သရဲမွေးတဲ့ကိုဘအေး

*စုန်းထီးကြီး ဦးဘသာနှင့် သရဲမွေးတဲ့ ကိုဘအေး*📖📖📖

*****************************************

(၁)

ဟိုနေ့က ခင်ဗျားတို့ကို မယဉ်အကြောင်းပြောပြမယ်ဆိုပြီး ပြောဖူးတယ်မဟုတ်လားဗျ၊ ဒါပေမယ့် မယဉ်အကြောင်းမပြောခင်မှာ ကိုဘအေးဆိုတဲ့လူအကြောင်း အရင်ပြောမှ ခင်ဗျားတို့ဇာတ်ရည်လယ်မှာဗျို့၊ ကိုဘအေးဆိုတဲ့လူက မယဉ်ရဲ့အကိုပေါ့ဗျာ၊ ကျုပ်တို့တော့ မမှီလိုက်ပါဘူး၊ ကျုပ်တို့ ခပ်ငယ်ငယ်မှာပဲ ကိုဘအေးက သေသွားခဲ့ပါပြီ၊ ဒီအကြောင်းတွေကတော့ အဖေပြောဖူးတာတွေ၊ အမေပြောဖူးတဲ့အကြောင်းတွေကို ကျုပ်ကပြန်ပြောပြတာပါ။

ကျုပ်တို့ရွာအရှေ့ပိုင်းမှာ ကိုဘအေးနဲ့ မယဉ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်ဗျ၊ သူတို့မိဘတွေက ကိုဘအေးတို့ အသက်ဆယ်နှစ်လောက်ကတည်းက မြိုင်သာကို ပဲရောင်းသွားကြပြီး ငွေတွေရလာလို့အပြန်၊ လမ်းမှာ ဓါးပြတိုက်ခံရပြီးတော့ ဓါးပြတွေသတ်လို့ သေပါရောလားဗျာ၊ အဲဒီတော့ ကိုဘအေးနဲ့ မယဉ်နဲ့ မောင်နှမနှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ဗျာ။ ဖြစ်ချင်တော့ ကိုဘအေးတို့ရဲ့ယာခင်းတွေကို ဘုရားဒကာကြီး ဦးဘဖြူဆီမှာ အပေါင်ထားတာဆိုပဲတဲ့ဗျာ၊ သူတို့မိဘတွေ နာရေးနဲ့ တခြားအသုံးစရိတ်တွေသုံးလိုက်ရတာကြောင့် ဦးဘဖြူက ထုံးစံအတိုင်း ကိုဘအေးတို့ယာခင်းတွေကိုသိမ်းပြိး ငွေတွေပြန်အမ်းလိုက်တာပေါ့ဗျာ၊ ဒီတော့ ကိုဘအေးတို့ မောင်နှမမှာ နေ့ချင်းညချင်း ဆင်းရဲသွားပါရော။

ကိုဘအေးက လူပေလူတေတစ်ယောက်ဗျ၊ သူ့အသက်က သုံးဆယ်နီးပါးရှိနေပေမယ့် ရွာမှာသူ့ကိုယူမယ့်မိန်းကလေးမရှိဘူးတဲ့ဗျာ၊ ကာလသားဆိုပေမယ့် ရွာခံကာလသားတွေနဲ့လည်း မတည့်ဘူး၊ ကိုဘအေးက အမြဲမူးယစ်သောက်စားနေပြီးတော့ မိုက်မိုက်ရိုင်းရိုင်းနေတတ်လို့ပေါ့ဗျာ၊ ပြောရရင် လူမိုက်ပေါ့။ ဒါပေမယ့် သူ့ညီမ မယဉ်ကိုတော့ သိပ်ချစ်တာဗျ၊ မယဉ်က ကိုဘအေးထက် သုံးနှစ်လားပဲငယ်တယ်၊ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမယ့်အရွယ်ဆိုပေမယ့် ကိုဘအေးကိုကြောက်လို့ ရွာကလူတွေ မယဉ်ကိုယူဖို့နေနေသာသာ စကားတောင်ကြာကြာမပြောရဲကြဘူးတဲ့ဗျာ၊ ယောက်ျားလေးတစ်ယောက် မယဉ်နဲ့စကားပြောပြီဆိုရင် နောက်နေ့တော့ ကိုဘအေးလက်ချက်မိပြီပဲဗျာ၊ မိန်းကလေးတွေစကားပြောပြန်ရင်လည်း သူ့ညီမကို တစ်ယောက်ယောက်နဲ့စေ့စပ်ပေးတာလို့ထင်ပြီး ပြဿနာရှာရောပဲတဲ့ဗျ၊ ဒါနဲ့ မယဉ်က ရွာမှာ ကြည့်ခွင့်ပဲရှိတယ်၊ ထိခွင့််မရှိဆိုတဲ့ မိန်းကလေးပေါ့ဗျာ။

ကိုဘအေးက သူ့လယ်တွေဆုံးသွားကတည်းက သားသတ်အလုပ်လုပ်တယ်ဗျ၊ ဝက်ဖြစ်ဖြစ်၊ နွားဖြစ်ဖြစ် သတ်ပြီးတော့ ပေါ်ပေးတယ်ပေါ့ဗျာ၊ ကြက်တို့ ဘဲတို့လောက်ဆိုရင် မျက်တောင်တစ်ချက်မခတ်ဘဲ ထမင်းစားရေသောက်ပေါ့၊ ရွာမှာက သားသတ်ရုံတို့၊ သားသတ်လိုင်စင်တို့ မရှိကြပါဘူး၊ ဒီတော့ ကျုပ်တို့ရွာထဲကပဲဖြစ်ဖြစ် အနီးအပါး ပေတောရွာ၊ ထောက်ရှာ၊ ဒွေးချောင်းဘက်ကပါ အသားပေါ်ချင်တယ်ဆိုလို့ကတော့ ကိုဘအေးဆီကိုရောက်လာတာပဲပေါ့ဗျာ၊ ကျုပ်တို့ရွာတွေမှာ ဒီလိုနည်းနဲ့မှ အသားစားရတာဗျ၊ မြို့လိုဈေးသွားပြီး ဝယ်လို့မှမရတာပဲကိုး။

လူတစ်ယောက်ယောက်က အသားပေါ်ပေးဖို့ဆိုရင် ကိုဘအေးဆီကို နွားတွေ၊ ဝက်တွေ ဆွဲလာတော့တာပါပဲ၊ ရွာအရှေ့ပိုင်းက ကိုဘအေးအိမ်မှာ နွားတွေ၊ ဝက်တွေ ထားခဲ့တယ်၊ ကိုဘအေးက နောက်တစ်နေ့မနက် သိပ်နေမမြင့်ခင်ကတည်းက အဲဒီနွားတွေ၊ ဝက်တွေဆွဲပြီး ရွာအပြင်ထွက်သွားတော့တာပါပဲ၊ နွားတွေ၊ ဝက်တွေကလည်း သူတို့ကိုသတ်မယ်မှန်းသိလို့လားတော့မသိဘူးဗျ၊ ရုန်းကန်ပြီးတော့ အော်ဟစ်နေတာပဲ၊ ဒီအခါ ကိုဘအေးက အဲဒီနွားတွေ၊ ဝက်တွေကို ဆူဆဲပြီးတော့ မရရအောင်ခေါ်ထုတ်သွားတာပဲ၊ မနက်မိုးလင်းလို့ ရွာလယ်လမ်းမှာ နွားသံ၊ ဝက်သံ၊ ဆူသံ၊ ဆဲသံကြားရပြီဆိုရင်တော့ အဲဒါ ကိုဘအေးရဲ့ အသံပါပဲဗျာ။ စောစောစီးစီး အမင်္ဂလာသံပေါ့။

တစ်ရက်တော့ ကိုဘအေးက ဝက်တစ်ကောင်ဆွဲပြီး ရွာပြင်ထွက်တော့ ဆွမ်းခံကြွလာတဲ့ ရွာဦးကျောင်းဆရာတော်နဲ့တွေ့ပါရောဗျာ၊ ဝက်ကလည်းအတော်ရုန်းနေတာဗျ၊ နောက်တော့ ကိုဘအေးက ဝက်ကို သူကိုင်လာတဲ့ ဝက်ထိုးတဲ့လှံနဲ့ ခပ်ဆွဆွထိုးတော့ ဝက်တစ်ကိုယ်လုံးလှံပေါက်ရာဖြစ်ပြီးတော့ သွေးစိမ်းရှင်ရှင်စီးကျလာတာပေါ့ဗျာ၊ ဒါကို ဆရာတော်တွေ့တော့ မနေနီုင်ဘူးတဲ့ဗျ။

“ဟေ့ကောင်ဘအေး၊ မင်းသူများအသက်ကို ကြပ်ကြပ်သတ်နော်၊ မင်းရဲ့အကုသိုလ်ကံက မင်းကိုတစ်နေ့ပြန်ပြီး အကျိုးပေးလိမ့်မကွ”

ဆရာတော်ပြောတော့ ကိုဘအေးက ဆရာတော်ကိုမော့ကြည့်တယ်ဗျ။

“အောင်မယ်၊ ဘုန်းကြီး၊ ဝက်သတ်တာတော့ အကုသိုလ်များသလေးဘာလေးနဲ့၊ ဝက်သားဟင်းနဲ့ဆွမ်းကပ်ရင်တော့ ခေါင်းမဖော်တမ်းစားမယ့်သူကများ”

ရွာဦးကျောင်းဆရာတော်ကတော့ ကိုဘအေးကို နားချမရတဲ့အဆုံး ဝက်ကြီးကိုပဲကြည့်ပြိးတော့ မေတ္တာပို့ပေးခဲ့ပါတယ်၊ ကိုဘအေးလည်း မကျေမနပ်နဲ့ ဝက်ကိုလှံနဲ့ထိုးဆွရင်း ရွာပြင်ကို မောင်းလာခဲ့တာပေါ့ဗျာ။

