” အောင်မြတ်သာနှင့်သုံးဘဝခရီးကြမ်း “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်သုံးဘဝခရီးကြမ်း “(စ/ဆုံး)
—————————————————————

“ ဂစ် ဂစ် ဂစ်”
“ ဂစ် ဂစ် ဂစ်”
ကျက်သရေကင်းမဲ့စွာအော်မြည်နေတဲ့ လင်းကောင်ပိုးငှက်ရဲ့အသံနဲ့အတူ အေးစက်စက်အထိအတွေ့၊ ပုတ်အဲ့အဲ့အနံ့တွေက နှာခေါင်းထဲတိုးဝင်လာခဲ့တယ်။
ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရအောင်တုပ်နှောင်ခြင်းခံထားရသလို မျက်လုံးနှစ်လုံးကလဲ တင်းနေအောင်ချည်နှောင်ထားတဲ့အတွက် ဘယ်နေရာရောက်နေတယ်ဆိုတာအတိအကျမသိရ။
“ ကျွန်တော် ဘယ်ကိုရောက်နေတာလဲ”
မရှိမဲ့ရှိမဲ့ အားအင်တွေနဲ့မေးလိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့ညအချိန်မှာ ညှင်းပြပြထွက်ပေါ်လာခဲ့တယ်။
“ ဂျစ် ဂျစ် ဂျစ်”
သံလိုမာကျောတဲ့အရာတစ်ခုကို တစ်ဂျစ်ဂျစ်ပွတ်တိုက်နေတဲ့အသံတစ်ခု။
“ ဘယ်သူမှမရှိကြဘူးလား…”
“ အဟီးအဟီးဟက်ဟက် အဟက်”
ခြောက်ကပ်ကပ်ရယ်သံနဲ့အတူ ပွတ်တိုက်နေတဲ့အရာကရပ်သွားပြီး အနားမှာ လူတစ်ယောက်လာရပ်တာကိုခံစားလိုက်ရတယ်။
“ အနားမှာ လူရှိတယ်မဟုတ်လား… ကျွန်တော်ကို ချည်ထားတဲ့ကြိုးတွေဖြုတ်ပေးပါလားဗျာ၊ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ်”
တုန်ရီနေတဲ့အသံနဲ့ပြောလိုက်တဲ့စကားအဆုံးမှာ မျက်လုံးနဲ့လက်မှာချည်ထားတဲ့အဝတ်စကို တစ်စုံတစ်ယောက်လာဖြုတ်ပေးတာကိုသတိထားမိခဲ့တယ်။
အချိန်အတန်ကြာချည်နှောင်ခံထားရတဲ့မျက်လုံးက အဝတ်စချွတ်လိုက်ချိန်မှာတောင် ပတ်ဝန်းကျင်ကို သေချာမမြင်ရသေးတာကြောင့် ခေါင်းကိုခါယမ်းပြီး မျက်တောင်ကိုအတန်ကြာ ပုတ်ခတ်လိုက်တော့မှ ပဝ်ဝန်းကျင်မှာရှိတဲ့အရာတွေကို ရှင်းလင်းစွာမြင်တွေ့လိုက်ရတယ်။
“ ဟေ့ကောင်လေး… နင်က ငါဘာခိုင်းခိုင်းလုပ်မယ်လို့ပြောထားတယ်နော်”
အသံကြားတဲ့ဘက်ကို လှည့်ကြည့်လိုက်ရာ လက်ငါးလုံးခန့်ရှိတဲ့ ဓါးတစ်ချောင်းကို ပခုံးပေါ်မှာထမ်းကာ ထိုင်နေတဲ့ လူတစ်ယောက်။
“ ကျွန်တော်ကိုလွှတ်ပေးမယ်ဆို ဘာလုပ်ရလုပ်ရ လုပ်ပေးပါမယ်”
“ ဒါဆို ဟောဒီဓါးကိုယူပြီး ငါ့နောက်လိုက်ခဲ့”
မဲနက်နေတဲ့အသားအရည်၊ တုတ်ခိုင်လှတဲ့ ကြွက်သားထုတွေနဲ့လူထွားကြီးက တစ်လံလောက်ရှိတဲ့ ဓါးတစ်ချောင်းကို ပစ်ချကာ ခါးထောက်ပြီးရပ်ကြည့်နေခဲ့တယ်။
“ ဟိုမှာစောင့်နေကြပြီ မြန်မြန်လုပ်စမ်း”
မာထန်ထန်နဲ့ဟိန်းဟောက်လိုက်တာကြောင့် ဓါးကိုလက်နှစ်ဖက်နဲ့ကောက်ယူကာ အနောက်ကနေ လိုက်သွားခဲ့လိုက်တယ်။
“ ဒီ ဒီနေရာက ဘယ်မှာရှိတာလဲ”
ရှေ့ကနေ ခြေလှမ်းကျဲတွေနဲ့သွားနေတဲ့လူက အနောက်ကို ဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး
“ ဟိုရောက်ရင် သိရလိမ့်မယ်… မြန်မြန်သွား”လို့ပြောကာထွက်သွားခဲ့တယ်။
ခြေလှမ်းတစ်ရာလောက် လျောက်ပြီးတဲ့ချိန်မှာတော့ လူတစ်ယောက်ကို လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ထိုင်ခိုင်းထားတာကိုမြင်လိုက်ရတယ်။
“ ဟင်… ဒီ ဒီနေရာက လူသတ်ကုန်း မဟုတ်လား”
“ ဟက်ဟက်… နင်ကဒီနေရာကိုမှတ်မိနေသေးတယ်လား၊ အင်းပေါ့လေ နင်က ဒီနေရာနဲ့မှမစိမ်းတာ”
“ ငါ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ၊ ဒီလူကရော ဘယ်သူလဲ”
အတွေးပေါင်းများစွာနဲ့ စဉ်းစားနေတဲ့အချိန် လက်မှာကိုင်ထားတဲ့ ဓါးက တဆတ်ဆတ်လှုပ်ရမ်းလာတာကိုသတိထားမိခဲ့တယ်။
“ ငါ့ကောင်ကြီးက သွေးဆာနေပြီထင်တယ်… မကြာခင် မင်းအတွက် ဖြည့်ဆည်းပေးမှာပါကွ”
လူထွားကြီးက စကားတစ်ပြောပြောနဲ့ ဒူးထောက်ထိုင်နေတဲ့လူရဲ့မျက်နှာကိုဖုံးထားတဲ့အဝတ်ကိုဆွဲချွတ်လိုက်တယ်။
“ အမလေး…. သူ သူက ကျွန်တော်မျက်နှာနဲ့ ဘာ ဘာလို့ ချွတ်စွပ်တူနေရတာလဲ”
“ အံ့ဩနေတာလား… အဟီးအဟီး”
“ ခင်ဗျား ခင်ဗျားက ဘယ်သူလဲ…”
“ ငါက ဘယ်သူလဲဆိုတာ သိချင်ရင် ဒီမှာကြည့်”
အသားမဲမဲလူထွားကြီးက ဖုံးအုပ်နေတဲ့ ဆံပင်တွေကို ဆွဲဖယ်လိုက်ရာ
“ ခင် ခင်ဗျားက ဘာလို့ ကျုပ်နဲ့တူနေရတာလဲ”
“ အဟီး အဟီး ဟက်ဟက်…. ဟားဟားဟား”
‌လူထွားကြီးရော ဒူးထောက်ထိုင်နေတဲ့သူပါ ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့အပြင် လက်ထဲကိုင်ထားတဲ့ ဓါးက ပိုပြီးတုန်ခါလာတာကြောင့် ကြောက်လန့်ပြီး ဓါးကိုပစ်ထုတ်လိုက်မိတယ်။ ဒါပေမယ့် ဓါးက ဘေးကိုလွင့်ထွက်မသွားပဲ အပေါ်ကိုမြောက်တက်ကာ ထိုင်နေတဲ့သူရဲ့ ဇက်ပေါ်ကို ဒုတ်ခနဲ စိုက်ကျသွားခဲ့တယ်။
လရောင်အောက်မှာ ပန်းထွက်လာတဲ့ သွေးစိမ်းရှင်ရှင်တွေနဲ့အတူ ပြတ်သွားတဲ့ ခေါင်းပြတ်ကြီးက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး သူ့ကိုစိုက်ကြည့်နေတာကြောင့် ကြောက်စိတ်တွေငယ်ထိပ်ထိတက်ဆောင့်ကာ မြေကြီးပေါ်ကိုလဲကျသွားခဲ့တယ်။
သတိမလစ်ခင်နောက်ဆုံး မြင်လိုက်ရတာက လူထွားကြီးလက်ထဲမှာ ခေါင်းပြတ်တစ်လုံးကိုင်ပြီး သဘောကျစွာရယ်မောနေတဲ့ပုံ။
+++++
ရှင်ရှင်ပြသလိုပေါ်လာတဲ့ အမြင်ကြောင့် တရားဖြုတ်ပြီးတဲ့ချိန် မောင်ကောင်းတစ်ကိုယ်လုံး ချွေးစေးတွေစိုရွှဲနေခဲ့တယ်။ ဘေးမှာတော့ သူ့ကို ထိုင်ကြည့်နေတဲ့ အောင်မြတ်သာနဲ့ ခွန်းလှ။
“ ဆရာ…”
“ အမြင်နောက်ကို လိုက်သွားမိပြီမဟုတ်လား”
အောင်မြတ်သာရဲ့စကားကြောင့် မောင်ကောင်းက ခေါင်းကိုအသာညိမ့်ပြလိုက်ပြီး
“ ဒီတစ်ခါမြင်တာက ထူးဆန်းတယ်ဆရာ… ကျွန်တော်ကိုယ်တိုင်ဘေးမှာရပ်ကြည့်နေရသလို ထင်ထင်ရှားရှားမြင်ရတာ”
“ ဘယ်လိုမြင်ကွင်းမျိုး မြင်တာခဲ့တာလဲ”
မောင်ကောင်းလဲ သူမြင်ရတဲ့အရာကိုပြောပြလိုက်ရာ အောင်မြတ်သာက ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ပြီး
“ အဲဒီလူရဲ့မျက်နှာကို မှတ်မိတယ်မဟုတ်လား”
“ မှတ်မိတယ်ဆရာ.. အခုထိ မျက်လုံးထဲ မြင်နေတုန်းပဲ”
“ လောလောဆယ် ကိုယ်လက်သန့်ရှင်းလိုက်ဦး… ပြီးရင် ဟင်းသီးဟင်းရွက်ဈေးအရှေ့က လက်ဖက်ရည်ဆိုင်သွားကြရအောင်၊ အဲဒီမှာ ပဲပလာတာကောင်းတယ်ပြောတယ်”
မောင်ကောင်းလဲ စေတီဘေးမှာရှိတဲ့ ‌ရေကန်မှာ ကိုယ်လက်သန့်စင်ပြီးတက်လာတဲ့အချိန် ဆရာဖြစ်သူနဲ့ ခွန်းလှတို့က သာမန်အရပ်သားတွေပုံစံဝတ်ဆင်ထားတာမြင်လိုက်ရတယ်။
“ ယောဂီဝတ်စုံနဲ့အမြဲမြင်နေရလို့လားမသိဘူး… အခုလိုဝတ်လိုက်တော့ အမြင်တစ်မျိုးလေးဖြစ်သွားတယ်”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ဘာပဲပြန်မပြောပဲ ပြုံးနေခဲ့တယ်။
ခဏနေတော့ ဆရာတပည့်တွေ လွယ်အိတ်ကိုယ်စီနဲ့ ဟင်းသီးဟင်းရွက်ဈေးတန်းရှိတဲ့ဘက်ကိုထွက်လာခဲ့ကြတယ်။
++++++
စားပွဲဝိုင်းတွေ ပြည့်လုနီးပါးဖြစ်နေတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာတော့ တစ်ယောက်တစ်ပေါက်စကားပြောတဲ့အသံတွေဆူညံနေခဲ့တယ်။
အောင်မြတ်သာလဲ စားပွဲထိုးလာချပေးတဲ့ ပဲပလာတာနဲ့ လက်ဖက်ရည်ကိုစားနေတဲ့အချိန် ဆိုင်ထဲကိုငိုင်တိငိုင်တိုင်နဲ့ဝင်လာတဲ့ လူတစ်ယောက်ကို သတိထားမိခဲ့တယ်။
“ ဆရာလေး… ဒီမှာလာထိုင်…”
ဘေးဝိုင်းကလူတွေက ဝင်လာတဲ့သူကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သူ့တို့ခုံမှာဝင်ထိုင်ခိုင်းလိုက်တယ်။
“ ဆရာလေး ဘာစားမလဲ… ထုံးစံအတိုင်းပဲလား”
“ ဒီနေ့တော့ ဘာမှမစားတော့ပါဘူးဗျာ… ကြက်ဥသံပုရာပဲသောက်တော့မယ်”
“ ဆရာလေးအတွက် ကြက်သံတစ်ခွက်ဟေ့”
“ ရမယ် ရမယ် ကိုစာကလေး…”
ကောင်တာမှာထိုင်နေတဲ့ပိုင်ရှင်ရဲ့အသံကြောင့် စားပွဲထိုးလေးတွေ လက်ဖက်ရည်ဖျော်တဲ့နေရာကို ပြေးဝင်သွားခဲ့တယ်။
“ ဆရာလေး… ဒီနေ့ ကျောင်းမသွားဘူးလား”
“ စောသေးတယ်လေ ကိုစာကလေး၊ ရှစ်နာရီလောက်မှ သွားမလို့”
“ ဆရာလေးရောက်လာမှ ကျွန်တော်တို့ကျောင်းက ပိုပြီးအသက်ဝင်လာတာ၊ ဒီမှာပဲ လေးငါးနှစ်လောက်နေပါဦးဗျာ”
“ လောလောဆယ်လဲအပြောင်းအရွှေ့ မတင်ရသေးပါဘူးဗျာ”
“ ဟေ့ကောင် စာကလေး… ဆရာလေးကို စိတ်ရှုပ်အောင်မလုပ်ပါနဲ့”
“ ရပါတယ်ဗျာ… ဒါနဲ့ ကိုထိန်လင်းတစ်ယောက်လဲ မတွေ့ပါလား”
“ ထိန်လင်းအကြောင်းမသိသေးဘူးထင်တယ်”
“ ကိုထိန်လင်း ဘာဖြစ်လို့လဲ”
“ ညက မူးမူးရူးရူးနဲ့ လူသတ်ကုန်းဘက်မှာ နပန်းသွားလုံးနေတယ်ဗျာ”
“ ဟင်… သူက လူသတ်ကုန်းဘက်မှာ ဘယ်သူနဲ့ နပန်းသွားလုံးတာလဲ”
“ ဒီကောင်က မူးလာရင် သွေးဆိုးတာ ဆရာလေးလဲသိတာပဲ၊ ခွေးဟောင်ရင် ဟောင်တဲ့ခွေးခဲနဲ့လိုက်ထုတဲ့ကောင်၊ မနေ့ညကလဲ လူသတ်ကုန်းအောက်ဘက်အစပ်မှာ တစ်ယောက်ထဲ နပန်းလုံးနေတာတဲ့၊ ဆိုက်ကားဆရာ ဖိုးအေးအတွေ့မြန်လို့ပေါ့ နောက်ဆို အမောဆို့ပြီးသေနေလောက်ပြီ”
“ အဲဒီနေရာက အတော်ကြမ်းလို့လား”
“ ကြမ်းတာပေါ့ဆရာလေးရ၊ လူသတ်ကုန်းမှာ သတ်ခံထိတဲ့လူပေါင်းက မနည်းမနောလေ၊ ဘုရင်ခေတ်ထဲက သတ်လာတာ၊ ဂျပန်ခေတ်ရောက်တော့လဲ တော်လှန်ရေးသမားတွေကို သတ်ပြန်ရော၊ အခုခေတ်မှာတောင် လက်သည်မပေါ်တဲ့ အလောင်းတွေလာပစ်တာရှိသေးတယ်၊ လူကြီးတွေပြောတာကတော့ လပြည့်လကွယ်နေ့တွေဆိုရင် လူသတ်ကုန်းဘက်ကနေ ကယ်ပါယူပါနဲ့ အော်ဟစ်နေတဲ့အသံတွေကြားရတယ်တဲ့”
“ အင်းပေါ့… အသက်ခံရတဲ့သူတွေထဲမှာ မကျွတ်လွတ်တာတွေလဲရှိဦးမှာပေါ့”
“ ဆရာလေး… ကြက်သံသောက်လိုက်ဦး၊ အေးကုန်လိမ့်မယ်”
အောင်မြတ်သာလဲ ဘေးဝိုင်းက လူတွေပြောနေတဲ့စကားကို နားထောင်နေရင်း ဆိုင်အပြင်ဘက်ကိုကြည့်လိုက်ရာ တစ်ကိုယ်လုံးဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ယောင်္ကျားတစ်ယောက် မတ်တပ်ရပ်နေတာကိုမြင်လိုက်ရတယ်။
ခဏနေတော့ ဘေးဝိုင်းမှာ ထိုင်နေတဲ့ ဆရာလေးဆိုတဲ့သူအပြင်ကိုထွက်သွားခဲ့သလို ဆိုင်ပြင်မှာရပ်နေတဲ့ ဖြူဖတ်ဖြူလျော်လူကလဲ အနောက်ကနေ လိုက်သွားခဲ့တယ်။
“ မောင်ကောင်း… စားထားတာအမြန်ရှင်းပြီး လိုက်လာခဲ့”
အောင်မြတ်သာကစကားအဆုံးမှာ ဆိုင်အပြင်ဘက်ကိုထွက်သွားတာကြောင့် မောင်ကောင်းနဲ့ခွန်းလှလဲ စားပွဲထိုးကိုခေါ်ပြီး ငွေရှင်းကာ ခပ်သုတ်သုတ်လိုက်လာခဲ့လိုက်တယ်။ ဟင်းသီးဟင်းရွက်ဈေးအကျော်နားကိုရောက်တော့ ရေအိုးစင်မှာရေသောက်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။
“ ဆရာ .. ဘာဖြစ်လို့လဲ”
“ ဟိုမှာကြည့်… ခုနက လက်ဖက်ရည်ဆိုင်မှာတွေ့တဲ့သူ ဘယ်သူနဲ့စကားပြောနေတယ်ထင်လဲ”
“ ဟင်… သူ့တစ်ယောက်ထဲ စကားပြောနေပါလား”
“ သာမန်အမြင်နဲ့မကြည့်နဲ့… အာရုံနဲ့ကြည့်ကြည့်”
မောင်ကောင်းနဲ့ခွန်းလှလဲ အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ သွေးမရှိသလိုဖြူဖျော့နေတဲ့အသားအရည်နဲ့ လူတစ်ယောက်က ခခယယနဲ့စကားပြောနေတာမြင်လိုက်ရတယ်။
“ သူက ဝိဉာဉ်တွေနဲ့စကားပြောနိုင်တာလား”
“ ဟုတ်မယ်ထင်တယ်၊ ဒါပေမယ့် သူ့ပုံစံကြည့်ရတာ စိတ်ရှုပ်နေပုံပဲ”
“ ဆရာ… ဟိုကောင်မရှိတော့ဘူး”
ခွန်းလှစကားကြောင့် လှမ်းကြည့်လိုက်ရာ သူတို့ဘက်ကိုလမ်းလျောက်လာတဲ့ ကျောင်းဆရာကိုမြင်လိုက်ရတယ်။
“ ဆရာလေး….”
အောင်မြတ်သာအသံကြောင့် ကျောင်းဆရာက အံ့အားသင့်တဲ့မျက်လုံးနဲ့ကြည့်ပြီး
“ ကျွန်တော်ကိုသိနေတာလား”
“ ခုနက လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း သတိထားမိခဲ့တာ”
“ အော် ဟုတ်ကဲ့၊ ကျွန်တော် ဘာများကူညီပေးရမလဲ”
“ ခုနက စကားရပ်ပြောနေတဲ့သူက ဆရာလေးနဲ့သိတာကြာပြီလား”
“ ဟင်….”
“ အရမ်းကြီးမအံ့ဩပါနဲ့… ကျုပ်တို့ကလဲ အဲလိုမျိုးတွေမြင်နေရလို့ပါ”
“ ခင်ဗျားတို့လဲ ကျုပ်လိုမြင်ရတယ်ပေါ့ ဟုတ်လား”
“ ဟုတ်တယ်ဗျ… လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့အချိန်တုန်းက အဲဒီလူက ဆိုင်ပြင်မှာရပ်စောင့်နေတာတွေ့တယ်”
“ ခင်ဗျားတို့အချိန်ရရင် ညနေ ကျောင်းလွှတ်တဲ့ချိန် ကျုပ်အိမ်ကိုလာခဲ့ပါလား၊ အခုက ကျောင်းသွားချိန်နီးနေပြီမို့ အသေးစိတ်ပြောလို့မရလောက်ဘူး”
“ ဆရာလေးက ဘယ်မှာနေတာလဲ၊ ကျုပ်တို့ကျောင်းလွှတ်ချိန်လာခဲ့ပါ့မယ်”
“ ကျုပ်က ဟင်းရွက်ဈေးမရောက်ခင် တစ်လမ်းကျော်မှာနေတာ၊ကျောင်းဆရာအိမ်ဘယ်
မှာလဲမေးရင်လူတိုင်းသိပါတယ်”
“ ဒါဖြင့်ရင် ညနေမှဆုံကြတာပေါ့”
“ ကောင်းပါပြီဗျာ၊ ကျုပ်ကိုခွင့်ပြုပါဦး”
ကျောင်းဆရာထွက်သွားတော့ အောင်မြတ်သာတို့လဲစေတီပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
+++++

ညနေ‌စောင်းရောက်တော့ အောင်မြတ်သာတို့လဲ ကျောင်းဆရာနေတဲ့အိမ်ကိုရောက်လာခဲ့ကြတယ်။

“ အိမ်ပေါ်တက်ကြဦး.. ကျုပ်လဲအခုပဲ ကျောင်းကပြန်ရောက်‌တာ”

“ လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်ပါ”

“ ဒါဆိုခဏလေးနော်”

ကျောင်းဆရာအခန်းထဲဝင်သွားဝောာ့ အောင်မြတ်သာတို့လဲ ဧည့်ခန်းမှာချိတ်ထားတဲ့ ဓါတ်ပုံတွေကိုလိုက်ကြည့်ရင်း တစ်နေရာအရောက်မှာတော့

“ ဆရာ… ဆရာ”

“ ဘာဖြစ်လို့လဲ မောင်ကောင်း”

“ ဟိုဓါတ်ပုံထဲကလူက ကျွန်တော်မြင်ခဲ့တဲ့သူပဲ”

“ သေချာလို့လား…”

“ သေချာတာပေါ့ဆရာ… အဲဒီလူဆိုတာ လုံးဝကိုသေချာတယ်”

မောင်ကောင်းစကားပြောနေတဲ့အချိန်မှာပဲ ကျောင်းဆရာပြန်ရောက်လာတဲ့အတွက် စကားစကိုဖြတ်လိုက်ကြတယ်။

“ မနက်က လောနေတာနဲ့ နာမည်တောင်မိတ်မဆက်လိုက်ရဘူး၊ ကျုပ်နာမည်က ကျော်ဘုန်းစံပါ”

“ ကျုပ်နာမည်က အောင်မြတ်သာ၊ သူတို့က မောင်ကောင်းနဲ့ ခွန်းလှပါ”

“ တွေ့ရတာဝမ်းသာပါတယ်… ဒါနဲ့ ခင်ဗျားတို့အကုန်လုံး ဝိဉာဉ်တွေကိုမြင်ရတာလား”

“ အဲလိုပဲပြောရတော့မှာပေါ့”

“ ကျုပ်က လွန်ခဲ့တဲ့ နှစ်လလောက်ကမှ မြင်ရတာ၊ အိမ်ခေါင်မိုးပေါ်မှာ ကြောင်သေနေလို့ သန့်ရှင်းရေးလုပ်ရင်းအောက်ကိုပြုတ်ကျတာကနေ တစ်ရက်လောက်မေ့သွားတာ၊ ပြန်သတိရလာတော့ အခုလိုမြင်ရတော့တာပဲ”

“ ဆရာလေးက အခြားဝိဉာဉ်တွေကိုရောမြင်ရတာလား”

“ မဟုတ်ဘူးဗျ… သူ့တစ်ယောက်ထဲကိုပဲမြင်ရတာ”

“ ကျုပ်တို့မြင်တာကတော့ ဆရာလေးနောက်ကို သူက တကောက်ကောက်လိုက်နေသလိုပဲ”

“ ဟုတ်တယ်… သူကျုပ်ကို အကူအညီတောင်းနေတာ”

“ ဘယ်လိုအကူအညီတောင်းတာလဲ သိလို့ရမလား၊ ကျုပ်တို့လဲကူညီနိုင်ရင်ကူညီပေးလို့ရတာပေါ့”

“ ဒီမြို့မှာ လူသတ်ကုန်းတစ်ခုရှိတာ ကြားဖူးမှာပေါ့”

“ မနက်က ဆရာလေးတို့ပြောနေတာကြားလိုက် ပါတယ်”

“ မကြာခင် အဲဒီလူသတ်ကုန်းမှာ လူစားလဲတဲ့ဖြစ်ရပ်တစ်ခုဖြစ်လိမ့်မယ်ပြောတယ်”

“ ဒီကိစ္စနဲ့ဆရာလေးက ဘယ်လိုပတ်သတ်နေလို့ အကူညီတောင်းရတာလဲ”

“ ကျုပ်လဲမပြောတတ်ဘူး၊ သူ့ကိုမြင်နေရလို့ အကူအညီတောင်းတာများလား”

“ ဒါနဲ့ စကားမစပ် နံရံမှာချိတ်ထားတဲ့ ဓါတ်ပုံက ဘယ်သူများလဲ”

“ အော်… သူက ဒီအိမ်ပိုင်ရှင်လေ၊
နောက်နှစ်ရက်လောက်ဆို သူပြန်ရောက်မယ်ထင်တယ်”

“ ဒီအိမ်ကဆရာလေးအိမ်မဟုတ်ဘူးလား”

“ မဟုတ်ပါဘူးဗျာ… သူနဲ့ ကျုပ်က တက္ကသိုလ်တူတူတက်တုန်းက ခင်ခဲ့ကြတာလေ၊
အခုဒီမြို့မှာတာဝန်ကျတော့ သူ့အိမ်မှာပဲနေဆိုပြီး ခေါ်ထားတာ”

“ အခုဖြစ်နေတဲ့ကိစ္စတွေ သူ့ကိုပြောပြသေးလား”

“ သူက သရဲတစ္ဆေတွေအယုံအကြည်မရှိဘူး၊ ဒါကြောင့်မပြောပြခဲ့တာ”

“ မယုံကြည်တဲ့သူကိုပြောရင် လှောင်ပြောင်တာပဲခံရမှာပဲ၊ ဒါနဲ့ အဲဒီလူကြီးက ဘယ်လိုအချိန်တွေလာတတ်လဲ”

“ကျုပ်ဖြင့် အိပ်လိုက်တာနဲ့ အဲဒီလူကြီးကပေါ်လာပြီ၊ မနက်ကဆို လက်ဖက်ရည်ဆိုင်အပြင်မှာရပ်နေတာ၊ တစ်ခါတစ်လေ စာသင်နေရင်း ကလေးတွေကြားထဲမှာ ဝင်ထိုင်နေတာဗျာ၊ တစ်ရက်နှစ်ရက်မဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတော့ လူလဲနေရတာအဆင်မပြေတော့ဘူး”

“ လူစားလဲခံရမှာနဲ့သူနဲ့က ဘယ်လိုပတ်သတ်နေလို့လဲ”

“ ကျုပ်လဲသေချာမသိဘူး… သူပြောတာကတော့ အဲဒီကိစ္စကိုကျုပ်ပဲတားနိုင်မယ်တဲ့”

“ သူက ဘယ်လိုလုပ်ခိုင်းသေးလဲ”

“ လာမယ့် လကွယ်နေ့ညသန်းခေါင်အချိန် လူသတ်ကုန်းပေါ်ကို ဂျုံနဲ့လုပ်ထားတဲ့ လူရုပ်ယူသွားခိုင်းတာ၊ အဲလိုမှမလုပ်ရင် တစ်မြို့လုံး ဒုက္ခရောက်မယ်လို့လဲပြောတယ်”

“ ထူးတော့ထူးဆန်းနေပြီ…ဆရာလေးအနေနဲ့ မလုပ်နိုင်ဘူးလို့ ပြောလိုက်လား”

“ ပြောတာပေါ့… ဒါကြောင့် ကျုပ်အနောက်ကို တကောက်ကောက်လိုက်ပြီးလုပ်ခိုင်းနေတာ”

“ ဆရာလေးကိုရော အခြားအန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးတွေလုပ်သေးလား”

“ အဲဒီလိုတော့ မလုပ်‌ဘူး၊ ဒါပေမယ့် စကားပြောတာတွေက အရင်ကထက်ပိုမာလာသလိုခံစားရတယ်၊ အရင်ကဆို သနားခံတဲ့လေသံနဲ့ပြောတာ၊ ဒီတစ်ရက်နှစ်ရက်ထဲမှာတော့ စိတ်မရှည်သလို ပြောတာတွေတော့ရှိတယ်”

“ ကျုပ်တို့တိုင်ပင်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ပြောပေးမယ်၊ အခုလောလောဆယ် ဒီအဆောင်ကို ဆရာလေးလည်ပင်းမှာဆွဲထားပေးပါလား”

အောင်မြတ်သာက အင်းတစ်ချပ်ကို ကျုတ်ထဲထည့်ပြီးကမ်းပေးလိုက်တယ်။

“ ဒါက ဘာများလဲ”

“ ဆရာလေးအတွက် အန္တရာယ်ကင်းစေမယ့်အဆောင်ပါ၊ ဘာအကြောင်းကြောင့်နဲ့မှ ဒီအဆောင်ကိုမချွတ်ပါဘူးလို့ကတိပေးနိုင်မလား”

“ ကျုပ်အတွက်စေတနာနဲ့လုပ်ပေးထားတာဆိုတော့ ကတိပေးပါတယ်”

“ ကျုပ်တို့မနက်ဖြန်ပြန်လာခဲ့ပါမယ်…ဒီည အိပ်ရေးဝဝအိပ်စက်နိုင်ပါစေဗျာ”

အောင်မြတ်သာတို့ ကျောင်းဆရာအိမ်ကနေထွက်လာပြီးတာနဲ့ စေတီကိုမပြန်တော့ပဲ မြို့အဝင်မှာရှိတဲ့ နတ်နန်းဆီကို ထွက်လာခဲ့လိုက်တယ်။
++++++

အုန်းပွဲငှက်ပျောပွဲတွေနဲ့ပြည့်နှက်နေတဲ့ မြို့ဝင်ပေါက်နတ်နန်းထဲမှာတော့ မကြာသေးခင်က ပူဇော်ထားတဲ့ ဖယောင်းတိုင်အလင်းရောင်က ထိန်ထိန်ညီးနေခဲ့တယ်။ အောင်မြတ်သာတို့လဲ နတ်နန်းရှေ့ရောက်တော့ လူရိပ်လူခြေကိုကြည့်ပြီး မြို့ကိုစောင့်ကြပ်နေတဲ့ပုဂ္ဂိုလ်အားဆင့်ခေါ်လိုက်ရာ နံ့သာနံ့လိုမွှေးကြိုင်တဲ့ရနံ့တွေထွက်ပေါ်လာခဲ့တယ်။

“ အမွှေးနံ့ပေးတာ မြို့စောင့်အဖိုးလား”

‌” ဟုတ်ပါတယ်… ဆရာတို့ဆင့်ခေါ်တာ ဘာကိစ္စများရှိလို့ပါလဲ”

အကောင်အထည်မမြင်ရပဲ အသံသာထွက်လာတာကြောင့် အောင်မြတ်သာက နတ်ရုပ်ထုကိုစိုက်ကြည့်လိုက်ပြီး

“ ဒီမြို့မှာလူသတ်ကုန်းဆိုတာရှိသလား”

“ ရှေးယခင်ကတော့ သေဒဏ်ကျအပြစ်သားတွေကို ကွပ်မျက်တဲ့နေရာတစ်ခုတော့ရှိခဲ့တယ်၊ ဒါကိုအစွဲပြုပြီးလူသတ်ကုန်းလို့ခေါ်ကြတာပါ”

“ လူသတ်ကုန်းပရ၀ဏ်ထဲမှာ လူစားလဲခံရတဲ့ဖြစ်ရပ်တွေ အရင်ကဖြစ်ခဲ့ဖူးလားအဖိုး”

“ နှစ်သုံးဆယ်တစ်ခါ လူစားလဲတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်”

“ ဒါဆို အခုနှစ်သုံးဆယ်ပြည့်ဖို့ ဘယ်လောက်လိုသေးလဲအဖိုး”

“ လာမယ့် လကွယ်နေ့ဆိုရင် နှစ်သုံးဆယ်ထပ်ပြည့်ပြန်ပီဆရာ၊ ဒါနဲ့ဆရာတို့က လူစားလဲတဲ့ကိစ္စကို ဘာလို့သိချင်ရတာလဲ”

“ မြို့ခံတွေပြောနေတာကြားလို့ အဖိုးကိုသေချာအောင်လာမေးကြည့်တာပါ”

“ ဆရာတို့အနေနဲ့ လူသတ်ကုန်းကိစ္စကို ဝင်မစွက်ဖက်စေချင်ဘူး၊ အန္တရာယ်ဖြစ်မှာစိတ်ပူလို့ပြောတာပါ”

“ အခုလိုစိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်အဖိုး၊ ကျုပ်တို့လဲသိသင့်သလောက်သိရပြီမို့ သွားခွင့်ပြုပါဦး”

“ အစစအရာရာအဆင်ပြေပါစေဆရာ”

အောင်မြတ်သာတို့လဲ နတ်နန်းကနေထွက်လာပြီးတာနဲ့ လူသတ်ကုန်းရှိတဲ့ဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။

“ ဆရာ… လူသတ်ကုန်းပေါ်ကိုတက်မလို့လား”

“ ဘာဖြစ်လို့လဲ မောင်ကောင်း”

“ ဘာမှမဖြစ်ပါဘူးဆရာ… မြို့စောင့်အဖိုးပြောတဲ့ထဲမှာ လူသတ်ကုန်းကိုမသွားစေချင်တဲ့အရိပ်အယောင်ကို သတိထားမိလို့”

“ သူမသွားစေချင်တဲ့အကြောင်းရင်းက ဘာလဲဆိုတာ သိချင်နေပြီ”

ခွန်းလှစကားကြောင့် အောင်မြတ်သာက မျက်ခုံးနှစ်ဖက်ကို ပင့်တင်လိုက်ပြီး လူသတ်ကုန်းရှိရာ တောင်ကုန်းဘက်ကို ခပ်သုတ်သုတ်လျောက်သွားခဲ့လိုက်တယ်။

ဘိစပ်ခြုံတွေ၊ ဆူးခြုံတွေထူထပ်စွာပေါက်နေတဲ့ လူသတ်ကုန်းတက်လာတဲ့အချိန် ညှီစို့စို့သွေးနံ့က နှာခေါင်းထဲကို အတားအဆီးမဲ့စွာတိုးဝင်လာခဲ့တယ်။

“ သွေးညှီနံ့က အခုထဲကရနေပြီဆရာ”

“ ဒီနေရာက လူအသက်ပေါင်းများစွာကို နှုတ်ယူထားတာမို့ အခုထိမကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေရှိနေဦးမှာ”

“ ဆရာ စကားတောင်မဆုံးသေးဘူး… ဟိုမှာ…”

ခွန်းလှညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ ပျဉ်းမပင်အောက်မှာ ခါးထောက်ပြီး မတ်တပ်ရပ်နေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ ကျွန်တော်တို့ရောက်လာတာကို မကြိုက်လို့များလား”

“ ငါတို့က သူတို့ကိုရန်ပြုဖို့လာတာမှမဟုတ်တာ”

“ ရန်ပြုဖို့လာတာမဟုတ်မှန်းသူတို့မသိကြဘူး ထင်တယ်၊ ခုနကတစ်ယောက်ပဲရှိတာ အခု လေးယောက်တောင်ဖြစ်သွားပြီ၊ဟူး မြို့ခံတွေပြောတဲ့ စကားက တကယ်မှန်တာပဲဗျ”

ခွန်းလှစကားသံအဆုံးမှာပဲ ငှက်ဖျားတက်သလို ညီးသံတွေ လေးဘက်လေးတန်းကနေ ထွက်ပေါ်လာခဲ့သလို ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြေးသွားတဲ့လူရိပ်အချို့ကိုလဲမြင်တွေ့လိုက်ရတယ်။

“ ညကြီးအချိန်မတော် သာမန်လူသာဒီနေရာကိုလာရင်တော့ မတွေးရဲစရာပဲ”

“ ဟုတ်တယ်နော်… ဒီလောက်ခြောက်လှန့်နေတဲ့နေရာကို ဆရာလေးတစ်ယောက်ထဲလာခိုင်းတာ အခြားအကြောင်းများရှိနေမလား”

“ ခွန်းလှပြောတာစဉ်းစားစရာပဲ… မဟုတ်မှလွဲရော”

‌အောင်မြတ်သာက တစ်ခုခုကိုစဉ်းစားမိဟန်နဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ ငါတို့ပြန်ကြရအောင်” လို့ပြောကာ လူသတ်ကုန်းကနေ စေတီရှိတဲ့နေရာကိုပြန်ဆင်းလာခဲ့လိုက်တယ်။

မောင်ကောင်းနဲ့ ခွန်းလှလဲ ရုတ်တရက် ချက်ချင်းလှည့်ပြန်လာတဲ့ဆရာဖြစ်သူကိုကြည့်ပြီး နားမလည်တဲ့ဟန်နဲ့အနောက်ကနေ ခပ်သုတ်သုတ်လိုက်သွားခဲ့ကြတယ်။

စေတီပြန်ရောက်တော့ အောင်မြတ်သာက စကားတစ်ခွန်းမှမပြောတော့ပဲ စနေထောင့်မှာ တရားထိုင်ပါလေရော။

တစ်နာရီလောက်ကြာတော့ မောင်ကောင်းတို့အနားကိုပြန်ရောက်လာပြီး

“ လူသတ်ကုန်းကိစ္စက ငါတို့ထင်ထားတာထက် ပိုရှုပ်နေပြီ”

“ ဘာဖြစ်လို့လဲဆရာ”

“ ခုနကတရားထိုင်တော့ မြင်ရတဲ့သေနမိတ်က ကျောင်းဆရာဆီကိုဦးတည်နေတယ်”

“ သူ့ရဲ့ကံကိုကအဲလိုဖြစ်နေတာများလား၊ ဒါပေမယ့် ကျွန်တော်အိမ်မက်ထဲမှာမြင်ရတာက ဓါတ်ပုံထဲကလူ‌ဆိုတာသေချာတယ်”

“ ဓါတ်ပုံထဲကလူကရော ဒီလူသတ်ကုန်းနဲ့ ဘယ်လိုပတ်သတ်နေလဲဆိုတာ သိရဖို့လိုတယ်”

