ကျီးအမြုတေ (စ/ဆုံး)
ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ၍ ရေးသားထားပါသည်။
(၁)
“မောင်ပြုံးရေ၊ အဲဒီအပင်ပြီးရင် ဘုရားငုတ်တိုနားက အပင်တွေကို တက်ပေးစမ်းပါအုံး”
အဘရွှေကပြောလိုက်သဖြင့် ကိုမောင်ပြုံးခေါင်းညိတ်လိုက်သည်။ ထန်းပင်တွင်ထောင်ထားသည့် ရင်းထောင်ခေါ်သည့် လှေကားပေါ်မှဆင်းလာလိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသည့် ထန်းရေမြူအိုးများကိုဖြုတ်လိုက်ကာ အဘရွေဆိုင်ရှိ ထန်းရေများစုသည့် သံပုံးကြီးထဲသို့ထည့်လိုက်သည်။
“အဘရွှေ၊ ငှက်ခါးတောင်ရပြီလားဗျ”
“အေးရပြီမောင်ပြုံးရေ၊ မင်းသောက်ချင်ရင် ပြန်တော့ တစ်အိုးဆွဲသွားပေါ့ကွာ၊ ဒါနဲ့ အခုတော့မင်းသောက်လို့မဖြစ်ဘူးနော်”
“စိတ်ချပါဗျ၊ ကျုပ်ကထန်းတက်ရင်း ထန်းရည်မသောက်တတ်ပါဘူး၊ ဘုရားငုတ်တိုဘက်က ထန်းတောက ထန်းရည်မကျဘူးမဟုတ်လား”
အဘရွှေက ကွမ်းဝါးရင်းခေါင်းညိတ်လိုက်သည်။
“အေးကွ၊ ထန်းရေမကျပေမဲ့ အပင်လေးနည်းနည်းပြင်ချင်လို့ကွ၊ အဲဒီဘက်က ထန်းတွေက ထန်းဖိုတွေကွ၊ ဒီနှစ်တပို့တွဲလောက်တော့ ထွက်မယ်ထင်တာပါပဲကွာ”
“ဒါဆိုရင် အဘရွှေရေ၊ ထန်းတက်ခအပြင်၊ ထန်းပြင်ခလေးတော့ နည်းနည်းပိုပေးရမယ်နော်၊ နောက်ပြီးဘုရားငုတ်တိုဘက်ကလည်း သိတဲ့အတိုင်းပဲမဟုတ်လား”
“အေးပါကွာ၊ မင်းကိုငါ သုံးထောင်ပေးပါ့မယ်၊ ဟုတ်ပြီလား”
၂၀၀၀ ခုနှစ်ခန့်ကဖြစ်သဖြင့် သုံးထောင်ဆိုသည့်ငွေမှာ နည်းသည့်ပမာဏမဟုတ်ပေ၊ ကိုမောင်ပြုံးလည်း ငွေလိုနေသည်မို့ ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် ကိုမောင်ပြုံးခေတ္တအနားယူပြီး ထန်းခုတ်ရန်အတွက် ဓါးထက်ထက်တစ်လက်ခါးကြားထိုးပြီး ပစ္စည်းပစ္စယများယူဆောင်ကာ ဘုရားငုတ်တိုဘက်သို့ထွက်ခဲ့သည်။
အဘရွှေမှာ သူတို့ရွာတွင် ထန်းတောအများဆုံးပိုင်သည့်အဘိုးကြီးဖြစ်သည်။ သူတို့ထန်းတောမှာ တစ်နေရာတည်းမဟုတ်ဘဲ သုံးလေးနေရာအထိပိုင်ဆိုင်သည်။ ဘုရားငုတ်တိုဆိုသည့်နေရာတွင် ဘယ်ခေတ်ကတည်းက တည်ထားမှန်းမသိသည့် ဘုရားအပြိုအပျက်တစ်ခုရှိသည်။ ထိုအနီးတွင် ထန်းပင် သုံးလေးဆယ်ခန့် ပေါက်ရောက်နေလေသည်။ အလွန်အခြောက်အလှန့်ကြမ်းသည့်နေရာဖြစ်သည့်အတွက် ရွာကလူများ ခြေဦးမလှည့်ရဲပေ၊ ဘုရားငုတ်တိုထန်းတောကိုလွှန်လျှင်တော့ တောင်ခြေကိုရောက်နိုင်ပြီး သဘာဝအတိုင်းပေါက်နေသည့် တောတန်းတစ်ခုရှိသည်။ နေ့ခင်းကြောင်တောင်ပင် ခြောက်လှန့်မှုမျိုးစုံကြုံတွေ့တတ်ကြသည်။
ကိုမောင်ပြုံးကတော့ ထန်းတက်သမား၊ အတန်းပညာလည်း နှစ်တန်းလောက်သာတတ်ဖူးသည်။ မြန်မာစာကို စားလုံးပေါင်း၍ပင်မဖတ်တတ်၊ ယုတ်စွအဆုံး သူ့နာမည်ကိုပင် သူမရေးတတ်ပေ။ သူ့မိဘများကလည်း ထန်းတက်သမားမျိုးရိုးဖြစ်သည်မို့ သူလည်း မိဘလက်ငုတ်လက်ရင်းအလုပ်ကိုဆက်လုပ်ပြီး ထန်းတက်သမားတစ်ယောက်ဖြစ်ခဲ့ရသည်။ ထန်းတက်သမားတစ်ယောက်ဖြစ်ဖို့ကလည်း သတ္တိကောင်းဖို့၊ ဇွဲရှိဖို့နှင့် အပင်ပန်းခံနိုင်ဖို့လည်းလိုအပ်သည်။ လွယ်လွယ်နဲ့မဖြစ်ပေ။ မိုးထိတမျှ မြင့်မားလှသည့် ထန်းပင်ကြီးကို တစ်နေ့ကို အပင်သုံးဆယ်၊ လေးဆယ်တက်နိုင်မှရသည်။
ထန်းတက်သမားအလုပ်က ခက်ခဲပင်ပန်းလွန်း၍ထင်သည်။ သူတို့ရွာတွင် ထန်းတက်သမားသိပ်မရှိတော့ပေ။ များသောအားဖြင့် တောင်သူလယ်လုပ်ကြသည်။ လူငယ်လက်သစ်များက ခေတ်မီသည့်မြို့ကြီးများပေါ်သို့တက်ကာ အလုပ်ထွက်လုပ်ကြသည်။ ထန်းတက်သမားမရှိတော့ ထန်းလုပ်ငန်းကလည်း တိမ်ကောလာခဲ့သည်။ ထန်းလျက်ဈေးတွေကျဆင်းသွားကတည်းက ထန်းချက်ဖိုတွေ၊ ထန်းတဲတွေ အလုပ်ရပ်နားကုန်သည်။ အခုလည်းသူတို့ရွာတွင် အဘရွှေ၏ ထန်းတောနှင့် ထန်းတဲ တစ်ခုနှစ်ခုလောက်သာကျန်တော့သည်။
အဘရွှေထန်းတောမှာလည်း ထန်းတက်သမားက များများစားစားမရှိပေ။ ကိုမောင်ပြုံးနှင့်ပေါင်းမှ လူသုံးယောက်လောက်သာရှိသည်။ သို့သော် ကျန်သည့်ထန်းတက်သမားများမှာကိုမောင်ပြုံးကဲ့သို့ ကျွမ်းကျင်သူများမဟုတ်ကြ၊ ထန်းတက်ရင်းလည်း ထန်းရည်၊ အရက်သောက်ကြပြီး ထန်းသိပ်မတက်နိုင်ကြပေ။
(၂)
ထန်းရေအကြောင်းတွေးမိသဖြင့် ဖခင်ဖြစ်သူကိုသွားသတိရမိသည်။ ဖခင်ဖြစ်သူမှာ ထန်းတက်သမားဖြစ်ပြီး ထန်းရည်အလွန်ကြိုက်သည်။ ထန်းရေမှာ ပင်ကျရည်မရှိပေ။ မြို့တွင်နေထိုင်သူများ ထန်းလုပ်ငန်းနှင့်စိမ်းသူများက ပင်ကျရည်ဟုထင်တတ်ကြသည်။ အမှန်မှာ ထန်းပင်ပေါ်မှ ထန်းရည်ခံပြီး ကျလာသည့်ထန်းရေသည် ထန်းရည်ချိုဖြစ်သည်။ ထန်းရေချိုမှ ထန်းရည်ခါးဖြစ်လာစေရန်အတွက် အချဉ်ဖောက်ရသည်။ ကောက်ညှင်းကိုလှော်ပြီထောင်းထားသည့် ကဇော်ဖတ်ဖြင့် ထန်းရေချိုကိုအချဉ်ဖောက်ရသည်။ ထိုသို့အချဉ်ဖောက်ပြီး တစ်ရက်ခန့်ကြာတော့မှ အချဉ်ပေါက်လာသည်။ အချဉ်မပေါက်တပေါက်ဖြစ်နေပြီး ထန်းရေများအလယ်မှ ရေမြှုပ်ပလုံစီကလေးများ ဆူပွက်လာသည့်ထန်းရေကို ပုဇွန်ဆိတ်ခုန် ဟုခေါ်ကြသည်။ လုံးဝမခါးသေးဘဲ အချိုအရသာရှိသေးသည်။ ချိုလည်းချို မူးလည်းမူး၊ ချိုပြင်းကလေးဖြစ်သည်။
လုံးဝအချဉ်ပေါက်သွားပြီး အနည်ထိုင်သွားသောထန်းရည်ခါးမှာ မိုးပြာရောင် အပြာလဲ့လဲ့ကလေးဖြစ်သွားသည်။ ထိုထန်းရေကို ငှက်ခါးတောင်ဟု ခေါ်ကြသည်။ အလွန်ခါးပြီး အလွန်လည်းပြင်းထန်လေသည်။ ထန်းရည်အမြဲတမ်းသောက်နေသည့် ထန်းရေဂျိုးများမှာ ထိုငှက်ခါးတောင်ကိုသာ နှစ်နှစ်ခြိုက်ခြိုက်သောက်ကြသည်။ သူတို့ဒေသတွင် ယောက်ျားကလေးများမှာ ပုဇွန်ဆိတ်ခုန် လောက်ကိုမသောက်ကြပေ၊ ငှက်ခါးတောင်ကိုသာ စွဲစွဲမြဲမြဲသောက်ကြလေသည်။
ကိုမောင်ပြုံး၏ ဖခင်ဖြစ်သူက အလွန်ထန်းရည်ကြိုက်ပြီး ငှက်ခါးတောင်ကို တစ်ခါသောက်လျှင် တစ်အိုး၊ နှစ်အိုးကုန်သည်အထိသောက်နိုင်သည်။ ငှက်ခါးတောင်မှာ အမူးမခံနိုင်သူများဆိုလျှင် တစ်ဘူး နှစ်ဘူးသာ ထန်ကုန်သောက်နိုင်သည်။ ကိုမောင်ပြုံး၏ ဖခင်က သားသမီးများကို တစ်သက်လုံးထန်းတက်ပြီး လုပ်ကျွေးခဲ့သည်။ အဖေက ထန်းတက်သည့်အခါ ခါးတွင် ပုလင်းကလေးတစ်လုံးချည်သွားပြီး ငှက်ခါးတောင်များထည့်သွားလေ့ရှိသည်။ ထန်းတက်လိုက်၊ ရေငတ်လျှင် ပုလင်းလေးမော့သောက်လိုက်နှင့် သူ့ဟာနှင့်သူ အေးအေးဆေးဆေးအလုပ်လုပ်နေတတ်သည်။
အဖေ့ကိုအသတ်နှုတ်သွားသည်မှာလည်း ယခုဘုရားငုတ်တိုကုန်းပင်ဖြစ်သည်။ အဖေက ထန်းရည်သောက်ရင်း ဘုရားငုတ်တိုရှိ ထန်းပင်များကို ရှင်းလင်းရသည်။ ထိုသည်ကို ထန်းပြင်သည်ဟုခေါ်သည်။ ထိုသို့ရှင်းလင်းရင်း ထန်းပင်ပေါ်မှပြုတ်ကျကာ ထိုထန်းပင်အောက်တွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။ ညနေ ထန်းတောသို့ပြန်မလာ၍ လိုက်ကြည့်ကြမှ သေဆုံးနေသည့် အဖေ့အလောင်းကိုတွေ့ကြရလေသည်။
ကိုမောင်ပြုံးလမ်းလျှောက်လာရင်း နောက်ဆုံးဘုရားငုတ်တိုသို့ရောက်လာခဲ့သည်။ ညနေသုံးနာရီခန့်ပင်ရှိနေပြီဖြစ်သည်။ အညာနွေမို့ နေပူရှိန်က အလွန်ပူပြင်းလှသည်။ ဘုရားအပြိုအပျက်ကြီးကတော့ အုတ်ပုံကြီးသဖွယ်ဖြစ်နေပြီး ချုံပင်များတွယ်ကပ်ပေါက်နေလေသည်။ ကိုမောင်ပြုံးက ထန်းတစ်ပင်ကို သတိထားပြီးကုပ်ဖက်တက်လိုက်သည်။ ထန်းရည်မကျသည့် ထန်းပင်များတွင် ထန်းတက်သမားများအတွက် ဝါးလှေကားရိုက်ထားလေ့မရှိပေ။ ထို့ကြောင့် အားယူပြီးဆွဲတတ်ရသည်ဖြစ်ရာ အလွန်ခက်ခဲလှသည်။
ထန်းပင်ပေါ်သို့ရောက်သည့်အခါ ထန်းဖလက်အခြောက်များ၊ ထန်းလက်ခြောက်များနှင့် ရင့်နေသည့်ထန်းရွက်များကို ဓါးဖြင့်ခုတ်ချရသည်။ သုံးပင်လောက်တက်ပြီးသည့်အချိန်တွင် ကိုမောင်ပြုံးအလွန်မောပန်းနေပြီဖြစ်သည်။ အပင်အောက်တွင်နားနေလိုက်ရင်း အဘရွှေထံမှယူလာသည့် ရေပုလင်းကိုဖွင့်သောက်လိုက်ကာ အမောဖြေနေမိသည်။
“တောက်”
သူ့နားအတွင်း တောက်ခေါက်သံတစ်ချက်ကြားလိုက်ရသဖြင့် ကိုမောင်ပြုံးလန့်သွားမိသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါတွင် မည်သူမှမရှိနေပေ။ ကိုမောင်ပြုံးရေတစ်ကျိုက်ကို ငုံသောက်လိုက်သည့်အခါ ဒုတိယမြောက် တောက်ခေါက်သံကိုကြားလိုက်ရပြန်သည်။
“ဟေ့၊ ဘယ်ကောင်ငါ့ကိုလာစနေတာလဲကွ”
သူပြောလိုက်ပြီးသည့်အချိန်တွင် သူ့ဘေးဝဲယာနေရာအကုန်လုံးမှ တတောက်တောက်နှင့် တောက်ခေါက်သံများကိုကြားလိုက်ရသည်။ တခြားသူဆို ထွက်ပြေးမည်ဖြစ်သော်လည်း ကိုမောင်ပြုံးကတော့ အကြောက်အလန့်မရှိပေ။ သူဒီထန်းတောကို မတက်လို့မဖြစ်၊ သူငွေလိုနေသည်မဟုတ်ပါလား။
ခြောက်လှန့်မှုများကို စိတ်မဝင်စားနိုင်တော့ဘဲ သူ့အပူများကိုပြန်ပြီးစဉ်းစားနေမိသည်။
(၃)
“အဖေ၊ သားရှင်ပြုချင်တယ်”
သားကြီးဖြစ်သူက သူ့အနားကိုလာပြီး ပြောဆိုလေသည်။ သားငယ်ဖြစ်သူကလည်း သူ့ပေါင်ပေါ်သို့လာပြေးထိုင်ပြီး
“အကိုကြီးရှင်ပြုရင် သားလည်းရှင်ပြုချင်တယ်ဖေကြီး”
သားငယ်ကလေး၏ ခေါင်းကိုပွတ်ပေးနေရင်း ကိုမောင်ပြုံးစိတ်ထဲမကောင်းဖြစ်မိသည်။ မကြာမီ တဲအနောက်မှ သူ့မိန်းမ မဝိုင်းက ထွက်လာသည်။
“မဝိုင်းရေ၊ မင်းသားတွေပြောတာ မင်းကြားရဲ့လားကွ”
မဝိုင်းက မျက်နှာကိုမဲ့လျှက်
“ကြားပါ့တော်၊ ရှင့်သားတွေက ကျုပ်ကိုနေ့တိုင်း ရှင်ပြုချင်တယ်ပဲပြောနေတာ သုံးရက်ဆက်တိုက်လောက်ရှိပြီ”
“ဟုတ်တယ်ဖေကြီးရဲ့၊ ဖိုးသားတို့ရှင်ပြုတုန်းကဆို မြင်းနက်ကြီးစီးတာဗျ၊ သိပ်မိုက်တာပဲ၊ ဖေကြီး သားကိုရှင်ပြုပေးရင်လည်း မြင်းကြီးစီးမှာနော်အဖေ”
“အေးပါသားတို့ရယ်၊ အဖေကြီးသားတို့ကို ရှင်ပြုပေးနိုင်အောင် ကြိုးစားပါ့မယ်”
မဝိုင်းက သူ့အနီးတွင်ထိုင်ပြီး မနက်စာအဖြစ်ထမင်းကြမ်းနှင့် ပဲကြမ်းကြော်ဆီဆမ်းကိုချပေးလိုက်သည်။
“ကဲ အဲဒါပဲကြည့်တော့ ကိုပြုံးရေ၊ ကျုပ်သားလေးတွေ ရှင်သိပ်ပြုချင်နေကြတာ၊ အေးပေါ့လေ၊ သူတို့အသက်အရွယ်အရဆိုရင်လည်း ရှင်ပြုသင့်နေပြီမဟုတ်လား”
သားနှစ်ယောက် အနက် အကြီးကောင်က ဆယ့်နှစ်နှစ်ရှိနေပြီ၊ အငယ်ကောင်ကလေးကတော့ အသက်ဆယ်နှစ်ကျော်ခဲ့ပြီ၊ ရွာထဲက ကလေးတွေရှင်ပြုတာမြင်တော့ သူတို့လည်းရှင်ပြုချင်နေပုံရသည်။ သို့သော် ကိုမောင်ပြုံးထန်းတက်လုပ်ခလောက်နှင့်တော့ ရှင်ပြုနိုင်ဖို့မျှော်လင့်ချက်မရှိပေ။ စားဖို့သောက်ဖို့နှင့် သားနှစ်ယောက် ကျောင်းလိုက်ဖို့အတွက်တောင်မှ မနည်းရုန်းကန်ပြီးရှာဖွေနေရသည်။ သူတို့တဲကလေး ခေါင်မိုးတွေပေါက်နေသည်ကိုတောင် ပြန်မပြင်နိုင်သေးပေ။
“ဒီနှစ်မိုးကျရင် ကျုပ်တို့တဲမိုးမလုံတော့ဘူးရှင့်”
“အေးပါကွာ၊ ငါအဘရွှေကိုပြောပြီး ထန်းရွက်တွေယူခဲ့မယ်၊ အားတဲ့နေ့ကျတော့ ထန်းလက်ပစ်ပြီးတော့ ခေါင်မိုးတာပေါ့ကွာ”
ကိုမောင်ပြုံးအမောဖြေနေရင်း မနက်က အဖြစ်အပျက်များကို ပြန်တွေးနေမိသည်။ အခုတော့ ထန်းလက်ရင့်ရင့်ကြီးတွေ မြေပေါ်သို့ကျနေပြီဖြစ်သည်။ ထန်းပင်က ကိုမောင်ပြုံးတို့အတွက်တော့ စွယ်စုံအသုံးကျသည့်အပင်ဖြစ်သည်။ ထန်းရွက်၊ ထန်းလက်များကို တဲမိုး၊ အိမ်မိုး၊ အိမ်ကာကြသည်။ ထန်းကြောကိုသင်ပြီး ဖျာတွေ၊ တောင်းတွေ ရက်လုပ်ကြသည်။ ထန်းသီးခွက်အခြောက်ကို ထန်းမှုတ်လုပ်သည်။ ထို့အပြင် ထန်းနို့ခြောက်ကို မီးရှို့ပြာချပြီး ကလေးများ အနာစိမ်းတွေပေါက်လျှင် လိမ်းကုသနိုင်သည်မဟုတ်ပါလား။
အမောပြေသွားသည့်အခါ ကိုမောင်ပြုံးက ထန်းတက်ရန်အတွက် အပင်ကိုရွေးလိုက်သည်။ ထိုအခါ ညနေနေရောင်အောက်တွင် ဘုရားငုတ်တိုအနီး ထန်းပင်ကလေးတစ်ပင်ထက်မှ ဝင်းခနဲ၊ လက်ခနဲ ဝင်းလက်သွားသည်ကိုမြင်လိုက်ရသည်။
“ငါ့ကိုသရဲခြောက်တာများလား”
ကိုမောင်ပြုံးက ထန်းပင်ကိုအသေအချာပတ်ကြည့်သည်။ အနောက်ဘက်ရှိ ထန်းလက်များကြားတွင် အနီရောင်ကလေး ဝင်းလက်နေလေသည်။ ကိုမောင်ပြုံးက ထူးဆန်းသွားသည်မို့ ထိုထန်းပင်ကိုတက်ရန်အတွက် ဆုံးဖြတ်လိုက်သည်။
“ဘာမှမရှိရင်လည်း ထန်းရွက်ရင့်ရင့်ကြီးတွေ အိမ်မိုးဖို့ရတာပေါ့၊ အရှုံးမရှိပါဘူး”
သို့နှင့် ထိုထန်းပင်ကြီးပေါ်သို့တက်လာခဲ့သည်။
(၄)
ထန်းပင်ထိပ်နားအရောက်တွင် တလက်လက်ဖြစ်နေသည့်အရာကိုရှာကြည့်ရာ ရှာမတွေ့တော့ပေ။ သို့နှင့် စိတ်ဓါတ်ကျပြီး ထန်းလက်များကိုခုတ်ချလိုက်သည်။ ခုတ်ချနေရင်း ထန်းလက်နှစ်ခုအကြားတွင် ငှက်သိုက်တစ်ခုကိုတွေ့ရလေသည်။ ထိုငှက်သိုက်တွင် ငှက်ဥကလေးတစ်ခုရှိနေသည်။ မိုးပြာရောင်ငှက်ဥကလေးဖြစ်ပြီး သူ့အနီးတွင်လည်း ငှက်ဥခွံကလေးများကိုတွေ့ရသည်။
“ဘာအသိုက်များပါလိမ့်၊ အပြာရောင်ဥနဲ့အသိုက်ဆိုတော့ ကျီးသိုက်ထင်တယ်”
ကိုမောင်ပြုံးက အသိုက်ကလေးကိုရှင်းချလိုက်မည်ဟုတွေးသော်လည်း ကျီးဥကလေးကို စိတ်ဝင်စားသွားပြိးလှမ်းယူကြည့်လိုက်သည်။ မိုးပြာရောင်ကလေးတွင် အမဲပြောက်ကလေးများပါသည့် ဥဖြစ်သည်။ သူတို့အရပ်တွင်တော့ မြို့များလို မြို့ကျီးကန်းမရှိဘဲ အကောင်ထွားထွား အမွှေးအရှောင် မှိန်မှိန်နှင့် တောကျီးကန်းများသာကျက်စားတတ်သည်။ တောကျီးကန်းများမှာ အုပ်ဖွဲ့၍မနေဘဲ အဖိုအမနှစ်ကောင်သာ နေတတ်သည်။ မြင့်မားသည့် ထန်းပင်များအပေါ်တွင် ယခုလိုအသိုက်ဆောက်နေထိုင်တတ်သည်။
ကျီးဥကလေးကို သေချာကြည့်လိုက်သည့်အခါ တစ်နေရာတွင် ဥခွံ့ကလေးက ကွဲနေပြီး အတွင်းမှ အနီရောင်လက်နေသည်ကိုမြင်တွေ့ရသည်။ ပတ္တမြားလိုမျိုး ထွင်းဖောက်ကြည်လင်နေသည်မဟုတ်ဘဲ ကျောက်စရစ်ခဲလို အနောက်ဖြစ်သည်။ သို့သော် ရဲရဲနီနေလေသည်။
“ဘာများပါလိမ့်၊ နေရောင်ထိုးလို့လက်နေတာ ဒီဟာလေးက လက်နေတာဖြစ်မယ်”
ကိုမောင်ပြုံး ဥကလေးကိုပွတ်ကြည့်လိုက်ရာ ဥခွံကလေးမှာ ကွဲကြေထွက်သွားပြီး သူ့လက်ထဲတွင် ဆီးကင်းလောက်သာရှိမည့် ဥအနီကလေးသာ ကျန်နေခဲ့လေသည်။ ကိုမောင်ပြုံးလည်း ထိုဥကလေးကို သေချာကြည့်နေရင်း သူတို့ငယ်ငယ်က ကြားဖူးခဲ့သည့် အဖြစ်အပျက်ကိုသတိရသွားသည်။
“ကျောက်ပန်းတောင်းက စတိုးဆိုင်ပိုင်ရှင်က အရင်က ဆင်းရဲတဲ့လူတဲ့ကွ၊ အခုလိုချမ်းသာတာ တစ်ရက်တော့ ဇရပ်ပျက်တစ်ခုကိုရှင်းရင်း ငှက်သိုက်တွေ့တယ်ဆိုပဲ၊ အဲဒီငှက်သိုက်ထဲမှာ ဥအမြုတေကလေးတစ်ခုတွေ့တယ်တဲ့ကွ၊ အဲဒါရပြီးတဲ့နောက်ပိုင်း အခုလိုချမ်းသာသွားတာပဲ”
“အမြုတေတွေဆိုတာ ထူးခြားတဲ့စွမ်းအင်ရှိတဲ့ပစ္စည်းတွေပေါ့၊ များသောအားဖြင့် ကာယသိဒ္ဓိ၊ လာဘသိဒ္ဓိတွေရှိနေတတ်တယ်ကွ”
လူပျိုအရွယ်လောက်တုန်းက လူကြီးသူမတွေပြောတာ ကြားဖူးသဖြင့် ယခုဥကလေးသည်လည်း အမြုတေကလေးများလားလို့ စိတ်ထဲတွေးမိသည်။ ထို့ကြောင့် ထန်းပင်ပေါ်မှအမြန်ဆင်းလိုက်ပြီး ဦးဘရွှေထန်းတောဆီသို့အပြေးပြန်လာခဲ့သည်။
“အဘရွှေ၊ အဘရွှေ”
“ဟေ၊ မောင်ပြုံး အမောတကောနဲ့ပါလား၊ မင်းဘာဖြစ်လာတာလဲ”
“ကျုပ်၊ ကျုပ် သရဲအခြောက်ခံရလို့ဗျ”
ကိုမောင်ပြုံးက အဘရွှေကို အမြုတေရလာသည့်အကြောင်း မပြောဟုဆုံးဖြတ်လိုက်သည်။ သူကြားဖူးသည်က ထိုအမြုတေများကို ဈေးကောင်းပေးဝယ်သည်ကိုကြားဖူးသည်။ သူပြောလိုက်လျှင် အဘရွှေက သူ့ဆီမှ ဈေးကောင်းပေးဝယ်သွားမည်ကို စိုးရိမ်၍ဖြစ်သည်။
အဘရွှေချန်ထားသည့် ငှက်ခါးတောင်တစ်ခွက်ကို ကောက်မော့လိုက်သည်။ သူတို့ထန်းတဲတွင် လူရှင်းနေသည်။ ကိုမောင်ပြုံးလည်း အဘရွှေအနားသို့တိုးကပ်လိုက်သည်။
“ဒါနဲ့အဘရွှေ၊ ငှက်အမြုတေတွေဘာတွေအကြောင်း အဘရွှေကြားဖူးလား”
အဘရွှေက သူ့သွားတွင်ကပ်နေသည့် ကွမ်းဖတ်များကို သွားကြားထိုးတံနှင့်ထိုးနေလေသည်။
“ကြားဖူးတယ်ကွ၊ အမြုတေတွေက သိပ်စွမ်းတယ်ဆိုပဲ”
“ဟုတ်လား၊ ဘယ်လိုစွမ်းတာလဲ”
“များသောအားဖြင့် မီးကွင်းတယ်၊ ဘေးရန်ကင်းတယ်၊ စီးပွားတက်စေတာလဲရှိတယ်တဲ့ကွ၊ ငါလည်းကိုယ်တိုင်မကြုံဖူးတော့ မသိပါဘူးကွာ၊ ဘာလဲမောင်ပြုံး မင်းက အမြုတေတွေ့နေလို့လား၊ တွေ့ရင်လည်း ငါ့ကိုရောင်းစမ်းပါကွာ၊ ဟဲ ဟဲ”
“မ၊ မတွေ့ပါဘူးဗျာ၊ ကျုပ်၊ ကျုပ်ပြန်တော့မယ်”
အဘရွှေက သူ့အားထန်းတက်ခသာရှင်းပေးလိုက်သည်။ ကိုမောင်ပြုံးလည်း အိမ်ကိုပြန်ရန်သာစိတ်စောနေသည်မို့ ငှက်ခါးတောင်ထန်းရည်များပင် ယူဖို့မေ့ခဲ့လေတော့သည်။
(၅)
“မိန်းမရေ၊ မဝိုင်း လာပါအုံးကွ”
“ဘာဖြစ်လို့တုန်းတော်၊ ကျုပ်ဒီမှာ ထမင်းချက်နေတာ”
“လာဆိုလာစမ်းပါကွ”
မဝိုင်းက ထမင်းအိုးမွှေနေသည့် ယောက်မကြီးကိုင်ကာ အိမ်ရှေ့သို့ထွက်ခဲ့သည်။
“မင်းသားတွေရော”
“ရွာထဲသွားဆော့နေတာနေမှာပေါ့၊ ကျုပ်ကိုဘာလို့ခေါ်တာလဲ”
ကိုမောင်ပြုံးက သူ့အကျီအိတ်ကပ်ထဲမှ ကျီးအမြုတေ နီနီရဲရဲကလေးကိုထုတ်ပြလိုက်သည်။ မဝိုင်းက ထူးဆန်းသည့်ပုံဖြင့် ကိုမောင်ပြုံးကိုကြည့်လိုက်သည်။
“အဲဒီကျောက်စရစ်ခဲ အနီကလေးက ဘာလုပ်ဖို့လဲရှင့်”
“ဟာ၊ ကျောက်စရစ်မဟုတ်ပါဘူးကွ၊ ဒါအမြုတေပဲ၊ ကျီးအမြုတေ”
မဝိုင်းမျက်လုံးပြူးသွားလေသည်။
“အမြုတေဆိုရင် ဈေးကောင်းရတယ်တော့၊ ဟိုးတစ်နှစ်က မောင်လုံးတောလိုက်သွားရင်း ချိုးအမြုတေဆိုလား ရလာလို့ ရောင်းလိုက်တာ သိန်းချီရတယ်တဲ့တော့”
“အေးကွာ၊ ဒါလည်း ငါတို့နဲ့ထိုက်လို့ရတာနေမှာ”
“ဘာပဲဖြစ်ဖြစ်တော်၊ ကျုပ်တို့အဲဒါကလေးကို ရောင်းလိုက်ရအောင်၊ တစ်သိန်းလောက်ရရင် နည်းသလားရှင်”
မဝိုင်းက ရောင်းချချင်သော်လည်း ကိုမောင်ပြုံးက မရောင်းချင်ပေ။
“မရောင်းနိုင်ဘူးကွ၊ ဒီပစ္စည်းလေးက လူတိုင်းရတာမဟုတ်ဘူး၊ ငါတို့နဲ့ထိုက်လို့ ရတာကွ”
“ရှင်အတွေးမခေါင်နဲ့ ကိုမောင်ပြုံး၊ ဒီဟာကြီးကိုင်ထားပြီးတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ကျုပ်တို့ရောင်းပြီးတော့ ငွေတွေရလာရင် အိမ်ကလေးပြန်ဆောက်မယ်၊ ရှင့်သားတွေကိုလည်း ရှင်ပြုပြီး အလှူပေးလို့ရပြီလေ”
“ရှင်ပြုလို့ရပြီ၊ ဟုတ်လား”
ကျီးအမြုတေကလေးကိုကိုင်ပြီး ကိုမောင်ပြုံးတွေဝေနေမိသည်။
“ကျုပ်နောက်နေ့ကျရင် ညောင်ဦးဘက်သွားပြီးတော့ ရောင်းလို့ရမယ့်နေရာစုံစမ်းကြည့်မယ်၊ ရောင်းလိုက်စမ်းပါတော်၊ အဲဒီအရာကို ကျုပ်တို့လည်းအသုံးချတတ်တာမှမဟုတ်တာ”
“တော်စမ်းမဝိုင်း၊ ငါမရောင်းနိုင်ဘူးကွ”
“ရှင်က ပြောလေဆိုးလေပါလား၊ ရှင့်သားတွေကို ရှင်မပြုပေးချင်ဘူးလား”
ထိုမေးခွန်းက ကိုမောင်ပြုံးကိုပိုပြီး ဒွိဟဖြစ်စေသည်။
“နေစမ်းပါအုံးကွာ၊ ငါတို့အရင်ဆုံး စမ်းကြည့်ကြရအောင်”
ကိုမောင်ပြုံးက ဂွမ်းစကလေးကိုယူပြီး ထမင်းစားပန်းကန်ထဲတွင်ခင်းလိုက်သည်။ ထို့နောက် ပန်းကန်အလယ်တွင် ထိုအမြုတေကလေးကိုထည့်လိုက်ကာ မီးစတစ်ခုနှင့် ဂွမ်းစများကိုတို့ကြည့်လိုက်သည်။ အလွန်မီးစွဲလောင်လွယ်သော ဂွမ်းများမှာ မီးလုံးဝမလောင်သည်ကို လင်မယားနှစ်ယောက် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။
“ရှဲ၊ ရှဲ”
“အိုသွားပါပြီ၊ ကျုပ်ထမင်းအိုး”
မဝိုင်းက ထမင်းအိုးချက်ရန်အတွက် အနောက်သို့ပြန်ပြေးဝင်သွားသည်။ ညရောက်သည့်အခါ သူတို့လင်မယားရန်ပွဲဖြစ်ပွားလာသည်။ ကလေးငယ်နှစ်ယောက်က အိပ်မောကျနေပြီဆိုသော်လည်း သူတို့နှစ်ယောက်က ခြင်ထောင်ထဲတွင် ရန်ဖြစ်နေကြသည်။
“ရောင်းလိုက်စမ်းပါတော်”
“မရောင်းနိုင်ဘူးကွ၊ မရောင်းဘူး”
“မီးကွင်းတာလောက်နဲ့တော့ရှင်၊ ကျုပ်တို့အိမ်က မီးလောင်မှာမှမဟုတ်တာ၊ မီးလောင်လည်း ထန်းလက်မိုး ထန်းလက်ကာ တဲပဲ ဘာမှဆုံးရှုံးသွားတာမဟုတ်ဘူး”
ကိုမောင်ပြုံးတစ်ယောက် ပင်ပန်းပြီးအိပ်စက်လိုက်သော်လည်း သူတို့လင်မယားရန်ပွဲက ပြီးဆုံးမသွားပေ။ နောက်ရက်တော့ ကိုမောင်ပြုံးထန်းတက်နေတုန်း မဝိုင်းက ညောင်ဦးဈေးသို့တက်ပြီး အမြုတေရောင်းချရန်စုံစမ်းလေသည်။ ကိုမောင်ပြုံးလည်း မဝိုင်းကိုမယုံတော့သဖြင့် အမြုတေကို ကိုယ်နှင့်မကွာ သယ်သွားလေသည်။ ထိုနေ့က ဦးဘရွှေတို့ ထန်းတဲတွင် သူကူညီလုပ်ကိုင်ပေးရသည်။ ထန်းရည်အချဉ်ဖောက်ဖို့လုပ်ကိုင်နေစဉ်မှာပင် ထန်းတဲထဲသို့လူများဝင်လာလေသည်။
“ညီလေးရေ၊ အကိုတို့ ထန်းလျက်ဝယ်ချင်လို့”
လူသစ်များဖြစ်သဖြင့် ကိုမောင်ပြုံးမမြင်ဖူးပေ။ ထိုလူများက ဦးဘရွှေထန်းတောမှ ထန်းလျက်များကိုဈေးကောင်းပေးဝယ်သွားသည်။ ထန်းတဲတွင် သူနှင့် ဦးဘရွှေသာရှိသည်မို့ ကိုမောင်ပြုံးလည်း ကူညီပြီးချင်တွယ်ပေးရ၊ ထည့်ပေးရသည်။ ထိုလူများထွက်သွားပြီးသည့်အခါ ထန်းရည်ဝယ်သည့်လူများရောက်လာသည်။ သူတို့ရွာမှလူများမဟုတ်ဘဲ ခရီးသွားဟန်လွဲ ဝင်ဝယ်သူများဖြစ်နိုင်သည်။ အချိန်ခဏအတွင်းမှာပင် ထန်းရည်ဝယ်သည့်သူများ၊ ထန်းလျက်ဝယ်သည့်သူများက တဖွဲဖွဲရောက်လာရာ အမြဲထန်းတဲတွင်ထိုင်ပြီး အိပ်ငိုက်နေရသည့် ဦးဘရွှေပင် အလွန်ထူးဆန်းနေမိသည်။
“ထူးဆန်းတယ်ကွ မောင်ပြုံးရ၊ ဒီနေ့တော့ ဈေးဝယ်အတော်များပါလား”
ကိုမောင်ပြုံးက ဦးဘရွှေပြောတာကိုပင်မကြားတော့ပေ၊ သူ့ခေါင်းထဲတွင် အတွေးတစ်ခုဝင်နေလေသည်။
“ဒါ၊ ငါ့ရဲ့ အမြုတေကလေးများကြောင့်လား”
ထို့နောက် သူ့အိတ်ကပ်ထဲရှိ အမြုတေကလေးကို စမ်းကြည့်လိုက်မိသည်။
အိမ်ပြန်လာသည့်အခါတွင် မဝိုင်းက သူ့ကိုဆီးကြိုနေလေသည်။ သူကြိုက်တတ်သည့် ကြက်သားဟင်းများကိုချက်ပြုတ်ထားသည်။ သူထမင်းစားဖို့လုပ်တော့ မဝိုင်းက သူ့အနားကပ်လာသည်။
“ကျုပ်ညောင်ဦးဈေးထဲသွားပြီး ပန်းပုဆိုင်ကဆရာကြီးနဲ့ အကုန်တေ့တေ့ဆိုင်ဆိုင်လုပ်ပြီးသွားပြီရှင့်၊ သူတို့မနက်ဖြန်လာလိမ့်မယ်၊ ပစ္စည်းကြိုက်ရင် သုံးသိန်းပေးမယ်တဲ့တော်”
မဝိုင်းအသံက ပြုံးပျော်ရွှင်နေသော်လည်း ကိုမောင်ပြုံးက ဒေါသထွက်သွားသည်။
“ဟေ့ မိဝိုင်း၊ ငါက နင့်ကိုဒီအမြုတေ ရောင်းမယ်လို့ ပြောဖူးလို့လား”
“ရှင်သိပ်ပြီးစိတ်ကူးယဉ်မနေနဲ့၊ ဝယ်တဲ့သူရှိတုန်းရောင်းရတာ၊ ရှင်ဒီတစ်သက် သုံးသိန်းရှာဖူးလို့လား”
“တော်စမ်းကွာ၊ မင်းဒီအကြောင်းတွေဆက်မပြောနဲ့၊ ငါလုံးဝမရောင်းဘူး”
“မရောင်းလို့မရဘူးရှင်၊ အကုန်တေ့တေ့ုဆိုင်ဆိုင်ပြောပြီးပြီ၊ သူတို့က တခြားသူဆီမရောင်းပါနဲ့ဆိုပြီး စရံငါးထောင်တောင် ချလိုက်သေးတယ်ရှင့်”
“ဘာကွ၊ မင်းတော်တော်လွန်နေပြီနော် မိဝိုင်း”
“ဘာဖြစ်လဲ၊ မနက်ဖြန်သူတို့လာလိမ့်မယ်ကိုမောင်ပြုံး၊ ရှင်ရောင်းလိုက်စမ်းပါ၊ မဟုတ်ရင် မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်”
“မရောင်းဘူးဟေ့၊ ဒီလူတွေနဲ့လည်း ငါနဲ့မသိဘူး၊ ငါလုံးဝမရောင်းဘူး”
ထိုညတော့ သူတို့လင်မယား အိပ်ရာခွဲအိပ်သည်။ ကိုမောင်ပြုံးက အိမ်ရှေ့ခန်းမှာသာ ကွေးကွေးကလေးအိပ်နေသည်။ ညသန်းခေါင်လောက်အရောက်တွင် မဝိုင်းတစ်ယောက် အိပ်နေရာမှ တိုးတိုးကလေးထကာ ကိုမောင်ပြုံးအနီးသို့တိုးကပ်လာသည်။ ထို့နောက် ကိုမောင်ပြုံးအိပ်ကပ်များကို အသာကလေးနှိုက်ပြီးရှာနေလေသည်။
“မင်းဘာလာရှာတာလဲ မိဝိုင်း”
“ကျုပ်ကို အမြုတေကလေးပေးစမ်းပါ”
“မင်းကိုမပေးနိုင်ဘူးလို့ ပြောနေတယ်မဟုတ်လား”
ကိုမောင်ပြုံးဒေါသထွက်ထွက်နှင့် မဝိုင်းမျက်နှာကို လက်သီးများနှင့်ထိုးထည့်လိုက်သည်။ မဝိုင်းတစ်ယောက်အော်ဟစ်လေရာ ကလေးငယ်များလန့်နိုးကုန်ကြသည်။
“တော်ပါတော့အဖေကြီး၊ အမေ့ကိုမလုပ်ပါနဲ့တော့”
သားကြီးက တားမြစ်တော့မှ ကိုမောင်ပြုံးအသိစိတ်ပြန်ဝင်လာခဲ့သည်။ မဝိုင်းက ကလေးများကိုဖက်ထားရင်း
“ကိုမောင်ပြုံး၊ ရှင်နဲ့ကျုပ်မနေဘူး၊ ရှင့်လိုအသုံးမကျတဲ့လူနဲ့ ဆက်မပေါင်းနိုင်တော့ဘူး၊ ရှင်နဲ့ကျွန်မနဲ့ ကွာမယ်”
မနက်မိုးမသောက်ခင်မှာပင် မဝိုင်းတစ်ယောက် ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်မှဆင်းသွားသည်။ မဝိုင်းတို့ရွာက ညောင်ဦးအနီးတွင်ရှိသည်မို့ သူတို့ရွာသို့ပြန်သွားခြင်းဖြစ်မည်။ မဝိုင်းမရှိတော့ သူတို့ထန်းလက်တဲကလေးထဲတွင် ကိုမောင်ပြုံးတစ်ယောက်သာကျန်နေခဲ့သည်။ သူတစ်ယောက်တည်း တဲရှေ့တွင်ထိုင်ပြီး ငိုယိုနေမိသည်။
(၆)
သို့နှင့် မဝိုင်းနှင့် ကိုမောင်ပြုံးတို့ ကွဲသွားကြသည်။ ကိုမောင်ပြုံးကလည်း သူ့ယုံကြည်ချက်ကို မလျော့သလို၊ မဝိုင်းကလည်း ကိုမောင်ပြုံးကိုနားမလည်နိုင်သဖြင့် ကွဲသွားခြင်းဖြစ်သည်။ မဝိုင်းတို့အမေနှင့် မောင်နှမများက ကိုမောင်ပြုံးကိုလာပြီးရန်တွေ့ကြသေးသည်။ အခုတော့ ကိုမောင်ပြုံးတစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။ ကလေးနှစ်ယောက်မှာလည်း မဝိုင်းနှင့်ပါသွားပြီဖြစ်သည်။
“ငါဘာလုပ်ရမလဲ၊ ငါဘာဆက်လုပ်ရမလဲ အမြုတေလေး”
နောက်တစ်နေ့တော့ ကိုမောင်ပြုံးက ဦးဘရွှေထန်းတဲဆီသို့လာခဲ့လေသည်။
“ဦးဘရွှေ၊ ကျုပ်ကိုထန်းတောတစ်တောလောက် ရောင်းစမ်းပါဗျာ”
“အောင်မယ် မောင်ပြုံးရဲ့၊ မင်းက ငါ့ဆီက ထန်းတောဝယ်ပြီးဘာလုပ်ချင်လို့လဲ”
“လုပ်စမ်းပါဗျာ၊ အချင်းချင်းတွေပဲ၊ ကျုပ်ကိုရောင်းစမ်းပါ”
ထန်းတောတွေကပေါပြီး ထန်းတက်မည့်သူကလည်းမရှိ၊ အလုပ်လည်းမဖြစ်သည်မို့ နောက်ဆုံး ဦးဘရွှေက ကိုမောင်ပြုံးကို ထန်းပင်နှစ်ဆယ်ပါသည့် ထန်းတောတစ်ခုကို အကြွေးဖြင့်ရောင်းလိုက်လေသည်။ ကိုမောင်ပြုံးက ထန်းတက်ပြီး ထန်းရည်စိတ်ကြိုက်ဖောက်ပြီးနောက် ကျောက်ပန်းတောင်းသို့တက်ကာ ဝယ်လက်ရှာဖွေလေရာ ဝယ်လက်တွေ့ပြီး အလုပ်တည့်သွားကြသည်။ တစ်နှစ်လောက်ကြာသည့်အခါ ကိုမောင်ပြုံးထန်းတောက တော်တော်အလုပ်ဖြစ်နေပြီဖြစ်သည်။ ထန်းရည်တင်မက ထန်းခေါက်ဖာလုပ်ငန်း၊ ထန်းဖြင့် လက်မှုလုပ်ငန်းများလုပ်ကိုင်ပြီး ရောင်းချရာအရောင်းသွက်လေသည်။ အထူးသဖြင့် ထန်းလျက်ထည့်ရန်အတွက် ထန်းလျက်အစိတ်သားဝင်သည့် ထန်းခေါက်ဖာကလေးများလုပ်ပြီး ထန်းလျက်ထည့်ကာ ရောင်းချခြင်းမှာ အထူးတွင်ကျယ်သွားသည်။
နောက်တော့ ထန်းတောတွေဆက်ပြီးဝယ်ခဲ့သည်။ မကြာမီ ညောင်ဦးကျောက်ပန်းတောင်း ကားလမ်းပေါက်လေရာ ကားလမ်းဘေးရှိ ထန်းတောကိုပင် ဝယ်ယူနိုင်လေသည်။ သူတို့ရွာကလေးရှိ အဘရွှေပိုင်ဆိုင်ခဲ့သည့်ထန်းတောများအားလုံးလိုလို ကိုမောင်ပြုံးပိုင်ဆိုင်သွားတော့သည်။ အဘရွှေလည်း သိပ်မကြာခင် သေဆုံးသွားခဲ့လေသည်။ ထိုထန်းတောမှာပင် ထန်းတဲဆောက်လုပ်ထားသည်။ ကိုမောင်ပြုံးက ထန်းရည်ကိုသာအဓိကရောင်းချင်သည်မို့ ထန်းရည်နှင့်လိုက်ဖက်သည့်အရာများပါ တွဲရောင်းသည်။
ိကိုမောင်ပြုံးတစ်ယောက် ဘာရောင်းရောင်းစီးပွားဖြစ်ပြီး အခုဆို ဆိုင်နှင့်ကနားနှင့်ဖြစ်နေပြီဖြစ်သည်။ အဆင်ပြေလာခြင်းမှာလည်း ကျီးအမြုတေကလေးကြောင့်ဟုဆိုကာ တစ်ထစ်ချတွေးထားသည်။ သို့သော် အများစိတ်ဝင်စားမည်စိုးသဖြင့် ထိုအမြုတေအကြောင်းကို မပြောဆိုတော့ပေ။ သားနှစ်ယောက်မေးလျှင်တောင်မှ ဘေးကင်းစေသည့်အဆောင်ဟုသာ ပြောပြဖြစ်သည်။ တစ်စတစ်စ အဆင်ပြေလာသည့်အခါ ဇနီးသည်ဖြစ်သူ မဝိုင်းအား သွားပြန်ခေါ်ပြီး သားနှစ်ယောက်နှင့်အတူနေထိုင်သည်။ သို့သော် မဝိုင်းနှင့်မတည့်ဘဲ အမြဲတမ်းရန်ဖြစ်နေလေ့ရှိသည်။ သုံးနှစ်ခန့်ကြာသည့်အခါ မဝိုင်းမှာ ထန်းတဲမှထွက်ပြေးသွားတော့သည်။ သူ့ထက် အသက်ဆယ်နှစ်ခန့်ငယ်သည့် ထန်းချက်ဖိုမှ ကောင်လေးနှင့် လိုက်ပြေးသွားခြင်းဖြစ်သည်။ မဝိုင်းထွက်ပြေးသွားသည့်အခါ ကိုမောင်ပြုံးစုဆောင်းထားသည့် ရွှေများနှင့် ငွေများပါ အတော်ပါသွားသည်ဟုဆိုသည်။
ယခုဆို ကိုမောင်ပြုံးဆိုင်မှာ ဆိုင်ကြီးဖြစ်သွားပြီဖြစ်သည်။ ပုဂံညောင်ဦးသို့ ခရီးထွက်အလည်လာသည့် လူများက ကိုမောင်ပြုံးထန်းတောကို လူတိုင်းနီးပါး ဝင်ရောက်ပြီးထန်းရည်သောက်ကြသည်။ ထန်းရည်ဆိုင်ကြီးအပြင် ထန်းပင်များအောက်တွင် လင့်စင်များထိုးထားသည်။ ထန်းသားဖြင့်ပြုုလုပ်ထားသည့် တဲကလေးများကိုလည်း အစီအရီထိုးထားသည်။ ထန်းရည်ကိုလည်း အများအကြိုက် ထန်းရည်ချို၊ ချိုပြင်း စသည်ဖြင့် အမျိုးစုံလုပ်ရောင်းသည်။ ထို့အပြင် ထန်းရေနှင့်လိုက်ဖက်သည့် ပဲလှော်၊ ဘူးသီးကြော်၊ ကြက်ကြော်၊ ရှဉ့်ကြော် များပါတွဲဖက်ရောင်းချသည့်အပြင် ထန်းမှထွက်သည့် ထန်းလျက်အမျိုးမျိုး၊ ဇီးထန်းလျက်၊ အုန်းထန်းလျက်များသာမက ထန်းအရက်၊ ထန်းခေါက်ဖာ၊ ထန်းလက်မှုပစ္စည်းမျိုးစုံပါ တွဲဖက်ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်သည်။ ကိုမောင်ပြုံးဆိုင်မှာ ထိုအနီးတစ်ဝိုက်တွင် လူအလာများသည့်ဆိုင်ဖြစ်သွားရာ နောက်ပိုင်းတွင် ထန်းပစ္စည်းများသာမက ဆီဆုံများ၊ ဒေသထွက်စားစရာများနှင့် လူ့အသုံးအဆောင်ပစ္စည်းများပါ တွဲဖက်ရောင်းချသလို ထန်းသားနှင့်ပြုလုပ်ထားသည့် ပရိဘောဂများကို နိုင်ငံရပ်ခြားသို့တင်ပို့နိုင်သည်အထိ ဈေးကွက်ကြီးမားနေပြီဖြစ်သည်။
တစ်ရက်တော့ ပုဂံသို့လာသည့် ဘုန်းကြီးတစ်ပါးကိုကြည်ညိုလှသဖြင့် ဆွမ်းဆပ်ကပ်သည်။ ထိုဦးဇင်းက ဆွမ်းဘုန်းပြီးသောအခါ ကိုမောင်ပြုံးလက်သူကြွယ်တွင် ရွှေနှင့်ကွပ်ကာ ဝတ်ဆင်ထားသည့် အနီရောင်ကျောက်ကလေးကို စိတ်ဝတ်စားသွားသည်။ ရွှေလက်စွပ်အကြီးကြီးဖြစ်ပြီး လက်စွပ်တွင်တပ်ထားသည့် ကျောက်မှာလည်း သာမန်ကျောက်များထက် အနည်းငယ်ကြီးမားကာ ပြူးထွက်နေလေသည်။
“ဒကာကြီးလက်က ဘာကျောက်တုန်းကွဲ့”
“မှန်ပါဘုရား၊ ကျောက်မဟုတ်ပါ ကျီးသိုက်ကရတဲ့ ကျီးအမြုတေကလေးပါဘုရား”
ဦးဇင်းက ခေါင်းညိတ်ရင်း
“ဒါနဲ့ ဒကာကြီးမှာ ဇနီးမယားရှိသလား”
“အရင်ကတော့ရှိပါတယ်၊ အခုတော့မရှိတော့ပါဘူးဘုရား”
ဦးဇင်းက ပြုံးလိုက်သည်။
“သူရှိစဉ်တုန်းက မင်းတို့အမြဲရန်ဖြစ်နေရသလား”
ကိုမောင်ပြုံးခေါင်းညိတ်လိုက်သည်။
“အဲဒါ ဟောဒီအမြုတေကလေးကြောင့်ပဲ ဒကာကြီးရေ၊ ကျီးအမြုတေဆိုတာ လာဘသိဒ္ဓိမှာစွမ်းပေမယ့် ပိုင်ဆိုင်ထားတဲ့သူဟာ အိမ်ထောင်မမြဲတတ်ဘူးဒကာကြီး၊ အမြဲတကျက်ကျက်နဲ့ ရန်ဖြစ်ပြီး ကွဲကွာရတတ်တယ်လို့ ဦးဇင်းကြားဖူးတယ်”
ကိုမောင်ပြုံးထိုတော့မှ ပြန်လည်စဉ်းစားကြည့်ရာ အမြုတေမရခင်က မဝိုင်းနှင့်သူမှာ အလွန်ချစ်ခင်ကြသော်လည်း အမြုတေရပြီးကတည်းက အမြုတေအကြောင်းနှင့်ပတ်သက်ပြီး ရန်စဖြစ်ခဲ့ရာမှ အမြဲရန်ဖြစ်နေသည်အထိပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတော့ မဝိုင်းတစ်ယောက် အိမ်မှဆင်းပြေးသွားသည်အထိဖြစ်ပျက်ခဲ့ရလေသည်။
“ဒကာကြီး ဒီပစ္စည်းကိုဆက်ကိုင်ထားမယ်ဆိုရင်တော့ မိန်းမတွေနဲ့ မပတ်သက်တာအကောင်းဆုံးဖြစ်မှာပါ”
“တင်ပါ့ဘုရား တပည့်တော်လည်း အသက်အရွယ်ရနေပြီမို့ အိမ်ထောင်ထပ်ပြုဖို့မစဉ်းစားတော့ပါဘူးဘုရား၊ အခုသားတွေလည်း ပညာတွေတတ်ပြီး ဘွဲ့တွေရနေပါပြီ”
“အေးကွယ်၊ ဒီလိုဂမ္ဘီရပစ္စည်းမျိုးဟာ စွမ်းသလောက် ထူးလဲထူးတယ်ကွဲ့”
ယခုတော့ ကိုမောင်ပြုံးတစ်ယောက် အကြောင်းစုံသိသွားခဲ့ပြီး ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ မဝိုင်းကိုလည်း အပြစ်မမြင်တော့ပေ၊ မဝိုင်းသတင်းများကို စုံစမ်းကြည့်ရာ အောက်အကြေဘက်တွင် ကလေးနှစ်ယောက်နှင့် ဒုက္ခရောက်နေသည်ဆိုသည့်အကြောင်း သိလိုက်ရသည့်အတွက် ငွေပေးပြီး ကူညီပေးဖြစ်သည်။ ကိုမောင်ပြုံးဆိုင်ကြီးမှာ လူပြတ်သည်ဟူ၍မရှိတော့ပေ၊ သူ့သားနှစ်ယောက်မှာလဲ ဘွဲ့ရပညာတတ်များဖြစ်ပြီး အကြီးကောင်က ပထဝီမေဂျာနှင့် ဘွဲ့ရကာ၊ အငယ်ကောင်ကတော့ အင်ဂျင်နီယာဘွဲ့ရထားသလို နှစ်ဦးစလုံးလဲ အိမ်ထောင်ရက်သားကျနေပြီဖြစ်သည်။ သူ့လုပ်ငန်းများကိုပင် သားအကြီးက ဦးစီးလုပ်ကိုင်နေပြီဖြစ်သည်။
ကိုမောင်ပြုံးက သူ့လက်သူကြွယ်မှ ကျီးအမြုတေကလေးကို အမြဲစိုက်ကြည့်နေတတ်သည်။ နောက်တော့ ကိုမောင်ပြုံးက ခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။ သူလည်းအသက်ကြီးပြီဖြစ်ရာ သူနှင့်ထိုက်၍ရခဲ့သည့် ကျီးအမြုတေကလေးကို အချိန်တန်ပြီဖြစ်သဖြင့် သူ့နေရာမှာသူ သွားထားပေးဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သားအကြီးနှင့် အငယ်မှာ အိမ်ထောင်ရက်သားကျနေသဖြင့် ထိုအမြုတေကလေးကြောင့် သားနှစ်ယောက်အိမ်ထောင်ရေးကို အထိအခိုက်မခံချင်တော့ပေ။ ထို့အပြင် ခိုင်မာသည့်စီးပွားရေးတစ်ခုကို သားနှစ်ယောက်အားအမွေပေးခဲ့နိုင်ရုံသာမက ပညာအမွေပါပေးခဲ့နိုင်သဖြင့် ကိုမောင်ပြုံးတစ်ယောက် သူ့ဘဝကိုသူ ကျေနပ်နိုင်ပြီဖြစ်သည်။ စီးပွားရေးတစ်ခုအောင်မြင်သည် ကျရှုံးသည်ကို ကြိုးစားမှုနှင့်သာ ဆုံးဖြတ်စေချင်ပြီး လောကီအကူအညီမျိုးကို မယူသင့်ဟုဆုံးဖြတ်လိုက်လေသည်။
“အင်းပေါ့လေ၊ တစ်ချိန်ကျရင်တော့ အားလုံးခွဲခွာသွားကြရမှာမဟုတ်လား”
သို့နှင့် တစ်နှစ်ခန့်ကြာပြီးသည့်နောက် မိုးအကုန်ဆောင်းအကူး ရက်တစ်ရက်တွင် ကိုမောင်ပြုံးတစ်ယောက် အိပ်ပျော်သွားရာမှာ ပြန်လည်နိုးထမလာခဲ့တော့ပေ။ ကိုမောင်ပြုံးသေဆုံးသွားတော့ အသက်ငါးဆယ်ကျော်သာရှိသေးသည်။ သို့သော်ထန်းတက်သမားဖြစ်ပြီး ငယ်စဉ်က ပင်ပန်းဆင်းရဲမှုများကြောင့် ရုပ်အတော်ကျသည်။ ဆရာဝန်များကတော့ နှလုံးရောဂါဖောက်သည်ဟုဆိုကြလေသည်။
“အောင်မယ်လေးအဖေရဲ့၊ သားတို့ကိုထားသွားပြီလား”
သားနှစ်ယောက်က အဖေ့အလောင်းကိုပွေ့ဖက်ပြီး ငိုကြွေးကြသည်။ သို့သော်ထူးဆန်းသည်က ကိုမောင်ပြုံးလက်သူကြွယ်တွင် အမြဲဝတ်ဆင်လေ့ရှိသည့် ကျောက်အနီကလေးတပ်ထားသည့် ရွှေလက်စွပ်ကလေးမရှိတော့ပေ။ ကိုမောင်ပြုံးပဲ ဘုရားငုတ်တိုအနားမှ ကျီးသိုက်အတွင်းသို့ပြန်လည်ထည့်သွားခဲ့သည်လား၊ သူ့အလိုလိုပျောက်ဆုံးသွားတာလားဆိုတာတော့ မည်သူမျှ သိမည်မဟုတ်ပေ။
(ယခုအဖြစ်အပျက်များကို ကိုမောင်ပြုံးက သူတရားစခန်းဝင်နေကျ ညောင်ဦးရှိ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းကိုပြောပြခဲ့သဖြင့် ပြန်လည်သိရှိခဲ့ရခြင်းဖြစ်ပါသည်)
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
#အဂ္ဂဇော် #ထူးခြားဆန်းကြယ် #horror