ကျုပ်တို့ သားသတ်ကုန်းလို့ခေါ်တဲ့ ရွာအပြင်အနောက်ဘက်က ရေတွင်းကြီးအနားကို ကိုဘအေးက တစ်ယောက်တည်းသွားတာဗျ၊ ပြီးတော့ ဝက်ကိုသတ်တော့တာပဲဗျာ၊ အဲဒီနေရာက သရဲခြောက်လွန်းလို့ ကျုပ်တို့ရွာကလူတွေတောင် လေးငါးယောက်လောက်ပါမှ သွားရဲတဲ့နေရာဗျ၊ ကိုဘအေးကတော့ သရဲမကြောက်တတ်ပါဘူးဗျာ၊ တော်တော်သတ္တိကောင်းတဲ့လူဗျ၊ သူပြောဖူးတာကတော့ သရဲတောင်မှ သူနဲ့တွေ့လို့ထွက်ပြေးရသတဲ့၊ အဲဒါနဲ့ သူ့ကိုယ်သူတောင်မှ သရဲကထွက်ပြေးရတဲ့ “သရဲပြေး ဘအေး” ဆိုပြီးတော့တောင် အမည်မှည့်ထားပါရောလား။

ဝက်တစ်ကောင်သတ်တာက လက်ယဉ်နေတဲ့ ကိုဘအေးအတွက်တော့ ငါးမိနစ်တောင် မကြာဘူးဆိုပေမယ့် ဒီနေ့ကတော့ ဒီဝက်ကြီးက ဘယ်လိုမှ သတ်လို့မသေဘူးတဲ့ဗျ၊ လှံနဲ့နံကြားကိုထိုးပေမယ့်လည်း ဝက်အရေပြားကို လှံသွားက မပေါက်ဘူးတဲ့ဗျ၊ ဓါးနဲ့လည်ပင်းကိုခုတ်တော့လည်း ဓါးမတိုးဘူးတဲ့၊ ဒီတော့ ကိုဘအေးကတော်တော်ဒေါသထွက်နေတာပေါ့။

“ဟုတ်ပြီ၊ မနက်က ဘုန်းကြီးကြောင့်ဖြစ်မယ်၊ ဘုန်းကြီးက ငါဝက်သတ်ဖို့ယူလာတာကိုတွေ့တော့ ပွစိပွစိနဲ့ ဘာပြောသလဲမှမသိတာ၊ ဒီဝက်ကိုသတ်မရတာ ဒင်းလက်ချက်ဖြစ်မှာ”

လို့တွေးပြီးတော့ ဝက်ထိုးတဲ့ လှံကိုင်ပြီးတော့ ရွာထဲကို ခြေလှမ်းကျဲကြီးနဲ့ ဝင်လာခဲ့တာပေါ့ဗျာ။ ရွာထိပ်ရောက်တယ်ဆိုရင်ပဲ ရွာဦးကျောင်းဆရာတော်ကို အမျိုးစုံဆဲဆိုတော့တာပဲတဲ့ဗျာ၊ ကိုဘအေး ဒေါသတကြီးနဲ့ရွာထဲဝင်လာတာကို မြင်တော့ ရွာသားတွေလည်း ထိတ်လန့်ပြီးတော့ သူ့အနောက်ကနေ လိုက်လာတာပေါ့။

“သတ်မယ်၊ ဒီကောင်းကျိုးမပေးတဲ့ ဘုန်းကြီးကို ငါသတ်မယ်”

လှံကြီးတကားကားနဲ့ ပြောတာဆိုတော့ ရွာသားတွေလည်း ကြောက်လန့်ကုန်တာပေါ့ဗျာ၊ ဦးဘဖြူတို့လည်း အိမ်ထဲကနေထွက်လာပြီး ဖြောင်းဖျကြသေးတယ်။ ဒါပေမယ့် ကိုဘအေးကို ဘယ်သူမှဝင်မဆွဲရဲဘူးတဲ့ဗျ။

“လာစမ်း၊ ကြိုက်တဲ့ကောင် ကျုပ်ကိုလာတား၊ တားတဲ့ကောင်ကို အရင်လှံနဲ့ထိုးသတ်မယ်”

ကိုဘအေးလက်ဆကို လူတွေကသိတော့ ဘယ်သူမှဝင်မပြောရဲကြဘူးတဲ့ဗျ၊ ယုတ်စွအဆုံး ကာလသားခေါင်းတောင်မှ ကိုဘအေးကိုပြောမရလို့ နောက်ဆုံးအဖေ့ကိုလာပြေးခေါ်ရတယ်တဲ့ဗျာ။ ဒီလိုနဲ့ ကိုဘအေးတစ်ယောက် ရွာဦးကျောင်းထဲကိုရောက်လာတာပေါ့၊ ရှေးဟောင်းကျောင်းကြီးရဲ့ အရှေ့မှာရပ်ပြီးတော့ အော်တယ်။

“ဟေ့ ကတုံး၊ အလကားဘုန်းကြီး ထွက်လာခဲ့စမ်း၊ သူများ ထမင်းအိုးကိုခွဲရတာ တော်တော်မှပျော်ရဲ့လား၊ ကျုပ်ဒီနေ့တော့ ခင်ဗျားကြိးကိုသတ်ပြီးမှ ကျုပ်ကြိုးစင်တက်မယ်”

ကိုဘအေးက ဒေါသတကြီးနဲ့ပြောဆိုနေတော့ ရွာဦးကျောင်းက ကပ္ပိယတွေ၊ ကျောင်းသားတွေနဲ့ ဦးဇင်းတွေလည်း ကြောက်လို့ အရှေ့မတက်ရဲကြဘူးတဲ့၊ ဒီအခါ ရွာဦးကျောင်းဆရာတော်က ကျောင်းပေါက်ဝကနေ ထွက်လာတယ်၊ သရက်ထောင်လှေကားကြီးထိပ်မှာ မတ်တပ်ရပ်ပြီးတော့နေတယ်ဗျ၊ အဲဒီရွာဦးကျောင်းဆရာတော်က အခုပျံလွှန်တော်မူသွားပြီဖြစ်တဲ့ ကျုပ်ဘကြီးပေါ့ဗျာ။

“ဟဲ့ ဘအေး၊ လက်ထဲမှာလည်း လှံကြီးနဲ့၊ မင်းဒီကိုဘာလာလုပ်တာလဲ”

“အောင်မာ၊ ခင်ဗျားလုပ်တာမဟုတ်လား၊ ခင်ဗျားမဟုတ်တာလုပ်လိုက်လို့ ဟိုဝက်မသားကို ကျုပ်သတ်လို့မရတာမဟုတ်လား”

“မင်းထင်ချင်သလိုထင်နိုင်တယ် ဘအေး၊ ငါက မင်းဝက်ကို ဘာမှမလုပ်ဘူး၊ အဲဒီဝက်ကြီးခံစားနေရတဲ့ ဒုက္ခဝဋ်ကြွေးတွေကို တွေ့မြင်ပြီးတော့ သူ့ကိုမေတ္တပို့ပေးတာပဲရှိတယ်ကွ”

“ဟား၊ ဟား၊ အဲဒါကြောင့်ပေါ့ဗျာ၊ ကောင်းပြီ ဘုန်းကြီး ခင်ဗျားက ဝက်ကိုမေတ္တာပို့၊ ကျုပ်က ခင်ဗျားဆီ လှံပို့ပေးလိုက်မယ်”

ကိုဘအေးက ပြောဆိုပြီးတော့ တစ်လံလောက်ရှိတဲ့ ဝက်ထိုးတဲ့လှံတိုကို လက်နဲ့ကိုင်မြှောက်ပြီး ဆရာတော်ကိုပစ်ဖို့ ချိန်ဆနေသတဲ့ဗျာ၊ တစ်ရွာလုံးကလူတွေကလည်း အရှေ့ကိုမတက်ရဲကြဘူးတဲ့။

“ဟေ့ကောင်ဘအေး၊ မင်းလုပ်နေတာတွေကို အခုရပ်လိုက်စမ်း”

ဒီအချိန်မှာပဲ အဖေကသူ့လက်စွဲတော် ငှက်ကြီးတောင်ဓါးကြီးကိုင်ပြီးတော့ ထွက်လာသတဲ့ဗျာ၊ အဲဒီတုန်းက အဖေလည်း ငယ်သေးတာပေါ့၊ ကျုပ်တောင်မှ သုံးလေးနှစ်လောက်ပဲရှိသေးတာမဟုတ်လား။ ကိုဘအေးက အဖေ့ကိုလှည့်ကြည့်ပြီးတော့

“သူကြီးကျုပ်ကို ရွှေပြည်အေးတရားတွေ၊ လာဟောမနေနဲ့၊ ကျုပ်ဒီဘုန်းကြီးကို မသတ်ရသေးခင် သူကြီးကိုအရင်သတ်မိသွားမယ်နော်”

အဖေက ပြုံးလိုက်ပြီးတော့

“လာစမ်းပါဘအေးရ၊ ကိုယ့်ရွာသားကိုမှ ကိုယ်မနိုင်ရင် ငါသူကြီးမလုပ်စားဘူးကွ၊ မင်း ဆရာတော်ကိုသတ်မယ်ဆိုရင် ငါ့ကိုအရင်ရအောင်သတ်စမ်းပါ”

အဖေက အရှေ့ထွက်သွားတော့ ကိုဘအေးက လှံကိုဆရာတော်ဆီကို မချိန်တော့ဘဲနဲ့ အဖေ့ဆီကိုချိန်လိုက်သတဲ့။

“သူကြီး၊ ကျုပ်က ပြောရင်တကယ်လုပ်တဲ့လူနော်”

“လုပ်စမ်းပါ ဘအေးရာ၊ ငါကလည်း အဲဒီလိုလူမျိုးနဲ့တစ်ခါလောက်တွေ့ချင်တာ”

ဒီတော့ အမေက အငယ်ကောင်လသားကလေးကို ချီပြီးတော့ လူအုပ်ထဲကနေ အဖေ့ကိုဝင်တားတယ်ဗျ၊ အဖေတော့ နောက်မဆုတ်တော့ဘူးပေါ့လေ၊ ဒီတော့ ကိုဘအေးက အဖေ့ကို လှံနဲ့ဝင်ထိုးတော့တယ်ဗျ။ ကိုဘအေးလှံချက်က သိပ်မြန်တယ်ဆိုပဲဗျာ၊ အဖေက ကိုဘအေးလှံထိုးချက်ကို ကိုယ်တစ်စောင်းယိမ်းပြီးရှောင်လိုက်ရင်း ကိုဘအေးရဲ့ရင်ဝကို ခြေဖျားနဲ့ခတ်ထည့်လိုက်တော့ ကိုဘအေးတစ်ယောက် အနောက်ကိုလန်သွားတယ်ဗျ၊ ဒါပေမယ့် လဲတော့ မလဲသွားဘူးပေါ့ဗျာ၊ ကိုဘအေးက မကျေနပ်သေးတာနဲ့ အဖေ့ကို လှံနဲ့နောက်ထပ်သုံးလေးချက်လောက် ခပ်မြန်မြန်ထိုးပါရော၊ အဖေက ဓါးရွက်နဲ့လှံသွားကို ခပ်ခပ်ထုတ်တာဆိုတော့ ထိုးလို့မထိဘူးပေါ့ဗျာ၊ ကိုဘအေးလည်း တော်တော်မောနေပြီဆိုတော့ အနောက်ကိုခုန်ဆုတ်ပြီးတော့ ဘာမပြောညာမပြောနဲ့ အဖေ့ဆီကို လှံကိုပစ်လွှတ်ထည့်ပါရောဗျာ၊ လှံတိုဆိုတော့ လှံသွားတာကလည်း သိပ်မြန်တာဗျ။ အားလုံးကတော့ အဖေသေပြီလို့ပဲထင်ထားတာ။

