သားအမိနှစ်ယောက်နှင့်သဘက်ကြီး(စ/ဆုံး)
——————————————–
တစ်ခါက ရွာတစ်ရွာ၌ ဘိုးဘကြည်နှင့် ဘွားလှသီဟူသည့် တောင်သူလယ်သမား ဇနီးမောင်နှံနှစ်ဦး ရှိပြီး၊ ၎င်းတို့ထံတွင် အသက်အရွယ် လွန်မှ ရသည့် မောင်လှမြိုင်ဟူသည့် သားတစ်ဦး ရှိလေသည်။ အသက်ကြီးမှ ရသည့် ကလေး ဖြစ်သည်နှင့်အညီ တစ်ဦးတည်းသော သားလည်း ဖြစ်သောကြောင့် မောင်လှမြိုင်မှာ မိဘများ၏ အလိုလိုက် အကြိုက်ဆောင်ခြင်းအား များစွာ ခံစားရသဖြင့် ကြာသော် လူ့ငပျင်း ဖြစ်ကာ တစတစ အရွယ်ရောက်လာခဲ့ချေ၏။ လူပျိုပေါက်အရွယ် ရောက်သော်လည်း မည်သည့် အလုပ်အကိုင်မျှ ခိုင်းစားမရသည့် အဆိုပါ မောင်လှမြိုင်၏ အပျင်းထူပုံ ထူနည်းမှာကား လူတကာ ပြောစမှတ် ပြုကြရလောက်အောင်ပင် ၎င်းတို့၏ ကျေးရွာ၌ နာမည်ကြီးလေသည်။ အကြောင်းမှာကား မောင်လှမြိုင်သည် တော်တန်ရုံ အိမ်အပြင် ထွက်သည်ဟူ၍ မရှိဘဲ ကျောရိုးမရှိသည့် သတ္တဝါပမာ အချိန်နှင့်အမျှ လဲလျောင်းအိပ်စက် နားနေတတ်ပြီး၊ စားချိန်,သောက်ချိန်နှင့် အပေါ့,အလေးသွားချိန်များ ရောက်မှသာလျှင် အိပ်ခန်းအပြင်ဘက် ထွက်တတ်ခြင်းကြောင့်ပင်။
ဤကဲ့သို့ နေမထိ,လေမထိ နေထိုင်လာရင်းက ငပျင်းလေးမှတဆင့် လူ့ငဖျင်းကြီးအဖြစ် ကူးလူး ပြောင်းလဲလာစဥ် အခါတပါးတွင် မောင်လှမြိုင်၏ ဖခင် ဘိုးဘကြည်သည် တောင်ယာသမား ဖြစ်သည်နှင့်အမျှ ထွန်ယက် ပျိုးနှံရင်းဖြင့်ပင် ကြာသော် ဇရာအိုက မသက်ညှာသည့်နောက် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ရရှာလေသည်။ အိမ်ဦးနတ်ကြီး ဘိုးဘကြည် ကွယ်လွန် တိမ်းပါးပြီးနောက် ဘွားလှသီတစ်ယောက် ဆန်ကုန်မြေလေး မောင်လှမြိုင်နှင့်အတူ အမေတစ်ခု,သားတစ်ခု ကျန်ရစ်ခဲ့သောကြောင့် ဤမှ စကာ ဒုက္ခလှလှ ရောက်ရချေတော့၏။ မိဘနှစ်ပါးအပေါ် မည်သည့်အခါမျှ ကူဖော်လောင်ဖက် မရှိခဲ့သော မောင်လှမြိုင်မှာ ယခုအခါ ပြောဆို ဆုံးမမည့်သူ ဖခင်တစ်ဦးပါ လျော့ပါးသွားပြီ ဖြစ်သောကြောင့် ယခင်ကထက် ပိုမိုအပျင်းကြီးလာပြီးနောက် အပျင်းတကာ့ထိပ်ခေါင်ဘွဲ့အား ဆွတ်ခူးခဲ့လေလျှင် ဘွားလှသီခမျာ ဘာမျှ မတတ်နိုင်ရှာတော့ဘဲ နေ့စဉ်နှင့်အမျှ တမှိုင်မှိုင်,တတွေတွေ ရှိရင်းက ယူကြုံးမရ အပူလုံးကြွကာ အိုစာ,မင်းစာများအား ပေါင်နှံ,ရောင်းချ စားသောက်ရပေသည်။
လက်ကြောမတင်း သားငပျင်းနှင့် ထိုသို့ ရှင်သန် နေထိုင်လာခဲ့ရသဖြင့် အချိန်ကာလ အတန်ကြာသောအခါ ဘွားလှသီခမျာ အိုမင်းမစွမ်းခဲ့ပြီး ဖြစ်ရှာသည်နှင့်အညီ ကြွေးပင်လယ် လည်ပင်းဝ နစ်မွန်းလာပြီ ဖြစ်သောကြောင့် မြီစား,မြီရှင်များထံ ရှိရှိသမျှ လယ်ယာ အကွင်း,အကွက်များအား ဝကွက်ထိုးအပ်ရတော့၏။ ထို့နောက်တွင်တော့ ဘွားလှသီသည် မိမိတို့ နောင်ရေး ရတက်မအေးရ ရှိလျှင် သူ၏ ဆွေမျိုးရင်းချာ ပေါများရာ မွေးရပ်ဌာနေ ကျေးရွာမြေသို့ ပြောင်းရွှေ့ အခြေချရန် ကြံဖန်ရလေသည်။ ယင်းအတွက်ကြောင့် လက်ငုတ်ရင်းကျန် နေအိမ်ခြံအား ရသမျှ စျေးဖြင့် ရောင်းချလိုက်ပြီးနောက် ရွာမှ နွားလှည်းတစ်စီးကို ငှားလျက် အနည်းငယ်သာ ကျန်သော ပစ္စည်းပစ္စယများကို ထုပ်ပိုးကာ ထွက်ခွာလာခဲ့ကြချေပြီတည်း။
မနက် ဝေလီဝေလင်းကတည်းက ထွက်ခွာလာခဲ့သော နွားလှည်းမှာ ပူပင်သောကများဖြင့် ပြည့်နှက်လျက် ရှိသော ဘွားလှသီ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပျော်နေသော မောင်လှမြိုင်နှင့် လေတချွန်ချွန်ဖြင့် တေးသီကျူးရင်း ထိန်းနှင်နေသော လှည်းမောင်းသမားတို့ကို တင်ဆောင်ကာ ရွာပေါင်းများစွာအား ဖြတ်သန်းလျက် ရှိလေသည်။ လှည်းကလေးမှာ ထိုသို့ ဖြတ်သန်းလာရင်းဖြင့် အချိန်နာရီများမှာ တစတစ ကုန်ဆုံးသွားခဲ့ပြီး နေဝင်လုနီး အချိန်သို့ပင် ဆိုက်ရောက်လာချေပြီ။ ထိုအခိုက် သူတို့၏ လှည်းသည် လွန်လေပြီးသော နှစ်အတန်ကြာက ကာလဝမ်းရောဂါဖြင့် ရွာလုံးကျွတ်နီးပါး သေကြေ ပျက်စီးခဲ့ရသည်ဆိုသော ရွာကြီးတစ်ရွာအနီး ရောက်ရှိလာကြလေသည်။ အဆိုပါ ကျေးရွာကြီး၌ ကူးစက်ရောဂါ ဘေးကပ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အခြောက်အလှန့် ကြမ်းလာသောကြောင့် ရှင်သန် ကြွင်းကျန်ရစ်သူ ရွာခံအနည်းငယ်မှာ ဆက်လက် မနေဝံ့ကြတော့ဘဲ အလျင်အမြန် ပြောင်းရွှေ့ကုန်ကြသဖြင့် ဤသို့ ကာလအတန် ကြာသောအခါ ရွာပျက်ကြီးတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ရချေတော့၏။
“ဟဲ့ နွား… တယ်၊ ဒီညိုထွားက ဘာဖြစ်ရသတုန်းကွာ။ သွားစမ်းပါဟ ဟိတ်ကောင်ရ”
“ရွှမ်း… ရွှမ်း… ဖြန်း…”
“ဝမ်းဘဲ… ဝမ်းဘဲ… ဘွတ်အဲ…”
“တယ်… ပမာမခန့်နဲ့ပါလား၊ ဒီဘက်က ငနီနွားကပါ။ ကိုင်း… ရော့ကွာ၊ ရော့ ရော့”
“ဖြန်း… ဖြန်း… ရွှမ်း…”
“ဘွတ်အဲ… ဘွတ်အဲ… ဝမ်းဘဲ…”
“ဟာကွာ… ဒီနွားနှစ်ကောင်ကတော့။ ဘယ့်နှယ် ပေကပ် ရပ်နေကြရသတုန်း”
