ကျက်ကုန်းမိသားစု

ကျက်ကုန်းမိသားစု(စ/ဆုံး)

————————-

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(…)လမ်းတွင်ဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ်ကိုပင် စတင်တည်ထောင်ခါစ အချိန်ကာလပင်ဖြစ်၏၊။ ထိုအချိန်က (က)ရပ်ကွက်၊ နွယ်သာကီလမ်းမကြီးဟူသည် ယခုကဲ့သို့ စည်းကားခြင်းများမရှိသေး။ လယ်ကွင်းပြင်များဖြင့် ကွင်းပြင်တည်းတည်းကြီးများသာလျင် ရှိနေခဲ့ပါသေးသည်။ ယခုကဲ့သို့ ပူးကပ်နေခဲ့သည့် နေအိမ်များသည်လည်း မဟုတ်သေး။ တစ်အိမ်နှင့်တစ်အိမ်၊ တစ်ခြံနှင့်တစ်ခြံ ခပ်လှမ်းလှမ်းသာလျင် တည်ရှိနေခဲ့ပါသည်။
ဖခင်ဖြစ်သူမှာ (က)ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့လာခဲ့စဉ်က မြေကွက်သာလျင် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး၊ အိမ်လေးမှာ တဲလေးသာသာလျင်ရှိနေခဲ့ပါသည်။ ထိုတဲလေးဆီ၌ လင်မယားနှစ်ဦးသားမှာ ခေတ္တနေထိုင်ခဲ့ကြပြီးနောက် ဖခင်ဖြစ်သူမှာ သစ်၊ တိုင် စသဖြင့် တဖြည်းဖြည်း စုဆောင်းထားခဲ့ပြီး၊ ယခုမှသာလျင် မြေကွက်ကြီးအတွင်း၌ ခြံလုံးပြည့် ပြင်ထောင်၊သွင်မိုး နေအိမ်လေးကိုပင် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပေသည်။
ဖခင်ဖြစ်သူသည် ပလပ်စတစ်လုပ်ငန်းအား လုပ်ငန်းနေလျက်ရှိပြီ၊ (က)ရပ်ကွက်အတွင်း၌ ပလပ်စတစ်ကော်စက်များကိုပင် လုပ်ငန်းရှင်အဖြစ် ထူထောင်ထားခဲ့ခါ၊ သိမ်ကြီးစျေး၊ သံစျေး၊ လမ်း(၃၀)၊ လသာ စသဖြင့် မြို့အတွင်းသို့ အော်ဒါပို့ဆောင်လေ့ရှိသည်။ ကော်စက်များမှာ ငါးလုံးခန့်ရှိပြီး၊ အလုပ်သမားမှာမူ (၁၀)ဦးခန့်ရှိပါသည်။ နေ့ဆိုင်းအလုပ်သမားနှင့် ညဆိုင်းအလုပ်သမား အားလုံးပေါင်း(၁၀)ဦးတိတိရှိလေ၏။ ထို့ကြောင့် ပစ္စည်းသည်လည်း များစွာထွက်လေ့ရှိပါသည်။
မိခင်ဖြစ်သူမှာ အလုပ်သမားများ လုပ်ကိုင်သွားခဲ့သော ကော်ပစ္စည်းများကိုမူ အော်ဒါမှာယူထားခဲ့သည့် ဆိုင်များဆီသို့ အလျင်အမှီ ပို့ဆောင်နိုင်ရန်အတွက် နေ့ရော၊ညပါ အချောသပ်လျက် ထုပ်ပိုးမှုများကိုမူ တစ်ဦးသာလျင် လုပ်ကိုင်နေတတ်သည်။ ဖခင်ဖြစ်သူ ဝယ်ယူထားခဲ့သည့် (က)ရပ်ကွက်အတွင်းမှ မြေကွက်လပ်လေးမှာ တစ်ဖက်ကားလမ်းမကြီးသို့ ကူးခတ်သွားနိုင်သည့် လမ်းကြားလေး၏နံဘေးတွင်ဖြစ်သည်။ တစ်ဖက်တွင် လူမနေသေးသည့် အိမ်လေးတစ်လုံးရှိပြီ၊ ကျန်တစ်ဖက်တွင်မူ လမ်းကြားလေးသာလျင်ရှိလေသည်။
