ခင်ပွန်းရဲ့ချစ်သူ(စ/ဆုံး)
———————
လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုချိန်မှာ ခင်ပွန်းရဲ့ ချစ်သူက သူ့ရှေ့ခွဲစိတ်ခုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်းကို မုန်းခဲ့မိတယ်။
၀တ်စုံဖြူ၀တ်နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။
၂၀၀၂ ခုနှစ် နို၀င်ဘာလရဲ့ ဆောင်းညတစ်ညမှာ မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေကျနေခဲ့တယ်။ အသက်သုံးဆယ်ကျော် သားဖွားမီးယပ် ဆရာ၀န်ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ်လူနာတစ်ဦးကို (၁၀၁)က ပို့လာတဲ့ သတင်း သူရလိုက်တယ်။
လူနာက လှေကားပေါ်ကပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်၀န်သည် တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော၊ ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်းခွဲစိတ်မှုတွေ ပြုလုပ်ရတယ်။
ခွဲစိတ်ဖို့အတွက် အလျင်အမြန်ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်း ၀င်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့ သွေးခုန်းနှုန်းဟာ ငယ်ထိပ်အထိ တိုးတက်လာတယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမဲ့ ဒါတွေယာ အိပ်မက်မဟုတ်ဘူး။ သူ့မျက်စိရှေ့မှာ ဆန့်ဆန့်ကြီးလဲနေသူက တကယ်ပဲ သူ့ခင်ပွန်းရဲ့ ချစ်သူ ဖြစ်နေတယ်။
မိစ္ဆာတစ်ကောင်လို သူ့ကို ရက်လရှည်ကြာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ မိန်းမ။ အခုချိန်မှာတော့ သူ့မျက်စိရှေ့မှာလဲလျောင်းပြီး နာကျင်ညည်းတွားနေတယ်။ ဒီမျက်နှာကို ယွန်း အပြင်မှာ တစ်ခါမြင်ခဲ့ဖူးလို့ သေရာပါ အမှတ်အသားအဖြစ် မှတ်မိနေတယ်။ ဒါဟာ သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ပြိုကွဲအောင် ဖျက်ဆီးခဲ့တဲ့ မိန်းမ တစ်ယောက်အတွက် ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းပေပဲလား။
ယွန်းရဲ့ရင်ထဲမှာ လှိုင်းထန်နေတယ်။ ရပ်နေရာက တစ်လှမ်းမှ သူမရွှေ့ခဲ့မိဘူး။ လုပ်ဖော်ကိုင်ဖက် ဆရာ၀န်တွေက အလုပ်ရှုပ်နေကြပြီ။ လူနာရဲ့ နာကျင်ညည်းတွားသံက ပိုကျယ်လောင်လာခဲ့ပေမယ့် ယွန်းရဲ့ လှုပ်ရှားမှုတွေ ပိုနှေးကွေးလာခဲ့တယ်။ စိတ်ထဲမှာလည်း မေးခွန်းတွေ ထုတ်နေမိတယ်။
သူ့ကို ငါဘာဖြစ်လို့ ကယ်ရမှာလဲ။ ကလေးသေတာ ဘုရားသခင် ဒဏ်ခတ်တာပဲ။ ကလေးမရခဲ့ရင် ငါ့ယောကျာ်း ငါ့ဆီပြန်လာနိုင်သေးတယ်။ ဘုရားသခင် ပေးတဲ့ ဒီ အခွင့်အရေးကို ငာဘာလို့လက်လွှတ်ပြီး သူ့ကိုကယ်ရမလဲ။
ခြေထောက်တွေကို သံမှိုစွဲထားသလား ထင်ရလောက်အောင် ယွန်း မလှုပ်မယှက်ရပ်နေမိတယ် ။ အဲ အချိန်မှာ နာကျင် ခံစားနေရတဲ့ အသံတစ်သံက သူ့ကိုလှုပ်နှိုးလိုက်တယ် ။ သူ သတိဝင်လာတဲ့ အချိန် အဲဒီအသံဟာ ကိုယ့်စိတ်ထဲက လာတဲ့ အသံ ဖြစ်မှန်း သူသတိထား လိုက်မိတယ် ။ လူနာခုတင်နား ယွန်း ကပ်သွားမိတယ် ။ ဆရာဝန်တွေရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့် ကျ မှုတွေ ထင်ဟပ်နေတယ် ။ လူနာက ရုတ်တရက် ယွန်းလက်ကိုဆွဲလိုက်တယ် ။
“ မမ မမ ကျွန်မကို မုန်းတယ်ဆိုတာ ကျွန်မသိပါတယ် ။ ကလေး အသက်ကို ကယ်ပါမမ ။ ကျွန်မ တောင်းပန်ပါတယ် ။ ကျွန်မ သေချင်သေသွားပါစေ ။ ကလေးရဲ့ အသက်ကို အရကယ်ပေးပါ မမ ။ ဒီကလေးဟာ သူ့သွေးပါ မမ ”
တစ်ခါမှ မခံစားဖူးတဲ့ တွေဝေမှုတွေ ယွန်းရင်ထဲ ပြည့်ကျပ်နေတယ် ။ ခင်ပွန်းက ယွန်းကို သစ္စာဖောက်ခဲ့တယ် ။ ယွန်း ရဲ့ ခင်ပွန်းနာမည်က ကိုချမ်းငြိမ်း ၊ နာမည်ကြီးစီးပွားရေး ကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်တယ် ။ အရပ်မြင့်မြင့် ၊ တောင့်တင်းတဲ့ ကိုချမ်းငြိမ်းက ယွန်းထက်နှစ်နှစ်ကြီးတယ် ။
လက်ထပ်ပြီးစမှာ နှစ်ယောက်လုံး ပျော်ရွှင်ခဲ့ကြတယ် ။ ဒါပေမဲ့ ခင်ပွန်းအနားမှာ အမြဲနေဖို့ ယွန်းမှာအချိန် မလုံလောက် ခဲ့ဘူး ။ ဆေးရုံမှာ တစ်နေကုန် တစ်နေ့ကို ကလေး ဆယ်ယောက်လောက် မွေးဖွားပေးနေရတယ် ။ မမွေးဖွားနိုင်တဲ့ လူနာတွေကို ကယ်တင်နေရတယ်။
တစ်ခါတလေ နေ့ညပြောင်းပြန် တာဝန်ထမ်းဆောင် ခဲ့ရတယ် ။ အိမ်ပြန်ရောက်တော့လည်း သမီးငယ်ကို ပြုစု ရသေးတယ် ။ တစ်နေကုန် မောပန်းလွန်းလို့ အိပ်ရာပေါ်ခေါင်းချတာနဲ့ အိပ်ပျော်တော့တယ် ။ ခင်ပွန်းက လူကြီးဖြစ်နေပြီ ဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂရုစိုက်နိုင်လိမ့်မယ်လို့ ယွန်းထင်ခဲ့တယ် ။ ဒါပေမဲ့ “ ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်း တတ်တဲ့ကလေး ” ဆိုတဲ့ အဆိုကို သူမေ့သွားခဲ့တယ် ။ ခင်ပွန်းကို ပိုဂရုစိုက် ပြုစုရမယ်ဆိုတာကို သူမေ့လျော့နေခဲ့တယ် ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို တာဝန်လစ်ဟင်းခဲ့တယ်လို့ ယွန်းသူ့ကိုယ်သူ အပြစ်တင်ပြီး ခွင့်မလွှတ်နိုင် ဖြစ်ခဲ့တယ်။
၂၀၀၁ ခုနှစ် ၊ နွေရောသီ အလုပ်ကိစ္စနဲ့ ကိုချမ်းငြိမ်း ထိုင်းနိုင်ငံကို သွားရောက်ရတယ် ။ ရေစိမ်း ၊ မြေစိမ်း ဖြစ်တဲ့အတွက် ဝမ်းကိုက်ရောဂါကို အပြင်းအထန် ခံစားခဲ့ရတယ် ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ ဆေးရုံတန်းပို့တဲ့အထိ အခြေအနေဆိုးခဲ့တယ် ။ ဆေးရုံကို ယွန်းရောက်သွားတဲ့အချိန် ခင်ပွန်းကမေ့မြောနေခဲ့တယ် ။ ယွန်း ငိုမိတယ် ။ ခင်ပွန်းရဲ့နာမည်ကို အော်ခေါ်ပြီး ယွန်းငိုခဲ့မိ သလို ခံစားနေတာတွေ ပျောက်အောင် သူ့ကိုယွန်း နမ်းခဲ့တယ် ။ ခင်ပွန်း သတိပြန်လည်လာတဲ့အချိန် ယွန်းငိုနေတာကို တွေ့တော့ အားတင်းပြုံးပြီး
“ မောင့်အတွက် ယွန်းမျက်ရည်ကျလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ယွန်းစိတ်ထဲမှာ သမီးငယ်နဲ့ အလုပ်ပဲရှိတယ်လို့ ထင်ခဲ့မိတယ် ” လို့ပြောတယ် ။
“ မောင့်ကိုယွန်းသိပ်ချစ်တာ မောင်မသိခဲ့ဘူးလား ဟင်။ မောင်ဟာ ယွန်းဘဝမှာ အရေးအပါဆုံး ။ မောင်သေလို့မဖြစ်ဘူး။ မောင်သေသွားရင် ယွန်းတို့သားအမိ ဘယ်လိုလုပ်မလဲမောင် ။ မောင့်ကို ယွန်းသိပ်ချစ်တယ် ”
အဲဒီအချိန်ကျမှ ခင်ပွန်းကိုချမ်းငြိမ်းကို ”ချစ်တယ်” ဆိုတဲ့စကား ယွန်းမပြောဖြစ်ခဲ့တာကြာပြီဖြစ်ကြောင်း ယွန်းကိုယ့်ကိုယ်ကို သတိထားလိုက်မိတယ် ။ ဒါကြောင့် ကိုချမ်းငြိမ်းက ခနဲ့တာဖြစ်မယ် ။ ဒါပေမဲ့ သူခနဲ့တဲ့စကားက ယွန်းစိတ်ကို မနိုးကြားနိုင်ခဲ့ သေးပါဘူး ။
ကိုချမ်းငြိမ်း ဆေးရုံဆင်းမယ့်နေ့က မိန်းမငယ်ချောချောလေးတစ်ဦး အခန်းဝမှာရစ်သီ ရစ်ဝဲလုပ်နေတယ် ။ ယွန်း ရှိနေလို့ အခန်းထဲကို ဝင်မလာခဲ့ဘူး ။ မိန်းကလေးကို သိလားလို့ ကိုချမ်းငြိမ်းကိုမေးတော့ မသိဘူးလို့ ငြင်းတယ် ။
“ယွန်းအမျိုးသားက တက်လမ်းရှိသူ ၊ ကြိုးစားသူဖြစ်တယ် ။ သံယောဇဉ်လည်းကြီးတယ်။ ခင်ပွန်းကို ယွန်းအထူး ဂရုစိုက် ၊ စိုးရိမ်ရမယ်” လို့ မိတ်ဆွေသူငယ်ချင်း တချို့ရဲ့သတိပေးစကားကို ယွန်းကြားယောင်လိုက်မိတယ်။ အဲဒီတုန်းက သူတို့ရဲ့ သတိပေးစကားကို ယွန်းပျက်ရယ် ပြုခဲ့မိတယ်။ ကိုချမ်းငြိမ်းဟာ သမီးလေးကိုအရမ်းချစ်တယ်။ မိသားစုအပေါ် သံယောဇဉ် ကြီးတယ်။ ယွန်းတို့သားအမိ စိတ်ဆင်းရဲအောင် သူလုပ်ရက်မှာ မဟုတ်ဘူးလို့ ယွန်းယုံကြည်ခဲ့မိတယ် ။
ကိုယ့်ထင်မြင်ချက်ကို သိပ်ယုံကြည်ခဲ့တဲ့ ယွန်းတစ်ယောက် ကိုချမ်းငြိမ်း အိမ်အပြန်နောက်ကျလာတာကို တဖြည်းဖြည်း သတိထားလာခဲ့မိတယ်။ ရုံးပိတ်ရက် ၊ ပွဲတော်ရက်တွေတောင် အိမ်မှာအနေနည်းလာခဲ့တယ် ။ သူ မလျှော်ပေမယ့် ဖြူစင်သန့်ရှင်း နေတဲ့ ကိုချမ်းငြိမ်းအဝတ်အစားတွေကို တွေ့တော့ သူစစ်မေးခဲ့ပါတယ်။ ကိုချမ်းငြိမ်းက လုပ်ငန်းရှင်တွေပြုစုတာ၊ ယွန်းပင်ပန်းမှာ စိုးလို့ တည်းခိုခန်းက ဝန်ထမ်းတွေကိုလျှော်ဖွပ်ခိုင်းတာ စတာတွေပြောခဲ့တယ်။ အိမ်ပြန်မအိပ်တဲ့ညတွေက တည်းခိုခန်းတစ်ခုမှာ အခန်းငှားထားပြီး ညဉ့်အရမ်းနက်ခဲ့ရင် အဲဒီမှာပဲ အိပ်ဖြစ်ခဲ့ကြောင်း ရှင်းပြပါတယ်။
၂၀၀၂ ခုနှစ် ဩဂုတ်လ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူတွေ့ခဲ့တဲ့အံ့ဩစရာ ကိစ္စတစ်ရပ်ကို ယွန်းဆီ တိုးတိုးတိတ်တိတ် သယ်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်က သူ့မိတ်ဆွေဖွင့်တဲ့ ဆေးခန်းမှာ ကိုယ်ဝန်ဆောင်မိန်းမငယ်တစ်ဦး လာပြခဲ့ကြောင်း၊ အဲဒီ မိန်းမငယ်ကို ဟွန်ဒါကားနဲ့ လာပို့ကြောင်း ၊ ဒီလိုလူကုံထံ ကိုယ်ဝန်သည်တစ်ဦးက အကောင်းစား ဆေးခန်း၊ ဆေးရုံတွေမှာမပြဘဲ ဒီလိုချောင်ကျကျ ဆေးခန်းငယ်မှာ လာပြတဲ့အတွက် သူထူးဆန်းအံ့သြမိကြောင်း ပြောပြတယ်။ ယွန်းလည်း စိတ်ဝင်စားပြီး ကား နံပါတ်ကို စုံစမ်းခိုင်းကြည့်မှ ကားပိုင်ရှင်ဟာ ကိုယ့်ခင်ပွန်းကိုချမ်းငြိမ်း ဖြစ်နေတာကို သိလိုက်ရတယ်။
ယွန်း တစ်ကိုယ်လုံးရှိသမျှ သွေးတွေဦးနှောက်ထဲအထိ တိုးတက်လာခဲ့တယ်။ အလုပ်ကိုစောစောဆင်းပြီး ကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီကိုလိုက်သွားတယ်။ ကိုချမ်းငြိမ်းရဲ့ကား ရှေ့မှာရပ်ထားတုန်းပဲ။ မုန့်ဆိုင်လေး တစ်ဆိုင်နောက်မှာ ယွန်းကွယ်ပြီးရပ်စောင့် နေမိတယ်။ ကိုချမ်းငြိမ်း ကားမောင်းထွက်သွားတဲ့အထိ ယွန်းရပ်စောင့်နေမိတယ်။ အဲဒီနောက် တက်စီတစ်စီးငှားပြီး ကိုချမ်းငြိမ်း ကားနောက် လိုက်ခဲ့မိတယ်။ တိုက်ခန်းတစ်ခုရှေ့မှာ ကိုချမ်းငြိမ်းကားရပ်ပြီး တိုက်ပေါ်တက်သွားတာကို တွေ့လိုက်တယ်။ တိုက် အောက်မှာ ယွန်း ညဉ့်နက်တဲ့အထိ ရပ်စောင့်နေခဲ့မိတယ်။
ညသန်းခေါင်ရောက်မှ ကိုချမ်းငြိမ်းရဲ့ဖုန်းကို ဆက်သွယ်နိုင်ခဲ့တယ်။ ကိုချမ်းငြိမ်းက သူခရီးလွန်နေကြောင်း ၊ ဒီညအိမ်ပြန် ဖြစ်မှာ မဟုတ်တဲ့အကြောင်း ၊ ယွန်းကို အရင်အနားယူဖို့ ပြောတယ်။ ဖုန်းပြောရင်း ယွန်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန် နေမိတယ်။ ကိုယ်အချစ်ရဆုံးသူက ကိုယ့်ကိုသစ္စာဖောက် သွားခဲ့ပြီ။ ကိုယ်ကဘာမှ မသိခဲ့ရဘူး။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ် ရင် ကောင်းမလဲ။
ရက်အနည်းငယ်ကြာမှာ “ ခရီး လွန် ” နေရာမှ ကိုချမ်းငြိမ်း ပြန်ရောက်လာခဲ့တယ်။ နာကျင် ခံစားမှုတွေကို သည်းညည်း မခံနိုင်တော့ဘဲ ကိုချမ်းငြိမ်း ပြန်ရောက်ရောက်ချင်း အဖြစ်မှန်ကို ယွန်းဆီးကြိုမေးလိုက်တယ်။ ကိုချမ်းငြိမ်း မဟုတ်ဘူးလို့ ငြင်းခဲ့ရင် ဖြစ်ပျက်ခဲ့သမျှကို ပြည်ဖုံးကားချပြစ်ဖို့ ယွန်းမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကိုချမ်းငြိမ်း မငြင်းခဲ့ဘူး။ ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် သောက်နေခဲ့တယ်။ အဲဒီမိန်းကလေးကို အလုပ်မှာရင်းနှီးခဲ့ကြောင်း ၊ အသက် ၂၅ နှစ်သာရှိသေးကြောင်း ပြောပြတယ်။
အဲဒီ ကောင်မလေးကို သိပ်ချစ်လားလို့ ယွန်းမေးတော့ ကိုချမ်းငြိမ်းက ဝန်မခံသလို ၊ ငြင်းလည်း မငြင်းဆန်ခဲ့ဘူး ။ အဲဒီ ကောင်မလေးရဲ့ ဘာကိုချစ်သလဲလို့ မေးပြန်တော့ ကိုချမ်းငြိမ်းက သက်ပြင်းတစ်ခုကိုဆွဲချရင်း …
“သူကသနား ကြင်နာစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ ။ မဟုတ်မခံစိတ် ရှိပေမယ့် ငါဟာအရေးပါသေးတဲ့ လူတစ်ယောက် ဖြစ်ကြောင်းခံစားမိအောင် သူလုပ်ခဲ့တယ် ”
ယွန်းမျက်ရည်တွေစီးကျလာတယ်။ ကိုချမ်းငြိမ်းရဲ့စကားက အလုပ်ကြောင့်သူ့ကိုလျစ်လျူရှုထားခဲ့မိတဲ့ ယွန်းကို အပြစ်တင် နေမှန်း ယွန်းသိလိုက်တယ် ။ လင်ယောက်ျားကို ရွံ့မုန်းမိသလိုကိုယ့်ကိုယ်ကိုလည်း ယွန်းအပြစ်တင် နေမိတယ်။ တစ်ကနေပြန်စ ဖြစ်ရင် ကိုယ်ဘာလုပ်သင့်သလဲဆိုတာကို ယွန်းသိခဲ့ပါတယ်။ အရာရာကိုမေ့ပြီး အသစ်ကနေပြန်စဖို့ ယွန်းမျှော်လင့်ခဲ့ပေမယ့် ကိုချမ်းငြိမ်းရဲ့ အပြုအမူတွေက သူ့မျှော်လင့်ချက်ကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်။
အဲဒီကောင်မလေးမှာ ကိုယ်ဝန်ခြောက်လလွယ်ထားရပြီဖြစ်ကြောင်း ၊ ဒီရင်သွေးကို သူမလိုချင်ခဲ့ပေမယ့် ကောင်မလေးက သူ့ကိုထပ်တလဲလဲ တောင်းပန်ခဲ့ကြောင်း ၊ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ တောင်းဆိုလာကြောင်း ကိုချမ်းငြိမ်း ကပြောတယ် ။ နောက်ပြီး ကိုချမ်းငြိမ်းအတွက် သားယောက်ျားလေး တစ်ဦးမွေးဖွားပေးချင်ကြောင်း ၊ ဘာဥစ္စာစည်းစိမ်မှမလို ကြောင်းနဲ့ ကိုချမ်းငြိမ်းကို ပျော်ရွှင်အောင်ထားမယ်လို့ ပြောလာခဲ့လို့ နှစ်နှစ်ကြာ တွယ်ငြိလာတဲ့ သံယောဇဉ်ကြောင့် ကိုချမ်းငြိမ်းလည်း မရက်စက်နိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ် ။
နောက်ဆုံး ကောင်မလေးအတွက် တိုက်ခန်း တစ်ခန်းငှားပေးခဲ့တယ်။ အဖြစ်မှန် အားလုံးကိုသိပြီးနောက် ယွန်းရူးမတတ် ခံစားခဲ့ရတယ်။ ဖြေရှင်းဖို့ အဖြေမရမချင်း ကိုချမ်းငြိမ်းရဲ့ဖုန်းကိုပဲ ယွန်းအဆက်မပြတ်ဆက်ခဲ့တယ်။ ကိုချမ်းငြိမ်း ဘယ်သွားတယ် ၊ ဘယ်လာတယ်ကအစ စစ်မေးခဲ့တယ်။ နေ့တိုင်းပဲရန်ဖြစ်ငြင်းခုံတာနဲ့ပဲအဆုံးသတ်ခဲ့ရတယ်။
တစ်ခါတလေ ကိုချမ်းငြိမ်း ဖုန်းပိတ်ထားတတ်တယ် ။ အဲဒီအချိန်မျိုးဆိုရင် ယွန်းကခင်ပွန်းရဲ့ ချစ်သူတိုက်အောက်မှာ တစ်နေကုန်သွားရပ်စောင့် နေတတ်တယ်။ ဘေးပတ်ဝန်းကျင်က လူတွေရဲ့သင်္ကာမကင်းတဲ့ မျက်လုံးနဲ့တိုးခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ ။
တစ်ခါကအဲဒီတိုက်ခန်းအောက်မှာ ကိုချမ်းငြိမ်းရဲ့ဂရုစိုက်မှုတွေအပြည့်ရထားတဲ့ ကိုယ်ဝန်သည်မလေးကို ယွန်း တွေ့လိုက်တယ် ။ ယွန်း ဘာကိုမှဂရုမစိုက်ဘဲ သူ့ရှေ့ အပြေးသွားပြီး ဆဲပစ်လိုက်တယ်။ အသိဉာဏ်ရှိသူမို့ ယွန်း ကိုယ်ထိလက် ရောက် မပြုခဲ့ဘူး။ သူ့မှာမပေါ့ မပါးကိုယ်ဝန်ကြီးနဲ့လေ။
စိတ်လိုက်မာန်ပါ ဆိုခဲ့တဲ့ ယွန်းအပြုအမူတွေက ကိုချမ်းငြိမ်းနဲ့ လုံးဝပြတ်စဲ ခဲ့ရတယ် ။ ယွန်းရဲ့ မနားမနေ လိုက်စစ်မေးမြန်း မှုတွေကြောင့် ကိုချမ်းငြိမ်းကုမ္ပဏီကိုအပြီး ပြောင်းသွားခဲ့တယ် ။
၂၀၀၂ စက်တင်ဘာ နေ့ရက်တစ်ရက်မှာ ယွန်းကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ ခင်ပွန်းကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီထိလိုက်ပြီး ဖြေရှင်းခဲ့တယ် ။
“ယွန်း … အခုချိန်မှာ မင်းမျက်နှာ ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ မင်းမသိဘူးလား။ အစကတော့ မင်းကို ငါအားနာမိသေးတယ်။ဒါပေမယ့် အခု မဟုတ်တော့ဘူး။ ဆောရီးပဲ။ ယွန်းမင်းနဲ့ငါရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ။ တရားရုံးမှာ ပဲ ငါတို့တွေ့ကြစို့ ။ မင်းကြိုက်သလို အယူခံခွင့်ရှိတယ်”
ကိုချမ်းငြိမ်းရဲ့ အေးစက်စက်စကားတွေက ယွန်းရဲ့နောက်ဆုံးမျှော်လင့်ချက်ကို တစ်စစီကွဲပျက်သွားစေခဲ့တယ် ။ အိမ်ပြန်အရောက်မှာ သမီးငယ်ကိုဖက်ပြီး ယွန်းအားရအောင် လိုက်မိတယ် ။
“ မေမေ ဖေဖေနဲ့မေမေ ရန်ဖြစ်တာကို သမီးသိပ်ကြောက်တယ်။ မေမေငိုမှာကိုလည်း သမီးကြောက်တယ် ။ အခု မေမေက အရင်မေမေနဲ့ မတူတော့ဘူးမေမေ ”
နားလည်သိတတ်တဲ့ သမီးငယ်ရဲ့ ငိုသံရောနေတဲ့ စကားတွေ အကြားမှာ ယွန်းလန့် နိုးလာခဲ့တယ် ။ ဒီလိုသာရှေ့ဆက် နေရင် အထိခိုက်အနာကျင်ဆုံးလူက သမီးငယ်ဖြစ်မယ်ဆိုတာကို သူနားလည်လိုက်တယ် ။ မိခင်တစ်ဦးရဲ့ နောက်ဆုံးခွန်အား ကိုသုံးပြီး ခင်ပွန်းနဲ့ ရန်ဆက်မဖြစ်ဖို့ ကိုယ့်ကိုယ်ကို ယွန်းအမိန့် ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ရင်ထဲကအနာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ ကုစားဖို့ ယွန်းဆုံးဖြတ်လိုက်တယ် ။
နှစ်လဆိုတဲ့အချိန်က မျက်တောင်တစ်ခတ် အတွင်းမှာကုန်လွန် သွားခဲ့တယ်။ ကိုချမ်းငြိမ်းက တစ်ခါတလေ အဝတ်အစား လာပြန်ယူတာ ၊ ငွေလာပို့တာကလွဲရင် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားခဲ့တယ် ။ ကိုယ့်မိသားစု ၊ ကိုယ့်အိမ်ထောင်ရေးဟာ လုံးဝပျက်စီးသွားခဲ့ပြီ ဆိုတာ ယွန်းသိတယ် ။ တရားရုံးက ပေးပို့လာမယ့် ရုံးချိန်းရက် တွေကိုပဲ သူတည်တည်ငြိမ်ငြိမ်နဲ့ စောင့်မျှော် နေခဲ့တယ် ။
ကံကြမ္မာက သူ့ကိုထပ်တစ်ဖန် လှည့်စားလာလိမ့်မယ်လို့ သူလုံးဝတွေးထင် မထားခဲ့မိဘူး ၊ ခင်ပွန်းရဲ့ ချစ်သူက သူ့ရှေ့ မှောက် အလိုလိုနေရင်း ရောက်လာလိမ့်မယ်လို့ သူတစ်ခါမှ တွေးမထားမိဘူး။ အဲဒီမိန်းမက ကလေးအသက်ကို ကယ်ဖို့ ၊ သူ့အသက်ကို ကယ်ဖို့ တဖွဖွတောင်းဆိုနေတယ် ။
ရင်နာတယ် ။ ရင်ထဲအသဲထဲအထိ တစ်စိမ့်စိမ့်နာကျင် ခဲ့တယ်။ ဒါပေမဲ့ လူနာတွေကို ကုသ ၊ မွေးဖွား ပေးတတ်တဲ့ ယွန်းရဲ့ ရင်ထဲမှာ နဂိုရှိရင်းစွဲ ကြင်နာမှုတွေနဲ့ ဆရာဝန်ဆိုတဲ့အသိက ယွန်းရဲ့ နာကျင်နေတဲ့ရင်ကို လှုပ်နှိုးခဲ့တယ်။ သူ တွေဝေမနေတော့ဘူး ။ နှေးကွေး မနေတော့ဘူး။ လူနာကို သားအိမ် ပွင့်ဆေး ထိုးပေးဖို့ နပ်စ်ကိုညွှန်ကြား လိုက်တယ်။ ရင်သွေးငယ်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၂၀ထိကျနေခဲ့တယ်။ ရင်သွေးငယ် နှလုံးခုန် မြန်လာအောင် ၊ အမိဝမ်းတွင်းမှာ မသေဆုံးအောင် လူနာကို အောက်ဆီဂျင် သွင်းပြန်တယ် ။
ဆယ်မိနစ် လွန်မြောက်ခဲ့ပါပြီ ။ မိခင်နဲ့ကလေးရဲ့ အခြေအနေက တဖြည်းဖြည်း တည်ငြိမ် လာခဲ့တယ်။ လူနာကို ယွန်း စစ်ဆေးကြည့်တော့ ရင်သွေးငယ်ရဲ့ ဦးခေါင်းက သားအိမ်ဝ ရောက်နေပြီ။ ဒါပေမဲ့ ပုံမမှန်တဲ့ အနေအထားမို့ လူနာကို အရေးပါ မီးဖွားခန်းပို့ပြီး ရင်သွေးကို ပုံမှန်ဖြစ်အောင် ပြောင်းပေးပြန်တယ်။
အရာအားလုံး အဆင်ပြေပြေပြုလုပ်နေဆဲမှာ ကိုချမ်းငြိမ်း တစ်ယောက် ဆေးရုံကိုရောက်လာ လိမ့်မယ်လို့ ယွန်းလုံးဝ ထင်မထားခဲ့မိဘူး ၊ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ကိုချမ်းငြိမ်းနဲ့ ယွန်းခွဲခန်းရှေ့မှာ ဆုံကြတယ်။ မတွေ့ဖြစ်တာ ရက်၊ လ ကြာ ခဲ့တဲ့ ကိုချမ်းငြိမ်းက သူစိမ်းတစ်ယောက် လိုပါပဲ။ ဆေးရုံကိုလည်း မိန်းမသားဖွားလို့သာ ရောက်လာခဲ့တယ် ။
ကိုချမ်းငြိမ်းရဲ့ နှုတ်ခမ်းလှုပ်သွားတာကို ယွန်းတွေ့လိုက်တယ်။ ဒါပေမဲ့ စကားသံတစ်သံမှ ထွက်မလာခဲ့ဘူး။ ကိုချမ်းငြိမ်းရဲ့ အလေ့အကျင့် အပြုအမူတွေနဲ့ ရင်းနှီးခဲ့တဲ့ယွန်း အခုအချိန်မှာ ကိုယ့်ခင်ပွန်းရင်ထဲ ဘယ်လို ခံစားနေရမယ်ဆိုတာကို ယွန်းသိ နေခဲ့တယ် ။ လူနာခုတင် ဘေးမှာလူနာကို အားပေးစကားတွေ ပြောနေမိတဲ့ ယွန်း ၊ ကိုယ့်ဒေါသ ၊ ကိုယ့် ၊ နာကျည်းချက်တွေကို ဘာ ပိုးသတ်ဆေးနဲ့များ သတ်လိုက်မိသလဲဆိုတာ သူ့ကိုယ်သူမသိခဲ့ဘူး။ အခုအချိန်မှာ ကိုချမ်းငြိမ်းက အကူအညီမဲ့တဲ့ ကလေးငယ်တစ်ယောက်လို ယွန်းပြောသမျှ ၊ ညွှန်ကြားသမျှကို ခေါင်းညိတ်နားထောင် နေတော့တယ် ။
လူနာရဲ့ သားအိမ် ၁ဝစင်တီမီတာ အပွင့်မှာ ကလေးငယ်ကို မွေးဖွားဖို့ စတင်ကြတယ် ။ လူနာရဲ့ နာကျင်အော်ညည်း သံက အမြင့်ဆုံးထိ ထိုးတက်သွားတယ်။ လူနာကို ယွန်းနှစ်သိမ့် အားပေးနေမိတယ်။ ဒီအချိန် ယွန်းဆီမှာ ငါ့မိသားစုကို ဖြိုခွဲခဲ့သူ၊ ငါ့အချစ် ရန်သူဆိုတဲ့ နာကျည်းချက်တွေ ရှိမနေတော့ဘူး ။ ထိခိုက်နာကျင်နေတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ချင်းစာစိတ်တွေပဲ ရှိနေခဲ့တယ် ။
အသက်လုပွဲ နှစ်နာရီအကြာမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ကိုချမ်းငြိမ်းလက်ထဲ ယွန်းအပ်လိုက်တယ် ။ သားလေးကိုကြည့်လိုက် ၊ ယွန်းကိုကြည့်လိုက်နဲ့ ကိုချမ်းငြိမ်းရဲ့ မျက်လုံးမှာမျက်ရည်တွေ အိုင်ထွန်းနေတယ်။ ယွန်းလည်း နားနေခန်း အရောက် ခုံပေါ်မှာမှောက်ချပြီး ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဒီညမှာ ကြုံတွေ့ရ တာတွေကို ပေါင်းပြီး ရင်ထဲစိတ်ထဲ ခံစားခဲ့သမျှတွေအတွက် ယွန်း အားရပါးရ ငိုလိုက်မိတယ် ။
ယွန်း အဖြစ်ကိုသိနေကြတဲ့ လုပ်ဖော်ကိုင်ဖက် အချို့က ကိုယ်ချင်းစာတဲ့အကြည့် ၊ နားလည်တဲ့အကြည့် ၊ သနားတဲ့အကြည့်နဲ့ ယွန်းကိုကြည့်နေကြတယ် ။ ဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်အားပေးရမယ်မှန်း သူတို့မသိခဲ့ကြဘူး ။ အဲဒီအချိန်မှာ တံခါးခေါက်သံနဲ့အတူ ကိုချမ်းငြိမ်း ဝင်လာပါတယ် ။ ယွန်းကို တစ်ရှူလှမ်းပေးပြီး အားနာတဲ့မျက်လုံးနဲ့ ကြည့်နေတယ်။
“လူနာဘေးမှာနေလေး။ ရှင်ဘာလို့ဒီကိုလိုက်လာရတာလဲ”
ယွန်း အေးစက်စက်ပြန်မေးလိုက်မှ တစ်ချိန်လုံးဆွံ့အနေတဲ့ ကိုချမ်းငြိမ်းပါးစပ်က “ ကျေးဇူးတင်ပါတယ် ” ဆိုတဲ့ စကားတစ်ခွန်းထွက်ကျ လာခဲ့တယ်။ အများသူရဲ့နားမှာ နားဝင်ချိုစေတဲ့ ဒီကျေးဇူးဆိုတဲ့စကားကို အခုအချိန်မှာ ယွန်းအရမ်း မုန်းမိတယ် ။ အခုအချိန်မှာပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းက ကိုချမ်းငြိမ်းနဲ့ ယွန်းရဲ့အိမ်ထောင်ရေးကို အပြီးသတ်သေမိန့်ချလိုက်သလိုပဲ ခါးသက်နေခဲ့တယ်။
ယွန်းစိတ်ကို ယွန်းထိန်းပြီး ကိုချမ်းငြိမ်းကို လေသံအေးအေးနဲ့ ပြန်ပြောလိုက်တယ် ။
“ လူနာအခြေအနေကောင်းပြီး ဆေးရုံဆင်းတာနဲ့ ကျွန်မဘာလုပ်သင့်သလဲဆိုတာ ကျွန်မသိပါပြီ။ တရားရုံးမှာပဲ ရှင် စောင့်နေပါတော့ ”
ယွန်းရဲ့စကားကြားတော့ ကိုချမ်းငြိမ်း ငြိမ်သက်သွားခဲ့တယ်။ ယွန်းကဆက်ပြီး …
“ အခု ရှင့်ချစ်သူ(တိတ်တိတ်ပုန်း)က နေရာတစ်ခု၊ နာမည်တစ်ခုမလိုပေမယ့် ရှင်နဲ့ရထားတဲ့ကလေးမှာ နာမည်၊ နေရာတစ်ခု မရှိလို့တော့ မဖြစ်ဘူး။ ကျွန်မလည်း မိခင်တစ်ဦးပါ ။ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့က အပြစ်မဲ့တွေပါ ။ ဒီလိုလွန်ဆွဲနေတဲ့ သုံးပွင့်ဆိုင်ဇာတ်မှာ ကျွန်မနောက်ဆုတ်လိုက်ရင် အကောင်းဆုံးလို့ ကျွန်မထင်ပါတယ် ”
ယွန်း စကားဆုံးတော့ ကိုချမ်းငြိမ်းက အပြစ်လုပ်ထားတဲ့ ကလေးငယ်တစ်ဦးလို နားနေခန်းကနေ ခေါင်းငုံ့ပြီး ထွက်သွား ခဲ့တယ်။ မှန်တစ်ချပ်ကပြန်ဆက်လို့ မရအောင်ကွဲအက်သွားခဲ့ပြီလေ။
၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၄) ရက် ကိုငြိမ်းချမ်းကို အိမ်လာခဲ့ ယွန်းဖိတ်ခေါ်လိုက်တယ် ။
“ ကလေး လပြည့်တော့မယ်။ ကလေးအတွက် ကျွန်မတို့ဆုံးဖြတ်ချက် တစ်ခုချရတော့မယ်။ ကျွန်မတို့ကိစ္စလည်း ဒီမှာ အဆုံးသတ် သင့်ပြီလို့ထင်ပါတယ် ”
ဆုံးဖြတ်ချက်နဲ့ အတူ နှစ်ဦးသဘောတူ လက်မှတ်ထိုး ကွာရှင်း တရားရုံးကို သွားခဲ့ကြတယ် ။ ဒါကလည်း နှစ်ဦးနှစ်ဖက် ဆွေမျိုးသားချင်းတွေကို မတုန်လှုပ်စေတဲ့ နည်းတစ်နည်းပါပဲ။ တရားရုံး အသွားလမ်းမှာ ကိုချမ်းငြိမ်း တိတ်ဆိတ်နေခဲ့တယ်။ တရားရုံး ရောက်ခါနီး ရုတ်တရက် ယွန်းလက်ကို ကိုချမ်းငြိမ်း လှမ်းဆုပ်ကိုင်လိုက်တယ် ။ ပြီးတော့ မျက်ရည်ပေါက်ကြီးငယ်နဲ့
” ခဏ ယွန်း ၊ ခဏလေးနေဦး။ မောင်တို့သေချာဆွေးနွေးရအောင်။ ဒီထက် ကောင်းတဲ့နည်းကို မောင်တို့ရှာကြရအောင် ယွန်း ”
”ဒီထက်ကောင်းတဲ့နည်း ရှိပါတယ်။ ဒီထက်ကောင်းတဲ့ နည်းက အချိန်ကို ပြောင်းပြန်လုပ်လိုက်ဖို့ပဲ”
ယွန်း ကွဲအက်အက် ပြန်ပြောလိုက်တယ်။ ကိုချမ်းငြိမ်းတားနေတဲ့ ကြားထဲက ကွာရှင်းစာချုပ်မှာ ယွန်းလက်မှတ်ရေးထိုး ကွာရှင်းခဲ့တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုချမ်းငြိမ်းက နေအိမ်နဲ့ စုငွေကို ယွန်းအတွက် ခွဲဝေပေးပြီး သမီးငယ်ကို လ စဉ်ကြေးထောက်ပံ့ဖို့ သဘောတူခဲ့တယ်။
တရားရုံးက အထွက်မှာ ယွန်းကိုအိမ်ထိလိုက်ပို့ဖို့ ကိုငြိမ်းချမ်း တောင်းဆိုခဲ့တယ်။ ယွန်း ငြင်းပယ်လိုက်ပါတယ်။
”ရှင် အခုပဲတခြားသူရဲ့တရားဝင်ခင်ပွန်းဖြစ်သွားပြီးလေ။ ဘ၀တွေကို ကောင်းကောင်းတန်ဖိုးထားချစ်ပါ။”
ယွန်း စကားအဆုံးမှာ ငေးမှိုင်နေတဲ့စိတ်နဲ့ ကိုချမ်းခြမ်းတစ်ယောက် ကားမောင်းပြီးထွက်သွားခဲ့တယ်။ လမ်းဘေးက နှင်း တောထဲ ယွန်းထိုင်ချလိုက်မိတယ်။ လက်ထဲမှာတော့ ကွာရှင်းစာချုပ်ကို တင်းတင်းလေး ဆုပ်ကိုင်လို့။တစ်ည နေမှာ ကိုငြိမ်းချမ်းဆီက အရက်မူးသံနဲ့ ဖုန်း၀င်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ကိုချမ်းငြိမ်းငိုယိုပြီး သမီးငယ်ကိုလွမ်းကြောင်း၊ အိမ်ကိုလွမ်းကြောင်းပြောလာတယ်။ ဖုန်းကိုကိုင်ပြီး ယွန်းငြိမ်သက်စွာ ရပ််နေမိတယ်။
ရက်အနည်းငယ်အကြာမှာ ယွန်းဆီက စာတစ်စောင်ကို ကိုချမ်းငြိမ်းလက်ခံရရှိခဲ့တယ်။
”ကျွန်မနဲ့ သမီးငယ်ရဲ့နေ့ရက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းခွင့်ပေးပါ သားလေးအတွက် ဖခင်တစ်ဦးရဲ့ တာဝန်ကို ရှင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။ ဒါ ရှင်လုပ်ရမယ့် တာဝန်တွေပါ ။ နောက်ထပ် တူညီတဲ့အမှားမျိုးကို ရှင်ကျူးလွန်ဖို့ မသင့်တော့ပါဘူး။ ရှင်ပျော်ရွှင်ပါစေ။ ယွန်း”
စာနဲ့အတူ လက်ဆောင်တစ်ခုကိုပါ ယွန်းပါးလိုက်တယ်။ လက်ဆောင်ထုပ်ကို ကိုချမ်းငြိမ်းဖွင့်ကြည့်လိုက်တယ်။ ဝတ်စုံဖြူ အိန်ဂျယ်ရုပ်နဲ့ အဖြူရောင်ကလေးဝတ် အင်္ကျီတစ်စုံကိုတွေ့လိုက်တယ် ။ အကျီ်ကိုဆုပ်ကိုင်ပြီး ကိုချမ်းငြိမ်းငေးငိုင်သွားခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီး တစ်ခုကို လေးလေးသွဲ့သွဲ့ ချလိုက်မိတယ်။
သူ့ဘ၀ထဲက အချစ်ဆုံးမိန်းကလေးတစ်ယောက်ကို သူလုံး၀ လက်လွတ်ဆုံးရှုံးခဲ့ရပြီဆိုတာကို ကိုချမ်းငြိမ်း သိလိုက်တယ်။ ထာ၀ရ လက်လွတ်ဆုံးရှုံးခဲ့ရပါပြီ။
#နိုင်းနိုင်းစနေ