ကတိမတည်မိတဲ့သိုက်နန်းရှင်မလေး

ကတိမတည်မိတဲ့သိုက်နန်းရှင်မလေး(စ/ဆုံး)

———————————————–

ဆီမီးရောင်တွေ ထိန်ထိန်လင်းနေသည့် စုလစ်မွမ်းချွန်များနှင့် ရှေးဟောင်း အဆောက်အဦးကြီး တစ်ခု။
ထိုအဆောက်အဦးကြီးမှာ ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးစေတီတော်
တစ်ဆူ၏အောက်မှ ဌာပနာတိုက်ကို စောင့်ရှောက်နေကြသည့် သိုက်နန်းကြီးတစ်ခုဖြစ်လေသည်။
သိုက်နန်းအတွင်းဝယ် ရှေးခေတ်အဝတ်အစားများဖြင့် ယောက်ျား၊ မိန်းမများ ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြသည်။ ထိုသူတို့မှာ
သိုက်စောင့်များနှင့် သိုက်မှအခြွေအရံများဖြစ်ကြ၏။ သိုက်နန်းကြီး၏အတွင်းတစ်နေရာရှိ အခန်းတစ်ခုအတွင်းတွင် ခန့်ညားသော ယောက်ျားပျိုတစ်ဦးနှင့် ချောမောလှပသော မိန်းမပျိုတစ်ဦးတို့ ရှိနေကြ၏။ သူတို့နှစ်ယောက်မှာ သိုက်ချုပ်ဘိုးဘိုးကြီးနှင့်အတူ သိုက်နန်းကြီးကို အုပ်ချုပ်နေကြသည့် သိုက်ပိုင် သူရိယစက္ကနှင့် ကြင်ယာတော် သီရိမာလာတို့ ဖြစ်ကြလေသည်။ သီရိမာလာမှာ လူ့ပြည်သို့သွား၍ သာသာနာပြုခွင့်ပေးရန် ခင်ပွန်းသည် သူရိယစက္ကထံတွင် ခွင့်တောင်းနေလေသည်။

“မောင်တော်ရယ် နှမတော်လေး လူ့ပြည်လူ့ရွာကို သွားပြီး သာသနာပြုချင်လို့ မောင်တော် ခွင့်ပြုပေးပါလားဟင်”

“ဘယ်လိုကြောင့်များ လူ့ပြည်လူ့ရွာကို သွားချင်ရတာလဲ နှမတော်ရယ်။ လူ့လောကဟာ အင်မတန်မှ ရှုပ်ထွေးလွန်းလှပါတယ်။ မသွားချင်ပါနဲ့ နှမတော်လေးရယ်”

“မောင်တော်ကလည်း နှမတော် လူ့ပြည်ကိုသွားချင်တာက သာသနာပြုချင်လို့ပါ။ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး မောင်တော်တို့ကိုလည်း အမျှအတန်းပေးဝေချင်တယ်။ ဒါကြောင့်မလို့
ခွင့်ပြုပေးပါနော်”

“ခက်ချေပြီ နှမတော်ရယ်။ မောင်တော်က ခွင့်ပြုရင်တောင်မှ ဘိုးဘိုးကြီးက ခွင့်ပြုမှ ဖြစ်မှာလေ”

“ဘိုးဘိုး ခွင့်ပြုအောင် မောင်တော်ကလည်း ဝိုင်းပြီးကူပြောပေးလေ။ ပြီးတော့ ဘိုးဘိုးကြီးကလည်း သာသနာပြုဖို့အတွက်ဆိုရင် သိပ်ပြီးတော့ မကန့်ကွက်လောက်ပါဘူး။ ကူပြောပေးပါနော် မောင်တော်”

“ခက်တာပဲ နှမတော်ရယ်။ မောင်တော်လည်း နှမတော်ကို လူ့ပြည်လွှတ်ရမှာ စိတ်မချဘူး။ ဖြစ်နိုင်ရင် မသွားပါနဲ့လားကွယ်”

သူရိယစက္က အခက်တွေ့နေ၏။ ဇနီးသည် သိရိမာလာကို လူ့ပြည်သို့ သွားမည်ကို စိတ်မချနိုင်။
သူ အလွန်ချစ်မြတ်နိုးရသော ဇနီးသည်နှင့် မခွဲခွာချင်ပေ။ ပြီးတော့ လူ့ပြည်သို့ ရောက်သွားလျှင်
သူ့ကို မေ့သွားမည်ကိုလည်း စိုးရိမ်နေမိလေသည်။

“မောင်တော်က နှမတော်ကို တစ်ကယ်မှ မချစ်တာ။ နှမတော်ရဲ့ ဆန္ဒကို ဉပက္ခာပြုမှာပေါ့ အဟင့် ဟင့်”

“မဟုတ်တာ နှမတော်ရယ်။ နှမတော်ကို မောင်တော် ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာ သိရဲ့သားနဲ့”

“အဲ့ဒါဆိုလည်း မောင်တော်ကခွင့်ပြုပြီး ဘိုးဘိုးကို ကူပြောပေးပေါ့ အဟင့် ဟင့်”

သီရိမာလာ၏ ငိုမဲ့မဲ့လေးဖြင့် ပြောလိုက်သောစကားကြောင့် သူရိယစက္က သက်ပြင်းချလိုက်ရင်း

“ကဲပါလေ။ နှမတော် ဒီလောက်တောင် ဆန္ဒပြင်းပြနေမှတော့ မောင်တော်ခွင့်ပြုပြီး ဘိုးဘိုးကြီးကိုလည်း ကူပြီးပြောပေးပါမယ်။ ဒါပေမဲ့ မောင်တော်ကို ကတိ(၃)ခု ပေးရမယ်။ (၁)လူ့ပြည်ကိုရောက်ရင် ကုသိုလ်ကောင်းမှု များများလုပ်ပြီး ဘိုးဘိုးနဲ့ မောင်တော်တို့ကို အမျှဝေရမယ်။ (၂) လူ့ပြည်မှာ အသက်(၃၀)အထိပဲနေရမယ်။ အသက်(၃၀)ပြည့်တာနဲ့ သိုက်နန်းကို ပြန်လာရမယ်။ (၃) လူ့ပြည်မှာ အိမ်ထောင်သားမွေး လုံးဝမလုပ်ရဘူး။ အဲ့ဒီကတိတွေကို ပေးနိုင်မလား”

သီရိမာလာ၏ မျက်နှာလေး ညှိုးသွားသောကြောင့်
သူရိယစက္ကလည်း စိတ်ကိုလျော့လိုက်ပြီး
သူလိုချင်သော ကတိများကို တောင်းလိုက်၏။ သီရိမာလာက ခဏမျှ စဉ်းစားလိုက်ပြီး

“စိတ်ချပါ မောင်တော်။ နှမတော် ကတိပေးနိုင်ပါတယ်။ ကတိလည်း တည်ပါ့မယ်။ မောင်တော်သာ ဘိုးဘိုးကြီးကို ကူပြီးပြောပေးပါ”

“ကောင်းပြီ နှမတော်။ ဘိုးဘိုးကြီးဆီ သွားကြစို့။ အခုအချိန်လောက်ဆိုရင် ဘိုးဘိုးကြီး တရားအားထုတ်ပြီးလောက်ပါပြီ”

“ကောင်းပါပြီ မောင်တော်”

ဇနီးမောင်နှံ နှစ်ယောက်မှာ ဘိုးဘိုးကြီးရှိရာ
သိုက်နန်းအလယ်ရှိ ခန်းမကြီးဆီသို့ ထွက်လာခဲ့ကြလေသည်။ ခန်းမကြီးထဲသို့ ရောက်သောအခါ သလွန်ညောင်စောင်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော သိုက်ချုပ်ဘိုးဘိုးကြီးကို တွေ့ရ၏။
သိုက်ချုပ်ဘိုးဘိုးကြီးမှာ အသက်(၇၀)ကျော်ခန့်ရှိပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး ရတနာသုံးပါးကို အလွန်ကြည်ညို၏။ သိုက်နန်းရေးရာ ကိစ္စများ စီမံစရာမရှိသည့် အချိန်များတွင် တရားအားထုတ်နေလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် အဓိဌာန်ဝင်ပြီး တရားအားထုတ်လေသည်။
သူတို့ဇနီးမောင်နှံကို တွေ့သောအခါ ဘိုးဘိုးကြီးက

