*စုန်းထီးကြီးဦးဘသာနှင့် သဘက်ကြီးငညို*📖📖📖
***********************************************
အဂ္ဂဇော်
(၁)
သဘက်ကြီးငညိုအကြောင်းပြောဖို့က ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြီးပြောရမှာမို့လို့ သူ့ကိုသပ်သပ်ပြောပြဖို့စီစဉ်လိုက်တာဗျ၊ ဒီအကြောင်းတွေပြောမယ်ဆိုရင် ကျုပ်အဘိုးခေတ်ကနေ စပြီးပြောရမှာပဲဗျ၊ ခင်ဗျားတို့ကို အရင်ကပြောခဲ့ဖူးသလို ကျုပ်တို့က သူကြီးမျိုးရိုးဗျ၊ ကျုပ်အဘိုးရဲ့အဖေကလည်း သူကြီးပဲ၊ ကျုပ်အဘိုးကလည်း သူကြီးပဲ၊ နောက်ပြီး ကျုပ်အဖေလည်း သူကြီးပေါ့ဗျာ၊ ကျုပ်အဘိုးရဲ့အဖေကတော့ ဗမာမင်းလက်ထက်ကို မီလိုက်တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်တို့ရွာက ဖက်လိပ်ရွာဆိုတဲ့ ရွာကလေးပေါ့၊ နောက်ပြီး ကျုပ်အဘိုးကျတော့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် နှစ်ခေတ်ကိုမီလိုက်တာပေါ့ဗျာ။
ကျုပ်အဖေကတော့ အသက်နှစ်ဆယ်လောက်ကတည်းက သူကြီးဖြစ်လာတဲ့အတွက်ကြောင့်ရယ်၊ အဖေက သမာသမတ်ကျတာကြောင့်ရယ် သူကြီးလေးဆိုပြီး ရွာကလူတွေတော်တော်များများက ချစ်ခင်ကြပေမယ့် ကျုပ်အဘိုးကိုကျတော့ တစ်ရွာလုံးက ကြောက်ရတယ်ဗျ၊ အခုထိ ရွာက တစ်ချို့လူတွေ အဖေ့ကိုအမြင်မကြည်တာက အဖေမကောင်းလို့မဟုတ်ဘူးဗျ၊ ကျုပ်အဘိုးရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် ကြည့်မရကြတာ။
ကျုပ်ကတော့ ကျုပ်အဘိုးကို အပြစ်မဆိုပါဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် သူက သူကြီးကိုးဗျ၊ ဒီတော့လည်း အထက်က အစိုးရအရာရှိတွေခိုင်းတာ အကုန်လုပ်ပေးရတာပေါ့ဗျာ၊ ကျုပ်အဘိုးကို အစကတော့ ရွာခံတွေက ကျေနပ်ကြပေမယ့် အင်္ဂလိပ်ခေတ်နှောင်းပိုင်းရောက်တော့ ချစ်တီးကုလားတွေက ရွာတွေကိုငွေထုပ်ပိုက်ပြီး ဝင်လာကြပါရောဗျာ၊ အဲဒီမှာ ရွာသားတွေကလည်း ငွေတိုးတွေချေးယူ၊ နောက်တော့ ပြန်မဆပ်နိုင်ကြဘူးပေါ့ဗျာ၊ ဒီတော့ ချစ်တီးတွေက အင်္ဂလိပ်အရာရှိကြီးတွေကို တိုင်တန်းတယ်ဆိုပါတော့၊ နောက်ဆုံးရှင်းပေးရတယ့်လူကတော့ အဘိုးပါပဲ၊ အဘိုးက ရွာခံလည်းဖြစ်တယ်၊ အထက်က အမိန့်အရလည်းလုပ်ရတယ်ဆိုတော့ ချစ်တီးတွေက လယ်တွေ၊ အိမ်တွေ၊ နွားတွေ အကုန်သိမ်းတော့တာပါပဲ။
အဲဒီမှာ ရွာကလူတွေက အဘိုးကိုစပြီး ကြည့်မရတော့တာ၊ ရွာကလူတွေက အဘိုးကို ဓါးနဲ့တောင် လိုက်ခဲ့ကြလို့ ရွာကနေတောင် ထွက်ပြေးခဲ့ရတယ်ဆိုပဲ၊ နောက်တော့မှ အရေးပိုင်မင်းက အဘိုးကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုပြီး နှစ်လုံးပြူးသေနတ်ထုတ်ပေးတယ်၊ ပုလိပ်တွေလည်း ရွာကိုဝင်စီးပြီးတော့ရန်မူတဲ့လူတွေကို ထောင်ချပြီး နှိပ်ကွပ်လိုက်တော့မှ ရွာခံတွေ ငြိမ်သွားတာပေါ့ဗျာ၊ ဒါတောင်မှ အဘိုးကို အလစ်အငိုက်တိုက်လို့ အဘိုးက သေနတ်နဲ့ပြန်ပစ်တာ ခြောက်ယောက်တောင်သေသွားပါသေးတယ်ဗျာ။
(၂)
အင်္ဂလိပ်အပြေး၊ ဂျပန်အဝင်မှာ လူဆိုးဓါးပြတွေ သိပ်သောင်းကျန်းတာပေါ့ဗျာ၊ ဒါနဲ့ အဘိုးက ရွာမှာ လူယုံတွေမွေးတယ်ဗျာ၊ လူယုံတွေကိုလည်း အင်္ဂလိပ်တွေထားခဲ့တဲ့ သေနတ်တွေ၊ လုပ်သေနတ်တွေ တပ်ဆင်ပေးထားပြီး ရွာလုံခြုံရေးအတွက် လုပ်ခဲ့တာပေါ့ဗျာ။ မလုပ်လို့လည်းမရဘူးဗျ၊ အဲဒီခေတ်က ဓါးပြအုပ်ကြီးက ရွာတွေကိုဝိုင်းပြီး မီးရှို့တယ်၊ လူသတ်တယ်၊ အဲဒီအချိန်အုပ်ချုပ်မယ့်လူကလည်း မရှိသေးဘူးဆိုတော့ မင်းမဲ့တိုင်းပြည်ဖြစ်နေတာပေါ့ဗျာ။
ရွာထဲက ပုန်ကန်ချင်တဲ့မိသားစုတွေကို အဘိုးက ပြစ်ဒဏ်ပေးပြီး ရွာပြင်ကို နှင်ထုတ်ကြတာပေါ့ဗျာ၊ ရွာပြင်ကို အနှင်ခံရတဲ့သူဆိုတာ သေတာနဲ့အတူတူပဲပေါ့ဗျာ၊ ခေတ်ကပျက်နေတော့ လူတွေက တွေ့တာနဲ့ အချင်းချင်းသတ်တယ်၊ ရသမျှ လုတယ်ပေါ့။
ကျုပ်တို့ရွာမှာ အဲဒီတုန်းက ငတို နဲ့ ငညိုဆိုပြီး ညီအကိုနှစ်ယောက်ရှိတယ်ဗျ၊ သူတို့က ရိုးရိုးသားသား လယ်သမားတွေပါပဲ၊ ဖြစ်ချင်တော့ သူတို့ရဲ့အဖေက ကျုပ်အဘိုးကို လုံး၀ကြည့်မရတဲ့သူပေါ့၊ ချစ်တီးက အကြွေးပြန်မဆပ်နိုင်တဲ့လူတွေဆီကနေ ရသမျှသိမ်းတော့ သူတို့ဘ၀ပျက်သွားတာကိုးဗျ၊ အဘိုးကို သတ်တော့သတ်ချင်တယ်၊ ဒါပေမယ့် သေနတ်ရယ်၊ နောက်ပြီး အဘိုးရဲ့လူယုံတွေရယ်ကို ကြောက်နေရတာနဲ့ မသတ်ရဘူးပေါ့ဗျာ၊ အချိန်တိုင်းတော့ သတ်ဖို့ကြံစည်နေခဲ့တာ။
ကပ်ရောဂါတွေဖြစ်ပြီး ရွာရွေ့ပြီးတော့ ရွာက မခိုင်မခန့်ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ သူ့အဖေက အဘိုးကိုချောင်းမြောင်းပြီး လုပ်ကြံတော့တာပါပဲ၊ ဒါပေမယ့် သတိရှိတဲ့အဘိုးက သေနတ်နဲ့ပစ်သတ်လိုက်တော့ အဲဒီလူကြီး ဦးခေါင်းပွင့်ပြီး သေသွားပါရောဗျာ၊ အဘိုးက လူမမည် ကျန်ခဲ့တဲ့ ငတိုနဲ့ ငညိုတို့ကို သနားလို့ သူတို့အဖေပိုင်တဲ့ ကျန်ခဲ့တဲ့လယ်တွေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်ဗျ၊ ဒါပေမယ့် ရွာထဲမှာတော့ အဘိုးက လယ်တွေကိုလိုချင်လို့ တမင်သတ်ပစ်တယ်ဆိုပြီး သတင်းထွက်နေတာပေါ့။ အဲဒီအချိန်ကတည်းက ငတိုနဲ့ ငညိုက ကျုပ်တို့ အဘိုးကို ရန်ငြိုးဖွဲ့နေခဲ့တာပေါ့။
ပိုဆိုးသွားတာကတော့ ကျုပ်တို့အဘိုး ယူလိုက်တဲ့မိန်းမပဲဗျ၊ ပြောရရင် ကျုပ်တို့အဘိုးက မိန်းမရှုပ်တယ်၊ မိန်းမကိုးယောက် ယူထားတာဗျ၊ ဒါနဲ့သူအသက်ငါးဆယ်လောက်ရောက်တော့ ရွာက ကွမ်းတောင်ကိုင် အလှဆုံး အချောဆုံး မိန်းကလေးကို ကောက်ယူလိုက်ပါရော၊ ကောင်မလေးက အသက်ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတာပါ၊ ဖြစ်ချင်တော့ အဲဒီကောင်မလေးက ငတိုနဲ့ ချစ်ကြိုက်နေတာတဲ့ဗျာ၊ တစ်ရွာလုံးလည်း သိတယ်ဆိုပဲ၊ ဒါပေမယ့် အဘိုးကလည်း အဲဒီကောင်မလေးကို လိုချင်တော့ လူကြီးစုံရာနဲ့ကောင်မလေးမိဘတွေဆီ လမ်းဖောက်တာပေါ့ဗျာ၊ ကောင်မလေးမိဘတွေက သူကြီးကိုလည်း ကြောက်တာရယ်၊ နောက်ပြီး သူကြီး ပိုက်ဆံရှိတာလည်းပါတော့ သူတို့သမီးကို ပေးစားလိုက်တာပေါ့ဗျာ။
မင်္ဂလာဆောင်တဲ့ရက်ရောက်တော့မှ ငတိုက ငှက်ကြီးတောင်ဓါးဆွဲပြီး မင်္ဂလာပွဲကို လာဖျက်တာတဲ့ဗျ၊ သူ့ဘက်က ကြည့်ရင်လည်း သူ့ရည်းစားကိုး၊ နောက်ပြီး လယ်တွေလိုချင်လို့ အဖေကိုသတ်ထားတယ်ဆိုတဲ့ စကားကလည်းခေါင်းထဲဝင်နေတော့ အခုလည်း တမင်သက်သက် သူ့ရည်းစားကို ယူတယ်ဆိုပြီးတော့ ငတို ပေါက်ကွဲတာပေါ့ဗျာ။
ဒါပေမယ့် ငတို အရှေ့မတိုးနိုင်ခဲ့ပါဘူး၊ အဘိုးရဲ့ လူယုံဆယ်ယောက်လောက်က ငတိုကို သေနတ်နဲ့ထိုးချိန်ထားတာကိုးဗျ၊ ငတိုလည်း သူသေမှာကြောက်တာနဲ့ ပြန်လှည့်ပြေးပါရော၊ အဲဒီမှာ ကျုပ်အဘိုးက ငတိုနဲ့ ငညို ညီအကိုနှစ်ယောက်ကို ရွာပြင်ကိုနှင်လိုက်ပါရော။ သူတို့အမေလည်း အဆစ်ပါသွားတာပေါ့ဗျာ။
ဒါနဲ့ သူတို့တွေ နေစရာမရှိတော့ ရွာကနေထွက်ပြီး ပေတောရွာကိုသွားတဲ့အလယ်က တောတန်းကလေးမှာ သွားနေကြတယ်၊ တောတန်းထဲမှာ တဲထိုးပြီးနေကြတာပေါ့ဗျာ၊ တစ်ရက်ကျတော့ ငတိုနဲ့ ငညို ညီအကိုနှစ်ယောက် ပေတောရွာကိုသွားပြီး သူတို့ပြောင်းရွှေ့နေဖို့ သွားတိုင်ပင်ကြပြီး ပြန်အလာမှာ၊ သူတို့အိမ်ကလေးကို အဖောက်ခံရပြီး သူတို့အမေလည်း သေနေပါရောဗျာ။
တစ်ချို့လူတွေကတော့ လုယက်တဲ့သူတွေ သတ်သွားတယ်လို့ ပြောကြပေမယ့်၊ သူတို့ညီအကိုကတော့ အဘိုးက တမင်လုပ်တယ်လို့ပဲထင်တာဗျ၊ ဒါနဲ့ သူတို့က အဲဒီနေရာမှာ လူမိုက်တွေစုပြိးတော့ ဓါးပြအဖွဲ့ထောင်လိုက်ပါရောဗျာ၊
