” အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ ”
================================
◾အခန်း (၁)
သနပ်ပင်ရွာလေးသည် နေဝင်မိုးချုပ်သည်နှင့် ကျေးလက် ရွာများ၏ ဓလေ့အတိုင်း ရေနံဆီမီးခွက်လေးများ၏ အလင်း ရောင်လေးများ ဟိုမှ သည်မှ ပေါ်လာလေ၏။၎င်းနည်းတူ ဦးသန်းဖေ၏ အိမ်လေးတွင်လည်း ရေနံဆီမီးခွက်အလင်းရောင်လေးမှာ ပေါ်ထွက်လာပြီ ဖြစ်သည်။အိမ်ထဲတွင်တော့ ညနေစာ ထမင်းစားနေသူနှစ်ဦးမှာ ဦးသန်းဖေ နှင့် မြေးဖြစ်သူ မြနှင်းရီတို့ ဖြစ်လေသည်။မြနှင်းရီသည် အဖိုးဖြစ်သူအား ကြက်သား ဟင်းကို ခပ်ထည့်ပြီး ဦးချလိုက်ရင်း
“အဖိုး စား အခုနောက်ပိုင်း သမီးရဲ့ယက်ကန်းစင်က ပိုအဆင် ပြေလာတယ် ဟိုဟာမလေးမရှိတော့ စိတ်ချမ်းသာလိုက်တာ အဖိုးရယ် ”
“သမီးဖြစ်ပြီးတဲ့ ကိစ္စတွေကို အစမဖော်နဲ့တော့ မေ့မေ့ပျောက် ပျောက်သာနေ ကြားလား အဖိုးရှေ့မှာ အဲ့ဒီအကြောင်းတွေ နောက်တခါမပြောမိပါစေနဲ့ ”
“အဖိုးရယ် ဘာဖြစ်တာလဲ သမီးက အလုပ်အဆင်ပြေလို့ ပြောတာကို ”
“အင်းပါ အဖိုးနားလည်တယ် ကဲ ကဲ ထမင်းစားတော့ ”
“မြန်မြန်စားရမယ် အဖိုးရေ ကြက်တကောင် ရှိသေးတယ် နေဝင်စအချိန်က ရွာတောင်ပိုင်းက ဖိုးထောင်လာပို့သွားတာ ”
“ဟေ ဟုတ်လား ဘာလို့လဲကွယ့် ”
“သမီးကို ယက်ကန်းယက်ခိုင်းပြီး တခြားရွာသူကို ပြန်ရောင်းတာ အဆင်ပြေလို့ လက်ဆောင်ပေးတယ်ဆိုလား ”
“ငါမြေးက အရင်လိုမဟုတ်ဘူး အပြောအဆိုလေးပါ ကောင်းလာတော့ အရောင်းအဝယ် အဆင်ပြေတာပေါ့ ”
မြေအဖိုးနှစ်ယောက် စကားတပြောပြောနှင့် ထမင်စားနေလေသည်။သူတို့ မသိလိုက်သည်က သူတို့အိမ်အောက်အမှောင်ရိပ်ထဲတွင် အရိပ်နှစ်ခုသည် မြေကြီးကို တူးကာ တခုခုကို မြှပ်နေသည်ကိုပင် ဖြစ်သည် ။
◾အခန်း (၂)
မြနှင်းရီတယောက် ထမင်းစားပြီး၍ ဖိုးထောင်ပေးထားသော ကြက်အားကိုင်ကာ လုံးထားမည်ဟုဆိုပြီး မီးဖိုချောင်ဖက်သို့ ထွက်သွားလေသည်။ဦးသန်းဖေသည် အိမ်ရှေ့ခန်းတွင် ထိုင်ရင်း မအိပ်ချင်သေး၍ အပျင်းပြေ ကွမ်းတယာဝါးနေ၏။ထိုစဉ် အိမ်နောက်ဖေး မီးဖိုချောင်မှ တဒုံးဒုံးနှင့် အသံကြားရ၍ ဦးသန်းဖေသည် လှမ်းအသံပြုလိုက်၏။
“သမီးရေ ဘာဖြစ်တာလဲ ချော်လဲကျရော့လား ”
သူမေးပေမဲ့ မည်သည့်ခွန်းတုန့်ပြန်မှုမှ ပြန်မကြားရသောအခါ ထပ်မံ မေးလိုက်ပြန်သည်။
“မြေးလေး ဘာဖြစ်တာလဲ အခုထိ အသံကဆူနေတုန်းပဲ”
ပြန်ဖြေခြင်းမပြုသောကြောင့် ဦးသန်းဖေသည် အိမ်နောက် ဖေးမီးဖိုချောင်ဖက်ဆီသို့ ထွက်လာလိုက်သည်။ထို့နောက် သူ့အား ကျောပေးပြီး ထိုင်နေသော မြေးဖြစ်သူအား
“သမီး ထိုင်ပြီး ဘာလုပ်နေတာလဲ ကဲ ကဲ သမီးပင်ပန်းနေရင် အဘပဲ ကြက်ကို လုပ်လိုက်မယ် ”
သူပြောသည့်စကားအား ပြန်မပြောပဲ ငုတ်တုတ်ထိုင်မြဲ ထိုင် နေလေသော မြနှင်းရီကို နားမလည်နိုင်ဖြစ်ပြီး
“ကဲ မြေးလေး အဖိုးပြောနေတယ်လေ ဆက်မထိုင်နေနဲ့ ထ သွားကိုယ်ရေလက်ရေဆေးပြီး အိပ်ရာဝင်တော့ ”
ဦးသန်းဖော၏ပြောစကားကြောင့် မြနှင်းရီသည် သူ၏ရှေ့မှ ခုံကို တဖက်လက်နှင့်ပုတ်လိုက်ကာ ဦးသန်းဖေဘက်သို့မျက်နှာ မူလိုက်လေ၏ ။
“ဟဲ့ မြေး မြေးလေး အဲ့တာ ကြက်သားအစိမ်းကြီးလေ ဘာလို့ကိုက်နေတာလဲ အမွေးတောင် မနုတ်ရသေးဘူး”
မြနှင်းရီသည် ကြက်သေကောင်၏ လည်ပင်းကို ကိုက်ပြီး စားနေလေ၏။ကြက်မွေး နှင့် ကြက်သွေးတို့သည် သူမ၏ ပါးစပ်မှာ ကပ်ငြိနေသေး၏။သူမသည် ထိတ်လန့်အံ့ဩစွာ ကြည့်နေသော ဦးသန်းဖေကို ရယ်ပြလိုက်ကာ ကြက်အား အားရပါးရကိုက်စားနေတော့သည်။ပုံမှန်မဟုတ်သည်ကို သိသော ဦးသန်းဖေသည် မြေးဖြစ်သူကို ထားခဲ့ကာ ဘေးအိမ်မှ သူငယ်ချင်းဖြစ်သူ အထက်လမ်းဆရာဩ၏အိမ်သို့ အပြေးသွားလိုက်ပါလေတော့သည် ။
◾အခန်း (၃)
ဦးဩ၏အိမ်သည် တံခါးပိတ်ထားလေ၏။ထိုပိတ်ထားသောတံခါးမကြီးအား ဦးသန်းဖေတယောက် တဒုံးဒုံးထုကာ
“ငဩ ငဩ တံခါးဖွင့်ပါဦးကွာ ငါ သန်းဖေပါ ”
စကားသံနှင့် မရှေးမနှောင်းတွင် တံခါးပွင့်လာလေသည်။သို့ ပေမဲ့ တံခါးဖွင့်လာသူမှာ ဦးဩမဟုတ်ဘဲ ပေတူးသာဖြစ်၏။ထိတ်ထိတ်လန့်လန့် ဖြစ်နေသော ဦးသန်းဖေကို မောင်ဘိုးထင် တို့ ဝိုင်းကြည့်နေရင်းမှ
“ဦးကြီး ဘာဖြစ်လို့လဲဗျ ”
“ငဩရှိလား ငဩကို ခေါ်ပေးစမ်းပါ ”
“ဆရာကြီးက မရှိဘူး ညနေကမှ လူတယောက်လာပင့်သွားတယ် ”
“ဟာ ဘယ်ကို ပင့်သွားတာလဲဆိုတာ ပြောပြစမ်းပါကွာ ”
“ဘယ်ကိုလည်းဆိုတာတော့ ကျုပ်တို့ကို မပြောခဲ့ဘူး အိမ်စောင့်ပေးဖို့ပဲ ပြောသွားတယ် ကျုပ်တို့ ဘာကူညီရမလဲ ဦးကြီး ဘာဖြစ်တာလဲဗျ ဇောချွေးတွေလည်း ပြန်နေတာပဲ ”
“အေး ငါ့မြေးလေးကို မကောင်းဆိုးဝါးဝင်ပူးနေလို့ကွာ ငဩ ကို ခေါ်လို့ရရင် ခေါ်ပေးကြစမ်းပါ ”
“အဲ့တာမှ ခက်တာပဲဗျာ ဆရာကြီးက ဘယ်သွားလို့ သွားမှန်း မသိဘူး ”
ဦးသန်းဖေသည် မောင်ဘိုးထင်တို့၏ စကားကြောင့် စိတ်ညစ်ကာ ရုတ်တရက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည်။ထိုအခါ မောင်ဘိုးထင်သည်
“ဘကြီး ဟောဟိုက အကိုရဲ့နာမည်က ကိုဖိုးထွေးလို့ ခေါ်တယ် သူ့ဘေးက ကိုသာရ သူတို့ နှစ်ယောက်က ပယောဂလေး ဘာလေးတော့ ထုတ်တတ်တယ် တကယ်လို့ တခြားဆရာ ခေါ် မရဘူးဆိုရင်ဖြင့် သူတို့ကို ခေါ်သွားကြည့်ပါလား ”
မောင်ဘိုးထင်၏ စကားကြောင့် ဦးသန်းဖေသည် ဖိုးထွေးနှင့် သာရအား စူးစမ်းသလို ကြည့်လိုက်သည်။ဖိုးထွေးသည် သူ့တို့အား စူးစမ်းနေသည်ကို သိသောအခါ အထက်လမ်းဆရာတယောက်အသွင်ဖြင့် တင်ပျဥ်ခွေချိတ်၍ပင် ထိုင်လိုက်လေ၏။ အတော်ဟိတ်ဟန်ပြည့်လှသော ဖိုးထွေးကြောင့် ဦးသန်းဖေသည်
“မောင်ရင် ကုတတ်တယ်ဆိုရင်ဖြင့် ကျုပ်မြေးလေးကို လိုက်ကြည့်ပေးပါအုံး ”
“ကုတာက မခက်ဘူး ဒါပေမဲ့ ကာယကံရှင်တွေက ကျုပ်ရဲ့ ကုနည်းကို လက်ခံဖို့လိုမယ်နော် ”
“ဘယ်လို ကုတာလဲ မောင်ရင်ရဲ့ ”
“ကုနည်းကတော့ ရှင်းပါတယ် ဟောဟိုက ကြိမ်နဲ့ ဝင်ပူးတဲ့ သူကို ရိုက်ပြီး ဆုံးမရုံပဲ ကျုပ်ရိုက်တာက ဝင်ပူးခံရတဲ့သူကို ရိုက်တာ မဟုတ်ဘူး နှောက်ယှက်ဝင်ပူးတဲ့ မကောင်းဆိုးဝါးကို ရိုက်တာ ဒါကို ဦးကြီးနားလည်တယ်ဆိုရင်ဖြင့် ကုပေးနိုင်ပါတယ် ”
ဦးသန်းဖေသည် တခြားမည်သူမှလည်း အားကိုးစရာမရှိတော့၍ ဖိုးထွေး၏စကားကို လက်ခံလိုက်ရသည်။ဤသို့ဖြင့် ဖိုးထွေးနှင့် သာရသည် ကြိမ်လုံးတချောင်းကိုယူပြီး ဦးသန်းဖေ ၏နောက်သို့ လိုက်သွားကြရာ မောင်ဘိုးထင်၊ပေတူး နှင့် သာအေးသည်လည်း လိုက်သွားကြပါတော့သည်။
◾အခန်း (၄)
ဖိုးထွေးတယောက် အထက်လမ်းဆရာဟန် နှင့် အိမ်ရှေ့ခန်း တွင် ထိုင်နေလေ၏။အောက်လမ်းအတိုက်ဖြင့် တိုက်ထားသူမှာ မောင်ဘိုးထင်ကိုယ်တိုင်ဖြစ်နေသည့်အတွက် ခပ်လှမ်းလှမ်းမှ နေ၍ မြနှင်းရီ၏ကိုယ်ထဲ ဝင်ရောက်ပူးကပ်နေသော သရဲအား စိတ်ဖြင့် ထိန်းချုပ်နေလေည်။ဖိုးထွေးသည် သူကိုင်ထားသော နွားရိုက်ရာတွင်သုံးသည့် ရမထာကြိမ်လုံးအား အိမ်ကြမ်းပြင်ကို ရိုက်သံတချက်ပေးလိုက်ပြီး အသံမာမာဖြင့် စကားဆိုလိုက်လေ၏။
“ကဲ ဝင်ရောက်ပူးကပ်နေတဲ့ကောင် ငါ့ရှေ့ကို အခုချက်ချင်း ရောက်စမ်း ”
ဖိုးထွေး၏ မာန်ပါသောစကားဆုံးသည် နှင့် မီးဖိုချောင်ဘက်တွင် ကြက်သေကိုကိုက်ဖြတ်စားသောက်နေသော မြနှင်းရီသည် စိတ်ဆိုးမာန်ဆိုး အမူအယာဖြင့် ဖိုးထွေးတို့ ရှေ့သို့ ရောက်လာလေသည်။ထို့နောက် ဖိုးထွေးနှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်ရင်း ကြက်သေကို ဆက်လက်ကိုက်စားနေရင်းမှ ခပ်ဩဩအသံကြီးနှင့် စကားဆိုလာသည် ။
“ငါ့ကို ခေါ်တာ ဘာလုပ်မလို့လဲ ပြောစမ်း”
“နင့်လက်ထဲက ကြက်သေ အခုချလိုက်စမ်း ”
“မချနိုင်ဘူး ငါစားလို့ မဝသေးဘူး ”
“တယ် ငါ ပြောနေတယ် ချဆို ချလိုက်စမ်း ”
“မချဘူး မချဘူး ”
“ဒီကောင်က ငါ့ကို မခန့်လေးစားလုပ်နေတယ် မချဦးဟယ် မချဦး ”
ဖိုးထွေး နွားရိုက်ကြိမ်ကို ယူကာ မြနှင်းရီအား စတင်ရိုက်လေပြီဖြစ်၏။အပြစ်မရှိဘဲ ရတနာဟု အမည်ရသော မိန်းကလေးကို မနာလိုမရှုစိမ့်ဖြစ်ကာ သေသည်အထိ ပြုစားခိုင်းသည့် မြနှင်းရီအား ဖိုးထွေးမှာ အညှိုးဖြင့် ရိုက်လေသည်။ဖိုးထွေး ကြိမ် နှင့် ရိုက်သည့်အချိန်တွင် မောင်ဘိုးထင်သည် ဝင်ပူးနေသော သရဲအား ထွက်ခိုင်းထားလိုက်ပြီ ဖြစ်သည်။ထို့ကြောင့် ဖိုးထွေး ၏ ကြိမ်လုံးရိုက်ချက်များသည် မြနှင်းရီ၏ ကျောပြင်ပေါ် သို့ အရှိန်ပြင်းစွာ ထိခိုက်ချိန် နာကျင်လွန်း၍ သူမအော်ချေပြီ ဖြစ်သည် ။
“အမလေး ကျမကို ဘာလို့ ရိုက်နေတာလဲ သေပါပြီ အဖိုးရေ ဘာလို့ သူများရိုက်တာကို ကြည့်နေရတာလဲ အမလေး သေပါတော့မယ် နာတယ် အဖိုး ဒီကောင်ကို မရိုက်ခိုင်းပါတော့နဲ့ ”
ဦးသန်းဖေသည် မြေးဖြစ်သူ၏ နာကျင်စွာ အော်ဟစ်နေသည့်အသံအား ဒွိဟ ဖြစ်လို့နေသည်။ထို့နောက် ဖိုးထွေးအား ဆက်မရိုက်ဖို့ရာ တားမည်ဟု လက်ပြလိုက်ပြီး စကားဆိုမည်ကြံစဉ် သူ၏ မလှမ်းမကမ်းတွင်ရှိသော ပေတူးမှ
“ဘကြီး အဲ့တာ မာယာများနေတာ အဲ့ဒီသရဲတွေက အဲ့ဒီလိုပဲ မာယာ သိပ်များတာ ”
“ဟုတ်လို့လား ငါတူတို့ရယ် အခု ကြည့်ရတာ ငါ့မြေးလေး လားလို့ပါ ”
“အော် ဦးကြီးက ကျုပ်တို့ ပြောတာကို မယုံဘူးပဲ ”
ထို့နောက် ကြိမ်နှင့် အားရပါးရ မြနှင်းရီကို ရိုက်နေသော ဖိုးထွေးအား ပေတူးသည် ရိုရိုသေသေအမူအရာဖြင့်
“ဆရာဖိုးထွေး ဒီက ဘကြီးက ဆရာရိုက်နေတာ သူမြေးလို့ထင်နေပါတယ် ”
“ဟေ့ငါရိုက်တာ မကောင်းဆိုးဝါးကိုကွ မယုံဘူးဆိုတော့လည်း လက်တွေ့ ပြရတာပေါ့ ”
ဖိုးထွေးသည် ရိုက်နေသည်ကို ရပ်လိုက်ပြီး ဘိုးထင်အား ကြည့်လိုက်လေ၏။သဘောပေါက်လွယ်သော မောင်ဘိုးထင်ဘသည် ခေတ္တထုတ်ထားသော သရဲအား ပြန်၀င်စေလိုက်ပြန် ၏။ထိုအခါ မြနှင်းရီသည် ဘေးတွင်ချထားသော ကြက်သေကို ပြန်ကောက်ပြီး ကိုက်စားနေလိုက်ပြီး ဦးသန်းဖေအား ပြုံးရယ် ကာကြည့်နေ၏။ဦးသန်းဖေသည် ထိတ်လန့်ကာ ဖိုးထွေးအား
“ဆရာလေး ကျုပ်ယုံပါပြီ ဆရာလေး စိတ်ကြိုက်သာကုပါ ”
ဦးသန်းဖေ၏ စကားဆုံးသည်နှင့် ဖိုးထွေးသည် မြနှင်းရီ အား ကြိမ်ဖြင့် ထပ်ရိုက်ပါလေတော့သည်။စိတ်ကြိက်ရိုက်ပြီး သောအခါမှ မောင်ဘိုးထင်သည် ဝင်ပူးနေသော သရဲကောင်ကို ထုတ်ပေးပြီး အပ ထုတ်သည်မှာအောင်မြင်ပြီ ဟု ဆိုကာ ဦးသန်းဖေပေးသော ငွေအချိုကို ယူကာ ဦးဩ၏ အိမ်သို့ ပြန်ခဲ့ကြပါတော့သည်။
◾အခန်း (၅)
ဦးသန်းဖေသည် ဖိုးထွေး ရိုက်ထားသော ကြိမ်လုံးဒဏ်ရာဗရပွများနှင့် တကျွတ်ကျွတ် အော်ဟစ်ညည်းတွားနေသော မြေးဖြစ်သူအား တွဲထူရန် ဟန်ပြင်လိုက်သည်။ထိုအခါ မြနှင်းရီသည် အဖိုးဖြစ်သူအား နှစ်လိုဖွယ်မရှိသော မျက်ဝန်းတို့ဖြင့်ကြည့်ကာ
“အဖိုး ကျမကို လာမတွဲနဲ့ အဖိုးက အလကားပဲ သူများတွေ အဖိုးရှေ့မှာ သေအောင်ရိုက်နေတာကို မတားဘူး ကျမ အဖိုးကိုစိတ်နာတယ် ”
“မဟုတ်ရပါဘူး မြေးလေးရယ် မြေလေးမှာ မကောင်းဆိုးဝါး ပူးကပ်နေလို့ သူတို့ကို ထုတ်ခိုင်းထားရတာပါ ”
“တော်စမ်းပါ အဖိုးရယ် ကျမကျောတွေ အထိမခံနိုင်လောက် အောင် နာနေပြီ ကျမ အဖိုးကို မုန်းတယ် ထွက်သွား ကျမအနားက ထွက်သွား ”
“မဟုတ်ပါဘူး မြေးလေးရယ် အဖိုးက ကောင်းစေချင်လို့ပါ သမီးရဲ့ဘေးမှာ ကြက်သေရှိတယ်တွေ့လား ပြီးတော့ သမီးရဲ့ ပါးစပ်မှာ ကြက်သွေးတွေတောင် မခြောက်သေးဘူး ”
“မသိဘူး အဖိုးထွက်သွား မြေးတယောက်လုံး သူများရိုက်နေတာကို မတားတဲ့အဖိုး ဘယ်လိုအဖိုးလဲ ”
“မဟုတ်ရပါဘူး မြေးလေးရယ် အဖိုးက ကူညီတာပါ ”
“သွား ထွက်သွား”
ဦးသန်းဖေလည်း ခါးခါးတူးတူး ဖြစ်နေသော မြေးဖြစ်သူကြောင့် အိမ်အောက်သို့ဆင်းသွားလေ၏။မြနှင်းရီသည် သူမ၏ အဖိုးဖြစ်သူအိမ်အောက်သို့ဆင်းသွားသောအခါမှ သူမ၏ ဘေးတွင်ရှိသော ကြက်သေနှင့် ပါးစပ်တွင် ပေနေသော သွေးများကို စမ်းကာ ထိတ်လန့်မိလေသည်။ထို့နောက် ထိုနေရာမှာတင် အရိုက်ခံထားရသော ဒဏ်ရာများ သက်သာစေရန် ခွေခွေလေး မှိန်းနေပါတော့သည် ။
ဦးသန်းဖေသည် တခါမှပင် စိမ်းစိမ်းကားကား မကြည့်ဘူးသော မြေးဖြစ်သူမှာ ယခုသူ့အား သူစိမ်းတယောက်ကဲ့သို့ ဆက်ဆံနေလေသည်။မကုလျှင်လည်း မဖြစ်ဘူးဆိုသည်ကို သူသိသည်။ဖိုးထွေးတို့ကို အပြစ်တင်ဖို့ကလည်း မဖြစ်ပေ။လက် တွေ့ ပူးကပ်နေသောကောင်မှာ ထွက်သွားလေပြီ ဖြစ်သည်။ဦးသန်းဖေတယောက် အတွေးပေါင်းစုံနှင့် အိမ်အောက်ရှိ စားပွဲတန်းလျားတွင် တယောက်တည်း ထိုင်နေလေ၏။ထိုစဉ် အိမ်ရှေ့ရှိ ယက်ကန်းစင်များဘက်မှ အသံများဆူညံနေ၍ ခေတ္တ ငြိမ်ပြီး နားထောင်လိုက်သည်။ယက်ကန်းစင်ဘက်မှ ယက်ကန်းခတ်သည့်အသံမှာ သေချာသည့်အတွက်ကြောင့် ဦးသန်းဖေသည် အိမ်အောက်တွင်ရှိသော ရေနံဆီမီးခွက်ထည့်ထားသည့် မီးအိမ်အား မီးထွန်းညှိလိုက်ကာ အသံလာရာ ယက်ကန်းစင်ဘက်ဆီသို့ ထွက်လာလိုက်လေသည်။ဦးသန်းဖေသည် လိုရမယ်ရ ခွေးကတစ်မှ ထောင်ထားသော ဝါးရင်းတုတ်ကို လက်ကတဖက် ကျန်တဖက်က မီးအိမ်ကိုင်ပြီး အသံကြားရာ အိမ်ရှေ့ယက်ကန်းစင်ဆီသို့ ထွက်လာလိုက်သည်။မကြာသောအချိန်တွင် ယက်ကန်းစင်များရှိရာသို့ ရောက်လာ၏။ထောင့်ကျကျယက်ကန်းစင်တွင် မိန်းကလေးတယောက် တယောက်တည်း ယက်ကန်းခတ်နေလေ၏။ထို မိန်းကလေး၏ ယက်ကန်းကြိုးကို ဆောင့် ဆောင့်ဆွဲသောအသံအား ကြားနေရခြင်း ဖြစ်သည်။ဦးသန်းဖေသည် သက်ပြင်းတချက်ချကာ သူ့အား နောက်ကျော ပေးပြီးထိုင်ကာ ယက်ကန်းခတ်နေသောမိန်းကလေးအား
“ကလေးမ ဒီအချိန်ကြီး ဘာလို့ယက်ကန်း လာခတ်နေတာလဲ ပြန် ပြန် ဘယ်သူ့သမီးလဲ ”
ဦးသန်းဖေ ထိုသို့ မေးမြန်းလိုက်သော်လည်း ယက်ကန်းခတ်နေသော မိန်းကလေးသည် မည်သည့်စကားမှ ပြန်မပြောဘဲ ယက်ကန်းသာ ဆက်ခတ်နေလေသည်။ထို့ကြောင့် ဦးသန်းဖေသည်လည်း ထပ်မံ စကားဆိုလိုက်ရပြန်သည်။
“ကလေးမလေး မနက် မိုးလင်းမှ ပြန်လာခဲ့ အချိန်က မနည်းတော့ဘူး ပြန်တော့ ကိုယ့်အိမ်ကို ပြန်တော့ ”
သို့ပေမဲ့ မိန်းကလေးသည် သူ့အားရှိသည်ဟု မထင်၊သူ့စကား ကြားသည့်ပုံ မပေါ်ဘဲ ယက်ကန်းကိုသာ ခတ်လို့နေသဖြင့် သူစိတ်တိုသွားကာ မိန်းကလေးရှိရာအနားသို့ လျှောက်လိုက်၏။ ထို့နောက် ကိုင်ထားသောဝါးရင်းတုတ်အား ဘေးသို့ချလိုက်ပြီး
“ညည်းကို ငါပြောနေတယ်လေ ပြန်တော့လို့ ”
ပြောပြောဆိုဆို မိန်းကလေး၏ ပုခုံးကိုကိုင်ကာ ဆွဲလှည့် လိုက်ပြီးနောက် မိန်းကလေးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသောအခါ ဦးသန်းဖေတယောက် နောက်သို့ ကမန်းကတန်း ဆုတ်လိုက်ရသည်။အကြောင်းမှာ သူမြင်နေရသော မိန်းခလေးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရတနာဖြစ်နေ၍ ဖြစ်သည်။ ရတနာသည် ဦးသန်းဖေအား ကြောက်မယ်ဖွယ်မျက်နှာ နှင့် ရယ်ပြကာ ခြောက်ကပ်ကပ်လေသံဖြင့်
“နင်တို့ အလှည့်လာပြီ အခု နင်တို့ အလှည့်ရောက်ပြီ ”
“သွား ထွက်သွား နင်သေတာ ငါနဲ့ဘာမှမဆိုင်ဘူး သာတင်ဆီ ကိုသွား သူလုပ်တာ ငါနဲ့ မဆိုင်ဘူး ”
“နင်တို့ အလှည့်လာပြီ ”
ဦးသန်းဖေသည် မကျွတ်မလွတ်ဖြစ်နေသော ရတနာကို မကြည့်ဝံ့တော့ပဲ မျက်လုံးကို မှိတ်ထားလိုက်လေ၏။အချိန်အတော်အကြာ ကြောက်လန့်နေသည့်ကြားမှ မျက်လုံးကို ဖွင့် ကြည့်လိုက်သောအခါ သူ၏ ရှေ့တွင် မည်သူမှ မရှိတော့ပေ။ ထိုအခါမှ ဦးသန်းဖေသည် သက်ပြင်းကို ချနိုင်တော့သည်။
◾အခန်း (၆)
ထိုနေ့မှစ၍ ဦးသန်းဖေတို့အိမ်သည် မအေးချမ်းတော့ပေ။ မြေးဖြစ်သူ မြနှင်းရီသည်လည်း ကျောမှ ဒဏ်ရာများကြောင့် မထနိုင်ပဲ ယက်ကန်းစင်ကို မဦးစီးနိုင်တော့ပေ။ထို့ကြောင့် ရွာမှ ယက်ကန်းခတ်သော မိန်းကလေးများဖြင့်သာ လုပ်ငန်းအား လည်ပတ်နေစေသည်။ဦးသန်းဖေသည် အချိန်တိုင်း ငေးကြောင်ကြောင့်နှင့် ဖြစ်၏။မြနှင်းရီသည် သူ၏အဖိုးဖြစ်သူမှာ သူမ စကားမပြော စိတ်ဆိုးနေသောကြောင့် ယခုလိုဖြစ်နေသည်ဟုသာ ထင်နေသည်။တပတ်ကျော်သောအခါ မြနှင်းရီမှာ အဖိုး ဖြစ်သူအား စိတ်ဆိုးပြေပြီး စကားစတင်ပြောလာသည်။
“အဖိုး သမီးကပဲ တောင်းပန်ပါတယ် အခုလို ငေးငေးငိုင်ငိုင် ကြီး မနေပါတော့နဲ့နော် ”
“အော် အေးအေး ”
“အဖိုး သမီးတကယ် တောင်းပန်ပါတယ် အဖိုးဘာဖြစ်နေတာလဲ ”
“ဘာမှ မဖြစ်ပါဘူးကွယ် ရေနွေးသွားသောက်လိုက်ဦးမယ် ”
“နေဦး အဖိုး မသွားသေးနဲ့ဦး အဖိုးက အခု သမီးကို မကျေမနပ် ဖြစ်နေသေးလား”
“မ မဟုတ်ပါဘူး ‘
မြေးအဖိုးနှစ်ယောက် စကားပြောနေစဉ် အိမ်ရှေ့ယက်ကန်း စင်မှ မိန်းကလေးများ၏ အော်ဟစ်သံမှာ ထွက်ပေါ်လာလေသည် ။
“ဘကြီး နဲ့ အမမြနှင်းရီ ဒီကို လာပါဦး ဒီမှာ မချိုသဲ ဘာဖြစ်တာလဲ မသိဘူး”
ယက်ကန်းခတ်နေသော မိန်းခလေးများ၏ အော်ခေါ်သံ ကြောင့် ဒဏ်ရာများကြောင့် သွားလာရခက်နေသော မြနှင်းရီအား ဦးသန်းဖေမှတွဲလိုက်ကာ အိမ်ရှေ့ယက်ကန်းစင်ဆီသို့ သွားလိုက်ကြလေသည်။ယက်ကန်းစင်ဆီအရောက်တွင်မိန်းကလေးတယောက်သည် အော်ဟစ်ငိုယိုကာ ရုန်းကန်နေပြီးဦးသန်းဖေနှင့် မြနှင်းရီကို မြင်သောအခါ မျက်ထောက်နီကြီး နှင့် ကြည့်ပြီး
“နင် နင်တို့ကို သတ်မယ် နင်တို့ နှစ်ယောက်ကို သတ်မယ် ”
“ဟဲ့ ချိုသဲ အဲ့တာ ဘကြီးနဲ့ အမလေ ဘာတွေပြောနေတာလဲ ”
“မသိဘူး ငါသူတို့ကို သတ်မယ် ”
မြနှင်းရီသည် ကြောက်လန့်နေပြီဖြစ်သလို ဦးသန်းဖေသည်လည်း ကြောင်ငေးနေ၏။ချိုသဲသည် တခြားသော မိန်းကလေးများချုပ်ထားသည့်ကြားမှ ရုန်းကန်ကာ သူတို့ နှစ်ယောက်အား ရန်ပြုရန် ကြိုးစားနေလေသည်။မိန်းကလေးတဦးသည် ပရိတ် ရေများ သယ်လာသည်ကိုမြင်မှသာ ချိုသဲမှာ ငြိမ်သက်သွားပါ တော့သည်။ထိုအခါမှ ငေးကြောင်နေသော ဦးသန်းဖေ နှင့် ကြောက်လန့်နေသော မြနှင်းရီအား ယက်ကန်းခတ်နေကြသော မိန်းကလေးများသည် သူမတို့ ထင်ရာမြင်ရာများကို စတင်ပြီး ပြောဆိုလာကြလေသည် ။
“ဘကြီး ဟုတ်တော့မဟုတ်သေးဘူးနော် ကျမတို့ ကြောက်နေပြီ ဟိုတနေ့ကလည်း အခုလိုသာမကြမ်းတာ ဝင်ပူးသေးတယ် အဲ့တာ ဘကြီးတို့ မသိလိုက်ဘူး တခုခုတော့လုပ်ပါဦး”
“ဟုတ်တယ် နောက်နေ့တွေ အခုလိုဆက်ဖြစ်နေရင်တော့ ကျမတို့လည်း အလုပ်လာဆင်းရဲမှာ မဟုတ်တော့ဘူး ”
“ဒီနေ့ ကျမကတော့ ရင်တွေတုန်လို့ ယက်ကန်းခတ်နိုင်မှာ မဟုတ်တော့ဘူး ပြန်လိုက်တော့မယ် ”
ဦးသန်းဖေသည် မည်သည့်စကားမှမပြောနိုင်ဘဲ ငေးငိုင်မြဲ လျက်သာဖြစ်နေ၏။မြနှင်းရီသာ အလုပ်သမလေးများကို အဆင်ပြေအောင် ညှိုနှိုင်းပြောဆိုလိုက်ရလေသည်။ထို့နောက် အဖိုးဖြစ်သူအား
“အဖိုး သမီး အိမ်ပေါ်ပြန်တက်မယ် တွဲပေးပါဦး ”
“အေး အေး ”
မြနှင်းရီသည် အိမ်ပေါ်ရောက်သောအခါ ထိုင်လိုက်သည်။ဦးသန်းဖေသည် အိမ်အောက်သို့ ဆင်းမည်ပြုစဉ်
“အဖိုး ဘာဖြစ်နေတာလဲ သမီးကို ပြောစမ်းပါ အဖိုး ကြည့်ရတာ ကြောင်တောင်တောင်နဲ့ ”
“သမီးအဖိုးတော့ ၀ဋ်လည်ပြီ ထင်တယ် ”
“ရှင် ဘာလို့လဲ အဖိုး ”
“အခု ဝင်ပူးနေတဲ့ သရဲက ရတနာက ညတိုင်း အဖိုးကို ခြောက်လှန့်နေတယ် ”
“ရှင် ”
မြနှင်းရီတယောက် အဖိုးဖြစ်သူ၏ စကားကြောင့် ထိတ်လန့်သွားကာ မျက်လုံးအဝိုင်းသားနှင့် အိမ်ပေါ်ရှိနေရာ ပေါင်းစုံကို မျက်လုံးဝေ့၍ ကြည့်နေမိပါတော့သည်။
◾အခန်း (၇)
မောင်ဘိုးထင်တို့ သနပ်ပင်ရွာသို့ ရောက်နေသည်မှာ ဆယ့်ငါး ရက်မက ကြာနေပြီ ဖြစ်၏။သို့ပေမဲ့ လုပ်ငန်းဆောင်တာများ မပြီးသေးသောကြောင့် ဦးဩ၏နေအိမ်တွင် နေထိုင်ခြင်းဖြစ် သည်။ဦးဩသည် အထက်လမ်းဆရာအဖြစ်မှ စွန့်လွှတ်ကာ လယ်သမားအလုပ်ကိုသာ လုပ်တော့မည်ဖြစ်၍ ထိုအလုပ်နှင့် မစိမ်းသော ဖိုးထွေးနှင့် သာရမှ ကူညီပေးနေလေ၏။မောင်ဘိုးထင် တိုက်ထားသည့် ဦးသန်းဖေတို့မှာလည်း အတော်ပင်အဆင်မပြေ ဖြစ်လို့နေသည်။ထိုသို့ဖြစ်နေသည်ကို သူများတိုက်ထားသည်ဟု ဦးသန်းဖေ မထင်ပါ။လက်စားချေခြင်းဟုသာ ထင်မှတ်နေလေသည်။ယခု ဦးဩသည် အဆင်မပြေဖြစ်နေသော သူတို့အားကြည့်ကာ အစပိုင်းတွင် ဝမ်းသာနေပေမဲ့ နောက်ပိုင်းရက်များတွင်တော့ ဝမ်းမသာနိုင်တော့ပေ။ပင်ကိုယ် စိတ်ရင်းကောင်းသောဦးဩအဖို့ သူတို့၏ အပြစ်များအတွက် ပေးဆပ်နေရသည်မှာ တော်သင့်ပြီဟု ထင်ထားကာ မောင်ဘိုးထင်တို့ကိုဆက်ပြီး မတိုက်စေချင်တော့ပေ။မောင်ဘိုးထင်တို့ သည်လည်း အမှားဝန်ခံမှသာ တိုက်ထားသည့်အရာများကို ဖယ်ပေးမည်ဟု ပြောထားသည်။ယခုလည်း အထက်လမ်းဆရာကြီးဆရာဩမှ လယ်သမားသာလုပ်တော့မည့်အကြောင်းအား မောင်ဘိုးထင်တို့နှင့် ရေနွေးကြမ်း အတူသောက်ကာ စကားစမည် ပြောနေကြသည်။ထိုစကားဝိုင်းကိုဖြင့် ဖိုးထွေးနှင့် သာရမှ ဦးဆောင်နေခြင်းဖြစ်သည်။သူတို့ ဦးဆောင်သည်က မဆန်းပေ။လယ်သမားလည်းဖြစ် ကြံတောင်သူလည်း ဖြစ်သည့် သူတို့နှစ်ယောက်သည် ယခုအချိန်တွင်တော့ ဆရာကြီးများဖြစ်နေကြသည် ။
“ဆရာကြီးရေ ကြံစိုက်ရင်ပြောဗျာ ကျုပ်တို့ ကြံမျိုးလာပို့ ပေးမယ်။ပေပင်ရွာကြံက မျိုးကောင်းချက်ဗျို့ တချို့ရွာတွေက လှည်းအပြည့်တင်ရင် တတန်ပြည့်ဖို့လိုသေးတယ်။ကျုပ်တို့ ကြံမျိုးက ကောင်းချက် လှည်းအပြည့်မတင်ရဘူး နောက်ဆုံး မောင်းတောင် ရိုက်လို့မရတဲ့ အနေအထားမှာကို တတန်ပြည့်နေပြီဗျ”
သာရသည် ဖိုးထွေး၏ လိုတာထက်ပိုနေသော စကားကို နားကြားပြင်းကပ်လာဟန်ရှိ၏။ထိုကြောင့် ဖိုးထွေးကို သေချာကြည့်ကာ
“သုံးခေါက်တောင်တိုက်ထားတာတွေ ပေါင်းရင်လား ဖိုးထွေး ကြံတောင် ဖြောင့်အောင်မတင်တဲ့ ကောင်က ကြီးကြီးကျယ်ကျယ်တွေ သိပ်ပြော”
“ဟေ့ကောင် မင်းဘာစကားပြောတာလဲ ငါဆိုတဲ့ ကောင်က ကြံခုတ်သမား ငါးယောက်လောက်ခုတ်တဲ့ ကြံကို တယောက်တည်းတင်ခဲ့တဲ့ ကောင်ကွ ”
“မင်းကတော့ လေတော်တော်ကြီးတယ် မင်းအဘဆိုရင် ကြံချချိန်ဆို လူပုံမပေါ်ဘူး သူ့ခမျာ လူငှားတွေနဲ့ပဲ ကြံတိုက်ရတာ မင်းဆိုတဲ့ကောင်ကို ရှာမရလို့လေ ”
ဖိုးထွေး နှင့် သာရတို့၏ စကားရည်လုပွဲသည် တစတစ ကြီးမားလာပြီး အချင်းချင်းတွန်းထိုးသည့် အဆင့်သို့ ရောက် လာပြီ ဖြစ်သည်။ဦးဩသည် ရေနွေးကြမ်း ဆက်သောက်ရမည် လော သူတို့ပဲ ပြေးဆွဲရမည်လော ဝေခွဲမရဖြစ်နေဟန်ရှိသည်။ ထိုအခါ ပေတူးသည် ကြမ်းပြင်ကို လက်သီးနှင့် ထိုးကာ
“ခင်ဗျားတို့က ဆရာကြီးကိုလည်း အားမနာဘူး အားကိုးရမလားဆိုပြီး ခင်ဗျားတို့ကို ခေါ်လာတာ အခုတော့ အချင်းချင်း ပြန်ကိုက်နေကြတယ် ဘယ်လိုလူတွေမှန်းကို မသိဘူး တကယ်ကို စိတ်ပျက်တယ် ”
ပေတူး၏ စကားကြောင့် ဖိုးထွေး နှင့် သာရသည် တယောက် နှင့် တယောက် မကျေမနပ်ကြည့်ကာ ရေနွေးကြမ်းကိုသာ ဖိသောက်နေလိုက်ကြလေသည်။ထိုစဉ် အိမ်အောက်ဆီမှ ဦးသန်းဖေ၏ အသံ ပေါ်ထွက်လာလေသည်။
“ငဩရှိလား ငါတို့ တက်ခဲ့မယ် ”
“အေး တက်ခဲ့ကြ”
ဦးဩမှ ခွင့်ပြုလိုက်သည် နှင့် အိမ်ပေါ်သို့ မြနှင်းရီ နှင့် ဦးသန်းဖေ တက်လာလေသည်။သူတို့ နှစ်ယောက်သည် ဦးဩကို မြင်သည်နှင့် ဒူးထောက်ထိုင်ချလိုက်ကာ
“ငဩ ငါတို့မှားသွားပါတယ်ကွာ မင်းမကျေနပ်ရင် ငါ့ကို ပြန်သတ်ပါ ”
“ဟုတ်ပါတယ် ဦးကြီး ကျမရဲ့ မနာလိုစိတ်ကြောင့် ကျမတို့ သေသင့်တဲ့ အမှားကျူးလွန်ခဲ့မိပါတယ် ကျမ ရှက်လည်း ရှက်မိပါတယ် ”
ဦးဩသည် ဘာမှ နားမလည်ဟန်နှင့် သူ၏ ရှေ့တွင် ရှိသော ကွမ်းအစ်မှ ကွမ်း သာယာနေသည်။ထို့နောက် ဦးသန်းဖေတို့ မြေး အဖိုးနှစ်ယောက်အား တချက်ဝေ့ ကြည့်လိုက်သည်။မျက်ကွင်းများညိုနေကာ အိပ်ရေးအတော်ပျက်ထားပုံပေါ် ပြီး ဆံပင်တို့သည်လည်း ရှုပ်ပွလို့နေလေ၏။ယခုအချိန် သူတို့နှစ်ယောက်မှာ သူရူးနှစ်ယောက်နှင့်ပင် တူချေသည်။ဦးဩသည် ယာထားသော ကွမ်းကို ပါးစပ်ထဲထည့်ပြီး ဝါးလိုက်ကာ
“ငါ့ကို ဘာကိစ္စတောင်းပန်နေတာလဲ တောင်းပန်စရာမရှိဘူးထင်တယ် သန်းဖေ ငါ မင်းတို့ကို ဘာဒုက္ခမှ မပေးထားဘူးနော် ”
“ငါသိပါတယ်ကွာ ငါတို့ အမှားက ငါတို့ကို ပြန်ပြီး ဒုက္ခပေးနေပြီ ရတနာသေရတာ ငါတို့ကြောင့်ပါ ငါ့ကို သတ်ပစ်လိုက်ပါ ငဩရာ ”
“ခက်ပြီကွာ ”
“ရတနာ မင်းမြေး ငါတို့ကို နေ့တိုင်းခြောက်တယ် ငါတို့ မအိပ်ရဘူး ယက်ကန်းခတ်တဲ့ အလုပ်သမားတွေလည်း မလာရဲတော့ ဘူး ငါမှားပါတယ်ကွာ ငါ မင်းမြေးလေးကို အောက်လမ်း နဲ့ မတိုက်သင့်ပါဘူး ငါ့ကို အသေသတ်ကွာ ”
“အော် သန်းဖေ သန်းဖေ မင်းတို့ကောင်တွေက တော်တော် တရားကျပါလားကွာ မင်းတို့ကို ဘာမှ ဒုက္ခမပေးတဲ့ ငါ့မြေးလေးကို ”
ဦးဩ စိတ်ကို ထိန်းလိုက်၏။သူရန်ညှိုးတွေကို မလိုချင်တော့ပေ။ထိုအတွက် အထက်လမ်းဆရာအလုပ်ကိုတောင် စွန့်လွှတ် လိုက်ပြီ မဟုတ်ပါလား။ထို့ကြောင့် သက်ပြင်းရှည်ကြီးကို တချက်ချကာ
“အင်း ငါ့မြေးက မင်းတို့ကို အတော်မကျေမနပ် ဖြစ်နေပုံပဲ အလှုအတန်းလေး လုပ်ပြီး အမျှအတန်းပေးဝေကြည့်မယ် ”
“ရတနာက ပြောတယ် ဘကြီးကျေနပ်ရင် သူကျေနပ်ပါတယ် တဲ့ အဲ့တာကြောင့် ကျေနပ်ပါ ဘကြီးရယ် ကျမတို့ နောက်တခါ ဘယ်တော့မှ မမိုက်မဲတော့ပါဘူး ”
“ကဲ ကဲ ငါစိတ်ကို ထိန်းနေတယ် မင်းတို့ ပြန်ကြတော့ သန်းဖေ ”
ဦးသန်းဖေ နှင့် မြနှင်းရီသည် ရှိုက်ကြီးတငင်ငိုကြွေးကာ ဦးဩအား ရှိခိုးတောင်းပန်နေလေသည်။ထို့နောက် မောင်ဘိုးထင် သည် ဦးသန်းဖေကို သေချာကြည့်ကာ
“ဦးကြီး ခင်ဗျားလုပ်ခိုင်းတဲ့ နောက်ထပ် အောက်လမ်းဆရာက ဘယ်သူလဲ ”
“ဟို ဟို ”
“အမှန်အတိုင်း ပြောစမ်းပါ ”
“သူဌေးကုန်းရွာက ဦးပေါက်စပါကွာ ”
ထိုအခါ မောင်ဘိုးထင်သည် ဖိုးထွေးတို့အား လှမ်းကြည့်လာသည်။ဖိုးထွေးတို့သည် မောင်ဘိုးထင်၏အကြည့်ကို သဘော ပေါက်ဟန်ဖြင့် ခေါင်းကို ညိတ်လိုက်လေသည်။ထို့နောက် ပေတူး နှင့် သာအေးအား ခေါင်းဆတ်ပြလိုက်ရာ ပေတူး နှင့် သာအေးသည် အိမ်ပေါ်မှ ဆင်းသွားလိုက်ပြီး တရွင်းတချောင်းကို ယူကာ ဦးသန်းဖေ၏အိမ်အောက်မှ မြနှင်းရီ၏အင်္ကျီနှင့် ပတ် ထားသော အရိုးတချောင်းအား တခြားသူများမလာခင်မှာပင် ဦးသန်းဖေ၏အိမ်ဝိုင်းထဲမှ တူးဖော်ပစ်လိုက်ကြပါတော့သည်။
◾အခန်း (၈)
မောင်ဘိုးထင်တို့ပြန်ကြတော့မည် ဖြစ်သည်။ ဦးဩသည် ကျေးဇူးတင်ကြောင်းနှင့် နောက်နောင်အလည်လာရန်ကိုလည်း တတွတ်တွတ် မှာနေလေသည်။ထိုအချိန်တွင်ဦးသန်းဖေ နှင့် မြနှင်းရီသည် ဦးဩ၏အိမ်ပေါ်သို့ တက်လာလေသည်။ယခုအချိန်တွင်တော့ အရင်လို ပုံပျက်ပန်းပျက်မဟုတ်တော့ပေ။သူတို့၏ လက်ထဲတွင် ငွေစက္ကူတထပ်ကိုပါ ကိုင်လာလေသည်။ဦးဩသည် အညှိုးအာဃာတများအား မေ့ထားလိုက်နိုင်ပြီမို့ ဦးသန်းဖေအား ပြုံးရွှင်စွာနှင့်ပင် ဖိတ်ခေါ်လေသည် ။
“သန်းဖေတို့မြေးအဖိုးပါလား လာကြလေ ဒီကလေးတွေပြန်ကြတော့မှာမို့ လိုအပ်တာလေးတွေ ထုပ်ပိုးပေးနေတာ ”
“ဟုတ်လား ငါ့တူကြီးတို့ပြန်ကြတော့မှာလား အဲ့တာဆို ခဏ နော် မင်းအမက မင်းတို့တွေပြန်ရင် ပေးဖို့ဆိုပြီး ယက်ကန်း ထည်တွေ ထည့်ထားတာ ”
“ဟာ မဟုတ်တာ ရပါတယ် မယူတော့ပါဘူး ”
ဖိုးထွေးမှ ငြင်းသောအခါ မြနှင်းရီသည် စိတ်မကောင်းဖြစ်သွားပြီး
“မငြင်းပါနဲ့ ငါ့မောင်တို့ရယ် အမမှားခဲ့ပါတယ် အခုလည်း သီလရှင်အပြီး ဝတ်တော့မှာမို့ ယက်ကန်းထည်တွေက မလိုတော့ပါဘူး မောင်လေးတို့ လိုအပ်တဲ့သူတွေကို ပေး ပေးပါ”
ဖိုးထွေး အံဩသွားရသည်။ကြိမ်လုံးနှင့် အဆမတန် ရိုက်ခဲ့မိသည်ကိုပင် စိတ်မကောင်းဖြစ်နေမိပြန်သည်။ထို့နောက် ဦးသန်းဖေသည် သူ၏ လက်ထဲမှ ငွေစက္ကူများကို ဦးဩ၏လက်ထဲ ထည့်လိုက်ကာ
“ငဩ ဒီငွေတွေကိုလက်ခံပေးပါ မင်းအလှု လှုရင် ထည့်လှုဖို့ပါ မယူပဲတော့မနေပါနဲ့ကွာ ပြီးတော့ ငါ့မြေးလေးလည်း မင်းအလှုမှာ သီလရှင် ရာသက်ပန်ဝတ်ပါရစေ ”
ဦးဩသည် အမှန်တကယ်နောင်တရနေကြသော မြေးအဖိုးကို ကြည့်ကာ ကျေနပ်နေမိသည်။ ထို့ကြောင့် ငွေများကို လက်ခံထားလိုက်ပြီး
“အေးပါကွာ တို့နှစ်ယောက် စုပေါင်းပြီ လှုကြတာပေါ့ နောက် တပတ် အလှုရက် သတ်မှတ်ကြတာပေါ့ ”
“ကျေး ကျေးဇူးပါ သူငယ်ချင်းရာ ”
ဦးသန်းဖေသည် စကားပြောရင်း မျက်ရည်များကျလာသည်။ထိုမျက်ရည်များမှာ နောင်တမျက်ရည်များ ဖြစ်မည်ဆိုသည်အား ဘေးတွင်ရှိသော မောင်ဘိုးထင်တို့ စိတ်ထဲမှ မှတ်ချက်ချလိုက်ပါလေတော့သည်။
◾အခန်း (၉)
သနပ်ပင်ရွာမှ လှည်းကလေး နှင့် မောင်ဘိုးထင်တို့ ပြန်ထွက် လာကြသည်။ဦးသန်းဖေတို့မြေးအဖိုး နှင့် ဦးဩပေးလိုက်သည့် လက်ဆောင်များမှာ လှည်းပေါ်တွင် မနည်းမနောဖြစ်လေသည်။ဖိုးထွေးသည် လှည်းမောင်းနေသော သာရအား
“သာရရေ ငါကတော့ ဦးဩရဲ့ စိတ်ဓာတ်ကို လေးစားတယ်ကွာ ”
“ဦးသန်းဖေတို့ မြေးအဖိုးကလည်း တကယ်နောင်တရသွားတာကိုးကွ”
“အေးကွာ ငါမမြနှင်းရီကို တော်တော် ရိုက်ပစ်လိုက်တာကွ ငါ့အထင် ကျောမှာ အချိုးရာတွေ နည်းမှာ မဟုတ်ဘူး ”
“ကောင်းစေချင်လို့ ရိုက်တာပဲကွာ မင်းမမှားပါဘူး ”
“ဘယ်က ကောင်းစေချင်လို့ ရိုက်ရမှာလည်း သောက်မြင်ကပ်လို့ ရိုက်ခဲ့တာပါ အဲ့ဒီအချိန်က”
ဖိုးထွေး နှင့် သာရ စကားပြောနေချိန် မောင်ဘိုးထင်တို့သည် စကားတိုးတိုးပြောနေရင်း ပေတူးသည် လှည်းမောင်းနေသော သာရအား
“ကိုသာရ ရှေ့မှာ လူတွေ တွေ့ရင်ပြောဦး မေးစရာရှိလို့ ”
“ဘာမေးမလို့လဲ ပေတူး ”
“လမ်းမေးမလို့ပေါ့ ဘိုးထင်က လမ်းမေးခိုင်းလို့ ”
“ပေပင်ရွာကိုတော့ ငါမပြောနဲ့ ငါနွားတွေတောင် သိပါတယ် ကွာ ”
“ပေပင်ကို မဟုတ်ဘူးဗျ သူဌေးကုန်းကို ”
“ဟ သူဌေးကုန်း ဘာသွားလုပ်မလို့လဲ ဘိုးထင်ရ ”
“ဘာလုပ်ရမှာလဲ ဦးဩရဲ့မြေးကို သေအောင်စီရင်တဲ့ စည်းမရှိတဲ့ အောက်လမ်းပေါက်စနဲ့ စာရင်းရှင်းမလို့ပေါ့ဗျ”
မောင်ဘိုးထင်၏ စကားကြောင့် လှည်းမောင်းနေသော သာရ နှင့် ဖိုးထွေးသည် နောက်သို့ ပြိုင်တူ မောင်ဘိုးထင်အား လှည့်ကြည့်လိုက်မိကြပါတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ သည်က ဤမျှသာ။
ရေးသားသူ- မောင်တင်ဆန်း
#mgtinsan
#မောင်တင်ဆန်း
#crd