ကွင်းပိုင်ကြီးဘိုးထူးနဲ့ သေရွာပြန်အေးမေ

ကွင်းပိုင်ကြီးဘိုးထူးနဲ့ သေရွာပြန်အေးမေ (စ၊ ဆုံး)
*******
‘ ဟော့ဒီဘက်က ငါးဗျို့…ငါး…’
ငါးသည် အေးမေရဲ့ ဟစ်အော်သံက ကံကြီးလှရွာတစ်ခွင်ကို လွှမ်းရစ်သွားတယ်။
အေးမေရဲ့ အော်သံအဆုံးမှာတော့ အိမ်တချို့ဆီက ဟင်းစားဝယ်မယ့်သူတွေ ထွက်လာပြီး ဝယ်ယူကြတာပေါ့။
အေးမေဆိုတာက ကံကြီးလှရွာသူပါပဲ။
ငယ်စဉ်ကတည်းက အမေဖြစ်သူဆုံးပါးသွားခဲ့ပြီး အဖေဖြစ်သူ တံငါသည်ကြီးနဲ့အတူ မိတဆိုးဘဝနဲ့ ကြီးပြင်းခဲ့ရတယ်။
သူမရဲ့ မိခင်ဖြစ်သူဆုံးပါတုန်းက အေးမေဟာ ဆယ့်နှစ်နှစ်သမီးပဲ ရှိသေးပါရဲ့။
အဲ့ဒီ့တုန်းက ဖခင်ဖြစ်သူ ဦးလွန်းဖေဟာ အသက်လေးဆယ်လောက်ပဲ ရှိနေသေးခဲ့ပေမယ့် သမီးဖြစ်သူရဲ့ တစ်မျက်နှာကိုသာ ကြည့်ပြီး နောက်အိမ်ထောင်ထူထောင်မှု မရှိခဲ့ပါဘူး။
ဇနီးသည်ရှိတုန်းကလို မြစ်ရိုးဆီမှာ လှေငယ်ကလေးကို အဖော်ပြုပြီး တံငါအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
မိခင်ဖြစ်သူ ဆုံးပါးစမှာတော့ အေးမေက ရွာကျောင်းမှာ ကျောင်းတက်ဖြစ်သေးရဲ့။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာတော့ ဖခင်ဖြစ်သူက မနိုင်ဝန်ထမ်းနေရတဲ့ အရေးဖြစ်နေတာမို့ ကျောင်းကနေ သုံးတန်းကို မပြီးဆုံးပဲ ထွက်လိုက်ရတယ်။
ကျောင်းထွက်ပြီးနောက်မှာတော့ အေးမဟာ ဖခင်ပြီး တံငါထွက်ချိန် အိမ်မှာကျန်ရစ်ပြီး အိမ်မှုကိစ္စ ချက်ရေးပြုတ်ရေးတို့ကို လုပ်ဆောင်တယ်။
သားအဖနှစ်ယောက် တက်ညီလက်ညီပဲ ဆိုရမလားမသိဘူး။ ဖခင်ဖြစ်သူကလည်း မိတဆိုးသမီးလေးအတွက် အလုပ်တွေ ကြိုးစားပန်းစားလုပ်သလို အေးမကလည်း အိမ်မှုကိစ္စတွေကို နိုင်နင်းအောင်လုပ်လေတယ်။
သားအဖနှစ်ယောက် တက်ညီလက်ညီကြိုးစားမှုကြောင့် သူတို့အိမ်ကလေးက တကယ့်ကို သာယာလွန်းခဲ့ပါရဲ့။
ဒါပေမယ့်လည်း ဒီအခိုက်အတန့်လေးက နောက်ငါးနှစ်အကြာ အေးမေ အသက် ၁၈ နှစ်ကို ရောက်ချိန်မှာတော့ နိဂုံးတန်ခဲ့ရပါပြီ။
အဲ့ဒီ့မနက်က ဖခင်ဖြစ်သူဟာ မြစ်ထဲကို ဆင်းတယ်။ ပြန်လာချိန်မှာ ပြန်ရောက်မလာဘူး။ ဒီတော့ အေးမေစိတ်ပူရပြီ။ မြစ်ကမ်းဆီကို ထွက်ပြီး ဖခင်ကို စောင့်မျှော်ရှာဖွေမိတယ်။
နေမွန်းလွဲချိန်လောက်မှာတော့ မြစ်ထဲကနေ တအိအိ လှော်လာနေတဲ့ ဖခင်ကြီးကို လှမ်းမြင်ရလေတယ်။ အေးမေ ဝမ်းသာစိတ်ကလေးနဲ့ စောင့်နေတုန်း လှေက ကမ်းကို ကပ်လာခဲ့ပြီ။
ဒါပေမယ့် ဖခင်ဖြစ်သူဟာ ကမ်းဆီကို ကပ်လိုက်တာနဲ့ လှေပေါ်မှာပဲ ခေါက်ခနဲ လဲကျသွားခဲ့ရတယ်။
အေးမေ ထူပူသွားရပြီး ဖခင်ဖြစ်သူကို ပြေးပွေ့မိတော့ တစ်ကိုယ်လုံး ရေခဲတုံးကြီးလို အေးစက်နေပြီး ခြေလက်တွေကလည်း ကပ်လို့နေတယ်။
‘ အဖေ…အဖေ…’
အေးမေ ငိုကြီးချက်မနဲ့ ခေါ်ပေမယ့် ဖခင်ဖြစ်သူကြီးက သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ ပါးစပ်ထဲ လျှာက လိပ်နေပြီး စကားတွေ ပြောနေပေမယ့် ဗလုံးဗထွေးဖြစ်နေတယ်။
အေးမေ ပတ်ဝန်းကျင်ကို ဟစ်အော်ပြီး အကူအညီတောင်းရတယ်။
လူတွေ ရောက်လာတော့ အိမ်ဆီကို ထမ်းပို့ကြတယ်။
အိမ်ရောက်လို့ ရွာထဲက ဆေးဆရာကြီးကို အပြေးပင့်ပြီး စစ်ဆေးချိန်မှာတော့ အေးမေရဲ့ ဖခင်ဖြစ်သူဟာ လေဖြတ်သွားပြီဆိုတာ သိလိုက်ရပါတော့တယ်။
ဒီကနေပဲစလို့ အေးမေတစ်ယောက် မကျန်းမာတဲ့ ဖခင်ကြီးနဲ့ အိမ်ရဲ့ ကိစ္စအဝဝကို အလုံးစုံတာဝန်ယူဖို့ ဖြစ်လာခဲ့တယ်။
အေးမေအတွက် ဝမ်းရေးကို ဖြေရှင်းဖို့က အများသူငါလို ကောက်စိုက်၊ ပဲနှုတ် လယ်ရိတ် စတဲ့အလုပ်တွေကိုလည်း မလုပ်တတ်ဘူး။
သူမနဲ့ ငယ်စဉ်ကတည်းက ရင်းနီးရာ ကျွမ်းဝင်ရာက ငါးတွေနဲ့သာ။ ဒါကြောင့်ပဲ အေးမေတစ်ယောက် ငါးတွေနဲ့ ပက်သက်တဲ့ အလုပ်ကိုသာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့်လည်း မိန်းမသားမို့ တံငါအလုပ်ကိုတော့ သူမ အနေနဲ့ လုပ်ဆောင်ဖို့က မဖြစ်နိုင်ဘူး။ ဒိအတွက် လှေဆိပ်က ငါးဒိုင်ဆီမှာ ငါးကောက်ပြီး ငါးဗန်းကို ခေါင်းဆီရွက်လို့ ရွာစဉ်လှည့်ပြီး ရောင်းချခဲ့ရတော့တာပေါ့…။
အခုဆိုရင် အေးမေတစ်ယောက် ခေါင်းရွက်ငါးသည်အဖြစ်နဲ့ သားအဖနှစ်ယောက်ရဲ့ လောကဓံကို အံတုနေခဲ့တာ သုံးနှစ်ကျော် လေးနှစ်ထဲတောင် ရောက်ပါပေါ့လား…။
*******
‘ အီး…သ…သမီးရေ…’
ညဉ့်နက်သန်းခေါင် ဖခင်ဖြစ်သူဆီက ဗလုံးဗထွေးခေါ်သံကြောင့် အေးမေ လန့်နိုးလာရတယ်။ သူမအိပ်ရာဆီကနေ ဖခင်ဖြစ်သူဆီ အမြကန်ဆုံးသွားလိုက်မိရဲ့။
‘ အဖေ…ဘာဖြစ်လို့လဲ…’
‘ ဆီး…ဆီး…’
ဖခင်ဖြစ်သူ ဆီးသွားချင်တာဖြစ်ကြောင့် အေးမေ နားလည်လိုက်တယ်။
ဆီးသွားဖို့ ပြင်ဆင်ပေးထားတဲ့ မြေအိုးကလေးကို လှမ်းယူပြီး ကိုယ်တစ်ခြမ်း မလှုပ်နိုင်တဲ့ ဖခင်ဖြစ်သူကို အေးမေ ဆီးတည်ပေးတယ်။
ဆီးသွားပြီးနောက်တော့ ဖခင်ဖြစ်သူက ပြန်လည်ပြီး အိပ်မောကျသွားခဲ့ပါရဲ့။
‘ ဟင်း…’
ရောဂါဆိုးကို ဝဋ်ကြွေးတစ်ခုလို ပေးဆပ်နေရတဲ့ ဖခင်ဖြစ်သူကို ကြည့်ပြီး အေးမေ သက်ပြင်းချမိရလေတယ်။
သူမစိတ်ထဲ မိခင်ဖြစ်သူကိုလည်း တမ်းတမိပါရဲ့။ ဒီအချိန် အမေသာရှိရင် ကောင်းမှာပဲလို့ အေးမေ တွေးမိတယ်။ ဒါပေမယ့်လည်း စိတ်ကူးသပ်သပ်ပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူက သူမတို့ဆီ ဘယ်လိုပြန်လာနိုင်မှာလဲလေ။
အေးမေ အိပ်ရာဆီကို ပြန်လာခဲ့လိုက်တယ်။
အိပ်ရာဆီလှဲလျောင်းရင်း ပြန်အိပ်မပျော်နိုင်သေးဘဲ အတွေးတွေအကြား ဝဲလည်နေရတယ်။
အခုဆို သူမရဲ့ အသက်က မကြာခင် ၂၄ နှစ်ပြည့်တော့မယ်။
သူမဘဝမှာ ဝတ်ကောင်းစားလှ ဝတ်စားဖို့ဆိုတာ မတွေးနိုင်။ နေ့ရှိသရွေ့ ဝမ်းရေးအတွက် ငါးဗန်းကို ခေါင်းရွက်ရင်း ဖြတ်သန်းရတယ်။
သူမနဲ့ အရွယ်တူတွေ ရွာထဲမှာ အလှဂုဏ်သီတင်းကြီးနေတာမျိုး မြင်တာကြားတာရှိမိခဲ့ရင် အေးမေစိတ်ထဲ အားကျမိသလိုလိုတော့ ဖြစ်မိသား။ ဒါပေမယ့်လည်း ဘဝပေးမှာမတူတာ။ သူတို့မှာက မိစုံဖစုံ ကျန်းမာရေးများ ကောင်းမွန်နေကြလေရဲ့။
သူမဆီမှာတော့ ဖခင်ဖြစ်သူကိုသာ အဖေလည်း အဖေ၊ အမေလည်း ဒီအဖေကိုသာ ချစ်ခင်ဖို့ရာ ရှိခဲ့တယ်။
အခု ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာ လေးနှစ်နီးနီးရှိပြီ။ ဖခင်ကြီးအတွက်ကော အိမ်နဲ့ ပက်သက်တဲ့ အရာရာတိုင်းအတွက်ကို သူမခြေ၊ သူမလက်နဲ့သာ လုပ်ဆောင်နေရတယ်။
တစ်ခါတစ်ရံ သူမဘဝဟာ လူနဲ့ လောကဓံက မမျှတဘူးလို့ ခံစားမိရတယ်။ ဒါပေမယ့်လည်း အဖေဖြစ်သူ သက်ရှိထင်ရှားရှိနေပေးသေးတာကပဲ သူမအတွက်တော့ ကံထူးတယ်လို့ ခံယူမိတယ်။
ဟုတိတယ်လေ။
တကယ်လို့ ဖခင်ဖြစ်သူသာ အဲ့ဒီ့တုန်းက တစ်ခါထဲ ဆုံးပါးသွားကြည့်ပါလား။ သူမဘဝ အခုလောက်ဆို သောင်ပြင်က ခွေးတစိကောင်လို ယောင်ချာချာဖြစ်နေရတော့မှာ။
ပြီးတော့ သူမ ဒီအဖေကို အလွန်ပဲ ချစ်မြတ်နိုးရပါတယ်။
မိခင်ကြီးကွယ်လွန်ပြီးကတည်းက သူမရဲ့ မျက်နှာကို ကြည့်ပြီး တစ်ပင်လဲ တစ်ပင်ထူ မပြုခဲ့တဲ့ ဒီဖခင်ကြီးက ကောင်းကင်ကြီးတစ်ခုလိုပါပဲ။
‘ အောက်…အီး…အီး…အွတ်…’
သန်းခေါင်ယံကို လွန်လာပြီးတာ ကြာခဲ့ပြီမို့ အာရုံခင်းကျင်းလာပြီး ကြက်တွန်သံက ထွက်ပေါ်လာတယ်။
မနက်အစောကို အေးမေ မြစ်ဆိပ်ကို ငါးကောက်ဆင်းရဦးမယ်။ အခုတော့ အေးမေအတွက် ခဏအိပ်ချိန်ရှိသေးတယ်။
အေးမေ အတွေးတွေကို ဖြတ်ပြီး မျက်ဝန်းတွေကို မှေးစက်လိုက်တယ်။
တစ်ခဏအတွင်းမှာပဲ အိပ်စက်ခြင်းဆီကို အေးမေ ရောက်ရှိရပါပြီ။
အေးမေ အတော်ကြီးကို နှစ်နှစ်ခြိုက်ခြိုက် အ်ိပ်ပျော်သွားခဲ့ရတယ်။
မနက် အိပ်ရာက နိုးတော့ နေတောင်ထွက်နေပြီ။
အိပ်ရာထ နောက်ကျတာမို့ အေးမေ ကပြာကသီ ထပြီး ဖခင်ကြီးရဲ့ ဝေယျာဝစ္စတွေကို အမြန်လုပ်ဆောင်လိုက်တယ်။
နောက်တော့ ငါးဗန်းကို ယူပြီး တံငါဆိပ်ကို အပြေးတစ်ပိုင်း ပြေးရတယ်။
ဆံငါဆိပ်ရောက်တော့ တံငါအုပ်တောင် ကွဲနေပြီ။
သူတို့ဆီမှာက မြစ်၊ ချောင်းတွေ ပေါများတယ်။ ဒီမြစ်၊ ချောင်းတွေထဲမှာ ငါးဖမ်းကြတဲ့ တံငါတို့ဟာ ညပိုင်းငါးဖမ်းဆီးကြပြီး မနက်လင်းချိန်ကျ ရလာတဲ့ ငါးတွေကို မြစ်ဆိပ်ဆီမှာ စုဝေးပြီး လာရောက်ရောင်းကြတယ်။ ဒီတော့ မြစ်ဆိပ်နေရာက ဒီကတစ်ဆင့် ငါးပြန်ဝယ်ရောင်းသူ အေးမေတို့အတွက်တော့ ဒီနေရာကို တံငါဆိပ်လို့ အမည်တပ်ပေးပြီး လက်ရင်းစျေးလို့ သတ်မှတ်ကြတာပေါ့လေ။
အေးမေ တံငါဆိပ်ကို ရောက်တော့ တံငါတွေက ကွဲနေပြီ။ တံငါကွဲတယ်ဆိုတာက ညပိုင်းတစ်ညတာလုံး ပင်ကြီးပန်းကြီး ငါးရှာထားကြတဲ့ တံငါတို့က မနက်ပိုင်း ငါးတွေကို လက်ရင်းပေးပြီးတာနဲ့ ပိုတဲ့ ငါးတွေကို ငါးဒိုင်ဆီ ပြေးပို့ကြတယ်။ ဒီအခါ တံငါဆိပ်မှာ မနက်အစောကလို တံငါတွေ ပြုံစုပြီး ရှိမနေတော့ဘူး။ တစ်ယောက်စ၊ နှစ်ယောက်စပဲ ကျန်ရစ်တယ်။ ဒါကို တံငါကွဲတယ်လို့ ခေါ်ကြတာ။
‘ ဟေး…ကိုကြီးမိုး…ဗျို့…ကိုကြီးမိုး…’
တံငါဆိပ်ဆီက ထွက်လုထွက်ခင်ဖြစ်နေတဲ့ နောက်ဆုံးတံငါလှေကလေးကို အေးမေလှမ်းတားလိုက်တယ်။
အေးမေအော်သံကြောင့် ထွက်အံ့ဆဲဆဲ တံငါလှေကလေးက ကမ်းဆီပြန်ကပ်လာလေတယ်။
အေးမေ အမောတကောကိုပဲ အနားရောက်အောင်သွားရတာပေါ့။
‘ ဟဲ့…အေးမေ။ နင် ဒီနေ့ နောက်ကျလှပါလား…’
အေးမေကို လှေပေါ်က ဘမိုးက ဆီးကြိုမေးတယ်။
‘ ဟုတ်တယ် ကိုကြီးမိုးရေ။ ညက အဖေ အမောဖောက်လို့၊ အဲ့ဒါနဲ့ လုပ်ပေးကိုင်ပေးရင်း အိပ်ရာထ နောက်ကျသွားရတာ…’
‘ အေးဟာ…နင့်မှာလည်း တကယ်ပါပဲနော်။ ငါ ကိုယ်ချင်းစာပါတယ်…’
ဘမိုးက စာနာပြီး ပြောတယ်။
‘ ငါးကော ကျန်သေးလား…’
အေးမေက လှေထဲကို ကဲပြူပြီး ကြည့်လိုက်တယ်။ ငါးတချို့ ကျန်နေသေးလေရဲ့။
‘ အေး…ငါးကြီး ငါးသေး နည်းနည်းတော့ ကျန်သေးတယ်…’
‘ အဲ့ဒါ ကျုပ်ယူမယ်တော်…’
‘ အေး…ယူလိုက်လေ။ ငါလည်း ငါးက နည်းနေတော့ ဒိုင်သွင်းရခက်နေတာ…’
‘ ကျုပ်ရောက်လာတော့ အဆင်သင့်သွားတာပေါ့။ ကဲ…ကဲ…ကျုပ်ကို ငါးတွေ ထည့်ပေးတော့…’
အေးမေက ပြောပြီး ငါးဗန်းကို ထိုးပေးလိုက်တယ်။ ဘမိုးက လှေဝမ်းထဲက ငါးတွေကို ကောက်ထည့်ပေးပြီး ဗန်းကို ပြန်ပေးတယ်။
‘ ဘယ်လောက်တုန်း…’
‘ ငါးဆယ်ပဲ ပေးပါဟာ…’
‘ ဟုတ်ဟုတ်…’
အေးမေလည်း ခါးကြားထိုးလိပ်ထားတဲ့ ငွေတွေကို ထုတ်ပြီး ဘမိုးဆီကို ငွေငါးဆယ်ပေးလိုက်တယ်။
‘ ကျေးဇူးပဲ အေးမေ…’
‘ ကျုပ်ကလည်း ကျေးဇူးပါပဲတော်။ ကဲ…သွားပြီနော့်…’
အေးမေ ငါးဗန်းကို ခေါင်းဆီရွက်လို ခပ်သုတ်သုတ်ပဲ ထွက်ခဲ့တယ်။
ဒီကနေ့အတွက်တော့ သူမ လောဆောနေမိတာ အမှန်ပဲ။
အခုအချိန်မှာ သူမလို ခေါင်းရွက် ငါးသည်တို့က အများသားမဟုတ်လား။ ဒီနေ့ သူမက နေမြင့်ပြီး နောက်ကျနေရတယ်။
အေးသီ တံငါဆိပ်ကနေ ခပ်သုတ်သုတ်ပဲ ထွက်ပြီး ရွာထဲကို ဝင်ခဲ့လိုက်တယ်။ ရွာနဲ့ တံငါဆိပ်က တော်တော်လေးလှမ်းတယ်လေ။
‘ ဟော့ဒီဘက်က ငါးဗျို့…’
ရွာထဲကို ဝင်တာနဲ့ အေးမေ ဟစ်အော်လိုက်တယ်။
ဒါပေမယ့် ဝယ်သူက ထွက်မလာဘူး။ အေးမေ သိလိုက်ပါပြီ။ သူ့အရင် ရွာထဲကို စျေးသည်ဝင်သွားခဲ့ပြီလေ။
ရွာထဲ အနှံ့ ရွာရိုးကိုးပေါက် လျှောက်ရောင်းပါမှ ငါးလေးနှစ်ဆယ်သားလောက် ရောင်းရတယ်။ ဗန်းထဲမှာ ငါးက အတော်ကျန်သေးရဲ့။
ငါးကုန်အောင်တော့ အေးမေအတွက် မဖြစ်မနေရောင်းဖို့လိုတယ်။ ပြောမယ်ဆိုရင် ဒီနေ့ရတဲ့ငါးက အရင်နေ့တွေကထက်တောင် နည်းနေသေးတာပါ။ ဒါကို သိပ်မရောင်းရတော့ အပြန်ဆန်ဝယ်ဖို့တောင် ခက်ရပြီ။
‘ ဟူး…’
အေးမေ ငါးဗန်းရွက် လမ်းလျှောက်ရင်း သက်မောကို ချမိတယ်။
‘ အို…ရွာမှာ မရောင်းရတော့လည်း တဲတိုက်တွေဘက် သွားရောင်းရမှာပေါ့…’
အေးမေရဲ့ ခြေလှမ်းတွေက ရွာအနောက်ဘက်ခြမ်းက အုတ်ဖိုတဲတိုက်တွေဘက်ကို သွားဖို့ ကြံရွယ်လိုက်တယ်။
ခပ်သုတ်သုတ်ခြေလှမ်းတွေက လယ်ပြင်တွေကို ဖြတ်သန်းနေတယ်။
သွားရင်းလာရင်း လမ်းခုလတ်ရောက်တော့ အေးမေ အပေါ့အပါးသွားချင်စိတ်က ထိန်းမရလောက်အောင်ဖြစ်လာရကော။
ရောက်ရှိရာနေရာက လယ်ကွင်းပြင်ပြောင်ပြောင်။ အပပျိုမတစ်ယောက်အတွက်တော့ ဒီအတိုင်းထိုင်သွားချလို့ မသင့်လျော်။ လယ်ကွင်းတွေထဲ အလုပ်လုပ်နေသူ တစ်ယောက်စနှစ်ယောက်စ ရှိနေတယ်လေ။
အေးမေ ပတ်ဝန်းကျင်ကို ကြည့်တော့ မလှမ်းမကမ်းမှာ သစ်ပင်ကြီးတစ်ပင်ကို တွေ့ရတယ်။ အေးမေ ထွေထူးပြီး တွေးမနေနိုင်တော့ဘူး။ သစ်ပင်ကြီးဆီကို ခြေလှမ်းလိုက်တယ်။
အောက်ရောက်တော့ ငါးဗန်းကို ချပြီး အကွယ်ဆီကို ဝင်လို့ ကိစ္စကို ဖြေရှင်းတယ်။ ပြီးပြန်ထွက်လာချိန်မှာတော့…။
‘ ဟောတော်…’
အေးမေတစ်ယောက် မျက်လုံးတွေအပြူးသားဖြစ်သွားရတယ်။ သူချထားရစ်ခဲ့တဲ့ ငါးဗန်းထဲ ငါးတွေတစ်ကောင်မှ ရှိမနေတော့ဘူး။ ဗန်းကြီးပဲသပ်သပ်ကျန်ရစ်ကာ ပြောင်သလင်းခါလို့ပဲ။
‘ ကျုပ် ငါးတွေ ဘယ်ရောက်ကုန်တာတုန်း…’
အေးမေ ရှာဖွေတယ်။
ငါးတစ်ကောင်ကိုတောင်မှ မတွေ့ရတော့ဘူး။ တစ်ယောက်ယောက်ကများ စနောက်တာထင်မိတယ်။ ဒါကြောင့် အေးမေတစ်ယောက် စိတ်ဆိုးမာန်ဆိုးနဲ့ ဟစ်အော်ဆဲဆိုမိတော့တာပေါ့…။
*******
‘ အင်း…ဟင်း…ဟင်း…’
အိမ်ကို ပြန်ရောက်ချိန် ဘာကြောင့်ရယ်မသိ၊ အေးမေ ကိုယ်တွေပူလာပြီး တုန်ချမ်းလာတယ်။
သူမ ဖခင်ကြီးကတော့ အိပ်မောကျနေဟန်ပါပဲ။
အေးမေ နေရင်းထိုင်ရင်း လူကမဟန်တော့ဘူး။ ပသ်လဲချင်လာတယ်။ ဒါပေမယ့် စိတ်ကိုတင်းပြီး ဖခင်ကြီးအတွက် ဝေယျာဝစ္စတွေလုပ်ပေးလိုက်သေးတယ်။ ပြီးတော့မှ အေးမေ အိပ်ရာထဲ လှဲချလိုက်မိတော့တာပါပဲ…။
‘ ဟဲ့…သူငယ်မ…’
မှောင်မိုက်လွန်းတဲ့ နေရာကြီးအထဲ ခေါ်သံတစ်ခုက ခပ်ထန်ထန် ထွက်ပေါ်လာတယ်။
‘ ဘယ်သူလဲ…’
‘ ငါပဲ…ညည်း နေ့လည်တုန်းက ငါ့အပင်အောက်မှာ မဖွယ်မရာလာလုပ်ပြီး ငါ့ကိုဆဲဆိုသွားတယ်။ ညည်းကို ငါလုံးဝ ခွင့်မလွှတ်ဘူး…’
‘ ဟင်…’
အေးမေ ကြည့်နေတုန်းမှာပဲ သူ့ရှေ့ကို သျှောင်ထုံးကြီးထုံးထားတဲ့ မျက်နှာထားတင်းတင်းနဲ့ လူကြီးတစ်ယောက်ရောက်လာတယ်။
‘ ညည်း…အဲ့ဒီ့အတွက် ငါ့ဆီမှာ အနှစ်သုံးဆယ်တိတိ အလုပ်အကြွေးပြုရမယ်…’
‘ အို…ကျုပ်က ဘာပြုလို့ တော့်ကို လုပ်ကျွေးရမှာတုန်း။ မလုပ်ကျွေးနိုင်ပါဘူး…’
အေးမေက ခပ်တင်းတင်းပြောလိုက်တယ်။
‘ ညည်းမှာ ရွေးချယ်စရာမရှိဘူး။ အခုကစပြီး နင် ပြန်လို့မရတော့ဘူး…’
အသံက ပျောက်သွားတယ်။
အေးမေတစ်ယောက် အမှောင်ထုအထဲမှာပဲ ကျန်ရစ်ခဲ့ရလေရဲ့။
အမှောင်တိုက်ကြီးထဲမှာ အေးမေ ဘယ်သွားလို့ဘယ်လာရမယ်မသိတတ်ဘူး။
အိမ်ပြန်ချင်စိတ်တွေကြောင့် အေးမေ စမ်းတဝါးဝါးလှမ်းမိတယ်။
အချိန်အတော်ကြာတဲ့အထိ လမ်းစ’မတွေ့မိဘူး။ အေးမေ ရင်ထဲလည်း ဝမ်းနည်းစိတ်တွေက လိပ်လိပ်တက်လာတယ်။ နေရာမှာတင် ထိုင်ချပြီး ငိုကြွေးမိခဲ့ပါပြီ။
‘ အီး…ဟင့်…ဟင့်…’
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှာ အေးမေရဲ့ ရှိုက်သံကသာ ထွက်ပေါ်နေတယ်။
‘ နင်ဘာလို့ ငိုနေတာလဲ…’
‘ ဟင်…’
အနောက်ကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် အေးမေ လှည့်ကြည့်လိုက်တယ်။
သူ့အနောက်ဘက်မှာ လူလိုပေမယ့် ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ အရုပ်ဆိုးဆိုး အကောင်လေး တစ်ကောင်။
‘ နင်က…ဘယ်သူလဲ…’
အေးမေ ငိုနေရင်းက မေးလိုက်တယ်။
‘ ငါက တစ္ဆေလေးလေ။ ဟိုး…အနားက သစ်ပင်အိုကြီးမှာနေတာ။ နင်က ဘာလို့ ငိုနေတာလဲ…’.
‘ အခုနက လူကြီးတစ်ယောက်က ငါ့ကို ပြောသွားတယ်။ သူ့ဆီမှာ အနှစ်သုံးဆယ် အလုပ်အကျွေးပြုရမယ်တဲ့…’
တစ္ဆေလေး မျက်နှာပျက်သွားတယ်။
‘ ဟင်း…ခက်တာပဲ…’
‘ ဘာဖြစ်လို့လဲ…နင် အဲ့ဒီ့လူကြီးကို သိလို့လား…’
‘ သိတာပေါ့။ အဲ့ဒါ ကွင်းပိုင်ကြီးဘိုးထူးဟ…’
‘ ဟင်…’
‘ ဒါနဲ့ နေစမ်းပါဦး။ နင်ကို ကြည့်ရတာ သေပြီးရောက်လာတဲ့သူ မဟုတ်ဘူး။ ကွင်းပိုင်ကြီးဘိုးထူးက နင့်ကို ချုပ်နှောင်ထားတာဖြစ်မယ်။ နင် သူ့ကို ဘာတွေသွားလုပ်မိထားလဲ…’
‘ ဟင့်အင်း…’
အေးသီ မသိတဲ့အကြောင်းပြောတော့ တစ္ဆေလေးက ခေါင်းကိုရမ်းခါတယ်။
‘ တစ်ခုခုရှိလိမ့်မယ်။ သေချာစဉ်းစားစမ်းပါဦး…’
အေးမေ စဉ်းစားလိုက်တယ်။ အခုနက လူကြီးက သူ့နေရာမှာ မဖွယ်မရာလုပ်တယ်လို့ ပြောသွားခဲ့တယ်။ မနက်တုန်းက…။
‘ ငါသိပြီ…မနက်တုန်းက ငါ သစ်ပင်အိုကြီးအောက်မှာ အပေါ့အပါးသွားမိခဲ့တယ်…’
‘ နင် တောင်းပန်တိုးလျှိုးတာမျိုး လုပ်မိလား…’
အေးမေ ခေါင်းကို ရမ်းခါလိုက်တယ်။
‘ ငါးရောင်းသွားဖို့ နောက်ကျနေတော့ အလောတကြီးသွားခဲ့မိတာ။ ငါပြန်ထွက်လာတော့ ငါ့ဗန်းထဲက ငါးတွေမရှိတော့ဘူး။ အဲ့ဒါနဲ့ ငါဆဲဆိုမိသေးတယ်…’
‘ အင်း…ဒါကြောင့်ပါပဲ…’
‘ ငါ ပြန်ချင်တယ်ဟာ။ အိမ်မှာ လေဖြတ်နေတဲ့ အဖေတစ်ယောက်ထဲ။ ငါမရှိရင် အဖေ အဆင်ပြေမှာမဟုတ်ဘူး။ ငါ ဘယ်လိုလုပ်ရမလဲဟင်။ ကူညီပေးပါလား…’
အေးမေက မျှော်လင့်တကြီး တောင်းဆိုလိုက်တယ်။ တစ္ဆေလေးက သက်ပြင်းချလိုက်ပြီး…။
‘ ဒီကွင်းပိုင်းကြီးဆီမှာ နင့်လိုမျိုးပဲ ဖမ်းပြီး အခိုင်းစားခံနေရတဲ့သူတွေ မနည်းဘူးဟ။ ငါတောင်မှ သစ်ပင်အိုကြီးဆီမှာ သူ့ထက်အရင်ရောက်နေတဲ့သူမို့လို့။ ထားပါ အဲ့ဒါတွေ။ ငါနင့်ကို ကြည့်ရတာ ကိုယ်ရောင်ကိုယ်ဝါတစ်မျိုး တွေ့နေရတယ်…’
‘ ဘယ်လိုမျိုးလဲ…’
‘ ငါအတိအကျတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကောင်းတဲ့ ကိုယ်ယောင်ကိုယ်ဝါလို့တော့ ငါသိတယ်။နင့် အိမ်ကို ဘယ်ကပြန်ရမယ်ဆိုတာကိုတော့ ငါ မပြောပြရဲဘူးဟာ။ ဒါပေမယ့် နင့်ကို အကူအညီပေးနိုင်မယ့်သူကိုတော့ ငါလိုက်ရှာကြည့်ပေးမယ်…’
‘ ဟင်…နင် တကယ်ပြောတာလား…’
‘ အေး တကယ်ပြောတာ…’
အေးမေ ဝမ်းသာသွားတယ်။
‘ ဒါဖြင့်လည်း မြန်မြန်ရှာပေးပါနော်…’
‘ ငါ အခုပဲ လိုက်ရှာပေးပါ့မယ်ဟာ…’
တစ္ဆေလေးက အေးမေကို ပြောပြီးတာနဲ့ ကျောခိုင်းပြီး ထွါ်က်သွားခဲ့ပါတယ်။
*******
‘ ချီလေတဲ့ ဒီလေ… အို လောကီဘောင်က ခက်ပေသားပေါ့။ ရေမှာကညွတ် ဆောင်းမှာ ပြွတ်လို့ နွေမှာ ပျောက်ရှ လူ့ဘာဝပေါ့။ သတ္တဘာက ကမ္မဒါ…’
သူရူးတစ်ယောက်…။
ပူပြင်းလွန်းတဲ့ နေရောင်ကြောင့် ကွင်းပြင်တွေအထဲမှာ တံလျှပ်တွေ တဖျတ်ဖျတ်ထနေတယ်။
သူရူးက နေပူဒဏ်ကြောင့်ထင်ပါရဲ့။ လမ်းနံဘေးက သစ်ပင်ရိပ်အောက်၊ ရေအိုင်အစပ်မှာ ရေထဲခြေနှစ်ချောင်းချလို့ ထိုင်ရင်း ကညွတ်ပင်တွေကို ကြည့်လို့ ပါးစပ်က ထင်မြင်ရာတွေ ရေရွတ်နေတယ်။
ခဏကြာတော့ သူရူးဟာ အဲ့ဒီ့ပုံစံအတိုင်းကနေ လှဲချတယ်။
‘ အိပ်ချင်လိုက်တာနော်…ဒီမျက်ဆန်နှစ်ဖက် လေးလံလှပေရဲ့။ အေးလေ ခရီးတာတွေ ရှည်ရှည်လွန်းတော့လည်း ငါသူတော်လေး နွမ်းလှပြီပေါ့။ နားချေဦးမှပဲ…’
သူရူးဟာ ပြောဆိုရင်း မျက်ဝန်းတွေကို မှေးမှိတ်လိုက်တယ်။
အဲ့ဒီ့နောက်တော့ သူရူးဟာ တစ်ခဏအတွင်းမှာပဲ အိပ်စက်ခြင်းဆီကို ရောက်ရှိသွားရတော့လေရဲ့…။
သူရူး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရာကနေ နိုးလာရပြီး မျက်ဝန်းတွေကို ဖွင့်ကြည့်မိတော့ နေဝင်ရီတရော အချိန်…။
သူရူးလှဲအိပ်နေရာကနေ ထထိုင်လိုက်တယ်။
‘ ဟဲ့…ပလုတ်တုတ် ကိုဖိုးတုတ်၊ အမလေးလေးလေးလေး ငါသူတော်နတ်သားလေး လန့်လိုက်တာ…’
ထထိုင်လိုက်ချိန် နံဘေးဆီက ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ တစ္ဆေလေးကြောင့် သူရူးလန့်ဖျပ်ပြီး အော်လိုက်တာပါ။
တစ္ဆေလေးက သူရူးကို ကြည့်ပြီး ရယ်တယ်။
‘ ဟဲ့…နင်က ဘယ်သူလဲ။ ဘယ်ကရောက်လာတာလဲ…’
သူရူးက သူ့ရင်ဘတ်သူ လက်နဲ့ဖိရင်း မေးတော့ တစ္ဆေလေးက…။
‘ ကျုပ်က တစ္ဆေလေးပါ။ ဟိုးဘက် ပသီရွာ ကွင်းထဲက သစ်ပင်အိုမှာနေပါတယ်…’
‘ အင်း…နေတာတော့ ဟုတ်ပါပြီ။ ဘယ့်နှယ့်ကြောင့် ဒီအနားရောက်နေပြီး ငါသူတော်လေးကို လန့်အောင်လုပ်ရတာတုန်း…’
‘ ကျုပ် အကူအညီတောင်းချင်လို့ပါ…’
‘ အကူအညီ…’
သူရူးက မျက်လုံး ကြောင်စီစီနဲ့ တောင်ကြည့်မြောက် ကြည့်လိုက်တယ်။
‘ နင်က ငါသူတော်လေးကို နတ်သားလေးမို့လို့ အကူအညီလာတောင်းတာမှတ်လား…’
‘ အင်း…ဟုတ်တယ်…’
တစ္ဆေလေးစကားကြောင့် သူရူးက ကျေနပ်သွားရတယ်။
‘ ဟီး…ဟီး…ပျော်လိုက်တာ။ ကဲ…ပြောပြော ဘာအတွက်လဲ…’
သူရူးက ခုန်ပေါက်ပျော်ရွှင်ရင်း မေးလာတယ်။
ဒီတော့ တစ္ဆေလေးက သူရူးဆီ အေးမေကြုံနေရတဲ့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့တာပေါ့…။
*******
ညဉ့်အမှောင်ထဲမှာ သူရူးနဲ့ တစ္ဆေလေးတို့ လယ်ပြင်တွေအကြား သွားနေကြတယ်။
အတန်ကြာသွားမိတော့ ကြယ်ရောင်ဝိုးတဝါးအောက်ဆီမှာ တစ္ဆေကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုးအသွင်ပေါက်နေတဲ့ သစ်ပင်အိုကြီးကို လှမ်းတွေ့ရလေရဲ့။
‘ အဲ့ဒီ့နေရာမှာ…’
‘ ဪ…’
သစ်ပင်အိုကြီးရှိရာဆီကို နှစ်ယောက်သားဆက်လှမ်းကြတယ်။
အနားကိုရောက်လုအချိန်မှာတော့…။
‘ ဟဲ့…ကောင်မ။ ညည်းကို ငါခိုင်းနေတာလေ။ အခုလုပ်ပေးစမ်း…’
ငေါက်ငမ်းသံနဲ့အတူ မိန်းမတစ်ယောက်ရဲ့ ငိုကြွေးသံကို သူရူးနဲ့ တစ္ဆေလေးတို့ ကြားလိုက်ရတယ်။
‘ အဲ့ဒါ…ကွင်းပိုင်ကြီးဘိုးထူးရဲ့ အသံပဲ။ ကျုပ်…ကျုပ် ဆက်မလိုက်ရဲတော့ဘူး။ သူက ကျုပ်ထက် ကမ္မဇိတ္တိရှိတယ်…’
တစ္ဆေလေးက ပြောလိုက်တယ်။
‘ ဟီ…ဟီ…ငါသူတော်လေး အကြံရတယ်။ နင်စိတ်မပူနဲ့ လာလာ ငါ သူတော် ပြောပြမယ်…’
သူရူးက တစ္ဆေလေးကို တီးတိုးစကားပြောလိုက်တယ်။ သူရူးစကားအဆုံးမှာတော့ တစ္ဆေလေးက သူရူးအနားကနေ လှစ်ခနဲ ပျောက်ကွယ်သွားတော့လေရဲ့။
‘ ဪ…သင်းကလေးကလည်း မြန်လိုက်တာနော်…’
သူရူးက တစ်ကိုယ်ထဲ ရေရွတ်ပြီး လွယ်အိတ်ကြီးကို ပြင်ဆင်လွယ်လိုက်တယ်။ နောက် သီချင်းကြီးတစ်ပုဒ်ကို ဟစ်အော်ဆိုလိုက်ပြီး ကခုန်ရင်း သစ်ပင်ကြီးရှိရာဆီကို သွားလေတယ်။
သစ်ပင်ကြီးအောက်နားဆီကိုရောက်တော့ သျှောင်ထုံးကြီးနဲ့ ကွင်းပိုင်ကြီးဘိုးထူးရယ် မိန်းမပျိုတစ်ယောက်ရယ်ကို သူရူးမြင်ရတယ်။ ဒါပေမယ့်လည်း မမြင်သယောင်ပြုလိုက်ပြီး သစ်ပင်အောက်ကို ဝင်ထိုင်လိုက်လေကာ…။
‘ အင်း…လေကလေးက တဖြူးဖြူးနဲ့ ငါသူတော်နတ်သားလေး ဒီညတာကို ဒိအပင်အောက်မှာ စက်တော်ယူမှပါလေ…’
သူရူးကို ကွင်းပိုင်ကြီးနဲ့ မိန်းမပျိုက ကြည့်နေကြတယ်။
သူရူးကတော့ ဘာကိုမှ ဂရုမပြုဘူး။ နေရာဆီမှာပဲ လှဲအိပ်ချလိုက်တယ်။
‘ ဟဲ့…လုပ်လေ…’
ကွင်းပိုင်ကြီးဘိုးထူးဆီက ငေါက်ငမ်းသံ ထပ်မံထွက်ပေါ်လာပြန်တယ်။
မိန်းမပျိုကလည်း သူရူးဆီကို အကူအညီရလိုရငြား လှမ်းကြည့်တယ်။ ဒါပေမယ့်လည်း သူရူးကတော့ သူ့အာရုံနဲ့သူ လှဲလျောင်းလို့ရယ်။
‘ တယ်…ဒီကောင်မတော့…’
ကွင်းပိုင်ကြီးဘိုးထူးက မိန်းမပျိုကို ရိုက်နှက်ဖို့ ဟန်ပြင်လိုက်တယ်။ ဒီအချိန် သူရူးဆီက အဟမ်းအဟမ်းဆိုတဲ့ ချောင်းဟန့်သံက ထွက်ပေါ်လာတာမို့ လက်က လေထဲမှာတင် တန့်သွားရပြီး လှည့်ကြည့်မိတယ်။
‘ အင်း…ငါသူတော်လေးလည်း လူတို့ရပ်ရွာကို လှည့်ပတ်သွားလာရတာ အတော်ပင်ပန်းပါပေါ့လား။ အို…ခြေတွေကလည်း ညောင်း၊ လက်တွေကလည်း ညောင်းနဲ့။ မဖြစ်သေးပါဘူး။ ဒီကွင်းကိုပိုင်တဲ့ ကွင်းပိုင်ကို ခေါ်ပြီး နှိပ်နယ်ခိုင်းဦးမှပဲ…’
‘ ဟဲ့…’
သူရူးစကားအဆုံး ကွင်းပိုင်ကြီးဘိုးထူးဆီက အသံထွက်ပေါ်လာတယ်။
‘ ကြာပါတယ်လေ အခုပဲ ခေါ်နှိပ်ခိုင်းရမယ်…’
သူရူးက လှဲလျောင်းရာက ထထိုင်တယ်။ ပြီးတော့ မြေဆီကို လက်ညှိုးနဲ့ ထိစိုက်လိုက်ပြီး…။
‘ ဒီမြေတစ်ရိုး ပိုင်ကာစိုး ဘိုးတဲ့ရာဇာ ကွင်းပိုင်ကာလ နင့်ကို ငါသူတော် ဆင်ခေါ်ပါးတယ်။ အခုပဲ လာချေတော့…’
‘ ဟင်…’
ကွင်းပိုင်ကြီးဘိုးထူးက သူရူးလုပ်ပုံတွေကို ကြောင်အမ်းပြီး ကြည့်နေတယ်။
ဒီအချိန်မှာပဲ ကွင်းထဲဆီကနေ ထွက်ပေါ်လာတဲ့ ခြေသံကြီးတစ်ခု။
သိပ်မကြာလိုက်ပါဘူး။
ကွင်းထဲကနေ သစ်ပင်ကြီးဆီကို လှမ်းလာနေတဲ့ အရိပ်မည်းမည်းကြီး။ ကိုယ်ခန္ဓာကြီးက ကြီးမားလွန်းလှသလို အရပ်အမောင်းကလည်း ဆယ်ပေလောက် မြင့်တယ်။
ဒါကို မြင်တော့ ကွင်းပိုင်ကြီး ဘိုးထူးတစ်ယောက် ရှူးရှူးရှားရှားဖြစ်သွားရလေပြီး သူရူးအရှေ့ကို ခုန်ထွက်လိုက်တယ်။
‘ အဲ့…ပလုတ်တုတ်…’
သူ့ရှေ့ကို ခုန်ထွက်လာတဲ့ ကွင်းပိုင်ကြီးဘိုးထူးကြောင့် သူရူးက လန့်ဖျပ်ပြီး ထခုန်တယ်။
‘ ဟေ့…အရူးကောင်။ ဒီကွင်းကို ငါပိုင်တာ။ ဒါကို နင်က ကျူးကျူးကျော်ကျော် ဘယ်ကွင်းပိုင်ကို တနေတာတုန်း…’
‘ ဟမ်…နင်က ဒီက ကွင်းပိုင်လား။ ဟီ…ဟီ…ကွင်းပိုင်ကလည်း လူလေးကျနေတာပဲ…’
‘ ဟဲ့…အရူး။ ငါသာ မူလပြန်လိုက်ရင် နင်လန့်ဖျပ်ပြီး သေသွားလိမ့်မယ်…’
ကွင်းပိုင်ကြီးဘိုးထူးက မခံမရပ်နိုင်ပြောတော့ သူရူးက ဟိခနဲ ရယ်တယ်။ ပြီးလည်းပြီးရော အညောင်းအညာဆန့်လိုက်ပြီး… ။
‘ ဟိုကွင်းပိုင်ကို ငါသူတော်လေးက နှိပ်နယ်ခိုင်းဖို့ ခေါ်တာလေ။ အခု နင်က ကွင်းပိုင်ဆို နင်ကိုယ်တိုင်ပဲ လာနှိပ်ချေတော့…’
သူရူးက ပြောပြီးတော့ လှဲလျောင်းအိပ်လိုက်တယ်။
ကွင်းပိုင်ကြီးဘိုးထူး ရုတ်တရက် ဘာလုပ်ရမယ်မသိတတ်ဘူး။ ကြောင်အမ်းပြီး ကြည့်နေလေရဲ့။
‘ ဟဲ့…နှိပ်ပါဆို…’
သူရူးက ပြောလာတယ်။ ဒီအခါမှ ကွင်းပိုင်ကြီးဘိုးထူးက သတိဝင်လာပြီး…။
‘ မနှိပ်ဘူး…’
‘ မနှိပ်ရင် နင်က ကွင်းပိုင်မဟုတ်ဘူး။ ဟေ့…ကွင်းပိုင်ကြီး လာလာ နှိပ်…’
တစ်ဖက်က အရိပ်မည်းကြီးက အရှေ့ကို လှမ်းတိုးလာတယ်။
ဒီအခါမှာတော့ ကွင်းပိုင်ကြီးဘိုးထူးဟာ ဒေါသထိန်းမရတော့တဲ့ အသွင်ဖြစ်သွားပြီး ဝုန်းခနဲ မူလပြန်လိုက်တယ်။
ဒီအခါ မည်းနက်ပြီး အမွှေးအမျှင်တွေနဲ့ ထန်းပင်အမြင့်လောက်ရှိတဲ့ အကောင်ကြီးအသွင်ပြောင်းလဲသွားလေရဲ့။
‘ ငါက ကွင်းပိုင်ပဲ။ ဟိုကောင်…မင်းက ဘယ်က လာတာလဲ။ ကိုယ့်နေရာ ကိုယ်ပြန်စမ်း…’
သူ့ထက်အကောင်အထည်ကြီးတဲ့ သူက ပြောတော့ တစ်ဖက်က ကွင်းပိုင်ဆိုတဲ့ အကောင်က တုန်ရီပြီး အနောက်ဆုတ်မလို့ လုပ်တယ်။
‘ မဟုတ်ပါဘူး သူက ကွင်းပိုင်ပါဟ။ ငါသူတော်လေး သိပါတယ်…’
သူရူးက လှဲအိပ်နေရာက မထတမ်း ကြည့်နေရင်း ပြောတယ်။
ထူးဆန်းတယ်ပဲ ပြောရမလားမသိဘူး။
သူရူးစကားအဆုံးမှာ တစ်ဖက်က ကွင်းပိုင်ဆိုတဲ့ အကောင်ရဲ့ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ထန်းပင်အမြင့်ထက်ကို ကျော်လွန်ပြီး ကြီးသွားခဲ့တယ်။
‘ ဟင်…’
ကွင်းပိုင်ကြီးဘိုးထူးဆီက အသံ။
တစ်ဖက်က သူ့ထက်အကောင်အထည်ကြီးမားသွားတာမို့ ကြောက်စိတ်ဝင်လာတဲ့အသွင်ရှိနေတယ်။
‘ တွေ့လား။ သူက ကွင်းပိုင်ပါ…’
သူရူးက ထပ်ပြောတော့ တစ်ဖက်က ကွင်းပိုင်ဆိုတဲ့ အကောင်က ထပ်ပြီး ကြီးထွားသွားပြန်ရော။
‘ သိပြီလား…ဘယ်သူက ကွင်းပိုင်လဲ…’
ကွင်းပိုင်နှစ်ယောက်ရဲ့ ကမ္မဇိတ္တိ အားပြိုင်မှု။
သူရူးပြောတဲ့ ကွင်းပိုင်ဆိုတဲ့အကောင်က ကွင်းပိုင်ကြီးဘိုးထူးထက်ကို နှစ်ဆလောက်ဖြစ်နေပြီ။ ပြီးတော့ အဲ့ဒီ့အကောင်ကြီးက လက်ဟန်တပြင်ပြင်နဲ့ ကွင်းပိုင်ကြီးဘိုးထူးကို ရိုက်ပုတ်မယ်တကဲကဲ ဖြစ်နေတယ်။
‘ ငါ…ငါ အရှုံးပေးပါတယ်…’
ကွင်းပိုင်ကြီးဘိုးထူး သျှောင်ထုံးကြီးနဲ့ လူကြီးပုံစံပြန်ဖြစ်သွားပြီး ဒူးတုပ်ထိုင်ချရင်း ဆိုလိုက်တယ်။
ဒီအခိုက်မှာပဲ သူရူးက ထရပ်လိုက်ပြီး…။
‘ ကွင်းပိုင်ကြီးဘိုးထူး…နင် တကယ် အရှုံးပေးတာလား…’
‘ တ…တကယ်ပါ…’
တစ်ဖက်က ကွင်းပိုင်က အပေါ်က စီးမိုးထားဆဲပဲလေ။ ဒါကြောင့် အသံတွေတောင်တုန်ရီရင်း ကွင်းပိုင်ကြီးဘိုးထူးက ဖြေလိုက်တာ။
‘ နင် သူတစ်ပါးကို နိုင်ထက်စီးနင်း ပြုခဲ့တယ်၊ အဲ့ဒါတွေအတွက် အခု နင့်ကို နင့်ထက် အကောင်ကြီးတဲ့သူက ပြန်အနိုင်ကျင့်တော့မယ်။ ဘယ်လိုလဲ နင် လက်ခံနိုင်လား…’
‘ လက်မခံနိုင်ပါဘူး…ကြောက်…ကြောက်ပါတယ်…’
‘ ကိုယ်ကသာတိုင်း နိုင်ထက်စီးနင်း ပြုတာ မကောင်းဘူးဆိုတာကိုကော မြင်နိုင်ပြီလား…’
‘ မြင်နိုင်ပါပြီ…ကောင်းကောင်းကြီးကို မြင်နိုင်ပါပြီ…’
‘ ဟုတ်ပြီလေ…ဒါဖြင့် ငါသူတော်လေး သစ္စာတိုင်ပေးမယ်။ နင် သစ္စာဆိုရမယ်၊ ဖြစ်မလား…’
‘ ဖြစ်ပါတယ်…’
‘ ကဲ…လိုက်ဆို၊ ကျွန်ုပ် ကွင်းပိုင်ကြီးဘိုးထူးဟာ ဒိအချိန်ကစ နောင်အခါများမှာ ဘယ်စောအခါမှ သူတစ်ပါးအပေါ် နိုင်လိုမင်းထက် မပြုတော့ပါ။ ပြုမိပါက လောင်မီးပြင်းပြတဲ့ ရောရုဝငရဲဆီကို ကျရောက်ပါစေ…’
ကွင်းပိုင်ကြီးဘိုးထူးက သူရူးတိုင်ပေးတဲ့အတိုင်း သစ္စာကိုပြုတယ်။
‘ ကဲ… ဟို တစ္ဆေလေး နင့်ရဲ့ မူလဆီကို ပြန်လိုက်တော့…’
သူရူးစကားအဆုံး တစ်ဖက်က ကွင်းပိုင်က ခေါင်းကြီးကိုယ်သေးနဲ့ တစ္ဆေကလေး ပြန်ဖြစ်သွားတယ်။
‘ ဟင်…’
တစ္ဆေလေးကို မြင်တော့ ကွင်းပိုင်ကြီးဘိုးထူးဆီက အာမေဋိတ်သံ။
‘ ကဲ…ကွင်းပိုင်ကြီးဘိုးထူး။ နင့်သစ္စာကို နင်သတိရနော့်…ဟိ…ဟိ…’
သူရူးက သတိပေးစကားဆိုတယ်။
‘ အင်းပါ…ငါ သတိရပါတယ်…’
သူရူးနဲ့ ကွင်းပိုင်ကြီးတို့အဖြစ်ကို သစ်ပင်အောက်ဆီက အေးမေက ကြည့်နေတယ်။
‘ ဟို…သူငယ်မ။ ဒီကိုလာချေကွယ့်…’
သူရူးက လှမ်းခေါ်တော့ အေးမေ ကြောက်စိတ်မပြယ်ဟန်နဲ့ ရောက်လာတယ်။
‘ ဟိုတစ္ဆေလေး နင်လည်း ဒီသူငယ်မကို တောင်းပန်ရမယ်။ သူ့ငါးတွေကို နင်စားပစ်တာ ငါသူတော်သိတယ်။ ဒီကကွင်းပိုင်ကြီးဘိုးထူးက သူငယ်မ ဆဲဆိုလို့ အခုလိုလုပ်တာ။ တကယ်တမ်း နင်သာ သူငယ်မရဲ့ ငါးဗန်းကို မစားလိုက်ရင် အခုလို ဖြစ်မလာနိုင်ဘူး။ ငါသူတော်ပြောတာ ဟုတ်သလား…’
တစ္ဆေလေးဟန်ပန်က ယို့ယို့ကလေးဖြစ်သွားတယ်။
‘ ဟုတ်ပါတယ်။ အဲ့ဒီ့နေ့က ကွင်းပိုင်ကြီးမရှိချိန် သူရောက်လာပြီး ငါးဗန်းချလို့ အပေါ့စွန့်တယ်။ ငါလည်း ဗိုက်ကဆာနေချိန်နဲ့ဆိုတော့ ယူစားလိုက်မိတယ်။ ဒါကို သူငယ်မက စိတ်ဆိုးပြီး ဆဲဆိုတဲ့အချိန် ကွင်းပိုင်ကြီးဘိုးထူးပြန်ရောက်လာရပြီး အခုလိုဖြစ်ကုန်တာပါ။ ငါ ဒီအတွက် အနူးအညွတ်ကို တောင်းပန်ပါတယ်…’
ကိစ္စက ရှင်းလင်းခဲ့ပါပြီ။
အဲ့ဒီ့နောက်တော့ သူရူးက အေးမေကို ခေါ်ဆောင်ပြီး ရွာဆီကို ထွက်ခဲ့ပါတော့တယ်။
*******
အေးမေတို့ အိမ်ကလေးဆီမှာ ညမီးရောင်တွေနဲ့ ထိန်ထိန်ညီးနေတယ်။ လူသူတွေလည်း လေးငါးဆယ်ယောက်ရှိနေပြီး မီးရောင်အောက်မှာ စကားထိုင်ပြောနေကြတယ်။
‘ အဖေဖြစ်သူက မမာဖြစ်နေတာကို အဖေမဆုံးဘဲ သမီးဆုံးရတယ်လို့…’
‘ ဟုတ်ပါ့တော်။ ကျုပ်ဖြင့် ကြားကြားချင်း စိတ်မကောင်းဖြစ်လိုက်ရတာ…’
အချင်းချင်း ပြောဆိုနေကြတဲ့ စကားတွေ။
ဒီအချိန် သူရူးနဲ့အတူ အေးမေ သူတို့အိမ်ကလေးအရှေ့ဆီကို ရောက်ရှိလာတယ်။
‘ ကဲ…သူငယ်မ။ ဟိုးဆီမှာ နင့်ခန္ဓာ။ နင် အနားကို နင်သွားလိုက်ရင် ခန္ဓာနဲ့ နာမ် ပြန်ပြီး ပေါင်းစည်းသွားလိမ့်မယ်။ ကဲ…သွားတော့…’
သူရူးစေရာအတိုင်း အေးမေ လုပ်ဆောင်လိုက်တယ်။ ခန္ဓာကိုယ်ကြီးအနားကို ရောက်တော့ အေးမေ သူရူးကို တစ်ချက်လှမ်းကြည့်တယ်။ သူရူးက ရယ်ကြဲကြဲနဲ့ သူမကို ကြည့်နေလေရဲ့။
အေးမေ သူရူးကို ပြုံးပြလိုက်ပြီး ခန္ဓာကိုယ်ကြီးအပေါ်ကို လှဲအိပ်လိုက်တယ်။
‘ ရေ…ရေပေးပါ…’
‘ ဟာ…’
အေးမေဆီက အသံကြောင့် ထိုင်နေကြတဲ့သူတွေ လန့်သူလန့်၊ ပြေးသူပြေးနဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်တယ်။
‘ ရေဆာလိုက်တာ ရေပေးပါ…’
အေးမေဆီ ထပ်ပြီး ထွက်လာတဲ့ အသံ။ ဒီအသံအဆုံး တစ်ယောက်သော သူဆီက…။
‘ အေးမေ…အေးမေ မသေးဘူးဟေ့။ အေးမေ ပြန်ရှင်လာတာ…’
အေးမေရှိရာကို လူတွေ ပြုံစုပြီး ရောက်ရှိလာကြကုန်တယ်။ အေးမေတစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုလို့ပဲ။
ရေထပ်တောင်းတော့ လူတွေက အေးမေကို ရေတိုက်ကြတယ်။ ရေသောက်ပြီးချိန်မှာတော့ အေးမေဟာ ပြန်လည်ကာ အိပ်ပျော်သွားခဲ့ရပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ အေးမေဟာ အကောင်းကတိပြန်ဖြစ်ခဲ့ပြီဖြစ်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြန်လည် ပြောပြတော့ တချို့က အံ့အားသင့်ကြတယ်။ တချို့က အပြင်ဘက်ထွက်ပြီး အေးမေပြောတဲ့ သူရူးကို ရှာဖွေကြတယ်။
ဒီအချိန်မှတော့ ဘယ်လို ရှာတွေ့တော့မှာတုန်း။
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် အေးမေကတော့ သေရွာပြန်အေးမေရယ်လို့ သညှာပြုခံခဲ့ရပါပြီ။
ဒီကနေ နောက်ပိုင်းအချိန်တွေမှာတော့ အေးမေဟာ ရွာသားတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သူမအဖေကိုလည်း ဆက်လက်ပြုစု စောင့်ရှောက်ပါတယ်။
နေ့စဉ် ဘုရားရှိခိုး၊ ဆွမ်းကပ်၊ ကုသိုလ်ကောင်းမှု ပြုပြီးချိန်တိုင်းမှာလည်း ကွင်းပိုင်ကြီးဘိုးထူးနဲ့ တစ္ဆေလေးတို့ကို အမျှအတန်းမပျက်မကွက် ပေးဝေဖြစ်ပါလေတော့ရဲ့…။
ပြီးပါပြီ။
နောင်ရိုး( ဆေးတပ်)