကကူးဝင်လိုက်တယ်။
လောလောဆယ် ကျုပ်ကိုဘယ်သူမှ မတွေ့ဖို့ ကျုပ်
လူမနေသည့် အိမ်ကြီးစီသို့ တိုးကပ်သွားပြီး
ပွင့်နေသောပြတင်းပေါက်တစ်ခုမှသည် မှောင်မဲနေသောအိမ်ကြီးထဲသို့ ဝင်လိုက်ပါတော့သည်။

###################

အခန်း(2)

ပွင့်နေသောနောက်ဖေးဘက်ပြတင်းကနေ
အိမ်မကြီးထဲ ရောက်တဲ့အခါမှ
အိမ်ကြီးဟာအတော်လေး
ကြီးမားနေတာကို တွေ့လိုက်ရတယ်။
အိမ်ကြီးဟာ အထဲမှာ ပိန်းပိန်းမှောင်မနေပြန်ဘူး။
စားပွဲ ကုလားထိုင် ပရိဘောဂ အစရှိသည်တို့ကိုမြင်နေရတယ်။
ကျုပ်လက်ထဲမှာ ဖုန်းရှိနေပေမယ့်
ဖုန်းမီးကိုမဖွင့်ရဲဘူး။
တစ်ဘက်ခြံကနေ အလင်းရောင်ကိုမြင်တွေ့သွားရင်
ကျုပ်ပြသနာတတ်သွားနိူင်တယ်လေ။

တဖြေးဖြေးနဲ့ ညဟာနက်လာခဲ့တယ်။
ကျုပ် အိမ်ကြီးထဲမှာ တခန်းဝင်တခန်းထွက်လျှောက်သွားနေမိတယ်။
လူမနေသည်မှာ ကြာမြင့်ပြီဟု ခန့်မှန်းရမိသော်လည်း အသုံးအဆောင်ပစ္စည်းပစ္စယများမှာ
အတော်များများ ရှိနေပြန်ပါသည်။
ပွင့်နေသော ပြတင်းတံခါးမှ ကျုပ်တောင်
ဝင်လာလို့ရသေးတာ သူခိုးသူဝှက်တွေရော
ဒီအိမ်ကြီးထဲဝင်ပြီးမခိုးလေဘူးလားလို့
ကျုပ်တွေးကြည့်မိလိုက်တယ်။
အကယ်၍သာသူခိုးတစ်ယောက်ဝင်လာခဲ့ရင်
ခိုးလို့ရတဲ့ ပစ္စည်းတွေ အများကြီးရှိနေတာကိုတွေ့လိုက်ရတယ်။

အိမ်ကြီးရဲ့ဖွဲ့စည်းပုံအရ အိမ်ရှေ့အလယ်ခန်းလောက်မှာ လှေကားအဝှိက်နှစ်စင်းဟာ အပေါ်ကို
ဘယ်ညာနှစ်စင်း တပ်ထားတာကိုတွေ့လိုက်ရတယ်။
နီးတဲ့လှေကားကနေ အိမ်ကြီးရဲ့အပေါ်ဆီကို
ကျုပ်တက်သွားလိုက်တယ်။
အပေါ်ကိုရောက်တော့ လှေကားခွင်ဟာအတော်အတန်ကျယ်ဝန်းပြီး အိမ်ကြီးရဲ့ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ဘေးပြတင်းပေါက်တစ်ခုဆီ
ရှိနေပါတယ်။
မြဟန်ရဲ့တိုက်ကိုလှမ်းမြင်ရသည့် ပြတင်းပေါက်မှ
နေ၍ တစ်ဘက်ခြံအနေအထားကို လှမ်းကြည့်လိုက်ပါတယ်။

ကျုပ်ထွက်လာတုန်းကထက် မီးတွေဟာ
ပိုပြီးလင်းထိန်နေပါတယ်။
လူရိပ်လူခြေတွေများစွာကိုလည်း တွေ့နေရပါတယ်။
ရဲတွေ ရောက်နေတာကျိန်းသေနေပါပြီ။
အကယ်၍များ ကျုပ်ရောက်နေတဲ့ အိမ်ကြီးဆီ
သက်ာမကင်းဖြစ်ပြီး ကူးလာရင် ကျုပ်တော့
ဘယ်မှာပုန်းရပါ့မလဲ.:.
လုံခြုံလောက်မယ်လို့တွေးထားမိပေမယ့်
မလုံခြုံတာကို တွေးမိလိုက်တယ်။
အခုချိန်ကျမှလည်း ဒီခြံဝန်းကြီးကနေ ကျုပ်ထွက်လို့ရမယ်မထင်တော့ဘူး။
အခန့်မသင့်ရင် လမ်းထဲမှာတောင် ရဲတွေရှိနေလောက်ပြီ။

