အံ့ဖွယ်ဘတုတ်

*အရူးသူတော်နှင့် အံ့ဘွယ်ဘတုတ်*📖📖📖 ( စ၊ ဆုံး)

* * * * * * *  **********************************

     သူ့နာမည်က ဘတုတ်။

     ဂုဏ်ဒြပ်ကိုပါ ဖြည့်စွက်၍ ခေါ်ဆိုပါလျင် အံ့ဘွယ်ဘတုတ်ဟု မည်၏။

    သူကား  မြန်မာပြည်အစွန်အဖျားရှိ ‘အကျေရွာ’ကို အခြေပြုပြီး ဆိုးသွမ်းနေသည့် လူဆိုးလူမိုက်တစ်ယောက်ပင်။

      ဘတုတ်၏ ပုံသဏ္ဍာန်ကား အသားဖြူဖြူ ရုပ်ရည်က သင့်တင့်ပြီး ကိုယ်ဟန်ကတော့ နာမည်နဲ့မလိုက်၊ လူကောင်ခပ်သေးသေးဖြစ်သည်။

     သို့သော် ဆိုးမိုက်ရာမှာတော့ ဘတုတ်ကား ရပ်ကျော်ရွာကျော်။ ‘အကျေ’  လူမိုက်တို့ကပင် သူ့ကို လက်ဖျားခါဦးညွှတ်ကြသည်အထိ။

    ဘတုတ်ကလည်း အားလုံးထက်နှာတစ်ဖျားသာအောင်မိုက်သည်။ ဆိုးသည်။ ထို့အပြင် သိုင်းပညာလေးကလည်း အနည်းငယ်စစ်စစ်ပေါက်ပေါက်တတ်မြောက်ပြီး ဘယ်ကရယ် ရရှိလာလေသည်မသိသော ကာယသိဒ္ဒိ ပီးဆေးအခံက ရှိနေလေတော့ ဘတုတ်ကို ဦးနှိမ်နိုင်သူရယ်လို့မရှိကြ။ ထို့အပြင် ထိုနေရာ ထိုဒေသဆီကို ဥပဒေသက်ရောက်မှုက အားနည်းလေတော့ ဘတုတ်ကားသာ၍ပင်ဆိုးတော့သည်။

     ဘတုတ်ကို ယခုလို လူမိုက်ဘတုတ် ရယ်လို့ သည်လိုနာမည်ကြီးစေခဲ့သည့်က လွန်ခဲ့သည့်သုံးနှစ်ကျော်ခန့် သင်ပေါင်းရွာတွင် ပြုလုပ်သည့် ကြက်ဝိုင်းတွင်ဖြစ်သည်။

    ထိုရှေ့ရှေ့တုန်းကတော့ ဘတုတ်သည် ထိုနယ်တကြောတွင် မိမရှိ၊ အဖမဲ့တစ်ကောင်ကြွက်ရယ်လို့ သတ်မှတ်ပြီး အများတကာ၏ ဦးနှိမ်မှုကို ခံထားရသည့်သူ။ ရွာက နွားပျောက်သည်ကို သူ မခိုးပါဘဲ သူ့အပေါ်လွှဲချခံရပြီး ရွာကနေ ပျောက်ကွယ်သွားခဲ့သည့် အနှိမ်ခံ ဘတုတ်။

     တစ်နှစ်၀န်းကျင်အကြာမှ  အနှီသင်ပေါင်းရွာ ကြက်ဝိုင်းဆီတွင် ပြန်ပေါ်လာခဲ့သည်။ ယခင်က ဤကဲ့သို့သော ကြက်ဝိုင်းများ၊ လောင်းကစားဝိုင်းများဆီတွင် ဘတုတ်က အခိုင်းခံ။ သည်တော့ ဘတုတ် ပြန်ရောက်လာသည်ကို ဘယ်သူကမှ ထူးထူးခြားခြား မခံစားကြဘဲ ထားရစ်ကြသည်။ ဘတုတ်ကလည်း ပြန်ရောက်ရောက်ချင်း ကြက်ဝိုင်းနံဘေးက အရက်ရောင်းသည့်နေရာမှာ အရက်ထိုင်သောက်နေခဲ့သည်။

     သို့ရာတွင် ပြဿနာကို စတင်လာသူက သင်ပေါင်းရွာသား မြတင့်။ သူက သင်ပေါင်းရွာတကြောလုံး သြချရသည့် ငွေရှိကြေးရှိ နာမည်ကြီး လောင်းကစားသမား။ တပည့်တပန်းများလည်းရှိသည်။ ဘတုတ်ကိုလည်း တွေ့ဆုံတိုင်း အမြဲတစေ အနိုင်ကျင့်နေကျသူပင်။

     ဖြစ်ပုံက  မြတင့် အရက်၀ယ်ခိုင်းလိုက်သည့် တပည့်တစ်ယောက်သည် အရက်ဆိုင်ကလေးတွင် ဘတုတ်ကိုတွေ့သည်။ ၀ယ်ပြီးအပြန်တွင်တော့ မြတင့်ကို ဘတုတ်အားတွေ့ခဲ့ကြောင်းပြောသည်။

     မြဆင့်မှာတော့ အရက်ကလေးက ထွေထွေ၊ ကြက်ကလည်းနိုင်နေတော့ သွေးကခပ်ကြွကြွသည်သမို့ သူ့တပည့်ဖြင့် ဘတုတ်ကို အခေါ်ခိုင်းလိုက်သည်။ ဘတုတ်ကား လိုက်မလာ။

      သည်တော့ မြတင့်တို့ တပည့်တပန်းများ၀န်းရံပြီး ဘတုတ်ဆီကို ဒေါသထွက်လို့ ရောက်လာလေတော့သည်။ မကြာပါ…ဘတုတ်နှင့် မြတင့်တို့အဖွဲ့ရိုက်ကြနှက်ကြဖြစ်ကုန်ကြသည်။

