*သင်္ချိုင်းမြေစားသောသူနှင့် မသာရထား*📖📖📖
*********************************************
အခန်း၁။
ကျွန်တော့ အမေသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ မအူပင်ကျေးရွာအုပ်စုအတွင်းက ဒေါင်းမကျေးရွာ ဇာတိဖြစ်လေ၏။
အမေသည် အဖေနှင့် အကြောင်းပါ၍ မန္တလေးမြို့၌ နေထိုင်သော်လည်း နှစ်စဥ် နှစ်တိုင်း ရွာသို့ ပြန်လေ့ရှိသည်။ ထိုအခါ ကျွန်တော်လည်း အမေနှင့်အတူ လိုက်ပါသွားလေ့ရှိ၏။
အဖေကမူ လုပ်ငန်းမအားလပ်၍ အမြဲလိုက်ပါခြင်းမရှိချေ။ အမေ့ရွာဖြစ်သော ဒေါင်းမကျေးရွာသည်ထိုစဥ်အခါက လူနေအိမ်ခြေ နည်းပါးသော ရွာငယ်လေး တခုသာ ဖြစ်သည်။
သို့သော်လည်း ရွာရှိ တောင်သူများမှာ သီးနှံဖြစ်ထွန်းသော မြေများကို ပိုင်ဆိုင်ထားကြသဖြင့် စီးပွားရေး အဆင်ပြေကြသည်။
အိမ်တိုင်းကိုယ်စီ၌၊ ဂျပန်ဆိုင်ကယ်များ ရှိကြသလို၊ လူငယ်တိုင်း၌ ဟန်းဖုန်းကိုယ်စီ ကိုင်နိုင်ကြသည်။အချို့ တောင်သူကြီးများအိမ်တွင် အိမ်စီးကားပင် ရှိကြလေ၏။
ကျွန်တော့ အဖိုးဦးနက်အိမ်၌ပင် ၊ ဂျပန်ဆိုင်ကယ်တစီးနှင့် ဂျပန် လိုက်ထရပ်ကားတစီး ရှိလေ၏။
အဖိုးမှာ အသက် ၆၀ ဆိုငြားလည်း ၊ ၄၀အရွယ် လူလတ်ပိုင်းကဲ့သို့ ကျန်းမာရေးကောင်းသူ ဖြစ်၏။ အဖွားမှာ အဖိုးထက် အသက်၄နှစ်မျှ ကြီးပြီး ဒေါ်အိမ်ဇံ ဟုအမည်ရ၏။
အဖွားက အခုထက်ထိတိုင် ၊ လယ်ယာများကို ဦးစီးနေဆဲဖြစ်သည်။ ဤသို့ဆိုရာတွင် အဖိုးက ဘာကြောင့် လယ်ယာလုပ်ငန်းခွင်ကို မဦးစီးရလဲဟု မေးစရာရှိလာ၏။
အဖိုး ဦးနက်ကား လယ်ယာလုပ်ငန်းခွင်ထက် အဂ္ဂိရတ် ထိုးခြင်း၌ ဝါသနာထုံလေ၏။ မြန်မာ့တိုင်းရင်းဆေးဖြစ်သော ဗိန္ဓောပညာအတတ်ကိုလည်း တတ်ကျွမ်းသူ ဖြစ်၏။
ရွာ၌ ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန် ၊ ဆေးမှုး ၊ သူနာပြု စသည်တို့ ရှိငြားလည်း အဖိုးနှင့် မကင်းသူက များလေ၏။ အဖိုးဦးနက်ကြောင့် ကျန်းမာသွားသူက များလေ၏။
အဖိုးသည် ငယ်ရွယ်စဥ်ကတော့၊ လယ်ယာလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူ ဖြစ်၏။အဖိုး ဗိန္ဓောဆရာဖြစ်ရသည့် အကြောင်းရု်းခံမှာ ၊ အသက်၃၈နှစ်အရွယ်၌ အဖိုးသည် အပြင်းဖျားသည်ဟုဆို၏။
သေမတတ်ပင် ဝေဒနာပြင်းခဲ့လေ၏။ ကံကောင်းထောက်မစွာ အသက်ဘေးမှ ကျော်လွန်နိုင်ခဲ့ပြီးနောက်တော့ အဖိုးသည် ဘယ်လိုဖြစ်သည်မသိ။ သူ့ရောဂါအား အမြစ်ပြတ်အောင် ဆေးကုသပေးသော ရွာဦးကျောင်းဆရာတော်နှင့် တွဲ၍ အဂ္ဂိရတ်လိုင်းကို တစိုက်မတ်မတ် လိုက်ခဲ့လေတော့သည်။
အဖိုး၏ ဆရာဖြစ်သူမှာ တခြားသူမဟုတ်၊ ရွာဦးကျောင်းကကျောင်းထိုင်ဆရာတော် ဦးတေဇနိယပင်ဖြစ်လေ၏။
ယခုကဲ့သို့ ကျွန်တော် အဖိုးဦးနက်အကြောင်း ပြည့်စုံစွာ အစီအရင်ခံနေရခြင်းမှာ၊ အမေပြောပြသော အဖိုးဦးနက်နှင့် ထူးဆန်းသော အဖြစ်အပျက်များအကြောင်းကို ဖေါ်ပြလို၍ ဖြစ်ပါသည်။
အဖိုးဦးနက်၏ ပညာစွမ်းအချို့ကို ထုတ်နုတ်ဆိုရလေသော် …
_________
အခန်း၂။ သင်္ချိုင်းမြေစားလိုသော ကလေးငယ်။
နွေရာသီ ကျောင်းပိတ်ရက်တခုတွင် ကျွန်တော်သည် အမေနှင့်အတူ ဒေါင်းမရွာသို့ တခေါက် ရောက်ခဲ့ပြန်၏။
ကျွန်တော့မှာ သင်္ကြန်ရက်များအတွင်း မြို့ပေါ်က သူငယ်ချင်းများနှင့်အတူ ပျော်ပါးကာ မန္တလေးကျုံးမြို့တပတ်လည်က ရေပက်ခံမဏ္ဍပ်များသို့ ရေပက်ခံထွက်မည်ဟု ကြိမ်းဝါးထားသမျှ သဲထဲ ရေသွန်သကဲ့သို့ ရှိတော့၏။
ထိုအချိန်က ကျွန်တော်သည် အထက်တန်းစာမေးပွဲ ဖြေပြီးပြီ ဖြစ်လေ၏။ လူပျိုသဘာဝ မြို့၌သာ သူငယ်ချင်းများနှင့်အတူ ပျော်ချင်သော်လည်း အဖေက ‘မင်းအမေနဲ့ လိုက်သွား၊ ငါ အလုပ်ပြီးတာနဲ့ နောက်က လိုက်ခဲ့မယ်’ဟု တချက်လွှတ်အမိန့် ထုတ်ဆင့်လိုက်ရာ ၊ ကျွန်တော့မှာ အဖေ့ကို ကြောက်သဖြင့် လိုက်ခဲ့ရပြန်သည်။
မိဘသဘောကတော့ သင်္ကြန်တွင်း လူငယ်သဘာဝ သောက်စား မူးယစ်ပြီးသွေးဆူလွယ်ကာ ရန်ဖြစ်ကြမည်ကို စိုးရိမ်၍ ရွာသို့ တမင်ခေါ်ဆောင်ကြခြင်း ဖြစ်လိမ့်မည်။
သို့ဖြင့် ရွာရောက်သည့်အခါ ကျွန်တော်လည်း ပျင်းပျင်းရှိလှသဖြင့် ၊ အမေရဲ့ အမျိုးများ ဖြစ်ကြသော ကြီးတော်လှ အိမ်သို့သွား၍ လည်နေတတ်၏။
ကြီးတော်လှသည် ကျွန်တော့ကိုလည်း ငယ်စဥ်က ထိန်းကျောင်းပေးခဲ့သူဖြစ်ရာ ချစ်ခင်ရှာ၏။ ရွာ၌ နေစဥ် တနေ့တမျိုး မြန်မာမုန့်အမျိုးမျိုးကို မထပ်ရအောင် လုပ်ကျွေး၏။
ကြီးတော်လှ၏ သမီးကြီးမမြင့်ဌေးသည် အိမ်ထောင်ကျပြီ ဖြစ်သော်လည်း ကြီးတော်လှနှင့် အတူနေ၏။ ယောက်ကျားက မလေးရှားကိုသွား၍ အလုပ်လုပ်နေသည်။
မမြင့်ဌေး၌ ၂နှစ်အရွယ် သားယောက်ကျားလေး တယောက်ရှိ၏။ စကားတတ်၏။ လွန်စွာ ချစ်စရာကောင်းသည်။ အမည်မှာ ကောင်းဆက်နိုင်ဟူ၏။ကျွန်တော်တို့ကတော့ ကောင်းကောင်းဟုသာ ချစ်စနိုးခေါ်ကြသည်။
ထူးဆန်းသည်မှာ ထိုကလေးသည် လူကြီးများမျက်ကွယ်၌ မြေကြီးများကို တပ်မက်စွာ စားခြင်းပင်။ ထိုသို့ စားပြီးလျင် အော့အန်တတ်၏။ နေထိုင်မကောင်း ဖြစ်တတ်၏။
ခေတ်အမြင်ရကြည့်လျင် ထိုသို့ မြေကြီးခဲများ၊ မြေစာခဲများ စာခြင်းသည် ကလေး၏ ဝမ်းတွင်အင်္ဂါများကို တချိန်၌ ကောင်းစွာ ဒုက္ခပေးနိုင်လေ၏။
ထို့ကြောင့် ကျွန်တော်သည် ကောင်းကောင်းအား မြေစာခဲများ မဝါးရအောင် ကြည့်ရှု့ပေးရလေ၏။
သို့သော်လည်း တနေ့၌ ကောင်းကောင်းသည် လူကြီးများအလစ်၌ နောက်ဖေးက မြေကြီးခဲများကို တမြုံမြုံနှင့် ဝါးနေရင်း တက်ပါလေတော့၏။
အစ်မ မမြင့်ဌေးက အချိန်မီ မြင်တွေ့၍ ကလေးကို လက်ထိုးအန်ခိုင်းခြင်း၊ ကျောမကို နှိပ်နှယ်ပေးခြင်း စသဖြင့် ပြုစုလေမှ ကောင်းကောင်းမှာ သတိပြန်လည်လာ၏။ သို့သော် ကလေးမှာ လက်ထိုးအန်ထားသဖြင့် အတော်ပင် ဖြူဖျော့နွမ်းဖတ်နေရှာ၏။အသက်ကိုပင် မနည်း လုရှုနေရသည်။
ကြီးတော်လှသည် သူ့မြေးအတွက် စိတ်ပူပန်သည်ဖြစ်ရာ ဘယ်သူ့မှ မပြောဘဲ၊ ကျွန်တော့အဖိုး ဦးနက်ကို သွားပင့်လေ၏။
အစ်မ မမြင့်ဌေးက တက္ကသိုလ်က ဘွဲ့ရထားသော ကျောင်းဆရာမတဦး ဖြစ်လေရာ၊ အဖိုးလို ဗိန္ဓောဆေးဆရာကို အားမကိုးလိုပေ။ အင်္ဂလိပ်ဆရာဝန်ကိုသာ ပြေးပင့်လို၏။
သို့သော် ကြီးတော်လှက အဖိုးဦးနက်ကို ပင့်ခဲ့ပြီလည်းဖြစ်၊ဦးနက်မှာ အဖိုးလည်း တော်စပ်နေလေရာ ဘာမှ မပြောသာတော့ပေ။
အဖိုးဦးနက်သည် ရောင်သည်နှင့် အစ်မ မမြင့်ဌေးပေါင်ပေါ်က ကောင်းကောင်းကို စမ်းသပ်သည်။ကောင်းကောင်း၏ မျက်ခွံကို လက်ဖြင့် အပေါ်ပင့်၍ မျက်သူငယ်အိမ်ကို စစ်၏။လက်ကောက်ဝတ်ကို စမ်း၏။ ဦးခေါင်းကို ငုံ့စေပြီး ဂုတ်ဆက်ကို ကြည့်၏။
ပြီးသော် ထီလက်မှတ်ဖြတ်ပိုင်းလေးနှင့် ထုပ်ထားသော ဆေးမှုန့်အချို့ကို အဖိုးဦးနက်က လက်ညှိုး လက်မဖြင့် ပွတ်ချေ၍ ကောင်းကောင်း၏ နှာဝသို့ တို့ထိကာ ရှုရှိုက်စေသည်။
အံဩစရာပင်။ စောနက အသက်ကို ခက်ခက်ခဲခဲ ရှုနေရသော ကောင်းကောင်းသည် အသက်ရှုလမ်းကြောင်းပွင့်သွားဟန်တူ၏။ ပုံမှန် အသက် ပြန်ရှုလေ၏။
ကျောင်းဆရာမ မမြင့်ဌေးမှာ အဖိုးရဲ့ ဆေးစွမ်းကို အံဩနေ၏။ လက်တဆစ်လောက်ရှိတဲ့ စက္ကူထုပ်ထဲက ဆေးမှုန်အနည်းငယ်မျှဖြင့် ရောဂါကို ယူပစ်သလို ပျောက်အောင် ကုသနိုင်သည် အံဩနေခြင်း ဖြစ်သည်။
အဖိုးဦးနက်က စကားကို ရှည်ရှည်ဝေးဝေး ပြောတတ်သူ မဟုတ်သောကြောင့် လေသံမှန်ဖြင့် ကြီးတော်လှအား တိုတိုတုတ်တုတ် မှာလေ၏။
” မလှ နင့်မြေးကို မနက်ဖြန်ကျရင် သင်္ချိုင်းမြေ ယူကျွေးလိုက် ၊ နောက် ဘယ်တော့မှ မြေကြီး မစားတော့ဘူး ၊ နင်မြေးက သင်္ချိုင်းမြေ ချဥ်ခြင်းတပ်နေတာဟ “
ကျောင်းဆရာမ မမြင့်ဌေးမှာ ချက်ချင်း မျက်နှာပျက်သွား၏။ မမြင့်ဌေးသည် ပညာတတ်လည်းဖြစ်၊ ထက်ထက်မြက်မြက်လည်း ပြောတတ်ဆိုတတ် ဖြစ်လေရာ အဖိုးတော်စပ်သူ ဦးနက်အား ချက်ချင်း ခွန်းတုန့်ဆိုလေ၏။