ရုတ်တရက် ဘာထဖြစ်သည် မသိ၊ မောင်းနှင်လာသော လှည်းယာဥ်မှာ ရွာပျက်ကြီးကို ဖြတ်ကျော်ခါနီးအခါတွင် မထင်မှတ်ဘဲ ရပ်တန့်သွားသည့်အတွက် လှည်းသမားက နားမလည်နိုင် ဖြစ်ကာ သူ၏ နွားနှစ်ကောင်အား နှင်တံဖြင့် လွှဲရမ်း ရိုက်နှက်လျက် ကြိမ်းမောင်း မာန်မဲနေခြင်း ဖြစ်၏။ သို့သော် နွားများမှာ အနာသာ ခံပြီး နေရာတွင်ပင် ပေတေ ရစ်သီလျက် ရှိကြသည်။
လှည်းသမားသည် သူ၏ စိတ်ထဲ ပြန်တွေးကြည့်လိုက်လျှင် ယခုမနက် ခရီးမထွက်ခင်ကပင် ဤနွားနှစ်ကောင်အား အစာရေစာများ အဝအလင် တိုက်ကျွေးခဲ့ပြီး ဖြစ်သည့်အပြင် ယခု လှည်းပေါ် တင်ဆောင်လာသည့် ဝန်စည်စလယ်များမှာ သူအပါအဝင် ဘွားလှသီတို့ သားအမိနှင့် ၎င်းတို့၏ အဝတ်အထည်၊ အိုးခွက်ပန်းကန်အနည်းငယ် စသည်တို့သာ ပါဝင်သောကြောင့် ဤမျှ အလေးချိန်မျိုးအား မိမိ၏ အားကောင်းမောင်းသန် နွားပျိုကြီးများအနေဖြင့် မရုန်းကန်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် နားဝေတိမ်တောင် ဖြစ်သွားရသူ လှည်းသမားလည်း နွားများကို ကြည့်ရှု စစ်ဆေးရန်အလို့ငှာ မြေပြင်ထက်သို့ နွားလှည်းပေါ်မှ ခုန်ဆင်းချသွားခဲ့၏။
လက်ကျန် နေခြည်များပင် ကုန်ခမ်းစပြုလာပြီ ဖြစ်သဖြင့် များမကြာမီတွင် မှောင်ရီပျိုးလာတော့မည့် လက္ခဏာ စိုင်းပြင်းလာနေသည်။ လေပြင်းအချို့သည်လည်း မဆီမဆိုင် တိုက်ခတ်လာပြန်သေးလျှင် ဝန်းကျင်အနှံ့အပြားက သစ်ပင်ပန်းမန်နှင့် ချုံနွယ်ပိတ်ပေါင်းများစွာတို့သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြရာက ရုတ်ချည်း ယိမ်းထိုး လူးလွန့်လာကြ၏။ အဘယ်သို့ အကြောင်းကြောင့်မှန်း အတပ်မသိ၊ ယင်းအခြင်းအရာကို ကြည့်ကာ ဘွားလှသီခမျာ စိတ်အတွင်း မသိုးမသန့်ရှိစဥ် သကာလတွင် မောင်လှမြိုင်မှာတော့ သူ့မူအတိုင်းပင် အိပ်မောကျလျက်သာ ရှိနေချေသည်။ ထိုအချိန်…
“အား… သေပါပြီဗျ…” ဟူသည့် ငယ်သံပါပါ အော်ဟစ်သံကြီးကား နွားများအား ကြည့်ရှု စစ်ဆေးနေသူ လှည်းသမားထံမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
ထွက်ပေါ်လာသည့် ယင်းအော်သံကြီးကြောင့် ဘွားလှသီတစ်ယောက် ဖြတ်ခနဲ လှမ်းကြည့်လိုက်စဥ် မြေပြင်ထက်သို့ ပစ်လဲကျသွားသော လှည်းသမားကို တွေ့မြင်လိုက်ရသည်နှင့် တပြိုင်နက် ထိုနေရာမှ အလွန်တရာ ကြီးမားလှသည့် မြွေဟောက်တစ်ကောင်လည်း လမ်းဘေး မြက်ဖုတ်များဆီသို့ တိုးဝင် ပျောက်ကွယ်သွားသည်အား ထိတ်လန့်ဖွယ်ရာ တွေ့မြင်လိုက်ရပါတော့သည်။
“အမယ်လေးတော်… လှည်းသမားကို ပိုးထိသွားပါပေါ့လား။ ဟဲ့… သား၊ ထစမ်း ထစမ်း… မြန်မြန်”
တစ်သက်နှင့်တစ်ကိုယ် ထိုသို့ ဖြစ်ရပ်မျိုး ကြုံကြိုက်ဖူးခြင်း အလျဥ်းမရှိခဲ့သူ ဘွားလှသီခမျာ တုန်လှုပ် ချောက်ချားစွာဖြင့် ကြောက်လန့်တကြား အော်ဟစ်မိလိုက်ရင်း သားဖြစ်သူကို တဆတ်ဆတ် လှုပ်၍ နှိုးယူလိုက်ခြင်း ဖြစ်၏။
“ဟာ… အမေတို့ကလဲဗျာ၊ ကျုပ်ဖြင့် ကောင်းကောင်းအိပ်ရတယ် မရှိဘူး။ နားကို ညည်းနေရောပဲ”
ဆူညံပွက်လောရိုက်စွာ လှုပ်ခတ် နှိုးယူလိုက်မှုကြောင့် မောင်လှမြိုင်တစ်ယောက် အိပ်ချင်မူးတူးဖြင့် ညည်းညူ,ငြူစူကာ ဆောင့်ကြီး,အောင့်ကြီး ထလာရင်း မိခင်ဖြစ်သူ ညွှန်ပြသည့်အတိုင်း အောက်ဆင်းကြည့်လိုက်လျှင် ပါးစပ်တွင် အမြှုပ်တစီစီ ထွက်လျက် ခန္ဓာကိုယ်အနှံ့ ပြာနှမ်းကာ အသားတဆတ်ဆတ် တုန်ခါနေသူ လှည်းသမားအား တွေ့ရှိလိုက်ရလေသည်။
ဤတွင် ကလေးဘဝမှ စ၍ ယခုအသက်အရွယ်အထိ ပျင်းရိခြင်းဖြင့်သာ အချိန်နှစ်ပါးသွားရင်း ကြီးပြင်းလာခဲ့သူ မောင်လှမြိုင်အဖို့ အရေးပေါ် ရှေးဦးသူနာပြုနည်းလမ်းများကို တတ်ကျွမ်း နားလည်ခြင်း အလျဥ်းမရှိလျှင် ယခုအခါမှာ အခက်တွေ့ရချေတော့ပြီ။
ယင်းကြောင့် သေသည်,ရှင်သည် အတပ်မပြောနိုင်သည့် လှည်းသမားကို ကြည့်ကာ သားအမိနှစ်ဦးသား ဝေခွဲမရစွာ ရှိနေကြစဥ် လှည်းလမ်း၏ အရှေ့စူးစူးဆီမှ မိမိတို့ရှိရာသို့ လှုပ်တုပ်လှုပ်တဲ့ ဦးတည်လာနေသော ခပ်ဝေးဝေးက လူရိပ်တစ်ခုအား တွေ့မြင်လိုက်ကြရ၏။ တဖြည်းဖြည်းချင်း နီးကပ်လာနေသော အဆိုပါလူရိပ်မှာ ခေါင်းတုံးပြောင်ပြောင်နှင့် သင်္ကန်းစည်းခြုံထားသည့် ဘုန်းကြီးတစ်ပါးအဖြစ် စက္ကန့်ပိုင်းအတွင်း ပီပြင်လာခဲ့သည်။
များမကြာမီတွင် မိမိတို့အနား ရောက်ရှိလာခဲ့ပြီ ဖြစ်သော ၎င်းဘုန်းကြီးမှာ စိုပြေဝင်းဝါ အသားအရေ၊ တုတ်ခိုင်ကြီးထွား ခန္ဓာအချိုးအစား၊ မြင့်မားလှသော အရပ်အမောင်းများ ရှိ၏။ ဘွားလှသီတို့ သားအမိက မြေပြင်ထက်ဝယ် ငြိမ်သက်ပက်လက် ရှိသော လှည်းသမားအား ငုံ့ကြည့်လျက် ရှိသူ အဆိုပါဘုန်းကြီးကို ဖြစ်ပျက်ခဲ့သမျှ အလုံးစုံ ရှင်းပြလိုက်လျှင် ခေါင်းတညိတ်ညိတ် နားထောင်ပြီးနောက် ဘုန်းကြီးက လှည်းသမား၏ ညာဘက်ရင်အုံသို့ ခေါင်းကပ်ကာ နှလုံးခုန်သံ နားစွင့်ကြည့်လေသည်။ ပြီးလျှင် ဘုန်းကြီးမှာ ခေါင်းကို တတွင်တွင်ခါ၍ ‘လှည်းသမားခမျာ အသက်နှင့် ခန္ဓာ အိုးစားကွဲရှာပြီ’ ဟု ဆိုလာသဖြင့် ဘွားလှသီတို့ သားအမိ ခြေမကိုင်,လက်မကိုင်မိ ဖြစ်သွားကြတော့၏။
