” အောက်လမ်းဘိုးထင် နှင့် ဥစ္စာရင်းမှန် “(စ/ဆုံး)
==================================
◾အခန်း (၁)
တောတောင်များခြံရံလျက်ရှိသော လှည်းလမ်းလေးတွင် လှည်းလေးနှစ်စီး ခရီးနှင်နေသည်။သာရမောင်းသော လှည်းတွင် ပေတူး ၊ သာအေး နှင့် ဖိုးထွေးတို့ လိုက်ပါစီးနင်းကြပြီး နောက်လှည်းတစီး ဇေယျာမောင်းသည့် လှည်းပေါ်တွင်တော့ မောင်ဘိုးထင်၊အဖွားနွေဦး နှင့် သူမ၏မြေးလေး ကိုပိန်တို့ လိုက်ပါလာကြသည်။ကိုပိန်သည် မောင်ဘိုးထင်နှင့် တနှစ်ကျော်ကျော်မျှ ငယ်သူ ဖြစ်သည်။လူကောင်အတော်ညှက်သော်လည်း အရပ်ကတော့ မပုပေ။ထို့ကြောင့် ဝင်းနောင်သည် ငါးဖောင်ရိုးခြောက်ဟု ခေါ်ခြင်းဖြစ်နိုင်သည်။ကိုပိန်သည် အဖွားနှင့်အတူ ဘယ်သို့ သွားနေသည်မှန်း သေချာမသိပေ။ထို့ကြောင့် သူ၏အဖွားဖြစ်သူအား မေးမြန်းလေသည် ။
“အဖွား ကျုပ်တို့ဘယ်ကိုသွားနေကြတာလဲ ဘုရားပွဲတော့ ဟုတ်ဟန်မတူဘူး”
“အင်း မြေးရဲ့ အဖွားတို့သွားနေတာ အဖွားတို့ရဲ့အိမ်ကိုလေ ”
“အိမ်ကနေ အခုပဲ ထွက်လာတာလေ ”
“ငါ့မြေး ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို ပြောတာကွယ့် ”
“ကျုပ်မသိပါဘူး အဖွားရာ”
ကိုပိန် နှစ် နှစ်ကျော်ကျော်မှာပင် ထွက်လာခဲ့သည့်မို့ မမှတ်မိခြင်းဖြစ်သည်။သူထင်သည်က သူတို့သည် အစကတည်းက ဆင်းရဲသူများဖြစ်သည်ဟုသာ၊၊မောင်ဘိုးထင်သည် ကိုပိန်ကို ကြည့်ကာ စကားဆိုလိုက်လေသည် ။
“ကိုပိန် မင်းမှာ ငွေတွေ အများကြီးရှိလာရင် အရင်ဆုံး ဘာလုပ်မလဲ ”
“ကျုပ်တို့မှာ ငွေက ဘယ်လိုလုပ်အများကြီးရှိမှာလဲ ငွေဆိုတာ ဘာမှန်းတောင် မသိဘူး”
“ပြောကြည့်စမ်းပါကွ မင်း ငွေတွေရလာပြီးဆို ဘာလုပ်မလဲ မုန့်တွေ ဝယ်စားမှာလား”
“ဟာ အဖွားကို ပေးမှာပေါ့ အဖွားက ဒီအရွယ်အထိ ကြံရွက်ကောက်နေရတာ အဖွားကို အကုန်ပေးပြီးတော့မှ မုန့်ဖိုးပြန် တောင်းမယ် ”
အဖွားနွေဦးသည် ကိုပိန်၏ စကားကို သဘောကျနေပြီး တပြုံးပြုံးနဲ့ ဖြစ်နေလေသည်။သို့သော် ချက်ခြင်းပင် သူမ၏ မျက်နှာတွင် စိုးထိတ်မှုများ ဖြစ်ပေါ်လာသည်ထင်၏ ငေးငိုင်သွားသဖြင့် မောင်ဘိုးထင်မှ သတိပေးလိုက်ရသည် ။
“အဖွား ဘာတွေစိုးရိမ်နေတာလဲ အဖွားကို ပညာသည်လို့ ရွာက လူတွေသိမှာကိုလား”
မောင်ဘိုးထင်၏စကားကို သူမခေါင်းညိတ်ပြကာ ဖြေလိုက်သည် ။ထိုအခါ ဘိုးထင်သည် ဆက်လက် စကားဆိုလေသည်။
“အဖွား ကျုပ်ပြောပြမယ် ကျုပ်လည်း အောက်လမ်းပညာသည် တယောက်ပဲ ဒါပေမဲ့ ကျုပ်ကို ကျုပ်ရွာသားတွေက မေတ္တာမပျက်ကြဘူး ဘာလို့လဲဆိုတော့ ကျုပ်က သူတို့ကို တခါမှ ဒုက္ခမပေးခဲ့လို့ပဲ တကယ်လို့ အဖွားကိုပညာသည်မို့ အခေါ် အပြောမလုပ်ချင်တဲ့သူတွေ ပေါ်လာရင်လည်း ဂရုစိုက်မနေနဲ့ အဖွားတွေးရမှာက အဖွားမြေးလေး ဘဝကောင်းစားဖို့ကိုပဲ ”
မောင်ဘိုးထင်သည် အဖွားနွေဦးအား သူပြောသင့်သလောက် ပြောပြနေခြင်းဖြစ်သည်။ရှေ့လှည်းတွင်တော့ ဖိုးထွေးတို့တစုသည် လေးဂွတကားကား နှင့် ငှက်ပစ်ရန်ကြံနေသော သာအေး နှင့် ပေတူးအား ငေါက်ငမ်းသံများ ညံစီလို့ နေပါတော့သည် ။
◾အခန်း (၂)