” အို ရှင် မဟုတ်တာ … ကလေးက မြေကြီးစားလို့ ခုလို ဖြစ်တာလေ ဖိုးလေးရဲ့ ၊ ဒါကို သင်္ချိုင်းမြေ ထပ်ကျွေးရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး ၊ ကျွန်မ သဘောမတူဘူး ဖိုးလေး “
အဖိုးက ထိုင်နေရာမှ ထ၏။ မမြင့်ဌေးအား ငုံ့ကြည့်၍ …
” ဒါတော့ နင့်သဘောပဲ မြင့်ဌေး ၊ နင့်သား နောက်တခါ မြေစိုင်ခဲ ဝါးစားလို့ တခုခု ဖြစ်ရင် နင့်အပြစ်ပဲဆိုတာတော့ မှတ်ထား ( မမြင့်ဌေးအား ထိုသို့ ငေါက်ဆတ်ဆတ် ပြောအပြီး အဖိုးသည် ဒေါ်လှဘက်သို့ လှည့်ကာ ) ကဲ ငါပြန်ပြီ မလှ ၊ ဒီကနေ့ နင့်မြေး အသက်ကို ငါပြန်ယူပေးပြီးပြီ ၊ နောက်တခါဆိုရင်တော့ ငါလည်း တတ်နိုင်မယ် မထင်ဘူး “
အဖိုးသည် ထိုသို့ ပြောပြီးသည်နှင့် ကြီးတော်လှတို့ အိမ်ကနေ ချက်ချင်း ပြန်ချသွား၏။အဖိုးသည် အနည်းငယ် စိတ်တိုသွားဟန်တူလေ၏။
အဖိုးကို ခြံဝအထိ ကြီးတော်လှက လိုက်ပို့ရင်း တောင်းပန်၏။
” ဒီကောင်မ မြင့်ဌေးကို ဗွေမယူပါနဲ့ ဦးကြီးရယ်။ ဒင်းကိုယ်စား ကျွန်မ တောင်းပန်ပါတယ်။ စိတ်ချ ဦးကြီး။ မနက်ဖြန်ကျရင် ကျွန်မ သင်္ချိုင်းမြေ သွားယူပြီး ၊ ကလေးကို ကျွေးလိုက်ပါ့မယ်၊ တခြား ဘာလုပ်စရာ ကျန်သေးလဲ ဦးကြီး “
” သင်္ချိုင်းမြေ ယူလာရင် နည်းနည်းပဲ ယူ၊ အဲ့ဒီမြေတော့ ကုန်အောင်ကျွေး ၊ မကုန်လို့ တခြား စွန့်ပစ်တာမျိုး လုံးဝ မလုပ်မိစေနဲ့ ။ ကလေးစားပြီးရင် ခဏစောင့်ကြည့် ၊ ထူးခြားတာ တခုခု အန်လိမ့်မယ်။ အဲ့ဒါကို ငါ့ဆီယူခဲ့ ၊ ကလေးကို ဘယ်သူ လုပ်တယ်ဆိုတာ ငါ စစ်ကြည့်ပေးမယ် “
အဖိုးဦးနက်က ထိုသို့ မှာသွားပြီး ထွက်သွားလေ၏။
အဖိုး ထွက်သွားမှ ကြီးတော်လှက အိမ်ထဲ ပြန်ဝင်လာခါ၊ မမြင့်ဌေးအား ဆူလေ၏။
” မြင့်ဌေး ညည်းအေ၊ ညည်းကျောင်းမှာသာ ဆရာမ လုပ်လို့ရမယ်။ ငါ့အိမ်မှာတော့ လာပြီး ဆရာ မလုပ်နဲ့ ။ ညည်း ဘာနားလည်လို့ အဖိုးလေးကို ခံပြောနေတာလဲ ။ ညည်းတို့ငယ်ငယ်က အဖိုးလေးရဲ့ ပရ ဆေးနဲ့ပဲ အသက်ဆက်ခဲ့ရတာကို ခုလို ပြန်ကျေးဇူးဆပ်နေတာလား၊
ညည်းနှယ်အေ ပြောလည်း ပြောထွက်ရဲတယ် ။ နင် မလုပ်ချင်နေ ၊ ငါ့မြေးကို ငါ မနက်ဖြန်ကျ သင်္ချိုင်းမြေ ယူကျွေးမယ် ၊ ငါလုပ်ချင်တာကို လုပ်မယ် ငါ့ကို ဘာမှ လာအထွန့်မတက်နဲ့ “
မမြင့်ဌေးမှာ ဒေါ်လှကို ငယ်ကြောက်ဖြစ်ရာ၊ ဒေါ်လှ ဒေါသထွက်နေမှန်း သိ၍ တခွန်းမှ ခံမပြောရဲချေ။
မမြင့်ဌေး ယခု ယူထားသော ယောက်ကျားကို ကြီးတော်လှက သဘောမကျ။ မပေးစားချင်။ ဒါကို မမြင့်ဌေးက ဒီယောက်ကျားမှ ဒီယောက်ကျား ဖြစ်ပြီး၊ ကြီးတော်လှ သဘောမတူသည့်ကြားက ခိုးရာ လိုက်သွားခဲ့၏။
နောက်တော့ ကြီးတော်လှက မမြင့်ဌေးကို လက်ထပ်ပြီးတာနဲ့ ယောက်ကျားနောက် ထည့်လိုက်၏။ မကြာပါ ၊ မမြင့်ဌေးသည် ယောက်ခမအိမ်ကနေ ဆင်းလာပြီး အမေ့အိမ် ပြန်ရောက်လာ၏။
မမြင့်ဌေး ခင်ပွန်း၌ အစ်မ၊နှမများလည်း ရှိ၏။ ပညာတတ် မမြင့်ဌေးနှင့် ထိုယောင်းမများမှာ မတည့်ပေ။ မကြာခဏ ရန်ဖြစ်ရလေ့ရှိ၏။ ယောင်းမများက စည်းကမ်းမရှိဟုဆို၏။
ကြီးတော်လှမှာ ဒါတွေကို အရှည်ကြိုတွေးထားသဖြင့် သဘောမတူခြင်း ဖြစ်၏။
မမြင့်ဌေးအား လက်ခံလို၍ မဟုတ်သော်လည်း မြေးလေး ကောင်းကောင်း ကြောင့် လက်ခံခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် မမြင့်ဌေးသည် သူ့အပြစ်နဲ့သူဆိုလေတော့ အမေဖြစ်သူအား ကြောက်ရလေ၏။
နောက်တနေ့ ၌ ကြီးတော်လှသည် ကျွန်တော့အားခေါ်၍ သင်္ချိုင်းမြေသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့စေ၏။
သင်္ချိုင်းသို့ ရောက်သော် ဆိုင်ရာပိုင်ရာအား ခွင့်တောင်းခံ၍ သင်္ချိုင်းမြေအနည်းငယ်ကို စက္ကူဖြင့် ထုပ်ယူခဲ့သည်။
နေ့လယ်နေ့ခင်းဖြစ်၍ ကျွန်တော်သည် သင်္ချိုင်းကို ရောက်သော်လည်း ကြောက်လန့်ခြင်း မဖြစ်မိ။ သို့သော် ကြီးတော်လှက ဆိုင်ရာပိုင်ရာကို ခွင့်ပန်သည့်အခါ ကျွန်တော် ကြက်သီးဖျန်းဖျန်းထမိလေ၏။
အပြန်တွင် ကြီးတော်လှသည် စကားတခွန်းမှ မဆိုတော့ပေ။ အိမ်ကို ရောက်အောင်သာ မောင်းခဲ့လေ၏။
ကြီးတော်လှသည် သူ့မြေး ကောင်းကောင်းအားခေါိ၍ ယူလာသော သင်္ချိုင်းမြေကို ခွန့်လေ၏။ ကောင်းကောင်းသည် အစပထမ၌ မြေကြီးကြိုက်သူဖြစ်ရာ၊ မြိန်ယှက်စွာစား၏။ သို့သော် အနည်းငယ်မျှ စားပြီးသော်အခါ မျက်နှာမှာ နီမြန်းလာ၏။ ပါးစပ်ကလည်း ပျို့ချင်သလိုလို အန်ချင်သလိုလို ပြလေ၏။
ကြီးတော်လှသည် ယူလာသော မြေကို ကုန်စင်အောင် ကျွေးရမည်မို့ ၊ ကောင်းကောင်းကို ချော့၍ ကျွေးရပြန်သည်။
ကောင်းကောင်းက မစားချင် စားချင်ဖြင့် ယူလာသော သင်္ချိုင်းမြေများကို ကုန်စင်အောင် စားရ၏။
နောက်ဆုံး၌ ကောင်းကောင်းတယောက် မြေကြီးစားပြီး ထိုးအန်လေတော့သည်။
အံဩစရာပင်။ ကောင်းကောင်း အန်သည့် အန်ဖတ်များသည် အစိမ်းရောင် အဖတ်များဖြစ်နေ၏။ ထိုအထဲတွင် ကော်ဖြင့် ပြုလုပ်ထားသော အရုပ်သဏ္ဍာန် အစိမ်းရောင်အဖတ်တခုလည်း ပါလာ၏။
ကျွန်တော့မှာ ထိုအရာအား မသင်္ကာသည်ဖြစ်ရာ ၊ မရွံမရှာနိုင်ပဲ၊ အန်ဖတ်များထဲမှ နှိုက်ယူ ကြည့်မိလေ၏။
အရုပ်မှာ ခြေလက်ဦးခေါင်းများပါသော လူသဏ္ဍာန် ဖြစ်လေ၏။ အထင်အရှားတော့မဟုတ်ချေ။ ဥပမာဆိုရသော် စက္ကူစကို လူရုပ်သဖွယ် ကတ်ကြေးဖြင့် ကိုက်ထားသကဲ့သို့ ခပ်သေးသေး အရုပ်လေး ဖြစ်လေ၏။
အံဩဖွယ်ကောင်းသည်က ဝမ်းဗိုက်ထဲ အနေကြာတာတောင် အစာချေစနစ်က မချေဖျက်နိုင်ခြင်း ဖြစ်သည်။
ကျွန်တော်လည်း ထိုအရုပ်ကလေးကို အဖိုးအားပြသရန် သိမ်းဆည်းထားလိုက်၏။ မပြန်ခင်တော့ အစ်မ မမြင့်ဌေးအား ပြသရဦးမည်ဟု တေးမှတ်ထားလိုက်သည်။
ကလေးမှာ အန်ပြီးသည်နှင့် အလွန်ပေါ့ပါးသွားဟန်ရှိလေ၏။ ခါတိုင်းလို မျက်နှာ ဖြူဖျော့ခြင်း မရှိချေ။
ကြီးတော်လှက ကျွန်တော့အား သောက်ရေတခွက် ခပ်ခိုင်း၏။ ကျွန်တော်က ရေခပ်ပြီး ပေးသော် သူ့မြေးကောင်းကောင်းအား ရေတိုက်၏။
ရေသောက်ပြီးသည်နှင့် ကောင်းကောင်းသည် ရွှင်ပြစွာ ဆော့ကစားလေတော့သည်။ ယခုမှ ကျွန်တော်လည်း သက်ပြင်း ချနိုင်တော့သည်။ ကြီးတော်လှ က ကျွန်တော့်အား ကဲ ဘယ်နှယ့်ရှိစ ဟူသော မျက်နှာပေးဖြင့် ကြည့်နေ၏။
ဘယ်အချိန်က ဝါးကပ်ထရံကို ကွယ်၍ ချောင်းကြည့်နေသည်မရသိသော ၊ အစ်မ မမြင့်ဌေးသည် ဝမ်းနည်းဝမ်းသာ မျက်ရည်စများဖြင့် ကျွန်တော့်တို့ရှိရာသို့ ထွက်လာသည်။
အစ်မ မမြင့်ဌေးကြည့်ရသည်မှာ သူ့သား ကောင်းဆက်နိုင် အရင်ကလိုပဲ ရွှင်ပြစွာ ဆော့ကစားနေသည်ကို မြင်တွေ့ခဲ့ဟန်တူ၏။
” အမေ ကျွန်မ အဖိုးလေးကို ကန်တော့ပြီး တောင်းပန်ပါ့မယ် ၊ အမေ စိတ်မဆင်းရဲစေရပါဘူးနော် “
နောင်တွင် အမ မမြင့်ဌေးသည် သူပြောသည့်အတိုင်း အဖိုးလေးဦးနက်ထံ သွား၍ မုန့်ထုပ်အချို့နှင့် ရှိခိုးဦးချ ကန်တော့တောင်းပန်သည်။ အဖိုးလေးက ပြုံးလည်းမပြုံး၊ စိတ်ဆိုးဟန်လည်းမပြပဲ …
” ကလေးက ငယ်သေးတယ်၊ နောက်တခါ နာရေးပို့သွားရင် ကလေးကို သင်္ချိုင်း ခေါ်မသွားနဲ့ ၊ ခေါ်သွားရင်လည်း ကလေးကို လွှတ်မထားရဘူး “
ထိုအခါမှ မမြင့်ဌေးသည် သတိရသွားလေ၏။ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမတယောက်၏ မိခင်ကြီး ဆုံးပါးသွားစဥ်က၊ ကလေးကို ချီပိုး၍ နာရေးပို့ခဲ့မိသည်။
မိတ်ဆွေဖြစ်သူမှာ မိခင်ကြီး မီးသင်္ဂြိုလ်စဥ် မူးမေ့လဲသွားသဖြင့် ကလေးကို အောက်သို့ချကာ သူ ပြုစုပေးခဲ့သည်။
ကလေးကို သတိလက်လွတ် ထားမိစဥ်၊ ကလေးက သင်္ချိုင်းမြေပေါ်၌ လွတ်လပ်စွာ ဆော့ကစားနေခဲ့သည်။ မကြာပါ ကလေး ငိုသံ စူးခြစ်ခြစ် ကြားလေမှ မမြင့်ဌေးသည် သားငယ်ကို သတိရကာ လှည့်ကြည့်မိသည်။ ကလေးသည် မြေပုံမို့မို့ တခုပေါ်၌ မှောက်လျက်လဲနေရာမှ ပြန်မထနိုင်ရှာချေ။ မမြင့်ဌေး အလောတကော ပြေးထူရ၏။
ထိုညကစ၍ သားငယ် ကောင်းကောင်းသည် ညဘက်တွေ ကြောက်လန့်တကြား လန့်နိုးတတ်လေ၏။ ထို့အပြင် မြေစာခဲ စားသည့် အကျင့်ပါ ထိုအချိန်မှ စခဲ့ခြင်းဖြစ်သည်ကို သတိထားမိလေ၏။
ဖြစ်နိုင်သည်မှာ သင်္ချိုင်းမြေမှ ပရလောကသားသည် ကလေးငယ်၌ ဝင်ရောက်လိုခြင်း ဖြစ်လိမ့်မည်။
ကလေးသည် ထိုပရလောကသားအား ချကျွေးထားသော ခေါစာကိုများ စားခဲ့မိလေသလား။ဤအရပ်ဒေသရှိ အချို့မိဘများက ကွယ်လွန်သူ ကလေးငယ်တို့အား မုန့်အရုပ်လေးများ ပြုလုပ်၍ ခေါစာပစ်ကျွေးလေ့ရှိကြသည်။ ထိုခေါစာကို ကလေးက ဝါးမြိုမိခြင်း ဖြစ်မည်။
နောက်တော့ အဖိုးက ခေါစာရုပ်ကိုကြည့်၍ ပြောပြသည်။ ကလေးကို မြေချဥ်စား စုန်း ပြုစားသည်ဟူသတတ်။
__________
အခန်း၃။ အဖိုးပြောသောခေါင်းတလားတွန်းလှည်းကြီး သို့မဟုတ် မသာရထား။
တခါတရံ အဖိုးသည် စိတ်လိုလက်ရဖြင့် ကျွန်တော့အား သူ ငယ်စဥ်က တွေ့ကြုံခဲ့သော ထိတ်လန့်ချောက်ချားဖွယ်ရာ ပရလောက အဖြစ်အပျက်ဆန်းတို့ကို ပြန်ပြောင်း ပြောပြလေ့ရှိသည်။
” အဖိုးတို့ ငယ်ငယ်က ဒီအရပ်မှာ လူတယောက်သေရင်၊ မသာရဲ့ကိုယ်တိုင်းနဲ့ ပျဥ်အခေါင်းရိုက်တယ်။
ပြီးရင် အဲ့ဒီပျဥ်အခေါင်းကို လေးဘီးတပ်၊ ရှေ့ဆွဲ နောက်တွန်း လက်တွန်းလှည်းပေါ်တင်ပြီး ၊ မသာကို သင်္ချိုင်း ပို့ရတယ် လူလေးရ ။
နောက်တော့ အဲ့ဒီလေးဘီးတပ် တွန်းလှည်းကို လူငယ်တွေက မဏ္ဍပ်နဲ့ အလှဆင်ကြသပေါ့ကွာ။
အခေါင်းကို အတွန့်အရွန့်တွေပါတဲ့ အမိုးမဏ္ဍပ်နဲ့ ထည့်ကြတယ်။ မဏ္ဍပ်နဲ့ဆိုတော့ တော်တော်တော့ ကြည့်ကောင်းပဲဟေ့၊
တွန်းရတာလည်း ပိုပြီး လေးသပေါ့။ ရှေ့ကဆွဲတဲ့သူကဆွဲ၊ နောက်ကတွန်းတဲ့သူက တွန်းရပေါ့။
အရင်က ရွာလမ်းဆိုတာ မြေသားလမ်းလေ၊ ညီညီညာညာရှိလှတာမဟုတ်ဘူး၊ အခေါင်းကို ပြုတ်မကျအောင်လည်း ဂရုစိုက်တွန်းရတယ်ကွဲ့။
ကိုယ့်အိမ်ရှေ့ သူ့အိမ်ရှေ့ အခေါင်းပြုတ်ကျရင် နိမိတ်မကောင်းဘူးလို့ ယူဆကြတာကိုး၊ အခေါင်း ပြုတ်ကျတဲ့ အိမ်တော့ နာတယ်ပေါ့ကွယ်။
ဖြစ်လည်းဖြစ်ဖူးတော့ ၊ ရွာလူကြီးက အခေါင်းတွန်းလှည်း တွန်းတဲ့ လူငယ်တွေကို ကြပ်ကြပ်မတ်မတ်ကို မှာထားသကွဲ့ ။
အကယ်၍ အခေါင်းပြုတ်ကျခဲ့သည်ရှိသော မသာတွန်းလှည်း တွန်းကြတဲ့ ကာလသားတွေက ခေါင်းကတဲ့ အနီးအပါးက အိမ်ရှင်ကျေနပ်သည်အထိ ပေးလျော်ရမယ်လို့ကို အမိန့်ထုတ်ထားရတယ်။
လူငယ်တွေဆိုတော့ အရက်သေစာ သောက်စားပြီးမှ တွန်းကြတာကိုး၊ အဲ့ဒါကြောင့် သူကြီးက မဖြစ်သင့်တာ မဖြစ်ရလေအောင် အမိန့်ထုတ်ထားရတယ် “
ကျွန်တော်က အလွန်စိတ်ဝင်စားသွားပြီး ၊
” အဖိုး ဖြစ်လည်း ဖြစ်ဖူးတော့ဆိုတော့… အခေါင်းကျသွားတဲ့ နေရာက အိမ်ရှင်မိသားစုက ဘာဖြစ်သွားလို့ ၊ ဒီလို အမိန့် ထုတ်ရတာလဲ “
” အေး ဘာဖြစ်လဲဆိုတော့ ၊ တအိမ်လုံး ကောက်ခါငင်ခါကြီး ဖျားကြသကွဲ့ ၊ ပြီးတော့ လူသေတယ်လေ ၊ အကောင်းကြီးကနေ ရုတ်တရက်ကြီး ဖျားနာပြီး သေတာနော် “
” တိုက်ဆိုင်တာများလား အဖိုးရယ် ။ လူသေက ဘာလုပ်နိုင်မှာမို့လို့လဲ … “
အဖိုးက ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း ကျွန်တော့စကားကို သဘောကျစွာဖြင့် …
” အေးပေါ့ လူလေးရ၊ လူသေကတော့ ဘာလုပ်နိုင်မှာလဲ ၊ ဒါပေမဲ့ လူလေး မမြင်နိုင်တဲ့ ပရလောကသားများကတော့ သူတို့ရဲ့ ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ ပင်ကိုယ်အစွမ်းနဲ့ လူကို ပြုစားလို့ရသကွဲ့ ၊
ဘယ်လောက်ထိ လုပ်ရလဲဆို၊ သေအောင်အထိ လုပ်နိုင်သကွဲ့။ ကံနိမ့်ချိန်ဆို ခံရသပေါ့ကွယ် “
အဖိုး ဆိုလိုသည့်သဘောက၊ ပြုတ်ကျသည့်အလောင်းအား တွယ်ကပ်လိုက်ပါလာကြသော ပရလောကသားများကို ဆိုခြင်း ဖြစ်သည်။
