ကြောင်နက်ကျိန်စာ

ကြောင်နက်ကျိန်စာ(စ/ဆုံး)

—————————-

အချိန်သည်ကား ည ၁၁ နာရီဝန်းကျင်ခန့်။
နေရာမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်နေရာ…။
ဆယ့်နှစ်ဘီးကုန်ကားကြီးတစ်စင်းမှာ အမြန်လမ်းမပေါ်တွင် အရှိန်မှန်မှန်ဖြင့်မောင်းနှင်လာခဲ့သည်။
ကားကိုမောင်းနှင်နေသူကား ဒရိုင်ဘာနေထွန်းဖြစ်ပြီး ဘေးနားတွင်မူ တပည့်ဖြစ်သူ စပါယ်ယာသူရကား ကွမ်းတစ်မြုံ့မြုံ့ဖြင့် ကားတံခါးဘောင်ပေါ်ကိုလက်တင်ပြီး အပြင်ဘက်ကိုငေးကြည့်လိုက်ပါခဲ့သည်။

“သူရ အိပ်ချင်နေပြီလား”
“မအိပ်ချင်ပါဘူးဆရာ”
“အေးကွာ တို့ကုန်ကားသမားတွေရဲ့ဘဝက ဒီလိုပဲကွ အိပ်လဲကားပေါ် စားလဲကားပေါ် မင်းလဲစပါယ်ယာဘဝနဲ့ကျေနပ်မနေနဲ့ဦး ဒရိုင်ဘာဖြစ်အောင်ကြိုးစား ဟိုရှေ့ကျရင်လမ်းဖြောင့်ပြီ အဲ့ကျမှမင်းမောင်းတော့”
“ဟုတ်ကဲ့ပါဆရာ”

သူရကား အသက်နှစ်ဆယ်ခန့်လူငယ်တစ်ယောက်။
နေထွန်းမောင်းနှင်နေတဲ့ ကုန်ကားမှာ စပါယ်ယာလိုက်ပြီး ဒရိုင်ဘာဖြစ်ရန်ကြိုးစားနေသူ။
နေထွန်းက လက်ရှိ​မောင်းနေတဲ့ ကုန်ကားကိုပိုင်တဲ့ သူဌေးရဲ့တူ အိမ်ထောင်မရှိတာကြောင့် လူပျိုကြီးတစ်ဦးလဲဖြစ်တာကြောင့် အနှောင်အဖွဲ့ မရှိ။

လူမှန်တစ်ဦးဖြစ်သည့်အပြင် အသောက်အစား လောင်းကစား မိန်းမကိစ္စကင်းရှင်းတာကြောင့် ကုန်ကားမောင်းသူဒရိုင်ဘာတွေကြားထဲ အားလုံးရဲ့လေးစားခြင်းကိုခံရသူဖြစ်ပြီး သူရကိုယ်တိုင်ကလဲ ဆရာဖြစ်သူကိုချစ်ကြောက်ရိုသေရသည်။

သို့သော် ခြောက်ပြစ်ကင်းသူမရှိဆိုသည့်စကားအတိုင်း နေထွန်းမှာ အကျင့်ဆိုးတစ်ခုရှိနေပြီး ထိုသည်ကား အစား ပင်တည်း။
ထမင်းစားရင် အသားပါမှစားတတ်သလို ကိုယ်တိုင်လဲသတ်ဖြတ်သလို မြိန်ရေယှက်ရေစားတတ်၏။

“သူရ ငါဗိုက်ဆာပြီကွာ ရှေ့နားမှာ ငါစားနေကျဆိုင်လေးတစ်ဆိုင်ရှိတယ် လမ်းဖြောင့်ကျရင် မင်းမမောင်းနဲ့တော့ စားပြီးသောက်ပြီးမှ မင်းမောင်းတော့”
“ဒီအချိန် ထမင်းဆိုင်ကရှိပါဦးမလားဆရာရဲ့”
“ရှိတယ်ကွ သူတို့ကဆိုင်မဟုတ်ဘူး သူတို့ရွာထိပ်က အမြန်လမ်းနဲ့ကပ်နေတာလေကွာ အဲ့တော့ ခုံလေးတွေချပြီး ကုန်ကားသမားတွေကိုအဓိကရောင်းတာ စျေးကလဲတန်သလို အသားစုံလဲရတယ်ကွ တို့ကားသမားတွေရဲ့ ဘုံဆိုင်သဘောပေါ့”
“ဟုတ်လားဆရာ ကျွန်တော်တကယ်မသိတာ”
“မသိဆို မင်းကားလိုက်တာ ကြာမှမကြာသေးပဲ နောက်ပြီးမင်းပါတဲ့ အချိန်တွေက အဲ့နေရာကိုဖြတ်သွားတာ နေ့ဘက်တွေလေ ညဘက်မှမဟုတ်တာ ဒါကြောင့်မကြုံတာပါကွာ”
သူရ ဘာမှဆက်မပြောတော့ပဲ ခေါင်းပဲညှိတ်လိုက်ပြီး အိတ်ထဲက ကွမ်းယာထုပ်ထဲကကွမ်းတစ်ယာကိုယူဝါးလိုက်ပြီး ကားနောက်ကြည့်မှန်ကို ငေးနေလိုက်၏။

ကုန်ကားတစ်စင်းထိုးဆိုက်လာတာကြောင့်ခုံတွေသိမ်းနေတဲ့ အသက်လေးဆယ်ကျော်အရွယ်လူကြီးမှာ လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး နေထွန်းတို့ကုန်ကားကိုလှမ်းကြည့်နေတာကို သူရမြင်လိုက်ရသည်။
ကားပေါ်က ခပ်သုတ်သုတ်ပင်ဆင်းသွားတဲ့ ဆရာဖြစ်နောက်ကနေကပ်လိုက်သွားပြီး မသိမ်းရသေးတဲ့ခုံစားပွဲတစ်ခုမှာဝင်ထိုင်လိုက်တယ်။
ကားပေါ်ကဆင်းဆင်းချင်းမှောင်နေတာကြောင့် ထိုလူကြီးကား နေထွန်းတို့ဆရာတပည့်ကိုသေချာမြင်ပုံမရ။
ခုံမှာထိုင်ပြီးတော့မှသာ အနားရှိဘက်ထရီမီးချောင်း ခပ်မှိန်မှိန်ကြောင့် မြင်သွားပုံ၏ရပြီး စားပွဲနားကိုတိုးကပ်လာတော့သည်။

“ဟာ ဆရာနေထွန်းပါလား ထိုင်ပါဗျာ”
‘ထိုင်ပဲထိုင်ပြီးနေပြီ ဒီလူဘယ်လိုလူလဲ’
သူရစိတ်ထဲကနေ မကျေမနပ်ပြောလိုက်မိ၏။
“ကိုစ ဘာတွေရှိသေးလဲဗျာ ကျုပ်တို့ထမင်းစားမယ် သြော် ဒါကျုပ်တပည့် သူရတဲ့ စပါယ်ယာလိုက်တာမကြာသေးဘူး”

သူရကို ကြည့်နေတဲ့ ကိုစဆိုသူကို နေထွန်းက သူရနှင့်မိတ်ဆက်ပေးလိုက်သည်။

“ကဲ ကိုစ ကျုပ်တို့ထမင်းစားမယ်”
“အဲ ဟို…”
အားနာသွားတဲ့မျက်နှာပေးဖြင့် နေထွန်းကိုကြည့်လိုက်ပြီး အိုးတွေပန်းကန်တွေသိမ်းနေတဲ့ မိန်းမဖြစ်သူကိုလှည့်ကြည့်လိုက်သည်။

နေထွန်းနဲ့ သူရလဲ ထိုအခါမှနောက်ကိုလှမ်းကြည့်လိုက်တော့ ဆိုင်သိမ်းနေတာကိုသဘောပေါက်သွားပြီး…

“ဆရာနေထွန်းပါလား ကျွန်မသိမ်းဆည်းနေတာနဲ့ မမြင်လိုက်တာ လောလောဆယ်တော့ဘာမှမရှိတော့ဘူးဆရာရဲ့”
ပြောသည့်လေသံက အတော်ပင်အားနာနေသည့်လေသံ။

အားမနာ၍မရ ထိုလင်မယားအပေါ်နေထွန်းကျေးဇူးမကင်းလှ။
မိုးတွင်းကာလအချိန်က ကိုစအပြင်းဖျားခဲ့ချိန် အလုပ်မရှိ၍ ဒုက္ခရောက်နေသော သူတို့လင်မယားကို ဟိုက်ဝေးလမ်းကနေ ဆယ်မိုင်ခန့်ဝေးတဲ့သူတို့ရွာဆီ တကူးတကလာပြီးအကူညီပေးခဲ့ဖူးသည်။

“ဟာဗျာ ဗိုက်ဆာပါတယ်ဆိုမှ”
“အားနာလိုက်တာဆရာရယ် ဒီလိုလုပ်ပါလား ထမင်းတော့ရှိတယ် ဟို ဒီရက်ထဲ အသုတ်တွေပါတွဲရောင်းနေတော့ ဆီချက်တွေအစုံရှိတယ် ထမင်းသုတ်လုပ်ပေးမယ်လေ ကြက်ဥလဲရှိတယ် ချက်ချင်းကြော်လိုက်လို့ရတယ်”

နေထွန်းဆီက ဘာသံမှပြန်မထွက်လာ စိတ်ပျက်နေသည့်ပုံစံဖြင့် စားပွဲပေါ်ကိုလက်တင်ပြီး စီးကရက်ကိုသာဆက်တိုက်ဖွာနေတော့တယ်။
ကြားထဲကသူရက ထိုလင်မယားကိုပြန်အားနာသွားပေမယ့် အစားအသောက်နဲ့ပတ်သက်လာရင် သီးမခံတတ်သော ဆရာဖြစ်သူကိုမလွန်ဆန်ရဲတာကြောင့် ဘာမှမပြောပဲနေလိုက်တော့တယ်။

“ကဲမိညို သွား ထမင်းသုတ်သွားလုပ်လိုက်”
“နေနေ မလုပ်နဲ့တော့…”
ထိုအခါမှ နေထွန်းဆီကအသံထွက်လာပြီး…
“ဒီအနီးအနားမှာ ဆိုင်ကလဲမရှိတော့ဘူး အနီးဆုံးဆိုင်ဆိုရင်တောင် နောက်ထပ်သုံးနာရီလောက်မောင်းရဦးမှာ ဆရာနေထွန်းရဲ့ ဒီလိုလုပ်ပါလား ကျုပ်ရွာပြန်ပြီးတစ်အသားတစ်ခုခုစီစဥ်လိုက်မယ်လေ”

အစားအသောက်နှင့်ပတ်သတ်လာရင် ဘာမှကိုသီးမခံတတ်ပေမယ့် ကျေးဇူးရှင် ဆိုသောခေါင်းစဥ်ရဲ့အပေါ်မှာ ဒီလောက်ထိ အခွင့်အရေးထပ်ယူရန်မသင့်။
ပြန်စီစဥ်ရအောင် ရွာကအတော်ဝေးသည့်အပြင် ယာဥ်ဆိုလို့ ဘားကောက်စက်ဘီးလေးကို နောက်တွဲတပ်ထားတာသာရှိသည်။

“ညောင်…ဝုန်း”
“မင်းမေ လခွား…”
“ဟ ဘာတုန်းဟ”
ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေကြသူတွေကြားထဲကို တစ်စုံတစ်ခုပြုတ်ကျလာခဲ့ပြီး အားလုံးထိတ်လန့်သွားတာကြောင့် အားလုံးရဲ့ နှုတ်ကနေရောင်ရမ်းပြီးအော်လိုက်မိတော့သည်။

“ခွပ် ညောင့်…. (ကြောင်အော်သံ ကိုယ့်ဘာသာအော်ကြည့်ကြ)”
ထိုမဲမဲပုံစံအရာကား ဆန့်တငင်ငင်ဖြစ်နေပြီး စားပွဲအောက်တွင် လူးလှိမ့်နေတော့သည်။
ထိုအခါမှ နေထွန်းနှင့် ကိုစက အခြေအနေကိုသဘောပေါက်တော့သည်။

သူရတို့ထိုင်နေသည့်စားပွဲကား သစ်ပင်ရိပ်ကျသောနေရာ၊ သစ်ကိုင်းပေါ်ကနေ ကြောင်နက်တစ်ကောင်ပြုတ်ကျလာခဲ့ရာအားလုံးလန့်သွားချိန် စားပွဲပေါ်ရှိ ရေနွေးကြမ်းပန်းကန်ဖြင့် ထိုကြောင်နက်ကို နေထွန်း ပစ်ပေါက်လိုက်တာ ချက်ကောင်းကိုထိသွားဟန်တူသည်။
ထို့ကြောင့် ကြောင်နက်မှာ မချိ့မဆန့်အော်သံဖြင့် စားပွဲအောက်တွင်လူးလွန့်နေတော့သည်။

“ဟ ဟုတ်ပြီ…”
နေထွန်းအသံထွက်လာပြီး စားပွဲအောက်ရှိကြောင်နက်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ကာ ကိုစကိုမြှောက်ပြလိုက်ပြီး
” ဒီကြောင်ကိုချက်ပေးဗျာ”
အစကတော့ ဗိုက်ဆာနေတဲ့အချိန် လန့်သွားတာကြောင့် နေထွန်းဒေါသထွက်ပြီးအနားရှိတာနဲ့ကောက်ထုလိုက်ခြင်းဖြစ်သည်။
ယခုမှသာ ထိုကြောင်နက်ကိုချက်ပြုတ်ပေးဖို့ ကိုစလက်ထဲသို့အပ်နေလေပြီ။
တစ်ကိုယ်လုံးနက်မှောင်နေတဲ့ ကြောင်နက်ကား အတော်အသင့်ကြီးသည်။ သွေးတစ်စက်စက်ကျနေတာကိုကြည့်တော့ ခေါင်းခွံကွဲသွားပြီး မျက်လုံးတစ်လုံးမှာ ရှေ့သို့ပြူးထွက်နေပြီး ရုန်းကန်ခြင်းပင်မပြုနိုင်တော့ပဲ အသက်ငင်နေတော့သည်။

သူရကား ထိုမြင်ကွင်းကိုကြည့်ပြီးကြောက်ရွံ့တာကြောင့် ဆရာဖြစ်သူရဲ့ အစားမက်ပုံကို အော်ဂလီပင်ဆန်မိတော့သည်။
ထို့နည်းတူ ကိုစလဲတွေးပုံပေါ်တာကြောင့် အလိမ္မာသုံးကာ ရှောင်တော့၏

“ဆရာနေထွန်း ကျုပ်မချက်ပေးချင်လို့မဟုတ်ဘူးနော် ကြောင်က မကိုင်တတ်ရင်ချက်တဲ့အခါနံတယ်ဗျ ကျုပ်က ကိုင်နေမကျတော့…”
“နေနေ ကျုပ်ဘာသာကိုင်မယ်”
ကိုစ၏ စကားဆုံးအောင်ပင်မစောင့် တဈာ့ပဲ ထိုင်နေရာမှထကာ….
“အစ်မ မညို မီးဖိုရှိတယ်မလား”
“ရှိတယ်ဆရာ ဟိုမှာ”
ဆိုင်နောက်နားကို လက်ညှိုးထိုးပြလိုက်တာကြောင့် နေထွန်းလဲ ကြောင်ကိုယူကာ မီးဖိုးဆီသို့လျှောက်သွားလိုက်တော့တယ်။

သူရလဲ မနေသာတော့တာကြောင့် ဆရာဖြစ်သူနောက်သို့လိုက်သွားပြီး လိုအပ်တာလုပ်ပေးဖို့ပြင်လိုက်တယ်။
မီးဖိုအနားမှာ အရန်သင့်တွေ့ရတဲ့ကောက်ရိုးတွေနဲ့ မီးတောက်ရအောင်ပြုလုပ်လိုက်ပြီး အသက်ငွေ့ငွေ့ရှိသေးတဲ့ ကြောင်နက်ကို မီးညှပ်ဖြင့်ညှပ်ကာ မီးကင်လေတော့သည်။

ထိုအခါမှ လွန့်လူးလာပြီး အကောင်းတိုင်းရှိနေသောမျက်လုံးတစ်လုံးဖြင့် နေထွန်းကိုစူးစူးရဲရဲကြည့်ကာ ဝမ်းခေါင်းသံကြီးဖြင့် တစ်ခါ အော်လိုက်ပြီး မချိ့မဆန့်အသက်ထွက်သွားတော့သည်။

“အစ်မ မညိုရေ ဂျင်းများများနဲ့ ငရုပ်သီးတစ်ဆုံလောက်ထောင်းထားပေးပါဗျို့”

ကြောင်သေကို မီးမြှိုက်ပြီးနောက် အရေခွံဆုတ်ကာ ခုတ်ထစ်ပြီး ကိုယ်တိုင် ချက်ပြုတ်တော့သည်။

ဟင်းအိုးနားမှာပဲ တဝဲလည်လည်လုပ်နေတဲ့ ဆရာဖြစ်သူကိုကြည့်ပြီး သူရထိတ်လန့်လာတာကြောင့် ဆက်မနေရဲတော့ပဲ ကိုစတို့ဆီသွားကာ….
“ဦးလေး ကျွန်တော့ကို ထမင်းသုတ်လေးလုပ်ပေးပါလား”
“ဟေ မင်းက အစားရှောင်တာလား ကြောင်သားမစားဘူးလား”
“စားပါတယ် အခုကဗိုက်အတော်ဆာနေပြီမို့ မနေနိုင်တော့လို့ပါ”
အမှန်တော့ သူရလိမ်ပြောလိုက်ခြင်းသာ။
ဗိုက်မဆာပေမယ့် မျက်စိရှေ့တင်ဖြစ်သွားတဲ့​မြင်ကွင်းကိုကြည့်ကာ ကြောင်နက်သားကိုမစားလိုတော့တာ​ကြောင့် တမင်ကြိုစားလိုက်ခြင်းသာဖြစ်တယ်။
ကိုစလဲ အကင်းပါးသူပီပီ ချက်ချင်းပဲ ထမင်းသုတ်ပေးဖို့ မိန်းဖြစ်သူကိုခိုင်းလိုက်တော့တယ်။

“ဆရာနေထွန်း ဆရာ့တပည့်ကတော့ဗိုက်ဆာလို့တဲ့ ထမင်းပဲသုတ်ပေးလိုက်တော့မယ်”
“ဟာ ဒီကောင့်နှယ် ကြောင်သားကအရမ်းကောင်းတာကွ မစားလဲနေ မင်းမစားတော့ ငါပိုစားရတာပေါ့”

သူရဘာမှမပြောတော့ပဲ စားပွဲမှာပဲပြန်ထိုင်နေလိုက်တော့တယ်။
နာရီကိုကြည့်လိုက်တော့ ညတစ်နာရီပင်ခွဲနေလေပြီ…။
အကယ်၍ သူတို့ထမင်းမစားပဲဆက်သွားမည်ဆိုပါက ယခုချိန်ဆိုရင် မိတ္ထိလာမြို့ပင်နီးလောက်ပြီဖြစ်၏။
ထိုအချိန်ကျမှ ထမင်းကိုသေသေချာချာစားလို့ရပါရက်နဲ့ ဆရာဖြစ်သူရဲ့ အစားမက်ပုံကို ထပ်ခါထပ်ခါ အော်ဂလီဆန်မိတော့သည်။

သူရလဲ ထမင်းသုတ်စားလိုက်ပြီး ခုံကိုမှီကာ မှေးနေတော့သည်။

“ကျက်ပြီဟေ့”
အော်သံကြောင့် သူရမျက်လုံးဖွင့်လိုက်တော့ ဟင်းအိုးကြီးကိုသယ်လာတဲ့ ဆရာဖြစ်သူကိုတွေ့လိုက်ရပြီး ပန်းကန်ထဲပင်မထည့်ပဲ အိုးလိုက်ပင်စားပွဲပေါ်တင်လာတော့သည်။

ထို့နောက် မြိန်ယှက်စွာစားတော့လေသည်။
ဟင်းတုန်းများကို တစ်တုံးပြီးတစ်တုံးကော​က်ဝါးနေပြီး ပတ်ဝန်းကျင်ကိုပင်မေ့နေပုံရသည်။
စားသောက်ပြီးခါမှ…

“ကိုစ တို့လဲ ကျုပ်ကြောင့်အိပ်ရေးပျက်ရပြီ”
“မဟုတ်တာ ဆရာနေထွန်းရယ် ကျုပ်တို့က ဒီမှာပဲတစ်ညလုံးနေပြီး မနက်စောစောစျေးသည်စောင့် ဝယ်ခြမ်းပြီးတာနဲ့ချက်ပြုတ်တော့ မိုးလင်းရောလေ ပြီးမှတစ်ယောက်တစ်လှည့်အိပ်ကြတာ ည​နေဆိုပြန်ထ ညဘက်ပဲရောင်းတာလေ ဒီနေ့က စျေးရောင်းပတ်ကျတယ် နောက်တစ်ရက်မှအိမ်ပြန်တာ တစ်ရက်လုပ် တစ်ရက်နားပေါ့ဗျာ…”

“ကြောင်နက်သားက တကယ်ကောင်းတယ်ကိုစရဲ့ ခင်ဗျားစားကြည့်ပါလား”
“မစားတော့ပါဘူးဆရာရယ်”

“သူရရေ တို့နောက်ကျနေပြီကွာ သွားကြစို့”
“ဟုတ်ကဲ့ သွားမယ်လေဆရာ”
“ဟင်းတွေကျုပ်ယူသွားမယ် ကိုစရေ အိုးပါယူသွားလိုက်မယ် မနက်ဖြန်ညနေပြန်လာမှပဲ အိုးဝင်ပေးတော့မယ်”
“ဟုတ်ကဲ့ပါဆရာ ရပါတယ်”

နေထွန်းတို့ဆရာတပည့်လဲ ကားဆီသို့ဦးတည်လာခဲ့ပြီး ကိုစလဲ နောက်ကနေဟင်းအိုးမ ကာလိုက်ပို့သည်။
ကိုစ မိန်းမကတော့ ပင်ပန်းသွားသည်ထင်၊ တန်းလျားတစ်ခုပေါ်မှာစောင်ခြုံပြီးအိပ်ပျော်ကျန်ခဲ့တော့သည်။

နေထွန်းလဲ ဟင်းအိုးကိုယူကာ ကားပေါ်သို့အရင်တင်လိုက်တော့သည်။
သူရကတော့ ခုထားတဲ့ဂျမ်းတုန်းများကိုလိုက်ဖြုတ်နေ၏။

“ကိုစ ရော့…”
နေထွန်း အိတ်ထဲကနေ
ငါးရာတန်သုံးရွက်ထုတ်ပေးတာကို ကိုစ အတင်းငြင်းသည်။
“ကိုစ ယူပါဗျာ ကျုပ်ကပေးရင်ယူမှကြိုက်တာ ခင်ဗျားသိတယ်နော်”
“ဟုတ်ကဲ့ သိပါတယ်”
“အေး ဒါဆိုယူ ကဲ ယူပါဆိုဗျာ”
ကိုစရဲ့ အင်္ကျီအိတ်ကပ်ထဲကိုထည့်ပေးလိုက်ပြီးကားပေါ်တက်လိုက်တော့တယ်။
“ကဲ ကျုပ်တို့သွားပြီနော်…”

“သူရ ကြောင်သား စားကြည့်ပါလား”
“ကျွန်တော်ဗိုက်တင်းနေလို့ဆရာရဲ့ မစားတော့ပါဘူး”
“မစားလဲနေကွာ”
ပြောလဲပြော ကားပေါ်ပါလာသည့်ဟင်းအိုးထဲမှ ကြောင်သားတစ်တုံးကိုယူဝါးလိုက်၏။

ခဏအကြာ…

“သူရ မင်းမောင်းမလား”
“သူရ သူရ…”
ခုံကိုမှီကာ အိပ်ပျော်နေသောသူရကိုကြည့်ပြီး နေထွန်းဘာမှဆက်မပြောတော့ပဲ ကားကိုသာဂရုစိုက်မောင်းနေတော့သည်။

“ကျွီ…ဝူး..”
ကားဘရိတ်ကိုရုတ်တရက်အုပ်လိုက်တာကြောင့် သူရနိုးသွားတော့သည်။
“ဆရာ ဘာဖြစ်လို့လဲ”
“ဟေ ဘာမှမဖြစ်ပါဘူးကွ ချိုင့်တွေ့လို့အုပ်လိုက်တာပါ”

နေထွန်းလိမ်ပြောလိုက်ခြင်းသာဖြစ်သည်။
မဲမဲအကောင်တစ်​ကောင် ကားရှေ့ကနေဖြတ်ဖြတ်ကူးတာ လေးကြိမ်ရှိပြီ။

ဟိုက်ဝေးလမ်းဖြစ်သည့်အလျောက် မမြင်အပ်သည့်အရာများရှိသည်ကိုနေထွန်း နားလည်ပါသည်။ သို့သော် ယခုကား တိုက်ဆိုင်မှုမဟုတ်တာတော့သေချာနေပြီ။

ကားမီးကို အပေါ်မီးချိန်းလိုက်ပြီး ဂရုတစိုက်ဆက်မောင်းနေတော့သည်။
သူရကားအိပ်မပျော်တော့တာကြောင့် ကွမ်းဝါးပြီးမှိန်းလိုက်လာတော့သည်။

အဝေးပြေးနေသောကားမီးရောင်အောက်တွင် မဲမဲအကောင်ကြီးတစ်ကောင် ပိတ်နေတာကိုခပ်လှမ်းလှမ်းကနေ နေထွန်းရောသူရပါ မြင်လိုက်ရတော့သည်။

ဟွန်းတီးနေပါသော်လည်း
အနားရောက်သည့်တိုင် မလှုပ်မယှက်ရှိနေတာကြောင့် ကားကိုထိုးရပ်လိုက်ရပြီး သေချာကြည့်လိုက်တော့ ထိုအကောင်ကြီးမှာ ခြင်္သေ့ထိုင်ထိုင်ကာ နေထွန်းတို့ ကားကိုကျောပေးထားပြီး လမ်းလယ်ကနေပိတ်ထိုင်နေ၏။
အကောင်ကြီးက နွားမဒန်းအရွယ်ရှိပြီး အမြီးကား ကိုမြေ​ပြင်ကို တဘုတ်ဘုတ်ရိုက်နေသည်ကို ကားမီးရောင်ဖြင့် ထင်ထင်ရှားရှားတွေ့လိုက်ရသည်။

နေထွန်းရောသူရပါကြောက်ရွံ့သွားပြီး ကားကိုဖြတ်မမောင်းရဲတာကြောင့် လမ်းလယ်ခေါင်မှာ ရပ်နေပြီး ကြက်သေသေနေတော့သည်။

ထိုအချိန်မှာပင် ကျောပေး ထိုင်နေသောအကောင်ကြီးက ခန္ဓာကိုယ်မလှုပ်သော်ငြား ခေါင်းကား နောက်ကိုလည်လာပြီး ကားဆီသို့ ခေါင်းတစ်ခုထဲသာလှည့်ပြန်ကြည့်တော့လေသည်။

ထိုအခါမှ နေထွန်းတို့ဆရာတပည့်၏ ကြောက်စိတ်မှာ အထွတ်ထိပ်သို့ရောက်သွားခဲ့၏။

ကျောပေးထားတဲ့အနေအထားနဲ့ ခေါင်းနောက်​ပြန်လည်လာသော သတ္တဝါကြီးကား ဧရာမကြောင်နက်ကြီးတစ်ကောင်ဖြစ်ပြီး မျက်လုံးတစ်လုံးကား အောက်ဘက်ကို တန်းလန်း ပြုတ်ကျနေပြီး ခေါင်းခွံကြီးကား ဟက်တက်ကွဲနေကာ သွေးအလိမ်းလိမ်းဖြင့် အစွယ်ကြီးများပေါ်အောင် မာန်ဖီနေတာကိုမြင်လိုက်ရတာကြောင့် နေထွန်းလဲ လီဘာကိုနင်းကာ ကမူးရှူးထိုးဝင်တိုက်တော့သည်။

“ဆရာ ဆရာ ရှေ့မှာ သစ်ပင်ကြီး…ဘရိတ်နင်း ဘရိ… ”
သူရစကားပင်မဆုံးလိုက် နေထွန်းတစ်ယောက် ကြောက်စိတ်ကြောင့် ကားကို လမ်းဘေးဆွဲချလိုက်ရာ သစ်ပင်ကြီးတစ်ပင်ကိုဝင်တိုက်မိတော့သည်။

အရှိန်ပြင်းတာကြောင့် ကားဆီဘောက်ပေါက်သွားပြီး ကားတစ်စီးလုံးမီးလောင်ပြီး နေထွန်းတစ်ယောက် မီးထဲကိုပါသွားတော့သည်။

“အဖြစ်ကတော့ အဲ့တာပါပဲဒကာလေး”
“ဒါဆို အရှင်ဘုရားတို့အဖြစ်က တော်တော်ကြောက်စရာကောင်းခဲ့မှာပဲနော်”
“ဟုတ်တယ် ဘုန်းကြီးတောင် မီးလောင်နေတဲ့ကားထဲကနေ မနဲရုန်းထွက်ခဲ့ရတာ ဒီမှာကြည့် အဲ့တုန်းက မီးလောင်တဲ့ဒဏ်ရာ”

ဆရာတော် မိန့်လဲမိန့် ကိုယ်ရုံသင်္ကန်းကို အနည်းငယ် လျှောချကာ ဘယ်ဖက်ပခုံးမှာရှိတဲ့ မီးလောင်အမာရွတ်ကြီးကို ကျွန်တတော့ကိုပြသည်။

သင်္ကန်းကို ပြန်ရုံလိုက်ပြီး…..
” ကားမီးလောင်နေတော့ ဘုန်းကြီးလဲ ဆရာနေထွန်းကို ဆွဲထုတ်ပေမယ့် မီးကအားကောင်းလွန်းတော့ မတတ်နိုင်ခဲ့ဘူး နောက်ပြီးတော့ မီးလောင်နေတဲ့ကားထဲကနေ ‘ကြောင်နက်ကြီး ကြောင်နက်ကြီး ကြောက်ပါပြီ’ ဆိုတဲ့ ဆရာနေထွန်းရဲ့အသံကိုကြားလိုက်ရတယ်”
“ကြောက်စရာပါလားဘုရား”
ကျွန်တော်လဲ ဆရာတော်ရဲ့စကားကိုဝင်ထောက်လိုက်တယ်။
“နောက်ပြီးတော့ ဘုန်းကြီးလဲသတိလစ်သွားတော့တာပဲ ဒီအဖြစ်ပျက်တွေကို ကိုယ်တိုင်မြင်တွေ့ပြီး သံဝေဂရခဲ့တာကြောင့် သာသနာ့ဘောင်ကိုအပြီးတိုင်ဝင်ခဲ့တယ် ဆိုပါတော့ ဒကားလေးရယ်”

သူရတစ်ဖြစ်လဲ ဆရာတော် ဥူးတေဇနိယလဲ မောသွားဟန်ရှိတာကြောင့် ကျွန်တော်လဲ လက်ဖက်ရည်ကြမ်းတစ်ခွက် ကပ်လိုက်မိ၏။
လက်ဖက်ရည်ကို မှုတ်ကာ တစ်ငုံသောက်လိုက်ပြီး….

“ဒီကိစ္စကို ဒကာလေးအနေနဲ့ ဘယ်လိုမြင်မိလဲ”
“တပည့်တော်အနေနဲ့ကတော့ ဒီကြောင်နက်ရဲ့ကျိန်စာလို့ပဲ မြင်မိတယ်ဘုရား မသေခင်စူးစူးဝါးဝါးကြည့်ပြီး တစ်ချက်အော်သွားတာဟာ ကျိန်စာတိုက်သွားတာလို့ပဲထင်တယ်”
“အင်း ဒါလဲဖြစ်နိုင်ပါတယ် တိတိကျကျမသိပေမယ့် ဘုန်းကြီးအမြင်ကတော့ ဒါကဝဋ်ကွဲ့ နောင်ဘဝအထိမကူးပဲ ချက်ချင်းလက်ငင်းအကျိုးပေးသွားတာ ဘုန်းကြီးကိုပဲကြည့် ကြောင်နက်ကိုမသေစေချင်ပေမယ့် ဆရာကိုမလွန်ဆန်နိုင်တာ​ကြောင့် မီးမြှိုက်ဖို့ ကောက်ရိုးယူပေးမိတာ ဒါကြောင့် အသက်မသေပေမယ့် သေရာပါဒဏ်ရာရခဲ့တာပဲ”
“တင်ပါ့ဘုရား တပည့်တော် တစ်ခုလောက်ခွင့်တောင်းလိုပါတယ်”
“ဘာများတုန်းကွဲ့”
“ဒီလိုပါဘုရား အရှင်ဘုရားရဲ့ဇာတ်လမ်းကို တပည့်တော် ဝတ္ထုတိုလေးအနေနဲ့ ရေးပြီး ပညာပေးချင်ပါတယ်ဘုရား အဲ့တာခွင့်တောင်းချင်တာပါ”
“ရပါတယ်ဒကားလေးရယ် တချို့ ဝဋ်ကြွေး​က နောင်ဘဝမကူးဘူးဆိုတာကို သိစေချင်တယ် သေသေချာချာလေးရေးပြလိုက်ပါ”
“စိတ်ချပါဘုရား တပည့်တော် အမည်တွေလွှဲပြီး အရှင်ဘုရားပြောသမျှကို တစ်ခုမကျန် ဇာတ်လမ်းတည်ဆောက်ပြီးရေးပါ့မယ်”
“အေးကွယ် သာဓု သာဓု သာဓု”

စာဖတ်သူတို့ရော ဘယ်လိုမြင်လဲဗျ။
ဒါဟာ ကျိန်စာလား၊ ဝဋ်လည်တာလား ကိုယ့်အမြင်လေးကို Comment မှာရေးသွားခဲ့ပါဦး။

ကြိုးစားပါဦးမည်။
ရှိုင်းဝေလင်း(ပုတီးကုန်း)