လူတို့၏သဘောသဘာ၀သည် ခက်ပေ၏။အကျိုးအကြာင်း အကောင်းအဆိုးကို မေးမြန်းစုံစမ်းခြင်း စဉ်းစားချင့်ချိန်ခြင်း မရှိဘဲ လူတချို့က အမဲဆိုလျှင် တခြားသောသူများသည် လိုက်မဲတတ်သည်။အရက်သောက်သောသူအား အရက်သမားဟု ပြစ်တင်ပြောဆိုတတ်ပြီး ပေါင်းသင်းဆက်ဆံချင်းငှာ မပြု လုပ်လိုကြပေ။အရက်သမားသည် အဘယ်ကြောင့် အရက်သောက်ရသနည်းဆိုတာ မေးမြန်းသူနည်းပါလှ၏။ဖေးမမည် မရှိ၊လမ်းပြမည်မရှိ၊အရက်သောက်နေ၍ ထိုသူသည် အရက်သမား၊မကောင်းသောသူ ဟုသာ အများစုက သတ်မှတ်လိုက်ကြသည်။ထိုအရက်သမား၏ဘဝတွင် မည်သို့ ခက်ခဲမူ၊ စိတ်မကောင်းစရာနှင့် နာကျင်မှု့များ ရှိနေမလားဆိုသော အတွေးမျိုး တွေးသူက နည်းပါလွန်းလှသည်။လဲကျနေသူကို အပြစ်တင်သူ အများသားမို့ လောကီလူ့ဘုံသည် စိတ်မချမ်းမြေ့စရာများဖြင့် အမြဲ ကြုံတွေ့ရတတ်သည်။ထိုအတွေးကိုတွေးနေသူမှာ လှည်းမောင်းနေသော ဇေယျာဖြစ်သည်။သူတို့ လှည်းနှင့် ခရီးနှင်လာသည်မှာ နေ့လယ်အချိန်သို့ ရောက်လာပြီ ဖြစ်သည်။ကိုပိန် သည် ဟိုကြည့် ဒီကြည့်နှင့်ပင် ဗိုက်ဆာနေဟန်ရှိ၏။မောင်ဘိုးထင်သည် ကိုပိန်၏ အခြေအနေကို ရိပ်စားမိ၍ အရှေ့လှည်းမှ ဖိုးထွေးတို့အား လှမ်းအော်ပြီးစကားဆိုလိုက်လေသည် ။
“ကိုဖိုးထွေးရေ လှည်းတထောက် နားကြရအောင်လား ထမင်းလေး ဘာလေး စားကြရအောင် ”
“ဟေ့ဘိုးထင် ထမင်းကတော့ ဟုတ်ပါပြီ ဘာလေးက ဘာတုန်းဟ ”
“ဒီပေတူးကတော့ တော်တော်အကြောရှည်တယ် နေရာထိုင် ခင်း သေချာပြင်ထား လှည်းပေါ်ကဖျာတွေ နားမဲ့နေရာမှာ ခင်း ကြားလား”
မောင်ဘိုးထင်သည် သူ့အားစနောက်နေသော ပေတူးအား ခိုင်းလိုက်ရာ ပေတူး မကျေမနပ်ဖြစ်သွားပြီး သူ၏ ဘေးတွင်ရှိသော သာအေးအား ခပ်တိုးတိုးစကားဆိုနေသည်။ထို့နောက် အရိပ်ကောင်းသော သစ်ပင်ကြီးတပင်နားအရောက် လှည်းများကို ရပ်လိုက်ကာ လှည်းပေါ်မှ ဖျာများကို သစ်ပင်အရိပ်အောက်တွင် ခင်းလိုက်ကြသည်။ဦးသာဇံတို့ ထည့်ပေးလိုက်သော ထမင်းတောင်း နှင့် ဟင်းအုပ်များကိုလည်း အောက်သို့ချလိုက်ကြသည်။ဇေယျာနှင့် ဖိုးထွေးတို့သည် သူတို့၏နွားများကို ရေ တိုက်ရန် နှင့် အစာကျွေးရန် ထွက်သွားကြသည်။မကြာသောအချိန်တွင် ဇေယျာ နှင့် ဖိုးထွေးတို့ ပြန်ရောက်လာပြီး သစ်ပင်ရိပ်အောက်တွင် ထမင်းစားရန်စောင့်နေသော မောင်ဘိုးထင်တို့ အနားသွားထိုင်လိုက်ကာ
“ကဲ ကိုပိန်ရေ စိတ်ရှိလက်ရှိသာ လွေးပေတော့ ”
“စိတ်ချ အကိုကြီးဇေယျာ ”
ဤသို့နှင့် သူတို့ အားလုံးထမင်းစားလိုက်ကြသည်။အထီး ကျန်ဆန်နေသော အဖွားနွေဦးသည် မောင်ဘိုးထင်တို့နှင့် တွေ့ မှပင် ပြုံးပျော်နေလေသည်။ထို့အတွက် သူမ၏စိတ်ထဲတွင် ဇေယျာ နှင့် မောင်ဘိုးထင်တို့အဖွဲ့အား လွန်စွာကျေးဇူးတင်နေမိ သည်။သူတို့ ထမင်းစားပြီး၍ သစ်ပင်ရိပ်အောက်တွင် တရေးတမော အိပ်သူအိပ် စကားပြောသူပြော နေကြစဉ်မှာပင် နွားလှည်းတစီးသည် သူတို့အနားသို့ ဆိုက်ရောက်လာပြီး နွားလှည်းပေါ်မှ လူနှစ်ယောက်သည် နွားလှည်းကို ရပ်လိုက်ပြီး လှည်းပေါ်မှဆင်းကာ အဖွားနွေဦးအား သေချာကြည့်လိုက်ရင်း စကားဆိုလေသည် ။
“ကြီးကြီးနွေဦး မဟုတ်လား ”
“ဟဲ့ ဘယ်သူတုန်း ”
“ကြီးကြီးရယ် ကျမကိုတောင် မေ့နေပြီလား”
“ဘယ်သူတုန်း”
“ကျမ မိအေးလေ ”
“မိအေး ဟုတ်လား ”
“ဟုတ်တယ် ဒါက ကျမယောက်ျား မင်းဦးတဲ့”
“မိအေး နင်တောင် အိမ်ထောင်တွေကျကုန်ပြီလား ”
