” ဦးဖိုးဝေ နှင့် အလည်လွန်ဝိညာဉ် ” (စ/ဆုံး)
================================
◾အခန်း (၁)
သုံးပန်လှရွာလေးသည် ဦးဖိုးဝေ၏ကျေးဇူးဖြင့် မကောင်း ဆိုးဝါးမယ်ဝါ၏လက်ထဲမှ လွတ်မြောက်ခဲ့လေသည်။ရွာမှပြောင်းပြေးသွားကြသောလူများသည် မယ်ဝါမရှိတော့ဘူးဆိုတာသိသည်နှင့် ရွာသို့ ပြန်လာကြပြီး အသိပြန်ဝင်လာသော ရွာသူရွာသားများအား ကူညီဖေးမကြလေ၏။ဦးဖိုးဝေနှင့် သူရိ ယသည် ခုတင်ပေါ်တွင် အိပ်ပျော်နေသည့်ဟန်နှင့် ပက်လက်အနေအထားရှိနေသော လှယမင်းကို ကြည့်နေကြသည်။သူမ၏ဘေးတွင် မိဘများဖြစ်ကြသော ဦးလွန်းကြွယ်နှင့် ဒေါ်ကြွေသည် သူတို့၏ သမီးရတနာလေးအား ငေးကြည့်နေရင်းမှ ဦးဖိုးဝေအားလက်အုပ်ချီကာ စကားဆိုလာလေသည်။
“ဆရာကြီး ကျမတို့ရဲ့သမီးလေးကို ကယ်ပေးပါဦး ”
“စိတ်ချပါ ကျုပ် ကြိုးစားနေပါတယ် ဒါပေမဲ့ ကျုပ် အာမ မခံနိုင်သေးဘူး”
“ကျမတို့ နားလည်ပါတယ် အတတ်နိုင်ဆုံးတော့ ကူညီပေးပါဆရာကြီး”
“စိတ်ချပါ ဒါနဲ့ ကျုပ် တခုမေးစမ်းပါရစေဦး”
“မေးပါ ဆရာကြီး ”
“ခင်ဗျားတို့သမီးက ဘယ်တွေသွားချင်တယ်ပြောဖူးလဲ”
“သူငယ်ငယ်က ရောက်ဖူးတဲ့လွမ်းတောင်ရွာက လွမ်းတောင်ဘုရားပွဲသွားချင်တယ်လို့ ခဏခဏပြောဖူးတယ် ဆရာကြီး”
ဒေါ်ကြွေ၏စကားကို ဦးဖိုးဝေ သေချာနားထောင်လိုက်ပြီး ခေတ္တ တွေးတောနေသည်။ထို့နောက် လှယမင်း၏မိဘနှစ်ပါးကို သေချာကြည့်လိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် စကားဆိုလိုက်လေသည် ။
“ကျုပ် တခုလောက်ပြောချင်ပါတယ် ဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကို ပညာသည်က ပျက်စီးယိုယွင်းအောင် မလုပ်ခဲ့တော့ ကလေးမရဲ့စိတ်ဝိညာဉ် ပြန်ဝင်မယ်ဆို ၀င်နိုင်သေးတယ် ။ဒါပေမဲ့ ဒီခန္ဓာရဲ့ရှင်သန်နိုင်စွမ်းက အကန့်အသတ်ရှိနေတယ် အဲ့တော့ ကလေးမလေးရဲ့နာမ်က တခြားဘဝကို မရောက်သေးဘူးဆိုရင်တော့ ကျုပ်တို့ကူညီနိုင်မယ် အဲ့လိုမှမဟုတ်ဘူးဆိုရင်”
ဦးဖိုးဝေသည် ပြောလက်စ စကားကို ရပ်လိုက်ပြီး မိဘများ ၏မျက်နှာကို တချက်အကဲခတ်ကြည့်လိုက်သည်။လှယမင်း၏ ဖခင်ဖြစ်သူသည် သက်ပြင်းတချက်ကို လေးပင်စွာချလိုက်ပြီး
“အကောင်းတွေတော့ မျှော်လင့်တာပေါ့ ဆရာကြီးရယ် အကောင်းတွေ ရောက်မလာပဲ အဆိုးတွေချည်း ဖြစ်လာခဲ့ရင်လည်း ကျုပ်တို့ ဘာတတ်နိုင်မှာလဲဗျာ ဖြစ်သမျှအကြောင်းကို အကောင်းလို့ပဲ သတ်မှတ်ပါ့မယ်”
“ကျုပ်တို့လည်း အတတ်နိုင်ဆုံး ကူညီပါ့မယ် ပညာရပ်နဲ့ခေါ်ဖို့က သေဆုံးသူမဟုတ်သေးတာကြောင့် ခေါ်လို့ မရနိုင်ပါဘူး။ အဲ့တာကြောင့် ကျုပ်တို့ မကြာခင်ပြန်လာပါ့မယ် တရက်နှစ်ရက်အတွင်း ကျုပ်တို့ပြန်မလာခဲ့ဘူးဆိုရင် ”
“ကျုပ် ဆရာကြီးမပြောလည်း နားလည်ပါပြီဗျာ ”
ထို့နောက် ဦးဖိုးဝေနှင့် သူရိယသည် လှယမင်း၏ မိဘနှစ်ပါးကို နှုတ်ဆက်ကာ သုံးပန်လှရွာလေးမှ ထွက်ခွာသွားကြပါလေတော့သည်။
◾အခန်း (၂)
ကျွန်းတိုင်လုံးကြီးများဖြင့် တည်ဆောက်ထားသော ဇရပ်ထဲတွင် လူနှစ်ယောက် ထိုင်နေကြသည်။သူတို့နှစ်ယောက်မှာ ဦးဖိုးဝေနှင့် သူရိယဖြစ်ပြီး လွမ်းတောင်ရွာအပြင်ရှိ ခရီးသွားများနားနေရန် တည်ဆောက်ပေးထားသော ရှေးဟောင်းဇရပ်ကြီးထဲတွင် ထိုင်နေခြင်းဖြစ်သည်။သူတို့နှစ်ယောက်သည် လရောင် ထွန်းလင်းနေသောနေရာတွင် ထိုင်ကာ စကားဆိုနေကြသည်။
“လူလေး တို့တတွေ အချိန်ဆွဲလို့က မရပေဘူး။ဒီဇရပ်က လူသွားလူလာပြတ်မဲ့ပုံလည်း မပေါ်ဘူး။ဘာလို့လဲဆိုတော့ ဒီနေ့က တိုက်ဆိုင်စွာနဲ့ လွမ်းတောင်ဘုရားပွဲနေ့မို့ ဇာတ်ပွဲသွားကြည့်မဲ့သူတွေက ဒီကနေပဲ ဖြတ်သွားကြမှာ”
“ဟုတ်တယ် အဘ ”
“အဲ့ဒီတော့ လူလေးနာမ်ကိုခွာပြီး လှယမင်းဆိုတဲ့ မိန်းကလေးကို ရှာကွယ်။ပြီးရင် ဒီကို ခေါ်ခဲ့ အဘက ဒီမှာ ထိုင်ပြီး လူလေးရဲ့ရုပ်ခန္ဓာကို စောင့်ရှောက်ထားမယ် ”
“ဟုတ်ကဲ့ပါ အဘ ”
သူတို့နှစ်ယောက်စကားပြောနေစဉ် ဓာတ်မီးရောင်တဝင်းဝင်းနှင့် လူတစု စကားတပြောပြောဖြင့် လမ်းလျှောက်လာနေကြသည်။
“ဟေ့ မြင့်ဝင်း မင်းဓာတ်မီးကြီးကို မထိုးစမ်းပါနဲ့ကွာ ဒီလောက် လသာနေတာကိုကွာ ဓာတ်ခဲက ဝယ်ရခက်ပါဘိနဲ့ ”
“အေးကွာ ဒီကောင် အသုံးနဲ့ အဖြုံးကို မကွဲဘူး ”
ထိုလူတစုသည် ဇရပ်နားရောက်သောအခါ ဇရပ်ထဲတွင် ဝင်ထိုင်မည် ပြင်ပြီးနောက် ကြိုရောက်နှင့်နေကြသော ဦးဖိုးဝေနှင့် သူရိယကို မြင်သွားပြီး အာသွက်လျှာသွက်ရှိဟန်တူသော လူရွယ်တယောက်မှ စကားဆိုလေသည် ။
“ဗျို့ဦးကြီး ဘုရားပွဲသွားမလို့ ထင်ပါ့ ကျုပ်တို့နဲ့ တခါတည်း သွားရအောင်လား ”
“ရပါတယ် ငါ့တူရယ် ဦးကြီးတို့က ခရီးသွားတွေပါ ဒီည ဒီမှာ အိပ်ကြမလို့ကွယ့် ”
“ဦးကြီး ကွမ်းစားလားဗျ ကျုပ်မှာ ကွမ်းယာ ပါလာတယ် ”
“ပါရင်တော့ ပေးဦးကွယ် ကွမ်းအစ်တော့ ပါ ပါရဲ့ ကွမ်းယာရမှာက အပျင်းသား”
“ကျုပ်တို့လည်း တူတူပါပဲဗျာ ရော့ ရော့ ဟိုညီလေးရော စားဦးမလား ”
ဘုရားပွဲသွားမည့် လူငယ်များသည် သူတို့ပါလာသော ကွမ်းယာများအား ဦးဖိုးဝေကိုပေးလိုက်ရင်း သူရိယကိုပါ မေးလိုက်ခြင်း ဖြစ်သည် ။
“ကျနော်က ကွမ်းမစားဘူး အကို ”
“ကောင်းပါတယ်ကွာ ကွမ်းစားတာက ဘာအကျိုးမှလည်း မရှိပါဘူး”
တောသူတောင်သားများဖြစ်ပြီး စကားအပြောအဆို ပွင့်လင်းကြကာ သဘောထားပြည့်၀ပေ၏။ထို့နောက် လူရွယ်များသည် ကွမ်းတယာညက်ခန့် ကြာသောအခါ
“ဦးကြီးရေ ကျုပ်တို့တော့ ဘုရားပွဲသွားလိုက်ဦးမယ် ဆိုင်းသံ ဗုံသံတွေ ကြားနေရပြီဆိုတော့ အမောကပြေသွားတယ် ထင်ပါ့ဗျာ။ဦးကြီးတို့ ကျုပ်တို့အိမ်တွေမှာ တည်းချင်ရင်လည်း ရတယ်နော် ”
“ကျေးဇူးပါ တူကြီးတို့ရေ ဒီနေရာလေးက လလေးကသာ လေလေးက တဖြူးဖြူးနဲ့ဆိုတော့ နေရတာ ကောင်းလို့ကွယ့်”
“အဲ့တာတော့ ဟုတ်တယ်ဗျ ကျုပ်တို့ ခဏထိုင်လိုက်တာတောင် အတော်ကို အမောပြေသွားတယ် ကဲ ကျုပ်တို့သွားပြီဗျာ ”
လူရွယ်များသည် စကားတပြောပြောနှင့် လွမ်းတောင်ဘုရားပွဲရှိရာသို့ ထွက်သွားကြလေသည်။ထိုအခါမှ ဦးဖိုးဝေသည်
“ကဲ လူလေးရေ မင်းလည်း ဘုရားပွဲသွားဖို့ အသင့်ပြင်ပေတော့ကွယ် ”
“ဟုတ်ကဲ့ အဘ ”
ဦးဖိုးဝေ စကားဆိုလိုက်သည်နှင့် သူရိယသည် မြတ်စွာဘုရားကို ရည်သန်၍ ရှိခိုးဦးချပြီးနောက် ဆရာဖြစ်သော ဦးဖိုးဝေကို လည်း ဦးချလိုက်ကာ တင်ပုလ္လင်ခွေလျက် ထိုင်လိုက်ပြီး တုပ်တုပ်မျှ မလှုပ်တော့ပဲ ငြိမ်သက်လို့ သွားပါလေတော့သည်။
◾အခန်း (၃)
လွမ်းတောင်ရွာဘုရားပွဲသည် ယခုနယ်တ၀ိုက်တွင်တော့ အတော်စည်ကားသော ဘုရားပွဲဖြစ်သည်။လွမ်းတောင်ရွာနှင့် အနည်းငယ်လှမ်းသော လွမ်းတောင်ကုန်းပေါ်မှ စေတီတော် မြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲကျင်းပကြခြင်းလည်းဖြစ်သည်။ယခု လွန်းတောင်ဘုရားပွဲကျင်းပရာ လယ်ကွင်းပြင်များတွင် လူများ စည်ကားစွာရှိလို့နေသည်။ရိုးရာမုန့်သည်၊အ ကြော်သည်၊ကောက်ညှင်းပေါင်းနှင့် ကောက်ညှင်းကျည် တောက်တို့အပြင် ဆေးမှင်ကြောင်ထိုးသောနေရာများစွာလည်း ရှိပြီး မီးရောင်များ ထိန်လင်းလို့နေသည်။ရုံသွင်းပြသခြင်းမျိုးမဟုတ်ပဲ ကြည့်ချင်ပွဲဖြစ်၍ ပွဲကြည့်လိုက် ပွဲဈေးသွားလိုက်နှင့် အတော်ကို စည်ကားနေကြပြီး ကလေးများ၏ ပျော်ရွှင်စွာအော်ဟစ်သံ၊ဇာတ်ပွဲမှ သီဆိုဖျော်ဖြေသံတို့ဖြင့် တနှစ်မှ တခါ ဘုရားပွဲကို ဆင်နွဲနေကြသည်။လွန်းတောင်ကုန်းပေါ်ရှိ ရွာဦး စေတီတွင်လည်း ဘုရားဝတ်ပြုသူများ ဘုရားမီးပူဇော်သူများ ဆင်းလိုက်တက်လိုက်နှင့် စည်ကားနေသေး၏။ထိုဘုရားကုန်း ပေါ်ရှိ စေတီပုရဝဏ်တွင်တော့ မည်သူမှ မြင်နိုင်မစွမ်းသော သူရိယ ရှိလို့နေသည်။သူရိယသည် ဦးဖိုးဝေနှင့် အတူရှိနေသော ဇရပ်တွင် သူ၏ ရုပ်ခန္ဓာကြီးမှ နာမ်ကို ခွာပြီး ယခုဘုရားကုန်း ပေါ်သို့ ရောက်နေခြင်းဖြစ်သည်။သူသည် နာမ်လောကသို့ရောက်နေသည့် သုံးပန်လှရွာမှ လှယမင်းအား ယခုဘုရားပွဲတွင် ရှာဖွေနေခြင်းလည်း ဖြစ်သည်။သူရိယတယောက် သူ့အား မမြင်နိုင်သောသူများကို အာရုံမထားပဲ စေတီကုန်းပေါ်မှ ဆင်းလာ၏။စေတီလမ်းတလျှောက် တချို့သောမြင်အပ်မမြင်အပ် များကို မြင်တွေ့ ရသည်။သူတို့သည် တခြားသူနှင့်မတူဘဲ တမူထူးခြားနေသော သူရိယအနားသို့ ကပ်ရန် ကြိုးစားသော်လည်း ကပ်၍မရ ပူလောင်ကုန်ပြီး နောက်သို့ ကမန်းကတန်းဆုတ်လိုက်ကြရသူများသာ များ၏။သူရိယသည်က ထိုအဖြစ်များကို မသိကျိုးကျွံပြု၍ ပွဲခင်းဘက်ဆီသို့သာ ထွက်လာလေသည်။ပွဲခင်းထဲရှိလူများသည် သူရိယကို မမြင်နိုင်ကြပေ။သူသည် ပွဲခင်းထဲမှ တခုသောထမင်းဆိုင်တဆိုင်ရှေ့အရောက်တွင် ရပ်တန့်လိုက်သည်။ရပ်ရသည့်အကြောင်းမှာ ထိုဆိုင်နှင့် မလှမ်းမကမ်းတွင် အသက်အားဖြင့် တဆယ့်သုံးနှစ်အရွယ် ကောင်လေးတယောက်သည် ဆိုင်တွင် စားသောက်နေသော လူများကို ငေးကြည့်နေလေသည်။သူ၏ပုံပန်းသဏ္ဍန်ကို ကြည့်ခြင်းအားဖြင့် လူတယောက် မဟုတ်ပဲ ပရလောကသားတယောက် ဖြစ်နေလေသည်။ဝမ်းဗိုက်ကို ဖိထားကာ ဆာလောင် မွတ်သိပ်သောဒဏ်ကို အလူးအလဲခံနေရပုံပေါ်သည်။စားသောက်နေသည့်သူများမှာလည်း သူတို့မြင်နိုင်မစွမ်းသော ကောင်လေးအား ရှိသည်ဟုပင် မသိချေ။ထိုအချိန် ထမင်းစားနေသော လူတယောက်သည် အသားပါသော ဟင်းတဖတ်ကို အဘယ်သို့သောအကြောင်းကြောင့်မသိ ပစ်ချလိုက်သောအခါ ပရလောကသား ကောင်လေးသည် ထိုဟင်းဖတ်အား လက်ဖြင့်ကောက်လိုက်လေ၏။သို့ပေမဲ့ လက်ထဲတွင် မပါလာပေ။ထို့ ကြောင့် ကောင်လေးသည် မြေပြင်တွင် ဝပ်၍ထိုဟင်းဖတ်အား ပါးစပ်နှင့် ဟပ်၍ စားဟန်ပြုနေသည်။သို့ပေမဲ့ သူသည် ထိုဟင်းဖတ်အား စားနိုင်ခြင်းမရှိပေ။သူရိယသည် ထိုစိတ်မချမ်းမြေ့စရာမြင်ကွင်းကို မြင်ရသောအခါ စိတ်မသက်မသာဖြင့် မြေပေါ်တွင် ဝပ်ပြီး အသားဟင်းတဖတ်ကို စားရန် အကြိမ်ကြိမ်ကြိုးစားနေသော ပရလောကသားကောင်လေး အနားသွား၍ စကားဆိုလိုက်သည်။
“ကောင်လေး မင်း အတော်ဗိုက်ဆာနေတာလား”
“ဆာတာပေါ့ဗျာ ကျုပ် ဒီဘဝရောက်နေတာ ကြာပြီ အခုထိ တခါမှ ကောင်းကောင်း မစားရသေးဘူး ”
“မင်းက ဘယ်လိုမျိုးမှ စားနိုင်တာလဲ ”
“ကျုပ်လည်း မသိဘူး ”
ပရလောကသား ကောင်လေးသည် မြေတွင်ဝပ်နေရာမှ ထရပ်လိုက်ပြီး သူရိယကို သေချာကြည့်ကာ
“ခင်ဗျားက ကျုပ်တို့လောက က ဟုတ်ပေါ်မပေါ်ဘူး ”
“ဘာကြည့်ပြောတာလဲ မင်းက ”
“ကျုပ်တို့ဘုံဘဝက လူတွေအကုန်လုံးက ဝမ်းမီးတောက်နေတာ အကုန်လုံးက အစားအသောက်အတွက်ပဲ ဗျာများနေတယ် ခင်ဗျားက ကျုပ်တို့လို မဟုတ်ဘူး ”
“ဟုတ်တယ် ငါက လူ့ဘဝကနေ ခဏလာတာ ငါ့လို အမျိုး သမီးတယောက်ကို လာရှာတာ ”
“ခင်ဗျားလို ဟုတ်လား ”
“ဟုတ်တယ် ဒါနဲ့ မင်းနာမည်က”
“ကျုပ်နာမည်က ငတူး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျုပ်ဆုံးတာ ထင်တာပဲ လွမ်းတောင်ရွာသားပဲ ”
“အေး ငတူး မင်း ငါ့လို အမျိုးသမီးတယောက်ကို တွေခဲ့လား”
ငတူးဟု အမည်ရသော ပရလောကသား ကောင်လေးသည် ခေတ္တတွေးလိုက်ပြီး
“လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ဘုရားပွဲကို လာတာ တွေ့တယ် ဗျ ခပ်ချောချောပဲ သူက ကျုပ်တို့လို မဟုတ်ဘူး ”
“မင်း ဘယ်မှာ တွေ့လိုက်တာလဲ ”
“သူက ဒီဘုရားပွဲထဲမှာ တယောက်တည်း လျှောက်သွားနေတာ အခုနှစ်တော့ မတွေ့ဘူး ကျန်တဲ့သူတွေကို မေးကြည့်ရင်တော့ မပြောတတ်ဘူး”
“ကျန်တဲ့ လူတွေက ဘယ်မှာလဲ ငတူး”
“ရွာနောက်ဖက်က သင်္ချိုင်းဇရပ်မှာဗျ”
“ကဲ ငတူး အဲ့ဒီကို သွားကြစို့ကွာ ”
“ဟာ ကျုပ် ဗိုက်ဆာနေတာဗျ ”
“အဲ့ဒီအမျိုးသမီးကို တွေ့ရင် မင်းကို ဗိုက်ပြည့်အောင်လည်းကျွေးမယ် ဒီဘဝက ကျွတ်နိုင်ရင်လည်း ကျွတ်တန်းဝင်နိုင် အောင်ကူညီမယ် ဘယ်လိုသဘောရလဲ”
“ခင် ခင်ဗျား တကယ်ပြောတာလား ”
“တကယ်ပြောတာပေါ့ကွာ”
သူရိယ၏စကားကြောင့် ဝမ်းသာသွားသော ငတူးသည် ပွဲခင်းထဲမှနေ၍ ရှေ့မှ ဦးဆောင်ကာ ထွက်လိုက်သည်။သူရိယသည်လည်း နောက်မှ လိုက်ပါလာရာ ရွာဘေးလမ်းမှ ဖြတ်သွားသောအခါတွင် ခွေးများသည် ငတူးကို ကြည့်၍ စူးစူးဝါးဝါး အူကြလေသည်။ထို့နောက် ရွာဘေးလမ်းမှတဆင့် သင်္ချိုင်းဇရပ် ဆီသို့ သူတို့နှစ်ယောက် သွားလိုက်ကြပါလေတော့သည် ။
◾အခန်း (၄)
သင်္ချိုင်းကုန်းသည် ချုံနွယ်များဖြင့် ဖုံးလွှမ်းနေပြီး ပြသာဒ်များဖြင့် တည်ဆောက်ထားသောအုတ်ဂူအချို့ကိုဖြင့် လရောင်အောက်တွင် တွေ့နေရသည်။ထိုသင်္ချိုင်းနှင့် မလှမ်းမကမ်းတွင်တော့ ဇရပ်တခုရှိပြီး ထိုဇရပ်ပေါ်တွင် လူသားများ မြင်နိုင်မစွမ်းသည့် ပရလောကသားများနှင့်အတူ သူရိယ ရှိလို့နေသည် ။သူရိယသည် သူ့အား ခေါ်လာသော ငတူးနှင့် အခြား မမြင်အပ်သောပရလောကသားများကို တချက်ကြည့်လိုက်သည်။ သူတို့သည် ညိုးငယ်သောမျက်နှာများနှင့်ဖြစ်ပြီး မနှစ်မျို့စရာ အဆင်းနှင့် သာများ၏။ဦးခေါင်း ဟက်တက်ပဲ့နေသော သူ ပါသလို လက်တဖက်ပြတ်ပြီး သွေးများ ယိုစီးနေသော သူလည်းပါ၏။ထို့အပြင် ဆံပင်များနှင့် လက်သည်များ ရှည်လျားလွန်းလှသောအမျိုးသမီးများလည်းပါ၀င်ပြီး မျက်လုံးမပါသူ တချို့ဆို မျက်နှာပြောင်နှင့် အတော်အကျည်းတန်သော သူများမှာဇရပ်တခုလုံး ပြည့်လုနီးပါးပင်ဖြစ်သည်။ထို့နောက် ငတူး သည် သူနှင့် ဘဝတူပရလောကသားများကို ကြည့်ကာ
“ခင်ဗျားတို့ကို ကျုပ် ပြောစရာရှိတယ်။ကျုပ်ခေါ်လာတဲ့ သူက လူတယောက်ကိုယ်က နာမ်ခဏ ခွာလာတယ်လို့ ပြောတယ်။သူ့ကို ကူညီပေးရင် ကျုပ် စားစရာလည်း ကျွေးမယ်။ကျွတ်လွတ်နိုင်တဲ့သူတွေကိုလည်း ကျွတ်လွတ်အောင်လည်း ကူညီမယ်တဲ့ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ ”
“သူ့ကို ငါတို့က ယုံရမှာလား ငါတို့လို မကြာခင်ဖြစ်မဲ့သူဆို ဘယ်လို လုပ်မလဲ ”
“ဟုတ်တယ် အဲ့တာဆို ဘယ်လိုလုပ်မလဲ ”
ပရလောကသားများသည် ငတူး၏စကားကို မယုံကြည်ကြပေ။ထိုအခါ သူရိယသည် ဇရပ်ပေါ်တွင် အလှုလုပ်ထားဟန်ရှိသည့် ထမင်းထုပ်အနားသွားလိုက်ကာ
“ဟေ့ အားလုံး ဒီမှာ ကြည့် ”
သူသည် ပြောပြောဆိုဆို ထိုထမင်းထုတ်ထဲရှိ ဟင်းတဖတ်ကို ကိုင်ပြလိုက်သည်။ပြီးနောက် ငတူးကို ခေါ်ကာ ငတူး၏ပါးစပ်ထဲသို့ လက်နောက်ပြန်ဖြင့် ထည့်လိုက်ရာ ငတူးမှာ အားရဝမ်း သာနှင့် ဟင်းဖတ်အား စားနိုင်သွားလေသည်။ထိုအချင်းအရာကိုမြင်သော ကျန်ပရလောကသားများသည်
“ငါတို့ကိုလည်း ကျွေးပါ ငါ့ကိုလည်း ကျွေးပါ ”
ဘယ်အချိန်အခါကတည်းက ဆာလောင်မွတ်သိပ်နေမှန်း မသိနိုင်သော ပရလောကသားများသည် သူရိယ၏ရှေ့တွင် ဒူးကိုထောက် ပါးစပ်ကို ဟပြီး အစားအသောက်ကျွေးရန် တောင်းပန် ကြလေသည်။စိတ်မချမ်းမြေ့စရာအနေအထားများကို မြင်နေရသော သူရိယသည်
“ကဲ ကဲ ငါပြောတာ အားလုံးနားထောင်ကြ ”
အတော်ကို အသံကျယ်ကျယ်နှင့် ပြောလိုက်သောအခါမှ ပရလောကသားများ ငြိမ်သွားကြသည်။ထို့နောက် သူရိယသည်
“သင်တို့ ငါ့ကို ကူညီပေးနိုင်ရင် ငါ ပြန်ကူညီမယ် ”
“ပြောပါ ငါတို့ ဘာကူညီရမှာလဲ”
“ငါ့လို လူမသေသေးပဲ နာမ်ချည်းသက်သက်လျှောက်သွားနေတဲ့ လူတယောက်ကို သင်တို့ မြင်ဖူးတယ် မဟုတ်လား ”
“မြင်ဖူးတယ် ပြီးခဲ့တဲ့နှစ် ဘုရားပွဲတုန်းကတောင် မြင်တယ် ”