“အိမ်း… ဒကာမကြီးတို့ အဖြစ်က တယ်လည်း ခက်လှပေသကိုး။ ဒီအနီးတဝိုက်မှာ အခြားရွာဆိုတာက မရှိ၊ ဒီအလောင်းကြီးနဲ့ ညကြီးမင်းကြီး ခရီးဆက်ကြဖို့ရာကလည်း မသင့်တော်၊ ဖြတ်သွား,ဖြတ်လာတွေကို စောင့်ပြီး အကူအညီ တောင်းခံဖို့ကျပြန်လည်း လူတွေက မသတီလို့ ရှောင်ကွင်းကြလေ့ ရှိတဲ့ ရွာပျက်လမ်းကြီး ဖြစ်နေလေတော့…”
လှည်းသမားအလောင်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်ရင်း တွေးတွေးဆဆ ဘုန်းကြီးက ပြောသည်။
“အို… မဖြစ်သေးပါဘူးလေ၊ ဟိုးရှေ့က တောအုပ်ထဲမှာ ရှိတဲ့ ဘုန်းဘုန်းရဲ့ တောရကျောင်းသင်္ခမ်းကလေးမှာ ခုတစ်ညတော့ဖြင့် လိုက်တည်းကြချေ။ ကွယ်လွန်သူအတွက် သက်ပျောက်ပရိတ် သရဇ္စျာယ်ပေးဖို့ကလည်း လိုအပ်သေးရဲ့ မဟုတ်လား။ သြော်… ပြောနေ ကြာပါတယ်။ ဟေ့ ဒကာ… တစ်ချိန်စလုံး ဘာရပ်ကြည့်နေသတုန်း။ အလောင်းကို လှည်းပေါ် လာကူတင်လှဲ့ပါတော့လား”
ပြောရင်း ဆိုကာ ရုတ်တရက်မှာပင် လှည်းသမားအလောင်းကို ကောက်ကာ,ငင်ကာ ဆွဲပင့်လိုက်ရင်း နံဘေးနားရှိ မအူမလည် ရပ်ကြည့်နေသူ မောင်လှမြိုင်အား ဘုန်းကြီးက လှမ်းငေါ့ခေါ်လိုက်သည်။
ထိုအခါကျမှ ဘုန်းကြီးနှင့်အတူ မောင်လှမြိုင်လည်း လူသေအလောင်းကောင်အား မြေပြင်မှတဆင့် လှည်းပေါ်သို့ ပွေ့ချီ တင်ယူလေသည်။ ထိုသို့ တင်ယူရာတွင် အလောင်းမှာ လေးပင်မှု ရှိမနေဘဲ ပေါ့ရွှတ်လျက် ရှိနေလျှင် မောင်လှမြိုင်က ‘ဘုန်းကြီးသန်တော့ ငါသက်သာတာပေါ့’ ဟု ငပျင်းတို့၏ ထုံးစံအတိုင်း ဖြည့်တွေးလိုက်၏။
ရုပ်အလောင်းကို တင်ဆောင်ပြီးသည်နှင့် မောင်လှမြိုင်နှင့် ဘုန်းကြီးတို့လဲ ရှေ့ဆင့်,နောက်ဆင့် လှည်းပေါ် တက်လိုက်ကြသည်။ ဤတွင် မောင်လှမြိုင် အလျင်တက်ပြီး ဘုန်းကြီးက နောက်မှ လိုက်တက်သောအခါ လှည်းယာဥ်မှာ လွန်စွာ ညွတ်ကျသွားသည့်အတွက် ဘွားလှသီစိတ်တွင် တစ်မျိုးဖြစ်မိ၏။ သို့သော် ရှိရင်းစွဲ လူသုံးယောက်နှင့် ပစ္စည်းပစ္စယများအပြင် ဘုန်းကြီးတစ်ပါးပါ ထပ်တိုးလာသောကြောင့် အလေးဝန် ပိုကာ ထိုနှယ် ဖြစ်ရခြင်းဟုပင် မသိကျိုးကျွံ ပြုလိုက်မိလေသည်။
လှည်းပေါ်သို့ ရောက်လတ်ကြသောအခါ ဘုန်းကြီးက မောင်လှမြိုင်အား ၎င်း၏ လမ်းညွှန်မှုဖြင့် လှည်းမောင်းဖို့ရန် စေခိုင်းလျှင် ငပျင်း မောင်လှမြိုင်မှာ ‘လှည်းမမောင်းတတ်’ ဟု ဆိုသဖြင့် ဘုန်းကြီးကိုယ်တိုင် မောင်းနှင်ရတော့၏။
နွားလှည်းသည် ရွာပျက်ကြီးကို ကျော်လွန်လာခဲ့ပြီးသည့်နောက် လှည်းဘီးစွပ်ကြောင်းများ ထင်းလျက် ရှိသော လမ်းမထက်မှ သွေဖည်ကာ မြက်ရိုင်း ချုံနွယ်ပင်များဖြင့် ပြည့်နှက်နေသည့် တောတန်း လမ်းဟောင်းတစ်ခုသို့ ဘုန်းကြီးက ရုတ်တရက် ချိုးကွေ့ချလိုက်သည်။ ထိုအခါ ဘွားလှသီမှာ နားမလည်နိုင်ရှာ ဖြစ်သွား၍…
“ဘယ်သွားမလို့တုန်း ဘုန်းဘုန်းဘုရား။ ဒီနေရာက လမ်းရယ်တောင်မှ ဟုတ်ပါလေစ” ဟု စူးစမ်း မေးမြန်းကြည့်၏။
ဘုန်းကြီးကလည်း လှည်းမောင်းနေရင်းမှ…
“လူသူလေးပါး အရောက်အပေါက် နည်းတဲ့ နေရာတွေကို ရှာပြီး တစ်ကိုယ်ရေတစ်ကာယ တရားအားထုတ်တတ်ကြတဲ့ ရဟန်း သံဃာတွေ ရှိတာ မကြားဖူးဘူးလား ဒကာမကြီး။ ကျုပ်လည်း အဲဒီနှယ်ပဲ၊ နားအေးပါးအေး သီတင်းသုံးရချေအောင် အခုလို ရွာပျက်ကြီးအနီးက တောအုပ်ထဲ ကျောင်းသင်္ခန်းတဲတစ်ဆောင် ဆောက်လုပ်ထားတယ်ဆိုပါတော့။ အခု သွားတဲ့ လမ်းဟာ အဲဒီဆီသာ ဦးတည်တယ် ဒကာမကြီး။ အိမ်း… မရှင်းတာများ ရှိသလား” ဟု ပြန်လည် ခွန်းတုံ့ပြန်သည်။
“မရှိပါဘုရား”
ဘုန်းကြီး၏ ဖြေရှင်းချက်မှာ အကျိုးအကြောင်း သင့်လှသဖြင့် ဘွားလှသီတစ်ယောက် မည်သည့်စကားမျှ မဆိုတော့ဘဲ ထိုင်လျက်သား ငိုက်မြည်းနေသူ မောင်လှမြိုင်နှင့် သေဆုံးသူ လှည်းသမားတို့ကို ကြည့်ရှုကာ သက်ပြင်းတတွင်တွင် ချမိချေ၏။
ညနေမှသည် ညဦးယံဆီ ကူးပြောင်းကာစ ပြုလာချေပြီ။ ဝေဟင်တခွင်နှင့် ဝန်းကျင်အနှံ့တွင် အမှောင်ထုကား မင်းမူ ကြီးစိုးလာတော့မည်။ တောဟောင်းလမ်းတလျှောက် ထွက်ပေါ်နေသော နွားခလောက်ခြူသံ၊ လှည်းဘီးလှိမ့်သံ၊ နှင်တံဝှေ့ရိုက်သံများမှအပ အရာအားလုံးကား ပကတိတိတ်ဆိတ် ငြိမ်သက်လျက်သား ရှိနေကြသည်။
ဘုန်းကြီးသည် တောအုပ်အတွင်း ဝင်ရောက်သွားသော လမ်းကြောင်းတစ်ခုသို့ လှည်းကို ထပ်မံ ချိုးကွေ့ချလိုက်ပြန်၏။ ယင်းလမ်းကြောင်းအတိုင်း အတန်ငယ်မျှ ဆက်လက် ဦးတည်မောင်းနှင်လာပြီးနောက် တစ်နေရာအရောက်တွင် ဘုန်းကြီးက လှည်းကို တုံ့ခနဲ ရပ်တန့်စေသည်။
ထက်ကောင်းကင်၏ ဆည်းဆာအကြွင်းအကျန် လင်းရောင်ခြည်အောက်ဝယ် ဘွားလှသီက သူ၏ မျက်လုံးများဖြင့် ဘေးအနီးတဝိုက်သို့ ဝေ့ဝဲ အကဲခတ်လိုက်၏။ ထိုအခါ ဝါးထရံနှင့် ဓနိသက်ကယ်၊ သစ်အနည်းငယ်တို့ဖြင့် ဆောက်လုပ်ထားသော တဲပုတ်ငယ်တစ်လုံးအား ညောင်အိုတစ်ပင်အောက်၌ တွေ့ရှိရလေသည်။
ဤတွင် ဘုန်းကြီးက လှည်းပေါ်မှ လွှားခနဲ ခုန်ဆင်းချသွားသဖြင့် ယင်းအခြင်းအရာကို အမှတ်မထင် တွေ့မြင်လိုက်ရသော ဘွားလှသီတစ်ယောက် မျက်စိအပြူးသား အံ့အားသင့်သွားခဲ့ရ၏။ တုတ်ခိုင်လွန်းသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှ အားမနာ ကြောင်တစ်ကောင်ပမာ လျင်မြန် ပေါ့ပါးလှသော ထိုအပြုအမှုကြောင့် ဘွားလှသီက သားဖြစ်သူအား အသိပေးရန် လက်တို့ လှုပ်နှိုးလိုက်သော်လည်း သကောင့်သား ငပျင်းသည်ကား သင်း၏ ထုံးစံအတိုင်းသာ ငိုက်မြည်းလျက်သား ရှိနေချေသည်။
“ကိုင်း… ဒကာလေးရေ၊ ဒီအလောင်းကို ဟိုအပေါ်ဘက် ရွှေ့လိုက်ကြရချေအောင်”
အောက်ရောက်သွားသော ဘုန်းကြီးက သူ၏ တဲပုတ်ရှေ့ရှိ ကွပ်ပျစ်ဆီသို့ လက်ညှိုး ထိုးညွှန်ပြရင်း နောက်လှည့်ကြည့်၍ ပြော၏။ သို့သော် အိပ်ငိုက်လျက်သား ရှိသူ မောင်လှမြိုင် အဖြစ်အား တွေ့ရှိရခြင်းကြောင့် ဘုန်းကြီးက တစ်ချက် ပြုံးလိုက်သည်။ ထို့နောက် သားဖြစ်သူကို မျက်စိမျက်နှာ မကောင်းစွာ အချည်းနှီး နှိုးနေရှာသော ဘွားလှသီကို ကြည့်ပြီး ဘုန်းကြီးက…
“နေပါစေလေ ဒကာမကြီး။ ကျုပ်ဟာကျုပ်ပဲ ရွှေ့လိုက်ပါတော့မယ်” ဟု ပြောဆိုကာ လှည်းပေါ်မှ အလောင်းကောင်ကို လက်တစ်ဖက်တည်းဖြင့် ဆွေ့ခနဲ ကောက်ချီ ပွေ့ယူလိုက်ချေ၏။
မယုံကြည်နိုင်ဖွယ်ရာ ဘုန်းကြီးအပြုအမှုအား ထပ်မံ မြင်တွေ့လိုက်ရခြင်းကြောင့် လန့်ဖျပ်သွားသော ဘွားလှသီ၏ မျက်နှာသည် သွေးဆုတ်သည့်နှယ် ဖြူရော်သွားသည်။ သို့နှင့် အိတ်တစ်အိတ်အတွင်းမှ ဖယောင်းတိုင်နှင့် ယမ်းမီးခြစ်ဗူး ထုတ်ယူကာ မီးအမြန် ထွန်းညှိလိုက်ပြီး အကဲခတ်ရပြန်လေ၏။
ဖယောင်းမီးရောင်အောက်ဝယ် ဘုန်းကြီးက လှည်းသမားအလောင်းအား စာခြောက်ရုပ်တစ်ရုပ်နှယ် ကွပ်ပျစ်ထက်သို့ လှမ်းပစ်တင်လိုက်သည်။ ပြီးလျှင် ကွပ်ပျစ်ပေါ်သို့ လှစ်ခနဲ ခုန်တက်လိုက်သောအခါ အလောင်း ခေါင်းရင်းဆီ တမုဟုတ်ချင်း ထိုင်လျက်အနေအထား ရောက်သွားခဲ့သည်နှင့် တပြိုင်နက် သက်ပျောက်ပရိတ်ကို စရွတ်တော့၏။
ကျယ်လောင်စွာ ထွက်ပေါ်လာသော သက်ပျောက်ပရိတ်ရွတ်သံ သြသြကြီးကြောင့် မောင်လှမြိုင်တစ်ယောက် နိုးထလာခဲ့၍ ဟိုဟိုသည်သည် ကြည့်ရှုပြီးနောက်…
“ဝါး… ဘုန်းဘုန်းရဲ့ တဲဆီတောင် ရောက်လို့ပါလား အမေရ။ ဟန်ကျတာပဲဗျို့၊ ကျုပ်လည်း ကျောဆန့် အိပ်ချင်နေတာနဲ့ အတော်ပဲ။ ကဲ… ဘုန်းဘုန်း ပရိတ်ရွတ်တာ အမေ သွားတရားနာပေး။ ကျုပ်တော့ ဘုန်းဘုန်းတဲထဲ ဝင်အိပ်နှင့်တော့မယ်” ဟု တစ်ချက်သမ်းဝေ ပြောဆိုရင်း ချက်ချင်း အောင်ဆင်းသွားလျှင် ဘွားလှသီမှာ သားငပျင်းကို မူပျက်လာသော ဘုန်းကြီးကိစ္စ သတိမပေးလိုက်နိုင်ရှာချေ။
တဲသင်္ခမ်းအတွင်း အဆင်အခြင်မရှိ ဝင်ရောက်သွားသော သားဖြစ်သူကို ကြည့်ကာ ဘွားလှသီမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး လှည်းပေါ်မှ ဆင်းလာခဲ့ရသည်။ ထို့နောက် ဘွားလှသီသည် ပုံမှန်မဟုတ်သော ဘုန်းကြီး၏ သက်ပျောက်ပရိတ်ရွတ်သံ သြသြကြီးကို မဝံ့မရဲ နာယူရင်းဖြင့် တဲအပြင်တွင်သာ အခြေအနေ စောင့်ကြည့်ဖို့ရန် စိတ်ပိုင်းဖြတ်လိုက်ပြီး လက်စုံမိုး၍ တင်ပျဥ်ခွေကာ ကွပ်ပျစ်ပေါ်မှာ ဝင်ထိုင်လိုက်သည်။
ညမိုးချုပ်ပြီ ဖြစ်သဖြင့် ကွပ်ပျစ်ပေါ်တွင် တင်ထွန်းထားသော ဘွားလှသီ၏ ဖယောင်းတိုင် မီးအလင်းရောင်သည်သာ တဲသင်္ခမ်းရှေ့တဝိုက်တွင် ကွက်တိကွက်ကြား ထွန်းတောက်လျက် ရှိ၏။ အလောင်းကောင်၏ ခေါင်းရင်း,ခြေရင်း အသီးသီးရှိ ဘုန်းကြီးနှင့် ဘွားလှသီတို့သည် သက်ပျောက်ပရိတ်ရွတ်ခြင်းအမှုအား ရှေ့,နောက်တိုင်ကာ သရဇ္စျာယ်လျက် ရှိကြသည်။
ဤသို့ဖြင့် အတန်ကြာလတ်သော် ဘုန်းကြီးသည် ဘယ်နှစ်ခေါက် မြောက်ပြီမှန်း မသိသော သူ၏ အကြိမ်ကြိမ်အလီလီ သက်ပျောက်ပရိတ်ရွတ်သံကြီးအား တုံ့ခနဲ ရပ်စဲပစ်လိုက်၏။
“အဟမ်း… သက်ပျောက်ပရိတ်တရား ရွတ်ဖတ်ပွားလို့ ပြီးချေပြီ ဒကာမကြီး။ ကိုင်း… တဲသင်္ခမ်းအတွင်း သားဖြစ်သူနဲ့အတူတူ သွားအိပ်ပေတော့၊ ဟုတ်ပလား”
“တင်ပါ့… ဒီလိုသာဆို ဘုန်းဘုန်းကျတော့ ဘယ်နေရာမှာ ကျိန်းစက်မတုန်းဘုရား”
“ဪ၊ ဘုန်းဘုန်းလား… ဘုန်းဘုန်းကတော့ ဟောဒီ ဝါးကွပ်ပျစ်ထက်မှာပဲ ညလုံးပေါက် တရားအားထုတ်ရဦးမကွဲ့ ဒကာမကြီးရဲ့”
“အလို… ဒီတစ်ညစလုံးကို မကျိန်းစက်တော့ဘူးလား အရှင်ဘုရား”
“မှန်ပေတကား ဒကာမကြီး။ ဆိုရရင်… ဒီရုပ်အလောင်းကို အကြောင်းပြုလို့ တရားဘာဝနာ ရှုမှတ်ပွားစရာ ရှိနေပေသေးသကိုး”