အဖေက အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီးတော့ သူ့ဆီပျံဝင်လာတဲ့လှံကို လေပေါ်တင်ပဲ ဓါးနဲ့ခုတ်ထည့်လိုက်တာ ကိုဘအေးလှံတံကိုခုတ်မိပြီး လှံကလေပေါ်တင် နှစ်ပိုင်းပြတ်ထွက်သွားပါရောလားဗျာ၊ လှံရိုးဆိုတာက သစ်ထဲမှာ သိပ်မာတဲ့အမျိုးဗျ၊ ကိုဘအေးလှံရိုးကလည်း ရှားသားမီးပေါက်နဲ့လုပ်ထားတာ၊ မီးနဲ့ရှို့ရင်တောင် မာလွန်းလို့ တော်တော်နဲ့မစွဲတဲ့သစ်ဗျ၊ တော်ရုံဓါးဆိုရင်တော့ အဲဒီလှံရိုးကိုခုတ်ရင် အသွားတွေလိပ်တက်သွားတာ။ အခုတော့ လှံက နှစ်ပိုင်းကိုပြတ်ထွက်ပြီး အဖေ့ခြေထောက်အနားမှာကျသွားတာတဲ့ဗျာ၊ အဖေက ရှေ့ကိုအမြန်လှမ်းလိုက်ပြီး ကိုဘအေးရင်ဝကို ဓါးဦးချွန်နဲ့ထောက်ထားလိုက်သတဲ့။

ကိုဘအေးဆို မယုံနိုင်လွန်းလို့ မျက်စိအပြူးသားကြီးနဲ့ ကြောင်နေတာတဲ့ဗျာ၊ အဖေက ပုဆိုးတောင်ခါးတောင်းမကျိုက်ဘူးဗျ၊ အဖေ့ဓါးကလည်း ဟိုးဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရမည်းသင်း မင်းတန်းဓါးဗျ၊ အဲဒီဓါးမှာလည်း သူ့ရာဇဝင်နဲ့သူရှိသေးတယ်၊ နောက်ကြုံမှပြောပြမယ်ဗျ။ ဒီလိုနဲ့ အဖေက ကိုဘအေးကို ဓါးနဲ့ထောက်ပြီးတော့

“ဟေ့ကောင်ဘအေး၊ မင်းလူသတ်ဖို့ဝန်မလေးသလို ငါကလည်း မင်းကိုသတ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး၊ မင်းကိုမသတ်ဘူးဆိုတာ ငါက မင်းနှမကိုညှာနေလို့ကွ၊ မင်းသေသွားသွား၊ ထောင်ကျသွားသွား မင်းနှမတစ်ယောက်တည်း မျက်နှာငယ်နဲ့ ကျန်နေခဲ့မှာမဟုတ်လား”

အဖေပြောတော့မှ ကိုဘအေး ခေါင်းငိုက်စိုက်ကျသွားတော့တယ်ဗျ။ ပြီးတာနဲ့ အဖေ့ရှေ့မှာ ဒူးထောက်ထိုင်ချပြီးတော့ အဖေ့ကိုကန်တော့တာပဲတဲ့။

“ဟေ့ကောင်၊ ငါ့ကိုမကန်တော့နဲ့၊ ဆရာတော်ကို မင်းစော်ကားထားတာများပြီ၊ ဆရာတော်ကို ကန်တော့ကွ”

ကိုဘအေးလည်း ဆရာတော်ကိုကန်တော့ပြီး တောင်းပန်ရှာတယ်၊ ဆရာတော်ကလည်း ခွင့်လွှတ်တယ်ပေါ့ဗျာ၊ အဲဒီနောက်ပိုင်းကစပြီး ကိုဘအေးက အရင်လိုမဟုတ်တော့ဘူးဗျ၊ တခြာသူတွေပြောရင် နားမထောင်၊ ဂရုမစိုက်ပေမယ့် အဖေ့ကိုတော့ လေးလေးစားစားဆက်ဆံလာတယ်၊ အဖေကတော့ အဲဒီအကြောင်းပြောတိုင်း

“လူမိုက်ကို တရားသွားဟောလို့မရဘူးကွ၊ လူမိုက်ဆိုတာ သူ့ထက်မိုက်တဲ့လူကိုပဲ ကြောက်တာ”

အဖေက အနေသာအေးတာဗျ၊ ရွာထဲက ဘယ်သူ့ကိုဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ သိပြီးသား၊ ဒါကြောင့်လည်း တစ်ရွာလုံးက အဖေ့စကားဆိုရင် နားထောင်ကြတယ်၊ အဖေအသက်ငယ်ငယ်နဲ့ သူကြီးဖြစ်တော့လည်း ဘယ်သူမှ ပြန်ပြီးမလှန်ရဲကြဘူးမဟုတ်လား၊

(၂)

ကိုဘအေးကြောင့် သရဲပြေးရတယ်ဆိုတာလည်း တကယ်ပဲဗျ၊ သရဲတွေကလည်း သူတို့ကိုမကြောက်တဲ့လူကို မခြောက်တတ်တာလားတော့မသိဘူး၊ လူူတွေလိုပေါ့ဗျာ၊ ကိုယ်နိုင်လို့ရတဲ့လူကိုပဲ အနိုင်ယူကြတာမဟုတ်လား၊ တစ်ခါသားကလည်း ရွာထဲက အဘွားကြီးတစ်ယောက်သေပြီးတော့ အိမ်မှာသရဲကြီးဖြစ်ပြီး ကပ်နေတယ်ဗျ၊ အဘွားကြီးနာမည်က ဒေါ်ခါးတဲ့ဗျာ၊ အဲဒီအဘွားကြီးက အနာပဆုပ်ပေါက်ပြီးတော့ ကျောပုပ်ပြီးသေတာ၊ သေသွားတော့လည်း အိမ်ကြီးကိုဆွဲနေပြီးတော့ ညညဆို အိမ်ရဲ့ထုပ်တန်းပေါ်မှာ ငုတ်တုတ်ကြီးတက်ထိုင်ပြီးတော့ ညည်းသံကြီးပေးတယ်ဗျ၊

ဒါနဲ့အိမ်ကလူတွေ ကြောက်လို့မနေရဲကြဘူးပေါ့ဗျာ၊ ဘွားတော်ကလည်း တကယ်ပဲတဲ့ဗျ၊ ညညဆိုရင် ညည်းသံကြီးပေးပြီး ထုပ်တန်းပေါ်ကနေ ခြေထောက်တွဲလောင်းချပြီး ထိုင်နေတယ်တဲ့ဗျာ၊ ဒါနဲ့ အဲဒီဘွားတော်ရဲ့သမက်က တစ်ရက်တော့ ကိုဘအေးနဲ့ အရက်ဆိုင်မှာဆုံတယ်တဲ့ဗျာ၊ သူကလည်း လူရွတ်ပဲတဲ့။

“ဟေ့ကောင်ဘအေး၊ မင်းကို လူတွေက သရဲပြေးဘအေးလို့ခေါ်ကြတယ်မဟုတ်လား”

“ဟုတ်တယ်၊ အဲဒါဘာဖြစ်လဲ”

“မင်းအစွမ်းအစရှိရင် ငါ့အိမ်က ယောက္ခမသရဲကြီးကို ပြေးအောင်လုပ်စမ်းပါကွာ၊ တကယ်မပြေးရင်တော့ မင်းနာမည်ကို သရဲမပြေးဘအေးလို့ ငါတို့ပြောင်းခေါ်မယ်”

ကိုဘအေးကလည်း ရယ်တယ်တဲ့ဗျာ။

“ဟား၊ ဟား ပြေးရင်ရော”

“ပြေးရင်တော့ မင်းအကြိုက်၊ ဟောဒီဆိုင်မှာ အကြိုက်သာစား၊ အကြိုက်သာ သောက်ကွာ”

“ဟား၊ ဟား ဘအေးတို့ကလည်း ဒါမျိုးမှကြိုက်တာ၊ ကဲဗျာ၊ အခုလည်းညနေစောင်းနေပြီ၊ ဒီကနေအရက်သောက်ပြီးတာနဲ့ ခင်ဗျားယောက္ခမအိမ်ကိုလိုက်ခဲ့မယ်၊ ဟုတ်ပြီလား”

ဒီလိုနဲ့ ကိုဘအေးက  သူ့စိတ်ကြိုက်သောက်စားပြီးတော့ ဒေါ်ခါးရဲ့အိမ်ကိုလိုက်လာခဲ့တယ်တဲ့ဗျာ၊ အိမ်ပေါ်ကိုတက်တော့ ညနေအတော်မှောင်နေပြီတဲ့၊ ကိုဘအေးကို အိမ်ပေါ်မှထားခဲ့ပြီးတော့ သူ့သားမက်က ခြေရင်းအိမ်ကနေစောင့်ကြည့်နေတယ်တဲ့ဗျာ၊ ကိုဘအေးကတော့ အိမ်တံခါးတွေကို အကုန်ဖွင့်လိုက်တယ်တဲ့၊ ပြီးတော့ မူးမူးနဲ့အိမ်ရှေ့ခန်းမှာ ခြေပစ်လက်ပစ်အိပ်နေတာပေါ့။

အိပ်နေရင်းမကြာဘူးတဲ့ဗျာ၊ အိမ်ကြမ်းခင်းမှာ တဒုန်းဒုန်းနဲ့ခြေသံတွေကြားရသတဲ့၊ ကိုဘအေးလည်း အစကတော့ သည်းခံနေသေးတယ်၊ နောက်တော့ ခေါင်းထောင်ပြီးတော့