“မြေးတော်တို့ ဘိုးဘိုးဆီလာတာ အကြောင်းထူးများ ရှိလို့လားကွဲ့”

“မှန်ပါ ဘိုးဘိုး။ ဘိုးဘိုးရဲ့ မြေးမ လူ့ပြည်ကိုသွားပြီး သာသနာပြုချင်လို့ ဘိုးဘိုးဆီ ခွင့်လာတောင်းတာပါ”

သူရိယစက္ကမှ ပြောလိုက်ရာ ဘိုးဘိုးကြီးက သီရိမာလာအား ကြည့်လိုက်ပြီး

“မြေးမလေးက လူ့ပြည်ကိုသွားပြီး အမှန်တကယ်သာသနာပြုမှာလား”

“မှန်ပါ ဘိုးဘိုး။ လူ့ပြည်ကိုရောက်ရင် အမှန်တကယ် သာသနာပြုမှာပါ။ ကတိပေးပါတယ်”

“အင်း သာသနာပြုတယ်ဆိုတာက တစ်ကယ်ကို မွန်မြတ်တဲ့ အလုပ်ပါပဲ။ ဒါပေမဲ့ လူ့ဘောင်လောကဟာ အင်မတန်မှ ရှုပ်ထွေးလွန်းလှတယ်။ လူ့ပြည်ကိုရောက်ရင် လောကီကိစ္စတွေနဲ့ ပျော်မွေ့ပြီး သာသနာပြုဖို့ကို မေ့သွားတတ်ကြတယ်ကွဲ့”

“မြေးမလေး မမေ့ပါဘူး။ မောင်တော်ကိုလည်း ကတိပေးထားပါတယ် ဘိုးဘိုး”

“အင်း သာသနာပြုဖို့ဆိုတော့လည်း တားမြစ်ဖို့ မသင့်တော်ပေဘူး။ ဒါပေမဲ့ လူ့ပြည်ကိုရောက်တဲ့အခါ ကံငါးပါးကို ဖောက်ဖျက်ကျူးလွန်မိရင် သိုက်ကပေးတဲ့ အပြစ်ဒဏ်တွေကိုရော မြေးမလေး သိတယ်မလား”

“သိပါတယ် ဘိုးဘိုး။ မြေးမလေး ဂရုစိုက် ဆင်ခြင်ပါ့မယ်”

“ကောင်းပြီလေ။ ဒီလောက်ထိ စိတ်အားထက်သန်နေမှတော့ ဘိုးဘိုး ခွင့်ပြုပေးပါမယ်ကွယ်။ လူ့ပြည်ကို ရောက်ရင် သိုက်မှာ ပေးခဲ့တဲ့ကတိတွေ သိုက်က ပေးလိုက်တဲ့ တာဝန်တွေကို မမေ့လေနဲ့။ ကုသိုလ်ကောင်းမှုတွေပြုပြီး ဘိုးဘိုး၊ မြေးတော် သူရိယစက္ကနဲ့ သိုက်နန်းရဲ့ အပြင်စည်း အတွင်းစည်းကို စောင့်ရှောက်နေကြတဲ့ သိုက်စောင့် အားလုံးကို အမျှအတန်းဝေပါ”

“မှန်ပါ ဘိုးဘိုး။ မြေးမလေး မလွဲမသွေ ဆောင်ရွက်ပါ့မယ်”

“သာဓု သာဓု သာဓု။ ပေးခဲ့တဲ့ ကတိတွေလည်း တည်ပါစေ။ သာသနာပြုလုပ်ငန်းတွေလည်း
ဆထက်တပိုး လုပ်ဆောင်နိုင်ပါစေကွယ်။

“ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘိုးဘိုး”

ပြီးတော့ ဘိုးဘိုးက တရားအားထုတ်နေတာမလို့
မြေးမလေး လူ့ပြည်ကိုသွားဖို့ကို မြေးတော် သူရိယစက္က ကပဲ စီစဉ်ပေးလိုက်ပါကွယ်”

“မှန်ပါ ဘိုးဘိုး။ မြေးတော် စီစဉ်ပေးလိုက်ပါမယ်”

သိရိမာလာမှာ သိုက်ချုပ်ဘိုးဘိုးကြီးနှင့် ခင်ပွန်းသည် သူရိယစက္ကတို့မှ သူမအား လူ့ပြည်သို့
သွားခွင့်ပြုလိုက်သဖြင့် အလွန်ပင်ပျော်ရွှင်နေသော်လည်း သူရိယစက္ကမှာ ဇနီးသည်ကို
ချစ်မြတ်နိုးလွန်းသဖြင့် ခွင့်ပြုလိုက်ရသော်လည်း ခွဲခွာရတော့မည်မို့ စိတ်မကောင်းနိုင်ရှာပေ။

########

(စာဖတ်သူများ ဗဟုသုတရရှိနိုင်စေရန်
သိုက်ဆက်များ လူ့ဘဝကို ရောက်ရှိချိန်မှာ ကံငါးပါးကို ဖေါက်ဖျက်ကျူးလွန်မိလျှင် သိုက်မှ ပေးတဲ့ အပြစ်ဒဏ်တွေကို ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူး၊ လေ့လာဖူးသမျှ ရေးသားလိုက်ပါသည်။

(၁) ပါဏာတိပါတာကံ ကျူးလွန်မိလျှင် ခံစားရတဲ့
အပြစ်ဒဏ်မှာ သူတပါးရဲ့ အသတ်ကို သေစေလို၍ပဲဖြစ်ဖြစ် သားသတ်တာကို ခုံမင်လွန်း၍ပဲ ဖြစ်ဖြစ် သတ်ဖြတ်မိလျှင် သေလွန်ပြီး သိုက်နန်းကိုပြန်ရောက်တဲ့အခါ လူတွေ ဒါနပြုလှူတန်းတဲ့ အစားအစာတွေက မရောက်တော့အတွက် ကိုယ့် အသားကိုယ်ပြန်လှီးစားရတဲ့ အပြစ်ဒဏ်ကို ခံစားရပါတယ် ။

(၂) အဒိန္နဒါနာကံ ကျူးလွန်မိလျှင် ခံစားရတဲ့ အပြစ်ဒဏ်ကတော့ သူတပါးရဲ့ ပစ္စည်းဥစ္စာကို ခိုးယူမိလျှင် သေလွန်ပြီး သိုက်နန်းပြန်ရောက်တဲ့ အခါ ကိုယ်ရဲ့ဘုံဗိမာန်တွေ ကျိုးပျက်ပျောက်ဆုံးရပါတယ် ။ နေစရာမရှိတဲ့ ဘဝကိုရောက်ရပါတယ် ။ အရင်က ကိုယ်က သိုက်နန်းသခင် ဖြစ်ခဲ့ပေမယ့် အဒိန္နဒါန ကံကျူးလွန်မိလို့ အစေအပါးဘဝ ကိုရောက်သွားရတဲ့ အပြစ်ဒဏ်ကို ခံစားရပါတယ် ။

(၃) ကာမေသုမိစ္ဆာစာရာကံ ကျူးလွန်မိလျှင် ခံစားရတဲ့ အပြစ်ဒဏ်ကတော့ သူတပါးသားမယား သူတပါးသားပျို သမီးပျိုကို ပြစ်မှားစော်ကားမိလျှင် ပြစ်မှားခံရတဲ့ သူရဲ့ သီလသမာဓိ ကိုလိုက်ပြီး အပြစ်အလေး အပေါ့ ကွာခြားပါတယ် ။ သေလွန်ပြီး သိုက်နန်းပြန်ရောက်တဲ့ အခါ မိန်းကလေးဆိုရင် အမြဲတမ်း နေ့စဉ် တစ်နေ့ကို ကလေး (၆၃) ယောက် မွေးပြီး ကလေးတွေ အားလုံး သေဆုံးကြပါတယ် ။ ယောက်ျားလေးဆိုရင် နဂါးသံကွင်း နဲ့အကွပ်ခံရပြီး အိမ်ထောင်ပြုလို့မရတဲ့ အပြစ်ဒဏ်ကိုခံရပါတယ် ။

