ကြိုးတိုက်ထဲကည(စ/ဆုံး)
————————
မူရင်းရေးသူ ဆရာ သြဓိသ
စာဖတ်သူကို ကူးပေးသူ လက်ခ
ကျုပ်နာမည် ကျားမောင်။ အလုပ်အကိုင် လူကြမ်း။
ရုပ်ရှင်ထဲက လူကြမ်းမဟုတ်ဘူး။ ဘဝကထဲက လူကြမ်း
အောက်ခြေသိမ်း အလုပ် မှန်သမျှ ကျုပ်မလုပ်ဖူးတာ
မရှိဘူး။ လူကြမ်းဘဝနဲ့ လုပ်ကိုင်စားရတာ
အသက်ရှုမချောင်တော့ လူဆိုးလူမိုက်ဘဝကို
ကူးပြောင်းခဲ့ရတယ်။
ကျားမောင်ဆိုးချင်လို့ ဆိုးတာ မဟုတ်ဘူး။
မိုက်ချင်လို့ မိုက်တာ မဟုတ်ဘူး။ ဘဝပေးအခြေအနေအရ
ဆိုးမှမိုက်မှ အသက်ရှင်ခွင့် ရမယ်ထင်လို့
ဆိုးမိုက္ခဲ့တာ။
လူဆိုတာ သူ့အကျိုးပေးနဲ့သူပေါ့။ကျုပ်တို့ရပ်ကွက်ထဲက
မောင်ငြိမ်းဆိုတာ ဆင်းရဲတယ်။ ဝက်ဒိုင်မှာ
ဝက်ဆွဲလုပ်ရတယ်။ ဝက်ဆွဲလုပ်ရာက
ဝက်ဒိုင်ပြောင်းလုပ်တယ်။ သူဋ္ဌေးနဲ့ စုမိဆောင်းမိတာလေးတွေ
စပ်တူ လုပ်တယ်။ အကျိုးပေးတယ်။သူဋ္ဌေးက
ငွေစိုက်တယ်။ လူမစိုက်နိုင်ဘူး။ ဒီတော့က
မောင်ငြိမ်းပဲ အစအဆုံး လုပ်ရတော့တာပေါ့။
ဝက်ဝယ်တယ်။ဝက်လှောင်တယ်။ ဝက်ပေါ်တယ်။
ဝက်သားရောင်းတယ်။ မောင်ငြိမ်းချည်းပဲ။
အကုသိုလ်နဲ့ တော်တော်အကျိုးပေးတဲ့ မောင်ငြိမ်းလို့
လူတွေက ပြောကြတယ်။ မောင်ငြိမ်းက ငွေကြေး
အတော်စုမိတော့ အကုသိုလ်အလုပ်ကို
ဆက်မလုပ်ချင်ဘူး။ဝက်ဒိုင်ပြန်အပ်ပြီး ဆန်ကုန်ကူးတယ်။
သမာအာဇီဝနဲ့ ဆန်ကုန်ကူးပြီး။ စီးပွားရှာတော့
ရှုံးလိုက်တာမှ ခွက်ခွက်ကို လန်ရော။တခြားသုံးလေးခု
ပြောင်းလုပ်တယ်။ ဘာမှကို အဆင်မပြေဘူး။
ရှိတာလေး ပြုတ်ပြုတ်ပြုန်းပြီ။ အဲဒါနဲ့ ဝက်ဒိုင်မှာ
အခစား ပြန်လုပ်တယ်။ ပြန်စုဆောင်းမိလာတယ်။
အရင်သူဋ္ဌေးနဲ့ စုစပ်ပြီး ဝက်ဒိုင်လိုင်စင် ပြန်ဆွဲတယ်။
ဘာအလုပ်ဖြစ်သလဲ မမေးနဲ့။ ဝက်ဒိုင်ကို တစ်ဦးတည်း
လိုင်စင် ဆွဲနိုင်လာတယ်။ ဒီအပြင် ဝက်တွေကိုဖမ်းပြီး
ကားစင်းလုံးလိုက် မန္တလေးက သားသတ်ရုံကို
ပို့ပေးရတဲ့ အလုပ်ရတယ်။ မြို့နီးချုပ်စပ် ရွာတွေဆင်း
ဝက်တွေဖမ်း ကားစင်းလုံးလိုက်တင်ပြီး စီးပွါးရှာတယ်။
ငွေတွေသောက်သောက်လဲ မြတ်တယ်။
အခုဆိုရင် ဆယ်ဘီးကားကြီး သုံးလေးစီး။
တိုက်ကြီးသုံးလေးလုံး ဟီးနေအောင် ဆောက်။
ကိုယ်ပိုင်ကား ဇိမ့်ခံကားနဲ့ သူဋ္ဌေးကြီးဦးငြိမ်းဖြစ်နေပြီ။
သူ့အလုပ်ကိုက အကုသိုလ်နဲ့ကို အကျိုးပေးလွန်တာ။
ကျားမောင်ဆိုတဲ့ ကျုပ်လည်း ဒီလိုပဲ ။သမာအာဇီဝနဲ့
အောက်ခြေသိမ်းအလုပ်တွေ ဝင်လုပ်တယ်။
လုပ်ရင်းက ကိုယ်အပေါ် ဗိုလ်ကျအနိုင်ကျင့်တဲ့လူတွေနဲ့
ရန်ဖြစ်မိတယ်။ မဟုတ်မခံစိတ်ရှိတဲ့ ကျားမောင်ကို
ရေမြွေထင်ပြီး ထကြမ်းတော့ နဂါးမှန်းသိအောင်
အမောက်ထောင်ပြလိုက်တာပေါ့။
ကျားမောင်က စိတ်မြန်။ လက်မြန်သမား။ဒေါသက
ရှူးဆို လက်က ဖြောင်းခနဲ ရိုက်ပြီးသား။
ဆင်းရဲသားချင်းအတူတူ သခင်အားရ ကျွန်ပါးဝနေတဲ့
ကောင်တွေက ဇာတ်တူသားစားသလို
လာဖိနှိပ်နေသေးတယ်။
“ဟေ့ကောင် …ကျားမောင် သူဋ္ဌေးက စက်လှေပေါ်
ဓါတ်မြေသြဇာအိတ် သယ်ခိုင်းတာ မင်း ကုန်းဘောင်က
ခြေချော်ကျပြီး မြေသြဇာအိတ် ရေထဲကျသွားတာ
ဘာလို့ လိုက်မဆယ်သေးတာလဲ”
“ကျော်ကြီး …အခုချိန်ကြီး ရေငုပ်ရတာ မလွယ်ဘူး
ငါကလည်း ကျွမ်းတာ မဟုတ်ဘူး။ မြစ်ရေဝင်ပြီး
ဓါတ်မြေသြဇာအိတ်လည်း ကောင်းမှာ မဟုတ်တော့ဘူး”
“ဘာကွ …မင်းက အဲဒါနဲ့ ဒီလိုပဲ ထိုင်ငိုင်နေတော့မှာပေါ့
