သစ္စာအရောင်မသိသူ

သစ္စာအရောင်မသိသူ(စ/ဆုံး)
—————————

ညလယ်ရောက်မှ လျှပ်စီးတွေလက် ၊ မိုးကြိုးတွေထစ်ပြီး ရုတ်တရက် မိုးက သဲသဲမဲမဲ ရွာချလိုက်သည် ။

ဘကြီးမိုးသည် ကင်းတဲကဲလားနှစ်ခုကို ချလိုက်သည် ။ သန်းမောင်ကတော့ ကင်းတဲပေါ်မှာ မူးမူးနဲ့ စန့်စန့်ကြီး အိပ်ပျော်နေသည် ။ လျှပ်စစ်မီးကလည်း ပျက်သွားသည် ။

သည်တော့ ရပ်ကွက်လေးမှာ မှောင်နှင့်မည်းမည်း ဖြစ်သွားသည် ။
ရှေ့ကဲလားကို ချမည်အလုပ် မသီတာကို သွားသတိရမိသည် ။ ကင်းတဲဘေးက ကွပ်ပျစ်ပေါ်မှာတော့ မရှိ ။ ခပ်လှမ်းလှမ်းက ဗာဒံပင်အောက်ကြည့်လိုက်တော့ မှောင်နေ၍ ဘာမှမမြင်ရ ။

မသီတာ ဆိုတာက စိတ်ဝေဒနာရှင်မလေး ။ ဒီမင်္ဂလာရပ်ကွက်လေးကို ရောက်လာသည်မှာ တစ်လကျော်ကျော်လောက်ပဲရှိမည် ။ အသက် ၂၀ နဲ့ ၃၀ အတွင်းရှိမည် ။ ပိန်ပိန်ပါးပါး ၊ ဖြူဖြူသန့်သန့် ၊ အရပ်မြင့်မြင့်လေး ဖြစ်သည် ။ ရောက်ခါစက တောင်ကြည့်မြောက်ကြည့်နဲ့ ထိတ်လန့်နေပုံရသည် ။ မျက်လုံးတွေက လည်နေသည် ။ ကားသံ ၊ ဆိုင်ကယ်သံကြားလျှင် တုန်လှုပ်သွားသည် ။ ဗာဒံပင် ပင်စည်နောက်ဖြစ်စေ ၊ ကွပ်ပျစ်အောက်ဖြစ်စေ ၊ တွေ့ရာ အကွယ်တစ်ခုခုမှာ ဝင်ပုန်းနေတတ်သည် ။

ဘယ်ကလာသည် မသိ ။ ကြောက်တတ်သည်မှ လွဲ၍ အေးသည် ။ အခြားစိတ်ဝေဒနာရှင်တွေလို နှုတ်ကလည်းမကြမ်း ၊ လက်ကလည်း မသရမ်းပေ ။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးပေ ။ ဒါကြောင့် သူမကို ‘သီတာ’ လို့ ခေါ်ကြသည် ။ သနားကြသည် ။ စားစရာလေးတွေ ပေးကြသည် ။ အထူးသဖြင့် ဒေါ်တင်တင်ကြီးက သီတာကို ပိုစောင့်ရှောက်သည် ။ ထမင်းချိန်တန် ထမင်း ၊ မုန့်ချိန်တန်မုန့် ကျွေးသည် ။ ဒီတော့ မသီတာက ဒေါ်တင်တင်ကြီး တိုက်ရှေ့က ဗာဒံပင်အောက်မှာ အနေများသည် ။ တစ်ခါတစ်ရံ ကင်းတဲနားက ကွပ်ပျစ်မှာနေသည် ။ ဒေါ်တင်တင်ကြီးက ဖျာနဲ့ခေါင်းအုံး ၊ စောင်ဟောင်းလေးတွေကို မသီတာအတွက် ထုတ်ပေးထားသည် ။ ဗာဒံပင်နဲ့ ကင်းတဲက ဝါးဆယ်ပြန်လောက်ပဲ ဝေးမည် ။

ဘကြီးမိုးကလည်း မသီတာကို မုန့်ပဲသရေစာများ ကျွေးမွေးတတ်ပါသည် ။

“ ဆရာကတော်ရယ် … မသီတာလေးက သနားပါတယ် … တိုက်ထဲ ခေါ်ထားပါလား ”

ဘကြီးမိုးက ဆရာကတော် ဒေါ်တင်တင်ကြီးကို တိုက်တွန်းဖူးသည် ။

“ မဖြစ်ပါဘူး ကိုမိုးရယ် … ဗေဒင်က ဒီနှစ်အတွင်း အိမ်ထဲ လူအဝင်မခံနဲ့တဲ့ … အပူမီးတွေ့တတ်တယ်လို့ ဟောထားတယ် … ဒါကြောင့် မြနှင်းလေးတောင် တောပြန်လွှတ်ထားရတယ် ”

ဆရာကတော့်စကားကြောင့် ဆရာ့အကြောင်းကို အတွင်းသိဖြစ်ခဲ့သော ဘကြီးမိုးတစ်ယောက် ရင်ထဲမှာ ကျိတ်ပြုံးမိသည် ။

ဒေါ်တင်တင်ကြီး၏ခင်ပွန်း ဦးတိုင်းကျော်သည် ဘကြီးမိုး၏ ဆရာရင်းဖြစ်ခဲ့သည် ။ ကျေးဇူးတွေ ဆပ်မကုန်နိုင်အောင်ရှိခဲ့သည် ။ ဆရာဦးတိုင်းကျော်သည် ဌာနဆိုင်ရာအရာရှိကြီး ဖြစ်သည် ။ အငြိမ်းစား ယူထားသည် ။

မသီတာသည် ဗာဒံပင်အောက်တွင် အနေများသည် ။ တစ်ခါတစ်ရံမှသာ ကင်းတဲနားက ကွပ်ပျစ်ပေါ်တွင် လာထိုင်တတ်သည် ။

မိုးရွာတော့ မသီတာလေးခမျာ ဘယ်လိုအိပ်မလဲဟု တွေးလိုက်မိသည် ။ ဆရာကတော်ရှိလျှင် အိမ်ထဲခေါ်သိပ်မှာ သေချာသည် ။ ဆရာကတော်က ဆရာကန်တော့ပွဲအတွက် တောင်ကြီးမြို့ကို သွားနေသည် ။

ဘကြီးမိုးသည် ထီးနဲ့ ဓာတ်မီးကိုယူကာ ကင်းတဲပေါ်က ဆင်းလိုက်သည် ။

“ ဘကြီးမိုး ဘယ်လဲ ”

သန်းမောင်က ခေါင်းထောင်ပြီး အိပ်ချင်မူးတူးနဲ့ မေးသည် ။

“ သီတာလေးဆီပါကွာ ”

ဘကြီးမိုးက တိုတိုပဲပြောပြီး ဗာဒံပင်ဘက် ထွက်ခဲ့သည် ။ ဗာဒံပင်အောက်ကို လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်တော့ ဖျာလေးသာ မိုးရေတွေရွှဲနစ်နေသည် ။ မသီတာကိုမတွေ့ အနီးအနားများ သွားပြီး မိုးခိုလေသလားဟု တွေးပြီး လိုက်ရှာသည် ။ မတွေ့။ အိမ်တွေဆီ မျှော်ကြည့်ပြန်သည် ။ မှောင်နဲ့မည်းမည်း ဘာမျှမမြင်ရပေ ။ စိတ်ပူသွားသည် ။ ဗာဒံပင်အောက် ပြန်ရောက်လာသည် ။ ဆရာဦးတိုင်းကျော်တိုက်ဆီ မျက်စိရောက်သွားသည် ။ တိုက်အောက်တွင် မီးရောင်လေး တွေ့ရသည် ။

ဘကြီးမိုး တွေခနဲ ဖြစ်သွားသည် ။ တိုက်ကြီးဆီ ငေးကြည့်နေမိသည် ။ ဆရာကတော်မရှိ။ ဆရာကရော မူးနေပြီလား ။ လျှပ်စီးတွေ ဝင်းခနဲ လက်နေသည် ။ မိုးကြိုးတွေက ထစ်ပြီးပစ်နေသည် ။ မိုးက သဲသဲမဲမဲ ရွာချနေသည် ။

ဘကြီးမိုး မျက်စိမှိတ်လိုက်သည် ။ သက်ပြင်းရှည် ချလိုက်မိသည် ။ လေးလံသော ခြေလှမ်းများနဲ့ ကင်းတဲလေးဆီ ပြန်သွားခဲ့သည် ။

“ ဘကြီးမိုးကလည်း မိုးကြိုးတွေပစ်လို့ ကြောက်ရတဲ့အထိ ကြာလိုက်တာဗျာ … သီတာ့ကို တွေ့ခဲ့လား ” လို့ ကိုသန်းမောင်က ဆီးပြီး အပြစ်တင်သံနဲ့ မေးသည် ။

* * *

(၂)

ဘကြီးမိုး နာမည်ရင်းက ဦးတင်မိုးပါ ။ ယခင်က ဌာနဆိုင်ရာတစ်ခုတွင် ယာဉ်မောင်းဖြစ်သည် ။ အသောက်အစား ၊ အပျော်အပါး ကင်းပြီး အလုပ်ကြိုးစားသူ ၊ ရိုးသားမှုနဲ့ တိုင်းဦးစီးမှူးအဆက်ဆက် လက်သုံးဖြစ်ခဲ့သည် ။ ဆရာ ဦးတိုင်းကျော်ကျတော့ ပို၍ တပည့်ရင်းဖြစ်ခဲ့သည် ။

ဆရာဦးတိုင်းကျော်က ဝဝဖိုင့်ဖိုင့်၊ ထောင်ထောင်မောင်းမောင်း ဖြစ်သည် ။ ပျော်ပျော်ပါးပါး နေတတ်သည် ။ ရုံးအားရက်တွင် ဂေါက်သီးကစားတတ်သည် ။ မန္တလေးတောင်ဂေါက်ကွင်း ၊ ရေတံခွန်တောင်ဂေါက်ကွင်းသာမက ပြင်ဦးလွင်ထိ တက်ပြီးလည်း ဂေါက်ကစားတတ်သည် ။ အပေါင်းအသင်းတွေနဲ့ အဖျော်ယမကာလေးဟဲပြီး ပျော်တတ်သည် ။

ဆရာကတော် ဒေါ်တင်တင်ကြီးက တောင်ကြီးတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းနေသည် ။ ဆရာ့သားက ဂျပန်မှာ ၊ ဆရာ့သမီးဆရာဝန်က ရန်ကုန်မှာ ၊ ဒီတော့ ဆရာက လွတ်လပ်နေသည် ။ ဆရာ့ရဲ့သွားရေး သောက်ရေးကို ဦးတင်မိုးက တာဝန်ယူရသည် ။ ဆရာ့ရဲ့ စားရေးနှင့် အိမ်သန့်ရှင်းရေးကိုတော့ ဦးတင်မိုးဇနီး ဒေါ်နုက တာဝန်ယူပေးရသည် ။

တစ်ခါတစ်ရံ သီချင်းကြိုက်သော ဆရာ့ကို ကာရာအိုကေဆိုင်တွေ ပို့ရသလို ၊ အကြောတက်သည့်အခါ အနှိပ်ခန်းတွေ ပို့ရတတ်သည် ။ ထိုအခါများတွင် ဆရာက …