ထိုအချိန်က အဖိုး၏ သူငယ်ချင်းမ ဖြစ်သော မနွေးနွေးအောင်၏ အဖြစ်ကို အဖိုးက အောက်ပါအတိုင်း စီကာပတ်ကုံး အနုစိပ် ပြောပြလေတော့သည်။
__________
အခန်း၄။ ခေါင်းတလားထဲက မသာအလောင်းရဲ့ ရန်ငြိုး။
အခန်းပြတင်းတံခါးက လမ်းမဘက် လှည့်ထားသည်ဆိုတော့ ၊ နွေးနွေးအောင်သည် ပြတင်းတံခါးဘောင်ပေါ် လက်ထောက် မေးတင်ရင်း မျက်ရည်များ တွေတွေကျလျက်ရှိသည်။
မကြာခင် လမ်းမပေါ်ကို သူ့ချစ်သူ ကိုမြဒင် ဖြတ်လာတော့မည်။ ကိုမြဒင်သည် ဒီတကြိမ် နောက်ဆုံး ဒီအိမ်ရှေ့ကို ဖြတ်သန်းခြင်း ဖြစ်မည်။
နောက်နောင် ဘယ်တော့မှ ကိုမြင်ဒင်သည် သူ ချစ်သော နွေးနွေးအောင်တို့အိမ်ရှေ့ကို ဖြတ်သန်းလိမ့်မည်မဟုတ်တော့ပါ။
ဟုတ်ပါသည်။ ကိုမြဒင်၏ အသက်မဲ့သော ရုပ်အလောင်းကို တင်ထားသော မသာတွန်းလှည်းသည် မကြာမီ နွေးနွေးအောင်တို့ အိမ်ရှေ့လမ်းမှ ဖြတ်သန်း၍ သုသာန်သို့ သွားလိမ့်မည်ဖြစ်၏။
မြဒင်နှင့် နွေးနွေးအောင်သည် သမီးရည်းစားများဖြစ်ကြသည်။ တဦးကိုတဦး အသက်ပေး၍ပင် ချစ်ခင်ကြသူများဖြစ်ကြ၏။
သို့သော် နွေးနွေးအောင်၏ မိဘမောင်ဘွားများက မြဒင်နင့် သဘောမတူ။ နွေးနွေးအောင် မိဘများက ရွာမှာတော့ အသင့်အတင့် ကြွယ်ဝကြသည့် တောင်သူကြီးများ ဖြစ်ကြ၏။
မြဒင်က ဖတဆိုးသား။ မိခင်မုဆိုးမကြီးနှင့် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရသည်။ထို့ကြောင့် မြဒင်က ဆင်းရဲသည်ဟု ဆိုနိုင်၏။ နွေးနွေးအောင်၏မိဘများက တခြားလယ်ပိုင်ရှင့်သားနှင့် ပေးစားလိုကြသည်။
အဲ့ဒီတော့ မြဒင်နဲ့ နွေးနွေးအောင်ကို ခွဲကြသည်။ မပေးစားနိုင်ဟု လေသံပစ်ကြသည်။
ခက်တာက မြဒင်ကလည်း ငယ်ရည်းစားဖြစ်တဲ့ နွေးနွေးအောင်ကို မခွဲလို။ နွေးနွေးအောင်ကလည်း မိဘများကြောင့်သာ တွေ့ခွင့်မရပေမယ့် မြဒင်ကိုသာ ချစ်၏။မြဒင်နဲ့သာ ပေါင်းဖက်လို၏။
ဒီလိုနဲ့ မြဒင်က နွေးနွေးအောင်ကို ခိုးပြေးရန် ကြံသည်။ မြဒင်က နွေးနွေးအောင် အိမ်အပြင် ထွက်မည့်အချိန်ကို ချောင်း၏။ လူကြီးတွေ လစ်တာနဲ့ သူ နွေးနွေးအောင်ကို ခေါ်ပြေးမည် ဖြစ်၏။
နေသာသော နေ့တနေ့တွင် မနွေးနွေးအောင်က သူတို့အိမ်နှင့် ၄အိမ်ကျော်က မမြခင်တို့အိမ်ကို ပဲပို့သွားသည်။
ချောင်းနေတဲ့ မြဒင်က ထိုအခွင့်အရေးကို လက်လွတ်မခံ ။ နွေးနွေးအောင် လက်ဆွဲ၍ ခေါ်ပြေးလေသည်။
သို့သော် ကံမကောင်းစွာ နွားစာသယ်၍ ပြန်လာသော မနွေးနွေးအောင်၏ အစ်ကိုနှစ်ယောက်၏ နွားလှည်းနှင့် ပက်ပင်းတိုး၏ ။
မနွေးနွေးအောင် အစ်ကိုနှစ်ယောက်ကို မြဒင်ကို ထိုးကြကြိတ်ကြသည်။ မြဒင်လည်း ပြန်၍ ခုခံ၏။ ယောက်ကျားသားတွေ ရန်ဖြစ်ကြပြီဆိုတော့ ဆူညံပွက်လောရိုက်ကုန်၏။
မနွေးနွေးအောင်၏ ဖခင်ကြီး ဦးကျော်ဇောက သူ့သားနှစ်ယောက် ရန်ဖြစ်သည်ဟု ကြားသဖြင့် ငှက်ကြီးတောင်ဓါးဆွဲ၍ ထွက်လာ၏။
မြဒင် လက်လျော့၍ ထွက်ပြေးရသည်။ ဒါတောင် မနွေးနွေးအောင်ရဲ့ အစ်ကိုတယောက်က မကျေနပ်နိုင်သေး။ ဖခင်ထံမှ ဓါးကို လု၍ မြဒင်နောက်သို့ အတင်းလိုက်လေ၏။
ဒေါင်းမတရွာလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့သည်။ မြဒင်သည် ဓါးကိုင်ထားသော မနွေးနွေးအောင်၏ အစ်ကိုအား လက်လွတ် ရင်မဆိုင်ဝန့်သည်ဖြစ်ရာ အိမ်ကြိုအိမ်ကြား၊ ခြံကြိုခြံကြားက ထွက်ပြေးရ၏။
မနွေးအောင်၏ အစ်ကို့ရန်မှ လွတ်သော်လည်း မြဒင်ခမျာ ခြေဖဝါး သံစူးခံရသည်။ နောက်တော့ ရွာလူကြီး ရောက်လာပြီး ဖျန်ဖြေပေးသဖြင့် ပွဲက ပြီးသွားသည်။
မပြီးတာက မြဒင်။ အခု မြဒင်ဆုံးတာက အဲ့ဒီ သံဆူးတဲ့ ဒဏ်ရာကြောင့် ဆုံးတာ။
မေခိုင်ပိုးဝင်တာလို့ ပြော၏။
ဒဏ်ရာကို ပြီးစလွယ် ရေနံချေးသုတ်ပြီး ပစ်ထားတော့ ၊ မေးခိုင်ပိုး ဝင်ပြီပေါ့။
ရန်ပွဲအပြီး ၈ရက်မြောက်နေ့မှာ မြဒင် ကွယ်လွန်၏။ ကြားခါစ မနွေးနွေးအောင်ခမျာ မယုံနိုင်။ ဝမ်းနည်းပက်လက် ငိုကြွေးရှာ၏။ အခုတော့ မယုံလို့ မဖြစ်။ မကြာခင် သူတို့အိမ်ရှေ့ကနေ မြဒင်အသုဘ ချလာတော့မည်။
ပြတင်းတံခါးကနေ မနွေးနွေးအောင်ခမျာ မြဒင်အခေါင်း တွန်းလာမည့် မသာတွန်းလှည်းကို မျှော်နေရှာ၏။
မကြာပါ မသာတွန်းလှည်းကို ရွာက ကာလသားအချို့ မူးမူးရူးရူးနဲ့ တွန်းလာကြသည်။
မြဒင်အသုဘပို့ဆောင်ကြတဲ့သူတွေလည်း ပါလာကြ၏။ မုဆိုးမ ဒေါ်ခင်ဝင်းကတော့ သူ့သားနာမည် တတပြီး ဝမ်းပန်းတနည်း အော်ဟစ် ငိုယိုလာ၏။
ရွာကာလသားတို့ ထုံးစံ၊ ခေါင်းတလား တင်ထားတဲ့ လက်တွန်းလှည်းကြီးကို ဆွဲသူက ဆွဲ၊ တွန်းသူက တွန်းနဲ့၊ တဟေးဟေးနဲ့ အော်ဟစ်သံတွေကလည်း အသုဘကို မြိုင်ဆိုင်နေစေသည်။
တရွေ့ရွေ့နဲ့ အိမ်ရှေ့ကို ရောက်လာတဲ့ အသုဘတွန်းလှည်းကြီးကို ကြည့်ပြီး မနွေးနွေးအောင်လည်း ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့၏။ သူ့ဘေးနားမှာတော့ သူငယ်ချင်းမတယောက် အဖေါ်အဖြစ် ရှိနေ၏။
ဒီကနေ့တော့ဖြင့် မနွေးနွေးအောင်ကို ဆူမယ့်ပူမယ်သူလည်း မရှိချေ။ နောက်ဆုံးအနေဖြင့် မိဘများက ခွင့်လွှတ်ပေးထားလိုက်ဟန်တူလေ၏။
ကာလသားတို့က မြဒင်ရဲ့ အဖြစ်အပျက်ကို သိထားလေတော့ မနွေးနွေးအောင်တို့ အိမ်ရှေ့မှာ မကြာ ကြာအောင်၊ တမင်သက်သက် ဇိမ်ဆွဲ တွန်းနေကြသည်။
ဒါပေမဲ့ ကာလသားတွေ သတိမထားမိတာက၊ ခေါင်းတလားတွန်းလှည်းကြီးဟာ အဲ့ဒီနားရောက်မှပဲ ပိုလေးလံလာတာကိုပဲပေါ့။
ခေါင်းတလားကို ဝိဉာဥ်တွေက တက်ခွ ဖိထားကြဟန်တူ၏။
စတင်၍ သတိထားမိသူက၊ ကာလသားခေါင်း ထွန်းခင်။ မသာတွန်းလှည်းကြီးက ဘယ့်နှယ် ဒီအိမ်ရှေ့ ရောက်မှ ကပ်တတ်တတ် ဖြစ်နေရသည်မသိ။
မသာလှည်းက မရွေ့ပဲ ရပ်နေတာ နည်းနည်း ကြာသွား၍ထင်သည်။မနွေးနွေးအောင်၏ အဖေ ဦးကျော်ဇော်က ခြံတံခါးဝမှ မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်နေ၏။
သဘောက သူ့အရှက်ကို ခွဲနေသလားလို့ပေါ့။
ဒီလူကြီးက တဇောက်ကန်း၊ တဇွတ်ထိုးကြီး ။ ဘယ်သူ့မှ အားနာတတ်တာမဟုတ်။ တော်နေကြာ ဒေါသတကြီး ထွက်ပြောနေမှဖြင့် မသာရှင်နဲ့ ထိပ်တိုက်တိုးပြီး အားလုံး အခက်တွေ့ကုန်ကြမည်။
ထို့ကြောင့် ကာလသားခေါင်း ထွန်းခင်က၊ မသာလှည်းတွန်းနေကြသော လူပျိုတွေထဲမှ တယောက်ကို လှမ်းအော်ပြောလိုက်သည်။
” ငနက်(အဖိုး) … မင်းကောင်တွေကို အားစိုက် တွန်းခိုင်းစမ်း ၊ လှည်းက ဒီနေရာရောက်မှ မရွေ့သလိုပဲကွ “
” တွန်းနေတာပဲ ကိုကြီးထွန်းခင်ရ ၊ လှည်းဘီးက ဘာနဲ့များ ခုနေသလဲ မသိဘူး ၊ တင်းခံနေတယ် လုံးဝ မရွေ့ဘူး “
ဒါနဲ့ ကိုထွန်းခင်လည်း လှည်းဘီး လေးဘီးအောက် ဘာများခုနေလဲ ငုံ့ကြည့်လိုက်သည်။
” အောင်မယ်လေး! မြတ်စွာဘုရား “
ကိုထွန်းခင် ဖင်ထိုင်ရက် လဲကျသွားသည်။ ခဏနေတော့ မျက်စိမျက်နှာပျက်ပျက်နဲ့ ထလာပြီး ၊
” ဘာမှ မခုပါဘူးကွ ၊ ကဲဟေ့ ဒီနားက ကုန်းအမော့မို့ လှည်းက မတက်တာ ၊
ကာလသားတွေ အားစိုက်ပြီး တွန်းကြရအောင် ၊ လာကြဟေ့ … တွန်းကြ တွန်းကြ “
ကိုထွန်းခင်က သူကိုယ်တိုင် ခေါင်းဆောင်ပြီး မသာလှည်းကို တွန်းပါ၏။
ခုနက ကိုထွန်းခင် လှည်းအောက်ကို ငုံ့အကြည့်မှာ ဘာတွေ့လို့ မျက်နှာပျက်သွားတာလဲဆိုတာ၊ နောက်တော့ ကိုထွန်းခင်က ဦးနက်ကို ပြောပြသတဲ့ ။
လှည်းဘီးကို လက်မည်းကြီး နှစ်ဘက်က နောက်ကနေ အတင်းဆွဲထားတာကို သူ မြင်လိုက်လို့ ထိတ်လန့်ပြီး လဲကျသွားတာတဲ့။ ဒါပေမဲ့ ကိုထွန်းခင်က သူ မြင်တာ မပြောတော့ပဲ လူအားနဲ့ လှည်းကို တွန်းရွေ့စေခြင်း ဖြစ်သည်။
ကိုထွန်းခင် ဦးဆောင်မှုဖြင့် လှည်းကို ကာလသားတွေက အားထည့်အတွန်းမှာ ၊ ထူးထူးခြားခြား လှည်းပေါ်က ခေါင်းတလားကြီးက လှုပ်ခတ်လာတာ မြင်တဲ့သူက မြင်လိုက်ကြ၏။
မြေမညီလို့များလားဆိုတော့မဟုတ်ပါဘူး။ ဦးကျော်ဇောတို့အိမ်ရှေ့က နည်းနည်း မော့တာကလွဲရင် မြေက ညီပါသည်။
အဲ့သလို လှုပ်ခတ်အပြီးမှာ
” ဝေါ … “
ခေါင်းတလားကြီးဟာ ထိမ်းမနိုင်သိမ်းမရနဲ့ လှည်းပေါ်ကနေ ဘုန်းခနဲ အသံမြည်အောင် ဦးကျော်ဇောတို့ အိမ်ရှေ့တည့်တည့်ကြီး ပြုတ်ကျပါတော့သည်။
အခေါင်းက လူက တွန်းလိုက်သည့်အလား၊ ဦးကျော်ဇော ရပ်နေသော ခြံတံခါးဝ ရောက်သည်အထိ လျောခနဲ ထွက်ကျတာ အံဩစရာပါပဲ။
ခြံဝရောက်တော့မှ အခေါင်းကြီးက တိခနဲ ရပ်သွားတော့သည်။
” ဟာ! “
” ဟင်! “
တခါမှ ဒါမျိုး မဖြစ်ဖူးလေတော့ နာရေးပို့တဲ့သူတွေရော၊ ဦးကျော်ဇောတို့ မိသားစုပါ အံဩထိတ်လန့်ကုန်ကြတာပေါ့။
ဦးကျော်ဇောမိန်းမ၊ ဒေါ်မြင့်မြင့်စန်းက …
” ဟဲ့ ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ၊ လုပ်ကြပါအုံးဟဲ့ ၊ အခေါင်းကို လှည်းပေါ် အမြန် ဆွဲတင်ကြပါဟဲ့ “
ကာလသားတွေလည်း ၊ ထိတ်ထိတ်ပြာပြာနဲ့ အခေါင်းကို ဝိုင်းမပြီး၊ မသာလှည်းပေါ် ပြန်တင်ကြသည်။
ဦးကျော်ဇောမျက်နှာက သိသိသာသာ ပျက်ယွင်းနေပြီ။ တောက်တချက်ခေါက်ပြီး အိမ်ထဲ ချာခနဲ လှည့်ဝင်သွား၏။
အပေါ်ထပ် ပြတင်းပေါက်က မနွေးနွေးအောင်က ခုထိ တံခါးပေါက်မှာ ရပ်နေတုန်း။ မနွေးနွေးအောင်ရဲ့ မျက်လုံးတွေက အခေါင်းကို တစိုက်မတ်မတ်ကြည့်ရင်း အံဩဟန်၊ မယုံကြည်နိုင်သော အမူအယာ ရှိနေသည်။
တကယ်တော့ မနွေးနွေးအောင်ဟာ အခေါင်းအနီးမှာ သူ့ကို လက်ယပ်ခေါ်နေတဲ့ ကိုမြဒင်ရဲ့ ဝိဉာဥ်ကို လှမ်းမြင်ရတယ်လို့ သူ့ဘေးနား အဖေါ်ပြုနေတဲ့ သူငယ်ချင်းဖြစ်သူ မဒေါင်းယဥ်ကို ပြောပြခဲ့သတဲ့။
အခေါင်းကို ပြန်တင်ပြီးတော့ မသာလှည်းဟာ အနှောက်အယှက် မရှိပဲ တရွေ့ရွေ့နဲ့ ထွက်သွားပါ၏။
သို့ပေမဲ့ အဲ့ဒီအချိန်က စပြီးတော့ ဦးကျော်ဇောတို့အိမ်ဟာ ကံကြမ္မာမိုးမှောင် ကျတော့တာပါပဲ ။
နောက်တရက်မှာ ဦးကျော်ဇောဟာ ကောက်ခါငင်ခါကြီး အဖျားကြီးတော့၏။ ဆေးဆရာ ခေါ်ပြီး ကုသပါသော်လည်း တရက်တညသာ ခံ၏။ ထိုအဖျားရောဂါဖြင့် နောက်တရက်၌ ဆုံးပါးသွားသည်။
ဦးကျော်ဇော်ပြီးတော့ သားအလတ်ဖြစ်သူ ကိုစည်သူ။ သူလည်း ဦးကျော်ဇောနည်းတူ အဖျားကြီးကာ ကယောင်ကတန်း ပြောဆိုပြီး ကွယ်လွန်ပြန်၏။ သားအဖ နှစ်ယောက် ၂ရက်သာ ခြားလေ၏။
သားအဖ နှစ်ယောက် အဖျားကြီးပြီး ကယောင်ကတန်း ပြောဆိုရာ၌ တူညီသော အချက်တချက် ရှိသည်။
အဲ့ဒါကတော့ အိမ်ခြံဝဘက်ကို လက်ညှိုးထိုး၍ ငါ့ကို လာခေါ်နေကြပြီ ၊ ကယ်ကြပါအုံး ဟု အကူအညီ တောင်းခံကြခြင်း ဖြစ်သည်။
ဖြစ်နိုင်တာက အလတ်ကောင်သည် ကိုမြဒင်ကို ထိုးကြိတ် ရိုက်နှက်ခဲ့ပြီး၊ ဦးကျော်ဇော်ကတော့ ဓါးဖြင့် ခုတ်သတ်ရန် ကြံရွယ်ခဲ့သောကြောင့် ကိုမြဒင်ရဲ့ ဝိဉာဥ်က ၎င်းတို့သားအဖအပေါ် သေလွန်သည်အထိ အငြိုးထားခဲ့လေဟန်ပင်။
ကိုမြဒင် ရက်မလည်မီ တရက် ၊ ညကိုးနာရီလောက်တွင်တော့ ၊ မနွေးနွေးအောင်သည် သူ့အခန်းထဲ၌ ပိုးသတ်ဆေးများ သောက်၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
သူ မသေဆုံးခင်က ကိုမြဒင်ကို သူတို့ အိမ်ရှေ့မှာ မကြာခဏ မြင်တွေ့နေခဲ့ကြောင်း မဒေါင်းယဥ်ကို ပြောပြသွားခဲ့သည်။
နောက်ဆုံး၌ မသာတွန်းလှည်း ခေတ္တရပ်၍ အခေါင်း ပြုတ်ကျသည့် အိမ်ရှိ လူသုံးယောက်သည် တိုက်ဆိုင်စွာ ဆုံးပါးသွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ၊ သူကြီးက နောက်နောင် မသာတွန်းလှည်းအား မည်သူမျှ မကစားကြရန်နှင့် အခေါင်းကို ကြိုးဖြင့် မြဲမြံစွာ ချည်တုပ်ပြီးမှ မသာတွန်းလှည်းကို တွန်းကြရန် အမိန့်ထုတ်ပြန်လိုက်လေတော့သည်။
ဒါကတော့ ကျွန်တော့ အဖိုး ဦးနက် (ဒေါင်းမရွာ) ပြောပြသည့်အထဲက တရွာတပုံဆန်း ထူးခြားထိတ်လန့်ဖွယ်ရာ ကိုယ်တွေ့အဖြစ်အပျက်အချို့မှ ထုတ်နုတ် တင်ပြလိုက်ရခြင်းပင် ဖြစ်သည်။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