“သရဲ ငနီ နှင့် တစ်ကျွန်းပြန် အောင်မောင်း”(စ/ဆုံး)
————————————————
( ၁ )
ရွာထိပ်ကုက္ကိုလ်ပင်ကြီး အောက်မှာ လူငယ်ကာလသား တွေစုရုံးနေကြသည်။ ဘာအတွက်စုရုံးနေကြသည်မှာတော့
“ခွပ်ထား … ဖေ့သားကြီး ”
“ဆော်ပစ်လိုက်စမ်းပါ ….”
“ဟေ့ ဟေ့ … ဟုတ်သဟ ”
စသဖြင့် ဆူညံလို့ ။ ရွာဒေသလေး ၏ ကြက်တိုက်ပွဲကတော့ ယခုလို သောသောညံနေသည်မှာ အဆန်းတော့မဟုတ်ပေ။ သို့ထက် လူမိုက် အောင်မောင်း နှင့် တစ်ဖက် ကျွန်းလှရွာရဲ့ သူဌေးသား ဘရွှေ တို့၏ ကြက်တိုက်ပွဲ ဖြစ်သည်မို့ ပို၍ပင်မြိုင်ဆိုင်နေသည့်အလား။
အောင်မောင်း မှာ အသက် နှစ်ဆယ့်ငါးနှစ်အရွယ် ယောကျာ်းသား တစ်ယောက်ဖြစ်သလို တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်/ ညိုနွမ်းသော အသားအရည်ရှိ၏။ ရုပ်ရည်မှာ အဆိုးကြီး မဟုတ်သော်လည်း ကြည့်ပျော်ရှုပျော်တော့ ရှိသည်။ တစ်ကိုယ်ရည်တစ်ကာယ လူပျိုကာလ သား တစ်ယောက်ဟုလည်း ဆိုရမည်။
ထို့ကြောင့် သူသည် ကိစ္စတစ်ခုလုပ်မည်ဆိုပါက နောက်ကြောင်းပြန်လှည့်တတ်သူမဟုတ်။ ပါးစပ်မှလည်း အမြဲလိုလို ရှေ့သို့ ရှေ့သို့ ဟုသာ မာန်ထည့်ကျုံးဝါးတတ်စမြဲ။ လူကသာ လူမိုက်ဖြစ်နေသော်လည်း ရပ်ရေးရွာရေး ဆိုပါက ရှေ့တန်းမှ ကူညီတတ်သည့် အောင်မောင်အား ရွာသူရွာသားများက ချစ်ခင်ကြသေးသည်။ မိုက်တော့မိုက်သည် မရိုင်းစိုင်း မယုတ်မာသော လူမိုက်အောင်မောင်း ။ ယခု လည်း သူဌေးသား ဘရွှေ၏ ကြေးကြီး စိန်ခေါ်မှုကြောင့် ရွာထိပ်က ကုက္ကိုလ်ပင်ကြီးအောက်တွင် ပွဲဖြစ်နေခြင်းပင်။
သူတို့၏ တိုက်ကြက်နှစ်ကောင်မှာတော့ စက်ဝိုင်းပုံသဏ္ဍာန် လူအုပ်ကြားထဲတွင် အသေအကြေတိုက် လို့ခွပ်လို့ ။ အတန်ကြာအောင် တိုက်ခိုက်ပြီးသည့် နောက်မှာတော့ ဘရွှေ၏ ကြက် အမောဖောက်သွားသည် ထင် စည်းဝိုင်းထဲမှာပင် လဲကျကာ ပြန်ထမလာတော့ ။ ထိုအခါ ဘရွှေက ၎င်း၏ ကြက်ကို ပြေးပွေ့လိုက်ပြီး ရေနှင့် မှုတ်လိုက်ပြန်သည်။
အောင်မောင်း မှာတော့ ဘယ်နှယ့်ရှိစ ဟူသော မျက်နှာပေး ဖြင့် ခပ်ထေ့ထေ့ ပြုံးလိုက်၏။
“ကဲ … ဘယ်နှယ့်လဲ ဘရွှေ … မင်းရှုံးပြီ ”
“ရှုံးတော့လည်း ဘာဖြစ်လဲ အောင်မောင်းရ … လောင်းကြေးငွေက ငါ့လူလက်ထဲမှာ … ”
ဘရွှေ စတင်မိုက်ကြေး ခွဲချေပြီ။ ထိုအခါ အောင်မောင်း က ဘရွှေ မျက်နှာကိုစူးစူး စိုက်စိုက်ကြည့်လိုက်ပြီး
“ဆိုတော့ကာ … မင်းက အရှုံးကို လက်မခံဘူးဆိုပါတော့ … ”
“ဟုတ်တယ်ကွာ … အဲ့တော့ မင်းဘာဖြစ်ချင်လဲ”
“ငါကတော့ ဘာမှမဖြစ်ချင်ဘူး … ဒါပေမယ့် ငါ့လက်သီကတော့ ဖြစ်တယ်ကွ ”
ပြောရင်းပင် အောင်မောင်းက ဘရွှေ၏ မျက်ခွက်တည့်တည့်ကို ဒဲ့လက်သီး ပစ်သွင်း လိုက်တော့သည်။
“ဖောင်း …”
“ခွပ် …”
ဘရွှေလည်း အောင်မောင်း၏ လက်သီးချက်ကြောင့် နောက်သို့ အရှိန်ဖြင့် နှစ်လှမ်းခန့်ဆုတ်သွားတော့သည်။
“ဟာ … ချကုန်ပြီဟ ”
“ထိုးကွာ …”
“ခွေးမသားတွေ … ချ ချ ”
စောစောက ကြက်တိုက်ပွဲကနေ ယခု လူခိုက်ပွဲ ဖြစ်ကြချေပြီ။ အောင်မောင်း ဘက်က လူများကလည်း ဘရွှေ၏ လူများကို ၀င်ရောက်ထိုးကြိတ်ကြတော့သည်။ နဂိုတည်းက လက်ရဲဇက်ရဲ ရှိလှသော အောင်မောင်း မှာ ကိုယ်ခံပညာလည်း အတော်အတန်ကောင်းလှ၏။ ဘရွှေမှာတော့ သားကောင်ကို ချောင်းနေသည့် ကျားသဖွယ် ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်ပြီး အောင်မောင်း အလစ်ကို စောင့်နေလေ၏။ အချိန်ကိုက်ပင်
“သေပေတော့ …”
ဘရွှေ ဓားမြောင် ဖြင့် အတင်း၀င်လာသည်ကို အောင်မောင်း သိသွားသဖြင့် ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ တိမ်းရှောင်လိုက်သည်။ ပြီးနောက် ဓားကိုင်ထားသော အောင်မောင်း၏ လက်ကို ခြေထောက်ဖြင့် ခပ်လိုက်ပြီး လက်ဖနောင့် နှင့် ဇက်ပိုးကို အုပ်ချပစ်လိုက်၏။
“ဘုတ် …”
“အွတ် ”
အောင်မောင်းလည်း ချက်ချင်းဆိုသလိုပင် ဘရွှေလွှတ်ကျသွားသော ဓားမြောင်ကို ကောက်ကာ သူ့ထံပြေး၀င်လာသည့် ဘရွှေ၏ ရင်၀ထဲသို့ တစ်ဆုံးထိုးသွင်းပစ်လိုက်တော့၏။ ဘရွှေလည်း ထိုနေရာမှပင် ပစ်လဲကျသွားကာ ငြိမ်သက်သွားတော့၏။
“ဟာ … ဘရွှေသေပြီဟ ”
“ဘာရပ်ကြည့်နေတာလဲ … အဲ့ကောင် အောင်မောင်းကို လည်းအသေသတ် ”
“စိန်မြင့် … သတိထား အောင်မောင်းလက်ထဲမှာ ဓား ”
ဘရွှေ၏ တပည့်များကလည်း အောင်မောင်းအား ခွေးအုပ် ဝိုင်းဆွဲသလို ဒုန်း၀င်ရိုက်တော့သည်။ အခြေအနေက ပြင်းထန်လာကာ အောင်မောင်း လည်းရစရာမရှိအောင် ကွဲပြဲလေပြီ။ ဘရွှေ၏ တပည့်များမှာတော့ ဘရွှေနည်းတူ ဓားဒဏ်ရာများဖြင့် ဘ၀ကူးကုန်ကြတော့သည်။
“ဟာသွားပြီ …. အကုန်သေကုန်ပြီ …”
“အောင်မောင်း … မင်း မင်းတော့ ထောင်ကျတော့မယ်ဟ ”
“ဟုတ်တယ် တာတီး … ဒီကောင် လူသတ်လိုက်ပြီ”
အောင်မောင်း၏ သူငယ်ချင်းများလည်း သတိပြန်၀င်လာကာ သူ့အတွက်စိုးရိမ်သွားကြသည်။ အောင်မောင်းမှာတော့ ဓားလမိုင်းကပ်သွားသည်ထင်/ လူသုံးယောက်အား သူ့လက်နှင့် သတ်ခဲ့လိုက်ပြီ။ ထိုအခါ တာတီး နှင့် ငမဲက
“ဟေ့ကောင် အောင်မောင်း … မင်းပြေးတော့ … ငါတို့ ကြည့်လုပ်လိုက်မယ် ”
“ဟုတ်တယ် … မဟုတ်ရင် မင်းကို လူသတ်မှုနဲ့ ဂါတ်ကိုပို့ကြလိမ့်မယ် ”
“မင်း ရွာကလစ်ပြီး ခြေရာဖျောက်နေလိုက်တော့ … အခြေအနေ အေးဆေးမှ မင်းကို တို့ဆက်သွယ်မယ် ”
အောင်မောင်းအား ပြေးဖို့ပြောနေသော်လည်း နောက်ကျသွားခဲ့ပြီ။ ကြက်ဝိုင်းမှ ရွာသားတစ်ယောက်၏ သတင်းပေးမှုကြောင့် သူကြီး နှင့် ပြည်သူ့စစ်များ ရောက်လာကာ အောင်မောင်း နှင့် တာတီး ငမဲ တို့ အား လာရောက်ဖမ်းဆီးသွားကြ တော့သည်။ ကောင်းကင်ကြီးက မဲလို့ ။ ရွာထိပ်ကုက္ကိုလ်ပင်ကြီးအောက်မှာတော့ အလောင်းသုံးလောင်း နှင့် သွေးကွက်တွေက မြင်မကောင်းအောင် အကျည်းတန်လို့ နေပြီ။ ကြက်ပွဲက စသည့်ရန်ပွဲ ။
++++++++++
ယနေ့ကား အောင်မောင်း ကို တရားရုံးမှ အမိန့်ချမည့်နေ့ဖြစ်လေသည်။ ရှေ့ရက်များတွင်လည်း အောင်မောင်းကို ရုံးထုတ်တိုင်း တာတီး နှင့် ငမဲ တို့တွင် အပြစ်မရှိကြောင်း လူသတ်သည်မှာ မိမိသာဖြစ်ကြောင်း ၀န်ခံခဲ့၏။ တာတီး နှင့် ငမဲမှာတော့ အောင်မောင်း အတွက် စိတ်မကောင်းဖြစ်ရုံမှ အပ မတတ်နိုင်ကြပေ။ အောင်မောင်း တစ်ယောက် သုံးလောင်းပြိုင် လူသတ်မှု ဖြင့် သေဒဏ် ကျခံရတော့မည် မဟုတ်ပါလား။ မည်မျှပင် မိုက်ရဲ သတ်ရဲသေရဲ နေသည့်လူဖြစ်သော်လည်း အောင်မောင်းမှာ နှလုံးသား လှသည့်လူမို့ အားလုံးစိတ်မကောင်းကြသည်မှာ အဆန်းတော့ မဟုတ်။ သူကြီးကိုယ်တိုင်လည်း စိတ်မကောင်း သည်မှာတော့ အမှန်ပင်။
ထို့ကြောင့်လည်း မျက်မြင်သက်သေ လူသက်သေ များ၏ ထွက်ဆိုချက်များနှင့်အတူ အဆုံးမှာတော့ အောင်မောင်းအား အမိန့်ချမှတ်လိုက်ကြတော့သည်။ လူတစ်ယောက်သည် ဘ၀တွင် အခွင့်အရေး တစ်ခါ ထပ်မနည်း ရတတ်စမြဲမဟုတ်ပါလား။ ဖြောင့်မှန်ပြီး မဟုတ်မခံသော လူမိုက် အောင်မောင်း၏ ကံကလည်း ဆန်းလှချေသည်။ အမှန်တကယ်တွင် သုံးလောင်းပြိုင်လူသတ်ဖြင့် သေဒဏ်ကျရမည် ဖြစ်သော်လည်း ပြဿနာ၏ အရင်းအမြစ်မှာ အောင်မောင်း ဘက်က စခဲ့သည် မဟုတ်သည့် အတွက် တစ်သက် တစ်ကျွန်းသာ ကျခံရန် အမိန့်ချမှတ်လိုက်လေပါတော့သည် ။ တာတီးနှင့် ငမဲမှာတော့ လူသတ်မှုတွင် ပါ၀င်နေသော်လည်း သာမန် ရန်ဖြစ်မှုနှင့်သာ ဒဏ် ရိုက်ပြီး အမှုမှ ကွင်းလုံးကျွတ်လွှတ်ခဲ့ရပြန်သည်။ အားလုံးအတွက် အောင်မောင်းကသာ အပြစ်တွေကို ဆေးကြောဖို့ ကျေကျေနပ်နပ်ကြီး ခံယူခဲ့၏။
နောက်ဆုံး အနေဖြင့် တာတီး နှင့် ငမဲသာ မက ရွာသူကြီး ဦးဘသိန်း ကပင် အောင်မောင်း အား လာရောက်နှုတ်ဆက်ကြလေ၏။ သံတိုင်တွေကြားမှ အောင်မောင်းကို သူကြီး ဦးဘသိန်းက စကားလက်ဆောင် ပေးလိုက်၏။
“ငါ့တူ … အောင်မောင်း … ဦးလေး မင်းကို တစ်ခုပြောမယ် … တစ်ကျွန်း ဆိုတာ သေရွာ မဟုတ်ဘူး … မင်းဉာဏ်စွမ်းရှိရင် ရှိသလို ပြန်လာလို့ရတယ် ကြားလား … မင်းကြောင့် အခု မင်းသူငယ်ချင်းတွေလည်း အေးဆေးနေရပြီ … မင်းရဲ့ ကုသိုလ် အကျိုးပေးမှာပါ ”
“ဟုတ်ကဲ့ပါ သူကြီး … ကျုပ် ကြိုးစားပါ့မယ် … ”
“သူငယ်ချင်း ဟိုမှာ အစစအရာရာ ဂရုစိုက်ပါကွာ … ငါတို့ မင်းပြန်လာမယ့် အချိန်ကို မျှော်နေပါ့မယ် ”
တာတီး တို့လည်း အောင်မောင်းအတွက် စိတ်မကောင်းကြေကွဲနေကြသည်။ သို့သော် သေဒဏ် မဟုတ်သည့်အတွက် အောင်မောင်းအတွက် မျှော်လင့် ချက်ရှိသည် မဟုတ်ပါလား ။ ထိုအရာသည် အဆိုးထဲက အကောင်းဖြစ်ပေလိမ့်မည်။ နောက်တစ်နေ့ မနက်မှာတော့ အောင်မောင်းအား တစ်ကျွန်းသို့ ပို့ဆောင်လိုက်ကြပါလေတော့သတည်း ။
++++++++++
( ၂ )
တစ်သက်တစ်ကျွန်း ဆိုသည်ကား ကြီးလေးသော ပြစ်ဒဏ်များအတွက် ချမှတ်သည့်အရာမဟုတ်ပါလား။ ထို့ကြောင့် အောင်မောင်း ရောက်နေသည့် ကျွန်းပေါ်တွင်လည်း အပြစ်ကြီး အကျဉ်းသားများ ရောက်နေသည်မှာ ယုံမှားဖွယ်မရှိ။ အောင်မောင်း စရောက်သည့် နေ့မှာပင် ကျွန်းပေါ်မှ စီနီယာ လူမိုက် သုံးယောက်ခန့်က လာရောက် မိတ်ဆက်သေးသည်။
“လူသစ်လေးပါလား … ”
“ပုံစံလေးကြည့်တော့ မလောက်လေး မလောက်စားနဲ့ … ဘာလဲ မုဒိန်းကောင်လား လူသတ်ကောင်လား ”
အောင်မောင်း မှာပြဿနာမတက်ချင်သည်မို့ အေးဆေးနေသော်လည်း ထိုလူမိုက်များက ခြေထောက်ဖြင့် လာကန်ခြင်း စကားဖြင့် ဆဲရေးတိုင်းထွာခြင်း တံတွေးဖြင့်ထွေး ခြင်း တို့ကြောင့် သည်းမခံနိုင်တော့။ ရန်လာစသော လူမိုက်များလည်း အဆုံးတွင်တော့ အောင်မောင်းလက်ချက်ဖြင့် ကွဲသူကွဲ ပြဲသူပြဲ ဖြစ်ကာ နောက်နောင် အောင်မောင်း အား ရန်မစရဲကြတော့ေပ။
“ငါ့နာမည် … အောင်မောင်း … မင်းတို့ သေရင်တောင် အမှတ်ရနေစေရမယ် ” ဆို၍ပင် ကြုံးဝါးပြလိုက်သေးသည် ။
“ငါ့ညီ … မင်းက ဘာအမှုနဲ့ ရောက်လာတာလဲ ”
အောင်မောင်းလည်း စိတ်ပျက်လက်ပျက်ထိုင်နေရာမှ သူ့အားစကားလာပြောသူကိုကြည့်လိုက်လေ၏။ ထိုလူမှာ အသက် လေးဆယ် နီးပါးရှိပေလိမ့်မည်။ သွားကျဲကျဲ နှာခေါင်းပြားပြား နှင့် ရုပ်ကတော့ အတော်ဆိုးလေ၏ ။
“ဘာလဲ … ခင်များကတော့ လူမိုက်ပဲလား … ကျုပ်နဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းချင်လို့လား”
“မဟုတ်ပါဘူး ငါ့ညီရာ … အကို့နာမည်က ဘခက် တဲ့ … လူသတ်မှုနဲ့ ရောက်နေတယ်ပဲဆိုပါတော့ကွာ ”
ထိုအခါ အောင်မောင်းက
“ကျုပ်လည်း လူသတ်မှုနဲ့ပဲ … ဒါပေမယ့် ဒီကျွန်းမှာတော့ အရိုးဆွေးတဲ့ အထိ မနေချင် မနေနိုင်ဘူးဗျာ ”
“ဒီတော့ ဒီကျွန်းက လွတ်ဖို့ ဘယ်လိုသွားမယ် စဉ်းစားလဲ … မင်းအရင်လူတွေလည်း ကျွန်းက လွှတ်လိုလွှတ်ငြား ဖောင်ဖွဲ့ပြီး သွားကြဖူးတယ် … မုန်တိုင်းမိသူမိ … ငါးမန်းစာ ဖြစ်သူဖြစ်သွားကြတာချည်းပဲ ”
ကိုဘခက် စကားကို အောင်မောင်းက သဘောမကျ ဟန်ဖြင့် ခေါင်းကို ယမ်းလိုက်ပြီး ပြောလေသည်။
“လူဆိုတာ ကံအကျိုးပေးပုံခြင်းမတူဘူးဗျ … ဒါနဲ့ ကျုပ်နာမည် အောင်မောင်း ပါ ”
“အေးပါကွ … ငါလည်း မင်းကို စိတ်ပျက် အားလျှော့သွားအောင်ပြောတာ မဟုတ်ပါဘူး … နက်ဖြန် ဆိုတာရှိသရွေ့ ငါတို့မှာ ကြိုးစားခွင့်ရှိတယ်… မင်းပြောသလိုပဲ ကံတူအကျိုးပေးခြင်းတော့ ဘယ်တူလိမ့်မလဲ သမ္ဗေ သတ္တာ ကမ္မသက္ကာ ပေါ့ကွာ ဟားဟား ဟား”
ထို့နောက်တွင်တော့ ကိုဘခက် နှင့် အောင်မောင်း တို့ အတော်ရင်းနှီးသွားကြလေတော့သည်။ အောင်မောင်း လည်း ထိုကျွန်းပေါ်တွင် အချိန်ဖြုန်း လာရင်းမှ ရက်ပေါင်း ခုနစ်ရာ ( ၂ နှစ် ) ခန့် ပင် ကျော်မှန်းမသိကျော်လာလေတော့သည်။ ( အောင်မောင်းတစ်ယောက် ထိုကျွန်းပေါ်တွင် မည်သို့မည်ပုံဖြတ်သန်းခဲ့ရပုံကား အကျယ်ချဲ့မဖော်ပြလိုတော့ပေ။ )
ထို့ကြောင့် အောင်မောင်း ထိုကျွန်း တွင်နေရသည်ကို ငြီးငွေ့လာကာ ကျွန်းပေါ်မှ အသင့်ပေါက်ရောက်နေသော အုန်းပင် ခပ်လတ်လတ် များကို ခုတ်လှဲပြီး စတင်ဖောင်ဖွဲ့လေတော့သည်။ ယောကျာ်းတို့ဇွဲ သေခါမှ လျော့သင့်သည် မဟုတ်ပါလား။ စီးတော်ယာဉ် ဖောင်ကြီးကို တည်ဆောက်ရာမှာလည်း လွယ်ကူသည်တော့ မဟုတ် ။ အချိန် တစ်ပတ်ခန့်ကြာမှသာ ရွက်ဖျင် အစုတ် နှင့် ရေပေါ်သွားလို့ရမည့် ဖောင်လေးတစ်စင်းဖြစ်လာသည်။ နောက်နေ့မနက်မှာတော့ အောင်မောင်း တစ်ယောက် ထိုကျွန်းမှ ထွက်ခွာရန် ပြင်ဆင်ပါတော့သည်။
“ကျွန်းပေါ်က လူတွေ ကျုပ်နဲ့ ဘယ်သူလိုက်မလဲ ”
မည်သူမျှ မဖြေကြ။ မဖြေကြသည်မှာ မလိုက်ရဲသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် မျက်စိ တစ်ဆုံးရေပြာကြီးသာ မြင်နေရသည့် ထိုပင်လယ်ကြီးအား / အောင်မောင်း၏ ဖောင်အစုတ်ကလေးဖြင့် ရွက်လွှင့်မည် ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးသည်နှင့်ပင် ပိုတူမည်ဖြစ်သောကြောင့်ပင်။ ယခင်က လည်း အောင်မောင်းကဲ့သို့ ကျွန်းမှ ခွာရန် ကြိုးစားဖူးသူတွေ အများအပြားရှိခဲ့ဖူးသည်။ သို့သော် ဖောင်ပြန်မျောလာသည့်တိုင် လူပါမလာတော့သည်ကို ကျွန်းပေါ်မှ လူများ သိနှင့်ကြပြီးဖြစ်၏။
“အောင်မောင်းရေ … ငါလိုက်မဟေ့ ”
“ဟာ … ကိုဘခက် ”
“အေးကွာ … မင်းနဲ့ငါက သူစိမ်းတွေ ဆိုပေမယ့် ညီကိုလိုပါပဲ … ဆိုတော့က သေအတူ ရှင်အတူပေါ့ ငါလိုက်မယ် အောင်မောင်း ”
ကိုဘခက် လိုက်ပါမည်ဟု သိရသောကြောင့် အောင်မောင်း အတော်ပင်အားတက်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်တည်း ထိုပင်လယ်ခရီးကြီးအား ရွက်လွှင့်ဖို့ဆိုသည်မှာ တွေးကြည့်ရုံနှင့် အထီးကျန်ဆန်လွန်းလှသည် မဟုတ်ပါလား။ ထိုနေ့ ချက်ချင်းဆိုသလိုပင် အောင်မောင်း နှင့် ကိုဘခက်တို့ စတင်ရွက်လွှင့်ခဲ့လိုက်ကြသည်။ စားစရာအဖြစ် ငါးခြောက် ပုစွန်ခြောက်များလည်း သယ်လာခဲ့သည်။ ရက်သတ္တတပတ်ခန့်အထိ ရွက်လွှင့်လာသည့်တိုင် မျက်စိ အဆုံးက ပင်လယ်ပြင်ကြီးသာ ရှိနေသေးသည်။ ထို့ကြောင့် သူတို့ စိတ်ထဲတွင်တော့ အနည်းငယ် အားငယ်စပြုလာချေပြီ။
“ကိုဘခက်ရေ … ကျုပ်တို့ကတော့ … ရှေ့လည်း မရောက် နောက်လည်း မရောက်နဲ့ ပင်လယ်စာ ဖြစ်တော့မယ် နဲ့တူတယ် ”
“မပူစမ်းပါနဲ့ကွာ …. ဇနက မင်းသားတောင် ကူးရင်းကူးရင်းက မဏိမေခလာ နတ်သမီး လာကယ်သေးတာပဲ မဟုတ်လား ”
“ဒါက ဘုရားလောင်း ဇာတ်တော်လေဗျာ … ကျုပ်တို့က လူသတ်သမား အကုသိုလ်ကောင်တွေ … မိုးနဲ့မြေ ဆီနဲ့ရေ ဗျာ ”
အောင်မောင်း ထိုသို့ပြောလိုက်တော့ ကိုဘခက်လည်း ပြုံးလိုက်တော့သည်။ အပြုံးကတော့ အားအင်ချိနဲ့ ဖျော့တော့နေပြီ။ ဖောင်စီးကာ ရွက်လွင့်လာကြသည်မို့ အဆာရေစာ ကောင်းကောင်း မစားရသည်လည်း ပါပေလိမ့်မည်။ ကိုဘခက်လည်း ကောင်းကင်ကို အသာမော့ကြည့်လိုက်ပြီး
“အောင်မောင်းရေ … မနိမေခလာ နတ်သမီးတော့ မသိဘူး … ဦးမာဃ တော့လာပြီထင်သဟေ့ … အနောက်တောင်ဘက်မှာ မိုးတွေ ညှို့တက်လာပြီ ”
ကိုဘခက်၏ စကားကြောင့် အောင်မောင်းလည်း ကောင်းကင်ကိုကြည့်လိုက်တော့ မုန်တိုင်းရဲ့ အရိပ်အယောင်တွေ ။ မိုးစက်မိုးပျောက်လေးတွေက သူတို့အသားကို လာရောက်ထိမှန်လေပြီ။ လေကြမ်းတစ်ချက် တိုးလိုက်တိုင်း သူတို့ ဖောင်ကလေးမှာ ရေကန်ထဲက သစ်ရွက်ခြောက်ကလေး လို ချာလပတ်ရမ်းသွားလေ၏။ မိုးများက သည်းလာပြီ။ လေများကလည်း ခက်ထန်လာသလို လျှပ်ပန်း လျှပ်နွယ်များက ကောင်းကင်တွင် တလက်လက် ကစားလေပြီ။ တချက်တစ်ချက် ကျယ်လောင်စွာ ထွက်လာသည့် မိုးခြိမ်းသံများကလည်း အသဲအူများ ပြုတ်ထွက်သွားလေသလား။
“ဝေါ ….”
“ဝေါ ….”
“ဂျုန်း …. ”
စသဖြင့် ကျယ်ကျယ်လောင်လောင် အသံများနှင့် အတူ ပင်လယ်ပြင်တစ်ခုလုံး ပွက်လောရိုက်လာ တော့သည်။ အောင်မောင်း တို့ ဖောင်ကလေးမှာတော့ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်။ မကြာပေ ပင်လယ်မျက်နှာပြင်မှ ကြွတက်လာသော လှိုင်းလုံးကြီးက သူတို့ ဖောင်ငယ်လေးကို ရက်ရက်စက်စက် ဝါးမြိုသွားပါလေတော့၏။ ဖောင်ကလေးမှာလည်း အမြင့်မှ ပြုတ်ကျလာသည့် ဖရဲသီးသထွယ် အစိတ်စိတ် အမြွာမြွှာ ပျံ့ကျဲ လွင့်စင်လို့။
++++++++++
( ၃ )
“အား … ကျွတ် ကျွတ် ”
အောင်မောင်း တစ်ယောက် သတိလစ်နေရာမှ နိုးလာလေပြီ။ ရေလှိုင်း၏ ရိုက်ခတ်လိုက်သော ဒဏ်ကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်လို့။ သို့သော် စိုထိုင်းထိုင်း အရသာကိုတော့ သူမခံစားရပေ။ လဲနေရာမှ ထထိုင်လိုက်တော့ သင်္ဘောအင်ဂျင်သံလေးကို သူစတင်ကြားလိုက်ရ၏။ သူရောက်နေသည်မှာ အခန်းငယ်လေးတစ်ခုထဲတွင် ဖြစ်သည်။ ထို့ကြောင့် ထိုင်နေရာမှ ထကာ အခန်းထဲမှ ထွက်ခဲ့လိုက်၏။
“ဟ … ကိုယ့်လူ နိုးပြီလား … ဘယ်လိုလဲ နေလို့ထိုင်လို့ ကောင်းရဲ့လား ”
အောင်မောင်း အခန်းထဲမှ ထွက်လျှင်ထွက်လိုက်ချင်း သင်္ဘောဒလက်ဘီး ကိုကိုင်ထားသည့် လူက ထိုသို့ စတင်နှုတ်ဆက်လေ၏။ ထိုလူမှာ သင်္ဘောကပ္ပတိန် ဖြစ်ဟန်တူသည်။
“သက် … သက်သာပါတယ်ဗျ … ဒါ နဲ့ ”
“အော် … ဒါက လောင်စာစီ တင်တဲ့ သင်္ဘော ကိုယ့်လူရ … ကျုပ်နာမည်လည်း မှတ်ထားအုံး … သာကျော် တဲ့ ဒီသင်္ဘော ပေါ်မှာတော့ ကပ္ပတိန်သာကျော် ပေါ့ဗျာ ဟဲ … ဟဲ ”
ကပ္ပတိန်သာကျော်လည်း သူကိုယ်တိုင်ပြော သူကိုယ်တိုင် သဘောကျကာ စပ်ဖြီးဖြီးရယ်နေလေ၏။ အတော်ပျော်တတ်ပုံလည်းရသည်။
“ကျုပ်က ကျုပ်နာမည်မိတ်ဆက်ပြီးပြီ ဆိုတော့ ကိုယ့်လူနာမည်လေးလည်း မိတ်ဆက်ပါအုံး”
“ကျုပ်နာမည် အောင်မောင်းပါ … ဒါနဲ့ ကျုပ်က ဒီသင်္ဘောပေါ် ဘယ်လိုရောက်နေတာလဲ ကပ္ပတိန် ”
“မနေ့က … ခင်များတို့ … ဖောင်စုတ်ကလေးနဲ့ ရေမျောလာတာကို ကျုပ်တပည့် ချက်စူက လှမ်းတွေ့တာပဲ … ဒါနဲ့ ကျုပ်တို့လည်း ဆယ်ကြည့်လိုက်တော့ ခင်များတို့ အသက်ရှင်နေသေးတယ်လေ ကံကောင်းသွားတယ်ဆိုပါတော့ဗျာ ”
ကပ္ပတိန် သာကျော်၏ ခင်များတို့ ဆိုသည့် နာမ်စားကြောင့် အောင်မောင်းလည်း ကိုဘခက်ကို သတိရသွားလေတော့သည်။
“ဟာ … ဒါဆို ကျုပ်နဲ့ အတူပါလာတဲ့ ကျုပ်မိတ်ဆွေလည်း မသေဘူးပေါ့ ”
“မသေသေးဘူး အောင်မောင်းရ … ငါမပြောခဲ့ဘူးလား မနိမေခလာ နတ်သမီး လာကယ်မှာပါကွာ … ဟား … ဟား ဟား ”
ကိုဘခက်၏ အသံ ကိုအောင်မောင်းကြားလိုက်ရတော့သည်။ ထိုအခါ ကပ္ပတိန်သာကျော်က
“ဘယ်က နတ်သမီးရမှာလဲဗျ … သာကျော်ဗျ သာကျော် ကပ္ပတိန် သာကျော် ”
ဟူ၍ ရယ်ကျဲကျဲ အမူအရာဖြင့် ပြောလိုက်လေပါတော့သတည်း ။
+++++++++
ကပ္ပတိန်သာကျော်၏ သင်္ဘောကမ်းကပ်တော့ အောင်မောင်း နှင့် ကိုဘခက်လည်း မြန်မာ့မြေပေါ် တစ်ဖန်ခြေချဖို့ အခွင့်အရေးရခဲ့ပြန်သည်။ အောင်မောင်း မှာတော့ ထိုနေ့မှစကာ တစ်ကျွန်းပြန် အောင်မောင်း ဆိုသော ဘွဲ့ကို ရမှန်းမသိရလို့သွားပါလေတော့၏။