ပြန်လျော်ပေးရလေကွာ”
“လျော်စရာမှ ပိုက်ဆံမရှိတာ။ တစ်နေ့လုပ်မှ
တစ်နေ့စားရတာ မင်းလည်းအသိပဲ။ဘာပိုက်ဆံနဲ့
လျော်ရမှာလဲ”
“ခွေးကောင် …စားစရာမရှိ လျော်စရာ ရှိရတယ်ကွ။
နောက်တစ်ပတ်လုံး မင်း အလုပ်ဆင်းရမယ်။
မင်း လုပ်အားခ မရဘူး။ ဓါတ်မြေသြဇာအိတ်ဖိုးနဲ့
ချေလိုက်ပြီ”
“လုပ်ခမရင်နေ ထမင်းတော့ ကျွေးပေါ့။
ထမင်းစားမှ အလုပ် ဆက်လုပ်နိုင်မှာ”
“ဘာထမင်းမှ မကျွေးဘူး မင်းပြစ်ဒဏ် မင်းခံရမှာပဲ”
“ဒါတော့ မင်းတို့ မတရားဘူး။ ရက်စက်လွန်းတယ်”
“မင်းတို့လို့ နမော်နမဲ့ကောင်တွေကို အဲလိုပြစ်ဒဏ်ပေးမှ
မှတ်မှာပေါ့။ မင်း မကျေနပ်လည်း လေဖြတ်သေလိုက်ကွာ”
“ဘဝတူချင်းတွေကွာ အဲလိုမလုပ်ပါနဲ့”
“ဘာ ဘဝတူတာလဲ။ ငါက သူဋ္ဌေးရဲ့လူယုံ။
မင်းက သူဋ္ဌေးရဲ့ ခိုင်းဖတ်။ အလုပ်သမား။
ဘာမှ ဘဝမတူဘူး”
“ဟေ့ကောင် …ကျော်ကြီး မင်းလည်း အလုပ်သမား
ငါလည်း အလုပ်သမား။ အလုပ်သမားတွေဆီက
လုပ်အားခတွေလည်း ခေါင်းချိုး ယူသေးတယ်။
ဗိုလ်လုပ်ပြီး အနိုင်ကျင့်သေးတယ်။ မင်း လွန်လွန်းနေပြီး
မင်း သိပ်များနေပြီ”
“အောင်မာ … ခွေးမသားက ငါ့ကို ပြန်ခံပြောနေသေးတယ်
လွန်တော့ ဘာဖြစ်လဲ ။ များတော့ ဘာဖြစ်လဲ”
“တော်ပြီ မင်းတို့ ပွဲရုံမှာ ဆက်မလုပ်တော့ဘူး”
“မလုပ်နဲ့။ အေး…ဓါတ်မြေသြဇာအိတ်ဖိုးတော့
လျော်ပေးတဲ့အနေနဲ့ နောက်တစ်ပတ် လုပ်သွား”
“မလုပ်ပေးနိုင်ဘူးကွာ”
“ဟာ …သောက်ရူးသောက်ပေါကောင်။
ပါးစပ်က ပြောရတာ အာပေါက်တယ် ကဲကွာ…”
ခွပ်
ကျော်ကြီးက ကျားမောင်ကိုစတင်ထိုးကြိတ်၏။
ကျားမောင်က မခံနိုင်၍ ပြန်ထိုးကြိတ်၏။
ကျော်ကြီးခံရသောအခါ ကျော်ကြီးရဲ့ သူဋ္ဌေးက
မခံနိုင်၍ ရဲတိုင်၏။
ကျားမောင်မှာ ငွေမရှိ။ သူဋ္ဌေးရဲ့ ရှေ့နေ
စွတ်စွဲချက်တွေကြောင့် ထောင်နန်းစံခဲ့ရ၏။
ထောင်(၆)လကျခဲ့ရာက ကျားမောင်၏ဘဝလည်း
တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရတော့၏။
XXXXX
ကျားမောင်က တစ်ကောင်ကြွက်။မိဘမဲ့။
နှောင်တွယ်စရာ သံယောဇဉ်မရှိဘူး။
မွေးစားမိဘနှစ်ပါးတော့ ရှိတယ်။ ဆင်းရဲတဲ့
မိဘတွေပါ။ သူတို့ဝမ်းတောင် သူတို့အနိုင်နိုင်ရယ်။
ကျားမောင်ကို မွေးစားပြီး ခြောက်တန်းလောက်
ရောက်အောင် ကျောင်းထားပေးခဲ့တာ နည်းတဲ့
ကျေးဇူးလား။
ခြောက်တန်းအောင်ပေမဲ့ ကျောင်းဆက်မတက်ခဲ့ရဘူး။
ရေခဲချောင်း ထွက်ချောင်းတယ်။နွေရာသီကုန်သွားရင်
လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်ရတယ်။
အရွယ်ကျသွားတဲ့ မွေးစားမိဘတွေကို လုပ်ကျွေးရတာပေါ့။
မွေးစားမိဘတွေမှာက သားသမီး မထွန်းကားဘူး။
ကျားမောင်ကိုပဲ အားကိုးနေရတာပေါ့။ကျားမောင်
ထောင်ကျတော့ လေဖြတ်နေတဲ့ မွေးစားအဖေက
လာမတွေ့နိုင်ဘူး။ မွေးစားအမေက တစ်ခေါက်ပဲ
လာတွေ့နိုင်တယ်။ဘာပေးနိုင်လို့လဲ။
ထောင်ထဲမှာက ငွေမပေးနိုင်ရင် သိတဲ့အတိုင်းပဲလေ။
မိလ္လာကျုံး။ အောက်ခြေသိမ်းအလုပ်မှန်သမျှ အကုန်
လုပ်ရတယ်။ ကျောက်ထုတ်တဲ့ စခန်းတောင်
ရောက်သွားသေးတယ်။ ငှက်တွေဘာတွေစွဲပြီး
မသေတာပဲ ကံကောင်း။
ကျားမောင် ပြစ်ဒဏ်ခံရပြီ။ထောင်က ပြန်ထွက်လာတော့
လူတွေက ကျားမောင်ကို ဖြုံကုန် လန့်ကုန်ကြပြီ။
ထောင်ထွက်။ လူဆိုးလူမိုက်ကြီးပေါ့ ။
အလုပ်တွေ လိုက်တောင်းတယ်။ဘယ်သူကမှ
မပေးဘူး။ ထောင်ထွက်မို့လို့ အယုံအကြည် မရှိကြဘူး။