အဲ့အချိန်မှာပဲ ကျုပ်ကြည့်နေတဲ့ ပြတင်းပေါက်ဆီကို မီးရောင်တချက်လက်လာတယ်။
ကျုပ် ခေါင်းကိုအမြန်ပုပြီး ငုံချလိုက်ရတယ်။
မဖြစ်ချေတော့ဘူး။
လုံခြုံတဲ့နေရာရှာပြီး ပုန်းမှဖြစ်တော့မယ်။
အိမ်ကြီးက ကြီးတော့ အခန်းတွေက အများကြီး
အခန်းတွေထဲ ကျုပ်လိုက်ဝင်ကြည့်လိုက်တယ်။
အပေါ်ထပ်ရဲ့အစွန်ဆုံးအခန်းကို ရောက်သွားတယ်။

“”ကျွီ…..အီ အီ “”

တံခါးကိုဖွင့်လိုက်တော့ တံခါးကမဖွင့်တာကြာပြီမို့
အသံထွက်လာတယ်။
အခန်းထဲ ဝင်လိုက်တော့ အခန်းဟာ
မီးလုံး မီးသီးဘာတခုမှမထွန်းထားပါပဲ
ဝါကျင်ကျင်လေး လင်းနေသလို ခံစားရတယ်။
အခန်းထဲမှာ ကနုတ်ပန်းတွေနဲ့ ပုံဖော်ထားတဲ့
ကုတင်ကြီး တစ်လုံးရှိတယ်။
ကုတင်ပေါ်မှာ ထူထဲလှတဲ့ မွေယာကြီးတစ်ခုနဲ့
ခေါင်းအုံး စောင် ဖက်လုံးတွေ ရှိနေတယ်။
လောလောလတ်လတ် လူနေနေတဲ့အခန်းနဲ့တူနေတယ်။
အခန်းနံရံမှာ နံရံကပ်ဘီဒိုကြီးတလုံးရှိတယ်။
ဗီဒိုကြီးကို ကျုပ်ဆွဲဖွင့်လိုက်တယ်။
အမျိုးသမီးအဝတ်အစားနဲ့ အသုံးအဆောင်အချို့ကို တွေ့ရတယ်။
မိန်းခလေးသုံးရေမွေုးနံတစ်ခုက ကျုပ်နှာခေါင်းထဲကို သင်းသင်းလေးဝင်လာတယ်။

အချိန်ကလည်း ညဆယ်တစ်နာရီကျော်လွန်၍လာနေပါပြီ။
အမှန်တကယ်က ကျုပ်အခန်းတွေထဲ လိုက်စပ်စုဖို့
ဝင်လာတာမဟုတ်ဘူး။
ပုန်းလို့ရနိူင်မယ့်အနေအထားကို လိုက်ရှာနေခဲ့တာ။
စိတ်တွေကလည်း အရမ်းကို မွန်းကြပ်ပြီး
ရှုပ်ထွေးနေပြီပေါ့။
ရေမွေုးနံဟာ ပိုပြီး စူးရှလာသလိုခံစားမိတယ်။
ကျုပ်ခေါင်းတွေ မူးနောက်လာတယ်။
သောက်ထားတဲ့ယမကာ အရှိန်ကြောင့် လား..
ညစ်ညူးနေတဲ့ စိတ်ကြောင့်လားမသိဘူး။
ကျုပ်မျက်လုံးတွေမှေးစင်းလာတယ်။
ကျုပ် ကုတင်ပေါ် ခဏထိုင်ချလိုက်တယ်။
မွေယာရဲ့ထုထည်ကြောင့် ကိုယ်ခန္ဓာဟာ
အိကနဲဖြစ်သွားတယ်။
ထိုင်နေရင်းက ပစ်လဲချချင်စိတ်တွေပေါက်လာပြီး
ကျုပ် မျက်လုံးတွေကို ကျုပ်မနိူင်တော့ပဲ
အိပ်ယာပေါ်မှာ ကျုပ် အိပ်ပျော်၍သွားပါတော့တယ်။

############

အခန်း(3)

