သေသူပေးသော အသက်(စ\ဆုံး)
——————————-
ဖိုးတေ..သူ့အလုပ်က မုဆိုး…
နေတာကရိုးမတောင်ခြေဘေးက အိမ်ခြေ (၃၀)လောက်ရှိတဲ့ တောရွာလေးမှာ..
တစ်ရွာလုံးမှာ မုဆိုးအလုပ် လုပ်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်..ကျန်တာတွေက မိရိုးဖလာတောင်သူယာခုပ်လုပ်ငန်း လုပ်ကိုင်ကြသူတွေ. …
ဖိုးတေ တို့ကမုဆိုးမျိုးရိုး သူ့အဘိုး ဆီက သူ့အဖေက မုဆိုးပညာ ဆက်ခံတယ် သူက သူ့အဖေဆီက လက်ဆင့်ကမ်းအမွေ ယူထားတာ….
တမိထွန်းတစ်ယောက်ထွန်းလို့ဆိုရလောက်အောင် ဖိုးတေ ကဘ၀တူမုဆိုးတွေ လေးစားရလောက်အောင် ဆရာကျတယ် ..မုဆိုးလောကမှာသူ့ကို တခြားနာမည်တစ်ခုပေးထားတာ ရှိသေးတယ်…..
“ပစ်မလွဲ ဖိုးတေ”
ဒီနာမည်နဲ့လိုက်အောင်လည်း သူပစ်ချက်တိုင်းလွဲခဲတယ်..
တခြားမုဆိုးတွေ တောတက်ရင်လက်ဗလာနဲ့ ပြန်လာချင်လာရလိမ့်မယ် ဖိုးတေတောပစ်ထွက်ရင် အနည်းဆုံးချေတစ်ကောင်တော့ ပါလာတတ်မြဲ….
ဒါတွေကြောင့်လည်း သူတို့နယ် မှာဖိုးတေကို အတော်ဆုံး မုဆိုးအဖြစ် တညီတညွတ်တည်းလက်ခံထားကြတာ. ..
ဖိုးတေ အသက်က (၃၀) နီးပါး တစ်ကိုယ်တည်းလူပျိုကြီး ..အိမ်မှာတော့သူကအငယ်ဆုံး တခြားသူ့အစ်ကို အစ်မတွေ အိမ်ထောင်ကျကုန်ပြီ..သူကတော့ခုထိ နာမည်နဲ့လိုက်အောင်ပေလို့တေလို့ကောင်းတုန်း …
အားအားရှိသေနပ်တစ်လက်နဲ့ တောထဲလျောက်သွားနေတတ်သည်။
သူကတောပစ်ထွက်တိုင်း တစ်ယောက်တည်းထွက်လေ့ရှိပြီး အတော်အတန် သားကောင်လောက်ကတော့ အပျော့ တယောက်တည်း ကျောပိုး သယ်လာတတ်သည်။
လူက အရပ်ခြောက်ပေနီးပါး ရင်အုပ်ကျယ်ကျယ် ဗလတောင့်တောင့် နဲ့ အားကောင်းသန်မာသူတစ်ယောက်ပင်….
သားကောင်ကြီးများကို တော့တောတွင်း ခုတ်ထစ်ကျပ်တိုက်ကာ သယ်လာတတ်သည်။
ဒီနေ့ မနက်စောစော သူ့လက်စွဲတော် တူမီးသေနပ်ကို သေချာ တိုက်ချွတ်ပြင်ဆင်နေချိန်..
…
” ဗျို့ …ဒါကိုဖိုးတေ တို့အိမ်ဟုတ်ပါသလား”
ခြံ၀မှ မျက်နှာစိမ်း ဧည့်သည် နှစ်ယောက်အားတွေ့လိုက်ရသည်။
“အော် ဟုတ်ပါတယ် အိမ်ထဲကြွကြပါခမျာ ”
ထိုသူနှစ်ယောက်မှာ ဖိုးတေအနီး ၀င်ထိုင်လိုက်ရင်း….
” အဖေနှင့် အမေ ကတော့ ဥပုတ်သွားစောင့်လို့ ကျူတ်တစ်ယောက်တည်း အိမ်စောင့်ကျန်ခဲ့ ရတာ နောင်ကြီး တို့ ကဘယ်သူနဲ့ တွေ့ချင်တာပါလဲ”
ထိုသူနှစ်ယောက်ထဲမှ အသက်ကြီးကြီးနှင့်လူက…..
