အောင်မြတ်သာနှင့်ဆံတော်ရှင်ဌာပနာ(စ/ဆုံး)
——————————
တူရွင်းတောင်ခြေကနေ ထွက်လာပြီးတော့
ရန်ကုန်ဘက်ကိုခရီးဆက်ခဲ့ကြတယ်။
ရန်ကုန်ကိုရောက်တော့ ရည်မှန်းချက်ဦးတည်ရာဖြစ်တဲ့
ဆံတော်ရှင်ရွှေတိဂုံစေတီတော်ကိုဖူးမျှော်ရန်
ဆက်ထွက်ခဲ့တယ်။
ရွှေတိဂုံစေတီတော်ကိုရောက်တော့
မနက်အာရုဏ်တက်ခါနီးနေပြီ
ကျွန်တော်တို့လဲမနက်စာစားပြီး
နောင်တော်ကြီးစေတီအနီးမှာ
ဘုရားဝတ်ပြုနေလိုက်တယ်
ဘုရားဝတ်ပြုခါနီးမှာတော့
ကရင်သင်တိုင်းအနီရောင်ဝတ်ထားတဲ့
အမျိုးသမီးတစ်ဦးကိုသတိထားမိလိုက်တယ်
ဒူးဆစ်ထိရှည်ကျနေတဲ့ဆံပင်က
ပို၍သတိထားမိစေခဲ့တယ်။
ကရင်သင်တိုင်းဝတ်စုံဝတ်ထားတဲ့အမျိုးသမီးက
ကျွန်တော်တို့ကိုဂရုမစိုက်ပဲ စေတီတော်ရှိရာဘက်ကို
ဖြေးဖြေးချင်းလမ်းလျောက်ထွက်သွားတယ်။
သူဖြတ်သွားတဲ့နေရာတစ်လျောက်မှာတော့
အလွန်မွှေးကြိုင်တဲ့ရန့ံလေးတွေကစွဲထင်စေခဲ့တယ်။
ကျွန်တော်ဘုရားဝတ်ပြုပြီးချိန်မှာတော့
ဆရာပြန်ရောက်လာတယ်။
ဆရာက ကျွန်တော့်ကိုကြည့်ပြီး
“သက်ခိုင် ငါဌာပနာပစ္စည်းသွားလှူနေတုန်း
မင်းကိုကရင်အမျိုးသမီးတစ်ဦး အကူအညီလာတောင်း
လိမ့်မယ် သူပြောတာတွေကိုသေချာမှတ်ထားပါ
ငါပြန်မလာမချင်း ဘယ်မှမသွားပါနဲ့”
“ဆရာ ဌာပနာတိုက်ထဲကို
ကျွန်တော်လဲလိုက်ချင်ပါတယ်
ဆံတော်အစစ်ကိုဖူးမြင်ချင်ပါတယ်”
“သက်ခိုင် မင်းလိုက်လို့မရဘူး
ဒီလိုနေရာက ဝင်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်လို့မရဘူး
ဒါပေမယ့် ငါခွင့်တောင်းကြည့်ဦးမယ်
မင်းဒီတိုင်းလိုက်မရပေမယ့်
မင်းကိုအာရုံထဲကနေ ဖူးလို့ရအောင်
ခွင့်တောင်းကြည့်မယ်
ငါသွားတာနဲ့ မင်းနဲ့တောက်ရ
သမာဓိခိုင်အောင်ကျင့်ကြံနေပါ
ခွင့်ပြုချက်ရရင် ငါလာခေါ်မယ်”
ကျွန်တော်လဲလိုက်မရတဲ့အဆုံး
ဆရာပြောတာကိုပဲလက်ခံလိုက်တယ်
ဆရာထွက်သွားတော့
ကျွန်တော်လဲ အနောက်ကနေ
မသိမသာလေးလိုက်ပြီး
ဘယ်နားကနေ ဌာပနာတိုက်ထဲဝင်မလဲ
ဆိုတာ စောင့်ကြည့်နေခဲ့မိတယ်။
ဆရာက ရွှေတိဂုံစေတီတော်နဲ့
နောင်တော်ကြီးစေတီရဲ့အလယ်မျဉ်းဖြောင့်တည့်တည့်မှာတည်ထားတဲ့ စေတီအနားကိုရောက်တော့
ခေတ္တရပ်လိုက်ပြီး ကျွန်တော်ရှိရာဘက်ကို
တစ်ချက်ငဲ့ကြည့်လိုက်တယ်
ဆရာရပ်လိုက်တဲ့စေတီကိုကြည့်လိုက်တော့