ကျုပ် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားတယ်။
ကျုပ် အိပ်နေရင်းကနေ ညည်းသံလိုလို ငိုသံလိုလို
အသံတချို့ကို ကြားလိုက်ရတယ်။
ကျုပ် လန့်နိူးသွားတယ်။
ကျုပ် အိပ်ယာပေါ်မှာ ငုတ်တုတ်ထိုင်လိုက်တယ်။
ကျုပ်ဝင်လာကတည်းက ပြန်ပြီးပိတ်ထားတဲ့
တံခါးဟာ ဟာလာဟင်းလင်းကြီးပွင့်နေတယ်။
ကျုပ် ခေါင်းနပန်းကြီးသွားတယ်။
အပြင်ဘက်ဆီက ခြေသံလိုလို ငိုညည်းသံလိုလိုကြီးတစ်ခုကို ကြားနေရတယ်။
ကျုပ် ကိုယ့်စိတ်ကို ကိုယ် တင်းလိုက်ပြီး
ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။

ကျုပ်ကို သရဲတွေဘာတွေများခြောက်နေပြီလားလို့
ကျုပ်တွေးလိုက်မိတယ်။
ခြောက်ကာမှ ခြောက်ရော အခုချိန်မှာ
တစ္ဆေသရဲထက် ရဲ အဖမ်းမခံရဖို့ကပိုပြီး
အရေးကြီးနေတယ်။
ကျုပ် ပွင့်နေတဲ့တံခါးကနေ ငိုသံလာရာဆီသို့
လှမ်းကြည့်လိုက်တယ်။
ကျုပ်မျက်စိနဲ့တပ်အပ် တရိပ်ရိပ်နဲ့ရွေ့လျားနေတဲ့
အရိပ်သဏ္ဍာန် တစ်ခုကို တွေ့လိုက်ရတယ်။
ဘုရား…ဘုရား
ကျုပ်တော့ ရဲအဖမ်းခံရမှာကြောက်လို့
ဒီထဲလာဝင်ပုန်းနေကာမှ သရဲနဲ့တိုးနေရလေပြီ။

ကျုပ်က ဘာသာရေးပိုင်းမှာလည်း အားနည်းတဲ့သူမို့
အကြောက်တရားနဲ့တွေ့ရင် ရွက်ဖတ်ဖို့ရာတောင်
သြ ကာ သ ကန့်တော့ချိုးတစ်ခုပဲရတယ်။
ကျုပ် ကြည့်နေရင်းကနေ အရိပ်ဟာ
ကျုပ်ရှိရာဘက်ကို ပြန်ပြီး ရွေ့လျားရာတယ်။
ကျုပ် ရုတ်တရက်မို့ အကြောင်သားဖြစ်နေတုန်းမှာ
အရိပ်သဏ္ဍာန်ဟာ ကျုပ်နဲ့အနီးဆုံးကိုရောက်လာခဲ့တယ်။

“”အား……မလာနဲ့ မလာနဲ့ အား…..””

ကျုပ် ကြောက်လန့်တကြားအသံနက်ကြီးနဲ့ အော်ပြီး
တံခါးကိုဆွဲပိတ်လိုက်ပါတယ်။
ခန္ဒာကိုယ်က အနောက်မှာကျန်ခဲ့ပြီး
ခေါင်းပြတ်ကြီးဟာ ကျုပ်ရဲ့အနားကို
ရောက်လာတာပဲဖစ်ပါတယ်။
ဆံပင်ဖားလျားကြီးဖြစ်ပြီး
လည်ပင်းပြတ်ကြီးဟာ သွေးစိမ်းရှင်ရှင် ထွက်နေပါတယ်။
ဖြုစုတ်နေတဲ့ မျက်နှာကြီးမှာ မျက်လုံးကြီးက
ပြုးကျယ်နေပြီး သွားကြီးဖြီးထားသည်မှာ
အစွယ်တွေပင်မြင်နေရပါတယ်။
ထိုသွားစွယ်များဟာ အဖြုရောင်ဖြစ်မနေပဲ
သွေးစွန်းနေသည့်အလား နီးစွေး၍နေပါတော့တယ်။