(၄) မုသာဝါဒါကံ ကျူးလွန်မိလျှင် ခံစားရတဲ့ အပြစ်ဒဏ်ကတော့ ဂုန်းချောစကားပြောမယ် မဟုတ်မမှန်တွေပြောမယ် ဆိုရင်၊ အထူးသဖြင့် ဘာသာသာသနာ နဲ့ပတ်သက်တဲ့ ကိစ္စတွေ၊
သိုက်နန်းရှင်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အယူဝါဒတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မဟုတ်မမှန် ပြောဆိုမယ်ဆိုရင် သေလွန်ပြီး သိုက်နန်းပြန်ရောက်တဲ့ အခါ ပါးစပ်ထဲမှ နဂါးမီးလျှံတွေ ထွက်လာပြီး နဂါးမီးလျှံကို မထိန်းသိမ်းနိုင်ပဲ ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှ မီးကျွမ်းတဲ့ အနံ့ပါထွက်တတ်ပါတယ် ။ အဆက်အသွယ်လည်း ဖြတ်ပါတယ်။

(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာကံ ကျူးလွန်မိလျှင် ခံစားရတဲ့ အပြစ်ဒဏ်ကတော့ အရက်သေစာသောက်စားပြီး ဘုရားမေ့ တရားမေ့ ဖြစ်နေပါက သေလွန်ပြီး သိုက်နန်းပြန်ရောက်တဲ့ အခါ လူတွေ ဒါနပြုလှူတန်းလို့ပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ ဘုန်းကံတွေကြောင့် အလိုအလျှောက်ရလာတဲ့ အစားအစာတွေအားလုံးက သူရဲ့ လက်နဲ့ ထိမိလိုက်တာနဲ့ နွားကျင်ငယ်ရည် အဖြစ်ပြောင်သွားတဲ့ ပစ်ဒဏ်ခံရပါတယ်။
ဒါတွေကတော့ မကောင်းတာလုပ်ရင် ခံရတဲ့ အပြစ်ဒဏ်တွေထဲကမှ အနည်းအကျဉ်းသာ ဖြစ်ပါတယ်။ အပြစ်ဒဏ်တွေထဲမှာ အပြင်းဆုံး အပြစ်ဒဏ်ကတော့ နဂါးလောင်တိုက်သွင်းခံရပြီး (၇) ဘဝတိုင်တိုင် သူတောင်းစားဘဝတွင် လူဖြစ်ရခြင်း၊ (၈) ဘဝတိုင်တိုင် ကိုယ်လက်အင်္ဂါမပြည့်စုံခြင်း ၊ (၃) ဘဝတိုင်တိုင် ချေးစားလောက်ဖြစ်ခြင်း နဲ့ အပေါ့ဆုံး အပြစ်ဒဏ်ကတော့ အကျိုးဖြစ်ထွန်းမှု မရှိခြင်း တို့ဖြစ်ပါတယ် ။ ဒီ့ထက်ပိုများတဲ့ အပြစ်ဒဏ်တွေလည်းရှိပါသေးသည်။
ဤအပြစ်ဒဏ်အကြောင်းများကို မူရင်းရေးသားသည့် သူအား လေးစားစွာဖြင့် Crd ပေးပါသည်။
သို့သော် သိုက်တိုင်း မတူညီကြပေ။
သိုက်အများစုမှာ သိုက်ဆက်များအား လူ့ပြည်တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန် စေလွှတ်ကြသော်လည်း အချို့သိုက်များမှာ အကုသိုလ်အလုပ်များကိုသာ အားပေးကူညီကြပြီး တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းကို နှောက်ယှက်တားမြစ်တတ်ကြလေသည်။ အကြောင်းမှာ လူ့ပြည်တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး သိုက်နန်းသို့ ပြန်လည်ရောက်ရှိသောအခါ ထိုသိုက်ဆက်မှာ ပြုလုပ်ခဲ့သော ကုသိုလ်ကံအကျိုးကြောင့် မူလထက် များစွာ ဘုန်းတန်ခိုးကြီးလာကြသဖြင့် သိုက်စောင့် အချင်းချင်း မနာလို၍ နှောက်ယှက်ကြခြင်း ဖြစ်၏။ ထိုသို့ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းကို နှောက်ယှက်တားမြစ်တတ်ကြသည့် သိုက်များမှာ ဉစ္စာသိုက်များ ဖြစ်ကြလေသည်။)

######

ထိုသို့ဖြင့် သီရိမာလာမှာ ရန်ကုန်မြို့အတွင်းရှိ သာမန်လူတန်းစား မိဘနှစ်ပါးထံတွင် လူဝင်စားခဲ့
လေသည်။ အင်္ဂါနေ့တွင် မွေးဖွားသဖြင့် မိဘများက စန်းစန်းဝင်း ဟုနာမည်ပေးခဲ့ကြလေ၏။ မစန်းစန်းဝင်းမှာ သိတတ်သောအရွယ်သို့ ရောက်လာသောအခါတွင် သိုက်မှအကြောင်းများကို လုံးဝမမှတ်မိတော့ပေ။ ထို့ကြောင့် သာသနာပြုလုပ်ငန်းများကိုလည်း မလုပ်ဖြစ်တော့။ အရွယ်ရောက်လာသောအခါတွင် ကိုမြင့်ဦး ဆိုသော လူငယ်လေးနှင့်
ချစ်သူဖြစ်ခဲ့လေသည်။ ထိုသို့ ချစ်သူရလာသောအခါတွင် ရှေးခေတ် အဝတ်အစားများဝတ်ဆင်ထားသော ယောက်ျားပျိုတစ်ယောက်မှ သူမအား ဒေါသရောင် တောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ဟု အိပ်မက်ကို မက်လေသည်။ တစ်ကြိမ်မက သုံးလေးကြိမ်မျှ မက်သော်လည်း မစန်းစန်းဝင်းက အလေးမမူပဲ အမှုမဲ့အမှတ်မဲ့သာနေခဲ့လေသည်။ မစန်းစန်းဝင်းလည်း အသက်(၂၆)နှစ် အရွယ်တွင် ကိုမြင့်ဦးနှင့် လက်ထပ်ခဲ့၏။ လက်ထပ်ပြီးသောအခါ ကိုမြင့်ဦးမှာ အစိုးရဝန်ထမ်းဖြစ်သဖြင့် အစိုးရမှ ဆောက်လုပ်ပေးထားသော ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ထမ်းလိုင်းခန်းသို့ လိုက်ပါ၍ နေခဲ့လေသည်။

########

ကိုမြင့်ဦးနှင့် မစန်းစန်းဝင်းတို့ ဇနီးမောင်နှံမှာ ညားပြီးစကတည်းက လုပ်သမျှ အလုပ်အကိုင် အဆင်မပြေသည့်အပြင် ကျန်းမာရေးလည်း ညံ့လေသည်။ ကြုံကြိုက်သည့်အခါများတွင် ရင်းနှီးသောဗေဒင်ဆရာများအား မေးမြန်းကြည့်သည့်အခါတွင် မေးသမျှ ဗေဒင်ဆရာတိုင်းက မစန်းစန်းဝင်းအား သိုက်မှလာသူဖြစ်သည်ဟု ဟောကြသော်လည်း မစန်းစန်းဝင်းက မယုံကြည်ခဲ့ပေ။
အယုံအကြည်မရှိဟုဆိုကာ အမှုမဲ့အမှတ်မဲ့ သာနေခဲ့သည်။
ထိုသို့ အခက်အခဲများကို ရင်ဆိုင်ရင်း အိမ်ထောင်သက် သုံးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီး သားလေးတစ်ယောက် မွေးဖွားထားလေသည်။ ထိုကလေးငယ် အသက်ငါးလခန့် ရှိလာသောအချိန် တစ်ညတွင် မစန်းစန်းဝင်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲတွင် သူမတို့ဇနီးမောင်နှံ အိမ်ပေါ်၌ ထိုင်နေစဉ် ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ထားသော သျှောင်ထုံးနှင့် ယောက်ျားပျိုတစ်ဦးမှ ဓားကိုင်၍အိမ်ပေါ်သို့ တက်လာပြီး
ကိုမြင့်ဦးအား ဓားဖြင့် ခုတ်လေရာ မစန်းစန်းဝင်းလည်း အထိတ်တလန့်ဖြင့် အော်ဟစ်ရင်း လန့်နိုးလာလေသည်။ အိပ်မက်ဆိုသော်လည်း အပြင်တွင် တစ်ကယ်ဖြစ်နေသလို ခံစားရသဖြင့် ဘေးတွင် အိပ်ပျော်နေသော ကိုမြင့်ဦးအား နှိုး၍ ပြောပြလိုက်သည်။