“ အဲဒီလူက မနက်ဖြန်ပြန်ရောက်မယ်လို့ ဆရာလေးပြောခဲ့တယ်မဟုတ်လား၊ ကျွန်တော်တို့မနက်ဖြန်ညနေ သူ့အိမ်တစ်ခေါက်ထပ်သွားကြတာပေါ့”

“ မောင်ကောင်းပြောသလိုပဲလုပ်ကြတာပေါ့၊ ကဲ လုပ်စရာရှိတာလုပ်ကြဦး”

အောင်မြတ်သာက မောင်ကောင်းနဲ့ခွန်းလှကိုပြောပြီး စေတီတော်ကိုတစ်ပတ်ပတ်ကာ စင်္ကြန်လျောက်နေခဲ့လိုက်တယ်။

ညတစ်ချက်တီးအချိန်ရောက်တော့ တံခွန်တိုင်ဘေးကနေ ညစ်ပတ်စုတ်ပြတ်နေတဲ့ အဝတ်ကိုဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ထွက်လာပြီး အောင်မြတ်သာကို ပြုံးပြုံးကြီးစိုက်ကြည့်နေတာမြင်လိုက်ရတယ်။

“ လူလေး…”

“ အဘစိန်ပါလား… ဘယ်လိုကြောင့် ဒီကိုရောက်လာတာလဲ”

“ လူလေးဆီကိုတမင်လာတာ… ဆရာတော်ဘုရားမိန့်တာသိပြီးပြီလား”

“ ဘာများမိန့်ထားလို့လဲအဘ”

“ ဒီလာမယ့် လကွယ်နေ့ ညသန်းခေါင်မှာ ဂိုဏ်းစုံညီတွေ့ဆုံပွဲရှိတယ်၊ အဲဒါလူလေးကို လာဖို့ပြောခိုင်းလိုက်လို့”

“ တွေ့ဆုံပွဲက ဘယ်မှာလုပ်မှာလဲအဘ”

“ ဆရာတော်ဘုရား ကျောင်းသင်္ခန်းဘေးက အင်ကြင်းပင်အောက်မှာလုပ်မယ်ပြောတယ်၊ အဲဒီညက ငါတို့ဂိုဏ်းရဲ့ ထင်ပေါ်ကျော်ကြား တဲ့သူတွေပြန်လည်ဆုံတွေ့ရမယ့်ပွဲပဲ၊ ဒီလိုပွဲမျိုးက နှစ်တစ်ရာနေလို့ တစ်ခါလုပ်ဖြစ်တာမဟုတ်ဘူး၊ လူလေး သေချာပေါက်တက်နိုင်အောင် ကြိုးစားပါ”

“ ဟုတ်ကဲ့အဘ… ကျုပ်တက်နိုင်အောင်ကြိုးစားပါ့မယ်”

“ ကောင်းလေစွ ကောင်းလေစွ၊ ကဲကဲ အဘမသွားခင် ပြောချင်တာက မှန်နေတဲ့အရာအချို့က တစ်ခါတစ်လေမှားတတ်တယ်”

အဘစိန်က မလျော်ပဲထားတားတဲ့ဆံပင်အုံကို တဗျစ်ဗျစ်ကုတ်ရင်း တံခွန်တိုင်ဘေးက အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
+++++++

“ ချလွင် ချလွင် ချလွင်”

နေရှိန်နုနုလေးကျဆင်းနေတဲ့ နံနက်ခင်းအချိန်မှာတော့ စေတီရင်ပြင်တစ်ခုလုံး ဆည်းလည်းသံတွေနဲ့ သာယာနေခဲ့တယ်။ အဲဒီအချိန် အနောက်ဘက်မုခ်ကနေ လူတစ်ယောက် ခပ်သုတ်သုတ်လမ်းလျောက်လာနေတာကို လှမ်းမြင်လိုက်ရတယ်။

“ ဆရာ… ဟိုမှာ ကျောင်းဆရာမဟုတ်လား”

ခွန်းလှအသံကြောင့် အင်းဆွဲတဲ့ခဲတံကို ချွန်နေတဲ့အောင်မြတ်သာက အနောက်ကိုလှည့်ကြည့်လိုက်ပြီး ခဲတံကိုလွယ်အိတ်ထဲပြန်ထည့်ထားလိုက်တယ်။

“ ဆရာလေး မနက်စောစော ဘယ်လိုရောက်ချလာတာလဲ”

“ ခင်ဗျားတို့ဆီကိုပဲလာတာ… ညကကိစ္စလေးပြောပြချင်လို့”

“ ဘာကိစ္စများလဲပြောပါဦး”

“ မနေ့ညနေက ခင်ဗျားတို့ပေးသွားတဲ့ အဆောင်ကို ကျုပ်လည်ပင်းမှာဆွဲပြီးအိပ်လိုက်တာ၊ တစ်ရေးနိုးတော့ ကျုပ်လဲအပေါ့သွားချင်တာနဲ့ အိမ်အနောက်ဘက်ကိုဆင်းလာတဲ့အချိန် အနောက်ဘက်ခြံစည်းရိုးအပြင်မှာ လူသုံးယောက် မတ်တပ်ရပ်ပြီးကျုပ်ကို စိုက်ကြည့်နေတာဗျ၊ သူတို့ထဲက တစ်ယောက်က ကျုပ်လည်ပင်းမှာဆွဲထားတဲ့အဆောင်ကို လက်ညိုးထိုးပြီး လွှင့်ပစ်ခိုင်းတာ၊ ကျုပ်ဖြင့် ကြောက်လိုက်တာဗျာ၊ အဲဒီလူတွေက သာမန်လူတွေထက်နှစ်ဆလောက်ကြီးပြီး တစ်ကိုယ်လုံးအမွှေးအမျှင်တွေနဲ့ မသိရင် လူဝံ‌တွေလိုပဲ”

“ နောက်တော့ ဘာဆက်ဖြစ်သေးလဲ”

“ ကျုပ်လဲ အိမ်ပေါ်ပြန်တက်ပြေးတာပေါ့၊ သူတို့ကလဲ ကျုပ်အိမ်ပေါ်တက်တာမြင်တော့ ခြံထဲကိုဝင်ဖို့လုပ်သေးတယ်၊ ဒါပေမယ့် အထဲကိုဝင်မရပဲ အနောက်ကိုလန်လန်ကျတာဗျ၊ ကျုပ်ဖြင့် ခင်ဗျားတို့ပေးထားတဲ့အဆောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အခန်းထဲထိုင်နေရတယ်”

“ ညကမြင်ရတဲ့သူတွေကို အရင်ကမြင်ဖူးလား”

“ မမြင်ဖူးဖူးဗျ… ညကမှပထမဆုံးမြင်ရတာ၊ ကျုပ်ဘာလုပ်ရမလဲ ပြောပါဦး”

“ ခင်ဗျားသူငယ်ချင်းရော ဒီနေ့ပြန်လာမှာတဲ့လား”

“ အိမ်ဘေးနားက ကားဆရာပြောတာကတော့ လကွယ်နေ့ပြီးမှပြန်ရောက်မယ်တဲ့၊ ရွာက သူ့အမျိုးတွေမပေးပြန်သေးဘူးလို့ပြောတာပဲ”

“ သူအိမ်ကနေ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”

“ မှတ်မှတ်ရရ ကျုပ်ခေါင်မိုးပေါ်က ပြုတ်ကျပြီး သတိပြန်ရတဲ့နေ့၊ အဲ မဟုတ်ဘူး ‌နောက်တစ်နေ့ .. ဟုတ်တယ် နောက်တစ်နေ့မှာ သူရွာဆင်းသွားတာပဲ၊ နှစ်လနီးပါးရှိပြီထင်တယ်”

“ ဒါဆို ဆရာလေးအနောက်ကနေ လိုက်နေတဲ့ ဝိဉာဉ်ကိုစမြင်တော့ သူမရှိတော့ဘူးပေါ့”

“ သူတစ်ရက်ရှိသေးတယ်၊ အဲဒီနောက်ရက်တွေပဲမရှိတော့တာ၊ ဘာဖြစ်လို့ အဲဒီအကြောင်းတွေမေးနေတာလဲ”

“ ဘာကိစ္စမှတော့မရှိပါဘူး… ဒီတိုင်းသိချင်လို့မေးကြည့်တာပါ၊ ဒါနဲ့ ဆရာလေးတစ်ယောက်ထဲနေရတာအဆင်ရောပြေရဲ့လား”

“ အမှန်တိုင်းပြောရရင် မပြေဘူးပေါ့ဗျာ၊ ကျုပ်ဖြင့် ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာ အတော်ကြာပြီ”

“ အရမ်းကြီးစိတ်ထဲမထားပါနဲ့၊ ကျုပ်ပေးထားတဲ့ အဆောင်ကိုသာ ကိုယ်နဲ့မကွာဆောင်ထား”

“ စိတ်ချပါ၊ ကျုပ်သေချာဆောင်ထားပါတယ်၊ ဒါဖြင့် ကျုပ်ကိုခွင့်ပြုဦး”

“ ကောင်းပါပြီဗျာ”

ကျောင်းဆရာထွက်သွားတော့ အောင်မြတ်သာက

“ ကျောင်းဆရာမှာ အသက်အန္တရာယ်ရှိနေပြီ”

“ ဆရာ ဘယ်လိုမြင်ရလို့လဲ”

“ ငါ့ထင်တာမမှားဘူးဆိုရင် အိမ်ပိုင်ရှင်က သူ့နေရာမှာ ကျောင်းဆရာကို အစားထိုးဝင်ခိုင်းထားတာပဲ၊ ‌ဒါကြောင့် မောင်ကောင်းမြင်တဲ့လူနဲ့ ငါမြင်တဲ့သူ ဘာကြောင့်မတူတာလဲစဉ်းစားနေတာ”

“ ဆရာပြောချင်တာက လူစားလဲခံရမယ့်သူအစစ်အမှန်က အိမ်ပိုင်ရှင်ပေါ့”

“ ဟုတ်တယ်… ဒါကို အိမ်ပိုင်ရှင်ကအစထဲကသိနေလိမ့်မယ်၊ ဒါကြောင့် သူ့နေရာမှာအစားထိုးဖို့ လူတစ်ယောက်သေချာပေါက်ရှာရမှာပဲ၊ အဲလိုရှာမယ်ဆိုရင် မွေးနေ့၊ မွေးလ၊ မွေးနှစ်တူတဲ့သူကိုပဲရှာရမှာ၊ ကျောင်းဆရာပြောတဲ့ထဲ အိမ်ပိုင်ရှင်နဲ့သူက တက္ကသိုလ်တက်ထဲက ရင်းနှီးခဲ့တာလို့ပြောတာ မှတ်မိလား”

“ မှတ်မိတယ်ဆရာ”

“ မောင်ကောင်း အခုချက်ချင်းကျောင်းဆရာဆီကိုလိုက်သွား၊ သူ့ရဲ့မွေးသက္ကရာဇ်နဲ့ အိမ်ပိုင်ရှင်ရဲ့မွေးသက္ကရာဇ်ကိုမေးလာခဲ့”

မောင်ကောင်းလဲ ချက်ချင်းပဲ စေတီပေါ်ကနေဆင်းသွားခဲ့လိုက်တယ်။ ခဏကြာတော့ အံ့ဩတဲ့မျက်နှာနဲ့ပြန်ရောက်လာပြီး

“ ဆရာ… ဆရာပြောတဲ့အတိုင်းပဲ… ကျောင်းဆရာနဲ့ အိမ်ပိုင်ရှင်က တစ်ရက်ထဲမွေးတာ”

“ ဒါဆိုသေချာပြီ… မနက်ဖြန် လကွယ်နေ့ဟုတ်လား”

“ ဟုတ်တယ်ဆရာ”

“ ဒါ‌ဆို သူတို့မှာ ဒီနေ့တစ်ရက်ပဲအချိန်ရှိတော့တယ်၊ ကျောင်းဆရာအခုဘယ်မှာလဲ”

“ ကျောင်းဘက်ကိုထွက်သွားတယ်ဆရာ”

အောင်မြတ်သာတို့လဲ ချက်ချင်းပဲ စာသင်ကျောင်းရှိတဲ့ဘက်ကို လိုက်သွားကာ ကျောင်းအပြင်ဘက်အရိပ်ရတဲ့သစ်ပင်အောက်မှာ ထိုင်ကာအခြေအနေကိုစောင့်ကြည့်နေခဲ့ကြတယ်။ နေ့လည်မွန်းတည့်ချိန်ရောက်တော့ ကျောင်းလာကြိုတဲ့ကလေးမိဘတွေကြားထဲမှာ ရပ်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ မောင်ကောင်း ချည်မန်းကြိုးအသင့်ကိုင်ထား”

“ ဘာဖြစ်လို့လဲဆရာ”

“ ဟိုဝိဥာဥ်ကျောင်းပေါက်ဝကိုရောက်နေပြီ”

“ ဟင်… ဟုတ်တယ်ဗျ… ဒီကောင် ဘာလာလုပ်ပြန်ပီလဲမသိဘူး”

မောင်ကောင်းစကားမဆုံးခင်မှာပဲ ရပ်နေတဲ့ဝိဉာဉ်က မိန်းမတစ်ယောက်ကိုယ်ထဲကိုပူးကပ်လိုက်ပါလေ ရော။

“ ဆရာ… ဟိုကောင် ဝင်ပူးနေပြီ၊ ဘာလုပ်ရမလဲ”

“ ဒီတိုင်းပဲကြည့်နေ…”

အောင်မြတ်သာတို့လဲ ကျောင်းအပြင်ဘက်ကနေ စောင့်ကြည့်နေတဲ့အချိန် ဝင်ပူးခံရတဲ့မိန်းမက ကျောင်းအပြင်ကိုထွက်လာတဲ့ ဆရာလေးအနားကိုသွားပြီး လည်ပင်းမှာဆွဲထားတဲ့ အဆောင်ကိုဖြုတ်ဖို့ကြိုးစားတာမြင်လိုက်ရတယ်။ ဒါပေမယ့် အနားရောက်တာနဲ့ အဆောင်မှာပါတဲ့ အစီအရင်တွေကြောင့် ထိကိုင်လို့မရပဲ ဝင်ပူးခံရတဲ့သူပါ သတိလစ်လဲကျသွားခဲ့တယ်။

“ ဆရာ … ဟိုကောင် ထွက်ပြေးပြီ”

“ လက်စသတ်တော့ ဒင်းက အိမ်ပိုင်ရှင်နဲ့တစ်ကျိတ်ထဲတစ်ဉာဏ်ထဲဖြစ်နေတာကိုး”

“ သူက အိမ်ပိုင်ရှင်နဲ့ ဘယ်လိုပတ်သတ်နေလဲဆိုတာ စိတ်ဝင်စားစရာပဲ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ကျောင်းအဝင်ဝမှာ လဲကျနေတဲ့သူကို တွဲထူနေတဲ့ကျောင်းဆရာကို လှမ်းကြည့်ရင်း

“ ဒီညတစ်ည ငါတို့သတိလွတ်လို့မရဘူး”လို့ခပ်တိုးတိုး ညဉ်းတွားရေရွတ်လိုက်တော့တယ်။
+++++++

ညကားတစ်ဖြေးဖြေးနက်လာတာနဲ့အမျှ အမှောင်ထုက ပိုမိုကြီးစိုးလာခဲ့တယ်။ လမ်းတစ်လျောက်မှာလဲ သက်ရှိဆိုလို့ ခွေးတစ်ကောင်တောင်မမြင်ရပဲတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် အိမ်တစ်အိမ်‌ရှေ့က သစ်ပင်အောက်မှာတော့ အောင်မြတ်သာတို့ ဆရာတပည့်သုံးယောက် ငြိမ်သက်စွာ ရပ်စောင့်နေခဲ့ကြတယ်။

မောင်ကောင်းနဲ့ ခွန်းလှကတော့ ခန္ဓာကိုယ်မှာ ကိုက်နေတဲ့ခြင်တွေကို ခြောက်လှန့်မောင်းထုတ်ပြီး အိမ်ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ပေမယ့် ထူးခြားမှုဆိုလို့ဘာမှမတွေ့ရခဲ့ပေ။

“ ဆရာ… ညသန်းခေါင်အချိန်ရောက်နေပြီ၊ ဘာမှလဲမထူးခြားပါလား”

အောင်မြတ်သာကတော့ ကောင်းကင်ကိုမော့ကြည့်လိုက် အိမ်ကိုကြည့်လိုက်လုပ်နေရင်း

“ တွေ့ဆုံပွဲနောက်ကျတော့မယ်ထင်တယ်” လို့ခပ်တိုးတိုးရေရွတ်လိုက်တယ်။

ညနှစ်ချက်တီးချိန်အရောက်မှာတော့ ကျောင်းဆရာအိပ်တဲ့အခန်းကနေ ဖယောင်းတိုင်မီးအလင်းရောင်ထွက်ပေါ်လာပြီး ခြံထဲကိုဆင်းလာတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ အခုချိန်ထိ ဘာမှမဖြစ်တဲ့ပုံအရ ကျောင်းဆရာတော့ အန္တရာယ်ထဲက လွတ်ပြီထင်တယ်ဆရာ”

“ အခုမှပဲသက်ပြင်းချနိုင်တော့တယ်ဆရာရယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့ စကားကြောင့် အောင်မြတ်သာကမီးအလင်းရောင်ထွက်နေတဲ့ အခန်းကိုတစ်ချက်ကြည့်လိုက်ပြီး စေတီရှိရာဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စေတီပေါ်ကိုရောက်‌တာနဲ့
တစ်ညလုံးမတ်တပ်ရပ်ထားရလို့ ညောင်းညာနေတဲ့ကျောပြင်ကို လှဲချလိုက်ရာ တစ်ခဏအတွင်း အိပ်ပျော်သွားခဲ့တယ်။
+++++

“ အာ… အာ… အာ…”

ခေါင်းရင်းကနေ အဆက်မပြတ်အော်နေတဲ့ ကျီးအာသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ နှိုးလာပြီးထကြည့်လိုက်ရာ
သောက်ရေခွက်နဲ့ဖိထားတဲ့စာတစ်စောင်ကိုသာ မြင်လိုက်ရပြီး ဆရာဖြစ်သူရဲ့အရိပ်အယောင်ကိုမတွေ့ရတော့ပေ။

မောင်ကောင်းလဲ ရေခွက်နဲ့ဖိထားတဲ့ စာရွက်ကိုဖွင့်ဖတ်လိုက်ရာ

“ ဂိုဏ်းစုံညီတွေ့ဆုံပွဲပြီးရင် သင်တို့ရှိတဲ့နေရာကို အရောက်လာခဲ့မယ်” ဆိုတဲ့စာကိုမြင်လိုက်ရတယ်။

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ဆရာဖြစ်သူမရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့စေတီပေါ်ကဆင်းလာတဲ့အချိန်

“ မနက်က လူသတ်ကုန်းမှာ အလောင်းတစ်ခုတွေ့တယ်” ဆိုတဲ့စကားကို ကြားလိုက်ရတယ်။

“ ဘယ်လို ဘယ်လို … လူသတ်ကုန်းမှာ အလောင်းတွေ့တယ် ဟုတ်လား၊ ဘယ်သူ့အလောင်းတွေ့တာလဲ”

မောင်ကောင်းရဲ့ ပြာပြာသလဲလဲမေးတဲ့အသံကြောင့် ဆိုက်ကားဂိတ်မှာရှိနေတဲ့သူတွေက စိတ်မကောင်းတဲ့ဟန်နဲ့

“ ဆရာလေးကျော်နိုင်ကိုတွေ့တာဗျ”

“ ဟမ်… ဆရာလေးကျော်နိုင် ဟုတ်လား… မြို့အဝင်စာသင်ကျောင်းမှာစာသင်တဲ့ ကျောင်းဆရာမဟုတ်လား”

“ ဟုတ်တယ်လေ၊ ဆရာလေးကိုသိလို့လား”

“ တစ်ခုခုတော့လွဲနေပြီထင်တယ်… ကျောင်းဆရာနာမည်က ကျော်ဘုန်းစံမဟုတ်လား”

“ ကျော်ဘုန်းစံဆိုတာက ဆရာလေးကျော်နိုင်မရှိတုန်း အစားထိုးဝင်သင်ပေးတဲ့ဆရာလေ၊ ခင်ဗျားတို့ လူမှားနေပြီထင်တယ်”

“ ဘယ်လို ဘယ်လို သေချာရှင်းပြပေးလို့ရလားဗျ”

“ ကျော်ဘုန်းစံဆိုတာ သေသွားတဲ့ ဆရာလေးကျော်နိုင်ရဲ့ သူငယ်ချင်း၊ ဆရာလေး ကျော်နိုင် လွန်ခဲ့တဲ့နှစ်လလောက်က နေမကောင်းဖြစ်လို့ သူ့မိဘတွေရှိတဲ့ရွာပြန်သွားတာမို့ ကျော်ဘုန်းစံက သူ့သူငယ်ချင်းနေရာအစားဝင်ပြီးစာသင်ပေးနေတာ၊ အခုသူတို့နေတဲ့အိမ်ကလဲ ကျော်ဘုန်းစံမိဘတွေ ထားခဲ့တဲ့အိမ်လေ”

“ ဒါဆို ဒီအိမ်က ကျော်ဘုန်းစံပိုင်တဲ့အိမ်ပေါ့”

“ ဟုတ်တယ်…အဲဒီအိမ်မှာ သူ့အဖေ ဦးစံမြအရင်က ဗေဒင်ဟောခန်းဖွင့်သွားသေးတယ်လေ၊ ဦးစံမြဟောလိုက်ရင် မယုံတဲ့သူတောင် ငွေတွေအထပ်လိုက်ပူဇော်သွားရမယ်”

“ အော်.. အဲလိုဆိုရင်အခုသေသွားတဲ့သူက ကျော်ဘုန်းစံရဲ့ သူငယ်ချင်းပေါ့”

“ ဟုတ်တယ်… ဆရာလေးကျော်နိုင်က နေမကောင်းလို့သူ့ရွာသူပြန်သွားတယ်ပဲသိထားတာ၊ အခုမှ ဘယ်လိုဖြစ်ပြီး သတ်သေသွားလဲမပြောတတ်တော့ဘူး”

ဆိုက်ကားသမားတွေစကားကြောင့်မောင်ကောင်းရော ခွန်းလှပါ ခေါင်းမီးတောက်သွားခဲ့တယ်။

“ အခုအလောင်းဘယ်မှာလဲ သိလား”

“ ခုနလေးကတင် ဆေးရုံကိုယူသွားကြပြီ”

မောင်ကောင်းနဲ့ ခွန်းလှလဲ ချက်ချင်းဆေးရုံကိုပြေးကာ အလောင်းကိုကြည့်လိုက်တော့

“ ဟာ… သွားပြီ… သွားပြီ.. ဒါ ဒါက ကျော်ဘုန်းစံမဟုတ်ဘူးကွ… ဒီအလောင်းက ငါ ငါအိမ်မက်ထဲမှာမြင်တဲ့သူ၊ တစ်ခုခုတော့မှားနေပြီ… ငါတို့သိထားတာ မှားနေပြီ” လို့ရေရွတ်ရင်း ဆေးရုံအပြင်ကိုလှမ်းကြည့်လိုက်ရာ အသားဖြူဖတ်ဖြူလျော်နဲ့လူတစ်ယောက် ပြုံးဖြီးဖြီးနဲ့ရပ်နေတာမြင်လိုက်ရတယ်။

“ ခွေးမသား… ဒင်းတို့လက်ချက်ပဲဖြစ်ရမယ်”

မောင်ကောင်းက ချက်ချင်းဆေးရုံအပြင်ကို ထွက်ကြည့်လိုက်ပေမယ့် ရပ်နေတဲ့ကောင်ကိုမတွေ့ရတော့ပေ။

ခဏနေတော့ ခွန်းလှတစ်ယောက် ဆေးရုံအပြင်ကိုထွက်လာပြီး

“ ကြိုးဆွဲချပြီးကိုယ့်ကိုယ်ကိုသတ်သေတာလို့ ပြောနေကြတယ်အစ်ကို”

“ ခွန်းလှ ငါတို့ ကျောင်းဆရာအိမ်ကိုသွားမယ်”

မောင်ကောင်းရဲ့ခြေလှမ်းကျဲတွေက ကျောင်းဆရာနေအိမ်ကိုဦးတည်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ အိမ်ရောခြံကိုပါသော့ခတ်ထားတာကိုမြင်လိုက်ရတယ်။

“ မောင်ရင်တို့ မောင်ရင်တို့”

အသံကြားလို့လှည့်ကြည့်လိုက်ရာ ခပ်နွမ်းနွမ်းအဝတ်ကိုဝတ်ဆင်ထားပြီး ဖာထေးရာတွေပါတဲ့လက်ဆွဲအိတ်တစ်လုံးကိုင်ထားတဲ့လူကြီးတစ်ယောက်။

“ ကျောင်းဆရာကျော်နိုင် ဘယ်နားမှာနေလဲသိလားဟင်”

မောင်ကောင်းနဲ့ခွန်းလှလဲ လက်ဆွဲအိတ်ကိုင်ထားတဲ့ လူကြီးစကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး

“ ဦးလေးက ဆရာလေးနဲ့ဘာတော်တာလဲဗျ”

“ ဦးလေးက သူ့အဖေပါ… သားလေးက ဒီမြို့မှာ တာဝန်ကျနေတာလေ၊ သူပြောတာကတော့ ဟင်းရွက်ဈေးနားကသူငယ်ချင်းတစ်ယောက်အိမ်မှာနေတယ်တဲ့၊ အဲဒါ မောင်ရင်တို့သိမလားလို့ မေးကြည့်တာပါ”

“ ကျွန် ကျွန်တော်တို့က ဒီမြို့ခံမဟုတ်လို့ ဦးလေးပြောတဲ့အိမ်ကိုမသိပါဘူး”

မောင်ကောင်းက စို့တက်လာတဲ့မျက်ရည်ကို လက်ခုံနဲ့မသိမသာပွတ်လိုက်ပြီး အိမ်ရှေ့ကနေ ထွက်လာခဲ့လိုက်တယ်။
+++++

ပုဇင်းရင်ကွဲကောင်တွေရဲ့ အော်မြည်သံ၊ ခွေးလေခွေးလွင့်တို့ရဲ့ အူသံတွေက လူသတ်ကုန်းကိုပိုပြီးအကျဉ်းတန်စေခဲ့တယ်။ သာမန်လူတွေ ယောင်လို့တောင်အနားမကပ်ရဲတဲ့ လူသတ်ကုန်းအလယ်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့တင်ပလ္လင်ခွေထိုင်နေခဲ့တယ်။ သူတို့ရဲ့အရှေ့မှာတော့ အင်းဖယောင်းတိုင်ထွန်းထားတဲ့
သိမ်ဝင်သပိတ်ကွဲအင်း နှစ်ချပ်။

မောင်ကောင်းက သိမ်ဝင်သပိတ်ကွဲအင်းကို အသက်သွင်းပြီးတာနဲ့ စိုစွတ်နေတဲ့မြေကြီးကိုလက်ဝါးနဲ့ရိုက်ကာ

“ ဒီလူသတ်ကုန်းမှာ အာဏာအရှိဆုံးကောင် အခုချက်ချင်းငါ့ရှေ့လာစမ်း… မလာခဲ့သည်ရှိသော် တစ်ကိုယ်လုံး ငရဲမီးနဲ့ဟက်ခံထိသလို ပူလောင်စေသား” လို့အမိန့်ပြန်လိုက်ရာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ခြုံပုတ်တွေကြားထဲမှာ ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ခြေသံတွေထွက်ပေါ်လာခဲ့တယ်။

“ ဘယ်မှာလဲ… အခုထိမရောက်လာသေးဘူးလား”

လေသံခပ်ကြမ်းကြမ်းနဲ့မာန်လိုက်တော့မှ ဆံပင်ဖားလျားချထားပြီး တစ်ကိုယ်လုံးနီရဲနေတဲ့ နာနာဘာဝတစ်ကောင် ပေါ်လာခဲ့တယ်။

“ နင်က ဘယ်သူလဲ”

“ ငါက လူသတ်ကုန်းကိုစောင့်တဲ့ ပါးကွပ်သားမဲကြီး”

“ အေး… နင်တို့လူစားလဲလို့ သေသွားရတဲ့ တနင်္လာသားကျော်နိုင်ဆိုတဲ့သူရဲ့ဝိဉာဉ်ကို ငါ့ဆီခေါ်လာပေး”

“ သူ့ကို အရှေ့ဘက်မှာ တာဝန်ပေးထားတယ်… ခေါ်လို့မရဘူး”

“ ရတယ်လေ… နင်ကမခေါ်ပေးမှတော့ ငါလဲ ခေါ်ပေးအောင်လုပ်ရမှာပေါ့”

မောင်ကောင်းက သိမ်ဝင်သပိတ်ကွဲအင်းပေါ်မှာ ထွန်းထားတဲ့အင်းဖယောင်းတိုင်ကို မြေကြီးပေါ်ဇောက်ထိုးချလိုက်ရာ ပါးကွပ်သားမဲကြီးခေါင်းပေါ်ကို ပွက်ပွက်ဆူနေတဲ့ ဖယောင်းရည်တွေ ကျလာခဲ့တယ်။

“ အား… ပူတယ် ပူတယ်… ကြောက်ပါပြီ မလုပ်ပါနဲ့တော့ အား”

“ ဒါဆို အခုခေါ်ပေးစမ်း”

ပါးကွက်သားမဲကြီးလဲ သူ့လက်အောက်မှာရှိတဲ့ သရဲတစ်ကောင်ကို ခိုင်းစေလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ရောက်ချလာခဲ့တယ်။

“ သူ သူက လူစားလဲခံရတဲ့သူပါ”

“ ဟုတ်လား… ဖြုန်း….”

မောင်ကောင်းက မဲကြီးကို လက်ပြန်ရိုက်လိုက်ရာ ထန်းပင်နှစ်ပင်ကြားထဲကို လွင့်ထွက်သွားခဲ့တယ်။

“ နင်က ဒီနေရာမှာရှိနေတာ နှစ်ပေါင်းများစွာကြာပြီ၊ ဒါတောင် လူစားလဲတဲ့သူအစစ်အမှန် ဟုတ်မဟုတ်မသိဘူးလား”

“ ကြောက်ပါပြီဆရာရယ်… ထပ်မရိုက်ပါနဲ့တော့ အမှန်တိုင်းပြောပြပါ့မယ်”

“ အေး… ပြောစမ်း…”

“ တကယ်တော့ ငါလဲ သူများခိုင်းတဲ့အတိုင်းလုပ်ရတာပါ”

“ ဘယ်သူကခိုင်းတာလဲနင့်ကို”

“ ဦးစံမြ ခိုင်းလို့လုပ်ရတာပါ… သူက တကယ်လူစားလဲခံရမယ့်သူနေရာမှာ မွေးနေ့၊မွေးရက်၊မွေးနှစ်တူတဲ့လူအစားပေးပြီး အတင်းးအကြပ်ခိုင်းစေခဲ့တာ”

“ သူပြောတာ ဟုတ်လား… ဆရာလေး”

မောင်ကောင်းစကားကြောင့် မျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့သူက ခေါင်းညိမ့်ပြတယ်။

“ မဲကြီး နင်သူ့ကိုဘယ်လိုသတ်ခဲ့လဲပြောစမ်း”

“ သူ သူက လွန်ခဲ့တဲ့နှစ်ဘဝကလဲ ဒီနေရာမှာ အဆုံးစီရင်ခဲ့ဖူးတယ်၊ ဒါကြောင့် ငါက သူ့စိတ်ကို ထိုင်းမှိုင်းအောင်လုပ်ပြီး အရင်ဘဝကသေသလို လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်”

“ တောက်… နင်တော့ ငါလုပ်ရင် ပြာအတိဖြစ်တော့မယ်”

“ မလုပ်ပါနဲ့ဆရာရယ်… နောက်မလုပ်ရဲတော့ပါဘူး… တကယ်လဲကြောက်နေပါပြီ”

“ အေး… အခုချိန်ကစပြီး ဒီလူရဲ့ဝိဉာဉ်ကို ငါ့ခေါ်သွားမယ်”

“ အဲလိုတော့မလုပ်ပါနဲ့ဆရာ… သူ့နေရာမှာ အခြားသူတစ်ယောက်မလာသရွေ့ ထည့်ပေးလို့မရပါဘူး၊ အဲလိုထည့်ပေးလိုက်ရင် ဒီနေရာတစ်ခုလုံးမှာရှိတဲ့သူတွေ သေလုမျောပါး အရိုက်ခံရပါလိမ့်မယ်”

“ ဒါဆို သူလွတ်မြောက်ဖို့အတွက် အမှန်တကယ်လူစားထိုးခံရမယ့်သူကိုခေါ်လာပေးရမှာပေါ့”

“ ဟုတ်ပါတယ်ဆရာ…”

“ အေး… ကျော်ဘုန်းစံဆိုတဲ့ကောင်ကို မရရအောင် ပြန်ခေါ်လာပေးမယ်၊ နေဦး ငါမေးဦးမယ်… အခုလို လူအစားထိုးတဲ့ကိစ္စကို ဘယ်သူတွေသိသေးလဲ”

“ အဲဒါက…”

“ လိမ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိတယ်မဟုတ်လား”

“ မလိမ်ရဲပါဘူးဆရာ… အဲဒီအကြောင်းကို ရပ်ကွက်စောင့်နတ်သိပါတယ်၊ သူက ဦးစံမြခိုင်းတဲ့အတိုင်းအကုန်လိုက်လုပ်ပေးတာပါ”

“ အဲဒီကောင်က အသားဖြူဖတ်ဖြူလျော်ပုံစံနဲ့လား”

“ ဟုတ် ဟုတ်ပါတယ်”

“ နောက်တစ်ခါ ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင် ဒီနေရာတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်မယ် ကြားလား”

“ ဟုတ်ကဲ့ပါဆရာ”

မောင်ကောင်းတို့လဲ လူသတ်ကုန်းတစ်ခုလုံးကို ဗြောင်းဆန်အောင် သောင်းကျန်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကျော်ဘုန်းစံတို့ သားအဖနောက်ကို လိုက်ခဲ့ကြတယ်။

ဒီအကြောင်းအရာကိုတော့ “အောင်မြတ်သာနှင့် ပျောက်သောသူရှာရင်တွေ့”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္သုံးဘဝခရီးၾကမ္း “(စ/ဆုံး)
—————————————————————