စေတီအောက်ခြေမှာ ယခင်ကလှိုဏ်ခေါင်းတစ်ခု
ရှိတဲ့ပုံစံလိုလို ဂူအဝင်ပေါက်ကိုတွေ့လိုက်ရတယ်။
အခုတော့ဂူအဝင်ပေါက်ကို အင်္ဂတေနဲ့ဲ့
အသေပိတ်ထားတာကိုလဲတွေ့လိုက်ရတယ်။
ဆရာက ပိတ်ထားတဲ့ဂူပေါက်ထဲကို
ဖြတ်ခနဲဝင်ပြီးပျောက်သွားတယ်။
ကျွန်တော်လဲစေတီတော်ကိုသေချာမှတ်ထားပြီး
နောင်တော်ကြီးစေတီဘက်ကိုပြန်လာခဲ့လိုက်တယ်
ပြန်ရောက်တာနဲ့ ဘုရားရှိခိုး မေတ္တာပို့ပြီး
တရားစထိုင်နေခဲ့တယ်။
သမာဓိအားတစ်ဖြည်းဖြည်းနဲ့ကောင်းလာတော့
ပတ်ဝန်းကျင်ရဲ့လှုပ်ရှားမှုအသံတွေက
တစ်ဖြေးဖြေးပျောက်လာတယ်
လူသူမရောက်တဲ့တောအုပ်ကြီးထဲမှာ
တရားရှုမှတ်ရသလို အေးချမ်းတိတ်ဆိတ်လာခဲ့တယ်
အချိန်ဘယ်လောက်ကြာသွားလဲမသိဘူး
နားထဲမှာ
“သက်ခိုင် ငါနဲ့လိုက်ခဲ့”ဆိုတဲ့
အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
အဝတ်ဖြူ ဝတ်ထားတဲ့ဆရာကိုမြင်လိုက်ရတယ်
ဆရာက ကျွန်တော်ကိုကြည့်ပြီး
“ငါ့အနောက်ကနေ ထပ်ချပ်မကွာလိုက်ခဲ့
လမ်းမှာဘာစကားမှမပြောမိစေနဲ့
မင်းရဲ့စိတ်ဝိဉာဉ်ကိုအဖြူ စင်ဆုံးထားထားရမယ်”လို့ပြောတော့ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။
ဆရာကပြောပြီး
အရှေ့ကနေထွက်သွားတယ်
ကျွန်တော်လဲဆရာအနောက်ကို
လိုက်မလို့ထလိုက်တော့ ကျွန်တော်ခန္ဓာကိုယ်က
ဝါဂွမ်းစတစ်ခုလိုပေါ့ပါးနေတာကို သတိထားမိ
လိုက်တယ်။
အနောက်ကိုလှည့်ကြည့်လိုက်တော့
ကျွန်တော်ခန္ဓာကိုယ်အစစ်က
ခုနကတရားမှတ်နေတဲ့နေရာမှာ ထိုင်နေတာ
မြင်လိုက်ရတယ်။
ကျွန်တော့်ရဲ့စိတ်ဝိဉာဉ်က
ဆရာခေါ်ရာနောက်ကို
ထပ်ချပ်မကွာလိုက်သွားခဲ့မိတယ်
ဆရာက နောင်တော်ကြီးစေတီနဲ့
ရွှေတိဂုံစေတီတော်ရဲ့ကြားထဲက
လှိုဏ်ဂူပါတဲ့စေတီနားရောက်တော့
ပိတ်ထားတဲ့ဂူပေါက်ထဲကို
တိုးဝင်သွားတာမြင်လိုက်ရတယ်။
ကျွန်တော်မျက်လုံးမှိတ်ပြီး
ပိတ်ထားတဲ့ဂူပေါက်ထဲကို
ပြေးဝင်လိုက်တယ်။
ထူးဆန်းတာက အင်္ဂတေနဲ့ပိတ်ထားပေမယ့်
ကျွန်တော့်ခန္ဓာကိုယ်က အထဲကိုရောက်သွားတယ်။
အထဲကိုရောက်တာနဲ့ အေးမြတဲ့အအေးဓာတ်တွေကို
စတင်ခံစားလာရတယ်။
ကျွ်တော်လဲစေတီငယ်လေးရဲ့အောက်ခြေမှာရှိတဲ့
လှိုဏ်ဂူထဲကို ဖြေးဖြေးချင်းဝင်လာခဲ့လိုက်တယ်။
ထူးဆန်းတာက လှိုဏ်ဂူပတ်လမ်းထဲမှာ
တစ်ခြားပုဂ္ဂိုလ်တွေကိုမြင်လိုက်ရတာပဲ။