“အောင်မောင်း … ငါ့ညီ … မင်းက တစ်ကျွန်းကျတာမှ နှစ်နှစ်ပဲရှိသေးတယ်ဆိုတော့ … ရွာတော့ တန်းမပြန်နဲ့အုံးပေါ့ကွာ … ငါနဲ့ ငါ့ရွာမှာ စိတ်ရှိသလောက် လိုက်နေ ဘယ်နှယ့်လဲ ”
ထိုအခါ အောင်မောင်းလည်း အတန်ကြာအောင် စဉ်းစားပြီးနောက် ကိုဘခက်ပြောသည့် အစီအစဉ်က ပို၍သင့်လျော်သဖြင့် လိုက်နေရန်ဆုံးဖြတ်လိုက်တော့သည်။ ကိုဘခက် နေထိုင်ရာ အောင်တိုင်း ရွာကလေးသို့ ရောက်ခဲ့ချေပြီ။ ကိုဘခက်၏ အိမ်ကလေးကား ထရံကာ ဓနိမိုး ခနော်နီ ခနော်နဲ့ အိမ်ကလေးပင်။ ရွာအစွန် မကျတကျ နေရာလေးတွင် တည်ရှိ၏။ တစ်ကျွန်းမှ ပြန်လာသော အောင်မောင်း နှင့် ဘခက် ကိုတော့ ရွာထဲက လူများက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။ သို့သော် ဂရုမစိုက် အဖက်မလုပ်ဘဲ နေနေလိုက်၏။
နောက်နေ့ ညနေစောင်းတော့ ကိုဘခက်၏ အိမ်အတွင်းသို့ လူသုံးယောက် ရောက်လာလေတော့ သည်။ အရက်ပုလင်းများ အမြည်းများလည်း ယူလာကာ ကိုဘခက်၏ မိတ်ဆွေများဖြစ်ဟန်တူ၏။
“ဇိုးကြီး တို့ ဖိုးကျော် တို့ပါလားဟ ”
“ဟုတ်တယ် ဘခက်ရ … မင်းရောက်နေတယ် သတင်းကြားလို့ ငါတို့လာကြတာ …နေစမ်းပါအုံး မင်း ကတစ်ကျွန်းကျတာ မဟုတ်လား … ဘယ်နှယ့်လုပ်ပြန်လွှတ်လာတာလဲကွ ”
ထိုအခါ ဘခက်လည်း အောင်မောင်းအား မေးငေါ့ပြရင်း
“ဒီက ညီလေးကြောင့်ပေါ့ကွာ … သူနာမည်က အောင်မောင်းတဲ့ … ငါ့ညီအရင်းလိုပဲ … ဆိုတော့ … သူရှိနေတုန်း ရွာမှာ မျက်နှာပျက်စရာတွေ ဘာတွေ မလုပ်ကြနဲ့ကွာ ”
“အေးပါကွ … ငါတို့သဘောပေါက်ပါတယ်”
ဤသို့ဖြင့် ဘခက် တို့ အုပ်စုလည်း အရက်ကလေးသောက် အမြည်းကလေးစားရင်းဖြင့် ထွေရာလေးပါး စကားများကို ပြောမကုန်အောင် ရှိကြလေတော့သည်။ အောင်မောင်းလည်း အသောက်ကလေးက မင်သည်မို့ မကြာမီမှာဘဲ ဇိုးကြီး တို့ အဖွဲ့နှင့် ရင်းနှီးသွားလေပါတော့သည်။ ရောက်တတ်ရာရာ စကားများပြောနေရင်းမှ ဇိုးကြီး က အားလုံးစိတ်၀င်စားစေမည့် အကြောင်းတစ်ခုကို ပြောချလာပါတော့သည်။
“ဘခက် … ”
“ဟေး …”
“ငါတို့အောင်တိုင်းရွာ နဲ့ ဟိုဖက် သစ်လှရွာကြားက အိမ်ပျက်ကြီးကို မင်းသိလား ”
“သိတာပေါ့ဟ … သရဲ ခြောက်တယ်ဆို ”
ဘခက် ထိုသို့ထောက်ခံလိုက်တော့ ဇိုးကြီးလည်း သဘောကျစွာဖြင့် လက်ခုပ်တီးလိုက်တော့သည်။
“သရဲက ခြောက်ရုံပဲ မဟုတ်ဘူးကွ … ဂုတ်ပါချိုးတာ ဘခက်ရေ ”
“ဟ … အဲ့ သရဲက အဲ့လောက်တောင် ကြမ်းသလား”
ဖိုးကျော်က ၀င်ထောက်လေသည်။
“ဟုတ်တယ် ဘခက် … သစ်လှရွာ သူဌေး ဦးချမ်းသာ ကတော့ အဲ့အိမ်ကြီးမှာ တစ်ည အိပ်ရဲတဲ့လူ ဘယ်သူမဆို ဆုငွေ ဆယ်သိန်းကျပ် တိတိ ပေးမယ်လို့ စိန်ခေါ်ထားသကွ ”
“အဟုတ်လား ဖိုးကျော် ရ”
“ဟုတ်တာမှ … ဟုတ်ဟုတ် ဟုတ် နဲ့ကိုနေတယ် ငါ့ကောင်ရေ … ငွေဆယ်သိန်းလိုချင်လို့ ဆိုပြီး တလောက သစ်လှရွာသား သံခဲ အဲ့အိမ်ကြီးမှာသွားအိပ်သေးတယ် … မနက်ရောက်တဲ့ အထိ မလာမလာ တာနဲ့ သွားကြည့်တော့ အိမ်ထဲမှာ ဇက်ကျိုးသေနေတယ်တဲ့လေ … အခုတော့ ဦးချမ်းသာ ရဲ့ စိန်ခေါ်မှုကို ဘယ်သူမှ လက်မခံရဲကြတော့ဘူး”
ထိုအကြောင်းများကို အစအဆုံး နားထောင်နေသော အောင်မောင်းက အရက်ခွက်ကို ဒေါက်ကနဲနေအောင် ချလိုက်ပြီး
“အဲ့အိမ်ကြီးမှာ ကျုပ်သွားအိပ်မယ်” လို့ပြောလိုက်တော့သည်။ ဘခက် အပါအ၀င် ဇိုးကြီး နှင့် ဖိုးကျော်တို့ မှာတော့ အောင်မောင်းအား အထူးအဆန်း သတ္တဝါ တစ်ကောင်ကို စူးစိုက်ကြည့်လို့။
“ဟုတ်တယ် … ကျုပ်က ဘ၀ကို သေမထူးနေမထူး ဖြတ်သန်းလာတဲ့ကောင် … နောက်ပြီး သရဲတစ္ဆေ ဆိုတာကိုလည်း နည်းနည်းမှ ယုံတာ မဟုတ်ဘူး …. အဲ့တော့ မနက်ဖြန်ပဲ ကျုပ် သစ်လှရွာ သူဌေး ဦးချမ်းသာ နဲ့ တွေ့ချင်တယ် … အဲ့ဒါ ကိုဇိုးကြီး တို့ပဲ ကျုပ်ကို ကူညီကြပါ ”
ကိုဘခက်မှာတော့ အောင်မောင်းအား ကြည့်ကာ ပြုံးလို့နေလိုက်သည်။ ကျွန်းပေါ်တွင် နှစ်နှစ်တာ ကာလ ပတ်လုံးအတူနေထိုင်လာသလို အောင်မောင်း ၏ တဇွတ်ထိုး လုပ်တတ်သည့် ဉာဉ်ကို ကိုဘခက်အသိဆုံး မဟုတ်ပါလား။ မနက်ရောက်တော့ ဇိုးကြီး က အောင်မောင်းအား သစ်လှရွာ သူဌေး ဦးချမ်းသာ ဆီပို့ပေးလိုက်ပါတော့သည်။
အောင်မောင်းလည်း ဦးချမ်းသာ နှင့် ထိုကိစ္စကို ဆွေးနွေးတိုင်ပင်ပြီးနောက် အဆုံးသတ်တွင် နှစ်ဦးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တော့သည်။ စာချုပ်ပါ အချက်အလက်များမှာတော့ အကယ်၍ အောင်မောင်း အသက်အန္တရာယ် တစ်စုံတစ်ရာ ကြုံခဲ့ပါက ဦးချမ်းသာ နှင့် မသက်ဆိုင်ကြောင်း တစ်ဖန် အောင်မောင်း အောင်မြင်ခဲ့ပါမူ လောင်းကြေးငွေ အဖြစ်ဆယ်သိန်းကျပ် တိတိကို ဦးချမ်းသာမှ ကြည်ဖြူစွာပေးရမည် ဟူသည့်အချက်များပင်။ စာချုပ်တွင် လက်မှတ်ထိုးပြီးချိန်တွင်တော့ သစ်လှရွာ သူဌေး ကြီး ဦးချမ်းသာ က မင်းကံကောင်းပါစေ ဟူ၍သာ ဆုတောင်းပေးလိုက်ပါတော့၏။
++++++++++
သည့်နောက် တွင်တော့ အောင်မောင်းလည်း ရွာနှစ်ရွာကြားက အိမ်ပျက်ကြီးတွင် သွားအိပ်ရန် လိုအပ်သည်များကို ပြင်ဆင်လေတော့သည်။ ထိုအရာကား အခြားတော့ မဟုတ် ။ လွယ်အိတ်ငယ်လေး တစ်လုံးအတွင်း ရေမန်း ပရိတ်ကြိုး သိမ်၀င်ပုတီး တို့ကိုထည့်ကာ ယူဆောင်လာခြင်းဖြစ်သည်။ သတိဆိုသည် ပိုသည် မရှိ မကြောက်သော်ငြားလည်း လိုရမယ်ရ ဆောင်လာသည်မှာ မမှားပေ။ ညနေစောင်းတော့ ဇိုးကြီး တို့ အဖွဲ့က အောင်မောင်အား ထိုအိမ်ပျက်ကြီးဆီသို့ လိုက်ပါ ပို့ဆောင်ကြသည်။
“ငါ့ညီ … မင်းဟာက သေရော သေချာရဲ့လားကွာ ”
“ဟုတ်တယ်ကွ … သံခဲတောင် တစ်ညတည်း ပွဲချင်းပြီးတာနော် ”
“သံခဲကလည်း နယ်နယ်ရကကောင် တော့မဟုတ်ဘူး … သစ်လှရွာက သားသတ်သမား လူမိုက်ပဲ ”
ဇိုးကြီးတို့က အောင်မောင်းအား စိတ်ပူသဖြင့် သွားမအိပ်ရန် တားဆီးဖို့ကြိုးစားကြပါသေးသည်။ ဘယ်ကိစ္စဆို မဆို ရှေ့သို့သာ လုပ်တတ်သော အောင်မောင်းကတော့ ဘာကိုမျှ မစိုးရိမ်သလို။
“သေလည်းတစ်ခါပေါ့ဗျာ … ကြောက်ရင်တော့ နှစ်ခါသေတယ်ဗျ … ကျုပ်ကတော့ တခါပဲသေမယ် ”
မကြာပေ ထိုတစ္ဆေအခြောက်ကြမ်းသည် ဆိုသော အိမ်ပျက်ကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တော့သည်။ အိမ်ကြီးမှာ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးဖြစ်ပြီး ရေနံချေးကို မဲနက်နေ အောင်သုတ်ထားလေ၏။ အိမ်ကြီး၏ ပြတင်းပေါက်များမှာလည်း ကျိုးတန်တာ ကျိုးပဲ့တန်တာ ပဲ့ နှင့် နွယ်ပင် မြက်ရိုင်းများကလည်း ပိုမို အကျည်းတန်အောင် တန်ဆာဆင်ထားသေးသည်။ လေတိုက်တိုင်း တဖတ်ဖတ် လှန်သွားသည့် အိမ်ခေါင်မိုးများမှ အသံသည်လည်း မကောင်းဆိုးဝါး ရယ်သံကြီးအလား။
“ကဲ … အောင်မောင်းရေ … ငါတို့ပြောတဲ့ အိမ်ပျက်ကြီးဆိုတာဒါပဲ … ဂရုစိုက်ပေါ့ကွာ … တို့လည်းပြန်တော့မယ် ”
နောက်ဆုံးတွင်တော့ ထိုအိမ်ပျက်ကြီး အရှေ့တွင် အောင်မောင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပါတော့၏။ ပတ်၀န်းကျင်ကလည်း မှောင်စပြုလာပြီ။ ညပုရစ်များ၏ တကျီကျီ အော်သံက တဖြေးဖြေး ကျယ်လောင်လို့ လာပါတော့၏။ အောင်မောင်းလည်း အသင့်ပါလာသော တောအရက်ကို ရဲဆေး အနေဖြင့် အာစိုရုံမျှ မော့လိုက် ပြီး ထိုအိမ်ပျက်ကြီးထဲ၀င်လိုက်လေတော့၏။ အိမ်ထဲသို့ ရောက်လျှင်ရောက်ချင်း တစ်စုံတစ်ယောက်က သူ့အားစောင့်ဆိုင်းနေသလို ခံစားရ၏။ အအေးဓာတ်များက လည်း ထိုအိမ်ကြီးထဲမှာမှ ပိုနေသလို။ အောင်မောင်းလည်း လှေကားမှ တစ်ဆင့် အိမ်အပေါ်သို့တက်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်တော့၏။ ပရိတ်ရေ ပရိတ်ကြိုး သိမ်၀င်ပုတီးများပါသော လွယ်အိတ်ကလေးကိုတော့ သူနှင့် အနီးဆုံးနေရာတွင် ချထားလိုက်၏။
အိပ်စက်ရန် ကြိုးစားသော်လည်း အတော် နှင့် အိပ်မပျော်ပေ။ ထို့ကြောင့် စောစောက တောအရက်ကိုသာ သောက်ရင်း ဘယ်ညာလူးလှိမ့်နေမိတော့၏။ ညဆယ်နာရီခန့် အရောက်မှာတော့
“ရှပ် ရှပ် ရှပ် ရှပ် ”
အိမ်အောက်ထပ်ဆီမှ ခြေသံ တစ်ခုကို အောင်မောင်း အတိုင်းသားကြားလိုက်ရလေ၏။ လူက အိပ်ပျော်ရန် ကြိုးစားနေတုန်းရှိသေးသည်။ ထိုခြေသံကြောင့် အောင်မောင်း ဆတ်ခနဲထထိုင်ကာ နားစွင့်နေလိုက်သည် ။ ခြေသံမှာ လှေကားပေါ်သို့ တက်လာသည် ဖြစ်ကြောင်း အောင်မောင်း အတပ်သိသည်။ ထို့ကြောင့် လှေကားဖက်ကို မျက်နှာမူလိုက်ပြီး ခြောက်တောင့်ထိုး ဓာတ်မီးကိုကိုင်ကာ လာမည့် အန္တရာယ်ကို အသင့်စောင့်စား နေလိုက်ပါတော့၏။
+++++++++
( ၄ )
တစ်အောင့်လောက်ကြာတော့ လှေကားပေါ်တက်လာသော လူကို အောင်မောင်း၏ ဓာတ်မီး အလင်းရောင်ဖြင့် မြင်လိုက်ရသည်။ ထိုလူမှာ အသားအရေများ နီမြန်းပြီး အနီရောင် ၀တ်စုံကို ခြုံထားလေ၏။ မျက်နှာကိုကြည့်ရာတွင်တော့ မျက်စိ နှာခေါင်း ပါးစပ် မည်သည့်အရာမှမပါ ဗလာသပ်သပ် ဖြစ်နေသည်ကို ကြက်သီးထဖွယ် တွေ့လိုက်ရပြန်သည် ။ တခြား သူဆိုပါမူ ထိုနေရာမှ ထပြေးမည်မှာ မြေကြီး လက်ခတ်မလွှဲပင် ။ သို့သော် အောင်မောင်းမှာတော့ အကြောက်အလန့်နည်းသူ ပီပီ
“ဟေ့ … ဘယ်ကကောင်လဲ … ငါအိပ်တာကို ဘာလို့လာနှောက်ယှက်တာလဲ သွား အောက်မှာသွားအိပ် ”
ထိုသို့ပြောလိုက်တော့ လှေကား ထိပ်မှ သရဲငနီ ကလည်း အသံဩဩကြီးဖြင့် ပြန်ပြောလေသည်။
“မင်းက ငါ့အိမ်မှာလည်း လာအိပ်သေးတယ် .. ငါ့ကိုလည်း မောင်းထုတ်နေတယ် ဟုတ်လား”
ထိုအခါ အောင်မောင်းက
“ရာရာစစ … ဒီအိမ်က လူမနေတာ ကြာပြီကွ … မင်းအိမ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ငနီ တစ္ဆေကောင်ရ ”
“အောင်မာ … မင်းကများ ငါ့ကို ငနီတစ္ဆေကောင်လို့ ခေါ်ရဲတယ် … သေပေတော့ ”
သရဲငနီလည်း အောင်မောင်း၏ စကားကြောင့် ဒေါသထွက်သွားကာ အတင်း၀င်လုံးလေတော့သည်။ သရဲငနီ၏ လျင်မြန်ဖျတ်လတ်မှုကြောင့် အောင်မောင်း ရေမန်းပုလင်းပင် ယူချိန်မရလိုက်။ ထိုအိမ်အပေါ်ထပ်ကြီးမှာပင် လူနှင့် သရဲ နပန်းလုံးပွဲက စတင်လေပါတော့၏။
သရဲငနီ အပေါ်က ရောက်လိုက် အောင်မောင်းက အပေါ်ကရောက်လိုက်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန်လုံးနေကြ၏။ အောင်မောင်းမှာလည်း ခေသူမဟုတ် ကိုယ်ခံပညာ အသင့်အလျောက်တတ်ထားသလို သက်လုံအားလည်းကောင်းလှပေ၏။ သို့သော် သာမန် လူသားဖြစ်သည်မို့ နာရီ ၀က်ခန့်ကြာအောင် လုံးထွေးသတ်ပုတ်ပြီးချိန်မှာတော့ အောင်မောင်း မောဟိုက်စပြုလာလေပြီ။
သရဲငနီမှာတော့ မည်သို့မျှပင် မနေ။ အောင်မောင်းလည်း လစ်ရင်လစ်သလို သရဲငနီ၏ မျက်နှာ ၀မ်းဗိုက် စသည့်နေရာများသို့ လက်သီးချက်များ ပစ်သွင်းသော်လည်း လေအိတ်ကြီးကို ထိုးနေရသလို အိကနဲ အိကနဲသာနေလေ၏။ အောင်မောင်း မျက်စိများပင် ပြာလာကာ” ဒီတိုင်းဆက်လုံးနေရင်တော့ ငါပဲသေသွားနိုင်တယ် … မဖြစ်ဘူး မဖြစ်ဘူး ” လို့တွေးမိကာ ပရိတ်ကြိုးများ ရှိသည့်ဖက်သို့ သရဲငနီအားလုံးရင်း ခေါ်သွားလိုက်၏။ အောင်မောင်းက ပါးနပ်သော်လည်း သရဲငနီမှာတော့ လုံးထွေးသတ်ပုတ်ရသည်ကို အရသာတွေ့နေသည်ထင်။ အောင်မောင်းမှာ လွယ်အိတ်ထဲက ပရိတ်ကြိုးများကို မသိမသာ ထုတ်ကာ သရဲငနီအား လုံးထွေးရင်း ရစ်ပတ်ပေးလိုက်ပါတော့၏။
“ဟာ … ငါလုပ်လို့မရတော့ဘူး ငါလုပ်လို့မရတော့ဘူး ”
ထိုအခါမှ အောင်မောင်းလည်း မတ်တပ်ထရပ်ကာ လွယ်အိတ်ထဲက ရေမန်းပုလင်းကို ယူလိုက်ပါတော့သည်။ သရဲငနီမှာတော့ ကြမ်းခင်းပေါ်တွင် ပိုးတုံးလုံးကောင်လေးလို ပရိတ်ကြိုးများဖြင့် လုံးထွေးရစ်ပတ်လို့။ အောင်မောင်းလည်း ရေမန်းပုလင်းအဖုံးကို ဖွင့်ကာ သရဲငနီအား ပက်ချလိုက်တော့သည်။ အက်စစ်နှင့် ပက်လိုက်သည့်အလား ရေမန်းထိသွားသော သရဲ ငနီမှာ အငွေ့များထလာပြီး လူးလှိမ့်သွားပါတော့သည်။
“အား … ပူတယ် …ပူတယ် ”
“မှတ်ပလား … သရဲ ငနီကောင် … ကိုင်း ကိုင်း ”
“ရှဲ …. ရှဲ ”
“အား … မလုပ်ပါနဲ့ … အရမ်းပူလို့ပါ တောင်းပန်ပါတယ်”
“ပြောစမ်း … မင်းဘာလို့ သံခဲ ကိုသတ်တာလဲ ”
အောင်မောင်း ထိုသို့မေးလိုက်တော့ သရဲငနီက
“ငါ သတ်တာ မဟုတ်ပါဘူး … ငါ က ခြောက်ရုံပဲခြောက်တာပါ … သူ့ဘာသာအကြောက်လွန်ပြီး ပြေးရင်းက လှေကားပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေတာ ”
ထိုအခါမှ အောင်မောင်းလည်း သစ်လှရွာသား လူမိုက်ကြီးသံခဲ အကြောက်လွန်ကာ လှေကားပေါ်က ပြုတ်ကျပြီ ဇက်ကျိုးသေကြောင်း ဂဃဏန သိလိုက်ရလေတော့သည်။
“ဒါနဲ့ ခင်များက …. ဘာလို့ ဒီအိမ်မှာ တစ္ဆေဖြစ်နေရတာလဲ ”
“ဥစ္စာစွဲကြောင့်ပေါ့ကွာ … တစ်ချိန်က ငါဆိုတာ ဒီအိမ် ရဲ့ အိမ်ကြီးရှင် သူဌေးကြီး ဦးသောင်းစိန် ပဲ…. ကျောထောက်နောက်ခံ သားသမီး လည်းမရှိဘူး … ဒါပေမယ့် ညီတစ်ယောက်တော့ရှိတယ် … ဒီကောင်က လောင်းကစားသမား အသောက်အစား သမားဆိုတော့ …. ငါ့စည်းစိမ်တွေကို မကောင်းတဲ့ နေရာမှာ ဖြုန်းတီးပစ်မှာစိုးရိမ်ခဲ့တယ် …. ငါသူကို အမျိုးမျိုးဆုံးမ ပါသေးတယ် … ဒါလည်းမလိမ်မာလာဘူး ….. နောက်တော့ ငါသေရင် ငါ့စည်းစိမ် တွေ ဒီကောင်သုံးဖြုန်းပစ်မှာကိုကြိုသိလို့ … ဟောဟို လှေကား အောက်မှာ ပိုင်ဆိုင်သမျှကို မြုပ်ထားလိုက်တော့တာပဲ ”
သရဲငနီက ထိုသို့ပြောရင်း စောစောက သူတက်လာသည့် လှေကားကို လက်ညှိုးထိုးပြလေသည်။
“အဲ့နောက် ငါလည်း ကျန်းမာရေး ချူချာလာပြီး အိပ်ရာထဲလဲခဲ့တယ် …. ဒါကို သိတော့ ငါ့ညီက အမွေ အတင်းလာတောင်းတယ် …. ငါက မပေးတော့ နောက်ဆုံး သူ ဒေါသဖြစ်ပြီး ငါ့ကို မသေမချင်း ဓားနဲ့ ထိုးသတ်သွားတော့တာပဲ …. ပြီးရင် အလောင်းကို အိမ်နောက်ဖေးက ရေတွင်းပျက်ထဲမှာ ဖျောက်ဖျက်လိုက်တယ် …. အဲ့ချိန်ကစပြီး ငါလည်း အစွဲအလမ်းနဲ့ ဒီပိုင်ဆိုင်မှုတွေကို ယနေ့အထိ စောင့်ထိန်းနေရတော့တာပေါ့ကွာ ”
သရဲငနီ ၏ဖြစ်ကြောင်းကုန်စင်ကို ကြားလိုက်ရတော့ အောင်မောင်းလည်း စိတ်မကောင်းဖြစ်သွားရတော့သည်။
“ကဲပါဗျာ …. ခင်များလည်း ဒီဥစ္စာပစ္စည်းတွေ ကို စွဲလမ်းမနေနဲ့တော့ … ခင်များခွင့်ပြုမယ်ဆို ကျုပ် အဲ့လှေကားအောက်က ပစ္စည်းတွေ ယူသွားပြီး ခင်များအတွက် ကောင်းမှုကုသိုလ်လုပ်ပေးမယ် …. ဘယ်နှယ့်လဲ … ဒီအပါယ်ဘုံသား ဘ၀မှာပဲဆက်နေရင်တော့ ခင်များလည်း မကြာခင် အဝီစိငရဲ ရောက်မှာ”
အောင်မောင်းစကားကြောင့် သရဲငနီခေါ် ဦးသောင်းစိန် လည်း ခေတ္တမျှ တွေဝေသွားလေတော့သည်။ ပြီးမှ
“ကောင်းပြီလေ … မင်းပဲ ငါပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေ ယူသွားပြီး ကောင်းတဲ့နေရာမှာ အသုံးချပေတော့ …. ငါ့အတွက်လည်း ကောင်းမှု ကုသိုလ်တွေ ဆက်စပ် လုပ်ပေးပါ ”
“စိတ်ချပါ … ကျုပ်ယောကျာ်းပါ … ပေးတဲ့ ကတိတည်စေရမယ် ”
ဟုဆိုကာ အောင်မောင်းလည်း သရဲငနီအား ပရိတ်ကြိုးများဖြည်ပေးလိုက်ပါတော့သည်။ သရဲ ငနီမှာတော့ အောင်မောင်းအား ကျေးဇူးတင်စွာကြည့်ရင်း ညှိုးငယ်သော မျက်နှာလေးနှင့် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့၏။ ပြီးနောက် အောင်မောင်း လှေကားအောက်ဆင်းကာ သရဲငနီပြောပြသော နေရာကို တူးဆွလိုက်ရာမှာတော့ မြေအိုးလေး တစ်လုံးကို ရလိုက်၏။ မြေအိုးလေးမှ ရှစ်လက်မ ၀န်းကျင်ခန့်ရှိပြီး အတွင်း၌ ရွှေငွေ လက်၀တ်ရတနာများနှင့်ပြည့်နေလေသည်။ အောင်မောင်း လည်း ထို ရတနာများကို ပုဆိုးခါးပုံစထဲတွက် ကျစ်ကျစ်လစ်လစ်ထည့်လိုက်တော့၏။ မနက်ခင်း၏ အာရုဏ်ဦးက စတင် ရောင်နီသမ်းလာချေပြီ။ သူရိန်နေမင်းကြီး၏ အလင်းရောင်ကလည်း မရှေ့အရပ်မှ ပြူထွက်စပြုလာပြီ။ ပြီးနောက်မှာတော့ အောင်မောင်းလည်း ထိုအိမ်ပျက်ကြီးထဲမှ ထွက်လာခဲ့လိုက်တော့၏။ အိမ်ကြီးကို နောက်ပြန်လှည့်ကြည့်လိုက်ရာမှာတော့ အပေါ်ထပ်မှ သူ့အား ငေးကြည့်နေသည့် သရဲငနီ ။
“ကဲ … သရဲငနီရေ … ကျုပ်ပြုတဲ့ ကုသိုလ် အ၀၀ အတွက် အမျှပေးဝေပါ့မယ် … ဆက်စပ်သာဓု ခေါ်ပါ ”
ဟု တစ်ယောက်တည်းရေရွတ်ရင်း ထိုအိမ်ပျက်ကြီးကို ကျောခိုင်းခဲ့လိုက်တော့၏။တစ်ဖန် သစ်လှရွာသူဌေး ဦးချမ်းသာ ဆီမှ သူရမည့် လောင်းကြေးကို ယူရန် ခရီးဆက်ခဲ့လိုက်သည်။ အောင်မောင်း ဘေးမသီရန်မခဘဲ ထိုအိမ်ကြီးမှာ အိပ်စက်ခဲ့သည်ကို သိလိုက်ရတော့ ဦးချမ်းသာ တို့လည်း ပါးစပ်အဟောင်းသား ဖြစ်ကြရတော့သည်။
ထို့ကြောင့်လည်း ဦးချမ်းသာမှာ ၎င်းပေးစရာရှိသည့် ငွေဆယ်သိန်းကို အောင်မောင်းအား အသာတကြည်ပေးလိုက်၏။ ထို့အပြင် ထိုအိမ်ပျက်ကြီးတွက် မနက်လင်းသည်အထိ နေခဲ့သော အောင်မောင်း၏ ရဲစွမ်းသတ္တိကိုလည်း ချီးမွမ်းလို့မဆုံး။ အောင်မောင်းလည်း သူဌေးကြီး ဦးချမ်းသာ ဆီမှ ရလာသော ငွေဆယ်သိန်းမှ လမ်းစရိတ်ကိုသာ ယူပြီး ကျန်ငွေများကို မိတ်ဆွေကြီး ကိုဘခက်အား ပေးခဲ့လိုက်ပြန်သည်။
“ကဲ … ကိုဘခက်ရေ … ကံကြမ္မာတစ်ကွေ့မှာ သူစိမ်းတွေအဖြစ် လာဆုံကြတယ်ဆိုပေမယ့် … ကျုပ်တို့က ညီကိုတွေလိုပါပဲဗျာ …. ကျုပ်လည်း မြို့ပေါ်တက်ပြီး ကိစ္စလေး တစ်ခုလုပ်ရအုံးမယ် … ဒီတော့ ခင်များကို နှုတ်ဆက်ခဲ့တယ် … ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့ဗျာ ”
ထိုအခါ ကိုဘခက်လည်း ငိုသံစွက်နေသော အသံဩကြီးဖြင့် အောင်မောင်းအား ပွေ့ဖက်ကာ
“မင်းလည်း ငါ့ရဲ့ ညီအရင်းလေးလိုပါပဲ အောင်မောင်းရာ … မင်းနဲ့ ခုလို စောစောစီးစီး လမ်းခွဲရပေမယ့် ငါ့မှတ်ဉာဏ်ထဲမှာတော့ …. မင်းက အမြဲရှိနေမှာပါ ”
အောင်မောင်းကိုယ်တိုင်လည်း စိတ်မကောင်းပေ။ သို့သော် ရေစက်ကုန်ရင်တော့ ခွဲခွာကြရစမြဲမဟုတ်ပါလား။ အောင်မောင်းတစ်ယောက် ညက ရခဲ့သော ရတနာပစ္စည်းများကိုတော့ ၎င်း၏ လွယ်အိတ်အနွမ်းလေးထဲထည့်ကာ ကိုဘခက်ကို ကျောခိုင်းခဲ့လိုက်ပြီ။ ကိုဘခက်မှာတော့ သူ၏ ယိုင်နဲ့နေသော ထရံကာဓနိမိုး အိမ်ကလေးအရှေ့မှ လက်ပြ နှုတ်ဆက်ရင်း ။
++++++++++
( ၅ )
အောင်မောင်း မြို့ပေါ်ရောက်တော့ သရဲငနီထံမှ ရလာသည့် ရတနာပစ္စည်းများကို ထုခွဲရောင်းချကာ ငွေအမြောက်အများရလိုက်၏။ ပြီးနောက် သရဲငနီ အတွက် ရည်းစူးပြီး မြို့ဦး ဘုန်းကြီးကျောင်းတွင် သံဃာဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်းပေး၏။ ထို သံဃာဆောင်လေး၏ အ၀င်၀တွင် ရေးထိုးထားသည့် ကမ္ဗည်း အက္ခရာလေးကား
” သူဌေးကြီး ဦးသောင်းစိန် အားရည်စူး၍ ”
ဟုသာ ဖြစ်ပါလေတော့သတည်း ……………..
( ပြီးပါပြီ။ )
စာဖတ်သူတို့အား အစဉ်လေးစားလျက်
ရေးသားသူ-သူရေး
#crd