“အေး သူ့ကို ရှာပေး အဲ့တာဆို ငါ သင်တို့ မကျွတ်လွတ်နိုင်သေးရင်တောင် ထမင်းတနပ် ဝဝစားနိုင်အောင် ကူညီမယ် ကျွတ်နိုင်တဲ့သူတွေကိုလည်း ကျွတ်တန်းဝင်န်ိုင်အောင် ကူညီမယ် ”
“နင် တကယ်ပြောတာလား”
“တကယ်ပြောတာ အချိန်ဆွဲမနေနဲ့ အခု လိုက်ရှာပေတော့ သင်တို့ထဲက တယောက်ယောက် တွေ့တာ ဒါမှမဟုတ် သတင်း တခုခုရခဲ့ရင် ငါ့ကို ဘုရားပွဲထဲ လိုက်ရှာကြ”
သူရိယမှ ထို့သို့ ပြောပြီးသည်နှင့် ပရလောကသားများသည် ဇရပ်ထဲမှ အလျှိုအလျှိုထွက်သွားကြပြီး နောက်ဆုံး ဇရပ်တွင် သူတယောက်တည်းသာ ကျန်နေခဲ့ပါတော့သည် ။
◾အခန်း ( ၅)
လွမ်းတောင်ရွာ၏ဘုရားပွဲတွင် ကပြဖြေဖျော်နေသော ဇာတ်သည် နောက်ပိုင်းဇာတ်ထုတ်ကြီးအား တင်ဆက်ကပြနေသည်။ တချို့သောကလေးငယ်များသည်က အိပ်ပျော်နေကြပြီး လူကြီးတချို့မှာလည်း ငိုက်မြည်းနေကြသည်။ဈေးသည်များမှာလည်း ဈေးရောင်းမကောင်းတော့၍ ပြဇာတ်မှ ထွက်ပေါ်နေသော လွမ်းချင်းနှင့် တမ်းချင်းများကို ကြားပြီး အိပ်သူက အိပ် လှမ်း၍ အကဲခတ်ပြီး ကြည့်သူက ကြည့်နှင့် ပွဲခင်းလေးသည်က သဘာဝဆန်စွာ တည်ရှိလျက်ရှိသည်။ပွဲခင်းထဲတွင်တော့ သူရိယသည် ရှေ့လျှောက်နောက်လျှောက်နှင့်ပင် သူရှာခိုင်းထားသောအမျိုးသမီးကို သွားရှာနေသည့် ပရလောကသားများကို စောင့်နေလိုက်၏။ထိုစဉ် ငတူးသည် ပွဲကြည့်နေသော လူပရိသတ်များထဲမှနေ၍ တိုးဝင်လာပြီး သူရိယ အနားသို့ ရောက်လာသည်။ထို့နောက် သူသည် ဝမ်းသာအားရစွာနှင့် သူရိယအား စကားဆိုလေသည် ။
“ခင်ဗျား ရှာခိုင်းတဲ့ အမျိုးသမီးကို တွေ့ပြီ ”
“ဟုတ်လား သူ ဘယ်မှာလဲ ”
“ကျုပ်တို့ထက်မြင့်တဲ့သူတွေ နေတဲ့ နေရာမှာ သူနေ နေတာ ကျုပ်တို့က လှမ်းတွေ့လိုက်တာ အဲ့ဒီအထဲတော့ ကျုပ်တို့ မဝင် ရဲဘူး ”
“သူတို့က ဘာမို့လို့လဲ ”
“သူတို့က လွမ်းတောင်ထဲမှာ နေတဲ့သူတွေ ”
“အေး အဲ့တာဆို ငါ့ကို လိုက်ပြ ”
သူရိယသည် ငတူးနောက် လိုက်သွားမည်ကြံစဉ် သူ၏နာမ်သည် လေထဲတွင် တဖြည်းဖြည်း ဝဲ၍နေပြီး တခုခုမှ သူ့အား ဆွဲယူနေသည်ကို သတိပြုလိုက်မိသည်။ငတူးမှာဖြင့် သူ့အား ထားခဲ့သည်ဟု ထင်ကာ
“ဟေ့ ဟေ့လူ ကျုပ်တို့ ရှာတွေ့ပြီလေ ခင်ဗျား ပြောထားတာတွေ လုပ်ပေးဦးလေ ဟေ့လူ ဘယ်သွားမှာလဲ ပြန်လာခဲ့ ”
သို့ပေမဲ့ သူရိယ ရပ်တန့်မရ ငတူးအား မည့်သည့်စကားမှ ပြန်ပြောချိန် မရလိုက်ပဲ လျင်မြန်လွန်းသော အရှိန်ဖြင့် သိမ့်ခနဲတချက်တုန်၍သွားပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန် သူ၏ရှေ့တွင်ထိုင်နေသော ဦးဖိုးဝေအား တွေ့လိုက်ရ၍ စကားဆိုလိုက်သည်။
“အဘ ဘယ်လိုဖြစ်တာလဲ ကျနော် ဘယ်လိုလုပ်ပြီး ကိုယ်ထဲပြန်ရောက်နေရတာလဲ ”
“လူလေး ဥစ္စာစောင့်တွေရဲ့နေရာမှာ ရှိနေတယ်ဆိုတာ သိခဲ့ရပြီ မဟုတ်လား ”
“အဘ ဘယ်လိုလုပ်သိ ”
“လူလေး ရှာခိုင်းတဲ့ ပရလောကသားတွေက ဒီထိအောင် လာရှာကြတာကွ ပြီးတော့ အချင်းချင်းပြောနေကြတာ အဘကြားလို့ လူလေးကို ခေါ်လိုက်ရတာ နာမ်ချည်းပဲတော့ ဥစ္စာစောင့်တွေ ရဲ့နေရာ သွားလို့ မသင့်ဘူး ”
“ဟုတ်ကဲ့ အဘ အဲ့တာဆို ကျနော်တို့ ဘယ်လိုလုပ်ကြမှာလဲ ”
“ကဲ ဒီအချိန်သွားရင် မိုးမလင်းခင်တော့ ရောက်လောက်ပါတယ် လွမ်းတောင်ကို သွားကြစို့ လူလေးရေ”
ဤသို့ဖြင့် ဦးဖိုးဝေနှင့် သူရိယသည် ဇရပ်မှ လွမ်းတောင် ဘုရားပွဲဆီသို့ ခြေဦးလှည့်လိုက်ပါလေတော့သည်။
◾အခန်း (၆)
လွမ်းတောင်စေတီသည် အတန်အသင့်မြင့်မားသော တောင်ပေါ်တွင်ရှိပြီး ကိုးတောင်ပြည့်စေတီ တဆူဖြစ်သည်။စေတီတည်ရှိရာ လွမ်းတောင်၏မြောက်ဘက်တွင်တော့ ယခုဘုရားပွဲကျင်းပနေသည့် လယ်ကွင်းများရှိပြီး တောင်၏ တောင်ဘက်တကျောတွင် ပိတောက်ပင်၊မယ်ဇလီပင် တရုတ်စကားပင် နှင့် အခြားသော နှစ်ရှည်ပင်ကြီးများ ပေါက်ရောက်နေပြီး နတ်နန်းတခုလည်း တည်ရှိလေ၏။ထိုနေရာကိုဖြင့် မည်သူတဦးတယောက်မှ ညအချိန်၌ သွားလာခြင်း မရှိပေ။ယခု ထိုနေရာတွင်လူနှစ်ယောက် ရှိနေသည်။ထိုသူနှစ်ယောက်မှာဖြင့် ဦးဖိုးဝေနှင့် သူရိယ ဖြစ်လေသည်။သူတို့ နှစ်ယောက်သည် သစ်ပင်များအကြားမှ လမ်းလျှောက်လာပြီး တောင်ခြေတွင် သစ်သားဖြင့် ဆောက်ထားသော တောင်ပိုင်ဘိုးဘိုးကြီးနတ်နန်းရှေ့တွင် ရပ်လိုက်ကာ ဦးဖိုးဝေမှ စကားဆိုလိုက်လေ၏ ။
“ကဲ တောင်ပိုင် ကျုပ် စေတလုံးပိုင် ဖိုးဝေက ခေတ္တ ကြွခဲ့ဖို့ ဖိတ်ပါတယ် ”
ဦးဖိုးဝေ၏စကားဆုံးသည်နှင့် နတ်နန်း၏အနောက်ဖက်မှ အဖြူရောင်တိုက်ပုံ၀တ်နှင့် ခေါင်းပေါင်းကို သူဌေး၊သူကြွယ်ဟန်ပေါင်းထားပြီး ကိုယ်မှ အရောင်းအဆင်းတောက်ပနေသော ပုဂ္ဂိုလ်တယောက် ထွက်လာသည်။ထို့နောက် ဦးဖိုးဝေကို ကြည့်ကာ ဩဇာသံပါသော အသံဖြင့် စကားဆိုလေသည် ။
“ကဲ စေတလုံးပိုင် ကျုပ် ဘာများကူညီပေးရမလဲ ”
“အထွေအထူးတော့ မဟုတ်ပါဘူး ဒီတောင်အောက်မှာ သိုက်တခု တည်ရှိနေပါသလား တောင်ပိုင်”
“ရှိပါတယ် ”
“ဒီသိုက်ထဲမှာ ကျုပ်တို့ ရှာနေတဲ့ လူတယောက်ရဲ့နာမ် ရှိနေတယ်။သူ့ကို ကျုပ်တို့ ခေါ်ချင်ပါတယ် တောင်ပိုင်က မေတ္တာရပ် ခံပေးလို့ ရရင်ဖြင့် တခြားဘာပြဿနာမှ မရှိပဲ အေးအေးချမ်းချမ်းနဲ့ ပြီးသွားမယ် ထင်တယ် ”
“စေတလုံပိုင်ရဲ့စကားကို ကျုပ်နားလည်ပါတယ်။ဒီသိုက်က အစောင့်တွေက အတော်ကို အပျော်ကြူးကြပါတယ်။ပြီးတော့ စေတလုံးပိုင်တို့ပြောတဲ့ လူရဲ့ဝိညည်ကလည်း ဒီမှာပျော်နေတော့ ကျုပ် ပြောလို့ရမယ် မထင်ဘူး”
“ဒါဆိုရင်လည်း ကောင်းပါပြီ ကျုပ်နည်းကျုပ်ဟန်နဲ့ပဲ ခေါ်တာပေါ့ တောင်ပိုင် ဒီကိစ္စထဲ ဝင်မပါဖို့တော့ ကျုပ် မျှော်လင့်ပါတယ် ”
“မပါ ပါဘူး စေတလုံးအရှင် စိတ်ချပါ ”
တောင်ပိုင်သည် ဦးဖိုးဝေကို ကြည့်ကာ ချက်ချင်းပင် ငြင်းဆိုလေသည်။ထို့နောက် ဦးဖိုးဝေ ခွင့်ပြုလိုက်သည့်အခါမှ တောင်ပိုင်သည် နတ်စင်နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည်။
ထို့နောက် ဦးဖိုးဝေနှင့် သူရိယသည်လည်း နတ်စင်ဘေးမှ နေ၍ တောင်နံရံအနားထိ သွားလိုက်ကြပါတော့သည် ။
◾အခန်း (၇)
လရောင်၏အလင်းရောင်အောက် လွမ်းတောင် တောင်ဘက်ရှိ ကျောက်ဖြစ်ခါနီးမြေသားများရှေ့တွင် ဦးဖိုးဝေနှင့် သူရိယ တို့ ရပ်လို့နေသည်။ထို့နောက် ဦးဖိုးဝေသည် တောင်ကို စူးစိုက်စွာ ကြည့်လိုက်ပြီး
“ကဲ ဒီကသိုက်စောင့်တွေကို ကျုပ် ဖိုးဝေ မေတ္တာရပ်ခံပါတယ် တမလွန်ခရီးကို ရောက်ချိန်မတန်သေးဘဲ ရောက်လာတဲ့ ဝိညာဥ်ကို ကျုပ်တို့နဲ့ ပြန်ထည့်ပေးပါ”
ဦးဖိုးဝေသည် အသံအေးအေး နှင့် မေတ္တာရပ်ခံနေချိန် တောင်ထဲမှ လှောင်ရယ်သံတချို့ ကြားလိုက်ရသည်။ထိုအခါ သူရိယသည် စိတ်တိုဒေါသထွက်သွားပြီး တောက်တချက် ခေါက်လိုက်ကာ အမိန့်ဖြင့် ခေါ်မည်ကြံစဉ် ဦးဖိုးဝေမှ တားဆီးလိုက်၏ ။
“လူလေး ဒေါသကို လျှော့ကွယ် ”
“အဘကို မခန့်လေးစားလုပ်ရင် ကျနော့်စိတ်က ထိန်းမရဘူး အဘ ”
“ဘဝမှာ မတူတာတွေကို တော်ရုံနဲ့ ဘယ်နားလည်မလဲ အဘ ထပ်ပြီး မေတ္တာရပ်ခံကြည့်ပါဦးမယ် ”
ဦးဖိုးဝေသည် ပြောပြောဆိုဆို ထပ်ပြီးမေတ္တာရပ်ခံလိုက်သည်။သို့ပေမဲ့ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲ တောင်ထဲမှ လှောင်ရယ်သံများသာ ထပ်မံကြားလိုက်ရသည်။ဦးဖိုးဝေသည် အခြေအနေမဟန်မှန်းသိသည့်အတွက် ခေါင်းကို အသာအယာရမ်းလိုက်ပြီး ချောင်းတချက်ဟမ့်လိုက်ကာ
“ကဲ နင်တို့က မေတ္တာနဲ့ မရတော့ သစ္စာနဲ့ခေါ်ရတော့တာပေါ့ ဒီတောင်မှာရှိတဲ့ သိုက်ထဲက သိုက်စောင့်မှန်သမျှ အခုချက်ချင်း ငါရှေ့ ရောက်စေ ”