အရင်က တန်းမြင့်ရွာဆိုတာ ရွာသိမ်ရွာငယ်ကလေးဗျ၊ နောက်ပိုင်း ကားလမ်းဖောက်လိုက်တော့မှ စည်ကားသွားတာ၊ အဲဒီအချိန်က ကျုပ်တို့ရွာကနေ ပေတောရွာကိုပဲ လှည်းလမ်းနဲ့သွားကြတာတဲ့ဗျာ၊ ဒီတော့ ငတိုနဲ့ငညိုက ကျုပ်တို့ရွာကနေ တက်လာသမျှ လှည်းတွေကို ဓါးပြတိုက်တော့တာပါပဲ၊ လှည်းတွေမှာ ဘာပါပါအကုန်ဓါးပြတိုက်တယ်၊ ပြီးတော့ အဘိုးတို့ ဆွေမျိုးတွေဆိုရင် အဲဒီဘေးနားက မုယားကြီးပင်ကြီးမှာ တွဲလောင်းဆွဲပြီးတော့ သတ်ထားတာပဲဗျာ။
နောက်ဆုံးတော့ ရွာကလူတွေ တစ်ခုခုသွားတော့မယ်ဆိုရင် အဘိုးရဲ့လူယုံတွေ၊ သေနတ်ကိုင်ထားတဲ့ လူတွေမပါရင် မသွားဝံ့တော့ဘူးဗျ၊ ငတို နဲ့ ငညိုတို့ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့က တွေ့သမျှလူကိုဓါးပြတိုက်တယ်၊ ထုထောင်းရိုက်နှက်တယ်၊ ကျုပ်တို့အမျိုးဆိုရင် သတ်ပစ်တယ်ဆိုတော့ အတော်ကိုဆိုးနေတာပေါ့ဗျာ။
(၃)
ခေတ်ကလည်း ဂျပန်က အုပ်ချုပ်ထားတဲ့ခေတ်ဖြစ်နေပြီဆိုတော့ ဒီဓါးပြမှုအကြောင်းကို အထက်လူကြီးတွေ သိသွားတယ်ဗျ။ ဒါနဲ့ တစ်ချက်လွှတ်အမိန့်ထုတ်တယ်၊ သုံးလအတွင်း အဲဒီဓါးပြအဖွဲ့ကို နှိမ်နင်းဖို့နဲ့ မနှိမ်နင်းနိုင်ရင် သူကြီးရာထူးကနေ ဖြုတ်မယ်ဆိုပြီး အမိန့်ပေးတာပေါ့။
အဘိုးကလည်း သူကြီးဆိုတော့ အထက်ကပေးတဲ့တာဝန်တွေကို ဘယ်ငြင်းဆန်နိုင်ပါ့မလဲဗျာ၊ ဒါနဲ့သူ့လူယုံတွေနဲ့ လှည်းတစ်စီးအပေါ်ကို ပုပ်တောင်းကြီးတွေတင်ပြီးတော့ နေဝင်တရောအချိန် ရွာကနေထွက်လာတာပေါ့ဗျာ၊ ပုံမှန်ကြည့်ရင်တော့ တစ်ခုခုတင်သွားတဲ့ လှည်းပေါ့ဗျာ။ ဒီလိုနဲ့ ငတိုနဲ့ ငညိုတို့ကို မျှားခေါ်ထုတ်လာတာပေါ့ဗျာ။
ငတိုနဲ့ငညိုလည်း လှည်းတစ်စီးတွေ့ပြီဆိုပြီးတော့ ဓါးပြဆယ့်ငါးယောက်နဲ့ ဓါးပြတိုက်တာပေါ့ဗျာ၊ လှည်းအနားရောက်တော့မှ အဘိုးနဲ့သူ့လူတွေက သေနတ်တွေကိုကိုင်ပြီး ထွက်လာလိုက်တော့မှ ငညိုတို့က ဓါးပြတိုက်မှားပြီဆိုပြီး သိလိုက်တာပေါ့ဗျ၊ ဓါးပြတွေကို သေနတ်နဲ့ပစ်တော့ ဓါးပြတွေ တော်တော်သေတယ်ပြောတယ်၊ နောက်တော့ ငတိုကိုလည်း သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်၊ ငညိုကိုလည်; ဖမ်းမိသွားတယ်တဲ့ဗျာ။
ဒါနဲ့ မုယားကြီးပင်ကြီးမှာပဲ ဓါးပြတွေကိုကြိုးနဲ့ချည်ပြီးဖမ်းထားတာပေါ့ဗျာ၊ ဖမ်းပြီး အဲဒီညမှာပဲ ငတိုဆုံးပါးသွားတယ်၊ သူ့ကိုသေနတ်နဲ့ပစ်ဖမ်းတုန်းက သေနတ်ကျည်က ပေါင်ရင်းကိုဖောက်ထားတာဆိုတော့ သွေးထွက်များပြီး သေသွားတာဖြစ်မယ်ဗျ။
ငညိုကတော့ မသေသေးဘူးပေါ့၊ သုံးရက်လောက်ကြာတော့မှ ကင်ပေတိုင်တွေနဲ့ ဂျပန်တွေခန့်ထားတဲ့ အရာရှိတွေ ရွာကိုရောက်လာတယ်၊ မုယားကြီးပင်မှာချည်ထားတဲ့ ဓါးပြတွေကို စိတ်ကြိုက်နှိပ်စက်ရိုက်နှက်ပြီးတော့မှ အကုန်လုံးကို အဲဒီသစ်ပင်ကြီးအောက်မှာပဲ ပစ်သတ်လိုက်သတဲ့ဗျာ။
ဒါပေမယ့် ငညိုက မသေခင်တော့ အဘိုးကိုကြည့်ပြီးတော့ ကျိန်ဆဲသွားသဗျ။
“ဒီမယ်သူကြီး၊ ကျုပ်တို့တစ်မိသားစုလုံးကို ခင်ဗျားသတ်ခဲ့သလို ခင်ဗျားတို့ တစ်မိသားစုလုံးကို ကျုပ်ပြန်မသတ်ရမချင်း၊ ကျုပ်မကျေဘူးဗျ၊ ကျုပ်သရဲဖြစ်သွားရင်လည်း ခင်ဗျားတို့ တစ်မိသားစုလုံးကို သတ်ပြီးမှ ကျုပ်အမျှဝေတာခံမယ်ဗျို့ ဟား၊ ဟား”
သူလည်းပြောပြီးရော ကင်ပေတိုင်တစ်ယောက်က ငညိုနောက်စေ့ကို ကျည်ဆန်ပစ်သွင်းလိုက်တော့ ငညိုလည်း သေသွားပါရောဗျာ၊ အဲ . . လူသာ သေပေမယ့် ငတိုနဲ့ ငညိုနှစ်ယောက်က အဲဒီသစ်ပင်ကြိးကိုစွဲပြီး သရဲတွေဖြစ်နေကြတယ်တဲ့ဗျာ။ ခြောက်တာမှ နေ့ခင်းကြောင်တောင်ကြီးကို ချောက်တာဗျ၊ နောက်ပြီး ကျုပ်တ်ို့ဆွေမျိုးတွေဆိုရင် ပိုခြောက်သတဲ့၊ အဘိုးရဲ့မိန်းမတစ်ယောက်က ပေတောရွာကဗျ၊ တစ်ရက်တော့ ကလေးမွေးပြီး သူ့မိဘတွေကိုပြမယ်ဆိုပြီး ပေတောရွာကိုလှည်းနဲ့အသွားမှာ မုယားပင်ကြီးအောက်ရောက်တော့ သရဲကြီးနှစ်ကောင်က ဆင်းလာပြီး သားအမိနှစ်ယောက်စလုံးကို ဂုတ်ချိုးသတ်သွားပါရောလားဗျာ။