“တင်ပါ့… ဒီလိုဆို တပည့်တော်မကို ခွင့်ပြုပါဦးဘုရား”
အမေးအဖြေကဏ္ဍ ပြီးဆုံးသွားကြသောအခါ ဘွားလှသီခမျာ ဘဝင်မလှ,မတင်မကျစိတ်များစွာ ရှိနေပါသော်လည်း မိမိဘာသာ သံသယလွန်ကဲခြင်းသာ ဖြစ်ကောင်း ဖြစ်ရမည်ဟု ဖြည့်တင်း တွေးတောလိုက်၍ ဘုန်းကြီးအား ရှိခိုးဦးချ ကန်တော့ပြီးနောက် တဲသင်္ခမ်းအတွင်း အိပ်စက်နားရန် ဝင်ရောက်ခဲ့လေတော့သည်။
တဲအတွင်းပိုင်းသို့ ရောက်သောအခါ ခြေပစ်လက်ပစ် အိပ်ပျော်လျက် ရှိသည့် သားဖြစ်သူနံဘေးတွင် လဲလျောင်းလိုက်ပြီး နဖူးပေါ် လက်တင်၍ ကံဆိုးမိုးမှောင်ကျခဲ့ရှာသူ မိမိတို့၏ လှည်းသမားအကြောင်း တွေးရင်းတောကာ ပူပင်သောက ရောက်နေမိ၏။ ထို့အပြင် လူ့လောကတွင် မိမိမရှိတော့ပါက ရေရှည် မည်သို့ စခန်းသွားမည် မသိသော သားငပျင်း၏ အကြောင်းကလည်း ရတက်အေးနိုင်စရာ မရှိသဖြင့် ဘွားလှသီခမျာ အိပ်၍မပျော်နိုင် ဖြစ်နေရရှာသည်။ သို့သော် တစ်နေ့တာလုံး စိတ်ရော,လူပါ ပင်ပန်း နွမ်းနယ်ထားသဖြင့် ကွမ်းတစ်ရာညှပ်ခန့်မျှ ကြာသော် ဘွားလှသီလည်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားချေတော့၏။
“… … …”
“… … …”
“… … …”
တဲအပြင်ဘက်က လာသော အသံတချို့ကြောင့် ဘွားလှသီမှာ အိပ်မှုန်စုံမွှား နိုးထလာခဲ့သည်။ မည်မျှ ကြာအောင် အိပ်ပျော်သွားသည် သူမသိသော်လည်း တဲအပြင်ပိုင်းတွင် လရောင်ဆမ်းနေကြောင်း ကျိုးတိုးကျဲတဲ ထရံပေါက်များကတဆင့် တွေ့မြင်ရ၏။
“… … …”
“… … …”
“… … …”
သို့နှင့် မသဲမကွဲ ထွက်ပေါ်လျက် ရှိသည့် အမျိုးအမည်မသိ အသံအား စိတ်က သိလိုဇောဖြင့် ထရံပေါက်များမှတဆင့် ချောင်းမြောင်း ကြည့်ရှုမိသောအခါတွင် ဘွားလှသီ၏ မျက်လုံးအစုံမှာ ပြူးကျယ် ဝိုင်းစက်သွားပါတော့သည်။
အကြောင်းမှာ ကြားနေရသံများ၏ ရင်းမြစ်ကား တဲရှေ့တွင် ရှိသော ကွပ်ပျစ်ဆီမှ လာခြင်းဖြစ်ပြီး၊ ၎င်းကွပ်ပျစ်သည်လည်း ကျိုးကြေ ပျက်စီးနေကာ ထိုအပေါ်၌ တလှုပ်လှုပ်ဖြင့် ကုန်းကုန်းကွကွ ထိုင်နေသော အကောင်ကြီးတစ်ကောင်ကို မပီဝိုးတဝါး တွေ့မြင်လိုက်ရခြင်းကြောင့်ပင်။ တကုပ်ကုပ်ဖြင့် အလုပ်ရှုပ်လျက် ရှိသော အဆိုပါ သတ္တဝါကြီးသည် အမွေးအမှင် ကင်းစင်၍ ပြောင်ချောမွတ်သော အရေပြား ရှိပြီး၊ ပြန့်ကား တွဲကျနေသည့် နားရွက်ရှည်ကြီးများနှင့်တကွ ရေမြင်းနှစ်ကောင်စာမျှ ဧရာမခန္ဓာကိုယ်မျိုးအား ပိုင်ဆိုင်ထားလျှင် အစပိုင်းတွင် ဘွားလှသီက ‘ဆင်ငယ် တစ်ကောင်ပေလော’ ဟုပင် မှတ်ထင်မိလေ၏။
သို့သော် တိမ်စိုင်ကွယ်များထက်မှ ထွက်ပေါ် ထွန်းတောက်လာသော လစန္ဒာရောင်အောက်ဝယ် တဲရှေ့ အနီးတဝိုက်မှာ ပီပြင် ထင်းဟင်းသွားစဥ်သကာလတွင် အနှီသတ္တဝါကြီးမှာ သွေးသံရဲရဲ တစုံတရာအား ၎င်း၏ လက်များဖြင့် ဆုပ်ကိုင်လျက် ပလုတ်ပလောင်း ကိုက်ဖြတ် စားသုံးနေကြောင်း ပြက်ပြက်ထင်ထင် တွေ့မြင်လိုက်ရသည်။ ဤသို့ ရှိရင်းမှ ခေါင်းမော့လာသောအခါ ဘွားလှသီ စတင် တွေးထင်မိသကဲ့သို့ ဆင်တစ်ကောင် မဟုတ်ဘဲ မြန်မာ့ရိုးရာ ရာဇဝင်များ၌ ကြားဖူးနားဝ ရှိခဲ့ဖူးသည့် သဘက်သရဲကြီး ဖြစ်ကြောင်း သိလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် သဘက်သရဲများဟူသည်ကား ဆင်တစ်ကောင်ပမာ နားရွက်ကြီးများ၊ တုတ်ခိုင် ကြီးမားသော ခန္ဓာအချိုးအစားများအား ပိုင်ဆိုင်ထားတတ်ကြသည် မဟုတ်လော။
အာသာငမ်းငမ်း ကိုက်ဝါးခံနေရရှာသော သဘက်လက်အတွင်းမှ အစာကား အမှန်စင်စစ်တွင် လူသားတစ်ဦးသာ ဖြစ်ကြောင်း အသေကောင်၏ ခန္ဓာကိုယ်တွင် စုတ်ပြဲ ကပ်ငြိလျက် ရှိသော အဝတ်စများကြောင့် ရိပ်စားမိလိုက်လျှင် အကြောက်တရား ကြီးစိုးနေခဲ့သူ ဘွားလှသီမှာ လန့်မအော်မိအောင် မိမိ၏ ပါးစပ်ပေါ် ဆတ်ခနဲ လက်အုပ်လိုက်ရသည်။
သဘက်ကြီး စားနေသည်မှာ လှည်းသမားအလောင်းပင် ဧကန်ဖြစ်တော့၏။ သို့နှင့် ကွပ်ပျစ်ရှေ့ မလှမ်းမကမ်းရှိ မိမိတို့၏ နွားလှည်းအား သတိရ၍ တဆက်တည်း ပြောင်းကြည့်လိုက်သော် နွားနှစ်ကောင်ကား အရိုးတခြား,အသားတခြား ဖြစ်လျက် ရှိနေကြချေပြီ။
“ဘုရားရေ… သဘက်ကြီးပါလားတော်။ လှည်းသမားအလောင်းနဲ့ နွားနှစ်ကောင်ခမျာတော့ ကိစ္စချောရှာပါပကော။ ဒါနဲ့၊ ဟိုဘုန်းကြီးကရော ဘယ်ပျောက်သွားသတုန်း။ သဘက်ကြီးအစားများ ခံလိုက်ရပလား”
မိမိအိပ်ရာမဝင်မီက ကွပ်ပျစ်ထက်တွင် အလောင်းရှုကာ တရားမှတ်ရန် ကျန်ရစ်ခဲ့သော ဤတဲသင်္ခမ်းကျောင်းပိုင်ရှင် ဘုန်းကြီးအား အရိပ်အရောင်မျှ စိုးစဉ်းမတွေ့ရသဖြင့် ဘွားလှသီ စိတ်အတွင်း ရေရွတ်လိုက်မိ၏။
ထိုအခါ လှည်းသမားအလောင်းကို ကိုက်ဖြတ်နေသော သဘက်ကြီးသည် တစုံတရာအား သတိပြုမိသွားဟန်ဖြင့် တဲပုတ်တည့်တည့်ဆီ ဆတ်ခနဲ လှည့်ကြည့်လာသောကြောင့် ရင်တထိတ်ထိတ်ဖြင့် ချောင်းမြောင်းနေမိသူ ဘွားလှသီခမျာ ထရံမှ ရုတ်ချည်း ခွာကာ အိပ်ရာထက်တွင် လဲလျောင်းလိုက်လေသည်။
“ဒကာမကြီး… မအိပ်သေးဘူးလား”
ထင်မှတ်မထားဘဲ ထွက်ပေါ်လာသော ဘုန်းကြီးစကားသံကြောင့် ဘွားလှသီတစ်ယောက် ရုတ်တရက်အနေအထားတွင် ဝမ်းသာအားရ ဖြစ်သွားမိသော်လည်း အဆိုပါတဒင်္ဂအတွင်းမှာပင် ယခု ဖြစ်အင်း,ကြောင်းရင်းဟူသမျှကား ယုတ္တိမတန်လှသည်ဖြစ်ကြောင်း ပြန်လှန် ဆင်ခြင်မိသောအခါ ဘုန်းကြီးအမေးအား ပြန်မထူးသေးဘဲ အသာငြိမ်ဆိတ်နေလိုက်၏။ ဘုန်းကြီးအသံက ဤကဲ့သို့ ထွက်ပေါ်လာပါမူ သဘက်ကြီးသည် ဘယ်ပျောက်သွားရသနည်း။
“ကျုပ် မေးနေတယ်လေ၊ ဟေ့ ဒကာမကြီး… မကြားဘူးလား”
ထပ်မံ ထွက်ပေါ်လာပြန်သော ဘုန်းကြီးအသံက ဤတစ်ကြိမ်တွင် ပြောင်းလဲ ခက်ထန်နေလျှင် ဘွားလှသီက ကြောက်လန့်တကြားဖြင့်…
“တ တင်ပါ့ဘုရား။ တ တပည့်တော်မ အခုလေးတင် တရေးနိုးတာပါ။ အ အိပ်ရေးမဝသေးလို့ ပြန်အိပ်ပါဦးမယ်။ ခ ခွင့်ပြုပါဦးဘုရား” ဟု ပြန်ထူးလိုက်၏။
“သြော်… ဒီလိုဆိုရင်တော့ဖြင့် ပြန်အိပ်ချေလေ ဒကာမကြီး။ ပြန်အိပ်၊ ပြန်အိပ်”
“တင်ပါ့”
စိတ်တည်ငြိမ်အောင် ထိန်းကာ အပြင်မှ ဘုန်းကြီးအမေးစကားကို ပြန်လည် ဖြေဆိုလိုက်ပြီးနောက် ဘွားလှသီသည် ထရံပေါက်သို့ ပြန်လည်တိုးကပ် ချောင်းကြည့်လေသည်။ ဤတွင် အပြင်၌ လှည်းသမားအလောင်းအား အားပါးတရ ကိုက်ဖြတ်နေသော သဘက်ကြီးအား ယခင်နည်းတူ ထပ်မံတွေ့ရှိရပြန်၏။
ဤသို့ဆိုလျှင် ဘုန်းကြီးသည်သာ ဧကန်သဘက်ကြီး ဖြစ်ရချေမည်။ ‘အယူတိမ်းသည့် ဘုန်းတော်ကြီးများ ပျံလွန်မူသော် မကျွတ်မလွတ်ဘဲ သဘက်သရဲကြီးများ ဖြစ်ရတတ်၏’ ဟူသော ကြားဖူးနားဝ ရှိခဲ့သည်များက ဘွားလှသီအတွေးများထဲ အလုအယက် ပြေးဝင်လာခဲ့ကြသည်။ သို့ဆိုပါမူ ညနေတုန်းက မိမိတို့ ဖြတ်သန်းခဲ့ရသော ရွာပျက်ကြီး၌ ကာလဝမ်းရောဂါဖြင့် ရွာလုံးကျွတ်နီးပါး သေကြေ ပျက်စီးခဲ့ကြရသည့် အချိန်တွင် ရွာအပြင် တောအုပ်အတွင်းရှိ ဤတဲသင်္ခမ်းကျောင်းမှ ဘုန်းကြီးသည်လည်း အဆိုပါ ကပ်ရောဂါ ကူးစက်ခံရခြင်းဖြင့် လူမသိ,သူမသိ ပျံလွန်သွားရင်း အလျဥ်းမသင့်ခဲ့သောအခါတွင် သဘက်သရဲဘဝသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
ဘွားလှသီသည် အဆက်မပြတ် တုန်ခါလျက် ရှိသော လက်အစုံဖြင့် သူ့သားဖြစ်သူ မောင်လှမြိုင်အား လှုပ်နှိုးလိုက်ရင်း လေသံတိုးတိုး သုံးကာ…
“သားရေ… သား၊ သား။ မင်း အမြန်ထမှ ဖြစ်မယ်ကွယ်။ ဟိုဘုန်းကြီးဟာ လူမဟုတ်ဘူး သားရေ… သဘက်ကြီးကွယ့် သဘက်ကြီး။ အမေတို့ ဒုက္ခလှလှတွေ့ပြီ လူကလေး” ဟု ဆိုလိုက်၏။
သို့သော် သားငပျင်းကား တုတ်တုတ်မျှပင် မလှုပ်သည့်အပြင် ခလူးခလော ဟောက်သံများပင် ၎င်း၏ နှာခေါင်း၊ ပါးစပ်ပေါက်တို့မှ ထွက်ပေါ်လာချေသေးရာ ဘွားလှသီခမျာ နဂိုကထက် စိတ်ပျက်လက်ပျက် ဖြစ်ရရှာသည်။ ထိုအချိန်နှင့် တပြိုင်နက်တွင် တဲအပြင်ဘက်ရှိ သဘက်ကြီးကလည်း ဘွားလှသီ ပြန်လည် အိပ်ပျော်သွားပြီအထင်နှင့် အလောင်းကောင်အား တဂျိုးဂျိုး,တဂျွတ်ဂျွတ် မြည်အောင် ကိုက်ဖြတ်တော့လေရာ သဘက်ကြီး၏ ၎င်းအသံ၊ မောင်လှမြိုင်၏ ဟောက်သံတို့မှာ ဆိတ်ငြိမ်လှသော ညဉ့်ယံအလယ်တွင် အတိုင်းသား ထွက်ပေါ်နေကြတော့၏။
ဘွားလှသီလည်း အဆိုပါသမယတွင် သဘက်ကြီးလက်က လွတ်မြောက်ဖို့ရာ အပြေးအလွှား စဥ်းစားကြည့်သောအခါ တဲနောက်ဘက် ဝါးထရံချပ်အား ဝါးမြှောင် တစ်ချောင်းချင်းစီ ချိုးဖဲ့ ဖျက်ဆီးကာ ထွက်ပေါက်ငယ်တစ်ခု ပြုလုပ်ဖို့ရန် ကံအားလျော်စွာ အကြံရလေသည်။ တဲရှေ့ပေါက်က ထွက်ပြေးကြပါမူ သဘက်အစား ခံရလိမ့်မည် မဟုတ်တုံလော။
“ငါ့သားရေ… မင်း မြန်မြန်ထမှ ဖြစ်တော့မယ်။ အခုအချိန်မှ မင်းမထတော့ရင်ဖြင့် အမေနဲ့ သား သဘက်အစား ခံကြရလိမ့်မယ်။ ထစမ်းပါကွယ် သားရယ်… နောက်ဖေးဘက်က ထရံချောင်းတွေ ချိုးပြီး အပေါက်လုပ် ပြေးဖို့ ထကူလှဲ့ပါ ကလေးရယ်”
ဘွားလှသီက မောင်လှမြိုင်အား ဤနှယ် တိုးတိုးသက်သာ လှုပ်ခတ် နှိုးယူကြည့်သော်လည်းပဲ သားငပျင်းမှာ အိပ်မောကျလျက်သာပင်။ ဤတွင် ဆံပင်များ ဆောင့်ဆွဲ၍ တဖုံ၊ နားရွက်များ လိမ်ဆွဲ၍ တနည်း ပြုမူ နှိုးယူကြည့်ပြန်လည်းပဲ သကောင့်သားကား အချည်းနှီးသာတည်း။
ထိုအခါ ဘွားလှသီလည်း စိတ်ညစ်ညူးကာ တစ်ချက် မှိုင်တွေသွားပြီးနောက် ‘တဲအတွင်းမှ သားဟောက်သံနှင့် အပြင်ဘက်က သဘက်၏ ပလုတ်ပလောင်းသံများအား အကာအကွယ် ယူကာ ဤထရံချောင်းများကို ရောယောင် ချိုးဖျက်နိုင်ပါလျှင် လွတ်လမ်းအတွက် ခရီးတွင်နိုင်လောက်၏’ ဟု တွေးမိပြန်သောအခါ တဲနောက်ဘက်သို့ ကုပ်ကုပ်ကလေး ကပ်၍ ထရံချိုးဖျက်ခြင်းအား စတင်ကြည့်ပါတော့သည်။
ကံအားလျော်စွာပင် ထရံချောင်း ကျိုးပြတ်သံသည် သားငပျင်းနှင့် သဘက်ကြီးတို့၏ အသံအား ကျော်လွန်နိုင်ခြင်း အလျဉ်းမရှိကြောင်း သိရှိရသဖြင့် ဝမ်းသာအားရ ဖြစ်သွားမိပါလျှင် ဘွားလှသီလည်း ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ထရံချောင်းများကို တစ်ချောင်းပြီးသော် တစ်ချောင်း သတိတကြီး ချိုးဖျက်ချေပြီ။ ဤသို့ဖြင့် အသံဗလံများကို လုံးထွေး ရောချလျက် လွတ်လမ်းဖန်နေစဥ် အခါတပါးတွင် အပြင်မှ သဘက်ကြီး၏ အသံများသည် ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။
“ဒကာမကြီး… မအိပ်သေးဘူးလား။ ကျုပ်နားထဲမယ် တချိုးချိုး,တချွတ်ချွတ် အသံတွေများ ကြားကြားနေရသလားပဲ”
မထင်မှတ်ဘဲ ထွက်ပေါ်လာသော သဘက်ကြီး၏ ဗြုန်းစား အမေးစကားကြောင့် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားရှာသူ ဘွားလှသီတစ်ယောက် သူ၏ လှုပ်ရှားမှုဟူသမျှအား ဆတ်ခနဲ ရပ်တန့်ပစ်လိုက်ပြီး ခြေမကိုင်,လက်မကိုင်မိ ဖြစ်သွားကာ ဘာလုပ်၍,ဘာကိုင်ရမည် မသိတော့။
“ဟေ့ ဒကာမကြီး… ကျုပ် မေးနေတယ်လေ၊ မကြားဘူးလား”
“ကြ ကြားပါ့ဘုရား… အိပ်ကောင်းနေတော့ ခုမှ နိုးလို့ပါ”
“သြော်… စောနတုန်းက ကြားနေရတာ ဘာအသံတွေတဲ့တုန်း”
“ဝါးပိုးထိုးသံတွေ နေမှာပေါ့ဘုရား”
“လက်စသတ်တော့ အဲဒီလိုကိုး… ကိုင်း၊ ပြန်အိပ်ချေ ဒကာမကြီး။ ပြန်အိပ်၊ ပြန်အိပ်”
“တ တင်ပါ့ဘုရား”
အန္တရာယ်ရှိသော သဘက်ကြီး၏ သံသယမေးခွန်းများကို အလိုက်အထိုက် ဖြေဆိုလိုက်ပြီးနောက် ဘွားလှသီလည်း ထရံချပ် ဆက်မချိုးရဲသေးဘဲ အတန်ကြာအောင် စောင့်ဆိုင်းနေကြည့်သည်။ သို့နှင့် တအောင့်မျှ အကြာတွင် မိမိအိပ်ပျော်သွားပြီအမှတ်နှင့် ပလုတ်ပလောင်း စားသောက်သံကြီးများ သဘက်ကြီးထံမှ ပြန်လည် ထွက်ပေါ်လာသောအခါ အမယ်အိုကြီး၏ ထရံချိုးခြင်းအမှုလည်း ဆက်လက် စတင်ပါတော့၏။
ယင်းသို့ မောင်လှမြိုင် ဟောက်သံ၊ သဘက်ကြီး စားမြိုသံနှင့် ဝါးပိုးထိုးဟန် ဆောင်ထားသော ဘွားလှသီ၏ ထရံချိုးဖဲ့သံတို့မှာ တပြိုင်နက်တည်း ထွက်ပေါ်နေကြလျှင် အချိန်များစွာ ကြာလွန်သောအခါ ဘွားလှသီမှာ ခရီးအတော် ပေါက်ခဲ့လေသည်။
ချောင်ချောင်ချိချိ ထွက်သွားနိုင်လောက်မည့် လူတစ်ယောက်စာ အပေါက်တစ်ခုမှာ ယခုအခါ အထမြောက်ခဲ့ရချေပြီ။ ဘွားလှသီ၏ ဝါးရှထားသော သွေးသံရဲရဲ လက်ချောင်းများမှာ မျှော်လင့်ခြင်းများနှင့်အတူ အဆက်မပြတ် တုန်ခါလျက်ပင် ရှိနေကြသည်။ ထိုအချိန်တွင်…
“အဟမ်း ဟမ်း ဟမ်း… ဝါးပိုးထိုးလို့မှ ပြီးရှာပါပကော ဒကာမကြီး၊ အဟီး ဟီး ဟီး…” ဟူသော သဘက်ကြီးအသံက မထင်မှတ်ဘဲ ထွက်ပေါ်လာလေလျှင် ဘွားလှသီသည် ‘ဒီတစ်ကြိမ်မှာဖြင့် ငါတော့ သွားရှာပြီ’ ဟု အတပ်တွေးလိုက်ချေ၏။
ဤအသံနေ အသံထားအရ သဘက်ကြီးသည် မိမိ၏ အဖြစ်သနစ်ကို ရိပ်စားမိသွားပြီ ဖြစ်ကြောင်း ဘွားလှသီ ခန့်မှန်းသိလိုက်သည်။ ထို့ကြောင့်ပင် မည်သည့်အဖြေမျှ ပြန်မပြုအားတော့ဘဲ ဆင်အော်လျှင်တောင် နိုးမည့်ပုံ မပေါ်သည့် သားငပျင်းကြီးအား အမယ်အိုက အသည်းအသန် လှုပ်ခတ် နှိုးယူရတော့၏။
“အဟင့်၊ လူကလေးရယ်… ထပါတော့ကွယ်။ အီး ဟီး ရွှတ်… သားမထရင်ကွယ်၊ ဟိုသဘက်ကြီးက စားရော့မယ်”
ထိတ်လန့်ဖွယ်ရာ အခိုက်အတန့်များပင် ဖြစ်သည်။ မောင်လှမြိုင်၏ ဟောက်သံများမှ လွဲ၍ ပတ်ဝန်းကျင်တခွင်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိ၏။ ဘွားလှသီသည် ငပျင်းအား ဗိုက်ခေါက်များ လိမ်ဆွဲ၍ တဖုံ၊ ပါးနားများ ဆွဲစိတ်၍ တနည်း အမျိုးမျိုး နှိုးယူကြည့်ပါသော်လည်း ထူးမခြားနားပင်တည်း။ မောင်လှမြိုင်ကား ယခုညတွင် မုချနိုးမည့်လက္ခဏာ မရှိပါချေ။
နှိုးမရသည့် သားဖြစ်သူထံမှ ခွာကာ တဲရှေ့ထရံပေါက်နားဆီ ဘွားလှသီ တိုးကပ် ချောင်းကြည့်လိုက်သည်။ ထိုစဥ် မြင်တွေ့လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် ဘွားလှသီ၏ မျက်လုံးများမှာ အဆမတန် ပြူးဟသွားကြ၏။ အကြောင်းမှာ သဘက်ကြီးသည် လှည်းသမားအလောင်းကို တစမကျန် စားသုံးပြီးပြီ ဖြစ်သဖြင့် ကျိုးပျက်ကျနေသော ကွပ်ပျစ်ထက်တွင် သူ၏ နားရွက်ကြီးတစ်ဖက်ကို ဖျာအဖြစ် ခင်းကာ ကျန်နားရွက်ကြီးတစ်ဖက်အား စောင်အဖြစ် ခြုံလျက် ဘေးတစောင်း လဲလျောင်းရင်း ဤတဲပုတ်တည့်တည့်သို့ အေးအေးလူလူ စိုက်ကြည့်နေခြင်းကြောင့်ပင်။
ရှေ့ထရံမှ အလန့်တကြား ခွာကာ နောက်ထရံဆီ ဘွားလှသီ အမြန်လှမ်းကြည့်လိုက်မိသည်။ ကြိုးစား,ပမ်းစား သူပြုလုပ်ထားသော လွတ်လမ်း ထရံပေါက်ဟူသည် သူ့တစ်ယောက်တည်းကိုသာ ဆီးကြို ငံ့လင့်လျက်သား ရှိနေသည်။ ၎င်းအပေါက်မှတဆင့် ယခုအခါ ထွက်ပြေးပါမူ မပေါ့မပါး ဗိုက်ကားနေပြီ ဖြစ်သော သဘက်ကြီး၏ လက်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့ပါသော်လည်း မိမိကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားကာ ရင်နှစ်သည်းချာ ချစ်ခဲ့ရသည့် သား၊ ရတနာနှင့် မတူဘဲ ရတာ,နာနှင့် အလျဥ်းတူကာ အပျင်းထူလွန်းအားကြီး၍ အဘက်ဘက်က သုံးစားမရတော့သည့် သား… ဤသို့သော သားဆိုး,သားမိုက်မျိုးကို သဘက်ကြီးလက်အတွင်း သေသေကြေကြေ စွန့်ပစ်ရစ်ဖို့ရာမှာ မိခင်ကောင်းတစ်ဦးအတွက်မူ အရှင်းမဖြစ်နိုင်သလို၊ သင်းကို ကလေး,သူငယ်တစ်ယောက်လို ချီပိုး,ထွက်ပြေးဖို့ရာ ဆိုသည်မှာလည်း အမယ်အိုတစ်ယောက်အဖို့ လုံးလုံးမစွမ်းသာပြန်ချေတကား။
ဘွားလှသီသည် ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချမှတ်လိုက်လေသည်။ ဤသည်ကား ‘ငါ့သားအား သဘက်ကြီး အထိမခံ၊ ငါအသေခံ ကာကွယ်မည်’ ဟူသော ဆုံးဖြတ်ချက်ပေတည်း။
အထက်ပါ ဆုံးဖြတ်ချက်နှင့်အတူ တိတ်တဆိတ် ရှိုက်ငင်လျက် ရှိသူ အမယ်အိုသည် ခြေပစ်လက်ပစ် ထိုင်ပြီး လွတ်မြောက်ရာ အပေါက်ကို ကျောခိုင်းလိုက်ချေသည်။ မိခင်တစ်ယောက်ပီပီ သားငပျင်းကြီးရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးရလိမ့်ဦးမည်။ သဘက်ကြီးပင် မကလို့ မည်သို့သော အကောင်ကြီးများပင် ဖြစ်စေကာမူ ‘သားထိ ဓါးကြည့်’ ဟူသည့်သဘော သူသေ,ကိုယ်သေ အပြိုင်ကြဲတော့မည်။
“ဒကာမကြီး… မအိပ်သေးဘူးလား”
သဘက်ကြီးအသံသည် အေးတိအေးစက် ထွက်ပေါ်လာ၏။
“ဘယ့်နှယ်ကြီးတုန်းတော်… တစ်ညစလုံး ဒါချည်း မေးနေတော့မှာလား”
ဘွားလှသီ၏ အသံသည် အစောပိုင်းများလို တုန်ရီ ထစ်အ,မနေတော့ဘဲ မိခင်တစ်ယောက်၏ မာန်မာနဖြင့် မာရေကြောရေ ရှိနေပြီး ဘာမထီသည့်,ဟန် တဲ့တိုးပြောချလိုက်ခြင်း ဖြစ်သည်။
“သြော်… အဲ… အင်း…”
အပြင်ဘက်မှ သဘက်ကြီး၏ အာမေဍိတ်သံအချို့က ပျံ့လွင့် ထွက်ပေါ်လာ၏။
ယင်းနောက် သကာလသည် အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်သွားပြီး အပ်ကျသံပင် ကြားရလောက်ချေသည်။ ထိုဆိတ်ငြိမ်မှု၏ နောက်ကွယ်မှ များမကြာမီ ဆိုက်ရောက်လာမည့် ဘေးအန္တရာယ် အသွယ်သွယ်အတွက် ဘွားလှသီသည် အသင့်ပြင်ထားမိလိုက်၏။
ဤသို့ဖြင့် ခဏအကြာတွင် သဘက်ကြီးအသံ ဩဩကြီးက ဤနှယ် ထွက်ပေါ်လာတော့သည်။
“အို၊ အမယ်အို… အမယ်အိုတို့ သားအမိအဖြစ်ကို ကျွန်ုပ်ရဲ့ အစွမ်းသတ္တိနဲ့ တဲအပြင်ဘက်ကနေပြီး တစ်ချိန်စလုံး သိမြင် ကြားသိနေရတယ်ဆို အမယ်အို ဘာပြောမှာပါလိမ့်”
ထင်မှတ်မထားသည့် သဘက်ကြီး၏ စကားကြောင့် ရုတ်တရက် တုန်လှုပ်သွားသော ဘွားလှသီတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ဘာပြန်ပြောရမည်ကို အတပ်မသိတော့။
“တကယ်တော့ အမယ်အို ရိပ်စား သိရှိပြီးတဲ့အတိုင်းပဲ ကျွန်ုပ်ဟာ အမယ်အိုတို့ သားအမိကို သတ်ဖြတ် စားသုံးဖို့ရာအတွက် ဒီနေရာကို ပြုစား မျှားခေါ်လာခဲ့ခြင်း ဧကန်ဖြစ်တယ်။ ဒါပေမယ့် အကျွန်ုပ်ရဲ့ အတောမသတ်နိုင်တဲ့ အစားကြူးချင်စိတ်များက အမယ်အိုရဲ့ မိခင်မေတ္တာတရားများကို ကျော်လွှားနိုင်စွမ်း အလျဥ်းမရှိတော့တဲ့အတွက်ကြောင့် အခုက စပြီး အမယ်အိုတို့ သားအမိကို ရှင်သန် လွတ်မြောက်ခွင့် ပေးလိုက်ပါပြီ”
သဘက်ကြီး၏ ဆက်လက် ပြောကြားချက်များကြောင့် ဘွားလှသီခမျာ အံ့ဩခြင်းနှင့်အတူ ဝမ်းသာလုံးဆို့ကာ မျက်ရည်လည်ရွှဲ ဖြစ်ရရှာတော့၏။
“ကိုင်း… ကျွန်ုပ်၏ တန်ခိုးကြောင့် တစ်ညစလုံး စိတ်ရော,လူပါ ပင်ပန်း,ဆင်းရဲခဲ့ရရှာတဲ့ အမယ်အိုသည် အခုက စပြီး မနက်မိုးလင်းသည်အထိ သားဖြစ်သူနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပျော်စေသတည်း။ ဒီ့အပြင် အမယ်အို့သား ငဖျင်းသည်လည်း ယခုဖြစ်စဥ် အလုံးစုံကို ယခုည မုချမက်ရလိမ့်မည့် ဒင်း၏ အိပ်မက်အတွင်း သိမြင် နားလည်ကာ အသိတရား လျင်မြန်စွာ ရရှိနိုင်စေသတည်း”
ဤသို့ ဩဇာညောင်းစွာ မိန့်ဆိုလိုက်ပြန်သော ထူးဆန်းအံ့ဖွယ် သဘက်ကြီး၏ အသံသြသြကြီး အဆုံးတွင် ဘွားလှသီ၏ မျက်ခွံများက သူ့အလိုလို လေးလံ,ကျလာပြီး များမကြာမီတွင် လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားပါတော့သည်။
မနက်မိုးသောက် အလင်းရောက်သော် မိမိ၏ ခြေဖဝါးအစုံတွင် မျက်နှာအပ်ရင်း၊ တုန်ယင်နေသော လက်ချောင်းများဖြင့် ခြေဖမိုးများကိုပါ တယုတယ ဖျစ်ညှစ် ဆုပ်ကိုင်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေသည့် သားဖြစ်သူ မောင်လှမြိုင်ကြောင့် ဘွားလှသီတစ်ယောက် အိပ်စက်ရာက နိုးထလာခဲ့၏။ ယင်းအခါ မောင်လှမြိုင်သည် မိခင်ဖြစ်သူ ဘွားလှသီအား အကြိမ်ကြိမ်,အလီလီ ရှိခိုးဦးချ ကန်တော့ရင်းက ယနေ့မှ စ၍ နောက်နောင် ဘယ်သောအခါမှ အပျင်းကြီးတော့မည် မဟုတ်ဘဲ မိခင်ကျေးဇူးအား အသက်ထက်ဆုံးတိုင်အောင် ပေးဆပ်တော့မည် ဖြစ်ကြောင်း ကတိသစ္စာ ပြုလိုက်ပေသည်။ ထို့နောက်တွင်တော့ သားအမိနှစ်ဦးသည် ချုံနွယ်မြက်ပင်များက လွဲ၍ ပြောင်းတလင်းခါကာ ဘာမျှ မရှိလေသော ညောင်အိုပင်ကြီးအောက်မှတဆင့် တောအုပ်အပြင်ဘက်သို့ ထွက်ခွာလာခဲ့ကြတော့၏။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်