     ရန်ပွဲက တစ်ဖွဲ့လုံးနှင့် တစ်ယောက်။ တစ်ယောက်ဘက်ကသာ အရေးနိမ့်ဖွယ်ရာရှိသည်။ သို့သော်…ဤရန်ပွဲ၏ ရလဒ်ကတော့ ပြောင်းပြန်။ ဘတုတ်၏ လက်ချက်ဖြင့် မြတင့်တို့အဖွဲ့ မြေပြင်မှာအလဲလဲ၊ အကွဲကွဲ။

     ဘတုတ်ကတော့ လဲကျနေသည့် မြတင့်တို့အလယ် ပွန်းရာခြစ်ရာမရှိဘဲ ထီးထီးမားမားကြီးရပ်လို့။

   ဤကပင်စလို့ ဘတုတ်ကာယသိဒ္ဒိပြီးသည်၊ ကိုယ်ခံပညာတတ်သည်ဟူ၍ နာမည်ကြီးခဲ့ရတော့သည်။

    နာမည်ကြီးပြီး မကြာမီတွင်တော့ ဘတုတ်ကား နယ်ခံလူမိုက်တို့၏ ခေါင်းဆောင်ကြီးအဖြစ် မြှောက်စားခံရပြီး တစ်ချိန်က အနှိမ်ခံခဲ့ရသမျှကို ပြန်လည်ပြီးအတိုးချလက်စားချေလို့ နယ်တကြောမှာ ကြီးစိုး၊ မင်းမူလာလေတော့သည်။

* * * * * *

     ” ကိုဘတုတ်…ရေငံရွာမှာ အလှူလုပ်နေတယ်တဲ့…”

    ထန်းတောအလယ် ဇရက်မင်းစည်းစိမ်ခံစားနေသော ဘတုတ်။ တပည့်တစ်ယောက်၏ အသိပေးမှုကြောင့် ထန်းရည်ထွေထွေဖြင့် ဒေါပွသွားရသည်။

     ” ဘယ်လိုကွ၊ ငါ့ကိုလည်း အသိမပေးပါလား။ ဘယ်သူ့အလှူလဲ…”

     ” စိန်၀င်းတို့ အလှူရယ်တဲ့…”

     ” ဟိုကောင် လယ်ပိုင်ရှင်သား အမွေစားရတဲ့ စိန်၀င်းလား…”

     ” အဟုတ်ပဲ ကိုဘတုတ်။ အဲ့ဒီကောင် ငွေရှိတယ်ဆိုပြီး လူပါးဝနေတာကြာပြီ…”

      ဖားလျားမြှောက်ပင့်ပေးသည့်စကားက ထိရောက်လှသည်။ ဘတုတ်ကား ဘာမှမပြော။ ထိုင်ရာက ဒယီးဒယိုင်ဖြင့် ထရပ်ပြီး ပြေလျော့နေသည့် ပုဆိုးကို ဖြစ်ကတတ်ဆန်း၀တ်လိုက်သည်။

    ပြီးလျင်…နံဘေးက ထန်းပင်မှာ ထောင်ထားသည့် ဝါးရင်းတုတ်ကို ကောက်ကိုင်ပြီး ကမူးရှူးထိုးဖြင့် ထထွက်သွားတော့သည်။ သူ၏ ခြေလှမ်းတို့ ဦးတည်ရာသည်က ရေငံတောရွာဆီကို ဦးတည်လျက်။

* * * * * *

     ” အရှေ့ကို လျှောက်ပါလို့…အနောက်ကိုတဲ့…မျှော်လိုက်ရင်…”

     အလှူမဏ္ဍာပ်က သီချင်းသံက စိတ်ကြည်နူးဖွယ်ရာ။ အလှူရှင်၊ အလှူအမတွင်သာမက လာရောက်ကြသူဧည့်ပရိတ်သတ်များမှာလည်း အပြုံးပန်းများဝေဆာလျက်…။

     ကာလသား၊ ကာလသမီးတချို့က သံဃာစင်ထက်တွင် နေ့ဆွမ်းဆပ်ကပ်ရန်အတွက် ဆွမ်းပွဲများ ပြင်ဆင်နေကြသည်။

     ” ခြမ်း…”

     ” ဝုန်း…”

     အလှူမဏ္ဍာပ်အ၀င်ဆီက ကွဲရှ၊ လဲပြိုသံ။ အားလုံး အထိတ်တလန့်ဖြင့် ကြည်မိကြသော် တုတ်၊ ဓားများဖြင့် မဏ္ဍာပ်ကို စတင်ဖျက်ဆီးနေကြသော ဘတုတ်တို့လူစု။

     ” ဘတုတ်တဲ့ကွ…မတူရင်မတုစမ်းနဲ့၊ မသေချင်ရင် အားလုံးဘေးဖယ်နေ…”

     အလှူရှင်စိန်၀င်း ထိတ်ထိတ်ပြာပြာဖြင့် ပြေးထွက်လာသည်။

     ” ကို…ကိုဘတုတ်၊ ကျုပ်…ဘာများလုပ်မိလို့…ကျုပ်အလှူကို ဖျက်ဆီးရတာလဲဗျာ…”

      ” မင်းက လူပါး၀လွန်းတယ်ဆိုလို့ ငါလာဆုံးမတာ…”

      ဘတုတ်က ပြောလည်းပြော စိန်၀င်းကိုလည်း ထိုးချလိုက်သည်။ စိန်၀င်းမှာ ဘတုတ်၏ ဝါးရင်းတုတ် ရိုက်ချက်ကြောင့် မြေဆီတွင် ပိုးလို့ပက်လက် လဲကျရ၏။ အလှူ့အမဖြစ်သော မအေးသင်က ငိုယိုပြီး သူ့ယောက်ျားကို ပြေးဖက်သည်။ အခြားသူတို့ကတော့ ရပ်ကြည့်နေကြရုံသာ။ ၀င်ဆွဲဝံ့သူ၊ ခုခံဝံ့သူကား နတ္ထိ။

     ” နောက်တစ်ခါဆို ဘယ်ရွာမှာ ဘာပဲလုပ်လုပ် ငါ့ကို အသိပေးကြ။ မပေးလို့ကတော့ အခုဟာကို ကြည့်ထားကြချေ…”

     ဘတုတ်ကား အလှူမဏ္ဍာပ်ကြီးကို ထောင်းထောင်းကြေအောင် ဖျက်ဆီးပြီးနောက် ထွက်သွားလေ၏။

     သူထွက်သွားကာနီးတွင် ဆွမ်းအတွက်ပြင်ဆင်ထားသော ဟင်းပွဲတစ်ချို့ကို အရက်ဖြင့် မြည်းရန်ပင် ယူဆောင်သွားလေသေး၏။

    ဤကစတင်၍ ဘတုတ်မှာ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများထံက ဆက်ကြေးတောင်း၊ မပေးလျင် ထောင်းထောင်းကြေအောင် ဖျက်ဆီးထုချေတတ်သော မိုက်ရာကနေ တဖြေးဖြေး ကန်းလာသည့် ဘတုတ်ဖြစ်ခဲ့ချေပြီ။

* * * * *

     ဘတုတ်တို့ ‘အကျေ’နယ်တကြောဆီ မင်းမူနေသည်မှာ ငါးနှစ်တာဟူသော အချိန်ကာလဆီကို ရောက်ခဲ့လေပြီ။ ယခင်က ခြေသလုံးအိမ်တိုင်ဘတုတ်က ယခုတော့ အိမ်ကြီးရခိုင်နှင့် သူကိုယ်တိုင်နာမည်ပေးထားသည့် နယ်ပိုင်ကြီးဘတုတ် ဖြစ်နေချေပြီ။

     ထိုကာလအတွင်း ဘတုတ်တို့ တစ်ခုထပ်တိုး၍ ရိုင်းစိုင်းဆိုးသွမ်းလာသည်မှာ ယခင်လို သောက်ရုံစားရုံ၊ မိုက်ကြေးခွဲရုံမျှမကတော့ဘဲ တပည့်တပန်းတို့၏ မြှောက်ပင့်ပေးမှုကြောင့် မိန်းမကိစ္စက အကဲတက်လာခဲ့သည်။

      နယ်တကြောဆီက မိန်းကလေးတစ်ယောက်ကို သူမျက်စိကျမိပြီဆိုပါလျင် မိဘမောင်ဘွားတို့ရှေ့ဆီ၌ပင် ၀င်ရောက်ကာဆွဲရမ်းလေတော့သည်။ မိဘမောင်ဘွားတို့က လက်မခံ၍ အကွန့်တက်လျင်တော့ ဘတုတ်ကား လူရှေ့သူရှေ့ဆီ၌ပင် ထိုသူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ပြလေ၏။ ထိုထက်မကသော ဆိုးဝါးမှုတစ်ခုကိုလည်း ဘတုတ် ထပ်မံ၍ ပြုလုပ်လေ့ရှိလာပြန်သည်။

    ဤကား မိန်းကလေးကိုလည်း သူ့စိတ်ကြိုက် အားရအောင် အသုံးတော်ခံပြီးသည်နှင့် သူ့တပည့်များဆီကို ကျီးထိုးထိုး၊ ခွေးစားစားသဘောမျိုးဖြင့် ဖြစ်ချင်ရာဖြစ် စွန့်ကြဲလာခြင်းပင်။ တပည့်တပန်းတို့၏ လူမဆန်မှုကြောင့် မိန်းကလေးတို့သေကြေကြရသည်။

     အရင်းစစ်ကို အခြေခံရလျင် ဘတုတ်ကြောင့် အသက်သေ၊ ဘ၀ပျက်သည့် မိန်းကလေးပေါင်းမနည်းတော့။ အသက်၊ အိုးအိမ်ပျက်ဆီးကြရသည့် မိသားစုများလည်း မနည်းတော့ချေ။

      တစ်ခုသော နေ့ဆီတွင်တော့ ဘတုတ်တစ်ယောက် အိမ်ကြီးပေါ်တွင် နယ်ပိုင်မင်းစည်းစိမ်ကို အရသာခံယူနေလေသည်။

      ” ကိုဘတုတ်…ကိုဘတုတ်…”

      အိမ်ပေါ်ကို ဘတုတ် နာမည်ခေါ်ရင်း အမောတကော ပြေးတက်လာသည့် တပည့်ကျော် ကျောက်လုံး။

     ” ဟေ့ကောင်…ဘာဖြစ်လာတာလဲ…”

     ” သတင်းကောင်း…သတင်းကောင်း…ကို…ကိုဘတုတ်အတွက် လာပေးတာ…”

     ” ဘာလဲကွ…”

     ” အိုင်ကျင်းရွာမှာ မိန်းမချောလေးတစ်ယောက် ရောက်နေတယ်ဗျ။ အခြားကနေ အလည်လာတာတို့ သိရတာပဲ။ အဲ့ဒါ…”

      ကျောက်လုံးက ဘတုတ်ထိုင်နေသည့် ခြေရင်းတွင် ကျုံ့ကျုံကလေးထိုင်ပြီး ပြောသည်။

      ” တို့ရွာက မိကျင်တို့ မိအုန်းတို့လောက်ကော လှလို့လားကွာ…”

      ” အာ…ကိုဘတုတ်ကလည်း ဘာမှကို မဆိုင်တာကြီး၊ ဟိုက ဖွေးတာမှ ဆွတ်နေတာတာပဲ၊ ဟီးဟီး…တကယ့်ကို ရေဆေးငါးကြီိးဗျ…”

      ဘတုတ် သဘောတွေ့သွားရသည်။ သို့သော်…ဟန်ကို ကျောက်လုံးမရိပ်မိအောင် ပြန်ထိန်းလိုက်ရင်းက

      ” ဒါပေမယ့်…အိုင်ကျင်းရွာက ငါ့နယ်မဟုတ်ဘူးလေကွာ…”

      ” အိုဗျာ…ကိုဘတုတ်ကလည်း၊ ဒီနယ်တကြောတင်မကဘူး၊ တစ်နိုင်ငံလုံး ဘယ်နေရာကို သွားသွား၊ ကိုဘတုတ်ကို ယှဉ်နိုင်တဲ့သူ ရှိဦးပါ့မလားဗျ…”

      ကျောက်လုံး၏ စကားက ဘတုတ်ကို သွေးနားထင်ရောက်စေ၏။

     ” အေးကွာ…ငါစိတ်၀င်စားရပြီ…”

     ” စိတ်၀င်စားတယ်လုပ်မနေနဲ့။ သွားမယ်ဖြင့် မြန်မြန်သာသွားချေ…”

     ” အေး…သွားမယ်…သွားမယ်…”

     ဘတုတ်ကား မမြင်ဖူးရသေးသည့် မိန်းကလေးဖြင့် စိတ်ကူးယဉ်နေမိတော့သည်။

* * * * * *

      ” ဘတုတ်တဲ့ဟေ့…မတူရင် မတုနဲ့၊ အားလုံး နောက်ဆုတ်နေကြ…”

      အ၀တ်အစားတောက်တောက်ပြောင်ပြောင်ကို ၀တ်ဆင်ကာ အိမ်ပေါက်၀က မြင်းစီးပြီး ထွက်ထွက်ချင်း ကြွေးကျော်သည့် ဘတုတ်၏ အသံ။ နောက်ပါးဆီတွင်တော့ သူ၏ တပည့်တပန်းများက နောက်ပါးဆီတွင် ဖားလျားသည့် အပြုံးများဖြင့်…။

     ဘတုတ်တို့ လူစု ‘အကျေရွာ’ကနေ မနက်အစောပင် ထွက်ခဲ့ကြသည်။သူတို့ရွာကနေ အိုင်ကျင်းရွာဆီကိုက ခရီးတာ သိပ်တော့မဝေး။ နာရီအနည်းငယ်သာ သွားရသည်။

    နေအနည်းငယ်မြင့်ချိန်တွင်တော့  အိုင်ကျင်းရွာကို ဘတုတ်တို့ ရောက်ချေပြီ။

     အိုင်ကျင်းရွာက ဘတုတ်၏ နယ်မဟုတ်ပေမယ့် ဘတုတ်အကြောင်းကြားဖူးနေသည်မို့ အသံကြားရုံဖြင့်ပင် အားလုံး ပြားပြား၀ပ် ငြိမ်သက်နေကြသည်။

      ” ကျောက်လုံး…ဘယ်အိမ်လဲ…”

      ” သူ့ အိမ်တော့ ကျုပ် မသိဘူး ကိုဘတုတ်။ ဟို…သူ့ကို ဘုန်းကြီးကျောင်းမှာ မြင်ဖူးတာ…”

      ” ဟာကွာ…မင်းကတော့ လုပ်တော့မယ်။ သွားကွာ…တစ်ယောက်ယောက်ကို မေးချေ…”

      ကျောက်လုံး မြင်းပေါ်က ဆင်းသွားပြီး အိမ်တစ်အိမ်ဆီကို ၀င်သွားသည်။ ပြန်ထွက်လာသော် လူတစ်ယောက်ကို ဂုတ်ဆွဲပြီး ခေါ်ဆောင်လာ၏။

      ” ကျောက်လုံး ဘာတဲ့လဲ…”

      ဘတုတ်က စိတ်မရှည်စွာပြောသည်။

      ” မမေးရသေးဘူး…ဟီး…”

      ” တောက်…”

      ဘတုတ် တောက်ခေါက်သည်။ ပြီးလျင် တုန်ရီစွာရှိနေသော အိုင်ကျင်းရွာသားအား…။

     “ဟေ့လူ…ခင်ဗျား ဒီရွာမှာ ရောက်နေတဲ့ မိန်းမချောလေးကို သိသလား…”

     ” ဟုတ်…သိ…သိပါတယ်”

     ” သူနာမည် ဘယ်သူလဲ။ ဘယ်ကလာသလဲ။ ဘယ်မှာတည်းသလဲ…”

     ဘတုတ်က မေးခွန်းများကို တပြိုင်နက်မေးလိုက်သည်။

     ” သူ့နာမည်က မစံပယ်တဲ့။ ဟို…ဟို…ဘယ်ကလာတယ်ဆိုတာတော့ ကျုပ်မသိဘူး။ ဒေါ်တုတ်ရဲ့တူမ ဒီရွာကို ဘွားသီလ၀တ်ဖို့ရောက်လာတာလို့တော့ပြောတယ်တယ်…”

     ” ဟင်…ဘွားသီလ၀တ်ဖို့။ ဟာကွာ…နှမျောစရာ…”

     ဘတုတ်က ပြောလိုက်သည်။ ကျောက်လုံးက

    ” ဟုတ်ပါ့…နှမျောစရာ။ ယောက်ျားတွေကောင်းကြောင်း သူမသိလို့ဖြစ်မယ်…”

     ” ဟေ့ကောင် ကျောက်လုံး တိတ်စမ်း…”

     ဘတုတ်က ငေါက်သည်မို့ ကျောက်လုံးငြိမ်သွားသည်။

     ” ငါ့ကို..သူ့အိမ်ဆီ လမ်းညွှန်ပေး၊ ပြီးရင် မင်းသွားတော့…”

      ဘတုတ်၏ စကားအတိုင်း အိုင်ကျင်းရွာသားသည် အိမ်တစ်အိမ်အား လိုက်လံပြသပေး၏။

     ” ဘတုတ်တဲ့ကွ…မဆိုင်ရင် အနားမကပ်စမ်းနဲ့…”

     ခြံ၀ကနေ ဘတုတ် အော်ဟစ်လိုက်သည်။ ပြီးလျင် ခြံထဲဆီကို ဘတုတ်၀င်လာလေသည်။ အိမ်ထဲဆီက အမျိုးသမီးကြီးတစ်ယောက် ပြာပြာသလဲဖြင့် ပြေးထွက်လာလေသည်။

     ” တူမောင်ကြီး…ဘာကိစ္စ…”

     အမျိုးသမီးကြီး၏ စကားပင်မဆုံးသေး ဘတုတ်က

     ” စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေနဲ့၊ မစံပယ်ရှိလား…”

     ” မစံပယ်…”

     အမျိုးသမီးကြီးက ရေရွတ်သည်။ ပြီးသော်…ရုတ်တရက် တစ်စုံတစ်ရာကို ရိပ်မိပြီး မျက်နှာပျက်သွားလေကာ

     ” ဟို…ဟို…ငါ့တူရယ်။ မစံပါယ်ဆိုတာက ဒေါ်လေးတင်ရဲ့ တူမလေးပါ။ သူ့ခမျာ အိမ်ထောင်ရေးကံမကောင်းတာမို့ ဒီကို…”

     ” သီလရှင်၀တ်မယ်ဆိုပြီး ရောက်လာတာမလား။ မပူပါနဲ့…ကျုပ်နဲ့တွေ့ရင် သီလရှင်၀တ်ချင်စိတ်ရှိမှာမဟုတ်တော့ဘူး။ အိမ်ထောင်ရေးလည်း  ကံကောင်းတကာ့ အကောင်းဆုံးဖြစ်သွားလိမ့်မယ်…ဟား…ဟား…ဟား…”

     ဘတုတ်၏ စကားက တကယ့်ကို ရုန့်ရင်းလွန်းလှသည်။ ဒေါ်လေးတင်ကား စိုးရိမ်ကဲလွန်းနေရ၏။

     ” ကဲ…ကဲ…ကြာတယ်။ မစံပယ် ဘယ်မှာလဲ…”

     ” ဟို…ဟို…”

     ဒေါ်လေးတင်က လိမ်ညာရန်ကြံရံယ်သော်…ဘတင်၏ လက်ဝါးက သူ့ ပါးပြင်ဆီကို ဖြောင်းခနဲ။

     ” အရစ်မတက်စမ်းနဲ့ဗျာ…ပြောမှာသာပြော…”

     လက်ရဲဇက်ရဲ ဘတုတ်ကို ဒေါ်လေးတင် ထိတ်လန့်သွားရပြီ။

     ” ဟို…ဘု…ဘုရားဆီမှာ…”

     ” ဘယ်ဘုရားလဲ…”

     ” ရွာထိပ်က ဘုရားလေးပါ…”

     ဘတုတ်တို့ မြင်းများ လှည့်ထွက်သွားကြပြီ။

     ဒေါ်လေးတင်မှာတော့ အရိုက်ခံရသည့် ပါးပြင်တစ်ဖက်ကို ကိုင်ရင်း ဘတုတ်တို့ကို ငေးကြည့်ရင်းက မစံပယ်အတွက် ဆုတောင်းပေးနေမိလေတော့သည်။

    သို့သော်…ခဏအကြာတွင်တော့ သူသည် တစ်စုံတစ်ရာကို တွေးမိလေပြီး ခြံထဲဆီကနေ ပြေးထွက်သွားလေတော့၏။

* * * * * *

     ဘုရားရင်ပြင်ကလေးထက်ဆီတွင် ထိုင်ရင်း ဆုတောင်းခြွေနေသော မစံပယ်ကား ကိုယ်ခန္ဓာ လှပကျော့ရှင်းနေသော်လည်း မျက်နှာဆီတွင်တော့ ညှိုးနွမ်းမှုတို့က အထင်းသား။ မျက်၀န်းများသည် သိမ်ငယ်နေလေ၏။

     ” အရှင်ဘုရား…ကြောက်စရာကောင်းတဲ့ လောကဒဏ်ကို တပည့်တော်မ’ ဆက်လက်မခံစားလိုတော့ပါပြီ အရှင်ဘုရားရယ်။ ဒါကြောင့် သာသနာ့ဘောင်ဆီကို တပည့်တော်မ အပြီးတိုင်၀င်ရောက်တော့မယ်လိုဘ စိတ်ပိုင်းဖြတ်ထားမိပါပြီဘုရား။ သံသရာ၀တ်ဆင်းရဲမှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ အရှင်ဘုရား”

     အနောက်တွင် ရောက်ရှိနေသည့် ကြမ္မာဆိုးကို မစံပယ်မမြင်နိုင်။

     ” ဖြောင်း…ဖြောင်း…ဖြောင်း…”

     ရုတ်တရက် ထွက်ပေါ်လာသည့် လက်ခုပ်သံကြောင့် မစံပယ်လှည့်ကြည့်မိသည်။

     ” ဟင်…”

