သရဲမွေးသောခြံဝိုင်းကြီး

*သရဲမွေးသော ခြံဝိုင်းကြီး*📖📖📖(စ/ဆုံး)

****************************************

—————————————
ဦးထွန်းအောင် လက်ပတ်နာရီကို ကြည့်သည်။
မနက် ၈နာရီ ရှိနေပြီ ဖြစ်၏။ ထို့ကြောင့်
မိန်းမဖြစ်သူ ဒေါ်အေးကြွယ်အား ထမင်းချက်ရန်
ပြောလိုက်သည်။

“ကိုင်း …ဒေါ်အေးကြွယ် မင်းနဲ့ သမီးကြီး မနက်စာ
ထမင်းချက်ကြတော့ကွာ”

“ရှင်ကလည်း လှေဆိပ်က ပစ္စည်းတွေတောင်
အကုန်မရောက်သေးဘူးလေ ပစ္စည်းတွေ
အကုန်ရောက်မှ ချက်ပြုတ်ရင် မကောင်းဘူးလား”

ဟု ဒေါ်အေးကြွယ်က ပြန်ပြောသည်။

“လှေဆိပ်က ပစ္စည်းတွေကို ကျန်တဲ့လူတွေ
သယ်ကြလိမ့်မယ်ပေါ့ လှေဆိပ်က ပစ္စည်းတွေ
အကုန်ရောက်မှဆိုရင် နေမွန်းတည့်သွားလိမ့်မယ်
တို့က အခုမှ ပြောင်းလာကြတဲ့ လူသစ် နေရာသစ်
ဆိုတော့ ကြိုတင်ချက်ပြုတ် စားသောက်ထားတာ
ကောင်းပါတယ် ။ နေမြင့်မှဆို ကလေးတွေလည်း
ဆာကုန်တော့မှာပေါ့ ။ အခုလောလောဆယ်တော့
ဟိုသစ်ပင်အောက်မှာပဲ ချက်ပြုတ်လိုက်ကြ။
ရေတွင်းလည်း နီးလည်းနီးတယ် ။ ငါအိမ်ကြီးဆီကို
သွားပြီး သော့ဖွင့်လိုက်မယ်”

ဟုပြောပြီး ဦးထွန်းအောင်သည် မြေးသုံးယောက်တို့
ဘက်ကို လှည့်ကြသည်။

မြေးသုံးယောက်တို့မှာလည်း နေရာသစ်တစ်ခုသို့
ရောက်နေ၍ စကားပြောခြင်း သွားလာခြင်း
ပြေးလွှားဆော့ကစားခြင်း မလုပ်ရဲကြသေးဘဲ
ငြိမ်ကုတ်ပြီး ထိုင်နေကြသည်။

“ကိုင်း …ငါ့မြေးတွေကလည်း ဆော့ချင်ဆော့
ကစားနေကြ သိပ်ပြီး အဝေးတော့ မသွားကြနဲ့ဦး
ဒါက ဘိုးဘိုး ငွေသုံးရာပေးပြီး ဝယ်ထားတဲ့ ခြံကြီးပါပဲ”

ဟု ပြောထားခဲ့ပြီး ဦးထွန်းအောင် အိမ်ကြီးဆီကို
လျှောက်သွားသည်။

ဦးထွန်းအောင်က သစ်ကုန်သည်ကြီး ဖြစ်သည်။
ထို့ကြောင့် သည်ရခိုင်ရိုးမ တောင်ခြေတစ်ခို၌
ပျဉ်းကတိုးသစ်များ ပေါသဖြင့် သစ်ထုတ်ရန်အတွက်
သည်နေရာဒေသကို ရွေးချယ်လိုက်သည်။

ထို့နောက် ရွာနှင့် တစ်မိုင်မျှလှမ်းပြီး ပိုမို
တောင်ခြေကျသော သည်ခြံနှင့် အိမ်ကြီးကိုပါ
ဝယ်ယူလိုက်သည်။

သည်အိမ်ကြီးမှာ နေထိုင်ပြီးပင် သစ်လုပ်ငန်းကို
လုပ်ကိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိသားစုကို
တစ်ပါတည်း ပြောင်းလာခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်မှာ သားကြီး ကျော်ထွန်းအေး
သမီးကြီး ငွေရင်အေး သမီးငယ် ငွေရင်ဖြူ ဟု
သားသမီးသုံးယောက် ရှိသည်။

သားကြီးနှင့် သမီးကြီးတို့က အိမ်ထောင်ကျပြီး
သားကြီးမှာ ကလေးနှစ်ယောက် သမီးကြီးမှာ
ကလေးတစ်ယောက် အသီးသီး ရှိနေကြသည်။
သမီးငယ်က ယခုမှ ၁၉နှစ်မျှ ရှိသေး၍ အိမ်ထောင်လည်း
မကျသေးပေ။

ထို့အပြင် အိမ်ကူအဖြစ် အမျိုးသမီးနှစ်ယောက်နှင့်
အမျိုးသားသုံးယောက်တို့လည်း ပါလာကြသေး၍
ဦးထွန်းအောင်၏ မိသားစုသည် မနည်းပေ။
ထို့ကြောင့်လည်း လုပ်ငန်းသဘောအရ
ကြာကြာနေထိုင်ရန်အတွက် ဦးထွန်းအောင်
သည်ခြံနှင့် အိမ်ကြီးကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။

ခြံဝိုင်းကြီးကလည်း ဆယ်ဧကကျော်မျှ ကျယ်ဝန်းသည်
သည်ခြံကြီးကို စတင်တည်ထောင်ခဲ့သော
မူလပိုင်ရှင်သည် ဂျပန်များ တိုင်းပြည်ထဲသို့
ဝင်ရောက်စ အချိန်တွင် ရောက်ရှိလာပြီး
သည်နေရာ၏ မြေလွတ်မြေရိုင်းကြီးကို
ခြံအဖြစ် ဖန်တီးကာ လွတ်လပ်ရေးရပြီး၍
တိုင်းပြည် ပြန်လည်ငြိမ်သက်သည်အထိ
ကာလတစ်လျှောက်လုံး သူ၏ မိသားစုများနှင့်အတူ
ဆယ်နှစ်ကျော်မျှ နေထိုင်သွားခဲ့သည်။