“ဟဲ့ ဒေါ်ခါး၊ ငါအိပ်မလို့ မနှောင့်ယှက်နဲ့နော်၊ နှောင့်ယှက်ရင် ခင်ဗျားနာမယ်”

ကိုဘအေးကြိမ်းလိုက်တော့ အိမ်ခေါင်းရင်း ဥရုတိုင်ကနေပြီးတော့ ဒေါ်ခါးက ဇောက်ထိုးကြီးဆင်းလာတာတဲ့ဗျာ၊ ပြီးတော့ပက်လက်လှန်အိပ်နေတဲ့ ကိုဘအေးအပေါ်ကိုတက်ပြီးတော့ လုံးထွေးတော့တာပဲတဲ့၊ ကိုဘအေးကလည်း အားကျမခံ ပြန်ပြီးနပမ်းလုံးတာပေါ့ဗျာ၊ အိမ်ပေါ်မှာ တဝုန်းဝုန်းတဒုံးဒုံးနဲ့ နပမ်းတွေလှိမ့်လုံးနေတယ်ဆိုပဲ၊ ဒေါ်ခါးသားမက်လည်း ခြေရင်းအိမ်ကနေစောင့်ကြည့်နေတာပေါ့ဗျာ၊ သူ့အထင်တော့ ကိုဘအေးတစ်ယောက်ထွက်ပြေးရပြီလို့ထင်နေတာကိုး။

ဆယ့်ငါးမိနစ်လောက်ကြာတော့ ငြိမ်သွားတယ်တဲ့ဗျ၊ ဒေါ်ခါးက ကိုဘအေးကို နပမ်းလုံးတာမနိုင်လို့ ထုပ်တန်းပေါ်ကို ပြန်တက်ပြေးသတဲ့ဗျာ၊ ကိုဘအေးကလည်း အောက်ကနေ လက်ခမောင်းတွေခတ်ပြီးစိန်ခေါ်တာပေါ့။

“ဟေ့၊ အဘွားကြီး သတ္တိရှိရင် ဆင်းလာခဲ့စမ်းပါ၊ ခင်ဗျားနဲ့ကျုပ်နဲ့ ထပ်လုံးရအောင်”

ဒေါ်ခါးက အသံကွဲကြီးနဲ့ ပြန်ပြောတယ်တဲ့ဗျ။

“ဟဲ့ ဘအေး၊ နင်သတ္တိရှိရင် ထုပ်တန်းပေါ်ကိုတက်လာခဲ့၊ ငါကတော့ မဆင်းဘူးဟေ့”

ကိုဘအေးက ဒေါ်ခါးပြောတာကြားပြီး တော်တော်ဒေါသထွက်သွားတာပေါ့။

“ဟာ၊ ဒီအဘွားကြီး၊ ခင်ဗျားဆင်းလာမလား၊ မဆင်းလာဘူးလား၊ မဆင်းလာရင် ကျုပ်အဆိုးမဆိုနဲ့နော်”

ဒေါ်ခါးကြီးကလည်း ပေပေတေတေနဲ့ ထုပ်တန်းပေါ်မှ ခြေထောက်ချပြီးထိုင်နေတာကို ဆီမီးအလင်းရောင်နဲ့ အတိုင်းသားမြင်ရတယ်တဲ့ဗျ၊ ဒါနဲ့ ကိုဘအေးလည်း စိတ်တိုပြီးတော့ တစ်အိမ်လုံးက ပြတင်းပေါက်တွေ တံခါးတွေ လိုက်ပိတ်တယ်တဲ့၊ ပြီးတာနဲ့ မီးဖိုခန်းကိုသွားပြီးတော့ မီးသွေးမီးဖိုတစ်လုံး ယူချလာတယ်၊ မီးသွေးမီးဖိုကို ထုပ်တန်းအောက်တည့်တည့််မှာ ချပြီး မီးမွှေးတယ်တဲ့ဗျာ၊ ပြီးတော့ သံဒယ်အိုးတစ်လုံးယူပြီးတော့ မီးဖိုပေါ်ကိုတင်တယ်တဲ့။

“ခင်ဗျားဆင်းမလာဘူးမဟုတ်လားအဘွားကြီး၊ ခင်ဗျားဆင်းမလာရင် ခင်ဗျားကိုအညှော်တိုက်လွှတ်မယ်”

ကိုဘအေးကပြောပြီးတော့ ငရုတ်သီးခြောက်တွေကို သံဒယ်အိုးထဲထည့်ပြီး လှော်တော့တာပဲတဲ့ဗျာ၊ မီးကလည်းပြင်းပြင်း၊ ငရုတ်သီးညှော်နံ့ကလည်း ထောင်းနေတဲ့အပြင်၊ အိမ်တံခါးတွေပါ ပိတ်ထားတော့ အိမ်ထဲမှာတော်တော်မွန်ထူနေတာပဲတဲ့ဗျာ၊ ကိုဘအေး ပုဆိုးပိုင်းကို နှာခေါင်းမှာစည်းပြီး ထုပ်တန်းအောက်ကနေ ပယ်ပယ်နှယ်နှယ်ကို ငရုတ်သီးညှော်တိုက်တာတဲ့၊ နောက်တော့ ညှော်တိုက်နေတဲ့လူမခံနိုင်တော့တာနဲ့ အိမ်ပေါ်ကနေဆင်းခဲ့ပြီး ခြံဝနားမှာ မတ်တပ်ရပ်နေသတဲ့ဗျာ။

ဒေါ်ခါးသမက်ကလည်း ကိုဘအေးဆီကိုပြေးလာတာပေါ့၊ သူတို့နှစ်ယောက် စကားပြောနေတုန်း ပိတ်ထားတဲ့အိမ်တံခါးက ဝုန်းဆိုပွင့်ထွက်သွားပါရောဗျာ၊ ပြီးတော့ အိမ်ထဲကနေ မည်းမည်းကြီးဆင်းပြေးလာပြီး ခြံအပြင်ကိုပြေးထွက်သွားပါရော၊ ခြံတံခါးအနားမှာ ရပ်နေတဲ့ ကိုဘအေးနဲ့ ဒေါ်ခါးသားမက်ကိုတောင်မှ ဝင်တိုက်သွားသေးတယ်တဲ့ဗျာ။

တကယ်လည်း အဘွားကြီးက ဆင်းပြေးသွားတာဗျ၊ နောက်ရက်တော့ သူ့သမီးကို အိပ်မက်ပေးတယ်တဲ့၊ သူက ကိုဘအေး ငရုတ်သီးညှော်တိုက်လို့ အိမ်ကဆင်းပြေးပြီး နေစရာမရှိဖြစ်နေလို့ပါတဲ့၊ ဒါနဲ့ သူ့သမီးက သူ့အတွက်ရည်စူးပြိးတော့ ကုသိုလ်ကောင်းမှူလုပ်ပေးလိုက်တဲ့အချိန်ကစလို့ ဒေါ်ခါးကို ထပ်မတွေ့ရတော့ဘူးတဲ့။

ကိုဘအေးလည်း အောင်ပွဲခံတာပေါ့ဗျာ။ သူ့ရဲ့သရဲပြေးဘအေး ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဆက်ပြီးထိန်းထားနိုင်ခဲ့တာပေါ့။ ကျုပ်က အဖေ့ကိုမေးကြည့်တော့ အဖေက

“ငရုတ်သီးညှော်ကြောင့်တော့မဟုတ်ဘူးကွ၊ ငါ့အထင် ဒေါ်ခါးက အနာ့ပဆုပ်ဖြစ်တော့ အညှော်ရှောင်ရတယ်၊ အညှော်ကြောက်တယ်လေကွာ၊ ဒီတော့ သရဲဖြစ်သွားပေမယ့်လည်း အညှော်ကိုကြောက်တယ်ထင်ပါတယ်၊ ပြီးတော့ သူ့ကြည့်ရတာကလည်း အိမ်ကြီးကို စိတ်ဆွဲနေတဲ့ပုံပဲ”

အဖေ့ရဲ့ အထင်အမြင်ကလည်း ဘသာဝကျတာကိုးဗျ၊ ဘာပဲပြောပြော ကိုဘအေးကြောင့် သရဲထွက်ပြေးတာကတော့ တကယ်ပဲမဟုတ်လား။

(၃)

အဖေ့ကိုမနိုင်တော့ ကိုဘအေးက ရွာထဲမှာသိပ်ပြီး ဟော့ဟော့ရမ်းရမ်းမလုပ်ရဲတော့ဘူး၊ ဒါပေမယ့် ကိုဘအေးက ဘာလုပ်တယ်မှတ်သလဲဗျ၊ သူတို့ခြံဝိုင်းထဲမှာ သရဲမွေးတယ်ဗျာ၊ သရဲမွေးတာကတော့ ထုံးစံအတိုင်းပေါ့၊ သားသတ်ကုန်းဆိုတာ သရဲသိပ်ပေါတယ်မဟုတ်လားဗျာ၊ ကိုဘအေးက သူ့အိမ်အနောက်မှာ စပါးလင်တွေတန်းစီစိုက်ပြီးတော့ အမဲသား၊ ဝက်သား ဆေးကြောတဲ့ရေတွေ နေ့တိုင်းလောင်းပေးတယ်ဆိုပဲ၊ ပြီးတော့ သားသတ်ကုန်းနားက သရဲတွေကိုလည်း ပင့်ခေါ်တယ်တဲ့၊ ဒီတော့ အဲဒီစပါးလင်တန်းက သရဲပျော်စံရာဖြစ်နေတာပေါ့ဗျာ။

ကျုပ်တို့ရွာတွေမှာက ဟင်းရွက်၊ ဟင်းစားက ဈေးမရှိတော့ စိုက်ပျိုးထားတဲ့အိမ်တွေကို သွားတောင်းပြီးခူးရတယ်မဟုတ်လား၊ ကျုပ်တို့အိမ်နောက်ဆို အမေက ပင်စိမ်းတွေစိုက်ထားတာ၊ ဒီတော့ ဟင်းချက်ရင်း ပင်စိမ်းရွက်လိုတယ်ဆိုရင် ရွာထဲကလူတွေက ကျုပ်တို့အိမ်ကိုလာတောင်းတာပဲ၊ ပြီးတော့ ပင်စိမ်း လေးငါးဆယ်ညွန့်လောက် ခူးသွားတာပေါ့၊ ကျုပ်တို့လည်း သံပုရာသီးလိုရင် သံပုရာပင်ရှိတဲ့အိမ်က သွားတောင်းတာပဲ၊ ငရုတ်သီးစိမ်းဆိုရင်လည်း အမျျိုးအိမ်တက်ခူးတာပေါ့ဗျာ၊ ဒီလိုချစ်ချစ်ခင်ခင် နေကြတာ ရွာဓလေ့ဗျ၊ သူ့အိမ်ကျတော့ ယူတယ်၊ ငါ့အိမ်ကဟာကို ခူးတယ်ဆိုပြီးတော့ စိတ်ထဲမထားကြပါဘူးဗျာ။

တစ်ခါတော့ ကျုပ်တို့ငယ်ငယ်ပေါ့ဗျာ၊ အောက်ပြည်က ဧည့်သည်တွေရောက်လာတာပေါ့၊ မိုးတွင်းဆိုတာ့ ငါးရတဲ့အချိန်လည်းဖြစ်ပြန်တော့ အောက်ပြည်မုန့်ဟင်းခါး ချက်ကျွေးမယ်ပေါ့ဗျာ၊ မုန့်ဟင်းခါးဆိုတာ ကျုပ်တို့ဆီမှာလည်းရှိတယ်ဆိုပေမယ့် အောက်ပြည်လို ငါးနဲ့ချက်တာမဟုတ်ဘဲ ပဲနဲ့ချက်တာဆိုတော့ နာမည်သာတူပေမယ့် ချက်ပုံချက်နည်းခြင်း၊ အရသာခြင်း ကွဲတယ်မဟုတ်လားဗျာ။

မုန့်ဟင်းခါးတစ်ပွဲမှာ ငါးဆီသတ်ဖို့ကလည်းအရေးကြီးတယ်၊ အဲဒီတော့ လိုအပ်လာတာ စပါးလင်မဟုတ်လား၊ စပါးလင်ကို ရွာထဲမယ်သိပ်မစိုက်ကြဘူးဗျ၊ ယာခင်းတွေထဲမှာသာစိုက်ကြတာ၊ ဒါနဲ့ စပါးလင်စိုက်တဲ့အိမ်ကိုရှာတော့ ကိုဘအေးတို့အိမ်ကိုတွေ့တာပေါ့၊၊ ဒါနဲ့ အမေနဲ့ အမေ့ညီမနဲ့ ကိုဘအေးတို့အိမ်ကိုထွက်လာခဲ့ပါရော၊ ကိုဘအေးတို့အိမ်မှာက ကိုဘအေးက အမြဲမရှိတတ်ဘူးဗျ၊ သူ့ညီမ မယဉ်လောက်ပဲရှိတာ၊ အမေကလည်း မယဉ်ကိုလိုက်ရှာတော့ အိမ်မှာမရှိဘူးတဲ့၊ မုန့်ဟင်းခါးချက်ဖို့ကလည်း အလျင်လိုနေတာနဲ့ ပြီးမှပဲပြောတော့မယ်ဆိုပြီး အိမ်နောက်ဖေးက စပါးလင်တန်းကိုထွက်လာကြသတဲ့ဗျာ။

သားစိမ်း၊ ငါးစိမ်းရေလောင်းတာဆိုတော့ စပါးလင်ပင်တွေက သိပ်သန်တယ်ဆိုပဲ၊ သားစိမ်းငါးစိမ်းလောင်းတယ်ဆိုတာကလည်း အဲဒီတုန်းက မသိကြသေးဘူးပေါ့၊ ဒီအတိုင်း စပါးလင်စိုက်တယ်ပဲထင်နေတာ၊ ဒါနဲ့ အမေ့ညီမက စပါးလင်ခင်းထဲဝင်ဖို့ စပါးလင်ပင်ကို ကျော်ခွလိုက်တော့ ဘိုင်းခနဲချော်လဲကျတာပဲတဲ့ဗျာ၊ ခြေခေါက်ပြီးလဲတာဆိုတော့ တော်တော်ပြန်မထနိုင်ဘူး၊ ဒါနဲ့ အမေကလည်း ညီမဖြစ်သူကို ပြေးတွဲတော့ အမေဆွဲတာတောင်မှ သူ့ညီမက လဲနေရာကနေပြန်မထနိုင်ဘူးတဲ့ဗျာ။ အမေကလည်း ခြေကန်ပြီးဆွဲ၊ သူ့ညီမကလည်း လက်ထောက်ပြီးထပေမယ့် နှစ်ယောက်သား ထမရဘူးတဲ့၊ အမေဆို ဇောချွေးတောင်ပြန်တယ်ဗျာ။

ဒီအချိန်မှာပဲ မယဉ်က အိမ်နောက်ဖေး တောထဲကတက်လာသတဲ့၊ တောထဲဆင်းပြီး ကိစ္စသွားရှင်းပုံရတယ်၊ အမေတို့ညီမကိုတွေ့တော့မှ ပြာပြာသလဲနဲ့။

“ဟေ့ကောင်တွေ၊ ဖိမထားနဲ့လွှတ်လိုက်”

လို့အော်လိုက်တော့မှ အမေတို့ဆွဲထူလို့ရတယ်တဲ့ဗျာ၊ မယဉ်က အမေတို့အနားကိုလာပြီးတော့

“အဒေါ်တို့ ဘာလိုချင်လို့လဲ”

“စပါးလင်ကလေး တစ်ပင်နှစ်ပင်လောက် လိုချင်တာပါအေ”

“သြော်၊ အဒေါ်ကလည်း ခေါ်လိုက်တာမဟုတ်ဘူး၊ နေနေ၊ ကျွန်မခူးပေးမယ်”

မယဉ်ခူးပေးတဲ့ စပါးလင်ဆယ်ပင်လောက်ကိုယူပြီး ပြန်လာခဲ့တာပဲဗျာ၊ အိမ်ရောက်ပြီး မကြာခင်မှာပဲ မုန့်ဟင်းခါးကျက်တယ်၊ ကျုပ်တို့တွေလည်း စားလိုက်ကြတာ ခေါင်းတောင်မဖော်ပါဘူးဗျာ၊ ငါးအများကြီးနဲ့ဆိုတော့ ချိုလည်းချိုတာကိုးဗျ၊ ညနေလောက်ရောက်တော့ ခြေခေါက်လဲကျတဲ့ အမေ့ညီမရဲ့ ခြေထောက်က ဖောင်းတက်လာတယ်ဗျ၊ ချက်ချင်းယောင်ကိုင်းတက်လာပြီးတော့ ညိုမည်းပြီး ဘုသီးကြီးထလာပဲဗျာ၊ အမေတို့လည်း ဘာလုပ်ရမှန်းမသိတော့ ဆေးဆရာဦးမှတ်ကြီးပြေးခေါ်တာပေါ့၊ ဦးမှတ်ကြီးက ဖြစ်ကြောင်းကုန်စင်မေးတော့မှ အမေတို့ကပြောပြလိုက်တော့တယ်။

“မသန်းရာ၊ ဘအေးအကြောင်းကို နင်တို့မသိဘူးလား၊ ဒီကောင်က သူ့အိမ်နောက်ဖေးမှာ သရဲတွေမွေးထားတယ်ဟ၊ ကဲကဲ၊ ငါမေးစမ်းကြည့်မယ်”

ဦးမှတ်ကြီးမေးတော့ သရဲက အမေ့ညီမကို ပူးတယ်ဗျ၊ ပြီးတော့ မုန့်ဟင်းခါး ငါးဆယ်သားကို ရွာပြင်မှာ ရွာစာချပေးပါတဲ့ဗျာ၊ ဒါနဲ့ပဲ သရဲပြောတဲ့အတိုင်း ကျန်တဲ့မုန့်ဟင်းခါးတွေကို တောင်းထဲထည့်၊ ဟင်းရည်တွေကို အုပ်တစ်လုံးထဲထည့်ပြီးတော့ ရွာပြင်ကိုသယ်လာခဲ့တာပေါ့ဗျာ၊ အဲဒီတုန်းက အကိုကြီးသွားပို့တာပေါ့၊ ကျုပ်လည်း ကလေးဆိုတော့ သူနဲ့အကြောက်အလန့်မရှိဘဲ လိုက်လာခဲ့တာ၊ ရွာပြင်ရောက်ခါနီးကျတော့ လမ်းဘေးမှာ ကိုဘအေးက ထိုင်လို့ဗျ။

“ဟေ့ကောင်လေးတွေ၊ တောင်းထဲက ဘာတွေလဲ”

“မုန့် . . . မုန့်ဟင်းခါးတွေပါ”

“ပေးစမ်း၊ ငါစားကြည့်မယ်”

“မလုပ်ပါနဲ့ ကိုဘအေးရာ၊ ဒီမုန့်ဟင်းခါးတွေက သရဲကျွေးဖို့ပါ”

“အောင်မာ၊ လူကလက်တောက်လောက်နဲ့ ငါ့ကိုခံပြောနေပြန်ပြီ၊ ဟေ့ကောင်မှတ်ထား၊ ငါ့နာမည်ဘအေး၊ သရဲပြေးဘအေးတဲ့ကွ၊ ပေးဆိုပေးစမ်း၊ လျှာမရှည်နဲ့”

အကိုကြီးနဲ့ကျုပ်နဲ့လည်း အဲဒီတောင်းကြီးကို ကိုဘအေးကိုပေးပြီးတော့ ထွက်ပြေးခဲ့ကြတာပေါ့၊ ချုံကွယ်တစ်ခုရောက်တော့မှ ကျုပ်လည်းပြန်ချောင်းကြည့်တော့ ကိုဘအေးကြီးက တောင်းထဲကိုဟင်းရည်တွေလောင်းထည့်ပြီး မြိန်ရေရှက်ရေစားနေတာပဲဗျာ။ ကျုပ်လည်း ဖြစ်ကြောင်းကုန်စင်ကို အမေ့ကိုပြောပြလိုက်တော့မှ အမေက ပြောတယ်။

“ဟယ်၊ အဲဒါ ဘအေးက သူစားချင်လို့ သရဲတွေကို လုပ်ခိုင်းလိုက်တာနေမှာ”

ဘာပဲပြောပြော ကိုဘအေးစားသောက်ပြီးတော့ အမေ့ညီမ ခြေထောက်ကလည်း အယောင်ကျပြီး နောက်တစ်နေ့တော့ ပြန်ကောင်းသွားတာပဲဗျာ၊ ကျုပ်တို့လည်း အဲဒီကတည်းက ကိုဘအေးဆိုရင် သိပ်ကြောက်တာဗျ။ နောက်တော့ ကျုပ်တို့တင်မကဘူး တစ်ရွာလုံးက လူတွေပါ ကိုဘအေးကို ကြောက်ကြတာပေါ့၊ ဘာလို့လဲဆိုရင် ကိုဘအေးနဲ့ရန်ဖြစ်ရင် ကိုဘအေးက အရင်လိုလက်မပါတော့ဘူးဗျ၊ ပိတ်အော်၊ ပိတ်ဆဲတာပေါ့၊ ပြီးရင်တော့ အဲဒီရန်ဖြစ်ပြီးတဲ့လူ တစ်ခုခုဖြစ်ပြီသာမှတ်ပေတော့။ သိတယ်မဟုတ်လား၊ သူ့သရဲတွေကို ခိုင်းလိုက်တာလေ၊ အဖေ့ကိုတောင်မှ သရဲလွှတ်ပြီးတော့ ထိုးခိုင်းသေးတယ်ဗျ။

တစ်ရက်ပေါ့ဗျာ၊ အဖေက လယ်ထဲဆင်းပြီးတော့ ညနေစောင်းမှ နွားတွေသိမ်းပြီး ပြန်လာတာပေါ့၊ လယ်ထဲကအထွက်နားမှာ အဲဒီတုန်းက ကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိတယ်ဗျ၊ အဖေလည်းအပင်အောက်ရောက်ရော အဲဒီကုက္ကိုလ်ပင်ကြီးပေါ်ကနေ သရဲကြီးနှစ်ကောင်က တွယ်ဖက်ပြီးတော့ ဆင်းလာတာပဲတဲ့ဗျာ၊ အဖေ့မှာလည်း လက်နက်ဆိုလို့ ဘာမှမရှိဘူး၊ လက်ထဲမှာ နွားရိုက်တဲ့ကြိမ်လုံးကြီးပဲ ကိုင်ထားတာတဲ့၊ သရဲကြီးနှစ်ကောင်က အဖေ့ကိုကြည့်ပြီးတော့ ထိုးမယ်ကြိတ်မယ်ဆိုပြီး လက်ဟန်ခြေဟန်လုပ်တယ်တဲ့ဗျာ၊ အဖေကတော့ မကြောက်ပါဘူး၊ ဘယ်သူလွှတ်လိုက်တာလဲဆိုတာ ရိပ်ဖမ်းသံဖမ်းတော့သိနေပြီမဟုတ်လား။

“အောင်မာ၊ မင်းတို့ကောင်တွေက ငါ့ကိုထိုးချင်တယ်ပေါ့ဟုတ်လား၊ ဟေ့ကောင်တွေ၊ သတ္တိရှိရင် မင်းတို့သခင်ကိုလွှတ်လိုက်၊ လူလူချင်းချမယ်”

အဖေပြောတော့ သရဲတွေက တွန့်သွားတယ်တဲ့ဗျာ။

“ဟား၊ ဟား ငါ့ကို မင်းတို့သခင်တောင်ကြောက်ရတာ၊ ငါက မင်းတို့ကို ကြောက်ရမှာလားကွ”

သရဲတွေကလည်း ကိုဘအေး အဖေ့ကိုကြောက်ရတာကို သိပုံပဲဗျ၊ ဒါနဲ့ အဖေ့ကိုမတိုက်ခိုက်တော့ဘဲ သစ်ပင်ပေါ်ကို ပြန်ခုန်တက်သွားကြတယ်ဆိုပဲဗျာ၊  ကိုဘအေးနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုပြောပြမယ်၊ အဲဒါကတော့ အရက်ဆိုင်ပိုင်ရှင် ဦးတရုတ်ကြီးပဲ။

(၄)

ကျုပ်တို့ငယ်ငယ်က ဦးတရုတ်ကြီးတို့ဆိုင်က အခုလိုမကောင်းသေးဘူးဗျ၊ ရွာထိပ်မှာ ကပိုကယိုလေးဆောက်ထားတာပေါ့ဗျာ၊ ဦးတရုတ်ကြီးတို့ လင်မယားက ရွာထဲမှာနေတယ်၊ မနက်ဆိုရင် ဆိုင်သွားဖွင့််တယ်၊ ညရောက်ရင် ဆိုင်သိမ်းပြီးတော့ ပုလင်းတွေ၊ ပန်းကန်တွေကို တွန်းလှည်းထဲကိုထည့်ပြီး လင်မယားနှစ်ယောက် ပြန်တွန်းလာကြတာပေါ့ဗျာ။

တစ်ရက်တော့ ဦးတရုတ်ကြီးနဲ့ ကိုဘအေးနဲ့ ငြိကြတော့တယ်ဗျ၊ ငြိတဲ့အကြောင်းကတော့ အရက်ကိုရေရောတဲ့ပြဿနာပဲ၊ ဦးတရုတ်ကြီးဆိုတာကလည်း အရက်ကိုရေထိုးရောင်းတယ်ဗျ၊ သိပ်အများကြီးတော့မဟုတ်ပေမယ့် တကယ်တမ်းသောက်တတ်တဲ့လူဆိုရင်တော့ အရက်တစ်ပုလင်းမှာ ဦးတရုတ်ကြီး ရေဘယ်လောက်ထိုးတယ်ဆိုတာ သိတယ်၊ ဒါပေမယ့်လည်း မပြောကြပါဘူး၊ ဘာလို့လဲဆိုတော့ ရွာမှာက အရက်ဆိုရင် ဒီတစ်ဆိုင်ပဲရှိတာမဟုတ်လား၊ နောက်ပြီး ဦးတရုတ်ကြီးကလည်း အကြွေးတွေဘာတွေရောင်းတယ်၊ ဆက်ဆံရေးကလည်းကောင်းတယ်ဆိုတော့ ရေနည်းနည်းရောတာလောက်တော့ ရန်လုပ်ပြီး ပြောမနေတော့ဘူးပေါ့ဗျာ။

ကိုဘအေးကလည်း အရက်ဆိုပြင်းမှကြိုက်တဲ့လူဆိုတော့ ဦးတရုတ်ကြီးနဲ့ဖြစ်တာပဲ၊ အဲဒီရက်ကလည်း ဦးတရုတ်ကြီး ရေရောထားပြီးသားပုလင်းထဲကို သူ့မိန်းမက ရောမရောရသေးဘူးထင်ပြီး ရေထပ်ရောတယ်တဲ့ဗျာ၊ ဒီတော့ အရက်က ပိုပြီးပျော့သွားတာပေါ့၊ ဒါကိုသောက်မိတဲ့ ကိုဘအေးက ပွဲကြမ်းပါရောဗျာ။

“ဦးတရုတ်၊ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် လည်လှပြီမထင်နဲ့ဗျာ၊ ခင်ဗျားတို့ ရေရောပြီးရောင်းတာ လူတိုင်းသိတယ်”

ကိုဘအေးက သောက်လက်စသူ့ပုလင်းကို စားပွဲခုံနဲ့ရိုက်ပြီးခွဲထည့်လိုက်တယ်ဗျ။

“ကျုပ်ပိုက်ဆံပြန်ပေး၊ ခင်ဗျားအရက်က ရေတွေ၊ အရက်မှမဟုတ်တာ”

“ဟေ့ကောင်ဘအေး၊ မင်း မူးမူးနဲ့ငါတို့ကိုရန်မရှာနဲ့နော်”

“ရှာတော့ဘာလုပ်ချင်သလဲဗျာ”

ကိုဘအေးက ပုဆိုးတွေဘာတွေ ပြင်ဝတ်တယ်၊ ဦးတရုတ်ကြီးက

“အေး၊ မင်းကြိုက်သလိုသာလုပ်၊ ပြီးရင်တော့ ငါကသူကြီးကိုတိုင်ပြီး မင်းကိုအရေးယူခိုင်းမယ်”

သူကြီးတိုင်မယ်ဆိုတော့ ကိုဘအေး စဉ်းစားသွားပြီလေဗျာ၊ အဖေကလည်း သူ့ကိုဖမ်းမယ်ဆီးမယ် ချုပ်မယ်ပြောထားတယ်မဟုတ်လား၊ နောက်ပြီး သူကလည်း သူ့ညီမကို စိတ်ချပုံမရဘူးလေ၊ သူသာ အဖမ်းခံရရင် သူ့ညီမကို သူများယူသွားမှာလည်းစိုးရိမ်တာကိုး၊ ဒါနဲ့ပဲ တောက်တစ်ချက်ခေါက်ပြီး ပြန်သွားတယ်ပေါ့ဗျာ။

ညခုနစ်နာရီလောက်ဆို ဦးတရုတ်ကြီးတို့ဆိုင်သိမ်းပြီဗျ၊ ဒါနဲ့ လင်မယားနှစ်ယောက် စားပွဲတွေဘာတွေကို ထရံနဲ့အဖြစ်ဆောက်ထားတဲ့ မြေစိုက်အရက်ဆိုင်ကလေးထဲထည့်ပေါ့၊ ပြီးတော့ အရက်ပုလင်းတွေ၊ ပန်းကန်တွေကိုတော့လက်တွန်းလှည်းထဲကို ထည့်ပြီး သိမ်းဆည်းနေတုန်း သရဲကြီးသုံးကောင် သူတို့ရှေ့မှာ ဘွားခနဲပေါ်လာပါရောတဲ့ဗျာ၊ အဲဒီသရဲကြီးတွေက သူတို့ဆိုင်ထရံကို လက်နဲ့တဘုန်းဘုန်းရိုက်တယ်ဆိုပဲ၊ ထရံတွေဆိုရင် အချပ်လိုက်ကို ကွာကျကုန်တာဗျ၊ ပြီးတော့ ဆိုင်ထဲက သစ်သားခုံတွေကိုလည်း လက်နဲ့ဆွဲပြီး ချိုးပစ်ကြတာတဲ့၊ နောက်တော့ သူတို့လက်တွန်းလှည်းထဲက အရက်ပုလင်းတွေ၊ ပန်းကန်တွေကို ထုခွဲပြီး လက်တွန်းလှည်းကြီးကို တွန်းပြေးပါရောလား။

