*အလိုလိုက် အမိုက်စော်ကား*📖📖📖
***********************************
=============
သားသမီးကို လွန်စွာကြောက်နေအောင် ရိုက်နှက်ခြင်း၊ တင်းကြပ်လွန်းစွာ ချုပ်ချယ်ခြင်း တို့သည် မှားယွင်းပါသည်။ ထို့အတူပင် နေရာ တကာမှာ အလိုလိုက်သင့်သည်ထက် ပိုမိုအလို လိုက်လျှင်လည်း ပျက်စီးတတ်သည်။
နောက်ဆုံးတွင် “အလိုလိုက် အမိုက် စော်ကား”ဆိုသကဲ့သို့ မိဘကိုပင် ဒုက္ခပေးသည့် သားဆိုးသမီးဆိုးဖြစ်သွားတတ်၏။
မိဘတိုင်းသည် သားသမီးကို ချစ်ကြသည်မှာ ဓမ္မတာဖြစ်၏။ ထိုသို့ ချစ်၍ သားသမီးတွင် အပြစ် ရှိလျှင်လည်း အပြစ်ကိုမမြင်၊ မြင်ပြန်လျှင်လည်း ပေါ့ပေါ့သာတွေး၍ ခွင့်လွှတ်ချင်ကြ၏။ ခွင့်လွှတ် သင့်သည်ထင်၍ ခွင့်လွှတ်သည့်တိုင်အောင် မှားလျှင် မှားသည့်အကြောင်း သဘောပေါက် အောင်တော့ ပြောဖို့ကောင်းသည်။ မပြောလျှင် အမှားကိုဆက်၍ ကျူးလွန်တတ်၏။ ပို၍ကြီးသော အပြစ်များကိုပင် တစ်ဆင့်ထက် တစ်ဆင့်တက်၍ ကျူးလွန်လာတတ်၏။ အပ်ဖြင့်ထွင်းရမည်ကို အပ်ဖြင့်မထွင်းခဲ့လျှင် ပုဆိန်ဖြင့် ပေါက်ရမည့် အခြေအနေဆိုးသို့ တိုးတက်ရောက်ရှိလာတတ် ၏။
အချို့သော မိဘများမှာ အလိုမလိုက်သင့် သည်တို့ကိုပင် အလိုလိုက်သည်များ ရှိကြ၏။ မိတ်ဆွေတစ်ယောက်၏ အိမ်တွင် အလိုလိုက်ထား သော ကလေးကြောင့် ဧည့်သည်လာတိုင်း ဒုက္ခ ဖြစ်ရ၏။
“ဟင့်အင်း၊ ဒီလူကြီးမလာရဘူး၊ အိမ်ထဲ မဝင်နဲ့”
“အား ဒီမိန်းမကြီး အဲဒီခုံမှာ မထိုင်ရဘူး၊ ကော်ဖီမသောက်ရဘူး၊ ကော်ဖီခွက်ကို မကိုင်နဲ့”
ဧည့်သည်လာတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကန့်ကွက်သည်။ မရလျှင် ပစ်လှဲ၍ အော်ငိုတတ် သည်။
ဧည့်သည်မှာ ကလေး၏ မိဘကိုသာ အားကိုးတကြီး လှမ်းကြည့်ရသည်။
“သားက အလိုလိုက်ထားလို့ သိပ်ဆိုးတာပဲ ဗျာ၊ တောင်းပန်ပါတယ်”ဟု ဖခင်ကဆို၏။
ကလေးကိုတော့ ဟန့်တားခြင်းမရှိ။ ဧည့်သည် များမှာ ကသိကအောက်နှင့် ခပ်မြန်မြန် ပြေး ကြရသည်။
လွန်စွာအရုပ်ဆိုးသော ကိစ္စဖြစ်၏။ ကလေး ကို ဤမျှအထိ အလိုမလိုက်သင့်ပါ။ ဟန့်တားသင့် သည်။ ဆိုဆုံးမသင့်သည်။ ကလေးလည်း ကလေး အလျောက် သိပါသည်။ နားလည်ပါသည်။ လူကြီး က လက်ခံခွင့်ပြုထား၍သာ လုပ်နေခြင်းဖြစ်သည်။ လူကြီးက မလုပ်သင့်၍ မလိုက်လျောလျှင် ဆက်ပြီးလုပ်ဝံ့မည်မဟုတ်ပါ။
ကျွန်တော်၏မိတ်ဆွေ အရာရှိတစ်ယောက် မှာ သမီးလေးတစ်ယောက်သာရှိ၍ သိပ်ပြီးအလို လိုက်ထားသည်။ ထိုအရာရှိ၏ မော်တော်ကား မောင်းသူမှာ ကလေး၏ ဆိုးမျိုးအဖုံဖုံကို ခံရသည်။ ထိုကားမောင်းသူ၏ ခြေသလုံးမွေးများမှာ သန်မာ များပြားသည်။ အရာရှိ၏ သမီးငယ်သည် ထိုခြေသလုံးမွေးများကို အလွန်နုတ်ချင်သည်။ အခွင့်သာတိုင်းဆွဲနုတ်သည်။ ကားမောင်းသူမှာ နာလွန်း၍ အနုတ်မခံလျှင် ကလေးက သူ့အဖေ ကြားအောင် အော်ငိုသည်။
ထိုအခါ အဖေဖြစ်သူက သူ့သမီးဘာကြောင့် ငိုရသည်ကို ဒေါသတကြီး အော်ဟစ်မေးတတ် သည်။ ကားမောင်းသူက ခြေသလုံးမွေးကို မနုတ်ရ၍ ငိုကြောင်းပြန်ပြောရာ-
“အိုကွာ- မင်းကလည်း ကလေးက ဒီလောက် ငိုနေတာ နုတ်စမ်းပါစေ” ဟုဆိုသည်။
“သိပ်နာတယ်ဆရာရဲ့”ဟု ပြန်ပြောရာ “ဒီလောက်နာတာနဲ့ သေမသွားပါဘူးကွာ၊ သမီး မငိုနဲ့ နုတ်နုတ်”ဟု ဆိုသည်။
မော်တော်ကားမောင်းသူမှာ ဆရာကို ကြောက် ၍ အလိုလေး၊ အံမယ်လေးအော်ပြီး ခြေသလုံးမွေး အနုတ်ခံရသည်။
မည်သို့ပင် ချစ်ချစ် ဤမျှအထိ အလိုမလိုက် သင့်ပါ။ ကလေးကို အဆိုးကျင့်ပေးသည်နှင့် တူသည်။ ထိုကလေးမျိုးများမှာ မိဘ၏ ချစ်ခင် အလိုလိုက်ခြင်းကို ခံရသော်လည်း ပတ်ဝန်းကျင် ၏ စိတ်ပျက်မှုကို ခံရတတ်သည်။ ပတ်ဝန်းကျင်နှင့် အဆင်မပြေဖြစ်တတ်သည်။ အချစ်မတတ်လျှင် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။
အချို့ ခေတ်ပညာတတ်မိဘများမှာ ကလေး ကို မကြောက်တတ်စေရဘူး။ မလန့်တတ်စေ ရဘူး၊ ငယ်ငယ်ကတည်းက ဘာမဆို ပြောရဲဆိုရဲ သတ္တိရှိရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကလေး ကို ပြုစုပျိုးထောင်ပေးကြသည်။ မှန်ပါသည်။ ကောင်းပါသည်။
ကလေးငယ်ကို ကြောင်ဖားကြီးမြီးတံတိုနှင့် ခြောက်ခြင်း၊ တစေကြီး၊ သရဲကြီးနှင့် ခြောက်ခြင်း၊ အရူးကြီးနှင့် ခြောက်ခြင်းစသည်တို့မှာ မကောင်း ပါ။ ကလေးလွဲမှားစွာ ယုံကြည်၍ သတ္တိနည်း အောင် မပြုလုပ်သင့်ပါ။ သို့သော် မကြောက် တတ်အောင် ပြုစုပျိုးထောင်ရင်းနှင့် ဘာကိုမှ ဘယ်သူ့ကိုမှ မကြောက်တတ်သည်အထိဆိုလျှင် လည်း တစ်ဖက်စွန်းသို့ ရောက်သွားတတ်သည်။
သတ္တိရှိသည်မှာ ကောင်းသော်လည်း ရဲလွန်း လျှင် ရိုင်းတတ်သည်။ ရိုင်းလျှင် အရိုအသေတန် သည်။ ထောင့်မကျိုးဘဲ ဖြစ်တတ်သည်။ ဆရာ သမားလူကြီးသူမတို့ကိုပင် မလေးမခန့် ပြုတတ် သည်။ ရွယ်တူအပေါင်းအသင်း အချင်းချင်းဆိုလျှင် လည်း ကိုယ်ကသာ အသိအတတ် ကိုယ်ပြောတာ သာ အမှန်၊ အရာရာမှာ ကိုယ်သာအတော်ဆုံးဟု အထင်ရောက်၍ နေတတ်သည်။
မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိသည်မှာ ကောင်းပါ၏။ သို့သော် မိမိကိုယ်ကိုယ် သိပ်အထင် ရောက်လွန်းလျှင် သူတစ်ဖက်သားကို အထင်သေး ၍ ပြက်ရယ်ပြုမိတတ်သည်။ နှိမ်မိတတ်သည်။ နှိမ့်ချသောအမြင်ဖြင့် သရော်မော်ကား စော်ကား ပြုမိတတ်သည်။ ထိုကလေးမျိုးသည် လူချစ်လူခင် နည်း၍ လူမုန်းများတတ်၏။
ရဲရင့်အောင်၊ သတ္တိရှိအောင် ပြုစုပျိုးထောင် ပေးသည့်နည်းတူ လိမ္မာယဉ်ကျေးအောင်လည်း သွန်သင်ဆုံးမသင့်သည်။ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုရှိအောင် အားပေးသင့်သလို သူတစ်ဖက် သားကိုလည်း လေးစားတတ်အောင်၊ စာနာတတ် အောင် ဆုံးမပြုပြင်ပေးသင့်သည်။
ဆရာ၊ ဆရာမကို ရိုသေလေးစားတတ်ခြင်း၊ အသက်ကြီးသူများကို ရိုသေလေးစားတတ်ခြင်း သည် ယဉ်ကျေးသိမ်မွေ့မှုဖြစ်၏။ ငယ်သူများကို သနားညှာတာတတ်ခြင်း၊ ကူညီတတ်ခြင်းသည် လည်း စိတ်ကောင်းရှိခြင်းဖြစ်၏။ စိတ်ကောင်းရှိမှ လူချစ်လူခင်များသည်။ ဘဝတွင် နေ၍ ထိုင်၍ အဆင်ပြေသည်။ စိတ်ကောင်းမရှိလျှင် မည်မျှပင် တော်စေကာမူ ပြည့်စုံသော လူတစ်ယောက်မဖြစ် နိုင်။ ဘဝတွင် အဆင်မပြေမှုများစွာကို ကြုံတွေ့ ရတတ်သည်။
ယခုအခါတွင် မိဘများစွာသည် ကိုယ့်သား သမီးကို သတ္တိရှိရေး၊ ပညာထူးချွန်ရေးကိုသာ အလေးပေးလွန်းနေကြသည်။ စိတ်ရင်းကောင်းရှိ ရန် လိမ္မာသော၊ ယဉ်ကျေးသိမ်မွေ့သော လူ ကောင်းကလေးဖြစ်ရန် ဆုံးမသွန်သင်နိုင်မှု အားနည်းလာကြသည်။ အထူးသဖြင့် မြို့ကြီး ပြကြီးများတွင် ပြောဆို၍ မကောင်းသော လူငယ် တွေ ပိုများလာသည်။
ဆရာကိုလည်း ဆရာမမှတ်၊ မရိုမသေ ဆက်ဆံကြသည်။ လူကြီးကိုလည်း လူကြီးမှန်း မသိဖြစ်လာကြသည်။ တစ်ဖက်မှ အထောက်အပံ့ ကောင်းဖြစ်သည့် ဘာသာရေးအဆုံးအမများကို သင်ကြားခြင်း၊ လေ့ကျင့်လိုက်နာစေခြင်း နည်းပါး လာသည်။ စာပေရုပ်ရှင်တို့တွင်လည်း အထိုး အခုတ်၊ အသတ်အပုတ်များကို တွေ့မြင်အားကျ နေကြသည်။ ထို့ကြောင့် အချင်းချင်းဆက်ဆံရာ တွင် သည်းခံစိတ်နည်း၍ ရန်လိုမှုများလာကြ သည်။ မတော်တဆကြည့်မိလျှင် “ဘာကြည့် တာလဲ၊ ချချင်လို့လား”ဆိုသော မေးခွန်းမျိုးဖြင့် ရန်လုပ်တတ်ကြသည်။ ထို့ကြောင့် လူငယ်ချင်းခိုက်ရန်ဖြစ်ပွားမှုများလာသည်။ အားနွဲ့သူ မိန်းကလေးများကိုလည်း နှမချင်းစာနာမှု နည်းပါး၍ ရှေ့မှာပင် မျက်နှာပြောင်တိုက်ပြီး နောက်ပြောင်စော်ကားရဲလာကြသည်။ ယဉ်ကျေး မှုပျက်ပြီး ရိုင်းစိုင်းလာခြင်းဖြစ်သည်။
အချို့ငွေကြေးတတ်နိုင်သူတို့မှာ သရုပ်ပျက် ရိုင်းစိုင်းခြင်းကိုပင် အဟုတ်ကြီးထင်၍ မိမိတို့၏ ကိုယ်ပိုင်မော်တော်ကားဘေးတွင် ကလေးသေး ပန်းနေသည့်ပုံကို အမြတ်တနိုး ကပ်ထားခြင်း၊ ကား၏နောက်မှန်တွင် ခြေဖဝါးနှစ်ဖက်ကို တပ်ဆင်ထားခြင်း ပြုကြသည်။ ကြည့်မြင်သူ မှန်သမျှကို ကြီးငယ်မဟူ စော်ကားနေခြင်း ဖြစ်သည်။ အချို့လူငယ်များသည် ရင်ဘတ်မှာ၊ ကျောမှာ ခြေဖဝါးရာကြီးများပါသော အင်္ကျီများကို ပင် ဝတ်ဆင်ကြသည်။ မိဘတိုင်းသည် မိမိတို့၏ သားသမီးများကို လိမ္မာယဉ်ကျေးအောင် ဆုံးမ သွန်သင်ပေးသင့်သည်။ ရိုင်းစိုင်းအောင်၊ ဆိုး အောင် အားပေးအားမြှောက်သဘော သက်ရောက် သည်တို့ကို ခွင့်မပြုသင့်ပါ။ အားမပေးသင့်ပါ။ နောင်အခါမှာ “ကိုယ့်အတတ်နှင့် ကိုယ်စူးနုတ်လို့ မရဘူး”ဆိုသကဲ့သို့ ကိုယ်တိုင်ပင်လျှင် စိတ်ဆင်းရဲ ခြင်းများနှင့် ကြုံတွေ့ရမည်ကို သတိမူသင့်သည်။
သားသမီးကိုချစ်သော်လည်း အလွန်အမင်း အလိုမလိုက်သင့်ပါ။ ပြောသင့်သည်ကို ပြောရ မည်။ တင်းတင်းမာမာ ဟန့်တားသင့်သည်ကို တင်းတင်းမာမာ ဟန့်တားရမည်။ သတ္တိရှိအောင်၊ ရဲရင့်အောင် ပြုစုပျိုးထောင်ပေးသည့်နည်းတူ လိမ္မာယဉ်ကျေးအောင်လည်း သွန်သင်ပေးသင့် သည်။ စိတ်ကောင်းရှိမှ လူကောင်းဖြစ်နိုင်သည်။ မကောင်းလျှင် မည်မျှပင်တော်တော် မပြည့်စုံပါ။ ထို့ကြောင့် တော်ရေးကို တွန်းအားပေးနေကြသလို ကောင်းရေးကိုလည်း အလေးအနက်ထား၍ ဆုံးမ သွန်သင်သင့်ပါသည်။
လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ(၂၁)၊ အမှတ်(၁၄)