ယခုတစ်ဖန် ဦးထွန်းအောင်က သစ်လုပ်ငန်းကို
အကြောင်းပြုပြီး တန်ဖိုးငွေ သုံးရာကျပ်ဖြင့်
ပေးဝယ်လိုက်၍ ဦးထွန်းအောင်၏ ခြံ ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် မူလပိုင်ရှင်များ ပြောင်းရွှေ့သွားကြသည်မှာ
သုံးလခန့် ရှိခဲ့ပြီ။

မူလပိုင်ရှင်သည် ငှက်ပျော သရက် ပိန္နဲ မန်ကျည်း
မာလကာနှင့် ရှောင်ပင်များကိုလည်း စိုက်ပျိုးထားခဲ့၍
အတော်လေးပင် စည်ပင်ဖွံ့ဖြိုးလျက် ရှိနေလေသည်။

ပင်တိုင်းသီးပြီး အကိုင်း အခက် အရွက်များကလည်း
အရိပ်ပေးလျက် ရှိနေပြီ။ ထို့ကြောင့် ဦးထွန်းအောင်အဖို့
အတော်လေးပင် အဆင်ပြေနေလေသည်။

ဦးထွန်းအောင်သည် အိမ်ကြီးကို သော့ဖွင့်ပြီး
လျှောက်ကြည်နေမိသည်။ တစ်အိမ်လုံး ပျဉ်ကတိုးသစ်
များဖြင့် ဆောက်လုပ်ထား၍ ရဲရဲနီနေသည်။
အိမ်ကကြီး/ကျယ်ပြီး အခန်းအတော်များများကိုလည်း
ဖွဲ့ထားသည်။

ရှေးလည်းဆန်သည်။ အတော်လေးပင် ခိုင်ခန့်
သပ်ရပ်စွာဖြင့် ဆောက်လုပ်ထားသည်ကို
တွေ့ရသည်။ မူလပိုင်ရှင်သည် သည်မျှအခိုင်အခံ့
ဆောက်လုပ်ထားပြီး ဆယ့်ကိုးနှစ်မျှသာ
နေထိုင်ကာ ဦးထွန်းအောင်အား ရောင်းချထားခဲ့၍
သစ်လုပ်ငန်းကို ကြာကြာလုပ်ကိုင်ပြီး
နေထိုင်လိုသည့် ဦးထွန်းအောင်အဖို့
အတော်လေးပင် အဆင်ပြေသည် ကံကောင်း
သည်ဟုပင် ဆိုရပေမည်။

ထိုအခိုက်မှာပင် ဆူဆူညံညံဖြင့်

“အေမေရ …အေဖေရ…”

ဟု မြေးတစ်စုတို့၏ အော်ဟစ်ငိုကြွေးပြီး
ထွက်ပြေးကြသံကို ကြားလိုက်ရ၍ ဦးထွန်းအောင်
အိမ်ကြီးပေါ်မှ ပြေးဆင်းပြီး လိုက်သွား၏။

အိမ်ရှေ့သို့ရောက်၍ ကြည့်လိုက်ရာ ကလေးများသည်
ထမင်းဟင်း ချက်ပြုတ်နေကြသော သူ့အမေ နှင့်
သူ့အဘွားတို့ အနားတွင် စုရပ်ကာ ကြောက်လန့်
တုန်လှုပ်ပြီး မျက်ရည်များ စို့ဝိုင်းနေကြသည်ကို
တွေ့လိုက်ရသည်။

“ဟင် … ငါ့မြေးတွေ ဘာဖြစ်ကြတာလဲ အဘိုးကို
ပြောကြစမ်း ဘာကိုကြောက်လို့ အော်ဟစ်ကြတာလဲ”

“ဘီလူးကြီး”

ဟု အကြီးမလေးက အသံတုန်တုန်ဖြင့် ပြော၏။

“ဘာ”

ဦးထွန်းအောင်၏အသံ ကျယ်လောင်သွား၏။
အကြီးမြေးမလေးက မျက်လုံးများ ပြူးဝိုင်းလျက်
ထပ်ပြောသည်။

“ဟို အနားမှာ ဘီလူးကြီး”

ဟု ပြောပြီး ခြံကြီး၏ အနောက်ထောင့်ဘက်ကို
လက်ညှိုးထိုးပြသည်။ ထို့ကြောင့် ဦးထွန်းအောင်
အပါအဝင် အနားမှာ ရှိနေကြသော လူအားလုံးပင်
အကြီးမလေး လက်ညှိုးထိုးပြသည့် ခြံထောင့်ကို
အကြည့်ရောက်သွားသည်။

ခြံထောင့်သည် ယခုထမင်းချက်နေကြသည့်
နေရာနှင့် လူကြီးခဲတစ်ပေါက်ခန့် လှမ်းသည်။
ထိုနေရာတွင် ကျိုးတိုးကျဲတဲ အပင်လေးများ
ပေါက်၍လည်း ရှိသည်။ဦးထွန်းအောင်သည်
ထိုနေရာကို စိုက်ကြည့်ပြီး ဖြည်းဖြည်းမှန်မှန်
လျှောက်သွားသည်။

ဦးထွန်းအောင် ထိုနေရာနှင့် ဆယ့်ငါးလံခန့် အနီးသို့
ရောက်လျှင် သက်ကယ်ပင်များ၏ အကြားက
လူကြီးတစ်ဖက်သာခန့်ရှိသော ဖွဲနုရောင်
လူခေါင်းနှင့်တူသော ခေါင်းကြီး တစ်လုံးသည်
မြေကြီးထဲသို့ တဖြည်းဖြည်း နိမ့်ဆင်းပြီး ချိုးဝင်
သွားသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ဦးထွန်းအောင်လည်း မျက်လုံးပြူးပြီး
ကြက်သီးမွေးညင်းများ ထောင်ထသွားလေသည်။
ခပ်ပါးပါး သက်ကယ်ပင်များ ရှိနေ၍ ထိုခေါင်းကြီးသည်
လူဦးခေါင်းနှင့် တူသည်ကို တွေ့လိုက်ရသောကြောင့်
မိစ္ဆာကြီးတစ်ကောင်,ကောင်၏ ဦးခေါင်းကြီးသာ
ဖြစ်နိုင်ကြောင်းကိုလည်း နားလည်လိုက်သည်။

ထိုသို့ စဉ်းစားရင်း ဦးထွန်းအောင်မှာ သာ၍ပင်
ကြောက်လန့်သွားရလေသည်။

ဒုက္ခပဲဟုလည်း အသံတိတ်စွာဖြင့် တွေးလိုက်မိ၏။
ဤခြံကြီး၏ မူလပိုင်ရှင်သည် အဘယ်သို့
ပြုလုပ်ထားခဲ့သည်ဟု မသိ။သို့သော် သည်အဖြစ်ကို
မိသားစုများအား အသိပေး၍ ဖြစ်မည်မဟုတ်ပေ။
အသိပေးလိုက်လျှင် သာ၍ပင် ကြောက်လန့်
သွားကြမည်ဖြစ်ပြီး ထိန်းမနိုင် သိမ်းမရသည်အထိ
ဖြစ်သွားနိုင်သည်။

ထို့နောက် ဦးထွန်းအောင်သည် ထိုနေရာမှ
ပြန်ခေါက်လာပြီး ကလေးများအား နှစ်သိမ့်
ပေးလိုက်တယ်။

“ငါ့မြေးတွေ မကြောက်ကြနဲ့ကွယ် ဘာမှလည်း
မဟုတ်ပါဘူး အဲဒီနေရာကို အဘိုး သွားကြည့်ပြီးပြီပဲ
ဘာမှ မရှိပါဘူး”

“ရှိတယ် အဘိုး သမီးတို့ ပြေးဆော့နေကြတုန်း
ချုံဖုတ်ကြားက ချောင်းကြည့်နေတဲ့ အကောင်ကြီးဟာ
ဘုန်းကြီးကျောင်းက ဘီလူးကြီးအတိုင်းပဲ”

ဟု မြေးမလေးက ပြန်ပြောသည်။

“တော်စမ်း အဘိုး သွားကြည့်ပြီးပြီ ဘာမှ မရှိပါဘူး
ဆိုမှ ကြောက်ရင် အဲဒီဘက်ကို မသွားကြနဲ့
ဒီအနားမှာပဲ ဆော့နေကြပေါ့ ”

ဟု ဦးထွန်းအောင်က မြေးမလေးအား ငေါက်ငမ်းပြီး
နှုတ်ပိတ်လိုက်သည်။
အဘိုးဖြစ်သော ဦးထွန်းအောင်က ငေါက်ငမ်း ပြောဆို
လိုက်သော်လည်း မြေးကလေးများမှ ထိုမိစ္ဆာကောင်ကြီးကို
ကိုယ်တိုင် မြင်လိုက်ကြ၍ အကြောက်မပြေသေးဘဲ
မျက်လုံးကလေးများ ပြူးဝိုင်းပြီး ထိုဘက်ကိုသာ
စိုက်ကြည့်နေကြလေသည်။

ဦးထွန်းအောင်၏ စိတ်ထဲတွင်လည်း အတော်လေးပင်
လေးတေးတေးကြီးဖြစ်ပြီး ကြောက်လန့်နေမိသည်။
ဤခြံကြီးကို ဝယ်ယူလိုက်မိသည်မှာ ကြီးစွာသော
အမှားကြီးတစ်ခုကို ကျူးလွန်မိသလိုပင်
ဖြစ်သွားရလေပြီလားဟုလည်း တွေးနေမိသည်။

သို့သော် သူ၏ ကြောက်နေမိသော အမူအရာကို
အိမ်သူအိမ်သားများ မရိပ်မိစေရန်အတွက် အတတ်နိုင်
ဆုံး ထိန်း၍နေသည်။ သည်အဖြစ်ကို နောက်နေ့တွင်
ရွာသားများအား ပြောပြပြီး အဖြေရှာမည်ဟုလည်း
တေးထားလိုက်သည်။

ထို့နောက် ရေဆိပ်မှ ပစ္စည်းများကို သွားသယ်
နေကြသော သား/သမက် အလုပ်သမားများ
ရောက်လာကြလျှင် နေ့လယ်စာ စားသောက်ကြသည်
ထမင်းစားသောက်ပြီးနောက် အိမ်တွင်း အိမ်ပြင်
လှည်းကျင်းရှင်းလင်းပြီး ပစ္စည်းများကို အိမ်ပေါ်သို့
ရွှေ့ပြောင်းကြသည်။
အောက်မှာထားမည့် ပစ္စည်းများကိုလည်း
သူ့နေရာနှင့်သူ အဆင်ပြေအောင် ထားကြသည်။

ညနေပိုင်းသို့ ရောက်လျှင် နေရာသစ်(အိမ်သစ်)ဖြစ်၍
ညနေစာထမင်းကို ခပ်စောစောပင် ချက်ပြုတ်ပြီး
စားသောက်ကြသည်။ ညနေစာ စားသောက်ပြီးချိန်၌
နေညိုရုံမျှသာ ရှိသေးသည်။

ဦးထွန်းအောင်သည် သွားကြားထိုးရင်း မသိမသာ
ပြတင်းပေါက်နားသို့ ကပ်သွားပြီး ခြံကြီး၏
အနောက်မြောက်ထောင့်ဘက်ကို လှမ်းကြည့်ပြန်သည်။
ထိုအခါတွင်လည်း မနက်ပိုင်းက မြင်လိုက်ရသော
သက်ကယ်ပင်ဖုတ်နားက ဖွဲနုရောင် မိစ္ဆာခေါင်းကြီးကို
မြင်ရပြန်သည်။

ဦးထွန်းအောင် ကြက်သီးဗြန်းဗြန်း ထသွားရပြန်သည်။
နောက်ဘက်က ဝင်လုဆဲ စူးရှရှနေရောင် ထိုးနေ၍
ခေါင်းကြီးကို သဲကွဲစွာဖြင့် မြင်နေရသည်။
အစိမ်းသရဲများထက် ပိုကြီး (ပိုဆိုး)သော
ဖုတ် ပြိတ္တာ အင်းဘီလူး ကျောက်ဘီလူးဟု
ကြားဖူးသော မိစ္ဆာအကြီးစားထဲကသာ
ဖြစ်ဖွယ်ရှိသည်ဟု ဦးထွန်းအောင် တွေးသည်။

ဦးထွန်းအောင်သည် အိမ်သူအိမ်သားများ
ရိပ်မိသွားကြမည်စိုး၍ ပြတင်းတံခါးကို ပြန်ပိတ်ကာ
ဧည့်ခန်းတွင် စင်္ကြ ံ လျှောက်နေမိသည်။
စိတ်သည်လည်း အတော်လေးပင် လှုပ်ရှားနေသည်။

တစ်အောင့်လေးအကြာတွင် နေဝင်သွား၏။
ဦးထွန်းအောင် ပြတင်းပေါက်နားသို့ ကပ်သွားပြီး
ဖွင့်ကြည့်ပြန်သည်။ ထိုအခါတွင်လည်း ထိုခေါင်းကြီးကို
မြင်နေရမြဲဖြစ်သည်။ သက်ကယ်ပင်လေးများ
ကျိုးတိုးကျဲတဲ ကွယ်နေ၍ ရှင်းလင်းပြတ်သားစွာဖြင့်
မမြင်ရသော်လည်း ထိုမိစ္ဆာကောင်ကြီးသည်
အိမ်ဆီသို့ လှည့်ကြည့်နေသည်မှာ သေချာနေသည်။

ထို့နောက် မိုးချုပ်လာသည်နှင့် ထိုမိစ္ဆာခေါင်းကြီး
ရှိနေသော နေရာက မီးကဲ့သို့ ရဲရဲနီလာလေသည်။
ထို့နောက် အိမ်ခေါင်မိုးပေါ်သို့ သဲလိုလို မိုးစက်ပေါက်လိုလို
တဖြောက်ဖြောက်ကျလာလေသည်။

အိမ်သူအိမ်သားများက အထူးအဆန်းဖြစ်ပြီး
ခေါင်မိုးပေါ်ကို မော့ကြည့်ရုံမျှသာ ကြည့်နေ
ကြသော်လည်း ဦးထွန်းအောင်ကမူ ဤသည်မှာ
မိစ္ဆာကောင်ကြီး၏ လက်ချက်သာဖြစ်သည်ဟု
အလိုလိုသိနေသည်။

ထို့နောက် တဖြောက်ဖြောက်သံများသည် ပိုမိုကျယ်
လောင်လေ၏။ တဖြောက်ဖြောက်မှ ခဲလုံးများ
မြေခဲတုံးများဖြင့် ပစ်ပေါက်သကဲ့သို့ တဘုန်းဘုန်း
တအုန်းအုန်း ကျလာလေသည်။ သို့မှ အိမ်သူအိမ်သား
များလည်း သရဲခြောက်မှန်းကို သိသွားကြလေသည်။
အိမ်တံခါးများကိုလည်း လုံအောင်ပိတ်ထား
လိုက်ကြသည်။

“ငါ့သား ငါ့မြေးတို့ မကြောက်ကြနဲ့ကွ သရဲခြောက်လို့
သေတယ်ဆိုတာလည်း မရှိပါဘူး မကြောက်ဖို့ပဲ လိုတယ်
စိတ်ကိုတင်းတင်းထားကြ”

ဟုပြောပြီး ဦးထိန်းအောင်သည် နှစ်လုံးပြူးသေနတ်ကြီးကို
ကောက်ကိုင်လိုက်၏

ထိုအချိန်၌ အိမ်ကြီးကို ကိုင်လှုပ်သလို ပြေးလိုက်သလိုပင်
ကြမ်းလာလေသည်။ လေးတောင်ဖွင့် လေးခန်း
အိမ်ရှေ့အိမ်နောက် လက်ခံပါသော ပျဉ်းကတိုး
အိမ်ကြီးသည်ပင် သိမ့်သိမ့်တုန်နေလေသည်။

ထိုအချိန်၌ လရောင်သည်လည်း ခပ်ပါးပါးမျှသာ
ရှိသည် ။ ဦးထွန်းအောင်သည် တံခါးပေါက်များကို
မဖွင့်ရဲဘဲ စာကလေး ဝင်ပေါက်မှ အပြင်ဘက်ကို
ချောင်းကြည့်သည်။အပြင်တွင် လူတို့ထက်
လေးငါးဆခန့်ကြီးသော သတ္တဝါကြီးတစ်ကောင်သည်
အိမ်ကြီးကို လှည့်ပတ်လျက် ကိုင်လှုပ်ပွတ်တိုက်
နေသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။

ထို့နောက် ကျယ်လောင်စွာဖြင့်လည်း တက်ခေါက်
သေးသည်။အိမ်သူအိမ်သားများမှာ အိပ်ပင် မအိပ်ရဲ
ကြတော့ဘဲ အိမ်ခန်းအလယ်တွင် စုထိုင်ပြီးသာ
တုတ်တုတ်မျှ မလှုပ်ရဲဘဲ ငြိမ်ကုပ်နေကြရသည်။

ဦးထွန်းအောင်၏ တစ်သက်တွင် သည်မျှအထိ
ကြမ်းသော ခြောက်လှန့်ခြင်းမျိုးကို မကြုံဖူးသလို
ကြားလည်း မကြားဖူးပေ။ ယခင်ကမူ ဦးထွန်းအောင်သည်
တစ္ဆေ သရဲများကို သိပ်ပြီး ကြောက်လန့်တတ်သူ
မဟုတ်ပေ။ ယခု ပက်ပင်းရင်ဆိုင် သရဲကြမ်းကြီးနှင့်
ကိုယ်တွေ့ ကိုယ်တိုင်ကြုံလာရသောအခါ
မကြောက်၍ မရတော့ပေ။

သရဲကြမ်းကြီးသည် အိမ်ကိုလှည့်ပတ်ပြီး ကိုယ်လုံး
ကြီးနှင့် ပွတ်တိုက်သည်ကို မြင်နေရသလို
ကျယ်လောင်သော တက်ခေါက်သံကြီးကိုလည်း
ကြားနေရသည်။ လက်ထဲတွင် နှစ်လုံးပြူး
သေနတ်ကြီးကို ကိုင်ထားပါလျက် မပစ်ရဲသည်မှာလည်း
နောက်ဆက်တွဲ ဖြစ်ကောင်းဖြစ်နိုင်သော ပြဿနာကို
စဉ်းစားမိ၍ ဖြစ်သည်။

သေနတ်ဖြင့် ပစ်လိုက်၍ မြင်နေရသော သရဲမိစ္ဆာကောင်သည်
သေသည်ဖြစ်စေ အခြောက်အလှန့် ရပ်တန့်သွားသည်
ဖြစ်စေ တော်၏။ မရပ်မတန့်ပဲ ပိုဆိုးလာခဲ့လျှင်
အထိန်းသိမ်းရ ပိုပြီးခက်သွားနိုင်သည်။
တစ်မိသားစုလုံး အသက်အန္တရာယ် ကျရောက်သည်အထိပင်
ဖြစ်ကောင်းဖြစ်လာနိုင်သည်။

တစ္ဆေ သရဲများတွင် သတ်၍သေသော တစ္ဆေ
သရဲ ရှိသလို သတ်၍ မသေသော တစ္ဆေ သရဲ ဟူ၍လည်း
ရှိသည့် အကြောင်းကို ကြားဖူးသည်။
အကုသိုလ်ကံအလျောက် ကမ္မဇိဒ္ဓိ တန်ခိုးဖြင့်
ဖြစ်လာသော တစ္ဆေ သရဲများကို
သတ်၍ သေကောင်း သေမည်ဖြစ်သော်လည်း
အင်းဖုတ် စသော အောက်လမ်းပညာရှင်များ
ဖန်တီးထားသည့်တစ္ဆေ သရဲများကိုမူ အခြား
လူများ သတ်၍မသေ ဖန်တီးရှင်ကိုယ်တိုင်
သတ်မှ သေသည်ဟု ဆိုကြသည်။

သတ်၍ မသေနိုင်သော တစ္ဆေ သရဲများကို
တိုက်ခိုက်မိပါက ပိုဆိုးကောင်း ဆိုးလာနိုင်သည်။
ဦးထွန်းအောင်က တစ္ဆေ သရဲများနှင့် ပတ်သတ်ပြီး
မည်သည့်ပညာမျှ မတတ်ပေ။

ထို့ကြောင့်လည်း လက်ထဲတွင် သေနတ်ရှိပါလျက်
မိစ္ဆာကောင်ကြီးကိုလည်း မြင်နေရသည့်တိုင်အောင်
မပစ်ရဲခြင်းဖြစ်သည်။မိစ္ဆာကောင်ကြီးသည်လည်း
အိမ်ကိုလှည့်ပတ်ပြီး ဝင်တိုက်မြဲ တိုက်နေ၏
ထိုထက်ပိုဆိုး၍ မလာသောကြောင့် တော်သေးသည်။

ထိုထက်ပိုမဆိုးလာလျှင်လည်း ဦးထွန်းအောင် ဘာမျှ
ပြန်လုပရဲမည် မဟုတ်ပေ။ လည်စဉ်းခံရဖွယ်သာရှိ၏။
ထို့ကြောင့် မတတ်နိုင်သည့်အဆုံး တစ်မိသားစုလုံး
ငုတ်တုတ်မိုးလင်းရမည့် ကိန်းဆိုက်နေလေသည်။

အရှေ့ဘက်မှ ရောင်နီလာသည်နှင့် မိစ္ဆာကောင်ကြီး၏
တိုက်ခိုက်ခြင်သည်လည်း ရပ်စဲသွားသည်။
သို့မှ ဦးထွန်းအောင်တို့ မိသားစုလည်း သက်သာရာ
ရသွားကြသည်။

မိုးစင်စင်လင်းသည်နှင့် ဦးထွန်းအောင် စဉ်းစားသည်။
သည်အတိုင်းနေ၍ မဖြစ်တော့။ ပတ်ဝန်းကျင်နှင့်
ဆက်သွယ်ပြီး အကူအညီများ ရယူမှ ဖြစ်ပေတော့သည်

XXXX

“အဲဒီအိမ်ကြီးအကြောင်းကို ကျနော်လည်း
မသိဘူးဗျ။ တိုင်းပြည်ထဲသို့ ဂျပန်တွေ ဝင်လာတယ်ဆိုတဲ့
သတင်းကို အတိအကျရတာနဲ့ ကျနော်လည်း
မိဘဆွေမျိုးတွေရှိတဲ့ ရွာမှာ သွားနေတာပါ
အခုရွာကို ပြန်လာတာလည်း လပိုင်းလောက်ပဲ
ရှိပါသေးတယ်”

ဟု ရွာလူကြီးက ပြောပြသည်။ရွာလူကြီး
ဟူသည်မှာ အစိုးရ ခန့်ထားသော ရွာသူကြီး မဟုတ်ပေ။
အရပ်လူကြီးမျှသာ ဖြစ်၏။

ထို့နောက် ရွာလူကြီးက ဆက်ပြောသည်။

“အဲဒီအိမ်နဲ့ခြံရဲ့ မူလပိုင်ရှင်ဟာလည်း ကျနော်တို့
ပတ်ဝန်းကျင်က မဟုတ်ဘဲ တစ်နေရာ ပြောင်းလာပြီ
နေထိုင်သွားကြတာလို့ ဆိုတယ် ။ ကျနော် ရွာက
ထွက်သွားပြီး မကြာခင်ပဲ သူတို့မိသားစုနဲ့
အပေါင်းအသင်း နှစ်ဆယ်လောက် ရောက်လာကြပြီး
အဲဒီခြံကြီးကို ဖန်တီးပြီး နေထိုင်ကြသတဲ့။

သူတို့ ဘာကြောင့် ဒီနေရာကို ပြောင်းလာပြီး
နေထိုင်ကြတယ် ဆိုတာလည်း တစ်ယောက်မှ
မသိကြဘူး သူတို့က ပတ်ဝန်းကျင်နဲ့လည်း
သိပ်ပြီး အဆက်အဆံမလုပ်ဘူး ယုတ်စွအဆုံး
ဟင်းသီးဟင်းရွက် တွေကိုတောင် မဝယ်စားဘဲ
ကိုယ်တိုင်သာ စိုက်ပျိုးပြီး စားသောက်ကြတယ်
ကြက် ဝက် ဆိတ် သိုး တွေကိုလည်း ကိုယ်တိုင်
မွေးပြီး သတ်ဖြတ်စားသောက်ကြတယ်။

ငါးဟင်းပုဇွန်ဆိုလည်း ပိုက်ကွန်တွေနဲ့ ကိုယ်တိုင်
သွားဖမ်းပြီး စားသောက်ကြသတဲ့။ သူတို့မှာ
လူအင်အားကတောင့်တော့ ဓါးမြတောင်
မတိုက်ရဲကြဘူးတဲ့။ ဂျပန်ဝင်လာလို့ ရွာပြိုသွားပြီးနောက်
တချို့ရွာထဲမှာ ကျန်နေခဲ့တဲ့ မိသားစုတွေထဲက
ကောင်လေးတွေ သူတို့စိုက်ပျိုးထားတဲ့ အပင်အသီးတွေကို
ခွင့်မတောင်းဘဲ သွားခူးရင်တော့ လူမမြင်ရဘဲ
ပါးရိုက်လွှတ်လို့ လန့်ဖျတ်အော်ဟစ်ပြီး ထွက်ပြေး
ကြရတဲ့ အကြောင်းလည်း ပြောပြကြတယ်။
သာမန်ကလေးတွေကို မဆိုထားနဲ့
ဓါးမြဖွဲ့တွေတောင်မှ သူတို့ခြံနားကို ကပ်လို့
မရအောင် အစောင့်အရှောက် လုပ်ထားတယ်လို့
ဆိုတယ်”

ဦးထွန်းအောင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ထို့နောက် မေးသည်။

“ဒီတော့ သူတို့ ဘယ်အရပ်က ပြောင်းလာတယ်လို့
သိရပါသလဲခင်ဗျ”

“အဲဒါလည်း အတိအကျတော့ မပြောနိုင်ကြဘူးလေ
သူတို့က ပတ်ဝန်းကျင်နဲ့ သိပ်ပြီး အဆက်အစပ်
မလုပ်ကြတော့ သူတို့အကြောင်းကို ဘယ်သိနိုင်ပါ့မလဲ
တချို့ကလည်း မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်
တွေထဲက အရပ်စွန့်ကာ လူရောင်ဖျောက်ပြီး
ထွက်ပြေးလာကြတဲ့လူတွေပဲ ဖြစ်မယ်လို့
ထင်ကြတယ်
အတိအကျတော့ ဘယ်သူမျှ မပြောနိုင်ပါဘူး
ဒီတော့ အဲဒီအိမ်/ခြံကြီးနဲ့ ပတ်သတ်လို့
ဦးထွန်းအောင်ရဲ့ ကိုယ်တွေ့ အကြောင်းတွေကို
ကျနော့်ပြောပါဦး”

ဟု ရွာလူကြီးက ဆို၍ ဦးထွန်းအောင်က သူတွေ့ကြုံ
ရသော ကုန်ခဲ့သည်မနက်က ကလေးများ လန့်ဖျတ်အော်
ဟစ်ထွက်ပြေးကြသည့်နှင် ဖွဲနုရောင် မိစ္ဆာဦးခေါင်းကြီး
နှင့်တကွ တစ်ညလုံး အခြောက်အလှန့်ခံခဲ့ရသည့်
ဖြစ်ကြောင်းကုန်စင်ကို ရွာလူကြီးအား ပြောပြလိုက်သည်။

“ဒါဆို အခြေအနေက တော်တော်ဆိုးတာပဲ
အတော်ကြီး ကြမ်းတယ်လို့လည်း ပြောနိုင်ပါတယ်
ခင်ဗျား အဲဒီခြံကြီးကို မဝယ်ခင် ကျနော်တို့
ရွာသားတွေကို အရင်မေးစမ်း တီးခေါက်
ကြည့်သင့်တာပေါ့ အခုတော့ ဇွတ်ကြီးဝယ်လိုက်မိလို့
ရှင်းမရ ဖြစ်နေရပြီပဲ မဟုတ်လား”

“ကျနော်လည်း အခုလို ဖြစ်လာလိမ့်မယ်လို့
မထင်ဘူးလေ ပြီးတော့ ကျနော်က မြို့သားဆိုတော့
ဒီရွာအကြောင်းလည်း မသိပါဘူး ဒါကြောင့်
အဲဒီခြံပိုင်ရှင် မိသားစုကိုလည်း ဒီရွာသားထဲက
မိသားစုတစ်စုလိုပဲ ထင်တာ ဒါကြောင့်လည်း
ကျနော်သစ်လုပ်ငန်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းပြီးစီးတဲ့
အထိ နှစ်လကြာကြာ နေထိုင်လို့ အဆင်ပြေမယ့်
ခြံနဲ့ အိမ်ကြီးဆိုပြီး ဝယ်လိုက်မိတာပါ”

ဟု ဦးထွန်းအောင်က စိုးရိမ်သောကကို ခံစားနေရသော
လေသံဖြင့် ပြောလိုက်သည်။

ရွာလူကြီး သက်မတစ်ချက်ကို ချ၏။
မိမိထံသို့ တလေးတစားလာပြီး အကူအညီ
အကြံဉာဏ်တောင်းခံ နေသော ဦးထွန်းအောင်ကိုလည်း
သနားနေမိသည်။ ထို့နောက် ရွာလူကြီးက ပြောသည်။

“ဒီတော့ ဦးထွန်းအောင် ဒီလိုလုပ်ကြည့်ဗျာ
ဦးထွန်းအောင်ရဲ့ အိမ်နဲ့ ခြံကြီးက ပုဏ္ဏကတိုက်
ဖုတ်တိုက် ဘီလူးတိုက်ဆိုတာမျိုး ဖြစ်နေလေတော့
ဒီအဖြစ်မျိုးကို တတ်ကျွမ်းနားလည်တဲ့လူ
ကျနော်တို့ရွာထဲမှာ တစ်ယောက်တော့ ရှိတယ်
ကျနော် သူ့ကို ခေါ်ပေးမယ် ဦးထွန်းအောင်
သူနဲ့ တွေ့တဲ့အခါ ဖြစ်ကြောင်းကုန်စင်တွေကို
ပြောပြပြီး အကူအညီ တောင်းကြည့်ပေါ့
အဲလိုဆိုရင် မကောင်းဘူးလား”

“ကောင်းပါတယ် ”

“ဟေ့ အကြီးကောင် ဝေရေကို သွားခေါ်လိုက်စမ်းကွာ
ငါခေါ်တယ် ခဏလာခဲ့ပါလို့ ပြောလိုက်”

ရွာလူကြီးက ပြောလိုက်၍ အသက် ၃၀ ခန့် လူရွယ်
တစ်ယောက် အိမ်ပေါ်သို့ ခပ်သုတ်သုတ်ဆင်းပြီး
ရွာကြားထဲသို့ လျှောက်သွားလေသည်။

ထို့နောက် ရွာလူကြီးက ဆက်ပြောသည်။

“အခု ကျနော် အခေါ်ခိုင်းလိုက်တဲ့ လူက အမှောင့်
ပယောဂစတဲ့ ဂမ္ဘီရပညာတွေကို တော်တော်
လိုက်စားထားတယ် ဂျပန်ခေတ် တစ်ခေတ်လုံးလည်း
နီပေါ တိဘက် ဘူတန်စတဲ့ နိုင်ငံတွေမှာ သွားနေပြီး
အဲဒီပညာတွေကို လေ့လာသင်ယူခဲ့သေးတယ်ဆိုတော့
တော်တော်စွမ်းမယ့် သဘောလည်းရှိပါတယ်”

ဦးဝေရေသည် အိန္ဒိယဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ပြီး
အိမ်ပေါ်ကို တက်လာသည်။ ထို့ကြောင့် တကယ့်
ကုလားပယောဂ ဆရာကြီးတစ်ယောက်နှင့် တူနေပြီး
ဆရာကြီး ဂိုက်လည်း ကျသည်။

“ကိုင်း …ဝေရ မင်းဒီလူနဲ့ စကားပြောကြည့်ပါဦးကွာ
ဒီလူက သူ့ခြံထဲမှာ သရဲခြောက်နေလို့တဲ့
ကိုင်း! ဦးထွန်းအောင်က ကိုယ်တိုင်ကြုံခံစား
နေရတဲ့အကြောင်း ဝေရေကို ပြောပြလိုက်ပါ”

ဦးထွန်းအောင်လည်း (ရွာလူကြီးကို ပြောပြလိုက်သည့်
အတိုင်း)ကုန်ခဲ့သည့်မနက်က မြေးမလေးများနှင့်
စတင်တွေ့ကြရသော မိစ္ဆာကောင်ကြီးသည်
တစ်ညလုံး ခြောက်လှန့်နေသည့် အကြောင်းကို
ဦးဝေရေအား လုံးစေ့ပတ်စေ့ ပြောပြလိုက်သည်။

ဦးဝေရေက ဂရုတစိုက် နားထောင်နေ၏။
ထို့နောက် ပြောသည်။

“မူလပိုင်ရှင်က သူမွေးထားခဲ့တဲ့ အကောင်ကို
မေ့ပြီး ရုတ်မသိမ်းခဲ့မိတာပဲ ဖြစ်မှာပါ ဒီတော့
ခင်ဗျားကိုယ်တိုင် မြင်လိုက်ရတဲ့ ဖွဲနုရောင်
ဦးခေါင်းကြီးဆိုတာက ဘယ်လိုနေရာမျိုးမှာလဲ
အဲဒါ ကျနော်ကို ပြောပြပါဦး”

“ခြံကြီးရဲ့ အနောက်မြောက်ထောင့်က
သက်ကယ်ပင်တွေရှိတဲ့ နေရာမှာပဲခင်ဗျ”

ဦးဝေရေ တစ်အောင့်ကြာအောင် စဉ်းစားနေသည်။
ရွာသူရွာသားများလည်း တစ်ယောက်ပြီး တစ်ယောက်
ရောက်လာကြ၍ ရွာလူကြီး၏ အိမ်ပေါ်တွင်
ပွဲတော်ကြီးတမျှ ဖြစ်ကာ ပြည့်သွားလေသည်။

ကြားနေရသည့် သတင်းက
တကယ့်ကြောက်ခမန်းလိလိကြီးဖြစ်နေ၍
ရွာသူရွာသားများလည်း အလွန်အမင်း
စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ်
ရောက်လာနေကြ၍ နောက်မှရောက် လာကြသော
ရွာသူရွာသားများမှာ အိမ်မဆံသဖြင့်
ခြံထဲက သစ်ပင်အောက်များမှသာ ဖြစ်သလိုထိုင်ပြီး
နားထောင်နေကြရလေသည်။

“ဦးထွန်းအောင် ပြောသလို အဲဒီမိစ္ဆာကောင်ကြီးကို
မြင်နေရတဲ့နေရာက အပင်တွေဟာ သက်ကယ်ပင်တွေတော့
ဖြစ်မယ် မထင်ပါဘူးဗျ”

“ဟုတ်ကဲ့ ကျနော်လည်း အနီးတော့ ကပ်မကြည့်ရဲပါဘူး
ဒါကြောင့် သက်ကယ်ပင်တွေလို မြင်လို့ပြောတာပါ”

“ပြီးတော့ အဲဒီနေရာက ညမိုးချုပ်လာတာနဲ့
မီးတောက်ကြီးလို မြင်မနေရဘူးလား”

“ဟုတ်ပါတယ် မိုးချုပ်တာနဲ့ အဲဒီနေရာက မီးလုံးကြီးလို
ရဲရဲနီနေတာ တွေ့ရပါတယ်”

ဦးဝေရေ တစ်အောင့်ကြာအောင် စဉ်းစား၍နေပြန်သည်။
ထိုကြောင့် ဦးထွန်းအောင်က ပြောသည်။

“ဟုတ်ပါတယ် ဆရာကြီး ပြောတဲ့အတိုင်း အားလုံး
မှန်ပါတယ် ဒီတော့ ဆရာကြီးရယ် ကျနော်တို့
မိသားစုကို သနားသောအားဖြင့် လိုက်ပြီး
ကူညီပေးပါဗျာ ဆရာကြီး တောင်းသလောက်
ကျနော်ပေးပါ့မယ်”

ဟု ဦးထွန်းအောင်က အလွန်အမင်း ဦးဝေရေအား
အားကိုးသော အမူအရာဖြင့်ပြောသည်။

“ဟုတ်ကဲ့ ကျနော် လိုက်ကြည့်ပေးပါမယ်”

ဟု ပြောပြီး ရွာလူကြီး၏အိမ်ပေါ်မှ ဆင်းလာကြသည်
ဦးထွန်းအောင်လည်း အတော်လေးပင် ဝမ်းမြောက်
ဝမ်းသာ ဖြစ်သွားလေသည်။

သို့သော် ရွာသူရွာသားများက ဘုရားပွဲသွားသလို
တန်းရှည်ကြီး လိုက်လာကြ၍ ထိုမျှအထိ မလိုက်ကြရန်ကို
ရွာလူကြီးက ပြောဆိုပြီး တားမြစ်ရပြန်သည်။
ထို့နောက် ရွာလူကြီးတို့ သားအဖ ရွာသူကြီး
ဦးထွန်းတင်နှင့် ရာအိမ်ခေါင်း ဆယ်အိမ်ခေါင်း သုံးလေး
ယောက်မျှခေါ်ပြီး ဦးထွန်းအောင်၏ အိမ်ခြံကြီးရှိရာကို
လျှောက်လာကြသည်။

ဦးထွန်းအောင်၏ မိသားစုများမှာ အိမ်ပေါ်မှာပင်
မနေရဲကြဘဲ အိမ်ရှေ့မှာသာ စုထိုင်နေကြသည်။

ဦးထွန်းအောင် လူအတော်များများနှင့် ခြံထဲသို့
ဝင်လာနေသည်ကို မြင်လျှင် ကြောက်၍လောမသိ
မျက်လုံးများ ပြူးဝိုင်းပြီး ကြောင်ကြည့်နေလေသည်။
ထို့ကြောင့် ဦးထွန်းအောင်က ပြောလိုက်သည်။

“ဘာမှ မစိုးရိမ်ကြနဲ့ကွယ့် ဒီမှာ ညက ခြောက်လှန့်
နေတဲ့ မိစ္ဆာကောင်ကြီးကို ဖြေရှင်းပေးမယ့်
ဆရာကြီး ပါလာပြီ”

ဟု ဦးဝေရေကို မေးထိုးပြလိုက်၍ အိမ်သူအိမ်သား
များလည်း ကြောက်စိတ်များ လျော့သွားပြီး
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

ဦးထွန်းအောင်သည် မိသားစုများကို ထိုမျှသာ
ပြောထားခဲ့ပြီး မိစ္ဆာကောင်ကြီးကို မြင်တွေ့ရသော
နေရာသို့ ဦးဝေရေနှင့် ရွာလူကြီးများအား ခေါ်သွားလေ၏
အနားသို့ ရောက်လျှင် ထိုနေရာကို ဦးဝေရေအား
လက်ညှိုးထိုးပြလိုက်သည်။

“ဟိုနေရာပါ ဆရာကြီး”

ဦးဝေရေ မတ်တတ်ရပ်လိုက်ပြီး ကြည့်၏။
ထို့နောက် ထိုနေရာကို မေးထိုးပြပြီး
ဦးထွန်းအောင်အား ပြောသည်။

“အစက ကျနော် မပြောဘူးလား သက်ကယ်ပင်တွေ
မဖြစ်နိုင်ဘူးလို့ စပါးလင်ပင်တွေပဲလေ”

“ဟုတ်ကဲ့ ကျနော် အဝေးက လှမ်းကြည့်တော့
သက်ကယ်ပင်တွေ ထင်လို့ပါ ဆရာကြီး”

“ဟုတ်ကဲ့ ကျနော် အဝေးက လှမ်းကြည့်တော့
သက်ကယ်ပင်တွေထင်လို့ပါ ဆရာကြီး”

စပါးလင်ဖုတ်ကြီးနားသို့ ကပ်ကြည့်ကြရာ
တအံ့တသြဖြစ်ပြီး မျက်လုံးပြူးသွားကြလေသည်။
စပါးလင်ဖုတ်ကြီး တစ်ဖုတ်လုံး အသက်ငင်နေသော
လူတစ်ယောက် ပက်လက်အိပ်ပြီး အသက်ရှုရှိုက်နေ
သကဲ့သို့ နိမ်ချေ မြင့်ချေ ဖြစ်နေလေသည်။

ဦးဝေရေသည် ထိုနေရာကို တစ်အောင့်လေး စိုက်ကြည့်
နေလိုက်ပြီးနောက် လူအားလုံးတို့အား နောက်သို့
ဆုတ်နေခိုင်းလိုက်၏။ ထို့နောက် ဆေးလွယ်အိတ်ထဲမှ
ဆေးကြမ်းတစ်ဆုပ်ကို နှိုက်ယူပြီး တစ်မိနစ်ခန့်
မန်းမှုတ်ကာ ထိုနေရာကို ပေါက်ချလိုက်သည်။

ထိုအခါ ထိုနေရာမှ ဘီလူးကြီးတစ်ကောင်
အော်ညည်းသကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီး
မီးလုံးကြီးတစ်လုံး မိုးပေါ်သို့ ထောင်တက်သွားလေသည်

ထို့ကြောင့် လူအားလုံးလည်း ထိုင်သူထိုင်
အော်သူအော် ထွက်ပြေးသူပြေး ဖရိုဖရဲ ဖြစ်သွားကြ၏
ထိုကြောင့် ထိုအနားတွင် ဦးဝေရေတစ်ယောက်တည်းသာ
ကျန်နေခဲ့ပြီး ဦးထွန်းအောင်အား လှမ်းပြောလိုက်သည်

“ဦးထွန်းအောင် တူရွင်းဖြစ်ဖြစ် တူးစရာတစ်ခု
ယူလိုက်ပါ”

ဦးထွန်းအောင် အိမ်သို့ ပြေးသွားပြီး ချက်ချင်းပင်
သံတူရွင်းကြီးတစ်ချောင်းကို ယူလာခဲ့သည်။
ဦးဝေရေက စပါးလင်ဖုတ်ကြီးကို တူးခိုင်း၍
တူးလိုက်ရာ သွေးပုပ်များ ထွက်လာလေသည်။
စပါးလင်ဖုတ်ကြီး၏ အောက်ခြေတွင်လည်း
ဘီလူးခေါင်းကြီး ဖြစ်နေသည်ကို တွေ့ကြရသည်။

“ကိုင်း …ဦးထွန်းအောင် ဒီလို ဖျက်ဆီးပစ်လိုက်လျှင်
ဘာမှပြဿနာ မရှိတော့ဘူး အားလုံး ငြိမ်းချမ်း
သွားပါပြီ ကျေနပ်ရဲ့ မဟုတ်လား”

ဟု ဦးဝေရေက မေးပြော ပြောလိုက်၏။

“ဟုတ်ကဲ့”

ဟု ဆိုသော်လည်း ဦးထွန်းအောင်အား
လွှမ်းမိုးထားသည့် ကြောက်လန့်နေသော စိတ်သည်
ပြေပျောက်၍ မသွားတော့ပေ။

ထို့ကြောင့် သည်ခြံကြီးထဲတွင် ဆက်နေ၍
စိတ်ကူးမရှိတော့ ။ ဦး ဝေရေအား ဆရာပူဇော်ခ
ငွေငါးဆယ် ထုတ်ပေးလိုက်ပြီးနောက်
ထိုခြံကြီးထဲမှ ပြောင်းရွှေ့သွားကြလေသည်။

ပြီးပါပြီ

crdပေးပါသည်။

မူရင်း မင်းဟိန်းထိပ်