“ကျုပ်တို့က ရှားပင်ကုန်း ရွာကပါ ခုလာတာက ကိုဖိုးတေဆီပါပဲ”
“အထွေ အထူး ကိစ္စများရှိလို့လားဗျ”
“ပြောပြရမယ်ဆိုရင်တော့ အကူအညီ လာတောင်းတာပဲ ကိုဖိုးတေ. ခုတလော ကျုပ်တို့ ရွာမှာ ကျားတစ်ကောင် သောင်းကျန်းနေလို့ဗျ
ရွာမှာကလည်း လောက်လောက်လားလားမုဆိုး မရှိဘူးလေ..
နောက်ပြီး ခုကျါးကအတော်ဆိုးနေပြီ ဗျ အရင်က ရွာပြင် ကနွားတွေ လောက်ပဲဆွဲတာ ခုရွာထဲအထိ ၀င်သောင်းကျန်းနေပြီ
မနေ့ကလည်း ရွာထဲကနွားတစ်ကောင် ၀င်ဆွဲသွားတယ်…
“ကျ ားကအတော်ကြီးလားဗျ”
“တချို့ မြင်လိုက်သူတွေပြောတာတော့ ကိုးတောင်လောက်ရှိတယ် ပြောတာပဲ”
“ကျူပ် ကျားတော့ပစ်လေ့ပစ်ထမရှိဘူးဗျ တောထဲမှာဆို သူလည်းမုဆိုးကိုယ်လည်းမုဆိုးစည်းထားတာပေါ့ဗျာ”
“ခုဟာက ကြာရင်ရွာသားတွေကို ဒုက္ခ ပေးမှာစိုးလို့ပါ ကျူပ်တို့တောသူတောင်သားတွေဆို တောကိုမှီခိုပြီး လုပ်ကိုင်စားသောက်ရတာ ခုကျားကြောက်တော့ တောမတက်ရဲတော့ အလုပ်ပျက်ပြီပေါ့”
” အင်းကျူပ်ကူညီပေးပါ့မယ်..ဒါပေမယ့် ကျုပ်နောက်တစ်ပတ်လောက် လာလို့မရဘူးလား..ကျူပ်အသားခြောက်တွေ ၀ယ်မယ့်လူတွေနဲ့ ချိန်းထားလို့”
“လာမယ်ဆိုတာနဲ့ တင်ကျေနပ်လှပါပြီ ဗျာ
ဆက်ဆက်သာရောက်အောင် လာခဲ့ပါ ကိုဖိုးတေ ကျူပ်တို့ကိုပြန်ခွင့်ပြုပါအုံး”
“ဟာစကားကောင်းနေတာနဲ့
ဘာမှဧည့်မခံလိုက်ရဘူး အားနာလိုက်တာဗျာ”
“ရပါတယ်ဗျာ ကဲ ကိုဖိုးတေ ပြန်ပြီဗျို့”
လူစိမ်းနှစ်ယောက်ကား ဖိုးတေအားလက်ပြကာ ထွက်ခွာသွားကြပြီဖြစ်သည်။
……………………………………………………………….
အခန်း(၂)
ဖိုးတေ .သူ့အသားခြောက်ရောင်းသော ကိစ္စ မှာ ၀ယ်သူကချိန်းထားသောနေ့ပေါ်မလာပဲနောက်နေ့မှ ပေါ်လာသောကြောင့် ရှားပင်ကုန်း ရွာသွားမည့်ကိစ္စနှစ်ရက်ခန့်နောက်ကျသွားသည်။
သူနောက်ကျမူနှင့်အတူ ၀မ်းနည်းစရာကိစ္စများ ရှားပင်ကုန်းရွာအတွင်းဖြစ်ပျက်သွားသည်။
ရှားပင်ကုန်းနှင့် ဖိုးတေတို့ရွာက ၃နာရီခရီးမျရှိ သည်။
ရှားပင်ကုန်းမှာ အိမ်ခြေ ၅၀ ခန့်ရှိပြီး တောင်ပေါ်တွင် ဟိုတအိမ်ဒီတအိမ်ဆောက်ထားခြင်းမျိုးဖြစ်သည်။
သူလည်းသူကြီးအိမ် ကိုမေးမြန်းလာရင်းမှ အတန်ငယ်ကြီးသော နှစ်ထပ် ပျည်ထောင်အိမ် တအိမ်ရှေ့သို့ မေးရင်းမြန်းရင်းရောက်လာခဲ့သည်။
ဗျို့…သူကြီး…သူကြီး
သူအသံပေးလိုက်တော့ အိမ်အောက်မှခွေးတစ်ကောင်က ထိုးဟောင်တော့သည်။
“ဟေ့ ငနက် တိတ်စမ်း .ဟဲ့ခွေး”
ခွေးအားအော်ဟစ်မာန်မဲသံနှင့်အတူ အိမ်ပေါ်မှ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ဆင်းလာသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့လဲကွယ့် မောင်ရင်က”
“ကျွန်တော့ နာမည် ဖိုးတေပါ ဒီရွာက ကျွန်တော်ကို ကျားပစ်ဖို့ ခေါ်ထားလို့ ခုလာခဲ့တာပါ”
“အော် မောင်ဖိုးတေက်ိုး လာလာ အိမ်ထဲ၀င်
မင်းကိုမျော်နေတာ ခုမှပေါ်လာတော့တယ်”
“သူအိမ်အောက်ထပ်တွင် အထုပ်အပိုးများချရင်းမှ ၀င်ထိုင်လိုက်ကာ”
“ကျွန်တော်လည်းလာမလို့ပဲ ဦးရေ အလုပ်ကမပြတ်တာနဲ့ နည်းနည်းနောက်ကျသွားတယ် ဒီအတွက်ကျွန်တော် တောင်းပန်ပါတယ်”
“ရပါတယ်ကွယ် ကိစ္စ မရှိပါဘူး ဒါပေမယ့် ကျားကတော့ အတော်ဆိုးလာပြီကွဲ့ ”
“ဒီရက်ပိုင်းအတော် သောင်းကျန်းသေးလို့လား ဦး”
“သောင်းကျန်းဆို ရွာစွန်ပိုင်းက ခလေးမတစ်ယောက် ညကကျားဆွဲ ခံလိုက်ရတယ်”
“ဗျာ…ဘယ်လိုဖြစ်ရတာလဲ ဦးရယ်”
ဖိုးတေ သူ့အပြစ်မကင်းသလို စိတ်ထဲ ခံစားလိုက်ရသည်။
“ညလယ်ပိုင်းလောက် နွားတင်းကုတ်မှာ မီးညိမ်းနေလို့ ထပ်မွေးရင်း ဘယ်အချိန်ကတည်းကချောင်းနေမှန်း မသိတဲ့ ကျားက ၀င်ဆွဲ သွားတာ..ခုတောင်သူ့အလောင်း သွားရှာကြမလို့ လူစုနေတာ”
“ကျွန်တော်ပါ တခါတည်း လိုက်ခဲ့မယ် ဦး”
ဖိုးတေလည်း ရွာသားများနှင့်အတူ တောနင်းကာ အလောင်းလိုက်ရှာကြသည်။
“တွေ့ပြီဟေ့ ဒီမှာ ”
ရွာသားတစ်ယောက်အော်သံကြောင့် ထိုနေရာသို့ပြေးသွားကြည့်မိကြသည်။
ခြုံနွယ်များ ထူထပ်စွာပေါက်ရောက်နေသော နေရာတွင် စွပ်ကြောင်းရာကြီးထင်နေပြီး ထိုစွပ်ကြောင်းကြီး ရေအိုင်ငယ်လေးအနီးတွင်မှောက်လျက်အနေထားဖြင့် မိန်းမအလောင်းတလောင်းရှိနေပါသည်။အလောင်းကား အူများဖောက်စားထားပြီး နံတခြမ်းနှင့်အတူ ပေါင်တချေင်း ကအရိုးပေါ်နေချေပြီ..ယင်မမည်းများကား တရုန်းရုန်းဝဲကျလျက်
ဖိုးတေစိတ်မကောင်းခြင်းကြီးစွာဖြစ်ရသည်။
ထို့အတူ ဆုံးဖြတ်ချက်တခုအားတပြိုင်တည်းချလိုက်သည်။
“အလောင်းကို ဘယ်သူမှမထိကြနဲ့ ဒီအတိုင်း လက်ရာမပျက်ထားလိုက် ဒီကျားညကျရင် ဒီအလောင်းလာစားအုံးမှာပဲ ကျွန်တော် ကျားကို ဒီညစောင့်ပစ်မယ်”
ညနေစောင်းတော့ ထမင်းဟင်းများစားသောက်ပြီး နေ့လည်က
အလောင်းတွေ့ရာနေရာသို့ သူတစ်ယောက်တည်း သေနပ်တလက်
ဆွဲရင်းထွက်လာခဲ့သည် ။
ခက်သည်က ဒီအနီးအနားမှာ လင့်ထိုးပီးစောင့်ပစ်ဖို့ သစ်ပင်ကြီးတွေမရှိအားလုံးက ခြုံနွယ်ပင်တွေ အကောင်းဆုံးကတော့အလောင်းကို အပေါ် စီးကလှမ်းမြင်နေရသော တောင်ကမူ လေးသည်သာ အကောင်းဆုံးနေရာအဖြစ်ရှိနေသည် ။
ဘယ်အရပ်ကပဲ အလောင်းဆီကျားလာလာ လှမ်းမြင်နိုင်သည်။
သူတောင်ကမူဘေး ကျောက်တုံးကြီးနောက်မှီထိုင်လိုက်ရင်း ညအမှောင်ရောက်ဖို့ စောင့်နေလိုက်သည်။
ည
===
ညသည် ထိန်ထိန်သာနေသသောလမင်းအလင်းရောင်နှင့်အတူ ပိုးပုရစ်တွန်သံ တစီစီဖြင့် ပတ်၀န်းကျင်တခို လင်းကျင်းစွာမြင်နေရသည်။
ခုလိုတောတွင်းကြီးမှ အလောင်းတလောင်းနှင့်အတူ ရှိနေရခြင်းသည်။
အနည်းငယ်တော့ ကျောခြမ်းဖွယ်ရာပေ ဒါပေမယ့် ဖိုးတေ ကအကြောက်အလန့်နည်းလွန်းသည်တောတောင်ကြီးများတွင် သူတစ်ယောက်တည်းအိပ်နေကျ…
မှက် ခြင်များ ကိုက် ခဲမူကိုတော့ ဖိုးတေ အလူးအလှဲခံနေရသည်။ ဒါပေမယ့်လူပ်ရှားသံမပြုရဲ တောင်ကောင်ကျားသည်လည်းတစ်နေရာတွင်ရှိနိုင်သည်မဟုတ်လား…
သူရှေ့ကျောက်တုထက်တွင် သေနပ်တင်ချိန်ရင်း အလောင်းပတ်၀န်းကျင်သို့ မျက်လျည်မပြတ် အကဲခပ်နေမိသည်။
လမွန်းတည့်ချိန်ရောက်ပြီ အော်နေသော ပိုးပရစ်သံများတိခနဲ ရပ်သွားသည်။
ဒါ ကျားအနီးအနားသို့ရောက်လာပြီဆိုတာ ဖိုးတေအား သတိပေးလိုက်သလိုပင် ဒါပေမယ့် ကျားရဲ့ အရိပ်အယောင်အား ခုထိမတွေ့ရသေး….ထူးတော့ထူးဆန်းသည် တကယ်ဆိုရင် ကျားက သူမက၍ ချန်ခဲ့သော သားကောင်အားနောက်တခါလာစားတတ်သည်။
လူကိုစားလျင် မှောက်ခုံထားပြီးမှ စားခြင်းမှာ လူမျက်နှာအား
ကြောက်၍ ဖြစ်သည်။
ယခုအလောင်းပင်လျင် မှောက်ရက်ကြီး….
ဖိုးတေ စောင့်ရတာ စိတ်မရှည်ချင်တော့ ကျားကခုထိထွက်မလာ
သူစောင့်နေတာ သိသွား၍များလားဟု ဖိုးတေ တွေးနေသည်။
.
