သားဆိုးအမေ(စ/ဆုံး)
—————-
နေ့လယ်ကျောင်းလွှတ်ချိန် ရုံးခန်းအတွင်း၌ ဆရာ ဆရာမများ စုဝေးကာ ထမင်းစားသူစား၊ လေ့ကျင့်ခန်းစာအုပ် စစ်သူတွေ စစ်နေကြသည်။
ဆရာကြီးက သူ့စားပွဲတွင်ထိုင်ရင်း ထမင်းချိုင့်လေးကို ဖွင့်စားနေသည်။
“ဆရာကြီး ဘာဟင်းလဲ”
“ထုံးစံအတိုင်းပေါ့ကွယ် … မျှစ်ကြော်”
“သမီးဆီမှာ ငရုတ်သီးထောင်းလေးပါတယ် ယူမလားဆရာကြီး”
“ကောင်းတာပေါ့ကွယ် … လျှာစပ်ရင် ထမင်းပိုဝင်တာပေါ့”
ဆရာမခင်လေးက ဆရာကြီးက ငရုတ်သီးထောင်းခွက်လေး လာပေးသည်။ ထိုအချိန်တွင် ရုံးခန်းဝက
“ဆရာကြီး ရှိလားရှင့်” ဟု မေးသံကြားလိုက်ရသည်။
“ရှိပါတယ် … လာပါ … အထဲကို ကြွပါ”
ဆရာမခင်လေးက အဘွားအိုကို ဆရာကြီးထံတွဲခေါ်လာသည်။
“ဒေါ်မြမှီ ထိုင်ဗျာ … ထမင်းစားခဲ့ပြီးပြီလား”
“စားခဲ့ပြီးပြီ ဆရာကြီး”
အဘွားအိုက ခေါင်းပေါ်တွင် ပေါင်းလာသည့် တဘက်လေးကို ဖြုတ်လိုက်ပြီး မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်သည်။
“ဆရာကြီး မနက်ဖြန် မြို့တက်မလို့ဆို”
“ဟုတ်တယ်လေ … လစာထုတ်ဆင်းရမှာ”
“အဲဒါလေ … ဆရာကြီးကို မှာချင်လို့”
“သိပါတယ် ဒေါ်မြမှီရယ် … သားဆီကို မဟုတ်လား”
“ဟုတ်တယ် ဆရာကြီး … ရွာကို ပြန်မလာတာလဲကြာပြီ … ပြန်လာပါဦးလို့ … ကျွန်မ သားလေးကို လွမ်းလို့ပါ။ ဆရာကြီး သူ့ကို ဖျောင်းဖျပေးပါဦး။ အလုပ်ကခွင့်လေးဘာလေး ယူပြီးတော့ တစ်ရက်လောက်ပဲ ပြန်လာပါလို့”
“ကျွန်တော် လတိုင်းပြောတာပဲဗျာ … သူက ပြန်လာမယ် … ပြန်လာမယ်ပဲ ပြောနေတာ။ ပိုက်ဆံတော့ လတိုင်း ပေးနေတာပဲ မဟုတ်လား”
“ပိုက်ဆံ မလိုချင်ပါဘူးဆရာကြီးရယ် … သူ့မျက်နှာလေး တွေ့ချင်တာပါ။ ဒီတစ်ခေါက် ဆရာကြီး မြို့က ပြန်လာရင် အဲဒီကောင်ကို ဆွဲသာခေါ်ခဲ့ပါ”
“ဟုတ်ကဲ့ အဒေါ်”
ဒေါ်မြမှီ ပြန်သွားသည်။ ကျောင်းတက်ပြီဖြစ်သဖြင့် ဆရာတွေ စာသင်ခန်းထဲ အသီးသီးသွားကြသည်။ ခင်လေးက ဆရာကြီး အနီးသို့ လာပြီး
“ဆရာကြီး အဲဒီ အဘွားကြီးသားက မြို့မှာ ဘာလုပ်တာတုန်း” ဟုမေးသည်။ ဆရာကြီးက
“ခင်လေး … သွားတော့ ကိုယ့်အတန်းကိုယ်ဝင် … မစပ်စုနဲ့” ဟု ပြောလိုက်သဖြင့် ဇက်လေးပုကာ ရုံးခန်းထဲက ထွက်သွားသည်။
ကျောင်းအုပ်ဆရာကြီးသည် သူတို့ရွာလေးနှင့် ၃၅ မိုင်ဝေးသော မြို့ကို လတိုင်းလိုလို လစာထုတ်ဆင်းရသည်။ လစာလည်းထုတ် မြို့နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်တွေလည်း နာခံ၊ လချုပ်နှင့် ကျောင်းသားစာရင်း တွေလည်းပို့။ ဆရာ ဆရာမတွေမှာသော ပစ္စည်းလေးတွေလည်း ဝယ် စသည်ဖြင့် လတိုင်း မြို့ကို ဆင်းရသည်။ တစ်ခါတစ်ရံတွင် ရွာထဲက ဒေါ်မြမှီလို အမှာတွေကိုလည်း အကျိုးဆောင်ရသေးသည်။
လစာထုတ်ပြီး ဆရာကြီးပြန်လာသည့်နေ့ကဖြစ်သည်။
ညနေကျောင်းဆင်းပြီးချိန်တွင် ဆရာကြီးက ဆရာ ဆရာမတွေကို လစာတွေ ဝေသည်။ ထို့နောက် ညွှန်ကြားချက်တွေကို ဖတ်ပြသည်။ တစ်လအတွင်း လုပ်ဆောင်ရမည်တွေကို ညှိနှိုင်းကြသည်။ အစည်းအဝေး ပြီးသည့်အခါ ဆရာ ဆရာမတွေ ပြန်ကုန်သည်။
ဆရာမခင်လေးက
“ဆရာကြီး ဒီမှာ ဒေါ်မြမှီရောက်နေတယ် … ကျွန်မတို့ အစည်းအဝေးလုပ်နေလို့တဲ့ ရုံးခန်းရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေတယ်”
“ဪ အဒေါ်လာ … လာ”
ဒေါ်မြမှီက ဆရာကြီး ရှေ့ရှိခုံတွင် ဝင်ထိုင်သည်။ ဆရာကြီးက
“ခင်လေးရေ … ဟို စားပွဲပေါ်က ကိတ်မုန့်ထုပ်လေး ယူပေးပါကွယ်”
ခင်လေးက စားပွဲပေါ်မှ ကိတ်မုန့်ထုပ်လေးကို ယူလာပေးသည်။
“သားလေးနဲ့ တွေ့ခဲ့လား ဆရာကြီး”
“တွေ့ခဲ့တယ်”
“ကျွန်မ မှာလိုက်တာရော ပြောလိုက်သေးလား”
“ပြောတာပေါ့”
“ဘာတဲ့လဲ ဆရာကြီး”
“ဒီ နွေတော့ ပြန်လာမယ်ပြောတာပဲ။ အဲဒီမှာ အဒေါ့်သားက ပေးလိုက်တဲ့ ကိတ်မုန့် … ဒီမှာ သူက ပေးလိုက်တဲ့ ပိုက်ဆံ”
ဆရာကြီးက သူ့တိုက်ပုံအင်္ကျီအိတ်ထဲက ၅၀ တန် ၄ ရွက်ကို ထုတ်လိုက်ပြီး
“ခင်လေး အဒေါ့်ကို ပေးလိုက်ပါကွယ်”
ခင်လေးက ဒေါ်မြမှီကို ပေးလိုက်သည်။
“သူ့ကို ပြန်လာစေ့ချင်တာ ဆရာကြီးရယ် … ကျွန်မ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ အဲဒါ သားလေးကို တွေ့သွားချင်တာ”
“ဒီတစ်ခါတော့ သေသေချာချာကို ပြန်လာမယ်ပြောတာပဲ”
ဒေါ်မြမှီက မျက်ရည်တွေသုတ်ကာ ပြန်သွားသည်။ ခင်လေးက
“ဆရာကြီးနှယ် … သူ့သားဆိုတဲ့ကောင်က တော်တော်ရက်စက်တာပဲ။ တကယ်ဆိုရင် ပြန်လာဖို့တော့ ကောင်းတာပေါ့”
“ခင်လေး”
“ရှင် ဆရာကြီး”
“သူ့သားက သူ့အမေဆီကို ပြန်လာဖို့နေနေသာသာ အရက်သမားဘဝနဲ့ နေ့သေမလား၊ ညသေမလား ဖြစ်နေပြီ။ မြို့မှာ အိမ်ထောင်ကျပြီး အရက်မူးနေတာကြောင့် သူ့မိန်းမနဲ့ ကလေးကလည်း ပစ်သွားတယ်။ ခုတော့ ဈေးထဲမှာ ကုန်လေးထမ်းလိုက်၊ သူများ ပေးတာယူ ကျွေးတာစားပြီး ရှာရသမျှ အရက်သောက်၊ လမ်းဘေးအိပ် ဘဝနဲ့ ပေတေနေတာ။ ငါ့ကိုတွေ့တာတောင် မမှတ်မိနိုင်လောက်အောင် မူးနေတာ။ သူ့ကို သူ့အမေအကြောင်း ဘယ်လိုပြောရမှာလဲ”
“ဆရာကြီးရယ် … အဲဒီလောက် ဖြစ်နေတာ ရွာကို ပြန်ခေါ်ခဲ့ရောပေါ့”
“ခေါ်တာပေါ့ကွယ် … သူကိုယ်တိုင်က ရှက်လို့ဆိုပြီး မလိုက်တာ။ ခုလည်း ဗိုက်ကြီးဖောင်းပြီး တစ်ကိုယ်လုံးလည်း ဖောယောင်နေပြီ။ သေတော့မယ်။ အဲဒါကို ဒေါ်မြမှီကို ပြောပြဖို့ ငါပါးစပ်က ဘယ်လိုမှ မထွက်ပါဘူးကွယ်”
“ဒါဆိုရင် အဲဒီလူ မသေမချင်း ဆရာကြီးက ဒေါ်မြမှီကို သူ့သားက ပိုက်ဆံပေးလိုက်ပါတယ်ဆိုပြီး ပေးနေမှာပေါ့”
“မရှိတဲ့လူတွေကိုတောင် လှူရသေးတာကွယ် … အသက် ၈၀ ကျော် အဘွားအိုတစ်ယောက်ကို ဒီလိုလှူ ရတာလည်း ကုသိုလ်ရပါတယ်”
“ဒါဆို နောက်လ သမီး လစာထဲက ၁၀၀ ထည့်ပြီး ကုသိုလ်ယူပါရစေ ဆရာကြီး”
“နေပါကွယ် … နောက်လဆိုရင်တောင် အဲဒီကောင် ရှိချင်မှ ရှိတော့မှာပါ”
နောက်လမရာက်မီတွင် ဒေါ်မြမှီတစ်ယောက် ဦးစွာ ကွယ်လွန်သည်။ ဆရာကြီး လစာထုတ်ပြန်အလာတွင် ခင်လေးက သိလိုဇောဖြင့် ဆီးမေးသည်။
“ဆရာကြီး … ဒေါ်မြမှီသားလေ”
“သေပြီတဲ့ကွယ်”
တင်ညွန့်
၂၅.၆.၂၀၂၃