ကြည့်တဲ့မျက်လုံးတွေကိုက ခါးသီးစက်ဆုပ်စရာကြီးတွေ
ကျော်ကြီးနဲ့ သူဋ္ဌေးကလည်း ဘယ်အလုပ်ရှင်မှ
ကျားမောင်ကို လက်မခံအောင် လိုက်ဖျက်နေကြတာကိုး
ကျားမောင် ထမင်းငတ်တာ တစ်ပတ်လောက်ရှိပြီ။
သည်းမခံနိုင်တော့ဘူး။
ထမင်းဆိုင်မှာ အဝစား ဝင်တီးပစ်တယ်။ပေးစရာ
ပိုက်ဆံမရှိဘူး။ ကြိုက်တာခိုင်း။ မကျေနပ်ရင်လည်း
ရိုက်သာသတ်လိုက်။ မသေခင် တစ်နပ်တော့
အဝတွယ်လိုက်ပြီးပြီ။ ထမင်းဆိုင်ရှင်တွေကလည်း
ဒေါသထွက်ပြီ အင်္ကျီအစုတ်ကိုတောင် ချွတ်ယူ
ထားလိုက်ကြသေးတယ်။
အအေးပတ်ပြီး သေပစေပေါ့။ ရပါတယ်။
ကျားမောင်အပေါ်ပိုင်း ဗလကျင်းနဲ့ပဲ နေလိုက်တယ်။
ကျားမောင်ထက် ဘဝနာတဲ့သူတွေ အများကြီး
ရှိသေးတာပဲ။မသန်မစွမ်းသူတွေ မျက်မမြင်တွေ
တောင်းရမ်းစားသောက်နေကြရတဲ့ နူနာဝဲစွဲတွေပေါ့။
ကျားမောင်က အရွယ်ကောင်း။
သန်မာဖျတ်လတ်သေးတယ်။ဘဝကို ဦးဆောင်နိုင်တဲ့
အသိသာရှိရင် ခွင်ကောင်းတစ်ချက်ငြိတာနဲ့
သူဋ္ဌေး ဖြစ်နိုင်တဲ့ အရွယ်ပေါ့။
ကျားမောင် ဆင်းရဲရတာကို မုန်းတယ်။အချမ်းသာကြီး
မဟုတ်ရင်တောင် လူတန်းစေ့နေထိုင်ချင်တယ်။
ကျားမောင် ကြိုးစားပြီး အလုပ်ရှာပေမဲ့ ဖိနပ်ပါး။
ခေါင်းနေပူတာပဲ ကြုံရတယ်။ မွေးစားမိဘတွေလည်း
သေကုန်ပြီ။ သူတို့အိမ်ကို သူတို့အမျိုးတွေက
သိမ်းယူလိုက်ကြတယ်။
ကျားမောင် ဘုံပျောက်ပြီပေါ့။ ကံဆိုးထဲက
ကံကောင်းတာလေး တစ်ခုကတော့ ကားဂိတ်
ထမင်းဆိုင်က ဇင်မာနဲ့ သွားတိုးတာပဲ။ဇင်မာက
ကျားမောင်ကို မြင်တာနဲ့ သနားသွားတယ်။
ထမင်းကျန် ဟင်းကျန်လေးထုပ်ပြီး ကျားမောင်ကို
လူတွေ မမြင်ကွယ်ရာမှာ ခိုးပေးလာတယ်။
“ဒီမှာ…ဟိုလူကြီး။ ရှင် ညစာ မစားရသေးဘူးမဟုတ်လား
ညစာအတွက် ဒီမှာ…”
“မင်း…မင်းက…”
“ဒီထမင်းဆိုင်ကလေ။ ဆိုင်ရှင်ရဲ့ တူမပါ။တူမဆိုပေမဲ့
ဆိုင်မှာ အောက်ခြေသိမ်း အကုန်လုပ်ရတဲ့သူပါ။
ကိုယ်ချင်းစာမိလို့ ကျွေးတာနော်။ အကောင်းကြီး
မဟုတ်ပေမဲ့ ရှင် ဗိုက်အဆာတော့ ပြေမှာပါ”
“ကျေးဇူးတင်ပါတယ်…မိန်းခလေး”
“ကျမနာမည် ဇင်မာပါ”
“ကျုပ်နာမည် ကျားမောင်”
ခပ်တင်းတင်း ပြောလိုက်တာကို လန့်သွားပုံရ၏။
ချက်ချင်းပြန်လှည့်ပြေးသွား၏။ထမင်းဆိုင်
နောက်ဘက်လမ်းအတိုင်း ကျားမောင်
လျှောက်လာပြီး ကင်းတဲလေးမှာ ထမင်းထုပ်
ဖြည်စားလိုက်၏။
စေတနာပါပါလုပ်ပေးထားသော ထမင်းထုပ်ကို
စားရတာ စားမြိန်လှ၏။ ဘေးက ရေအိုးစင်မှရေကို
တစ်ဝသောက်လိုက်၏။ ဗိုက်ကားသွားတာနဲ့
မျက်ခွံလေးလာ၏။ ဆေးပေါ့လိပ်ကို မီးညှိပြီး
ဖွာရှိုက်ကာ ကင်းတဲပေါ် တက်လှဲလိုက်၏။
တချိုးတည်း အိပ်မောကျသွားရတော့၏။
XXXXXX
ထို့နောက်ပိုင်း ကျားမောင်တစ်ယောက်
သင်္ချိုင်းနားက ချက်စူတို့နဲ့ ပေါင်းမိပြီး
အုတ်ဂူဖောက်တဲ့အလုပ်တွေ လိုက်လုပ်မိပြန်၏။
ရွှေသွားစိုက်ပြီး သေသွားတဲ့ လူတွေရဲ့
အုတ်ဂူကိုဖောက်ကာ ရွှေသွားပြန်နုတ် ရောင်းချကြခြင်း
ဖြစ်၏။ လက်တလော ဝမ်းရေးအတွက်…
မြွေမကြောက် ကင်းမကြောက် သရဲတစ္ဆေမကြောက်ဘဲ
လုပ်မိခဲ့ခြင်းဖြစ်၏။ အဲဒီလုပ်ကလည်း ခဏရယ်သာ။
ဇင်မာကျွေးတဲ့ ညစာထမင်းထုပ်လေးနဲ့ နှစ်ပါးသွားတာက များ၏။
ဇင်မာနဲ့လည်း တဖြေးဖြေး ရင်းနှီးကျွမ်းဝင်လာခဲ့၏။
အဆင့်တက်ပြီး …
“နင့်ကို ငါ မင်္ဂလာဆောင်ချင်တယ် …ဇင်မာ”
“အို…”
