အောက်လမ်းဘိုးထင် နှင့် ကဝေရွာ

အောက်လမ်းဘိုးထင် နှင့် ကဝေရွာ
(၇၀)
◾အခန်း (၁)
ပေပင်ရွာလေး၏ ရွာအထွက်လမ်းတွင် လှည်းနှစ်စီးသည် စပါးများကို ရိုင်ပတ်ပြီးတင်ကာ သယ်ဆောင်လာသည်။လှည်းပေါ်တွင်တော့ ချွေးသံရွှဲရွှဲ နှင့် လူငယ်လေးများ ပါလာသည်။လှည်းနှစ်စီးကိုမောင်းသူများမှာ ဖိုးထွေးနှင့် သာရတို့ဖြစ်ပြီး သာရ၏လှည်းမှာ အရှေ့မှမောင်းပြီး လှည်းပေါ်တွင် ကဝေမြောက်စုန်းဒေါ်ညွန့် နှင့် မောင်ဘိုးထင်တို့ ပါလာ၏။အနောက်မှ ဖိုးထွေးမောင်းသောလှည်းတွင်တော့ သာအေးနှင့် ပေတူးတို့ လိုက်ပါလာသည်။မောင်ဘိုးထင်သည် စပါးများပေါ်တွင် စပါးအိတ်အခွံများခင်းကာ ထိုင်နေသော နံဘေးရှိဒေါ်ညွန့်အား ကြည့်ကာ စကားဆိုလေသည် ။
“အရီးက စက်ကြိုးစီးပြီးသွားနှင့်ရောပေါ့ ဘယ်နားမှာ စောင့်နေမယ်ဟေ့ဆို ကျုပ်တို့က အဲ့ဒီနေရာကို မောင်းခဲ့မှာပေါ့”
“နင်တို့က ယုံရတာမဟုတ်ဘူး အခုလည်း လှည်းခဆိုပြီး စပါးတဆယ်တောင်းတယ် တကယ်ဆို နင်တို့က အလကားတောင်လိုက်ပို့ရမှာ “
“အရီးက ကျုပ်တို့ကို အလကားကူညီထားတာဆိုတော့ “
“ထားလိုက်တော့ ငါ နင်တို့လှည်းနဲ့ပဲ လိုက်မယ် ရွာက စထွက်တည်းက နင်က စက်ကြိုးပဲ စီးခိုင်းနေတာ ဘာလဲ စပါး‌တွေ အလစ်သုတ်မလို့လား “
“မဟုတ်ပါဘူးအရီးရာ အရီး ပင်ပန်းလို့ပါဗျ”
“မပင်ပန်းဘူးဟေ့ ကဝေရွာကို ရောက်အောင်သွားမှာ “
“ကဝေရွာ ကျုပ်တို့ဖြင့် ကြားတောင်မကြားဖူးဘူး”
“ကြားဖူးမလားဟဲ့ အဲ့တာကြောင့်ပဲ နင်တို့ စပါးတရာပေးရတာလေ စပါးလေး တရာရပါတယ် လှည်းခက တစီးကို တဆယ်ပေးရတယ်လို့အေ “
ဒေါ်ညွန့်သည် အဖိုးအခအဖြစ်ရထားသည့် စပါးများထဲမှ ဖိုးထွေးနှင့် သာရအား တဆယ်စီပေးရသည်ကို ယခုထိ ကျေနပ်ပုံမပေါ်ပေ။ဤသို့ဖြင့် သူတို့ ခရီးဆက်လာရာ ညနေ နေဝင်ချိန်သို့ပင် ရောက်ရှိလာပြီဖြစ်သော်လည်း ယခုထိ ကဝေရွာကို မရောက်သေးပေ။ထို့ကြောင့် လှည်းမောင်းနေသော သာရသည် ဒေါ်ညွန့်ကို ငဲ့စောင်းကြည့်လိုက်ကာ
“အရီး မရောက်သေးဘူးလားဗျာ့ ကျုပ်နွားတွေ ပင်ပန်းလွန်းလှပြီ”
“အေးဟယ် မရောက်သေးဘူး နင်တို့နွားတွေကို အနားပေး လိုက်ဦး ရှေ့နားလေးမှာ ရေကန်လေးရှိတယ် ရေခပ်တိုက်ကြ “
“အရီးပြောပုံအရ တော်တော် ဝေးသေးတယ် ထင်ပါ့ “
“ဝေးသေးတာပေါ့ဟဲ့ ကဝေတွေချည်းပဲနေတဲ့ ရွာကို လွယ်လွယ်နဲ့သွားလို့ ရမှာတဲ့လား”
“အင်းပါဗျာ ဟုတ်ပါပြီ အဲ့တာဆို ကျုပ်တို့ရှေ့မှာ ခဏနားကြတာပေါ့ ဟေ့ ဖိုးထွေးရေ ရှေ့ကျရင် နွားတွေကို ခဏအနား ပေးမယ်ဟေ့ “
သာရသည် ဒေါ်ညွန့်အားပြောအပြီး ဖိုးထွေးကိုပါ လှမ်းအော်ပြောလိုက်သည်။များမကြာသောအချိန်တွင် လှည်းလေးအား ရပ်လိုက်ပြီး ရုံးသားဖြင့်ပြုလုပ်ထားသော လှည်းထောက်ဂွကို လှည်းဦးမှာ ထောက်ထားလိုက်ပြီးနောက် နွားများကို လှည်းမှဖြုတ်ကာ ခေတ္တခဏလွှတ်ကျောင်းရင်း သူတို့သည်လည်း လှည်းဘေးတွင် ထိုင်ကာ အနားယူနေကြပါတော့သည် ။
◾အခန်း (၂)
“အရီး “
“အေး ပြော”
“ကျုပ်တို့ ခဏနားရင်း အရီးကို မသိတာတွေ ‌မေးချင်လို့ဗျ”
“မေး ငါ သိသလောက် ဖြေမယ် “
ထိုစကားပြောနေသူမှာ မောင်ဘိုးထင်နှင့် ဒေါ်ညွန့်တို့ဖြစ် သည်။ဘိုးထင်တို့သည် နွား‌များကို လွှတ်ကျောင်းထားရင်း မည်သည့်အလုပ်မှ မရှိသည်မို့ ပေတူးနှင့် သာအေးလည်းအပါအ၀င် သူတို့ သိလိုသည်များကို ဒေါ်ညွန့်အား မေးမြန်းလာကြသည်။
“ကျုပ် သိချင်တာက ကဝေရွာကို ဘယ်သူက စတည်တာလဲ အရီး”
“ငါ့အမိဒေါ်ကွန့် တည်ခဲ့တာလေ “
“ဟုတ်လား သူက ဘာလို့ ကဝေရွာကိုတည်ခဲ့တာလဲ အရီး”
“နင်တို့က အဲ့လိုမေးလာပြီဆိုတော့ ငါလည်း ပြောပြရတာပေါ့ ငါကလည်း ပြောပြချင်နေတာဟဲ့ “
“အဲ့တာဆို ပြောဗျာ ကျုပ်တို့လည်း ပျင်းနေတာနဲ့အတော်ပဲ “
“ကဝေဆိုတာ တကယ်တော့ စုန်းပညာသည်တွေထဲမှာမှ အမြင့်စုန်းပေါ့ကွယ် လူတွေက စုန်းမဆို တယောက်ကို တယောက် ဆဲရေးတိုင်းထွာရာမှာ သုံးကြတယ်မလား”
“ဟုတ်တယ်အရီး ရွာထဲက ကောင်မလေးတွေဆို တယောက်ကို တယောက် စုန်းမကြီးလို့ ဆဲရင် မကြိုက်ကြဘူး “
“ကဝေရွာ ဘယ်လိုဖြစ်တည်လာလဲဆိုတာ ငါ ပြောပြမယ် နားထောင်ကြ”
ဒေါ်ညွန့်သည် ခပ်လှမ်းလှမ်းမှ နွားများ မြက်စားနေသည်ကို ငေးကြည့်ရင်း လွန်ခဲ့သောအတိတ်က ကဝေရွာ မည်သို့ပေါ် ပေါက်လာခဲ့သည်ဆိုတာကို မောင်ဘိုးထင်တို့အား ပြောပြလာပါလေတော့သည် ။
◾အခန်း (၃)
သဖန်းရွာလေးသည် တောတောင်များကြားတွင် တည်ရှိပြီး တခြားသော ကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေး ခဲယဉ်းလှသည်။သစ်ခုတ်ဝါးခုတ်နှင့် လွှဆွဲလုပ်သားများ စုစည်းပြီး နေထိုင်ကြရာမှ ရွာတရွာဖြစ်လာခဲ့ဟန်ရှိပြီး လယ်ယာလုပ်ကိုင်ခြင်း မရှိပဲ ဆိုခဲ့ပြီးသော အလုပ်များနှင့် မုဆိုးအလုပ်များဖြင့်သာ အသက်မွေးကြသူ များ၏။ရွာလေးမှာ အိမ်ခြေတရာပင် မပြည့်သည့် ရွာသေးသေးလေးဖြစ်သည်။အင်မတန်ခေါင်သော ရွာလေးမို့ ဘုန်းကြီးကျောင်းမရှိပဲ အများစုမှာ နတ်ကိုးကွယ်သူ များ ဖြစ်ကြသည်။ရွာထဲတွင် နတ်ဆရာများ၊နတ်ဝင်သည်များသာ တန်ခိုးထွားပြီး ရွာသူကြီးကပင် နတ်ဆရာ၏စကားကို နားထောင်သည်။ထိုရွာလေး၏အစွန်တွင် မကွန့် အမည်ရသော မိန်းမပျိုလေးတယောက်ရှိသည်။သူမသည် မိဘများမရှိတော့ပဲ ‌ကြီးတော်အပျိုကြီးနှင့်သာ ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက်‌သည်။သူမ၏ အဓိကအလုပ်မှာ သက်ကယ်ပျစ်ခြင်းနှင့် သက်ကယ်ရိတ်ပြီး သက်ကယ်ဘောရောင်းခြင်း ဖြစ်သည်။ယခုလည်း အိမ်လေး၏အောက်တွင် သက်ကယ်ပျစ်နေသော မကွန့်အား သူမ၏ကြီးတော်ဖြစ်သူမှ ထမင်းချက်နေရင်း စကားလှမ်းဆိုသည် ။
“မကွန့် နင် ရွာလယ်က ငွေသိန်းတို့အိမ် သက်ကယ်တရာပို့ရမှာမလား”
“ဟုတ်တယ် ကြီးတော် “
“ငွေသိန်းဆိုတဲ့ကောင်က တဏှာရူးနော် သူ့အိမ်ထဲကို ဝင်ပါတို့ ဘာတို့ခေါ်ရင် မဝင်နဲ့ ကြားလား ဒီကောင်က နာမည်ပျက်နဲ့ ဟဲ့ “
“ကျုပ်လည်း သိပါတယ် ကြီးတော်ရယ် ရုပ်က နှာဘူးဆိုပြီး နဖူးမှာ စာကပ်ထားစရာတောင် မလိုဘူး “
“အေး အေး မသိမှာစိုးလို့ ပြောတာဟေ့ နင်က တောသူသာပြောတာ သနားကမားနဲ့ ဘယ်သူနဲ့ တူတာလဲ မသိဘူး “
“ကြီးတော်နဲ့တူလို့ နေမှာပေါ့ “
“ငါနဲ့ တူတာတော့ မဖြစ်နိုင်ဘူးဟေ့ ဘာလို့လဲဆိုတော့ ငါ့အသားက မဲပြာနေတာ လင်လိုချင်တာတောင် ယူမဲ့သူမရှိလို့ အခုလို အပျိုကြီးဖြစ်နေတာ”
“ကြီးတော်ကတော့ မကြီးမငယ်နဲ့ ပေါက်ကရပြောရော့မယ် “
“ဟဲ့ ပေါက်ကရမဟုတ်ဘူး ငါ့အိမ်မှာ မှန်မဝယ်တာကိုပဲကြည့် ဒီလောက်ဆိုးတဲ့ မျက်ခွက်ကို ငါ့အမေ နင့်အဖွား ဘယ်လိုလုပ်ပြီး မွေးလာတာလဲ မသိပါဘူး ငါ့အမလည်း ဘာထူးလဲ နင် မမှတ်မိလို့ ငါနဲ့ တထေရာတည်း”
“အဘက ရုပ်တော်လို့ နေမပေါ့ “
“ဘယ်ကသာ နင့်အဘကလည်း မျောက်နဲ့ လူနဲ့ မှားမွေးလားသလားတောင် ထင်ရတယ် ငါဆို နင့်အဘကို မြင်ဖူးခါစက ငါ့ညီမ ရူးများရူးသွားပြီ ထင်တာ “
“ဘာဖြစ်လို့လဲ ကြီးတော်ရဲ့ “
“ဘာဖြစ်ရမှာလဲဟယ် ကာလသားမှန်သမျှ ကြိုက်ကြတဲ့ ငါက နင့်အဘကိုမြင်တော့ လင်စိတ်သားစိတ်တွေ ကုန်ပါရောဟယ် အဲ့တာကြောင့် ငါက အပျိုကြီး ဖြစ်နေတာနေမယ် ဟားးးဟားး “
မကွန့်၏ကြီးတော် ဒေါ်မင်းမူသည် အတော်ပျော်တတ်ပြီး ရွှတ်နောက်နောက်လုပ်တတ်သူ ဖြစ်သည်။ပြောစရာရှိတာကိုအားမနာတမ်းပြောတတ်ပြီး လူချစ်လူခင်ပေါများသူ တယောက်လည်း ဖြစ်သည်။သူမတို့နှစ်ယောက် ရယ်ကာမောကာ နှင့် စကားပြောနေချိန်
“အိမ်ရှင်တို့ ဗျို့အိမ်ရှင်တို့ “
“ဧည့်သည်တွေ ထင်တယ် ၀င်ခဲ့ကြပါ”
အိမ်အောက်တွင် သက်ကယ်ပျစ်နေသော မကွန့်သည် အိမ်ဝိုင်းထဲသို့ဝင်လာသော လူနှစ်ယောက်ကို လှမ်းကြည့်ပြီး အိမ်ထဲသို့ ဝင်ခိုင်းလိုက်ခြင်းဖြစ်သည်။ဝင်လာသူနှစ်ယောက်မှာ သူမ နှင့် ရွယ်တူအမျိုးသားယောက်နှင့် ထိုအမျိုးသား၏မိခင်ဖြစ်ဟန်တူသည့် အမျိုးသမီးကြီးတယောက်တို့ ဖြစ်သည်။မကွန့်သည် ဧည့်သည်များရောက်နေကြောင်း ကြီးတော်ဖြစ်သူကို လှမ်းအော်၍ ပြောလိုက်ရာ မကြာသောအချိန်တွင် ဒေါ်မင်းမူအိမ်ပေါ်မှဆင်းလာပြီး အိမ်အောက်တန်းလျားတွင် ထိုင်နေသည့် ဧည့်သည်သားအမိနှင့် စကားပြောနေသည်။မကွန့်မှာဖြင့် သက်ကယ်ပျစ်နေရင်းမှ သူမနှင့်ရွယ်တူ ရုပ်ဖြောင့်ဖြောင့်ကောင်လေးအား မကြာမကြာကြည့်မိနေသည်။သူ့နည်းတူ ဧည့်သည်ကိုလူချောသည်လည်း မကြာခဏလှမ်းကြည့်နေရာ အကြည့်ချင်းဆုံမိချိန် ရင်ထဲတွင် အမျိုအမည်မသိသော ခံစားချက်တို့ ဖြစ်ပေါ်မိသည်။အတော်ကြာသည်အထိ စကားပြောဆိုပြီးသွားသောအခါ ဧည့်သည်များ ပြန်လည် ထွက်ခွါသွားကြသည်။မကွန့်မှာ သူမ၏ကြီးတော်အား ခပ်မြန်မြန် အမေးစကားဆိုလေသည် ။
“ကြီးတော် ဘယ်သူတွေတုန်း”
“နင်တောင်မသိတာ ငါက သိမလား”
“ဘာလာလုပ်တာတုန်း ကျုပ် မကြားရလို့”
“ငါတို့အိမ်ဘေးက မြေကွက်ကိုဝယ်ချင်လို့တဲ့ဟဲ့ “
“ကြီးတော်က ရောင်းမှာလား”
“ငါ့သဘောကတော့ ရောင်းချင်တယ် ညည်းကရော ညည်းသိတဲ့အတိုင်းပဲ တို့ရွာမှာ မြေလာဝယ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပဲလေ ဒီလောက်ခေါင်တာ “
“ကြီးတော်သဘောပါပဲ ရောင်းချင်သပဆို ရောင်းပေါ့”
“အေးဟယ် ငွေလေးရရင် ဝတ်ချင်တာ စားချင်တာလေးတွေ ဝတ်လိုက်စားလိုက်ဦးမယ် လူကသာ သေခါနီးနေတာ ငါ အပျိုကတည်းက ဝတ်ချင်တဲ့အဆင်လေးတွေ အခုထိ မဝတ်ရဘူး”
မကွန့်သည် ဟာသနှောပြီးပြောနေသော သူမ၏ကြီးတော်ကို ပြုံး၍ကြည့်ပြီး ဝမ်းသာနေသည်။အပျိုကြီးသာ ဆိုသည် သူမအား သားသမီးတယောက်ပမာ ငယ်ငယ်ကတည်းက ပြုစုစောင့်လျှောက်ခဲ့ပြီး သားသည်မိခင်တယောက်ကဲ့သို့ ဘဝကိုဖြတ်သန်းခဲ့သော ကြီးတော်‌တယောက်လည်း ဖြစ်သည်။ယခုသူမ၏ကြီးတော်ဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်ရ၍ သူမဝမ်းသာနေမိသည်။ဤသို့ဖြင့် သူမတို့၏ အိမ်ဝိုင်းတဝက်ကို ရောင်းဖို့ရာ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။
◾အခန်း (၄)
မကွန့်နှင့် ကိုခွန်းလူတို့ ညားကြပြီ ဖြစ်သည်။မြင်ကတည်းက ချစ်မိကြိုက်မိနေကြသော ခွန်းလူနှင့် မကွန့်တို့မှာ အိမ်နီးနား ချင်းများအဖြစ် နေထိုင်လာရာ ခြောက်လဝန်းကျင်အကြာ၌ သူတို့နှစ်ယောက် ညားသွားကြသည်။ရွာထဲတွင် အရပ်အခေါ် ကလေးတောင်းဖြင့် မင်္ဂလာဆောင်ပြီးနောက် အရာအားလုံးမှာ အဆင်ပြေလျက်ရှိသည်။ရွာသားများသည် သူတို့လင်မယားအား နေနှင့် လ၊ရွှေနှင့် မြဟု သမုတ်ကြသည်။အရက်ကို ပေါပေါသီသီတိုက်သောကြောင့်လည်း ပြောခြင်းဖြစ်နိုင်သလို အမှန်တကယ် စိတ်ရင်းနှင့် ပြောခြင်းလည်း ဖြစ်နိုင်သည်။အမှန်တရားတခုသည်က ရွာသားအများစုသည် မကွန့်အိမ်ထောင်ရက်သားကျသွားသည်ကို ဝမ်းသာနေကြသည်။သို့ပေမဲ့ အနည်းငယ်သောကာလသားများမှာတော့ သဘောမကျပေ။ထိုအထဲတွင် နတ်ဆရာကြီး၏သားဖြစ်သူ ငွေသိန်းသည် ထိပ်ဆုံးမှဖြစ်သည်။ယခုလည်း ငွေသိန်းသည် ရွာလယ်တွင် ဖွင့်ထားသောအရက်ဆိုင်တွင် အပေါင်းအသင်းများနှင့် ထိုင်ကာ မကျေနပ်ချက်များအား သူ၏ငယ်ပေါင်းမိုက်ဖော်မိုက်ဖက်များနှင့် ရင်ဖွင့်စကားဆိုနေသည် ။
“တောက် တို့ရွာသူကို ခွေးစားတာ နာတယ်ကွာ “
“မင်းက အခုမှ ဖြစ်နေ အစောကတည်းက လှုပ်ရှားပါဆိုတာ ရင်ထဲက အချစ်မပါပဲဘာပဲညာပဲနဲ့ သောက်ကြီးသောက်ကျယ်စကားတွေ ပြောနေခဲ့ပြီးတော့ “
“မင်းတို့ပြောလည်း ခံရမှာပဲ ဒင်းတို့က ဒီလောက်ထိ မြန်မယ် မထင်လို့ပေါ့ “
“အဲ့ဒီတော့ ခံပေတော့ ငွေသိန်းရေ အပွဲပွဲနွှဲလာတဲ့ကောင် အခု ခွန်းလူဆိုတဲ့ ငနဲနဲ့မှ ခံရတယ်လို့ကွာ “
“မင်း‌တို့ကောင်တွေကလည်း ခံစားနေရလို့ ရင်ဖွင့်ပါတယ်ဆိုမှ သောက်ပြစ်တွေချည်း တင်နေတယ် သူတို့တွေ ငါ့အကြောင်း သိရမှာပါ နတ်ဆရာဖိုးအောင်ရဲ့သား ငွေသိန်းဆိုတာ ရွာလူကြီးထက် အာဏာကြီးတယ်ဆိုတာ ဒင်းတို့သိစေရမယ် “
ငွေသိန်းတို့အဖွဲ့ မကျေမနပ်ဖြင့် ဝိုင်း၍စကားဆိုနေကြသော အရက်ဆိုင်ထဲသို့ လူငယ်လေးတယောက် အမောတကောနှင့် ၀င်လာလေသည်။ထိုလူငယ်လေးသည် ငွေသိန်းတို့အားတွေ့သည်နှင့် ငွေသိန်းအနား နားကပ်လာကာ လေသံတိုးတိုးနှင့် ပြောလိုက်ပြီးနောက် အရက်ဆိုင်အပြင်သို့ ပြန်လည်ထွက်ခွာသွားလေသည်။ထိုအခါ ငွေသိန်းသည် သဘောကျစွာပြုံးလိုက်ပြီး ရှေ့တွင်ရှိသော အရက်ခွက်ကို မော့သောက်လိုက်ကာ
“ဟေ့ကောင်တွေ ‌ငါ မကျေနပ်တဲ့သူတွေကို ဒုက္ခပေးဖို့ အကွက်တော့ တွေ့ပြီကွ”
“ဘာတုန်း ငွေသိန်းရ “
“ခွန်းလူတို့သားအမိအကြောင်း ငါ စုံစမ်းခိုင်းထားတာလေ ဒီနေ့တော့ အဖြေရပြီ “
“ဘာတုန်းကွ ငါတို့ကို ပြောပြဦးလေကွာ “
“အေးပါကွာ မင်းတို့အကူအညီလည်း လိုတယ် အဓိက အကူအညီယူရမှာက ငါ့အဘဆီကပေါ့ကွာ”
အကြံကြီးသူငွေသိန်းမှာ မစားရသည့်အမဲအား သဲနှင့် ပက်ရုံပင် မဟုတ်ပဲ ပြာချဖို့အထိပါ ကြံစည်နေပါလေတော့သည် ။
◾အခန်း (၅)
မီးတုတ်များမှအလင်းရောင်သည် ပတ်ဝန်းကျင်တခုလုံး ဖြာကျလျက်ရှိသည်။ရွာထဲရှိ တယူသန်စိတ်ရှိသောလူများနှင့် ယုံလွယ်၊အကြောက်လွယ်ကြသူများသည် တုတ်၊ဓား၊လက်နက်များသာမက မီးတုတ်များပါကိုင်ပြီး အိမ်နှစ်အိမ်ကို ဝိုင်းထားကြသည်။သူတို့၏ရှေ့တွင်တော့ အသက်ကြီးရင့်နေပြီဖြစ်သော အမျိုးသမီးကြီးနှစ်ယောက်သည် ရွာသားများအား တောင်းပန်နေသည်။သူတို့မှာ ဒေါ်မင်းမူနှင့် ခွန်းလူ၏မိခင်ကြီးဖြစ်သည်။
“ငါ့တူတို့ရယ် အရီးရဲ့သားက ဘယ်သူ့ကိုမှ ဒုက္ခပေးတာမဟုတ်ပါဘူး “
“တော်စမ်း ခင်ဗျားတို့ ငြိမ်ငြိမ်နေ “
“နင်တို့ မတရားမလုပ်ကြနဲ့နော် “
“မင်းမူ နင်ကသာ ဦးနှောက်မရှိတာ”
လူအုပ်ကြားထဲမှ အသံနှင့်အတူထွက်လာသူမှာ နတ်ဆရာ ကြီးဖိုးတော ဖြစ်သည်။သူ၏အကြံအစည်ဖြစ်နေ၍ ရွာလူကြီးမှာလည်း မည်သို့မှမတတ်နိုင်သလို တခြားသူများမှာလည်း တတ်နိုင်မည် မဟုတ်ပေ။အပြောကောင်းအဆိုကောင်း ဦးဖိုးတောသည် ရိုးအသောရွာသူရွာသားများအား ချော့တခါခြောက်တလှည့်ဖြင့် မင်းမူနေပြီး ယခုလည်း ခွန်းလူအား သူ၏သားတော်မောင် ငွေသိန်း၏စနက်ကြောင့် ဒုက္ခပေးဖို့ရာ ရောက်လာခြင်း ဖြစ်သည်။ဦးဖိုးတောသည် ဒေါ်မင်းမူအား စူးစိုက်ကြည့်ရင်း
“မင်းမူ နင့်တူမရဲ့ယောက်ျား ခွန်းလူရဲ့အကြောင်းကို နင်ဘယ်လောက်သိလဲ ဒီကောင်က တခြားရွာတွေက နှင်ထုတ်ထားလို့ ငါတို့ရွာကို လာနေတာပဲ ဒီကောင်က မကောင်းဆိုးဝါးကဝေတကောင်ပဲ “
“မဟုတ်တာရှင် တကယ်လို့ ဟုတ်ခဲ့ရင်တောင် အခု သူက ဘယ်သူတွေကို ဒုက္ခပေးနေလို့လဲ “
“ဟဲ့ အဆိပ်ရှိတဲ့မြွေကို ခါးပိုက်ထဲ ထည့်ထားလို့ ဖြစ်မလား ငါတို့ လွှတ်ပေးလိုက်ရင် ဒီကောင်က တခြားရွာတွေကိုသွားပြီး ဒုက္ခပေးမှာပဲ ခွန်းလူရဲ့အမေက သာမာန်လူမို့ ငါတို့ ဒုက္ခမပေးဘူး မကွန့်မှာလည်း ပညာမရှိဘူးဆိုရင် ငါတို့ ဘာဒုက္ခမှ မပေးဘူး ကဝေကောင်ကိုတော့ ငါတို့ လွှတ်မပေးနိုင်ဘူးဟေ့ “
“ဟုတ်တယ် ဒီကဝေကောင်ကို အသေသတ်ပစ်ရမယ် ဒီကောင်ရဲ့သင်္ချိုင်းက ဒီသဖန်းရွာပဲ “
ရွာသားများမှာ ဦးဖိုးဝောာ၏စကားကြောင့် သွေးဆူကာ အော်ဟစ်နေကြပြီး အိမ်လေးဆီသို့ တိုးကပ်သွားကြသည် ။ ထို့နောက် ဦးဖိုးတောသည် ဘေးရှိ ရွာသားတယောက်၏လက်ထဲမှ မီးတုတ်ကိုယူလိုက်ကာ ခွန်းလူနှင့် မကွန့်တို့ ရှိနေသောအိမ်လေးကိုကြည့်ပြီး အော်ဟစ်သတိပေးလေသည်။
“မကွန့် ငါက နတ်ဆရာဖိုးတောပဲ နင် အိမ်ပြင်ကို ထွက်လာခဲ့ ငါတို့ အချိန်ခဏပဲစောင့်မယ် နင် မထွက်လာရင် နင့်လင်နဲ့အတူ သေရလိမ့်မယ် “
ဦးဖိုးတော၏ပြောစကားများအား အိမ်ထဲတွင်ရှိနေသော မကွန့်မှ ကောင်းစွာကြားရသည်။မကွန့်သည် သူမတို့ဘာဖြစ်နေသည်မှန်း မသိရိုးအမှန်ပေ။ယောကျာ်းဖြစ်သူခွန်းလူမှလည်း အံတကြိတ်ကြိတ် တောက်ခေါက်ခေါက်နှင့်ဖြစ်နေရာ သူမ ဘာမှကို နားမလည်ပါ။အချိန်အနည်းငယ်ကြာလာသောအခါ အပြင်ကပြောနေသော ကဝေဆိုသည့် အသုံးအနှုန်းကြောင့် အနည်းငယ်နားလည်စပြုလာပေမဲ့ ခွန်းလူအား အကြောင်းစုံမေးမြန်းလိုက်လေသည်။
“အကို ကျမကို ဘာတွေဖြစ်နေတယ်ဆိုတာ သေချာပြောပြစမ်းပါ “
“ဘာဖြစ်ရမှာလဲ ညီမတို့ ရွာသားတွေက အကို့ကို ရန်ရှာနေတာလေ “
“အကို အမှန်အတိုင်းပြောပြပါ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပဲ သိချင်တယ် “
မကွန့်၏စကားကြောင့် ခွန်းလူသည် အတန်ကြာအောင်တွေး နေပြီး သက်ပြင်းမသိမသာချလိုက်ကာ
“အကိုက သူတို့ပြောသလို ကဝေတယောက်ဖြစ်နေခဲ့ရင် ညီမ အကို့ကို မုန်းမှာလား”
“မဆိုင်တာ အကိုရယ် အကို့ဘာသာ ကဝေမကလို့ အဲ့ဒီကဝေရဲ့အဘိုးဖြစ်နေပါစေ ညီမအပေါ်ကို ကြင်နာတဲ့သူကို ဘာလို့မုန်းရမှာလဲ “
“ညီမ တကယ်ပြောတာလား “
“တကယ်ပေါ့ “
“ညီမ အကိုနဲ့ ခွဲနိုင်လား ခွဲနိုင်ရင် ညီမအိမ်အပြင်ကို ထွက်လိုက်‌ပါ”
ခွန်းလူမှ ထိုသို့ပြောလာသည့်အခါ မကွန့်သည် သူ့အနားသို့ တိုးကပ်သွားကာ ပွေ့ဖက်လိုက်ပြီး
“အခုမှ ညားတာ ဘယ်လိုလုပ်ခွဲနိုင်မလဲ အကိုရယ် “
“နှစ်တွေကြာရင်တော့ ခွဲနိုင်တယ်ပေါ့ “
“အဲ့တာတော့ မပြောတတ်ဘူးလေ”
အပြင်မှ ဆဲဆိုကြိမ်းမောင်းသံ၊ရာဇသံပေးသံများ ညံဆီနေပေမဲ့ သူတို့နှစ်ယောက်မှာ ထိုအရာများကို လျစ်လျုရှုထားပြီး တယောက်ကိုတယောက် တင်းကြပ်စွာပွေ့ဖက်ထားသည်။ ထို့‌နောက် ခွန်းလူသည် သူ၏လက်မောင်းကို သူ့ပါးစပ်နှင့် ပြန် ကိုက်လိုက်ပြီး ထွက်လာသောသွေးများကို မကွန့်အား သောက်စေသည်။မကွန့်သည် ကြောက်လန့်နေသော်လည်း အချစ်၏ တန်ခိုးများကြောင့် စွမ်းအားများတိုးကာ အကြောက်တရားကိုဖယ်ပြီး ခွန်းလူ၏လက်မောင်းမှ သွေးတို့အား သောက်လိုက်သည်။ထို့နောက် ခွန်းလူသည် မကွန့်၏ဦးခေါင်းကို သူ၏လက်ဖြင့် ကိုင်လိုက်ကာ များစွာသောမန္တန်များကို ရွတ်လိုက်ပြီးနောက် တယောက်လက်ကိုတယောက် ဆုပ်ကိုင်ထားလိုက်ရာ မကြာသောအချိန်တွင် အရိပ်များအဖြစ် တဖြည်းဖြည်းပြောင်း လဲကာ ပျောက်ကွယ်သွားပါလေတော့သည် ။
◾အခန်း (၆)
“အရီး အဲ့တာဆို သူတို့ ဘယ်ကို ပျောက်သွားတာလဲ “
“ငါ့အဖေက ငါ့အမေ့ကို ပညာတွေပေးပြီး ခေါ်သွားတယ်လေ နောက်တော့ အဖေက သဖန်းရွာမှာ ကျန်ခဲ့တဲ့သူ့အမေနဲ့ အမေရဲ့ ကြီးတော်ကို ဒုက္ခပေးရင် ရွာကို ဒုက္ခပေးဖို့ ကြံထားတာ သဖန်းရွာကလူတွေက အဖွားနှစ်ယောက်ကို ဒုက္ခမပေးပဲ ကူညီပေးသေးတယ်ဆိုပဲ “
“အဲ့လိုကြတော့လည်း သဖန်းရွာသားတွေက မဆိုးဘူးနော် “
“အေးဟယ် လူတွေကလည်း ဘာတွေမှန်းမသိပါဘူး အဲ့တာနဲ့ ငါ့အမေလည်း အဖေနဲ့အတူ လူတွေနဲ့ဝေးတဲ့နေရာမှာ နေတယ် နောက်တော့ ဘဝတူကဝေတွေကို ကူညီရင်း အခုလို ရွာတရွာဖြစ်သွားတာပဲ “
“ရွာနာမည်ကရော အရီး “
“ရွာနာမည်လား ဘာလားမသိဘူး ငါမွေးကတည်းက ကဝေရွာလို့ပဲ ခေါ်တာ”
ဒေါ်ညွန့်သည် ကဝေရွာဖြစ်ပေါ်လာပုံကို မောင်ဘိုးထင်တို့အား ပြောပြနေသည်။မိုးလည်းချုပ်ပြီမို့ ငြိမ်၍နားထောင်နေသော ဖိုးထွေးနှင့် သာရအား ‌ခရီးဆက်ရန် သတိပေးလိုက်ရာ သူတို့သည် နွားများကိုဆွဲကာ လှည်းတွင် တပ်လိုက်ပြီးနောက် ကဝေရွာဆီသို့ ခရီးဆက်လိုက်ကြပါတော့သည် ။
◾အခန်း (၇)
လရောင်သည် အချိန်လင့်မှ ခပ်ပျပျထွန်းလင်းလာသည် ။ပုရစ်အော်သံများထွက်ပေါ်နေပြီး တချက်တချက်တွင် ညဉ့်ငှက်‌တို့အော်သံမှာလည်း ထွက်ပေါ်နေသေးသည်။ထိုအချိန်တွင် နွားခြူသံ၊လှည်းဝင်ရိုးသံတို့က တိတ်ဆိတ်နေသောညကို ထိုးဖောက်လာသည်။တခါတရံ နွားအား အော်ငေါက်သံလည်း ထွက်ပေါ်လာတတ်သေးသည်။ထိုအချိန် လှည်းများပေါ်မှ စကားပြောသံတို့သည်လည်း ခပ်တိုးတိုးထွက်ပေါ်လာသည်။
“အရီးတို့ ရွာကလည်း ဝေးလိုက်တာ ကျုပ်တို့ ဒီထက်ဝေးတဲ့ ရွာတွေကိုတောင် သွားဖူးတယ် လှည်းသွားလှည်းလာတွေ တွေ့ပါတယ် အခုတော့ ဘာမှကို မတွေ့ရဘူး”
“ဪ ငါတို့သွားနေတာက ကဝေရွာလေ ပွဲလမ်းသဘင်သွားသလိုတော့ စည်ကားနေပါ့မလားတော်”
“အဲ့တာလည်း ဟုတ်တာပဲ ကဝေရွာဆိုတော့ ကြောက်စရာကြီးနေမှာပဲနော် “
“ပေတူးကလည်း အရီးမျက်နှာကိုပဲ ကြည့်ပါလား သူတောင် ဒီလောက်ကြောက်စရာကောင်းနေတာ ရွာကလည်း ကြောက်စရာကြီး နေမှာပေါ့”
“ဟဲ့ကောင်လေးတွေ နင်တို့နှစ်ယောက် ဖိုးထွေးလှည်းဆီကိုပဲ ပြန်ပါလား တော်တော်စကားများတယ် “
“အရီးရာ အဲ့လို မပြောပါနဲ့ ကျုပ်နဲ့ သာအေးက အရီးနဲ့ စကားပြောချင်လို့ ဘိုးထင်နဲ့ လှည်းပြောင်းစီးတာလေဗျာ “
ဟုတ်ပေသည်။စပ်စုသော သာ‌အေးနှင့် ပေတူးသည် ဒေါ်ညွန့်ရှိသော သာရ၏လှည်းပေါ် ပြောင်းစီးလာပြီး ဘိုးထင်အား အနောက်မှ ဖိုးထွေးလှည်းပေါ် ပြောင်းစီးစေသည်။စထွက်လာကတည်းကမေးသောမေးခွန်းတို့မှာ ညသန်းခေါင်ယံကျော် သည်အထိ ကုန်ပုံ မပေါ်သေးသောကြောင့် ဒေါ်ညွန့် စိတ်မရှည်ဖြစ်မိသည်မှာ မဆန်းလှပေ။‌ဒေါ်ညွန့် နောက်ထပ်မည်သည့်မေးခွန်းကိုမှ ထပ်မဖြေသောအခါ သကောင့်သားနှစ်ယောက်သည် အချင်းချင်းစကားနာထိုးပြီး လိုက်ပါလာကြသည်။ အချိန်အတော်လင့်မှသာ သူတို့နှစ်ယောက်သည် လှည်းပေါ်တွင်အိပ်လိုက်ကြသည်။သူတို့သည် လှည်းပေါ်အိပ်ရင်းမှ ကောင်းကင်ကြီးရှိ လခြမ်းကွေးလေးနှင့် ကြယ်တာယာများကို ကြည့်ရင်းဖြင့် တဖြည်းဖြည်းအိပ်ပျော်သွားပါလေတော့သည်။
◾အခန်း (၈)
လှည်းဆွဲနေသည့်နွားတို့အား ရပ်တံ့စေရန် တကျွတ်ကျွတ်လုပ်သည့်အသံနှင့်အတူ လှည်းနှစ်စီးစလုံး ရပ်တံ့သွားသည်။ ဝေလီဝေလင်းအချိန်ရောက်လာပြီမို့ ပတ်ဝန်းကျင်အား အထင်းသားမြင်နေရပြီဖြစ်သည်။လှည်းပေါ်တွင်တော့ ကလေးသာသာအရွယ်မောင်ဘိုးထင်သည် ဖိုးထွေး၏လှည်းတွင် အိပ်ပျော်နေပြီး သာအေးနှင့် ပေတူးသည်လည်း သာရ၏လှည်းပေါ်တွင်အိပ်ပျော်လျက် ရှိသည်။ထို့နောက် သာရနှင့် ဖိုးထွေး သည် သူတို့အား နှိုးလိုက်ကြသည်။
“ဟေ့ကောင်တွေ ထ ထ ရွာရောက်ပြီ “
“ရွာ‌ရောက်ပြီလား”
မောင်ဘိုးထင်တို့ အိပ်နေရာမှ ထလိုက်ကြပြီး လှည်းအောက်သို့ ဆင်းလိုက်ကြသည်။သန့်ရှင်းသပ်ရပ်နေသော အိမ်ဝိုင်းထဲတွင် လှည်းနှစ်စီးကို ယှဉ်ရပ်ထားပြီး အိမ်ဝိုင်းခြံစည်းရိုးနေရာတွင် ခံတက်ပင်များ၊မန်ကျည်းပင်များနှင့် အုန်းပင်များရှိ နေသည်။အိမ်ဝိုင်းထဲတွင် ပြောင်ရှင်းနေပြီး အိမ်လေး၏ထရံအား ဆင်မမျက်ကွင်းပုံဖော်ထားကာ အတော်သပ်သပ်ရပ်ရပ်ရှိသည်။ထရံအနားသတ်များကို ဖြစ်ကတတ်ဆန်း မလုပ်ထားပဲ သေသပ်ကျနစွသတ်ထားရာ အတော်ကြည့်ရကောင်းသည်။ မကြာမီ အိမ်ဝိုင်းထဲသို့ ဆံရစ်ဝိုင်းနှင့် အမျိုးသမီးလေးများ၊ဆံတောက်နှင့် မိန်းမပျိုလေးများ ဝင်လာကြ၏။သူမတို့၏ လက်ထဲတွင် လင်ပန်းလေးများပါ ကိုင်လာကြသေးသည်။ထို့‌နောက် မိန်းမပျို‌လေးများသည်
“အမေညွန့် သမီးတို့ ရောက်ပြီ”
“အေး အေး အရှေ့က တန်းလျားမှ ချထား နင်တို့တွေ ဆန်ဖွတ်ရမယ် ငါ့အိမ်က စပါးလာယူ ပြီးရင် အိမ်စေ့လိုက်ပို့ရမယ် ကြားလား”
“ဟုတ်ကဲ့ပါ အမေညွန့် “
“ရွာထဲမှ ကာလာသားတွေကို စပါးမျိုးလာယူခိုင်းလိုက်ဦး ငါပေပင်ရွာကနေ စပါးမျိုး တင်လာသေးတယ် “
“ဟုတ်ကဲ့ အမေညွန့် “
မောင်ဘိုးထင်တို့သာမက ဖိုးထွေးနှင့် သာရကပါ အံ့ဩနေကြသည် ကြောက်စရာကောင်းသော ရွာတရွာသာဖြစ်မည်ဟု သူတို့ထင်မှတ်ထားကြသည်မှာ တက်တက်စင်အောင်လွဲမှားနေပြီ ဖြစ်သည်။ကဝေရွာလေးသည် အတော်သန့်ရှင်းသပ်ရပ်ပြီး ဝတ်စားဆင်ယင်မှုအရ ယဉ်ကျေးသော ရွာတရွာဖြစ်နေသည် မဟုတ်ပါလား။ထို့နောက် ငေးကြောင်ကြည့်နေသော သူတို့အား ဒေါ်‌ညွန့်မှ သတိပေးလိုက်ရသည် ။
“ဟေ့ကောင်လေးတွေ ငေးမနေနဲ့ နင်တို့တွေ မနက်ဖြန်ညပဲ ပြန်တော့ “
“ဗျာ ဘာလို့လဲ “
“နင်တို့မပြန်ရင် ငါ့မိတ်ဆွေ ငကဲ သေတော့မယ် “
“ဗျာ”
“ဗျာ မနေနဲ့ အဲ့ မယားတရူးကို ကူညီပေးလိုက်ကြဦး “
“ဟုတ် ဟုတ်ကဲ့ “
“ကဲ ကဲ မျက်နှာသွားသစ်ကြ ပြီးရင် မနက်စာစား “
“ဟုတ်ကဲ့ “
သူတို့စကားပြောနေစဉ် ခါးကုန်းကုန်းနှင့် အဖွားအိုတယောက်သည် အိမ်ပေါ်မှ ဆင်းလာပြီး ဒေါ်ညွန့်အား စကားဆိုလေသည်။
“သမီး မညွန့် ပြန်လာပြီလား “
“ပြန်လာပြီ အမေ “
“နင် နောက်တခါ လူသားနဲ့ မျှားခေါ်ရင် သွားတဲ့အကျင့်ကို ပြင်စမ်းဟယ် “
“အင်းပါ အမေ “
“ဧည့်သည်တွေ ပါလာတာလား “
“ဟုတ်တယ် အမေ စပါးတွေ လိုက်ပို့ပေးတာလေ “
ထို့နောက် အဖွားအိုသည် မောင်ဘိုးထင်တို့ရှိသည့်နေရာလောက်ကို မှန်းပြီး လမ်းလျှောက်လာရာ ဒေါ်ညွန့်မှ တွဲပြီး လိုက်ပို့လေသည်။ထို့နောက် အဖွားအိုသည်
“လူလေးတို့ရေ အဖွားက အသက်ကြီးပြီဆိုတော့ မျက်လုံးက မွဲပြီကွယ့် အဖွားသမီး အပြောအဆိုမတတ်ရင် အဖွားကပဲ တောင်းပန်ပါတယ်ကွယ် သူက စကားပြောရင် တုတ်ထိုးအိုးပေါက် ရွာလူကြီးသာလုပ်နေတာ စကားပြောက မတတ်ဘူး”
“ဟုတ်ကဲ့ ရပါတယ် အဖွား ဒါနဲ့ အဖွားက “
“ဒီက ‌မညွန့်ရဲ့ အမေ ဒေါ်ကွန့်လေ “
“ဪ “
“ကဲ ကဲ မျက်နှာသစ်ကြမှာ မဟုတ်လား။သွားကြ သွားကြ ဘာမှ အားမနာနဲ့ စားစရာရှိတာကို အားရပါးရသာ စား အဖွားတို့က ရွာမှာ ‌ဘာပညာမှ မသုံးရဘူးဘူးဆိုတဲ့ စည်းကမ်းလေးထုတ်ထားတယ် အကုန်လုံးကသာမာန်လူတွေလိုပဲ နေကြပါတယ် အပြင်ရောက်မှပဲ သူတို့ပညာတွေကို အသုံးချခိုင်းတာ “
‌အဖွားအို၏စကားကြောင့် မောင်ဘိုးထင်တို့ သဘောကျနေကြသည်။သူတို့၏ရွာတွင် သာမာန်လူများကဲ့သို့ နေစေပြီး အပြင်ရောက်မှသာ ပညာရပ်များအားအသုံးပြုခိုင်းခြင်းသည်က ကဝေရွာလေး အေးချမ်နေမှု့၏ အဓိကအကြောင်းအရာဆိုတာ သူတို့တွေးလိုက်ကြပြီးနောက် အိမ်နောက်ဘက်ရှိ စဉ့်အိုးများဆီသို့ မျက်နှာသစ်ရန် ထွက်လာကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင်နှင့် ကဝေရွာသည်က ဤမျှသာ ။ မကြာမီ အောက်လမ်းဘိုးထင်နှင့် ဦးကဲ အရှုပ်တော်ပုံ အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
◾ကျ‌‌ေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်