ထိုအချိန်မမျော်လင့်သောမြင်ကွင်းအားမြင်လိုက်ရသောဖိုးတေ အံ့အြ ထိတ်လန့်သွားသည်။
အလောင်းကောင်သည် မှောက်ရက်ကြီး ကွတက်ကာ
တောင့်တောင့်ကြီးမတ်တတ်ရပ်၍ဖိုးတေနဲ့မျက်နှာခြင်းဆိုင်လှည့်လာခြင်းကြောင့်
ဖိုးတေ မယုံနိုင်စွာ သူ့မျက်လုံးအားပွတ်ကြည့်လိုက်သည်ဟုတ်သည် သူအမြင်မမှားပေ။
အလောင်းကောင်သည် မတ်တပ်ပင်ရပ်လျက် သူပုန်းနေရာ သို့စူးစိုက်စွာကြည့်နေခြင်းပင်ဖြစ်သည်။သွေးစွန်းနေသောဆံပင်ကမျက်နှာပေါ်
ဖရိုဖရဲအုပ်ကျနေလျက်
ခေါင်းတစ်ခုလုံးသွေးများခြင်းခြင်းနီကာ မျက်လုံးများပြုတ်ထွက်
မတတ် ပြူးကျယ်နေကာ နံဘေး ကျားစားထားသော ၀မ်းဗိုက်မှ သွေးများစီးကျလျက် ခြေတဖက်တွင် အရိုးသာရှိသော အလောင်းကောင်
သည် ဖိုးတေပုန်းနေသော နေရာအား စိုက်ကြည့်နေခြင်း ပင်ဖြစ်သည်။
ဖိုးတေ သူ့နှလုံးခုန်သံကိုပင်သူပြန်ကြားရလောက်အောင် ရင်ခုန်နုန်းများမြန်ဆန်ကာ ခေါင်းနဘန်းကြီးလျက် နေရာတွင်ပင်ကြောက်စိတ်ဖြင့်ကြက်သေသေနေမိသည်။
အလောင်းကောင်၏.လက်တစ်ဖက်သည် တဖြည်းဖြည်းမြောက်တက်လာလျက် သူပုန်းအောင်းနေသော နေရာဖက်သို့ဆန့်တန်းလိုက်သည်။
“နောက်မှာ…..နောက်မှာ…….”
အက်ကွဲခြောက်ကပ်သောလေသံဖြင့်လက်ကိုဆန့်၍ဖိုးတေအားပြောလာခြင်းကြောင့် ကြက်သီးမွေးညှင်းများထောင်ထ၍ ခနမျမှင်သက်သွားမိ၏ ။
ဖိုးတေ မိမိနားကိုပင်မိမိ မယုံနိုင်လောက်အောင် အံ့အြသွားရသလ်ို
အလောင်းကောင်ဆီမှထွက်လာသောစကားသံနဲ့တဆက်တည်း
အန္တရယ်အငွေ့အသက်ကိုပါရလိုက်မိသည်။သူနောက်ဆီမှတိုးဖွညင်သာသောလူပ်ရှားမူတစ်ခုကိုအာရုံခံမိသောကြောင့်၊မောင်းတင်ထားသောသေနတ်ကိုပစ်ရန်အနေအထားပြု၍၊ကိုယ်ခန္ဓာအားနောက်သို့ဆတ်ခနဲလှည့်လိုက်တော့သည်။
ဖိုးတေနောက်သို့လှည့်၍
သူ့သေနပ်အား ဆတ်ခနဲထိုးချိန်လိုက်ချိန် သူ့အပေါ် မိုးလာသော
အရိပ်တစ်ခုကိုမြင်လိုက်ရသောကြောင့်ဘာကိုမျစဉ်းစားမနေတော့ပဲ
သေနတ်မောင်းကိုဆွဲဖြုတ်ချလိုက်တော့၏ ။
……ဒိုင်း…….
တိတ်ဆိတ် သော ညတွင်ကော်ဒိုက်ယမ်းအားပေါက်ကွဲသံတစ်ခု
ကျယ်လောင်စွာထွက်လာ၏။
အိပ်တန်း၀င်ငှက်တစ်ချို့ထပျံသံနဲ့အတူ။တောတိရိစ္ဆန်များခြေဦးတည့်ရာ
ပြေးလွားသံများဖိုးတေကြားလိုက်ရသည်။
ဖိုးတေ၏ သေနပ်သံက ကျယ်လောင်စွာထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
သူ့အပေါ်မိုးလာသောအရိပ်သည် သူဆီမရောက်မှီမြေပေါ်
ပြုတ်ကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြင့် အကြောဆွဲရင်းအသက်ပျောက်သွားပါတော့သည်။ဖိုးတေပစ်လိုက်သောကျည်သည်ခုန်အုပ်လာသောကျား၏ရှေ့လက်ပြင်အသည်းနှလုံးနေရာသို့တိုက်ရိုက်ထိမှန်
သွားခြင်းကြောင့်ကျားကြီးကားတစ်ချက်တည်းနဲ့ကိစ္စပြတ်သွားခြင်းဖြစ်၏။
ဖိုးတေ ကံကောင်းထောက်မ၍ အသက်ဘေးမှ သီသီလေးလွတ်သွားခြင်းပင် သူပုန်းအောင်းစောင့်ဆိုင်းနေသော ကျားကြီးသည် သူ့အားဘယ်အချိန်ကတည်းက ချောင်းနေမှန်းမသိ သူနှင့်မနီးမဝေး ကျားတခုန်စာအကွာအဝေးမှချောင်းနေခြင်းပင်။ဖိုးတေရှေ့သို့မဲနေချိန်နောက်ကျောမှအလစ်၀င်ဆွဲရန်ပတ်ချောင်းနေသော ကျားစဉ်းလဲကြီးပင်။ကံကောင်းထောက်မ၍သာ မုဆိုးဘ၀မှသားကောင်ဘ၀မရောက်သွားရခြင်းဖြစ်၏။
ကျားကြီးလက်မှသူ့အသက်ကိုကယ်သောသူမှာအသက်မရှိသော
လူသေအလောင်းတစ်လောင်းဟုပြောလျင် ယုံနိူင်စရာမရှိပေ။
အလောင်းကောင် ဖိုးတေအသက်ကို
ကယ်လိုက်ခြင်းပင်။ တနည်း ။
သူ့ကိုသတ်သွားသောကျားအား တမလွန်မှ
လက်စားချေလိုက်ခြင်းပင်ဖြစ်
ကြောင်းဖိုးတေစိတ်တွင်ဆက်စပ်တွေးနေမိသည်။
ဖိုးတေလည်းယခုမှအလောင်းကောင်အား သတိရကာ ပြန်ကြည့်လိုက်ရာ။
…..ဟာ….
ဖိုးတေတစ်ယောက်အလောင်းကောင်ရှိရာ
လှမ်းကြည့်ချိန်တွင်စိတ်အတွင်းဇဝေဇ၀ါဖြစ်သွားမိတော့သည်။
အမြင်မှားခြင်းပေပဲလား ။ အလောင်းကောင်ကားမှောက်လျက် သား ပုံစံမပျက်အတိုင်းရှိနေခြင်းကြောင့်ဖြစ်၏။
ဒါဆိုအစောနက သူမြင်လိုက်ရသည့်လူသေအလောင်းက
သူ့အားကျားရန်မှလွတ်မြောက်စေရန်သတိပေးပြောဆိုခြင်းမှာ
သူအမြင်မှားခြင်းဆိုလျင်ပင်၊စကားသံကြားလိုက်ရသည်မှာ
သေချာနေ၏။မှားစရာမရှိသောအခြေအနေမျိုးပင်။
ဖိုးတေသေနပ်သံကြောင့် မီးတုပ်များကိုင်ဆွဲကာ ဖိုးတေထံလာနေသောရွာသားများအားမြင်တွေ့
နေရပါတော့၏ ။
…..ကျေးဇူးတင်ပါတယ်..ကျားလက်ကလွတ်အောင်အသိပေးပြီး
ကျနော်အသက်ကို ကယ်ခဲ့တဲ့အတွက်…တကယ်ကျေးဇူးတင်ပါတယ်…
ဖိုးတေကအလောင်းကောင်အားကြည့်ကာလှမ်းပြောလိုက်ခြင်းပင်ဖြစ်၏ ။
ဖိုးတေမှာသူကြုံရသမျအဖြစ်အပျက်များအား ရွာသားများကိုပြန် ပြောမပြရန်
ဆုံးဖြတ်ထားလိုက်၏။အကယ်၍သူပြန်ပြောပြပါကလည်း
ယုံသူရှိမှာမှ မဟုတ်တာသေချာနေခြင်းအတွက်
မပြောရန်တွေးထားခြင်းဖြစ်၏ ။
ရွာသားများ မီးတုပ်တ၀င်း၀င်းဖြင့် ဖိုးတေအနီးရောက်လာပြီဖြစ်ပါတော့သည်။
(ပြီးပါပြီ)
မြူခိုးအလင်္ကာ
Credit