တစ်ချို့က သင်္ကန်းဝတ်တွေ
တစ်ချို့က ဆာဒူးကြီးတွေ
တစ်ချို့က ယောဂီဝတ်တွေ
တစ်ချို့က သာမန်လူတွေ
အားလုံးက တိတ်ဆိတ်စွာနဲ့
ပြန်ထွက်လာတာကို တွေ့လိုက်ရတယ်
အဲဒီအချိန်နားထဲမှာ
“သက်ခိုင် ဒီပုဂ္ဂိုလ်တွေက
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေပဲ
ဒီလိုနေရာကိုသာမန်လူတွေဝင်မရဘူး
သီလသမာဓိပြည့်စုံတဲ့လူတွေမှဝင်လို့ရတာ
အရှေ့ဆိုရင် ဆံတော်တိုက်ကို ရောက်လိမ့်မယ်”လို့ပြောပြီး အရှေ့ကနေဆက်ထွက်သွားတယ်။
ကျွန်တော်လဲအနောက်ကနေလိုက်ရင်း
ခဏနေတော့ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့
တံခါးချပ်ကြီးတွေကိုလှမ်းမြင်လိုက်ရတယ်
ငှါပနာတိုက်တံခါးမုဒ်ဦးအဝင်မှာတော့
သိကြားမင်းပုံတော်၊ အမြိတ္တရုက္ခဒေဝနတ်ရုပ်၊ ဝေဋ္ဌုသုမနရုက္ခဒေဝနတ်ရုပ်၊ ဥဒုမ္မရရုက္ခဒေဝနတ်ရုပ်၊ ခေပသွယ် ရုက္ခဒေဝနတ်ရုပ်တွေကို ထုလုပ်ထားတာကိုတွေ့ရတယ်။
အလယ်မှာရွှေရောင်တံခါးနှစ်ချပ်ကိုခမ်းနားစွာမြင်လိုက် ရတယ်။
ကျွန်တော်တို့တံခါးရှေ့ရောက်တော့
တံခါးနှစ်ချပ်က ဖြေးညှင်းစွာပွင့်သွားတာကိုလဲ
မြင်လိုက်ရတယ်။
ဆရာကပွင့်သွားတဲ့တံခါးအထဲကို
ဝင်သွားတာမြင်တော့
ကျွန်တော်လည်းအနောက်ကနေ
လက်အုပ်လေးချီပြီးလိုက်ဝင်ခဲ့လိုက်တယ်။
အထဲကိုရောက်တော့
ကျွန်တော်မျက်လုံးတွေကြိမ်းစပ်သွားတယ်
ဌာပနာတိုက်ထဲမှာ ထွန်းလင်းတောက်ပနေတဲ့
အလင်းရောင်တွေက တဖိတ်ဖိတ်။
ဘေးဘီပတ်လည်ကိုလိုက်ကြည့်လိုက်တော့
ဌာပနာတိုက်ကြီးကို အလင်းရောင်ရအောင်
နေရောင်ခြည်အဝင်နေရာမှာစနစ်တကျတပ်ဆင်ထားတဲ့ ကြေးမုံချပ်ကြီးတွေကိုမြင်လိုက်ရတယ်။
ဌာပနာတိုက်ရဲ့အမြင့်ကတော့
ခန့်မှန်း၆၆ပေခန့်ရှိမယ်
ဌာပနာတိုက်ရဲ့ပတ်လည်ကို
စတုရန်းပုံစံဖြစ်အောင်စီမံထားတာကိုလဲ
ဖူးတွေ့လိုက်ရတယ်။
ဌာပနာတိုက်ပတ်ပတ်လည်ကိုတော့
ကျောက်နံရံတွေနဲ့အခိုင်အမာတည်ဆောက်
ထားတာကိုလဲတွေ့ရတယ်။
ဌာပနာတိုက်ကို
အလယ်သံယက်မမပါပဲ
ကျောက်တုံးကျောက်ခဲတွေနဲ့
အလွန်တရာခမ်းနားဆန်းကြယ်စွာ
တည်ဆောက်ထားတာကိုမြင်လိုက်ရတယ်။
ဌာပနာတိုက်ရဲ့လေးဘက်လေးတန်မှာတော့
၇ပေခန့်အမြင့်ရှိတဲ့ မီးတိုင်တွေကိုအဓိဌာန်နဲ့
ပူဇော်ထားတာကိုလဲ.ဖူးမြင်လိုက်ရတယ်
မီးတိုင်တွေက သာသနာတော်တည်တ့ံနေသရွေ့
မီးမငြိမ်းဘူးလို့လဲသိရတယ်။
ဌာပနာတိုက်ရဲ့အထဲနံရံတွေပေါ်မှာတော့
အခန်းပါင်း၃၆ခန်းရှိပြီး
အခန်းတစ်ခုချင်းစီမှာတော့
ဥက္ကလာပမင်းကြီးပုံ၊ တဖုဿ
ဘလ္လိကညီနောင်ပုံ၊ သာသနာစောင့်နတ်မင်းကြီး
လေးပါးပုံ၊ နတ်ဒေဝါများရဲ့ပုံတွေကို ရွှေအစစ်နဲ့ ထုလုပ်ထားတာကိုလဲမြင်တွေ့ရတယ်။
ဌာပနာတိုက်ရဲ့အလယ်မှာတော့
၁၀ပေပတ်လည်ရှိတဲ့
ရေတွင်းတစ်ခုကိုတွေ့ရတယ်
ရေတွင်းအပေါ်မှာတော့
ရွှေအတိနဲ့ဆောက်ထားတဲ့
ပြသာဒ်၅ခုပါ ကရဝိတ်ဖောင်တော်ကို
ဖူးမြင်လိုက်ရတယ်။
ဖောင်တော်ရဲ့အရှည်က ၆ပေခွဲလောက်ရှိတာကိုလဲ
သတိထားမိခဲ့တယ်။
ပြသာဒ်၅ရဲ့ အလယ်ပြသာဒ်မှာတော့
ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်ကိုဌာပနာထားတယ်
ညာဘက်အစွန်ဆုံး ပြသာဒ်မှာတော့
ကကုသန်မြတ်စွာဘုရားရဲ့ တောင်ဝှေးတော်ကို
ဌာပနာထားတယ်
ညာဘက်အစွန်ဆုံးဘေးက ပြသာဒ်မှာတော့
ကောဏာဂုံမြတ်စွာဘုရားရဲ့ ဓမ္မကရိုက်ရေစစ်တော့ကို
ဌာပနာထားတယ်။
ဆံတော်ရှင်ဌာပနာထားတဲ့
ပြသာဒ်ရဲ့ဘေးမှာတော့
ကသဖဘုရားရဲ့ရေသနုပ်သင်္ကန်းတော်ကို
ဌာပနာထားပြီး ဘယ်ဘက်ထောင့်စွန်း
ပြသာဒ်မှာတော့ လွတ်နေတာကိုထူးဆန်းစွာ
ဖူးမြင်လိုက်ရတယ်။
ဆရာပြောတာတော့
လွတ်နေတဲ့ပြသာဒ်နေရာက
နောင်ပွင့်တော်မူမဲ့ အရိမေတ္တိယျမြတ်စွာဘုရားရဲ့
ဓာတ်တော်မွေတော်ကိုပူဇော်ဖို့လွတ်ထားတာလို့ပြောတယ်။
ပြသာဒ်၅ခုပါတဲ့ကရဝိတ်ဖောင်တောင်
အောက်မှာရှိတဲ့ရေတွင်းထဲကရေက
ဒီရေအတင်အကျကိုလိုက်ပြီး
လှုပ်ရှားမှုရှိနေတာကိုလဲထူးဆန်းစွာ
ဖူးမြင်ခဲ့ရသေးတယ်။
ဌာပနာတိုက်ခန်းရဲ့ထောင့်စွန်းနေရာမှာတော့
တန်ဖိုးမဖြတ်နိုင်တဲ့ရတနာပစ္စည်းတွေက
အပုံအပင်။
ဆရာလဲ အဲဒီရတနာပုံထဲကို
ဝါးအမြူ တေကိုထားလိုက်တယ်။
ကျွန်တော်လဲ နေရာလွတ်တစ်ခုမှာထိုင်ချလိုက်ပြီး
လေးဆူသောဘုရားရှင်တို့ရဲ့ဌာပနာပစ္စည်းတွေကို
ရည်စူးကာ ပီတိအဟုန်ဖြင့်ရှိခိုးပူဇော်လိုက်မိတယ်။
အချိန်ဘယ်လောက်ကြာအောင်
ပူဇော်နေမိတယ်မသိ
ကျောကိုလာပုတ်မှ
သတိပြန်ဝင်လာတယ်
မော့ကြည့်လိုက်တော့
ဆရာက ကျွန်တော်ကို
ပြန်ကြရအောင်ဆိုပြီး
မေးငေါ့ပြတယ်
ကျွန်တော်လဲထလိုက်ပြီး
နောက်ဆုံးအကြိမ်
မတ်တပ်ရပ်ကာ
ရှိခိုးပူဇော်လိုက်မိတယ်
နောင်ဘယ်တော့မှထပ်မံဖူးမျှော်ရမလဲဆိုတာ
မသိနိုင်တဲ့အခြေအနေမို့
ဌာပနာတိုက်ကိုလည်ပြန်ကြည့်ရင်း
ဂူပေါက်ထဲကနေပြန်ထွက်ခဲ့လိုက်တယ်
မူလနေရာကိုပြန်ရောက်တော့
ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကို
ဆရာက တွန်းချလိုက်တယ်
ရင်ဘတ်ထဲအေးခနဲဖြစ်သွားပြီး
သတိပြန်လည်လာတော့
ခြေထောက်လေးကိုလှုပ်ကြည့်တယ်
ခြေထောက်လေးလှုပ်လာတော့မှ
တရားဖြုတ်လိုက်တယ်။
ကျွန်တော်တရားဖြုတ်ပြီး
မကြာခင်မှာပဲ တောက်ရလဲ
တရားဖြုတ်လိုက်တယ်
တရားဖြုတ်ပီးတဲ့အချိန်က
နေ့လည်စောင်းနေပြီ
တောက်ရ ကျွန်တော်ကိုကြည့်ပြီး
“ဆရာသက်ခိုင်တို့က
ဌာပနာတိုက်ထဲဝင်တာနဲ့အနောက်ကိုလှည့်မကြည့်တော့ဘူး”
“ဟင် မင်းရော ပါလာတာလား”
“ဟုတ်တယ်လေ ဆရာကနှစ်ယောက်လုံးကို
ခေါ်သွားတာ ဆရာက အရှေ့က.ကျွန်တော်က
ဆရာ့အနောက်မှာ”ဆိုပြီးရယ်ကျဲကျဲပြောတော့
ကျွန်တော်ခေါင်းကုတ်လိုက်မိတယ်။
ထိုစဉ် နှာခေါင်းထဲကို အလွန်တရာမွှေးပျ့ံတဲ့
ရနံ့တစ်ခုတိုးဝင်လာခဲ့တယ်
အမွှေးန့ံရတဲ့နေရာကိုကြည့်လိုက်တော့
မနက်စောစောကတွေ့ခဲ့တဲ့
ကရင်အမျိုးသမီးလေးကို
မြင်လိုက်ရတယ်။
ကရင်အမျိုးသမီးလေးက
ကျွန်တော်တို့နဲ့မလှမ်းမကမ်းမှာထိုင်ချလိုက်တယ်
ကျွန်တော်လဲ သေချာကြည့်လိုက်တော့
အလွန်တရာချောမောလှပတာကို
သတိထားမိသွားတယ်။
ထိုအမျိုးသမီးက
ဆရာကိုကြည့်ပြီး
“ကျွန်မက ဇရပူရမြို့စားရဲ့
သမီးတော်တစ်ပါးပါ
နာမည်ကတော့ နန်းဟဲအွာလို့ခေါ်ပါတယ်
အခုက ရွှေတိဂုံစေတီကိုလာဖူးမျှော်ရင်း
ဆရာ့နဲ့တွေ့တော့အကူအညီတစ်ခုတောင်းချင်လို့ပါ”လို့ပြောတော့ ဆရာက
“ပြောပါ အမိ ကျုပ်တို့ကူညီနိုင်ရင်ကူညီပါ့မယ်”
ဆရာက ပြောခွင့်ပေးလိုက်တော့
အမျိုးသမီးက
“ဒီအကြောင်းအရာတွေကိုမပြောခင်
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းတွေကို
အရင်ဆုံးပြောပြချင်ပါတယ်
မြတ်စွာဘုရားရှင်ရဲ့သာသနာတော်အစကနေ
စရမယ်ထင်ပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀လောက်က
သုဝဏ္ဏဘူမိပြည်ကိုတိဿ
ဘုရင်ကြီးအုပ်စိုးခဲ့ပါတယ်
အဲဒီအချိန်မှာ ဇရပူရမြို ့(ဇရပူရမြို့သည် ယခု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကောနွဲအနီးတွင်တည်ရှိပါသ်ည)နေရာတစ်ဝိုက်ကို
ရာမမင်းရဲ့မျိုးဆက်လို့ခံယူထားတဲ့
စစ်သည်တွေ(ယိုးဒယားတွေကိုဆိုလိုခြင်းဖြစ်ပါသည်)
မကြာခဏဆိုသလိုလာရောက်တိုက်ခိုက်ကြပါတယ်။
အဲလိုလာရောက်တိုက်ခိုက်တဲ့အချိန်တိုင်း
သုဝဏ္ဏဘူမိဘုရင်တိဿ
မင်းတရားကြီးက စစ်သည်တွေစေလွှတ်ပြီး
ပြန်လည်တွန်းလှန်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နယ်စပ်နေရာမှာ
ခံတပ်စခန်းလေးတည်ဆောက်ပြီး
ကျူ ကျော်လာတဲ့သူတွေကို တွန်းလှန်ခဲ့ပါတယ်။
ခံတပ်မြို့လေးဆောက်တဲ့အချိန်မှာ
ကျွန်မအဖေဖြစ်တဲ့ စောဗညားကိုခံတပ်စောင့်အဖြစ်
တာဝန်ပေးအပ်ခဲ့ပါတယ်။
အဖေလက်ထက်မှာ ခံတပ်မြို့်ကနေ
မြို့စောင့်တပ်အဖြစ်တိုးတက်လာခဲ့တော့
ဘုရင်မင်းတရားကြီးက အဖေကို
မြို့စားအဖြစ်ရာထူးရာခံပေးအပ်ခဲ့ပါတယ်
မြို့ကိုလဲ ဇရပူရမြို့အဖြစ်သတ်မှတ်ခဲ့ပြီး
မြို့အင်္ဂါရပ်နဲ့အညီဖြစ်အောင် ကျုံး၂ထပ်ကို
ဆောက်လုပ်ခဲ့ပါတယ်။
အဖေရဲ့စီမံမှုနဲ့ တောင်ပေါ်မှာရေကန်ကြီး၂ကန်တူးပြီး
မိုးတွင်းမှာရေသိုလှောင်၊ နွေဘက်မှာသုံးခဲ့ပါတယ်
တစ်ချို့တွေက ဇရပူရမြို့ကို တံခါးစောင့်မြို့လို့လဲ
ခေါ်ဝေါ်ခဲ့ကြတယ်။
အဖေက ဇရပူရမြို့လောက်နဲ့
မကျေနပ်နိုင်ပဲ ရန်သူတွေလာတိုက်ပါက
ခုခံနိုင်ဖို့ မြို့်အရံ၆မြို့ကိုဆက်လက်တည်ခဲ့ပါတယ်။
မြို့အရံ၆မြို့ထဲကမှ ကွန်ပရဲတီးမြို့(ယခုမြဝတီမြို့)ကို
စားတဲ့ မြို့စားသုမနက ဗုဒ္ဓဘာသာကိုသက်ဝင်
ယုံကြည်တဲ့မြို့စားတစ်ဦးလဲဖြစ်ခဲ့ပါတယ်။
(ဇရပူရမြို့အကြောင်းစိတ်ဝင်စား၍ ရှာဖွေခဲ့ရာ
မြို့အရံ၆မြို့အနက် ၄မြို့ကိုသိရှိခဲ့ရပြီးစာဖတ်သူများသိစေရန်ဖော်ပြပေးလိုက်ပါသည်
ဂေါရပူရမြို့(ယခုလှိုင်းဘွဲမြို်)
ကွန်ပရဲတီးမြို့(ယခုမြဝတီမြို့)
ကျိတ်မြို့(ကခု ကျိုက်ဒုံမြို့)
ပေါင်မြို့(ယခု ပိုင်ကျုံမြို့)တို့ဖြစ်ပါသည်)
သုမနမြို့စားမင်းဗုဒ္ဓဘာသာဖြစ်ချိန်မှာတော့
အဖေက နတ်ကိုးကွယ်မှုကိုယုံကြည်နေခဲ့ပါတယ်
မြတ်စွာဘုရားရှင်ဟာ သာသနာပြန့်ပွားဖို့အတွက်
ရဟန္တာ၃၃ပါးကိုစေလွှတ်ပြီး သာသနာပြုစေခဲ့ပါတယ်
သုမနမြို့စားမင်းဟာ ကံထူးစွာနဲ့ မြတ်စွာဘုရားရဲ့
ဆံတော်၄ဆူကို ရရှိခဲ့တယ်။
ကွန်ပရဲတီးမြို့တစ်မြို့လုံးဗုဒ္ဓဘာသာဖြစ်ခဲ့ပြီး
ရရှိခဲ့တဲ့ဆံတော်၄ဆူကိုဌာပနာထား စေတီတည်ပူဇော် ခဲ့တယ်။
(ယခုမြဝတီမြို့တွင်တည်ထားပူဇော်ထားသော