ဦးဖိုးဝေ၏စကားဆုံးသည်နှင့် သူတို့၏ ရှေ့မလှမ်းမကမ်း တွင် ရှေးကျသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် ယောကျာ်းပျိုသုံးယောက်နှင့် မိန်းမပျိုလေးယောက်တို့ ပေါ် ထွက်လာကြသည်။သူတို့၏ကိုယ်ရောင်တို့သည် အနည်းငယ် တောက်ပလျက်ရှိနေ၏။ထီမထင်သော မျက်နှာပေးများနှင့် ထိုသိုက်စောင့်များသည် ဦးဖိုးဝေနှင့် သူရိယရအား တောက်ခေါက် လိုက်ပြီး မျက်စောင်းထိုးသည့်အပြင် ခါးထောက်၍ပါ ကြည့်နေကြသည်။ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်းမပျိုသည် မာထန်သောလေသံဖြင့် ပြစ်တင်ပြောဆိုလေ၏။
“ဟဲ့လူတွေ နင်တို့က ငါတို့ကို ဘာလာနှောက်ယှက်တာလဲ”
“နှောက်ယှက်တာ မဟုတ်ဘူး နင်တို့ သိုက်နန်းထဲရောက်နေတဲ့ ဝိညာဥ်ကို ငါ့တို့လာခေါ်တာ ”
“ဘာတွေ ပြောနေတာလဲ ဘာဝိညာဥ်မှ မရှိဘူး ”
“နင့်စကားက အတည်လား ”
“ဟုတ်တယ် ပြန်တော့ ဘာမှမရှိဘူး ”
“ကဲ ဟုတ်ပြီလေ နင့်စကား အမှားဆိုက အမှန်မပြောမချင်း နင်တို့ရဲ့ကမ္မဇိဒ္ဓိတွေ ပျောက်ပျက်စေ”
ဦးဖိုးဝေမှ ထိုသို့ဆိုလိုက်သည်နှင့် အရောင်အဝါတောက်ပနေသော သိုက်စောင့်များ၏ကိုယ်မှာ တဖြည်းဖြည်း မှိန်သွားပြီး ဝတ်ထားသောအဝတ်အစားတို့သည်ပင် နွမ်းလျလာရာ သိုက်စောင့်များအားလုံး မျက်စိမျက်နှာပျက်ကုန်ကြသည်။ထို့နောက် ဦးဖိုးဝေရှေ့ ဒူးထောက်ချလိုက်ကာ
“ကျ ကျမတို့ လိမ်မိပါတယ် ဝိညာဥ်လည်း ရှိပါတယ် ခေါ်ပေးပါ့မယ် ကျမတို့ကို ဘဝကူးတဲ့အထိတော့ မလုပ်ပါနဲ့ ”
“ဟုတ်ပါတယ် ကျနော်တို့ကို ဒီတကြိမ်တော့ ခွင့်လွှတ်ပေးပါ ဆရာကြီး”
“ကို့ယ့်အမှားကို သိတယ်ဆိုရင်တော့ ငါခွှင့်လွှတ်ပါတယ် ”
ဦးဖိုးဝေ၏ နှုတ်မှ ခွင့်လွှတ်သည်ဟု ဆိုလိုက်သည်နှင့်ပင် သိုက်စောင့်တို့၏ကိုယ်မှ ဆင်မြန်းထားသော အဝတ်အစားတို့ သည် ပြန်လည်သစ်လွင်လာကာ အရောင်များလည်း တောက်ပလို့နေသည်။သူတို့သည် အချင်းချင်းကြည့်ကာ ဝမ်းသာနေပြီး တယောက်သောအမျိုးသားမှ တောင်ထဲတို့ ပြန်ဝင်သွားပြီး မကြာသောအချိန်တွင် လှယမင်း၏ ဝိညာဉ်ပါ ပါလာ၏။ထို့နောက် သိုက်စောင့်များသည် လှယမင်းကို ကြည့်ကာ
“နှမတော် ဒီက ဆရာကြီးတွေနောက် ပြန်လိုက်သွားရမယ် မောင်တော်တို့နဲ့ နေလို့မရတော့ဘူး”
“ဘာဖြစ်လို့လဲရှင် ကျမ ဒီမှာပဲ ပျော်ပါတယ် ”
“မရဘူး ညီမတော် အမတော်တို့လည်း ညီမတော် ရှိတာပျော်ပါတယ် ဒါပေမဲ့ ဒီကဆရာကြီးတွေနောက်ကိုသာ လိုက်သွားပါတော့ ”
ထို့နောက် လှယမင်းသည် ဦးဖိုးဝေကို ကြည့်ကာ
“ဦးကြီး ကျမ မလိုက်နိုင်ဘူး ဒီမှာပဲ ပျော်တယ် ”
“ကလေးမ သတိကပ်စမ်းပါ အိမ်မှာရှိတဲ့ကလေးမရဲ့မိအိုဖအို တွေကို အမှတ်မရတော့ဘူးလား ”
“ရှင် ”
“ကလေးမ ဒီကိုရောက်တာ လူ့သက်တမ်းနဲ့ဆို လေးနှစ်ပြည့်ခဲ့ပြီ။မိဘနှစ်ပါးက ကလေးမကို အခေါ်လွှတ်လို့ ဦးကြီးတို့ လာခေါ်ရတာ တကယ်လို့ အချိန်တွေ နောက်ကျသွားရင် ဦးကြီးတို့လည်း မတတ်နိုင်ဘူး”
ထိုအခါမှ လှယမင်းသည် တခုခုကို သတိရသွားဟန်နှင့်
“ဦးကြီး ဟုတ်တယ် ကျမမှာ အဖေနဲ့ အမေ ရှိသေးတာပဲ ကျမ ဒိီမှာ အပျော်လွန်ပြီး မေ့နေတာ ကျမမိဘတွေကို တွေ့ချင်တယ် ”
လှယမင်းထံမှ ထိုစကားကြားမှ ဦးဖိုးဝေနှင့် သူရိယသည် သက်ပြင်းကို မသိမသာချလိုက်နိုင်၏။ထို့နောက် သူတို့နှစ်ယောက်သည် လှယမင်းကို ခေါ်ကာ သုံးပန်လှရွာလေးထံသို့ ပြန်လာချိန် လမ်းတွင် သူတို့၏နောက်မှာ ပရလောကသားများ သည် အနီးအနားလည်း မကပ်ရဲ စကားလည်း မပြောရဲပဲ ခပ်လှမ်းလှမ်းမှနေ၍သာ သူရိယအား ကြည့်နေကြသည်။ထိုအချင်းအရာကိုသတိထားမိသော ဦးဖိုးဝေသည် သူရိယအား ကြည့်ကာ စကားဆိုလိုက်လေသည်။
“လူလေး တို့နောက်က ပါလာတဲ့ပရလောကသားတွေက ဒီ ကလေးမကို ရှာပေးခဲ့တဲ့သူတွေ မဟုတ်လား”
“ဟုတ်ပါတယ် အဘ ”
“သူတို့ တခုခုပြောချင်နေပုံပဲ လူလေးသူတို့ကို ဘာပြောခဲ့လဲ”
“ဒီက အမရဲ့ဝိညာဥ်ကို ပြန်တွေ့ရင် သူတို့ကို ကျွေးမွေးပြီး ကျွတ်တန်းဝင်နိုင်သူတွေကို ကျွတ်ဖို့ လုပ်ပေးမယ်လို့ ပြောထားပါတယ် အဘ ”
“အစောကတည်းက ပြောရောပေါ့ကွယ် ”
“ကျနော်က ဒီအမဝိညာဥ် သူရဲ့ကိုယ်ထဲ ပြန်ရောက်မှပဲ ဒီကို ပြန်လာမယ်လို့ တွေးထားလို့ အဘ ”
“သူတို့က လူလေးအတွေးကို ဘယ်သိမှာလဲကွယ် ကဲ တူမကြီး ဟောဟိုကပရလောကသားတွေက တူမကြီးကို ကူရှာပေးတဲ့သူတွေ တူမကြီးက မကြာခင်မှာ လူ့လောကထဲ ပြန်ရောက်တော့မယ်ဆိုတော့ သူတို့ကို ရည်စူးပြီး ဒါနပြုပေးမယ် မဟုတ်လား နောက်ပြီး အလှုအတန်းလေးတွေပြုပြီး သူတို့ကို အမျှဝေပေးနိုင်မလား”
“လုပ်ပေးပါ့မယ် ဦးကြီး ကျမကိုယ်ထဲ ပြန်ရောက်ရင် ဒီကိစ္စ မမေ့ရင်ပေါ့ ”
“စိတ်ချပါ မမေ့စေရပါဘူးကွယ် ”
ဦးဖိုးဝေသည် လှယမင်း၏ဝိညာဥ်ကို စကားပြောနေရင်းမှ သူရိယဘက် လှည့်ကာ
“ကဲ လူလေးရေ နောက်ကလိုက်နေတဲ့ သူတွေက သနားပါတယ်ကွာ သွားရှင်းပြလိုက်ပါဦး ”
“ဟုတ်ကဲ့ပါ အဘ ”
သူရိယသည် ဦးဖိုးဝေ၏ စကားဆုံးသည်နှင့် ငတူးတို့အဖွဲ့ အနားသွား၍ အကျိုးအကြောင်း ရှင်းပြလိုက်သောအခါမှ ကျေနပ်သွားပြီး ဆက်မလိုက်လာတော့ပေ။ထို့နောက် ဦးဖိုးဝေ တို့ ခရီးဆက်လာရာ ကျွန်းတိုင်ဖြင့်ပြုလုပ်ထားသော ဇရပ်ကြီးနားရောက်ချိန် ဇရပ်ထဲတွင် ဆေးပေါ့လိပ်သောက်နေသော လူရွယ်တချို့သည် အပြင်တွင် လူရိပ်မြင်၍ လှမ်းနှုတ်ဆက်လိုက်လေသည်။
“ဘုရားပွဲက ပြန်လာတာလားဗျ”
“ဟုတ်တယ်ကွယ့် ”
“ကျုပ်တို့ ဘုရားပွဲသွားတုန်းက ဦးကြီးတို့ ထင်တယ် လာကြဦးဗျာ ဒီမှာ ကောက်ညှင်းကျည်တောက်ရော အကြော်ရော ပါလာတယ် လာစားကြ”
“မစားတော့ပါဘူးကွယ် ”
“လာပါ ဦးကြီးရာ ပြီးမှ အတူခရီးဆက်တာပေါ့ ”
“အချိန်မရှိတော့လို့ပါကွယ် ”
“အဲ့တာဆိုလည်း ဒီလမ်းက သွားမယ်ဆို အတူသွားကြတာပေါ့ ဟေ့ကောင်တွေ ထကြ သွားကြရအောင် ”
ခင်မင်တတ်သောလူရွယ်များ၏ မြင်ကွင်းတွင်တော့ ဦးဖိုးဝေ နှင့် သူရိယကိုသာ မြင်ရပေ၏။လှယမင်း၏ဝိညည်ကိုဖြင့် မမြင်ရပေ။ထို့နောက် သူတို့သည် တလမ်းတည်းဖြစ်၍ အတူ သွားနေရင်း လူရွယ်တယောက်မှ ဦးဖိုးဝေအား မေးလာသည်။
“ဦးကြီးတို့ကို ဘုရားပွဲမသွားဘူး ထင်နေတာ ကျုပ်တို့က ဦးကြီးတို့အတွက်ဆိုပြီး စားစရာတွေ ဝယ်လာခဲ့တာ မတွေ့တာ နဲ့ ထိုင်နေကြတာ ရော့ ညီလေးယူထား ”
လူရွယ်တယောက်သည် သူ့လက်ထဲမှာ အိတ်နှင့် ထုတ်ထားသော စားစရာများကို သူရိယလက်ထဲသို့ အတင်းပေးလေ၏။ ဦးဖိုးဝေသည် လမ်းသွားနေရင်းမှ
“ဟုတ်တယ် ငါ့တူရေ ဦးကြီးတို့က အထက်လမ်းဆရာတွေလေ အဲ့ဒီဘက်ကို အလုပ်လေးရှိလို့ သွားတာ ”
“ဦးကြီးတို့က အထက်လမ်းဆရာတွေလား ဟန်တာပဲဗျာ ကျုပ်တို့ရွာမှာ ကျုပ်ညီမဝမ်းကွဲတယောက် နေရင်းထိုင်ရင်း သရဲပူးခံနေရတာဗျာ အသားစိမ်းငါးစိမ်းတွေလည်းစားလို့ ကြိုးနဲ့ တုတ်ထားရတယ်ဗျာ တတ်နိုင်ရင် ကူညီပါဦးဗျာ ပြီးတော့ သူ့ပါးစပ်ကလည်း ငါ့နာမည် မယ်ဝါလို့ အမြဲပြောနေတယ် ”
လူရွယ်၏စကားကြောင့် ဦးဖိုးဝေသည် နောက်မှ သူရိယအားလှည့်ကြည့်လိုက်ပြီး လူရွယ်အား စကားဆိုလိုက်လေသည်။
“ငါ့တူရေ အဲ့တာဆို မနက်ဖြန် မင်းတို့ရွာကို ဦးကြီးတို့ လာခဲ့မယ် ရွာနာမည်လေးပြောခဲ့ဦး ”
“သင်းဝင်းရွာပါ ဆရာကြီး”
“စိတ်ချသာနေ ဦးကြီးတို့ လုပ်ငန်းကိစ္စလေးပြီးတာနဲ့ ဆက်ဆက်လာခဲ့မယ် ”
ဤသို့ဖြင့် ဦးဖိုးဝေနှင့် သူရိယသည် လှယမင်း၏ ဝိညာဥ်အား သူမခန္ဓာကိုယ်ထဲသို့ အခက်အခဲမရှိ ပြန်သွင်းနိုင်မှာ သေချာနေပြီးဖြစ်၍ မယ်ဝါရှိသောရွာကို သွားဖို့ ဆုံးဖြတ်လိုက် ပါလေတော့သည် ။
◾ဦးဖိုးဝေနှင့် အလည်လွန်ဝိညာဥ်သည်က ဤမျှသာ။
ရေးသားသူ- မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd