“ဦးဖိုးဝေ နှင့် ကြာကန်ရွာသင်္ချိုင်း”(စ/ဆုံး)

“ဦးဖိုးဝေ နှင့် ကြာကန်ရွာသင်္ချိုင်း”(စ/ဆုံး)

=================================

◾အခန်း (၁)

ဦးဖိုးဝေ နှင့် သူရိယတို့သည် ဦးစံပေါ၏အိမ်မှ နံနက်ခင်း စောစောတွင် ထွက်လာကြသည်။ယခု သူတို့ သွားနေသော နေရာမှာ ကြာကန်ရွာသို့ ဖြစ်သည်။သူတို့၏ကျင့်စဥ်များ ကျင့် ရာ လက်လုပ်တောင်ရှိသည့် ရွာလေးလည်းဖြစ်သည်။ထိုရွာကို သွားရမည့်ခရီးမှာ အတော်အလှမ်းဝေးသော်လည်း ကိုညွန့်ဝင်းတို့ပင် ဒီအထိ သူတို့အားစုံစမ်း၍ လိုက်လာကြသည် ဆို၍ အတော်ကိုပင် အရေးကြီးသည့်ကိစ္စဖြစ်မည်ဟု ဦးဖိုးဝေ တွေးမိသည့်နည်းတူ သူရိယသည်းလည်း ထိုသို့သော အတွေးကို တွေးမိလာ၍ နှုတ်မှထုတ်မေးလေတော့သည်။

“အဘ ကိုညွန့်ဝင်းတို့က ဒီအထိလာတယ်ဆိုတော့ ကိစ္စက တော်တော်ကြီးလို့ ထင်တယ် ”

“အဘလည်း အဲ့တာပဲ တွေးနေတာ တော်ရုံဆိုရင် ကြာကန်ရွာဝန်းကျင်မှာ ဆရာကောင်းတွေ ပေါပါတယ် ”

“ကျနော်တို့က ဝေမာနိကဘုံမှာ ကြာသွားတော့ ကိုညွန့်ဝင်းတို့ နဲ့ မဆုံလိုက်ရဘူး ”

“ကဲ ကဲ နေ့ရော ညရော ခရီးဆက်ကြတာပေါ့ လူလေးရယ် ”

“ကျနော်က ရပါတယ် အဘရာ အဘပင်ပန်းမှာပဲ စိုးရိမ်နေတာ ”

“မစိုးရိမ်နဲ့ လူလေး အဘက တော်ရုံနဲ့ ပင်ပန်းဦးမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ကျင့်ကြံထားတဲ့ သမာဓိနဲ့ သမထတွေက အထောက်ကူပြုနေတာမလို့လေ ”

သူရိယသည် ဦးဖိုးဝေ၏ စကားကို ခေါင်းညိတ်ပြီး ထောက် ခံလိုက်ကာ ကြာကန်ရွာသို့ ခရီးနှင်နေကြပါသည် ။

◾အခန်း (၂)

နေ့ဘက်တွင် ထမင်းစားချိန် နှင့် ညဘက်တွင် သုံးနာရီမျှသာ အိပ်စက်အနားယူကြပြီး ဦးဖိုးဝေတို့ မနားမနေခရီးဆက်လာရာ သုံးရက်မြောက်သော နံနက်ခင်းတွင် ကြာကန်ရွာအနီးသို့ ရောက်လာပြီ ဖြစ်သည်။ကြာကန်ရွာလေးသည် လင်းကြက်တွန်သံများနှင့် ကျေးငှက်တို့အော်သံများဖြင့် နံနက်ခင်းကို အစပြုလျက် ရှိသည်။ မည်သည့်အရာမှပြောင်းလဲမှုမရှိ သစ်ပင်ငယ်များသာ သစ်ပင်ကြီးအဖြစ် ပြောင်းလဲလာသည့် ကြာကန်ရွာအလယ်ရှိ လှည်းလမ်းလေးအတိုင်း ဦးဖိုးဝေနှင့် သူရိယသည်လမ်းလျှောက်နေရင်း ဦးဖိုးဝေမှ စကားဆိုလာသည် ။

“လူလေး အဘတို့ ကြာကန်ရွာကို စရောက်တုန်းကအချိန်ကို ပြန်ပြီးသတိမရဘူးလား ”

“ရတာပေါ့ အဘရာ အဲ့ဒီတုန်းက ကျနော်က ကလေးသာသာ လေးနော် ”

“ဟုတ်တယ် အခုတော့ အချိန်တွေက မြန်လိုက်တာ လူလေးတောင် အရွယ်ရောက်လာပြီ ”

“ကျနော်တို့ ဘယ်သူ့အိမ်သွားကြမလဲ အဘ ”

“ညွန့်ဝင်းအိမ်ကိုပဲ သွားကြတာပေါ့ ”

“အင်း ကိုညွန့်ဝင်းကတော့ ပြန်ရောက်လောက်ပါပြီ ”

ဦးဖိုးဝေ နှင့် သူရိယသည် စကားပြောပြောဆိုဆို နှင့် အိမ်ဝိုင်း တခုထဲသို့ ဝင်သွားလေသည်။အိမ်ဝိုင်းထဲရောက်ချိန်တွင် လမ်းကောင်းကောင်းလျှောက်တတ်နေပြီဖြစ်သော ကလေးငယ် လေးတယောက်သည် ဦးဖိုးဝေတို့ကိုမြင်သည်နှင့် အိမ်လေးထဲသို့ စကားမပီမသ နှင့် လှမ်းအော်ပြီး စကားဆိုလေသည် ။

“အမေ ဧည့်သည်တွေ လာနေတယ် ”

“အေး အေး သားလေး ”

ကလေးငယ်၏ စကားဆုံးသည် နှင့် အိမ်ထဲမှ အမျိုးသမီး တယောက်ထွက်လာလေသည်။ထိုအမျိုးသမီးမှာ ညွန့်ဝင်း၏ ဇနီး မနွယ် ဖြစ်လေသည်။မနွယ်သည် ဦးဖိုးဝေတို့ကို မြင်သော အခါ ဝမ်းသာပြုံးရွှင်စွာဖြင့် အိမ်နောက်ဖက်အတွင်းသို့ လှမ်းအော်လိုက်ကာ

“ကိုညွန့်ဝင်း ဆရာကြီးတို့ ရောက်လာပြီ ”

“ဟေ ဟုတ်လား ”

ကိုညွန့်ဝင်းသည် ဦးဖိုးဝေတို့ရောက်နေသည်ဟု ကြားသည် နှင့် အိမ်အတွင်းမှ ကမန်းကတန်း ထွက်လာကာ ဦးဖိုးဝေတို့အား ဧည့်ဝတ်ပြုလေသည် ။

“အစောကြီးရောက်လာတာပဲ ဆရာကြီး အိမ်ပေါ်တက်ပါဗျ နားကြပါဦး ”

“ရပါတယ်ကွယ် ငါ့တူကြီး ဦးကြီးကို လာရှာတယ်ဆိုတာနဲ့ အလျင်စလို လိုက်လာခဲ့တာပဲ ”

“အဲ့ဒီ့အကြောင်း ပြီးမှပြောပြပါ့မယ် ဆရာကြီး”

“မနွယ်ရေ ဆရာကြီးတို့အတွက် မနက်စာလေး ပြင်ဆင်ပေးအုံး”

” ကျနော်လည်း ရွာထဲက ရပ်မိရပ်ဖတွေကို ဆရာကြီးလာတဲ့အကြောင်းသွားပြောလိုက်ဦးမယ် ”

“အေး အေး ဦးကြီးတို့လည်း မနက်စာစားပြီးရင် လက်လုပ်တောင်ပေါ် တက်လိုက်ဦးမယ်ကွယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး ကျနော်တို့ လက်လုပ်တောင်ပေါ် လိုက်လာခဲ့ပါ့မယ် ”

ညွန့်ဝင်းသည် ဦးဖိုးဝေတို့ လာသည်ကို အတော်၀မ်းသာနေဟန်ရှိသည်။ထို့ကြောင့် ရွာထဲသို့ အလျှင်အမြန်သွား၍ ပြောပြခြင်း ဖြစ်သည်။မနွယ်သည် မနက်စာကို ပြင်ဆင်ပေးပြီး ဦးဖိုးဝေတို့အား ကျွေးမွေးလေသည်။ဦးဖိုးဝေသည် မနွယ် ဧည့်ခံသော မနက်စာကို စားပြီးနောက် သူတို့ကျင့်ကြံရာနေရာဖြစ်ခဲ့ဖူးသည့် လက်လုပ်တောင်ဆီသို့ ထွက်ခွါသွားပါတော့သည်။

◾အခန်း (၃)

ဦးဖိုးဝေ နှင့် သူရိယသည် မရောက်တာကြာပြီဖြစ်သော လက်လုပ်တောင်ပေါ်သို့ တက်သည့် လမ်းတလျှောက် ခြုံနွယ် ပိတ်ပေါင်းများထူထပ်နေမည် ဟု ထင်ထားသော်လည်း လမ်းမှာ ရှင်းလင်းနေပြီး မြက်များနှင့် လမ်းပိတ်စေနိုင်သည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းထားသည်ကို မြင်တွေ့ရလေသည်။တောင်ပေါ်သို့ ရောက်သောအခါ တဲလေးနှင့် တခြားသောနေရာများလည်း ရှင်းလင်းနေပြီး အမှိုက်သရိုက်ပင် မတွေ့ရ၍ သူရိယမှာ အံ့ဩနေလေသည်။ဦးဖိုးဝေသည် ရှင်းလင်းနေသော တဲလေးနှင့် လက်လုပ်တောင်ဝန်းကျင်ကို ကြည့်ကာ

“လူလေးရေ ကြာကန်ရွာသားတွေက တို့တွေအပေါ် အတော်ကို သံယောဇဉ် ရှိတာပဲ မရောက်တာကြာနေလို့ သစ်ပင်တွေ နွယ်ပင်တွေ နဲ့ ရှုပ်ယှက်ခတ်နေပြီး အတော်ကို ရှင်းရမယ် ထင်ထားတာ အခုတော့ ရွာသားတွေက အမြဲ ရှင်းလင်းထားပုံပဲ ”

“ဟုတ်တယ် အဘရေ ကျနော်တို့ကို အတော် သံယောဇဉ်ရှိတာပဲ ”

“အင်း အဘအထင်တော့ အဘတို့က ဦးစံတင်ရဲ့လက်ထဲကနေ ကယ်ခဲ့လို့ ကျေးဇူးရှင်တွေအဖြစ် သတ်မှတ်ထားပုံပဲ ”

“တဦးစေတနာ တဦးမေတ္တာပေါ့ အဘရယ် အိုးခွက် ပန်းကန် တွေက အစ သူ့နေရာ နဲ့ သူရှင်းလင်းနေတာပဲ ကျနော် ရေနွေး အိုးလေး တည်လိုက်ဦးမယ် ရေသွားခပ်လိုက်မယ်နော် အဘ ”

“အေးအေး အဘကတော့ နည်းနည်းမောနေပြီ တဲထဲ၀င် အနားယူလိုက်ဦးမယ် ”

သူရိယသည် ရေပုံးကိုဆွဲကာ တောင်ခြေရှိ ရေတွင်းဆီသို့ ရေခပ်ရန် ဆင်းသွားလေသည်။ဦးဖိုးဝေသည်က တဲလေးပေါ်တက်ပြီး ထိုင်နေစဉ် တဲအပြင်မှ လူထွားကြီးတဦး ရပ်ပြီး ဦးဖိုးဝေအား စကားဆိုလေသည် ။

“ဆရာကြီး ကျုပ်က တောင်ပိုင်ငအုပ်ပါ ဝင်ခဲ့ပါရစေ ”

“ဝင်ခဲ့ပါ တောင်ပိုင်ကြီး ”

တောင်ပိုင်ကြီးသည် သူ၏ ကြီးမားထွားကြိုင်းသော အရပ်အမောင်းကြီး နှင့် မလွတ်သော တံစက်မြိက်ကို ခေါင်းငုံ့ဝင်လာပြီး ဦးဖိုးဝေ နှင့် မလှမ်းမကမ်းတွင် ရပ်‌နေကာ

“ဆရာကြီး မတွေ့တာ အတော်ကြာပြီ‌ ကျုပ်က ဆရာကြီးကို သတိရနေတာ ”

“ဟုတ်တယ် တောင်ပိုင်ကြီးရေ ကျုပ်လည်း လောကီအရှုပ်တွေကို ရှင်းပေးနေရတာ အခုတောင် ကြာကန်ရွာမှာ ဘာပြဿနာရှိလို့လဲ မသိဘူး ကျုပ်ကို လာခေါ်တယ်ဆိုလို့ လိုက်လာရတာ ”

“ဟုတ်တယ် ဆရာကြီးရေ ကျုပ်လည်း ဒီတောင်ပဲ ပိုင်တာမို့ အခုပြဿနာဖြစ်နေတဲ့ အရာကို မရှင်းပေးနိုင်တာပါ ”

“ဒီက ပြဿနာတွေကို တောင်ပိုင်ကြီး သိတာလား ”

“သိပါတယ် ဆရာကြီး ရွာသင်္ချိုင်းက မကျွတ်မလွတ်သေးတဲ့ နာနာဘဝတွေ သောင်းကျန်းနေတာပါ ညဆို ခွေးတွေ နွားတွေကို ဝင်ပူးပြီး တရွာလုံး ဆူညံနေတာပါပဲ အခု ကြားတာတော့ လူတွေကိုတောင် တယောက်စ နှစ်ယောက်စ ဝင်ပူးနေပြီ ဆရာကြီး ”

‘အင်း ဘယ်လိုကစဖြစ်တာလဲ မသိဘူး တောင်ပိုင်ကြီး ”

“အဲ့တာတော့ ကျုပ်လည်း မသိပါဘူး ရွာသားတွေလည်း တောင်ပေါ် လာနေပြီမို့ ကျုပ်ကို့ ခွင့်ပြုပါဦး ဆရာကြီး ”

“ကောင်းပါပြီ တောင်ပိုင်ကြီး ”

တောင်ပိုင်ကြီးသည် ဦးဖိုးဝေနှင့် စကားပြောပြီးသောအခါ တဲအပြင်သို့ ထွက်သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။တောင်ပိုင်ကြီး ပျောက်ကွယ်သွားသည်နှင့် မရှေးမနှောင်းမှာပင် ကြာကန်ရွာသားများ နှင့်အတူ ရေသွားခပ် သော သူရိယပါ ပြန်ရောက်လာလေ၏။ရွာသားများသည် တဲအတွင်းသို့ ဝင်ခွင့်တောင်းကာ ဦးဖိုးဝေ၏ အရှေ့မြေပြင်ပေါ်တွင်ထိုင်လိုက်ကြပြီး ရွာလူကြီးမှ စကားစလေ၏။

“ဆရာကြီး ရောက်လာတာ ကျနော်တို့ အားရှိတာပဲဗျာ ဆရာကြီး မရောက်ခင်တုန်းကဆို ကျနော်တို့ အတော်ကို စိတ်မချမ်းမသာ ဖြစ်နေတာ ”

“ညွန့်ဝင်း နဲ့ တင်အောင်တို့ကို ခရီးအဝေးကြီးလွှတ်ပြီး ရှာ ခိုင်းတယ် ဆိုတော့ ဘာဖြစ်လို့လဲ သူကြီး ”

ဦးဖိုးဝေသည် ဖြစ်နေသည့် ပြဿနာကို သိသော်လည်း ရွာသားများပြောပြသည်ကို နားထောင်ချင်သဖြင့် မေးလိုက်သည်။ထိုအခါ ရွာလူကြီးသည် သက်ပြင်းတချက်ကို လေးပင်စွာ ချလိုက်ကာ

“ဘာတွေဖြစ်နေမှန်းကို မသိပါဘူး ဆရာကြီးရယ် သင်္ချိုင်းကနေဖြတ်သွားတဲ့ ခွေး နွား အကုန် ညဆိုသောင်းကျန်းနေတော့ တာ အရင်က ခွေးတွေ နွားတွေပဲ ဖြစ်တာ အခုဆို လူတွေပါ ဖြစ်နေပြီ ကျနော်လည်း ဘယ်လို ရှင်းပြရမှန်းကို မသိတော့ဘူး ”

ရွာလူကြီးမှ သူနားလည်သလောက် ရှင်းပြနေ၏။ရွာလူကြီးဘေးတွင်ရှိသော ညွန့်ဝင်း အပါအဝင် တခြားသော ရွာသားများ သည်လည်း သူတို့ နားလည်သလောက် ရွာ၏ အဖြစ်အပျက် များကို တယောက်တပေါက် ရှင်းပြကြလေရာ ဦးဖိုးဝေမှ နားထောင်ပြီး ခေါင်းကိုညိတ်ကာ

“ကဲ ညမှပဲ ကျုပ်တို့ ကိုယ်တိုင် စနည်းနာကြည့်လိုက်ပါမယ် ရွာသူရွာသားတွေ ဘာမှ စိတ်မပူကြနဲ့တော့ ”

“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် ကျနော်တို့ တရွာလုံး လည်းကြောက်နေကြတာ ညဆို တကယ်ကို ကြောက်ဖို့ကောင်းတယ် ဆရာကြီး မိုးချုပ်ပြီဆိုတာနဲ့ ဘယ်သူ့အိမ်က တိရစ္ဆာန်သောင်းကျန်းမလဲ တွေးပူနေရာကနေ အခုတော့ ခွေးတွေ နွားတွေပါမကဘူး လူတွေပါ သောင်းကျန်းနေလို့ပါ ဆရာကြီးရေ ”

“ဒီည ကျုပ် နဲ့ လူလေး သူရိယ ဖြစ်နေတာကို အရင်စုံစမ်းပါ့မယ် ရွာသားတွေအနေနဲ့ ကျုပ်တို့ ရောက်လာပြီဆိုပြီး အတင့်မရဲစေချင်သေးဘူး အရင်နေ့တွေလိုပဲ နေပေးကြပါလို့ ကျုပ် မေတ္တာရပ်ခံပါတယ် ”

ဦးဖိုးဝေစကားအား ရွာသားများသည်အထွန့်မတက်ဘဲလက် ခံလိုက်ကြပြီးနောက် လက်လုပ်တောင်ပေါ်မှ ဆင်းသွားကြလေသည်။ညွန့်ဝင်း နှင့် ရွာလူကြီးသာ တောင်ပေါ်မှ မဆင်းသေးပဲ ကျန်ခဲ့ပြီးနောက် ဦးဖိုးဝေအား

“ဆရာကြီး ညစာ ကျနော်တို့ လာပို့မယ်နော် ချက်မနေတော့နဲ့ စောစော လာပို့မယ် ”

“သူကြီးတို့ အလုပ်ရှုပ်နေမယ် ဆိုရင်ဖြင့် မ‌ပို့ပေးပါနဲ့ ရပါတယ်”

“အလုပ် မရှုပ်ပါဘူးဗျာ ရပါတယ် ”

ထို့နောက် ရွာလူကြီး နှင့် ညွန့်ဝင်းသည် ဦးဖိုးဝေအား နှုတ်ဆက်ကာ တောင်ပေါ်မှ ပြန်ဆင်းသွားပါလေတော့သည်။

◾အခန်း (၄)

ဦးဖိုးဝေသည် ကွမ်းတယာကို ဝါးရင်း ကြာကန်ရွာသင်္ချိုင်းအကြောင်းစဉ်းစားနေ၏။သူရိယသည် မီးမွှေး၍ ရေနွေးအိုးတည်နေသည်။ရေနွေးအိုးကို မီးထိုးထားပြီး တဲကွပ်ပျစ်ပေါ်တွင် ထိုင်နေသော ဦးဖိုးဝေအား

“အဘ ဘာတွေများ‌တွေးနေတာလဲ ”

“အေး လူလေးရေ ကြာကန်ရွာအကြောင်းပေါ့ အမြဲတန်း ထူးထူးဆန်းဆန်းတွေပဲ ဖြစ်နေတာ ဟိုတခါ စံတင်ကိစ္စတုန်းကလည်း ရွာအပြင်တောင်ထွက်နေကြရတယ် သူတို့တွေလည်း တကယ်ကို ဒုက္ခပဲ ”

“ရွာသားတွေပြောပုံအရ အရမ်းဆိုးဝါးတာမဖြစ်သေးလောက် ဘူး အဘ သူတို့က အရင်တုန်းကလည်း ထူးဆန်းတာတွေ တွေ့ကြုံထားရတာဆိုတော့ အကြောက်ပိုနေတာ ဖြစ်မယ် ”

“ပြောမရဘူး လူလေးရေ တောင်ပိုင်ကြီးငအုပ် ပြောပုံအရဆို ကြာကန်ရွာသင်္ချိုင်းက နာနာဘာဝတွေ ဖြစ်ချင်တိုင်း ဖြစ်နေတာ ဆိုပဲ ”

“ဟုတ်လား အဘ အဲ့ဒါဆို ကျနော်တို့ ဘယ်ကို အရင်သွားစုံစမ်းရမလဲ ”

“အင်း ညွန့်၀င်းတို့ ထမင်းလာပို့မှာဆိုတော့ ညစာ စားပြီး သောက်ပြီးမှပဲ ရွာထဲ အရင် ဝင်ကြည့်ကြတာပေါ့ကွယ် ”

“ဟုတ်ကဲ့ အဘ ”

သူရိယသည် ရေနွေးအိုးတည်ထားသည်မှာ ဆူနေပြီမို့ လက်ဖက်ခြောက်ခပ်လိုက်ပြီး ဦးဖိုးဝေ၏အရှေ့သို့ ရိုသေစွာချပေးလိုက်သည်။ထို့နောက် ပညာရပ်များအကြောင်းနှင့် ကြာကန်ရွာအကြောင်း စကားစမြည်ပြောနေချိန် ညွန့်ဝင်း နှင့် တင်အောင်တို့သည် ထမင်းအုပ်နှင့် တောင်းတလုံးကို သယ်လာကြသည်။ထို့နောက် သူတို့ ယူလာသော စားစရာ သောက်စရာများအား တဲပေါ်တင်ပေးလိုက်ရင်း

“ဆရာကြီးရေ နေမဝင်ခင် ထမင်းစောစော လာပို့တာ မိုးချုပ် ရင် ကျနော်တို့လည်း အပြင်မထွက်ရဲတော့ဘူး ”

“‌ငါ့တူကြီးတို့လို သတ္တိကောင်းတဲ့သူတွေတောင် ကြောက်နေတာလား ”

“ဘာဖြစ်လဲမသိပါဘူးဆရာကြီးရယ် ကျနော်တို့ တရွာလုံး မိုးချုပ်ပြီဆိုတာနဲ့ တုပ်တုပ်တောင် မလှုပ်ရဲအောင် ကြောက်နေကြတာ ”

“ကဲ ကဲ အဲ့ဒါဆိုရင်လည်း နေမဝင်ခင် ပြန်ကြ နောက်နေ့မှ ထမင်းအုပ် နဲ့ ချိုင့်တွေ သူရိယကို ပြန်ပို့ခိုင်းလိုက်မယ် ”

“ဟုတ်ကဲ့ပါ ဆရာကြီး ”

ညွန့်ဝင်း နှင့်‌တင်အောင်သည် ဦးဖိုးဝေ နှင့် သူရိယ အား နှုတ် ဆက်ကာ ပြန်သွားကြလေသည်။ဦးဖိုးဝေသည် သူရိယကို ကြည့်ကာ

“ကဲ လူလေးရေ အဘတို့လည်း ထမင်းစောစောစားပြီး ရွာထဲ ကို စနည်းနာကြည့်‌ရအောင်လို့ ထမင်းပြင်တော့ကွယ် ”

“ဟုတ်ကဲ့ အဘ ”

သူရိယသည် တောင်းထဲမှ ထမင်းအုပ် နှင့် ဟင်းများကို တဲ ကွပ်ပျစ်တွင် ‌ပြင်ဆင်လိုက်ပြီး အသင့်ဖြစ်သောအခါ ဦးဖိုးဝေ အား ထမင်းစားရန်အတွက် ခေါ်လိုက်ပါတော့သည် ။

◾အခန်း (၅)

ကြာကန်ရွာ၏ နေဝင်မိုးချုပ်စအချိန်သည် တိတ်ဆိတ်ခြင်း ကြီးစိုးလျက် ရှိသည်။သာမာန်အချိန်ထက်ပင်‌ စော၍ မီးများ ငြိမ်းထားခြင်းကြောင့် ရွာလေးမှာ မှောင်အတိ ဖြစ်နေသည် ။သို့ပေမဲ့ ရွာလမ်းလေးအား ဝိုးတဝါး မြင်နေရသေးသည်။ထိုအမှောင်အတိ ကျနေသော ရွာလေးထဲတွင် ဦးဖိုးဝေ နှင့် သူရိယ တို့လမ်း လျှောက်နေလေသည်။ထိုစဉ် ရွာသင်္ချိုင်းဘက်ဆီမှ ခွေးအုပ်စုလိုက်သည် ဆွဲဆွဲငင်ငင်အူသံပေးကာ ရွာအတွင်းသို့ ဝင်လာ၍ သူတို့နှစ်ယောက် လမ်းဘေးသို့ ကပ်ပေးလိုက်ကြသည်။ခွေးများ၏မျက်လုံးများမှာ အမှောင်ထဲတွင် မီးမထိုးထားပါပဲနှင့် ရဲရဲနီနေကြသည် ။ ထိုခွေးအုပ်စုလိုက်သည် တလှမ်းခြင်း လမ်းလျှောက်ရင်း မာန်ဖီလိုက် အူလိုက်နှင့် သာမာန် ခွေးများ နှင့် မတူပဲ သရဲ၊ဘီလူးစီးနေသော ခွေးများနှင့်သာ တူနေသည်။ ထိုခွေးအုပ်များ ကျော်သွားသောအခါမှ ဦးဖိုးဝေ နှင့် သူရိယ သည် ခွေးများနောက်လိုက်ကြရင်း ဦးဖိုးဝေ မှ အသံခပ် အုပ်အုပ်နှင့် စကားတိုးတိုး ဆိုလာသည် ။

“လူလေး သမာဓိကိုတည်ပြီး မြင်နိုင်စွမ်းကို ဖွင့်တော့ ”

“ဟုတ်ကဲ့ အဘ ”

“ဒီခွေးတွေမှာ မကောင်းဆိုးဝါးတွေ ပူးကပ်နေတယ် ဆိုတာ သေချာတယ် ”

“ဟုတ်တယ် အဘ ”

“ကဲ အမြင်စွမ်းတွေ ဖွင့်ပြီး လိုက်ကြည့်ကြတာပေါ့ သူတို့ ဘာလုပ်မလဲဆိုတာကိုကြည့် လူ နဲ့ တခြားသက်ရှိတွေ ထိခိုက်လာခဲ့ရင်တော့ တားရမယ် လူလေး”

“ဟုတ်ကဲ့ အဘ ”

ဦးဖိုးဝေ နှင့် သူရိယသည် သူတို့၏ အမြင်စွမ်းအားကို ဖွင့်လိုက်ချိန်တွင်တော့ သူတို့၏ မြင်ကွင်းထဲတွင် အမှောင်ထု သည် ကြီးစိုးမနေတော့ပဲ အရာအားလုံး ရှင်းလင်း ပြတ်သားနေလေသည် ။ ခွေးများ နောက်လိုက်သွားရာတွင် ခွေးများ၏ ကိုယ်ခန္ဓာတွင် အရိပ်မဲများကပ်ပါနေသည်ကို တွေ့လိုက်ရ၏။ ထိုခွေးများသည် ရွာလယ်ရှိအိမ်ကြီးတအိမ်၏ ဝိုင်းထဲဝင်သွားပြီး နွားတင်းကုပ်ကို ဝိုင်း၍ ကြည့်နေ၏။ထို့နောက် ခွေးတကောင်၏ ခန္ဓာကိုယ်ထဲမှ မဲမဲအရိပ်တခုမှာထွက်သွားပြီး တင်းကုတ် ထဲဝင်သွားလေ၏။အရိပ်ထွက်သွားသည်နှင့် ခွေးသည် ‌သူ၏ ဘေးတွင်ရှိသော ခွေးများကို ကြည့်ကာ ကြောက်လန့်တ ကြား‌ ထိုးဟောင်ပြီး အိမ်ဝိုင်းထဲမှ ပြေးထွက်သွားလေသည်။ထိုခွေး ထွက်သွားပြီ မကြာမီ တင်းကုတ်ထဲမှ နွားတကောင်သည် ချည်ထားသော ကြိုးအား ဦးချို နှင့် ရစ်ပတ်ပြီး ရုန်းကာ တင်းကုတ်ထဲမှ ထွက်လာလေသည်။ထိုနွား၏ ကိုယ်တွင်လည်း အရိပ်မဲတကောင် ကပ်ပါလာလေ၏ ။ခွေးများ နှင့်အတူ နွားသည် ‌ကျယ်လောင်စွာ အော်ဟစ်ကာ အိမ်ဝိုင်းဘေးရှိ ဝါးကပ်များကို တွန်းဝှေ့နေလေသည်။ထိုအခြင်းအရာကို မြင်‌နေရသော သူရိယသည် ပညာရပ်ဖြင့် တားဆီးမည့်ဟန် ပြင်နေစဉ် ဦးဖိုးဝေမှ တားလိုက်ပြီး

“လူလေး ဝရုန်းသုန်းကား အခြေအနေဖြစ်အောင် မလုပ်သေးနဲ့ ဦး သူတို့ကို ခိုင်းနေတဲ့ သူတော့ရှိနိုင်တယ် ဒါကို အဘတို့ အရင်သိအောင် လုပ်ရမယ် ”

“ဟုတ်ကဲ့ အဘ ”

“ခွေးတွေမှာ အရင် ပူးကပ်ပြီး နောက် နွားထဲဝင်တယ်နော် လူလေး အခု နွားက အတော်ချောတဲ့ နွားပဲ လူလေး သူတို့က ရွေးပြီး ဝင်ပူးတာ နေမယ် ”

ထို့နောက် ထိုအိမ်ဝိုင်းထဲမှ ခွေးအုပ် နှင့်အတူ နွားတကောင်မှာ နောက်ထပ် အိမ်ဝိုင်းထဲသို့ ဝင်ပြန်လေသည် ။ ဤသို့ဖြင့် ခွေးတကောင်ထဲမှ အရိပ်မဲသည် နွားထဲသို့ ပြောင်း ပြောင်းဝင်သွားချိန် ‌ အရိပ်မဲခွါသွားသော ခွေးမှာ ကြောက်လန့်အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။ဤသို့ဖြင့် နွားလေးကောင်အထိ ဝင်ပူးပြီးချိန် အိမ်ဝိုင်း နောက်တဝိုင်းသို့ ဝင်ရာ ထိုအိမ်ဝိုင်းသည် ကြာကန်ရွာ၏ သူဌေးသူကြွယ်တဦး၏အိမ် ဖြစ်သည်။ အိမ်ဝိုင်းထဲရောက်သောအခါ ကျန်သော ခွေးများထဲမှ တွယ်ကပ်နေသော အရိပ်မဲသည် အိမ်ပေါ်သို့ တဖြည်းဖြည်း တက်သွားလေသည်။ထိုသို့ အရိပ်မဲတက်သွားချိန်တွင် အိမ်ဝိုင်းထဲတွင်ရှိသော ခွေးများ နှင့် နွားများသည် အော်ဟစ်ကာ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် အိမ်ပေါ်မှ အမျိုးသမီးကြီးတဦးသည် လက်ဝတ်ရတနာများအပြည့်အစုံ ဝတ်ဆင်ပြီး အိမ်အောက်သို့ ဆင်းလာလေသည်။သူ၏ ကိုယ်တွင်တော့ အရိပ်မဲများသမ်းလျက်ရှိ၏။ ထို့နောက် ခွေးများ၊နွားများ နှင့်အတူ ရွာလယ်လမ်းအတိုင်း ကြာကန်ရွာသင်္ချိုင်းဘက်ဆီသို့ ထွက်ခွါ သွားလေတော့သည်။ ဦးဖိုးဝေ နှင့် သူရိယ သည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်၍ သွားပါတော့သည် ။

◾အခန်း (၆)

သချိုင်းမြေနေရာသည် မှောင်မဲနေသော်လည်း ဦးဖိုးဝေ နှင့် သူရိယတို့၏ မြင်ကွင်းတွင်တော့ အရှင်းသားမြင်နေရသည်။ ခွေးများသည် သင်္ချိုင်းကိုရောက်သည်နှင့် အရိပ်မဲမှာထွက်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ သင်္ချိုင်းမြေနေရာမှ ပြေးထွက်သွားကြသည်။နွားငါးကောင်သည် အရိပ်အမဲများသန်းနေလျက်ပင်ရှိသည် ။သျှောင်ထုံးနှင့် လူသုံးယောက်သည် နွားများကို မျှဆွဲထားကြလေ၏။အရိပ်မဲကပ်ခံရပြီး သူမကိုယ် သူမ ဘာတွေလုပ်လို့ လုပ်မိမှန်းသိပုံမပေါ်သည့် ကြာကန်ရွာမှ သူဌေးမကြီး၏အနားသို့ မျက်နှာတွင် ကျောက်ပေါက်မာ နှင့် လွယ်အိတ်ကြီးကို လွယ်ထားသောလူကြီးမှာ ကပ်သွားပြီး

“ဟဲ့ နင့် လက်ဝတ် လက်စားတွေ ချွတ်စမ်း ”

အမျိုးသမီးကြီးသည် ရုပ်ဆိုးဆိုး လူကြီးခိုင်းသည့်အတိုင်း သူမ ဝတ်ထားသော လက်ဝတ်လက်စားများအား ချွတ်ပေးမည်ပြုစဉ် သူတို့နှင့် မလှမ်းမကမ်းမှ ဦးဖိုးဝေ၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည် ။

“သင်္ချိုင်းစောင့် သင်ရဲ့ သင်္ချိုင်းမှာ မကောင်းမှုဒုစရိုက် ပြု‌ နေသည်ကို ဒီအတိုင်း ကြည့်နေမှာလား အချုပ်နှောင်ခံထားရသည်ရှိသော် အခု ချက်ချင်း အားလုံးလွတ်စေ ”

ဦးဖိုးဝေ၏ စကားဆုံးသည် နှင့် လက်ဝတ်လက်စားများကို ချွတ်ပေးနေရင်းမှ သူမ၏ ကိုယ်ရှိ ကပ်နေသောအရိပ်မဲများ ပျောက်ကွယ်သွားပြီး ရုပ်ဆိုးဆိုး လူ၏ လက်ထဲမှ ‌မီးအိမ်အလင်းရောင်ကြောင့် အနီးပတ်ဝန်းကျင် နှင့် ထိုလူကြီး၏ မျက်နှာကိုမြင်ကာ သတိထားမိပြီး ထိတ်လန့်သွားကာ

“ဘယ်သူကြီးလဲ ကျမဘယ်ရောက်နေတာလဲ ကယ်ကြပါဦး ”

“အရီး မီးရောင်မြင်တဲ့ဘက်ကို ပြေးခဲ့”

သူရိယသည် သူ၏ လက်ဝါးမှ အလင်းရောင်တို့ ထုတ်လွှင့် လိုက်ကာ ပါးစပ်မှလည်း အော်ပြောလိုက်လေသည်။ထိုအခါမှ အမျိုးသမီးကြီးသည် သူရိယအနားကို ပြေးလာလိုက်ပြီး ဦးဖိုးဝေနှင့် သူရိယကိုမြင်ကာမှ ကြောက်စိတ်ကို ထိန်းကာ

“ဆရာကြီး နဲ့ သူရိယ ”

“မကြောက်တော့ နဲ့ အရီး ကျနော်တို့ ရှိတယ် ”

“ကဲ လူလေး မင်းအရီးကို ရွာထဲ ပြန်လိုက်ပို့လိုက် ပြီးရင် နွားတွေ ပြန်ဆွဲဖို့ လူတွေခေါ် ခဲ့ ကြားလား ”

“ဟုတ်ကဲ့ အဘ ”

သူရိယသည် မဆိုင်းမတွဘဲ အမျိုးသမီးကြီးကို ခေါ်ကာ ရွာဘက် သို့ ထွက်သွားလေသည်။ထိုအခါမှ ဦးဖိုးဝေသည် သင်္ချိုင်းအတွင်းသို့ တလှမ်းချင်း လှမ်းလာ၏။သူ့နည်းတူ ‌သင်္ချိုင်းထဲရောက်နေသည့် နွားဆွဲထားသော လူများ နှင့် ကျောက်ပေါက်မာလူကြီး၏ အနားသို့ သဏ္ဍန်စုံလှသော နာနာ ဘဝများလည်း တိုးကပ်လာလေသည်။နွားဆွဲထားသော သျှောင်ထုံး နှင့် လူများသည် သူတို့လက်မှ နွားကြိုးများကို လွှတ်လိုက်ပြီး သူတို့၏ ဆရာကြီး ဖြစ်ဟန်တူသော ကျောက် ပေါက်မာ မျက်နှာနှင့် လူကြီး၏အနားသို့တိုးကပ်ကာ

“ဆရာကြီး သူတို့တွေ ဘယ်လိုဖြစ်ပြီး လွတ်သွားတာလဲ ”

“ဘယ်လိုလွတ်ရမှာလဲ ဟိုအထက်လမ်းဆရာ လွှတ်ပေးလိုက်တာပေါ့ ”

“ဆရာကြီး မကောင်းဆိုးဝါးတွေ အနားကပ်လာပြီ ဟိုမှာ ထမိန်ရင်လျား နဲ့ ကောင်မကြီးက သင်္ချိုင်းစောင့် မဟုတ်လား ”

“ဒီကောင်မတွေလောက်က ငါ ဂရုမစိုက်ဘူး ဒါပေမဲ့ ဟို အထက်လမ်းဆရာက သူတို့ကို ကူညီနေရင် ငါတို့မလွယ်ဘူး ငါ့အနားတိုး ”

ကျောက်ပေါက်မာ နှင့် လူကြီးသည် သူ၏တပည့်များကို သူ့အနားတိုးစေကာ လက်သီးကို ဆုပ်လျက် ပါးစပ်တွင် ကပ်လိုက်ပြီး မန္တန်တပုဒ်ကို ရွတ်ကာ ထိုလက်သီးဆုပ်အား မြေပြင်ကို ပေါက်လိုက်သည့် နှင့် မီးလျှံမီးခိုးများထကာ ထိုလူများမှာ ပျောက်ကွယ်လို့ သွားပါလေတော့သည်။ ထိုအခါမှ ဦးဖိုးဝေသည် သူ၏မလှမ်းမကမ်းရှိ ထမီအဝါရောင်ကို ရင်လျားထားကာ စုတ်ဖွားနေသောဆံပင်တွင် ခေါင်ရမ်းပန်းအနီနီရဲရဲ တပွင့်ကို ပန်ထားသည့် သင်္ချိုင်းစောင့်မဖဲဝါအား

“ကဲ သင်္ချိုင်းစောင့် ဘယ်လို ဖြစ်တာလဲဆိုတာ ကျုပ်ကို ပြောပြစမ်း ”

“ဒီအောက်လမ်းဆရာက ကျမကို ချုပ်ထားပြီး ဒီသင်္ချိုင်းထဲက ပရလောကသားတွေကို ထိန်းချုပ်ပြီး နွားတွေကို ခိုးနေတာပါ ရွာက လူတွေက သင်္ချိုင်းက ပရလောကသားတွေ စားသောက်ပစ်တယ်ထင်နေကြတာ အခုနောက်ပိုင်း ဒီအောက် လမ်း ဆရာက နွားတွေတင်မကတော့ဘူး လူတွေရဲ့ လက်ဝတ် လက်စားတွေပါ ယူလာတယ် စေတလုံးပိုင်၊ကျမထက် သူရဲ့ ပညာကစွမ်းနေတော့ ဘာမှ မတတ်နိုင်ပါဘူး အခုလည်း စေတလုံးပိုင်ရဲ့ စေတခိုးကြောင့်သာ ကျမတို့ လွတ်လာရတာပါ ”

“ကောင်းပြီ ကျုပ် ဒီသင်္ချိုင်းအတွင်းမှာ သင်တို့ကို ဘယ် အောက်လမ်းဆရာမှ ချုပ်လို့မရအောင် ကျုပ်စီရင်ပေးမယ် ရွာက လူတွေကို ဒုက္ခမပေးပါနဲ့ သင်ရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်ပါ ”

“စိတ်ချပါ စေတလုံးပိုင် ဟိုအောက်လမ်းဆရာကို လွှတ်ထားလို့မဖြစ်ပါဘူး တခြားရွာတွေကို ဒုက္ခပေးဦးမှာ ”

“စိတ်ချ ကျုပ် မိုးလင်းတာ နဲ့သူရှိမဲ့နေရာကို လိုက်သွားမယ်”

ဦးဖိုးဝေသည် ထိုမျှသာပြောပြီး လက်သီးဆုပ်ကို နဖူးမှာ တင်ပြီး သင်္ချိုင်း မြေနေရာကို ပစ်ပေါက်ဟန်ပြုလိုက်ရာ ရွှေရောင်အလင်းတန်းများသည် သင်္ချိုင်းဝန်းတခုလုံးကို စက်ဝိုင်း သဏ္ဍာန်ဝိုင်းလိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ထို့နောက် မဖဲဝါနှင့် တခြားသော ပရလောကသားများသည်လည်း ဦးဖိုးဝေအား ခေါင်းငုံ့အရိုအသေပေးကာ သူတို့နေထိုင်သည့် သစ်ပင်များ၊အုတ်ဂူ နှင့် မြေပုံများဆီသို့ တိုးဝင် ပျောက်ကွယ်သွားကြလေတော့သည်။သိပ်မကြာသော အချိန်တွင် သူရိယ ဦးဆောင်သော ကြာကန်ရွာသားများသည် မီးတုတ်များကိုင်ကာ သင်္ချိုင်းအတွင်းသို့ ဝင်ရောက်လာပြီး နွားများကို ဆွဲကာ ဦးဖိုးဝေတို့ နှင့်အတူ ကြာကန်ရွာထဲသို့ ပြန်ဝင်သွားပါတော့သည်။

◾အခန်း (၇)

ကျေးငှက်ကလေးများ နှင့် တောကြက်လေးများ၏ တွန်သံက လက်လုပ်တောင်ပေါ်တွင် သာယာစွာ ပျံ့နှံ့လျက်ရှိသည်။ ကြာကန်ရွာသားများသည် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းပို့ သည့်အလား အစားအသောက်များကိုယ်စီ သယ်ကာ တောင်ပေါ်သို့ တက်လာကြသည်။သူတို့သည် ဦးဖိုးဝေကို မြင်သောအခါ လက်အုပ်ချီပြီး

“ဆရာကြီးတို့အတွက် မနက်စာ လာပို့တာပါ ”

ရွာသူရွာသားများသည် ပြောပြောဆိုဆို တဲကွပ်ပျစ်လေးတွင် သူတို့ ယူလာသော ထမင်း၊ဟင်းများကို တည်ခင်းလေသည်။ ထိုအခါ ဦးဖိုးဝေသည် ခေါင်းကို ခါယမ်းကာ ။

“ကြာကန်သူ ကြာကန်သားတို့ ခင်ဗျားတို့ ကျုပ်ကို လေးစားတယ်ဆိုရင် ကျုပ် ပြောစကား နာခံနိုင်မလား ”

“ပြောပါ ဆရာကြီး ”

“ကျုပ် နဲ့ သူရိယ နှစ်ယောက်တည်း ဒီအစားအသောက်တွေကို ကုန်အောင်မစားနိုင်ပါဘူး ကျုပ်တို့အတွက်က အစားအ သောက်တွေ ဒီလောက်မလိုပါဘူး တကယ်လိုအပ်တဲ့သူတွေ ဒီရွာ ဒါမှမဟုတ် တခြားရွာမှာရှိနေနိုင်တယ် မဟုတ်လား ကျုပ်တို့က အမယ်စုံလှတဲ့ ဟင်းတွေကို စားနေချိန် ထမင်းကို ဆီတောင် မဆမ်းနိုင်ပဲ ဆားဖြူးစားနေရတဲ့သူတွေ ရှိတယ်။အဲ့ဒီတော့ ကျုပ်တို့ကို တကယ်လေးစားတယ်ဆိုရင် မရှိဆင်းရဲသားတွေဆာလောင်မွတ်သိပ်နေတဲ့သူတွေကို ကျွေးပါ ကျုပ်တို့အတွက် ထမင်း နဲ့ ဟင်း တမျိုးလောက်ဆို လုံလောက်ပါပြီ။ ခင်ဗျားတို့ရဲ့ စေတနာတွေကို ကျုပ်ဖိုးဝေ သာဓု ခေါ်နေမှာပါ ”

“နားလည်ပါပြီ ဆရာကြီး ဆရာကြီး ပြောတဲ့အတိုင်း ကျမတို့ လိုက်နာပါ့မယ် ”

“သာဓု သာဓု သာဓု ကျုပ်တို့ ဒီမနက်ပဲ ခရီး ထွက်ရလိမ့်မယ် ”

“ဆရာကြီး ရောက်တာ တရက်ပဲ ရှိသေးတယ်လေ”

“မသွားလို့ မရဘူး ဒီရွာကို ဒုက္ခပေးတဲ့ သူတွေက တခြားရွာကို ဒုက္ခပေးဖို့ ကြိုးစားနေလောက်ပြီ။ သူတို့ကို အပြီးနှိမ်နှင်း ရဦးမယ် ”

ဦးဖိုးဝေသည် ထိုသို့ပြောပြီး တဲပေါ်မှ ထမင်း နှင့် ဟင်း အချို့ကို သာယူပြီး ကျန်သည်များကို ပြန်သယ်သွားခိုင်းလေသည်။သို့ပေမဲ့ ညက သူတို့ ကယ်တင်ထားသော သူကြွယ်မကြီးမှာ ဦးဖိုးဝေအား ကျေးဇူးတင်မဆုံး ဦးချကန်တော့ကာ

“ဆရာကြီးတို့ကယ်လို့ ကျမ ဒုက္ခမရောက်တာ ကျေးဇူးဆပ်ပါရစေ ”

သူကြွယ်မကြီးသည် သူ၏ လက်ကောက်များကို ချွတ်နေလေရာ ဦးဖိုးဝေမှာ တားလိုက်၏။

“ကဲ ကျုပ်တို့ကို ဒီအရာတွေပေးစရာမလိုပါဘူး ကျုပ်လိုချင် တာက က်ိုယ်ချင်းစာ တရားထားပေးဖို့ပါပဲ ”

ဦးဖိုးဝေသည် ထိုမျှသာပြောပြီး ထမင်းစားရန် တဲကွပ်ပျစ် ပေါ်သို့ တက်သွားလေ၏။သူရိယသည်က သူကြွယ်မကြီးအား

“အရီး အဘ ပြောတာက မရှိဆင်းရဲသားတွေကို ကိုယ်ချင်းစာကူညီရင် သူ့ကို ဒီလက်ကောက်တွေ ပေးတာနဲ့ အတူတူပဲလို့ ပြောချင်တာ ”

“ဟုတ်လား သူရိယ ဆရာကြီးက အရီးစပါးပေးတွေကို နှိမ်ပေးတာ သိတယ် ထင်တယ် နောက်မလုပ်တော့ပါဘူးကွယ် ဆရာကြီးကိုပြောပေးပါ ”

“သာဓု သာဓု သာဓု ပါ အရီး၊အရီးလည်း ပြန်တော့ ကျနော်တို့ လည်း မနက်စာ စားပြီးရင် ခရီးဆက်ရဦးမှာ ”

“အေးအေး လိုအပ်တာရှိရင် အရီး အိမ်ကိုသာ အချိန်မရွေးလာခဲ့နော် ”

သူရိယသည် မည်သည့်စကားမှ ပြန်မပြော ‌ပြုံးပြီးခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်သည်။ထို့နောက် သူကြွယ်မကြီးသည် သူရိယကို နှုတ်ဆက်ကာ လက်လုပ်တောင်ပေါ်မှ ဆင်းလို့ သွားပါလေတော့သည် ။

▪️ဦးဖိုးဝေ နှင့် ကြာကန်ရွာသင်္ချိုင်း သည်က ဤမျှသာ

ရေးသားသူ-မောင်တင်ဆန်း

#မောင်တင်ဆန်း

#crd