မနက်ဖြန်ဆိုလျင် အော်ဒါမှာယူထားခဲ့သည့် ဆိုင်ကြီးများဆီသို့ ပစ္စည်းပို့ဆောင်ရမည်ဖြစ်သော်ကြောင့် မိခင်ဖြစ်သူသည်လည်း နေ့လည်မှ အလုပ်သမားများ ပြုလုပ်ပြီးခဲ့သည့် ကော်ပစ္စည်းများကိုမူ ထုပ်ပိုး၍ ညနက်နေသည်ကိုပင် မေ့လျော့နေခဲ့မိလေသည်။ အချိန်အားဖြင့် ညဉ့်နက်(၁၂)ခွဲခန့်ပင်ရှိနေပြီဖြစ်၏။ ပုံမှန်ဆိုလျင် မိခင်နှင့်ဖခင်ဖြစ်သူတို့မှာ ထိုအချိန်ဆိုလျင် အိပ်ပျော်နေခဲ့ကြပြီဖြစ်သော်လည်း၊ ယခုအခါ အော်ဒါများစွာ ရှိနေခဲ့သည်ကြောင့် မိခင်ဖြစ်သူမှာ မအိပ်နိုင်သေးပဲ အလုပ်များအား ပြုလုပ်နေခဲ့ခြင်းဖြစ်ပါသည်။ ဖခင်ဖြစ်သူသည်လည်း ညဆိုင်းအလုပ်သမားတစ်ဦး ရောက်ရှိမလာခဲ့သည်ကြောင့် ညဆိုင်းအလုပ်သမား (၄)ဦးနှင့်အတူ အလုပ်ခန်းအတွင်း၌ ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်နေခဲ့ရပြီး၊ မိခင်ဖြစ်သူမှာ အိမ်ရှေ့ခန်းလေးတွင်မူ တစ်ဦးတည်းသာလျင် ရှိနေလေခဲ့သည်။
ထိုအချိန်တွင်းမှာပင် ကော်ပစ္စည်းများအား ထုပ်ပိုးနေခဲ့သည့် အိမ်ရှေ့ခန်းလေးတွင်ရှိနေခဲ့သော မိခင်ဖြစ်သူ ခံစားသိရှိလိုက်ရ၏။ ခံစားသိရှိလိုက်ရသည်က နေအိမ်တစ်ခုလုံး တသိမ့်သိမ့်လှုပ်ရမ်းသွားခဲ့သည့် ခံစားမှု့ပင်ဖြစ်လေသည်။ လှုပ်ရမ်းသွားခဲ့သည့်အချိန်မှာ စက္ကန့်ပိုင်းမျှသာ ကြာလိမ့်မည်ဖြစ်သည်။ မိမိတို့၏အိမ်အား တစ်ဦးတစ်ယောက်မှ လှုပ်ရမ်းလိုက်သည့် အခြေနေမျိုးပင်ဖြစ်လေသည်။ ထို့ကြောင့် မိခင်ဖြစ်သူသည်လည်း လုပ်လက်စ အလုပ်များကိုပင် ရပ်တန့်လိုက်လေခါ ဖခင်ဖြစ်သူနှင့် အလုပ်သမားရှိနေခဲ့ကြသည့် နောက်ဖေးလုပ်ခန်းဆီသို့ သွားရောက်လေခဲ့သည်။ ထို့နောက်…

“ယောက်ျား… အခုန ငလျင်လှုပ်သွားတယ်ဟ။ သိမ့်သိမ့်နေတာပဲ”
“ဟာကွာ… မဟုတ်တာ။ ငလျင်လှုပ်တယ်ဆိုရင် ငါတို့လည်း အလုပ်လုပ်နေတာပဲ… သိရမှာပေါ့။ မဟုတ်လောက်ပါဘူး”
“အိုးရှင်… ရှင်တုိ့က မြေကြီးအပေါ်မှာ လုပ်နေကြတာလေ။ ကျွန်မက အိမ်ပေါ်မှာ ထိုင်နေတဲ့သူ… အိမ်လှုပ်သွားတာ သိသိသာသာကြီး သိလိုက်ရတာ”
“ဟင်… မိန်းမရယ်။ ငလျင်လှုပ်တယ်ဆိုရင် ငါတို့မြေကြီးပေါ်မှာ ရှိနေတဲ့သူတွေက ပိုပြီးတောင်သိကြဦးမှာ။ သြော်..ဟုတ်ပြီဟုတ်ပြီ မဟုတ်မှလွဲရော… ဒီအိမ်မှာ လင်မယားဆိုလို့ မင်းနဲ့ငါနှစ်ယောက်တည်းပဲရှိတာ။ မင်းနဲ့ငါနဲ့ကလည်း တစ်ယောက်တစ်နေရာဆီ ပြီးတော့ အိမ်လှုပ်သွားတယ်ဆိုတော့…”
“ဟာ… အရေးထဲမှ နောက်နေသေးတယ်။ တကယ်ပြောနေတာ။”
“မဟုတ်ပါဘူးကွာ… ငလျင်လှုပ်တာဆိုရင် ရပ်ကွက်ထဲကလူတွေ ထွက်လာကြပြီပေါ့။ မင်းအိပ်ချင်လို့ ခေါင်းမူးသွားတာဖြစ်မှာပါကွာ။ အိပ်ချင်ရင်လည်း အိပ်လိုက်တော့လေ။ မနက်ဖြန်မပြီးသေးတော့လည်း နောက်နေ့မှ ပို့လို့ရတာပဲ။ ’

ဖခင်ဖြစ်သူဟာ မိခင်ဖြစ်သူ၏ ပြောစကားများကိုပင် ငြင်းဆန်လျက် နောက်ပြောင်နေလေခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူသည်လည်း မည်သည့်စကားများကိုမှ ဆက်လက်ပြောဆိုမနေတော့ပဲ လက်လုပ်စ အလုပ်များကိုသာလျင် ဆက်လက်လုပ်ကိုင်နေခဲ့လေ၏။ တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး၊ နောက်တစ်ညဆီသို့ ထပ်မံရောက်ရှိလာပြန်၏။ ထိုညတွင် ညဆိုင်းအလုပ်သမားလေးများ အားလုံးရောက်ရှိနေခဲ့သည်ကြောင့် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ အိမ်ရှေ့ခန်း၊ အိမ်အပေါ်တွင်သာ နှစ်ဦးသား ကော်ပစ္စည်းများအား ထုပ်ပိုးနေခဲ့လေ၏။
ထိုအခါ နေအိမ်အပေါ်တွင်ရှိနေခဲ့သော လင်မယားနှစ်ဦးစလုံး ကြားသိနေခဲ့ရလေ၏။ ကြားသိနေခဲ့ရသည်က တိတ်ဆိတ်နေခဲ့သော ညဉ့်နက်အချိန်ခါတွင် လမ်းကြားလေးအတွင်းသို့ သားအမိသုံးဦးခန့် အထုပ်အပိုးများဖြင့် ဦးတည်လာနေခဲ့သည့် အသံတစ်ချို့ပင်ဖြစ်သည်။ သုံးနှစ်သားအရွယ်ခန့်သာ ရှိလိမ့်မည်ဖြစ်သော ကလေးလေးမှာ မိခင်ဖြစ်သူ ချီပွေ့ထားခဲ့ရာမှ ဂျစ်တိုက်နေခဲ့သည့် စကားသံများနှင့် လက်ဆွဲအရွယ်သာသာ ရှိလိမ့်မည်ဖြစ်သော ကလေးလေးတို့၏ စကားသံများ၊ မိခင်ဖြစ်သူမှ အထုပ်အပိုးများကိုမူ သယ်ဆောင်နေရသည့်ကြားမှ ကလေးနှစ်ဦးအား စိတ်မရှည်စွာ ညည်းညူပြောဆိုနေခဲ့သည့် အသံတစ်ချို့ပင်ဖြစ်ပါသည်။
ထိုသားအမိများမှာ အဝေးဆီမှ လှမ်းလာခဲ့ကြရင်း လမ်းကြားလေးအတွင်းသို့ ဝင်ရောက်တော့မည့် အနေထားအဖြစ်၊ မိခင်နှင့်ဖခင်တို့မှာ သိရှိနေခဲ့ရခြင်းဖြစ်ပေသည်။ သို့သော်လည်း မိမိတို့နှင့်မဆိုင်သည်ကြောင့် လုပ်လက်စ အလုပ်များကိုသာလျင် ဆက်လက်လုပ်ကိုင်နေခဲ့လေ၏။ သို့သော် ထိုသားအမိများ လမ်းကြားလေးအတွင်းသို့ ဖြတ်သန်းလိုက်သည်နှင့် နေအိမ်တစ်ခုလုံးမှာ လှုပ်ရမ်းသွားခဲ့ရလေသည်။ ထို့ကြောင့် ဖခင်ဖြစ်သူသည်လည်း မိခင်ဖြစ်သူ၏ မျက်နှာပြင်ဆီသို့ လှမ်းအကြည့်၊ မိခင်သည်လည်း ဖခင်ဖြစ်သူ၏ မျက်လုံးများဖြင့် ဆုံမိသွားခဲ့လေတော့သည်။

“ဟ… ဘယ့်နှဲ့ဖြစ်တာတုန်းဟ”
“တွေ့လား… ကျုပ်မပြောဘူးလားရှင့်ကို…။ ဒီအချိန်ဆိုရင် အမြဲတမ်းငလျင်လှုပ်ပါတယ်ဆိုမှ’
“မဟုတ်ဘူးမိန်းမရ… ဒါငလျင်လှုပ်တာမဟုတ်ဘူး”
“ဟင်…”
“ဟုတ်တယ်။’
အော်ဒါမှာယူနေခဲ့သည့် ဆိုင်ကြီးများမှာ လွန်စွာများနေခဲ့သည်ကြောင့် မိခင်နှင့်ဖခင်တို့သည်လည်း ထုပ်ပိုးမှု့များကိုမူ ညဉ့်နက်သည့်အထိ လုပ်ကိုင်နေခဲ့ရသည်မှာ နှစ်ညတိုင်တိုင်ပင်ရှိနေခဲ့ပြီဖြစ်သည်။ ထိုရပ်ကွက်အတွင်းသို့ ပြောင်းရွေ့လာခဲ့သည့် အချိန်နှင့် အိမ်ဆောက်ပြီးခါစ အချိန်များတွင်မူ ပုံမှန်ဆိုလျင် လင်မယားနှစ်ဦးသားမှာ ယခုချိန်ဆိုလျင် ကောင်းစွာအိပ်မောကျနေခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်ဆိုလျင် အိမ်လှုပ်သည်ဆိုလျင်လည်း ထိုသူတို့မှာ သတိထားမိခဲ့မည်မဟုတ်ပေ။
ထို့ကြောင့် ထိုညမှသာလျင် မိန်းမဖြစ်သူ၏ ပြောစကားများအား ဖခင်ဖြစ်သူမှာ ယုံကြည်မိတော့သည်။ စက္ကန့်ပိုင်းမျှ တသိမ့်သိမ့်နေအောင် လှုပ်ရမ်းသွားခဲ့ပြီနောက် တစ်ခြားသော အချိန်များတွင် မည်သည့်ထူးခြားမှု့တစ်ခုမှ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိခဲ့ပေ။ ထိုတစ်ည ကုန်ဆုံးသွားခဲ့ပြီး။ မိုးလင်းလာသည့်အချိန်တွင်လည်း ပတ်ဝန်းကျင်ရှိ နေအိမ်များကိုပင် မနေ့ညမှ ထိုသူတို့၏နေအိမ်များသည်လည်း လှုပ်ရမ်းခြင်းများ ရှိမရှိ၊ မေးမြန်းကြည့်သေးသည်။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးမှ ထိုသူတို့၏နေအိမ်များမှာ ဖခင်ဖြစ်သူ ပြောဆိုသကဲ့သို့ လှုပ်ရမ်းခြင်းပင်မရှိကြောင်း ပြန်လည်ပြောဆိုလေခဲ့သည်။ ထို့ကြောင့်ဖခင်ဖြစ်သူသည်လည်း ထိုတစ်ညကိုသာလျင် သေချာစွာအကဲခတ်ဦးမည်ဟု ကြံစည်ထားလျက် နှစ်ညတိုင်တိုင်လှုပ်ရမ်းလာခဲ့သည့် ညဉ့်နက်အချိန်ကိုပင် ထပ်မံစောင့်စားနေခဲ့ရလေသည်။ ထုံးစံအတိုင်းပါပင် ထိုတစ်ညတွင်လည်း အဝေးတစ်နေရာမှ သားအမိများ လမ်းကြားလေးအတွင်းသို့ ဖြတ်သန်းရန် ဦးတည်လာကြပြီး၊ စကားသံသဲ့သဲ့လေးများအားလည်း ကြားသိခဲ့ရသည်။
ထိုသားအမိသုံးဦးသား လမ်းကြားလေးအတွင်းသို့ နီးကပ်လာခဲ့သည်နှင့် ဖခင်ဖြစ်သူသည်လည်း လမ်းကြားလေးအတွင်းကိုပင် မြင်တွေ့စေနိုင်သည့် ပြတင်းပေါက်မှနေ၍ စောင့်စားကြည့်ရှု့နေခဲ့လေသေး၏။ သို့သော် စကားသံသဲ့သဲ့များကိုသာလျင် ကြားသိနေခဲ့ရလေပြီး၊ လမ်းကြားလေးအတွင်းသို့ ထိုမိသားစုများ ဝင်ရောက်လာကြသည်ကိုပင် မတွေ့ရှိခဲ့ရသေးချေ။ ထို့ကြောင့် ဖခင်ဖြစ်သူမှာ လမ်းကြားလေးထိပ်ဆီသို့ ပြတင်းပေါက်အတွင်းမှနေ၍ ခေါင်းပြူးထွက်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်၏ အရိပ်ယောင်ကိုမှ မတွေ့ရှိခဲ့ရပေ။ ထို့ကြောင့် သူသည်လည်း ငါးမိနစ်ခန့် စောင့်စားကြည့်ရှု့နေပြီနောက် လမ်းကြားလေးအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်သန်းလာခဲ့ခြင်းမျိုးမရှိခဲ့သည်နှင့် အိမ်အပြင်သို့ပင် ထွက်ခွာကြည့်ရှု့မည်ဟု ရည်ရွယ်ချက်ဖြင့် အိမ်မကြီးတံခါးဆီသို့အရောက် သားအမိများ၏အသံမှာ လမ်းကြားလေးထိပ်ဆီမှ ကြားသိလိုက်ရလေသည်။
သေချာသည်က ထိုသားအမိများမှာ လမ်းကြားလေးအတွင်းသို့ ဖြတ်သန်းသွားတော့မည်ပင်ဖြစ်လေသည်။ တပြိုင်နက် ထိုအချိန်တွင်းမှာလည်း နေအိမ်တစ်ခုလုံးမှာ ထုံးစံအတိုင်း လှုပ်ရမ်းသွားခဲ့ရလေသည်။ ထို့ကြောင့် ဖခင်ဖြစ်သူသည်လည်း အိမ်အောက်ဆီသို့ ဆင်းမနေတော့ပဲ၊ ပြတင်းပေါက်မှနေ၍ လမ်းကြားလေးအတွင်းသို့ လျင်မြန်စွာ မျှော်ငေးကြည့်ရှု့လိုက်လေ၏။ ထိုအခါမြင်တွေ့လိုက်ရသည်က သုံးနှစ်ခန့်သာ ရှိသေးသည်ဖြစ်သော ကလေးလေးတစ်ဦးကိုပင် ချီထားလျက်၊ လက်တစ်ဖက်တွင်လည်း လေးနှစ်သားအရွယ် ကလေးလေးတစ်ဦးအား လက်ဆွဲထားသေးသည်။ ခရီးဆောင်အိတ်များဖြင့် လမ်းကြားလေးအတွင်းသို့ ဖြတ်သန်းသွားခဲ့သော သားအမိသုံးဦး၏ နောက်ကျောကိုသာလျင် မြင်တွေ့လိုက်ရလေတော့သည်။
စိတ်ရှည်စွာဖြင့် မိမိစောင့်မျှော်ကြည့်ရှု့နေခဲ့စဉ်က အဘယ်ကြောင့် လမ်းကြားလေးအတွင်းသို့ ထိုသားအမိများမှာ မဝင်ရောက်လာခဲ့သေးပဲ၊ အိမ်မကြီးအပေါက်မှနေ၍ အပြင်သို့ ထွက်မည်လုပ်သည့် စက္ကန့်ပိုင်းအချိန်လေးတွင်မူ လျင်မြန်စွာဖြင့် လမ်းကြားလေးအတွင်းသို့ ရောက်ရှိလာခဲ့သည်က ထူးခြားနေခဲ့သည်။ ထိုတင်မကသေး ပို၍ပင်ထူးခြားနေခဲ့သည်က ထိုသားအမိများမှာ လမ်းကြားလေးအတွင်းသို့ ဖြတ်သန်းသွားခဲ့ပြီဆိုလျင် မိမိတို့၏နေအိမ်မှာ အဘယ့်ကြောင့် လှုပ်ရမ်းမှုများ ဖြစ်ပေါ်သွားခဲ့ရလေသနည်း။ ထိုညနှင့်ဆိုလျင် သုံးညတိုင်တိုင်ရှိနေခဲ့ပြီဖြစ်လေသည်။
သို့နှင့် ဖခင်ဖြစ်သူမှာ သာမာန်မဟုတ်ပဲ၊ လယ်ကွင်းပြင်များနှင့် လူနေအိမ်များသည်လည်း ကျဲပြန့်နေခဲ့ခြင်းကြောင့် ပရလောကသားတို့၏ အနှောက်ယှက်ပေးခြင်းသာလျင် ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သူ၏ညဆိုင်းအလုပ်သမားလေးများနှင့် ထိုကဲ့သို့ပင် တိုင်ပင်လေမိ၏။

“ဟင်… ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့လည်းသိတယ်။ အိမ်လှုပ်တာကို သိတာမဟုတ်ဘူး။ ညတိုင်းလိုလို လမ်းကြားထဲကနေ သားအမိတွေ ဖြတ်ဖြတ်သွားကြတာကို သတိထားမိတာ။”
“အင်း… ဟုတ်တယ်ဗျ။ ကျွန်တော်လည်း သတိထားမိတာ တစ်ပတ်၊နှစ်ပတ်လောက်တော့ရှိပြီ၊ ဆရာအိမ်ပြန်မဆောက်ခင်တုန်းက ကျွန်တော်အလုပ်လုပ်တဲ့ စက်နေရာကနေ လမ်းကြားထဲကို မြင်နေရတယ်လေ။ ညဉ့်နက်အချိန်ဆိုရင် ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက် လမ်းကြားထဲကနေ ဖြတ်သွားနေကြဗျ။ အထုတ်အပိုးတွေလည်းပါတယ်။ အမြဲတမ်း စကားပျစ်တောက်ပျစ်တောက်နဲ့ ပြောဆိုသွားတာတွေလည်း ကြားတယ်။’
“အေးကွ၊ ငါသတိထားမိတာတော့ သုံးရက်ရှိသွားပြီး၊ ဟိုတစ်နေ့က မင်းတို့အစ်မလာပြောသေးတယ်လေ။ အဲ့ဒီတုန်းက ငလျင်လှုပ်တယ်လို့ပြောလို့ ငါတောင်နောက်နေခဲ့သေးတယ်။ နောက်နှစ်ညကတော့ ငါကိုယ်တိုင်ကြုံလိုက်ရတာပဲ။ ပထမတစ်ညကတော့ အိမ်တသိမ့်သိမ့်လှုပ်သွားတာကို သိလိုက်ရတယ်။ မနေ့ညကတော့ သူတို့သားအမိတွေ အသံကြားလို့ သူတို့လမ်းကြားထဲဝင်လာရင် ငါပြတင်းပေါက်ကနေ ကြည့်ရအောင်လို့… စောင့်ကြည့်နေသေးတယ်။ ဒါပေမယ့် ငါစောင့်ကြည့်နေတဲ့ အချိန်မှာ မဝင်လာပဲနဲ့ ငါလည်းပြတင်းပေါက်ကနေ ခဏလေးဖယ်လိုက်တုန်းရှိသေးတယ်။ သူတို့သားအမိတွေ လမ်းကြားထဲရောက်လာပြီး ငါ့အိမ်လည်း တသိမ့်သိမ့်လှုပ်သွားခဲ့တော့တာပါပဲ”
“အင်း…. ဒါကိုဆရာ… ဘယ်လိုမြင်လဲ”
“သေချာတော့ မပြောတတ်သေးဘူးကွ၊ ဒီတစ်ညတော့ ပိုသေချာသွားအောင် ငါစောင့်ကြည့်ချင်သေးတယ်ကွာ။”
“လုပ်လေဆရာ… ကျွန်တော်တို့လည်းရှိနေတာပဲ၊ ဝိုင်းကြည့်ထားပေးမယ်။”

ညစိုင်းအလုပ်သမားလေးများဖြင့် တိုင်ပင်ပြောဆိုကြည့်သည့်အခါတွင်မူ ထိုသားအမိများမှာ ညစဉ်တိုင်းလမ်းကြားလေးအတွင်းသို့ ဖြတ်သန်းသွားလာ နေကြစမြဲပင်ဖြစ်သည်ဟု အလုပ်သမားလေးများထံမှ ဖခင်ဖြစ်သူမှာ သိရှိလိုက်ရလေတော့သည်။ ဤသို့ဆိုလျင် ထိုမိသားစုမှာ လူစင်စစ်များပင်လား၊ သို့မဟုတ် မကျွတ်လွတ်နိုင်ကြသေးသော ပရလောကသားများပင်လား။ ထိုသားအမိ လမ်းကြားအတွင်းသို့ ဖြတ်သန်းသွားလာနေပြီဆိုလျင် လမ်းကြားလေးနံဘေးတွင် တည်ရှိနေခဲ့သော မိမိ၏နေအိမ်မှာ အဘယ့်ကြောင့် လှုပ်ရမ်းနေရသနည်းဟု ဖခင်ဖြစ်သူတစ်ယောက် တွေးတောနေခဲ့မိလေသည်။
သို့နှင့် ထိုတစ်ညတွင်လည်း ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ ညဉ့်နက်သည့်အထိ ရုပ်ရှင်ကြည့်နေခဲ့ကြရင်း၊ ညစဉ်တိုင်းလမ်းကြားလေးအတွင်းသို့ ဖြတ်သန်းသွားလာနေခဲ့ကြသည့် သားအမိများ၏ စကားသံများကိုပင် နားစွင့်နေခဲ့မိလေသည်။ ထိုတစ်ညအဖို့ ထိုသားအမိများ၏ ပုံဏ္ဍန်နှင့်ပုံရိပ်များကိုပင် စောင့်ကြည့်မည်ဖြစ်သော်ကြောင့် ဖြစ်လေသည်။ ပုံမှန်ဆိုလျင် ည(၁၂)ကျော်ပင်ဖြစ်သော ယခုအချိန်ဆိုလျင် ထိုသားအမိများ၏ လမ်းကြားလေးဆီသို့ ဦးတည်လာနေခဲ့ကြသည့် အသံများကိုပင် ကြားနေခဲ့ရပြီဖြစ်သည်။ ယခုညတွင်မူ ည(၁၂)နာရီခွဲကျော်လွန်နေခဲ့သည့်အထိ တိတ်ဆိတ်နေခဲ့သော ပတ်ဝန်းကျင်ဆီမှ မည်သည့်အသံ တစ်စုံတစ်ရာ တစ်ခုကိုမှ မကြားခဲ့ရသေးပေ။
“အိမ်ရှင်တို့… အိမ်ရှင်တို့”
ကြားသိလိုက်ရပြီဖြစ်သည်။ ကြားသိလိုက်ရသည့် အသံများမှာ အဝေးဆီမှမဟုတ်၊ အိမ်ရှေ့ခြံစည်းရိုး တံခါးဆီမှ အမျိုးသမီးကြီးတစ်ဦး၏ ခေါ်သံပင်ဖြစ်လေသည်။ ထို့ကြောင့် ဖခင်ဖြစ်သူသည်လည်း ကုလားထိုင်လေးအပေါ်တွင် ရုပ်ရှင်ကြည့်နေခဲ့ရာမှ ချက်ချင်းသာလျင် ခြံအတွင်းသို့ ဆင်းသတ်သွားခဲ့ပေသည်။ ထို့နောက်…

“ဟုတ်ကဲ့… ဘာကိစ္စများရှိလို့လဲမသိဘူး”
ထိုကဲ့သို့သော အမေးစကားများနှင့်အတူ ဖခင်ဖြစ်သူမှာ ခြံအပြင်၌ရှိနေခဲ့သော သူများကိုပင် အကဲခတ်ကြည့်ရှု့မိလိုက်သည်။ ထိုအခါ အမေဖြစ်သူ၏ခါးပေါ်မှ ကလေးလေးဟာ ဂျစ်တိုက်နေခဲ့ပြီး၊ တစ်ဖက်တွင်လည်း လက်ဆွဲအရွယ်သာလျင် ရှိနေခဲ့သေးသော ကလေးလေးတစ်ဦးနှင့်အတူ မိန်းမကြီးတစ်ဦးတို့ပင် ဖြစ်နေလေခဲ့သည်။ မိမိစောင့်စားမျှော်လင့်နေခဲ့သော သားအမိများပင်ဖြစ်ပြီး၊ မိမိ၏ခြံအရှေ့၌ လာရောက်အော်ခေါ်နေသည်ကြောင့် ဖခင်ဖြစ်သူမှာ ကြက်သီးတဖျန်းဖျန်းထသွားရလေသည်။ လူသားများပင်လား…။ သို့မဟုတ် ပရလောကသားများပင်လား ဝေခွဲ၍မရ။
ကြောင်တောင်တောင် ကြည့်နေမိခဲ့ရာမှ ကလေးအမေ၏ နှုတ်မှထိုကဲ့သို့ပင် ပြောဆိုလာခဲ့လေတော့သည်။

“ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ”
“ကျွန်တော်ပါအစ်မကြီး…။”
“အေး… ငါတို့သားအမိတွေ ညတိုင်း ဒီလမ်းကြားကနေ ဖြတ်နေကြ၊ အခု နင်တို့အိမ်ဆောက်ထားတာ ကြည့်ပါဦး။ လမ်းကြားအပေါ်ရောက်တော့မယ်။ ငါတို့သွားလို့လာလို့ မလွတ်လပ်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် နင်တို့အိမ်ကို လှုပ်ပြီးသတိပေးနေရတာ။ လမ်းကြားနဲ့ လွတ်အောင်ဆောက်… ဒါပဲ”

ထိုကဲ့သို့သော် ပြောစကားများကြောင့် ဖခင်ဖြစ်သူသည်လည်း ခြံအတွင်းမှနေ၍ ကြောင်တောင်တောင်သာလျင် ကြည့်ရှု့နေခဲ့မိလေသည်။ ထိုကဲ့သို့ပင် ပြောဆိုလေခဲ့ပြီး ထိုသားအမိများသည်လည်း ခြံအရှေ့မှနေ၍ လမ်းကြားလေးအတွင်းသို့ ဦးတည်လိုက်လေသည်။
“ဆရာ…ဆရာ”
“ဟင်… ဟေ.”
“ဟို… ဟိုသားအမိတွေ လမ်းကြားထဲကနေ ဖြတ်သွားပြီလေဆရာ”
“ဟင်…”
ဖခင်ဖြစ်သူမှာ ကုလားထိုင်လေးအပေါ်၌ အိပ်ပျော်နေခဲ့သည်ကြောင့် အလုပ်သမားလေးများမှာ အလုပ်ခန်းအတွင်းမှနေ၍ အလောတကြီး လာရောက်ပြောဆိုခဲ့ခြင်းဖြစ်လေသည်။ ကောင်းစွာသိရှိလိုက်ရပြီဖြစ်သည်။ မိမိမှာ ကုလားထိုင်အပေါ်တွင် အိပ်ပျော်သွားခဲ့ရပြီး၊ အိပ်မက်အတွင်း၌ သားအမိသုံးဦးသားမှာ ထိုသူတို့၏သွားလမ်းနှင့် မလွတ်လပ်သည်ကြောင့် မိမိ၏နေအိမ်ကိုပင် လှုပ်ရမ်းသွားခဲ့ရခြင်းဖြစ်သည်ဟု ကောင်းစွာသဘောပေါက်သွားလေတော့သည်။ သို့နှင့် မနက်လင်းသည့်အချိန်ခါတွင်မူ ထိုရပ်ကွက်စတင်တည်ထောင်သည့် အချိန်အတွင်းမှ ယခုအချိန်ထိ နေထိုင်လျက်ရှိသေးသော ဘကြီးကျော်ကိုပင် အကြောင်းစုံပြောဆိုပြသည့်အခါ…

“ဟုတ်တာပေါ့ကွ… ကြည့်ပါဦး။ မင်းအိမ်ဆောက်ထားတာ ခေါင်မိုးက လမ်းကြားဘက်တောင် ရောက်နေတယ်။ ပြီးတော့ မင်းပြောတဲ့ သားအမိသုံးယောက်ကို တစ်ချို့သူတွေလည်း လမ်းကြားထဲကနေ ဖြတ်ဖြတ်သွားတာ မြင်ဖူးတဲ့သူတွေရှိကြတယ်။ ပြောရရင် (က)ရပ်ကွက်အသစ် မထူထောင်ခင်ကတည်းက အဲ့ဒီသားအမိတွေက ဒီလမ်းကြားထဲကနေ ညတိုင်းဖြတ်နေကြကွ။ သူတို့သားအမိနှစ်ယောက်ကို သေသွားတဲ့ ငါ့သူငယ်ချင်းနဲ့ငါနဲ့ မီးကင်းစောင့်တုန်းက မသင်္ကာလို့ဆိုပြီး အနောက်ကနေ လိုက်ကြည့်ခဲ့ကြသေးတယ်။ ဒါပေမယ့် ဟိုဘက်လမ်းကြားထိပ်ရောက်ရော သူတို့သားအမိရဲ့ ဘာအရိပ်အယောင်ကိုမှ မတွေ့ရတော့ဘူး။ ညတိုင်းတော့ လမ်းကြားထဲကနေ ဖြတ်ဖြတ်သွားတာပဲ။ ငါထင်တာတော့ လူတွေတော့မဖြစ်နိုင်လောက်ဘူး။ ပြောရရင် ကျက်ကုန်းသားအမိတွေပေါ့ကွာ။ သူတို့မှာ အထုတ်အပိုးတွေနဲ့ ညတိုင်းပြောင်းရွှေ့နေကြရတာ။ သူတို့သွားလမ်း၊ လာလမ်းကို ပိတ်မိရင်တော့ အခုလိုပဲ အသိပေးတတ်တယ်ကွ။ ဒါကြောင့် မင်းအိမ်ခေါင်မိုးကို လမ်းကြားနဲ့လွတ်အောင် ပြန်လုပ်။ ပြီးရင် တို့လည်းရပ်ကွက်ထဲမှာ စုပေါင်းပြီး ပရိတ်လေးဘာလေး ရွတ်ဖတ်ပေးလိုက်ကြတာပေါ့ကွာ။”
“ဟုတ်ကဲ့ပါဘကြီး၊ ကျွန်တော်ဒီနေ့ချက်ချင်းပဲ အိမ်ခေါင်မိုး ပြန်ပြင်ထားလိုက်ပါ့မယ်။”
“အေးကွာ… သေချာလုပ်ကြ။ သူတို့အသိပေးတဲ့အတိုင်း ငါတို့ဘက်က လုပ်ပေးလိုက်တာပိုကောင်းတယ်။ မဟုတ်ရင် မလိုအပ်တာတွေ ဖြစ်လာနိုင်တယ်။”
“စိတ်ချပါဘကြီး… ကျွန်တော်အခုချက်ချင်းပဲ သေချာပြန်လုပ်လိုက်ပါ့မယ်။”

ဘကြီးကျော်၏ပြောဆိုမှု့များဖြင့် ဖခင်ဖြစ်သူသည်လည်း လမ်းကြားလေးအတွင်းမှ ညစဉ်တိုင်းဖြတ်သန်းသွားလာနေခဲ့သည့် သားအမိသုံးဦးမှာ (က)ရပ်ကွက်ဟူ၍ မတည်ရှိခင်ကတည်းမှ မကျွတ်လွတ်နိုင်ကြသေးသော ကျက်ကုန်းအမျိုးအစား ပရလောကသားများပင် ဖြစ်သည်ဟု ကောင်းစွာသိရှိလိုက်ရလေသည်။ သို့နှင့် ထိုပရလောကသားများ အသိပေးပြောဆိုသွားခဲ့သည့်အတိုင်း ဖခင်ဖြစ်သူသည်လည်း လမ်းကြားအတွင်းသို့ ကျော်လွန်နေခဲ့သည်ဖြစ်သော သူ၏အိမ်ခေါင်မိုးကိုပင် နေ့ချင်းသာလျင် ပြန်လည်ပြုပြင်လိုက်ရလေတော့သည်။ ထို့နောက် ညနေစောင်းအချိန်၌ လမ်ကြားလေးထ်ိပ်တွင် သံဃာ(၅)ပါးအား ပင့်ဖိတ်ခါ ပရိတ်တရားတော်များကိုပင် ရွတ်ဖတ်ပေးခဲ့ရလေသည်။
အမျှအတမ်း ပေးဝေခဲ့ခြင်းကြောင့် ထိုသားအမိများမှာ ကျွတ်လွတ်သွားခဲ့ခြင်းပင်လား၊ သို့မဟုတ် ထိုသူများတောင်းဆိုသည့်အတိုင်း ဖခင်ဖြစ်သူမှာ သူ၏အိမ်ခေါင်မိုးကိုပင် ပြန်လည်ပြုပြင် ထားခဲ့သည်ကြောင့်လား။ ထိုနောက်ပိုင်း ညများတွင်မူ ထိုသားမိသုံးဦး၏ မည်သည့်အရိပ်ယောင်ကိုမှ မမြင်တွေ့ခဲ့ရတော့သည်မှာ ယနေ့ထက်တိုင် အထိပင်ဖြစ်လေပါတော့သည်။ ။

ပြီး။ ။
(ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် တည်ထောင်ခါစအချိန် ကွက်သစ်ဖြစ်သော (က)ရပ်ကွက်အတွင်း၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်လေးတစ်ခုအား စာစီလျက်ရေးသား တင်ပြလိုက်ရပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)