သူတို့လင်မယား အူယားဖားလျားနဲ့ အိမ်ကိုပြေးလာတိုင်တော့မှ အဖေနဲ့ရွာသားတွေ လိုက်ကြည့်တော့ ဆိုင်ကြီးက ပျက်နေပြီတဲ့ဗျာ၊ တိုင်တွေပါချွတ်သွားတာ၊ စားပွဲခုံ၊ ထိုင်ခုံတွေဆိုရင်လည်း ကျိုးပဲ့လို့တဲ့ဗျ၊ ပိုထူးဆန်းတာကတော့ လက်တွန်းလှည်းကြီးကို ရှာမရဘူးတဲ့၊ နောက်တစ်နေ့ကျမှ ရေတွင်းပျက်အနားမှာ တွေ့တယ်ဗျာ၊ အဲဒီကတည်းက ဦးတရုတ်ကြီးတို့က မှတ်သွားတာဗျ။ ကိုဘအေးအတွက်ဆို အရက်ပြင်းပြင်း၊ မီးတောက်အရက်လိုဟာကိုပဲ သီးသန့်ချန်ပေးထားတယ်ဆိုပဲ။

(၅)

ကျုပ်တို့ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကဆိုရင် ကိုဘအေးဆိုရင် သိပ်ကြောက်တာပေါ့ဗျာ၊ ကိုဘအေးက မနက်ဆိုရင် နွားတွေ၊ ဝက်တွေ၊ တစ်ခါတစ်လေတော့ ဆိတ်တွေကိုဆွဲသွားတယ်၊ ပါးစပ်ကလည်း အသံကုန်ဟစ်ပြီးဆဲဆိုသွားတာပဲ၊ တိရစ္ဆာန်တွေကလည်း အော်ဟစ်ပြီးလိုက်သွားတာပေါ့ဗျာ၊ ပြီးရင်တော့ အသားတွဲကြီးတွေထမ်း၊ အသားတောင်းကြီးထမ်းပြီး  ရွာထဲကိုသွေးအလိမ်းလိမ်းနဲ့ပြန်ဝင်လာတာပဲဗျာ၊ ပြီးတော့ သူ့ညီမ မယဉ်က ရွာထဲလှည့်ပြီး အသားရောင်းပေါ့၊ တစ်ခါတစ်လေ သူများရွာက ဖျက်ခိုင်းထားတာဆိုရင်တော့ သူတို့အိမ်ကိုလာယူတာပေါ့ဗျာ၊

ကိုဘအေးက အဖေ့ကိုတော့ လေးစားသမှုနဲ့ အမဲသားပေါ်တိုင်း တစ်ပိဿ၊ နှစ်ပိဿာလောက် လာလာပေးတတ်တယ်ဗျ၊ အဖေကတော့ အလကားမယူပါဘူးဗျာ၊ သူ့ကိုငွေပေးပေမယ့် ကိုဘအေးက မယူဘူးတဲ့ဗျ၊ သူ့ညီမ မယဉ်လာတော့မှ အိမ်က ဆန်တွေပေး၊ ပဲတွေပေးနဲ့ ပြန်ပေးရတာပေါ့ဗျာ၊ အဖေအမဲသားကြိုက်တာ အဲဒီကိုဘအေးလုပ်တာလည်းပါတယ်၊ ကိုဘအေးပေးတဲ့အမဲသားက တော်ရုံအသားမဟုတ်ဘူးဗျ၊ အသားဆိုမှ အသားချည်းပဲသီးသန့်၊ အကောင်းဆုံးအသားပေါ့ဗျာ၊ အမေက အဲဒီအသားကို ပြုတ်ကျော်လေးလုပ်၊ ဆီလေးစိမ်ပြီး အဖေ့ရှေ့ချပေးထားလိုက်ရင် အဖေကတော့ တစ်စိမ့်စိမ့် နှိုက်စားပြီး ရေနွေးနဲ့မြည်းနေတတ်တာပေါ့။

ကိုဘအေးကလည်း အမဲသားဆို လွှတ်ကြိုက်တယ်ဆိုပဲ၊ ထမင်းစားရင် အမဲသားမပါရင် မစားဘူးတဲ့ဗျာ၊ အမဲမပေါ်တဲ့နေ့မှာစားဖို့အတွက် မယဉ်က အမဲသားကို ကျပ်တိုက်လုပ်ပေးထားရတယ်၊ အခြောက်လှန်းပေးထားရတယ်ဆိုပဲ၊ ကိုဘအေးက အမဲပေါ်ပြီးတိုင်း အမဲအရိုးအရင်းတွေနဲ့ အသားတွေကို သူ့အိမ်နောက်က စပါးလင်ပင်က သရဲကြီးတွေကို ကျွေးသတဲ့ဗျာ၊ တစ်ခါတစ်ခါကွှေးရင် မနည်းဘူးတဲ့၊ ဒီလိုနဲ့တစ်နေ့ကျတော့ သရဲကြီးတွေကို အမဲသားအစိမ်းတွေကျွေးရင်း သရဲကြီးတွေက အားရပါးရစားသတဲ့ဗျာ၊ သူလည်း အဲဒါကိုကြည့်ပြီး

“ဟဲ့ကောင်တွေ၊ စားလှချည်လား၊ အမဲသားအစိမ်းက အကျက်ထက်အရသာရှိတယ်ထင်ပါ့”

အဲဒီလိုပြောရင်း သရဲကျွေးတဲ့အထဲက အမဲသားတစ်ခုကို ပါးစပ်ထဲကောက်ထည့်ဝါးတယ်တဲ့ဗျာ၊ ပြီးတော့ ကိုဘအေး အမဲသားအစိမ်းကြိုက်သွားတော့တာပဲ။ တစ်ခါကလည်း ဦးတရုတ်ကြီးဆိုင်မှာ အမဲသားအစိမ်းငါးဆယ်သားကို လောင်းကြေးစားကြေးနဲ့ စားပြသေးတယ်တဲ့၊ ကာလသားတွေဆိုရင် သွေးစိမ်းတွေနဲ့ပေကျံနေတဲ့ အမဲသားတွေကို မြိန်ရည်ရှက်ရေစားနေတဲ့ ကိုဘအေးကိုကြည့်ပြီး အတော်လန့်ကြသတဲ့ဗျာ။

မကြာပါဘူး၊ ကိုဘအေးတစ်ယောက် ရောဂါဖြစ်ပါရော၊ ဘာရောဂါလည်းဆိုတာတော့ တိတိကျကျမသိပေမယ့် အမေတို့ပြောတာကတော့ အသားစိမ်းတွေစားလို့ဖြစ်တာတဲ့၊ ရောဂါဖြစ်ပြီး အိပ်ရာထဲ တစ်ပတ်လောက်လှဲနေရသတဲ့၊ ဒီတော့ အသားမစားရတဲ့ သူမွေးထားတဲ့သရဲတွေက သောင်းကျန်းတော့တာပေါ့ဗျာ၊ တဖြည်းဖြည်းနဲ့ ဆာလာတော့ သခင်မှန်းဘာမှန်း နားမလည်တော့ဘဲ ကိုဘအေးကို တက်စီးကြသတဲ့၊ ကိုဘအေးဆို အော်နေလိုက်တာ ကြောက်စရာကြီးတဲ့ဗျာ။

တစ်ရက်တော့ မယဉ်အိမ်ရောက်လာတယ်ဗျ၊ ငိုကြီးချက်မနဲ့ပေါ့၊ အဖေတို့ကမေးတော့ သူ့အကို ပျောက်သွားလို့တဲ့။ အိပ်ရာထဲလဲနေတဲ့ ကိုဘအေးတစ်ယောက် ဘယ်များထသွားလဲဆိုပြီး အဖေတို့က ရွာသားတွေနဲ့ ရှာကြတာပေါ့ဗျာ၊ ဒီလိုနဲ့ သိပ်မရှာလိုက်ရပါဘူး၊ ရေတွင်းပျက်ကြီးဘောင်နားမှာ ငုတ်တုတ်ကြီးထိုင်ပြီးတော့ မျက်လုံးကြီးပြူးကြောင်ပြီးသေနေတဲ့ ကိုဘအေးကိုတွေ့လိုက်ကြတာပါပဲ၊ ကိုဘအေးအလောင်းက ကြောက်စရာကောင်းလို့ ကျုပ်တို့ကလေးတွေဆိုရင် မကြည့်ရဲကြပါဘူးဗျာ၊ ရွာကလူတွေပြောတာကတော့ သူမွေးထားတဲ့သရဲတွေက သူ့ကိုပြန်သတ်သွားတယ်လို့ ပြောကြတာပဲ။

ကိုဘအေးသေသွားတော့ မယဉ်ကတစ်ယောက်တည်းဖြစ်သွားတာပေါ့၊ ဒီအချိန်မှာ မယဉ်ကို လူပျိုတွေ၊ ကာလသားတွေက ကပ်လာကြပြီပေါ့၊ အဲဒီအချိန်မှာ ဘုရားဒကာကြီး ဦးဘဖြူရဲ့ မိန်းမကလည်း သေသွားတာ လေးလလောက်ပဲရှိသေးတယ်၊ အဲဒီနေ့ကို ကျုပ်မှတ်မိနေပါသေးတယ်ဗျာ၊ ဦးဘဖြူကြီးက ပြုံးဖြီးဖြီးနဲ့ ခြံထဲဝင်လာတာဗျ၊ သူ့အနောက်မှာလည်း မယဉ်က ပါလာသေးတယ်။ ဦးဘဖြူက အဲဒီတုန်းက အသက်ခြောက်ဆယ်နီးပါးရှိနေပြီ၊ မယဉ်ကတော့ သုံးဆယ်ကျော်ပေါ့ဗျာ။

“ဟာ၊ ဦးဘဖြူတို့ အလာထူးပါလည်း၊ ယဉ်ယဉ်လည်းပါတာကိုး”

“ဟုတ်တယ်သူကြီး အခုလာတဲ့ကိစ္စကတော့ မင်္ဂလာကိစ္စပါပဲ”

“နေပါအုံး ခင်ဗျားသမီးကြီးက အိမ်ထောင်ကျပြီးပြီဆိုတော့၊ တန်တော့ ခင်ဗျားသမီးလတ် မင်္ဂလာဆောင်တော့မလို့လား”

“မဟုတ်ဘူးဗျ၊ ကျုပ်မင်္ဂလာဆောင်မှာ”

အဖေကတော့ နည်းနည်းရိပ်စားမိပြီးတော့ မယဉ်ကိုကြည့်လိုက်တယ်။

“ယဉ်ယဉ်၊ နင်တကယ်ဆုံးဖြတ်ပြီးပြီလား”

“ဟုတ်ကဲ့သူကြီး၊ ကျွန်မအသေအချာဆုံးဖြတ်ပြီးပါပြီ”

