” ဦးဖိုးဝေ နှင့် အငြိုး၏ နောက်ကွယ် “(စ/ဆုံး)
================================
◾အခန်း (၁)
ခြောက်သွေ့နေသောငွေကိုင်းရွာလေး၏ လမ်းမပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်လို့နေသည်။ထိုလူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယ တို့ဖြစ်ပြီး ဒုက္ခဆင်းရဲရောက်နေသော ငွေကိုင်းရွာမှ ထွက်လာကြခြင်းဖြစ်သည်။ပညာမြင့်မားသော စုန်းဖြူတယောက်၏ မိသားစုအား အဆင်ခြင်မဲ့သတ်မိခဲ့သော အတိတ်မှလူကြီးများ၏လုပ်ရပ်သည် အပြစ်မဲ့သောလက်ရှိရွာသားများအား ဆင်းရဲဒုက္ခအတိရောက်စေသည်။သို့ပေမဲ့ တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားနေသော်လည်း အဆင်ချောခြင်းမရှိပေ။ငွေကိုင်းရွာလူကြီးနှင့် မိသူအား နောက်ထပ် မျှော်လင့်ချက်များ မပေးလိုသောကြောင့် ငွေကိုင်းရွာအရေးအား ကူညီမည်ဟု မပြောတော့ပါဘဲ ဒီအတိုင်းသာ နှုတ်ဆက်၍ ရွာမှ ထွက်လာခဲ့လိုက်သည်။
“အဘ ဒီရွာရဲ့ပြဿနာကို ကျနော်တို့ လက်လျှော့လိုက်ပြီလား”
“အဲ့လိုလဲ မဟုတ်သေးဘူး လူလေး အဘတို့ ဒီကိစ္စကိုဖြေရှင်းနိုင်မယ်လို့ တပ်အပ်ပြောလို့ မရသေးဘူး။အပြစ်မရှိတဲ့လူတယောက်တိုက်တဲ့ကျိန်စာက ဖြေပေးဖို့ခက်တယ်။လူတွေရဲ့ အတ္တနဲ့ ဒေါသကြောင့် အပြစ်မဲ့မိသားစုတခု ပြိုပျက်သွားခဲ့ရတယ် မဟုတ်လား။အဘကတော့ ငွေကိုင်းရွာလေးအတွက်ပျောက်သွားတဲ့ကလေးကို အမြန်တွေ့ပါစေလို့ပဲ ဆုတောင်း ပေးနေပါတယ်”
“အခု ကျနော်တို့ဘယ်သွားမှာလဲ အဘ”
“အဘ တခုတွေးနေတာ ဒီရွာရဲ့ ရွာဦးကျောင်းက ဘာလို့ဒီရွာသားတွေကို ရေလေးတောင် မသထှာသလဲဆိုတာ သိချင်နေတာ”
“ဟုတ်တယ်နော် အဘ ဒီရွာနဲ့အနီးဆုံး ဖြစ်တဲ့ကျောင်းမှာ ရေအလျှံပယ်ရှိပါလျက်နဲ့ ရွာထဲက ရေတွင်းမှာ တန်းစီနေရတာ မဟုတ်သေးဘူး”
“အင်း လူလေး အဘတို့ ရွာဦးကျောင်းကို သွားကြတာပေါ့ကွယ်”
ထို့နောက် သူတို့သည် ရွာနှင့်အနည်းငယ်လှမ်းသော ငွေကိုင်း ရွာဘုန်းကြီးကျောင်းသို့ ခြေဦးလှည့်လိုက်ကြပါလေတော့ သည်။
◾အခန်း (၂)
ရွာဦးကျောင်းအနီးရောက်သည်နှင့် ကျောင်းပတ်၀န်းကျင် သည် ရွာနှင့် ခြားနားစွာ စိမ်းစိုလျက်ရှိကို တွေ့လိုက်ရသည်။ဦးဖိုးဝေသည် ကမ္ဘာနှစ်ခုအလား ခြားနားနေသော ရွာဦးကျောင်းနှင့် ရွာအား အံ့သြစွာ ကြည့်နေမိသည်။သရက်ပင်၊အုန်းပင် နှင့် အမျိုးစုံလှသောအပင်များ စိမ်းစိုစွာ ပေါက်ရောက်နေသည့် ဘုန်းကြီးကျောင်းဝန်းအား ငေးမောကြည့်နေစဉ်
“ဒကာကြီးတို့ ဘာကိစ္စများရှိလို့လဲ”
“တပည့်တော်တို့က ခရီးသွားတွေပါဘုရား ဒီကျောင်းမှာ ခေတ္တမျှ တည်းခိုလို့ရနိုင်မလားလို့ ဝင်လာတာပါဘုရား”
“ရပါတယ် ဒကာကြီး ကျောင်းထဲကိုဝင်ပါ မနက်စာရော စားပြီးပြီလား”
“စားပြီးပါပြီဘုရား တည်းခိုခွင့်ပြုတာကိုပဲ ကျေးဇူးတင်လှပါပြီ”
“ရပါတယ် ဒကာကြီးရယ် ”
ဘုန်းတော်ကြီးသည် သဘောထားကောင်းလွန်းလှသည်။ဦးဖိုးဝေ နှင့် သူရိယသည် ရွာဦးကျောင်းဘုန်းကြီးမှာ သူတို့ထင်ထားသကဲ့သို့ ဟုတ်မနေ၍ တယောက်ကိုတယောက်ကြည့်ရင်း ဘုန်းကြီး ခေါ်ရာသို့ လိုက်ပါသွားလိုက်ကြသည်။ဆရာတော်သည် ကျောင်းထဲသို့ ရောက်သောအခါ
“ကိုရင် ကိုရင်တွေ ဘယ်ရောက်နေလဲ လာကြပါဦး”
“လာပါပြီဘုရား”
“ကိုရင် ဒီကဒကာကြီးတွေကို တည်းဖို့ ကျောင်းပေးလိုက်ဦး”
“တင်ပါ့ ဘုရား”
ဆရာတော် ခေါ်လိုက်သည်နှင့် ကိုရင်ကြီးတပါးရောက်လာရာ ဆရာတော်မှ မှာကြားနေခြင်း ဖြစ်သည်။ထို့နောက် ဆရာတော်သည် ဦးဖိုးဝေဘက်လှည့်ကာ
“ကဲ ဒကာကြီး ကိုရင်ကြီးနောက် လိုက်သွားပေတော့ လိုအပ်တာရှိရင် ကိုရင်ကြီးကိုသာ ပြောပေတော့”
“ကျေးဇူးတင်ပါတယ် ဘုရား”
ဦးဖိုးဝေနှင့် သူရိယသည် ဆရာတော်အား ရှိခိုးဦးချကာ ကိုရင်ကြီးနောက်သို့ လိုက်သွားကြပါသည်။
◾အခန်း (၃)
တထပ်ကျောင်းဆောင်လေးထဲတွင် ကုတင်နှစ်လုံးရှိလေသည်။ကိုရင်ကြီး ကျောင်းတခါးဖွင့်လိုက်ချိန်တွင် အရိပ်တခုသည် ကိုရင်ကြီးအား တိုးတိုက်၍ ထွက်သွားသည်။ထိုအရိပ်အား ကိုရင်ကြီးသည် မြင်ဟန်မတူပေ။ကိုရင်ကြီးအနောက်တွင် ရပ်နေသော ဦးဖိုးဝေနှင့် သူရိယသာမြင်နိုင်စွမ်း၏။ထို့နောက် ကိုရင်ကြီးသည်
“ဒကာကြီးတို့ လိုအပ်တာရှိရင် ကိုရင့်ကို ပြောနိုင်ပါတယ်”
“ကိုရင် တပည့်တော် တခုလောက် မေးချင်ပါတယ်ဘုရား”
“မေးပါ ဒကာ ကြီး”
“ကိုရင်တို့ကျောင်းမှာ ကျောင်းနေသံဃာအပါအ၀င် ဘယ်နှစ်ယောက် လောက်ရှိပါသလဲဘုရား”
“အင်း ဆရာတော်ရယ် ကိုရင်နှစ်ပါးရယ် ကပ္ပိယကြီး အဲ ကပ္ပိယကြီးက လွန်ခဲ့တဲ့လက ဆုံးသွားပြီ ဒကာကြီးရေ အခုတော့ဘုန်းကြီး ကျောင်းသားအသစ်တယောက် ထပ်ရောက်နေတယ် ဆိုတော့ အားလုံး လေးယောက်ပေါ့”
“တင်ပါ့ ဘုရား”
“ဒကာကြီး လိုအပ်တာရှိရင် ပြောပါ ခဏနေ ဆွမ်းစားတော့မှာဆိုတော့ ဒကာကြီးတို့ လာခဲ့လိုက် ကျောင်းသားနဲ့ ထမင်းစားကြပေါ့”
“တင်ပါ့ ဘုရား တပည့်တော်တို့ လာခဲ့ပါ့မယ် ”
ကိုရင်လေးသည် ဦးဖိုးဝေတို့အား ဆွမ်းစားကျောင်းဆီ လာရန်အတွက် မှာကြားပြီး ပြန်ကြွသွားလေသည်။သူရိယသည် အခန်းထောင့်မှ တံမြက်စည်းကို ယူကာအခန်းထဲတွင် သန့်ရှင်းရေးလုပ်နေရင်းမှ ဦးဖိုးဝေအား စကားဆိုလိုက်လေသည်။
“အဘ ဒီအခန်းထဲမှာ မကျွတ်မလွတ်သေးတဲ့ သူတယောက်ရှိနေတယ် မဟုတ်လား ”
“ဟုတ်တယ် လူလေး ”
“ကျနော့်အထင် သူက ကပ္ပိယကြီးဖြစ်နေမလား ”
“အင်း သိချိန်တန်ရင်တော့ သိရမှာပေါ့ အဘတို့လည်း ခဏ နားပြီး ဆွမ်းစားကျောင်းမှာ ဝေယျာဝိစ္စလေး ကူလုပ်ပေးကြဦးစို့ လူလေး”
“ဟုတ်ကဲ့ အဘ ”
သူရိယ နှင့် ဦးဖိုးဝေသည် အခန်းထဲတွင် ရှင်းလင်းပြီးနောက် သူတို့၏လွယ်အိတ်များကို ကုတင်ပေါ်တင်ခဲ့ကာ အခန်းအပြင်ဘက်ထွက်၍ ဆွမ်းစားကျောင်းဆီသို့သွားချိန် အရိပ်တခုသည် ပိတ်ထားသော တံခါးကို ဖြတ်၍ အခန်းထဲသို့ ဝင်သွားပါလေတော့သည် ။
◾အခန်း (၄)
ဦးဖိုးဝေနှင့် သူရိယသည် ဆွမ်းစားကျောင်းတွင် အလုပ်များ နေသော ကျောင်းသားဖြစ်ဟန်တူသည့်ကောင်လေးအား စကားဆိုလိုက်သည်။
“ငါ့တူကြီး ဒီကျောင်းက ကျောင်းသားလား”
“ဟုတ်တယ်ခင်ဗျ ဦးကြီးတို့က ဧည့်သည်တွေလား”
“ဟုတ်တယ် ဦးကြီးတို့ ဘာကူလုပ်ရဦးမလဲ ”
“လုပ်စရာတွေက အများသားပဲ ဦးကြီးရေ ဒီမှာ ဆွမ်းချိုင့်တွေ နဲ့ သပိတ်တွေ ဆေးနေရတာ ပြီးရင် ရွာထဲက လူတွေရဲ့ဆွမ်းချိုင့်တွေလည်း လှယ်ပေးရဦးမှာ ”
“ငွေကိုင်းရွာက ဆွမ်းချို့ပို့တာလား ”
“ဟာဗျာ အဲ့ဒီရွာက သူတို့စားဖို့တောင်မှ အနိုင်နိုင်လုပ်နေရတာ ကျုပ်တို့ကျောင်းကဘုန်းကြီးကို ဆွမ်းပို့ချင်တဲ့ ရွာတွေ ပေါမှ ပေါပဲ ပို့ချင်တဲ့သူတွေများလွန်းလို့ ရွာတွေကို အလှည့်ကျသတ်မှတ်ပေးထားရတယ် ”
“ဟုတ်လား ”
“ဆွမ်းကွမ်းလည်း ပေါတယ် ဦးကြီးရေ ဒီမှာတည်းရင်တော့ စားဖို့မပူနဲ့ ဆွမ်းကျန်က အများကြီးပိုတာ ”
“ဟုတ်လား အဲ့ဒီပိုတဲ့ဆွမ်းကျန်တွေကို ဘာလုပ်ပစ်လဲ ငါ့တူကြီး ”
“ဆရာတော်က ဟိုးဘက်ရွာကလူတွေကို နေ့တိုင်းလာယူခိုင်းတယ် ကောက်စိုက်သမတို့ တခြားတောင်ယာလုပ်တဲ့ အလုပ် သမားတွေကို ကျွေးတာ ”
“ဒီရွာက လူတွေကိုရော ”
“ဘုန်းကြီးက ဒီရွာကလူတွေနဲ့ အဆက်အဆံ မလုပ်ဘူးဗျ ကျုပ်ကိုတောင် ရွာထဲတခါသွားမိတာ နှင်ချလိုက်လို့ ကိုရင်နှစ်ပါးကို တောင်းပန်ခိုင်းပြီး ပြန်နေရတာ ”
ကျောင်းသားလေးအား ဝေယျာဝစ္စများကူညီပေးရင်း ဦးဖိုးဝေ အတွေးနယ်ချဲ့နေမိသည်။ဆရာတော်သည် အဘယ် အကြောင်းမျိုးကြောင့် ငွေကိုင်းရွာသားများအား မုန်းနေရသနည်း အကြောင်းတခုတော့ ရှိရမည် ဟုတွေးနေမိသည်။ထိုစဉ် ဘုန်းကြီးကျောင်းပေါ်မှဆင်းလာသော ဆွမ်းလာပို့ကြသည့်သူများသည် ဆွမ်းစားကျောင်းဆီသို့ ဆွမ်းချိုင့် ဆွဲသူဆွဲ ယွန်းအုပ်များ ရွက်သူရွက်ဖြင့် ရောက်လာကြပြီး ဦးဖိုးဝေတို့အား မြင်သောအခါ
“ဧည့်သည်တွေ ထင်တယ် ”
“ဟုတ်ပါတယ်ဗျ”
“ကျမတို့က ဟိုဘက်ချမ်းသာကြီးရွာကပါ ဒီကနေဆို တနာရီ လောက် လမ်းလျှောက်ရမပေါ့ လမ်းများကြုံခဲ့ရင် ဝင်လာနိုင်ပါတယ် ”
“လမ်းကြုံရင်တော့ ဝင်ခဲ့ပါမယ် ”
” ဦးကြီးတို့က ဘယ်လောက် ကြာကြာနေကြမှာလဲ မေးတာ တမျိုးမထင်ပါနဲ့ ရှင် ကျမတို့က ဆွမ်းပိုထည့်ခဲ့ချင်လို့ပါ ”
“အခုအထိတော့ မပြောတတ်သေးပါဘူးကွယ် ”
ချမ်းသာကြီး ရွာသူရွာသားများသည် သဘောမနောကောင်းသည်မှာ ရိုးသားသောမျက်နှာတွင်ပေါ်လွင်နေသည်။တနာရီမျှ ဝေးသောနေရာမှ ဒီအထိလာ၍ ဆွမ်းပို့သည်မှာ တော်ရုံသဒ္ဒါ တရားတော့ မဟုတ်ပေ။ထို့နောက် ဦးဖိုးဝေတို့ကို နှုတ်ဆက် ကာ ပြန်သွားကြလေသည်။ကျောင်းသားနှင့် ဦးဖိုးဝေတို့သည်ဆရာတော် နှင့် ကိုရင်များအတွက် ဆွမ်းစားရန် ပြင်ဆင်ပေးပြီး သည်နှင့် ကျောင်းသားမှ ဆရာတော် နှင့် ကိုရင်လေးများအား သွားရောက် ပင့်ဆောင်လိုက်ပါတော့သည် ။
◾အခန်း (၅)
ဆရာတော် နှင့် ကိုရင်များ ဆွမ်းစားပြီးသောအခါ သိမ်း ဆည်းစရာများရှိသည်များကို သိမ်းဆည်းပြီးနောက် ဦးဖိုးဝေတို့နှင့် ကျောင်းသားလေးတို့ ထမင်းစားလိုက်ကြသည်။ထမင်း စားပြီးနောက် ကျောင်းသားလေးသည် ဆွမ်း နှင့် ဆွမ်းဟင်းအချို့ကို ညစာအတွက် ချန်လိုက်ကာ ကျန်သောဆွမ်းဟင်းများကို ရောလိုက်ပြီး ဟင်းပေါင်းလုပ်လိုက်လေသည်။များမကြာသောအချိန်တွင် ကျောင်းဝန်းထဲတွင် ခြူသံများကြားလိုက်ရပြီး နွားလှည်းတချို့ ကျောင်းထဲဝင်လာပြီး ဆွမ်းစားကျောင်းဆီသို့ ရောက်လာကြသည်။ထို့နောက်
“ကိုသစ်ရေ ငါတို့ရောက်ပြီဟေ့ ”
“ကဲ ခင်ဗျားတို့ဘာသာပဲ ကြည့်ယူသွားတော့ အလကားတော့ မဖြစ်စေနဲ့နော် ”
“အေးပါ ကိုသစ်ရာ ”
ထို့နောက် လှည်းသမားကြီးသည် ဟင်းပေါင်းများနှင့် ဆွမ်းထမင်းများကို သူတို့တွင်ပါလာသော ထမင်းအုပ်များထဲသို့ ထည့်ကာ အလိုရှိသလောက် ယူသွားကြသည်။နောက်ထပ် လှည်းများ သုံးလေးစီခန့် ထပ်မံဝင်လာကြပြီး ယူသွားကြရာ ဟင်းပေါင်းများနှင့် ဆွမ်းများကုန်သွားတော့သည်။ထိုအခါမှ ဆွမ်းဟင်းထည့်ထားသော ဇလုံကြီးများကို ကိုသစ်ဟု အမည်ရသော ကျောင်းသားလေးသည် ဆေးကြောနေ၏။ဦးဖိုးဝေသည် ကိုသစ်အနားသို့ လာလိုက်ပြီးနောက် သိလိုသည်တချို့အား မေးလိုက်သည် ။
“ငါ့တူကြီး အစောက ဆွမ်းကျန်တွေယူသွားတဲ့သူတွေကဘယ်ရွာတွေကလဲ ”
“ဒီနားဝန်းကျင်က ရွာတွေပါပဲ ဦးကြီး ”
“ငွေကိုင်းရွာရောပါလား”
” ဆရာတော်က ငွေကိုင်းရွာကလူတွေ လာရင် မောင်းထုတ်ခိုင်းထားတာ ”
“ဘာလို့လဲကွယ့် ”
“ကျုပ်လည်းမသိပါဘူးဗျာ အဲ့ဒီအကြောင်းကို သိနိုင်တာဆိုလို့ ဆရာတော်နဲ့ ကပ္ပိယကြီးပဲရှိတာ အခု ကပ္ပိယကြီးက ဆုံးသွားပြီဆိုတော့ ဆရာတော်ကိုယ်တိုင်ပဲ သိမှာပေါ့ ငွေကိုင်းရွာအကြောင်းတော့ ဆရာတော်ရှေ့ သွားမပြောနဲ့ ကျုပ်နဲ့ အတော် ရင်းနှီးတာကိုတောင် နှင်ချတာ ”
ကိုသစ်သည် ငွေကိုင်းရွာနှင့်ပတ်သတ်ပြီး ဦးဖိုးဝေတို့အား သတိပေးစကားဆိုနေခြင်း ဖြစ်သည်။ဦးဖိုးဝေနှင့် သူရိယလည်း ကူလုပ်စရာများရှိသည်ကို ကူပေးပြီးနောက် အခန်းဆီသို့ ပြန်လာလိုက်ကြပါတော့သည် ။
◾အခန်း (၆)
ညအချိန်ရောက်လာ၍ ရွာဦးကျောင်းလေးသည် မှောင်မဲကာ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ဦးဖိုးဝေနှင့် သူရိယတို့၏ အခန်းထဲတွင် ဖယောင်းတိုင်မီးထွန်းထား၍ အလင်းရောင်ကောင်းစွာရနေသည်။ဦးဖိုးဝေသည် လွယ်အိတ်ထဲမှ ကွမ်းတယာကို ထုတ်ဝါးရင်း တခုခုကို တွေးတောလျက်ရှိသည်။သူရိယမှာမူ ကုတင်ပေါ်တွင် ထိုင်ပြီး သမထပွားများလျက် ရှိသည်။များမကြာသောအချိန်တွင် သူရိယသည် သမထပွားများနေရာမှ ဖြုတ်လိုက်ပြီး ကွမ်းမြုံ့နေသော ဦးဖိုးဝေအား
“အဘ ဆရာတော်အကြောင်း တွေးနေတာလား ”
“ဟုတ်တယ် ဆရာတော်က သဒ္ဒါတရားအားကောင်းပေမဲ့ ဘာဖြစ်လို့ ငွေကိုင်းရွာသားတွေကို မုန်းနေရတာလဲ”
“အဘ ကျနော်ထင်နေသလို ထင်နေတာများလား”
“လူလေးက ဘယ်လိုထင်လို့လဲ ”
“ဆရာတော် ငွေကိုင်းရွာကို နာကြည်းနေတာလို့ ထင်တယ် ပျောက်သွားတဲ့ ကလေးက ”
“ဖြစ်နိုင်ပါ့မလား ”
“ကျနော် တွေးမိတာကို ပြောတာပါ ”
“အေးလေ မဖြစ်နိုင်ဘူးလို့လဲ မဆိုနိုင်ဘူး”
ထိုစဉ် သူတို့ အခန်းအပြင်ဘက်မှ ခြေသံကြားလိုက်ရ၍ စကားဆက်မပြောပဲ ငြိမ်နေလိုက်သည်။ထို့နောက် ဦးဖိုးဝေမှ
“အခန်းထဲ ဝင်ချင်ရင်ဝင်ခဲ့ ငါခွင့်ပြုတယ် ငါတို့အနား ရောက်လာသည့်တိုင် ပူလောင်ခြင်း မရှိစေရ ”
ဦးဖိုးဝေ၏စကားဆုံးသည်နှင့် တံခါးကို ထိုးဖောက်ဝင်လာသော မကျွတ်မလွတ်လူတယောက်ကို တွေ့လိုက်ရသည်။ထိုလူသည် အသက်အတော်ကြီးရင့်နေပြီဖြစ်ပြီး ပုဆိုးကွက်ထောက် ၊တိုက်ပုံအင်္ကျီ ခပ်နွမ်းနွမ်း၀တ်နှင့် ဖြစ်သည်။သူရိယနှင့် ဦးဖိုးဝေသည် ထိုပရလောကသားကို ကြည့်ကာ
“ကဲ နှုတ်က ပြောလည်း ငါတို့ကြားနိုင်စွမ်းတယ် မင်းက ဒီအခန်းထဲမှာ နေတာလား”
“ဟုတ်ပါတယ် ”
“မင်းက ဘယ်သူလဲ ”
“ငါက ကပ်ပိယပါ ”
“ဪ ကပ္ပိယလား အဲ့တာဆို ငါတို့သိချင်နေတဲ့ကိစ္စကို ဖြေ နိုင်မယ် ထင်တယ် ”
“ဘာကိစ်စလဲ ”
“မင်း အမှန်အတိုင်းဖြေဖို့တော့ လိုအပ်တယ် ဆရာတော်က ငွေကိုင်းရွာသားတွေကို ဘာလို့ မုန်းနေတာလဲ ”
ပရလောကသားဖြစ်နေသော ကပ္ပိယကြီးသည် ဦးဖိုးဝေမေးသည်ကို မဖြေပဲ ငြိမ်နေရာ ဦးဖိုးဝေမှ အသံခပ်မာမာနှင့်
“ဘာလဲ သင်က မပြောနိုင်ဘူးလား ”
“မ မဟုတ်ပါဘူး ”
“ပြောနိုင်ရင် ပြောပါ ”
“ဆရာတော်က ငွေကိုင်းရွာသားပါပဲ ”
“တင်မင်းလား”
ဦးဖိုးဝေ၏အမေးအား ကပ္ပိယကြီးသည် ခေါင်းညိတ်အဖြေ ပေးလေသည် ။
“ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျုပ်ကို ပြောပြပါ သင်က သမာဓိကို ကောင်းစွာကျင့်ကြံဖူးတော့ လူ့ဘဝက အရာတွေ အကုန် မှတ်မိတယ်ဆိုတာ ကျုပ်သိတယ် ”
“ကျုပ်ပြောပြပါ့မယ် ဆရာတော်ကို ကယ်ထားတာက ဒီကျောင်းက ကျောင်းထိုင်ဘုန်းကြီးပါ ပြီးတော့ တခြားနယ်မှာ သွားထားပြီး ကိုရင်ဝတ်ပေးထားတာပါ ကျုပ်လည်း ဘုန်းကြီးက ဒီကိစ္စကို ဘယ်သူ့မှမပြောဖို့ မှာထားတာပါ အခု ဆရာတော်က တင်မင်းဆိုတာ ဘယ်သူမှမသိကြပါဘူး ”
“ကျုပ်ထင်ပါတယ် ငွေကိုင်းရွာသားတွေကို ဒီလောက်နာကြည်းနေပုံထောက်ရင် ဆရာတော်တင်မင်းပဲ ဖြစ်လိမ့်မယ် ဆိုတာ ကဲ ကဲ ကပ္ပိယကြီးလည်း လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်”
ဦးဖိုးဝေ၏ စကားဆုံးသောအခါ ပရလောကသားကပ္ပိယကြီးသည် အခန်းတံခါးကို ထိုးဖောက်ကာ အပြင်သို့ထွက်သွားပါလေတော့သည် ။
◾အခန်း (၇)
ဦးဖိုးဝေနှင့် သူရိယသည် အိပ်မပျော်သောကြောင့် အခန်းထဲ မှ အပြင်သို့ ထွက်လာလိုက်သည်။ထိုစဉ် အမှောင်ရိပ်ထဲမှ လူရိပ်တရိပ်သည် ကျောင်းအပြင်သို့ ထွက်သွားသည်ကို တွေ့လိုက်ရသောကြောင့် နောက်မှ မသိမသာလိုက်ကြည့်လိုက်သည် ။ထိုလူရိပ်သည် ကျောင်းအပြင်ရှိတောင်ကုန်းလေးတွင် တည် ထားသော စေတီကုန်းပေါ်သို့ တက်သွား၍ ဦးဖိုးဝေတို့လည်း နောက်မှ လိုက်သွားကြသည်။စေတီကုန်းပေါ်သို့ ရောက်သော အခါ ထိုလူရိပ်သည် ရပ်တန့်သွားပြီး ငွေကိုင်းရွာဘက်သို့ ကြည့်ရင်း ရယ်မောပြီး စကားဆိုနေသည်။
“ဒုက္ခခံစားလိုက်ကြစမ်း ငါ့မိသားစုကို ရက်ရက်စက်စက် သတ်တဲ့ရွာသားတွေ မင်းတို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အထိ ငါမကျေနပ်နိုင်ဘူး ”
လေတိုက်၍လွင့်နေသောကြောင့် ထိုအရိပ်သည် သင်္ကန်း၀တ် ဆိုတာ သိသာနေသည်။ထို့ကြောင့် နောက်မှ လိုက်ကြည့်သော ဦးဖိုးဝေနှင့် သူရိယသည် ဆရာတော်ဆိုမှန်း သိလိုက်ပြီ ဖြစ် သည်။ဆရာတော်သည် စေတီကုန်းပေါ်မှနေ၍ ငယ်စဉ်က သူ၏ မိသားစုကို သတ်သွားသော ဒုက္ခရောက်နေသည့် ငွေကိုင်းရွာကို ကြည့်နေသည် ။ထိုစဉ်
“ဆရာတော်ဘုရား ဒေါသ နဲ့ နာကြည်းချက်တွေကို အပြစ်မရှိတော့တဲ့လူတွေကို ပုံချနေတာလားဘုရား ”
“ဘယ်သူလဲ ”
“တပည့်တော်တို့ ဧည့်သည်တွေပါ ဘုရား”
“ဒကာကြီးက ဘာသိလို့ ဒီစကားကို ပြောတာလဲ အဲ့ဒီရွာမှာ ဖြစ်နေတာ ဘုန်းကြီးနဲ့ ဆိုင်တယ်လို့ ထင်နေတာလား သူတို့အကုသိုလ်နဲ့ သူတို့ဖြစ်နေတာ ”
ဦးဖိုးဝေနှင့် သူရိယသည် ဆရာတော်နှင့် မလှမ်းမကမ်းသို့ ကပ်သွားပြီး စေတီရင်ပြင်ပေါ်ထိုင်လိုက်ကာ ဆရာတော်အား ဦးချကန်တော့လိုက်သည်။ဦးဖိုးဝေမှ ဆက်လက်လျှောက်တင်လေသည် ။
“အရှင်ဘုရားငယ်စဉ်က ကြုံခဲ့ရတဲ့အရာတွေကို တပည့်တော်တို့ သိနေတယ်ဆိုရင် အရှင်ဘုရား ယုံနိုင်မလားဘုရား”
“ဒကာကြီးတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ မဖြစ်နိုင်တာ မပြောပါနဲ့ ဒကာကြီးက ဘုန်းကြီးအသက်ထက်တောင် ငယ်မယ် ထင်တယ် ”
ဆရာတော်သည် ဦးဖိုးဝေ၏စကားကို လက်သင့်မခံပဲ မိန့်လိုက်ခြင်းဖြစ်သည်။ထိုအခါ သူရိယသည်
“အရှင်ဘုရားငယ်ငယ်က ရွာအနောက်ဖက်သစ်ပင်နားကနေ ရွာသားတွေ ဖမ်းထားတဲ့အရှင်ဘုရားရဲ့ အဖွားရယ်၊အဖေရယ် အကိုရယ်ကို လှမ်းကြည့်နေတာ မဟုတ်လား ဘုရား ပြီးတော့ ဘုန်းကြီးတပါးက ခေါ်သွားတယ် မဟုတ်လားဘုရား”
သူရိယ၏စကားကို ကြားသောအခါ ဆရာတော်သည်
“ဒကာလေးက ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီးသိနေတာလဲ ”
“တပည့်တော် ကိုယ်တိုင်မြင်ထားလို့ သိတာပါဘုရား”
“ဒီကိစ္စက ဖြစ်နိုင်လို့လား ဒကာတို့ ”
ဆရာတော်၏ အမေးကို ဦးဖိုးဝေသည် လက်အုပ်ချီလျက် ပြန်လည် လျှောက်တင်လေသည် ။
“ငွေကိုင်းရွာမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေကို တပည့်တော်တို့ ကိုယ်တိုင်သိမြင်ခဲ့ရပါတယ် ဘုရား။အရှင်ဘုရားရဲ့ကြီးမားတဲ့ ဆုံးရှုံးမှုတွေကိုလည်း တပည့်တော်နားလည်ပါတယ် ဒါပေမဲ့ အရှင်ဘုရားရဲ့အဖွားကျိန်စာက အပြစ်မရှိတော့တဲ့ ငွေကိုင်းရွာသားတွေကို ဒုက္ခရောက်စေပါတယ် ဘုရား”
“အပြစ်မရှိဘူးတဲ့လား ဒကာ သူတို့က ဘုန်းကြီးမိသားစုကို သတ်ခဲ့တဲ့သူတွေရဲ့ မျိုးဆက်တွေလေ ”
“အရှင်ဘုရား အတ္တတွေလွန်ကဲနေပါပြီ ဘုရား ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့တာကို တပည့်တော်ကိုယ်ချင်းစာပါတယ် ဘုရား”
“ဒကာ ခွင့်လွတ်ဖို့ သည်းခံဖို့ဆိုတာ အပြောလွယ်တယ် ဘုန်း ကြီးရဲ့ မိသားစုကို သူတို့ ရက်ရက်စက်စက် ”
ဆရာတော်သည် ပြောရင်းဆိုရင်း အသံတိမ်ဝင်လာသည်။ဦးဖိုးဝေ နှင့် သူရိယသည်လည်း မည်သည့်စကားမှ ဆက်မပြောနိုင်ဖြစ်နေကြသည်။ဆရာတော်၏ ရင်ထဲ၌ သူ၏မိသားစုကို အရှင်လတ်လတ် မီးရှို့အသတ်ခံသည့်အဖြစ်အား ယခုအချိန်ထိ မေ့ပျောက်နိုင်စွမ်းမရှိဖြစ်နေသည်။ဦးဖိုးဝေတို့လည်း ပုထု ဇဉ်လူသားများပေမို့ ဆရာတော်၏ရင်ထဲမှ အစိုင်အခဲအား ဖြေဖျောက်ပေးဖို့ရာ မလွယ်သည်ကို သိနေ၍ မည်သည့်စကားမှ မဆိုနိုင်ဖြစ်နေရခြင်းဖြစ်သည်။သို့ပါသော်လည်း မပြော၍မဖြစ်မို့ ဦးဖိုးဝေသည် လက်ဆယ်ဖြာထိပ်တွင်မိုးပြီး လျှောက်တင်လိုက်လေသည်။
“အရှင်ဘုရားတို့မိသားစုကို ရက်ရက်စက်စက် စီရင်ခဲ့တာကို တပည့်တော်ကိုယ်တိုင် မြင်ခဲ့ရပါတယ် ဘုရား သို့ပေမဲ့ အဲ့ဒီလူတွေက အခု ငွေကိုင်းရွာမှာ မရှိကြတော့ပါဘူး အဲ့ဒီအချိန်မှာ ကလေးအဖြစ်သာရှိသေးတဲ့ ဦးမြမောင်ပဲ ရှိပါတော့တယ်။ကျန်တဲ့သူတွေက ဘာမှကိုမသိတာပါ ဘုရား လူကြီးတွေရဲ့မိုက်ပြစ်ကို အပြစ်မရှိတဲ့နောက်မျိုးဆက်အထိ ခံခိုင်းတာ အရှင်ဘုရား တရားတယ်လို့ ထင်နေပါသလား။ငွေကိုင်းရွာကို မုန်းတာနဲ့ ငွေကိုင်းရွာမှာမွေးခဲ့တဲ့လူတွေက အပြစ်ခံရတော့မလားဘုရား။သူတို့အတွက် တရားမျှတမှုက ဘယ်မှာလဲ ဘုရား တပည့်တော် ဆရာလုပ်ခြင်း မဟုတ်ပါဘူး အရှင်ဘုရားပဲ စဉ်းစားကြည့်ပါဦး ဒီရွာမှာ မွေးချင်ပါတယ် ဟိုရွာမှာ မွေးချင်ပါတယ်လို့ ဇာတိကို အရှင်ဘုရားရွေးနိုင်စွမ်းပါသလားဘုရား”
ဆရာတော် မည်သည့်စကားမှ ပြန်မမိန့်ပေ။ထိုအခါ ဦးဖိုးဝေသည် ဆက်လက်၍ လျှောက်တင်လေသည်။
“ငွေကိုင်းရွာမှာ လူဖြစ်တာနဲ့ ဆင်းရဲနေရတာ သူတို့အတွက် တရားမျှပါရဲ့လား ဘုရား စဉ်းစားပေးပါဘုရား အရှင်ဘုရားတို့ နိဗ္ဗာန်ကို ရောက်ဖို့ကြိုးစားရမယ့်အချိန်မှာ ယခုလို အဖြစ်မျိုးတွေက ဖြစ်သင့်သေးပါရဲ့လားဘုရား”
ဆရာတော်သည် မည်သည့်စကားမှ မမိန့်ပဲ စေတီကုန်းပေါ် မှ ပြန်ကြွသွားရာ ဦးဖိုးဝေ နှင့် သူရိယသည်သာ စေတီပေါ်တွင် ကျန်ခဲ့ပါလေတော့သည် ။
◾အခန်း (၈)
အာရုံတက်ချိန်တွင် ဖြစ်သည်။ဘုန်းကြီးကျောင်းသားကိုသစ်သည် အုန်းမောင်းဆီသို့သွားကာ အုန်းမောင်းခေါက်လိုက်သည် ။ပထမစစချင်း အမြန်ခေါက်ကာ နောက်တချက်ချင်း အချိန်နေ့ရက်အတိုင်း ခေါက်လေသည်။ကိုသစ်၏ အုန်းမောင်းခေါက် သံကြောင့် ဦးဖိုးဝေနှင့် သူရိယ နိုးလာကာ မျက်နှာသစ်ခြင်းအမှုကို ပြုပြီးနောက် ကျောင်းရှေ့တွင် တံမြက်စည်းလှဲနေလိုက်သည်။မကြာသောအချိန်တွင် ဆရာတော် သီတင်းသုံးသည့် ကျောင်းတံခါးမကြီး ပွင့်လာကာ ဆရာတော်သည် ဦးဖိုးဝေတို့ အနားသို့ ကြွလာလေသည်။ဆရာတော်အနားရောက်လာသည် နှင့် ဦးဖိုးဝေနှင့် သူရိယသည် မြေပြင်တွင် ငုတ်တုတ်ထိုင်ချ၍ ဆရာတော်အား ရှိခိုးလိုက်သည်။ဆရာတော်သည် ကျိန်းစက်ထားသည့်ပုံ မပေါ်ပေ။တညလုံး တခုခုကို အလေးအနက်တွေးထားဟန်ရှိသည်။ထို့နောက် ဦးဖိုးဝေကို ကြည့်ကာ
“ဒကာကြီး စကားမှန်ပါတယ် အဲ့တာကြောင့် သူတို့တွေရဲ့ဝဋ်ကြွေးက ဒီနေ့ပဲ ကုန်သင့်ပြီလို့ ဘုန်းကြီးယူဆတယ် ”
“အရှင်ဘုရား တကယ်ပြောတာလား ဘုရား”
“ဘုန်းကြီး တညလုံးတွေးကြည့်တယ် ဒီကိစ္စကို ဘုန်းကြီးရဲ့ ဆရာတော်ရှိရင်လည်း ဒကာကြီးလိုပဲ မိန့်မယ်ဆိုတာ ဘုန်းကြီးသိတယ် အဲ့တာကြောင့် ရန်ငြိုးတွေကို ဒီနေ့ပဲ သင်ပုန်းချေ လိုက်ပါပြီ ဒကာကြီး ”
“အဲ့တာဆို ဆရာတော်ကို တောင်းပန်ဖို့ တပည့်တော် ရွာထဲက လူတွေကို သွားပြောလိုက်ဦးမယ် ဘုရား ”
ဦးဖိုးဝေသည် ဝမ်းသာအားရဖြင့် ဆရာတော်အား ဦးချကန် တော့ကာ ငွေကိုင်းရွာဘက်သို့ ထွက်သွားသဖြင့် သူရိယသည် နောက်မှ အလျင်အမြန် လိုက်သွားရလေ၏။အာရုံတက်ချိန်မို့ အလင်းရောင် ကောင်းစွာမရသေးပေ။ထိုအချိန်ကြီးတွင် ဦးဖိုးဝေတို့ ရွာထဲဝင်လာရာ ခွေးများက ဝိုင်းဟောင်ကြသဖြင့် အတော်ကို ဆူညံသွားသည်။ထို့နောက် ဦးဖိုးဝေသည် ငွေကိုင်းရွာလူကြီး ဦးမြမောင်၏ အိမ်ဝိုင်းထဲဝင်ကာ
“ရွာလူကြီး ဗျို့ရွာလူကြီး ထစမ်းပါဦး”
ဦးဖိုးဝေတင်မက သူရိယပါ နိုးလိုက်သောအခါမှ ရွာလူကြီးနိုးလာပြီး အိမ်အောက်သို့ ဆင်းလာကာ
“ဘယ်သူတွေလဲ စောစောစီးစီး ”
“ဘယ်သူရမှာလဲ ကျုပ် ဖိုးဝေ နဲ့ သူရိယ ”
“ဟ ဆရာကြီးတို့ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ ”
“အဲ့တာ နောက်မှပြော မိသူဆိုတဲ့ ကလေးမ ရှိလား ”
“ရှိတယ်လေ ရွာလယ်က ဆရာကြီးတို့တည်းတဲ့အိမ်ကြီးမှာပဲ ”
“ကဲ အဲ့တာဆို အဲ့ဒီအိမ်ကို သွားကြစို့ ”
“ဆရာကြီး ဘာဖြစ်လာတယ်ဆိုတာ ကျုပ်ကို ရှင်းပြပါဦး ”
“မကြာခင် ကျိန်စာ ပျယ်တော့မယ်ဗျ ”
“တ တကယ်လား ဆရာကြီး တကယ် ဟုတ်ပါတယ်နော် ”
“ဟုတ်တာပေါ့ဗျာ လာ ဟိုကလေးမဆီ သွားကြရအောင် ”
ရွာလူကြီးသည် ပျော်လွန်း၍ ကျယ်လောင်စွာပင် အော်ဟစ်မိလိုက်လေသည်။ ထို့နောက် သူတို့သည် မေသူရှိရာအိမ်သို့ သွားလိုက်ကြပါတော့သည် ။
◾အခန်း (၉)
ငွေကိုင်းရွာသားများသည် သူတို့၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက်ရှိသည်။သူရင်းငှားလုပ်သူများပင် ယနေ့ အလုပ်မသွား ရွာအရှေ့တွင် တရားစင်ဆောက်လုပ်နေသည်ကို ဝိုင်းကူနေကြသည်။ ဦးမြမောင်သည်ပင် သူကိုယ်တိုင် အလုပ်ဝင်လုပ်နေ၍ ရွာသားများမှ တားထားရသည်။မိသူသည်လည်း ရွာရှိ လုံမေလေးများနှင့်အတူ လုပ်အားပေးနေသော ရွာသားများကို ကောက်ညှင်းပေါင်း၊အကြော်တို့ဖြင့် ကျွေးမွေးနေသည် ။ယခုသူတို့ ပြုလုပ်နေသောအရာမှာ ရွာဦးကျောင်း ဆရာတော် အား ၀န်ချကန်တော့ကြမည်ဖြစ်ပြီး ကျူးလွန်ခဲ့သောအမှားအတွက် ဆရာတော်အား တောင်းပန်ကြမည်ဖြစ်သည်။ဆရာ တော်အား တရားပွဲပါ တခါတည်းလုပ်ပေးချင်သောကြောင့် အကောင်းဆုံးပြင်ဆင်နေကြသည်။ဦးဖိုးဝေနှင့် သူရိယသည် ရွာသားများ အားကြိုးမာန်တက်တက်ညီလက်ညီ တရားပွဲအတွက် ပြင်ဆင်နေကြသည်ကိုကြည့်ကာ ကျေနပ်ပီတိ ဖြစ်နေသည်။ထိုစဉ် ဘုန်းကြီးကျောင်းသား ကိုသစ်သည် တောင်းတလုံးထမ်းလျက် ရောက်ချလာ၏။ထို့နောက် ဦးဖိုးဝေ နှင့် ဦးမြမောင်အနားတွင် တောင်းကြီးကို ချကာ
“ကဲ ဦးကြီးတို့ ဆရာတော်က ဟင်းပေါင်းတွေနဲ့ ထမင်းတွေ ပေးခိုင်းလိုက်တယ် ရွာသားတွေအတွက်တဲ့ ”
ဦးမြမောင် နှင့် ရွာသားအချို့သည် ဝမ်းသာလွန်း၍ မျက်ရည် များလည်သည်အထိ ဖြစ်ကုန်၏။သူတို့ ဝမ်းသာနေကြသည်မှာ ထမင်း နှင့် ဟင်းပေါင်း လာပို့သည် တခုတည်းကြောင့်မဟုတ်ပဲ ဆရာတော် သူတို့အပေါ် မေတ္တာထားသည်ကိုသိရ၍ ဝမ်းသာနေခြင်း ဖြစ်ကြသည်။ထို့နောက် ဦးမြမောင်သည် အလုပ် လုပ်နေသော ရွာသားများဘက်လှည့်ကာ အသံကျယ်ကျယ်ဖြင့်
“ဟေ့ ရွာသားတွေ ဆရာတော်က ငါ့တို့အတွက် ထမင်း နဲ့ ဟင်းပေါင်းတွေ ပေးတယ်ကွ လာ စားကြ ”
“ရွာသားများသည် ဝမ်းသာလွန်း၍ ဆရာတော် စွန့်သည့် ဟင်းပေါင်း နှင့် ထမင်းများကို မစားရက်သလို ကြည့်ရင်း ပြုံးနေကြလေသည်။ထိုအခါ ကိုသစ်သည်
“ကဲ စားကြပါဗျာ နောက်ဆို ဆရာတော်နဲ့ ခင်ဗျားတို့က အဆင်ပြေပြီပဲ ကျောင်းကို ဝင်ထွက်ပေါ့ ဟင်းပေါင်း ကျုပ်ဆီမှာ ကြိုက်သလောက်ယူ ကြားလား”
ဤသို့ဖြင့် ငွေကိုင်းရွာလေး၏ ပျော်ရွှင်စရာ စိတ်ချမ်းမြေ့ စရာ နေ့ရက်များ အစပျိုးလာပြီ ဖြစ်ပါသည် ။
◾အခန်း (၉)
နေ့လယ်အချိန်တွင် ငွေကိုင်းရွာထိပ်ရှိကွင်းပြင်တွင် ဩကာသ ကန်တော့ချိုး ရွတ်ဆိုသံမှာ ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။သံဃာစင်ပေါ်တွင် ရွာဦးကျောင်းဆရာတော်ထိုင်နေပြီး သံဃာစင်အောက်တွင်တော့ ငွေကိုင်းရွာသားများ ဆရာတော်အား ရှိခိုးဦးချနေသည်။ထို့နောက် ဦးမြမောင်မှ ရွာသားများအား
“ရွာသူရွာသားတွေ ကျုပ်တို့မိဘအဘိုးအဘွားတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဆရာတော်ကို တောင်းပန်မှာ ဖြစ်ပါတယ် ကျုပ် တိုင်ပေးပါမယ် အနောက်က လိုက်ဆိုကြပါ ”
ဦးမြမောင်သည် ထိုသို့ပြောပြီးနောက် ချောင်းတချက်ကို ဟမ့် ကာ လည်ချောင်းရှင်းလိုက်ပြီး
“အရှင်ဘုရား တပည့်တော်တို့၏ မိဘဘိုးဘွား ဆွေမျိုးများ သည် အရှင်ဘုရား၏အဖွား၊အဖေ၊အကိုတို့အား ရက်စက်သည့်အမှု ပြုခဲ့ပါသည် ။ထိုလုပ်ရပ်အတွက် တပည့်တော်တို့မှာ လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်။မိဘဘိုးဘွားဆွေမျိုးများ ပြုလုပ်ခဲ့သည့်အမှားအား တပည့်တော်တို့မှ တောင်းပန်အပ်ပါသည် ဘုရား တပည့်တော်တို့အား သနားဂရုဏာသက်စွာဖြင့် ခွှင့်လွှတ်ပေးတော်မူပါဘုရား”
ဦးမြမောင် တိုင်ပေးသည့်အတိုင်း ရွာသားများလိုက်ဆိုပြီးသောအခါ ဆရာတော်သည်
“ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတဲ့စကားကို နှလုံးသွင်းပြီး ဘုန်းကြီး ခွှင့်လွှတ်ပါတယ်။ဒကာတို့အပေါ် ဘုန်းကြီးလည်း ဥပေက္ခာပြုမိပါတယ် အဲ့ဒီအတွက် ဘုန်းကြီးကလည်း တောင်း ပန်ပါတယ် ”
ဆရာတော်မှ ခွင့်လွှတ်စကားဆိုလိုက်သည်နှင့် စနေထောင့်မှ မိုးသားများတက်လာကာ ကောင်းကင်တခွင်လုံး ညို့မှိုင်းလို့လာလေသည်။ ထိုအချင်းအရာကို မြင်သောအခါ ရွာသားများသည် ဝမ်းသာလွန်း၍ ငိုကြရာ ဆရာတော် တရားပင်ဆက်မဟောနိုင်တော့ပဲ သူတို့၏ အပြုံးမျက်နှာများအား ပြုံးလျက်သာ ကြည့်နေမိတော့သည်။ထို့နောက် ဆရာတော်သည် ဦးဖိုးဝေအား လှမ်း ကြည့်လိုက်ကာ လက်ယက်ခေါ်လိုက်၏ ။ဦးဖိုးဝေ ဆရာတော်အနား သွားလိုက်သည်နှင့် ဆရာတော်သည် ဦးဖိုးဝေအား ပြုံးလျက်ဖြင့် မိန့်တော်မူလေသည်။
“ဒကာကြီးကို ကျေးဇူးတင်ပါတယ် ဘုန်းကြီးရဲ့ဒေါသ၊မောဟ ၊အတ္တတွေကို သတိမူမိအောင် ပြောပြပေးတဲ့အတွက်ပါ ”
“မခံယူဝံ့ပါဘူး ဘုရား”
“ဒကာကြီးကို အကူညီတခု တောင်းချင်တယ် ”
“မိန့်တော်မူပါ ဘုရား”
“ချမ်းသာကြီးရွာက ဘုန်းကြီးရဲ့ ဆွမ်းဒကာအိမ်မှာ သဘာဝလွန်ကိစ္စတွေ ဖြစ်နေတယ်လို့ ပြောတယ် အဲ့တာ ဒကာကြီးကို သွားဖြေရှင်းပေးစေချင်တယ် ”
“တင်ပါ့ ဘုရား တပည့်တော် သွားလိုက်ပါ့မယ်”
“သာဓု သာဓု သာဓု”
ဆရာတော်၏ သာဓု ခေါ်သံဆုံးသည်နှင့် မိုးခေါင်ရေရှားနေသော ငွေကိုင်းရွာလေးပေါ်သို့ မိုးများ ရွာချလာရာ ရွာသားများ သည် မိုးရေစက်များကြားမှ ဆရာတော်အား ဦးချကန်တော့နေကြပါတော့သည်။
◾ဦးဖိုးဝေ နှင့် အငြိုးနောက်ကွယ်သည်က ဤမျှသာ။
ရေးသားသူ- မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd