“သရဲကြီး စိုးမင်း”(စ/ဆုံး)

“သရဲကြီး စိုးမင်း”(စ/ဆုံး)
============================

“ဟေ့ကောင် သရဲကြီး၊ မင်းသရဲကိုနိုင်တယ်
ဆိုတာ တကယ်လား”

နိုင်ကြီးက အသုဘအိမ်က အရက်ဝိုင်းမှာ
သရဲကြီးစိုးမင်းကို မေးလိုက်တယ်။ စိုးမင်း
က ကွန်းနောက်ရွာမှာ နာမည်ကြီး။

ကလေးလူကြီးအားလုံးသူ့ကို “သရဲကြီး”လို့ပဲ
ခေါ်ကြတယ်။ ဘာကြောင့် “သရဲကြီးဘွဲ့”ရ
တယ်ဆိုတာတော့ နိုင်ကြီး မသိဘူး။ လူတိုင်း
ခေါ်သလို၊ သရဲကြီးလို့ပဲခေါ်လိုက်တာပဲ။

ရုပ်ဆိုးလွန်းလို့ သရဲကြီးအမည်တပ်ပြီး ခေါ်
တာလည်း မဖြစ်နိုင်ဘူး။ စိုးမင်းရဲ့ရုပ်က အ
သားနည်းနည်းညိုတာပဲ ပြောစရာရှိတယ်။
မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံပေါ်
ပေါ်နှင့် ယောက်ျား ပီပီသရုပ်ပဲ။

ဒါဆို ဘာလို့ သရဲကြီးလို့ ခေါ်တာလဲ။ သရဲကြီး
နေတဲ့ တောင်ပိုင်းက လူတွေဆီ နိုင်ကြီးမေး
ကြည့်တယ်။ ဒီတော့မှ သိရတယ်။ စိုးမင်းက
သရဲကို နိုင်တယ်တဲ့။ သူ့မှာ အစာကျွေးပြီးမွေး
ထားတဲ့သရဲ ရှိတယ်တဲ့။ ဒီလောက်ပဲ နိုင်ကြီး
သိခဲ့တယ်။ ဒါ့ကြောင့် အသုဘအရက်ဝိုင်းမှာ
ဆုံတိုင်း သရဲကြီးစိုးမင်းကို မေးကြည့်လိုက်တာ။

သရဲကြီးစိုးမင်းက နိုင်ကြီးကို ပြုံးပြီးကြည့်
တယ်။

“ဟုတ်တယ်၊ မင်း မယုံလို့လား…”တဲ့။

နိုင်ကြီးကလည်း လက်တွေ့မှယုံတဲ့ကောင်၊
ဒီကြားထဲ တောအရက်လေးကလည်း ဝင်
နေတော့။

“အေး၊ မယုံဘူးကွ၊ ငါက ကိုယ်တိုင်မျက်စိနှင့်
မမြင်ရ ဘာမှမယုံဘူး”

သရဲကြီးကတော့ ခပ်ပြုံးပြုံးပဲ။

“နိုင်ကြီး၊ မင်းယုံအောင်ငါပြမယ်၊ မင်းဘယ်
တော့ ကြည့်ချင်သလဲပြော”

“ဒီညကြာ….”

“အေး ငါပြမယ် တစ်ခုတော့ ရှိတယ်၊ သရဲ
ကောင်ရဲ့ရုပ်ကိုတော့ မင်းမြင်ရမှာမဟုတ်
ဘူးနော်၊ ဒါပေမယ့် မင်းယုံအောင် ငါပြမယ်”

“ရတယ်ကွာ၊ သရဲကို မြင်ရမှာမဟုတ်ဘူး၊
ငါယုံရင်ပြီးတာပဲ”

ဒီလိုနှင့် ညသန်းခေါင်ယံတိတိမှာ သူ့လယ်ထဲ
ကိုလာဖို့ သရဲကြီးက ချိန်းလိုက်တယ်။ ဒါပေ
မယ့် ပြရတဲ့အတွက် နိုင်ကြီးက ဝက်သား
ပိဿတွဲနှစ်တွဲပေးရမယ်။ နိုင်ကြီး သဘော
တူလိုက်တယ်။