အဖေကလည်း မတားတော့ဘူး၊ ဘာပဲပြောပြော ဦးဘဖြူလိုလူနဲ့ညားတာဆိုတော့ မယဉ်ကံကောင်းတယ်လို့ တွေးတာနေမှာပေါ့၊ နောက်ပြီး အကိုသေသွားလို့ စောင့်ရှောက်တဲ့လူမရှိတော့တဲ့ မယဉ်လည်း အကာအကွယ်တစ်ခုရတာပေါ့ဗျာ။ ဒီလိုနဲ့ ဦးဘဖြူရဲ့ သားသမီးတွေ ကန့်ကွက်နေတဲ့ကြားကပဲ ဦးဘဖြူတစ်ယောက် မယဉ်ကို ကောက်ယူလိုက်ပါရောဗျာ၊ မယဉ်ကလည်း အသက်သုံးဆယ်ကျော်ဆိုပေမယ့် အပျိုပေါက်ရှုံးအောင် လှတာကိုးဗျ၊ ကိုဘအေးသေသွားပြီဆိုပြီးတော့ မယဉ်ကို နောက်ပိုးလုပ်ဖို့ ပြင်နေကြတဲ့သူတွေလည်း ဦးဘဖြူကြီး လက်ဦးသွားတာကိုသိတဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်ကုန်ကြတောပေါ့ဗျာ။

အပျော်ဆုံးကတော့ ဦးဘဖြူပေါ့၊ အသက်ကြီးမှ မိန်းမငယ်ငယ်လေးရတာကိုး၊ မယဉ်က ရုပ်မချောပေမယ့် ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်ဖြောင့်ဖြောင့်ရယ်ဗျ။ ဘုရားဒကာကြီး ဦးဘဖြူ ဘယ်လောက်ကဲသလဲဆိုရင် သူ့သမီးကြီးတွေကို အရင်က ကိုဘအေးတို့နေခဲ့တဲ့အိမ်ကိုပြောင်းခိုင်းပြီးတော့ သူတို့အိမ်မှာ မယဉ်နဲ့သူနဲ့ နှစ်ယောက်တည်းပဲ နေကြသတဲ့ဗျာ။ ကျုပ်တို့လည်း စဉ်းစားမရဘူးပေါ့ဗျာ၊ ဒီလောက်ရွာထဲမှာ လူပျိုလူလွတ်တွေရှိပါလျက်နဲ့၊ ခရုသင်းစွဲပြီး ကိုယ်တစ်ပိုင်းလောက်ဖြူနေတဲ့ လူကြီးကိုများ ဘာကြိုက်လို့ ယူတာလဲပေါ့ဗျာ။ ရွာထဲကလူတွေကတော့ ကြိုက်လို့ယူတာမဟုတ်ဘူး၊ မက်လို့ယူတာတဲ့။

အဲဒီမှာ ပြဿနာတစ်ခုစပါလေရောဗျာ၊ ဦးဘဖြူသမီးအကြီးဆုံးက မညိုတဲ့ဗျ၊ မယဉ်တို့အရင်နေခဲ့တဲ့အိမ်ကိုပြောင်းနေတော့ စပါးလင်ပင်ကြီးတွေက ဒီအတိုင်းရှိနေသေးသတဲ့၊ တစ်ညတော့ မညိုတစ်ယောက် အိမ်သာတက်ချင်တာနဲ့ တောထိုင်ဖို့ဆင်းလာတုန်း စပါးလင်ပင်တွေမှာ မဲမဲအကောင်ကြီးတွေ တန်းစီပြီး ငုတ်တုတ်ထိုင်နေတာတဲ့ဗျာ၊ အားလုံးက ခေါင်းတုံးကြီးတွေနဲ့တဲ့၊ မညိုတစ်ယောက် သွေးပျက်ပြီး မေ့လဲသွားလို့ တော်တော်ကုလိုက်ရသေးတယ်။

နောက်တော့ သူ့ယောက်ျားကို အဲဒီစပါးလင်ပင်တွေကို ရှင်းခိုင်းတာပေါ့ဗျာ၊ သူ့ယောက်ျားနာမည်က ကိုကျွဲတဲ့ဗျ၊ အသားမည်းမည်းနဲ့ လူကလည်း ထွားထွားကြီးဗျ၊ ဒါနဲ့ ကိုကျွဲက လယ်ထဲကအပြန် ညနေစောင်းတော့ ပေါက်တူးတစ်လက်နဲ့ စပါးလင်ပင်တွေကို ရှင်းတော့တာပေါ့ဗျာ၊ စပါးလင်ဆိုတာ အုံလိုက်ရုံလိုက်ပေါက်တာမဟုတ်လား၊ နှစ်အုံသုံးအုံလောက်ရှင်းပြီးတော့ သူ့အနောက်ကနေ တောက်ခေါက်သံကြီးကြားတယ်၊ ကိုကျွဲလှည့်ကြည့်တော့ ကတုံးကြီးသုံးကောင်က သူ့ကိုရပ်ကြည့်နေတယ်ဆိုပဲဗျ၊ အဲဒီကတုံးကြီးတွေလည်း သူ့လိုပဲ အသားမည်းမည်းဗျ၊ ကိုယ်လုံးတီးကြီးတွေဆိုပဲ၊ အောက်ပိုင်းမှာတော့ နံငယ်ပိုင်းကလေး ပတ်ထားတယ်တဲ့၊ ဘာမပြောညာမနဲ့ အဲဒီထဲက တစ်ကောင်က ကိုကျွဲကိုဝင်လုံးတော့တာပဲတဲ့ဗျာ၊ ကိုကျွဲလည်း ပြန်လုံးတာပေါ့၊ စပါးလင်ပင်ရှင်းမယ်ဆိုပြီး ဆင်းသွားတဲ့ကိုကျွဲက တဝုန်းဝုန်းနဲ့အသံကြားလို့ မညိုအိမ်နောက်ကိုထွက်ကြည့်တော့ တစ်ယောက်ထဲ စပါးလင်ပင်တွေကြားထဲမှာ လုံးထွေးနေတာတဲ့ဗျာ။

ဒါနဲ့ပဲ အော်မိအော်ရာ အော်လိုက်တော့ ခြံအနောက်နားမှာ နွားကျောင်းနေတဲ့ ဦးဘသာက ပြေးလာတယ်တဲ့ဗျာ၊ သူတို့ခြံအနောက်မှာက ကွင်းကြီးဆိုတော့ မြက်တွေပေါတယ်မဟုတ်လား၊ ဦးဘသာက ကိုကျွဲကို ကြိမ်လုံးနဲ့ပိတ်ပိတ်ရိုက်တယ်ဆိုပဲ၊ နောက်တော့မှ ကိုကျွဲက ပြန်ထနိုင်တယ်၊ သရဲနဲ့လုံးထားလို့ ကိုကျွဲတစ်ယောက် မောနေတာ ရင်ဘတ်ကြီးဆိုရင် ဖားဖိုကြီးလို နိမ့်လိုက်မြင့်လိုက်နဲ့တဲ့ဗျာ၊ နာရီဝက်လောက်ကြာတော့မှ ကိုကျွဲက စကားပြောနိုင်တယ်။

“ခေါင်းတုံးကြီးသုံးကောင်၊ ငါ့ကိုဝိုင်းလုံးတာ မိန်းမရေ။ လည်ပင်းတွေညှစ်၊ လက်တွေခြေတွေနဲ့လည်း ထိုးလိုက်ကန်လိုက်တာမှကွာ၊ ငါလည်း ငါ့ကိုယ်ငါ သေပြီထင်တာ၊ ဒီအချိန်မှာပဲ ဦးဘသာရောက်လာလို့ပေါ့၊ ဦးဘသာက ကြိမ်နဲ့လိုက်ရိုက်တော့မှ ဒီကောင်ကြီးတွေက ငါ့ကိုဖမ်းချုပ်ထားတာကနေလွှတ်ပေးပြီးတော့ ကွင်းထဲဆင်းပြေးသွားကြတာပဲ”

ကိုကျွဲပြောတော့မှ အားလုံးဇာတ်ရည်လယ်တယ်ဗျ၊ ကိုကျွဲကလည်း ဦးဘသာကို ကျေးဇူးတင်လို့ ပဲတွေ၊ နှမ်းတွေနဲ့ ယာထွက်သီးနှံတွေနဲ့ သွားကန်တော့သေးတယ်၊ စပါးလင်တွေရှင်းပြီး ခြံကိုမြေသန့်ပြန်လုပ်ကြတယ်၊ ဒီတော့မှ သူတို့နေလို့ရသွားတာတဲ့ဗျာ၊ အခုထိ မညိုတို့မိသားစု အဲဒီအကွက်မှာပဲ နေကြပါသေးတယ်။

ကိုဘအေးက သေပြီးတော့ မကျွတ်ဘူးတဲ့ဗျ၊ သရဲဖြစ်နေသတဲ့၊ ပြီးတော့ သူ့ညီမကိုစိတ်မချလို့ သူ့ညီမအနားမှာပဲ ခိုကပ်နေသတဲ့ဗျာ၊ သူ့ညီမ မယဉ်ကလည်း သူ့အကိုသရဲကြီးကို မွေးထားသတဲ့၊ ပြီးတော့ သူတို့အကြံအစည်အတိုင်း လုပ်ကြတာပေါ့ဗျာ၊ ဒီတော့မှ မယဉ်ဇာတ်ကြောင်းက စတော့မှာဗျို့၊ ခင်ဗျားတို့သာ ကိုဘအေးအကြောင်းကို မသိထားရင် မယဉ်အကြောင်းပြောရင် ဘာမှမသိပဲဖြစ်နေမှာစိုးလို့ ကျုပ်ကပြောပြရတာ၊ လူဘဝတုန်းကတောင် သရဲတွေကြောက်လို့ ထွက်ပြေးရတဲ့ ကိုဘအေးတစ်ယောက်၊ သရဲကြီးဖြစ်သွားတဲ့အခါ ဘယ်လောက်တောင်ဆိုးသွမ်းမလဲဆိုတာ ခင်ဗျားတို့သာ စဉ်းစားကြည့်ကြပါတော့ဗျာ၊

ဒီနေ့တော့ တော်လောက်ပြီဗျာ၊ မယဉ်အကြောင်းပြောရင် အရှည်ကြီးပြောရမှာမို့လို့ နောက်တစ်ခေါက်မှပဲ နားထောင်ကြတော့ဗျို့။

ပြီးပါပြီ။

အဂ္ဂဇော်