“ကိုမြင့်ဦး ကိုမြင့်ဦး။ ထပါဦးတော့။ ကျုပ် အိပ်မက် မက်လို့”

“ဟင် အင်း အင်း ဘာအိပ်မက်တွေ မက်နေလို့လဲ မိန်းမရဲ့”

“အိပ်မက်ထဲမှာလေ ရှေးခေတ်အဝတ်အစားတွေ ဝတ်ထားတဲ့ လူတစ်ယောက်က အိမ်ပေါ်တက်လာပြီး ရှင့်ကို ဓားနဲ့ ခုတ်တယ်လို့ မက်တာ။ ကျုပ်လည်း ကြောက်လန့်ပြီး အော်လိုက်မိရင်းက လန့်နိုးလာတာ။ အိပ်မက်ဆိုပေမဲ့ ကျုပ်စိတ်ထဲမှာ တကယ်ဖြစ်နေသလိုမျိုးကြီး ခံစားနေရတယ်တော်”

“ဘာများလဲလို့ မိန်းမရာ။ မင်း တစ်ခုခုကို စိတ်စွဲပြီး မက်တာနေမှာပါ။ စိတ်ထဲ ထားမနေနဲ့။ ကဲ အိပ်တော့။ ငါလည်း ပြန်အိပ်တော့မယ်။ မနက်ကျ အလုပ်သွားရဦးမှာ”

ဟု ပြောပြီး ကိုမြင့်ဦးက ပြန်အိပ်သွားသော်လည်း မစန်းစန်းဝင်းမှာ အတော်နှင့် အိပ်လို့မရပေ။ အိပ်မက်ထဲမှ ယောက်ျားပျို၏ မျက်နှာကို မြင်ဖူးသလိုဖြစ်နေပေမဲ့ မည်သည့်နေရာတွင် မြင်ခဲ့ဖူးမှန်း မမှတ်မိ။ ထို့ကြောင့် ကိုမြင့်ဦး ပြောသလို တစ်ခုခုကို စွဲလန်းပြီး မက်တာနေမှာပါ ဟုတွေးရင်း ပြန်လည် အိပ်စက်လိုက်လေတော့သည်။

#######

ထိုသို့ အိပ်မက်မက်ပြီး နောက်ပိုင်းတွင် မစန်းစန်းဝင်းမှာ ကိုမြင့်ဦး အလုပ်သွားသည့် အချိန်များတွင်
သူမ၏ အနီးနားမှာ တစ်ယောက်ယောက် ရှိနေသလိုမျိုး ခံစားရပြီး ကြက်သီးများလည်း ထနေမိသည်။
ထိုသို့ဖြင့် အိပ်မက်မက်ပြီး ငါးရက်မြောက်သောနေ့တွင် ကိုမြင့်ဦး အလုပ်သွားချိန်တွင် မစန်းစန်းဝင်းလည်း အိမ်မှုကိစ္စများလုပ်ကိုင်ပြီး ကလေးသိပ်နေချိန်တွင် လိုင်းခန်းရှေ့ပေါက်နားတွင် လူရိပ်တစ်ခု တွေ့လိုက်ရသဖြင့် သွားကြည့်ရာ မည်သူ့ကိုမှ မတွေ့ရသဖြင့် ဟိုဟိုသည်သည် လှမ်းကြည့်နေစဉ်မှာပင် သူမအား အနောက်မှ တစ်စုံတစ်ယောက်က တွန်းချလိုက်သလို ခံစားလိုက်ရပြီး လိုင်းခန်းအပေါက်ဝမှ အောက်သို့ ပြုတ်ကျသွားလေတော့သည်။

“ဝုန်း ဖုန်း…”

လိုင်းခန်းမှာ လူကြီးခါးစောင်းလောက်မြင့်သည့်အပြင် အောက်တွင် လမ်းခင်းထားသည့် ကျောက်တုံးကျောက်ခဲများပေါ်သို့ ပြုတ်ကျခြင်း ဖြစ်သဖြင့် မစန်းစန်းဝင်းမှာ အလွန်ပင်နာကျင်သွားပြီး ပြန်မထနိုင်ဘဲ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းရလေသည်။

“အောင်မလေး။ အား ကျွတ်ကျွတ်ကျွတ် နာလိုက်တာ။ လုပ်ကြပါဦး လာကြပါဦး”

“ဟဲ့ လုပ်ကြပါဦး။ စန်းစန်းဝင်း လိုင်းခန်းပေါ်က ပြုတ်ကျလို့။

မစန်းစန်းဝင်း၏ အော်သံကြောင့် အနီးအပါးမှ လူများရောက်လာကြပြီး ဝိုင်းဝန်းထူမ၍ လိုင်းခန်းပေါ်သို့ ပြန်လည်မတင်၍ ပို့ပေးကြလေသည်။
မစန်းစန်းဝင်းမှာ ပြုတ်ကျသည့်ဒဏ်ကြောင့်
ဘယ်ဘက်နံကြားမှာ အလွန်ပင် နာကျင်နေ၍ အိမ်နီးချင်းများက ဆေးခန်းသို့ ပို့ဆောင်ပေးကြပြီး ဓာတ်မှန်ရိုက်ကြည့်ရာ နံရိုးသုံးချောင်းထိသွားသဖြင့် ကိုမြင့်ဦး အလုပ်မှ ပြန်လာသောအခါတွင်
ဆေးရုံသို့ပို့၍ ကုသရလေသည်။ နဂိုကပင် ဆင်းရဲကျပ်တည်းနေသဖြင့် ဆေးရုံစားရိတ်၊ဆေးဖိုးများဖြင့် အလွန်ပင် ဒုက္ခရောက်ရလေသည်။ ဆေးရုံမှဆင်း၍ လိုင်းခန်းသို့ ပြန်ရောက်လာသော်လည်း
မစန်းစန်းဝင်း၏ ဒဏ်ရာမှာ မသက်သာချေ။ ကောင်းသည့်အချိန်တွင် ကောင်းနေပြီး နာကျင်လာပြီဆိုလျှင် မခံမရပ်နိုင်အောင် နာကျင်လာ၏။ ကြာသောအခါ ကိုမြင့်ဦးက မစန်းစန်းဝင်း၏ ရောဂါမှာ မရိုးသားကြောင်း ရိပ်မိလာသဖြင့် ကုသပေးမည့် ဆရာကို ရှာဖွေရလေတော့သည်။ ထိုသို့ရှာဖွေရင်း Online ပေါ်တွင် စုန်းတိုက်၊နတ်တိုက်၊ ကဝေတိုက်၊ အောက်လမ်းတိုက်နှင့် သိုက်စွဲ၊သိုက်ဆက်များကို ကုသပေးနေသော ဆရာတစ်ယောက်၏ facebook Acc ကိုတွေ့သဖြင့် အကောင့်အပ်၍ မေးမြန်းရာ ထိုဆရာမှာလည်း ဗိုလ်တစ်ထောင်မြို့နယ်အတွင်းမှာပင် နေထိုင်ကြောင်း သိရသဖြင့် သူ့ဇနီး၏ ဖြစ်ပျက်ပုံအကျဉ်းအား
ပြောပြလေရာ ဆရာမှ သူကုသပေးမည်ဟု
ပြောသော်လည်း သူ့မှာ အလွန်ပင် ဆင်းရဲကျပ်တည်းနေသဖြင့် ဆရာ့အား ကန်တော့ဖို့ပင် မတတ်နိုင်ကြောင်း ပြောပြလိုက်သည်။ ထိုအခါ ဆရာက ကန်တော့စရာ မရှိလျှင်လည်း ကုသပေးမည်၊ ဆရာ့ကိုပင့်လိုက ဗိုလ်တစ်ထောင်ဘုရားတွင် စနေနေ့တိုင်း အမြဲရှိသည်ဟုပြောသဖြင့် သွား၍ပင့်ရန် စီစဉ်လေတော့သည်။ ထိုဆရာမှာ ရွှေရင်ကျော်ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းဝင် ဆရာထင်ကျော်အောင်ဖြစ်ပြီး ခုနစ်ရက်သားသမီးများအား ရွှေရင်ကျော်ပညာဖြင့် ကယ်တင်ကုသပေးနေသူဖြစ်သည်။ ဆရာထင်ကျော်အောင်မှာ အသက်(၃၀)ကျော်ခန့်ရှိပြီး ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်လေသည်။
ထို့ကြောင့် ကိုမြင့်ဦးလည်း စနေနေ့ မနက်ပိုင်းတွင် ဗိုလ်တစ်ထောင်ဘုရားသို့ သွား၍ ဆရာထင်ကျော်အောင်အား ပင့်ခဲ့လေတော့သည်။
ဆရာထင်ကျော်အောင်လည်း ကိုမြင့်ဦးနှင့်
လိုက်လာခဲ့ပြီး လိုင်းခန်းရှေ့သို့ ရောက်သောအခါ ကိုမြင့်ဦးမှ

“ကြွပါ ဆရာ။ ဒါ ကျွန်တော်တို့နေတဲ့ လိုင်းခန်းပါ”

ဟု ဆိုပြီး အရှေ့မှ ဝင်သွားလေသည်။
ဆရာထင်ကျော်အောင်က လိုင်းခန်းထဲသို့ ချက်ချင်းမဝင်သေးဘဲ လက်ဝဲလက်ညှိုးဖြင့် လိုင်းခန်းပတ်ပတ်လည်အား စက်ဖြတ်လိုက်ပြီးမှ လိုင်းခန်းထဲသို့ ဝင်လေသည်။ လိုင်းခန်းထဲသို့ ရောက်သောအခါ ကိုမြင့်ဦးနှင့် လူနာဖြစ်ဟန်တူသော အသက်သုံးဆယ်ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးကို တွေ့ရလေသည်။ ကိုမြင့်ဦးမှ ဘုရားစင်ရှေ့တွင် ဖျာတစ်ချပ်ခင်းပေးလိုက်ပြီး

“ထိုင်ပါ ဆရာ။ ဒါ ကျွန်တော့ အမျိုးသမီးပါ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အခန်းပေါက်က ပြုတ်ကျပြီး ဘယ်ဘက်နံရိုးသုံးချောင်းထိသွားလို့ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံက ဆင်းလာတော့လည်း မသက်သာဘူး။ အဲ့ဒါနဲ့ မရိုးသားဘူးထင်လို့ Fbမှာ ဆရာ့အကောင့်တွေ့လို့ ဆက်သွယ်ပြီး လာပင့်တာပါ”

“ဘာကြောင့် ကိုမြင့်ဦးက မရိုးသားဘူးလို့ ထင်ရတာလဲ။ အကြောင်းရှိလို့လား”

ဟု မေးမြန်းလိုက်သောအခါ ကိုမြင့်ဦးက
မစန်းစန်းဝင်း အိပ်မက်မက်သည့် အကြောင်းမှစ၍ ဖြစ်ပျက်ပုံ အလုံးစုံအား ပြောပြလေသည်။
ဆရာထင်ကျော်အောင်လည်း ကိုမြင့်ဦး ပြောပြ
သမျှကို နားထောင်ပြီးသောအခါ

“ကဲ ဟုတ်ပြီ။ ကိုမြင့်ဦးရဲ့ အမျိုးသမီးမှာ မကောင်းတဲ့ အတိုက်အခိုက်တွေ ရှိလားဆိုတာ ဆရာ စစ်ကြည့်ပေးမယ်။ ရှိတယ်ဆိုရင်လည်း ပျောက်ကင်းအောင် ကုသပေးပါမယ်”

ဟုပြောလိုက်ပြီး ဘုရားစင်သို့သွားကာ ဘုရားရှင်အား ရေချမ်း ဆီမီးတို့ကို ကပ်လှူပူဇော်ပြီး ဘုရားရှိခိုးလေသည်။ ပြီးသောအခါ

“ကဲ လူနာက ဘာနေ့သမီးလဲ”

“အင်္ဂါသမီးပါ ဆရာ။ နာမည်က မစန်းစန်းဝင်းပါ”

“ကဲ ဒါဆို အင်္ဂါသမီးရဲ့ အသက်နဲ့ခန္ဓာကိုယ်ကို
ဆရာ့ကို အပ်ပါ”

“ဟုတ်ကဲ့ အပ်ပါတယ်ဆရာ။ သက်သာပျောက်ကင်းအောင် ကုသပေးပါဆရာ”

အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှံခိုင်းပြီးသောအခါ
မစန်းစန်းဝင်းအား ခြေဆင်း၍ လက်နှစ်ဖက်ကို နောက်သို့ထောက်ကာ ထိုင်ခိုင်းလိုက်လေသည်။ ပြီးလျှင်

“ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းမှဘုရား(၅)ဆူအမိန့် အဖဆရာကြီးများရဲ့အာဏာ
ငါဆရာရဲ့ အမိန့်။ ကာယံကံရှင် အင်္ဂါသမီးမှာ စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ မောက်လမ်းတိုက် ရှိရင် ညာဘက်ခြေထောက်နင်းထား”

ဟုအမိန့်ပြန်လိုက်ပြီး မစန်းစန်းဝင်းအား

“ညီမ ညာခြေထောက်ကို မ’ကြည့်စမ်း”

ဆရာထင်ကျော်အောင်က ပြောသဖြင့် မစန်းစန်းဝင်းလည်း ညာခြေထောက်ကို မ’ကြည့်လေရာ
ညာခြေထောက်မှာ ပေါ့ပါးစွာ ကြွလာ၏။ စုန်း၊ကဝေ၊အောက်လမ်းအတိုက်များ မရှိသည့် သဘောပင်။ ထို့ကြောင့် ဆရာထင်ကျော်အောင်လည်း ခဏတာမျှ စဉ်းစားလိုက်ပြီးလျှင်

“ကဲ ဟောဒီကာယကံရှင် အင်္ဂါသမီးမှာ သိုက်စွဲ၊ သိုက်ဆက်များရှိရင် ညာခြေကို နင်းထား”

ဟု ထပ်မံ၍ အမိန့်ပြန်လိုက်ပြီးလျှင် ညာခြေထောက်ကို မ’ခိုင်းသောအခါတွင် မစန်းစန်းဝင်းမှာ အမျိုးမျိုး ကြိုးစား၍ မ’သော်လည်း
ညာခြေထောက်မှာ လုံးဝ မ’၍ မရတော့ပေ။

“ဆရာ ကျွန်မ ခြေထောက် လုံးဝ မ’လို့ မရဘူးဆရာ။ အပေါ်ကနေ တစ်ခုခုနဲ့ ဖိထားသလိုမျိုးကြီး ဖြစ်နေတယ်”

မစန်းစန်းဝင်း၏ အပြောကြောင့် ဆရာထင်ကျော်အောင် သဘောပေါက်သွား၏။ သို့သော် သေချာအောင် ထပ်မံ၍ အမိန့်ပြန်ပြန်သည်။

“ဟဲ့ ဟောဒီ ကာယကံရှင်အင်္ဂါသမီးမှာ သိုက်စွဲ၊ သိုက်ဆက်များ ရှိရင် ဘယ်ခြေကို နင်းထား”

ဟု အမိန့်ထပ်ပြန်လိုက်ပြီး မစန်းစန်းဝင်းအား
ဘယ်ခြေထောက်ကို မ’ကြည့်ခိုင်းပြန်ရာ ဘယ်ခြေထောက်မှာ လုံးဝ မ’၍ မရပြန်ပေ။ သေချာပြီ။ မစန်းစန်းဝင်းအား သိုက်မှနှောက်ယှက်ထားမှန်း ဆရာထင်ကျော်အောင် သိလိုက်ရသဖြင့် ဘုရားစင်ရှေ့တွင် ကျုံ့ကျုံ့ထိုင်စေကာ လက်အုပ်ချီခိုင်းလိုက်ပြီး