ဒီလိုအခြောက်အလှန့်ကြမ်းလွန်;လို့ ပေတောရွာကို ကျုပ်တို့ရွာသားတွေ သိပ်ပြီးမသွားကြတာ၊ အဲဒီအကြောင်းကြောင့်လည်း ပါတယ်ဗျ။ အဘိုးကလည်း အဖေတို့ကို အဲဒီကိုမသွားဖို့ မှာခဲ့သလို၊ အဖေကလည်း ကျုပ်တို့ကိုငယ်ငယ်ကတည်းက အဲဒီလမ်းက တစ်ယောက်ထဲမဖြတ်ဖို့ မှာထားပြီးသားဗျ၊ ဘာလို့လဲဆိုတော့ အဖေကိုယ်တိုင်လည်း အဲဒီသရဲကြီးနှစ်ကောင်သတ်တာ ခံရမလိုဖြစ်ခဲ့သေးတယ်ဆိုပဲဗျ။
(၄)
လွပ်လပ်ရေးရပြီးခါစ အဖေတို့က အသက်ဆယ့်ငါး၊ ဆယ့်ခြောက်လောက်ပေါ့ဗျာ။ လူငယ်တွေဆိုတော့လည်; အဲဒီခေတ်က အတွေးအခေါ်တွေ ခေါင်းထဲဝင်နေတာပေါ့၊ သရဲဆိုတာ တကယ်မရှိဘူး၊ လူတွေကြောက်အောင် တမင်ခြောက်ထားတာဆိုပြီး ထင်နေတာပေါ့ဗျာ။
ဒါနဲ့ပဲ ရွာမှာ လူငယ်နှစ်ဖွဲ့ကွဲသွားတယ်၊ တစ်ဖွဲ့က အဖေတို့လို စာတွေသင်၊ ကျောင်းတွေတက်ထားတဲ့လူငယ်တွေပေါ့၊ အဲဒီလူငယ်တွေက ဘာကိုမှ အယုံအကြည်မရှိကြဘူး၊ ဘာကိုမှ အကြောက်အလန့်မရှိကြဘူးပေါ့ဗျာ။
တစ်ဖွဲ့ကတော့ ကျောင်းစာတွေဘာတွေ မသင်ရတဲ့ ရွာက လူငယ်တစ်သိုက်ပေါ့ဗျာ၊ အဲဒီလူငယ်နှစ်ဖွဲ့က အမြဲတမ်း ကတောက်ကဆဖြစ်တယ်ဗျ၊ အတွေးအခေါ်ချင်း၊ အယူအဆချင်းမှ မတူတာလေဗျာ၊ တစ်ရက်တော့ အဲဒီလူငယ်နှစ်ဖွဲ့က စိန်ခေါ်ကြတယ်တဲ့။
“မင်းတို့တွေက သရဲဆိုတာ မရှိဘူးပြောနေတော့၊၊ ငါတို့တွေ အလောင်းအစားတစ်ခုလုပ်ကြမယ်”
နောက်တော့ အဖေ့ကိုလက်ညှိုးထိုးပြီး
“မင်းက မကြောက်တတ်ဘူး၊ သရဲဆိုတာ မယုံဘူးဆိုရင် ပေတောရွာသွားတဲ့လမ်းက မုယားပင်ကြီးကို ညဘက်တစ်ယောက်တည်းသွားရမယ်၊ မုယားပင်ကြီးကို ဓါးနဲ့သုံးချက်ထစ်ရမယ်၊ နောက်ပြီး ထုံးနဲ့ သုံးချက်တားရမယ်”
အဖေကလည်း အေးေအးဆေးဆေးပေါ့ဗျာ။
“တကယ်လို့ မင်းသာဘာမှမဖြစ်ဘူးဆိုရင် မင်းတို့အဖွဲ့ပြောသလို သရဲဆိုတာ မရှိဘူးလို့ ငါတို့ယုံပေးမယ်ကွာ”
ဒီလိုနဲ့ အဖေကလည်း လက်ခံလိုက်တယ်ဗျာ၊ ညရောက်တာနဲ့ လူငယ်နှစ်ဖွဲ့က ရွာပြင်မှာဆုံတယ်ဗျ၊ အဖေက ငှက်ကြီးတောင်ဓါးတစ်ချောင်းရယ်၊ နောက်ပြီး ထုံးဘူးကို ခါးပိုက်ဆောင်ထဲကို ထည့်ခဲ့ပြီးတော့ ဒီအတိုင်း ညအမှောင်ကြီးထဲကို တစ်ယောက်တည်းထွက်လာတာဗျ။
အဘိုးကသူ့ကိုမှာထားတယ်ဆိုပေမယ့် လူငယ်လည်းဖြစ်၊ စိန်ခေါ်ထားတာဆိုတော့လည်း အဖေကမကြောက်မရွံ့ တစ်ယောက်တည်း သွားတာပေါ့။
အဝေးကလှမ်းကြည့်လိုက်တာနဲ့ မုယားကြီးအပင်ကြီးက ကြောက်စရာကြီးတဲ့ဗျာ၊ အဖေလည်း အေးအေးဆေးဆေး သီချင်းလေးဆိုပြီးတော့ မုယားကြီးအပင်ကြီးဆီရောက်တာနဲ့ ပင်စည်ကို ဓါးနဲ့ထစ်လိုက်တာပေါ့ဗျာ၊ ပြီးတော့ ခါးပိုက်ဆောင်ထဲက ထုံးယူပြီး ပင်စည်မှာ ထုံးနဲ့တစ်ကြောင်းဆွဲလိုက်တယ်ဆိုရင်ပဲ သစ်ပင်ကြီးက တဝုန်းဝုန်းနဲ့ လှုပ်လာတယ်တဲ့ဗျာ။ အဖေကလည်း မကြောက်တတ်တော့။
“သရဲဆိုရင် လာခဲ့ဟေ့၊ အားလုံးကို ဓါးနဲ့ခုတ်ပြီး ကြော်စားပစ်လိုက်မယ်”
အဲဒီလိုတစ်ချက်အော်ပြီး သစ်ပင်ကြီးကို ဓါးနဲ့နောက်တစ်ထစ် ခုတ်ချလိုက်ရော သစ်ပင်ပေါ်ကနေ မည်းမည်းအကောင်ကြီးနှစ်ကောင် ခုန်ဆင်းလာပါရောဗျာ၊ တစ်ကိုယ်လုံးကို မည်းနက်ပြီးတော့ အမွှေးကြမ်းကြမ်းကြီးတွေလည်း ပေါက်နေတာပဲတဲ့၊ အရပ်ကလည်း လူတစ်ရပ်မက တော်တော်ရှည်တယ်ဆိုပဲဗျာ။
အဖေကလည်း လက်မနှေးဘူးဗျာ၊ သူ့အနောက်ကိုဆင်းလာတဲ့ သရဲကြီးကို ဓါးနဲ့လှည့်ပြီး ခုတ်လိုက်တာ၊ သရဲကြီးကိုယ်မှာ ဓါးက ကော်နဲ့ကပ်သလို ကပ်သွားတယ်တဲ့ဗျ၊ အားနဲ့ပြန်ဆွဲပေမယ့်လည်း ဓါးက မကွာဘူးတဲ့၊ ဒီအချိန်မှာပဲ နောက်ထပ်သရဲကြီးတစ်ကောင်က အဖေ့ကျောကို ပုတ်ထည့်လိုက်တာ အဖေလည်း မြေကြီးမှာ လိမ့်သွားတာပဲတဲ့ဗျာ၊ ဒါနဲ့ သရဲကြီးနှစ်ကောင်က အဖေ့ကို ရိုက်လိုက်၊ ပုတ်လိုက်နဲ့ လုပ်နေပြီးတော့မှ သရဲကြီးတစ်ကောင်က အဖေ့ကိုယ်လုံးပေါ်ကိုတက်ပြီး အဖေ့ကိုလည်ပင်းညှစ်ပါလေရောဗျာ၊ အဖေလည်း ရုန်းပေမယ့် အားကမမျှဘူးပေါ့၊ မကြာပါဘူး၊ အဖေလည်း အသက်ရှူကြပ်ပြီး မျက်လုံးတွေပြာလာတယ်၊ ဒီအချိန်မှာပဲ ပတ်ဝန်းကျင်က ဖြန်းခနဲလင်းသွားပြီးတော့ ဘုန်းကြီးတစ်ပါး ပေါ်လာတယ်တဲ့ဗျာ၊ အဲဒီဘုန်းကြီးကို အဖေလည်းမမြင်ဖူးဘူးတဲ့။
“မင်းတို့နှစ်ကောင် မဟုတ်တာတွေမလုပ်ကြနဲ့ ရပ်လိုက်စမ်း”
ဘုန်းကြီးက အဲဒီလိုပြောပြီး အနားကပ်လာတော့မှ သရဲကြီးနှစ်ကောင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ သစ်ပင်ပေါ်ကို ပြန်တက်ပြေးသွားကြတာ၊ အဖေလည်း အဲဒီနေရာကနေထပြီး ရွာကိုတစ်ချိုးတည်းပြေးတာပေါ့ဗျာ၊ ပြိုင်ထားတာလည်း ရှံI;တဲ့အပြင်၊ လူလည်း ဖျားနာပြီးတော့ အဘိုးသူကြီးရဲ့ ဆူတာရိုက်တာကိုလည်း အတော်ခံလိုက်ရတယ်ဆိုပဲဗျာ၊ အဖေက အဲဒီကစပြီးတော့ သရဲဆိုတာကို ယုံသွားတော့တာဗျ။
(၅)
ဒီလိုနဲ့ အချိန်တွေကြာလာတော့ သရဲကြီးငတိုက ပျောက်ကွယ်သွားတယ်ဗျ၊ သူများတွေပြောတာကတော့ ကျွတ်သွားတယ်ဆိုလားပဲ၊ ဒါပေမယ့် မကျွတ်ဘဲ အခုထိကျန်နေခဲ့တာကတော့ ငညိုဆိုတဲ့အကောင်ကြီးပေါ့ဗျာ။ သရဲကြီးတော့ သဘက်ဆိုသလို ငညိုကလည်း သဘက်ကြီးဖြစ်နေပြီပေါ့။
ငညိုနဲ့ကျုပ်နဲ့ သုံးလေးခါလောက်တော့ ဆုံဖူးတယ်ဗျ၊ ကျုပ်ကတော့ သဘက်ကြီးတွေ့ရင် အဝေးကနေ ထွက်ပြေးတာပဲ၊ နောက်ဆုံးတစ်ခါတော့ ကျုပ်သဘက်ကြီးကို ဆော်ခဲ့သေးတယ်လေ၊ အဲဒါကလည်း ဦးဘသာကြီးရဲ့ အကုန်နိုင်အင်း အစွမ်းနဲ့ပေါ့ဗျာ၊ ဒါနဲ့ နောက်ထပ်တစ်ခေါက် သဘက်ကြီးနဲ့ ထပ်ဆုံကြဖို့ အကြောင်းဖန်လာတယ် ဆိုပါရောဗျာ။
အဲဒီတုန်းက မြို့ကနေ အစိုးရဝန်ထမ်းတွေလာတယ်ဗျ။ စာရင်းကောက်တယ်ဆိုလား ဘာလားပဲဗျာ၊ စစ်ဗိုလ်တစ်ယောက်ရယ်၊ နောက်ပြီးတော့ တခြားဌာနက လူတွေလဲပါတယ်၊ စုစုပေါင်းခြောက်ယောက်ဗျ၊ သူတို့ ဂျစ်ကားကလေးနဲ့ ကျုပ်တို့ရွာကို ရောက်တော့ မနက်ခင်းပေါ့ဗျာ၊ ရွာမှာစာရင်းကောက်ပြီးတာနဲ့ ပေတောရွာကို သွားပြီးစာရင်းဆက်ကောက်ကြမယ်လို့ပြောတယ်၊ ဒါနဲ့ပဲ ရွာကနေ မွန်းလွဲချိန်လောက် ပေတောရွာကို လာခဲ့တာပေါ့ဗျာ။ ခက်တာက ပေတောရွာနဲ့ ကျုပ်တို့ရွာက ကားတစ်စီးမောင်းရလောက်အောင် လမ်းမကောင်းဘူးဗျ၊ တစ်ချို့နေရာကျတော့ လမ်းတွေက ကျဉ်းတယ်၊ ဒါနဲ့ပဲ လှည်းနဲ့သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်ဗျာ။
လှည်းတစ်စီးတည်းသွားတာဆိုတော့ အဲဒီဝန်ထမ်းခြောက်ယောက်ရယ်၊ အဖေရယ်၊ ကျုပ်က သူကြီးလက်ထောက်ဆိုတော့ လှည်းမောင်းပို့ရတာပေါ့ဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ရွာကထွက်ပြီး ပေတောသွားတဲ့လမ်းပေါ်ကို တက်လိုက်တယ်ဆိုရင်ပဲ ကျုပ်စိတ်ထဲ ထင့်ပြီး၊ လေးလေးကြီးဖြစ်လာတာဗျ၊ ခင်ဗျားတို့ကိုတော့ အသေအချာပြန်မပြောပြတတ်ဘူး၊ ကျုပ်လိုဖြစ်ဖူးတဲ့သူတွေရှိရင် သိမှာပါ။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းဆိုရင် လှည်းကိုပြန်လှည့်ချင်နေပေမယ့် အဖေရယ်၊ အရာရှိတွေရယ်ပါတော့ ကျုပ်လည်း ဆက်မောင်းခဲ့ရတာပေါ့ဗျာ။
မုယားကြီးပင် အုပ်အုပ်ကြီးကိုမြင်လိုက်တယ်ဆိုရင်ပဲ ကျုပ်အတော်လန့်သွားခဲ့တာဗျ၊ အရင်တစ်ခေါက်က သဘက်ကြီးငညိုနဲ့ လုံးထွေးခဲ့ပြိးပြီမဟုတ်လားဗျာ၊ သူ့ကိုနိုင်တယ်ဆိုတာကလည်း အကုန်နိုင်အင်းကြောင့်သာ နိုင်ခဲ့တာကိုး၊ အခုက ဘာအင်းမှလည်းမပါဘူးမဟုတ်လား။ ကျုပ်လည်း ဘုရားစာရွတ်ပြီး လှည်းဆက်မောင်းနေရင်း မုယားကြီးပင်အောက်ကိုရောက်တော့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး နွားတွေကလည်း နှာတွေမှုတ်ပြီးတော့ ပေကပ်ကပ်ကြီးဖြစ်နေတာ၊ ကျုပ်ဖြင့် လှည်းကိုမနည်းတွန်းမောင်းရတယ်ဗျ။
နေ့လည်ခင်းဆိုတော့ ခြောက်လှန့်တာက ဒီလောက်ပဲဗျ၊ ကျုပ်က သိပေမယ့် မြို့ကလာတဲ့အရာရှိတွေထဲမှာ မိန်းမနှစ်ယောက်ပါတယ်ဆိုတော့ ကျုပ်လည်းဘာမှမပြောတော့ဘူးပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့ ပေတောရွာရောက်တော့ သူကြီးနဲ့တွေ့ပြီး တိုင်ပင်ကြတယ်၊ သူတို့စာရင်းကောက်ဖို့ ဝိုင်းလုပ်ပေးကြရတာပေါ့ဗျာ။
ဒီလိုနဲ့ ညနေစောင်းသွားတာပေါ့၊ ပေတောရွာသူကြီးက သူတို့ရွာမှာ တစ်ညတည်းဖို့ အားလုံးပြင်ဆင်ထားပြီးသား၊ အရာရှိတွေစားဖို့လည်း ကြက်တွေသတ်ပြီးတော့ ဟင်းကောင်းချက်ထားပြီးသားဗျို့၊ အရာရှိတွေက ညနေစောင်းသွားတော့မှ ဒီရွာမှာ ညမအိပ်ဘူး၊ ပြန်ကြမယ်တဲ့ဗျာ။ ကျုပ်တို့လည်း မပြန်ဖို့ဝိုင်းပြောပါသေးတယ်၊ ဒါပေမယ့် သူတို့က ပြန်မှကိုဖြစ်မှာတဲ့ဗျာ၊ ကျုပ်တို့ရွာကိုပြန်ပြီး ညတွင်းချင်းပဲ ကားနဲ့ မြိုင်သာမြို့ရုံးကိုပြန်မှဖြစ်မယ်တဲ့၊ ကျုပ်တို့တားလည်းမရတာနဲ့ အရာရှိကြီးတွေကို ညစာစောစောကျွေးပြီးတော့ ပေတောကနေ ကျုပ်တို့ထွက်ခဲ့ကြတာပေါ့ဗျာ၊ ပေတောအထွက်တင် ညနေငါးနာရီခွဲပြီးနေပြီ။
ပေတောရွာနဲ့ ကျုပ်တို့ရွာက လှည်းနဲ့ဆို နှစ်နာရီကျော် သုံးနာရီနီးပါးသွားရတယ်၊ ကျုပ်လည်း နေမဝင်ခင် နွားတွေကို အသော့နှင်လာရတာပေါ့ဗျာ၊ မကြာပါပြီး မိုးက စုန်းစုန်းချုပ်သွားပြီဗျ၊ နွားတွေက အမှောင်ထဲတော့ စမ်းတဝါးဝါးသွားနေကြတာပေါ့၊ မုယားကြီးပင်နားကိုရောက်တော့ ညခုနစ်နာရီလောက်ရှိပြီပေါ့ဗျာ။
“ခင်ဗျား တို့သရဲကြောက်တတ်လား”
အဖေက အရာရှိတွေကိုမေးတယ်ဗျ၊ မိန်းကလေးနှစ်ယောက်ကတော့ သွေးပျက်သွားသလိုပဲဗျာ၊ လှည်းပေါ်မှာ ဖန်မီးအိမ်တွေတင်ပြီး မောင်းလာတာဆိုတော့ လင်းနေတာပေါ့ဗျာ။ မိန်းကလေးတွေ လန့်ပေမယ့် ယောက်ျားလေးတွေကတော့ သိပ်ပြီးမကြောက်တဲ့ပုံပဲ။
“ကျုပ်ကတော့ ကြောက်လဲမကြောက်ဘူး၊ ယုံလဲမယုံဘူး”
စစ်ဗိုလ်က အဲဒီလိုထပြောတာဗျ၊ အဖေကတော့ ဘာမှပြန်မပြောပါဘူးဗျာ၊ အေးအေးလူလူပဲ နေလိုက်တယ်၊ ဒါနဲ့ အဲဒီစစ်ဗိုလ်ဆိုတဲ့လူက လှည်းပေါ်မှာစီးလိုက်လာရင်း သူရှေ့တန်းထွက်တုန်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေကိုပြန်ပြောတာပေါ့ဗျာ၊ ပုပ်ပွနေတဲ့အလောင်းကောင်တွေကြားမှာ စခန်းချခဲ့ရတဲ့အကြောင်းတွေ ဘာတွေပေါ့၊ သူကသာ အာပေါင်အာရင်းသန်သန်နဲ့ပြောနေတာ၊ ကျန်တဲ့လူတွေကြည့်ရတာ တော်တော်လန့်နေပြီဗျ။
“ကိုနေမျိုးရယ်၊ ဒီအကြောင်းတွေ ဆက်မပြောပါနဲ့လား”
အတူတူလိုက်လာတဲ့ မိန်းကလေးက ပြောတယ်ဗျ၊ ကိုနေမျိုးဆိုတဲ့ စစ်ဗိုလ်ကလည်း ရယ်မောပြီးတော့
“ဟား၊ ဟား၊ မသင်ဇာတို့ကတော့ ကြောက်တတ်တယ်ပေါ့၊ ဒါတွေက တကယ်မရှိပါဘူးဗျာ၊ သရဲခြောက်မယ်ဆိုရင် အလောင်းကောင်တွေနဲ့နေခဲ့တဲ့ကျုပ်ကပိုပြီး အခြောက်ခံရမပေါ့ဗျ”
ဒီလိုနဲ့ မုယားကြီးပင်ကြီးအောက် ရောက်ခဲ့ပြီပေါ့ဗျာ၊ အဖေက ကျုပ်ပုခုံးကို ပုတ်ပြီးတော့
“ငါ့သား အသာလေးမောင်းစမ်း”
ကျုပ်ကလည်း လှည်းကိုအရှိန်တင်လာတာ တော်တော်မြန်နေပြီဗျ၊ လှည်းပေါ်မှာ လူဘယ်လောက်ပါပါ၊ ဒီအချိန်၊ ဒီအပင်ကြီးအောက်က မဖြတ်ဝံ့ဘူးလေဗျာ၊ မြန်မြန်ဖြတ်မှ တော်ကာကျမယ်ဆိုပြီးတော့ လှည်းမောင်းနေတာပေါ့။
သစ်ပင်ကြီးအောက်ရောက်တော့ သစ်ကိုင်းတွေက တဖြန်းဖြန်းနဲ့ကို လှုပ်နေတာဗျ၊ လေတိုက်လို့လှုပ်တဲ့ပုံစံမဟုတ်ဘူးနော်၊ အသံတွေက ကျယ်လွန်းလို့ ဘေးနားက သစ်ပင်တွေမှာ အိပ်တန်းတက်နေတဲ့ ငှက်တွေတောင် လန့်ပြီးထပျံကုန်တယ်ဗျ။ လှည်းပေါ်ပါတဲ့လူတွေလည်း လန့်ဖျပ်ကုန်တာပေါ့ဗျာ၊ ကျုပ်လည်း ဘာပြောကောင်းမလဲဗျာ၊ နွားတွေကို ကြိမ်နဲ့ နာနာလေးဆက်တို့ပြီးတော့ လှည်းမောင်းနေတုန်း ဝုန်းဆိုပြီး သစ်ပင်ပေါ်က မည်းမည်းအကောင်ကြီးက လှည်းပေါ်ခုန်ချလာတာဗျ၊ သူခုန်တဲ့အရှိန်နဲ့ လှည်းဝင်ရိုးကလည်း ကျိုးကျပါရောဗျာ။
လှည်းပေါ်ပါတဲ့လူတွေဆို အော်လိုက်တာဗျာ ငယ်သံပါတယ်၊ နောက်တော့ အဲဒီသဘက်ကြီးက အဖေ့ကိုဝင်လုံးပြီး လှဲအောက်ဆွဲချသွားတာပဲဗျာ။ ဖုန်တွေကြားထဲမှာ အဖေနဲ့အဲဒီအကောင်ကြီးနဲ့ လုံးထွေးနေတာပဲဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ အဖေထိုင်နေတဲ့ ဘေးနားမှာချထားတဲ့ ဓါးကြီးဆွဲပြီး လှည်းပေါ်က ခုန်ချခဲ့တာပေါ့ဗျာ။ ကိုနေမျိုးဆိုတဲ့လူကတော့ လှည်းပေါ်မှာ ဖင်ပူးတောင်းထောင်ပြီး ဝပ်နေတာဗျ။
အဖေနဲ့ဒီကောင်ကြီးက လုံးနေရင်းနဲ့ နောက်တော့ ငညိုက အဖေ့အပေါ်ကို ခွထားတယ်ဗျ။ အဖေ့ကို လည်ပင်းညှစ်ထားတယ်ထင်ပါတယ်၊ ကျုပ်လည်း လက်ထဲက ဓါးကို အားကုန်လွှဲပြီးတော့ ငညိုရဲ့နောက်စေ့ကို ခုတ်ချထည့်လိုက်တော့တာပဲဗျာ။
ဓါးက ချွင်ခနဲအသံမြည်ပြီးတော့ ကျုပ်လက်ကနေ လွတ်ထွက်သွားတယ်ဗျ၊ မသိရင် ကျောက်တုံးကြီးကို ဓါးနဲ့အားကုန်လွှဲခုတ်လိုက်သလိုမျိုးပေါ့ဗျာ၊ ဓါးကို ကျစ်နေအောင်ကိုင်ထားတဲ့ ကျုပ်လက်တောင်မှ တော်တော်အောင့်သွားသေးတာ။
အဖေက အောက်ကနေ တအစ်အစ်နဲ့ဖြစ်နေပြီ၊ ကျုပ်လည်း ကြံရာမရတဲ့အဆုံး ငညိုကိုအနောက်ကနေ ဝင်ဖက်ပြီး ဆွဲလှဲချလိုက်တာပဲဗျာ၊ ငညိုလည်း အလစ်ခံလိုက်ရလို့ထင်ပါတယ်၊ ကျုပ်လှဲချလိုက်တော့ ပက်လက်ကြီးလဲကျသွားတယ်ဗျ၊ အဲဒီတော့မှ ငညိုနဲ့ကျုပ်နဲ့ အသားချင်းထိဖူးတာ၊ သူ့အသားက ဆူးဆူးကြီးဗျ၊ ချွန်ထက်နေတဲ့အဆူးတွေနဲ့ ထိုသလိုမဟုတ်ဘဲ ပိန္နဲသီးအစူးလို ပုံစံမျိုးဗျ၊ ပြီးတော့ အေးအေးစက်စက်နဲ့ ရေညှိလို ကျိကျိချွဲချွဲကြီးပေါ့ဗျာ။ ငညိုကြီးက ကျုပ်ကိုအတင်းပြန်လုပ်တာဗျ၊ ကျုပ်ကလည်း ကလေးတစ်ယောက်လို သူ့ကျောကုန်းကိုဖက်ထားရတာပေါ့ဗျာ၊ သူ့ကိုယ်ကလည်း အလေးကြီးဗျ၊ နောက်တော့ ငညိုက ကျုပ်ကျောကုန်းကို သူ့လက်နဲ့လှမ်းဖမ်းကိုင်ပြီး ကျုပ်ကိုအတင်းခွာပြီး လွှင့်ပစ်ထည့်လိုက်တော့ ကျုပ်လည်း လမ်းဘေးနားက ချုံပုတ်ထဲ ကျသွားတယ်ဗျ။
လှည်းပေါ်က လူတွေဆို တုတ်တုတ်တောင်မလှုပ်ရဲဘူးဗျို့၊ ဒီကောင်ကြီးက ကျုပ်ဆီကိုတစ်လှမ်းချင်းလျှောက်လာတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒါပေမယ့် စိတ်ထဲကနေ ဦးဘသာကြီးရှိရင်ကောင်းမှာပဲ၊ ဦးသဘာကြီးက ဒီကောင်ကြီးကို နိုင်မှာလို့ ကျုပ်တွေးလိုက်မိတယ်။ ဒီအချိန်မှာပဲ နွားကြီးတစ်ကောင်က လမ်းအတိုင်းပြေးလာပြီးတော့ လမ်းမအလယ်ခေါင်ရောက်နေတဲ့ ငညိုကြီးကို ပြေးပြီးဝှေ့ထည့်လိုက်တာဗျို့၊ ငညိုကြီးက လွင့်ထွက်သွားပြီး လမ်းဘေးကိုကျသွားတာ။ ကျုပ်လည်း ချုံထဲကအနေ အတင်းတိုးထွက်ပြီး အဖေ့ကိုသွားဆွဲရတာပေါ့ဗျာ။
နွားကြီးက ကျုပ်တို့နွားတွေထက် နှစ်ဆလောက်ကို ကြီးတာဗျ၊ ဂျိုကြီးတွေဆိုလည်း ကားကားကြီးနဲ့ ချွန်ထက်နေတာဗျာ၊ ငညိုကြီးကို အလွတ်မပေးဘဲ လိုက်လိုက်ဝှေ့တယ်၊ နောက်တော့ သူ့ခွာတွေနဲ့ ပေါက်၊ ခြေထောက်တွေနဲ့ တက်နင်းတာ၊ ငညိုကြီးက တအုအုနဲ့ လှိမ့်ခံနေရတာဗျ၊
“အလတ်ကောင်၊ နွားတွေချွတ်စမ်း၊ ငါတို့ ရွာကိုပြေးမှဖြစ်မယ်”
ကျုပ်လည်း လှည်းဆီကိုသွားပြီး နွားတွေကိုဖြုတ်ပေးလိုက်တယ်ဆိုရင်ပဲ နွားနှစ်ကောင်က တန်းပြီးပြေးတော့တာပဲ၊ လှည်းပေါ်ကလူတွေကိုလည်း သူတို့အထုပ်အပိုးတွေယူပြီး ဆင်းခိုင်းတာပေါ့ဗျာ၊ နောက်တော့ ကျုပ်တို့သားအဖလည်း အဲဒီလူတွေနဲ့အတူတူ ရွာကိုပြေးလာခဲ့ကြတာပေါ့ဗျာ။
(၅)
ရွာတော်ရှင်နတ်ကွန်းကို ဖြတ်ပြီးတော့မှပဲ ကျုပ်တို့လည်း အသက်ရှူနိုင်တယ်ဗျာ၊ ပြေးလိုက်ရတာ မောလိုက်တာ ပြောမနေပါနဲ့၊ မိန်းကလေးနှစ်ယောက်ကတော့ အမောဆို့နေလို့ မနည်းနှာနှပ်ယူနေရတယ်ဗျ၊ ကျုပ်လည်းရွာထဲကလူတွေ ပြေးခေါ်တော့မှ လူတွေထွက်လာကြတာ။
ကျုပ်တို့အိမ်ကိုပြန်ရောက်တော့ နွားတွေကမရောက်သေးဘူးဗျ၊ နွားနဲ့လှည်းကတော့ မနက်မှလိုက်ရှာမယ်ဆိုပြီးတော့ နေလိုက်ရတာပေါ့ဗျာ၊ လူတွေက ဝိုင်းမေးမြန်းကြ စပ်စုကြတာပေါ့၊ အဲဒီညမှာပဲ သူကြီးနဲ့သူ့သား ငညိုကြီးနဲ့ နပမ်းလုံးတယ်ဆိုတဲ့ သတင်းက ရွာကိုပြန့်သွားပြီပေါ့ဗျာ။
“ကျုပ်လည်း ကြောင်ကြည့်နေမိလို့ဗျ၊ မဟုတ်ရင်တော့ အဲဒီသရဲကျုပ်လက်ချက်နဲ့ နာပြီသာမှတ်”
ကိုနေမျိုးက သူခိုးပြေးမှ ထိုးကွင်းထဆိုသလို လက်သီးလက်မောင်းတန်းပြီးတော့ ပြောတယ်ဗျ၊ ကျုပ်လည်း သူ့ကိုအမြင်ကပ်တာနဲ့
“ဒါဆိုလည်း ကိုနေမျိုးရာ ခင်ဗျားပါလိုက်ခဲ့၊ ကာလသားတွေစုပြိးတော့ ဒီကောင်ကြီးကို သွားရိုက်ကြတာပေါ့”
ကျုပ်ပြောလိုက်တော့ သူ့မျက်နှာကြီး ထိတ်လန့်သွားတာဗျ၊ မျက်လုံးကြီးကို ပြူးနေတာပဲ၊
“ဟာ၊ မရတော့ဘူးဗျ၊ ကျုပ်တို့ပြန်မှဖြစ်မယ်၊ ကျုပ်တို့မှာ သရဲထက်အရေးကြီးတဲ့ တာဝန်တွေရှိသေးတယ်”
ညတွင်းချင်းပဲ သူတို့အုပ်စု ကားလေးနဲ့ပြန်သွားကြပါတယ်။ လည်ပင်းတွေမှာရော လက်တွေမှာပါ ပရိတ်ချည်၊ ပရိတ်ကြိုးတွေဆွဲပေးလိုက်ရတယ်ဗျ၊ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာကိုဆက်ထားတဲ့ လမ်းက ကောင်းတာမို့လို့ သူတို့ဂျစ်ကားလေးက ရိပ်ခနဲပြေးထွက်သွားတော့တာပေါ့ဗျာ။
နောက်နေ့မနက်ပဲ ကျုပ်တို့လူတွေစုပြီး နွားရယ် လှည်းရယ်သွားရှာကြပါတယ်၊ လှည်းကတော့ လမ်းဘေးမှာ တုံးလုံးကြီးလဲလို့ဗျ၊ ဖျက်ဆီးခံထားရတာလည်း ရစရာကိုမရှိဘူး။ ငညိုကြီးက လူကိုမကျေနပ်လို့များ လှည်းကိုတမင်ဖျက်ထားသလားပဲဗျာ၊ နွားတွေကိုရှာရင်း ရွာနားကိုရောက်တော့ တောတန်းအစပ်မှာ ဦးဘသာကြီးကို လှမ်းတွေ့ပါရောဗျာ။
“ဟေ့ အလတ်ကောင်၊ ဒီမှာ မင်းတို့နွားနှစ်ကောင်”
နွားနှစ်ကောင်က ဦးဘသာရဲ့နွားအုပ်ထဲမှာ အေးအေးလူလူရှိနေတာဗျ။
“ဒါနဲ့ ညက ဦးဘသာကြီး လုပ်လိုက်တာမဟုတ်လား”
ဦးဘသာက ပြုံးတယ်ဗျ။
“မင်းဘာပြောတာလဲ၊ ငါဘာမှ မလုပ်ပါဘူး”
“မဟုတ်တာဗျာ၊ ညက နွားကြီးတစ်ကောင်ထွက်လာပြီး ငညိုကြီးကိုခွေ့တာ ဦးဘသာကြီးလုပ်လိုက်တာမဟုတ်လား”
“ပေါက်ပေါက်ရှာရှာကွာ၊ ငါ့ဖာသာငါ အိမ်မှာအိပ်နေတာပါဟ”
ဦးဘသာကြီးက တောထဲတိုးသွားတာနဲ့ ကျုပ်လည်း နွားနှစ်ကောင်ကိုခေါ်ပြီး အိမ်ပြန်ခဲ့တယ်၊ ဦးဘသာကြီးက အမြဲအဲဒီလိုပဲဗျ။ သူကောင်းတာလုပ်ပြီးရင်လည်း သူလုပ်ပါတယ်လို့ ဝန်မခံချင်ဘူး၊ ဒါပေမယ့် ကျုပ်ကလည်း သူနဲ့ပေါင်းတာကြာတော့ သူ့စိတ်ကိုသိပြီးသားပါ၊ ကျုပ်တမ်းတလိုက်တဲ့အချိန်သူရောက်လာတာ၊ ရောက်လာတာကလည်း နွားကြီးကိုးဗျ၊
အခုတော့ မုယားကြီးပင်ကြီးလည်း မရှိတော့ပါဘူးဗျာ၊ ငညိုကြီးဘယ်လောက်ဆိုးဆိုး သစ်ခွဲတဲ့လူနဲ့တွေ့တော့လည်း ခံရတာပါပဲ၊ မုယားကြီးပင်ကိုခွဲတာ သစ်တော်တော်ရလိုက်တယ်ဆိုပဲဗျ၊ ကျေးရွာခြင်းဆက်တဲ့လမ်းဖောက်တော့လည်း အဲဒီနေရာကနေ မဖောက်ဘဲ နေရာအသစ်ကနေဖောက်လိုက်လို့ အဲဒီနေရာကြီးက အခုတော့ဖုန်းဆိုးတောကြီးဖြစ်နေပါပြီ၊ ဘယ်သူမှလည်းတကူးတက မသွားကြတော့ပါဘူး။
ဒါပေမယ့် ဒါပေမယ့် နွားကျောင်းတဲ့လူတို့၊ တောထဲထင်းရှာတဲ့လူတို့တော့ အဲဒီမုယားကြီးပင်အနားရောက်ရင် ငညိုကြိးကိုတွေ့ရသေးသတဲ့ဗျာ၊ သစ်ငုတ်ကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတတ်တယ်ဆိုပဲ၊ ဘယ်လိုချွတ်ချွတ်၊ ဘယ်လိုအမျှဝေဝေ မကျွတ်တဲ့အထဲမှာ အဲဒီ ငညိုကြီးလည်းပါတယ်ဗျ၊ ရွာဦးကျောင်းဆရာတော်က ပြောတာတော့
” ငညိုကြီးက သူ့စကားအတိုင်း သူကျိန်စာမိနေတာကွ၊ ဒီအတိုင်းဆို မင်းအဘိုး လူပြန်ဖြစ်ပြီးတော့ သူကပြန်မသတ်ရသေးခင်အထိ ပြိတ္တာဘဝနဲ့ နှစ်ပေါင်းဘယ်လောက်ကြာအောင် ကျင်လည်နေရမလဲ မသိပါဘူးကွာ ” တဲ့ဗျာ။
ပြီးပါပြီ။