ခေါင်းသုံးလုံးမြွေ

ခေါင်းသုံးလုံးမြွေ(စ/ဆုံး)
————————

မှတ်မှတ်ရရဗျ။ဒီတုန်းက ကျွန်တော်နဲ့မောင်ထွန်းက ငယ်ငယ်ပဲရှိသေးတယ်။ကျွန်တော်ဆိုကိုးနှစ်။မောင်ထွန်းဆို ရှစ်နှစ်လောက်ဗျ။ကျွန်တော်တို့နှစ်ယောက်လည်း ဒီအရွယ်တည်းက
စပ်စပ်စုစုက လုပ်နေကြပြီ။တစ်ခုခုဟေ့ဆိုရင် ရှေ့ဆုံးကရောက်နေကြတာဗျ။ကလေးအရွယ်ဆိုတော့လည်း ကြောက်ရကောင်းမှန်း လန့်ရကောင်းမှန်းလည်း မသိဘူးပေါ့ဗျာ။
စပ်စပ်စုစုသိလိုက်ရ မြင်လိုက်တွေ့လိုက်ရမှ ကျေနပ်ကြတာဗျ။ကျွန်တော်နဲ့မောင်ထွန်းက ရွာလယ်တောင်ပို့ကြီးဘေးက သဲပြင်နားမှာ။ပုရစ်ဖမ်းနေတာဗျ။ခုနကပဲ မျောက်ကျအောင်
ဆော့ပြီးကြပြီဗျို့။
ဖန်ခုန်တယ်။ဂေါ်လီကျင်းလှိမ့်တယ်။စိန်ပြေးတယ်။ဇယ်ခုတ်တယ်။တောင်ပို့ခပ်လှမ်းလှမ်းက ပိတောက်ပင်၊အုန်းပင်၊တမာပင်တွေကို ဖင်တစ်ပြန် ကျွမ်းတစ်ပြန် တက်ကြတယ်ဗျ။
အပင်တွေထဲမှာ ကျွန်တော်တို့ တက်ရတာအကြိုက်ဆုံးအပင်ကတော့ တမာပင်ကြီးပဲဗျ။သူက တောင်ပို့ကြီးနားမှာရှိတယ်။
သူ့ပင်စည်က ကွေးပြီး’ပ’စောက်ပုံဖြစ်နေတာဗျ။
ရွာထဲက ကျွန်တော်တို့လိုကလေးတွေလည်း ဒီတမာပင်ကြီးပေါ်တက်ပြီး ဆော့ကြတာများတယ်။တစ်ချို့က တမာပင်ပေါ်ရောက်ရင် ‘ပ’စောက်ပုံပင်စည်မှာ ခြေထောက်နှစ်ချောင်းချိတ်ပြီး လွှဲဆော့ကြတာရှိသလို၊တစ်ချို့က လက်နှစ်ချောင်းဖက်ပြီး အောက်ကို အရှိန်နဲ့ခုန်ခုန်ချလို့ ဆော့ကြတာလည်း ရှိတယ်ဗျ။ကျွန်တော်ကတော့ အဲ့ဒီလို လက်ရဲဇက်ရဲ လုပ်မဆော့ရဲပါဘူးဗျာ။ထိခိုက်ကျိုးပဲ့ပြီး တစ်ခုခုဖြစ်သွားမှာကိုစိုးလို့ဗျ။
ဒါကြောင့်မို့’ပ’စောက်ပုံပင်စည်မှာ ကြိုးဆင်ပြီး ဒန်းပဲ လုပ်စီးတယ်ဗျို့။
မောင်ထွန်းကတော့ ကျွန်တော့်လိုမဟုတ်ဘူးဗျ။ဒီကောင်ကရဲတယ်။တမာပင်မှာ ခြေချိတ်ပြီးလည်း စီးရဲသလို၊ထိပ်အစွန်ဖျားထိတက်ပြီးတော့ အပင် တစ်ပင်နဲ့တစ်ပင်ကိုလည်း
ခုန်ကူးပြီး သွားရဲတယ်ဗျ။

“ကိုတီး….ပုရစ်မိပြီလားဗျ”

မောင်ထွန်းက ကျွန်တာ့်ဆံပင်တစ်ချောင်းနဲ့ပုရစ်ကျင်းလေးကိုမွှေ့ရင်းပြောတယ်။
ဒီကောင်က ဆံပင်ကို ကတုံးကေနဲ့ပဲ အမြဲနေတယ်။
အရှည်မထားဘူးဗျ။ကျွန်တော်တို့ ပုရစ်ဖမ်းတိုင်း ဖမ်းတိုင်းဒီကောင်က ကျွန်တာ့်ဆံပင်ကိုယူပြီး အမြဲဖမ်းတာဗျို့။

“ဟာ….မမိသေးဘူးလေကွာ။ငါဖမ်းတာမှ မကြာသေးဘဲကွ။ဘယ်မိပါ့ဦးမလည်း”

“ကိုတီးကညံ့ပါ့ဗျာ….ကျွန်တော်တောင် ခုလေးမှဖမ်းတာ
ငါးကောင်ရနေပြီဗျ။ပုရစ်ဖမ်းတာမှာလည်း သူ့ဟန်နဲ့သူ့နည်းရှိတယ်။ဒီဟာတွေကို ကိုယ်ကသိမှ နားလည်ထားမှ ပုရစ်က
အရမြန်တာဗျ ကိုတီးရဲ့”