ကျုပ်က တော်ရုံတန်ရုံ ကို ကြောက်တတ်တဲ့သူ
မဟုတ်ပေမယ့် သွေးစိမ်းရှင်ရှင် ခေါင်းပြတ်ကြီးကိုတော့ ကျုပ်ကြောက်တယ်။
ကျုပ်ကုတင်ပေါ်တက်ပြီး စောင်ကို ခေါင်မြီးခြုံလိုက်တယ်။
ကျုပ် နူတ်ကနေ သြ ကာ သ တွေချည်းတောက်လျှောက်ရွတ်နေမိတယ်။
တခြားဂါထာတွေလည်း ကျုပ်မရဘူး။
ကျုပ် ကြောက်လွန်းလို့ အသားတွေတောင်
တဆတ်ဆတ်တုန်ရင်နေတယ်။

“”ဟား…..ဟား….ဟား…ဟား””

ရယ်မောသံကြီးက အခန်းအပြင်ဘက်မှမဟုတ်ပဲ
ကျုပ်ကုတင်နားက ပေါ်ထွက်လို့လာပါတော့တယ်။
ကျုပ် ကြောက်စိတ်တွေက ငယ်ထိပ်ကိုရောက်နေခဲ့ပြီ။
ကျုပ်ဘဝတလျှောက်လုံး အကြောက်တရားတစ်ခုကို အဆုံးစွန်ကြောက်တတ်ခဲ့ခြင်းပဲ။
ကျုပ် လိပ်ပြာလွင့်ပြီးသေရတော့မှာလား…..
ကျုပ်ဘာဆက်လုပ်ရမလဲ……
ကျုပ် အတွေးမဆုံးခင်မှာ ရယ်မောသံကြီးဟာ
တိတ်ဆိတ်လို့ သွားပြန်ပါတယ်။
ကျုပ် စောင်ခြုံထားတာကို မလှပ်ရဲဘူး။
တစုံတယောက် က စောင်ကိုလာပြီးလှပ်လိုက်လေမလားလို့ တွေးပြီးကြောက်နေမိသေးတယ်။

ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်။
ဟိုး..အဝေးဆီမှ သံချောင်းခေါက်သံ သုံးချက်တိတိကြားလိုက်ရတယ်။
ကျုပ် စိတ်အားတက်မိသွားတယ်။
ကျုပ် စောင်ခြုံထားတာကို လှပ်လိုက်တယ်။
အခန်းထဲမှာ ဘယ်သူမှမရှိဘူး။
ဘာအရိပ်အယောင်မှလည်း မမြင်ရဘူး။
ကျုပ် ဒီအိမ်ကြီးကနေထွက်မှဖြစ်မယ်။
မနက်သုံးနာရီအချိန်ဆိုတော့ စျေးရောင်းစျေးဝယ်
စျေးကြိုသမားတွေ လမ်းပေါ်ထွက်နေကြမှာဖြစ်ပြီး
လမ်းမကြီးထက်မှာ ကားအချို့လည်း ရှိနေလောက်ပြီ။
ကျုပ်ပြေးရမယ်။
မြဟန်ကို သတ်ခဲ့မိတဲ့ အပြစ်ကနေရော..
ခြောက်ချားစရာဒီအိမ်ကြီးထဲရောက်ရှိနေတဲ့အဖြစ်ကိုရော…
အခုလောလောဆယ် က လူသတ်မူ့ထက် အခန့်မသင့်ရင်ကျုပ်တောင်သေသွားနိူင်တဲ့ ထိတ်လန့်မူ့နဲ့ ကျုပ်ရင်ဆိုင်နေရတာ။
ဖြစ်ချင်ရာဖြစ်ဆိုပြီး နံရံက မီးခလုတ်တွေဆီ လက်ကိုစမ်းပြီး မီးဖွင့်လိုက်တယ်။

ဒါပေမယ့်:…မီးမလင်းလာဘူး။
မီးပြတ်နေတာလား…
ဒါမှမဟုတ်..မီတာဘောက်မှာ မိန်းချထားတာလား..
ကျုပ်ဖုန်းမီးကိုဖွင့်လိုက်တယ်။
အခန်းဟာ ဖုန်းမီးအလင်းရောင်ကြောင့်အနည်းငယ်လင်းသွားတယ်။
အာခေါင်တွေကအရမ်းခြောက်ပြီး
ရေဆာနေတယ်။
ကျုပ် မြဟန်ရဲ့အိမ်ကနေ ရေဘူးတဘူးယူလာခဲ့တာသတိရမိသွားတယ်။
တွေ့ပါပြီ…
ရေဘူးက ကုတင်ခေါင်းရင်းက စားပွဲပေါ်မှာ…
ရေဘူးကိုယူပြီးကျုပ် အငမ်းမရ မော့သောက်လိုက်တယ်။
အရမ်းကိုဆာလောင်နေတာမို့ ဘူးဝက်လောက်အထိကို မော့သောက်လိုက်မိတယ်။
သောက်နေရင်းကနေ လည်ချောင်းထဲမှာ ရေဟာ
စီးပြစ်လာသလိုခံစားရတယ်။
ဒရမန်းကြမ်း သောက်ချနေတာမို့ ရေအချို့က
မေးစေ့ကနေလည်တိုင်အထိတောင် ဖိတ်စင်ပေကျံနေတယ်။
ငန်ကျိကျိ အရသာနဲ့ ပိုပြီးစေးပြစ်လာသလိုခံစားရတဲ့အတွက် ရေသောက်တာကိုရပ်ပြီး
ဖုန်းမီးနဲ့ ရေဘူးကို မြှောက်ကြည့်လိုက်တယ်။

“”အောင်…မ လေး””

လက်ထဲကရေဘူးကိုလွှတ်ချမိရက်သားဖြစ်သွားတယ်။
ရေဘူးဟာ အခန်းထဲမှာ ဖိတ်စင်ပြီးနီစွေးသော သွေးပျစ်များက ကြမ်းပြင်ပေါ်မှာပေါ့။
ကျုပ်သောက်နေတာ ရေမဟုတ်ပဲ သွေးတွေပေါ့။
စက်စုပ်ရွံရှာစွာကျုပ်ပါးစပ်ကို ကျုပ်လက်နဲ့ သုတ်ပစ်လိုက်တယ်။
ကျုပ်လက်တခုလုံးလည်း သွေးတွေ ပေစွန်းနေတယ်။

“”အား………အား””

ကြောက်လန့်တကြားကျုပ်ထအော်မိပြန်တယ်။
ကျုပ်အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။
ကျုပ်…ဒီအိမ်ကြီးထဲက အမြန်ထွက်ရမယ်။
ဖုန်းမီးနဲ့ အခန်းအပြင်ဘက်ကိုထိုးပြီး လှေကားတွေအတိုင်း ကျုပ်ဆင်းပြေးလာတယ်။
ကျုပ်အောက်ထပ်ကို ရောက်လာခဲ့ပြီ။

ကျုပ်အိမ်ထဲဝင်လာစဥ်က အိမ်ကြီးတစ်တစ်ခုလုံးက မှောင်ပိတ်နေတာပါ။
ခုကျတော့ အောက်ထပ်မှာ လင်းထိန်နေတယ်။
မီးလုံး..မီးချောင်းတစ်ခုခုကနေ လင်းနေတာလားလို့ကြည့်လိုက်တော့ မဟုတ်ပြန်ဘူး။
ဘယ်ကအလင်းကြောင့် လင်းနေမှန်းကျုပ်မသိရဘူး။
အဲ့အချိန်မှာပဲ..စကားပြောသံ ရယ်မောသံတွေကို
ကြားလိုက်ရတယ်။
အောက်ထပ်က အခန်းကြီးတစ်ခုက တံခါးချပ်ဟာပွင့်နေတယ်။
အသံတွေဟာ အဲ့အခန်းထဲက လာနေတာပဲ။
ကျုပ်သိတယ်။
ဒါဟာ မရိုးရှင်းတဲ့ လှည့်စားမူ့တစ်ခုပဲဆိုတာ။
ဒါပေမယ့် မှောင်အတိဖြစ်မနေတဲ့အခြေအနေကြောင့် ကျုပ် စိတ်က အရမ်းကြီးကြောက်မနေတော့ပဲ
အခန်းဝကနေ အထဲကို ကြည့်လိုက်တယ်။
လူဆယ်ယောက်လောက်ရှိတယ်။
ယောကျာ်းတွေရော…မိန်းမတွေရော
ခလေးငယ် ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်တောင်ပါသေးတယ်။
ဝတ်စားဆင်ယင်ထားတာတွေက မျက်မှောက်ခေတ်လိုမျိုးမဟုတ်ဘူး။
ကျုပ်အလွယ်ပြောရရင် စစ်ပြီးစခေတ်က လူတွေဝတ်စားဆင်ယင်မှု့မျိုးနဲ့ ဆင်တူနေတယ်။
ကျုပ်ရပ်ကြည့်နေတာကို ဘယ်သူကမှ တရေးတယူ
ပြန်မကြည့်ကြဘူး။
သူတို့အချင်းချင်းစကားတွေပြောကြ၊ ရယ်မောကြနဲ့ပေါ့။
အခန်းကြီးဟာ အပြင်ဘက်ကမြင်ရတာထက်ကို
ပိုပြီးကျယ်ဝန်းနေတယ်။
စားပွဲပေါ်မှာ တင်ထားတဲ့ ကြွေရေနွေးကရား၊ လက်ဖက်ရည်ပန်းကန်လုံး၊ ကွမ်းအစ်တို့ဟာ
တကယ့်လူကုံထံ ရှေးလူကြီးတွေသုံးတဲ့ ပစ္စည်းတွေဖြစ်နေတယ်။

လူအုပ်ကြီးထဲမှာ ပိုးဖဲစ ပန်းရောင်ရင်ဖုံး၊
ဆံထုံးမှာ ပုလဲတွေစီထားတဲ့ ကလစ်လိုလို ဆံထိုးလိုလို ထိုးထားပြီး လက်ဝတ်လက်စားအပြည့်နဲ့
အတော်လေးချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ကို သတိထားမိတယ်။
အမျိုးသမီးရဲ့မျက်နှာဟာ အနည်းငယ်ညိုးငယ်နေတာသတိထားမိတယ်။

ကျုပ်အဖြစ်က ပိတ်ကားပေါ်က ဇာတ်ဝင်ခန်းကိုကြည့်နေရသလိုပဲ။
ကျုပ်ကို ဘယ်သူကမှ မမြင်ကြပါပဲ
ကျုပ်ကသာသူတို့ကိုမြင်နေရသလိုဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာ ခုနက အမျိုးသမီးက ကျုပ်ကိုလှမ်းကြည့်တယ်။
အကြည့်တို့က စူးလွန်းလို့ ကျုပ် ချက်ချင်းဆိုသလို
ကြက်သီးတွေထ လို့လာတယ်။
သူမက ကျုပ်ကိုစိုက်ကြည့်နေတယ်။
ပြီးတော့..တဖြေးဖြေးချင်း ပြုံးပြလာတယ်။

သူမရဲ့ရုပ်သွင်ဟာ ချက်ချင်းဆိုသလို
သွေးစသွေးနတွေစွန်းထင်းနေတဲ့ သွားကြီးတွေနဲ့
အစွယ်လိုလို အချွန်ကြီးတွေပေါ်ပြီး ကျုပ်ကိုရယ်ပြနေပါတော့တယ်။

############

အခန်း( 4 )
ကျုပ်ကို စိုက်ကြည့်နေတဲ့ အမျိုးသမီးဟာ
ချက်ချင်းဆိုသလို တစ္ဆေမတစ်ကောင်ရဲ့အသွင်အပြင်ဖြစ်သွားတယ်။
အခန်းထဲမှာရှိနေတဲ့ လူတွေဟာ မီးခိုးငွေ့တွေကြားမှာကွယ်ပျောက်သွားပြီး တစ္ဆေမနဲ့ ကျုပ်
နှစ်ဦးထဲသာ မျက်နှာချင်းဆိုင်ကျန်နေခဲ့ပါတယ်။

“””ဟား….ဟား…ဟား””

တစ္ဆေမက အသံနက်နက်ကြီးနဲ့အော်ရယ်နေပြီး
ကျုပ်ရှိရာကို လက်ညိုးငေါက်ငေါက်ထိုးလာပါတယ်။

“”နင်…အခုကြောက်နေပြီမို့လား
နင်က ကြောက်တတ်တဲ့သူ မဟုတ်ပါဘူး။
နင်လိုလူက ကြောက်တတ်တဲ့သူမို့လို့လား
အခုလည်း နင်လက်မှာ သွေးစွန်းလာပြီမို့လား
နင်လိုကောင်က အတိတ်ဘဝတစ်ခုက
ကုသိုလ်ကံတစ်ခုကြောင့် လူဖြစ်နေတာ
နင်လိုကောင်က အမြဲသွေးဆာနေတဲ့ကောင်
နင်ကို ငရဲပို့မယ် နင်သေရမယ်
ဟား…ဟား..ဟား””

“”ကျုပ်..ကျုပ် ခင်ဗျားနဲ့ ဘာရန်ငြိုးရန်စရှိလို့လဲ
ကျုပ် ခင်ဗျားကို ဘာမှမကောင်းမကြံခဲ့ဘူး
ကျုပ်လည်း ဒုက္ခရောက်လာတဲ့သူပါ။
ကျုပ်..ခင်ဗျားကို ကြောက်ပါတယ်
တောင်းလည်း တောင်းပန်ပါတယ်
ကျုပ်ကို ကျုပ်ကို…မခြောက်လှန့်ပါနဲ့နော်””

“”တိတ်စမ်း…ဘာဒုက္ခရောက်လာတာလဲ
နင်လိုကောင်က လူတယောက်ရဲ့အသက်ကို
ကြက်ကလေး ငှက်ကလေးလို သတ်ရဲ
ဖြတ်ရဲခဲ့တဲ့သူလေ
နင်မေ့နေပြီလား
ဒီမှာကြည့်စမ်း…နင်ဘယ်လောက်မိုက်ရိုင်းပြီး
ယုတ်မာလည်းဆိုတာ…ကြည့်စမ်း””

ချက်ချင်းဆိုသလို လူရိပ်သဏ္ဍာန်များက
မြင်ကွင်းမှာ ထင်ထင်ရှားရှားပေါ်လာပါတယ်။
ကျုပ် ရှေ့မှာ ကျုပ်ကို ကျုပ်မြင်လိုက်ရတယ်။
ကျုပ်က ခေါင်းပေါင်းစတစ်ခုနဲ့
အကျီ်မပါဗလာကျင်းပြီး ပုဆိုးကိုခါးတောင်းကြိုက်ထားတယ်။
လက်ထဲမှာ အရိုးအသွား တစ်တောင်ခွဲလောက်အထိရှည်တဲ့ ဓားတစ်ချောင်းကိုကိုင်ထားတယ်။
ခုနက ဝင်လာလာချင်းမြင်လိုက်ရတဲ့
လူကြီး လူငယ်ခလေးပါမကျန် ဓားနဲ့ရက်ရက်စက်စက်ပိုင်းခုတ်ပစ်နေတယ်။
သွေးတွေဟာတခန်းလုံးမြင်လို့ပင်မကောင်းဘူး။
ကြာ့်နေရင်းနဲ့ကို ပျို့တက်လာတဲ့အထိပဲ။
နောက်ဆုံးမှာ တစ္ဆေမတဖြစ်လဲ အမျိုးသမီးတစ်ဦးသာကျန်ရစ်ခဲ့တယ်။
အမျိုးသမီး က ကြောက်လန့်တကြား ငိုကြွေးပြီး
တောင်းပန်နေတယ်။
တောင်းပန်နေတဲ့ကြားက ကျုပ်တဖြစ်လဲ ကျုပ်ဟာ
အမျိုးသမီးရဲ့ ဇက်ပိုးကနေ ပိုင်းခုတ်ပစ်လိုက်တာ
ခေါင်းကြီးက ပြတ်ကျပြီး ခေါင်းပြတ်ကြီးက
ကျုပ်ဆီလွင့်လို့လာပါတယ်။

“”အ မ လေး ခေါင်းပြတ်ကြီး အား…အား
ကယ်ကြပါဗျို့ ကယ်ကြပါ””

“”ဟား…ဟား…ဟား…ဟား””

တစ္ဆေမရဲ့ ရယ်သံကြီးက တိုက်ကြီးတစ်ခုလုံးဟိန်းထွက်နေတယ်။
ကျုပ်အခန်းထဲက ထွက်ပြီးပြေးတယ်။
အိမ်ကြီးရဲ့ အသွင်သဏ္ဍာန်ဟာ ဝင်လာတုန်းကလို
မဟုတ်တော့ပဲ ဝဂ်ဘာကြီးလိုဖြစ်နေတယ်။
ကျုပ်ဘယ်လောက်ပြေးပြေး ကျုပ်ရှေ့မှာ ခေါင်းပြတ်ကြီးက ကြိုရောက်နေတယ်။
ကျုပ်ရဲ့ အတွင်းကလီစာတွေ တစ်ခုပြီးတစ်ခု
ပြုတ်ကျလာလေသလားအောင်းမေ့ရအောင်
ကျုပ်ခံစားနေရတယ်။
ကျုပ်ပြေးရင်းနဲ့ ကျင်ငယ်တွေပါ ထွက်ကျလာတယ်။
တစ္ဆေမကလည်း အငြိုးတကြီးနဲ့ ကျုပ်ကို
အသေခြောက်လန့်နေတယ်။