“မရှက်ပါနဲ့ဟာ… ဒါ လူတွေရဲ့ သဘာဝပါ”
“အို … .ရှင်”
“ဘာဖြစ်လို့လဲ …နင်ရှက်နေရင် ငါလည်း
မနေတတ်တော့ဘူးဟ”
“ရှင်က တုံးတိကြီးပြောတော့ မိန်းကလေးပဲ။
ရှက်တာပေါ့ရှင့်”
“ပြောသာပြောရတယ်။ ငါက ခြေသလုံးအိမ်တိုင်။
နင့်ကို မင်္ဂလာဆောင်ဖို့ ငါမှာ ငွေမရှိဘူး။အတူနေဖို့
အိမ်မရှိဘူး။ ရှာကျွေးဖို့ အလုပ် မရှိဘူး”
ကျားမောင်ပြောရင်း သူ့ဘာသာ သိမ်ငယ်သွား၏
ဇင်မာက နောက်ဖေး အပေါ့အပါးသွားသလိုလိုနှင့်
လာပြောရခြင်းဖြစ်၏။
“ရှင်ကလည်း ယောင်္ကျား မဟုတ်ဘူးလား”
“ငါက ယောင်္ကျားအစစ်ပါ”
“ယောင်္ကျားဆိုရင် ဇွဲ လုံ့လကို ပြလိုက်လေ”
“ဘယ်လိုပြရမှာလဲ”
“ရှင် ဇင်မာ့ကို မင်္ဂလာဆောင်ချင်ရင် ငွေရအောင်ရှာပေါ့။
ငွေရှိရင် အားလုံး ဘာမဆိုဖြစ်တယ်”
အဲဒီနေ့ကတည်းက ကျားမောင်ခေါင်းထဲမှာ
ငွေ…ငွေ …ငွေ ဆိုတာပဲ မြည်ဟိန်းနေတော့၏။
XXXXXXXX
“ငွေဘယ်က ရမလဲ”
အရက်ဆိုင်မှာ ပေါင်းဖြစ်သော ရွဲ့ကြီးနှင့်တိုးကြည်တို့က
အရက်သောက်နေရင်းက …
“လွယ်လွယ်လေး။ မင်းက များများလိုတာလား။
နည်းနည်းလိုတာလား”
“သိန်းနှစ်ဆယ်လောက်ဆို တော်ပါပြီကွာ
မင်းတို့လည်း ချေးနိုင်တာ မဟုတ်ဘဲနဲ့”
“ရနိုင်တဲ့နည်းတွေ ကိုယ့်မှာ ရှိတယ်။မင်းဘက်က
ငါတို့နှစ်ယောက်နဲ့ ပူးပေါင်းဖို့ လိုအပ်တယ်။
လုပ်ငန်းအောင်မြင်ရင် သိန်းနှစ်ဆယ်မဟုတ်ဘူး။
သိန်းနှစ်ရာလည်း ရသွားနိုင်တယ်”
“ဟင်…ဘာနည်းလဲ”
“ဓါးမြတိုက်တဲ့နည်းလေ”
“ဟာကွ …အကောင်းအောက်မေ့လို့ နားထောင်နေတာ။
လာ နောက်နေသေးတယ်”
“နောက်နေတာ မဟုတ်ဘူး တကယ်ပြောနေတာ”
ကျားမောင် အရက်ခွက်ကို နှုတ်ခမ်းတေ့ပြီးမှ
ပြန်ချထားလိုက်၏။
ရွဲ့ကြီးကို သေချာကြည့်လိုက်ပြီး…
“ဘယ်သူ့အိမ်ကို တိုက်မှာလဲ”
“ကျော်ကြီးရဲ့သူဋ္ဌေး ဦးစိန်ဋ္ဌေးကြွယ်အိမ်ကိုပေါ့။
မင်းကို ဒုက္ခလိုက်ပေးထားတဲ့ လူတွေလေကွာ
မင်းအတွက် လက်စားချေခွင့်ရတယ် တစ်ချက်ခုတ်
နှစ်ချက်ပြတ်ပေါ့ကွာ”
ကျားမောင် နဖူးကြောတွေရှုံ့အောင် စဉ်းစားသွား၏
ကျော်ကြီးရဲ့သူဋ္ဌေးက ကျားမောင်အလုပ်မရအောင်
သူ့အရှိန်အဝါနှင့် လိုက်ပိတ်ပြီး လုပ်ကြံခဲ့၏။
သူလုပ်ကြံခဲ့လို့ သမာအာဇီဝအလုပ်ကို မရခဲ့။
ကြုံသလိုလုပ်ပြီး အသက်ဆက်နေရ၏။
“ကောင်းတယ် … ငါလိုက်မယ် ငါ့ကို ဒီဘဝရောက်အောင်
လုပ်ခဲ့တာလဲ သူတို့ပဲ”
“မင်းက ဦးစိန်ဋ္ဌေးကြွယ်ရဲ့ ကုန်လှောင်ရုံနဲ့ အိမ်ကို
ဝင်ထွက်တဲ့ လမ်းတွေ ပိုင်ပိုင်နိုင်နိုင် သိတယ်”
“သိပ်သိတာပေါ့။ ကုန်လှောင်ရုံမှာ ကျော်ကြီးအိပ်တယ်
ဘေးက အိမ်မှာ ဦးစိန်ဋ္ဌေးကြွယ် နေတယ်။ သူ့မှာ
မယားသုံးယောက်နဲ့ ရန်ကုန်မှာတစ်ယောက်။
ပုသိမ်မှာ တစ်ယောက်။ပြည်မှာတစ်ယောက်
သူစိတ်ပါတဲ့အိမ်ကို တစ်လမှာ တစ်ပတ်သွားတတ်တယ်
ခုနေတော့ အိမ်မှာရှိတယ်”
“ရှိတော့ ပိုကောင်းတာပေါ့။ သူတစ်ယောက်တည်းလား”
“အိမ်ထဲမှာ သူတစ်ယောက်ပဲ အိပ်တယ်”
“အဲဒါ ခွင့်ပဲ။ သူ့အိမ်ထဲရောက်အောင်ဝင်ပြီး
သူ့ကိုချုပ်နိုင်ရင် သူ့မီးခံသေတ္တာသော့ကို ရပြီ
သူ့ပစ္စည်းတွေ တို့လက်ထဲရောက်ပြီပေါ့။
ကျန်တာ မင်းအပိုင်း။ စိန်ဋ္ဌေးကြွယ်တင် မဟုတ်ဘူး။
ကျော်ကြီးပါ ရှင်းပစ်လည်း အကြောင်းမဟုတ်ဘူး”
ကျားမောင်တစ်ယောက် အရက်ရှိန်ဖြင့်
ဇောတွေကြွနေ၏။ ရွဲ့ကြီးက…
“ငါတို့ အားလုံး စီစဉ်ပြီးပြီ။ မင်းကို စောင့်နေတာ။
မင်းပါ လိုက်တော့ ပြီးပြီပေါ့”
တိုးကြည်ကလည်း မြှောက်ပင့်ပေးနေ၏။
ကျားမောင်ဘဝမှာ ကိုယ့်ကို ပညာရှိနည်းနှင့်
တွယ်ခဲ့သူကို ပညာမဲ့နည်းနဲ့ ပြန်ဆော်ခွင့်ရတော့မည်။
သရဲ တစ္ဆေတွေကိုတောင် မကြောက်ဘဲ
ဂူဖောက်ခဲ့သေးတယ်။ သူဋ္ဌေးအိမ်ဖောက်ဖို့ကတော့
ဘာမျှ ကြောက်စရာမလို။
XXXXXXXXX
ရွဲ့ကြီးမှာ လုပ်သေနတ်တစ်လက် ပါ၏။
ကျန်တာက ဓါးမြှောက်နှင့် ငှက်ကြီးတောင်ဓါးတွေ။
မျက်နှာကို ပုဆိုးဖြင့် နင်ဂျာလို ခြုံဝတ်လိုက်ကြ၏။
ကျော်ကြီး လာစောင့်အိပ်ပေးသော ဂိုဒေါင်ကို
ချုံထဲက ချောင်းနေလိုက်၏။
ဂိုဒေါင်က မြစ်ဘက်လှည့်ထား၏။ကုန်းမြင့်မှာ
ဆောက်ထားခြင်း ဖြစ်၏။ကျော်ကြီး ညဘက်
ဘီယာသွားသောက်ပြီ။
လေကလေး တချွန်ချွန်ဖြင့် ပြန်လာ၏။
တရုတ်ဆိုက်ကယ်လေးနှင့် ဂိုဒေါင်တံခါးဖွင့်နေစဉ်
ကျားမောင်ပြေးသွားပြီး လည်ပင်းကို
ဓါးနှင့်ထောက်လိုက်၏။
“အထဲဝင်စမ်း…အော်မယ် မကြံနဲ့ ။ သတ်ပစ်လိုက်မယ်။
ထောက်ထားတာ ဓါး။ သေနတ်လည်း ပါတယ်။
ငါတို့က ဓါးမြတွေပဲ”
ကျော်ကြီးဖြုံသွား၏။ ကွမ်းသီးလေးငုံကာ
အသံဖျက်ပြောသော ကျားမောင်ခိုင်းသည်အတိုင်း
လုပ်ပေး၏။
“ဒီနောက်ပေါက်ကနေ ဦးစိန်ဋ္ဌေးကြွယ်ကို ခေါ်လိုက်။
မင်းအသံနဲ့ တံခါးဖွင့်ခိုင်းလိုက်။
ဟေ့ကောင် … လုပ်လေ ။ ကဲကွာ…”
“အား …နာတယ် ။ လည်ချောင်းပေါက်မယ်
အား …ကျွတ် … ခိုင်းတဲ့အတိုင်း လုပ်ပေးပါမယ်”
ကျော်ကြီးက ခေါ်ပေး၍ ဦးစိန်ဋ္ဌေးကြွယ် တံခါးဖွင့်ပေး
လိုက်၏။ပွဲရုံနှင့် အိမ်မကြီးကို ဖောက်ထားသော
တံခါးဖြစ်၏။ ရွဲ့ကြီးနှင့် တိုးကြည်က ဦးစိန်ဋ္ဌေးကြွယ်ရဲ့
လည်မျိုကို ဓါးနှင့် ထောက်၏
သေနတ်နှင့် နားထင်းကို ချိန်ထား၏။
မီးခံသေတ္တာ လိုက်ဖွင့်ခိုင်း၏။ အစပိုင်းတော့
ဦးစိန်ဋ္ဌေးကြွယ် ကြောက်ကြောက်နှင့် လိုက်လုပ်ပေး၏။
မီးခံသေတ္တာထဲက ရွှေငွေ လက်ဝတ်ရတနာတွေကို
ရွဲ့ကြီး သိမ်းယူနေတာ မြင်သောအခါ…
“မပေးဘူး ငါဟာတွေ မယူနဲ့ ”
ရွဲ့ကြီးကို အတင်းဝင်လုံး၏။ တိုးကြည်က
ငှက်ကြီးတောင်ဓါးကြီးကိုင်ပြီး ကြောင်ကြည့်နေ၏။
ကျော်ကြီးက ကျားမောင်ကို ဆတ်ခနဲ ကိုယ်ခန္ဓာ
လှည့်ပြီး ပြန်လုံး၏။ ထိုအခိုက်
ကျားမောင် မျက်နှာဖုံးထားသည့်
ပုဆိုးကျွတ်သွား၏။
“ဟင် …ကျားမောင် …မင်း …ဓါးမြ…”
ကျော်ကြီး တွေ့သွားပြီမို့ ကျားမောင် လက်စတုံး
လိုက်ရတော့၏။ ကျော်ကြီးရဲ့ မချိမဆန့်အော်သံတွေ
ထွက်ပေါ်လာ၏။
“သူဋ္ဌေး … သူဋ္ဌေး …ဓါးမြက …ကျားမောင်
ကျားမောင် …မောင် …တိုက်…အား”
ကျော်ကြီး အသက်ပျောက်ပျောက်သည်အထိ
ဓါးချက်ပေါင်းများစွာ ဝင်သွား၏။
ရွဲ့ကြီးကို ဦးစိန်ဋ္ဌေးကြွယ်က အတင်းလည်ပင်း
ညှစ်ထား၏။
“ဟေ့ကောင် …တိုးကြည် ဝင်ပိုင်းလေ ရွဲ့ကြီးသေတော့မယ်
ဟေ့ကောင်… ဟာ”
ကျားမောင်ပဲ ဓါးမြှောက်နှင့် ဦးစိန်ဋ္ဌေးကြွယ်ကို
လက်စသတ်ပေးရပြန်၏။ ဦးစိန်ဋ္ဌေးကြွယ်က
ဇောကပ်နေ၍ ခုနှစ်သံချီ ဟစ်အော်ပြီး
လဲကျကာ သွေးတွေ အိုင်ထွန်းသွား၏။
ဦးစိန်ဋ္ဌေးကြွယ်ကို လက်စသတ်ပေးပြီး
ဂိုဒေါင်ရှေ့က ပြန်အထွက်မှာ ဘေးအိမ်တွေ
ဝိုင်းထားတာနှင့် သွားတိုး၏။ဦးစိန်ဋ္ဌေးကြွယ်
အော်သံကြောင့် လူစုပြီး ဝိုင်းထားခြင်းဖြစ်၏။
အတင်းဖောက်ထွက်စဉ် ရဲတွေ ရောက်လာ၏။
ဒုရဲအုပ်က တိုးကြည်ထွက်ပြေး၍ ခြောက်လုံးပြူးနှင့်
ပစ်ခတ်ဖမ်းရ၏။
ဓါးနှင့်ဝင်ခုတ်သော ရွဲ့ကြီးကိုလည်း ပစ်ဖမ်းရ၏။
နှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးကုန်၏။
ခြေတွေ လက်တွေ ပစ်ဖမ်းသော်လည်း
လှုပ်ရှားနေသော လူကို စိတ်လှုပ်ရှား တုန်လှုပ်နေချိန်
ပစ်လိုက်ရ၍ ချက်ကောင်းတွေ သွားထိ
သေကုန်ခြင်းပင်။
ကျားမောင်က မခုခံ။ လက်မြှောက်လက်နက်ချ၍
သက်သာရ,ရသွားခြင်းပင်။ သို့ငြား မသက်သာပါ။
လူနှစ်ယောက်ကို မသေမချင်း ဓါးနှင့်
အချက်ပေါင်းများစွာ ထိုးသတ်ခဲ့မှုကြောင့်
သေမိန့်ချခံလိုက်ရတော့၏။
ဤသည်မှာ ကျားမောင် တစ်ယောက်
ကြိုးတိုက်အကျဉ်းသား ဖြစ်လာရခြင်းတည်း။
XXXXXXx
ကြိုးတိုက် အကျဉ်းသားဘဝမှာ ကြိုးတိုက်သား
အချင်းချင်းပင် ဆက်သွယ်လို့မရ။ အစောင့်လစ်လျှင်
စကားလှမ်းပြောနိုင်၏။ အကျယ်ကြီး ပြောလို့မရ။
တစ်ယောက်စာနေရသည့် နေရာကလည်း ကျဉ်း၏။
သေမိန့်ချခံရသူတွေမို့ လုံးဝ ထွက်မပြေးနိုင်အောင်
အကာအရံ အစောင့်အရှောက် ထူထူထပ်ထပ်
ချထားခြင်းဖြစ်၏။
ဒီကြိုးတိုက်ထဲကို စရောက်သည့်ညကပင်
ကျားမောင် အိပ်မက်ထဲမှာလိုလို အပြင်မှာလိုလိုနှင့်
ခန္ဓာကိုယ်ပေါ်တက်ပြီး အကောင်ကြီး တစ်ကောင်က
လည်ပင်းညှစ်တာ ကျားမောင် ခံလိုက်ရ၏။
ကြောက်လန့်ပြီး လှိမ့်အော်မိ၏။အစောင့်က
ငေါက်ငမ်းကာ အထက်ကို သတင်းပို့လိုက်၏။
နောက်နေ့ ကျားမောင် တိုက်ပိတ်ခံရသဖြင့်
တကယ့်ကို လောကငရဲပါပဲ။
လူတစ်ကိုယ်လှည့်သာရုံ တိုက်ခန်းထဲမှာ
အသက်ရှုမဝ။ အလင်းရောင်မရှိ။ ဘယ်သူနှင့်မှလည်း
စကားမပြောရ။ နံရံကလွဲရင် ဘာမှမမြင်ရ။
ထမင်းလာပို့သော အပေါက်လေးကလွဲရင် ဘာမှမရှိ။
ကြောက်လန့်တုန်လှုပ်ဖွယ်ရာအတိ။တိုက်ပိတ်ခံရခြင်းကို
ကျားမောင် အသေလန့်သွား၏။ ကြိုးတိုက်ထဲ
ပြန်ရောက်သည်နှင့် ဘာကောင်နှင့် ကြုံကြုံ
မအော်ဘဲ တင်းခံဖို့ ဆုံးဖြတ်လိုက်၏။
ဒုတိယမြောက် ကြိုးတိုက်ကလည်း နံရံလေးဘက်ကလည်း
အရိပ်မည်းမည်းတွေ ဗလုံးဗထွေးလိုဏ်သံပါသည့်
ပြောဆိုသံတွေ ။ ခန္ဓာကိုယ်ကို ဟိုနေရာက
အေးခနဲ ဒီနေရာက ကျဉ်ခနဲ ဖြစ်သွားအောင်
လက်လိုလို ဆူးလိုလို အရာမျိုးနှင့် လာကာ
ထိတာခံနေရရင် ကျားမောင် အံကြိတ်ထား၏။
ပါးစပ်ကို ပဝါဖြင့် ပိတ်ထား၏။ အပေါ်ကို
အကောင်ကြီးတွေ တက်စီးပြန်၏။ ကျားမောင်
အလူးအလဲ ရုန်းကန်တွန်းထိုးသော်လည်း အသံမထွက်။
ဘုရားစာ ရွတ်၏။ အနှောင်အဖွဲ့မှ လွတ်မြောက်စေသော
သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အားကိုးရွတ်နေလိုက်၏။
သမ္ဗုဒ္ဓေဂါထာ အခေါက်တစ်ထောင်ပြည့်အောင်
ရွတ်လျှင် အနှောင်အဖွဲ့မှ လွတ်မြောက်သည်ဟု
ကြားဖူး၏။ ထို့ကြောင့် အားကိုးပြီးဂါထာတော်မြတ်ကို
ရွတ်ဖတ်သရဇ္ဈာယ်၏။ ညဘက် မကောင်းတာတွေ
တက်ဖိချိန်မှာ ဂါထာရွတ်ဖတ်လိုက်၏။
အရိပ်အယောင်တွေ အသံတွေ ပုံရိပ်တွေ နံရံထဲကို
အငွေ့လို ပြန်လည်ပျံ့စိမ့်ဝင်သွား၏။
ကျားမောင် သိလိုက်ပါပြီ။ ဒီလို အကျဉ်းတိုက်နေရာက
သေခါနီး လူတွေ သွေးရူးသွေးတန်း သွေးပျက်ခန်းတွေ
ကြုံတွေ့သွားရသည့်နေရာ။ သေပြီးသူတွေ
မကျွတ်မလွတ်ဘဲ ဒီအခန်းထဲမှာ အထပ်ထပ်
ဖြစ်ပေါ်ပျက်ပျောက် ဖြစ်ပေါ်ပျက်ပျောက်နှင့်
ထပ်လာခဲ့ရာက ပိုမိုဆိုးရွာလာခြင်းဖြစ်သည်။
ဒီအကြောင်းကို ဘယ်သူ့မှလည်း မေးလို့မရ။
ပြောခွင့်လည်းမရ ။ သေရတော့မည်လူအတွက်
ဘာအခွင့်အရေးမှမရှိ။ စားချင်တာ ကျွေးကာ
တရားဟော ဆရာရဲ့ တရားပြမှုကို ခံယူခွင့်ရကာ
ဥပဒေနဲ့ မငြိစွန်းသော လိုချင်တာတွေသာ
ပြုလုပ်ပေးတတ်၏။
မွေးစားမိဘတွေကို အရမ်းသတိရ၏။
ဇင့်မာ့ကိုလည်း မေ့လို့ မရ။ငယ်ဘဝကတည်းက
ဆင်းရဲခဲ့ရတဲ့ ဘဝကိုတော့ ပြန်လည် မတမ်းတချင်တော့။
ဘဝရဲ့ နောက်ဆုံးအချိန်ကိုရောက်နေပါပြီ။
ကျားမောင်ဘဝက ဘာမှ မလှပခဲ့။အမြန်အဆုံးသတ်
လိုက်တာပဲ ကောင်းပါတယ်။
ကျားမောင် နောက်နေ့တွေ အိပ်နိုင်အောင်
သမ္ဗုဒ္ဓေဂါထာ ရွတ်ဖတ်သရဇ္ဈာယ်ရသော
အစွမ်းကြောင့် ဖြစ်၏။ မကောင်းတာတွေ
ကျားမောင်အနား သိပ်မကပ်နိုင်တော့။
လူသတ်ဖို့အထိ မရည်ရွယ်ခဲ့သော်လည်း လူသတ်မိပြီး
ချမ်းသာမလားလို့ လုပ်လိုက်ပါတယ်။
သေမိန့်နဲ့ တန်းတိုးရပြန်တယ်။ထောင်ဆိုတာ
လူ့ဘဝရဲ့ ငရဲ။ လူသားတွေရဲ့ ပဏာမ ငရဲပါ။
ကြိုးမိန့်ကျခဲ့ရတဲ့ ကြိုးတိုက်ထဲက ငရဲကတော့
အပြင်းစားငရဲပါပဲ။
လုံခြုံရေးအရ အပြင်ထွက်တန်းစီချိန်မှာ
ကြိုးတိုက်သားအချင်းချင်း တွေ့ဆုံခွင့်ရ၏။
လိမ္မော်ရောင် ဝတ်စုံတွေနှင့် အစောင့်တွေ
အလစ်မှာ စကားပြောခွင့်ရ၏။
အားလုံးက အကြောင်းအမျိုးမျိုးနှင့် လူကို
မသေမချင်း သတ်ခဲ့တဲ့သူတွေချည်းပင်။
တချို့က နှစ်ယောက်။ တချို့က သုံးယောက်။
လွတ်လမ်းမရှိ။ အားလုံးရဲ့ မျက်နှာပေါ်မှာ
သွေးပျက်နေသလို အရိပ်အယောင်တွေ
အထင်းသား။ ကိုယ်အလှည့်ကျမှ တွန့်နေကြသလိုပင်။
သေရမှာကို အချိန်ဆွဲပြီး စောင့်နေရခြင်းက
စိတ်ဒုက္ခတစ်မျိုးဖြစ်၏။ ကြိုးတိုက်ထဲမှာ
ငါးရက်မြောက်ည။ အိပ်နေသော ကျားမောင်ကိုယ်ပေါ်ကို
တရွရွတက်လာ၏။ အိပ်နေ၍ ဂုဏ်တော် မပွါးမိ။
လက်ပြတ်လိုလို တက်လာခြင်းဖြစ်၏။
(လူလက်တွင် လက်ဖယောင်း လက်တင်းပုတ်
လက်ပြတ် လက်သူတော်စသည့် လက်လက္ခဏ
အမျိုးမျိုးရှိ၏)
လက်ချောင်းတွေက လမ်းလျှောက်သလို
လျှောက်လာနေမှန်း ထိတွေ့မှုနှင့် သိနေ၏။
အော်မိမလို ဖြစ်သွားစဉ် လက်ပြတ်က လည်ပင်းကို
ညှစ်ထား၏။ အတင်း ကုန်းရုန်းတွန်းထိုးကြည့်မိ၏။
ခြေနှင့် လက်တွေ လှုပ်မရ။ ထို့နောက် လက်ပြတ်က
ကျားမောင်ကို ဒရွတ်တိုက် ဆွဲထုတ်သွား၏။
အခန်းထဲကနေ ကြိုးတိုက်အပြင်ကို ဆွဲချသွား၏။
ကျားမောင် နာကျင်သော်လည်း မအော်နိုင်။
မြေပြင်ပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားရာနေရာကို
ကြည့်လိုက်တော့ ကြိုးစင် ဖြစ်နေ၏။
ကြိုးစင်လှေကားအတိုင်း ဒရွတ်တိုက် ဆွဲတင်ခေါ်သွား၏
ကျားမောင်ရဲ့ ကျောပြင်တွေ သံတံစို့ ထိုးခံထားရသလို
အောင့်နာနေ၏။ ကြိုးစင်ပေါ်ရောက်သည်နှင့်
အတင်းပင် လည်းပင်ကို ကြိုးကွင်းစွပ်လိုက်၏။
ပြီးနောက် ကြိုးကို တအားဆောင့်ဆွဲလိုက်ရာ
ကျားမောင် အတိုင်းမသိ နာကျင်ပြီး ငါးမျှားချိတ်မိ၍
သုတ်ခံလိုက်ရသော ငါးပမာ။
ကျားမောင်ရဲ့ မချိမဆန့်အော်သံနှင့် လန့်နိုးလာ၏။
လန့်နိုးစမှ ပါးစပ်က ညည်းတွားနေ၏။ အော်သံမထွက်။
ညည်းသံသာ ထွက်နေ၏။ ကျားမောင် အမြန်ဆုံး
ဘုရား တရား သံဃာ ရတနာသုံးပါးကို အာရုံပြုပြီး
ဂါထာတော်အား ရွတ်ဖတ်သရဇ္ဈာယ်လိုက်၏။
ဇောချွေးတွေပျံပြီး အိပ်ရာက နိုးထလာ၏။
အပြင်ကို ကြည့်တော့ မီးရောင်သာ မြင်လိုက်ရ၏။
အားလုံးတိတ်လျက်သား ။ တချို့ကြိုးသမားရဲ့
ဟောက်သံကို သဲ့သဲ့ပင် ကြားနေရသေး၏။
ကြိုးစင်ကတစ်ဖက် မမြင်ရတဲ့ ပရလောကသားတွေက
တစ်ဖက် ကျားမောင်ကို အကြီးအကျယ် နှောင့်ယှက်
နေကြ၏။သွားပြောပြန်လျှင်လည်း တရားခံရှာမရ။
မူယာမာယာများပြီး လီဆယ်လုပ်ကြံတယ်ဟုဆိုကာ
တိုက်ပိတ်ခံနေရလျှင် အခက်။
အစောင့်တွေ ဟိုဘက် ဒီဘက် လမ်းလျှောက်ချိန်
လစ်ဟာသည့် ခဏလေးမှာ ဘေးအခန်းက
လူကို မေးကြည့်ရာ…
“ကျုပ်နာမည် ကျားမောင်။ ဘေးအခန်းကလူ
ဘယ်သူလဲဗျာ”
“ကျုပ်နာမည် ပဲ့ထောင်လို့ ခေါ်ပါတယ် ။
လူတစ်ယောက်ကို မသေမချင်း ရိုက်သတ်မှုဖြစ်ပြီး
ကြိုးမိန့်ကျခဲ့ရတာ”
“ခင်ဗျားအခန်းမှာ ညဘက်တွေဆို မကောင်းဆိုးဝါးတွေ
သောင်းကျန်းသေးလား ။ ကျုပ်အခန်းတော့
အတော်ဆိုးတယ်ဗျာ”
“အောင်မလေး ဒုက္ခပေးလိုက်တာမှ ညတိုင်းပဲ။
စိတ်ငြိမ်အောင် သမထထိုင်တော့လည်း ရှေ့ဘက်မှာ
မမြင်အပ်တာကြီး ပေါ်လာတယ်။ လှဲအိပ်တော့လည်း
မျက်နှာကြက်မှာ ပေါ်လာတယ်။မှောက်အိပ်တော့လည်း
အသုဘအလောင်းကြီးနဲ့ မျက်နှာချင်း ထိကပ်အိပ်စက်
နေရသလိုပဲ။ ညရောက်မှာကို အရမ်းကြောက်နေရတယ်ဗျာ”
“ဘုရား တရား သံဃာကို အာရုံပြုပြီး
သမ္ဗုဒ္ဓေဂါထာတော်ကိုသာ တစ်နေ့ အခေါက်
တစ်ထောင်ပြည့်အောင် ရွတ်ဆိုပူဇော်စမ်းပါဗျာ။
အဓိပ္ပါယ်က ဘုန်းတော်ကြီးတော်မူကြသော
ဂင်္ဂ ါဝဠု သဲစုမက ဘုရားရှင်တို့ကို တရားတော်တို့ကို
ရဟန္တာအရှင်သူမြတ်တို့ကို ရှိခိုးဦးခိုက်ပါသည်လို့
နှလုံးသွင်းထား ။ ယုံယုံကြည်ကြည်သာ ရွတ်ဗျာ။
အသက်ဘေးက လွတ်တယ်”
“လူတွေ ပြောကြတာပဲ။ ဟိုဘက်အခန်းက
အဘိုးကြီးကတော့ ပြောတယ်။ကျိန်စာတိုက်သွားလို့
အဲဒါဂါထာက ဒီကြိုးတိုက်ထဲမှာ မစွမ်းတော့ဘူးတဲ့”
“မစွမ်းမရှိဘူး။ ဘယ်နေရာမှာ မဆိုစွမ်းတယ်။
ယုံကြည်မှုနဲ့သာ ရွတ်စမ်းပါ။ မသကာ သေရင်တောင်
အပ္ပါယ်လေးဘုံ မရောက်နိုင်ဘူး။
ကျုပ်ကတော့ သေမယ့်အချိန်ထိ ရွတ်သွားမှာပဲ”
“အေးဗျာ…ကျုပ်တို့မှာ အားကိုးအားထားရာရှိထားမှ
ဖြစ်တော့မယ်။ လူဘဝရဲ့ နောက်ဆုံးချိန်ကို ရောက်နေပြီပဲ”
ကျားမောင်နှင့် ပဲ့ထောင်တို့ သမ္ဗုဒ္ဓေဂါထာကို တစ်နေ့
အခေါက်တစ်ထောင်ပြည့်အောင် မဲတင်းပြီး
ရွတ်ဖတ်ပူဇော်ကြ၏။ ညဘက် မကောင်းဆိုးဝါးတွေလည်း
လာမနှိပ်စက်တော့။ရင်ထဲမှာလည်း အလိုလို
ပေါ့ပါးပြီး လန်းရွှင်နေ၏။ သေရမှာကိုပင်
ကြောက်စိတ်မရှိတော့ပေ။
နောက်နှစ်ပတ်အတွင်းမှာ ကိုပဲ့ထောင် အယူခံဝင်တာ
အောင်မြင်သွား၏။ ထောင်ဒဏ်ဆယ်နှစ်
ပြောင်းလဲကျခံလိုက်ရ၏။
ကျားမောင်ကတော့ အဲလို မဟုတ်။
သေမိန့် ကျခံလိုက်ရာက လွတ်ငြိမ်းချမ်းသာခွင့်ပေးတာနဲ့
တိုး၍ ထောင်ဒဏ်ဆယ့်ငါးနှစ်သာ ပြောင်းလဲကျခံလိုက်
ရတော့၏။ သေမိန့်မှ လွတ်မြောက်ခဲ့ကြ၏။
သမ္ဗုဒ္ဓေဂါထာတော်ရဲ့ အစွမ်းက တကယ်ကို အံ့မခန်းပါပဲ။
ယုံကြည်မှုနှင့် ထောင်ထဲမှာ ဆက်လက်ရွတ်ဖတ်
သရဇ္ဈာယ်သောအခါ နေရာကောင်းမှာ သက်သာစွာ
နေရ၏။
နေ့တိုင်းရွတ်ဖတ်ရသော အကျိုးကြောင့်
ပဲ့ထောင်က သုံးနှစ်နှင့် လွတ်မြောက်သွား၏။
ကျားမောင်လည်း သုံးနှစ်ခွဲနှစ်နှင့် လွတ်မြောက်ခဲ့ရ၏။
ကြိုးတိုက်ထဲက သွေးပျက်ဖွယ်ရာညကို
ထိတ်လန့်တုန်လှုပ် နောင်တရပြီး
ကျားမောင်တစ်ယောက် ဘာသာရေးအပေါ်
ယုံကြည်သက်ဝင် အားကောင်းလာကာ
ရဟန်းဝတ်သွားလေတော့သတည်း။
ပြီးပါပြီ
စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