“ဟေ….ပုရစ်ဖမ်းတာ နည်းရှိတယ်…..ဟုတ်လား မောင်ထွန်း။
ငါဖြင့် ကြား ကြားဖူးပေါင်ကွာ”

“အင်း….ကိုတီးသိအောင် အလွယ်ဆုံးနည်းလမ်းတစ်ခုကို
ကျွန်တော်ပြောပြမယ်ဗျ”

“အေး….လုပ်စမ်းပါဦး မောင်ထွန်းရာ”

“အဲဒါကတော့ ပုရစ်ကို မူးအောင်လုပ်တဲ့နည်းပဲဗျ။ပုရစ်ဆိုတဲ့
အမျိုးက မူးလေ ကြိုက်လေ၊ပိုကပ်လေ ဆံပင်နဲ့ပိုငြိလေဆိုတဲ့
အမျိုး။ဒါကြောင့်မို့ ပုရစ်ကျင်းထဲကို ဆံပင်သွင်းပြီး ဟောဒီလို
ပတ်ချာလည် လှည့်ပေးရတယ်။ဒါမှ ပုရစ်ကမူးပြီး ဆံပင်မှာ
ကပ်လာမှာဗျ။ဒီတိုင်းကြီး ကျင်းထဲချထားရင် ဘယ်ပုရစ်မှ
ကိုတီးဆံပင်မှာ ပါလာမှာမဟုတ်ဘူး။ညာဏ်သုံးရတယ်လေ
ကိုတီးရာ”

မောင်ထွန်းက အဲ့ဒီလိုဗျ။ကျွန်တော်တို့ ကလေးဘဝမှာ
တည်းက သူက အတည်ပေါက်နဲ့ရွှီးတတ်တာ။
ကျွန်တော်လည်း ဘာမှ ရေရေရာရာ နားမလည်သေးတဲ့အရွယ်ဆိုတော့ သူပြောသမျှကို အဟုတ်ထင်နေတာပေါ့ဗျာ။

“ဟာ….ကိုတီး။ဟိုမှာကြည့်စမ်း….မြွေကြီးဗျ”

“ဟေ….ဘယ်မှာလည်းကွ မောင်ထွန်းရ….မြွေက”

“ဟာဗျာ…ဟိုမှာလေဗျာ။တောင်ပို့မှာ။နို့တွေသောက်နေတယ်
လေ”

“ဟာ….အေး…အေး…ဟုတ်သားပဲကွ”

ကျွန်တော်နဲ့မောင်ထွန်းလည်း တမာပင်နောက်မှာ ကွယ်လိုက်ကြတယ်။ကျွန်တော်တို့ အရှေ့ခပ်လှမ်းလှမ်းက ရွာလယ်တောင်ပို့မှာ မြွေကြီးတစ်ကောင်ဗျို့။
ခွေးခြေခုံလေးပေါ်မှာ ပန်းကန်ပြားတစ်ချပ်နဲ့ကပ်ထားတဲ့
နို့နဲ့ကြက်ဥကို လာသောက်နေတာဗျ။ကြက်ဥနှစ်လုံးက သောက်လို့ကုန်သွားပြီ။ခု ဖန်ခွက်ထဲကနို့တွေကို သူက
သောက်နေတာဗျ။ရွာထဲကလူတွေက ရွာလယ်ကဒီတောင်ပို့ကို နေ့တိုင်းနေ့တိုင်းနို့နဲ့ကြက်ဥ လာ,လာကပ်ကြတယ်ဗျ။သူတို့
ပြောတာကတော့ဒီတောင်ပို့က မြွေဘုရင်ကို မှန်းပြီး ကပ်ကြတာဆိုပဲ။ကျွန်တော်တို့တော့ မသိပါဘူးဗျာ။အရင်နေ့တွေ
ကျွန်တော်တို့ဒီကိုလာဆော့တုန်းကတော့ နို့နဲ့ကြက်ဥကို မြွေလာသောက်တာကို တစ်ခါမှမတွေ့ရဘူးဗျ။ခုမှတွေ့ရတာ။
မြွေကတော့ အနက်ရောင်ဗျ။တချို့နေရာလေးတွေမှာ အနီစက် အပြောက်ပြောက်လေးတွေ ပါတယ်ဗျို့။

“က်ိုတီး….ဒီမြွေကို ကိုတီးကြောက်လား”

“ဟမ်….ဘာဖြစ်လို့လည်းကွ”

“လုပ်ဗျာ….ကျွန်တော်မေးတာသာ ကိုတီးဖြေစမ်းပါ”

“မကြောက်ပါဘူးကွ..မောင်ထွန်းရ….ငါက ဘာလို့ကြောက်ရမှာတုန်း”

“ဟုတ်လို့လားဗျာ….ကျွန်တော်တော့မယုံဘူး။လမ်းသွားလို့
မြွေရေခွံလေးတွေ့တာတောင် ကွေ့ပတ်ပြီးရှောင်သွားတဲ့
ကိုတီးက….ဒီမြွေကိုတွေ့တာ မကြောက်ဘူးဆိုတော့”

မောင်ထွန်းက ကျွန်တော့်ကို မယုံတဲ့အကြည့်နဲ့ကြည့်ပြီးပြော
တယ်။ကျွန်တော်လည်း မောင်ထွန်းပြောတာအမှန်ဖြစ်နေတော့ ရှက်ရမ်း ရမ်းသွားပြီး…..