ရွှေမြင်းဝန်စေတီသည် ထိုဆံတော်လေးဆူထဲက တစ်ဆူပင်ဖြစ်ပါသည်)
ရဟန္တာ၃၃ပါးလည်း ကွန်ပရဲတီးမြို့ကနေ
ကောင်းကင်ဈာန်နဲ့ ဇရပူရမြို့ကို ကြွချီလာခဲ့ပါတယ်
ဇရပူရမြို့ကိုရောက်တော့
ရဟန္တာတွေကို ရန်သူသူလျှိုဆိုပြီး
လက်ပြန်ကြိုးတုတ်ကာသတ်ဖို့
မြို့စားမင်းက အမိန့်ပေးခဲ့တယ်။
ဒီအကြောင်းအရာကို သုမနမြို့စားမင်းသိတော့
ဇရပူရမြို့ဆီချက်ချင်းရောက်လာပြီး
ရန်သူမဟုတ်ကြောင်း ပြောပြပေမယ့်
မြို့စားမင်းကလက်မခံခဲ့ဘူး
နောက်ဆုံးမှာတော့ ရဟန္တာတစ်ပါးချင်းစီရဲ့
ခန္ဓာကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေနဲ့လဲလှယ်ခဲ့ပါတယ်။
(အဆိုပါ လဲလှယ်ရာတွင်.အသုံးပြုခဲ့သော
ချိန်ခွင်တိုင်ကြီးသည် လွန်ခဲ့တဲ့နှစ်ပေါင်း၁၅နှစ်ခန့်အထိ
တည်ရှိနေသေးကြောင်းသိရှိရပါသည်)
ကွန်ပရဲတီးမြို့သူမြို့သားတွေပိုင်ဆိုင်သမျှ
ရတနာတွေနဲ့လဲလှယ်ခဲ့ပေမယ့်
၃၂ပါးကိုသာရွေးနိုင်ခဲ့တယ်
နောက်ဆုံးတစ်ပါးကိုရွေးဖို့
ရတနာတွေမကျန်တော့ဘူး
ကျန်တဲ့တစ်ပါးအတွက်ကိုတော့
သုမနမြို့စားမင်းက သူ့ရဲ့အသက်နဲ့
အာမခံပြီးရွေးခဲ့ပါတယ်။
ကွန်ပရဲတီးမြို့သူမြို့သားတွေရဲ့
စိတ်ထားကိုမြင်တွေ့လိုက်ရတဲ့မြို့စားမင်းဟာ
ချက်ချင်းဆိုသလို ရဟန္တာ၃၃ပါးလုံးကို
လွှတ်ပေးခဲ့တယ်။
သုမနမြို့စားမင်းရဲ့အကူအညီနဲ့ပဲ
ဇရပူရမြို့မှာ တရားဓမ္မပွဲကြီးကို
ခုနှစ်ရက်တိုင်တိုင် စည်ကားစွာ
ကျင်းပခဲ့တယ်။
တရားပွဲအပြီးမှာတော့
ဇရပူရမြို့တစ်မြို့လုံး
ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပြီး
ကွန်ပရဲတီးမြို့သူမြို့သားတွေ
ရွေးခဲ့တဲ့ရတနာပစ္စည်းတွေအားလုံးကို
မယူကြတော့ပဲ စေတီတစ်ဆူတည်ထားခဲ့တယ်။
အဲဒီစေတီကတော့
ဇရပူရမြို့မှာယနေ့ထိတည်ရှိနေတဲ့
၃၃ဆူစေတီပဲဖြစ်တယ်။
(၃၃ဆူစေတီသည် ယနေ့အချိန်ထိ
ကော့ကရိတ်မြို့နယ်အတွင်းတည်ရှိပါသည်)
ဇရပူရမြို့စားမင်းက
သူ့သမီးတော်ဖြစ်တဲ့
ကျွန်မနဲ့ငယ်ကျွန်ရင်းတွေကို
ဘုရားငှါပနာတွေမသမာသူတွေလက်ထဲ
မရောက်ရှိအောင် စောင့်ရှောက်ဖို့
အမိန့်ပေးခဲ့ပါတယ်
အဲဒါကြောင့်ဇရပူရမြို့ဟောင်းမှာရှိတဲ့
၃၃ဆူဘုရားမှာ ယနေ့အထိ စောင့်ကြပ်နေရပါတယ်
နောင်ပွင့်မယ့်ဘုရားရှင်ကို ဒီပစ္စည်းတွေလှူဒါန်းပြီးမှ
အကျွတ်တရားရမှာလဲဖြစ်ပါတယ်
အခုဆရာ့ကိုအကူအညီတောင်းချင်တာက
ဇရပူရမြို့ဟောင်းနန်းတော်ရာထဲမှာ
ကျန်ရှိနေတဲ့ ရတနာပစ္စည်းတွေကို
ကူညီပြီးရှာဖွေပေးဖို့ပါ။
ဒီပစ္စည်းတွေကို နှစ်ပေါင်းများစွာ
မြေကြီးထဲမြှုပ်နှံထားခဲ့ပြီး
အစီရင်ပေါင်းများစွာစီရင်ထားခဲ့တယ်
ကျိန်စာပေါင်းများစွာလဲတိုက်ထားခဲ့တယ်
ဒီရတနာပစ္စည်းတွေကို ၃၃ဆူဘုရားရတနာသိုက်မှာ
တစ်စုတစ်စည်းထဲထားချင်တဲ့အတွက်
ဆရာတို့ကိုအကူအညီတောင်းရခြင်းဖြစ်ပါတယ်
ယခင်က သိုက်ဆရာတွေဟာ ဇရပူရမြို့ကို
အကြိမ်ကြိမ်လာရောက်သိုက်တူးကြပေမယ့်
အစီအရင်တွေကိုကျော်လွှားနိုင်ခြင်းမရှိခဲ့ဘူး
ဒီရတနာပစ္စည်းတွေကို သီလသမာဓိပြည့်စုံပြီး
ကိုယ်ကျိုးမသုံးတဲ့ ဆရာတွေနဲ့မှယူလို့ရမှာဖြစ်ပါတယ်
ကျွန်မတို့လဲအကြိမ်ကြိမ်ယူဖို့ကြိုးစားခဲ့ပေမယ့်
အစီအရင်တွေကိုမဖြတ်ကျော်နိုင်ခဲ့ဘူး
ဒါကြောင့်ဆရာတို့ကို အကူအညီတောင်းရခြင်းပါ”
နန်းအဲဟွာရဲ့စကားအဆုံးမှာတော့ဆရာက
“သာသနာအတွက်ဆိုတော့လဲ
နိုင်သလောက်ကူညီပေးပါ့မယ်
ကျုပ်တို့ဇရပူရမြို့ဟောင်းကို
ရောက်ဖို့မင်းသမီးကလမ်းပြပေးပါ
ကျုပ်တို့ကူညီပေးပါ့မယ်”လို့ပြောလိုက်တော့
အမျိုးသမီးရဲ့မျက်နှာကရုတ်တရက်ပြုံးပျော်သွားတယ်။
“ဆရာတို့ ဘယ်လိုလာရမယ်ဆိုတာ
အိမ်မက်ပေးပါ့မယ် ဒီအကြောင်းကို
ငယ်ကျွန်တွေသိရင်အရမ်းဝမ်းသာကြမှာ
ဆရာတို့အရင်ဆုံး ၃၃ဆူစေတီကို
ရောက်အောင်လာခဲ့ကြပါ
ကျန်တာ ကျွန်မတို့ဆက်လက်ကူညီပါ့မယ်”လို့ပြောတော့
အောင်မြတ်သာက ခေါင်းငြိမ့်ပြလိုက်တယ်။
အမျိုးသမီးလဲ စကားအဆုံးမှာ
အောင်မြတ်သာကိုဦးချပြီး
ဆံတော်တိုက်ရှိရာဘက်ကို
ထွက်သွားတာမြင်လိုက်ရတယ်။
အမျိုးသမီးပျောက်သွားတော့ဆရာက
“ငါတို့လဲအလုပ်တစ်ခုပြီးရင်
တစ်ခုကတန်းစီနေတာပဲ
ကဲ အခုတော့ ဇရပူရမြို့ဆီကို
ခရီးထပ်ဆက်ကြတာပေါ့”လို့ပြောရင်း
ထထွက်သွားတယ်။
ကျွန်တော်တို့လဲ
အထုပ်အပိုးတွေကိုလွယ်ရင်း
ဆရာနောက်ကနေလိုက်လာခဲ့တော့တယ်။
…….
အောင်မြတ်သာတို့ဆရာတပည့်တွေ
ဇရပူရမြို့ဟောင်းမှာ ဘယ်လိုအခက်အခဲတွေ
အန္တရာယ်တွေကိုရင်ဆိုင်ရမလဲဆိုတာကိုတော့
အောင်မြတ်သာနှင့်ဇရပူရမြို့ဟောင်းဆိုတဲ့ဝတ္တုလေးမှာ
ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဆရာ ဇေယန(ရာမည)ကို crd ပေးပါတယ်