“ဟုတ်တယ် ကြီးကြီးရေ ကြီးကြီးမရှိတော့ ကျမတို့လည်း မိမိလေးဆီမှာ အလုပ်မလုပ်နိုင်လို့ ထွက်လိုက်ကြတာ ကြီးကြီးက မပြောမဆိုနဲ့ ဘယ်ပျောက်သွားတာလဲ မိမိလေးတို့ပြောတော့ မြို့ကို ပို့လိုက်တယ်ဆို ”
“မဟုတ်ပါဘူး မိအေးရယ် ကတောရွာမှာ နေ နေတာ တို့ရွာနဲ့ဆို တနေကုန်လောက် သွားရတာလေ ”
“ကြီးကြီးရယ် ကတောရွာမှာ မှန်းသိရင် မိအေးတို့လာတာပေါ့ အဲ့ဒီရွာက ရွာကလူတွေနဲ့ အဆက်အဆံမရှိကြတော့ ကြီးကြီးရောက်နေတာ ဘယ်သူမှမသိကြဘူး ဒါနဲ့ သူတို့တွေက ”
“အဲ့တာ ကြီးကြီးရဲ့မိတ်ဆွေတွေလေ ဒါနဲ့ ဒါ ဘယ်သူလဲ မှတ်မိလား ”
အဖွားနွေဦးသည် မိအေးအား ကိုပိန်ကို ပြပြီး မေးလေ၏ ။ ထိုအခါ မိအေးသည်
“သူက ဘယ်သူလဲ ကြီးကြီး ”
“မိမိကြီးသားလေ ကိုပိန်လေ ”
“ကိုပိန်လေးလား အရွယ်ရောက်လာပြီပဲ သတိရနေတာ ကြီးကြီးရေ ကျမတို့ ထင်းတိုက်ပြီး ပြန်လာရင် ကြီးကြီးကို လာခေါ်မယ် ကြီးကြီးက ဘယ်မှာ တည်းမှာလဲ”
“ဪ မိအေးရယ် ငါ့အိမ်ရှိနေတာ ငါ့အိမ်မှာပဲ ငါ နေမှာပေါ့ ”
မိအေးသည် အဖွားနွေဦး၏စကားကို ကြားသောအခါ ကျေ နပ်ပီတိဖြစ်မိသည်။သူမသည်လည်း ဟိုးကတည်းက ယခုလို ဖြစ်စေချင်သည်။ဘာကြောင့်မှန်းမသိဘဲ တိတ်တိတ်လေး ထွက်သွားသည်မှာ နည်းမှန်လမ်းမှန် မဟုတ်ဟု ထင်သည်။ယခု သူမ၏ ကျေးဇူးရှင်မကြီး ဒေါ်နွေဦးသည် လူငယ်လေးများခေါ်လာသည်ကိုမြင်ရသဖြင့် သမီးဖြစ်သူနှင့် ရင်ဆိုင်တော့မည် အထင်ဖြင့် မိအေးတွေးပြီးကျေနပ်သွားကာ အားလုံးကို နှုတ်ဆက်ပြီး ထင်းတိုက်ဖို့ ထွက်သွားတော့သည်။ အဖွားနွေဦးတို့လည်း ရေကြည်ရွာလေးသို့ ဆက်ပြီး ခရီးဆက်လိုက်ကြပါတော့သည်။
◾အခန်း (၃)
ညနေနေဝင်ရီတရောအချိန်တွင် ရေကြည်ရွာလေးအနားသို့ ရောက်ရှိလာပြီ ဖြစ်သည်။နွားသွင်းချိန်ဖြစ်၍ ကျွဲများနွားများ ရွာထဲဝင်နေချိန်မို့ လှည်းမောင်းသူ ဖိုးထွေးနှင့် ဇေယျာသည် ရွာထဲသို့ ချက်ချင်းမဝင်ပဲ ရွာအပြင်ကုက္ကိုလ်ပင်ကြီးအနားတွင် လှည်းကို ရပ်ပြီး စောင့်ကြည့်နေကြသည်။အဖွားနွေဦးသည် ကိုးနှစ်ကျော်ကြာ ဝေးကွာနေသော ရွာလေးကို ကြည့်ကာ ပြုံးနေမိသည်။မည်သည့်အရာမှ မပြောင်းလဲသေးပါလားဟုလည်းတွေးမိသည်။ရွာအဝင်ကင်းတဲလေးနှင့် ရွာလယ်လမ်းလေးအား ကျွဲ၊နွားများ မဝင်နိုင်အောင် ဝါးခြံစည်းရိုးခတ်ထားသည်မှာလည်း အရင်အတိုင်း မပြောင်းလဲပေ။လမ်းဘေးရှိအိမ်များမှ သားသမီးများကို အော်ငေါက်သံ၊ကလေးငိုသံ နှင့် အချင်းချင်း စကားပြောသံတို့သည် ရွာအပြင်ကတည်းကပင် ကြားနေရသည်။ထို့နောက် ကျွဲ၊နွားများသည်လည်း ရှင်းသွားပြီမို့ အဖွားနွေဦး လိုက်ပါလာသော ဇေယျာ၏လှည်းလေးသည် ရှေ့မှမောင်း၍ ဖိုးထွေးမောင်းသော လှည်းလေးသည် နောက်မှ လိုက်၀င်ပြီး ရေကြည်ရွာလေးထဲသို့ ဝင်လိုက်ကြတော့သည် ။
ရွာထဲသို့ သူတို့လှည်းနှစ်စီးဝင်သွားသည်နှင့် လမ်းဘေးရှိ အိမ်များမှ သူစိမ်းလှည်းများဟု ထင်ကာ စူးစမ်းကြည့်နေရင်း အဖွားနွေဦးကို မြင်သောအခါ အံ့ဩသွားကြပြီး လှမ်း၍ နှုတ်ဆက်ကြလေသည် ။
“အရီး ရွာပြန်လာတာလား ကျုပ်တို့က ဘယ်ကဧည့်သည်တွေ တုန်းလို့ကြည့်နေတာ အရီးရယ် ဘယ်တွေပျောက်နေတာလဲဗျ ”
“နောက်မှပြောပြမယ် မောင်ပုရေ ငါ ဒီမှာပဲ ပြန်နေတော့မှာ ”
“ကောင်းတယ် အရီးရေ အရီးပြန်လာမှပဲ မလာရင် အရီးရဲ့ လယ်တွေရော ယာတွေရော ကုန်တော့မယ် ”
“ထင်ပါတယ် အိမ်ကျန်ရင်ပဲတော်ပါပြီ မောင်ပုရေ”
“ကဲ အရီးရေ ကျုပ်တို့အိမ် လာလည်ဦး မယ်သောင်းဆို အလှုတွေရှိတိုင်း အရီးကို သတိရနေတာလို့ တဖွဖွပြောတာ ”
ရွာသားများ၏ နှုတ်ဆက်ပုံ၊ပျော်ရွှင်သွားပုံကို ကြည့်ပြီး မောင်ဘိုးထင်တို့သည် အဘယ်ကြောင့် အဖွားနွေဦးသည် သူမအား စုန်းမှန်း မသိစေချင်သည်ဆိုတာ နားလည်မိလေသည် ။ ထို့နောက် အဖွားနွေဦးသည် မောင်ဘိုးထင်နှင့် ဇေယျာကို တလှည့်စီ ကြည့်ကာ
“ဆရာလေးနဲ့ မောင်ဇေယျာ အဖွားတကယ်ကို ကျေးဇူးတင်ပါတယ် အဖွားတယောက်တည်းဆို ဒီကို လာဝံ့မှာမဟုတ်ဘူး။မင်းတို့ ပါနေလို့ ထင်တယ်။အဖွားကို ဘယ်သူတွေ ဘာပဲပြောပြော ဘာစိုးရိမ်စိတ်မှတောင် မရှိတော့ဘူး။အဖွားရဲ့အတွေးထဲမှာ မြေးလေးဘဝ ကောင်းစားဖို့ပဲ ရှိတော့တယ် ”
“အဖွားရာ ဘယ်သူတွေကိုမှ ဂရုစိုက်စရာမလိုပါဘူး ကျုပ်တို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတာ ဘယ်သူ့ဂရုစိုက်မှာလဲ အဖွားရယ် ”
“ဟုတ်တယ် ဟိုကောင်မမိမိလေးနဲ့တော့ အတော်ကို ပြဿနာ တက်ဦးမယ်ထင်တယ် အဲ့ဒီအတွက် နည်းနည်းရင်လေးနေ သေးတယ် ”
“နောက်က ဟိုနှစ်ကောင်ကို ကြည့် ”
“ဘယ်သူတုန်း ”
“ဟိုမှာလေ ပေတူး နဲ့ သာအေး ”
“သူတို့က ဘာဖြစ်လို့တုန်း ဆရာလေး”
“သူတို့ကို ကျုပ် အဖွားအကြောင်းပြောတော့ အဖွားသမီးကို စိတ်တိုနေတာ အဖွား တွေ့ ပါလိမ့်မယ် ”
အဖွားနွေဦးသည် မောင်ဘိုးထင်ပြောသည်ကို သိပ်နားမလည်ပေ။ထို့နောက် သူတို့သည် အဖွားနွေဦး ညွှန်ပြသော အိမ်တအိမ်ထဲသို့ လှည်းများအား မောင်းဝင်လိုက်ကြပါလေတော့သ်ည ။
◾အခန်း (၄)
အရင်က ခမ်းနားကြီးကျယ်ခဲ့သောအိမ်ကြီးသည် ယခုအချိန်တွင် ခြောက်ကပ်လျက်ရှိပြီး ရေနံချေးများပင်မွဲခြောက်ခြောက် ဖြစ်နေပြီဖြစ်သည်။လွန်ခဲ့သောအချိန်များမှ သူရင်းငှားအလုပ် သမားများနှင့် ပျော်စရာဖြစ်ခဲ့ဘူးသော ထိုခြံကြီးသည် ယခု အခါ တိတ်ဆိတ်ခြောက်ကပ်ပြီး ပျင်းရိဖွယ်ဖြစ်နေသည်။အိမ်အောက်တန်းလျားတွင်တော့ အမျိုးသားတဦး အရက်သောက်နေပြီး ထိုအရက်သောက်သူ၏ဘေးတွင် အမျိုးသမီးတဦးသည် ဗျစ်တောက်ဗျစ်တောက်ပြောဆိုလျက်ရှိသည်။ထိုသူနှစ်ဦးမှာ ကျော်စိုးနှင့် မိမိလေး ဖြစ်သည်။ကျော်စိုးသည် အရက်သောက်နေရင်းမှ ဗျစ်တောက်ဗျစ်တောက်ပြောနေသည့် မိမိ လေးကို ကြည့်ကာ
“ဟဲ့ သောက်ကောင်မ နင်က အခုမှ ဘာတွေဖြစ်နေတာလဲ အစကတည်းက ဒီကလယ်ယာတွေအိမ်တွေကို ရောင်းပြီး မြို့ တက်နေရအောင်လို့ ငါမပြောဘူးလား ”
“ဟဲ့အကောင် ငါတို့မှာ ဒီလောက်ပိုင်ဆိုင်မှုအများကြီးကို ထားခဲ့ပြီး ဘာလုပ်ရမှာလဲ နင်အခုလည်း ငါ့အမေရဲ့လယ်တွေကို ပေါင်ထားတာ ဆယ်ဧကကျော်နေပြီမလား ”
“နင်က ငါ ငွေတောင်းတိုင်း ပေးလို့လား ”
“ရှိတိုင်း ဖြုန်းပစ်လို့ရမလား ”
“တော်စမ်းပါ ဒီဟာတွေကိုအကုန်ရောင်းပြီး မြို့မှာ အေးအေး ဆေးဆေးနေလို့ရတာကို နင်က သောက်ကြီးသောက်ကျယ်လုပ် နေတာ ”
သူတို့စကားများနေစဉ် အိမ်ဝိုင်းထဲသို့ ရွာလူကြီးနှင့် ရပ်မိရပ် ဖအချို့ ဝင်လာကြသည်။သူတို့၏ နောက်တွင်တော့ လှည်းနှစ်စီး ပါလာလေသည်။ရွာလူကြီးကို မြင်သည့်အခါတွင် မိမိလေးသည်
“ဦးကြီးတို့ပါလား လာ လာ ထိုင် ဟဲ့အကောင် နင့်အရက်ပုလင်းတွေ သိမ်းစမ်း”
“အေး အေး ”
ကျော်စိုးသည် သူ၏အရက်ပုလင်းများကို စားပွဲခုံအောက်ထိုးလိုက်ပြီး