“ရွှေရင်ကျော်ဣစ္ဆာသယမဟိဒိစေဂိုဏ်းတော်မြတ်ကြီးမှ ဘုရား(၅)ဆူအမိန့်၊ အထက်ဆရာကြီးများအာဏာ၊ ငါ့ဆရာရဲ့အာဏာ ငါ့အာဏာ။ ကာယကံရှင် အင်္ဂါသမီးရဲ့အိမ်ခြံမြေအသက်နဲ့တကွပိုင်ဆိုင်မှုများအားလုံးမြတ်စွာဘုရားနှင့်တကွအထက်ဆရာကြီးနှင့်အတူ ငါဆရာအားအပ်နှံထားသည့်အတွက် အတွင်းရန်အတွင်းချုပ်၊ အပြင်ရန်အပြင်ချုပ်၊ ဆိုင်ရာကအကုန်ချုပ်ထား၊အတွင်းစက်အတွင်းဖြတ်၊ အပြင်စက်အပြင်ဖြတ်၊ အကူအညီစက်မှန်သမျှမီးလောင်ပြာကျစေသား ကြိုးပိုင်၊ ကြိမ်ပိုင်၊ တုတ်ပိုင်၊ ဓားပိုင်၊ နဂါး၊
ဂုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗများက သွားရောက်ခေါ်ဆောင်စေ။ ဘုရား(၅)ဆူအမိန့်၊ အထက်ဆရာကြီးများရဲ့အာဏာ၊ ငါ့ဆရာရဲ့အာဏာ ငါ့အာဏာ။ ငါဆရာကိုကူညီပေးသူမှန်သမျှ ဘုန်းတခိုး(၁၀)ဆတိုးပါစေသား။ ကာယကံရှင် အင်္ဂါသမီးကို ပြုစား၊နှောက်ယှက်ထားတဲ့ ပုဂ္ဂိုလ် အခုချက်ချင်း အရောက်လာစေ။ လိမ်ညာလှည့်ဖျားခြင်း မရှိစေရ”

ဆရာထင်ကျော်အောင် အမိန့်ပြန်ပြီး၍ ခဏမျှ
အကြာတွင် မစန်းစန်းဝင်းမှာ တစ်ကိုယ်လုံးတုန်ခါလာပြီး နှောက်ယှက်ထားသည့် ပုဂ္ဂိုလ်ပူးဝင်လာ၏။

“ဟဲ့ ရောက်ပြီလား။ ရောက်ရင် ဘုရားကို ဦးတိုက်”

ဆရာထင်ကျော်အောင်က အမိန့်ပေးလိုက်သဖြင့် ဘုရားရှိခိုးလေသည်။ ပြီးသောအခါ

“သင်က ဘယ်ကလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊
ဘာကြောင့် ဟောဒီအင်္ဂါသမီးကို နှောက်ယှက်နေရတာလဲ။ အမှန်အတိုင်း ပြောစမ်း”

“—— —”

“ဟဲ့ သင့်ကိုမေးနေတယ်လေ။ ဘာကြောင့်
နှောက်ယှက်နေရတာလဲ”

“ဝူး ဝူး …. အူး…”

ဆရာထင်ကျော်အောင်က မေးမြန်းသောအခါတွင် မစန်းစန်းဝင်းအား ပူးကပ်နေသည့် ပုဂ္ဂိုလ်မှာ အသံမထွက်နိုင်ဘဲ ဝူးဝူးဝါးဝါးဖြင့် ခေါင်းညိတ်ခေါင်းခါသာ ပြောဆိုနေလေသည်။ ထိုအခါ ပူးကပ်နေသော ပုဂ္ဂိုလ်မှာ နှုတ်ဝစီ ပိတ်ခံထားရမှန်း သိလိုက်ရသဖြင့်

“ဟဲ့ ကာယကံရှင် အင်္ဂါသမီးကို ပူးကပ်နေတဲ့ ပုဂ္ဂိုလ်အား တားဆီးပိတ်ပင်ထားခြင်း မရှိစေရ။ ဟုတ်မှန်ရာကို ပြောနိုင်စေ။ အထက်ဆရာကြီးများရဲ့ အာဏာ၊ ငါဆရာရဲ့ အမိန့်”

ထိုသို့အမိန့်ပြန်လိုက်ပြီးသောအခါတွင် မစန်းစန်းဝင်းအား ပူးကပ်နေသူမှ

“ကျွန်တော်က ဘုရားသိုက်က သိုက်ပိုင်ပါဆရာ။ ဒီအင်္ဂါသမီးက ကျွန်တော့ဇနီးပါ။ လူ့ပြည်ကို သာသနာပြုဖို့ လွှတ်လိုက်တာပါ။ လူ့ပြည်မှာ အသက်(၃၀)အထိနေပြီး အိမ်ထောင်မပြုဘဲ သာသနာပြု ကုသိုလ်ကောင်းမှုတွေလုပ်ပြီး အမျှအတန်းဝေပါ့မယ်လို့ သိုက်ချုပ်ဘိုးဘိုးကြီးနဲ့ ကျွန်တော့ကို ကတိတွေပေးလို့ သေသေချာချာမှာပြီး လွှတ်လိုက်ပေမဲ့ လူ့ပြည်ကိုရောက်တဲ့အခါမှာ ပေးခဲ့တဲ့ ကတိတွေကိုမေ့ပြီး အိမ်ထောင်လည်း ပြုတယ်၊ ပြီးတော့ ကလေးပါ မွေးထားသေးတယ်။ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး အမျှအတန်းလည်း မဝေဘူးဆရာ။ အဲ့ဒါကြောင့် ပြန်ခေါ်မလို့ လိုင်းခန်းပေါ်က တွန်းချလိုက်တာပါ။ အခု သူ့အသက်လည်း (၂၉)ရှိပြီ။ နောက်တစ်နှစ်ဆို ပြန်ခေါ်တော့မှာ။ သူတို့ စီးပွားရေးမကောင်းအောင်၊ ကျန်းမာရေးညံ့အောင်လည်း ကျွန်တော်ပဲ လုပ်ထားတာပါ”

“ဟုတ်ပြီ။ သိုက်မှာတုန်းကတော့ သင့်ရဲ့ဇနီးပေါ့။ ဒါပေမဲ့ အခု လူ့ဘဝကိုရောက်ပြီး အိမ်ထောင်ပြုပြီး ကလေးတစ်ယောက်တောင် ရနေပြီ။
အခုအချိန်မှာ သင်ကပြန်ခေါ်သွားမယ်ဆိုရင်
ဒီမှာကျန်ခဲ့မဲ့ သူ့ခင်ပွန်းက ဘယ်လိုခံစားရမလဲ။ ပြီးတော့ ကလေးကလည်း အခုမှ လသားလေးပဲ ရှိသေးတယ်လေ။ ဒါ့ကြောင့် သူ့ကို လူ့ပြည်မှာ
သက်တန်းစေ့နေခွင့် ပြုလိုက်ပါ”

“မဖြစ်နိုင်ဘူးဆရာ။ ကျွန်တော် သူ့ကိုပြန်ခေါ်မှ ဖြစ်မှာပါ”

“ဆရာက မေတ္တာနဲ့ ပြောနေတုန်း လက်ခံပါ။ ဆရာ သင့်ကို မနှိပ်စက်ချင်ဘူး”

ဆရာထင်ကျော်အောင်မှ ထိုသို့ပြောလိုက်သည့်အခါတွင် ပူးကပ်နေသည့် သိုက်စောင့်မှာ ရှိုက်ကြီးတငင် ငိုကြွေးပြီး တောင်းပန်လေသည်။

“အီး ဟီးဟီး။ မရက်စက်ပါနဲ့ ဆရာရယ်။ သူ့ကိုပြန်ခေါ်ပါရစေ။ ကျွန်တော်တို့ကို မခွဲပါနဲ့ ဆရာရယ်အီး ဟီးဟီး…”

“ဆရာလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ သူ့မှာ ကလေးကလည်း လူမမည် လသားအရွယ်လေးပဲ ရှိသေးတာမလို့
လူ့ပြည်မှာ အသက်(၆၀)အထိ နေခိုင်းလိုက်ပါ။ အသက်(၆၀)ပြည့်ရင် သင် ပြန်ခေါ်ပါ”

ဟု ဆရာထင်ကျော်အောင်မှ ပြောဆိုသော်လည်း
သိုက်စောင့်မှာ လုံးဝလက်မခံဘဲ ငိုယို၍ အသနားခံနေလေသည်။ (၁၀)မိနစ်ခန့်ကြာအောင် ချော့၍တမျိုး ခြောက်၍တဖုံ ဖျောင်းဖျပြောဆိုသော်လည်း လက်မခံဘဲ လူးလှိမ့်ငိုယိုနေသည်မှာ ဆရာထင်ကျော်အောင်အား နှပ်ချေးများပင် စင်ကုန်၏။
သူတို့ဇနီးမောင်နှံ ကတိထားခဲ့ကြပုံများကိုလည်း သနားစဖွယ် ပြောပြ၏။ ဆရာထင်ကျော်အောင်မှာသိုက်စောင့်အား သနားစိတ်ဝင်မိသော်လည်း မဖြစ်နိုင်သည့် အခြေအနေကြောင့်