“ ကိုမိုး … နှုတ်လုံနော် ” ဟု သတိပေးတတ်သည် ။

ဦးတင်မိုးကလည်း …

“ စိတ်ချပါဆရာ … တင်မိုးက ဆရာ့အပေါ် အမြဲသစ္စာရှိပါတယ် ” ဟု ဖြေတတ်သည် ။

ဦးတင်မိုး သက်ပြည့်ပင်စင်ယူတော့ ဦးတိုင်းကျော်က …

“ ကိုတင်မိုး … ခင်ဗျား ပင်စင်ယူပြီးရင် ဘယ်မှာနေမှာလဲ … ကိုယ့်ရပ်ကိုယ့်မြို့ ပြန်မှာလား ” ဟု မေးသည် ။

ဦးတင်မိုးတွင် ကိုယ်ပိုင်အိမ်မရှိ ။ လုပ်သက်တစ်လျှောက် တိုင်းရုံးထဲက ဝန်ထမ်းအိမ်ရာမှာပဲ နေခဲ့သည် ။ သားသမီးသုံးယောက် ရှိသည် ။ အားလုံး အိမ်ထောင်သည်တွေ ။ သားကြီးမိသားစုက မြို့သစ်မှာ အိမ်ငှားနေသည် ။ သမီးကတော့ ယောက္ခမအိမ် လိုက်နေသည် ။ သားငယ်တို့ကတော့ ဦးတင်မိုးတို့နဲ့ပဲ နေသည် ။

“ ကျွန်တော်က ရွှေဘိုကပါ … မြို့ကထွက်လာတာ အနှစ်လေးဆယ် ကျော်ပြီဆိုတော့ ဇာတိနဲ့လည်း စိမ်းနေပါပြီ … သားသမီးတွေက မန္တလေးမှာ အခြေကျနေပြီဆိုတော့ ပင်စင်ယူပြီးရင် မြို့သစ်ဘက် အိမ်ငှားနေမလို့ စိတ်ကူးထားတယ် ဆရာ … ”

“ ကျွန်တော် … မြို့အရှေ့ဘက်က မင်္ဂလာရပ်ကွက်မှာ ဝင်းကျယ်ကျယ် ဝယ်ပြီး တိုက်ဆောက်ထားတယ် ၊ ကိုမိုး အသိပဲလေ … ကျွန်တော်က ပင်စင်ရဖို့ ငါးနှစ်လောက် ကျန်သေးတယ် … ဒီကြားထဲ ရာထူးတိုး ပြောင်းစရာလည်း ရှိတယ် … ဒါကြောင့် ကိုတင်မိုးတို့မိသားစု ကျွန်တော့်တိုက်ကို စောင့်ပေးရင်း နေကြလေ ”

ဆရာ့စကားကြောင့် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားရသည် ။ “ ကျေးဇူးပါဆရာ ” လို့ အခါခါ ပြောမိသည် ။ ပင်စင်ယူပြီးသာအခါ မင်္ဂလာရပ်ကွက်က ဆရာ့တိုက်ကို ပြောင်းလာကြသည် ။

မင်္ဂလာရပ်ကွက်က မန္တလေးအရှေ့ဘက် မြို့ဆင်ခြေဖုံးဖြစ်သည် ။ ဆရာ့လို အရာရှိကြီးတွေက ပင်စင်ယူပြီးရင် အေးအေးဆေးဆေး နေရန်အတွက် လမ်းမကျယ်ပေါ်တွင် ဝင်းကျယ်ကြီးတွေ ဝယ်ကာ တိုက်ဆောက်ထားကြသည် ။အလယ်အလတ်ဝန်ထမ်း ၊ ကုန်သည်ပွဲစားနှင့် လက်လုပ်လက်စားများသည် အသင့်အတင့် မြေဝယ်ကာ အိမ်ဆောက်နေကြသည် ။

ဆရာ့ဝင်းက ကျယ်သည် ။ သရက်ပင်က အပင်သုံးဆယ်ကျော်သည် ။ ဦးတင်မိုးက မြေကိုပြုပြင်ပြီး စားစရာအပင်လေးတွေ စိုက်သည် ။ ဟင်းစားအတွက် မပူရ ။ ဆရာ့ဆီပို့တော့ “ ကျွန်တော်က ရောင်းစားရမှာလား ” ဆိုပြီး ရယ်သည် ။ သည်တော့ အိမ်နီးချင်းတွေကို ပေးသင့်သူပေး ၊ ရောင်းသင့်သူရောင်းနှင့် အဆင်ပြေနေသည် ။

တိုက်ကကျယ်တော့ သားကြီး မိသားစုနှင့် သမီးမိသားစုပါ လာနေကြသည် ။ သားတွေ ၊ သမီးတွေ ၊ သမက်တွေ ၊ ချွေးမတွေ ၊ မြေးတွေနှင့် ပျော်စရာကောင်းလှသည် ။

အနေကြာလာတော့ ရပ်ကွက်လေးနှင့် အသားကျလာသည် ။ ရပ်ကွက်သာရေး ၊ နာရေးလုပ်ငန်းများတွင် ဦးတင်မိုး ရှေ့တန်းက ပါလာသည် ။ ရပ်ကွက်ဓမ္မာရုံလေး ဆောက်တော့လည်း ဦးတင်မိုးက အားကြိုးမာန်တက် ဆောင်ရွက်သည် ။ အသောက်အစား ၊ အပျော်အပါးကင်းသော ဦးတင်မိုးကို ရပ်ကွက်က ခင်တွယ်ကြသည် ။ အားကိုးကြသည် ။ ကြည်ညိုကြသည် ။ ‘ ဘကြီးမိုး ’ ဟု လေးလေးစားစား ခေါ်ဝေါ်ကြသည် ။

ဆရာဦးတိုင်းကျော် ပင်စင်ယူပြီးတော့ ပြောင်းလာကြသည် ။ ပြောင်းလာသည် ဆိုသော်လည်း ဆရာနှင့် ဆရာကတော်တို့သာ ဖြစ်သည် ။ အိမ်ဖော်မလေးတစ်ယောက် ပါသည် ။

ဦးတိုင်းကျော်က ဘကြီးမိုးတို့အတွက် ဝင်းအနောက်ဘက်ထောင့်က ပေ ၄၀ x ၃၀ မြေကို ပေးသည် ။ ၃ ပင် ၂ ခန်း ထရံကာ ၊ သွပ်မိုး ၊ ဒူးတုပ်အိမ်လေးလည်း ဆောက်ပေးသည် ။ အဖီလေးတွေ ချလိုက်တော့ မိသားစုအားလုံးအတွက် နေလောက်ထိုင်လောက် ရှိပါသည် ။

ဘကြီးမိုးက ဆရာ့ဝင်းထဲက သစ်ပင်များကို နေ့စဉ် ရေလောင်း ပေါင်းသင်ပေးသည် ။ သားသမီးတွေကလည်း အားသည့်အချိန် ကူလုပ်ပေးသည် ။ ဒေါ်နုကလည်း ဆရာကတော် လက်တိုလက်တောင်း ခိုင်းသမျှ လုပ်ပေးသည် ။

မနှစ်က ဒေါ်နု ဆုံးသည် ။ ဘကြီးမိုး တရားနှင့် ဖြေသော်လည်း မပြေ ။ စိတ်လေနေသလို ၊ ဟိုသွားဒီသွား ဖြစ်နေသည် ။ ထို့ကြောင့် ဆရာက အလုပ်တစ်ခုခု လုပ်ဖို့ပြောသည် ။ အဆင်ပြေချင်တော့ ကင်းတဲမှာ အလုပ်ရသည် ။ ကင်းတဲက ဆရာ့တိုက်နှင့် မျက်စောင်းထိုး လမ်းဆုံမှာ ရှိသည် ။

* * *

(၃)

နောက်နှစ်လခန့်ကြာတော့ မင်္ဂလာရပ်ကွက်လေးတွင် ရတနာပုံFC ဘောလုံးအသင်း ဗိုလ်စွဲသည့်သတင်းနှင့်အပြိုင် လူအများ စိတ်ဝင်စားသည့် သတင်းတစ်ခု ပေါ်လာသည် ။

မသီတာကလေး ကိုယ်ဝန်ရှိနေပြီဆိုသော သတင်းပင် ဖြစ်သည် ။
ဒေါ်တင်တင်ကြီးသည် နေ့တိုင်မြင်နေရသော မသီတာကို သနားပြီး ဆေးကုရန်အတွက် ဆရာဝန်ဆီ ခေါ်သွားရာမှ မသီတာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရသည် ။ သတင်းက ချက်ချင်း ပျံ့နှံ့သွားသည် ။ ကြားရသူအပေါင်း မယုံချင် ။ ကိုယ်တိုင်ပြေးကြည့်ကြမှ ဗိုက်လေးပေါ်တွင် ဘူးသီးလတ်လတ်လေးတစ်ခြမ်း ကပ်ထားသလို မြင်ရလို့ အံ့သြကုန်ကြသည် ။

မသီတာကို သနားကြသလို ၊ ယုတ်မာသွားသူကိုလည်း ရွံမုန်းကသည် ။ အာကြမ်းသူများက ကိုင်တုတ်ကြသည် ။ ရပ်ကွက်လူကြီးလည်း မနေသာ ။ ကင်းတဲစောင့်များဖြစ်သည့် ဘကြီးမိုးနှင့် သန်းမောင်ကို ခေါ်မေးသည် ။

နှစ်ယောက်စလုံးက “ မသိပါဘူး ” ဟုပဲ ဖြေသည် ။

သို့ပေမယ့် ရပ်ကွက်က လက်မခံပေ ။

“ ဒင်းတို့ … ကင်းတဲနားမှာနေတာ ဒင်းတို့သိရမယ် … မသိရင် ဒင်းတို့ပေါ့ ” ဟု တွေးကြသည် ။ ပြောကြသည် ။ အထူးသဖြင့် သန်းမောင်ကို ထင်နေကြသည် ။

ကင်းတဲနားဖြတ်သွားလျှင် …

“ သေချင်းဆိုးတွေ … နှမချင်း သမီးချင်းမစာနာတဲ့ လူ့တိရစ္ဆာန်တွေ … ၊ အမှန်တရားပေါ်လို့ရှိရင် အမှုန့်ဖြစ်အောင် တစ်ရပ်ကွက်လုံးက ဝိုင်းကြိတ်ပစ်မယ် … ဟွန်း ” ဆိုပြီး စောင်းပြောသွားတတ်ကြသည် ။

ကင်းတဲဘက်လှည့်ပြီး “ ထွီ … ထွမ် ” လုပ်သွားတာက လူတိုင်းနီးပါးပါ ။

” ဟေ့ … ကောင်မတွေ ၊ စကားကြည့်ပြောကြနော် … သန်းမောင်က မဟုတ်ရင် မခံဘူး … အသက်ချင်းလဲပစ်မယ် … ဘာမှတ်သလဲ ”

သန်းမောင်က လှမ်းကြိမ်းသည် ။ ဘကြီးမိုးက …

“ မင်းကလဲကွာ … မသိလို့ ပြောကြတာပါ ” ဟု လေသံနဲ့ ပြောသည် ။

“ ဘာဗျ … ခင်ဗျားက ဟုတ်လို့ငြိမ်နေပေမယ့် ကျုပ်က မဟုတ်လို့ ငြိမ်မခံနိုင်ဘူး ”

သန်းမောင်က ပြောပြောဆိုဆို ကင်းတဲပေါ်က ဆင်းကာ အရက်ဆိုင်ဘက် ထွက်သွားသည် ။

အရက်မူးတော့ မိုးတစ်ညက ဘကြီးမိုး မသီတာရှိရာ ဗာဒံပင်အောက် သွားသည့်အကြောင်း ပိုပိုသာသာ ရှင်းပြနေသည် ။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည် ။ မယုံချင်ကြပါ ။ နောက်မှ …

“ အေးလေ … ဇနီးဆုံးတာ တစ်နှစ်ကျော်တော့ သူလည်းလေ လောကီသားပေမို့ … ဟင်း ဟင်း … ဘကြီးမိုးခများ ကြီးမှ တစ်ခါတော့ မိုက်ရှာပေမပေါ့ ” ဟု အမူးသမားများက မှတ်ချက်ချကြသည် ။

* * *

(၄)

အမူးသမားစကားက ပို၍ကားကာ တစ်ရပ်ကွက်လုံး ဟိုးလေးကျော်သွားသည် ။ ဘကြီးမိုးကို မျက်နှာချင်းဆိုင်တွေ့လျှင် ဘီလူးသဘက်တွေ့သလို ရှောင်ကြသည် ။ အမနာပစကားတွေနှင့် စောင်းမြောင်းကြသည် ။ သားတွေ ၊ သမီးတွေကလည်း မျက်နှာမကြည် ၊ စကားမပြော ရှောင်နေကြသည် ။

ရပ်ကွက်လူကြီးကလည်း ခေါ်ပြီး မေးပြန်သည် ။

“ သန်းမောင်ပြောတာ ဟုတ်လား ”

“ မဟုတ်ပါဘူး ”

“ ဒါဆို ဘယ်သူလဲ ”

“ မသိပါဘူး ”

“ မညာနဲ့နော် … တိုးတက်နေတဲ့ခေတ်ကြီးမှာ သွေးစစ်ကြည့်ရင် အဖြေကပေါ်မှာ ”

ရပ်ကွက်လူကြီးက ခေတ်ပညာတတ်ပီပီ သွေးတိုးစမ်းမေးသည် ။ ဘကြီးမိုး ခေါင်းငိုက်စိုက်ဖြစ်သွားသည် ။ စဉ်းစားသည် ။

“ ကျွန်တော် မဟုတ်ရင်ရော ”

“ သန်းမောင်ကို စစ်မယ် ”

“ သန်းမောင် မဟုတ်ရင်ရော ”

“ ဒါဆို အနီးအနားက ယောက်ျားမှန်သမျှ စစ်မယ် … မဟုတ်သေးရင် တစ်ရပ်ကွက်လုံး ကျုပ်အပါအဝင် ယောက်ျားမှန်သမျှ စစ်မယ် … ဒါမှ အမှန်တရားပေါ်မှာ … ရပ်ကွက်သိက္ခာမကျမှာ ”

ရပ်ကွက်လူကြီးက စိတ်ဆုံးဖြတ်ထားသည့် အလား ။ ရဲရဲတင်းတင်း မာမာထန်ထန် ပြောသည် ။

ဘကြီးမိုးက ခေါင်းကြီးငုံ့ပြီး စဉ်းစားနေသည် ။

“ စဉ်းစားပါ … သုံးရက်အချိန်ပေးမယ် … ကျုပ်ကတော့ ဥပဒေအရ လုပ်ရမှာပဲ ”

ဘကြီးမိုး ခေါင်းငိုက်စိုက်ချပြီး လူကြီးအိမ်က ထွက်ခဲ့သည် ။ ခြေဦးက ဆရာ့အိမ်ဘက် ရောက်သွားသည် ။ ဆရာကတော်ကိုပဲ တွေ့ရသည် ။ မျက်နှာက မကြည် ။ ဆရာက ဆရာ့သမီးရှိရာ ရန်ကုန်ကို သွားနေသည် ။ ဆရာကတော်က သူ့ကို အရင်ကလို ဟက်ဟက်ပက်ပက် စကားမပြော ။

ဘကြီးမိုး ခေါင်းငိုက်စိုက်ချပြီး အိမ်ပြန်ခဲ့သည် ။ အိမ်တွင် သားနှင့်သမီး မိသားစုများကို မတွေ့ရပေ ။ သူတို့ပစ္စည်းတွေလည်း မရှိတော့ ။ ဘကြီးမိုးရင်ထဲ လှိုက်ဖိုကာ ငိုချင်သလို ဖြစ်သွားသည် ။

“ အဖေ မဟုတ်ပါဘူးကွယ် ” ဟု ကုန်းပြီး အော်ဟစ်လိုက်ချင်သည် ။
၃ ရက်အတွင်း အဖြေပေးရတော့မည် ။ ဘယ်လိုအဖြေပေးရမလဲ ။ အိမ်ပေါက်ဝတွင် ငူငူကြီးထိုင်နေမိသည်။ ဘယ်လောက်ကြာသည်မသိ ။ နောက်ဆုံးတော့ သူ့အပေါ်ကောင်းခဲ့သည့် ဆရာ့အပေါ် သစ္စာရှိရမည် ။ ဆရာ့အတွက် ပေးဆပ်သွားတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည် ။ သည်တော့ စိတ်က ပေါ့သွားသည် ။

ဘကြီးမိုးသည် အရက်ဆိုင်ဘက် ထွက်ခဲ့သည် ။ လူတွေက မျက်နှာအမျိုးမျိုးနှင့် ကြည့်နေကြသည် ။

ဘကြီးမိုး အရက်ဆိုင်ထဲဝင်သွားတော့ အရက်သောက်နေသူတွေက အံ့သြစွာနှင့် ဝိုင်းကြည့်နေကြသည် ။ တီးတိုးစကား ပြောကြသည် ။ မျက်နှာလည်းပူ ၊ ရင်လည်း ဆူသွားသည် ။ စိတ်ကိုတင်းပြီး နီးရာစားပွဲမှာ ဝင်ထိုင်လိုက်သည် ။

” ဟေ့ … အရက်ပေး ”

အသံက တုန်ရီနေသည် ။ အရက်သောက်သူတွေက ကွက်ကြည့် ကွက်ကြည့် ကြည့်နေကြသည် ။ ဘယ်သူမှ မခေါ်မပြောကြ ။ သည်အရက်သမားအားလုံး သည်ရပ်ကွက်ထဲကပါ ။ ဘကြီးမိုးနှင့် သာရေးနာရေးမှာ တွေ့နေသူတွေ ၊ ဘကြီးမိုးကို လေးစားကြသူတွေ ၊ ဘကြီးမိုးက အမြဲဆုံးမစကား ပြောရသည့် သူတွေပါ ။

အခုတော့ …

“ ဒုန်း ”

“ ဟေ့ … ငါမှာတဲ့အရက် မရသေးဘူးလားကွ ”

စားပွဲကို လက်သီးနှင့်ထုပြီး အော်ပြောလိုက်သည် ။ သောက်နေသူတွေ ခေါင်းပြိုင်တူ လှည့်ကြည့်ကြသည် ။ တစ်စားပွဲတည်းမှာ သောက်နေသူနှစ်ယောက်က စားပွဲပြောင်းသွားကြသည် ။ စိတ်ထဲမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည် ။

ဆိုင်ရှင်က အရက်တစ်လုံးနှင့် ပလတ်စတစ်ခွက်တစ်လုံး ချပေးသည် ။ ရေဘူးချပေးသည် ။ အမြည်းအတွက် မြေပဲဆားလှော်နဲ့ နှမ်းဖတ်ချဉ်ပန်းကန် လာချပေးသည် ။

” ဟေ့ … ဒါ … ငါမမှာဘူးကွ … ”

အမြည်းပန်းကန်တွေ တွန်းလိုက်သည် ။ ပုလင်းထဲက အရက်ကို ပလတ်စတစ်ခွက်ထဲ အပြည့်အလျှံ ထည့်လိုက်သည် ။ အရက်ခွက်ကို တစ်ရှိန်ထိုး ကောက်မော့လိုက်သည် ။

“ အား … ဖြီး … ထြီ … ”

ရင်ထဲမှာ မီးစနှင့်အထိုးခံရသလို ပူသွားသည် ။ အရက်များကို အမြန်ပြန်ထွေးလိုက်ရသည် ။

“ ဟား ဟား ဟား ဟား ”

ဘကြီးမိုးအဖြစ်ကို ကြည့်ပြီး အရက်သမားများက ရယ်ကြသည် ။

“ ဒုန်း ”

“ ဘာရယ်တာလဲကွ ”

စားပွဲကို လက်သီးနဲ့ထုပြီး ဟောက်လိုက်သည် ။ ရယ်သူတွေ ချက်ချင်း အသံတိတ်သွားကြသည် ။ ဆိုင်ထဲဝင်လာသော သန်းမောင်က မြင်သွားသည် ။ ဆိုင်ထဲတွင် ဘကြီးမိုးကို တွေ့ရ၍ အံ့သြသွားသည် ။ စားပွဲမှာ ဝင်ထိုင်လိုက်သည် ။ ဘကြီးမိုးကို မျက်လုံးကျွတ်မတတ် ကြည့်မိသည် ။

“ ဘာကြည့်တာလဲ ”

“ အံ့ၾသလို့”

“ ဒါ အံ့သြစရာလား … အံ့သြစရာတွေကို မင်းတို့ကြားပြီးပြီလေ … နောက်သုံးရက်ဆိုရင် ဒါထက် ပိုအံ့သြစရာတွေ မင်းတို့ကြားရဦးမယ် … ကဲ ထားပါ … မင်း အရက်သောက်မှာ မဟုတ်လား … ငါနဲ့ အတူတူသောက် ”

ဘကြီးမိုးက ပလတ်စတစ်ခွက်ထဲ အရက်ထပ်ငှဲ့ထဲ့ပြီး မော့သောက်ဖို့ လုပ်သည် ။ သန်းမောင်က လက်နှင့် ဆွဲယူထားလိုက်သည် ။

“ ဟာ … ဘကြီးမိုးကလည်း ဒီလောက်မကြမ်းနဲ့လေ … မြန်မြန်ရှောဘရားသား ဖြစ်သွားမှာပေါ့ ”

သန်းမောင်က အရက်ခွက်ကိုယူပြီး ရေနဲ့ စပ်ပေးသည် ။ ဘကြီးမိုး ယူသောက်သည် ။

“ ဖြည်းဖြည်းသောက် … ”

“ ထြီ … ”

သောက်ရသည်မှာ အဝင်မဆိုး ၊ နောက်တစ်ခွက်သောက်တော့ စိတ်တွေ လျော့နည်းသွားသည် ။ နောက်ခွက်တွေကျတော့ စကားတွေ ပြောချင်လာသည် ။

“ လာ ဘကြီးမိုး … လေးဖက်မထောင်ခင် အိမ်ပြန်ကြရအောင် … ”

သန်းမောင်က ဘကြီးမိုးကို အတင်းတွဲပြီး အိမ်ပြန်ပို့သည် ။ ဘကြီးမိုးက မပြန်ချင်သေး ။ မူးလဲသည်အထိ သောက်ချင်သေးသည် ။ အရက်တွေ ဝယ်လာသည် ။ အိမ်ရောက်တော့ ဆက်သောက်ကြသည် ။

“ ဟေ့ကောင် … ငါ့ကို ကတိတစ်ခုပေးမလား ”

“ ဘာကတိလဲ … အရက်သမားဆိုတာ အလကားနေရင်း ကတိမပေးနိုင်ဘူး … ဟဲ … ဟဲ … ”

“ မင်းကို … ငါ ဒီနေ့ အရက်အဝတိုက်ထားတာလေ ”

“ ဟား … ဟုတ်တယ် … ၊ ကျေးဇူးရှင်ကြီး … ကတိပေးတယ် … ၊ ပြော … ဘာကိစ္စလဲ ”

“ ငါ့ဘဝနဲ့ဆိုင်တဲ့ ကိစ္စပါကွ … ငါ့ကို ငါ့သားသမီးတွေက ပစ်သွားကြပြီ … နောက်ပြီး ရပ်ကွက်ကလည်း ရွံရှာမုန်းတီးကြတော့မယ် … ဒီတော့ လောကကြီးထဲမှာ တစ်ယောက်ယောက်ကတော့ ငါ့အကြောင်းကို သိပြီး ရှိနေစေချင်တယ် … ဒါမှ ငါခံရလည်း ငါ့စိတ်ဖြေသာမယ် … မင်းကို ပြောပြချင်တယ် … ဒါပေမဲ့ ဘယ်သူ့မှ မင်းမပြောရဘူး … ငါ ထောင်ကျသွားလည်း မပြောရဘူး … ထောင်က လွတ်လာလည်း မပြောရဘူး ”

“ အိုကေ ”

“ မင်း … ပေါ့ပေါ့တန်တန် မပြောနဲ့ … လာ အရက်ခွက်ကိုင် … သစ္စာဆို ”

ဘကြီးမိုးက အရက်ခွက်တစ်ခွက်ကို သန်းမောင်အား ပေးလိုက်သည် ။ သန်းမောင် အရက်ခွက်ကို ကိုင်မြှောက်လိုက်သည် ။

“ ကျုပ်သည် ဘကြီးမိုးနဲ့ ပြောတဲ့အကြောင်းအရာကို ဘယ်သူ့မှ မပြောပါဘူးလို့ သစ္စာဆိုပါတယ် … ပြောမိပါက အရက်သစ္စာ သးပါစေသား ”

သန်းမောင်က သစ္စာဆိုသည် ။ ဘကြီးမိုးက ကျေနပ်သွားပြီး မိုးတစ်ညက အဖြစ်အပျက်ကို ပြောပြသည် ။

“ ဒါ … ဆို … ”

“ ဟေ့ကောင် … မင်း သစ္စာဆိုထားတယ်လေ ”

နောက်တော့ သန်းမောင်က တရှုံ့ရှုံ့နှင့် ငိုသည် ။ ဘကြီးမိုးကတော့ တခေါခေါနဲ့ အိပ်ပျော်သွားသည် ။

* * *

(၅)

နောက်ရက်လည်း ဘကြီးမိုးအိမ်တွင် ဘကြီးမိုးနှင့် သန်းမောင် နေ့ရောညပါ အရက်အတူတူ သောက်ကြသည် ။

ဘကြီးမိုးက သူပြောသည့်ကိစ္စအား ဘယ်သူ့မှမပြောဖို့ အကြိမ်ကြိမ် သတိပေးသည် ။

“ စိတ်ချပါ … ” ဟု သန်းမောင်က အကြိမ်ကြိမ်ပြောသည် ။

၃ ရက်မြောက်နေ့တွင် သန်းမောင်နိုးတော့ ဘကြီးမိုးမှာ ကြမ်းပြင်ပေါ်တွင် ခွေခွေလေး အသက်ပျောက်နေပြီ ။

“ ဟင် ”

သန်းမောင် အိမ်ပေါ်က ဆင်းပြေးသည် ။

“ ဘကြီးမိုး သေပြီ … ဘကြီးမိုး သေပြီ ”

ကြောက်အားလန့်အားနဲ့ ပြေးရင်းအော်သွားသည် ။

ဘကြီးမိုးအိမ် လူတွေ ဝိုင်းအုံလာကြသည် ။ မျက်နှာမှာတော့ ကြေကွဲမှုတွေ မတွေ့ရ ။ ကြည့်ပြီး ပြန်သွားကြသည် ။ ရပ်ကွက်လူကြီးကပဲ နာရေးကို စီစဉ်ပေးရသည် ။ သားသမီးတွေကို လိုက်ရှာပြီး ခေါ်ပေးရသည် ။

ဘကြီးမိုး စျာပနသည် သွေ့ခြောက်ခြောက်နဲ့ ပြီးဆုံးသွားလေသည် ။

* * *

(၆)

လူအကြောင်း သေသွားမှ ပြောကောင်းကြလေသလား မသိပေ ။ ဘကြီးမိုး၏အကြောင်းကို မြောင်းပုပ်ပေါ် လေတိုက်သလို တလှိုင်လှိုင် ပြောနေကြသည် ။

ဦးတိုင်းကျော် ရန်ကုန်ကရောက်လာတော့ တပည့်အကြောင်းကို ကြားရသည် ။ မယုံ ။

သန်းမောင်ကလည်း “ မဟုတ်သည့်အကြောင်း ” ပြောချင်သည်မှာ ပါးစပ်က ယားနေသည် ။ သစ္စာဆိုထားလို့သာ ။

လူတွေကတော့ ဘကြီးမိုး၏ မကောင်းသတင်းတွေကို မြိန်ရေ ရှက်ရေ ပြောနေကြသည် ။ သီတာ့ကိုတော့ ပိုပြီး ကရုဏာပြုကြသည် ။

တစ်ရက်တွင် မင်္ဂလာရပ်ကွက်တွင် အံ့သြစရာကိစ္စတစ်ခု ဖြစ်ပေါ်လာသည် ။ ဘယ်သူမှ တွေးမထားသည့် ကိစ္စ ။

ရေဦးမြို့က ကိုခင်မောင်ဦး ဆိုသူသည် ရပ်ကွက်လူကြီးအိမ် ရောက်လာသည် ။ မသီတာကို လိုက်ကြည့်သည် ။ “ ဖြစ်မှဖြစ်ရလေ စန်းစန်းမြရယ် ” ဆိုပြီး ဖက်ငိုသည် ။ မသီတာကတော့ ရုန်းနေသည် ။

သူ့မိန်းမ စန်းစန်းမြ ဆေးခန်းကို ကိုယ်ဝန်ဆောင်သွားအပ်ရင်း စီးသွားသည့် ဆိုက်ကားကို ကားတစ်စီးက ဝင်တိုက်ပြီး ထွက်ပြေးသွားသည် ။ ဆိုက်ကားသမားမှာ သွေးအလိမ်းလိမ်းဖြင့် ဆေးရုံသို့ ပို့လိုက်ကြသည်။ ဆိုက်ကားပေါ်က လွင့်စင်သွားသော စန်းစန်းမြသည် ဒဏ်ရာမရသော်လည်း သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားသည် ။ ဘယ်မှ ရှာလို့မရ လူပျောက်တိုင်ထားပြီး လိုက်ရှာနေသည် ။

မန္တလေးမှာဆို၍ လိုက်ရှာသည် ။ အခုလို သူ့မိန်းမကို စောင့်ရှောက်ထားသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောပြီး မသီတာခေါ် စန်းစန်းမြကို ပြန်ခေါ်သွားသည် ။

အားလုံး ပါးစပ်အဟောင်းသားဖြစ် ကျန်ရစ်ခဲ့ကြသည် ။

“ ဘကြီးမိုးက တကယ့်သူတော်ကောင်းကြီးပါအေ … ဘာကြောင့်များ သူမဟုတ်တဲ့ကိစ္စ ဖြေရှင်းမပြပဲ ဖုံးကွယ်ချင်ရတာလဲ ” ဟု ပြောစရာ ၊ တွေးစရာတွေ ဖြစ်ကုန်ကြသည် ။

သန်းမောင်က အရက်မူးတိုင်း “ ဘကြီးမိုးမဟုတ်ဘူးဆိုတာ ငါ တစ်ယောက်ပဲ သိတာကွ … ဘယ်သူ့မှ မပြောပါဘူးလို့ သစ္စာဆိုထားလို့ မပြောတာကွ ” နှင့် ငိုသံကြီးနှင့် ပြောရှာသည် ။

ဒေါ်တင်တင်ကြီးလည်း စိတ်မကောင်းဖြစ်ရသည် ။ မိမိပယောဂ မကင်း ။ ပညာတတ်ဖြစ်ပါလျက် “ ကိုယ်ဝန်ဘယ်နှလရှိပြီလဲ ” ဆိုသည့်မေးခွန်းကို ဆက်မမေးပဲ ဆရာဝန်က “ ဟင် … ဒီကောင်မလေးမှာ ကိုယ်ဝန်နဲ့ပါလား ” ဆိုတာနှင့် အံ့သြထိတ်လန့်သွားသည် ။ ရပ်ကွက်ထဲကို ချပြခဲ့သည် ။ ရပ်ကွက်က ယိုးစွပ်တာတွေကို ယုံခဲ့သည် ။ မိမိ မစေ့စပ် မသေချာမှုအတွက် လူတစ်ယောက် ဘဝနိဂုံး စောခဲ့ရသည်ဟု တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရတော့မည် ။

စိတ်မကောင်း အဖြစ်ရဆုံးက ဦးတိုင်းကျော် ဖြစ်သည် ။ သန်းမောင်ပြောပြလို့ မိုးတစ်ညက မသီတာကို ဦးတိုင်းကျော် တိုက်ထဲခေါ်သည်ဟု ဘကြီးမိုး ထင်နေသည် ။ ထို့ကြောင့် သူ့ဆရာ၏ ကြီးမြတ်သည့် ဂုဏ်သိက္ခာကို သူ့သေးမွှားသည့် ဂုဏ်သိက္ခာနှင့် လဲဖို့ ဆုံးဖြတ်ထားသည် ။

တကယ်တော့ ထိုနေ့ညနေစောင်းကတည်းက ဒေါ်တင်တင်ကြီးက ပြန်ရောက်နေသည် ။ မိုးမိနေသော သီတာကို ဒေါ်တင်တင်ကြီးကပဲ တိုက်ထဲ ခေါ်သိပ်သည် ။

“ ဖြစ်ရလေ ကိုမိုးရယ် … ”

ရိုးသား၍ သစ္စာရှိရန်သာ သိ၍ သစ္စာအရောင် မခွဲခြားတတ်သော တပည့်ဖြစ်သူ ဘကြီးမိုးကို ဦးတိုင်းကျော်အဖို့ မိုးတွေရွာတိုင်း အမြဲသတိရနေမည်မှာ သေချာပေသည် ။

မင်းတင်ထွဏ်း

( ရွှေအမြုတွေမဂ္ဂဇင်း ၊ ဧပြီလ ၂၀၁၀ )

* * * * *