“ ဂစ္ ဂစ္ ဂစ္”
“ ဂစ္ ဂစ္ ဂစ္”
က်က္သေရကင္းမဲ့စြာေအာ္ျမည္ေနတဲ့ လင္းေကာင္ပိုးငွက္ရဲ႕အသံနဲ႔အတူ ေအးစက္စက္အထိအေတြ႕၊ ပုတ္အဲ့အဲ့အနံ႔ေတြက ႏွာေခါင္းထဲတိုးဝင္လာခဲ့တယ္။
ခႏၶာကိုယ္တစ္ခုလုံး လႈပ္မရေအာင္တုပ္ေႏွာင္ျခင္းခံထားရသလို မ်က္လုံးႏွစ္လုံးကလဲ တင္းေနေအာင္ခ်ည္ေႏွာင္ထားတဲ့အတြက္ ဘယ္ေနရာေရာက္ေနတယ္ဆိုတာအတိအက်မသိရ။
“ ကြၽန္ေတာ္ ဘယ္ကိုေရာက္ေနတာလဲ”
မရွိမဲ့ရွိမဲ့ အားအင္ေတြနဲ႔ေမးလိုက္တဲ့အသံက တိတ္ဆိတ္ေနတဲ့ညအခ်ိန္မွာ ညႇင္းျပျပထြက္ေပၚလာခဲ့တယ္။
“ ဂ်စ္ ဂ်စ္ ဂ်စ္”
သံလိုမာေက်ာတဲ့အရာတစ္ခုကို တစ္ဂ်စ္ဂ်စ္ပြတ္တိုက္ေနတဲ့အသံတစ္ခု။
“ ဘယ္သူမွမရွိၾကဘူးလား…”
“ အဟီးအဟီးဟက္ဟက္ အဟက္”
ေျခာက္ကပ္ကပ္ရယ္သံနဲ႔အတူ ပြတ္တိုက္ေနတဲ့အရာကရပ္သြားၿပီး အနားမွာ လူတစ္ေယာက္လာရပ္တာကိုခံစားလိုက္ရတယ္။
“ အနားမွာ လူရွိတယ္မဟုတ္လား… ကြၽန္ေတာ္ကို ခ်ည္ထားတဲ့ႀကိဳးေတြျဖဳတ္ေပးပါလားဗ်ာ၊ ဘာပဲလုပ္ရလုပ္ရ လုပ္ပါ့မယ္”
တုန္ရီေနတဲ့အသံနဲ႔ေျပာလိုက္တဲ့စကားအဆုံးမွာ မ်က္လုံးနဲ႔လက္မွာခ်ည္ထားတဲ့အဝတ္စကို တစ္စုံတစ္ေယာက္လာျဖဳတ္ေပးတာကိုသတိထားမိခဲ့တယ္။
အခ်ိန္အတန္ၾကာခ်ည္ေႏွာင္ခံထားရတဲ့မ်က္လုံးက အဝတ္စခြၽတ္လိုက္ခ်ိန္မွာေတာင္ ပတ္ဝန္းက်င္ကို ေသခ်ာမျမင္ရေသးတာေၾကာင့္ ေခါင္းကိုခါယမ္းၿပီး မ်က္ေတာင္ကိုအတန္ၾကာ ပုတ္ခတ္လိုက္ေတာ့မွ ပဝ္ဝန္းက်င္မွာရွိတဲ့အရာေတြကို ရွင္းလင္းစြာျမင္ေတြ႕လိုက္ရတယ္။
“ ေဟ့ေကာင္ေလး… နင္က ငါဘာခိုင္းခိုင္းလုပ္မယ္လို႔ေျပာထားတယ္ေနာ္”
အသံၾကားတဲ့ဘက္ကို လွည့္ၾကည့္လိုက္ရာ လက္ငါးလုံးခန႔္ရွိတဲ့ ဓါးတစ္ေခ်ာင္းကို ပခုံးေပၚမွာထမ္းကာ ထိုင္ေနတဲ့ လူတစ္ေယာက္။
“ ကြၽန္ေတာ္ကိုလႊတ္ေပးမယ္ဆို ဘာလုပ္ရလုပ္ရ လုပ္ေပးပါမယ္”
“ ဒါဆို ေဟာဒီဓါးကိုယူၿပီး ငါ့ေနာက္လိုက္ခဲ့”
မဲနက္ေနတဲ့အသားအရည္၊ တုတ္ခိုင္လွတဲ့ ႂကြက္သားထုေတြနဲ႔လူထြားႀကီးက တစ္လံေလာက္ရွိတဲ့ ဓါးတစ္ေခ်ာင္းကို ပစ္ခ်ကာ ခါးေထာက္ၿပီးရပ္ၾကည့္ေနခဲ့တယ္။
“ ဟိုမွာေစာင့္ေနၾကၿပီ ျမန္ျမန္လုပ္စမ္း”
မာထန္ထန္နဲ႔ဟိန္းေဟာက္လိုက္တာေၾကာင့္ ဓါးကိုလက္ႏွစ္ဖက္နဲ႔ေကာက္ယူကာ အေနာက္ကေန လိုက္သြားခဲ့လိုက္တယ္။
“ ဒီ ဒီေနရာက ဘယ္မွာရွိတာလဲ”
ေရွ႕ကေန ေျခလွမ္းက်ဲေတြနဲ႔သြားေနတဲ့လူက အေနာက္ကို ဖ်တ္ခနဲလွည့္ၾကည့္လိုက္ၿပီး
“ ဟိုေရာက္ရင္ သိရလိမ့္မယ္… ျမန္ျမန္သြား”လို႔ေျပာကာထြက္သြားခဲ့တယ္။
ေျခလွမ္းတစ္ရာေလာက္ ေလ်ာက္ၿပီးတဲ့ခ်ိန္မွာေတာ့ လူတစ္ေယာက္ကို လက္ျပန္ႀကိဳးတုပ္ကာ ဒူးေထာက္ထိုင္ခိုင္းထားတာကိုျမင္လိုက္ရတယ္။
“ ဟင္… ဒီ ဒီေနရာက လူသတ္ကုန္း မဟုတ္လား”
“ ဟက္ဟက္… နင္ကဒီေနရာကိုမွတ္မိေနေသးတယ္လား၊ အင္းေပါ့ေလ နင္က ဒီေနရာနဲ႔မွမစိမ္းတာ”
“ ငါ ဒီေနရာကို ဘယ္လိုေရာက္လာတာလဲ၊ ဒီလူကေရာ ဘယ္သူလဲ”
အေတြးေပါင္းမ်ားစြာနဲ႔ စဥ္းစားေနတဲ့အခ်ိန္ လက္မွာကိုင္ထားတဲ့ ဓါးက တဆတ္ဆတ္လႈပ္ရမ္းလာတာကိုသတိထားမိခဲ့တယ္။
“ ငါ့ေကာင္ႀကီးက ေသြးဆာေနၿပီထင္တယ္… မၾကာခင္ မင္းအတြက္ ျဖည့္ဆည္းေပးမွာပါကြ”
လူထြားႀကီးက စကားတစ္ေျပာေျပာနဲ႔ ဒူးေထာက္ထိုင္ေနတဲ့လူရဲ႕မ်က္ႏွာကိုဖုံးထားတဲ့အဝတ္ကိုဆြဲခြၽတ္လိုက္တယ္။
“ အမေလး…. သူ သူက ကြၽန္ေတာ္မ်က္ႏွာနဲ႔ ဘာ ဘာလို႔ ခြၽတ္စြပ္တူေနရတာလဲ”
“ အံ့ဩေနတာလား… အဟီးအဟီး”
“ ခင္ဗ်ား ခင္ဗ်ားက ဘယ္သူလဲ…”
“ ငါက ဘယ္သူလဲဆိုတာ သိခ်င္ရင္ ဒီမွာၾကည့္”
အသားမဲမဲလူထြားႀကီးက ဖုံးအုပ္ေနတဲ့ ဆံပင္ေတြကို ဆြဲဖယ္လိုက္ရာ
“ ခင္ ခင္ဗ်ားက ဘာလို႔ က်ဳပ္နဲ႔တူေနရတာလဲ”
“ အဟီး အဟီး ဟက္ဟက္…. ဟားဟားဟား”
‌လူထြားႀကီးေရာ ဒူးေထာက္ထိုင္ေနတဲ့သူပါ ဟက္ဟက္ပက္ပက္ရယ္ေမာေနတဲ့အျပင္ လက္ထဲကိုင္ထားတဲ့ ဓါးက ပိုၿပီးတုန္ခါလာတာေၾကာင့္ ေၾကာက္လန႔္ၿပီး ဓါးကိုပစ္ထုတ္လိုက္မိတယ္။ ဒါေပမယ့္ ဓါးက ေဘးကိုလြင့္ထြက္မသြားပဲ အေပၚကိုေျမာက္တက္ကာ ထိုင္ေနတဲ့သူရဲ႕ ဇက္ေပၚကို ဒုတ္ခနဲ စိုက္က်သြားခဲ့တယ္။
လေရာင္ေအာက္မွာ ပန္းထြက္လာတဲ့ ေသြးစိမ္းရွင္ရွင္ေတြနဲ႔အတူ ျပတ္သြားတဲ့ ေခါင္းျပတ္ႀကီးက မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ၿပီး သူ႔ကိုစိုက္ၾကည့္ေနတာေၾကာင့္ ေၾကာက္စိတ္ေတြငယ္ထိပ္ထိတက္ေဆာင့္ကာ ေျမႀကီးေပၚကိုလဲက်သြားခဲ့တယ္။
သတိမလစ္ခင္ေနာက္ဆုံး ျမင္လိုက္ရတာက လူထြားႀကီးလက္ထဲမွာ ေခါင္းျပတ္တစ္လုံးကိုင္ၿပီး သေဘာက်စြာရယ္ေမာေနတဲ့ပုံ။
+++++
ရွင္ရွင္ျပသလိုေပၚလာတဲ့ အျမင္ေၾကာင့္ တရားျဖဳတ္ၿပီးတဲ့ခ်ိန္ ေမာင္ေကာင္းတစ္ကိုယ္လုံး ေခြၽးေစးေတြစို႐ႊဲေနခဲ့တယ္။ ေဘးမွာေတာ့ သူ႔ကို ထိုင္ၾကည့္ေနတဲ့ ေအာင္ျမတ္သာနဲ႔ ခြန္းလွ။
“ ဆရာ…”
“ အျမင္ေနာက္ကို လိုက္သြားမိၿပီမဟုတ္လား”
ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ ေမာင္ေကာင္းက ေခါင္းကိုအသာညိမ့္ျပလိုက္ၿပီး
“ ဒီတစ္ခါျမင္တာက ထူးဆန္းတယ္ဆရာ… ကြၽန္ေတာ္ကိုယ္တိုင္ေဘးမွာရပ္ၾကည့္ေနရသလို ထင္ထင္ရွားရွားျမင္ရတာ”
“ ဘယ္လိုျမင္ကြင္းမ်ိဳး ျမင္တာခဲ့တာလဲ”
ေမာင္ေကာင္းလဲ သူျမင္ရတဲ့အရာကိုေျပာျပလိုက္ရာ ေအာင္ျမတ္သာက ေခါင္းတၿငိမ့္ၿငိမ့္နဲ႔နားေထာင္ၿပီး
“ အဲဒီလူရဲ႕မ်က္ႏွာကို မွတ္မိတယ္မဟုတ္လား”
“ မွတ္မိတယ္ဆရာ.. အခုထိ မ်က္လုံးထဲ ျမင္ေနတုန္းပဲ”
“ ေလာေလာဆယ္ ကိုယ္လက္သန႔္ရွင္းလိုက္ဦး… ၿပီးရင္ ဟင္းသီးဟင္း႐ြက္ေဈးအေရွ႕က လက္ဖက္ရည္ဆိုင္သြားၾကရေအာင္၊ အဲဒီမွာ ပဲပလာတာေကာင္းတယ္ေျပာတယ္”
ေမာင္ေကာင္းလဲ ေစတီေဘးမွာရွိတဲ့ ‌ေရကန္မွာ ကိုယ္လက္သန႔္စင္ၿပီးတက္လာတဲ့အခ်ိန္ ဆရာျဖစ္သူနဲ႔ ခြန္းလွတို႔က သာမန္အရပ္သားေတြပုံစံဝတ္ဆင္ထားတာျမင္လိုက္ရတယ္။
“ ေယာဂီဝတ္စုံနဲ႔အၿမဲျမင္ေနရလို႔လားမသိဘူး… အခုလိုဝတ္လိုက္ေတာ့ အျမင္တစ္မ်ိဳးေလးျဖစ္သြားတယ္”
ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက ဘာပဲျပန္မေျပာပဲ ၿပဳံးေနခဲ့တယ္။
ခဏေနေတာ့ ဆရာတပည့္ေတြ လြယ္အိတ္ကိုယ္စီနဲ႔ ဟင္းသီးဟင္း႐ြက္ေဈးတန္းရွိတဲ့ဘက္ကိုထြက္လာခဲ့ၾကတယ္။
++++++
စားပြဲဝိုင္းေတြ ျပည့္လုနီးပါးျဖစ္ေနတဲ့ လက္ဖက္ရည္ဆိုင္ထဲမွာေတာ့ တစ္ေယာက္တစ္ေပါက္စကားေျပာတဲ့အသံေတြဆူညံေနခဲ့တယ္။
ေအာင္ျမတ္သာလဲ စားပြဲထိုးလာခ်ေပးတဲ့ ပဲပလာတာနဲ႔ လက္ဖက္ရည္ကိုစားေနတဲ့အခ်ိန္ ဆိုင္ထဲကိုငိုင္တိငိုင္တိုင္နဲ႔ဝင္လာတဲ့ လူတစ္ေယာက္ကို သတိထားမိခဲ့တယ္။
“ ဆရာေလး… ဒီမွာလာထိုင္…”
ေဘးဝိုင္းကလူေတြက ဝင္လာတဲ့သူကို ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ၿပီး သူ႔တို႔ခုံမွာဝင္ထိုင္ခိုင္းလိုက္တယ္။
“ ဆရာေလး ဘာစားမလဲ… ထုံးစံအတိုင္းပဲလား”
“ ဒီေန႔ေတာ့ ဘာမွမစားေတာ့ပါဘူးဗ်ာ… ၾကက္ဥသံပုရာပဲေသာက္ေတာ့မယ္”
“ ဆရာေလးအတြက္ ၾကက္သံတစ္ခြက္ေဟ့”
“ ရမယ္ ရမယ္ ကိုစာကေလး…”
ေကာင္တာမွာထိုင္ေနတဲ့ပိုင္ရွင္ရဲ႕အသံေၾကာင့္ စားပြဲထိုးေလးေတြ လက္ဖက္ရည္ေဖ်ာ္တဲ့ေနရာကို ေျပးဝင္သြားခဲ့တယ္။
“ ဆရာေလး… ဒီေန႔ ေက်ာင္းမသြားဘူးလား”
“ ေစာေသးတယ္ေလ ကိုစာကေလး၊ ရွစ္နာရီေလာက္မွ သြားမလို႔”
“ ဆရာေလးေရာက္လာမွ ကြၽန္ေတာ္တို႔ေက်ာင္းက ပိုၿပီးအသက္ဝင္လာတာ၊ ဒီမွာပဲ ေလးငါးႏွစ္ေလာက္ေနပါဦးဗ်ာ”
“ ေလာေလာဆယ္လဲအေျပာင္းအေ႐ႊ႕ မတင္ရေသးပါဘူးဗ်ာ”
“ ေဟ့ေကာင္ စာကေလး… ဆရာေလးကို စိတ္ရႈပ္ေအာင္မလုပ္ပါနဲ႔”
“ ရပါတယ္ဗ်ာ… ဒါနဲ႔ ကိုထိန္လင္းတစ္ေယာက္လဲ မေတြ႕ပါလား”
“ ထိန္လင္းအေၾကာင္းမသိေသးဘူးထင္တယ္”
“ ကိုထိန္လင္း ဘာျဖစ္လို႔လဲ”
“ ညက မူးမူး႐ူး႐ူးနဲ႔ လူသတ္ကုန္းဘက္မွာ နပန္းသြားလုံးေနတယ္ဗ်ာ”
“ ဟင္… သူက လူသတ္ကုန္းဘက္မွာ ဘယ္သူနဲ႔ နပန္းသြားလုံးတာလဲ”
“ ဒီေကာင္က မူးလာရင္ ေသြးဆိုးတာ ဆရာေလးလဲသိတာပဲ၊ ေခြးေဟာင္ရင္ ေဟာင္တဲ့ေခြးခဲနဲ႔လိုက္ထုတဲ့ေကာင္၊ မေန႔ညကလဲ လူသတ္ကုန္းေအာက္ဘက္အစပ္မွာ တစ္ေယာက္ထဲ နပန္းလုံးေနတာတဲ့၊ ဆိုက္ကားဆရာ ဖိုးေအးအေတြ႕ျမန္လို႔ေပါ့ ေနာက္ဆို အေမာဆို႔ၿပီးေသေနေလာက္ၿပီ”
“ အဲဒီေနရာက အေတာ္ၾကမ္းလို႔လား”
“ ၾကမ္းတာေပါ့ဆရာေလးရ၊ လူသတ္ကုန္းမွာ သတ္ခံထိတဲ့လူေပါင္းက မနည္းမေနာေလ၊ ဘုရင္ေခတ္ထဲက သတ္လာတာ၊ ဂ်ပန္ေခတ္ေရာက္ေတာ့လဲ ေတာ္လွန္ေရးသမားေတြကို သတ္ျပန္ေရာ၊ အခုေခတ္မွာေတာင္ လက္သည္မေပၚတဲ့ အေလာင္းေတြလာပစ္တာရွိေသးတယ္၊ လူႀကီးေတြေျပာတာကေတာ့ လျပည့္လကြယ္ေန႔ေတြဆိုရင္ လူသတ္ကုန္းဘက္ကေန ကယ္ပါယူပါနဲ႔ ေအာ္ဟစ္ေနတဲ့အသံေတြၾကားရတယ္တဲ့”
“ အင္းေပါ့… အသက္ခံရတဲ့သူေတြထဲမွာ မကြၽတ္လြတ္တာေတြလဲရွိဦးမွာေပါ့”
“ ဆရာေလး… ၾကက္သံေသာက္လိုက္ဦး၊ ေအးကုန္လိမ့္မယ္”
ေအာင္ျမတ္သာလဲ ေဘးဝိုင္းက လူေတြေျပာေနတဲ့စကားကို နားေထာင္ေနရင္း ဆိုင္အျပင္ဘက္ကိုၾကည့္လိုက္ရာ တစ္ကိုယ္လုံးျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနတဲ့ ေယာက်ၤားတစ္ေယာက္ မတ္တပ္ရပ္ေနတာကိုျမင္လိုက္ရတယ္။
ခဏေနေတာ့ ေဘးဝိုင္းမွာ ထိုင္ေနတဲ့ ဆရာေလးဆိုတဲ့သူအျပင္ကိုထြက္သြားခဲ့သလို ဆိုင္ျပင္မွာရပ္ေနတဲ့ ျဖဴဖတ္ျဖဴေလ်ာ္လူကလဲ အေနာက္ကေန လိုက္သြားခဲ့တယ္။
“ ေမာင္ေကာင္း… စားထားတာအျမန္ရွင္းၿပီး လိုက္လာခဲ့”
ေအာင္ျမတ္သာကစကားအဆုံးမွာ ဆိုင္အျပင္ဘက္ကိုထြက္သြားတာေၾကာင့္ ေမာင္ေကာင္းနဲ႔ခြန္းလွလဲ စားပြဲထိုးကိုေခၚၿပီး ေငြရွင္းကာ ခပ္သုတ္သုတ္လိုက္လာခဲ့လိုက္တယ္။ ဟင္းသီးဟင္း႐ြက္ေဈးအေက်ာ္နားကိုေရာက္ေတာ့ ေရအိုးစင္မွာေရေသာက္ေနတဲ့ ေအာင္ျမတ္သာကိုျမင္လိုက္ရတယ္။
“ ဆရာ .. ဘာျဖစ္လို႔လဲ”
“ ဟိုမွာၾကည့္… ခုနက လက္ဖက္ရည္ဆိုင္မွာေတြ႕တဲ့သူ ဘယ္သူနဲ႔စကားေျပာေနတယ္ထင္လဲ”
“ ဟင္… သူ႔တစ္ေယာက္ထဲ စကားေျပာေနပါလား”
“ သာမန္အျမင္နဲ႔မၾကည့္နဲ႔… အာ႐ုံနဲ႔ၾကည့္ၾကည့္”
ေမာင္ေကာင္းနဲ႔ခြန္းလွလဲ အာ႐ုံကိုစုစည္းၿပီးၾကည့္လိုက္ရာ ေသြးမရွိသလိုျဖဴေဖ်ာ့ေနတဲ့အသားအရည္နဲ႔ လူတစ္ေယာက္က ခခယယနဲ႔စကားေျပာေနတာျမင္လိုက္ရတယ္။
“ သူက ဝိဉာဥ္ေတြနဲ႔စကားေျပာႏိုင္တာလား”
“ ဟုတ္မယ္ထင္တယ္၊ ဒါေပမယ့္ သူ႔ပုံစံၾကည့္ရတာ စိတ္ရႈပ္ေနပုံပဲ”
“ ဆရာ… ဟိုေကာင္မရွိေတာ့ဘူး”
ခြန္းလွစကားေၾကာင့္ လွမ္းၾကည့္လိုက္ရာ သူတို႔ဘက္ကိုလမ္းေလ်ာက္လာတဲ့ ေက်ာင္းဆရာကိုျမင္လိုက္ရတယ္။
“ ဆရာေလး….”
ေအာင္ျမတ္သာအသံေၾကာင့္ ေက်ာင္းဆရာက အံ့အားသင့္တဲ့မ်က္လုံးနဲ႔ၾကည့္ၿပီး
“ ကြၽန္ေတာ္ကိုသိေနတာလား”
“ ခုနက လက္ဖက္ရည္ဆိုင္ထိုင္ေနတုန္း သတိထားမိခဲ့တာ”
“ ေအာ္ ဟုတ္ကဲ့၊ ကြၽန္ေတာ္ ဘာမ်ားကူညီေပးရမလဲ”
“ ခုနက စကားရပ္ေျပာေနတဲ့သူက ဆရာေလးနဲ႔သိတာၾကာၿပီလား”
“ ဟင္….”
“ အရမ္းႀကီးမအံ့ဩပါနဲ႔… က်ဳပ္တို႔ကလဲ အဲလိုမ်ိဳးေတြျမင္ေနရလို႔ပါ”
“ ခင္ဗ်ားတို႔လဲ က်ဳပ္လိုျမင္ရတယ္ေပါ့ ဟုတ္လား”
“ ဟုတ္တယ္ဗ်… လက္ဖက္ရည္ဆိုင္မွာထိုင္ေနတဲ့အခ်ိန္တုန္းက အဲဒီလူက ဆိုင္ျပင္မွာရပ္ေစာင့္ေနတာေတြ႕တယ္”
“ ခင္ဗ်ားတို႔အခ်ိန္ရရင္ ညေန ေက်ာင္းလႊတ္တဲ့ခ်ိန္ က်ဳပ္အိမ္ကိုလာခဲ့ပါလား၊ အခုက ေက်ာင္းသြားခ်ိန္နီးေနၿပီမို႔ အေသးစိတ္ေျပာလို႔မရေလာက္ဘူး”
“ ဆရာေလးက ဘယ္မွာေနတာလဲ၊ က်ဳပ္တို႔ေက်ာင္းလႊတ္ခ်ိန္လာခဲ့ပါ့မယ္”
“ က်ဳပ္က ဟင္း႐ြက္ေဈးမေရာက္ခင္ တစ္လမ္းေက်ာ္မွာေနတာ၊ေက်ာင္းဆရာအိမ္ဘယ္
မွာလဲေမးရင္လူတိုင္းသိပါတယ္”
“ ဒါျဖင့္ရင္ ညေနမွဆုံၾကတာေပါ့”
“ ေကာင္းပါၿပီဗ်ာ၊ က်ဳပ္ကိုခြင့္ျပဳပါဦး”
ေက်ာင္းဆရာထြက္သြားေတာ့ ေအာင္ျမတ္သာတို႔လဲေစတီေပၚကိုျပန္တက္လာခဲ့လိုက္တယ္။
+++++

ညေန‌ေစာင္းေရာက္ေတာ့ ေအာင္ျမတ္သာတို႔လဲ ေက်ာင္းဆရာေနတဲ့အိမ္ကိုေရာက္လာခဲ့ၾကတယ္။

“ အိမ္ေပၚတက္ၾကဦး.. က်ဳပ္လဲအခုပဲ ေက်ာင္းကျပန္ေရာက္‌တာ”

“ လုပ္စရာရွိတာ ေအးေအးေဆးေဆးလုပ္ပါ”

“ ဒါဆိုခဏေလးေနာ္”

ေက်ာင္းဆရာအခန္းထဲဝင္သြားေဝာာ့ ေအာင္ျမတ္သာတို႔လဲ ဧည့္ခန္းမွာခ်ိတ္ထားတဲ့ ဓါတ္ပုံေတြကိုလိုက္ၾကည့္ရင္း တစ္ေနရာအေရာက္မွာေတာ့

“ ဆရာ… ဆရာ”

“ ဘာျဖစ္လို႔လဲ ေမာင္ေကာင္း”

“ ဟိုဓါတ္ပုံထဲကလူက ကြၽန္ေတာ္ျမင္ခဲ့တဲ့သူပဲ”

“ ေသခ်ာလို႔လား…”

“ ေသခ်ာတာေပါ့ဆရာ… အဲဒီလူဆိုတာ လုံးဝကိုေသခ်ာတယ္”

ေမာင္ေကာင္းစကားေျပာေနတဲ့အခ်ိန္မွာပဲ ေက်ာင္းဆရာျပန္ေရာက္လာတဲ့အတြက္ စကားစကိုျဖတ္လိုက္ၾကတယ္။

“ မနက္က ေလာေနတာနဲ႔ နာမည္ေတာင္မိတ္မဆက္လိုက္ရဘူး၊ က်ဳပ္နာမည္က ေက်ာ္ဘုန္းစံပါ”

“ က်ဳပ္နာမည္က ေအာင္ျမတ္သာ၊ သူတို႔က ေမာင္ေကာင္းနဲ႔ ခြန္းလွပါ”

“ ေတြ႕ရတာဝမ္းသာပါတယ္… ဒါနဲ႔ ခင္ဗ်ားတို႔အကုန္လုံး ဝိဉာဥ္ေတြကိုျမင္ရတာလား”

“ အဲလိုပဲေျပာရေတာ့မွာေပါ့”

“ က်ဳပ္က လြန္ခဲ့တဲ့ ႏွစ္လေလာက္ကမွ ျမင္ရတာ၊ အိမ္ေခါင္မိုးေပၚမွာ ေၾကာင္ေသေနလို႔ သန႔္ရွင္းေရးလုပ္ရင္းေအာက္ကိုျပဳတ္က်တာကေန တစ္ရက္ေလာက္ေမ့သြားတာ၊ ျပန္သတိရလာေတာ့ အခုလိုျမင္ရေတာ့တာပဲ”

“ ဆရာေလးက အျခားဝိဉာဥ္ေတြကိုေရာျမင္ရတာလား”

“ မဟုတ္ဘူးဗ်… သူ႔တစ္ေယာက္ထဲကိုပဲျမင္ရတာ”

“ က်ဳပ္တို႔ျမင္တာကေတာ့ ဆရာေလးေနာက္ကို သူက တေကာက္ေကာက္လိုက္ေနသလိုပဲ”

“ ဟုတ္တယ္… သူက်ဳပ္ကို အကူအညီေတာင္းေနတာ”

“ ဘယ္လိုအကူအညီေတာင္းတာလဲ သိလို႔ရမလား၊ က်ဳပ္တို႔လဲကူညီႏိုင္ရင္ကူညီေပးလို႔ရတာေပါ့”

“ ဒီၿမိဳ႕မွာ လူသတ္ကုန္းတစ္ခုရွိတာ ၾကားဖူးမွာေပါ့”

“ မနက္က ဆရာေလးတို႔ေျပာေနတာၾကားလိုက္ ပါတယ္”

“ မၾကာခင္ အဲဒီလူသတ္ကုန္းမွာ လူစားလဲတဲ့ျဖစ္ရပ္တစ္ခုျဖစ္လိမ့္မယ္ေျပာတယ္”

“ ဒီကိစၥနဲ႔ဆရာေလးက ဘယ္လိုပတ္သတ္ေနလို႔ အကူညီေတာင္းရတာလဲ”

“ က်ဳပ္လဲမေျပာတတ္ဘူး၊ သူ႔ကိုျမင္ေနရလို႔ အကူအညီေတာင္းတာမ်ားလား”

“ ဒါနဲ႔ စကားမစပ္ နံရံမွာခ်ိတ္ထားတဲ့ ဓါတ္ပုံက ဘယ္သူမ်ားလဲ”

“ ေအာ္… သူက ဒီအိမ္ပိုင္ရွင္ေလ၊
ေနာက္ႏွစ္ရက္ေလာက္ဆို သူျပန္ေရာက္မယ္ထင္တယ္”

“ ဒီအိမ္ကဆရာေလးအိမ္မဟုတ္ဘူးလား”

“ မဟုတ္ပါဘူးဗ်ာ… သူနဲ႔ က်ဳပ္က တကၠသိုလ္တူတူတက္တုန္းက ခင္ခဲ့ၾကတာေလ၊
အခုဒီၿမိဳ႕မွာတာဝန္က်ေတာ့ သူ႔အိမ္မွာပဲေနဆိုၿပီး ေခၚထားတာ”

“ အခုျဖစ္ေနတဲ့ကိစၥေတြ သူ႔ကိုေျပာျပေသးလား”

“ သူက သရဲတေစၦေတြအယုံအၾကည္မရွိဘူး၊ ဒါေၾကာင့္မေျပာျပခဲ့တာ”

“ မယုံၾကည္တဲ့သူကိုေျပာရင္ ေလွာင္ေျပာင္တာပဲခံရမွာပဲ၊ ဒါနဲ႔ အဲဒီလူႀကီးက ဘယ္လိုအခ်ိန္ေတြလာတတ္လဲ”

“က်ဳပ္ျဖင့္ အိပ္လိုက္တာနဲ႔ အဲဒီလူႀကီးကေပၚလာၿပီ၊ မနက္ကဆို လက္ဖက္ရည္ဆိုင္အျပင္မွာရပ္ေနတာ၊ တစ္ခါတစ္ေလ စာသင္ေနရင္း ကေလးေတြၾကားထဲမွာ ဝင္ထိုင္ေနတာဗ်ာ၊ တစ္ရက္ႏွစ္ရက္မဟုတ္ဘူး ေန႔တိုင္းလိုလိုျဖစ္ေနေတာ့ လူလဲေနရတာအဆင္မေျပေတာ့ဘူး”

“ လူစားလဲခံရမွာနဲ႔သူနဲ႔က ဘယ္လိုပတ္သတ္ေနလို႔လဲ”

“ က်ဳပ္လဲေသခ်ာမသိဘူး… သူေျပာတာကေတာ့ အဲဒီကိစၥကိုက်ဳပ္ပဲတားႏိုင္မယ္တဲ့”

“ သူက ဘယ္လိုလုပ္ခိုင္းေသးလဲ”

“ လာမယ့္ လကြယ္ေန႔ညသန္းေခါင္အခ်ိန္ လူသတ္ကုန္းေပၚကို ဂ်ဳံနဲ႔လုပ္ထားတဲ့ လူ႐ုပ္ယူသြားခိုင္းတာ၊ အဲလိုမွမလုပ္ရင္ တစ္ၿမိဳ႕လုံး ဒုကၡေရာက္မယ္လို႔လဲေျပာတယ္”

“ ထူးေတာ့ထူးဆန္းေနၿပီ…ဆရာေလးအေနနဲ႔ မလုပ္ႏိုင္ဘူးလို႔ ေျပာလိုက္လား”

“ ေျပာတာေပါ့… ဒါေၾကာင့္ က်ဳပ္အေနာက္ကို တေကာက္ေကာက္လိုက္ၿပီးလုပ္ခိုင္းေနတာ”

“ ဆရာေလးကိုေရာ အျခားအႏၲရာယ္ျဖစ္ေစမယ့္ အျပဳအမူမ်ိဳးေတြလုပ္ေသးလား”

“ အဲဒီလိုေတာ့ မလုပ္‌ဘူး၊ ဒါေပမယ့္ စကားေျပာတာေတြက အရင္ကထက္ပိုမာလာသလိုခံစားရတယ္၊ အရင္ကဆို သနားခံတဲ့ေလသံနဲ႔ေျပာတာ၊ ဒီတစ္ရက္ႏွစ္ရက္ထဲမွာေတာ့ စိတ္မရွည္သလို ေျပာတာေတြေတာ့ရွိတယ္”

“ က်ဳပ္တို႔တိုင္ပင္ၿပီး ဘာဆက္လုပ္ရမယ္ဆိုတာ ေျပာေပးမယ္၊ အခုေလာေလာဆယ္ ဒီအေဆာင္ကို ဆရာေလးလည္ပင္းမွာဆြဲထားေပးပါလား”

ေအာင္ျမတ္သာက အင္းတစ္ခ်ပ္ကို က်ဳတ္ထဲထည့္ၿပီးကမ္းေပးလိုက္တယ္။

“ ဒါက ဘာမ်ားလဲ”

“ ဆရာေလးအတြက္ အႏၲရာယ္ကင္းေစမယ့္အေဆာင္ပါ၊ ဘာအေၾကာင္းေၾကာင့္နဲ႔မွ ဒီအေဆာင္ကိုမခြၽတ္ပါဘူးလို႔ကတိေပးႏိုင္မလား”

“ က်ဳပ္အတြက္ေစတနာနဲ႔လုပ္ေပးထားတာဆိုေတာ့ ကတိေပးပါတယ္”

“ က်ဳပ္တို႔မနက္ျဖန္ျပန္လာခဲ့ပါမယ္…ဒီည အိပ္ေရးဝဝအိပ္စက္ႏိုင္ပါေစဗ်ာ”

ေအာင္ျမတ္သာတို႔ ေက်ာင္းဆရာအိမ္ကေနထြက္လာၿပီးတာနဲ႔ ေစတီကိုမျပန္ေတာ့ပဲ ၿမိဳ႕အဝင္မွာရွိတဲ့ နတ္နန္းဆီကို ထြက္လာခဲ့လိုက္တယ္။
++++++

အုန္းပြဲငွက္ေပ်ာပြဲေတြနဲ႔ျပည့္ႏွက္ေနတဲ့ ၿမိဳ႕ဝင္ေပါက္နတ္နန္းထဲမွာေတာ့ မၾကာေသးခင္က ပူေဇာ္ထားတဲ့ ဖေယာင္းတိုင္အလင္းေရာင္က ထိန္ထိန္ညီးေနခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ နတ္နန္းေရွ႕ေရာက္ေတာ့ လူရိပ္လူေျခကိုၾကည့္ၿပီး ၿမိဳ႕ကိုေစာင့္ၾကပ္ေနတဲ့ပုဂၢိဳလ္အားဆင့္ေခၚလိုက္ရာ နံ႔သာနံ႔လိုေမႊးႀကိဳင္တဲ့ရနံ႔ေတြထြက္ေပၚလာခဲ့တယ္။

“ အေမႊးနံ႔ေပးတာ ၿမိဳ႕ေစာင့္အဖိုးလား”

‌” ဟုတ္ပါတယ္… ဆရာတို႔ဆင့္ေခၚတာ ဘာကိစၥမ်ားရွိလို႔ပါလဲ”

အေကာင္အထည္မျမင္ရပဲ အသံသာထြက္လာတာေၾကာင့္ ေအာင္ျမတ္သာက နတ္႐ုပ္ထုကိုစိုက္ၾကည့္လိုက္ၿပီး

“ ဒီၿမိဳ႕မွာလူသတ္ကုန္းဆိုတာရွိသလား”

“ ေရွးယခင္ကေတာ့ ေသဒဏ္က်အျပစ္သားေတြကို ကြပ္မ်က္တဲ့ေနရာတစ္ခုေတာ့ရွိခဲ့တယ္၊ ဒါကိုအစြဲျပဳၿပီးလူသတ္ကုန္းလို႔ေခၚၾကတာပါ”

“ လူသတ္ကုန္းပရ၀ဏ္ထဲမွာ လူစားလဲခံရတဲ့ျဖစ္ရပ္ေတြ အရင္ကျဖစ္ခဲ့ဖူးလားအဖိုး”

“ ႏွစ္သုံးဆယ္တစ္ခါ လူစားလဲတဲ့ျဖစ္ရပ္ေတြ ရွိခဲ့တယ္”

“ ဒါဆို အခုႏွစ္သုံးဆယ္ျပည့္ဖို႔ ဘယ္ေလာက္လိုေသးလဲအဖိုး”

“ လာမယ့္ လကြယ္ေန႔ဆိုရင္ ႏွစ္သုံးဆယ္ထပ္ျပည့္ျပန္ပီဆရာ၊ ဒါနဲ႔ဆရာတို႔က လူစားလဲတဲ့ကိစၥကို ဘာလို႔သိခ်င္ရတာလဲ”

“ ၿမိဳ႕ခံေတြေျပာေနတာၾကားလို႔ အဖိုးကိုေသခ်ာေအာင္လာေမးၾကည့္တာပါ”

“ ဆရာတို႔အေနနဲ႔ လူသတ္ကုန္းကိစၥကို ဝင္မစြက္ဖက္ေစခ်င္ဘူး၊ အႏၲရာယ္ျဖစ္မွာစိတ္ပူလို႔ေျပာတာပါ”

“ အခုလိုစိတ္ပူေပးတာ ေက်းဇူးတင္ပါတယ္အဖိုး၊ က်ဳပ္တို႔လဲသိသင့္သေလာက္သိရၿပီမို႔ သြားခြင့္ျပဳပါဦး”

“ အစစအရာရာအဆင္ေျပပါေစဆရာ”

ေအာင္ျမတ္သာတို႔လဲ နတ္နန္းကေနထြက္လာၿပီးတာနဲ႔ လူသတ္ကုန္းရွိတဲ့ဘက္ကိုဆက္ထြက္လာခဲ့လိုက္တယ္။

“ ဆရာ… လူသတ္ကုန္းေပၚကိုတက္မလို႔လား”

“ ဘာျဖစ္လို႔လဲ ေမာင္ေကာင္း”

“ ဘာမွမျဖစ္ပါဘူးဆရာ… ၿမိဳ႕ေစာင့္အဖိုးေျပာတဲ့ထဲမွာ လူသတ္ကုန္းကိုမသြားေစခ်င္တဲ့အရိပ္အေယာင္ကို သတိထားမိလို႔”

“ သူမသြားေစခ်င္တဲ့အေၾကာင္းရင္းက ဘာလဲဆိုတာ သိခ်င္ေနၿပီ”

ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာက မ်က္ခုံးႏွစ္ဖက္ကို ပင့္တင္လိုက္ၿပီး လူသတ္ကုန္းရွိရာ ေတာင္ကုန္းဘက္ကို ခပ္သုတ္သုတ္ေလ်ာက္သြားခဲ့လိုက္တယ္။

ဘိစပ္ၿခဳံေတြ၊ ဆူးၿခဳံေတြထူထပ္စြာေပါက္ေနတဲ့ လူသတ္ကုန္းတက္လာတဲ့အခ်ိန္ ညႇီစို႔စို႔ေသြးနံ႔က ႏွာေခါင္းထဲကို အတားအဆီးမဲ့စြာတိုးဝင္လာခဲ့တယ္။

“ ေသြးညႇီနံ႔က အခုထဲကရေနၿပီဆရာ”

“ ဒီေနရာက လူအသက္ေပါင္းမ်ားစြာကို ႏႈတ္ယူထားတာမို႔ အခုထိမကြၽတ္မလြတ္ေသးတဲ့ပုဂၢိဳလ္ေတြရွိေနဦးမွာ”

“ ဆရာ စကားေတာင္မဆုံးေသးဘူး… ဟိုမွာ…”

ခြန္းလွၫႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ရာ ပ်ဥ္းမပင္ေအာက္မွာ ခါးေထာက္ၿပီး မတ္တပ္ရပ္ေနတဲ့ အရိပ္တစ္ခုကိုျမင္လိုက္ရတယ္။

“ ကြၽန္ေတာ္တို႔ေရာက္လာတာကို မႀကိဳက္လို႔မ်ားလား”

“ ငါတို႔က သူတို႔ကိုရန္ျပဳဖို႔လာတာမွမဟုတ္တာ”

“ ရန္ျပဳဖို႔လာတာမဟုတ္မွန္းသူတို႔မသိၾကဘူး ထင္တယ္၊ ခုနကတစ္ေယာက္ပဲရွိတာ အခု ေလးေယာက္ေတာင္ျဖစ္သြားၿပီ၊ဟူး ၿမိဳ႕ခံေတြေျပာတဲ့ စကားက တကယ္မွန္တာပဲဗ်”

ခြန္းလွစကားသံအဆုံးမွာပဲ ငွက္ဖ်ားတက္သလို ညီးသံေတြ ေလးဘက္ေလးတန္းကေန ထြက္ေပၚလာခဲ့သလို ရိပ္ခနဲ ရိပ္ခနဲ ျဖတ္ေျပးသြားတဲ့လူရိပ္အခ်ိဳ႕ကိုလဲျမင္ေတြ႕လိုက္ရတယ္။

“ ညႀကီးအခ်ိန္မေတာ္ သာမန္လူသာဒီေနရာကိုလာရင္ေတာ့ မေတြးရဲစရာပဲ”

“ ဟုတ္တယ္ေနာ္… ဒီေလာက္ေျခာက္လွန႔္ေနတဲ့ေနရာကို ဆရာေလးတစ္ေယာက္ထဲလာခိုင္းတာ အျခားအေၾကာင္းမ်ားရွိေနမလား”

“ ခြန္းလွေျပာတာစဥ္းစားစရာပဲ… မဟုတ္မွလြဲေရာ”

‌ေအာင္ျမတ္သာက တစ္ခုခုကိုစဥ္းစားမိဟန္နဲ႔ ေျခလွမ္းေတြကိုရပ္လိုက္ၿပီး

“ ငါတို႔ျပန္ၾကရေအာင္” လို႔ေျပာကာ လူသတ္ကုန္းကေန ေစတီရွိတဲ့ေနရာကိုျပန္ဆင္းလာခဲ့လိုက္တယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ႐ုတ္တရက္ ခ်က္ခ်င္းလွည့္ျပန္လာတဲ့ဆရာျဖစ္သူကိုၾကည့္ၿပီး နားမလည္တဲ့ဟန္နဲ႔အေနာက္ကေန ခပ္သုတ္သုတ္လိုက္သြားခဲ့ၾကတယ္။

ေစတီျပန္ေရာက္ေတာ့ ေအာင္ျမတ္သာက စကားတစ္ခြန္းမွမေျပာေတာ့ပဲ စေနေထာင့္မွာ တရားထိုင္ပါေလေရာ။

တစ္နာရီေလာက္ၾကာေတာ့ ေမာင္ေကာင္းတို႔အနားကိုျပန္ေရာက္လာၿပီး

“ လူသတ္ကုန္းကိစၥက ငါတို႔ထင္ထားတာထက္ ပိုရႈပ္ေနၿပီ”

“ ဘာျဖစ္လို႔လဲဆရာ”

“ ခုနကတရားထိုင္ေတာ့ ျမင္ရတဲ့ေသနမိတ္က ေက်ာင္းဆရာဆီကိုဦးတည္ေနတယ္”

“ သူ႔ရဲ႕ကံကိုကအဲလိုျဖစ္ေနတာမ်ားလား၊ ဒါေပမယ့္ ကြၽန္ေတာ္အိမ္မက္ထဲမွာျမင္ရတာက ဓါတ္ပုံထဲကလူ‌ဆိုတာေသခ်ာတယ္”

“ ဓါတ္ပုံထဲကလူကေရာ ဒီလူသတ္ကုန္းနဲ႔ ဘယ္လိုပတ္သတ္ေနလဲဆိုတာ သိရဖို႔လိုတယ္”

“ အဲဒီလူက မနက္ျဖန္ျပန္ေရာက္မယ္လို႔ ဆရာေလးေျပာခဲ့တယ္မဟုတ္လား၊ ကြၽန္ေတာ္တို႔မနက္ျဖန္ညေန သူ႔အိမ္တစ္ေခါက္ထပ္သြားၾကတာေပါ့”

“ ေမာင္ေကာင္းေျပာသလိုပဲလုပ္ၾကတာေပါ့၊ ကဲ လုပ္စရာရွိတာလုပ္ၾကဦး”

ေအာင္ျမတ္သာက ေမာင္ေကာင္းနဲ႔ခြန္းလွကိုေျပာၿပီး ေစတီေတာ္ကိုတစ္ပတ္ပတ္ကာ စၾကၤန္ေလ်ာက္ေနခဲ့လိုက္တယ္။

ညတစ္ခ်က္တီးအခ်ိန္ေရာက္ေတာ့ တံခြန္တိုင္ေဘးကေန ညစ္ပတ္စုတ္ျပတ္ေနတဲ့ အဝတ္ကိုဝတ္ဆင္ထားတဲ့ လူႀကီးတစ္ေယာက္ထြက္လာၿပီး ေအာင္ျမတ္သာကို ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနတာျမင္လိုက္ရတယ္။

“ လူေလး…”

“ အဘစိန္ပါလား… ဘယ္လိုေၾကာင့္ ဒီကိုေရာက္လာတာလဲ”

“ လူေလးဆီကိုတမင္လာတာ… ဆရာေတာ္ဘုရားမိန႔္တာသိၿပီးၿပီလား”

“ ဘာမ်ားမိန႔္ထားလို႔လဲအဘ”

“ ဒီလာမယ့္ လကြယ္ေန႔ ညသန္းေခါင္မွာ ဂိုဏ္းစုံညီေတြ႕ဆုံပြဲရွိတယ္၊ အဲဒါလူေလးကို လာဖို႔ေျပာခိုင္းလိုက္လို႔”

“ ေတြ႕ဆုံပြဲက ဘယ္မွာလုပ္မွာလဲအဘ”

“ ဆရာေတာ္ဘုရား ေက်ာင္းသခၤန္းေဘးက အင္ၾကင္းပင္ေအာက္မွာလုပ္မယ္ေျပာတယ္၊ အဲဒီညက ငါတို႔ဂိုဏ္းရဲ႕ ထင္ေပၚေက်ာ္ၾကား တဲ့သူေတြျပန္လည္ဆုံေတြ႕ရမယ့္ပြဲပဲ၊ ဒီလိုပြဲမ်ိဳးက ႏွစ္တစ္ရာေနလို႔ တစ္ခါလုပ္ျဖစ္တာမဟုတ္ဘူး၊ လူေလး ေသခ်ာေပါက္တက္ႏိုင္ေအာင္ ႀကိဳးစားပါ”

“ ဟုတ္ကဲ့အဘ… က်ဳပ္တက္ႏိုင္ေအာင္ႀကိဳးစားပါ့မယ္”

“ ေကာင္းေလစြ ေကာင္းေလစြ၊ ကဲကဲ အဘမသြားခင္ ေျပာခ်င္တာက မွန္ေနတဲ့အရာအခ်ိဳ႕က တစ္ခါတစ္ေလမွားတတ္တယ္”

အဘစိန္က မေလ်ာ္ပဲထားတားတဲ့ဆံပင္အုံကို တဗ်စ္ဗ်စ္ကုတ္ရင္း တံခြန္တိုင္ေဘးက အေမွာင္ထုထဲကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။
+++++++

“ ခ်လြင္ ခ်လြင္ ခ်လြင္”

ေနရွိန္ႏုႏုေလးက်ဆင္းေနတဲ့ နံနက္ခင္းအခ်ိန္မွာေတာ့ ေစတီရင္ျပင္တစ္ခုလုံး ဆည္းလည္းသံေတြနဲ႔ သာယာေနခဲ့တယ္။ အဲဒီအခ်ိန္ အေနာက္ဘက္မုခ္ကေန လူတစ္ေယာက္ ခပ္သုတ္သုတ္လမ္းေလ်ာက္လာေနတာကို လွမ္းျမင္လိုက္ရတယ္။

“ ဆရာ… ဟိုမွာ ေက်ာင္းဆရာမဟုတ္လား”

ခြန္းလွအသံေၾကာင့္ အင္းဆြဲတဲ့ခဲတံကို ခြၽန္ေနတဲ့ေအာင္ျမတ္သာက အေနာက္ကိုလွည့္ၾကည့္လိုက္ၿပီး ခဲတံကိုလြယ္အိတ္ထဲျပန္ထည့္ထားလိုက္တယ္။

“ ဆရာေလး မနက္ေစာေစာ ဘယ္လိုေရာက္ခ်လာတာလဲ”

“ ခင္ဗ်ားတို႔ဆီကိုပဲလာတာ… ညကကိစၥေလးေျပာျပခ်င္လို႔”

“ ဘာကိစၥမ်ားလဲေျပာပါဦး”

“ မေန႔ညေနက ခင္ဗ်ားတို႔ေပးသြားတဲ့ အေဆာင္ကို က်ဳပ္လည္ပင္းမွာဆြဲၿပီးအိပ္လိုက္တာ၊ တစ္ေရးႏိုးေတာ့ က်ဳပ္လဲအေပါ့သြားခ်င္တာနဲ႔ အိမ္အေနာက္ဘက္ကိုဆင္းလာတဲ့အခ်ိန္ အေနာက္ဘက္ၿခံစည္း႐ိုးအျပင္မွာ လူသုံးေယာက္ မတ္တပ္ရပ္ၿပီးက်ဳပ္ကို စိုက္ၾကည့္ေနတာဗ်၊ သူတို႔ထဲက တစ္ေယာက္က က်ဳပ္လည္ပင္းမွာဆြဲထားတဲ့အေဆာင္ကို လက္ညိဳးထိုးၿပီး လႊင့္ပစ္ခိုင္းတာ၊ က်ဳပ္ျဖင့္ ေၾကာက္လိုက္တာဗ်ာ၊ အဲဒီလူေတြက သာမန္လူေတြထက္ႏွစ္ဆေလာက္ႀကီးၿပီး တစ္ကိုယ္လုံးအေမႊးအမွ်င္ေတြနဲ႔ မသိရင္ လူဝံ‌ေတြလိုပဲ”

“ ေနာက္ေတာ့ ဘာဆက္ျဖစ္ေသးလဲ”

“ က်ဳပ္လဲ အိမ္ေပၚျပန္တက္ေျပးတာေပါ့၊ သူတို႔ကလဲ က်ဳပ္အိမ္ေပၚတက္တာျမင္ေတာ့ ၿခံထဲကိုဝင္ဖို႔လုပ္ေသးတယ္၊ ဒါေပမယ့္ အထဲကိုဝင္မရပဲ အေနာက္ကိုလန္လန္က်တာဗ်၊ က်ဳပ္ျဖင့္ ခင္ဗ်ားတို႔ေပးထားတဲ့အေဆာင္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး အခန္းထဲထိုင္ေနရတယ္”

“ ညကျမင္ရတဲ့သူေတြကို အရင္ကျမင္ဖူးလား”

“ မျမင္ဖူးဖူးဗ်… ညကမွပထမဆုံးျမင္ရတာ၊ က်ဳပ္ဘာလုပ္ရမလဲ ေျပာပါဦး”

“ ခင္ဗ်ားသူငယ္ခ်င္းေရာ ဒီေန႔ျပန္လာမွာတဲ့လား”

“ အိမ္ေဘးနားက ကားဆရာေျပာတာကေတာ့ လကြယ္ေန႔ၿပီးမွျပန္ေရာက္မယ္တဲ့၊ ႐ြာက သူ႔အမ်ိဳးေတြမေပးျပန္ေသးဘူးလို႔ေျပာတာပဲ”

“ သူအိမ္ကေန ထြက္သြားတာ ဘယ္ေလာက္ၾကာၿပီလဲ”

“ မွတ္မွတ္ရရ က်ဳပ္ေခါင္မိုးေပၚက ျပဳတ္က်ၿပီး သတိျပန္ရတဲ့ေန႔၊ အဲ မဟုတ္ဘူး ‌ေနာက္တစ္ေန႔ .. ဟုတ္တယ္ ေနာက္တစ္ေန႔မွာ သူ႐ြာဆင္းသြားတာပဲ၊ ႏွစ္လနီးပါးရွိၿပီထင္တယ္”

“ ဒါဆို ဆရာေလးအေနာက္ကေန လိုက္ေနတဲ့ ဝိဉာဥ္ကိုစျမင္ေတာ့ သူမရွိေတာ့ဘူးေပါ့”

“ သူတစ္ရက္ရွိေသးတယ္၊ အဲဒီေနာက္ရက္ေတြပဲမရွိေတာ့တာ၊ ဘာျဖစ္လို႔ အဲဒီအေၾကာင္းေတြေမးေနတာလဲ”

“ ဘာကိစၥမွေတာ့မရွိပါဘူး… ဒီတိုင္းသိခ်င္လို႔ေမးၾကည့္တာပါ၊ ဒါနဲ႔ ဆရာေလးတစ္ေယာက္ထဲေနရတာအဆင္ေရာေျပရဲ႕လား”

“ အမွန္တိုင္းေျပာရရင္ မေျပဘူးေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ ညဘက္ေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္မအိပ္ရတာ အေတာ္ၾကာၿပီ”

“ အရမ္းႀကီးစိတ္ထဲမထားပါနဲ႔၊ က်ဳပ္ေပးထားတဲ့ အေဆာင္ကိုသာ ကိုယ္နဲ႔မကြာေဆာင္ထား”

“ စိတ္ခ်ပါ၊ က်ဳပ္ေသခ်ာေဆာင္ထားပါတယ္၊ ဒါျဖင့္ က်ဳပ္ကိုခြင့္ျပဳဦး”

“ ေကာင္းပါၿပီဗ်ာ”

ေက်ာင္းဆရာထြက္သြားေတာ့ ေအာင္ျမတ္သာက

“ ေက်ာင္းဆရာမွာ အသက္အႏၲရာယ္ရွိေနၿပီ”

“ ဆရာ ဘယ္လိုျမင္ရလို႔လဲ”

“ ငါ့ထင္တာမမွားဘူးဆိုရင္ အိမ္ပိုင္ရွင္က သူ႔ေနရာမွာ ေက်ာင္းဆရာကို အစားထိုးဝင္ခိုင္းထားတာပဲ၊ ‌ဒါေၾကာင့္ ေမာင္ေကာင္းျမင္တဲ့လူနဲ႔ ငါျမင္တဲ့သူ ဘာေၾကာင့္မတူတာလဲစဥ္းစားေနတာ”

“ ဆရာေျပာခ်င္တာက လူစားလဲခံရမယ့္သူအစစ္အမွန္က အိမ္ပိုင္ရွင္ေပါ့”

“ ဟုတ္တယ္… ဒါကို အိမ္ပိုင္ရွင္ကအစထဲကသိေနလိမ့္မယ္၊ ဒါေၾကာင့္ သူ႔ေနရာမွာအစားထိုးဖို႔ လူတစ္ေယာက္ေသခ်ာေပါက္ရွာရမွာပဲ၊ အဲလိုရွာမယ္ဆိုရင္ ေမြးေန႔၊ ေမြးလ၊ ေမြးႏွစ္တူတဲ့သူကိုပဲရွာရမွာ၊ ေက်ာင္းဆရာေျပာတဲ့ထဲ အိမ္ပိုင္ရွင္နဲ႔သူက တကၠသိုလ္တက္ထဲက ရင္းႏွီးခဲ့တာလို႔ေျပာတာ မွတ္မိလား”

“ မွတ္မိတယ္ဆရာ”

“ ေမာင္ေကာင္း အခုခ်က္ခ်င္းေက်ာင္းဆရာဆီကိုလိုက္သြား၊ သူ႔ရဲ႕ေမြးသကၠရာဇ္နဲ႔ အိမ္ပိုင္ရွင္ရဲ႕ေမြးသကၠရာဇ္ကိုေမးလာခဲ့”

ေမာင္ေကာင္းလဲ ခ်က္ခ်င္းပဲ ေစတီေပၚကေနဆင္းသြားခဲ့လိုက္တယ္။ ခဏၾကာေတာ့ အံ့ဩတဲ့မ်က္ႏွာနဲ႔ျပန္ေရာက္လာၿပီး

“ ဆရာ… ဆရာေျပာတဲ့အတိုင္းပဲ… ေက်ာင္းဆရာနဲ႔ အိမ္ပိုင္ရွင္က တစ္ရက္ထဲေမြးတာ”

“ ဒါဆိုေသခ်ာၿပီ… မနက္ျဖန္ လကြယ္ေန႔ဟုတ္လား”

“ ဟုတ္တယ္ဆရာ”

“ ဒါ‌ဆို သူတို႔မွာ ဒီေန႔တစ္ရက္ပဲအခ်ိန္ရွိေတာ့တယ္၊ ေက်ာင္းဆရာအခုဘယ္မွာလဲ”

“ ေက်ာင္းဘက္ကိုထြက္သြားတယ္ဆရာ”

ေအာင္ျမတ္သာတို႔လဲ ခ်က္ခ်င္းပဲ စာသင္ေက်ာင္းရွိတဲ့ဘက္ကို လိုက္သြားကာ ေက်ာင္းအျပင္ဘက္အရိပ္ရတဲ့သစ္ပင္ေအာက္မွာ ထိုင္ကာအေျခအေနကိုေစာင့္ၾကည့္ေနခဲ့ၾကတယ္။ ေန႔လည္မြန္းတည့္ခ်ိန္ေရာက္ေတာ့ ေက်ာင္းလာႀကိဳတဲ့ကေလးမိဘေတြၾကားထဲမွာ ရပ္ေနတဲ့ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေမာင္ေကာင္း ခ်ည္မန္းႀကိဳးအသင့္ကိုင္ထား”

“ ဘာျဖစ္လို႔လဲဆရာ”

“ ဟိုဝိဥာဥ္ေက်ာင္းေပါက္ဝကိုေရာက္ေနၿပီ”

“ ဟင္… ဟုတ္တယ္ဗ်… ဒီေကာင္ ဘာလာလုပ္ျပန္ပီလဲမသိဘူး”

ေမာင္ေကာင္းစကားမဆုံးခင္မွာပဲ ရပ္ေနတဲ့ဝိဉာဥ္က မိန္းမတစ္ေယာက္ကိုယ္ထဲကိုပူးကပ္လိုက္ပါေလ ေရာ။

“ ဆရာ… ဟိုေကာင္ ဝင္ပူးေနၿပီ၊ ဘာလုပ္ရမလဲ”

“ ဒီတိုင္းပဲၾကည့္ေန…”

ေအာင္ျမတ္သာတို႔လဲ ေက်ာင္းအျပင္ဘက္ကေန ေစာင့္ၾကည့္ေနတဲ့အခ်ိန္ ဝင္ပူးခံရတဲ့မိန္းမက ေက်ာင္းအျပင္ကိုထြက္လာတဲ့ ဆရာေလးအနားကိုသြားၿပီး လည္ပင္းမွာဆြဲထားတဲ့ အေဆာင္ကိုျဖဳတ္ဖို႔ႀကိဳးစားတာျမင္လိုက္ရတယ္။ ဒါေပမယ့္ အနားေရာက္တာနဲ႔ အေဆာင္မွာပါတဲ့ အစီအရင္ေတြေၾကာင့္ ထိကိုင္လို႔မရပဲ ဝင္ပူးခံရတဲ့သူပါ သတိလစ္လဲက်သြားခဲ့တယ္။

“ ဆရာ … ဟိုေကာင္ ထြက္ေျပးၿပီ”

“ လက္စသတ္ေတာ့ ဒင္းက အိမ္ပိုင္ရွင္နဲ႔တစ္က်ိတ္ထဲတစ္ဉာဏ္ထဲျဖစ္ေနတာကိုး”

“ သူက အိမ္ပိုင္ရွင္နဲ႔ ဘယ္လိုပတ္သတ္ေနလဲဆိုတာ စိတ္ဝင္စားစရာပဲ”

ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက ေက်ာင္းအဝင္ဝမွာ လဲက်ေနတဲ့သူကို တြဲထူေနတဲ့ေက်ာင္းဆရာကို လွမ္းၾကည့္ရင္း

“ ဒီညတစ္ည ငါတို႔သတိလြတ္လို႔မရဘူး”လို႔ခပ္တိုးတိုး ညဥ္းတြားေရ႐ြတ္လိုက္ေတာ့တယ္။
+++++++

ညကားတစ္ေျဖးေျဖးနက္လာတာနဲ႔အမွ် အေမွာင္ထုက ပိုမိုႀကီးစိုးလာခဲ့တယ္။ လမ္းတစ္ေလ်ာက္မွာလဲ သက္ရွိဆိုလို႔ ေခြးတစ္ေကာင္ေတာင္မျမင္ရပဲတိတ္ဆိတ္ၿငိမ္သက္ေနတဲ့အခ်ိန္ အိမ္တစ္အိမ္‌ေရွ႕က သစ္ပင္ေအာက္မွာေတာ့ ေအာင္ျမတ္သာတို႔ ဆရာတပည့္သုံးေယာက္ ၿငိမ္သက္စြာ ရပ္ေစာင့္ေနခဲ့ၾကတယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွကေတာ့ ခႏၶာကိုယ္မွာ ကိုက္ေနတဲ့ျခင္ေတြကို ေျခာက္လွန႔္ေမာင္းထုတ္ၿပီး အိမ္ပတ္ဝန္းက်င္ကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနခဲ့ေပမယ့္ ထူးျခားမႈဆိုလို႔ဘာမွမေတြ႕ရခဲ့ေပ။

“ ဆရာ… ညသန္းေခါင္အခ်ိန္ေရာက္ေနၿပီ၊ ဘာမွလဲမထူးျခားပါလား”

ေအာင္ျမတ္သာကေတာ့ ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ အိမ္ကိုၾကည့္လိုက္လုပ္ေနရင္း

“ ေတြ႕ဆုံပြဲေနာက္က်ေတာ့မယ္ထင္တယ္” လို႔ခပ္တိုးတိုးေရ႐ြတ္လိုက္တယ္။

ညႏွစ္ခ်က္တီးခ်ိန္အေရာက္မွာေတာ့ ေက်ာင္းဆရာအိပ္တဲ့အခန္းကေန ဖေယာင္းတိုင္မီးအလင္းေရာင္ထြက္ေပၚလာၿပီး ၿခံထဲကိုဆင္းလာတဲ့ လူရိပ္တစ္ခုကိုျမင္လိုက္ရတယ္။

“ အခုခ်ိန္ထိ ဘာမွမျဖစ္တဲ့ပုံအရ ေက်ာင္းဆရာေတာ့ အႏၲရာယ္ထဲက လြတ္ၿပီထင္တယ္ဆရာ”

“ အခုမွပဲသက္ျပင္းခ်ႏိုင္ေတာ့တယ္ဆရာရယ္”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ စကားေၾကာင့္ ေအာင္ျမတ္သာကမီးအလင္းေရာင္ထြက္ေနတဲ့ အခန္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေစတီရွိရာဘက္ကိုျပန္ထြက္လာခဲ့လိုက္တယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ ေစတီေပၚကိုေရာက္‌တာနဲ႔
တစ္ညလုံးမတ္တပ္ရပ္ထားရလို႔ ေညာင္းညာေနတဲ့ေက်ာျပင္ကို လွဲခ်လိုက္ရာ တစ္ခဏအတြင္း အိပ္ေပ်ာ္သြားခဲ့တယ္။
+++++

“ အာ… အာ… အာ…”

ေခါင္းရင္းကေန အဆက္မျပတ္ေအာ္ေနတဲ့ က်ီးအာသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ ႏႈိးလာၿပီးထၾကည့္လိုက္ရာ
ေသာက္ေရခြက္နဲ႔ဖိထားတဲ့စာတစ္ေစာင္ကိုသာ ျမင္လိုက္ရၿပီး ဆရာျဖစ္သူရဲ႕အရိပ္အေယာင္ကိုမေတြ႕ရေတာ့ေပ။

ေမာင္ေကာင္းလဲ ေရခြက္နဲ႔ဖိထားတဲ့ စာ႐ြက္ကိုဖြင့္ဖတ္လိုက္ရာ

“ ဂိုဏ္းစုံညီေတြ႕ဆုံပြဲၿပီးရင္ သင္တို႔ရွိတဲ့ေနရာကို အေရာက္လာခဲ့မယ္” ဆိုတဲ့စာကိုျမင္လိုက္ရတယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ ဆရာျဖစ္သူမရွိေတာ့တဲ့အတြက္ စိတ္ပ်က္လက္ပ်က္နဲ႔ေစတီေပၚကဆင္းလာတဲ့အခ်ိန္

“ မနက္က လူသတ္ကုန္းမွာ အေလာင္းတစ္ခုေတြ႕တယ္” ဆိုတဲ့စကားကို ၾကားလိုက္ရတယ္။

“ ဘယ္လို ဘယ္လို … လူသတ္ကုန္းမွာ အေလာင္းေတြ႕တယ္ ဟုတ္လား၊ ဘယ္သူ႔အေလာင္းေတြ႕တာလဲ”

ေမာင္ေကာင္းရဲ႕ ျပာျပာသလဲလဲေမးတဲ့အသံေၾကာင့္ ဆိုက္ကားဂိတ္မွာရွိေနတဲ့သူေတြက စိတ္မေကာင္းတဲ့ဟန္နဲ႔

“ ဆရာေလးေက်ာ္ႏိုင္ကိုေတြ႕တာဗ်”

“ ဟမ္… ဆရာေလးေက်ာ္ႏိုင္ ဟုတ္လား… ၿမိဳ႕အဝင္စာသင္ေက်ာင္းမွာစာသင္တဲ့ ေက်ာင္းဆရာမဟုတ္လား”

“ ဟုတ္တယ္ေလ၊ ဆရာေလးကိုသိလို႔လား”

“ တစ္ခုခုေတာ့လြဲေနၿပီထင္တယ္… ေက်ာင္းဆရာနာမည္က ေက်ာ္ဘုန္းစံမဟုတ္လား”

“ ေက်ာ္ဘုန္းစံဆိုတာက ဆရာေလးေက်ာ္ႏိုင္မရွိတုန္း အစားထိုးဝင္သင္ေပးတဲ့ဆရာေလ၊ ခင္ဗ်ားတို႔ လူမွားေနၿပီထင္တယ္”

“ ဘယ္လို ဘယ္လို ေသခ်ာရွင္းျပေပးလို႔ရလားဗ်”

“ ေက်ာ္ဘုန္းစံဆိုတာ ေသသြားတဲ့ ဆရာေလးေက်ာ္ႏိုင္ရဲ႕ သူငယ္ခ်င္း၊ ဆရာေလး ေက်ာ္ႏိုင္ လြန္ခဲ့တဲ့ႏွစ္လေလာက္က ေနမေကာင္းျဖစ္လို႔ သူ႔မိဘေတြရွိတဲ့႐ြာျပန္သြားတာမို႔ ေက်ာ္ဘုန္းစံက သူ႔သူငယ္ခ်င္းေနရာအစားဝင္ၿပီးစာသင္ေပးေနတာ၊ အခုသူတို႔ေနတဲ့အိမ္ကလဲ ေက်ာ္ဘုန္းစံမိဘေတြ ထားခဲ့တဲ့အိမ္ေလ”

“ ဒါဆို ဒီအိမ္က ေက်ာ္ဘုန္းစံပိုင္တဲ့အိမ္ေပါ့”

“ ဟုတ္တယ္…အဲဒီအိမ္မွာ သူ႔အေဖ ဦးစံျမအရင္က ေဗဒင္ေဟာခန္းဖြင့္သြားေသးတယ္ေလ၊ ဦးစံျမေဟာလိုက္ရင္ မယုံတဲ့သူေတာင္ ေငြေတြအထပ္လိုက္ပူေဇာ္သြားရမယ္”

“ ေအာ္.. အဲလိုဆိုရင္အခုေသသြားတဲ့သူက ေက်ာ္ဘုန္းစံရဲ႕ သူငယ္ခ်င္းေပါ့”

“ ဟုတ္တယ္… ဆရာေလးေက်ာ္ႏိုင္က ေနမေကာင္းလို႔သူ႔႐ြာသူျပန္သြားတယ္ပဲသိထားတာ၊ အခုမွ ဘယ္လိုျဖစ္ၿပီး သတ္ေသသြားလဲမေျပာတတ္ေတာ့ဘူး”

ဆိုက္ကားသမားေတြစကားေၾကာင့္ေမာင္ေကာင္းေရာ ခြန္းလွပါ ေခါင္းမီးေတာက္သြားခဲ့တယ္။

“ အခုအေလာင္းဘယ္မွာလဲ သိလား”

“ ခုနေလးကတင္ ေဆး႐ုံကိုယူသြားၾကၿပီ”

ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ခ်က္ခ်င္းေဆး႐ုံကိုေျပးကာ အေလာင္းကိုၾကည့္လိုက္ေတာ့

“ ဟာ… သြားၿပီ… သြားၿပီ.. ဒါ ဒါက ေက်ာ္ဘုန္းစံမဟုတ္ဘူးကြ… ဒီအေလာင္းက ငါ ငါအိမ္မက္ထဲမွာျမင္တဲ့သူ၊ တစ္ခုခုေတာ့မွားေနၿပီ… ငါတို႔သိထားတာ မွားေနၿပီ” လို႔ေရ႐ြတ္ရင္း ေဆး႐ုံအျပင္ကိုလွမ္းၾကည့္လိုက္ရာ အသားျဖဴဖတ္ျဖဴေလ်ာ္နဲ႔လူတစ္ေယာက္ ၿပဳံးၿဖီးၿဖီးနဲ႔ရပ္ေနတာျမင္လိုက္ရတယ္။

“ ေခြးမသား… ဒင္းတို႔လက္ခ်က္ပဲျဖစ္ရမယ္”

ေမာင္ေကာင္းက ခ်က္ခ်င္းေဆး႐ုံအျပင္ကို ထြက္ၾကည့္လိုက္ေပမယ့္ ရပ္ေနတဲ့ေကာင္ကိုမေတြ႕ရေတာ့ေပ။

ခဏေနေတာ့ ခြန္းလွတစ္ေယာက္ ေဆး႐ုံအျပင္ကိုထြက္လာၿပီး

“ ႀကိဳးဆြဲခ်ၿပီးကိုယ့္ကိုယ္ကိုသတ္ေသတာလို႔ ေျပာေနၾကတယ္အစ္ကို”

“ ခြန္းလွ ငါတို႔ ေက်ာင္းဆရာအိမ္ကိုသြားမယ္”

ေမာင္ေကာင္းရဲ႕ေျခလွမ္းက်ဲေတြက ေက်ာင္းဆရာေနအိမ္ကိုဦးတည္ခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့ အိမ္ေရာၿခံကိုပါေသာ့ခတ္ထားတာကိုျမင္လိုက္ရတယ္။

“ ေမာင္ရင္တို႔ ေမာင္ရင္တို႔”

အသံၾကားလို႔လွည့္ၾကည့္လိုက္ရာ ခပ္ႏြမ္းႏြမ္းအဝတ္ကိုဝတ္ဆင္ထားၿပီး ဖာေထးရာေတြပါတဲ့လက္ဆြဲအိတ္တစ္လုံးကိုင္ထားတဲ့လူႀကီးတစ္ေယာက္။

“ ေက်ာင္းဆရာေက်ာ္ႏိုင္ ဘယ္နားမွာေနလဲသိလားဟင္”

ေမာင္ေကာင္းနဲ႔ခြန္းလွလဲ လက္ဆြဲအိတ္ကိုင္ထားတဲ့ လူႀကီးစကားေၾကာင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၿပီး

“ ဦးေလးက ဆရာေလးနဲ႔ဘာေတာ္တာလဲဗ်”

“ ဦးေလးက သူ႔အေဖပါ… သားေလးက ဒီၿမိဳ႕မွာ တာဝန္က်ေနတာေလ၊ သူေျပာတာကေတာ့ ဟင္း႐ြက္ေဈးနားကသူငယ္ခ်င္းတစ္ေယာက္အိမ္မွာေနတယ္တဲ့၊ အဲဒါ ေမာင္ရင္တို႔သိမလားလို႔ ေမးၾကည့္တာပါ”

“ ကြၽန္ ကြၽန္ေတာ္တို႔က ဒီၿမိဳ႕ခံမဟုတ္လို႔ ဦးေလးေျပာတဲ့အိမ္ကိုမသိပါဘူး”

ေမာင္ေကာင္းက စို႔တက္လာတဲ့မ်က္ရည္ကို လက္ခုံနဲ႔မသိမသာပြတ္လိုက္ၿပီး အိမ္ေရွ႕ကေန ထြက္လာခဲ့လိုက္တယ္။
+++++

ပုဇင္းရင္ကြဲေကာင္ေတြရဲ႕ ေအာ္ျမည္သံ၊ ေခြးေလေခြးလြင့္တို႔ရဲ႕ အူသံေတြက လူသတ္ကုန္းကိုပိုၿပီးအက်ဥ္းတန္ေစခဲ့တယ္။ သာမန္လူေတြ ေယာင္လို႔ေတာင္အနားမကပ္ရဲတဲ့ လူသတ္ကုန္းအလယ္မွာေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔တင္ပလႅင္ေခြထိုင္ေနခဲ့တယ္။ သူတို႔ရဲ႕အေရွ႕မွာေတာ့ အင္းဖေယာင္းတိုင္ထြန္းထားတဲ့
သိမ္ဝင္သပိတ္ကြဲအင္း ႏွစ္ခ်ပ္။

ေမာင္ေကာင္းက သိမ္ဝင္သပိတ္ကြဲအင္းကို အသက္သြင္းၿပီးတာနဲ႔ စိုစြတ္ေနတဲ့ေျမႀကီးကိုလက္ဝါးနဲ႔႐ိုက္ကာ

“ ဒီလူသတ္ကုန္းမွာ အာဏာအရွိဆုံးေကာင္ အခုခ်က္ခ်င္းငါ့ေရွ႕လာစမ္း… မလာခဲ့သည္ရွိေသာ္ တစ္ကိုယ္လုံး ငရဲမီးနဲ႔ဟက္ခံထိသလို ပူေလာင္ေစသား” လို႔အမိန႔္ျပန္လိုက္ရာ ေဘးပတ္ဝန္းက်င္မွာရွိတဲ့ ၿခဳံပုတ္ေတြၾကားထဲမွာ ေၾကာက္လန႔္တၾကားထြက္ေျပးေနၾကတဲ့ေျခသံေတြထြက္ေပၚလာခဲ့တယ္။

“ ဘယ္မွာလဲ… အခုထိမေရာက္လာေသးဘူးလား”

ေလသံခပ္ၾကမ္းၾကမ္းနဲ႔မာန္လိုက္ေတာ့မွ ဆံပင္ဖားလ်ားခ်ထားၿပီး တစ္ကိုယ္လုံးနီရဲေနတဲ့ နာနာဘာဝတစ္ေကာင္ ေပၚလာခဲ့တယ္။

“ နင္က ဘယ္သူလဲ”

“ ငါက လူသတ္ကုန္းကိုေစာင့္တဲ့ ပါးကြပ္သားမဲႀကီး”

“ ေအး… နင္တို႔လူစားလဲလို႔ ေသသြားရတဲ့ တနလၤာသားေက်ာ္ႏိုင္ဆိုတဲ့သူရဲ႕ဝိဉာဥ္ကို ငါ့ဆီေခၚလာေပး”

“ သူ႔ကို အေရွ႕ဘက္မွာ တာဝန္ေပးထားတယ္… ေခၚလို႔မရဘူး”

“ ရတယ္ေလ… နင္ကမေခၚေပးမွေတာ့ ငါလဲ ေခၚေပးေအာင္လုပ္ရမွာေပါ့”

ေမာင္ေကာင္းက သိမ္ဝင္သပိတ္ကြဲအင္းေပၚမွာ ထြန္းထားတဲ့အင္းဖေယာင္းတိုင္ကို ေျမႀကီးေပၚေဇာက္ထိုးခ်လိုက္ရာ ပါးကြပ္သားမဲႀကီးေခါင္းေပၚကို ပြက္ပြက္ဆူေနတဲ့ ဖေယာင္းရည္ေတြ က်လာခဲ့တယ္။

“ အား… ပူတယ္ ပူတယ္… ေၾကာက္ပါၿပီ မလုပ္ပါနဲ႔ေတာ့ အား”

“ ဒါဆို အခုေခၚေပးစမ္း”

ပါးကြက္သားမဲႀကီးလဲ သူ႔လက္ေအာက္မွာရွိတဲ့ သရဲတစ္ေကာင္ကို ခိုင္းေစလိုက္ရာ မ်က္စိတစ္မွိတ္အတြင္း ေရာက္ခ်လာခဲ့တယ္။

“ သူ သူက လူစားလဲခံရတဲ့သူပါ”

“ ဟုတ္လား… ျဖဳန္း….”

ေမာင္ေကာင္းက မဲႀကီးကို လက္ျပန္႐ိုက္လိုက္ရာ ထန္းပင္ႏွစ္ပင္ၾကားထဲကို လြင့္ထြက္သြားခဲ့တယ္။

“ နင္က ဒီေနရာမွာရွိေနတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီ၊ ဒါေတာင္ လူစားလဲတဲ့သူအစစ္အမွန္ ဟုတ္မဟုတ္မသိဘူးလား”

“ ေၾကာက္ပါၿပီဆရာရယ္… ထပ္မ႐ိုက္ပါနဲ႔ေတာ့ အမွန္တိုင္းေျပာျပပါ့မယ္”

“ ေအး… ေျပာစမ္း…”

“ တကယ္ေတာ့ ငါလဲ သူမ်ားခိုင္းတဲ့အတိုင္းလုပ္ရတာပါ”

“ ဘယ္သူကခိုင္းတာလဲနင့္ကို”

“ ဦးစံျမ ခိုင္းလို႔လုပ္ရတာပါ… သူက တကယ္လူစားလဲခံရမယ့္သူေနရာမွာ ေမြးေန႔၊ေမြးရက္၊ေမြးႏွစ္တူတဲ့လူအစားေပးၿပီး အတင္းးအၾကပ္ခိုင္းေစခဲ့တာ”

“ သူေျပာတာ ဟုတ္လား… ဆရာေလး”

ေမာင္ေကာင္းစကားေၾကာင့္ မ်က္ႏွာငယ္ေလးနဲ႔ ထိုင္ေနတဲ့သူက ေခါင္းညိမ့္ျပတယ္။

“ မဲႀကီး နင္သူ႔ကိုဘယ္လိုသတ္ခဲ့လဲေျပာစမ္း”

“ သူ သူက လြန္ခဲ့တဲ့ႏွစ္ဘဝကလဲ ဒီေနရာမွာ အဆုံးစီရင္ခဲ့ဖူးတယ္၊ ဒါေၾကာင့္ ငါက သူ႔စိတ္ကို ထိုင္းမႈိင္းေအာင္လုပ္ၿပီး အရင္ဘဝကေသသလို လုပ္ဖို႔အမိန႔္ေပးခဲ့ပါတယ္”

“ ေတာက္… နင္ေတာ့ ငါလုပ္ရင္ ျပာအတိျဖစ္ေတာ့မယ္”

“ မလုပ္ပါနဲ႔ဆရာရယ္… ေနာက္မလုပ္ရဲေတာ့ပါဘူး… တကယ္လဲေၾကာက္ေနပါၿပီ”

“ ေအး… အခုခ်ိန္ကစၿပီး ဒီလူရဲ႕ဝိဉာဥ္ကို ငါ့ေခၚသြားမယ္”

“ အဲလိုေတာ့မလုပ္ပါနဲ႔ဆရာ… သူ႔ေနရာမွာ အျခားသူတစ္ေယာက္မလာသေ႐ြ႕ ထည့္ေပးလို႔မရပါဘူး၊ အဲလိုထည့္ေပးလိုက္ရင္ ဒီေနရာတစ္ခုလုံးမွာရွိတဲ့သူေတြ ေသလုေမ်ာပါး အ႐ိုက္ခံရပါလိမ့္မယ္”

“ ဒါဆို သူလြတ္ေျမာက္ဖို႔အတြက္ အမွန္တကယ္လူစားထိုးခံရမယ့္သူကိုေခၚလာေပးရမွာေပါ့”

“ ဟုတ္ပါတယ္ဆရာ…”

“ ေအး… ေက်ာ္ဘုန္းစံဆိုတဲ့ေကာင္ကို မရရေအာင္ ျပန္ေခၚလာေပးမယ္၊ ေနဦး ငါေမးဦးမယ္… အခုလို လူအစားထိုးတဲ့ကိစၥကို ဘယ္သူေတြသိေသးလဲ”

“ အဲဒါက…”

“ လိမ္ရင္ ဘယ္လိုျဖစ္မယ္ဆိုတာ သိတယ္မဟုတ္လား”

“ မလိမ္ရဲပါဘူးဆရာ… အဲဒီအေၾကာင္းကို ရပ္ကြက္ေစာင့္နတ္သိပါတယ္၊ သူက ဦးစံျမခိုင္းတဲ့အတိုင္းအကုန္လိုက္လုပ္ေပးတာပါ”

“ အဲဒီေကာင္က အသားျဖဴဖတ္ျဖဴေလ်ာ္ပုံစံနဲ႔လား”

“ ဟုတ္ ဟုတ္ပါတယ္”

“ ေနာက္တစ္ခါ ဒီလိုကိစၥမ်ိဳးထပ္ျဖစ္ရင္ ဒီေနရာတစ္ခုလုံးကို မီးေလာင္တိုက္သြင္းပစ္မယ္ ၾကားလား”

“ ဟုတ္ကဲ့ပါဆရာ”

ေမာင္ေကာင္းတို႔လဲ လူသတ္ကုန္းတစ္ခုလုံးကို ေျဗာင္းဆန္ေအာင္ ေသာင္းက်န္းၿပီးေနာက္ပိုင္း ထြက္ေျပးတိမ္းေရွာင္သြားတဲ့ ေက်ာ္ဘုန္းစံတို႔ သားအဖေနာက္ကို လိုက္ခဲ့ၾကတယ္။

ဒီအေၾကာင္းအရာကိုေတာ့ “ေအာင္ျမတ္သာႏွင့္ ေပ်ာက္ေသာသူရွာရင္ေတြ႕”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)