“ကဲ သင်နဲ့ ဒီအတိုင်းပြောနေလို့ မဖြစ်တော့ဘူး။ ကာယကံရှင်မိန်းကလေး ပင်ပန်းနေပြီ။ သင်တို့ရဲ့ သိုက်ချုပ်နဲ့ဘဲ စကားပြောတော့မယ်။ အခုချက်ချင်း အင်္ဂါသမီးရဲ့ ခန္ဓာကိုယ်က ထွက်ခါပေတော့”

ဟု အမိန့်ပေးလိုက်ရာ ပူးကပ်နေသော သိုက်စောင့် ထွက်သွားလေတော့သည်။ ထိုအခါ ဆရာထင်ကျော်အောင်လည်း သိုက်ချုပ်အား အမိန့်ပြန်၍ ခေါ်လိုက်ရာ သိုက်ချုပ်လည်း ဝင်ရောက်ပူးကပ်လာလေ၏။

“သိုက်ချုပ် ရောက်လာပြီလား။ ရောက်လာရင် ဘုရား ဦးချပါ”

ဆရာထင်ကျော်အောင်မှ အမိန့်ပေးလိုက်သဖြင့်
မစန်းစန်းဝင်း၏ ခန္ဓာကိုယ်တွင် ပူးကပ်နေသော သိုက်ချုပ်မှ ဘုရားစင်ဘက်သို့ လှည့်ပြီး ဦးသုံးကြိမ်ချပြီး ရှိခိုးလေသည်။ ပြီးလျှင် ဆရာထင်ကျော်အောင်ဘက်သို့ လှည့်လိုက်ပြီး ပေါင်ပေါ်သို့ လက်တင်ကာ မသိမသာ လက်ညှိုထိုး၍ တိုက်လေ၏။ ဆရာထင်ကျော်အောင်လည်း ချက်ချင်းပင် ရိပ်မိပြီး

“သင်က ဆရာ့ကို ပညာစမ်းတာလား။ ဟဲ့ ဆိုင်ရာက သိုက်ချုပ်ရဲ့ ကမ္မဇိဒ္ဓိတန်ခိုးတွေ အကုန်ဆွဲသိမ်းထားလိုက်စမ်း။ အဘဆရာကြီးများ အာဏာ၊ငါဆရာရဲ့ အမိန့်”

ဟု အမိန့်ပြန်လိုက်ရာ သိုက်ချုပ်မှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ ခေါင်းငုံ့သွားလေတော့သည်။

“ဆရာက အခြားအောက်လမ်း၊ စုန်း၊ ကဝေ မိစ္ဆာတွေဆိုရင် ကြိုးပိုင်၊ကြိမ်ပိုင်တွေကို ခေါ်ပြီး လက်ပြန်ကြိုးတုတ်ပြီး နှိပ်စက်ခိုင်းမှာ။ အခု
သင်က ဘုရားသိုက်က သိုက်ချုပ်ဖြစ်နေတော့ ဆရာ အဲ့ဒီလို မလုပ်ချင်ဘူး။ ဒါကြောင့် ဆရာနဲ့ အေးအေးဆေးဆေး ပြောဆိုပါ”

“ကောင်းပါပြီဆရာ။ ဆရာ့ရဲ့ ပညာကို ကျွန်တော် မယှဉ်နိုင်ပါဘူး။ အရှုံးပေးပါတယ်”

ဟု ပြောလေသည်။ ဆရာထင်ကျော်အောင်လည်း သိုက်ချုပ်ကို ကြည့်လိုက်ပြီး

“အသင်သိုက်ချုပ်။ သင့်ရဲ့တပည့်သိုက်ပိုင်က ဟောဒီအင်္ဂါသမီးကို သိုက်ကို ပြန်ခေါ်ဖို့ လုပ်နေတယ်။ ဆရာပြောတာကိုလည်း လက်မခံဘူး။
အင်္ဂါသမီးမှာလည်း လူ့ဘဝမှာ ခင်ပွန်းနဲ့ သားသမီးနဲ့ ဖြစ်နေပြီ။ ဒါကြောင့် အသင်သိုက်ချုပ်က အင်္ဂါသမီးကို လူ့ပြည်မှာ အသက်(၆၀)အထိ နေခွင့်ပြုဖို့ အသင့်ရဲ့တပည့်ကို ဖျောင်းဖျပြောဆိုပေးပါ”

“မဖြစ်ဖူးဆရာ။ အင်္ဂါသမီးရဲ့ သိုက်ကခင်ပွန်းက အမြဲတမ်း ငိုယိုနေတယ်။ အစားအသောက်လည်း မစားဘူး၊ တရားလည်း အားမထုတ်တော့ဘူး။ သူ့ကို သနားပါဦး ဆရာ”

“အင်း ဆရာလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီက ခင်ပွန်းနဲ့ ကလေးငယ်ကိုလည်း သနားဦးလေ။ ကလေးငယ်လေးက အခုမှ လသားလေးပဲ ရှိသေးတယ်”

ဆရာထင်ကျော်အောင်မှ ပြောလိုက်ရာ သိုက်ချုပ်မှာ ခဏမျှ စဉ်းစားလိုက်ပြီး

“ကောင်းပြီဆရာ။ ဒီလိုဆိုရင် ဆရာ့ကိုလေးစားလို့ လူ့ပြည်မှာ အသက်(၅၅)နှစ်အထိ နေခွင့်ပြုပါမယ်။ အဲ့ဒီထက်တော့ တိုးမတောင်းပါနဲ့တော့ ဆရာ။ ပြီးရင် သိုက်ပွဲလည်း ထိုးပေးပါ”

“ဟုတ်ပြီ။ ဆရာ သဘောတူတယ်။ သင်တို့ဘက်ကလည်း ကတိတည်ပါ။ သိုက်ပွဲကို ဗိုလ်တစ်ထောင်ဘုရားမှာ ထိုးပေးမယ်။ သဘောတူလား”

“သဘောတူပါတယ် ဆရာ။ ပြီးတော့ အင်္ဂါသမီးကို မှာချင်ပါတယ်။ ဘာသာရေး များများလုပ်ပြီး ကျွန်တော်တို့ကို အမျှအတန်းဝေဖို့ ပြောပေးပါ ဆရာ”

“ကောင်းပြီ။ ဆရာ ပြောပေးမယ်။ ဗိုလ်တစ်ထောင်ဘုရားမှာ သိုက်ပွဲထိုးပေးဖို့ကိုတော့ သူ့အမျိုးသားက အစိုးရဝန်ထမ်းဖြစ်တဲ့အပြင် အခုအချိန်မှာ စီးပွားရေးကလည်း အတော်ကို ကျပ်တည်းနေလို့ ခဏတော့ စောင့်ပေးပါ။ သင့်ကိုလည်း ဗိုလ်တစ်ထောင် ဘိုးဘိုးကြီးနဲ့ တွေ့ပေးမယ်”

ဟု ပြောလိုက်ပြီး ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးအား အမိန့်ပြန်၍ ခေါ်လိုက်ပြီး သိုက်ချုပ်နှင့် စကားပြောဆိုစေလေသည်။ သူတို့အချင်းချင်း ခေါင်းညိမ့် ခေါင်းခါဖြင့် ပြောဆိုနေကြ၏။
(ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးအား ဆရာထင်ကျော်အောင်နှင့် ကိုမြင့်ဦးတို့က မမြင်ရချေ။)
ခဏမျှအကြာတွင် မစန်းစန်းဝင်း၏ ခန္ဓာကိုယ်တွင် ပူးကပ်နေသော သိုက်ချုပ်မှ

“အဆင်ပြေပြီ ဆရာ။ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးကိုလည်း ခွင့်တောင်းပြီးပြီ။ ကျွန်တော်လည်း သွားတော့မယ်။ ကျွန်တော်မှာတာတွေကို သေချာလုပ်ပေးခိုင်းပါဆရာ”