ပြီးတော့ အသုဘအိမ်ဧည့်ခံဖို့ အကြောင်းပြု
ပြီး ပိုပိုလျှံလျှံ ဝက်ပေါ်ရောင်းတဲ့ထဲက နှစ်တွဲ
ဆွဲပြီး အိမ်ပြန်လာခဲ့တယ်။ စိုးမင်းပြောတဲ့
စကားအရဆိုရင် တစ်တွဲက သူတို့စားဖို့ တစ်
တွဲကတော့ သရဲကျွေးဖို့ဆိုပဲ။

Xxxxx

ညဆယ်နှစ်နာရီထိုးဖို့ နာရီဝက်လောက်အလိုမှာ
နိုင်ကြီးအိမ်က ထွက်လာခဲ့တယ်။ သူ့လက်ထဲမှာ
ဝါးခြင်းတောင်းတစ်လုံးပါတယ်။ ဝက်သား
တွဲတွေကို ခြင်းထဲထည့်ပြီး အပေါ်က ငှက်ပျော
ဖက်နှင့် လုံအောင်အုပ်ထားရတယ်။

ဒီလိုမဖုံးမအုပ်ဘဲ ဝက်သားတွဲချည်းသွားလို့
ကတော့ သရဲလုတာခံရမှာ သေချာသလောက်
ပဲ။ တေစ္ဆသရဲတို့၊ နာနာဘာဝတို့ဆိူတာက
ညအချိန်မှာမှ အစာရှာထွက်ကြတာကိုး။
အငတ်ငတ်အပြတ်ပြတ်ဘဝနှင့် လူတွေရဲ့
နှပ်၊ သလိပ်၊ တံတွေးကအစ မစင်အညစ်
အကြေးအဆုံး ခက်ခက်ခဲခဲ ရှာစားနေရတဲ့
အကောင်တွေ။

သားစိမ်း၊ ငါးစိမ်းဆွဲလာတာတွေ့လို့ကတော့
ဘယ်တစ္ဆေသရဲမှ အသာကြည့်နေမှမဟုတ်ဘူး။
အတင်းဝင်ပြီးဆွဲကြမှာပဲ။ ဒါကြောင့် ညဘက်
သားစိမ်းငါးစိမ်းသယ်ယူရင် အသားဟင်း
ပေးရင် လုံအောင်ဖုံးအုပ်ပြီး ပေးတတ်ကြတယ်

ညဘက်တွေမှာ ဖားရှာ၊ ငါးရှာထွက်နေကျ၊
ငှက်ပစ်ထွက်နေကျမို့ နိုင်ကြီးမျက်လုံးတွေက
အမှောင်ထဲမှာ ကျင့်သားရပြီးသား…နိုင်ကြီး
ဓာတ်မီးမယူခဲ့တော့ဘူး။ မှုံမွှားမွှားလင်းနေ
တဲ့ ကြယ်ရောင်ကိုပဲ အားကိုးပြုပြီး လာခဲ့
တယ်။ ကြည့်ချင်မြင်ချင် စူးစမ်းချင်တဲ့စိတ်
ကြောင့်သာ လာခဲ့ရတာ။

နည်းနည်းတော့ ခပ်လန့်လန့်ပဲ။ စိုးမင်းရဲ့လယ်
က ရွာအနောက်ဘက် ကျတ်ကုန်းမြေထဲမှာ
ရှိတာကြောင့်ပါ၊ နိုင်ကြီးပယ်မြောင်းပေါ်က
ကန်သင်းရိုးအတိုင်း လျှောက်လာခဲ့တယ်။
လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။

တချို့လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။
လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်
မောင်နှမကုန်းကို ရောက်လာတယ်။

စိုးမင်းရဲ့လယ်တဲက ပေါက်ပင်မောင်နှမ
ကုန်းပေါ်မှာ လယ်တဲထဲမှာ မီးခွက်ထွန်း
ထားပုံရတယ်။ တဲထရံကြားကနေ မီးရောင်
တွေ့နေရတယ်။ နိုင်ကြီးက စိုးမင်းကို လှမ်း
ခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး
နိုင်ကြီးကို လမ်းပြတယ်။

“ကဲ…ရောဟေ့ ငါကတော့ ကတိတည်ပြီနော်”

နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကို
ပေးရင်း ပြောလိုက်တယ်

“အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကို
မှာထားပြီးသားပါ၊ မင်းတဲထဲမှာ ခဏနေခဲ့ဦး
နော်”

စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်
သွားတယ်။ နိုင်ကြီးကြည့်လိုက်တော့ စိုးမင်း
သွားနေတာက တဲရှေ့ လယ်တစ်ကွက်အကွာ
က ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့
စိုးမင်းပြန်လာပြီး နိုင်ကြီးကို ထွက်ခဲ့ဖို့ခေါ်
တယ်

“နိုင်ကြီး၊ မင်းကြောက်တတ်လား”

“မကြောက်တတ်ပါဘူးကွ၊ မင်းကလည်း”

“အေးပါ၊ မင်းမကြောက်တတ်ရင်ပြီးတာပဲ
လာကြည့်လှည့်”

စိုးမင်းက နိုင်ကြီးကို ရိတ်လက်စ စပါးခင်း
ဆီခေါ်သွားတယ်။ သူ့လက်ထဲမှာ စပါးရိတ်တဲ့
တံစဉ်ကြီးတစ်ချောင်းကို ကိုင်ထားတယ်။

“ကဲ.. သူငယ်ချင်းရေ ငါ့ကို စပါးရိတ်ကူပါဦး
ဒီအကွက်ထဲက ရိတ်ဖို့ကျန်တာတွေအကုန်
ရိတ်ပေးပါ၊ သူငယ်ချင်းကိုပြောထားတဲ့အ
တိုင်း စပါးရိတ်ပြီးတာနှင့် ဝက်သားတစ်ပိသာ
ကျွေးပါ့မယ်”

စိုးမင်းက ပါးစပ်ကပြောပြီး တံစဉ်ကြီးကို
ကန်သင်းရိုးပေါ်တင်လိုက်တယ်။ ခဏနေ
တော့ တံစဉ်ကြီးဟာ သူ့အလိုလို လေထဲ
မြောက်သွားတယ်။ နိုင်ကြီး အံ့အားသင့်သွား
တယ်။ ကြက်သီးမွှေးညှင်းတွေတောင် တ
ဖြန်းဖြန်းထလို့။ အကောင်အထည်မတွေ့ရ
ဘဲ တံစဉ်ကြီးက စပါးတွေရိတ်နေတာကို
ရုတ်တရက်သာတွေ့ရရင် လိပ်ပြာစဉ်သွား
မှာ အမှန်ပဲ။

ခုတောင်မှ ကျောချမ်းပြီး ကတုန်ကယင်ကြီး
ခံစားနေရတယ်။ စိုးမင်းရဲ့သူငယ်ချင်းသရဲကို
အကောင်သာမမြင်ရတာ။ စပါးခင်းထဲမှာ
တော့ တဖြောဖြော၊ တဝေါဝေါဆူညံနေတာပဲ။

နာရီဝက်ကျော်ကျော်ကြာမှာ အကွက်ထဲက
စပါးတွေရိတ်ပြီးသွားတယ်။ စိုးမင်း တဲထဲ
က ဝက်သားတဲကြီး သွားယူလိုက်တယ်။

” ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ မင်း
ကူညီလို့ ငါ့လုပ်ငန်းပြီးသွားပါတယ်။ ရော့
ငါ့ကတိအတိုင်းပေးပါတယ်။ မင်းစားဖို့
ဝက်သား ပိဿာတွဲကို လာယူပါ”

စိုးမင်းက ကျေးဇူးတင်စကားပြောပြီး ဝက်
သားတွဲကို မြှောက်ကိုင်ထားတယ်၊ ချက်ချင်း
ဆိုသလိုပဲ။ ဝက်သားတွဲကြီးက စိုးမင်းလက်
က လွတ်ပြီး လေထဲဝဲသွားတယ်။

ဝက်သားတွဲ ဝဲပျံသွားတဲ့ဘက်ကို နိုင်ကြီး
လိုက်ကြည့်တော့ ညဘက်က ပေါက်ပင်
ကြီးရဲ့အရွက်တွေကြားထဲ ဝင်သွားတာ
တွေ့ရတယ်။ နိုင်ကြီး သရဲရိတ်ထားတဲ့ စပါး
ကောက်လှိုင်းထုံးတွေကို သွားကြည့်တယ်

ကောက်လှိုင်းထုံးတွေက လူထုံးတာထက်
နှစ်ဆယ်ကျော်ကျော်ကြီးတာတွေ့ရတယ်။
ပြီးတော့ ကောက်လှိုင်းစည်းဖွဲ့ကြိုးတွေချည်
ပုံကလည်း စနစ်တကျ အမှန်အကန်ပဲ။

နိုင်ကြီးသရဲရဲ့ စပါးရိတ်ကျွမ်းကျင်တာကို
လက်ဖျားခါ ချီးကျူးမိလိုက်တယ်။ အဲဒီည
က နိုင်ကြီးတော်တော်နှင့် မပြန်ဖြစ်ဘူး။
စိုးမင်းရဲ့လယ်ထဲမှာ ထမင်းနှင့် ဝက်သား
ဟင်းချက်စားကြတယ်။

သုဇိတာကျောင်းက အုန်းမောင်းခေါက်သံ
ကြားမှ ပြန်လာတယ်။ အိမ်ခြံဝရောက်တော့
သူလန့်သွားတယ်။ မည်းမည်းအရိပ်ကြီး
တစ်ခုက ပိတ်ပြီး ရပ်နေတယ်။ သေသေ
ချာချာကြည့်တော့မှ မသီဖြစ်နေတယ်။
မသီက ခါးကြီးထောက်လို့….

“တော်..တစ်ညလုံး ဘယ်ကောင်မအိမ် သွား
အိပ်နေတာလည်း ပြော၊ ခုပြော…အသုဘအိမ်
မှာလို့တော့ ပြောဖို့ မစဉ်းစားနှင့် ကျုပ်အသုဘ
အိမ် သွားရှာရတာ နှစ်ခေါက်တောင် ရှိပြီ
အိမ်မှာ ကျုပ်တစ်ယောက်ထဲထားပြီး တော်
ကတော့ မယားငယ်အိမ်သွားနေတယ်
အီး…ဟီး…ဟီး..ဟီး…”

မသီ အော်ကြီးဟစ်ကျယ်ရန်တွေ့ပြီး ချုံးပွဲ
ချ ငိုချလိုက်တာကြောင့် ညက သရဲသွားကြည့်
ရင်း ကျောချမ်းရ၊ ထိတ်လန့်ရတဲ့အရသာ
တောင် နိုင်ကြီးဆီက ခွေးပြေးဝက်ပြေး
ထွက်ပြေးသွားပါရော…။

Xxxx

“စိုးမင်းက ကျတ်ကုန်းမြေထဲမှာ လယ်လုပ်ရင်း
တစ်ညမှာနာနာဘာဝသရဲကြီး တစ်ကောင်နှင့်
တွေ့တယ်တဲ့။ သရဲကြီးက ထန်းပင်ကြီးလောက်
အရပ်မြင့်တယ်ဆိုပဲ။ သူလည်း လန့်သွားတာ
ပေါ့။ တွေ့တာနှင့် ထွက်ပြေးဖို့လုပ်တယ်တဲ့။
ဒါပေမယ့် သရဲကြီးက…

“ငါ့ကို မကြောက်ပါနှင့် ငါမင်းသူငယ်ချင်းလှ
ကျော်လေ”လို့ ပြောတယ်တဲ့။

နိုင်ကြီးက သူ့မယားမသီိကို သရဲကြီးစိုးမင်း
အကြောင်းပြောပြီး စိတ်ပြေအောင်ချော့နေ
ရတယ်။

“ဟင်၊ ဒါဆို တောင်ပိုင်းက အရက်သမားလှ
ကျော်ကြီးက သရဲဖြစ်နေတာပေါ့”

“အေးပေါ့ဟ၊ ပေါက်ပင်မောင်နှမကုန်းပေါ်က
ညဘက်က ပေါက်ပင်ကြီးမှာနေတာ ဝက်သား
တွဲကြီးလေထဲကနေ အဲဒီပေါက်ပင်ဆီသွားတာ
ငါကိုယ်တိုင် တွေ့ခဲ့တာ”

“တော် မကြောက်ဘူးလား…”

“စိုးမင်းလည်းရှိတယ်။ ငါကလည်း ကြည့်ချင်
သိချင်နေတယ်။ ပြီးတော့ သရဲက အကောင်
အထည်မပြဘူးလေ။ ဒါကြောင့် သိပ်တော့
မကြောက်မိဘူး ဒါတောင် သရဲက စပါးတွေ
ရိတ်တာမြင်ရတော့ ကြက်သီးတွေတောင်
တဖြန်းဖြန်း ထမိသေးတယ်ဟ…နေဦး
ငါပြောတာ ဘယ်ရောက်သွားပြီလဲ….အဲ
အဲ သရဲက သူ့အချစ်ဆုံးသူငယ်ချင်း လှကျော်
ဖြစ်နေတော့ စိုးမင်းအံ့သြသွားတာပေါ့”

“ဒီဘဝမှာ စားရသောက်ရဖို့ သိပ်ခက်ခဲတာပဲ သူငယ်ချင်းရာ၊ စားစရာရှိရင် ငါ့က်ိုကျွေးပါဦး။
ငါမင်းခိုင်းတာ လုပ်ပေးပါ့မယ်”လို့ သရဲက
ပြောသတဲ့။ စိုးမင်းလည်း သူ့သူငယ်ချင်းကို
သနားပြီး ကျွေးမွေးစောင့်ရှောက်နေတာတဲ့။

တစ်ခါတရံတော့လည်း အကူအညီတောင်းပြီး
ခိုင်းတာပေါ့။ သူက ဒီလိုခိုင်းတာတွေ၊ ပေါက်
ပင်မှာ သားစိမ်းငါးစိမ်းတွေချိတ်ပြီး သရဲကျွေး
တာတွေကို တစ်ဦးစနှစ်ဦးစ မြင်ရ၊ တွေ့ရင်း
ကနေ စိုးမင်း သရဲမွေးထားတယ်လို့ နာမည်
ကြီးသွားတာ။

ဒါ့ကြောင့် စိုးမင်းကိုလည်း သရဲကြီးစိုးမင်းလို့
ခေါ်ကြတာတဲ့…၊

“ဒါဆို ကျုပ်တို့ကြားဖူးသလို၊ သရဲကို ဖဲဝိုင်း
တွေ၊ အနီထောင်ဝိုင်းတွေ ခေါ်သွားပြီး နိုင်
အောင်လုပ်လို့မရဘူးလား”

“ငါလည်း စိုးမင်းကို ဒီအကြောင်းမေးကြည့်တာ
သူပြောတာကတော့ မရဘူးတဲ့။ သူတို့မှာ အပိုင်
နယ်မြေ ကန့်သတ်ထားတာရှိသတဲ့။

အဲဒီနယ်မြေအတွင်းမှာပဲ နေရတယ်။ အစာရှာ
ရတယ်တဲ့။ နယ်ကျော်လို့မရဘူးတဲ့။ တစ်ခုတော့
ရှိတယ်။ သူ့နယ်မြေထဲမှာဆိုရင်တော့ ကူညီ
လို့ရသတဲ့။

ဒါကြောင့် စိုးမင်းက တစ်ခါတစ်ခါ သူ့လယ်ထဲ
မှာချိန်းပြီး ဖဲရိုက်ကြတာ ဒီလိုရိုက်တိုင်း သူ့
ချည်းပဲနိုင်တာဆိုတော့ သူ့အကြောင်း သိသွား
ကြတယ်။ ဒါ့ကြောင့် သူ့လယ်ထဲမှာ ဘယ်သူ
မှလာပြီး ဖဲမရိုက်ကြတော့ဘူးတဲ့…။

ငါက အသုဘအိမ်မှာ စိုးမင်းကိုတွေ့တော့ သိ
ချင်တာနှင့် မေးကြည့်တယ်။ စိုးမင်းက ညကျ
ရင်လာခဲ့ဆိုလို့ သွားကြည့်တာပါဟာ။ဘယ်
မိန်းမအိမ်မှာ သွားတာမဟုတ်ပါဘူး”

နိုင်ကြီး ဒီလောက်ရှင်းပြတော့မှ မသီ စိတ်ဆိုး
ပြေသွားတယ်။ ဒါပေမယ့် မသီပြောလိုက်
တော့ စကားကြောင့် နိုင်ကြီး မျက်လုံးပြူးသွား
တယ်။

“မသီက သူလည်းကြည့်ချင်တယ်”တဲ့လေ။
နိုင်ကြီးက လန့်သွားမှာစိုးလို့ မကြည့်ဖို့တား
တယ်။

မသီကတော့ “တော်လည်းပါမှာပဲ မရဘူး။
ကြည့်မှာပဲ”တဲ့ ဇွတ်၊ နောက်ဆုံးဘယ်လိုမှ
ပြောမရတာနှင့် နိုင်ကြီးသဘောတူလိုက်ရ
တယ်။ “စိုးမင်းနှင့် တိုင်ပင်ပြီးရင် သွားကြည့်
မယ်”လို့လည်း ကတိပေးလိုက်တယ်။

နိုင်ကြီးနှင့် မသီဆိုတာ ခန္ဓာကိုယ်အနေအထား
ချင်း ဆင်နှင့်ဆိတ်လိုကွာတယ်။ နိုင်ကြီးက
အရပ်ခြောက်ပေနီးပါး ထွားထွားကျိုင်းကျိုင်း
သန်သန်မာမာ။ မသီက ပုပုသေးညှက်ညှက်။
ဒါတောင် နိုင်ကြီး မသီကို ကြောက်ရတယ်။
ဘာကြောင့်လည်း မသိဘူး။ အင်းလေ ချစ်
လို့၊ ချစ်လို့ပဲဖြစ်မှာပါနော်။

Xxxxxx

ဒီနေ့ သရဲကြီးနှင့် ချိန်းထားတဲ့ည။ တစ်ရွာလုံး
အိပ်မောကျပြီး တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ
နိုင်ကြီးနှင့် မသီတို့လင်မယား အိမ်က ထွက်
လာကြတယ်။ ထုံးစံအတိုင်းပဲ နိုင်ကြီး လက်
ထဲမှာ ဝက်သားနှစ်တွဲထည့်တဲ့ ဝါးခြမ်းတစ်
လုံးကို ကိုင်လာတယ်။

“မသီ…နင် ဖြစ်ရဲ့လား…. မဖြစ်ရင်ပြောနော်
လှည့်ပြန်ကြမယ်”

နိုင်ကြီး သူ့မယား မသီကြောက်မှာ အရမ်းစိုး
ရိမ်နေတယ်။ ဟုတ်တော့ ဟုတ်တယ်။ အ
ကြောက်လွန်ပြီး မသီ တစ်ခုခုဖြစ်သွားရင်
နိုင်ကြီးပဲ ရင်ကျိုးရမှာ။ မသီကလည်း
အာဂသတ်တိခဲ။

“ဖြစ်ပါတယ်တော် တော်ကလည်း ကျုပ်ကိုများ
အထင်သေးလိုက်တာ မသီတဲ့ လုံးဝမကြောက်
ဘူး”

မသီဆီက ရဲရဲတောက်အသံကြားမှာ နိုင်ကြီး
စိတ်ချသွားတယ်။ ဒါတောင် လုံးလုံးစိတ်ချ
တာတော့ မဟုတ်သေးဘူး။

ဒါပေမယ့် သိပ်တော့ ကိစ္စရှိမှာမဟုတ်ပါဘူး။
သရဲကြီးစိုးမင်းကို ပြောပြပြီးသား။ မသီသိ
ရုံသဘောလောက်ပဲ ပြဖို့။ ဒီလိုနှင့် သူတို့လင်
မယား ပေါက်ပင်မောင်နှမကုန်းကို ရောက်လာ
ကြတယ်။ နိုင်ကြီးအသံပေးလိုက်တာကြောင့်
စိုးမင်း လယ်ထဲကနေ ထွက်လာပြီးကြိုတယ်

“မသီ မကြောက်နှင့်နော်”လို့ စိုးမင်းက
ပြောတယ်

“အေးပါဟ”လို့ မသီပြောပေမယ့် အသံက
နည်းနည်း တုန်နေတယ်။ မကြောက်ဘူးဆို
ပေမယ့် မသီစိတ်လှုပ်ရှားနေတာတော့
သေချာတယ်။ ခဏတစ်ဖြုတ် စကားပြော
ပြီးတာနှင့် စိုးမင်းက သူ့အစီအစဉ်က စ
တယ်။

“နိုင်ကြီးရေ မင်းနှင့်မသီ တဲပေါက်ဝကပဲ
ရပ်ကြည့်နေကြ ငါပေါက်ပင်ကနေ ငါ့သူ
ငယ်ချင်းရဲ့ကျောကိုစီးပြီး တဲပြန်လာမယ်။
မသီလည်း ဒီလောက်ကြည့်ရရင် တော်ပြီ
ပေါ့နော်။ ငါတို့လာရင် နိုင်ကြီးက ဝက်သား
တစ်တွဲ မြှောက်ကိုင်ထားပေး…လှကျော်
ဆွဲယူလိမ့်မယ်။ ဘာမှမကြောက်နှင့်…”

မှာစရာရှိတာ မှာပြီးတာနှင့် စိုးမင်းပေါက်ပင်
ကြီးဘက် ထွက်သွားတယ်။ နိုင်ကြီးက ဝက်
သားတွဲတစ်တွဲ ယူလိုက်တယ်။ ပြီးတော့
မသီကို ခေါ်ပြီးတဲပေါက်ဝ ထွက်လာခဲ့တယ်
မသီကို ကြည့်ပြီး နိုင်ကြီး ရီတောင်ရီချင်
လာတယ်။မိန်းမတွေများ တယ်ခက်တာပဲ။
“ကြောက်မယ် မကြည့်ပါနင့် ဆိုတော့ လုံးဝ
ပြောလို့ရဘူး။

ဟော ကြည့်ရတော့မယ်ဆိုတော့လည်း ကြောက်
နေပြန်ရော….

ဟုတ်တယ် ဘာမှမတွေ့ မမြင်ရခင်ကတည်း
က မသိ ကြောက်စိတ်ပေါ်နေပြီ။ မသီကိုယ်
လုံးလေး နည်းနည်းတုန်နေတယ်။ လက်မှာ
လည်း ချွေးတွေစို့ပြီး အေးနေတယ်။

သူတို့လင်မယား ပေါက်ပင်ကြီးရှိရာ အမှောင်
ထဲကို မျှော်ကြည့်နေကြတယ်။ မှောင်နေတယ်
ဆိုပေမယ့် ဘာမှမမြင်ရအောင် ပိန်းပိန်းပိတ်
မှောင်နေတာ မဟုတ်ဘူး။ လဆန်း ရှစ်ရက်
လရောင်ရှိတယ်။ ကြယ်ရောင်တွေရှိတယ်
ဆိုရရင် သဲသဲကွဲကွဲထင်ထင်ရှားရှား မဟုတ်
တောင်ခပ်လှမ်းလှမ်းထိ အရိပ်အယောင်တော့
မြင်ရတယ်။

တော်တော်လေးကြာတော့ ပေါက်ပင်
အောက်က မည်းမည်း အရိပ်ကြီးတစ်ရိပ် ထွက်
လာတာကို မှုံမွှားမွှား မြင်လိုက်ကြရတယ်။

မသီ ပူးပူးကပ်ကပ်တိုးလာတာ နိုင်ကြီးသတိ
ပြုမိလိုက်တယ်။ နိုင်ကြီးက”ငါတစ်ယောက်လုံး
ရှိတယ်၊ မကြောက်ပါနှင့်”ဆိုတဲ့သဘောနဲ့ မသီ
ရဲ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်
ထားတယ်

မည်းမည်းအရိပ်တဖြေးဖြေး နီးလာလေ မသီက
နိုင်ကြီးဘက် တိုးကပ်လာလေနှင့် နောက်ဆုံးမှာ
မသီ၊ နိင်ကြီးရဲ့ ကျောနောက်ကို ရောက်သွား
တယ်။ မရဲတရဲ ခေါင်းပဲထွက်ပြီး ကြည့်နေတယ်

လက်တွေကတော့ နိုင်ကြီးရဲ့နောက်ဘက်က
ပုဆိုးစကို တင်းနေအောင် ဆွဲထားလေရဲ့။
တဖြေးဖြေး မည်းမည်းအရိပ်ကြီးက နီးလာ
တယ်၊ တစ်စတစ်စ ထင်ရှားလာတယ်.
“အမလေး”မသီလန့်အော်လိုက်တယ်။

ဟုတ်တယ်၊ မြင်ရတဲ့ မြင်ကွင်းက မသီအတွက်
ထိတ်လန့်တုန်လှုပ်စရာပါပဲ။ စိုးမင်းက သူမှာ
သွားသလိုပဲ။ သူ့သူငယ်ချင်းရဲ့ကျောကို
စီးလာတယ်။ ဒါပေမယ့် သရဲအကောင်ကို
မမြင်ရဘူး။ ကျော်ပိုးစီးတဲ့ အနေအထားနှင့်
စိုးမင်းကိုပဲ လေထဲမျောနေတာ တွေ့ရတယ်

နိုင်ကြီးတောင် အမှတ်တမဲ့ မင်တက်မိသလို
ဖြစ်သွားတယ်။ ကယောင်ချောက်ချားတောင်
ဖြစ်လို့…ပါးစပ်အဟောင်းသားနှင့် ငေးကြည့်
နေမိတယ် စိုးမင်းက မလှမ်းမကမ်းထိ
ရောက်လာပြီ။

“နိုင်ကြီး ဝက်သားတွဲကို မြှောက်ထားပေး
မြှောက်ထားပေး”

စိုးမင်းအော်သံကြားမှ နိုင်ကြီး သတိရပြီး
ဝက်သားတွဲကို ကိုင်မြှောက်ပေးလိုက်တယ်

“သူငယ်ချင်းရေ မင်းစားဖို့ ဝက်သားတွဲကို
အသာအယာ ယူလိုက်နော်”

ခဏနေတော့ နိုင်ကြီးလက်ထဲက ဝက်သား
တွဲဟာ တစ်ယောက်ယောက်က  ဆွဲယူလိုက်
သလိုခံစားလိုက်ရပြီး လေပေါ် မြှောက်သွား
တယ်။

“ကဲ သူငယ်ချင်းရေ ငါတို့ပေါက်ပင်ကို
ပြန်ကြစို့”

မသီကြောက်မယ်ဆိုလည်း ကြောက်စရာပါပဲ။
စိုးမင်းဟာ ကျောပိုးစီးရက် အနေအထားနှင့်
လေထဲမှာ ကျောခိုင်းပြီး ပေါက်ပင်ကြီးဘက်
ပြန်လှည့်သွားတယ်။ ဝက်သားတွဲကြီးကလည်း
ဘယ်သူမှမကိုင်ဘဲ လေထဲဝဲပြီးလိုက်သွား
တယ်။ စိုးမင်း ပေါက်ပင်ကြီးအောက်
အမှောင်ရိပ်မှာ ပျောက်သွားမှ နိုင်ကြီးမသီကို
သတိရတော့တယ်

မသီကို ကြည့်လိုက်တော့ ပါးစပ်အဟောင်း
သား မျက်လုံးကြောင်ကြောင်နှင့်။ နိုင်ကြီး
စိုးရိမ်သွားတယ်။ ထိတ်လန့်တုန်လှုပ်သွား
တယ်

မသီ…မသီ…မသီ…

ပုခုံးကို ပုတ်ပြီး အဆက်မပြတ် လှုပ်နိုးတယ်။
မသီ ခွေခနဲ ပုံကျသွားတယ်။ အဲဒီအချိန်မှာ
စိုးမင်းပြန်ရောက်လာတယ်။ “မသီ ဘာဖြစ်
လို့လည်း”လို့မေးတယ်

“အကြောက်လွန်ပြီး သတိမေ့သွားတာနှင့်
တူတယ်ကွ”နိုင်ကြီး ဒီလောက်ပဲပြောနိုင်တယ်
မသီ ကိုယ်လုံးလေးကို စွေ့ခနဲ ပွေ့ပြီး ပုခုံးပေါ်
တင် အိမ်ကို တန်းပြေးလာခဲ့တယ်။

အိမ်ရောက်တော့ မသီကို အိပ်ရာကုတင်ပေါ်
အသာအယာ ချပြီး အဘဆရာပြေးပင့်ဖို့လုပ်
တယ်။ ဒီတုန်းမှာပဲ မသီဆီက တဟားဟားနှင့်
အူလှိုက်သည်းလှိုက်ရယ်သံကြီးထွက်တယ်

သရဲပူးတာလား၊ တစ္ဆေကပ်လာတာလား။

နိုင်ကြီး စိတ်ပူနေတုန်းမှာပဲ မသီပါးစပ်က
အသံထွက်လာတယ်

“ကိုနိုင်၊ ငါဘာမှ မဖြစ်ဘူး။ အိမ်ကိုလမ်း
လျှောက်ပြန်ရရင် ခြေညောင်းမှာစိုးလို့
နင့်ပုခုံးပေါ်က လိုက်ရအောင် ကြံလိုက်
တာ”

တဲ့ ကောင်းရော။ မသီအတွက် စိုးရိမ်သောက
ကြီးစွာ ပူပင်ခဲ့ရတဲ့ နိုင်ကြီးခမျာ စိတ်ဆိုးရ
မလိုလို၊ ဝမ်းသာရမလိုလို။ ကယောင်ချောက်
ချားတောင် ဖြစ်သွားတယ်။

အော် မသီ၊ မသီ။

နိုင်ကြီးလို ကျားကိုးစီးမကုန်တဲ့ ယောက်ျား
ရင့်မာကြီးကိုတောင် စကားလေးတစ်ခွန်း
ထဲနှင့် မွှတ်နေအောင်လှည့်ပစ်လိုက်နိုင်တဲ့
မသီပါလားနော်။

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ ( ချောင်းဦး)

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ( ရွှေပေါက္ကံ)

#Credit

စာဖတ်သူတိုင်း စိတ်ရွှင်လန်းကြပါစေ