ကြေပါစေတော့သည်ဝဋ်ကြွေး

ကြေပါစေတော့သည်ဝဋ်ကြွေး(စ/ဆုံး)
————————————-

တစ်ခုသောဆောင်းရာသီ ညနေဆည်းဆာချိန်တွင် နယ်မြို့လေးတစ်မြို့၏အနီးရှိ အိမ်ခြေတစ်ရာ့ငါးဆယ်ခန့်ရှိသော ရွာလေးတစ်ရွာဘေးမှ ဘုန်းတော်ကြီးကျောင်း၏ထိပ် ကိုးတောင်ပြည့်ထုံးစေတီလေးရဲ့အောက်ခြေမှာ အသက်(18/19)နှစ်ခန့်ရှိသော အသားလတ်လတ်၊မျက်လုံး၊မျက်ဖန်ကောင်းကောင်းနှင့်လူငယ်လေးတစ်ယောက်ရှိနေပြီး သူဟာသူ့ရှေ့တူရုအရပ်ဆီမှ မှိုင်းပျပျတောင်တန်းကြီးအား ရီဝေသောမျက်ဝန်းအစုံဖြင့် မလှုပ်မယှက်ငေးကြည့်နေခဲ့လေသည်။

သူဟာ မည်သည့်အတွက်ကြောင့် ထိုနေရာတွင် တစ်ယောက်တည်း လာထိုင်နေရလေသနည်း။ နောက်ပြီးတော့ မည်သည့်အကြောင်းများရှိလို့ အဝေးကမှိုင်းပျပျတောင်စဉ်၊တောင်တန်းကြီးရှိရာဆီသို့ မလှုပ်မယှက်ဖြင့် ရီဝေစွာငေးကြည့်နေခဲ့ရလေသနည်း။

အဖြေကတော့ အခြားမဟုတ်ပါချေ။ မယုံကြည်နိုင်ဖွယ်ရာကောင်းလှသော၊ မည်သို့မျှ မေ့ဖျောက်လို့မရနိုင်လေသော သူ၏ငယ်ဘဝအတိတ်၊ မည်သို့မျှမေ့မရလေပဲ အချိန်တွေဘယ်လောက်ကြာကြာ သူ့အတွေးမျက်ဝန်းအတွင်းမှာ မနေ့တနေ့ကလို ထင်ဟပ်မြင်ယောင်နေခဲ့ရသည့် သူတို့မိသားစုလေး၏ မလှမပခဲ့သည့်အတိတ်ဖြစ်ရပ်များကို သူဟာနေ့စဉ်၊နေ့တိုင်း ယခုလိုဆည်းဆာအချိန်တွင် ထိုစေတီလေးအနီးမှာလာထိုင်ရင်း အတိတ်ဘဝကိုတွေးတောငေးမောရင်း လွမ်းဆွတ်တသနေခြင်းသာဖြစ်လေသည်။

သူ ထိုသို့တွေးတောနေရင်းကနေ သူ့ရဲ့အသိစိတ်တို့ဟာ တဖြည်းဖြည်းဖြင့် အတိတ်ကာလဆီသို့ လုံးလုံးလျားလျားရောက်ရှိလို့သွားခဲ့လေတော့သည်။ ေဩာ် အတိတ် အတိတ် အတိတ် မမေ့စကောင်းသည့်အရာတွေထဲမှာ အတိတ်သည်လည်း ထိပ်ဆုံးမှတစ်ခုအပါအဝင်ပင်ဖြစ်လေသည်။
____________

“ဦးဦး ဘာတွေလုပ်နေတာလဲ”

“ဝေ”

လူပျိုကြီးဦးသန်းထွန်းတို့မောင်နှမသုံးယောက် ရွာဘေးမှဘုန်းတော်ကြီးကျောင်းနှင့်ကပ်လျှက်တွင်ရှိသောနှမ်းခင်းထဲမှာပေါင်းပေါက်နေခဲ့ကြလေသည်။ ထို့စဉ်မှာ ကလေးငယ်တစ်ယောက်၏အသံကြားလိုက်ရလေသောကြောင့် လက်ထဲမှပေါက်ပြားအား အသာထောက်ရပ်ပြီး ကလေးငယ်ကိုလှမ်းကြည့်လိုက်လေသည်။ အသက်လေးငါးနှစ်အရွယ် အသားဖြူဖြူနှင့်လူရည်သန့် ချစ်စဖွယ်ကလေးငယ်လေးတစ်ယောက်ပင်ဖြစ်လေသည်။

“ဦးဦး ဘာလုပ်နေတာလဲလို့”

ကလေးငယ်ဟာ ဦးသန်းထွန်းက သူ့ကိုကြည့်နေပြီး မဖြေကြားသေးသောကြောင့် ထပ်ဆင့်မေးလာခဲ့ခြင်းရယ်ပါ။

“ေဩာ် ပေါင်းပေါက်နေတာလေကွာ ဒီပေါင်းပင်တွေကိုသတ်နေတာ”

“ဟင် ပေါင်းပင်တွေကိုဘာလို့သတ်တာလဲ”

“ေဩာ် ပေါင်းပင်တွေကိုသတ်မှ နှမ်းပင်တွေအားရှိပြီး ကြီးလာမှာလေကွာ”

“ပေါင်းပင်တွေသတ်တာက နှမ်းပင်တွေကြီးအောင်လို့ ဟုတ်လားဦးဦး”

“အေး ဟုတ်တယ်”

“ဒါဆိုပေါင်းပင်တွေကိုသတ်ရတာ ဦးဦးမောလား”

ကလေးငယ်က အရွယ်နှင့်မလိုက် လူကြီးလေးတစ်ယောက်လို သူသိချင်သမျှအား တစ်ခုပြီးတစ်ခုမေးမြန်းနေခဲ့လေသည်။

“အေး အလုပ်လုပ်တော့မောတာပေါ့ကွ မောတော့ရော မင်းကဘာကျွေးမလို့တုန်း”

ဦးသန်းထွန်းက ဘာရယ်လို့မဟုတ် စနောက်ချင်၍တမင်မေးမြန်းလိုက်ခြင်းသာဖြစ်လေသည်။ သို့သော်လည်း ကလေးငယ်လေးကတော့

“ကျွေးမှာပေါ့ သားသားတို့တဲလာခဲ့ မုန့်ကျွေးမယ် ထန်းရည်ချိုလည်းတိုက်မယ်”

ကလေးငယ်စကားကြောင့် ဦးသန်းထွန်းသဘောကျသွားမိလေသည်။ ထိုကလေးငယ်လေးဟာ ဘုန်းတော်ကြီးကျောင်းစည်းရိုးရှိ ထန်းတဲမှဖြစ်လေသည်။ ဦးသန်းထွန်းနှင့်ကလေးငယ်အပြန်အလှန်ပြောနေကြသည်ကို ဦးသန်းထွန်းရဲ့နှမနှစ်ယောက်မှလည်း စိတ်ဝင်တစားဖြင့် ရပ်ကြည့်နားထောင်ရင်း ပြုံးနေမိခဲ့ကြလေသည်။

“အောင်အောင်ရေ ကလေးမထိန်းပဲဘယ်သွားနေတာလဲ လာခဲ့ လာခဲ့ မင်းတော့ရိုက်ရဦးမယ်”

“ခင်မျာမေမေ သားသားရှိတယ် ဦးဦး သားသားပြန်တော့မယ် မေမေခေါ်နေပြီ”

“အေးအေး သွားသွားကလေး”

ကလေးငယ်လေးပြန်သွားသော် ဦးသန်းထွန်းတို့မောင်နှမလည်း ဆက်လက်၍ပေါင်းပေါက်နေခဲ့ကြလေသည်။ ဦးသန်းထွန်းတို့မောင်နှမတွေဟာ သဘော၊မနောကောင်းကာ အေးဆေးရိုးသားသောကြောင့် လူချစ်လူခင်ပေါများကြလေသည်။ ယခု သူတို့ပေါင်းလာပေါက်နေသောယာခင်းဟာ သူတို့ရွာတွင်မဟုတ်လေပဲ သူတို့ရွာနှင့်တစ်မိုင်ကျော်ကျော်ခန့်ဝေးသောရွာရဲ့ဘေးအခြေတွင်ဖြစ်လေသည်။ သူတို့ရွာသို့ပြန်လျှင် ထိုရွာကိုဖြတ်ကျော်ပြီးမှ တစ်ဖက်သို့ဆက်လက်ပြန်ရမည်ဖြစ်လေသည်။ ဒီလိုဖြင့် သူတို့မောင်နှမသုံးယောက်ပေါင်းဆက်ပေါက်နေခဲ့ကြလေရာ

“ဒေါင် ”

“ဒေါင် ဒေါင် ဒေါင်”

“အူးးးး ဝု ဝု ဝူးးးး”

“ဒေါင် ဒေါင် ဒေါင်”

“ဝု ဝု ဝူးးးးး အု အု အူးးးး”

နေ့လည်ဆွမ်းစားချိန်သို့ရောက်ပြီဖြစ်လေသည်။ သို့ကြောင့် ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းစားသံချောင်းခေါက်လေသောအခါ မည်သို့သဘောရယ်တော့မသိ။ ဆွမ်းစားသံချောင်းခေါက်သံပေါ်လာသည်နှင့်တပြိုင်နက်တည်းမှာ ကျောင်းတွင်ရှိရှိသမျှသော ခွေးများကလည်း တစ်ကောင်မကျန် အကုန်လိုက်အူကြလေသည်။ ထိုသည်မှာ မည်သို့သောသဘောတရားမှန်း သဲကွဲစွာမသိသော်ငြားလည်း ဘုန်းကြီးကျောင်းတိုင်းလိုလိုမှ ကျောင်းခွေးများဟာ ထိုအတိုင်းသာ အကုန်လိုက်အူကြလေ့ရှိလေသည်။

“အစ်ကို သိမ်းတော့မလား”

“အေး သိမ်းမယ်လေ မနက်ဖန်လည်း လာရဦးမှာအတူတူတော့ သိပ်နောက်ကျအောင်လုပ်မနေတော့ဘူး”

“ဟုတ်အစ်ကို ဒါနဲ့အစ်ကို့တူဆီသွားလည်ဦးမှာလား”

ဦးသန်းထွန်း၏နှမတစ်ယောက်မှ အလုပ်နားတော့မလားမေးမြန်းခြင်းရယ်ပါ။ ဦးသန်းထွန်းက ယနေ့မပြီးအတူတော့ သိမ်းမည်ဟုပြောလျှင် နှမဖြစ်သူမှထပ်ဆင့်မေးမြန်းလာလေသောကြောင့်

“အေး ခဏတဖြုတ်သွားကြတာပေါ့ ခုနက ကလေးလေးကလည်း အလည်ခေါ်နေတာလေ”

“ဟုတ်အစ်ကို”

သို့ဖြင့် မောင်နှမသုံးယောက် ပေါက်ပြားများကို နွားလှည်းရှိရာသို့သွားပို့ပြီးလျှင် အစောကသူတို့ယာခင်းထဲသို့လာပြီး အလည်ခေါ်ခဲ့လေသော ခလေးငယ်လေးတို့၏ထန်းတဲရှိရာသို့လျှောက်လာခဲ့ကြလေသည်။ ထန်းတဲသို့သူတို့ရောက်သွားသောအခါ မိခင်ဖြစ်သူက တစ်ဖက်ကမီးဖိုတဲအတွင်းမှာ ထန်းလျှက်ချက်နေပြီး အစောကသူတို့ယာခင်းထဲသို့ရောက်လာခဲ့သည့်ကလေးလေးကတော့ တဲနှစ်လုံးကြားကမန်းကျည်းပင်ကြီးအောက်တွင် သူတို့ကိုကျောခိုင်းပြီး ကလေးငယ်အိပ်စက်နေသည့်အသားပုခက်အား ကြိုးမှဆွဲ၍ ပုခက်လွှဲနေသည်ကိုတွေ့လိုက်ရလေသည်။ သူတို့ခြေသံကြားသော် ကလေးငယ်ကလှည့်ကြည့်လာပြီး သူတို့ကိုမြင်တွေ့သည်နှင့်ချက်ချင်းပင်

“မေမေ မေမေ ဒီမှာဦးဦးတို့လာတယ်”

ကလေးငယ်လေးဟာ တကယ့်ကိုအသွက်လေးရယ်ပါ။ ဦးသန်းထွန်းတို့ကိုမြင်တွေ့လိုက်သည်နှင့်မိခင်ဖြစ်သူအား ချက်ချင်းလှမ်းပြောလေသည်။ ထို့ကြောင့် မိခင်လည်း တစ်ဖက်တဲထဲမှ ခေါင်းငုံ့ကြည့်လိုက်ပြီးး

“အော ဦးလေးသန်းထွန်းတို့ပါလား ခဏ ခဏဦးလေးသန်းထွန်း ကျမမီးဖိုထဲထင်းအတုတ်တေ့ခဲ့ဦးမယ်”

“အေး လုပ် လုပ်ငါ့တူမ ဘာမှအရေးမကြီးဘူး နင့်သားအလည်ခေါ်ထားလို့လာတာရယ်”

ထို့နောက်ခဏအကြာတွင် တရုတ်မတစ်ယောက်လို အသားဖြူဖွေးနေသောအသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးဟာ ချွေးသံတရွှဲရွှဲဖြင့် ဦးသန်းထွန်းတို့အနီးသို့ရောက်လာခဲ့လေသည်။

“ထန်းလျှက်ဘယ်လောက်ရလဲ”

“ဟုတ် ဦးလေး အခုကလှိုင်ချိန်ဆိုတော့ အစိတ်တင်းတင်းလောက်တော့ရမယ်”
(လှိုင်ချိန်-အချိန်ကောင်း၊အစိတ်တင်းတင်း-၂၅ပိဿာအကျော်ဖက်က)

“ဟာ ငွေတွေချည်းပါလား ထန်းလျှက်စျေးကကောင်းကောင်းနဲ့တော့”

“ဟုတ်တယ်ဦးလေး စျေးကောင်းမှပဲလေ ဒါမှဆောင်းတွင်းက ထိုင်စားထားတဲ့အကြွေးအကုန်ဆပ်နိုင်မှာ”

စာစဉ်-(2)သို့

#ကြေပါစေ

စာစဉ္-(2)
အမျိုးသမီးက ပါးစပ်မှစကားပြောရင်း လက်ကလည်းလက်ဖက်၊ပဲကြော်ထုပ်ဆွဲကာ လ္ဘက်သုပ်နေလေရာ

“ဘာမှလုပ်မနေနဲ့ငါ့တူမ နင့်သားကလာလည်ဦးခေါ်လို့လာတာရယ်”

“ဦးလေးတူက အဲ့ဒီလိုပဲလေ အနီးအနားလူမြင်ရင် ထန်းရည်ချိုသောက်ခေါ်ရတာနဲ့၊ ထန်းလျက်စားခေါ်ရတာနဲ့”

“ဟေ့ ဟုတ်လား မင်းပြောတော့ ငါတို့ကိုမုန့်ကျွေးမယ်ဆို ဘယ်မလဲမုန့်”

ဦးသန်းထွန်းက ကလေးငယ်၏မိခင်ကိုပြောရင်းမှ ထိုကလေးငယ်ကိုပါတဆက်တည်းစနောက်ပြောလိုက်ရာ

“ကျွေးမယ် ကျွေးမယ်ရှိတယ် မေမေ သားသားမုန့်ထုပ်ယူပေးဦး ဦးဦးတို့ကျွေးချင်လို့”

ကလေးငယ်လေးဟာ ဦးသန်းထွန်းကစနောက်သည်ကို ကလေးဆိုတော့ တကယ်ဟုထင်မှတ်ကာ မုန့်ထုပ်ထားသည်က ခွေးဘာညာတို့နှင့်လွတ်ကင်းစေရန်အတွက် လူကြီးတစ်ရပ်ခန့်မြင့်သော ထန်းလက်တို့ဖြင့်ပြုလုပ်ထားသည့်စင်လေးပေါ်တွင်တင်ထားခြင်းဖြစ်၍ မိခင်ဖြစ်သူအားယူပေးရန် အထက်ပါအတိုင်းတောင်းဆိုနေလေသည်။

“ဟ တကယ်ကျွေးမှာလား ဦးဦးတို့ကစတာပါကလေးရယ် တကယ်မစားပါဘူး ဒါနဲ့ငါ့တူမ မောင်ဌေးရောမမြင်ပါလား ဘယ်သွားနေလဲ”

“ေဩာ် ဦးလေးတူက ဟိုဖက်နားမှာ ထန်းမတစ်ပင်သီးရင့်တိုက်စရာရှိလို့ဆိုသွားတယ်”

“မေမေ ဟိုမှာဖေဖေပြန်လာနေပြီ”

ဦးသန်းထွန်းမှ မေးနေစဉ်မှာပင် အသက်နှစ်ကျော်ခန့်ရှိ တုတ်တုတ်ခဲခဲလူရွယ်တစ်ယောက်ဟာ ထန်းပင်ပြင်ဆင်ရာတွင်အသုံးပြုသော လက်နက်ကရိယာအစုံအလင်တို့ဖြင့် တဲဝိုင်းအတွင်းသို့ဝင်လာခဲ့လေသည်။

“ေဩာ် ဦးလေးတို့အလည်ရောက်နေတာကိုး နှမ်းခင်းကောင်းတယ်နော် အပင်ပေါက်ရော၊အတက်ရောတညီတညာတည်းပဲ”

“ဟုတ်တယ်ငါ့တူ ကောင်းတယ်ပြောရမှာပဲလေ ”

ထို့နောက်တွင် သူတို့တွေရောက်တတ်ရာရာပြောကြရင်း အတော်လေးကြာတော့ ဦးသန်းထွန်းတို့မောင်နှမပြန်ရန်ပြင်ကြလေသည်။

“ဦးဦး နောက်လည်းလာလည်နော်”

“အေးပါကွာ လာခဲ့ပါ့မယ် မောင်ဌေးရေ မင်းသားကတော့ ငါတို့ကိုယာခင်းထဲအထိလာပြီး အလည်ခေါ်တယ်”

ဦးသန်းထွန်းမှထိုသို့ပြောလိုက်သောအခါ ကိုဌေးမိန်းမကဝင်၍

“သွေးကစကားပြောတာဖြစ်မယ်ဦးလေးသန်းထွန်း သူ့အမျိုးသူသိနေတာလေ”

“ဟုတ်မှာ ဟုတ်မှာ ကဲ ပြန်ပြီ”

“ဟုတ် ဟုတ်ဦးလေးသန်းထွန်း”

တကယ်တော့ ဦးသန်းထွန်းဟာ ကိုဌေးရဲ့ဦးလေးဖြစ်လေသည်။ ကိုဌေးက ဦးသန်းထွန်းအစ်ကိုကြီးရဲ့သားဖြစ်ကာ တစ်ရွာသူနှင့်အကြောင်းပါသောကြောင့် ထိုရွာတွင်လာရောက်နေထိုင်ခြင်းသာဖြစ်လေသည်။ ကိုဌေးဟာ လုပ်ငန်းလုပ်ရာတွင် လျင်မြန်ဖျတ်လတ်ပြီး ကြိုးစားလွန်းသောကြောင့် အိမ်ထောင်ကျပြီးသည်နှင့်စီးပွားရေးကလည်း ဒီရေအလား တဟုန်ထိုးတက်လာခဲ့ရလေသည်။ သူ့တို့လင်မယားတွင် သားလေးနှစ်ယောက်ရှိလေသည်။ အကြီးသားလေးအောင်အောင်က အသက်သုံးနှစ်ကျော်လေးနှစ်ဝန်းကျင်ဖြစ်ကာ အငယ်လေးမျိုးထက်အောင်က အခုမှတစ်နှစ်ခွဲခန့်သာရှိသေးလေသည်။

လင်မယားနှစ်ယောက်တွင် ကိုဌေးကအသားခပ်လတ်လတ်ဖြစ်ကာ မနုကတရုတ်မနှယ်အသားဖြူလေသောကြောင့် သားလေးနှစ်ယောက်စလုံးဟာလည်း အသားဖြူကြကာ ဖြူဖြူဖွေးဖွေးလေးတွေပေမို့ လူချစ်၊လူခင်အင်မတန်ပေါများလေသည်။ နေထိုင်သည်ကလည်း ဘုန်းကြီးကျောင်းအစပ်တွင်ဖြစ်သောကြောင့် ကျောင်းမှကျောင်းသား၊ကိုရင်တို့ဆိုလျှင် အားလပ်ချိန်ရတိုင်း ထိုကလေးငယ်လေးတွေရှိရာသို့ လာလာလည်ကြလေသည်။ ကိုဌေးနှင့်မနုဟာ အသက်အရွယ်ကလည်းမတိမ်းမယိမ်းဖြစ်ကာ ကိုဌေးကမဆိုစလောက်လေးအနည်းငယ်ကြီးလေသည်။

နှစ်ယောက်စလုံးကစီးပွားရေးလောဘရှိ၍ အိမ်ထောင်ကျပြီးမကြာခင်မှာပင်စီးပွားရေးကတဟုန်ထိုးတက်လာသလို သားလေးတွေကလည်းချစ်စဖွယ်လေးတွေပေမို့ သူတို့မိသားစုဘဝလေးကို လူတိုင်းနီးပါးလိုချင်၊အားကျကြလေသည်။ လူဆိုသည်မှာ လူတစ်ကိုယ်၊စိတ်တစ်မျိုးရှိသည်ကသဘာဝဆိုတော့လည်း ချစ်ခင်သူတွေရှုကြသလို မနာလို၊မရှုစိမ့်၊ဝန်တိုသူများလည်း မလွဲမသွေရှိကြလေသည်။

ကိုဌေးဟာ လူငယ်တစ်ယောက်ဖြစ်သလို သွက်လက်၊ဖျတ်လတ်သည့်အပြင် စီးပွားရေးလောဘရှိသူလည်းဖြစ်လေသောကြောင့် သူတစ်ယောက်တည်းတက်သည့်ထန်းပင်များဟာ အခြားသူတို့နှစ်ယောက်တက်သည်နှင့်အညီဖြစ်လေသည်။ သို့ကြောင့် သူ့ကိုတစ်ရွာလုံးနီးပါးက ချီးကျူးကြလေသည်။ ကိုဌေးဟာ တစ်ရွာတွင်အိမ်ထောင်ကျကာ ထိုသို့စီးပွားရေးအခြေအနေအစစအရာရာအဆင်ပြေသည်ဆိုတော့ ဟိုစကားပုံတစ်ခုနှင့်တော့ သူ့အဖြစ်ကအံဝင်ခွင်ကျပင်ဖြစ်လေသည်။ စကားပုံလေးနာမည်ကဘာတဲ့လဲဆိုတော့ No-(1) #တစ်ရွာမပြောင်းသူကောင်းမဖြစ် ဟုခေါ်ဆိုပါ၏။

ထိုကဲ့သို့ အစစအရာရာအဆင်ပြေပြီး အဖက်ဖက်ကပြည့်စုံကာ အေးချမ်းသာယာနေသည့်သူတို့မိသားစုဘဝလေးကို မွှေနှောက်ဖျက်ဆီးပစ်ရန်အတွက် ကံဇာတ်ဆရာက သောကမုန်တိုင်းကြမ်းကြမ်းကြီးတစ်ခုကို သူတို့မိသားစုလေး၏Oasisကမ္ဘာငယ်လေးအတွင်းသို့ သိသိသာသာကြီးပင်အရောက်တွန်းပို့လိုက်လေတော့သည်။ ထိုကြမ္မာမုန်တိုင်း တိုက်ခတ်လာပုံကတော့ တစ်ခုသောညအချိန်တွင်

“မေနု မေနု”

“မေနု မေနု မေနုလို့”

ကိုဌေးနှင့်မနုတို့ခမျာ ငယ်ရွယ်သူများဖြစ်ပြီး စီးပွားရေးသမားများဖြစ်လေသောကြောင့် အချိန်ရှိခိုက်လုံ့လစိုက်ရမည်ဆိုသည့်အတိုင်း နေ့အချိန်တွင် မနေမနားဖြင့် အားကုန်ကုန်းရုန်းကြိုးစားလုပ်ကိုင်ကြသည့်အတွက် ညဖက်ရောက်သော် နှစ်ခြိုက်စွာအိပ်မောကျလေ့ရှိလေသည်။ သို့ကြောင့် တစ်ညသောအခါ ဆယ်နာရီကျော်ကျော်၊ ဆယ်နာရီခွဲခန့်အချိန်တွင် သားလေးအောင်အောင်မှနှိုးနေသည်ကို ရုတ်တရက်မနိုးဖြစ်နေလေသည်။ ထို့ကြောင့် အောင်အောင်လေးက အိပ်ရာကုတင်ပေါ်တွင်ထထိုင်ကာ မိခင်ဖြစ်သူမနု၏ပုခုံးအားကိုင်လှုပ်ပြီး

“မေနု မေနု မေနု”

“ဟေ အေး အေး ဘာလဲသား ဘာဖြစ်လို့လဲ ရှူးပေါက်ချင်လို့လား”

မနုက နိုးနိုးချင်းမှာပင် ထိုသို့ဆက်တိုက်မေးမြန်းလိုက်လေသည်။ သို့သော် သားလေးအောင်အောင်က

“ဟင့်အင်း မဟုတ်ဘူးမေနု သားခြေထောက် သားခြေထောက်တွေယားနေလို့”

“ဟေ မှန်း မှန်း ဘယ်နားကယားတာလဲ”

“ဒီနားကယားတာမေနု”

အောင်အောင်လေးက ခြေဖဝါးကိုကိုင်ပြလေသည်။ သို့ကြောင့် မနုလည်းရေနံဆီမီးခွက်အား မီးထွန်းညှိလိုက်ပြီးလျှင် ခြေဖဝါးတွင်ခူမွှေးများစိုက်နေမလားရယ်လို့ သူမဦးခေါင်းမှဆံနွယ်များဖြင့်ပွတ်တိုက်ပေးလေသည်။ (ခူမွှေးစိုက်နေပါက ဆံပင်ဖြင့်ပွတ်တိုက်ချပေးလျှင်ဧကန်သက်သာပါ၏။စာရေးသူ) လေးငါးဆယ်ချက်မျှ ပွတ်တိုက်ပေးပြီးလျှင်

“သား သက်သာပြီလား ယားသေးလား”

“ဟင့်အင်း မသက်သာဘူးမေနု ယားတယ်”

“ဟင်”

သူမ ဒီလောက်တိုက်ပေးနေပါလျှက်နဲ့တောင်မှ မသက်သာပဲ ယားသေးသည်ဆိုတော့ သူမစိတ်ထဲဝေခွဲမရဖြစ်သွားရလေသည်။ သို့ကြောင့် ရေနံဆီမီးခွက်ကို သားဖြစ်သူ၏ ခြေဖဝါးအနီးထိတိုးကပ်ကာအသေအချာကြည့်လိုက်သည့်အခါမှာတော့

“ဟင်”

သူမ မျက်လုံးအစုံပြူးကျယ်သွားခဲ့ရလေတော့သည်။ ထို့ကြောင့် အိပ်မောကျနေသော ယောကျာ်းဖြစ်သူကိုဌေး၏ခြေသလုံးအားကိုင်လှုပ်ကာ

စာစဉ်-(3)သို့

#ကြေပါစေ

စာစဉ္-(3)
“ကိုဌေး ကိုဌေး”

“ဟင်”

“ကိုဌေး ကိုဌေး ထပါဦး ဒီမှာသားလေးခြေဖဝါးထဲမှာ အစွယ်ရာလိုလိုတွေ့လို့”
(အစွယ်ရာ-မြွေပေါက်ခံရသည့်မြွေစွယ်ရာအားဆိုလိုခြင်း)

မနုထံမှ ထိုသို့ပြောသည်အားကြားလေသော် ကိုဌေးတစ်ယောက်လည်း ကပျာကယာကုန်းထလိုက်ပြီး

“ဘယ်မလဲ ဘယ်မလဲမိနု”

“ဒီမှာဖေဌေး သားယားလို့ ဒီနားကယားနေတာ”

ကိုဌေးအမေးကို အောင်အောင်လေးကဖြေကြားရင်း သူ့ခြေဖဝါးအတွင်းတစ်နေရာအား လက်နှင့်ကိုင်ပြလေသည်။ အောင်အောင်လေးပြနေသည့်နေရာအား ကိုဌေးအသေအချာကုန်းကြည့်လိုက်သည့်အခါ

“ဟာ ဒါ ဒါ”

ကိုဌေးတစ်ယောက် ငယ်ထိပ်သို့မြွေအပေါက်ခံလိုက်ရသည့်နှယ်ထိတ်ထိတ်ဖြာဖြာဖြစ်သွားခဲ့ရလေတော့သည်။

“သား ဖေဌေးမေးမယ်မှန်မှန်ပြော သားခြေထောက်ကို ဘာကောင်ကိုက်သွားတာလဲ ကိုက်သွားတာကိုရောသားသိလား”

“ဟုတ် သိတယ်ဖေဖေ သားအိပ်နေတုန်း မြွေကြီးကကုတင်ပေါ်တပ်လာတယ် ပြီးတော့ သူ့လည်းဘာမှမလုပ်ပဲနဲ့ သားခြေထောက်ကိုကိုက်ပြီးပြန်ဆင်းသွားတယ်ဖေဌေး”

“ဟာကြာ”

သားဖြစ်သူ၏အဖြေစကားက ကိုဌေးနားစည်အတွင်းထဲသို့ မိုးကြိုးတွေအစင်းပေါင်း တစ်သောင်း၊တစ်သိန်းမကဆက်တိုက်ပစ်ချလိုက်သည့်နှယ်မြည်ဟီးသွားခဲ့ရသလိုခံစားလိုက်ရလေသည်။ သို့ကြောင့် ကပျာကယာဖြင့်

“မိနု မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းတော့မဖြစ်ဘူး လင်္ကာဒီပကျောင်းတိုက်က ဆရာတော်ကြီးထံကိုသွားရမယ် လုပ် လုပ်အမြန်”

“ဟုတ် ဟုတ်ကိုဌေးးး”

သို့ဖြင့် လင်မယားနှစ်ယောက်ပျာယာတွေခတ်ကုန်ကြလေသည်။ မနုကသားဖြစ်သူအားပွေ့ချီသလို ကိုဌေးကလည်း တဲအတွင်းတွင်ကပ်ထားသော သူ၏ယောကျာ်းစီး စက်ဘီးကြီးကိုအပြင်ထုတ်လေသည်။ ထို့နောက် အင်မတန်ဆူးများသော ပဒုမ္မာဆူးပင်နှစ်တန်းကြားမှ စက်ဘီးတစ်စင်းစီးသာရုံလမ်းကျဉ်းလေးအတိုင်း ကိုဌေးတစ်ယောက်အသားကုန်နင်းလေတော့သည်။ လမ်းတစ်လျှောက်မှာလည်း ဝါးလေးငါးပြန်စာလောက်ရောက်တိုင်းအကွေ့အကောက်တွေနှင့်ဖြစ်လေသည်။ ဘီးမှာကဒိုင်နမိုမီးခွက်ပါ၍တော်သေးလေသည်။ ထိုမီးခွက်များဟာ စက်ဘီးအနင်းသန်/မြန်လေလင်းလေဖြစ်လေသည်။

ကိုဌေးစက်ဘီးနင်းလာသည့်မီးရောင်ကို အဝေးကသာလှမ်းမြင်မည်ဆိုပါက စက်ဘီးတစ်စီးဟု မည်သို့မျှမထင်မှတ်နိုင်လေပဲ ဆိုင်ကယ်တစ်စီးလျင်မြန်စွာမောင်းနေခြင်းဟု ထင်မှတ်လောက်အောင်အထိဖြစ်လေသည်။ သာမန်အချိန်ဆိုပါက ထိုလမ်းကြားလေးအတွင်းမှာ မည်မျှအထိစက်ဘီးစီးကျွမ်းကျင်သူမှ ထိုလောက်အထိလျင်မြန်အောင်မစီးဝံ့ကြပါချေ။ ကိုဌေးထိုမျှလောက်အထိ လျင်မြန်စွာစီးနင်းနေခြင်းက သားသမီးအပေါ်မှာထားရှိသည့် မိဘမေတ္တာကြောင့်သာဖြစ်လေသည်။

သူတို့ယခုဦးတည်သွားနေသော လင်္ကာဒီပဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်/ဘုန်းကြီးဟာ ဆေးဝါးကုသခြင်းဝါသနာပါသည့်အတွက် လေ့လာထား၍တော်ရုံ၊တန်ရုံရောဂါဝေဒနာဆိုလျှင် ဆေးရုံ၊ဆေးခန်းသွားစရာမလို ဆရာတော်နှင့်ပင်ပြီးလေသည်။ ထို့ကြောင့် ကိုဌေးတို့လင်မယားလည်း သားလေးအောင်အောင်အတွက် အားကိုးတကြီးဖြင့်သွားနေခြင်းဖြစ်လေသည်။ ထိုသို့သွားနေစဉ်တွင် အောင်အောင်လေးဟာ မြွေအဆိပ်တက်လာလို့ထင်..

“မေနု ”

“ဟေ သား”

“သားအိပ်ချင်တယ်မေနု”

“မအိပ်နဲ့သား မအိပ်လိုက်နဲ့ ကိုဌေးရယ်လုပ်ပါ။ အမြန်နင်းပါ သားအဆိပ်တက်လာပြီထင်တယ်”

“အေးပါမိနုရာ ငါလည်းကြိုးရားနင်းနေတာပါ”

တကယ်တော့ မနုလည်းသားလေးအတွက်စိုးရိမ်လို့ပြောခြင်းသာဖြစ်လေသည်။ ကိုဌေးနင်းသည့်စက်ဘီးကဆိုင်ကယ်လောက်တောင်မြန်နေမှတော့ ထို့ထက်ပိုပြီးမြန်ဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်တော့ပါချေ။ သို့ဖြင့် သားတို့စက်ဘီးဟာ တစ်ဖက်ရွာထိပ်မှဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိသွားခဲ့လေတော့သည်။

“ဂျောက် ဂျ လောက်”

“ဝုတ် ဝုတ် ”

“ဟေ့ အောင်နက်အငြိမ်နေစမ်း ဟေးးးဘယ်သူတွေလဲ ညကြီးအချိန်မတော်”

“ကပ္ပိယကြီး ကျနော်ပါ ရွှေသာယာကမောင်ဌေးပါ”

“ေဩာ် မောင်ဌေး ဘယ်လိုအကြောင်းကိစ္စများရှိလို့လဲကွဲ့ ညအချိန်မတော်ကြီးလာတယ်ဆိုတော့”

“ဟုတ်ကပ္ပိယကြီးဒီလိုပါ ………ဆရာတော်ရောရှိလား”

ကိုဌေးကလာရခြင်းအကြောင်းရင်းကို ကပ္ပိယကြီးအားအတိုချုန်း၍ရှင်းရင်းမေးမြန်းလေရာ

“အေးးး ရှိတယ် ဆရာတော်ကျောင်းပေါ်မှာရှိတယိ လာ လာ ငါလိုက်ပို့ပေးမယ်”

“ဟုတ် ဟုတ်ကပ္ပိယကြီး”

သို့ဖြင့်ကိုဌေးတို့လင်မယားလည်း သားလေးကိုပွေ့ပြီး ကပ္ပိယကြီးနောက်ကနေကျောင်းပေါ်သို့လိုက်ပါလာခဲ့ကြလေသည်။ ကျောင်းပေါ်သို့ရောက်သော် ဆရာတော်ကြီးအားအကျိုးအကြောင်းပြောပြကြလေသည်။ ထိုအခါ ဆရာတော်ကြီးက လိုအပ်သည်တို့ကိုအလျင်အမြန်စမ်းသပ်ပြီးသော်

“ဒကာကြီး ကလေးထိတဲ့ပိုးကအဆိပ်ပြင်းတယ် ဘုန်းဘုန်းလည်းမတတနိုင်ဘူးကွဲ့”

“တင်ပါ့ ဒါဆိုတပည့်တော်ဘယ်လိုလုပ်ရမလဲဘုရား တပည့်တော်သားလေးရဲ့အသက်ကိုကယ်ပါဦးဘုရားးးအစ်”

ကိုဌေးခမျာ သားလေးအတွက်အင်မတန်စိုးရိမ်နေ၍ အသံတို့တုန်ခါနေကာ ရှိုက်သံတစ်ချက်ပင်နှောသွားခဲ့ရလေသည်။

“အင်းးး အကောင်းဆုံးကတော့ မြို့ဆေးရုံကိုအချိန်မှီပို့ပါဒကာကြီး ကြာနေလို့မဖြစ်ဘူး”

“တင်ပါ့ တပည့်တော်သွားပါ့မယ်ဘုရား ခွင့်ပြုပါဦးဘုရား”

“ကောင်းပြီဒကာကြီး နတ်ကောင်း၊နတ်မြတ်တို့ကယ်မလို့ ကလေးငယ်အမြန်ကျန်းမာပါစေကွယ်”

“တင်ပါ့ပေးဆုပြည့်ပါစေဘုရား”

ကိုဌေးတို့လင်မယားလည်း ဆရာတော်ကြီးအားဝတ်ဖြည့်ပြီး ရွာရှိရာသို့စက်ဘီးဖြင့်ပြန်ခဲ့ကြလေသည်။ ရွာပြန်ရောက်လေသော် ကိုဌေးညီရဲ့ယောက္ခမအိမ်သို့သွားရောက်အကူအညီတောင်းလေသည်။ ကိုဌေးညီရဲ့ယောက်ဖမှာ ထွန်စက်ကြီးရှိ၍ဖြစ်လေသည်။ ထိုအချိန်ကာလက ဆိုင်ကယ်ဆိုသည်မှာ ရွာတွင်မရှိသေးသောကြောင့်ရယ်ပါ။ သို့ကြောင့် ညီဖြစ်သူယောက်ဖအား အကျိုးအကြောင်းပြောပြအကူအညီတောင်းပြီး ထွန်စက်ကြီးဖြင့်မြို့ဆေးရုံသို့ထွက်လာခဲ့ကြလေသည်။ လမ်းခရီးတွင်

“မေနု သားအိပ်ချင်တယ်”

“သားလေး သား မအိပ်လိုက်နဲ့နော် မအိပ်ပါနဲ့ နော် သားလေး အဟီးး အင့်”

အောင်အောင်လေးဟာ မြွေဆိပ်တက်လာ၍အိပ်ချင်လာခြင်းဖြစ်လေသည်။ သို့ကြောင့် မိခင်အားသူဖြစ်လာသည့်အတိုင်းပြောသော် မနုမှမအိပ်စက်စေရန်တားဆီးလေသည်။ သူမတားသည်မှာအခြားကြောင့်မဟုတ်။ တော်ကြာ အိပ်လိုက်ရင်း ပြန်မနိုးတော့မှာစိုး၍သာဖြစ်လေသည်။ ထို့ကြောင့် မနုခမျာ သားလေးကိုမအိပ်စက်စေရန်တားဆီးရင်း ရင်ထဲဆို့တက်လာသောကြောင့် ထိန်းထားသည့်ကြားမှရှိုက်သံများ မကြာ မကြာထွက်ပေါ်နေမိလေသည်။ သူမတားလျှင် အောင်အောင်လေးဟာ ငြိမ်သွားလေသည်။ သို့သော်ခဏကြာလျှင်

“မေနု သားအရမ်းအိပ်ချင်တယ်”

“မအိပ်နဲ့ မအိပ်နဲ့သားလေး”

ထိုအချိန်တွင် အောင်အောင်လေး၏အသိစိတ်ဟာ ကိုယ်ခန္ဓာမှလွတ်လွတ်ထွက်သွားလေသည်။ သို့ကြောင့်အောင်အောင်လေးဟာ ပါးစပ်မှကယောင်ကတမ်းဖြင့်

“ဖေဌေးး မေနု မေနု ညအိပ်ရင် သားကိုတစ်ယောက်တည်းမထားခဲ့နဲ့နော် သားကိုမြွေကြီးလာကိုက်လိမ့်မယ် သားကြောက်တယ် သားကိုဖက်ထားပေးမေနု နော် နော်မေနု”

စာစဉ်-(4)သို့

#ကြေပါစေ

စာစဉ္-(4)

အောင်အောင်လေးဟာ ထိုသို့ကယောင်ကတမ်းစကားတွေပြောနေရင်းကနေ မနုလက်ထဲမှာပျော့ခွေသွားလေသည်။ ထို့ကြောင့် မနုစိတ်ထဲမှာမသင်္ကာဖြစ်သွားပြီး

“သားလေး သားလေး”

“သားလေးလို့ မေနုခေါ်နေတယ် သားလေး အောင်အောင် အောင်အောင် ကိုဌေးလုပ်ပါဦး ကျုပ်သားလေးခေါ်လို့မရတော့ဘူး သားလေးကိုကယ်ပါဦးကိုဌေးရဲ့အဟီးးးအီးး အီးးးးး”

“ဟာ”

ေဩာ် ကံကြမ္မာများ ဘယ်လောက်ရိုင်းလိုက်လေသလဲဗျာ။ အင်မတန်လိမ္မာယဉ်ကျေးပြီး မိဘအပေါ်အလွန်သိတတ်သည့် သားလိမ္မာလေးအောင်အောင်ဟာ အိပ်ရာထဲတွင်ပိုးထိ(မြွေကိုက်ခံရ)ပြီး မြို့ဆေးရုံသို့အသွား လမ်းတစ်ဝက်မှာတင် လူလောကကြီးအတွင်းမှထွက်ခွာသွားခဲ့ရလေသည်။ ဆုံးမှဆုံးပါးသွားပြီဆိုတော့လည်း ဆေးရုံဆက်သွားနေလည်းထူးခြားတော့မည်မဟုတ်သည့်အတွက် သူတို့ထွန်စက်ကြီး လမ်းတစ်ဝက်ကနေလှည့်ပြန်ခဲ့ကြလေတော့သည်။ ေဩာ် လူ့ဘဝ လူ့ဘဝ ပြောကောင်း၊ဆိုကောင်းသည့်လူလိမ္မာ၊လူတော်တို့ဆိုအသက်တိုကြပြီး ပြောမကောင်း၊ဆိုမကောင်း မိုက်ရိုင်းရမ်းကားသူဆိုသက်ဆိုးရှည်ခြင်းကလည်း လောကနိယာမတစ်ခုပေပဲလားဗျာ။
☆*☆*☆*☆*☆*☆*☆

“အမလေးသားရဲ့ ဟိုမှာဖေဖေပြန်လာနေပြီ ညီလေးရေဖေဖေလို့ခေါ်လိုက်လွိုပြောဦးလေသား”

ကိုဌေးတစ်ယောက် ဿားလေးအောင်အောင်ဆုံးပါးသွားသည့်အတွက် ထန်းလည်းမတက်နိုင်တော့လေပဲ အခြားသောထန်းသမားတို့မှလာရောက်ကူညီတက်ပေးကြလေသည်။ ထိုသို့လာရောက်ကူညီသူများကို ထန်းတောလိုက်ပြပြီးအပြန် ထန်းတဲအနီးသို့အရောက်တွင် သူပြန်လာတိုင်း သူ့ညီလေးအား စကားပြောသင်ပေးနေသည့်သားလေးအောင်အောင်၏အသွင်က မျက်လုံးထဲမှာပေါ်လာသောကြောင့် အထက်ပါအတိုင်းချုံးပွဲချ၍ငိုကြွေးနေခြင်းရယ်ပါ။

သူတို့ရွာလေးဟာ အိမ်ခြေတစ်ရာကျော်ဝန်းကျင်သာရှိသည့်အတွက် ရွာသားအချင်းချင်းမှာ လူတိုင်းသိကြလေသည်။ ထို့ကြောင့် ကိုဌေး၊မနုတို့သားလေးအောင်အောင် ယခုလိုမျိုးအိပ်ရာထဲအထိတက်ကာ ပိုးထိခံရပြီးသေဆုံးသွားသည်ဟုကြားကြရလေသောအခါ

“အို ဒါဟာဟုတ်မှဟုတ်ရဲ့လား ရိုးရောရိုးရဲ့လား”

“ဟေ ဘာဖြစ်လို့လဲမိနီရဲ့”

“ဘာဖြစ်ရမလဲဟယ် သူတို့လင်မယားက စီးပွားတအားတက်တယ်လေ ပြီးတော့ အခုသေဆုံးသွားတဲ့အောင်အောင်လေးကလည်း အရမ်းလိမ္မာတယ် ဒီတော့လေ မနာလိုတဲ့လူတွေက မြွေလွှတ်ပြီးလုပ်ကြံတဲ့ တိုက်မြွေများဖြစ်နေမလားလို့ပါ”

“အေးဟဲ့ ဟုတ်တယ်နော်မိနီ ငါလည်းညည်းပြောမှတွေးမိတယ်”

“ဟုတ်တယ်ဟဲ့ ညည်းစဉ်းစားကြည့်ကြည့်လေ သူတို့ကမိသားစုအတူအိပ်ကြတာ ဒါကိုမှခလေးကိုရွေးကိုက်သွားတယ်ဆိုတော့”

“အေးဟဲ့ ဟုတ်ပါ့ ဟုတ်ပါ့ ဒါဟာတိုက်မြွေပဲဖြစ်လိမ့်မယ်”

လူတွေဟာ ကိုယ်ထင်ရာ ထင်ရာကိုထို့သို့ထင်ကြေးဖြင့် အမျိုးမျိုး၊အဖုံဖုံဝေဖန်ပြောဆိုနေကြလေတော့သည်။ ဒီလိုနဲ့အောင်အောင်လေးပိုးထိပြီး တစ်ပတ်တိတိပြည့်တဲ့ည။ မနက်ဖန်ဆို အောင်အောင်လေးအတွက်ရက်လည်ဆွမ်းတရားနာလုပ်တော့မည့်ည။ အတိအကျပြောရမည်ဆိုလျှင် အောင်အောင်လေးသေဆုံးခဲ့သည့်ညက အောင်အောင်လေးပိုးထိခံခဲ့ရသည့် ညဆယ်နာရီဝန်းကျင်အချိန်တွင်ဖြစ်လေသည်။

“ကတော့် ကတော့် ကွစ် ကွစ် ကွစ်”

“ဖလုံး ဖလုံးးး ကတော့်”

“ဟ ဘာလဲဟ ညံဆူနေတာပဲ”

“အကောင်ရှည်ဖြစ်နိုင်တယ်ဟေ့ သတိထားကြ အောက်ကိုသေချာကြည့်ကြဟေ့”

မနက်ဖြန်တွင် အောင်အောင်လေး၏ရက်လည်ဆွမ်းတရားနာအတွက် လူအများချက်ပြုပ်နေကြလေသည်။ ကိုဌေးထန်းတဲနေရာက ဘုန်းကြီးကျောင်းနှင့်စပ်လျှက်ဆိုတော့ ကျောင်းဆောင်ကြီး၏နောက်ဖက် ကိုဌေးထန်းတဲနှင့်ကြားမှာချက်ပြုပ်နေခဲ့ကြခြင်းဖြစ်လေသည်။ ချက်ပြုပ်သူက ချက်ပြုပ်နေကြသလို အခြားလူအများသည်လည်း ဖျာလေးတွေခင်းပြီးအစုလိုက် အစုလိုက်စကားပြောနေခဲ့ကြလေသည်။ ထို့စဉ်မှာ ကိုဌေးတို့နေထိုင်သောတဲအိမ်အတွင်းမှ အထက်ပါအသံများထွက်ပေါ်လာခြင်းရယ်ပါ။

“ဟာ ကိုဌေး ကြက်မကြီးဒီမှာဗျ ဆန့်ဆန့်ကြီး”

ယခုအချိန်တွင် ကိုဌေးထန်းတဲမှာ သူ့မိန်းမဖက်က၊မနုရဲ့အစ်ကိုတွေ၊မောင်တွေရောက်နေကြသလိုပင်၊ ကိုဌေးရဲ့ညီများလည်းရောက်နေသောကြောင့် လူအတော်စုံလေသည်။ ကိုဌေးမွေးထားသောကြက်များဆူညံသံကြောင့် တဲတဝိုက်သို့ပတ်ကြည့်ကြလေရာ တဲနောက်ဘေးစည်းရိုးကြားတွင် ကြက်ကလေးငယ်တွေနှင့်ကြက်မကြီးဟာ ခြေနှစ်ဖက်နောက်သို့ဆန့်တန်းပြီး မှောက်ခုံအနေအထားဖြင့်ငြိမ်သက်နေသည်ကိုတွေ့လိုက်ရလေသည်။ အသေအချာကြည့်သော် ကြက်မကြီးဟာ အသက်မရှိတော့ပါချေ။

“ဝင်းအောင်ရေငါ့ညီ အစ်ကိုတို့အိပ်တဲ့ကုတင်ခေါင်းရင်းက ဓာတ်မီးယူခဲ့ပေး ဒီမှာဓာတ်မီးကသိပ်မမြင်ရလို့”

ကိုဌေးကစည်းရိုးအပြင်ဖက်ကနေ မနုမောင်အားထိုသို့လှမ်းပြောလိုက်ခြင်းဖြစ်လေသည်။

“ဟုတ် ကိုဌေး”

ထို့နောက်ကိုဌေးယောက္ဖလည်း ကိုဌေးတို့လင်မယားအိပ်သည့်ကုတင်ရှိသောတဲအတွင်းသို့ဝင်ပြီး ဓာတ်မီးယူလေသည်။

“ဟာ ကိုဌေးးး ကိုဌေးးးး ဒီမှာ ဒီအထဲမှာ”

ကိုဌေးရဲ့ယောက်ဖက အိပ်ခန်းအတွင်းမှထိုသို့အလန့်တကြားအော်ဟစ်ပြောလာလေသည်။

“ဟင် ဘာလဲ ဘာလဲဝင်းအောင်”

“မဟောက်ကြီး မဟောက်ကြီးကိုဌေး”

“ဟေ ဟုတ်လား ဘယ်မလဲ”

“ဒီမှာ မီးဖိုကျင်းလေးထဲမှာ”

“အေး အေး မင်းဂရုစိုက် ငါလာပြီ”

ကိုဌေးလည်း စည်းရိုးအပြင်ဖက်ကနေ တံခါးပေါက်ရှိရာသို့အမြန်ပြေးသွားကာ ထိုကနေတဆင့်အိပ်ခန်းရှိသည့်အတွင်းခန်းအထိဝင်လာခဲ့လေသည်။ ထိုအခါ သူ့ယောက်ဖဟာ သူတို့အိပ်ရာကုတင်ထက်တွင်တက်နေပြီး

“ကိုဌေး အောက်မှာ အဲ့ဒီမီးဖိုကျင်းဟောင်းလေးထဲမှာ”

ကိုဌေးယောက်ဖက ထိုသို့ဆီးကြိုပြောလေသည်။ ကိုဌေးနှင့်အခြားလူတို့အထဲဝင်လာသော်လူသံ၊သူသံများကြောင့်

“ရွှီးးးးး”

“ဖြီးးးးး”

“ရှူးးးးးး”

“သတိထားကြဟေ့ ဒီကောင်မှုတ်နေတယ် ”

အတော်ကြီးမားသောတောကြီးမြွေဟောက်ကြီးဖြစ်လေသည်။ လူတွေဝိုင်းလာသည့်အတွက် သူကလက်ဝါးခန့်ရှိ ပါးပျဉ်းကြီးထကာ တဖြီးဖြီး၊တရှီးရွှီးနှင့်မှုတ်နေခြင်းဖြစ်လေသည်။ ထိုအချိန်မှာပင် အပြင်ဖက်မှ ကိုဌေးအောက်ကညီဖြစ်သူရောက်ရှိလာခဲ့ပြီး

“ဘေးဖယ် ဘေးဖယ်”

“ဟေးးးး ငါ့တူသတိထား”

အနီးရှိအသက်ကြီးကြီးလူကြီးက ထိုသို့သတိပေးစကားဆိုလေသည်။ သို့သော် ကိုဌေးရဲ့ညီဟာ ဘီလူး၊သဘက်စီးနေသလိုဇွတ်ဝင်ပြီးတော့

“မင်းလားကွ ငါ့တူကိုသတ်တဲ့အကောင်”

“ဟာ”

“ဟင်”

“ကောင်လေးသတိထား”

ကိုဌေးရဲ့ညီဟာ လူအများကြားသို့တိုးဝင်သွားပြီး ပါးပျဉ်ထနေသည့်တောကြီးမြွေဟောက်ကြီးအနီးရောက်သော် တွေဝေတုံ့ဆိုင်းခြင်းမရှိလေပဲ မြွေဟောက်ကြီးရဲ့ပါးပျဉ်းခွက်ကြီးအောက်နားဆီသို့ လက်ဖြင့်ဆတ်ခနဲဖမ်းဆုပ်ကိုင်လိုက်လေသည်။ ပြီးလျှင်ကျန်လက်တစ်ဖက်က ခါးတွင်ထိုးထားသောထန်းလှီးဓားသစ်သားဓားအိမ်အတွင်းမှ အသွားထက်လှသော ထန်းလှီးဓားကြီးကိုချွမ်းခနဲဆွဲထုတ်ကာ တောကြီးမြွေဟောက်ကြီး၏လည်ပင်းကို လှီးဖြတ်ပစ်လိုက်လေတော့သည်။ ေဩာ် ကိုယ့်ရဲ့တူလေးအတွက် ဦးလေးတစ်ယောက်ရဲ့ခံစားချက်ကို လူအများအတိုင်သားမြင်တွေ့လိုက်ရသော မြင်ကွင်းပင်ဖြစ်လေသည်။
☆*☆*☆*☆*☆*☆*☆

စာစဉ်-(5)သို့

#ကြေပါစေ

စာစဉ္-(5)

“ဟာ နည်းနည်းနောနောကောင်ကြီးလားကွာ”

မနက်ခင်း အောင်အောင်လေး၏ ရက်လည်ဆွမ်းတအားနာသို့ကြွရောက်လာခဲ့ကြသည့်သူတိုင်း မနေ့ညကအိမ်ထဲတွင် ကြက်မကြီးအားဝင်ကိုက်သည်မှအစပြု၍တွေ့ခဲ့ရသော အောင်အောင်လေးအားကိုက်သတ်ခဲ့သည့်တရားခံ တောကြီးမြွေဟောက်အသေကောင်ကြီးကိုကြည့်ပြီး လွန်စွာအံ့ဩဘနန်းဖြစ်ကုန်ကြရလေသည်။

“တောက် ခလေးဘယ်ခံနိုင်ပါ့မလဲကွာ ဒီလောက်အဆိပ်ပြင်းတဲ့ကောင်ကြီးကို လူကြီးတောင်မလွယ်လောက်ဘူး”

“ဟုတ်ပါ့ကွာ ကြည့်ကြည့်ပါဦး ငါ့အရပ်ကငါးပေလေးလက်မရှိတယ် ငါ့တစ်ရပ်ထက်တောင် သူကအောက်မှာအမြီးခွေနေသေးတယ်”

“ဟုတ်ပါ့ ဧရာမတောကြီးမြွေဟောက်ကြီးပဲ”

ကိုဌေးညီက သူ့တူကိုကိုက်တဲ့မြွေဆိုပြီး ညကမြွေကြီးပါးပျဉ်းထနေတုန်း မကြောက်မရွံ့ဝင်ဖမ်းကာ ခေါင်းကိုထန်းလှီးသည့်ဓားဖြင့်တစ်ခါတည်း လှီးဖြတ်ပစ်လိုက်လေသည်။ ထို့နောက် ဆွမ်းတရားနာလာသည့်လူများ လူသတ်တရားခံမြွေကြီးအား မြင်တွေ့၊ကြည့်ရှုနိုင်စေရန်အတွက် ထန်းတဲရှေ့ရှိမန်းကျည်ပင် ပင်စည်တွင်သံဖြင့်တန်းလန်းကြီးရိုက်ထားလိုက်လေသည်။ ဦးခေါင်းမပါတော့သည့်နေရာကိုအထက်ကထားပြီး လူကြီးအရပ်ဖြင့် တပြေးညီနေရာတွင်ရိုက်ထားသည်တောင် အမြီးကမြေကြီးတွင် အနည်းငယ်ခွေခေါက်နေသေးလေသည်။

တောကြီးမြွေဟောက်ဆိုသည်မှာ နဂိုကတည်းကအဆိပ်ပြင်းမြွေဖြစ်သလို အောင်အောင်လေးဟာလည်း နုနယ်သည့်ကလေးငယ်ဖြစ်သည့်အတွက်ကြောင့် ပိုးထိပြီးနာရီပိုင်းအတွင်းမှာတင် သေဆုံးသွားခဲ့ရခြင်းဖြစ်လေသည်။ေဩာ် လူ့ ဘဝ လူ့ဘဝ နေ့မြင်ညပျောက်ဆိုသည်မှာ ထိုသို့သောအဖြစ်မျိုးကိုရည်ညွှန်းသည်ထင်။ လူတိုင်းအပေါ်ယဉ်ကျေးစွာပြောဆိုဆက်ဆံတတ်သည့်ကလေး။ မိဘအပေါ်သို့ အရွယ်ငယ်ငယ်လေးဖြင့် သိတတ်သည့်ကလေး။ ဒီလိုကလေးမျိုးကိုမှ စောစောစီးစီးခေါ်ရလေသလားမရဏမင်းရယ်။

________
အောင်အောင်လေးဆုံးပါးပြီး နောက်တစ်နှစ်တွင် ကိုဌေးတို့လင်မယားမှာ ကလေးတစ်ယောက်ထပ်ရပြန်လေသည်။ ထိုနောက်ထပ်ရသောကလေးသည်လည်း ယောကျာ်းလေးပင်ဖြစ်လေသည်။ ကိုဌေးနှင့်မနုတို့လင်မယားဟာ ရှေးဘဝကကုသိုလ်ကြောင့်လားမသိ။ မွေးတိုင်း မွေးတိုင်းသားယောကျာ်းလေးတွေချည်းဖြစ်သလို အားလုံးဟာလည်း အချောလေးတွေချည်းဖြစ်နေသောကြောင့်ရယ်ပါ။ ပထမဆုံးသားကအောင်အောင်၊ဒုတိယသားက မျိုးထက်အောင်နှင့်ယခုအငယ်ဆုံးသားလေးက ဖြိုးဇော်အောင်ဖြစ်လေသည်။ ဤသို့ဖြင့် ကိုဌေးတို့လင်မယား အောင်အောင်လေးဆုံးပါးပြီး နှစ်နှစ်လောက်တွင် သူတို့ထန်းတဲက အခြားတစ်နေရာသို့ရောက်သွားခဲ့ရလေသည်။

ထိုသို့ပြောင်းရခြင်းကတော့ သူတို့မှပထမ မူလနေရာတွင်မနေလိုတော့သည့်အတွက်ကြောင့်မဟုတ်ပါလေပဲ သူတက်သည့်ထန်းပင်များသောနေရာ၊ထန်းတောရှိရာသို့ လိုက်လံပြောင်းရွှေ့နေထိုင်ခြင်းသာဖြစ်လေသည်။ ဘယ်နေရာသို့ပဲရောက်ရောက် ကိုဌေးဟာ အလုပ်ကြိုးစားသူဖြစ်သည့်အလျှောက် စီးပွားရေးကတော့ တိုးတက်မြဲ၊ကောင်းမွန်မြဲသာဖြစ်လေသည်။ ထိုနေရာတွင် သူ့ထန်းတဲနှင့်ယာတစ်ကွက်အကျော်မှာ အခြားထန်းတဲတစ်တဲလည်းရှိလေသည်။ ထိုထန်းတဲမှာက ထန်းသမားက သားအဖနှစ်ယောက်ဖြစ်လေသည်။ ဒေသအခေါ်ဖြင့်သုံးနှုန်းပြောမည်ဆိုပါက ထန်းသမားတစ်ယောက်တည်းတက်သည်ကို တစ်ရင်းတက်ဆိုတော့ သူတို့ကနှစ်ယောက်တက်သည့်အတွက် နှစ်ရင်းတက်ဖြစ်လေသည်။

ထန်းသမားတို့တွင် နောက်တစ်ခုရှိသေးလေသည်။ အဲ့ဒါကတော့ ထန်းတဲတိုင်းလိုလိုမှာ ထန်းရည်ပင်စင်သောက်သည့်ပင်စင်သမားတို့ရှိနေခြင်းဖြစ်လေသည်။ ပင်စင်သမားတို့မှာ နှစ်မျိုး၊နှစ်စားရှိလေသည်။ ထိုသို့နှစ်မျိုး၊နှစ်စားတွင် နံပါတ်-(၁)အမျိုးအစားကတော့ တစ်ရာသီလုံးအတွက် တစ်လကိုထန်းရည်ဖိုးဘယ်ရွေ့၊ဘယ်မျှဆိုသည့် နှုန်းထားဖြင့်သောက်ကြခြင်းဖြစ်ကာ ညနေရောက်၍အိမ်အလုပ်များပြီးစီးလျှင် ထန်းတဲသ်ုိ့ရောက်လာခြင်းဖြစ်လေသည်။ ထိုအချိန်တွင် ထန်းသမားလည်းအလုပ်အကိုင်များပြီးစီးပြီဆို ထန်းရည်အတူတကွသောက်ကြခြင်းရယ်ပါ။

နံပါတ်-(၂)အမျိုးအစားကကြတော့ ထိုထန်းရည်ပင်စင်သောက်သောသူဟာ မိမိထန်းရည်သောက်သော ထန်းသမား၏တဲသို့ညနေပိုင်းတွင်ရောက်ရှိလာကာ ထန်းသမားနောက်သို့လိုက်ပြီး အိုးတည်ပေးခြင်း၊အိုးကောက်ပေးခြင်း။ (ထန်းပင်အောက်တွင် ထန်းသမားထန်းမလှီးခင်မှာ အိုးချပေးပြီး၊ လှီးပြီး၍ချထားသောထန်းရည်ချိုအိုးတို့အား လိုက်လံသယ်ယူ၊ထမ်းကူပေးခြင်းအားဆိုလိုသည်။) အိုးကူဆေး၊အိုးကူဖုတ်၊ ကြိုးကူတပ်၊ ထိုသို့သော အလုပ်များကိုလုပ်ကိုင်ကူညီပေးကာ တစ်ရာသီလုံးထန်းရည်Freeသောက်သုံးကြသူတွေလည်းရှိလေသည်။

ကိုဌေးထန်းတဲတွင် နံပါတ်-(2)အမျိုးအစားဖြင့် ထန်းရည်သောက်သောပင်စင်သမားနှစ်ယောက်ရှိလေသည်။ ကိုဌေးတဲနှင့်ယာတစ်ကွက်ကျော်မှထန်းတဲတွင်မှာတော့ ပင်စင်သမားတစ်ယောက်ရှိလေသည်။ ကိုဌေးတဲမှပင်စင်သမားနှစ်ယောက်ရော၊ တစ်ခြားတဲမှပင်စင်သမားရော သူတို့အားလုံးဟာ အတူတူတစ်ရွာတည်း မနုတို့ရွာသားများချည်းဖြစ်လေသည်။ နောက်တစ်ချက်ကတော့ က်ိုဌေးတွင်အစောင့်အရှောက်ရှိလေသည်။ ထိုအစောင့်အရှောက်ပုဂ္ဂိုလ်ကတော့အခြားမဟုတ်။ အရက်အလွန်ကြိုက်နှစ်သက်သော ကိုကြီးကျော်နတ်ပင်ဖြစ်လေသည်။ ကိုကြီးကျော်၏အိပ်မက်ပေးကာ မစမှုကြောင့် ကိုဌေးချဲပေါက်ဖူးလေသည်။

တစ်စုံ၊တခုဖြစ်မည်ဆိုလျှင်လည်း ကိုဌေးနိမိတ်ပြ၍ကြိုတင်ကာသိစေလေသည်။ ထို့ကြောင့် ကိုကြီးကျော်က ကိုဌေးအားစောင့်ရှောက်မစတော့ ကိုဌေးကလည်း ကိုကြီးကျော်ကို ပြန်လည်တင်မြှောက်လေသည်။ ကိုဌေးတင်မြှောက်ခြင်းကတော့အခြားမဟုတ်ပေ။ ကိုကြီးကျော်၏အသဲစွဲ အရက်ပုလင်းဆက်သခြင်းပင်ဖြစ်လေသည်။ ကိုဌေးက ကိုကြီးကျော်အား လစဉ်၊လတိုင်းအရက်ထောင်ပုလင်းဆက်သလေသည်။ (ထောင်ပုလင်းဆိုသည်မှာထောင်လျှက် သည်အတိုင်းဆက်သထား၍ခေါ်ခြင်းလားတော့ကျွန်ုပ်အသေအချာမသိ။) ကိုဌေးက အဓိဌာန်ဖြင့်ဆက်သခြင်းရယ်ပါ။

အဓိဌာန်ဖြင့်ဆက်သခြင်းဆိုသည်မှာ ဒီအရက်ပုလင်းက ဘယ်နှစ်ရက်၊ အချိန်ဘယ်ရွေ့၊ဘယ်မျှအကြာအထိဆက်သမည်ဆိုသည့်ဘောတရားရယ်ပါ။ ကိုဌေးက လူရိုး၊လူဖြောင့်၊လူမှန်တစ်ယောက်ဖြစ်လေသည်။ နောက်တစ်ချက်ကတော့ ကိုဌေးဟာ စိတ်မြန်၊လက်မြန်ရှိသော လူပုစိတ်တိုဖြစ်လေသည်။ လူပုစိတ်တိုဆိုပေမယ့် သူကတော့ မည်သူတစ်ဦး၊တစ်ယောက်အပေါ်မှ မဟုတ်၊မဟပ်သွားလုပ်ရိုးမရှိပါ။ ထိုသို့ပင် သူ့အပေါ်လာလုပ်လျှင်လည်း သည်းခံနိုင်သလောက်ခံ၏။ မခံနိုင်သည့်အဆုံးတွင် လူပုစိတ်တိုဆိုသည့်အတိုင်း ပါးစပ်ထက် လက်ကအရင်ရောက်သည့်လူစားရယ်ပါ။ တစ်နေ့မှာတော့ ပြသနာက မဖိတ်ခေါ်ပါလေပဲ ရောက်ရှိလို့လာခဲ့လေသည်။

ရောက်ရှိလာခဲ့ပုံကတော့ တစ်နေ့ညနေတွင် ကိုဌေးသူ၏တစ်နေ့တာလုပ်ငန်းများ အလုံးစုံပြီးစီး၍ ခေတ္တခဏနားနေကာ ရေတွင်းသို့သွားကာရေချိုးလေသည်။ ရေချိုးက ပြန်လာပြီးသော် တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှတို့ကို ပြေပျောက်စေရန် ဖြေဖျောက်သည့်အနေဖြင့် သူ့ထံတွင်ထန်းရည်ပင်စင်သောက်သော ပင်စင်သမားနှစ်ယောက်နှင့်အတူ ထန်းရည်သောက်ကြလေသည်။ သုံးယောက်သား စကားတပြောပြောဖြင့်ထန်းရည်သောက်ကြလေရာ လူသုံးယောက်သောက်လို့ ထန်းရည်အိုးတစ်ဝက်ခန့်ကုန်ချိန်တွင် တစ်ဖက်ထန်းတဲမှထန်းသမားသားအဖနှင့်သူတို့တဲမှပင်စင်သမားရယ် ပေါင်းသုံးယောက်တို့ရောက်ရှိလာခဲ့ကြလေရာ

“ဟာ ကိုစိန်သန်း ဦးလေးတို့ လာလေတစ်ခွက်တစ်ဖလားဝင်ဆွဲသွားပါဦး”

ကိုဌေးက မြင်လျှင်မြင်ချင်း ထိုသို့ဖိမန္တကစကားဆိုလိုက်လေသည်။ သူတို့သုံးယောက်အား ကိုစိန်သန်းကဦးဆောင်လာခြင်းဖြစ်လေသည်။ ကိုစိန်သန်းဟာ တစ်ဖက်ထန်းတဲသို့ထန်းရည်ပင်စင်သောက်သည့်လူဖြစ်လေသည်။ သူ့နောက်တွင် သူ့ရဲ့ထန်းသမားသားဖလည်း အတူပါလာခဲ့လေသည်။

“တော်ပြီမောင်ဌေး အရက်ရှိလား အရက်ရှိရင်တော့သောက်ချင်တယ်”

“အရက်တော့မရှိဘူးကိုစိန်သန်း ထန်းရည်သောက်ပါလားဗျ ထန်းရည်ကောင်းတယ် ပြတ်နေပြီ”

“တော်ပြီမောင်ဌေး ငါကအရက်ပဲသောက်ချင်တာ မရှိရင်ပြန်တော့မယ်”

“ဟုတ် ဟုတ်ကိုစိန်သန်း အရက်ကတော့ ကျုပ်လည်းမရှိလို့ပါ”

“အေးပါကွာ”

ဆိုပြီး ကိုစိန်သန်းလည်း သူ့ထန်းသမားနှစ်ယောက်နှင့်အတူ သူတို့ထန်းတဲဖက်သို့ပြန်သွားခဲ့ကြလေသည်။ ဒီလိုနဲ့ဘာမကြာလိုက် နောက်ထက်ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့်မှာ ကိုစိန်သန်းတို့သုံးယောက် ဒုတိယအကြိမ်မြောက်ရောက်လာကြပြန်လေသည်။ သူတို့ရောက်လာချိန်တွင် ကိုဌေးတို့က ထန်းရည်ပထမတစ်မြူကုန်သွား၍ နောက်ထပ်တစ်မြူပင် အစပြုနေပြီဖြစ်လေသည်။ ကိုစိန်သန်းဟာ ယခုအကြိမ်တွင်လည်း ပထမအကြိမ်ကအတိုင်းပင် အရက်သောက်လိုကြောင်းပြောလေသည်။ ကိုဌေးကလည်း မရှိကြောင်းပြောသောအခါ ကိုစိန်သန်းက တဲထောင့်တွင် ကိုဌေးကိုကြီးကျော်ဆက်ထားသောအရက်ပုလင်းထံသို့လှမ်းကြည့်ကာ

“မောင်ဌေး ဟိုပုလင်းချပေးလေ”

“ဟာ အဲ့ဒါမရလို့ပါကိုစိန်သန်း ကျုပ်ကအဓိဌာန်နဲ့ဆက်ထားတာမလို့ပါ ရက်မပြည့်သေးပဲချမရလို့ပါ ကိုစိန်သန်းမှ အရက်တအားသောက်ချင်ရင်လည်း တစ်ဖက်ရွာကို ကျုပ်သွားဝယ်ပေးပါ့မယ်”

“နေပါကွာ သွားမဝယ်ပါနဲ့”

“ဒါဆို ထန်းရည်သောက်ပါလားကိုစိန်သန်းရ”

“တော်ပါပြီကွာ ထန်းရည်တော့ ငါတို့တဲမှာလည်းရှိသားပဲ ငါကအရက်ပဲသောက်ချင်တာ မရတော့လည်းသွားတော့မယ်”

“ဟုတ် ဟုတ်က်ိုစိန်သန်း”

သို့ဖြင့် ကိုစိန်သန်းတို့လည်း သူတို့တဲဖက်သို့ပြန်သွားခဲ့ကြပြန်လေသည်။

စာစဉ်-(6)သို့

#ကြေပါစေ

စာစဉ္-(6)

ကိုစိန်သန်းဟာ ထန်းရည်မသောက်ဘူးသာဆိုပေမယ့် တစ်ခေါက်ဖြင့်တစ်ခေါက် မတူတော့လေပဲ မူးယစ်လာပြီဖြစ်ကြောင်း ရဲတက်လာသည့်သူ့မျက်နှာအသားအရေတို့နှင့်ပြူးကြောင်လာသော သူ့မျက်ဝန်းကသိသာနေစေလေသည်။ ဒီလိုနဲ့ဘာကြာလိုက်မှတ်လို့ တတိယအကြိမ်မြောက်အဖြစ် သူတို့သုံးယောက် တစ်ခေါက်ပြန်ရောက်လာခဲ့ကြပြန်လေသည်။ ဒီတစ်ခါတော့ က်ိုစိန်သန်းအတော်လေးကိုမူးလာခဲ့ချေပြီ။ သူ့မျက်နှာသွင်ပြင်နှင့်သူ့အကြည့်တို့ကရန်လိုနေသလိုပင်

“မောင်ဌေး ငါအရက်သောက်ချင်တယ်ကွာ”

“ယော် ကိုစိန်သန်းကလည်း မရှိတာကိုပဲဇွတ်ပါလားဗျာ”

“ဘာလို့မရှိလဲ ဟိုမှာလေကွာ”

ကိုစိန်သန်းက ကိုဌေးအဓိဌာန်ဖြင့် ကိုကြီးကျော်ဆက်ထားသော ထောင်ပုလင်းအားရည်ရွယ်ပြောခြင်းဖြစ်လေသည်။ ဒါကိုကိုဌေးလည်းသိလေသောကြောင့်

“အဲ့ဒါတော့မလုပ်ပါနဲ့ကိုစိန်သန်းရာ ရက်မပြည့်ပဲ ကျုပ်မချရဲလို့ပါ အစ်ကိုတအားမှသောက်ချင်နေရင် ကျုပ်ဟိုဖက်ရွာကသွားဝယ်ပေးပါ့မယ်”

“မလိုချင်ဘူးမောင်ဌေး အဲ့ဒီပုလင်းထဲကအရက်ပဲငါသောက်ချင်တယ်”

ကိုစိန်သန်းထိုသို့ဇွတ်တရွတ်ပြောနေသော် ကိုဌေးထန်းရည်ဝိုင်းမှထကာ တဲထဲတွင်ဘေးကပ်ထားသောစက်ဘီးအားသွားယူရင်း

“ဒါတော့သည်းခံပါကိုစိန်သန်းရာ ကျုပ်ဟိုဖက်ရွာကိုသွားဝယ်ပေးမယ် မကြာစေရပါဘူး ခဏပဲစောင့်ပါ”

ကိုဌေးက ပါးစပ်ကပြောရင်း လူကလည်းစက်ဘီးအားတွန်းထွက်လာခဲ့လေသည်။ ထိုစဉ်အခါတွင် ကိုစိန်သန်းက သူ့ခါးတွင်အသင့်ဆောင်ယူလာသော အသားဓားအိမ်ထဲမှ ဓားမြှောင်အားဆတ်ခနဲဆွဲထုတ်လိုက်ရင်းး

“ဘာလဲမောင်ဌေး မင်းကငါ့ကိုအာခံချင်တာလား”

“ဟာ အဲ့ဒီလိုမဟုတ် မဟုတ်”

ကိုဌေးကကောင်းမွန်စွာပြောနေပေမယ့် ကိုစိန်သန်းကဓားမြှောင်အားဓားလွတ်ကိုင်ပြီး ဒေါသထွက်၊ရန်လိုနေသောမျက်နှာဖြင့်ရှေ့တိုးလာခဲ့လေသည်။ သူ့ပုံစံကမူးယစ်နေပြီဖြစ်၍ ဘာကိုမျှထည့်မတွက်တော့သည့်ပုံမျိုးရယ်ပါ။ ဒီတော့ကာ ကိုဌေးလည်း ဆက်လက်သွေးအေးနေလို့မဖြစ်တော့သည့်အခြေအနေကိုသဘောပေါက်သွားပြီး လက်ထဲမှစက်ဘီးအား

“ဝုန်း”

“ကဲကြာ”

“ဝှီး”

“ဖြောင်း”

“အ့”

စက်ဘီးအားတွန်းထုတ်လိုက်ပြီး တဲဘေးတွင်ကပ်ထောင်ထားသော ထန်းရည်ချိုအိုးထမ်းသည့် ဝါးမာဝါးးခြမ်းထမ်းပိုးအားဆွဲယူကာ ရန်လိုနေသူကိုစိန်သန်း၏ဦးခေါင်းတည့်တည့်သို့ရိုက်ချလိုက်လေသည်။ ရိုက်ချက်ကကွက်တိပင် ကိုစိန်သန်း၏ဦးခေါင်းချိုစောင်းကိုထိသွားခဲ့လေသည်။ ထိုအခါ ကိုစိန်သန်းတစ်ယောက်မူးဝေသွားကာ ကိုယ်ခန္ဓာယိမ်းယိုင်သွားခဲ့လေသည်။ ကိုဌေးဟာ ကိုယ်ကပြသနာမတက်ချင်သော်လည်း ပြသနာကရှောင်လွှဲမရတော့အောင်တိုးဝင်လာခြင်းရယ်ပါ။ အခုမှတော့မထူးတော့ပြီဟုသဘောပိုက်ကာ ယိမ်းယိုင်သွားသည့်ကိုစိန်သန်းအား ဒုတိယတစ်ချက်ထပ်ဆင့်ရိုက်ချရန် ဝါးထမ်းပိုးကိုင်ထားသည့်လက်အစုံကိုဦးခေါင်းထက်သို့မြှောက်၍ချိန်ရွယ်လိုက်လေသည်။

“သေစမ်း”

“ဟာ”

မြှောက်၍ချိန်ရွယ်လိုက်သည့် ကိုဌေး၏ဝါးထမ်းပိုးနှင့်လက်အစုံကို ကိုစိန်သန်းနှင့်အတူပါလာသောထန်းသမားသားအဖက နောက်ကနေသိမ်းဖက်ထားလိုက်လေသည်။ ဒီတော့ကာ ကိုဌေးခမျာ ဗိုက်ကော့ပေးလိုက်သည့်အသွင်မျိုးဖြစ်သွားခဲ့ရလေသည်။ ထိုအခါ ကိုစိန်သန်းက လက်ထဲမှဓားမြှောင်ဖြင့် ကိုဌေးရဲ့ကော့ပေးသည့်နှယ်ဖြစ်နေသောဝမ်းဗိုက်အား ရှေ့မှအားကုန်ထိုးသွင်းလိုက်လေတော့သည်။ ကိုဌေး လူပုစိတ်တိုဖြစ်သလို ပုသည့်သူအများစုတို့၏သဘောတရားအတိုင်းသွက်လက်စွာဖြင့် ကိုယ်ခန္ဓာအားယိမ်းနွဲ့ရှောင်လိုက်လေသည်။

“ဗျိ”

သို့သော်လည်း သူ့လက်အစုံကို သားဖနှစ်ယောက်မှနောက်ကလှန်ဆွဲထားတော့ ချုပ်ကိုင်ပေးထားသည့်နှယ်ဖြစ်နေ၍ လွတ်လွတ်ကျွတ်ကျွတ်ရှောင်တိမ်းလို့မရပါချေ။ အားကုန်ထိုးလိုက်သောဓားမြှောင်က သူ့ဝမ်းဗိုက်ဘေးသို့ပွတ်ထိုးမိသွားလေသည်။

“ဟိတ်”

သူ မာန်ထည့်ပြီး ဆောင့်ရုန်းပစ်လိုက်သောကြောင့် ချုပ်ကိုင်ထားသည့်ထန်းသမားသားအဖရဲ့လက်မှလွတ်မြောက်သွားခဲ့လေသည်။ လွတ်မြောက်သွားပေမယ့် ဝါးထမ်းပိုးကတော့ ထိုသားအဖလက်ထဲတွင်ကျန်ရစ်ခဲ့သည့်အတွက် ကိုဌေးဟာအသွားမြိလှသောဓားမြှောင်အားကိုင်ဆောင်ထားသည့်ကိုစိန်သန်းကို လက်ဗလာဖြင့်ရင်ဆိုင်ခဲ့ရလေသည်။ ကိုစိန်သန်းက ဓားမြှောင်ဖြင့် ဆက်တိုက်လိုက်ထိုးတော့လေရာ ကိုဌေးလည်းနောက်ဆုတ်၊ နောက်ဆုတ်ဖြင့်ရှောင်ရင်း၊တိမ်းရင်း ပဲစိမ်းငုံအခင်းထဲသို့ရောက်သွားခဲ့ရလေသည်။

“ဝုန်း”

“ဟာ”

“သေစမ်း”

ပဲစိမ်းငုံခင်းထဲမှာအောက်ပိုင်းရှုပ်သောကြောင့် ကိုဌေးခြေထောက်တို့ဟာ ပေါင်းပင်များနှင့်ငြိတွယ်မိပြီး ပက်လက်လန်လဲကျသွားခဲ့ရလေသည်။ ထိုအခါတွင် ဒေါသမုန်ယိုနေသောကိုစိန်သန်းက ပက်လက်လဲကျနေသည့်ကိုဌေးက်ို အပေါ်ကနေစိတ်ကြိုက်ခွထိုးလေတော့သည်။ ကိုဌေးဟာအထက်မှာဆိုခဲ့သည့်အတိုင်း လျင်မြန်ဖျတ်လတ်သူဖြစ်၍ ပက်လက်လဲကျနေရာမှ ကိုယ်ကိုတိမ်းကာ၊ယိမ်းကာဖြင့်ကြိုးစားရှောင်တိမ်းလေသည်။

သို့သော်လည်း လက်နက်နှင့်သူအား လဲကျလျှက်မှလက်နက်မဲ့ဖြင့်ရင်ဆိုင်နေရသည့်အတွက် သူ့ကိုယ်ခန္ဓာအနှံ့အပြားတွင် ဓားချက်ပေါင်းမြောက်များစွာအထိခံရလေသည်။ ကျန်လူတို့မှာရုတ်တရက်ကြောင်နေကြလေသည်။ ထိုစဉ် ပထမဆုံးအသိဝင်လာသူက တော့ တစ်ဖက်ရွာကနေ ကိုဌေးရဲ့သားလေးတွေကိုလာရောက်ထိန်းကူပေးနေသည့် ဆယ်နှစ်ဝန်းကျင်အရွယ်ရှိ ကိုဌေးရဲ့ညီလေးမှ

“ဦးပုတို့၊ဦးလွင်တို့လုပ်ကြပါဦးဗျာ၊ ကယ်ကြပါဦးဗျာ ကျနော့်အစ်ကိုကြီးကိုဓးနဲ့ထိုးနေတယ် ကျနော့်အစ်ကိုကြီးသေရတော့မယ် ကယ်ကြပါဦးဗျာ ကယ်ကြပါဦးဗျာ”

ဟု ငိုသံပါကြီးဖြင့် အသံကုန်အော်ဟစ်ပြီးအကူအညီတောင်းလေတော့သည်။ ဒီတော့မှ ကိုဌေးရဲ့ပင်စင်သမားနှစ်ယောက်သတိဝင်လာခဲ့ကြပြီး တစ်ယောက်ကထန်းရည်ထည့်သောမြေအိုးများကိုတစ်ဖက်တစ်လုံးဆွဲကိုင်သလ်ို၊နောက်တစ်ယောက်က ထင်းခုတ်သည့်ဓားမကြီးအားကောက်ယူပြီး

“ဟေ့ကောင်မလုပ်နဲ့ ဟေ့ကောင်တော်တော့”

“ဟိတ်ကောင် မလုပ်နဲ့ ဟိတ်ကောင်”

ဆိုပြီး အခင်းဖြစ်နေသူများထံသို့ ကြောက်ရွံ့၊ကြောက်ရွံ့ဖြင့် တိုးဝင်သွားလေရာ ကိုစိန်သန်းလည်းထိုနေရာမှ တဟုန်ထိုးပြေးထွက်သွားခဲ့လေတော့သည်။
☆*☆*☆*☆*☆*☆*☆

ရွာနှစ်ရွာကြားရှိ သစ်ပင်တို့အုပ်အုပ်ဆိုင်းဆိုင်းဖြင့် ခြံကျယ်ကြီးတစ်ခုအတွင်းမှာဖြစ်လေသည်။ အချိ်န်ကာလက ဆောင်းဝင်နေပြီဖြစ်၍ ချမ်းအေးနေလေသည်။ ခြံထဲရှိ ဖိုခနောက်ဆိုင်အိမ်သုံးလုံးရဲ့အလယ်ခေါင်ဘေးနားတွင် မီးဖိုကြီးတစ်ခုရှိလေသည်။ မီးဖိုဘေးမှာ ကလေးငယ်လေး၊ငါးယောက်တို့ရှိနေခဲ့ကြပြီး

“အမေရေ ထမင်းအိုးပွက်နေပြီ”

“အေး အေး လာပြီ”

မီးဖိုနှင့်မလှမ်းမကမ်းက ထန်းလက်ကုလားထိုင်ပေါ်တွင်အမျိုးသမီးကြီးတစ်ယောက်ရှိလေရာ ကလေးတို့ထံမှထမင်းအိုးပွက်ပြီဆို၍ လက်ထဲမှပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အုန်းမှုတ်ခွက်အတွင်းသို့ထည့်ထားခဲ့ပြီး ထလာခဲ့လေသည်။ ထို့နောက်ထမင်းအိုးကိုစောင့်ကြည့်ကာ ငှဲ့သင့်သည့်အနေအထားသို့ရလျှင် ထမင်းရည်ငှဲ့လေသည်။ ထမင်းရည်ငှဲ့ပြီးသော် ထမင်းအိုးကိုမီးဖိုပေါ်တွင်ခဏထားကာ ဘေးသို့မီးကျည်ခဲအနည်းငယ်ကိုဖြန့်ထုတ်လေသည်။ပြီးလျှင် ထမင်းအိုးကိုထိုမီးခဲလေးများအပေါ်သို့ချနှပ်ကာ ဟင်းဒယ်အိုးအားမီးဖိုပေါ်တင်လိုက်လေသည်။ သံဒယ်အိုးအတွင်းတွင် သဲဖားတို့နှင့်ကုလားပဲရွက်နုနုလေးကို ရောချက်သည့် ဖား၊ကုလားပဲရွက်ဟင်းဖြစ်လေသည်။ ထို့စဉ်အချိန်မှာပင်

“ဝုတ် ဝုတ်”

“ဝေါင်း ဝေါင်း ဝေါင်း”

“ဦးမန်းစံ ဦးမန်းစံ ခွေးကြည့်ပါဦးဗျ”

ခြံထဲမှခွေးအုပ်ကြီးကထိုးဟောင်သောကြောင့် ခြံအပြင်ဖက်မှထိုသို့လှမ်းအော်ပြောသည့်အသံထွက်ပေါ်လာခဲ့လေရာ ကလေးငယ်တို့နှင့်မနီးမဝေးနေရာရှိ လူအယောက်နှစ်ဆယ်မျှတက်အိပ်၍ရသော အသားစင်ကြီးပေါ်တွင်ထိုင်နေသော ခြံပိုင်ရှင်ဦးမန်းစံမှ

“ဝေးးးး ဘယ်သူတွေလဲ မကိုက်ပါဘူး လာ လာဝင်ခဲ့ကြ ဟိတ် နီမ၊ဘိုဖြူအသာနေကြစမ်း”

ဦးမန်းစံဟန့်လိုက်သည်နှင့်တပြိုင်နက် အစောကဆူညံစွာဟောင်နေကြသောခွေးများအသံတိတ်သွားခဲ့လေသည်။

စာစဉ်-(၇)သို့

#ကြေပါစေ

စာစဉ္-(7)
“ဦးမန်းစံ ကျုပ်ရဲရှင်းပါဗျ ခင်များသားမောင်ဌေးဓားထိုးခံရလို့”

“ဟေ ဟုတ်လား ဘယ်လိုဖြစ်ရတာလဲ ဘယ်သူကထိုးတာလဲ”

ကိုဌေးဟာ ထိုခြံပိုင်ရှင်ဦးမန်းစံ၏သားအကြီးဆုံးဖြစ်လေသည်။ ဦးမန်းစံစကားဆုံးသော်တစ်ဖက်မှဆက်လက်၍

“ဦးမန်းစံသားလွန်းမောင်ရဲ့ယောက်ဖ စိန်သန်းကထိုးတာပါ အခုသူတို့ရဲစခန်းကိုသွားပြီ အဲ့ဒီကနေဆေးရုံကိုဆက်သွားကြမယ် အဲ့ဒါဦးမန်းစံကိုကျုပ်လာခေါ်တာ”

“အမလေးကိုမန်းစံရဲ့ ကျုပ်သားကြီးကိုကယ်ပါဦးတော့”

“ဟာ နန်းမွေ့ စိတ်ထိန်းစမ်းပါ ဟိုမှာဘာမှန်းမသိရသေးပဲ အခြေအနေအတော်ဆိုးလားရဲရှင်း ဘယ်ကိုထိသွားတာလဲ”

အမျိုးသမီးကြီးခမျာ သားဖြစ်သူ၏ စိတ်မချမ်းမြေ့ဖွယ်သတင်းအားကြားလျှင် ကြားကြားချင်းစိုးရိမ်ပူပန်စွာငိုကြွေးလေတော့သည်။ ထို့ကြောင့် ဦးမန်းစံမှဇနီးသည်အားတားဆီးရင်း တစ်ဖက်ကိုလည်းအခြေအနေမေးမြန်းလိုက်လေသည်။

“ဟုတ်ဦးမန်းစံ ထိတာကတော့နေရာအနှံ့ပဲ ဒါပေမယ့်အခြေအနေမဆိုးပါဘူး ထန်းတဲကနေရွာထဲကိုသူ့ဘာသာလမ်းလျှောက်လာတာပါ နွားလှည်းပေါ်လည်း ဒီအတိုင်းခုန်တက်သွားတယ်”

“ေဩာ် အေး အေး ခဏနော်ရဲရှင်း ငါဒီမှာလိုအပ်တာလေးတွေယူခဲ့ဦးမယ် စိုင်း ငါ့သားကြီး ကလေးတွေကိုထမင်းကျွေးပြီး မောင်နှမတွေတည့်တည့်ရှုရှုနေကြနော် အဖေတို့လိုက်သွားရဦးမယ်”

ဦးမန်းစံကသတင်းလာမေးသူများကို လှမ်းပြောရင်းကနေ သားသမီးများကိုပါတဆက်တည်းမှာကြားလေသည်။

“ဟုတ် ဦးမန်းစံ ကျုပ်တို့စောင့်နေမယ်”

“ဟုတ်ကဲ့ပါအဖေ”

ထို့နောက်တော့ ဦးမန်းစံတို့လင်မယားလည်း သတင်းလာပို့သူများနှင့်အတူ လိုက်ပါသွားခဲ့လေသည်။ ခြံထဲမှာတော့ အရွယ်မရောက်သေးသည့်သားသမီးငယ်လေးတွေသာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ကျန်ရစ်ခဲ့ရလေတော့သည်။
☆*☆*☆*☆*☆*☆*☆

#မြို့နယ်ပြည်သူ့ဆေးရုံကြီး

“သား ဘယ်လိုနေလဲ နေသာရဲ့လား”

“ဟုတ်ကဲ့အမေ သားနေကောင်းပါတယ် မိနုသားလေးတွေဘယ်သူနဲ့ထားခဲ့လဲ”

“သားလေးတွေဆီ ယောက်ခမကြီးသွားနေတယ်လေ စိတ်မပူပါနဲ့ကိုဌေး ကိုယ့်ကျန်းမာရေးကသာအရေးကြီးတာပါ”

ကိုဌေးတစ်ယောက်ဆေးရုံတင်ထားရလေသည်။ ဓားထိရာတွေကကိုယ်ခန္ဓာအနှံ့အပြားတင်ဖြစ်ပြီး ထိုအထဲမှအဆိုးဆုံးကတော့ ပါးမှဒါဏ်ရာနှင့်ဝမ်းဗိုက်မှဒါဏ်ရာတို့ပင်ဖြစ်လေသည်။ ပါးစောင်မှဒါဏ်ရာက ပါးဟောလောပွင့်သွားပြီး အတွင်းမှသွားများကိုဒီအတိုင်းမြင်နေရသည်အထိရယ်ပါ။ အခြားဒါဏ်ရာတို့က အသက်အတွက်စိုးရိမ်စရာသိပ်မရှိသော်လည်း ဗိုက်မှဒါဏ်ရာက အတွင်းကလီဇာ(အူမကြီး)တို့ကိုထိမထိ အသေချာမသိရ၍ ခွဲစိတ်ခန်းဝင်ရလေသည်။ယခုအခါတွင် ဆေးရုံတင်ထားသည်မှာတစ်လနီးပါးရှိခဲ့ပြီဖြစ်၍ အခြားဒါဏ်ရာအသေးအမွှားတို့မှာ ပျောက်ကင်းလုလုအနေအထားတွင်ရှိလေသည်။

ဆေးရုံတွင် နောက်မှလူကအချိန်းအပြောင်းနှင့်ဖြစ်ကြကာ ကိုဌေးရဲ့မိခင်ကြီးဒေါ်နန်းမွေ့နှင့်ဇနီးသည်မနုတို့နှစ်ယောက်ကတော့ ပင်တိုင်အစောင့်များဖြစ်လေသည်။ ကိုဌေးဟာ လူငယ်လည်းဖြစ်၍ ခံနိုင်ရည်အားကောင်းကာ အနာအကျက်၊အပျောက်မြန်လေသည်။ ယခုအခါ ဗိုက်မှခွဲစိတ်ထားသော ခွဲစိတ်ဒါဏ်ရာချုပ်ရိုးကြောင်းပင် အပြင်ချုပ်ရိုးပြန်လည်ဖျည်ပြီးပြီဖြစ်၍ ထိုဒါဏ်ရာစိတ်ချရလျှင် ဆေးရုံမှဆင်းခွင့်ရတော့မည်ဖြစ်လေသည်။ အကျဉ်းချုံးပြောရသော် နောက်တစ်ပတ်ဝန်းကျင်လောက်မှာ ကိုဌေးဆေးရုံကဆင်းခွင့်ရတော့မည်ဖြစ်လေသည်။ တစ်ဖက်လူဟာလည်း လုံးဝသူစိမ်းကြီးမဟုတ်၍ အမှုအခင်းတွေ၊ဘာတွေအကျယ်အကျယ်လုပ်မနေခဲ့ကြတော့ပါချေ။ ဒီလိုနဲ့တစ်နေ့သောအချိန်မှာတော့

“အဟွတ် အဟွတ် အဟွတ်”

ကိုဌေးတစ်ယောက် ဆေးရုံကုတင်ပေါ်တွင်ပက်လက်အနေအထားမှ ချောင်းဆိုးလိုက်ခြင်းဖြစ်လေသည်။ ထိုစဉ်မှာမိခင်ကြီးဒေါ်နန်းမွေ့ဟာ အနီးရှိတစ်ဖက်မှလူမမာစောင့်နှင့်စကားပြောနေခြင်းဖြစ်၍ ကိုဌေးချောင်းဆိုးသည်ကို သတိမထားမိလိုက်ပါချေ။ သို့ကြောင့် ကိုဌေးကမိခင်ကြီးအားလှမ်းကြည့်လိုက်ကာ

“အေမ”

ခပ်တိုးတိုးလှမ်းခေါ်လိုက်လေသည်။ မိခင်ကြီးလှည့်ကြည့်ပြီး သားဖြစ်သူထံချက်ချင်းထလာခဲ့လေရာ အနီးနားရောက်လာသည်နှင့်ကိုဌေးမှ

“အမေ သားဗိုက်လေးအေးနေသလိုခံစားရလို့ ကြည့်ပေးပါဦး”

“အေးအေးသား အမေကြည့် ကြည့် ဟယ်”

မိခင်ကြီးမျက်လုံးအစုံပြူးကျယ်သွားရကာ ဦးခေါင်းသို့မိုးကြိုးပစ်သည်နှယ်ခံစားလိုက်ရလေသည်။ အကြောင်းမှာ ကိုဌေးစကားကြောင့်မိခင်ကြီးငုံ့ကြည့်လိုက်သော် ကိုဌေးဝမ်းဗိုက်မှမြင်ကွင်းကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့ရခြင်းရယ်ပါ။ သို့သော်လည်းသည်အတိုင်းကြည့်နေရုံဖြင့်မပြီးလေသောကြောင့် မိခင်ကြီးဟာ အထိတ်တလန့်ဖြစ်ပြီးပျာယာခတ်သွားရသောစိတ်ကို သတိဖြင့်ထိန်းချုပ်လိုက်ကာ

“သား ခဏနော် အမေဆရာမလေးသွားခေါ်လိုက်ဦးမယ်”

ကိုဌေးအနီးကနေ မိခင်ကြီးအပြေးတစ်ပိုင်းထွက်ခွာသွားခဲ့လေသည်။ ကိုဌေးအား အမြဲကြည့်ရှုပေးရသောဆရာမလေးထံရောက်လျှင် အကျိုးအကြောင်းပြောပြလိုက်ရာ ဆရာမလေးလည်း ချက်ချင်းလိုက်လာခဲ့လေသည်။ ထိုသို့ဆရာမလေးအားခေါ်လာခဲ့ရာ လမ်းခုလတ်တွင် ကိုဌေးရဲ့မိန်းမမနုကိုလည်းတွေ့ရလေသောကြောင့် ဒေါ်နန်းမွေ့မှ သွားရင်း၊လာရင်းအကျဉ်းချုံးပြောပြခဲ့လေသည်။ သို့ဖြင့် သူတို့တတွေ ကုတင်ပေါ်တွင်ပက်လက်လေးအတိုင်းရှိနေသောကိုဌေးထံသို့ရောက်လာခဲ့ကြလေသော် ဆရာမလေးနှင့်မနုက ကိုဌေးရဲ့ဝမ်းဗိုက်အားပြိုင်တူငုံ့ကြည့်လိုက်ကြပြီး

“အမလေးကိုဌေးးရဲ့”

“အို ….ဖြစ်မှဖြစ်ရပလေကိုဌေးရယ်”

နှစ်ယောက်စလုံး၏ထံမှ ထိုသို့မချိတင်ကဲရေရွတ်သံတို့ပြိုင်တူထွက်ပေါ်လာခဲ့လေသည်။

“ဆ ဆရာမလေး ကျမ ကျမသားကြီးကိုကယ်ပါဦးရှင်”

ဒေါ်နန်းမွေ့ပါးပြင်မှ မျက်ရည်တို့ဒလဝေါစီးဆင်းကုန်ကြလေတော့သည်။ အကြောင်းရင်းကတော့ ကိုဌေးရဲ့ဝမ်းဗိုက်ချုပ်ရိုးပွင့်ထွက်ကာ အတွင်းမှအူ၊အသည်းနှင့်ဝမ်းတွင်းကလီဇာတို့ကို သည်အတိုင်းဟင်းလင်းကြီးမြင်တွေ့လိုက်ကြရသောကြောင့်ဖြစ်လေသည်။ ဆရာမလေးလည်း ရင်ဘတ်လေးအားလက်နှင့်ဖိကာ အထက်ပါအတိုင်းမချိတင်ကဲရေရွတ်ပြီးလျှင် ဆေးရုံအုပ်ကြီးထံသို့အပြေးအလွှားသတင်းပို့လေသည်။ ထိုသို့ဖြင့် ကိုဌေးတစ်ယောက် ဒုတိယအကြိမ်အဖြစ် ခွဲစိတ်ခန်းအတွင်းသို့ပြန်ဝင်ခဲ့ရလေတော့သည်။

ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ ဝမ်းဗိုက်အားချုပ်ထားသောအတွင်းချုပ်ရိုးမသေချာသည့်အတွက်ကြောင့် ချောင်းဆိုးလိုက်ရုံဖြင့် ပွင့်ထွက်သွားခဲ့ရခြင်းသာဖြစ်လေသည်။ ထိုအချိန်အထိသာ အပြင်ချုပ်ရိုးမဖျည်ရသေးလျှင် ကိုဌေးတစ်ယောက်ယခုလိုမျိုး ဝမ်းဗိုက်ပွင့်ထွက်ရလိမ့်မထင်ပါချေ။ သို့သော်လည်း မည်သူ့ကိုမျှအပြစ်ရယ်လို့တင်မနေတော့လေပဲ ကံ ကံ၏အကျိုးရယ်လို့သာ သဘောပိုက်၍ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေကိုဌေးရယ်။
☆*☆*☆*☆*☆*☆*☆

စာစဉ်-(8)သို့

#ကြေပါစေ

စာစဉ္-(8)

“ကိုကြီးရေ ညီလေးတို့ကိုထားခဲ့ပြီလား”

“ထကြည့်ပါဦးကိုကြီးရဲ့”

“ဖေဖေအီးးးးဟီးးး အီးးး အီးးး ”

ကိုဌေးတစ်ယောက်ကံကြမ္မာက မျက်နှာသာမပေးလေတော့ ဆေးရုံဆင်းရကာနီး တစ်ပတ်လောက်အလိုကြမှ အတွင်းချုပ်ရိုးကြောင်းပွင့်ထွက်သွားခဲ့ရလေသည်။ ချက်ချင်းခွဲစိတ်ခန်းပြန်သွင်းခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမရှိတော့ပါလေပဲ ထိုနေ့ည မနက်မလင်းခင်မှာပင် လူလောကကြီးထဲမှာ ထွက်ခွါသွားခဲ့ရလေတော့သည်။ ကိုဌေးထန်းတဲတွင်ထန်းရည်ပင်စင်သောက်သော ကိုလွင်ဆိုလျှင် ကိုဌေးဆုံးသွားပြီဟုသတင်းကြားသော် ဘယ်လိုမှမယုံကြည်၊ဘယ်လိုမှလက်မခံနိုင်ဖြစ်နေခဲ့လေသည်။

ဘာကြောင့်လဲဆိုတော့ ဟိုအရင်နေ့ကတင် သူဆေးရုံမှာလူမမာစောင့်ပေးနေခဲ့ပြီး ကိုဌေးအတော်သက်သာလာသောကြောင့် စိတ်ချရသည့်အနေအထားဖြစ်၍ သူပြန်လာခဲ့ခြင်းဖြစ်လေသည်။ ယခုသူပြန်လာလို့နှစ်ညလွန်မြောက်သည့်မနက်မှာတင် ထိုသတင်းအားကြားခဲ့ရခြင်းကြောင့်ရယ်ပါ။ သို့ပေမယ့် ထိုသတင်းဟာအမှန်ဖြစ်နေသည့်အတွက် သူမယုံကြည်၊လက်မခံနိုင်သော်လည်း နေ့လည်တွင်ကိုဌေး၏သက်မဲ့ကိုယ်ခန္ဓာကြီးက ရွာသို့ပြန်ရောက်လာခဲ့ချေပြီ။ သူတို့မိသားစုဟာ ဘယ်ဘဝကဝဋ်ကြွေးပါလာခဲ့လို့များလဲတော့မသိ။

လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်က သူ့သားအကြီးဆုံးအောင်အောင်လေးဟာ ညအိပ်ရာထဲတွင် မြွေတက်ကိုက်၍သေဆုံးခဲ့ရလေသည်။ အခုကိုဌေးကြပြန်တော့လည်း ဘာမှမပြောပလောက်သောကိစ္စတစ်ခုကို အကြောင်းပြုကာ သူတစ်ပါးလက်ချက်ဖြင့် အသက်ဆုံးပါးခဲ့ရလေသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါချေ။ ဆေးရုံတွင် ကိုဌေးအတွင်းချုပ်ရိုးမသေချာ၍ ဗိုက်ပွင့်သွားသည်ကိုငုံ့ကြည့်ခဲ့မိသော ဇနီးဖြစ်သူမနုဟာလည်း ဗိုက်အတွင်းမှ အူ၊အသည်း၊ဝမ်းတွင်းကလီဇာတို့ကိုတိုက်ရိုက်မြင်တွေ့ကာ သည်းခြေပျက်သွားခဲ့ရပြန်လေသည်။

သို့ကြောင့် ကိုဌေးရဲ့ဇနီးမနုကိုလည်း စိတ်ရောဂါဝေဒနာသည်များအားကုသသည့် စိတ်ရောဂါဆေးရုံသို့တင်ထားကြရလေသည်။ ေဩာ် ဘဝ ဘဝ အတော့်ကိုဆိုးဝါးကြပါလား။ မိသားစုဝင်အားလုံးနီးပါးကို အတိဒုက္ခရောက်ခဲ့ကြရလေသည်။
သူတို့မိသားစုထက် ကံဆိုးသောသူတို့ပင်လျှင် သူတို့မိသားစုလောက်အဖြစ်ဆိုးမည်မထင်ပါချေ။ မနုတစ်ယောက် ဆေးရုံတင်ထားရသည့်အချိန်တွင် ကိုဌေး၏သားလေးနှစ်ယောက်ရှိရာသို့ ကိုဌေးရဲ့မိဘနှစ်ပါးနှင့်မိသားစုဝင်အချို့သွားရောက်နေထိုင်ကြခဲ့လေသည်။

ကိုဌေးတို့မိသားစုဟာ စီးပွားရေးအခြေအနေကောင်းသောကြောင့် ရွာထဲတွင်လည်း အိမ်ဝိုင်းရှိလေသည်။ သို့ကြောင့် ဦးမန်းစံဟာ ကိုဌေး၏ထန်းတဲတွင်ထန်းသမားနှင့်အတူနေ့ခင်းတွင်နေထိုင်ကြကာ ညသို့ရောက်လျှင်တော့ ရွာထဲမှက်ိုဌေးရဲ့အိမ်သို့ပြန်လည်အိပ်ကြလေသည်။ ဦးမန်းစံရဲ့နှစ်ရွာကြားမှ ခြံကြီးကိုလည်းပစ်ထား၍မရသောကြောင့် ကလေးအချို့နေထိုင်ကြလေသည်။ ထိုခြံအတွင်းမှာက တန်ဖိုးရှိပစ္စည်းရယ်လို့ လက်ဆပ်၊လက်ကိုင်ပြစရာမရှိသော်ငြားလည်း ကြက်အကောင်ရေရာချီ၍ရှိသောကြောင့်ဖြစ်လေသည်။

ကိုဌေးအိမ်တွင် သွားရောက်နေထိုင်ကြစဉ် မိခင်ကြီးဒေါ်နန်းမွေ့နှင့်အိမ်နီးချင်းအမျိုးသမီးတို့စကားထိုင်ပြောနေခဲ့ကြလေသည်။ သူတို့ဟာ အိမ်အပြင်ဖက်လသာသာတွင် တိုင်လေးတိုင်နှင့်ဆောက်လုပ်ထားသော ဝါးစင်ထက်တွင်ထိုင်နေကြခြင်းရယ်ပါ။ ဝါးစင်လေး၏အနီးတွင် ဧည့်လာ၊သောင်လာတို့စားသောက်စေရန်အတွက် လက်ဖက်သုပ်၊ကွမ်းအစ်၊ဆေးလိပ်ခွက်တို့တင်ရန်စားပွဲကြီးတစ်လုံးချထားလေသည်။

စားပွဲ၏တစ်ဖက်မှာ တိုင်းယားတစ်ခုလည်းချထားလေသည်။ဒေါ်နန်းမွေ့က ဝါးစင်ပေါ်ထိုင်ရင်း ခြေနှစ်ဖက်ကိုအောက်သို့တွဲလောင်းချထားလေသည်။ ထိုသို့ထိုင်ကာ စကားပြောနေကြစဉ် အချိန်က ည၈နာရီခွဲ၊ကိုးနာရီဝန်းကျင်ခန့်တွင်ဖြစ်လေသည်။ ဝါးစင်လေးပေါ်ကနေအောက်သို့တွဲလောင်းချထားသည့် ဒေါ်နန်းမွေ့၏ခြေထောက်တစ်ဖက်မှ ခြေကျင်းဝတ်သို့ တစ်စုံတခုကရုတ်တရက်လာထိလေသည်။ ထိခြင်းမဟုတ်လေပဲ ခြေကျင်းဝတ်အား ဆုပ်ကိုင်လိုက်ခြင်းဖြစ်ကြောင်း အထိအတွေ့ကြောင့် ဒေါ်နန်းမွေ့အတတ်သိလိုက်ရခြင်းရယ်ပါ။

“အမလေးသားကြီးရဲ့ ဘဝခြားနေတာတောင် အကျင့်ကမပျောက်ပဲ အမေ့ကိုစနောက်ချင်တုန်းပဲလား အမေ့ခြေထောက်ကို အမေ့သားကြီးလာဆုပ်ကိုင်တာ အမေသိတယ်သားကြီးရဲ့ အဟီး အီးး အီးး အမေဘယ်လိုဖြေရမှာလဲသားကြီးရယ်”

ဒေါ်နန်းမွေ့ အထက်ပါအတိုင်းပြောရင်း အားပါးတရအော်ဟစ်ငိုကြွေးပစ်လိုက်လေသည်။ စကားပြောနေကြသည်မှာ ထိုဝိုင်းထဲတွင်နေထိုင်ကြသော လူအားလုံးနီးပါးဖြစ်၍ လူအတော်များလေသည်။ သို့ကြောင့် ဒေါ်နန်းမွေ့မှအထက်ပါအတိုင်းပြော၍ငိုကြွေးသော် စင်အောက်သို့လက်နှိပ်ဓာတ်မီးဖြင့်ကုန်းထိုးကြည့်ကြလေသည်။ သူတို့စိတ်ထဲမှာ စင့်အောက်တွင် ခွေးတို့၊ဝက်တို့ရှိလေမလားရယ်လို့ပေါ့။ သို့သော် ထိုစင်အောက်တွင် ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိလေပဲ ပြောင်တလင်းခါနေလေသည်။

“အေး ဟုတ်တယ်ဟ အောက်မှာဘာမှမရှိဘူး”

“ယော် ဘယ်ရှိပါ့မလဲ ဒါသေချာတယ် မယုံနိုင်စရာဘာမရှိဘူး ဘာလို့လဲဆိုတော့ မောင်ဌေးအကြောင်းငါတို့အသိဆုံးလေ သူကဒေါ်လေးရှမ်းမကြီးကိုသိပ်ချစ်တာ ဒါ့ကြောင့် သူရှိကြောင်းအသိပေးရင်း စနောက်နေတာပဲ”

“အေးလေ ယုံပါတယ် ဘာလို့လဲဆိုတော့ သူကအစိမ်းသေသေတာလေ အစိမ်းသေသေရင် အခုလိုကြုံကြရတာသဘာဝပဲ တစ်ခုတော်သေးတာက သူက ဘယ်သူ့ကိုမှကြောက်လန့်အောင်မခြောက်လှန့်လို့ပဲ”

လူတွေလည်း ဒေါ်နန်းမွေ့ငိုကြွေးနေစဉ် ဘေးနားကနေ အထက်ပါအတိုင်း တီးတိုး တီးတိုးဖြင့် သဖန်းပိုးလုပ်နေခဲ့ကြလေသည်။ ဤသို့ဖြင့် အိပ်ချိန်သို့ရောက်သော် လူအားလုံးဟာ အလျှိုအလျှိုဖြင့် ကိုယ့်အိမ်၊ကိုယ့်ရာသို့ပြန်ကုန်ကြလေသည်။ သည်တော့ကာ ဒေါ်နန်းမွေ့တို့မိသားစုလည်း ကိုဌေးရဲ့မြေဆိုက်ထရံကာ၊ဝါးကပ်မိုးလေးပင်အိမ်လေးအတွင်းသို့ဝင်ရောက်အိပ်စက်ခဲ့ကြလေတော့သည်။ ညဉ့်နက်သန်းခေါင်ယံ လူအားလုံးအိပ်မောကျနေသည့်အချိန်တွင်

“တောက် ”

“တောက် တောက် ”

“တောက် တောက် တောက် တောက်”

“ဟင်”

အိမ်ခေါင်မိုးထိပ်တည့်တည့်မှ ထိုသို့တစ်တောက်တောက်ဖြင့် ဝါးလုံးအားတုတ်ဖြင့်ခေါက်နေသည့်အသံမျိုး အချိန်အတော်ကြာသည်အထိ ဆက်တိုက်ကြီးမရပ်မနားထွက်ပေါ်နေလေတော့သည်။ ရွာထဲရှိအခြားသောအိမ်မှလူများတော့ ကြားမကြားမသိ။ ကိုဌေးအိမ်အတွင်းတွင်အိပ်စက်နေကြသော မိခင်ကြီးဒေါ်နန်းမွေ့နှင့် ကလေးအချို့တို့ကတော့ ထိုအသံကိုအချိန်အတော်ကြာကြာအထိအတိုင်းသားကြားနေခဲ့ရလေသည်။ ေဩာ် သံယောဇဉ် သံယောဇဉ် ဘဝခြားနေသည့်တိုင် သံယောဇဉ်ကရုတ်တရက်မပြတ်တောက်နိုင်လေတော့ ထိုသို့ပင်နည်းအမျိုးမျိုးဖြင့် လာရောက်နှုတ်ဆက်နေလေတော့သည်။

ထို့နောက်တွင် အချိန်အလွန်အမင်းကြီး မကြာသောကာလတွင် မနုတစ်ယောက်စိတ်ရောဂါကုဆေးရုံမှ ဆင်းလာခဲ့လေသည်။ သူမပြန်လည်ရောက်ရှိလာပြီဆိုတော့ ဦးမန်းစံတို့မိသားစုသည်လည်း မိမိတို့၏မူလနေရပ်ဖြစ်သော ရွာနှစ်ရွာကြားမှခြံကြီးရှိရာသို့ ပြန်လည်ပြောင်းရွေ့၍လာခဲ့ကြပြီး ဒီနေရာလေးမှာတင် #ကျွန်ုပ်စိုင်းဇာနည်IdeaSaiရေးသားသည့် #ကြေပါစေတော့သည်ဝဋ်ကြွေး ဟုအမည်ရ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး နိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။ ဖတ်ရှုအားပေးကြသော စာရှုသူအားလုံးကို တစ်ဦးချင်း၊တစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။

*******ပြီးပါပြီ*******