နောက်ဆုံးမှာ ကျုပ်မပြေးနိူင်တော့ပဲ
ပစ်လဲကျသွားတယ်။
ခေါင်းပြတ်ကြီးက အစွယ်တွေပေါ်တဲ့အထိရယ်မောနေတယ်။
အဲ့အချိန်မှာပဲ ပြုတ်ကျနေတဲ့ ကျုပ်ရဲ့ဖုန်းက
အသံမြည်လာတယ်။
ကျုပ် ဇောချွေးတွေစီးကျနေရင်းက ဖုန်းကိုကောက်ပြီး ထူးလိုက်တယ်။

“”ခင်ဗျား..မြဟန်သူငယ်ချင်း စိုးဝေမဟုတ်လား
အခုခင်ဗျားဘယ်မှာလဲ
ကျုပ်တို့ မြဟန်သေဆုံးမူ့အတွက် ခင်ဗျားကို
စစ်ဆေးရပါမယ်””

ကျုပ်..ဝမ်းသာသွားတယ်။

“”ဆရာတို့ စစ်ဆေးစရာတောင်မလိုပါဘူး။
ကျုပ်မြဟန်ကိုသတ်မိပါတယ်။
ကျုပ်ကိုဖမ်းပါ။ အခုကျုပ် မြဟန်နေတဲ့အိမ်ရဲ့
ခေါင်းရင်းက အိမ်ကြီးထဲမှာပါ။
ကျုပ်ကို အမြန်လာဖမ်းကြပါ။
လာဖမ်းကြပါ ကယ်ကြပါ..ကယ်ကြပါဗျာ””

“”ဟား….ဟား….ဟား””

ကျုပ်အနားကို ခေါင်းပြတ်ကြီးချက်ချင်းဆိုသလို
ရောက်ချလာပြီး ချွန်တက်နေတဲ့ အစွယ်ကြီးနဲ့
ကျုပ်လည်ပင်းကို ကိုက်ချလိုက်ပါတော့တယ်။

“”အား….အား””

မချိမဆန့်အသံနက်ကြီးတစ်ခုက မနက်အာရုဏ်လေးနာရီဝန်းကျင်ခန့်မှာ
ပတ်ဝန်းကျင်တခုလုံးကိုပဲ့တင်သွားပါတော့သည်။

#############

“”ဆရာမျိုးသိမ်း..ကြည့်ရတာ
တရားခံစိုးဝေဟာ မူးယစ်ဆေးတွေအလွန်အကျွံသုံးပြီး ရှော့ဖြစ်သေဆုံးသွားပုံရတယ်
ဆေးကြောင်ပြီး သူငယ်ချင်း အချင်းချင်း
လက်လွန်ရာက ဒီမှာလာပုန်းနေတာပဲ။
လေးနာရီလောက်ကတောင် ဖုန်းပြောနေသေးတယ်
ကျုပ်တို့ရောက်တော့ အသက်မရှိတော့တာ
အံသြစရာပဲ
ဘာထူးခြားတာတွေသေးလဲဆရာမျိုးသိမ်း””

“”ထူးထူးခြားခြားတော့မရှိဘူး ဆရာရန်နောင်
သေဆုံးသူ စိုးဝေရဲ့နဘေးမှာ ပလပ်စတစ်ကော်ပတ်ရုပ်အရုပ်မလေးတရုပ်က ခေါင်းတခြားကိုယ့်တခြားတွေ့တယ်။
တခြားဘာမှ မရှိပါဘူး””

“”ကဲဗျာ.. ရဲလုပ်ထုံးလုပ်နည်းအတိုင်းသာလုပ်ပေတော့ ဆရာရေ
ကျုပ်တို့တော့ အမူ့ကြီးနှစ်မူ့ ကိုယ့်အပိုင်မှာလာဖြစ်တော့ အာရုံစားပြီဗျာ
လုပ်စရာရှိတာ ဆက်လုပ်ပါ “”

ရဲအရာရှိ ကိုရန်နောင်ဟာ
သေဆုံးသူစိုးဝေရဲ့အနားက အရုပ်မဦးခေါင်းလေးကိုကောက်ယူရင်း
အရုပ်မလေးရဲ့ ပါးစပ်နားတဝိုက်က အနီရောင်လေးကိုလက်နဲ့ပွတ်လိုက်ရာ စေးထန်းထန်းဖြစ်နေသော
သွေးစက်အချို့ဖြစ်နေသည်ကိုအံသြစွာသိလိုက်ရပါတော့သည်။

ပြီးးး။။

ရေးသားသူ- ယွန်း နှင်းဆီ ခိုင်

#crd