“ဟာ….ငါက ဘာကိုကြောက်ရမှာလည်းကွာ။မကြောက်ပါဘူး
ကွ။မင်းစိတ်ထင်လို့နေမှာ။ငါ မကြောက်ဘူး”

လို့ မောင်ထွန်းကို အကြောက်အကန် ဗြောင်ငြင်းလိုက်တယ်။

“အင်းပါ…..ဒီမြွေကို ကိုတီး မကြောက်ပါဘူးဆိုတာ ကျွန်တော့်
ကို တစ်ခု သက်သေပြဗျာ။ဒီလိုဆို ကျွန်တော်ယုံမယ်”

“သက်သေပြရမယ်…ဟုတ်လား မောင်ထွန်း….ရတယ်ကွာ
စိန်လိုက်။ငါ ဘာသက်သေပြရမလည်း ပြော….”

“ကိုတီး ဒီမြွေကို ခဲနဲ့ထိအောင် ပစ်ရမယ်။ဘယ်လိုလည်းပြော
လုပ်ရဲလား ကိုတီး”

မောင်ထွန်းစကားကြောင့် ကျွန်တော် ကျောထဲမှာ စိမ့်ခနဲ
စိမ့်ခနဲဖြစ်ပြီး ကြက်သီးတွေထသွားတာတော့ အမှန်ပဲဗျ။

“အာ….လုပ်ရဲပါတယ်ကွာ။ဘာလို့မလုပ်ရဲရမှာလည်း….ကဲ…
မင်း ကြည့်နေ….ငါ ဒီမြွေကို ထိအောင်ပစ်ပြမယ်”

“ဟုတ်လို့လား ကိုတီး….”

“ကျွတ်…!ဘာမဟုတ်ရမှာလည်းကွ….ကြည့်သာကြည့်စမ်းပါ
ကွာ”

“ကဲ….ပစ်ဗျာ ပစ် ပစ်….ကိုတီးမထိရင် ဒီမြွေကို ကျွန်တော်
ဆော်မယ်ဗျ”

ကျွန်တော်လည်း လက်တစ်ဆုပ်စာလောက်ရှိတဲ့ ကျောက်ခဲ
သုံးခဲကို ရွေးကောက်လိုက်တယ်။ပြီးတော့ မြွေကြီးကို တည့်
တည့်ချိန်လိုက်ပြီး အားနဲ့လွှဲပစ်လိုက်တယ်ဗျ။

“ဝှစ်” “ဖုန်း”

“ဖျတ်” “ဖျတ်” “ဖျတ်”

“ခွီ” “ခွီ” “ခွီ”

ဟာ၊ကျွန်တော်ပစ်လိုက်တာ မြွေကို တန်းနေအောင် ထိသွား
တာဗျို့။
အသံမှ “ဖုန်း”ခနဲဆို အကျယ်ကြီးဗျ။
မြွေက ထိထိချင်း သဲပြင်မှာ “တဖျတ်ဖျတ်”လူးသွားတယ်။
ပြီးတော့ သူ့ရန်သူကိုလှည့်ရှာပြီး “တခွီးခွီး”မာန်ဖီနေရောဗျို့။

“အောင်မယ်လေး ကိုတီးရာ….လက်က တယ်ဖြောင့်ပါလားဗျ။
မြွေကိုတန်းနေရော”

“ဟဲ ဟဲ….ငါမပြောဘူးလားကွ။ဒီမြွေကို ငါမကြောက်ပါဘူးလို့။မင်းက ငါ့ကို အထင်သေးတာကိုးကွ မောင်ထွန်းရ”

“အောင်မယ်လေးဗျ…!ဝပ်..ဝပ် ကိုတီး”

“ဘာလည်းကွ မောင်ထွန်း”

“ဟာ….ဝပ်ပါဆိုနေဗျာ…..သေကုန်တော့မှာပဲ”

ကျွန်တော်လည်း မောင်ထွန်းအတင်းဝပ်ခိုင်းလို့ ဘာမှန်းမသိဘဲ တမာပင်အကွယ်မှာ ဝပ်ချလိုက်တယ်ဗျ။

“ဟိုမှာ မြွေလာနေပြီဗျ။တွေ့ရဲ့လား”

“ဟေ….ငါမတွေ့ပါဘူးကွ မောင်ထွန်းရဲ့”

“ဟာ….ဝပ်နေမှတော့ ဘယ်တွေ့ရမလည်းဗျ။မသိမသာလေး
ဖြည်းဖြည်းချောင်းကြည့်”

ကျွန်တော်လည်း ဖွဖွလေး အနေထားပြောင်းလိုက်ပြီး ခုနက
မြွေကြီးဘက်ကို ချောင်းကြည့်လိုက်တယ်။
ဟော၊မြွေက တောင်ပို့အရှေ့ဘက်က ကုက္ကိုပင်ကြီးနားမှာဗျ။
ပါးပျဥ်းကို ချပ်နေအောင်ခွက်ပြီး ဟိုဟိုဒီဒီ ခေါင်းလှည့်လို့
လိုက်ကြည့်နေတယ်ဗျ။
ကျွန်တော်တို့ဆီတော့ မလာဘူး။

“မောင်ထွန်းရ….မဝပ်နဲ့တော့ကွ။ထတော့။မြွေက ဟိုကုက္ကိုပင်
ကြီးနားမှာ။ငါတို့ဆီမလာပါဘူးကွ”

“ဟင်….ဟုတ်လား။ခုနက ဒီဘက်ကို လျှောလာတာပါ”

“ခု မလာတော့ဘူး။ကဲ…သွားကြရအောင် မောင်ထွန်း”

