သူခိုးခြေရာ(စ/ဆုံး)
ကျုပ်ဘဝမှာ ဆရာတော်တော်များများနဲ့
လိုက်ခဲ့ဖူးတာ ခင်ဗျားအသိပဲလေဗျာ။
ကျုပ်ဆရာကြီးတွေ ဆိုတာကလည်း သီလ
သမာဓိ ပြည့်စုံကြတဲ့ သူတွေချည်းပဲဗျ။
ပညာတွေဆိုတာကလည်း သူ့အဆင့်နဲ့သူ
ထက်ကြတဲ့သူချည်းပဲလေဗျာ။
ဆရာကြီးဒေါက်တာ မင်းအောင် ဆရာစိုင်းနွံဖ
ဆရာကျော် ဆရာညို ဘိုးလူပေ ။
ဒီဆရာကြီးတွေကို ခင်ဗျားတို့တောင်
အတော်ရင်းနှီးနေပြီပဲဗျာ။
ကျုပ်ဆရာကြီးတွေထဲက ဆရာတစ်ယောက်ဖြစ်တဲ့
ဆရာအိုနဲ့ လိုက်တုန်းက အဖြစ်အပျက်တစ်ခုကို
ကျုပ်ပြောပြရဦးမယ်။
ခင်ဗျားမှတ်မိမှာပါ။ ဆရာအိုတာက နာမည်ကိုခေါ်တာဗျ။
လူကဘာမှမကြီးသေးတာ မဟုတ်ဘူး။
ဆရာအိုရဲ့နာမည်က
ဦးအိုတဲ့ ။အသက်က လေးဆယ်ကျော်လေးရှိသေးတာ။
ခင်ဗျားမှတ်မိတယ်မို့လား။’မဖဲဝါသောက်တဲ့ ဆေးလိပ်’
ဝတ္ထုမှာ ဆရာအိုအကြောင်း ကျုပ်ရေးဖူးတယ်လေဗျာ။
အခုကိစ္စက ငွေတွင်းကုန်းမှာ ဖြစ်တာဗျ။
ငွေတွင်းကုန်းကတော့ ကျုပ်အရောက်
အပေါက်နည်းတယ်။
အဲဒီမှာ ကျုပ်နဲ့ လူခင်သိပ်မရှိဘူးဗျ။
ဆရာအိုကို လာပင့်တာ အသက်ခြောက်ဆယ်လောက်
ဘိုးတော်ကြီးတစ်ယောက်ဗျ။အရပ်က ပုပြတ်ပြတ်
ကတုံးနဲ့ဗျ။ခေါင်းမှာ အညာတဘတ်ကလေး
ပေါင်းထားတယ်။နာမည်က ကျော်သိန်းတဲ့ဗျ။
ဘိုးကျော်သိန်းပေါ့ဗျာ။
ဆရာအိုကို လှည်းနဲ့ လာပင့်တာဗျ။
လှည်းမှ အကောင်းစားကြီးဗျ။
သစ်ကောင်းနဲ့ လုပ်ထားတဲ့ လှည်းအိမ်က
ခြောက်စထောင်ဗျ။
လှည်းမှာကထားတဲ့နွားကြီးနှစ်ကောင်ကလည်း
လှလိုက်တဲ့ နွားဖြူကြီးတွေဗျ။
သေသေချာချာကို မွေးထားတဲ့ ကောင်ကြီးတွေဗျ။
ဘို့ကြီးတွေမှ ကောက်ထွက်နေတာပဲ။
ဒါကို ကြည့်တာနဲ့တင် ကျုပ်မှန်းမိတာပေါ့ဗျာ။
ဘိုးကျော်သိန်းဆိုတာ ကျုပ်တို့အညာအခေါ်တော့
လူချမ်းသာထဲကဗျ။ ဆရာအိုကို ရိုရိုသေသေ
လာပင့်တာဗျို့။
“မောင်တာတေ ဗဟုသုတရအောင် လိုက်ခဲ့ကွဲ့”
လို့ ပြောရုံရှိသေးတယ်။ လွှတ်စပ်စုတတ်တဲ့
တာတေက လှည်းပေါ်ရောက်နေပြီလေဗျာ။
ကျုပ်က ဆရာအိုထိုင်ဖို့ လှည်းပေါ်မှာ
နေရာထိုင်ခင်း ပြင်ပေးလိုက်တယ်။
ထွေထွေထူးထူးတော့လည်း မဟုတ်ဘူးပေါ့ဗျာ။
လှည်းအိမ်ထဲမှာ ခင်းထားတဲ့ဖျာကြမ်းပေါ်မှာ
သင်ဖြူးဖျာလေးဖြန့်ခင်းလိုက်တာ။
ဒီဖျာကလည်း ဘိုးကျော်သိန်းယူလာတာဗျ။
ကျုပ်တို့အညာမှာက ဆရာပင့်တာဖြစ်ဖြစ်
ဘုန်းကြီးပင့်တာဖြစ်ဖြစ် နေကထိုင်ဖျာလေးတွေ
လိပ်ပြီးလှည်းကျန်တိုင်မှာ ချည်ပြီး
ယူလာကြတာလေဗျာ။
ဆရာအိုရောက်လာတော့ ဆရာအိုက
သူ့ဆေးလွယ်အိတ်ကြီးကို ကျုပ်ကိုလှမ်းပေးတယ်။
ကျုပ်ကလည်း ထုံးစံအတိုင်းပေါ့ဗျာ။
ဆေးလွယ်အိတ်ကြီးကို စလွယ်သိုင်းပြီး
လွယ်ထားလိုက်တယ်
ဆရာအိုက ကျုပ်ခင်းပေးထားတဲ့ နေကထိုင်ဖျာလေးမှာ
တင်ပလင်ခွေပြီး ဝင်ထိုင်တယ်ဗျ။
ဘိုးကျော်သိန်းကြီးက လှည်းမောင်းပြီး
ရွာလယ်လမ်းကနေ
ရွာပြင်ကို ထွက်ခဲ့တယ်။ငွေတွင်းကုန်းဆိုတော့
တောင်ခရိုးဘက်ကို မောင်းရတာပေါ့ဗျာ။
ကျုပ်ပြောတဲ့ ခရိုးဆိုတာက ရွာခြံစည်းရိုးကို
ပြောတာဗျ။ရွာပြင်ကိုတောင် တံခါးကနေ
ထွက်ခဲ့တယ်။
“နေပါဦး ကိုကျော်သိန်းရဲ့ ခင်ဗျားစောစောကပြောတဲ့
အိမ်ခေါင်မိုးပေါ်ကို ကျော်ပြီး ပစ်တင်ထားတဲ့
အပ်ချည်လုံးကို ခင်ဗျားဆွဲချတော့ အဲဒီအပ်ချည်ကြိုးမှာ
အနံ့တွေ ဘာတွေ မရှိဘူးလားဗျ”
ဆရာအိုက ဘိုးကျော်သိန်းကို မေးတာဗျ။
လှည်းမောင်းနေတဲ့ ဘိုးကျော်သိန်းက ပျာပျာသလဲ
ဖြစ်သွားပြီး ဆရာအိုကို ရိုရိုသေသေလှည့်ပြောတာဗျ။
“အဲဒီ့ အပ်ချည်ကြိုးကို ကျုပ်ဆွဲချတာ မဟုတ်ပါဘူးဆရာ။
ကျုပ်လူငှား သာရင်ဆိုတဲ့ ကောင်ဆွဲချတာ။
သာရင်ကပြောတာတော့ အပ်ချည်ကြိုးက
လူမစင်နံ့့နံနေတယ်လို့ ပြောတယ်ဆရာ။
အဲဒီ့အပ်ချည်ကြိုးကို စက္ကူနဲ့ ထုပ်ခိုင်းထားတယ်ဆရာ”
ဆရာအိုက တစ်ခုခုကို စဉ်းစားနေတယ်ဗျ။
ပြီးတာမှ တစ်ခုပြောတယ်။
“ဘိုးကျော်သိန်း အဲဒါခင်ဗျားတို့ တစ်အိမ်လုံးကို
အိပ်မွေ့ချသွားတာဗျ။မစင်သုတ်ထားတဲ့
အပ်ချည်လုံးကြိုးကို ခင်ဗျားတို့ အိမ်ခေါင်မိုးပေါ်
ကိုကျော်ပြီးပစ်လိုက်တာ တစ်အိမ်လုံး
အိပ်မောကျကုန်တာဗျ။
ဒီတော့မှ သူခိုးက အိမ်တံခါးကိုဖောက်ဝင်ပြီး
အိမ်ထဲက ခိုးချင်တဲ့ပစ္စည်းကို စိတ်ကြိုက်ခိုးတော့
တာပေါ့ဗျာ။အခု ဘိုးကျော်သိန်းတို့ အိမ်သားတွေ
ဘယ်လိုနေတုန်း”
“ဟာ …ဆရာရယ် အကုန်လုံးအိပ်ယာက
နိုးတော့ ခေါင်းတွေ နောက်တောက်တောက်
ဖြစ်နေတာဗျ။အိပ်ရေးမဝသလိုကို ဖြစ်နေကြတာ။
ဒါတောင် ကျုပ်ကအရင်နိုးလာပြီး လိုက်နှိုးလို့လာကြတာ။
ကျုပ်သာ မနှိုးရင် တစ်နေ့လုံးများ အိပ်နေကြမလား
မသိပါဘူးဆရာရယ်”
“နိုး …ပစ္စည်းပျောက်တာကို ဘိုးကျော်သိန်း
ဘယ်တော့မှသိတာတုန်း”
“ကျုပ်အိပ်ယာက နိုးတော့ ဝိုင်းနောက်ဘက်က
အိမ်သာကို သွားတယ်ဆရာ ။ဒီမှာတင် အိမ်ပေါ်ကို
ကျော်ပစ်ထားတဲ့ အပ်ချည်ကြိုးကို သွားတွေ့တယ်။
ဒါနဲ့ သာရင့်ကို ခေါ်ပြီး အပ်ချည်ကြိုးကို
ဆွဲခိုင်းလိုက်တာ။ကျုပ် အိမ်သာကထွက်လာတော့
သာရင်က ပြောတယ်ဗျ။
ဘိုး…အပ်ချည်ကြိုးက ချည်လုံးပါ ပါနေတယ်”
လို့ပြောလို့ ကျုပ်…
“သာရင်…အဲဒီအပ်ချည်လုံးရော ကြိုးတွေရော
စက္ကူနဲ့ ထုပ်ပြီး သေသေချာချာသိမ်းထားစမ်း
ဒါမရိုးသားဘူးကွ”
လို့ ပြောပြီး…
အိမ်ပေါ်ထပ်က အခန်းထဲဝင်ကြည့်တော့
သံသေတ္တာကြီးပွင့်နေရောဆရာရေ။
ကြမ်းပြင်ပေါ်မှာလည်း ပစ္စည်းတွေပွနေတာဗျို့။
ဒါနဲ့ ကျုပ်လည်း ခေါင်းနဘမ်းကြီးသွားတော့တာပေါ့ဗျာ။
ထင်တဲ့အတိုင်းပါပဲဆရာရယ်။ သံသေတ္တာထဲက
ရွှေထုပ်ကြီးမရှိတော့ဘူးဗျို့။ရွှေက မနည်းဘူးဗျ။
ကျုပ်က နှစ်မွေခံလေဗျာ။ရွှေနှစ်ပိဿ
နီးနီးရှိတယ်။ကျုပ်အဘိုးရဲ့ပုဆိုးကြီးနဲ့ ထုပ်ထားတာ။
သူခိုးက အထုပ်လိုက်ကို ယူသွားတော့တာပဲဆရာ”
ဘိုးကျော်သိန်းဒို့ အိမ်ရောက်တော့ဆရာအိုကို
ဘိုးကျော်သိန်းတို့ မိသားစုက
ခရီးဦးကြိုနုတ်ဆက်ကြတယ်ဗျ။
ပြီးတာနဲ့ အိမ်ကြီးကို ပတ်ကြည့်တော့တာပဲဗျ။
ဘိုးကျော်သိန်းကလည်း
ဆရာအို့နောက်ကပ်လိုက်လာပြီးပြတယ်။
“ဟောဒီ့တည့်တည့်မှာ အပ်ချည်ကြိုးကြီး
တွဲလောင်းကျနေတာဆရာရဲ့”
ဆရာအိုက ဘိုးကျော်သိန်းပြတဲ့ နေရာကို
ကြည့်ပြီး ခေါင်းညိတ်တယ်။
“အိပ်မွေ့ချတဲ့ သူခိုးက အိမ်ကြီးခေါင်မိုးပေါ်ကို
ပစ်တင်တာ အိမ်အရှေ့အနောက်မဟုတ်ဘူးဗျ။
အိမ်ဘေးကနေ တောင်နဲ့မြောက် ပစ်တင်တာဗျို့”
ဆရာအိုက မြေကြီးကို ငုံကြည့်တယ်…
“ဘိုးကျော်သိန်း ဒီခြေရာတွေက ခင်ဗျားအိမ်သားတွေ
ခြေရာတွေလား”
အိမ်ဘေးက ခြေရာတွေပြပြီး ဘိုးကျော်သိန်းက
မေးတာဗျ။
“ဟာ…မဟုတ်ဘူးဆရာ ဒါသူခိုးရဲ့ခြေရာတွေပါ
ကျုပ်လည်း ဆရာ့ဆီကိုမလာခင်ကတည်းက
တွေ့တယ်ဗျ။ဒါနဲ့ ဒီဘက်ကို ဘယ်သူမှ မလာရဘူးလို့
မှာထားခဲ့တာ။ ပြီးတော့ ကျုပ်တို့ အိမ်မှာညက
သူခိုး အခိုးခံရတာကို ဘယ်သူမှ မသိသေးဘူးဆရာ”
“ဟုတ်ပြီဘိုးကျော်သိန်း ခင်ဗျားတို့ အိမ်မှာ
မြေအိုးအသစ်ရှိလား”
“ဟာ …ရှိတာပေါ့ဆရာရဲ့ ဟိုတစ်နေ့ကတင်
မြို့ကဝယ်လာတာ။နွားနို့လေး ဘာလေးကျိုရအောင်
ဆိုပြီးဝယ်ခဲ့တာ။ရှိတယ်။ရှိတယ်”
ဘိုးကျော်သိန်းက ပြောပြောဆိုဆိုနဲ့
အိမ်ပေါ်တက်ပြီး မြေအိုးကို ယူလာတယ်။
အဖုံးလေးတောင်ပါသေးဗျ။
ဆရာအိုက အိမ်ပေါ်တက်ပြီး ဘုရားစင်ရှေ့မှာ
အစီအရင်လုပ်တော့တာပေါ့ဗျာ။
ဆရာအိုက ဘုရားရှိခိုး။ အထက်ပုဂ္ဂိုလ်တွေကို
တိုင်တည်သစ္စာဆိုပြီးတော့မှ မြေအိုးကို
အတွင်းဘက်ကနေ အင်းချတယ်ဗျ။
“မောင်တာတေသွားစမ်းလူကလေး ဟောဒီ့အိုးထဲကို
စောစောကတွေ့တဲ့ခြေရာတွေထဲကမြေကြီးမှာ
ခပ်နက်နက်ထင်နေတဲ့ ခြေရာကမြေသားတွေ
ကောက်ယူပြီးထဲ့ခဲ့”
ကျုပ်က ဆရာအို့လက်ထဲက အင်းချထားတဲ့မြေအိုးကို
ယူပြီး ဝိုင်းထဲဆင်းခဲ့တယ်။အနက်ဆုံး ထင်နေတဲ့
ခြေရာတစ်ခုလုံးက မြေကြီးတွေကို ကောက်ပြီး
မြေအိုးထဲထဲ့လိုက်တယ်။
ဆရာအိုက ဘုရားစင်ရှေကမှာပဲ
အုတ်ခဲသုံးလုံးကို ဖိုခနောက်ဆိုင်ပြီး
သိမ်ဝင်ဖယောင်းတိုင်ကို ဖိုခွင်အလည်မှာ
ထွန်းလိုက်တယ်။သိမ်ဝင်ဖယောင်းတိုင်က
လက်မလုံးလောက်ရှိတယ်ဗျ။
အင်းချထားတဲ့ မြေအိုးကို မီးဖိုပေါ်မှာတင်
တံစူးဝါးကိုလုပ်ထားတဲ့ ဝါးယောင်းမလေးနဲ့
မြေမှုန့်တွေကို မပြတ်မွှေတော့တာပဲဗျာ။
ဆရာအိုက မွှေရင်းနဲ့ပါးစပ်ကလည်း မန္တန်တွေ
တတွတ်တွတ်ရွတ်သေးတာဗျ။
ညမိုးချုပ်လာတဲ့အထိ ဆရာအိုက မွှေနေတုန်းပဲ။
ဖယောင်းတိုင်လည်း သုံးတိုင်လောက်ကုန်သွားပြီဗျ။
“ကဲ …ဒီလောက်ဆိုရင် လုံလောက်ပါပြီလေ”
လို့ ပြောပြီးရပ်လိုက်တယ်။ကျုပ်တို့ဆရာတပည့်ကို
ညစာကောင်းကောင်းကျွေးပြီး ဧည့်ခံကြတယ်။
ညည့်နက်လာတော့ ဘုရားခန်းမှာ ဆရာအိုက မအိပ်ဘဲ
ပုတီးစိပ်တယ်။တစ်အိမ်လုံးတော့ မှောင်နေတာပေါ့ဗျာ။
ကျုပ်နဲ့ ဘိုးကျော်သိန်းက ဘုရားခန်းမှာအိပ်ကြတယ်။
ညသန်းခေါင်လောက်ရောက်တော့
ဆရာအိုက ဘိုးကျော်သိန်းကိုနှိုးတယ်။
ကျုပ်လည်း နိုးသွားပြီး ထထိုင်လိုက်တယ်။
“ဘိုးကျော်သိန်းထထ တံခါးဖွင့်ပြီးအိမ်ဝကို
သွားကြည့်စမ်းဗျ”
လို့ ဆရာအိုကပြောတော့ ဘိုးကျော်သိန်းနဲ့ကျုပ်နဲ့
တံခါးဖွင့်ပြီး ထွက်လိုက်တယ်။
ဘိုးကျော်သိန်းက ဝမ်းသာအားရနဲ့ ပုဆိုးထုပ်ကြီးကို
ကောက်ပွေ့လိုက်တယ်။ဘုရားခန်းက ဆရာအိုရှေ့မှာပဲ
ပုဆိုးနဲ့ထုပ်ထားတဲ့ အထုပ်ကြီးကိုဖြည်လိုက်ရောဗျို့။
အို…ရွှေတွေမှ မနည်းပါဘူးဗျာ။
ဆွဲကြိုးတွေ လက်ကောက်တွေ ခြေကျင်းတွေမှ
မီးရောင်အောက်မှာ ဝင်းနေတာဗျို့။
ဘိုးကျော်သိန်းကပစ္စည်းတွေကို လိုက်စစ်ပြီး
ဝမ်းသာတဲ့ အသံကြီးနဲ့ ပြောလိုက်တာဗျ။
“ပြည့်တယ်ဆရာ ပြည့်တယ်။ တစ်ခုမှကို မပျောက်ဘူးဗျ။
ဒါထက်ဆရာ ပစ္စည်းပြန်လာထားတဲ့သူခိုးကို
မြင်လိုက်လားဆရာ”
“ကျုပ်ကတော့ဖြင့် မြင်တာပေါ့ဗျာ ဒါပေမယ့် ခင်ဗျားတို့
ရန်လုပ်ကြမှာစိုးလို့ သူခိုးအိမ်ပြန်ရောက်လောက်မှ
ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို နှိုးတာဗျ
ဘိုးကျော်သိန်းရဲ့”
“ကျုပ်တော့ ဆရာတို့ရဲ့ပညာတွေကို အံ့သြလိုက်တာဗျာ”
လို့ ဘိုးကျော်သိန်းက ပြန်ပြောတယ်ဗျ။
ခဏနေတော့ ဘိုးကျော်က အိမ်သားတွေကို နှိုးပြီး
ပြောပြလိုက်တယ်။
အားလုံးဝမ်းသာသွားကြတာပေါ့ဗျာ။
ဆရာအိုကိုလည်း တစ်အိမ်လုံးက ကန်တော့ကြလို့ပေါ့
ဗျာ။
credit ဆရာတာတေ