“စိတ်ချပါ။ ဆရာ သေချာပြောပေးပါမယ်။ သင်တို့ ဘက်ကလည်း ကတိတည်ပါစေ။ အသက်(၅၅)နှစ်အတွင်းမှာ အင်္ဂါသမီးကို အန္တရာယ်ပြုတာတွေ၊ နှောက်ယှက်တာတွေ မလုပ်ပါဘူးလို့ ကတိပေးပါ”

“ကတိပေးပါတယ် ဆရာ။ ကျွန်တော်တို့ဘက်က ကတိတည်ရပါစေမယ်”

ဆရာထင်ကျော်အောင်လည်း သိုက်ချုပ်အား ကတိတောင်းပြီး ပြန်လည်ထွက်ခွာခိုင်းလိုက်လေတော့သည်။ မစန်းစန်းဝင်းမှာလည်း ပူးကပ်ခံထားရသည့် အချိန်ကြာမြင့်သဖြင့် နှစ်မိနစ်ခန့်ကြာမှာ သတိပြန်ရလာလေသည်။ သတိရလာသော်လည်း သူမ ဘာဖြစ်သွားမှန်း မသိသဖြင့်

“ကျွန်မ ဘာဖြစ်သွားတာလဲဟင်”

ဟုမေးမြန်းရာ ဆရာထင်ကျော်အောင်မှ ဖြစ်ပျက်ပုံအလုံးစုံအား ပြောလိုက်၏။

“ကျွန်မကို အရင်ကတည်းက သိုက်ကလာတာလို့
ဗေဒင်ဆရာ အတော်များများက ဟောခဲ့ကြပေမဲ့ ကျွန်မ မယုံကြည်ခဲ့ဘူး။ အခုလို လက်တွေ့ကြုံရမှပဲ ယုံတော့တယ် ဆရာ။ ဒါမျိုးတွေလည်း တစ်ကယ်ရှိကြတာပဲနော်”

“ရှိတာပေါ့ကွယ်။ ရှိလို့လည်း ညီမလက်တွေ့ကြုံရပြီမလား။ အခု ညီမကို အသက်(၅၅)ထိ လူ့ပြည်မှာ နေခွင့်ပြုဖို့ ကတိတောင်းထားပေးပြီးပြီ။ ညီမဘက်ကလည်း ကုသိုလ်ကောင်းမှုတွေ များများလုပ်ပြီး သိုက်ချုပ်နဲ့ သိုက်စောင့်တွေကို အမျှအတန်းဝေပေးပေတော့။ ညီမတို့ စီးပွားရေး၊ ကျန်းမာရေးတွေ ညံ့နေတာလည်း သိုက်က နှောက်ယှက်ထားလို့ပဲ။ အခု အနှောက်အယှက်တွေ မရှိတော့ဘူးဆိုတော့ တဖြည်းဖြည်းအဆင်ပြေလာတော့မှာပါ”

“ကျေးဇူးတင်ပါတယ် ဆရာ။ အရင်က မယုံကြည်တာရယ်၊ စီးပွားရေး အဆင်မပြေတာတွေရယ်ကြောင့် မလုပ်ဖြစ်ခဲ့တာပါ။ အခုကစပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ပါမယ်။ အမျှအတန်းလည်း
ဝေပါမယ် ဆရာ”

“သာဓု သာဓု သာဓု။ ပြီးတော့ ဗိုလ်တစ်ထောင်ဘုရားမှာ သိုက်ပွဲထိုးပေးဖို့လည်း မမေ့ကြလေနဲ့”

“ဟုတ်ကဲ့ မမေ့ပါဘူးဆရာ။ တစ်ရက်နှစ်ရက်အတွင်း သိုက်ပွဲထိုးပေးပါမယ်”

ဟု ကိုမြင့်ဦးမှ ကတိပြုလေသည်။ မစန်းစန်းဝင်းမှ

“ဆရာ့ကို ကျွန်မသိချင်တာလေးတွေ မေးခွင့်ပြုပါဆရာ”

“ဟုတ်ကဲ့ မေးပါ”

“သိုက်ကလာတဲ့သူတိုင်းက သိုက်ကို ပြန်ကြရတာလား။ သိုက်ဆက်အားလုံးကို သိုက်က ပြန်ခေါ်ကြတာလား ဆရာ”

“သိုက်ကလာတဲ့ သိုက်ဆက်မှန်သမျှ သိုက်ကပြန်ခေါ်ပါတယ်။ သိုက်ဆက်မှန်ရင် သေလွန်တဲ့အခါ သိုက်ကို ပြန်သွားရပါတယ် ။ ခုဘဝမှာ လူဆိုးလူမိုက်ဖြစ်နေပါစေ သိုက်ဆက် ရှိသူတိုင်း သိုက်ကိုပြန်သွားနိုင်တဲ့ ကောင်းမှုကုသိုလ် တစ်ခုခု ကိုအော်တိုလုပ်မိပြီးသားပါ။ ဒါကြောင့်သိုက်ကို ပြန်ရောက်ပါတယ်။ ခြွင်းချက်အနေနဲ့တော့ လူ့ပြည်မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး
ဝိပသနာတရားအားထုတ်ပြီး တစ်မဂ်တစ်ဖိုလ်
ရသွားကြသူတွေရယ်၊ ပဉ္စာနန္ဒိယ ကံကို ကျူးလွန်မိသူသာလျှင် သိုက်ကို ပြန်လို့မရပါဘူး ။ မဂ်ဖိုလ်ရသွားတဲ့ သိုက်ဆက်တွေက မြင့်မြတ်တဲ့ ဘုံဘဝတွေကို ရောက်ကြရပြီး ပဉ္စာနန္ဒိယကံဖြစ်တဲ့
(၁) ဗုဒ္ဓလောဟိတုပ္ပါဒက – မြတ်စွာဘုရားအား သွေးစိမ်းရှင်ရှင် ထွက်အောင်ပြုလုပ်ခြင်း
(၂) သံဃဘေဒက – သံဃာကို သင်းခွဲခြင်း
(၃) အရဟန္တ ဃာတက – ရဟန္တာကို သတ်ခြင်း
(၄) မာတုဃာတက – အမိကို သတ်ခြင်း
(၅) ပိတု ဃာတက – အဖကိုသတ်ခြင်း ဆိုတဲ့
ကံတွေကိုကျူးလွန်မိတဲ့ သိုက်ဆက်တွေကတော့
သိုက်နန်းသို့ မပြန်နိုင်ပဲ သေဆုံးတာနဲ့ မဟာအဝီစိငရဲကို ကျကြပါတယ်။ အဲ့ဒီသိုက်ဆက် နှစ်မျိုးကလွဲပြီး ကျန်တဲ့ သိုက်ဆက်တွေက သေဆုံးတဲ့အခါမှာ သိုက်ကိုပဲ ပြန်ကြရပါတယ်”

“ဟုတ်ကဲ့ ကျေးဇူးပါ ဆရာရယ်။ ဆရာ့ကို ကုသခ မကန်တော့နိုင်လို့ လက်အုပ်ချီပြီး ကန်တော့ပါရစေ ဆရာ”

“ဟာ ရပါတယ်။ ကဲ ဆရာ ပြန်တော့မယ်။
နေလည်းအတော်မြင့်လှပြီ”

“ဟုတ်ကဲ့ဆရာ ကျွန်တော်လိုက်ပို့ပါမယ်”

“နေပါစေဗျာ။ ဆရာ့ဖာသာပဲ ပြန်လိုက်ပါမယ်။ ဆရာမှာခဲ့တာတွေကိုလည်း မမေ့ကြနဲ့”

ဆရာထင်ကျော်အောင်လည်း ကိုမြင့်ဦးနှင့် မစန်းစန်းဝင်းတို့ ဇနီးမောင်နှံအား နှုတ်ဆက်ပြီး
နေအိမ်သို့ ပြန်လာခဲ့လေတော့သည်။ ကုသခ တစ်ပြားတစ်ချပ်မှ မရခဲ့သော်လည်း သူ၏ပညာဖြင့် ကူညီခဲ့ရသဖြင့် ဆရာထင်ကျော်အောင်၏ စိတ်ထဲတွင် ပိတိများ ဝေဖြာလျှက် ရှိနေလေတော့သည်။

#########

ပြီးပါပြီ။

ကိုဖြိုး(ကျိုက်လတ်)