“ထိုင်ကြဗျ ထိုင်ကြ”
ရွာလူကြီးသည် တန်းလျားတွင် ထိုင်လိုက်ပြီး မိမိလေးအားကြည့်ကာ
“ကဲ မိမိလေး နင့်ကို စာရင်းရှင်းဖို့ လူတယောက်က ငါတို့ကို ခေါ်လို့လာရတာပဲ မှောင်လည်းမှောင်တော့မယ်ဆိုတော့ မြန်မြန် ပဲ ရှင်းကြတာပေါ့ ဒေါ်နွေဦးလာဗျာ ”
ရွာလူကြီးမှ ဒေါ်နွေဦးဟု ခေါ်လိုက်သည်နှင့် လှည်းပေါ် မှ ဆင်းလာသော အဖွားနွေဦးသည် မြေးဖြစ်သူ ကိုပိန်ကို လက်တဖက်မှ ဆွဲထားပြီး လက်တဖက်မှ တောင်ဝှေးကို ထောက်ကာ လူငယ်လေးများခြံရံလျက် အိမ်အောက်သို့ ဝင်လာလေသည် ။
မိမိလေးသည် အဖွားနွေဦး ဝင်လာသောအခါ အံ့အားသင့်နေပြီး
“အမေ ဘာလို့ပြန်လာတာလဲ ”
မိမိလေး၏ အမေးကို ဖြေကြားခြင်းမရှိဘဲ အဖွားနွေဦးအား မိမိလေးယောကျာ်းဖြစ်သူ ကျော်စိုးသည် အရက်မူးနေသည့် လေသံဖြင့်
“အဖွားကြီး ဘာပြန်လာလုပ်တာလဲ ခင်ဗျားကို ကျုပ်တို့ ပေးသင့်သလောက်ပေးပြီးပြီပဲ လောဘမကြီးစမ်းပါနဲ့ ”
ကျော်စိုး၏စကားကြောင့် အဖွားနွေဦးအနားတွင် ရှိနေသော ပေတူး နှင့်သာအေးသည် သူတို့၏လွယ်အိတ်ထဲမှ လေးဂွများကိုယ်စီ ထုတ်လိုက်ကာ ပစ်ဖို့ ကြံနေသဖြင့် ဖိုးထွေး နှင့် သာရမှ ထိန်းထားလိုက်ပြီး
“ငါ့ကောင်တွေ စိတ်လျှော့စမ်းပါကွ လူကြီးတွေရှိတယ်လေ”
“စိတ်တိုလို့ပါဗျာ ဒီလူရဲ့ အခွက်ကို ဆော်ချင်နေပြီ ”
“စိတ်လျှော့ ငါ့ကောင် ရွာလူကြီးတွေရော ရှိတယ် ”
ထိုအဖြစ်အပျက်ကို ကြည့်ပြီး အဖွားနွေဦးပြုံးလိုက်မိသည် ။ လမ်းတွင် မောင်ဘိုးထင်ပြောသော အဖွားမြင်ပါလိမ့်မည်ဆိုသော စကားကိုနားမလည်ပဲ ယခုမှသာ နားလည်သွား၏။ထို့နောက် သူမသည် ရွာလူကြီးကို ကြည့်ကာ
“ရွာလူကြီး အခု ကျမအိမ်မှာ ကျမနေမယ် ဒီလင်မယားကို အိမ်ပေါ်က နှင်ချချင်ပါတယ် ရွာလူကြီး ဆောင်ရွက်ပေးပါ”
“အမေ အမေဘာလာလုပ်တာလဲ အမေ့လျှို့ဝှက်ချက်ကို ကျမတို့ကို ပြောစေချင်နေတာလား ”
“ဘာလျှို့ဝှက်ချက်လဲ ငါက စုန်းမကြီးဆိုတာ ပြောမလို့မဟုတ်လား ပြောလည်း ဂရုမစိုက်ဘူး ကောင်မ နင်တို့ ငါ့အိမ်ပေါ်ကဆင်း”
“ဘာလို့ ဆင်းရမှာလဲ ဒီအိမ်နဲ့ ဒီပိုင်ဆိုင်မှုတွေကို ရှင်ပဲ ပေးခဲ့ပြီးတော့ ”
သားအမိနှစ်ယောက် အချင်းများနေကြပြီ ဖြစ်သည်။ကျော်စိုး နှင့် မိမိလေးသည် အိမ်ပေါ်က မဆင်းနိုင်ကြောင်း သူတို့ပိုင် ဆိုင်ကြောင်းသာ ပြောနေရာ ရွာလူကြီးမှ ကြားဖြတ်၍ စကားဆိုလေသည် ။
“မိမိလေးနဲ့ ကျော်စိုး နင်တို့ ပိုင်တယ်ဆိုရင် ပိုင်ဆိုင်မှု အထောက်အထားပြစမ်း”
“အဲ့ အဲ့တာက ဘယ်ရှိမှာလဲ မိဘအမွေပဲ သားသမီးပိုင်တာပေါ့ အခုသမီးက ကျမတယောက်တည်းရှိတော့ ကျမပဲ ပိုင်တယ် ”
“ဟဲ့ မိမိလေး ကာယကံရှင်က ပေးမှပဲဖြစ်တာဟဲ့ နင့်ကို ဘာစာချုပ်စာတန်းနဲ့မှ ပေးခဲ့တာမဟုတ်ဘူး အခု နင့်အမေက နင့်ကို ဆင်းခိုင်းနေပြီ နင်တို့အိမ်ပေါ်က ဆင်းတော့ ”
“ကျမ အမေကစုန်းမကြီးတော့ သူက ကျမတို့ရွာကို ဒုက္ခပေးမှာ ”
“ဟုတ်တယ် အဲ့ဒီမိန်းမကြီးက စုန်းမကြီးဗျ သူ့ကို ဒီမှာ ထားရင် ရွာအတွက် မကောင်းဘူး”
ကျော်စိုး နှင့် မိမိလေး၏ စကားကြောင့် အဖွားနွေဦး မျက်နှာ အနည်းငယ် ပျက်သွားသည်။ထိုအရာကိုသိသော မောင်ဘိုးထင် သည် သူမ၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ရွာလူ ကြီးနှင့် ရပ်မိရပ်ဖများသည် မိမိလေး နှင့် ကျော်စိုး၏ မျက်နှာကို စေ့စေ့ကြည့်ကာ
“မိမိလေး နင်အတော်မိုက်ကန်းတဲ့ မိန်းကလေးပဲ နင့်ကြောင့် နင့်အမလည်း သေရတယ်။အခု ကိုယ့်အမေကို စုန်းမလို့ စွပ်စွဲ နေပြန်ပြီ ”
“တကယ် စုန်းမကြီးပါ ရွာလူကြီးရယ် ”
“ဟဲ့ မိမိလေး နင့်အမေက တကယ်စုန်းမဖြစ်နေရင်တောင် အဲ့တာ သူ့ဖြစ်တည်မှုပဲ သူ ငါတို့ရွာကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ နင်နဲ့ နင့်ယောကျ်ားသာ ငါတို့ရွာအတွက် အကျိုးမရှိဘူး ဒေါ်နွေဦးရှိတုန်းကဆို တို့ရွာရဲ့သာရေးနာရေးနဲ့ အလှုအတန်းတွေမှာ ထိပ်ဆုံးကပဲ ပြီးတော့ တို့ရွာသားတွေကိုလည်း အလုပ်ပေးနိုင်တယ်။တကယ်လို့ သူ ဘာပဲဖြစ်ဖြစ် ငါတို့ သူရဲ့လုပ်ရပ်ကိုပဲ ကြည့်တယ်”
အဖွားနွေဦးသည် ရွာလူကြီး နှင့် ရပ်မိရပ်ဖများ သူ့အပေါ် ထားသည့် သဘောထားကိုသိသောအခါ မျက်ရည်လည်သည် အထိ ဝမ်းသာမိလေသည်။ထိုအခါ မိမိလေးသည် အခြေအနေ မကောင်းမှန်းသိသွားသောကြောင့် အဖွားနွေဦးရှေ့ ဒူးထောက် ထိုင်လိုက်ကာ
“အမေ ကျမမှားပါတယ် ကျမကို ခွင့်လွှတ်ပါ အမေရဲ့အတွင်း ပစ္စည်းတွေကိုလည်း ကျမ မပျောက်ပျက်အောင် ထိန်းသိမ်းထားပါတယ် ”
“ဟဲ့ကောင်မ အဲ့ဒီပစ္စည်းတွေပျောက်ရင် နင်တို့လင်မယားကို ပုလိပ် လက်အပ်မှာ အခု ငါ့ပစ္စည်းတွေ အကုန်ယူခဲ့စမ်း”
အဖွားနွေဦး၏စကားကြောင့် မိမိလေးသည် အိမ်ပေါ်တက်သွားကာ သေတ္တာလေးတလုံးကိုယူလာပြီး အထဲရှိ ရွှေထည်ပစ္စည်းများကို ပြလိုက်လေသည်။အဖွားနွေဦးသည် ရွှေထည်များကို စစ်လိုက်ပြီး
“ငါ့ငွေတွေရော ”
“အဲ့ အဲ့တာတွေကတော့ သုံးလို့ ကုန်ပြီ ”
“ဒီအထဲမှာ ရွှေဘီးနှစ်ချောင်း ပျောက်နေတယ် ”
“အဲ့တာကလည်း ငွေကုန်သွားလို့ ရောင်းသုံးလိုက်ရတယ် အမေ ”
အဖွားနွေဦးသည် မိမိလေးအား မည်သည့်စကားမှပြန်မပြောပဲ ရွာလူကြီးဘက်လှည့်ကာ
“ရွာလူကြီး ဒီကောင်မ ကျမစည်းစိမ်တဝက်လောက်ကို ဖြုန်း ပြီးပြီ။အဲ့တော့ သူဖြုန်းခဲ့တဲ့ လယ်တွေရွှေတွေငွေတွေကို ကျမ အမွေအဖြစ် သူကို့ပေးတယ် ဒီနေ့ကစပြီး ဒီလင်မယားက ကျမ နဲ့ ဘာမှ မဆိုင်တော့ဘူး ခုညတွင်းချင်းပဲ နှင်ချပေးပါ ”
အဖွားနွေဦးမှ ရွာလူကြီးကို ပြောလိုက်သောစကားကြောင့် မိမိ လေး နှင့် ကျော်စိုးသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
“အမေ ကျမတို့မှားသွားပါတယ် ကျမတို့ကို ခွင့်လွှတ်ပါ ”
“ဟိုတခါ နင်တို့ကို ယုံလိုက်တာ ငါ့သမီးကြီးကို ဆုံးရှုံးလိုက်ရတယ် ထပ်မယုံကြည်ပေးနိုင်တော့ဘူး။နင်တို့ အဝတ်အစားတွေ မြန်မြန်သိမ်း ပြီးရင်ဆင်းတော့”
ဇေယျာနှင့် မောင်ဘိုးထင်တို့သည် ကိစ္စအားလုံး ပြတ်သ လောက် ဖြစ်ပြီမို့ အဖွားနွေဦးကို ကြည့်ကာ
“အဖွား ကျုပ်တို့ ပြန်တော့မယ် တော်ကြာ အချိန်လင့်နေမှာ စိုးလို့ ”
“နောက်နေ့မှပဲ ပြန်ပါလား ဆရာလေးတို့ရယ် ”
“မဖြစ်ဘူးဗျ ကျုပ်တို့ အရေးကြီးကိစ္စရှိလို့ ”
“အဲ့တာဆိုလည်း မတားတော့ပါဘူးကွယ် ”
မောင်ဘိုးထင်တို့သည် လှည်းများပြန်ကောက်ကာ အဖွားနွေ ဦး၏ အိမ်ဝိုင်းထဲမှ ထွက်သွားကြလေသည်။ထိုအချင်းအရာကို မြင်သော ကျော်စိုးနှင့် မိမိလေးသည် သူတို့၏အဝတ်အစားများ ကိုယူပြီး အိမ်ပေါ်မှ ပြန်ဆင်းလာရင်း ကျေနပ်စွာ ကြည့်နေပါလေတော့သည် ။
◾အခန်း (၅)
ရေနံဆီမီးခွက် သုံးလေးခွက်မျှထွန်းထားသောကြောင့် အိမ်ကြီးရှိ ပရိဘောဂများကို ကောင်းစွာမြင်နေရသည်။ထိုမြင်ကွင်းအား ကြည့်ပြီး အထူးအဆန်းတအံ့တဩကြည့်နေသူမှာ ကိုပိန် ဖြစ်သည်။ကိုပိန်သည် အိမ်အပေါ်ထပ်ရှိ ပစ္စည်းပစ္စယများနှင့် ပြတင်းတံခါးများကို သေချာကြည့်ကာ
“အဖွား ဒါက အဖွားအိမ် ဟုတ်လား ”
“ဟုတ်တယ်လေ မြေးလေးရဲ့ ”
“ကတောရွာက အိမ်နဲ့ ဘာမှမဆိုင်ဘူးဗျာ အဖွားက သူဌေးလား”
“အဖွားက သူဌေးဆို မြေးကလည်း သူဌေးပေါ့ ”
“ကျုပ်တို့မှာ ငွေတွေ အများကြီးရှိတာလား ”
“ရှိတာပေါ့ မြေးရဲ့ ”
“အဲ့တာဆို နေ့တိုင်း ဟင်းကောင်းကောင်း နဲ့ စားရတော့မှာပေါ့ နော် အဖွား”
“ဒါပေါ့ ”
” ကျုပ်ဖြင့် မယုံနိုင်ဘူးဖြစ်နေတာ အဖွားရာ ဒီလို အိမ်ကြီးရှိတာ အဖွားက ဘာလို့ အစောကြီးကတည်းက မလာရတာလဲ ”
“ကြောက်လို့ပေါ့ မြေးရယ် အထူးသဖြင့် အဖွားရွာကလူတွေက အဖွားကို အပြစ်ပြောမှာ ကြောက်လို့ပေါ့”
“အခုတောင် ကိုဘိုးထင်တို့ အကိုကြီးကိုဇေယျာတို့ပါလို့ လာတာ မဟုတ်လား ”
အဖွားနွေဦး ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ထိုစဉ် အိမ်တံခါးမကြီးကို ခေါက်လာ၍ ကိုပိန်သည် မင်းတုန်းထိုးရ ဖြုတ်ရသည်ကို သဘောကျသောကြောင့် ပြေး၍ ဖွင့်ပေးလိုက်သည်။ ကိုပိန်သည် တံခါးပွင့်သွားချိန် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အဖွားဖြစ်သူ၏အနားသို့ ပြေးကပ်လိုက်ပြီး
“အဖွား ဘယ်သူတွေလဲ မသိဘူး ဓားကြီးတွေနဲ့ ”
ကိုပိန်၏စကားမဆုံးခင် ဓားကိုင်ထားသော လူသုံးယောက်သည် အဖွားနွေဦးနှင့် ကိုပိန်အား ဓားနှင့် ချိန်ရွယ်ကာ
“အဖွားကြီး ရွှေသေတ္တာ ပေးစမ်း ”
အဖွားနွေဦးသည် အသင့်ရှိနေသော ရွှေသေတ္တာလေးကို ပေးလိုက်ပြီး
“ရော့ နင်တို့လိုချင်တာ ဒါမဟုတ်လား ယူသွား ငါတို့ကို ဒုက္ခမပေးနဲ့ ”
“အဖွားကြီးက သိပ်လိမ္မာတာပဲ ဟေ့ကောင်တွေသွားမယ် ”
“နေပါဦး သူ့မှာ ဘာထပ်ရှိသေးလဲ ”
“တန်ဖိုးရှိတာဆိုလို့ ဒါပဲရှိတာ ဒါကလည်း မနည်းပါဘူးကွာ ငါလိုချင်တာလဲ ဒါပဲ ”
“ကဲ ကဲ အဲ့တာဆို ပြန်ရအောင် အဖွားကြီး အော်ရင် ပြန်တက်လာပြီး နှစ်ယောက်လုံးကို သတ်ပစ်မှာနော် ”
ဓားပြသုံးယောက်သည် ရွှေသေတ္တာကိုယူကာ အိမ်အောက်သို့ ပြန်ဆင်းသွားလေသည်။ထို့နောက် အဖွားနွေဦးသည် ကိုပိန်ကို အချက်ပြလိုက်ရာ ကိုပိန်သည် တံခါးမကြီးကို ပြေးပိတ်ပြီး မင်းတုန်းထိုးထားလိုက်ပါတော့သည် ။
◾အခန်း (၆)
ဓားပြသုံးယောက်သည် သူတို့လိုချင်သည်များကို ရပြီဖြစ်သောကြောင့် အိမ်ပေါ်မှ ဆင်းလာကြသည်။သူတို့သည် အချင်း ချင်း တီးတိုးစကားဆိုနေသေးသည် ။
“မိမိ နင့်အမေက ဒါတော့ လိမ်မာသားပဲ ”
“ငါတို့က ဓားတွေနဲ့ကိုး ပြီးတော့ ဟိုဂြိုလ်ကောင်လေးကို ထိမှာ စိုးနေတာ နေမှာပေါ့ ”
“ဓားပြတိုက်တာ ငါတို့လို့ ထင်ချင်မှထင်မှာ သူ့ကို လိုက်ပို့တဲ့ ဟိုငနာလေးတွေလို့ ထင်နေမှာနော် သူတို့က ချက်ချင်းကြီးပြန်သွားတာလေ ”
“ဟုတ်ပါ့ ”
ဓားပြများသုံးယောက်တို့မှာ မိမိလေး၊ကျော်စိုး နှင့် သူတို့အပေါင်းအသင်းတယောက်တို့ ဖြစ်သည်။သူတို့သည် ဒေါ်နွေဦး အိမ်မှထွက်မည်ပြုစဉ် မီးတုတ်အလင်းရောင်များ လင်းထိန်သွားပြီး တုတ်ဓားလက်နက်ကိုင်ဆောင်ထားသော ရွာသားများနှင့်အတူ မောင်ဘိုးထင်တို့ကိုပါ တွေ့လိုက်ရသည်။ရွာလူကြီိးသည် သူတို့ကို ကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ ဓားတွေချပြီး မျက်နှာဖုံးကို ချွတ် လိုက်စမ်း ငါ ခိုင်းတဲ့အတိုင်း မလုပ်ရင် မင်းတို့ကို အသေဖမ်းမှာနော် ”
ရွာလူကြီး၏ စကားကြားသောအခါ မီးတုတ်များ နှင့် လက် နက်များကိုင်ဆောင်ထားသော ရွာသားများ ရှေ့တိုးလာရာ မိမိလေးတို့သည် သူတို့၏ မျက်နှာဖုံးကို ချွတ်လိုက်ကာ
“မ မလုပ်ပါနဲ့ ကျ ကျမတို့ပါ ”
“တောက် တော်တော်မိုက်မဲတဲ့ မိန်းမပဲ ဟေ့ကောင်တွေ အဲ့ဒီသုံးယောက်ကို ဖမ်း မြို့ဂတ်ကိုပို့ကွာ ပြန်ခုခံရင် အသေသတ်ပစ် ဖြစ်လာသမျှ ပြဿနာ ငါရှင်းမယ် ”
ရွာလူကြီး၏တာဝန်ယူစကားကြောင့် လက်ရဲဇက်ရဲရှိသော ရွာမှလူငယ်များသည် မိမိလေးတို့ အနားကပ်ပြီး ရိုက်ပုတ်ကာ ကြိုးတုတ်လိုက်လေသည်။မိမိလေးသည် သူမအား ရိုက်ပုတ်နေသောအခါ
“အမေ အမေ ကျမကို ကယ်ပါဦးတော် ”
သာအေး နှင့် ပေတူးသည် ကြိုးတုတ်ခံနေရပြီး အထုအထောင်းခံနေရသော မိမိလေးမှာ သူ၏မိခင်အား တပြီး ငိုနေသဖြင့် မယောင်မလည်နှင့် သူမအနားသွားလိုက်ကာ မျက်နှာကို ခြေဖြင့် တယောက်တချက်ခပ်ပြီး မောင်ဘိုးထင်တို့ အနားသို့ ပြန်သွားလေသည်။ထို့နောက် ရွာလူကြီးသည် ရွှေသေတ္တာကို ယူလိုက်ကာ
“ကဲ ကောင်လေးတွေ အိမ်ပေါ်ကိုတက်ကြ ”
ဤသို့ဖြင့် ရွာလူကြီးဦးဆောင်ပြီး မောင်ဘိုးထင် နှင့် တခြားသောသူများသည် အဖွားနွေဦး အိမ်ပေါ်သို့ တက်လိုက်ကြပါလေတော့သည် ။
◾အခန်း (၇)
“ဒေါ်နွေဦး ခင်ဗျားခေါ်လာတဲ့ကလေးတွေက အတော်ကို အကွက်စေ့တာပဲဗျ ခင်ဗျား သမီးနဲ့ သမက် ဓားပြလာတိုက်မယ်ဆိုတာ ဒီကလေးတွေ သိနေတယ် ပြီးတော့ အချိန်ပါသိနေတယ် ကျုပ်တော့ မအံ့ဩပဲ မနေနိုင်ဘူးဗျာ ”
“သူတို့က ညဏ်ကောင်းကြတာကိုး ”
“ကျုပ်ဖြင့် မိမိလေးတို့ ဒီလောက်ထိ မိုက်မဲမယ်လို့ မထင်ထားဘူး ”
“ရွာလူကြီးရေ ကျမ ခရီးထွက်ရဦးမယ် ဒီအိမ်ကို မိအေးဆီပဲ အပ်ခဲ့ရဦးမယ် ကျမမြေးလေးကိုလည်း ဒီမှာပဲ ထားခဲ့မယ် သိပ်မကြာပါဘူး အလုပ်ကိစ္စတွေ ပြီးရင် ပြန်လာမယ် ”
အဖွားနွေဦးမှ ထိုသို့ ပြောသောအခါ ကိုပိန်သည်
“အဖွားက ဘယ်သွားဦးမှာလဲ ”
“နင့်အကို ဘိုးထင်တို့ ရွာကိုပေါ့ ”
“ဘာသွားလုပ်မှာလဲ ”
“ဆေးသွားကုမှာပေါ့ လူလေးရယ် တကယ်ဆို အဖွားအသက် အရွယ်အရဆို ဒီလောက်အိုစာဖို့ မသင့်သေးဘူး ကံကောင်းရင် အဖွားတောင်ဝှေးမလိုပဲ လမ်းလျှောက်နိုင်မယ်ထင်တယ် ”
“တကယ်လား အဖွား”
“တကယ်ပေါ့ မြေးရယ် ”
ထို့နောက် ကိုပိန်သည် ဇေယျာ နှင့် မောင်ဘိုးထင်ကို ကြည့်ကာ
“အကိုကြီးဇေယျာ ကျုပ်အဖွားကို ဆေးသေချာကုပေးပါနော်”
“အေးပါ ကိုပိန်ရာ မင်းလည်း တို့ရွာကို အလည်လာဦး ”
“လာမှာပေါ့ဗျ ကတောရွာလည်း ကျုပ်ရွာပဲကို ”
“ဟုတ်ပါပြီကွာ ဟုတ်ပါပြီ”
သူတို့အားလုံး ဝမ်းပန်းတသာစကားများ ဆိုနေကြသည် ။ ထို့နောက် ရွာလူကြီးနှင့် ရွာသားများသည် အိမ်မှာကျန်နေမည့် လူများကို နှုတ်ဆက်ကာ ပြန်သွားကြလေသည်။မောင်ဘိုးထင်တို့လည်း မနက်ဖြန်ခရီးဆက်ရမည်မို့ အိပ်ယာဝင်လိုက်ကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင်နှင့် ဥစ္စာရင်းသည်က ဤမျှသာ။
ရေးသားသူ- မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd