အဖေတစ်အိမ် သားတစ်အိမ်

အဖေတစ်အိမ် သားတစ်အိမ်(စ/ဆုံး)

—————————————-

နယ်မြို့လေးတစ်မြို့တွင် ဦးဘစံဟူသော သူဌေးတစ်ဦးရှိခဲ့ဖူးလေသည်။
ဦးဘစံသည် နေ့ချင်းညချင်း သူဌေးဖြစ်လာသူတစ်ဦးတော့ မဟုတ်ပါချေ။
ဦးဘစံ ကား အလုပ်အင်မတန်မှ ကြိုးစားပြီး သဘောမနောအလွန်ကောင်းသူ ဖြစ်ကာ စေ့စပ်သေချာသော လယ်သမားကြီးတစ်ဦးဖြစ်သည်။
ယခင်က ထိုမြို့လေး၏ အနီးအနားရှိ ရွာကြီးတစ်ရွာတွင် ဦးဘစံတို့မိသားစု နေထိုင်ကြကာ ဦးဘစံ၏ စည်းစနစ်ကျကျဖြင့် စုဆောင်းထိန်းသိမ်းမှုကြောင့် ငွေကြေးများ တစ်နေ့တစ်ခြားတိုးပွားလာကာ အတော်လေးပင်စုမိဆောင်းမိလာလေသည်။

ဦးဘစံ၏ အမျိုးသမီး မအေးကား နာမည်နှင့်လိုက်အောင်အေးဆေးစွာ နေတတ်သူတစ်ဦးလည်း ဖြစ်သည်။
ဦးဘစံတွင် သမီးနှစ်ယောက် သားတစ်ယောက် ရှိကာ အကြီးမနာမည်ကား အေးမေ…အလတ်မနာမည်ကား အေးရွှေ ဖြစ်ပြီး အငယ်ဆုံးသားလေး၏ အမည်ကား သက်ပိုင်စံ ဟု အသီးသီး အမည်ပေးထားလေသည်။

ထိုသားသမီး သုံးယောက်အနက် အငယ်ဆုံးသား..သက်ပိုင်စံ ကို တစ်အိမ်လုံးက ဖူးဖူးမှုတ်ချစ်ကြလေရာ အချစ်ခံ အလိုလိုက်ခံရသော သားသမီးများ၏ ထုံးစံအတိုင်း သက်ပိုင်စံ တစ်ယောက် တစ်နေ့တစ်ခြား ဆိုးသွမ်းလာလေသည်။

အိမ်သားများ အားလုံးက သက်ပိုင်စံအား ချစ်စနိုးဖြင့် ပိုင်ပိုင် ဟု ခေါ်ကြလေသည်။

အကြီးဆုံးသမီး အေးမေက တက္ကသိုလ်တက်မည့်အချိန် အလတ်မ အေးရွှေက ဆယ်တန်းကျောင်းသူ သက်ပိုင်စံ က ရှစ်တန်းတက်ရမည့် အချိန်တွင် ဦးဘစံ က သားသမီးပညာရေး အတွက် အဆင်ပြေရန်နှင့်မိမိသည်လည်း သူငယ်ချင်း၏ ပွဲရုံ၌ ရှယ်ရာ လုပ်လိုသောကြောင့် မြို့ပေါ်သို့ အပြီးပြောင်းရွှေ့နေထိုင်ရန် စီစဉ် လေတော့သည်။

မြို့ပေါ်တွင် ဆိတ်ငြိမ်သော ရက်ကွက်ထဲ ၌ ခြံဝိုင်းကျယ်ကြီးတစ်ခုအား ဝယ်ယူလိုက်လေသည်။

ထိုခြံဝိုင်း၏ အရှေ့ဘက်တွင် ညောင်ပင်ကြီးတစ်ပင် ရှိ၏။
အိမ်ဝိုင်း၏ တောင်ဘက်ခြမ်းတွင် ယခင်အိမ်ရှင်များနေထိုင်သွားသည့် နှစ်ထပ်ထရံကာအိမ်ကြီးရှိသည်။
ဦးဘစံတို့ ထိုအိမ်သို့ ပြောင်းခါစက ထိုနှစ်ထပ်ထရံကာအိမ်ကြီး၌ နေကြလေသည်။
အိမ်ဝိုင်း၏ မြောက်ဘက် မြေကွက်လပ်တွင် နှစ်ထပ်တိုက်အိမ်တစ်လုံးကို ထပ်မံဆောက်လုပ်လိုက်၏။

ဦးဘစံသည် မကြာမီပြီးစီးတော့မည့် တိုက်အိမ်ကြီးကိုကြည့်ကာ အင်မတန်သဘောကျလျှက်ရှိသည်။

မိမိဘဝတွင် ယခုကဲ့သို့ မြို့ပေါ်တွင် ခြံဝိုင်းကျယ်ကြီးနှင့် တိုက်တာနှင့် နေနိုင်ရန် ကြိုးစားခဲ့ရသည်မှာ နှစ်ပေါင်းမနည်းချေ။

တိုက်အသစ်ကြီး ပြီးစီးသွားပါက ယခုနေထိုင်ရာ အိမ်အဟောင်းအား ကုန်များလှောင်မည်ဟု တွေးထားလေသည်။
မြို့ပေါ်တွင် နေရသောကြောင့် ဦးဘစံ၏ သားသမီးများလည်း အင်မတန်မှ ပျော်ရွှင်နေကြလေသည်။

အထူးသဖြင့် ပိုင်ပိုင်က အပျော်ဆုံး။
ရွာနှင့်မြို့ ၏ နေထိုင်မှုစရိုက်သည် များစွာကွာခြားလှသည်မဟုတ်လား။
ပိုင်ပိုင်က ယခင် ရွာကျောင်းတက်စဥ်က မုန့်ဖိုးငွေများရှိသော်လည်း သုံးရမည့် နေရာက သိပ်မရှိပေ။
ယခု တော့ မြို့ပေါ်တွင် လိုချင်တာ အကုန်ရသည်။
မြို့ပေါ် ရောက်တော့ ပိုင်ပိုင် အပေါင်းအသင်းတရုန်းရုန်းဖြင့် ဆေးလိပ်သောက်တတ် အရက်ဘီယာများ သောက်တတ်လာသည်။

ဦးဘစံ ကား ပွဲရုံလုပ်ငန်းများဖြင့် ခရီးထွက်နေရသည်က များလေသည်။

အနေအေးသော မိခင်ဖြစ်သူ ဒေါ်အေးကလည်း သားသမီးများအား ပြောဆိုဆုံးမခြင်း သိပ်မရှိ။
ပိုင်ပိုင်၏ အစ်မနှစ်ဦးက လိမ္မာသလောက် ပိုင်ပိုင်ကား တစ်နေ့တစ်ခြား ခြေလှမ်းများပျက်လာသည်။
အိမ်အဟောင်း၏ အောက်ထပ်၌ ကုန်များအပြည့်လှောင်ထားပြီး အပေါ်ထပ်တွင် ပိုင်ပိုင်က နေ၏။
ပိုင်ပိုင်၏ သူငယ်ချင်းများ ပိုင်ပိုင့်ထံ လာအိပ်တတ်ကြလေရာ ပ်ိုင်ပိုင်က အစ်မများရှိသောကြောင့် အိမ်ဟောင်းဘက်တွင်သာ နေပါရစေဟု ပြောကာ နေခြင်းဖြစ်သည်။

အမှန်ကား ပိုင်ပိုင်တစ်ယောက် အိမ်ကြီးအပေါ်ထပ်၌ လွတ်လွတ်လပ်လပ် ကြိုက်တာလုပ်နေရခြင်းကြောင့်ဖြစ်သည်။

တိုက်အိမ်အသစ်တွင် ဦးဘစံ၏ သမီးနှစ်ယောက်နှင့် ဦးဘစံ တို့လင်မယားနှစ်ယောက်နေကြလေသည်။

ပိုင်ပိုင်ကား ဆယ်တန်းနှစ်၌ စာကိုစိတ်မဝင်စားတော့ချေ။
သားယောက်ျားလေး ၏ မိဘများသည် သားယောက်ျားလေးများ လူပျိုဝင်စအရွယ် တွင် အပေါင်းအသင်းမမှားရန် သေချာစောင့်ကြပ်ထိန်းသိမ်းသင့်သည်။(ဤကား စကားချပ်)

“ဟေ့ဟျောင် ငပိုင်.. ငါ့ဦးလေးဆီမှာ နတ်ပစ္စည်းတွေရှိတယ် မင်းသုံးကြည့်ပါလား… မင်းအဲ့ဒါတွေ သုံးပြီးရင် အရင်ကထက် ပေါ့ပါးပြီး နတ်ပြည်ရောက်သလိုကို ခံစားရမယ်…. မင်းကို ငါအလကားပေးမှာပါကွာ လက်ဆောင်ပေါ့…ဘော်ဒါခြင်းမို့ ကျွေးတာနော်… မင်းဘယ်သူမှ လျှောက်မပြောနဲ့..” ဟု ပိုင်ပိုင်၏ သူငယ်ချင်း မဲတူက ဆိုလေသည်။

မဲတူက ဆယ်တန်းနှစ်ကျ ကျောင်းသားဟောင်း ဖြစ်ကာ ပိုင်ပိုင်နှင့် အပြင်စာကျက်ဝိုင်းတစ်ခု တွင် ကျူရှင်တက်ရင်း ခင်မင်ကြခြင်း ဖြစ်သည်။
ပိုင်ပိုင်လို သုံးနိုင်ဖြုန်းနိုင်သော သူဌေးသားများကို မဲတူက အပီကပ်ကာ အပိုင်ပေါင်းသည်။

အစပိုင်းတွင် လိုက်လျောကာ အကုန်အလကား ကျွေးသည်။
ဤသို့ ပြုမူခြင်းမှာ သူ၏ စျေးကွက်တစ်ခု ။
မဲတူကား ကိုယ်တိုင်မူးယစ်ဆေးသုံးကာ ဖြန့်ဖြူးရောင်းချနေသူတစ်ဦးပင်။
အစပိုင်းတွင် မဲတူက သူဌေးသားများ နောက် လိုက်ကာ အောက်ကျို့ ခံသည်။

နောက်ပိုင်းတွင် သူဌေး သားများက မဲတူကို နောက်လိုက်ကာ အောက်ကျို့ ပေါင်းရသည်။
လိုအပ်သော မူးယစ်ဆေးများကို ရရှိရေးအတွက် မဲတူကို အခစား ပေါင်းကြရတော့သည်။

ပထမတွင် ပိုင်ပိုင်က ရာမ ဟု ခေါ်သော စိတ်ကြွဆေးပြားကို စတင်သုံးစွဲမိလေသည်။

ရာမကို သုံးရန်အတွက် ရေသန့်ဘူးငယ်ဘေးတွင် အပေါက်ဖောက်ကာ ပိုက်ဖြင့်..ရာမဆေးပြားအား ခဲစက္ကူပေါ်တင်ကာ မီးရှို့ပြီး ထွက်လာသော မီးခိုးငွေ့ကို ရေသန့်ဘူးမှ ပိုက်ဖြင့် ရှုသွင်းရလေသည်။

ဦးဘစံ က သားဖြစ်သူ ခြေလှမ်းပျက်နေသည်ကို ရိပ်မိသော်လည်း ဆယ်တန်းစာမေးပွဲ နီးပြီမို့ ဘာမှမပြောဖြစ်ခဲ့။
ဆယ်တန်းစာမေးပွဲ ကို ပိုင်ပိုင်လုံးဝ မဖြေနိုင်ခဲ့ပါ။
စာမေးပွဲ ပြီးသွားသောအခါ ပိုင်ပိုင်တစ်ယောက် လှောင်အိမ်ထဲက လွှတ်လိုက်သော ငှက်ပမာ အထိန်းအကွပ်မဲ့စွာ ထင်ရာစိုင်းလေတော့သည်။

မိခင်၏ ပိုက်ဆံအိတ်ထဲမှ ငွေများအား တောင်းသည်က တဖုံ.. မသိအောင်ခိုးသည်က တစ်မျိုးနှင့် မူးယစ်ဆေးဝါးများအား ဝယ်ယူသုံးစွဲလေသည်။
ရာမ ဆေးပြား အဆင့်မှ တစ်ဆင့် ဘိန်းဖြူ ကို ရှုသည်အထိ အဆင့်တတ်လာသည်။
အိမ်တွင်လည်း မကြာခဏ ငွေများပျောက်သောကြောင့် ဖခင်ဖြစ်သူဦးဘစံ သိရှိသွားလေတော့သည်။သို့သော် နောက်ကျသွားလေပြီ။

တိုက်လာတဲ့ လေအေးအေးကြောင့် ပိုင်ပိုင့ မှိန်းနေရင်း နတ်ပြည်ရောက်နေသလားထင်နေမိသည်။
ဒီလိုခံစားရသည့် အရသာကို ပိုင်ပိုင် ဘာနဲ့မှမလဲနိုင်။
ပိုင်ပိုင်၏ လက်မှာ ဆေးထိုးအပ်ရာများက ဗလပွ။
ပိုင်ပိုင် မျက်နှာက အတော်ပင် ချောင်ကျနေလေပြီ။
တစ်ချိန်က မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းသော ပိုင်ပိုင် ယခုတော့ ပိန်ညှော်ပြီး ဖြူဖတ်ဖြူရော်ပင်ဖြစ်နေလေသည်။
ရပ်ကွက်ထဲက ပိုင်ပိုင့်ကို ဆေးဘဲဟု ကွယ်ရာတွင်ခေါ်ကြသည်။
ပိုင်ပိုင်ကတော့ဂရုမစိုက်… ဤနွံထဲက ရုန်းမထွက်နိုင်တော့.. ကျေကျေနပ်နပ်ကြီးကို တိုးဝင်ရင်း နစ်သထက်နစ်နေပြီ။
ပိုင်ပိုင်သုံးစွဲသည့် မူးယစ်ဆေးဝါးက ဘိန်းဖြူ….။
သွေးကြောထဲ ထိုးသွင်းသည့်အဆင့်။
ဘိန်းဖြူသုံးစွဲသူများ အချိန်တန်လို့ မသုံးရလျှင် ယင်းထသည့် ဝေဒနါကို သေအောင်ခံစားကြရသည်။

” ဝုန်း” ဟူသော တံခါး ဆောင့်ဖွင့်သံကြောင့် ပိုင်ပိုင် မှိန်းနေရာမှ မျက်စိကို ဖွင့်ကြည့်လိုက်မိသည်။
သူ့အား ဒေါသတကြီး စိုက်ကြည့်နေသော ဖခင်ဖြစ်သူကို တွေ့လိုက်ရတော့ အတော်ပင်လန့်သွားလေသည်။
” ခွေးထက် မိုက်တဲ့ကောင်… သူခိုး…. ဘိန်းစား… မင်းကို ငါသတ်မယ်…. ” ဟု ဆိုကာ ဦးဘစံ ပိုင်ပိုင်အား လည်ပင်းမှ အင်္ကျီ စအား ဆွဲကိုင်ကာ မျက်နှာအား လက်သီးဖြင့် ထိုးလိုက်လေသည်။

” ခွပ်…. အား ” ဟူသော အသံများ… ” အဖေ..မလုပ်ပါနဲ့ မောင်လေးကို မလုပ်ပါနဲ့ အေးရွှေ.. အဖေ့ ကိုဆွဲထား ” ဟူသော အေးမေ၏ ငိုယ်ို ပြီးပြောလေရာ ” ကိုဘစံ.. ကျုပ်သားလေးကို မလုပ်ပါနဲ့…. ကျုပ်ကိုသာ သတ်လိုက်ပါ တော်… ” ဟူ ဒေါ်အေးကလည်း ငိုယိုကာ ဝင်တားလေသည်။
” မင်းလည်း အိမ်မှာနေပြီး သားသမီး ကိုမဆုံးမဘူး… ငါက အလုပ်နဲ့ နွားလို ဟိုပြေးဒီပြေး.. မိသားစုအတွက် ငွေကို ကုန်းရုန်းရှာနေတာ… မင်းက ကိုယ့်သားခြေလှမ်း ပျက်နေတာကို မသိဘူးလား… သားကို အလိုလိုက်…ငွေတွေ ကို တောင်းသမျှပေး… ခုတော့ မင်းသား ဘိန်းစား ဖြစ်နေပြီကွ…. ကြည့်စမ်းသူ့ လက်မှာ ဆေးထိုးအပ်ရာတွေ… မင်းသား လူညွန့်တုံးပြီကွ.. မအေးရဲ့ မင်းသိလား… ငါကွာ…ငါ.. တောက် ” ဟု ဦးဘစံ၏ ဒေါသတကြီး အသံများက ပတ်ဝန်းကျင်တွင် ဟိန်းထွက်လာလေသည်။
“အကြီးမ အေးရွှေ… မင်း မောင်ကို အခန်းထဲ သော့ခတ်ထား… ဒီအခန်းကနေ တစ်ဖဝါးမှ မခွာစေနဲ့… သော့ကို ငါ့ကိုပေးထား… ထမင်းစားချိန်… အခန်းထဲကို ထမင်းခွက် ပို့လိုက်… ခုသော့ခတ်လိုက်တော့… တစ်ယောက်မှ ဒီကောင့်နား မနေနဲ့ ခုလာခဲ့ကြတော့” ဟုဆိုကာ ဦးဘစံ အိမ်ပေါ်မှ ခြေလှမ်းကျဲ ကြီးများဖြင့် ဆင်းသွားလေသည်။
ဦးဘစံ ဤသို့ ေဒါသထွက်သည်ကို မမြင်ဖူးသော မိသားစုများလဲ ဦးဘစံ စကားကို မပယ်ရှား ဝံ့သဖြင့် ပိုင်ပိုင်အား သော့ခတ်ထား ကာ နှစ်ထပ်တိုက်အိမ်ဖက်သို့ ပြန်လာကြလေသည်။
ယခင်က ပျော်စရာတွေနှင့် ပြည့်နေသော သီရိဂေဟာလေးသည် ယခုတော့ သောကများဖြင့် ဆိတ်ငြိမ်လျှက်ရှိလေတော့သည်။
နောက်ရက် ပိုင်ပိုင် အချိန်တန်တော့ ယင်းထလာကာ တစ်ကိုယ်လုံး ယားယံလာသလိုပင် ခံစားရလေသည်။
သွေးကြောထဲမှ ပိုးကောင်များ တယွယွ တက်လာသလိုပင် ကုတ်လဲ မရ ပွတ်လဲ မရဖြင့် ပြာယာခတ် လူးလွန့်ကာ ဆောက်တည်ရာ မရ ဖြစ်လာသည်။
” အမေ… သားကို တံခါးဖွင့်ပေးပါ… သားမရတော့ ဘူး…. သားမနေနိုင်တော့ဘူး… မမတို့ရေ… သားကို ကယ်ပါ… အဖေ သားကို ခွင့်လွှတ်ပါ… သားကို ပစ်မထားပါနဲ့… သားခုန်ချလိုက်မှာနော်… သားမနေတတ်တော့ဘူး… အီးဟီးဟီး…. ကူကြပါဦးဗျာ ” ဟူသော အော်သံကြောင့် ဦးဘစံ က တစ်ယောက်မှ အဲဒီအိမ်ဘက် ခြေဦးမလှည့်နဲ့… သွားရင် ငါ့အကြောင်းသိမယ်… ဒီကောင်… ဒီလိုဖြစ်တာ နင်တို့အပြစ်လဲ မကင်းဘူး ” ဟု ပြောသောကြောင့် တစ်ယောက်မှ မလှုပ်ရဲကြ…. ပိုင်ပိုင်၏ အသံကြားတိုင်း ကြိတ်သာငိုကြရလေသည်။
ဦးဘစံက အိမ်၏ ပတ်ဝန်းကျင်မှ လက်သမား နှစ်ဦးကို ခေါ်ကာ ပိုင်ပိုင်နေထိုင်သော အပေါ်ထပ် အခန်း၏ ပြတင်းပေါက်များ အား သစ်သားပြားများဖြင့် အသေရိုပ်ပိတ်ထားလိုက်တော့သည်။

ပိုင်ပိုင် ခုန်ချမည် စိုးသောကြောင့်တည်း။
ပိုင်ပိုင်၏ အော်ဟစ်ညည်းညူ သံများက စိတ်မချမ်းမြေ့ဖွယ် အဖြစ် ပတ်ဝန်းကျင်တွင် လွှင့်ပျံ့နေလေသည်။
ဘေးအိမ်မှ ဆရာဝန် ကျော်ဇောက ဦးဘစံ အိမ်သို့လာကာ ” ကိုဘစံ… ခင်ဗျားသား ကြာရင်သေလိမ့်မယ်… မန္တလေးက မူးယစ်ဆေး ဖြတ်တဲ့ ဆေးရုံ ကို ပို့လိုက်ပါဗျာ… ကျုပ်မိတ်ဆွေ ဆရာဝန်တွေ ရှိတယ်… ပြီးတော့ ခင်ဗျားသားက ခင်ဗျား ပြောပုံအရ ဘိန်းဖြူကို သွေးကြောထဲ ထည့်တဲ့ အဆင့်ဗျ… ဒီလိုလူမျိုးများ ယင်းထရင် သိပ်ဆိုးဆိုးရွားရွား ခံစားရတာ…. ခင်ဗျားသားက သိပ်ငယ်သေးတယ်… ကျုပ်ပြောတာ လက်ခံလိုက်ပါဗျာ ” ဟု လာရောက်ဖျောင်းဖျလေသည်။
ကျုပ်နက်ဖြန် အရေးကြီး အလုပ်တွေ ချိန်းထားသေးတယ်… ကျုပ်စဥ်းစားလိုက်ဦးမယ်ဗျာ.. ခုလိုပြောပြတာ ကျေးဇူးပါ ” ဟု ပြန်ပြောလိုက်လေသည်။

ဒေါက်တာ ကျော်ဇော ပြန်သွား တော့ ဦးဘစံ သက်ပြင်းရှည်ကြီးအား မှုတ်ထုတ်လိုက်သည်။
နက်ဖြန် တစ်ပတ်ခါ အလုပ်ကိစ္စများ ပြီးပြတ်သွားရင် သားဖြစ်သူအား ဒေါက်တာ ကျော်ဇော ပြောသကဲ့ သို့ မန္တလေး သို့ ပို့ရမည်ဟု တွေးမိလိုက်သည်။
သမီး အေးမေ ဖြစ်သူအား ” သမီးကြီး… နောက်နှစ်ရက်နေပြီးရင် အဖေ တို့ မန္တလေး ကို မင်းရဲ့ မောင်လေးကို မန္တလေး ပို့ရအောင် လိုအပ်တာ ပြင်ဆင်ထားလိုက်… အငယ်မနဲ့ မအေးကတော့ အိမ်မှာနေခဲ့ ကြပေါ့… ငါအခု အပြင်သွားဦးမယ်.. နေ့လည်ကြရင် ငပိုင်ကြိုက်တဲ့ ဝက်သားပုန်းရည်ကြီးချက်လေးနဲ့ ထမင်းပို့ပေးလိုက်… မအေး မင်းသားအကြိုက်တွေ ချက်ပေးလိုက်ကွာ ကြားလား… ” ဟုမှာကြားကာ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားလေသည်။
ဦးဘစံ က သားလေးတစ်ယောက်တည်းမို့ အလွန်ချစ်ကာ အားကိုးရမည် ဟုလည်းမျှော်လင့်ထားလေသည်။

ယခုတော့ သားဖြစ်သူက အပေါင်းအသင်းမှားကာ မူးယစ်ဆေးဝါးသားကောင် ဘဝ ရောက်ရလေပြီ။

တစ်ခါမှ မရိုက်ဖူးသော သားအား ထိုးမိပြီး စိတ်မကောင်းဖြစ်ကာ ကွယ်ရာတွင် ယောက်ျားကြီး တန်မဲ့ မျက်ရည်ကျရသည်။

သား ဖြစ်သူ ၏ အော်သံများ ကြားပါက နှလုံးသားတစ်ခုလုံး ဆွဲညစ်သကဲ့သို့ နာကျင်ရလေသည်။

သို့သော် ဤ သို့ မထားလျှင်လည်း မဖြစ်…. ဦးဘစံက တောသူတောင်သား အတွေးဖြင့် ဤသို့ ပိတ်ထားလျှင် သားဖြစ်သူ မူးယစ်ဆေးဝါးများအား ပြတ်သွားမည်ဟုသာ ထင်နေမိလေသည်။

ပိုင်ပိုင်၏ အမြင်များ ဝေဝါးလာလေသည်။ ဘေးမှာလည်း မကောင်းဆိုးဝါး များ သူ့အား ရီမောလှောင်ပြောင် နေသည်ဟု ထင်နေမိသည်။

တံခါးများ ပိတ်ထား သောကြောင့် အသက်ရှူ မဝသလိုပင်။
” အား… မလာနဲ့ သွားကြ…သွား…. တံခါးဖွင့်ပေးပါ… တံခါးတွေ ဖွင့်ပေးကြပါ…. မကောင်းဆိုးရွား ကောင်တွေနဲ့ အတူ ပိတ်မထား ကြပါနဲ့ ဗျာ…. အမေရေ… မမတို့ ရေ…. ဖေကြီး ရေ သားကို ကယ်ကြပါ ပြတင်းပေါက်တွေ ဖွင့်ပေးကြပါ… သားအသက်ရှုတွေ ကြပ်နေပြီ… ” ဟု အော်ရင်း ပြတင်းပေါက် အား ပိတ်ကန်ကာ ဖွင့် လိုက်လေသည်။
သို့သော် ပြတင်းပေါက်က ပွင့်မသွားချေ။
ပိုင်ပိုင် ဘာမှ မတွေးတော့ သူ၏ ဦးခေါင်းဖြင့် ပြတင်း ပေါက် ကို ဆောင့်ကာ ဆောင့်ကာ ဖွင့်နေလေရာ ဦးခေါင်း တစ်ခုလုံး သွေးများ ဖြင့် ချင်းချင်း နီနေလေတော့သည်။
သွေးများ အလွန်အကျွံ ထွက်နေသော်လည်း ပိုင်ပိုင် နာရကောင်းမှန်း မသိတော့… သူ ပြတင်းပေါက်များ ပွင့်စေလိုသော အသိတစ်ခုသာ ရှိတော့သည်။
မကြာမီ…အမြင်အာရုံများ ဝေဝါးလာပြီး ဘာကိုမျှမသိတော့…
အေးမေ နှင့် ဒေါ်တို့ နှစ်ယောက် ပိုင်ပိုင်ရှိရာ အပေါ်ထပ်သို့ ပိုင်ပိုင်အကြိုက် ဟင်းလျာများ နှင့် ထမင်းပန်ကန်လေး အား ကိုင်ကာ တက်လာလေသည်။
” မေမေ မောင်လေး သနားပါတယ်… အော်ရလွန်းလို့ မောပြီး အိပ်နေတာ နေမှာ.. အသံတိတ်နေတယ်… ရော့မေမေ သော့ မေမေ သော့ဖွင့်လိုက်… သမီး ဟင်းချိုရည် ေဘးမှာ ဖိတ်နေတာ တွေ သန်ရှင်းလိုက်ဦးမယ်… မောင်လေးက အသန့်ကြိုက်တော့ ဟင်းပန်ကန်တွေ ပေနေရင် သူစားမှာ မဟုတ်ဘူး ” ဟု ပြောလိုက်သည်။
ဒေါ်အေးကလည်း သော့ယူကာ တံခါးဖွင့်လိုက်လျှင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ” အမလေး သားလေး ” ဟု အော်ကာသတိလစ် မေ့လဲကျ သွားလေသည်။
မိခင် အော်သံကြောင့် အေးမေ ကြည့်လိုက်ရာ ” အမလေး မောင်လေးရေ… ဘယ်လိုများ.. ဖြစ်ရတာလဲ… ဟင် မေမေ.. လုပ်ကြပါဦး…. မမရေ… မမလာပါဦး…. အမလေး လာကြပါဦး… သေကုန်ကြပြီလားမသိဘူး… အီး..ဟီးဟီး ” ဟု အသံကုန် အော်ငိုလေတော့သည်။
အေးမေ အော်သံကြောင့် အေးရွှေ ထိုအိမ်ကြီးထံ အမြန်ပြေးလာလေသည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် အေးရွှေဘာလုပ်ရမှန်းပင်မသိ…..
“အေးမေ ဒေါက်တာ ကျော်ဇောကို မြန်မြန်သွား ခေါ်ချေ….”
“မေမေ.. မေမေ သတိထားပါ… မောင်လေးရေ… မောင်လေး ဘယ်လိုများ ဖြစ်တာလဲ…. အမလေး အရပ်ကတို့ရဲ့… လာကြည့်ကြပါဦး… အီးဟီး…ဟီး ”
ဟု အရူးမီးဝိုင်း ငိုကြွေး လေသည်။

မကြာမီ… ဒေါက်တာ ကျော်ဇော မိသားစုနှင့် အေးမေတို့ အပြေးတစ်ပိုင်း ရောက်လာကာ ဒေါ်အေးအား ပြုစုသူက ပြုစု ကြသည်။

ဒေါက်တာ ကျော်ဇော မှ ပိုင်ပိုင်အား စမ်းသပ်ကာ ခေါင်းအား ဖြေးညင်းစွာ ရမ်းလိုက်လေသည်။

ဒေါက်တာ ကျော်ဇောက ဒေါ်အေးအား ဆေးတစ်လုံးထိုးပေးလိုက်လေသည်။

ပတ်ဝန်းကျင်မှ လူအချို့ လဲ ဦးဘစံ အိမ်သို့ ရောက်လာကာ ကူညီသင့်သည်များအား ကူညီနေကြလေသည်။

ထိုစဥ် ဦးဘစံ အလုပ်မှ အိမ်သို့ ပြန်ရောက်လာရာ ပတ်ဝန်းကျင်မှလူများကို တွေ့လိုက်ရသဖြင့် ဘာများ ဖြစ်ပါလိမ့်ဟု စိုးရိမ်သွားမိလေသည်။

ဖခင်အား တွေ့သည်နှင့် အေးမေက ဖခင်ဖြစ်သူထံ ပြေးကာ ” ဖေဖေ မောင်လေး သေပြီ… ပိုင်ပိုင်သေပြီ…. အဖေရဲ့ အီးဟီး…ဟီး ” ဟု ဆိုကာ ဖခင်ဖြစ်သူအား ဖက်ကာ ငိုကြွေးလေတော့သည်။

ဦးဘစံလည်း အိမ်​ဟောင်း၏ အပေါ်ထပ်သို့ပြေးတက်ကာ သားဖြစ်သူအား မြင်လျှင် ” မိုက်လိုက်တာ သားရယ်…. အဖေ့သား လူမိုက်ကြီး သေရှာ ပါပေါ့လား… အဲ့ဒါ အဖေ ကြောင့်… ကြည့်စမ်း ပြတင်းပေါက်တွေမှာ သားရဲ့ သွေးတွေ… သားလေး ပြတင်းပေါက်တွေ ဖွင့်ဖို့ကြိုးစားခဲ့တာလား… ဖေဖေ သားခုန်ချမှာ စိုးလို့ပါ သားရယ်… ဖေဖေ သားကို ချစ်လို့… စိတ်ပူလို့ပါကွာ.. ကိုကျော်ဇော ပြောတုန်းက ချက်ချင်း လက်ခံပြီး.. သားကို မန်းလေး ကိုပို့ရင်.. သားလေး ခုလိုဖြစ်မှာ မဟုတ်ဘူး… ဖေဖေကြောင့်… သားလေး ဖေဖေကြောင့် သေရရှာပြီ ” ဟု ပြောကာ ငိုကြွေး ရှာလေသည်။
ဒေါက်တာကျော်ဇောက ” ဘယ်တတ်နိုင်ပမလဲ ကိုဘစံ တရားနဲ့သာဖြေပါ… ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့… ခင်ဗျား သမီးနဲ့ ခင်ဗျား မိန်းမလဲ ရှိသေးတယ်… ခင်ဗျား မိန်းမလဲ စိတ်ထိခိုက်ပြီး မေ့လဲ သွားလို့ ကျုပ်ဆေးထိုးပေးထားရတယ်… ကြုံလာသမျှကို စိတ်ငြိမ်ငြ်ိမ်ထား ပြီး ရင်ဆိုင်ပါဗျာ ” ဟု အားပေးရှာလေသည်။

ပိုင်ပိုင် ၏ အသုဘ ချပြီး နောက် ဦးဘစံ တို့မိသားစု တွင် ပျော်ရွှင်ခြင်းများ ပျက်သုဉ်း သွားလေသည်ဟု ထင်ရပေသည်။
” တံခါးဖွင့်ပေးပါ… သားအသက်ရှုတွေ ကြပ်နေပါပြီ… တံခါးဖွင့်ပေးကြပါ… အီး..ဟီး…ဟီး.. ” ဟူသော အော်ညည်းသံကြီးအား ကြားလိုက်ရသောအခါ.. ဦးဘစံ တစ်ယောက် တူတစ်လက် အမြန်ယူကာ… အိမ်ဟောင်းဖက်သို့ ပြေးသွားလေသည်။
ထိုစဥ် ပတ်ဝန်းကျင်မှ ခွေးများက ” အူး…ဝူးး…ဝူး…. ” ဟု ဆွဲဆွဲငင်ငင် အူလိုက်ကြလေသည်။
ဦးဘစံ အိမ်ကြီး ၏ အပေါ်ထပ်သို့ ပြေးတက်သွားကာ ပိုင်ပိုင်နေသော အခန်းထဲ ရောက်ရှိလာလေသည်။
ထိုအခါ အခန်းထောင့်၌ ကုန်းကုန်းကွကွ သဏ္ဌာန်ဖြင့် သားဖြစ်သူ၏ အရိပ်ကဲ့သို့ တွေ့ရလျှင် ဦးဘစံ ရုတ်တရက် လန့်သွားလေသည်။

ပြီးမှ ” သားလေး… ပိုင်ပိုင်လားဟင်… ဖေဖေပြတင်းပေါက်တွေ ဖွင့်ပေးမယ်နော်… ” ဟု ဆိုကာ သစ်သားဖြင့် ရိုက်ပိတ်ထား သည်များအား တူဖြင့် ရိုက်ကာ ဖွင့်လေတော့သည်။
” ဒုန်း… ဒုန်း..ဒုန်း… ” ဟူသောထုရိုက်သံကြောင့် ဒေါ်အေး တို့လည်း နိုးလာကာ အိမ်ဟောင်းဆီသို့ လိုက်လာကြလေသည်။
” ကိုဘစံ… ညဘက်ကြီး ဘာတွေလုပ်နေတာလဲ… ” ဟု မေးရာ…
” ငါ့သားလေး တံခါးဖွင့်ပေးဆိုလို့ လာဖွင့်ပေးတာပါ…. ” ဟုသာပြောကာ ငိုနေလေသည်။
” လာပါဖေဖေရယ်… မောင်လေးက မရှိတော့ဘူးလေ.. လာပါ… ” ဟု ဆိုကာ အေးမေက ဖခင်ဖြစ်သူအား ခေါ်လေသည်။
” သားလေး မသေဘူး… သားလေးရှိနေတယ်… ဟိုမှာတွေ့လား… သားလေး ကြောက်နေရှာတယ်… လာသားလာ… ဖေဖေ ရှိတယ်… ဖေဖေ ပြတင်းပေါက် တွေ ဖွင့်ထား ပေးတယ်နော် ဟုဆိုကာ အခန်းထောင့် တစ်နေရာအား လက်ညှိုး ထိုးပြလေသည်။

ဒေါ်အေး တို့သားအမိသုံးယောက်လဲ ဦးဘစံ အား မနည်း ချော့ကာ နှစ်ထပ်တိုက်ဆီသို့ ပြန်ခေါ်လာကြရလေသည်။

ဦးဘစံ တစ်ယောက် သားစိတ်ဖြင့် တစ်ငိုငို တစ်ရယ်ရယ် ဖြစ်ကာ တစ်ယောက်တည်းစကား ပြောလိုက် ငိုလိုက် လုပ်နေလေသည်။
ဦးဘစံ တစ်ယောက် သားဖြစ်သူ သေဆုံးပြီး နောက်ပိုင်း နေ့မအိပ် ညမအိပ်ဖြင့် ကျန်းမာရေး ချို့ယွင်းကာ အလုပ်များ မလုပ်နိုင်တော့ပေ။

ဦးဘစံ စိတ်လွတ်သွားသော အချိန်တွင် တစ်ဦးတည်း စကားတတွတ်တွတ် ပြောနေတတ်ပြီး သတိရှိသောအချိန်တွင် ” မအေး… ငါ့ဘဝမှာ ခုလို တိုက်နဲ့ တာနဲ့ နေဖို့ ကြိုးစားခဲ့ ရတာ… ငါဒီအိမ်လေးကို သိပ်သဘောကျတယ်….
ငါတို့မိသားစု စုံစုံလင်လင်နဲ့ ဒီအိမ်မှာ ပျော်ခဲ့ ဖူးတာတွေ က ပြန်မရနိုင်တဲ့ အမှတ်တယ တွေပေါ့ကွာ…
ငါ့သားလေး လဲ ဒီအိမ်မှာ သေသွားတာဆိုတော့ သားလေး ငွေ့အသက်တွေ ရှိနေတဲ့ ဒီ ဝိုင်းကြီး ကို မရောင်းနဲ့ကွာ…. ရောင်းလိုက်ရင်.. ငါ့သားလေး နေစရာ မရှိပဲ ဖြစ်နေမယ်…
ကြည့်စမ်း ငါတို့ အခန်း ပြတင်းပေါက်လေးကနေကြည့်ရင် သားသေသွားတဲ့ အိမ်လေးကို မြင်နေရတယ်…
သားလေး အဲဒီအိမ်ထဲမှာ ရှိနေတယ်…
တစ်ခါတစ်ခါ သားလေးက သူနေတဲ့ အခန်းပြတင်းပေါက်ကနေ ငါတို့အိမ်ဖက်ကို ကြည့်နေတာကွ…
သားလေးခေါင်းကလဲ သွေးတွေက လဲ အများကြီး ကျနေတာကွာ…
ငါဖြင့်ကြည့်ရင်း သနားလွန်းလို့ မျက်ရည်တောင် ကျတယ် ”
ဟု ပြောကာ အသံများ တိမ်ဝင်သွားလေသည်။

ဦးဘစံ သည် နောက်ပိုင်း ကျန်းမာရေး အတော်ဆုတ်ယုတ်လာသောကြောင့် အိမ်ပေါ်အိမ်အောက်ပင် သိပ်မဆင်းတော့ချေ။

ဦးဘစံသည် ခုံလေးဖြင့်အခန်း၏ ပြတင်းပေါက်လေးတွင် အမြဲထိုင်ကာ သားဖြစ်သူသေသွားသော အိမ်ဟောင်းကြီးဘက်သို့သာ ဆွေးဆွေးမြေ့မြေ့ဖြင့် ကြည့်နေတတ်လေသည်။

ဒေါ်အေးတို့ သားအမိတွေလည်း ရှိသမျှ ထုခွဲရောင်းချကာ ဦးဘစံ အား ဆေးကုပေးရသဖြင့် အကြွေးများပင် တင်နေလေသည်။

ဦးဘစံ တစ်ယောက် တုတ်ကောက်ကို အားပြုကာ တစ်ခါတစ်ရံ အိမ်ဝိုင်း ကြီးထဲ၌ လမ်းလျှောက်တတ်လေသည်။

ဒေါ်အေးတို့သားအမိတွေလည်း အကြွေးများ တဖြေးဖြေး တိုးလာသောကြောင့် အိမ်ကြီးကို ရောင်းချရမည့် အခြေအနေ သို့ ရောက်လာလေသည်။

သို့သော် အိမ်ဝိုင်းကြီးကို ရောင်းချင်သော်လည်း..ညအချိန်တွင် အိမ်ဟောင်း ကြီးဖက်မှ ပိုင်ပိုင်၏ အော်သံ ကို ကြားရတတ်သဖြင့် သရဲခြောက်သည်ဟု ဆိုကာ မည်သူမှ မဝယ်ရဲချေ။
တစ်ရက်တွင်မူ သရဲဟူသော အရာကို မယုံသော ဘာသာခြား မိသားစု တစ်စု ကို ထိုဝိုင်းကြီးကို ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလာသဖြင့်.. ဒေါ်အေးတို့သားအမိလည်း အိမ်ကြီးအား ထိုဘာသာခြား လူမျိုး သူဌေး ထံ ရောင်းချလိုက်လေသည်။
ဦးဘစံကား ငိုရှာလေသည်။
အိမ်ကြီးကို ကြည့်ကာ ဝမ်းနည်းနေသော်လည်း မတတ်နိုင်ချေ။
မိမိက သေလူ… ကျန်လူများအပေါ်.. စိတ်ချမ်းသာ ရန် နှုတ်ဆိတ်နေရသော်လည်း ဤအိမ်ကြီး၌သာနေလိုသည်။
သားဖြစ်သူသေဆုံးသွားသော အိမ်ကြီးကို အလွမ်းပြေသာ ထိုင်ကြည့်ချင်နေလေသည်။
အိမ်အား ရောင်းချကာ ဒေါ်အေး၏ မိဘ ဆွေမျိုးများ ရှိရာ မန္တလေး သို့ ပြောင်းရွေ့ရန်ပြင်ဆင်ကြလေတော့သည်။
ပစ္စည်း များ အားလုံးကို ဒေါ်အေး၏ မောင်ဖြစ်သူကလာယောက် သိမ်းဆည်း ပေးကာ သူ၏ မိတ်ဆွေ ဆယ်ဘီးကားကြီးဖြင့် ပစ္စည်း များအား လာရောက်သယ်ဆောင်ပေးလေသည်။
” လာကိုဘစံ… အေးတို့ သွားရအောင်နော်… ” ဟု ဆိုရာ ဦးဘစံ က အိမ်ကြီးအား အိမ်ရှေ့ဘက်မှ ကြည့်ကာ အားရပါးရ ငိုရှာလေသည်။
ထို့နောက် သားဖြစ်သူ နေသွားသော အိမ်ကြီးအား ကြည့်ကာ လက်ပြကာ ငိုရင်း ” နေရစ်တော့ သားလေးရေ… သားလေးကို အကြိမ်ကြိမ် ကုသိုလ်ပြု အမျှဝေပေးပေမဲ့ သားက ရှိနေတုန်းပဲ… ငါ့သားလေးတောင် ရုပ်က အတော်ဆိုးလာပြီပဲ မျက်လုံးတွေကလဲ ပြူးထွက်လာပြီ….ဒီတစ်ခါ အဖေ ကို အပြစ်မတင်ပါနဲ့ကွာ… ” ဟု တတွတ်ပြောရင်း ကားပေါ်တက်လိုက်လေသည်။
ဤအိမ်၏ အမှတ်တရ တွေသည်လည်း ကျန်ရစ်ခဲ့ပေတော့မည်။
ထိုမြို့လေး မှ ထွက်ခွာလာသော ဦးဘစံတို့ကားလေးသည် မန္တလေး သို့သွားမည့် လမ်းမကြီးထံ ဦးတည်လိုက်သည်။
ဦးဘစံ ၏ မျက်ဝန်းထဲ၌ မိမိ၏ တိုက်အိမ်ကြီးကိုသာ မြင်ယောက်ပြီး ပြင်းစွာသော ဝမ်းနည်း နာကျင်ခြင်းကို ခံစားရလေသည်။
ဦးဘစံ က ဒေါ်အေး၏ ပုခုံးပေါ် ခေါင်းတင်ကာ ” အေး…ကိုသေရင် ကို့ရဲ့ အိမ်မှာပဲ အသုဘ ကိစ္စကို လုပ်ပေးပါကွာ ” ဟု ဆိုရှသောကြောင့် ဒေါ်အေး မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာပြီး ခင်ပွန်းဖြစ်သူ စိတ်ချမ်းသာ ရန် ” စိတ်ချ ပါကိုဘစံရယ်… အေး.. ကိုဘစံ ပြောတဲ့ အတိုင်း လုပ်ပေးပါ့မယ် ” ဟု ဆိုလိုက်ရာ ဦးဘစံ ပြုံးကာ ငြိမ်သက်သွားလေသည်။
” ဟင်… ကိုဘစံ… ကိုဘစံ… ကားဆရာ ခဏရပ်ပါဦး.. ကိုဘစံ ကို ခေါ်မရတော့လို့… သမီးတို့ရေ နင်တို့ အဖေ ကို ခေါ်မရတော့ဘူး… အီးဟီးဟီး… သနားစရာကောင်းလိုက်တဲ့ ကိုဘစံ… လမ်းမှာကြီး သေရသတဲ့လား… သူ့အိမ်လေးကိုသိပ်ပြီး ခင်တွယ်ရှာတာ… ” ဟု ဆိုကာ ငိုလေသည်။
ဒေါ်အေးတို့လည်း ဘာလုပ်ရမည်မှန်းမသိသောကြောင့် မိတ်ဆွေ ဒေါက်တာ ကျော်ဇောထံ ဖုန်းဆက် လိုက်သည်။
ဦးဘစံ ၏ နောက်ဆုံးဆန္ဒ ကိုလည်း ပြောပြလိုက်လေသည်။
ဒေါက်တာကျော်ဇောကလည်း… ” မအေး.. ကိုဘစံ အလောင်းကို ပြန်သယ်လာပါ.. ခင်ဗျားတို့ အိမ်ကိုဝယ်တဲ့ သူတွေကလဲ ကိုဘစံ အသုဘကို သူ့ရဲ့ အိမ်လေး မှာ လုပ်ဖို့ ခွင့်ပြုတယ်တဲ့” ဟု အကြောင်းပြန်သဖြင့် ကားအား သူတို့နေထိုင်ခဲ့သော မြို့လေး ရှိ သူတို့ ရောင်းချလိုက်သော အိမ်ဆီသို့ ပြန်လည်ဦးတည်လိုက်လေသည်။
ဒေါ်အေးက နွေးနေသေးသော ကိုဘစံ၏ လက်လေးကို သူမပါးလေးဖြင့် ကပ်ရင်း ” ရှင့်ဆန္ဒ အတိုင်း ကျမ ရှင့်ရဲ့ နာရေးကို ရှင်မြတ်နိုးခဲ့တဲ့ အိမ်လေးမှာ လုပ်ပေးဖို့ ပြန်လာပါပြီ… ရှင် စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါတော… သနားစရာကောင်းလိုက်တဲ့ ကိုဘစံရယ် ” ဟု ပြောရင်း မျက်ရည်များ တာဘောင်ကျိုးသကဲ့သို့ စီးကျလာလေသည်။

တစ်သိမ့်သိမ့်ရှိုက်ငိုနေကြသော အေးမေနှင့် အေးရွှေတို့ ညီအစ်မကိုလည်း ဒေါ်အေးကြည့်ကာ စိတ်မကောင်းအလွန်ဖြစ်ရသည်။
သို့သော် သမီးနှစ်ယောက်ကို နှစ်သိမ့်ရန် စကားတို့ကား ရှာမရ။

မိမိကိုယ်တိုင်ပင် စိတ်တင်းကာ မနည်း ရပ်တည်နေရလေပြီ မဟုတ်လော။
ဦးဘစံ၏ ရက်လည်ဆွမ်းသွတ် အမျှဝေပြီး မှသာ ဒေါ်အေး တို့ သားအမိသုံးယောက်လဲ မန္တလေးက ဆွေမျိုးများထံ သွားလိုက်ကြတော့သည်။
အမှတ်တရ များစွာ ရှိသော ထိုမြို့လေးသည် ဒေါ်အေးတို့ သားအမိ သုံးယောက်နှင့် တဖြေးဖြေး ဝေးကွာ သွားခဲ့လေပြီ။

တစ်နှစ်ခန့်ကြာပြီးနောက်
နှစ်ထပ် ထရံကာ အိမ်မြင့် ဆီသို့ ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်းယောက်ျားလေး သုံးဦး ပြောင်းရွှေ့လာလေသည်။
ကုမ္ပဏီ မှ ဤမြ်ို့လေးသို့ marketing ဆင်းခိုင်းသောကြောင့် ရောက်လာရခြင်းဖြစ်သည်။
တစ်လခန့် ပဲနေရမည်မို့ စျေးသက်သာသော အိမ်ကို ဌားနေကြလိုက်လေသည်။
” ဟျောင့် တွေ အိမ်က လူမနေတာကြာတော့ ဖုန်တွေချည်းပဲ… ဒီအခန်းပြတင်းပေါက်ပေါ်က ဘာအကွက်တွေလဲ မသိဘူးနော်.. ပြတင်းပေါက်တွေကလဲ လူသာမရှိသာ ဖွင့်ထားလိုက်တာ ကားလို့… ” ဟုဆိုကာ ပစ္စည်းများကို ချကာ သန့့်ရှင်းရေး လုပ်ကြလေသည်။
“ဟျောင့် … ဟိုဘက်တိုက် ပြတင်းပေါက်မှန်ကနေ ဘိုးတော် တစ်ယောက် ဒီဘက်ကို လှမ်းကြည့်နေတယ်…ပြောတော့ အဲ့ဒီတိုက်က လူမနေဘူးဆိုကွ” ဟု တစ်ယောက်မှ ပြောရာ
” စပ်စု မနေနဲ့ လုပ်စရာရှိတာလုပ်ပါ… ငါဗိုက်ဆာနေပြီ…. ” ဟုဆိုကာ အခန်းအား သန့်ရှင်းလိုက်ကြပြီး အထုပ်များအား နေရာချကာ အခန်းတံခါးများ သေချာပိတ်ကာ အပြင်ထွက်ကာ အနီးအနားရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားကြလေသည်။

သူတို့ ပြန်ရောက်သောအခါ အပေါ်ထပ် သူတို့ အခန်းပြတင်းပေါက်များ ပွင့်နေသည်ကို တွေ့ လိုက်ကြရာ ” ဟာ အပေါက်တွေ ပွင့်နေပါလား..ငါတို့ပစ္စည်းတွေ ကုန်ပြီနေမှာ ခိုးခံရပြီနေမှာ ” ဟု ဆိုကာ အပေါက်ထပ်သို့ အပြေးတက်ကြည့်ရာ ပစ္စည်းတွေ က ခြေရာ လက်ရာမပျက် ပေ။
ထိုအခါတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြလေသည်။
သူတို့လည်း ပင်ပန်းလာသောကြောင့် စောစောအိပ်ကြလေရာ မကြမီအိပ်ပျော်သွားကြလေသည်။
“အူး..ဝူး…ဝူးးးး.” ဟူသော ရှည်လျားစွာ ဆွဲငင်လိုက်သော ခွေးအူသံကြောင့် အောင်ဘု လန့်နိုးလာလေသည်။

” ငိုးမ ခွေးကလဲ ဒီနား လာအူနေတယ်… ကြောက်ပါတယ်ဆို ” ဟုရေရွတ်ရင်း ပြတင်းပေါက်များအား ပိတ်ပြီးပြန်အိပ်မည်အပြု ပြတင်းပေါက် များအား တစ်ဦးတစ်ယောက်က ကန်ဖွင့်လိုက်သကဲ့သို့ ပွင့်သွားရာ ” ဟျောင့်တွေ… ထ…ထ.. သရဲခြောက်တာနေမှာ… ထကြဦးကွ ” ဟု သူ၏ သူငယ်ချင်းနှစ်ယောက်အား အတင်းပင်နိုးလိုက်သည်။
“ဘာလဲကွ… အိပ်ချင်ပါတယ်ဆို… မင်းက လဲ.. ဘယ်မှာလဲ သရဲ ” ဟု ဆိုကြရာ အောင်ဘုက ” ငါ..ငါ..ခွေးအူလို့ ပြတင်းပေါက်တွေ ပိတ်တာ တစ်ယောက်ယောက်က ပြန်ကန်ဖွင့်လိုက်သလို ပွင့်သွားတာ ” ဟု ပြောကာ သူတို့နှစ်ယောက်ကြား အတင်းတိုးဝင်လေသည်။
“မင်းစိတ်ထင်လို့ပါကွာ.. ဒီမှာငါ ပိတ်ပြမယ်… ” ဟု ဆိုရင်း ငသက်က ပြတင်းပေါက်များကို ထပိတ်လိုက်ပြီး ထိုင်ရုံရှိသေး… ပြတင်းပေါက်က လူတစ်ဦး ကန်ဖွင့်သလို ပြန်ပွင့်သွားကြရာ ” အောင်မလေး ဗျ ” ဟု ပြိုင်တူ အော်မိကြလေသည်။
ထိုစဉ် ” အီးဟီးဟီး… ပြတင်းပေါက် တွေ ဖွင့်ပေးကြပါ အသက်ရှုကြပ်လို့ပါ… အီးဟီး ဟီး” ဟူသော ခြောက်ကပ်ကပ် အသံကြီးကို အနီးကပ်ကြား လိုက်ကြရာ သုံးယောက်သား အိမ်ပေါ်မှ ဆင်းပြေးကြလေသည်။
အိမ်အောက်သို့ ရောက်သောအခါ တုတ်ကောက် တစ်ချောင်းနှင့် ထိုဝိုင်းအကျယ်ကြီး တွင် တရွေ့ရွေ့ လမ်းလျှောက်နေသော လူကြီးတစ်ဦးကို တွေ့လိုက်ရာ.. ” ဦးလေး ကယ်ပါဦးဗျ သရဲခြောက်လို့ ” ဟု လှမ်းပြောရာ.. ထိုလူကြီးသည် ရုတ်တရက် သူတို့ မျက်စ်ိရှေ့တွင် ပျောက်သွား တော့သည်။
သူတို့လည်း ” ဟာ… ဟင် ” ဟူသော အာမေဋိတ်သံများ ထွက်ကာ ” ဘယ်ပျောက်သွားပါလိမ့် ဟိုလူကြီးက ” ဟု ဆိုရင်း ဟိုကြည့်ဒီကြည့် ကြည့်ကြသည်။
ထိုနေ့က လပြည့်ခါနီးမို့ ပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နေရလေသည်။
အောင်ပုက ” ဟိုမှာ…. ဟိုတိုက် အပေါ်ထပ် ပြတင်းပေါက် မှာ ဟိုလူကြီး မို့လား…” ဟု တုန်တုန် ရင်ရင်ဖြင့် ပြောရာ သုံး​ယောက်သား တိုက်ပေါ် ကြည့်မိကြလေရာ ပြတင်းပေါက်တွင် မားမား ကြီးရပ်ကာ သူတို့သုံးဦး အားစိုက်ကြည့်နေသော ထိုလူကြီးကို တွေ့လိုက်ကြရာ ” အမလေး… ဟ… သရဲဟ.. သရဲ.. ကယ်ကြပါဗျ ” ဟု အော်သံသည် ပတ်ဝန်းကျင် တစ်ခုလုံး လွှမ်းမိုးသွား လေတော့သည်။

ထိုနေ့ညတွင် ထိုသုံးယောက်သည် ထိုအိမ်ကြီးသို့ ခြေဦးပင် မလှည့် လာကြတော့။

ကြုံရာ တည်းခိုခန်းတစ်ခုတွင် တောင်းတောင်း ပန်ပန်ပြောကာ ညအိပ်ကြပြီး နောက်ရက်မနက်မှ မိတ်ဆွေများ ခေါ်လာကာ ပစ္စည်း များ လာရောက်ယူသွားကြတော့သည်။
နောက်ပိုင်း ထိုအိမ်သို့ လာရောက်နေထိုင်သူများလည်း တစ်ညနှင့်ပင် ပြန်ပြေးကြတော့သည်။
ယခုချိန်ထိ ထိုအိမ်ဝိုင်းကျယ်ကြီး ရှိ အိမ်နှစ်အိမ်လုံးတွင် နေထိုင်မည့်သူ တစ်ဦးမျှ မရှိပါချေ။

ထိုအိမ်ရှေ့ ဖြတ်သွားသူများက နှစ်ထပ်ထရံကာ အိမ်အမြင့်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်များ အမြဲ ဖွင့်ထား သည်ကို အမြဲ တွေ့ကြရပြီး…. တိုက်အိမ်အပေါ်ထပ် ပြတင်းပေါက်တွင် လူတစ်ဦး ရပ်ကြည့်နေသည်ကို ရံဖန်ရံခါ တွေ့တတ်ကြလေသည်။
လေးစားစွာဖြင့်
စာရေးသူ နန်းကြာညို