     သူတစ်ခါမှ မမြင်ဖူးသည့် လူတစ်စုသည် သူ့ကို ရပ်ကြည့်နေကြလေ၏။  အားလုံး၏ အကြည့်တို့က မနှစ်မြို့ဖွယ်။

     ” ရှင်…ရှင်တို့က…”

     အားလုံးထဲဆီက တစ်ယောက်က ပြီတီတီမျက်နှာပေးဖြင့် ရှေ့တိုးလာပြီး

     ” ဟင်း…ဟင်း…စံပယ်ဆိုတဲ့ မင်းကလေးကို တော်ကောက်မယ့်သူ၊ ဒီနယ်ကို ပိုင်စိုးတဲ့ အံ့ဖွယ်ဘတုတ်ဆိုတဲ့ သူပေါ့ ချစ်စရာစံပယ်လေးရယ်…”

      မစံပယ် လန့်ဖျပ်သွားရသည်။ တစ်ဖက်က ဘတုတ်ဆိုသူသည်က သူ့အနားဆီကို တိုးကပ်လာပြီး လက်ကို လှမ်းဆွဲ၏။ ဘုရားပေါ်ဆီတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကြလေပြီ။

     ရုန်းကန်နေသော မစံပယ်ကို ဘတုတ်၏ လူများက ဝိုင်း၀န်းပြီး ခေါ်ဆောင်ရန်ကြိုးစားကြ၏။

     ထိုအချိန်ဆီ၀ယ် ရွာထဲဆီက တုတ်၊ ဓားများကိုင်ကာ ပြေးထွက်လာသည့် လူအုပ်ကြီး။

     ” ဟေ့…ဘတုတ်၊ ရပ်လိုက်စမ်း…”

     လူအုပ်ကြီးကို ဘတုတ်က မထီမဲ့မြင်ကြည့်လိုက်သည်။

     ” အံမယ်…ဘတုတ်အကြောင်း မကြားဖူးလို့ သွေးတိုးစမ်းတာတော့ ဟုတ်မယ်မထင်ဘူး…ဟင်း…ဟင်း…”

     ” မကြားဖူးတာ မဟုတ်ဘူးဟေ့၊ ကြားဖူးတယ်။ အခုက မင်းနယ်ကျော်လာပြီး တို့ရွာကို စော်ကားလာတာကို သည်းမခံနိုင်လို့ဟေ့…”

     လူအုပ်ကို ဦးဆောင်လာသည့် လူတစ်ယောက်က ပြောလိုက်သည်။

     ” ဒီတော့…မင်းတို့က ငါ့ကို သတ်ချင်တယ်ဆိုပါတော့…”

     ဘတုတ်က မျက်နှာခက်ထန်သွားပြီးပြော၏။ ပြီးလျင် သူ့တပည့်တစ်ဦးထံက ဓားကိုတောင်ယူလိုက်လေ၏။

     လူအုပ်ကြီးကတော့ ဘတုတ်၏ အမူအယာကြောင့် အနည်းငယ်ရှဲသွားကြသည်။

      ဘတုတ်က အရှေ့ဆီကို တိုးလာ၏။ ထိုအခိုက်…

     ” အံမယ်…တဏှာရူး လူမိုက်ကောင်၊ သင်က ဘုရားမှန်းတရားမှန်းတောင်မသိ ဆိုးဆိုးသွမ်းသွမ်းနဲ့ ရင်ပြင်တော်ပေါ်ကို သွေးစွန်းစေတော့မယ်ပေါ့…”

     အသံက သြရှရှဝါတာတာကြီး။ ထိုအသံသည် ဘုရားနံဘေး သစ်ပင်ဘက်ဆီကနေ ထွက်ပေါ်လာသည်မို့ ဘတုတ်အပါအ၀င်အားလုံး စိတ်၀င်တစားလှည့်ကြည့်ကြလေသည်။

     သစ်ပင်အောက်ဆီက အကြောအရှင်များဆန့်ကာ ထ’လာသည်က သူရူးတစ်ယောက်။

     ပုံစံက ဆံပင်များစုတ်ဖွားကာ ဂျေးညှော်တို့ဖြင့် ပေရေစုတ်ပြတ်လျက်။ အ၀တ်အိတ်အစုတ်ကြီးတစ်လုံးကိုလည်း ကပိုကယိုလွယ်ထားပြန်၏။ သူ့ပုံကက မြင်ရုံဖြင့်ပင် သူရူးတစ်ယောက်ဆိုသည်ကို သိနိုင်သည်။

     ” တောက်…ဘယ်သူများလဲလို့၊ လူကောင်းလားမှတ်တယ်။ အရူးက လာကွန့်နေတာကိုး…”

     ဘတုတ်ကပြောလျင် သူ၏ နောက်လိုက်လူမိုက်တို့ကား သူရူးကို ဆဲဆိုကြလေသည်။

     ” အံမယ်…အံမယ်။ သာစနာနယ်မြေမှာလာပြီး ငါလို နတ်သားလေးသူတော်ကိုများ ဆဲရဲသေးတယ်ပေါ့။ ဟဲ့…ဘုရားပေါ်က ထိုင်နေတဲ့ ယက္ခကြီး ကြည့်မနေနဲ့ သူတို့ကို ဆုံးမလိုက်ချေစမ်း…”

      သူရူးထံက စကားအဆုံး ဆဲဆိုနေကြသော ဘတုတ်၏ လူများအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။

     သူတို့အား မမြင်နိုင်သည့် တစ်စုံတစ်ယောက်က ရိုက်နှက်ပုတ်ခတ်နေသည်ပင်။

     ” အမလေး…ကြောက်ပါပြီဗျ…”

     ” နောက်ကို မဆဲတော့ပါဘူးဗျ…”

     အော်သံများနှင့် ရုပ်ပျက်ဆင်းပျက် လူးလွန့်နေကြသည့် လူမိုက်များကြောင့် ရွာခံလူအုပ်ကြီးမှာ ပြုံးစိစိဖြင့်၊ တချို့ကဆိုပါလျင် အားရ၀မ်းသာဖြင့် လက်ခုပ်လက်ဝါးပင်တီးကာ အားပေးနေသည်။

     “မင်း… မင်းက ဘယ်သူလဲ…ဘာကောင်လဲ…”

      သူရူးကို ဘတုတ်က မျက်စိမျက်နှာပျက်ယွင်းစွာဖြင့်မေးသည်။ သူရူးကမူ ဝါကျင်နေသော သွားများပေါ်အောင်ပင် အားရ၀မ်းသာပြုံးလေပြီး

    ” ငါလေးက သူတော်လေ၊ နတ်သားလေးသူတော်ပေါ့…ဟီ…ဟီ..ဟီ…”

     ” ဘာ…”

     ဘတုတ်မှာ သူရူး၏ ဝေ့လည်ကြောင်ပတ်အဖြေကို ဘ၀င်မကျ။ သူရူးသည် သာမန်လူမဟုတ်ကြောင်း သူသိရလေပြီ။ တုန်လှုပ်စိတ်လည်းဖြစ်ပေါ်ရ၏။ သို့သော်…လူအများရှေ့တွင်မို့ ဟန်ကို ထိန်းရပြန်ကာ

      ” မင်း…ငါ့ကိစ္စကို ၀င်မရှုပ်ပါနဲ့၊ ရူးနေတယ်ဆိုလည်း ကိုယ့်လမ်းကိုယ်သွားချေ…မဟုတ်ရင်တော့ ဘတုတ်ဓားက အရူး၊ အကောင်းရွေးနေမှာမဟုတ်ဘူး…”

      ” အို…ဘယ့်နှယ့် ငရဲအိုးဂျိုးကပ်ရမယ့် ငမိုက်သားလေးရယ်။ ငါသူတော်လေးက နင့်လို လူဆိုးလူမိုက်ကို ချွတ်ချိန်တန်လို့ ကျွတ်အောင်လာချွတ်တာလေ။ ဘယ်ကို ရှောင်သွားရမလဲလို့…”

      သူရူးက စပ်ဖြီးဖြီး။

      ဘတုတ်မှာတော့ ဇောချွေးပြန်နေရပြီ။

      ” ကောင်းပြီလေ…မင်းသေလမ်းကို မင်းရွေးတာ။ သေမှ ငါ့အဆိုးမဆိုနဲ့…”

      ဘတုတ်က ပြောပြီး ဓားကို ၀င့်လိုက်သည်။

     သူရူးကတော့ ခပ်ပြုံးပြုံးပင် ရှိနေရင်းက

     ” မဟာပထဝီမြေကြီး…ဒီလူမိုက်ကို ချေချွတ်ဖို့ အသင်ကူညီပေးပါ…”

     သူရူးက ရေရွတ်လိုက်သည်။

    ” ဟင်…”

     ထူးဆန်းပေစွ။ ဘတုတ်၏ ခြေထောက်များသည် မြေဆီက လုံး၀ခွာမရတော့။ ဘတုတ် လွန်စွာထိတ်လန့်သွေးပျက်သွားသည်။

      ” လွှတ်…လွှတ်…ငါ့ကို လွှတ်…”

      လှုပ်ရှား၍ ရနေသော လက်က ဓားဖြင့် မြေဆီကို ခုတ်ရင်းပိုင်းရင်း ဘတုတ်ရုန်းကန်နေသည်။ သို့သော်…လုံး၀ရုန်းမရ။ သူရူးသည် သူ၏ အနားကို ရောက်လာခဲ့သည်။

      ” ကဲ…လူမိုက်လေး၊ သင့်ရဲ့ဆရာ အောက်လမ်းကောင်သွင်းပေးထားတဲ့ အစောင့်ကို သင့်ကိုယ်ကနေ ငါသူတော်ဖယ်ရှားလိုက်တော့မယ်…”

သူရူးက ပြောပြောဆိုဆို သူ့လက်သီးဆုပ်ကို နဖူးဆီအပ်ရင်း မန္တာန်တစ်ပုဒ်ကို ရွတ်ဆို၍ ဘတုတ်၏ ကျောကုန်းဆီကို ပုတ်လိုက်သည်။

     ”  အီး….”

    မချိမဆန့်အော်သံနှင့်အတူ ဘတုတ်ကား နေရာတင် ဒူးတုပ်ကျသွားရသည်။ သူရူး၏ လက်ပြန်ရုတ်ချိန်တွင်တော့ အမည်းရောင်အခိုးအငွေ့တို့က ကပ်လျက်ပါသွားလေ၏။ သူရူးသည် ပါလာသော အခိုးအငွေ့များကို သူ၏ အ၀တ်အိတ်ကြီးဆီသို့ ထည့်သွင်းလိုက်လေသည်။

      ” ကဲ…လူမိုက်ကြီးဘတုတ်၊ ငါသူတော်လေးက ဖြေစရာရှိတာဖြေခဲ့ပြီ။ ကျန်တာတော့ ကံစီမံရာပေါ့…”

      သူရူးက ပြောပြောဆိုဆို လှည့်ထွက်သွားဖို့ပြင်လိုက်သည်။

      ” ကျေး…ကျေးဇူးတင်ပါတယ်ရှင်…”

      ကြောက်ရွံ့စိတ်ဖြင့် တစ်ချိန်လုံးငြိမ်သက်နေသော မစံပယ်က ပြေးလာပြီးပြောလိုက်သည်။

      ” ဪ…ကလေးမ…ဟီး…ဟီး၊ သင်ကကျတော့ သာသနာ့ဘောင်၀င်မယ်ဆို သေသေချာချာ ပိုင်းခြားဆုံးဖြတ်ပြီး စိတ်ခိုင်မယ်ထင်မှ၀င်ချေကွယ်…”

     သူရူးသည် တစ်ဖက်က စကားအပြန်ကို မစောင့်။ နေရာကနေ ထွက်ခွာသွား၏။

      ထိုအချိန်၀ယ် လူအုပ်ကြီးမှာ ဒူးထောက်ကာ ခေါင်းငိုက်စိုက်ကျနေသော ဘတုတ်၏ အနီးကို တုတ်ဓားများကိုင်၍ သွေးတိုးစမ်းသည့်အနေဖြင့် ချဉ်းကပ်သွားလေလျင်။

     ” ဟေ့…သူလည်းအရူး…ငါလည်းအရူး…အကုန်လုံး အရူး…ဟား…ဟား…အရူးတွေ…အရူးတွေ…ဟား…ဟား…ဟား….”

     ဘတုတ်ကား ရုတ်တရက် ထခုန်ပြီး ပြူးကြောင်ကြောင် မျက်၀န်များဖြင့် ခုန်ပေါက်ကခုန်လေ၏။

      လူအုပ်ကြီးမှာတော့ ဘတုတ်၏ အဖြစ်အပျက်ကို ကြောင်အမ်းကာ ကြည့်မိနေကြစဉ် တစ်ယောက်သော သူက…

     ” ကဲဟေ…အံဖွယ်ဘတုတ်ကို နိဂုံးချုပ်ပေးဖို့သင့်ပြီဟေ့…”

     ဟုဆိုကာ ဘတုတ်ကို သတ်ရန်ဆော်သြ၏။ သို့သော်…တစ်ယောက်သောသူကပင် ထပ်မံ၍

     ” အားလုံးပဲ တော်ကြ၊ တော်ကြ၊ ဘာလို့များ သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ်အဖြစ်ယူနေကြတော့မလဲ။ အခု ဘတုတ်က သူ့စရိတ်နဲ့ သူသွားတော့မှာ။ ဒီအတိုင်း ထားရစ်လိုက်ကြပါတော့ကွာ…”

     ထိုသူ ပြောသည့် စကားက နည်းလမ်းကျပါသည်။

     ဘတုတ်သည် ထိုနေရာကနေ သွက်သွက်ခါအောင်ရူးနှမ်းပြီး ပြေးထွက်သွားခဲ့သည်။

     မစံပယ်ကိုလည်း သူ၏ အဒေါ်ဖြစ်သူ ဒေါ်လေးတင်က ဖေးမကာ ခေါ်ဆောင်သွားခဲ့သည်။

* * * * *

    ဤသို့ဖြင့် ဇာတ်လမ်းကို နိဂုံးချုပ်ရပါလျင်…။

    အချိန်နှစ်ပါတ်ခန့် ကြာသောအခါ တောခွေးများ စားသောက်ထားသည်မို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဘတုတ်၏ အလောင်းကို အကျေရွာနှင့် ရွာနှင့်နှစ်ခေါ်သာသာလောက်ရှိသော သုသာန်ဆီတွင်တွေ့လိုက်ရလေ၏။

      မစံပယ်သည်လည်း သူရူးစကားကြောင့် သူ့ဘာသာသူ ပြန်လည်သုံးသပ်ရာ စိတ်မခိုင်နိုင်သေးသည်မို့ သာသနာ့ဘောင်ဆီကို မ၀င်ဖြစ်သေးဘဲ အိုင်ကျင်းရွာရှိ ဒေါ်လေးတင်၏ နေအိမ်ဆီ၌သာ အတူတကွနေထိုင်ရင်း လုပ်ကိုင်စားသောက်လေ၏။

     ဘတုတ်ကောင်းစားစဉ်က နောက်တော်ပါးများအဖြစ်ရှိနေကြသော သူများမှာတော့ ဘတုတ်မရှိချိန် သက်ဆိုင်ရာ ရွာအသီးသီးက ဝိုင်း၀န်းဖယ်ကျဉ်ထားကြသည်မို့ သေသူသေ၊ အသတ်ခံရသူ ခံရဖြင့် အဆုံးသတ်မလှပသော ဘ၀များကို ပိုင်ဆိုင်ကုန်ကြ၏။

     မည်သို့ပင်ဖြစ်စေကာမူ အကျေနယ်တကြောတွင်တော့ အံဖွယ်ဘတုတ်မည်သော လူမိုက်တစ်ယောက်၏ ဆိုးရွားသော အုပ်စိုးမှု ဒဏ်မှ လွတ်မြောက်ခဲ့ကြရလေပြီပင်။

     ဘတုတ်ကြောင့် ခံစားနေကြရသည့် ဒုက္ခအပေါင်းမှ ထူးကဲစွာ ကယ်တင်ခဲ့သည့် အရူးသူတော်မည်သော သူရူးကိုတော့ ရွာသူရွာသားတို့ကား ကျေးဇူးတင်မဆုံးတော့။ နောက်တစ်ကြိမ်ပြန်တွေ့လျင် ကျေးဇူးဆပ်ဖို့ကိုပင် အားလုံးတိုင်ပင်ထားကြရာ၏။

      သို့သော်…။

     အရူးသူတော်သည်ကတော့ သူတို့နယ်ဆီကို နောက်တစ်ကြိမ်ထပ်မံ၍ ရောက်ရှိမလာတော့ပေ။

ပြီးပါပြီ။

                                     နောင်ရိုး( ဆေးတပ်)