အကုသိုလ်၏နောက်ကွယ်

အကုသိုလ်၏နောက်ကွယ် (စ/ဆုံး)
———————————–

” သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သမ္ဗဒေါသခပ်သိမ်းသော××……×××…………×××…………×××………×××………×××………××……. နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား”

”ဟာ အဖေရေ မနေ့ညက ကျုပ်တို့ဖမ်းပြီး စဉ့်အိုးထဲထည့်လှောင်ထားတဲ့ငါးတွေ ခုသေအံ့မူးမူးဖြစ်ပြီးအသက်ငင်နေကြပြီဗျ ခုမနက်စာထမင်းပူပူလေးနဲ့ ငါးကြော်လတ်လတ်ဆတ်ဆတ်လေးနဲ့ဆွဲရအောင် ကျုပ်ဒီကောင်တွေကို ကိုင်လိုက်တော့မယ်အဖေရေ ”

”အေး လုပ်ကွာ လတ်လတ်ဆတ်ဆတ်ဆိုတော့ တအားကိုချိုမှာဟေ့ အရသာရှိလိုက်မယ့်ဖြစ်ချင်းကွာ မြန်မြန်သာ ခေါင်းတွေထုပစ်လိုက်တော့ငါ့သားရေ ”

မနက်ခင်း၏ကျက်သရေရှိလှစွာသော ဘုရားရှိခိုးသံနှင့် ဆန့်ကျင်ဘက်ဖြစ်လှစွာပင် ထွက်ပေါ်လာသောသားနှင့် ယောကျာ်းဖြစ်သူတို့၏ အသံများကြောင့် ဒေါ်မြလှတစ်ယောက် ဘုရားဝတ်ပြုနေရာမှ စိတ်မသက်မသာဖြစ်စွာပင် သက်ပြင်းချကာ ခေါင်းကိုခါရမ်းလိုက်မိသည်။

”ကိုဘမောင်ရယ် စောစောစီးစီးရှင် ကျွန်မ မြင်ရ ကြားရတာ စိတ်မသက်သာလိုက်တာ ဒီ အကုသိုလ်အလုပ်တွေကိုမလုပ်ပါနဲ့လား ”

”အာ မိန်းမကလည်းကွာ လာပြန်ပြီ တစ်ခါလာလည်းဒီအကုသ်ိုလ် နောက်တစ်ခါလာလည်း ဒီအကုသိုလ်နဲ့ မင်းပြောတဲ့ အကုသိုလ်တွေ ဘာတွေတော့ ငါမသိဘူးဟေ့ ငါသိတာတော့ ဒီငါးတွေလတ်လတ်ဆတ်ဆတ်သတ်စားရတာ အတော်လေးကိုအရသာရှိတယ်ဆိုတာပဲသိတယ်ဟ”

”ဟုတ်တယ်အမေရ ငါးတွေကဒီလိုလတ်လတ်ဆတ်ဆတ်စားမှ ပိုအရသာရှိတာဗျ မယုံရင်ကျုပ်တို့ကြော်ပြီးတဲ့အခါ အမေပါစားကြည့်ဗျာ လျှာလည်သွားမယ်နော့ ”

”တော်စမ်း ဖိုးထောင် နင်တို့ဟာတွေငါစားလည်းမစားချင်ဘူး မြင်လည်းမမြင်ချင်ဘူး နင့်ကိုလည်း ငါဒီအကုသိုလ်အလုပ်တွေလုပ်နေတာကို တစ်စက်ကလေးမှကြည့်လို့ရတာမဟုတ်ဘူး နင်တို့သားအဖကို ငါပြောမရလွန်းလို့သာ လက်ပိုက်ကြည့်နေရတယ် နင်တို့လုပ်နေတဲ့ဒီလို အကုသိုလ်အလုပ်တွေကြောင့် ငါတစ်ရက်ကလေးမှကို စိတ်မချမ်းသာရဘူးဟဲ့ သိရဲ့လား ”

”ဟာဗျာ အမေကလည်းစောစောစီးင်္စီး နားငြီးအောင်ဒီဓာတ်ပြားဟောင်းကြီးပဲခဏတိုင်းဖွင့်မနေစမ်းပါနဲ့ အမေမစားလည်းနေဗျာ ကျုပ်ကတော့မနက်စာအမှီဒီကောင်တွေကို ဝဋ်ချွတ်ပေးလိုက်ဦးမယ်ဗျို့ ”

ပြောပြောဆိုဆိုနှင့်ပင် စဉ့်အိုးထဲမှမသေမရှင်ဖြစ်နေသောငါးများကို တစ်ကောင်ချင်းယူပြီး ခေါင်းတွေကို တုတ်တစ်ချောင်းဖြင့်ရိုက်သတ်နေသော သားဖြစ်သူကိုကြည့်ပြီး ဒေါ်မြလှ စိတ်မသက်သာဖြစ်စွာပင်နေရာမှ ထထွက်လာခဲ့လိုက်သည်။

ဒေါ်မြလှက ဘုရားတရားမြဲကာ သတ္တဝါလေးတွေအပေါ်မေတ္တာတရားထားတတ်သလောက် ခင်ပွန်းဖြစ်သူကိုဘမောင်ကတော့ လက်ရဲလက်ဇဲနိုင်လွန်းလှသည်။ ခု တစ်ဦးထဲသော သားလေးဖိုးထောင်ကရော ဘာထူးသတုန်း ငယ်ကတည်းက ဘာသာရေးအကြောင်းများသင်ပြပေးလည်း စိတ်မဝင်စား သူ့အဖေနဲ့အတူ ငါးရှာ ဖားရိုက် ဌက်ပစ် အလုပ်များမှာသာပျော်မွေ့နေသူ။ ဘယ်အချိန်များမှာမှ သူတို့သားအဖ ဒီအလုပ်တွေကို စွန့်ပစ်နိုင်ကြမှာပါလိမ့်။

”အဖေရေ ဒီနေ့ညကျုပ်တို့ဖားရိုက်ထွက်ကြရအောင်ဗျာ မိုးဦးကျပြီဆိုတော့ ဖားတွေကအတော့်ကို မြူးနေတာဗျ ဟိုးအစွန်ကလယ်ကွက်တွေဘက်မှာဆို ဆူဖြိုးနေတဲ့အကောင်ကြီးတွေရတတ်တယ် အဖေရ ”

”အေး သွားကြတာပေါ့ကွာ လိုအပ်တဲ့ပစ္စည်းတွေသေချာပြင်ဆင်ထားလိုက်ကွာ မိုးအေးအေးမှာ ဆူဆူဖြိုးဖြိုးဖားသားဟင်းနဲ့ မီးတောက်အရက်လေးနဲ့မြည်းလိုက်ရရင်တော့လားကွာ ပြောရင်းတောင်သားရေယိုတယ်ဟေ့ ဟားးဟားး ”

ယခုလည်းကြည့် သားအဖနှစ်ယောက် အတိုင်အဖောက် ညီစွာပင်ဖားရိုက်ထွက်သွားကြပြန်လေသည်။ဒေါ်မြလှတစ်ယောက်ကတော့ မေတ္တသုတ်တော်ကိုရွတ်ဖတ်ပူဇော်ပြီး သတ္တဝါတွေကျန်းမာချမ်းသာစေဖို့ မေတ္တာပို့အမျှဝေပေးနေယုံမှတစ်ပါး……။

ဖိုးထောင်လေးငယ်ငယ်တုန်းကတော့ ခုလိုပဲ သားအဖနှစ်ယောက် ဌက်ပစ် ငါးရှာ ဖားရိုက်အလုပ်လောက်သာလုပ်ကြသော်လည်း တဖြည်းဖြည်း ဖိုးထောင်လူပျိုပေါက် အရွယ်ရောက်လာသည်နှင့်အမျှ သူတို့သားအဖနှစ်ယောက်က ပိုပြီးလက်ရဲဇက်ရဲနိုင်လာကြတာ ယခုဆို ရွာထဲက ဝက်ပေါ် အမဲပေါ်သည့် အလုပ်များကိုပင် တစ်ခါတရံအခကြေးငွေယူကာ လုပ်ကိုင်ပေးတတ်နေလေပြီ။

ငါးရှာ ဖားရိုက် အလုပ်များကိုတောင်ဘဝင်မကျသော ဒေါ်မြလှတစ်ယောက်ကတော့ ယခုလိုသားကြီးငါးကြီးများကိုပါ သတ်ဖြတ်လာသော သားနှင့်လင်သားကို စိတ်မကောင်းခြင်းကြီးစွာဖြင့်သာ ကြည့်နေရလေတော့သည်။ တစ်ခါတစ်ရံသူတို့ အမဲပေါ်သည့်အချိန်ယူလာတတ်သည့် သွေးသံရဲရဲနှင့် ဝမ်းတွင်းသားများကိုတွေ့လိုက်ရသည့်နေ့မျိုးဆိုလျှင် ဒေါ်မြလှတစ်ယောက် တစ်နေ့လုံး ခေါင်းတွေတောင်မူးမိသည်။

တစ်ရက်ကဆိုလျှင် …
ဒေါ်မြလှခေါင်းထဲမူးနောက်နောက်ဖြစ်တာနဲ့ အခန်းထဲမှာဝင်လှဲနေတုန်းး

”အဖေရေ ကျုပ်တို့စားဖို့ ဝမ်းတွင်းသားလေးတွေကို ကြက်သွန်ဖြူ ဂျင်းလေးဆီသတ်ပြီး ကျုပ်ကြော်ထားတယ်ဗျို့ မီးတောက်ကလေးနဲ့မြည်းလိုက်ကြရအောင် အဖေရေ ”

”အေး လာပြီဟေ့ စားပွဲပေါ်တင်ထားခဲ့ကွာ အဖေဒီမှိန်းတွေမှာပေနေတဲ့ သွေးတွေ ရေဆေးပြီးလာခဲ့မယ်ဟေ့ ”

”ဆေး ဆေး အဖေ ကျုပ်လည်း ခုနကရလာတဲ့ ဌက်တွေအမွှေးနှုတ်ဖို့ ရေနွေးတည်ပြီးလာခဲ့မယ် ”

ဦးဘမောင် မနက်ကအမဲပေါ်ထားသည့်မှိန်းမှာ ပေကျံနေသည့်သွေးများကို ရေဆေးပြီး အိမ်ပေါ်အတက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ထောင်းခနဲဒေါသထွက်သွားရသည်။ သူမြင်လိုက်ရသည်က ရွှေဝါ ။ ဟုတ်ပါသည် ဒေါ်မြလှ စားကြွင်းစားကျန်လေးများအမြဲ ကျွေးနေတတ်သဖြင့် ရံဖန်ရံခါသူတို့အိမ်ကို ရောက်ရောက်လာတတ်သည့် ဘေးအိမ်မှကြောင်မလေး ။ ခုထိုရွှေဝါက သူတို့မြည်းရန်အတွက် စားပွဲပေါ်တင်ထားခဲ့သည့် ဝမ်းတွင်းသားကြော်များကို စားနေပါကောလား။

”တောက် $×€$.# ကြောင် ရာရာစစ ငါတို့မြည်းဖို့ဟင်းမှ နှိုက်စားရတယ်လို့ သေစမ်းကွာ ”

ပြောပြောဆိုဆို ဦးဘမောင်ဘေးမှာရှိသည့် သုံးတောင့်ထိုးဓာတ်မီးနှင့် ရွှေဝါခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ပေါက်လိုက်သည်။အမြဲဌက်ပစ်သွားနေတတ်သောကြောင့် လက်မှန်းတည့်လှသော ကိုဘမောင်ပစ်ချက်က ရွှေဝါခေါင်းတည့်တည့်သို့ ထိမှန်သွားကာ ကြောင်လေးရွှေဝါ စားပွဲပေါ်မှအောက်သို့ပြုတ်ကျသွားရလေသည်။

”ညောင် ညောင် ”
အတော်ပင်မူးဝေသွားပုံရသော ရွှေဝါမှာ သေဘေးကိုသိနေသည့်အလား ခေါင်းမှာသွေးစက်လက်နှင့်ပင် ဒယီးဒယိုင်ထကာ ယိုင်တိုင်တိုင်နှင့်ပင် နောက်ဖေးဘက်သို့ဝင်ပြေးလေတော့သည်။ ဦးဘမောင်မှာ ထိုမျှနှင့်အားမရသေး ပါးစပ်မှလည်းသားဖြစ်သူကိုအော်ဟစ် အသိပေးလိုက်သေးသည်။

”ဟေ့ ငါ့သားရေ အဲ့ကြောင်ကိုပညာပေးလိုက်စမ်းကွာ ငါတို့အမြည်းတွေဝင်စားသွားတဲ့ကြောင် ပြေးလာပြီဟေ့ ပြေးလာပြီမင်းဘက်ကို ”

ဦးဘမောင်စကားအဆုံး ဖိုးထောင်တစ်ယောက်သူ့အနားရောက်လာသော ကြောင်လေးရွှေဝါကို လောလောလတ်လတ် မီးဖိုပေါ်မှချထားသော ရေနွေးပူပူများဖြင့်လှမ်းပက်လိုက်လေတော့သည်။

”ကဲ သေစမ်းကွာ အဲ့လောက်ငတ်ကြီးကျတဲ့ကြောင် သေ သေ သေစမ်း ”

”ညောင် ဝေါင် ဝေါင် ညောင် ”

ကြောင်လေးရွှေဝါမှာတော့ ခေါင်းမှဒဏ်ရာ ရေနွေးပူလောင်သည့် ဒဏ်ရာများကြောင့်နေရာမှာတင်လဲကျသွားကာ မထနိုင်ရှာတော့ ။ဆူညံ ဆူညံအသံများကြောင့် အိပ်ရာမှနိုးလာသော ဒေါ်မြလှတစ်ယောက် ကြောင်လေးရွှေဝါ၏သနားစဖွယ်အဖြစ်ဆိုးကိုမြင်လိုက်ရသည်မှာတော့

”အမလေးး အမလေး ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာရှင် အစားလေးတစ်လုပ်အတွက် ဒီလောက်လုပ်ရသလား အမလေးးး ရှင်တို့အကြင်နာတရား တော်တော်ခေါင်းပါးကြတဲ့သူတွေပါလား အီးးဟီးးဟီးးး ”
လဲကျနေသော ကြောင်လေးရွှေဝါကို တယုတယကောက်ပွေ့ရင်း ဒေါ်မြလှတစ်ယောက်စိတ်မကောင်းခြင်းကြီးစွာဖြင့် ချုံးပွဲချ၍ငိုချပစ်လိုက်လေတော့သည်။

ထိုနေ့…
ဦးဘမောင်နှင့်ဖိုးထောင်တို့သားအဖအတွက် ကံကြမ္မာဆိုးများသယ်ဆောင်လာခဲ့သည့်နေ့။ ထိုနေ့က ဦးဘမောင်တို့သားအဖကို တစ်ဖက်ရွာမှအမဲပေါ်ရန်လာခေါ်ထားသဖြင့် သူတို့သားအဖနှစ်ယောက်ထွက်လာကြသည်။ ဒီတစ်ခါသူတို့သတ်ပေးရမည်က ခိုင်းကျွဲကြီးတစ်ကောင်။ ထိုကျွဲကြီးမှာ နကိုယ်ကလိမ်မာပေမယ့် အခုတစ်လောမှဘာထဖြစ်သည်မသိ ရုတ်တရက်ထဖောက်ပြီး မဲမဲမြင်သမျှလိုက်ခတ်နေတတ်သဖြင့် ရွာမှလူအများဝိုင်းဝန်းဖမ်းဆီးကာ ချည်နှောင်ထားရသည့် အကောင်ကြီး။

ယခုထိုကျွဲဆိုးကြီးအားသတ်ရန် သူတို့သားအဖအားအခကြေးငွေနှစ်ဆပေး၍ ဌားရမ်းလာလေသောကြောင့် ဦးဘိုးမောင်တို့သားအဖ ရောက်လာရသည်လေ။ ထိုရွာရောက်တော့ ရဲဆေးအနေနှင့် သားအဖနှစ်ယောက် အရက်ထိုင်သောက်ပြီးနောက် လက်ဆွဲတော် မှိန်းကြီးကိုကိုင်ကာ ကျွဲကြီးချည်နှောင်ထားသည့်နေရာသို့ထွက်လာကြသည်။

ဦးဘမောင်တို့သားအဖကိုတွေ့လိုက်သည့် ကျွဲကြီးမှာလည်း သေဘေးကိုသိနေသည့်အလား နှာမှုတ်သံတရှုးရှုးနှင့် ခွာတွေယက်ကာ ဂျိုကြီးတယမ်းယမ်းနှင့် ချည်နှောင်ထားသော ကြိုးကိုအတင်းရုန်းနေလေတော့သည်။

”ဟာ ဒီကျွဲတော့ကွာ တော်တော်စမာန်တက်နေတယ် ဟုတ်လား ဒီလောက်တောင်ဖြစ်နေတာ မင်းကိုမြန်မြန်သေရွာပို့ပေးမယ်ဟေ့ ဟားးဟားးး ဟားး ”

”ဟ ငါ့သား သတိထား အနားအရမ်းမကပ်နဲ့ဦးဟ အန္တရာယ်များတယ် ”

”ဟာ အဖေရာဒီကောင်လောက်ကတော့ ကျုပ်အတွက်အေးဆေးပါဗျ အဖေတောင်ဝင်ပါစရာမလိုဘူး အဖေဘေးဖယ်နေ ကျုပ်ရှင်းလိုက်မယ် ဒီကောင်ကို ”

အရက်ကလည်းသောက်ထားသည့်အရှိန်နှင့် နကိုယ်ကပင်လက်ရဲဇက်ရဲရှိလှသောဖိုးထောင်တစ်ယောက် ပြောပြောဆိုဆိုနှင့်ပင် မှိန်းတစ်လက်ဆွဲကာ ဒယီးဒယိုင်ဖြင့် အတင်းရုန်းကန်နေသော ကျွဲကြီးအနားသို့သွားရန်အထမှာတော့

”ဖြောင်း ” ”ဖရူးး ရှုးးး ”

နကိုယ်ကပင်ဗွေဖောက်နေသော အားသန်လှသည့်ကျွဲဆိုးကြီးမှာ နှာမှုတ်သံပြင်းပြင်းဖြင့် အားကုန်အရုန်း ချည်နှောင်ထားသောကြိုးများပြတ်ထွက်ကုန်ပြီး
ဖိုးထောင်ရှိရာသို့ ဂျိုကြီးတကားကားနှင့်ပြေးဝင်လာတော့သည်။

ရုတ်တရက်ချက်ခြင်းပြောင်းလဲသွားသော အခြေအနေများကြောင့် ဖိုးထောင်တစ်ယောက် မှင်သက်စွာဖြင့် နေရာမှမရွေ့ ကြောင်ပြီးရပ်ကြည့်နေမိသည်။ထိုစဉ်……

”ဟာ သား သတိထား ”
အော်ဟစ်သတိပေးသံနှင့်တစ်ပြိုင်ထဲ ဝဲဘက်နံစောင်းဆီမှပူခနဲဖြစ်သွားသည့် အသိနှင့်အတူ တစ်စုံတစ်ဦးက ဆောင့်တွန်းလိုက်သည့်အရှိန်ဖြင့် ဖိုးထောင်တစ်ယောက်ခပ်လှမ်းလှမ်းသို့ လွင့်စင်လဲကျသွားသည်။ ထိုအခါမှသူသတိပြန်ဝင်လာပြီးကြည့်မိတော့

”အားး ” ”ဟာ လုပ်ကြပါဦး ဦးဘမောင်ထိသွားပြီဟေ့ ”

”ဟေးးသတ်ကွာ အဲ့ကျွဲ မလွတ်စေနဲ့ ”
”ထုကွာ တွေ့တာနဲ့သာကောက်ထုပစ်”

”ဟာ အဖေ အဖေ ” ”တောက် ဒီကျွဲစုတ် သေစမ်းကွာ သေစမ်း ”

” ဖရူးးးဖူးးး ငွဲ့ ငွဲ့ ”

အချိန်ခဏအတွင်းမှာပဲ ကမ္ဘာပျက်သလိုအသံများက ဆူညံသွားရလေသည်။ ဇာတ်ချုပ်လိုက်တော့ ကျွဲဆိုးကြီးဖိုးထောင်ကိုခတ်ရန် ပြေးအလာ ဦးဘမောင် ဝင်ရောက်တွန်းပစ်လိုက်သည့် အရှိန်နှင့် ဖိုးထောင်မှာ ဝဲဘက်နံစောင်းတွင် ချိုဖျားဖြင့်အနည်းငယ်သာခတ်မိလိုက်ပြီး အသက်ဘေးမှလွတ်ခဲ့သော်လည်း သားဇောဖြင့် ပြေးဝင်လာခဲ့သည့်ဦးဘမောင်မှာတော့ ကျွဲဆိုးကြီး၏ ဂျိုခတ်ချက်ကိုမရှောင်လိုက်နိုင်ပဲ နေရာတွင်ပင် ဗိုက်ပွင့်ကာသေဆုံးခဲ့ရလေသည်။

ကျွဲကြီးမှာလည်း လူအများဖြင့်ဝ်ိုင်းဝန်းပစ်ခတ်ထိုးနှက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့လေသည်။ ဖိုးထောင်တစ်ယောက်ကတော့ ကျွဲဂျိုဖျားဖြင့်ခတ်မိလိုက်သည့်အရှိန်နှင့်ရော ဖခင်ဖြစ်သူ သူ့ရှေ့မှာတင် အသေဆိုးနှင့်သေသွားခဲ့ရသည့်အဖြစ်ကိုမြင်လိုက်ရသည့်အတွက်ပါ အနာရှိန်တက်ပြီး အပြင်းဖျားလေတော့သည်။ ဒေါ်မြလှ ဂရုတစိုက်နှင့် ပြုစုကုသပေးနေသည့်ကြားမှပင် မသက်သာသည့်အပြင် တစ်နေ့တခြားအခြေအနေကပိုပိုဆိုးလာကာ တစ်ချက်တစ်ချက်ကယောင်ကတန်းနှင့် ထထအော်နေတတ်သည်။

အပြင်းဖျားနေသောဖိုးထောင်မှာတော့ သူ့မျက်စိထဲမှာသူသတ်ခဲ့သော ဌက်တွေ ဖားတွေက သူ့အဖြစ်ကိုကြည့်ပြီးလှောင်ပြောင်နေသံတွေ အဆက်မပြတ်ကြားနေရသည်။ ငါးမိစ္ဆာကြီးတွေကလည်း တင်းပုတ်ကြီးတွေကိုင်ကာ သူ့ခေါင်းကို ထုမည့်ဟန်ပြင်နေသောကြောင့် သူ့အလွန်အမင်းထိတ်လန့်နေရသည်။ ထိုမျှမကသေး နွားတွေ ဝက်တွေကလည်း လက်နက်မျိုးစုံဖြင့် သူ့ကိုသတ်ဖို့လာနေကြလေပြီ။

”ဝ်ိုင်းဟေ့ ဝိုင်းထား ဒီကောင်ကို လိုက်ကြပါဟ ငါတို့ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ကောင် အခုငါတို့အလှည့်ရောက်ပြီ လိုက်ကြဟေ့ ထိုးကြ ခုတ်ကြပါဟ ”

”အားး အမလေးး အမေရေ အမေကယ်ပါဦး ဒီမှာကျုပ်ကိုလာသတ်နေကြပြီဗျ အမလေးးကြောက်ပါပြီဗျ နောက်တစ်ခါမလုပ်တော့ပါဘူး ကယ်ကြပါဦး ကယ်ကြပါဦး ”

”သား သားလေးဖိုးထောင် သတိထားလေသားရဲ့ အမေရှိတယ်လေ သားလေး သတိထားပါကွယ် အီးးဟီးးဟီးး ”

ဖိုးထောင်အခြေအနေမှာတစ်နေ့တစ်ခြားဆိုးသည်ထက် ဆိုးဝါးလာသည်မှာ ယခုဆိုလျှင် တိရစ္ဆာန်တစ်ကောင်ပမာ လေးဘက်ကြီးထောက်ပြီး ပတ်ပြေးနေသောကြောင့်အခန်းထဲတွင် ထည့်ပိတ်ထားရသည်အထိပင်။ ပါးစပ်ကလည်း တိရိစ္ဆာန်ပေါင်းစုံ၏အော်သံမျိုးဖြင့်အော်လိုက် တစ်ခါတရံ ကယ်ပါယူပါ အော်ဟစ်လိုက်နှင့် မသေခင်ကပင်သူပြုခဲ့သော အကုသိုလ်အကျိုးတရားများကို အရှင်လတ်လတ်ပြန်လည်ခံစားနေရလေပြီ။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပဲ့တင်ပြန်လာတတ်သည်ပင်မဟုတ်ပါလော။ အကုသိုလ်၏ နောက်ဆက်တွဲ အကျိုးဆက်ကားဆိုးဝါးလွန်းလှသည်တကား။

ဦးဘမောင်တစ်ယောက်လည်း သူပြုခဲ့သည့်အကုသိုလ်၏ အကျိုးဆက်ကို ဘဝမကူးပဲ ခန္ဓာနှင့်ရင်းကာ မရှု့မလှပြန်ဆပ်သွားရလေသည်။ ယခုဖိုးထောင်သည်လည်း မသေခင်လောကငရဲကို ဝဋ်ဒုက္ခကြီးစွာဖြင့် တစ်လခန့်အသက်ရှင်လျက်နှင့် ပေးဆပ်ပြီးသည့်နောက်မှာတော့ တစ်ခုသောမနက်ခင်းမှာ အိပ်ရာပေါ်မှာအိပ်နေရင်းဖြင့်ပင် ကယ်ပါယူပါတစာစာနှင့်အော်ရင်း ဟစ်ရင်းဖြင့် ပါးစပ်မှအမြုပ်များထွက်ပြီး မျက်ဖြူလန်ကျကာ သူ့ဖခင်သွားရာ မရဏလမ်းသို့လှမ်းသွားခဲ့လေတော့သည်။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီး တစ်လခန့်အကြာမှာတော့ ရွာဦးကျောင်းဆရာတော်ထံတွင် သူပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို ရောင်းချထားသည့် ပိုက်ဆံများကို နဝကမ္မဝတ္ထုငွေအဖြစ် လာရောက်လှူဒါန်းနေသော တည်ငြိမ်အေးချမ်းသည့် မျက်နှာထားနှင့် သီလရှင်ဆရာလေးတစ်ဦးကို တွေ့မြင်ကြရပေသည်။

ထိုသီလရှင်ဆရာလေးကား အကုသိုလ်၏အကျိုးတရားကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးနောက် သံသရာမှလွတ်ငြိမ်းရာအမှန်ဖြစ်သည့် မြတ်နိဗ္ဗာန်ကိုရည်မှန်းကာ ကျန်ရှိသည့်သက်တမ်းတစ်လျောက် အေးမြသည့်တရားရိပ်တွင်သာ ခိုလှူံတော့မည်ဟု ဆုံးဖြတ်လိုက်သည့် ဆရာလေးဒေါ်ပညာစာရီ တစ်ဖြစ်လဲ ဒေါ်မြလှဖြစ်ကြောင်း အထူးပြောစရာမလိုတော့ပြီတည်း …………။

(အကုသိုလ်အကျိုးတရားများကို ဆင်ခြင်နိုင်ကြပါစေ )

#အမ်နိုင်း (oasis)
လျို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း ၊အတွဲ၂၁ အမှတ်၇၊ ၂၀၁၈ ၊ဧပြီလ