“ဟာ….စွတ်မသွားနဲ့ဦးလေဗျာ။နေဦး။ကျွန်တော် သူဝေးဝေး
ရောက်သွားအောင် လုပ်လိုက်ဦးမယ်”

မောင်ထွန်းက ကျောက်ခဲတစ်လုံးကို ကောက်လိုက်တယ်။
ပြီးတော့ ခပ်ဝေးဝေးက ချုံပုတ်တွေထဲကို အားနဲ့လွှဲပစ်လိုက်
တယ်ဗျ။

“ခွီး” “ခွီး” “ခွီး”

“ဖွီး”

“ရှော…ရှော…ရှော”

မြွေက ခဲသံကြားတော့ တစ်ချက်မာန်ဖီလိုက်တယ်။ပြီးတော့
ချုံပုတ်တွေဘက်ကို ရှောသွားတယ်ဗျ။
ကျွန်တော်တို့ တစ်ချက်စောင့်ကြည့်တယ်။ဒါပေမယ့် မြွေက
ထွက်မလာတော့ဘူးဗျို့။
ဒီတော့မှ ကျွန်တော်တို့လည်း စိတ်အေးပြီး ပြန်နိုင်တော့တယ်
ဗျ။

××××××××××××××××

နောက်နေ့ကျတော့ ကန်ပေါင်မှာ ကျွန်တော်တို့ကလေးတွေ
ဂေါ်လီကျင်းလှိမ့်တမ်း ကစားကြတယ်။

“ဟာ…ဟေ့ရောင်တွေ….ဟိုမှာ မြွေ မြွေ….ဒီဘက်ကိုလာနေတာ
ကြည့်ကြစမ်း”

ချစ်မောင်က ဂေါ်လီလှိမ့်ရင်း အလန့်တကြားနဲ့ကန်ထဲ
လက်ညှိုးထိုးပြတယ်။ကစားဝိုင်းကသူတွေလည်း အုံသွားပြီး
ကန်ထဲကို ကြည့်လိုက်ကြတယ်ဗျ။

“ဟာ…ဟုတ်တယ်ကွ။မြွေကြီးပဲ”

“အကြီးကြီးဟ”

“အနက်ရောင်ကြီးကွ”

“ဘယ်ကလာတဲ့မြွေလည်း မသိဘူး”

“ဟာ…ကိုတီး အဲ့ဒါ မနေ့က ကျွန်တော်တို့တွေ့ခဲ့တဲ့ မြွေပဲဗျ”

“ဟေ….ဟုတ်လားကွ”

“ဟုတ်တယ်…အဲ့ဒါ မနေ့ကမြွေကြီးပဲ။အစစ်ပဲဗျ”

“ဟင်….မောင်ထွန်း….ဒီမြွေကို မင်းတို့သိတယ်….ဟုတ်လား”

“သိတယ် ချစ်မောင်… မနေ့က ငါတို့နှစ်ယောက် ရွာလယ်မှာ
ပုရစ်ဖမ်းနေတုန်း ဒီမြွေကိုတွေ့တာ။တောင်ပို့က နို့နဲ့ကြက်ဥကို
လာသောက်နေတာကွ”

“ဟာ….ဟေ့ကောင်တွေ….မြွေက ဒီဘက်ကို လာနေတာပါလား
ကွ”

ဟုတ်တယ်ဗျို့။အနက်ရောင်မြွေကြီးက ကန်ရေမှာ တွန့်လိမ်
တွန့်လိမ်ကူးရင်း ကျွန်တော်တို့ဘက်ကို လာနေတာဗျို့။

“ငါတို့ကိုရန်ပြုဖို့ လာနေတာများလား မသိဘူး”

“အန္တရာယ်ရှိတယ်”

“ကြောက်စရာကွာ….မြွေကြီးက”

“ဟေ့ကောင်တွေ စကားမများနဲ့။ခဲလုံးနဲ့ပစ်ကွာ။ပစ်..ပစ်….
တော်ကြာ အဲ့မြွေ တို့ကိုဒုက္ခပေးနေမယ်”

ကျွန်တော်တို့လည်း ဘာမှတွေးမနေဘဲ ခဲလုံးတွေပွေ့ကောက်ပြီး ရေထဲက မြွေနက်ကြီးကို တရစပ် ပစ်ကြတယ်ဗျို့။

“ဖွီ”” “ဖွီ”

“ခွီး” “ခွီး” “ခွီး”

မြွေက ခဲတွေမှန်တော့ တစ်ချက်မာန်ဖီပြီး နောက်ကို ဆုတ်လိုက်တယ်ဗျို့။
ကျွန်တော်တို့ပစ်တဲ့ခဲတွေကလည်း တစ်ဆုပ် တစ်ဆုပ်ကြီးတွေ
ကိုဗျ။အနည်းဆုံးမထိဘူးဆိုရင်တောင် တစ်ယောက်
တစ်ယောက်ကို နှစ်လုံး သုံးလုံးလောက်ထိတာ။
ဟော၊မြွေနက်ကြီးက ခဲမှန်ပါများတော့ လမ်းပြောင်းပြီး
အနောက်ကိုလှည့်လိုက်တယ်ဗျ။
ကျွန်တော်တို့လည်း ခဲပစ်တာရပ်လိုက်ကြတယ်။
ဟာ၊မြွေနက်ကြီးက ဖားနှစ်ခုန်လောက်ရောက်တော့ ကျွန်တော်တို့ဘက်ကိုခေါင်းလှည့်ပြီး စူးကြည့်တယ်ဗျို့။

“ဟေ့ကောင်တွေ..!ဟေ့ကောင်တွေ ..!သူ့ကိုသွားမကြည့်ကြနဲ့ကွ။မျက်နှာကို လက်နဲ့ကာထား။ငါတို့ကို သူ မှတ်မိလိမ့်မယ်
ကွ”

မောင်ထွန်းပြောတော့ ကျွန်တော်တို့တွေလည်း မျက်နှာကို
လက်ဖဝါးနဲ့ကာလိုက်ကြတယ်ဗျ။

“ဟေ့ကောင် မောင်ထွန်း….မြွေက ငါတို့ကိုမှတ်မိရင် ဘာဖြစ်လို့လည်းကွ”

ကျွန်တော်လည်း လက်ကိုအသာလှပ်ပြီး စပ်စုလိုက်တယ်။

“အဖွားပြောတာတော့ မြွေက ကျွန်တော်တို့ကိုတွေ့သွားလို့ရှိရင် ရန်ပြုတတ်တယ်တဲ့ဗျ။တစ်ခါခါဆိုရင် သတ်ပစ်လိုက်တဲ့
အထိပါ လုပ်တာတဲ့”

ကျွန်တော် မရဲတရဲနဲ့လက်ချောင်းကြားထဲကနေ မြွေကြီးကို
ချောင်းကြည့်လိုက်တယ်။
ဟော၊မြွေနက်ကြီးက တရွေ့ရွေ့နဲ့အရှေ့ဘက်ကို ကူးသွားပြီဗျ။အနောက်ကို လုံးဝလှည့်မကြည့်တော့ဘူး။

“ဟေ့ကောင်တွေ….ဖယ်လိုက်ကြတော့ကွ။မြွေမရှိတော့ဘူး။
သွားပြီကွ”

ကျွန်တော်ပြောလိုက်တော့ အကုန်လုံး ကာထားတဲ့လက်တွေ
ဖယ်လိုက်ကြတယ်။ပြီးတော့ ရေကန်ပတ်ဝန်းကျင်ကို
ဟိုဟိုဒီဒီ လိုက်ကြည့်ကြတယ်ဗျ။ဒါပေမယ့် မြွေနက်ကြီးက
မရှိတော့ဘူး။ခုနက ကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲ ကံပေါင်
ပေါ်ကို တက်သွားတာဗျို့။

×××××××××××××××××××

“တာတီးရေ…ရော့..ဖွားကို တောင်ပို့မှာ အမွှေးတိုင်သွားထွန်းပေးဦး”

“ဟုတ်ဖွား….သားကိုပေး”

“ဂရုစိုက်သွားနော် ကောင်လေး….ပြီးရင် ချက်ချင်းပြန်လာခဲ့။
ဖွားနားမှာနေ”

“စိတ်ချပါဖွားရဲ့….စိတ်ချ”

ကျွန်တော့်အဖွား ဘုရားဝတ်ပြုတိုင်း သူက ကျွန်တော့်ကို
သူ့အနားမှာ အမြဲခေါ်ထားတယ်။ပြီးရင် သြကာသကနေစပြီး
အမျှဝေတဲ့အထိ သူဆိုတဲ့ဘုရားစာတွေကို ကျွန်တော့်ကို
လိုက်ဆိုခိုင်းတာဗျ။အမျှဝေ သာဓုခေါ်တဲ့အချိန်ကျရင်လည်း
သူက ကျွန်တော့်ကို စောင့်ပြီးတိုင်ပေးတယ်။
မြေးတွေထဲမှာတော့ အဖွားက ကျွန်တော့်ကိုအချစ်ဆုံးဗျ။
ကျွန်တော် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်တေတေ သူက
ကျွန်တော့်ဘက်မှာ အမြဲနေပေးတာဗျို့။
ခုလည်း သူက ဘုရားဝတ်မပြုခင် ဘုရားခန်းနဲ့နတ်ခန်းတွေကို
ဆီမီး၊နံ့သာတွေ ပူဇော်ပြီးသွားလို့ ခြံထဲကတောင်ပို့လေးမှာ
ကျွန်တော့်ကို ကျွန်တော့်ကို အမွှေးတိုင်သွားထွန်းခိုင်းတာဗျ။
အဖွားကမျက်စိမှုန်တော့ ညဘက်ဆို တော်ရုံတန်ရုံ ပတ်ဝန်းကျင်ကို မတွေ့ရတော့ဘူး။ဒါကြောင့်မို့ ခြံထဲမဆင်းဘူးဗျ။တောင်ပို့မှာအမွှေးတိုင်ထွန်းတဲ့ အချိန်တိုင်း ကျွန်တော့်
ကိုပဲ သူက ဆင်းထွန်းခိုင်းတာ။
ကျွန်တော်ကလည်း လမ်းသွားရင် ရှက်ပြာရှက်ပြာနဲ့နမော်နမဲ့
နိုင်တယ်။ပြီးတော့ စပ်စပ်စုစုနဲ့ဟိုသဝေထိုး ဒီသဝေထိုး
လျှောက်သွားတတ်သေးဗျ။ဒါကြောင့်မို့ အဖွားက ကျွန်တော့်ကို ဂရုစိုက်ဖို့ ပြီးရင် ချက်ချင်းပြန်ခဲ့ဖို့ကို မှာတာဗျို့။
ကျွန်တော်လည်း လရောင်မှိန်ပျပျလေး အားပြုပြီး အမွှေးတိုင်တွေစုကိုင်လို့ ခြံစပ်ကတောင်ပို့လေးဆီသွားတယ်။
တောင်ပို့ရောက်တော့ ခွက်နေတဲ့ အပေါက်လေးတွေထဲကို
အမွှေးတိုင်တွေ စိုက်ထည့်လိုက်တယ်ဗျ။ပြီးတော့ သွက်သွက်
လှည့်ထွက်ဖို့လုပ်တယ်။

“ရွှီ” “ရွှီ” “ရွှီ”

ဟာ၊တောင်ပို့ထိပ်က အပေါက်ကြီးထဲကနေ မီးတန်းကလေး
သုံးခု တိုးထွက်လာတယ်ဗျို့။
ကျွန်တော်လည်း တွေ့တွေ့ချင်း လန့်သွားပြီး နောက်ကို ခုန်ပြီး
ဆုတ်လိုက်တယ်ဗျ။

“ရွှီ”

“ဖွီး” “ဖွီး’ “ဖွီး”

“အောင်မယ်လေးဗျ”

“ဟဲ့…တာတီး….ဘာဖြစ်တုန်း”

အဖွားမေးတာတောင် ကျွန်တော်မဖြေနိုင်တော့ဘူး။
မီးတန်းသုံးခု ဆင့်ထွက်လာပြီးတော့ တောင်ပို့ထဲကနေ
ခေါင်းသုံးလုံးနဲ့မြွေကြီး ထွက်လာတာဗျို့။
အရောင်က အနက်ရောင်ကြီး။ခန္ဓာကိုယ်က သာမန်မြွေရဲ့
နှစ်ဆလောက် ရှိတာဗျ။မျက်ဆံသေးသေးလေးတွေကလည်း
နီရဲပြီး အရောင်တွေလင်းထွက်နေတာဗျို့။
သူက တောင်ပို့က ထွက်ထွက်ချင်း ကျွန်တော့်ဆီကို နှာမှုတ်ရင်း တဖြည်းဖြည်းရွေ့လာတယ်။ကျွန်တော်လည်း ကြောက်လွန်းလို့ ချွေးတွေပြန်ပြီး အသားတွေက တဆတ်ဆတ်တုန်နေ
တယ်ဗျို့။

“ရွှီ” “ဝုန်း”

“ဖျောက်…ဖျောက်…ဖျောက်…ဖျောက်….”

“အောင်မယ်လေး အမေရေ….မြွေကြီးဗျို့…မြွေကြီး”

မြွေကြီးက ကျွန်တော့်ကို မီးနဲ့လှမ်းမှုတ်တယ်ဗျို့။
ကျွန်တော်လည်း ကြောက်လန့်ပြီး ဇီဇဝါပန်းရုံထဲဝင်ပြေးတာ
ပန်းရုံအစပ်ပါမီးလောင်ပြီး ဟုန်းဟုန်းတောက်သွားတာဗျို့။

“ဟဲ့…မောင်ခန့်….အောက်က တာတီးအော်သံကြားတယ်ဟဲ့။
တစ်ချက်သွားကြည့်စမ်း”

“ဟုတ်ကဲ့အမေ….ကျွန်တော် သွားကြည့်လိုက်မယ်”

“ဟေ့ တာတီး….ဘာဖြစ်တာတုန်းကွ။ဟာ….မီးတွေလည်း လောင်လို့ပါလား”

“တာတီး….တာတီး”

ဦးလေးနဲ့ဘကြီးတို့က ကျွန်တော့်ကို အော်ခေါ်တယ်။
သူတို့အသံကြားတော့ ကျွန်တော့်ဆီလာနေတဲ့ ခေါင်းသုံးလုံးမြွေကြီးက ရပ်လိုက်တယ်ဗျ။ကျွန်တော်က ဇီဇဝါပန်းရုံနောက်မှာ ပုန်းနေတာ။ဘကြီးတို့လာတော့ ကျွန်တော်လည်း ဝမ်းသာ
သွားတယ်ဗျ။

“မျှဲ…ဟဲ…ဟဲ….”

မြွေကြီးက ကျွန်တော့်ဘက်လှည့်ပြီး အော်တာဗျို့။
ကျွန်တော်ဆိုတာ ပျော်နေတဲ့အပျော်တောင်ပျောက်ပြီး
ကြက်သီးတွေပါ တဖြန်းဖြန်းထသွားတယ်။

“ဟာ….ဘကြီးသန်းထွန်း….ခေါင်းသုံးလုံးနဲ့မြွေကြီးပါလားဗျ”

“အေး…ဟုတ်သားပဲ မောင်ခန့်ရ….အံ့သြစရာပါလား”

“တာတီး…တာတီး…တာတီး’

“ဦးလေး….”

“ဟာ….တာတီး”

“ရွှီ” “ဝုန်း”

“ခွီး…”

“အောင်မယ်လေး….မြွေက မီးမှုတ်တယ်ဟ”

“ဟဲ့…ဘာတွေဖြစ်နေကြတာလည်း”

“မျှဲ….ဟဲ…ဟဲ…”

ကျွန်တော်ထူးလို့ ဦးလေးတို့က ရှေ့တိုးလိုက်တော့ ​မြွေက မီးနဲ့
လှမ်းမှုတ်တာဗျို့။မီးလုံးကြီးဆိုတာ “ဝုန်း”ခနဲ အုံထွက်လာတာ
ဗျ။အဖွားကလည်း လှမ်းအော်တယ်။မြွေကလည်း ဒေါသထွက်ပြီး ကျွန်တော့်ကိုလှည့်အော်တယ်ဗျို့။ကျွန်တော်လည်း
ကြောက်ပြီး ပန်းရုံနောက်မှာ လှုပ်ကိုမလှုပ်ရဲတော့ဘူးဗျ။

“ဟေ့ မောင်ခန့်….ဒီမြွေ အန္တရာယ်ရှိတယ်။ကလေးကိုစိတ်မချ
ရဘူး။မင်း ဓားမြန်မြန်သွားယူ။ငါ မှိန်းပြန်ယူမယ်”

ဦးလေးနဲ့ဘကြီးတို့က နောက်ကြည့် နောက်ကြည့်နဲ့အိမ်ပြန်
သွားတယ်။ပြီးတော့ ဓားနဲ့မှိန်းကိုကိုင်လာပြီး ပြန်လာကြတယ်
ဗျို့။ကျွန်တော်ဆိုတာ အားတွေတက်လိုက်တာ မပြောပါနဲ့
တော့ဗျာ။

“ဖူး” “ဖူး” “ဖူး”

“ရွှီ” “ရွှီ”

ဟာ၊မြွေကြီးက ဦးလေးတို့ကိုတွေ့တော့ နှာမှုတ်ပြီး မီးတန်းနဲ့
နှစ်ချက်ဆင့်မှုတ်တယ်ဗျို့။
ဦးလေးနဲ့ဘကြီးလည်း သတိကပ်ပြီး ခပ်မြန်မြန် ခုန်ရှောင်
လိုက်တယ်ဗျ။

“ဟေ့ကောင် မောင်ခန့်….ခုတ်ကွာ…အသေသတ်ပစ်ကွ”

“ဝှစ်” “ဇွပ်” “ဘုတ်”

“ဟာ”

“မျှဲ….ဟဲ…ဟဲ…”

ဟာ၊ဦးလေးတို့ခုတ်တာ မြွေကို ထိတော့ထိသွားတယ်။
ဒါပေမယ့် ခေါင်းသုံးလုံးမြွေတော့ မဟုတ်ဘူးဗျို့။
အဝါနက်ကျားအရောင်နဲ့ရေမြွေသေးသေးလေးဗျ။
ခေါင်သုံးလုံးမြွေထဲက ထွက်လာတာ။မြွေကြီးကတော့ ခြံစပ်ကိုပြေးပြီး နောက်လှည့်အော်တယ်ဗျို့။

“မောင်ခန့်…ကလေးကို သွားခေါ်လိုက်”

ဘကြီးကပြောတော့ ဦးလေးက ကျွန်တော့်ကို လာချီတယ်။
ကျွန်တော်လည်း အရမ်းကြောက်သွားလို့ ဦးလေးကို ဖက်ထား
လိုက်တယ်ဗျ။

“မကြောက်နဲ့တော့ တူလေး….ဦးရှိတယ် သိလား”

ဦးလေးက ကျွန်တော့်ကိုချီပြီး ခြံဝကိုသွားတယ်။
ဟော ဟော၊ဘကြီးက မှိန်းတံကို မြှောက်ကိုင်ရင်း မြွေနောက်ကို တစ်လှမ်းချင်း လိုက်နေတယ်ဗျ။
မြွေကြီးကလည်း ဘကြီးကို လှည့်လှည့်ကြည့်ပြီး လျှောသွား
နေတယ်ဗျို့။မီးတော့မမှုတ်ဘူး။

“ဖျတ်”

“ဟ….ဘာလည်းဟ”

“ဟီး….ဟီး….ဟီး….ဟီး…”

ဟာ၊ကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာပဲ ခေါင်းသုံးလုံးမြွေ
ကြီးက “ဖျတ်”ဆို ပျောက်သွားပြီးတော့ အိမ်ပေါ်ကနေ
ရယ်သံကျယ်ကျယ်ကြီးတွေ ထွက်လာတယ်ဗျို့။

“မောင်ခန့်….ဘာလည်းမသိဘူးကွ။အသံကတော့ စန်းရီအသံပဲ”

ဘကြီးကပြောပြီး ခြံထဲပြေးဝင်သွားတယ်။
ဦးလေးလည်း ကျွန်တော့်ကိုချီပြီး ဘကြီးနောက်က ပြေးလိုက်
သွားတယ်ဗျ။

“ဟီး…ဟီး…ဟီး …ဟဲ့…ငါ့ကိုများ ရာရာစစ….နင်တို့သတ်လို့
ရမယ် ထင်နေလားဟဲ့”

“သန်းထွန်းတို့ မောင်ခန့်တို့ရေ….လုပ်ကြပါဦးဟယ်….စန်းရီ
အကောင်းကြီးကနေ ဘာထဖြစ်တယ် မသိဘူးဟဲ့”

အဖွားက ရင်ဘတ်ဖိ​ပြောရင်း ကျွန်တော်တို့ဘက် ထလာတယ်
ဗျ။ဦးလေးက ကျွန်တော့်ကို အဖွားဆီကမ်းပေးလိုက်တယ်။
ပြီးတော့ ဦးလေးနဲ့ဘကြီးက နတ်ဝင်သလိုဖြစ်နေတဲ့ အမေ့နား
ကို သွားကြတယ်ဗျ။

“ဟေ့အကောင်တွေ….မင်းတို့ ငါ့ကို လုံးဝသတ်လို့မရဘူးကွ….
သိရဲ့လား”

“ဗျာ”

“မဗျာနဲ့ဟဲ့….ခုနက မင်းတို့လိုက်သတ်တဲ့ ခေါင်းသုံးလုံးမြွေက
ငါပဲကှ ငါ”

“ဟင်….ခုနက ခေါင်းသုံးလုံးမြွေက ခင်ဗျား…ဟုတ်လား”

“ဟုတ်တယ်…ငါပဲကွ…ငမိုက်သားတွေ။ငါက ရွာလယ်တောင်ပိုင်းက ခေါင်းသုံးလုံးမြွေဘုရင်ပဲ မင်းတို့သိလား”

“ဟာ…မြွေဘုရင်ပါလား….တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်။ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးတော်မူပါ။မသိလို့
မိုက်မဲမိတာပါ မြွေဘုရင်ကြီးရယ်။ခွင့်လွှတ်ပေးတော်မူပါ”

ကျွန်တော်တို့လည်း အံ့သြနေကြတာပေါ့ဗျာ။

“အင်း….နင်တို့မသိလို့ ငါ့အပေါ် ဒီလိုပြုမူမိတာကို ငါ လက်ခံ
တယ်။ခွင့်လွှတ်ပေးလို့ရတယ်။ဒါပေမယ့် ဟိုကောင်လေးနဲ့
အပေါင်းအပါတွေကိုတော့ ငါ ခွင့်မလွှတ်နိုင်ဘူး။ငါ အရမ်း
စိတ်ဆိုးတယ်”

ကျွန်တော်လည်း ရင်ထိတ်သွားတယ်။

“ဟင်….တာတီးတို့ကိုစိတ်ဆိုးနေတာ….ကျွန်တော်မျိုးရဲ့တူလေးတွေက မြွေဘုရင်ကြီးကို ဘယ်လိုအမှားမျိုး ကျူးလွန်
ထားခဲ့ကြလို့ မြွေဘုရင်ကြီးက စိတ်ဆိုးရတာပါလည်းခင်ဗျာ။မေတ္တာထားပြီး ကျွန်တော်မျိုးကို ဖြေပေးတော်မူပါ”

“အေး…မနေ့က နင့်တူနှစ်ဟောက်က ရွာသားတွေ ငါ့ကိုကပ်ထားတဲ့ နို့နဲ့ကြက်ဥကို အသွင်ပြောင်းပြီး ငါလာသောက်ချိန်မှာ ငါ့ကို ခဲကြီးတစ်လုံးနဲ့အားကုန်ပစ်ထည့်လိုက်တာ ကွ။ငါ့ ခါးကိုထိတာ”

“ဟာ….ကောင်လေးတွေ တော်တော်ဆိုးကြပါလား”

“ဒါတင် မကသေးဘူးကွ….ဒီနေ့ နေ့လည်ပိုင်းကလည်း
ငါ တောင်ဘက်ကိုသွားဖို့ ရေကန်ကနေ ဖြတ်လာတဲ့အချိန်မှာ
မင်းတူတွေက အကြောင်းမဲ့သက်သက် ငါ့ကို ခဲတွေနဲ့ဝိုင်းပစ်
ကြတာကွ။ဝိုင်းပစ်ကြတာ။ငါ ဒေါသ တော်တော်ထွက်တယ်”

“မြွေဘုရင်ကြီးခင်ဗျာ….ကျွန်တော်မျိုးရဲ့တူလေးတွေအစား
ကျွန်တော်မျိုး အနူးညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ခွင့်လွှတ်ပေးတော်မူပါ။သူတို့က မြွေဘုရင်ကြီးကို တမင်ရည်ရွယ်ပြီး လုပ်ဆောင်တာမဟုတ်ပါဘူးခင်ဗျာ။ကလေးသဘာဝ
မသိနားမလည်ခြင်းတွေကြောင့် ခုလို ဖြစ်သွားရတာပါ။ခွင့်လွှတ်
ပေးတော်မူပါ။မြွေဘုရင်ကြီး စိတ်ပြေသွားတဲ့အထိလည်း
ကျွန်တော်မျိုးဆောင်ရွက်ပေးပါ့မယ်လို့ ကတိပေးပါတယ်ခင်
ဗျာ”

“အေး…ဒီတစ်ကြိမ်တော့ နောက်ဆုံးအနေနဲ့ရှိစေတော့။
ငါ ခွင့်လွှတ်ပေးလိုက်မယ်”

“ဟာ….ဝမ်းသာလိုက်တာခင်ဗျာ….ကျေးဇူးကြီးလှပါတယ်”

“အင်း….ဒါပေမယ့် ငါ့ကို မင်း တစ်ခုလုပ်ပေးရမယ်”

“ပြောပါခင်ဗျာ…ပြောပါ။မြွေဘုရင်ကြီးစိတ်တိုင်းကျ
ဖြစ်စေရပါမယ်’

“ရွာလယ်ကတောင်ပို့မှာ ငါနဲ့ငါ့အစ်ကိုတော် ကိုးပါးအတွက်
နို့ဆယ်ခွက်နဲ့ကြက်ဥဆယ်လုံး ကပ်ပေးပါ။သေသေချာချာ
ရိုရိုသေသေပင့်ပါ။ကဲ….ဒါဆို ငါကြွမယ်။နောက်ဆို ဒီလိုအဖြစ်မျိုးမဖြစ်အောင် မင်း ဆုံးမထားချေ”

“ဟုတ်ကဲ့ပါခင်ဗျာ….စိတ်ချပါ”

အမေက ကြမ်းပြင်မှာခွေလဲသွားတယ်။
ပြီးတော့ သတိရလာပြီး အကြောင်းစုံကိုသိသွားတော့
ကျွန်တော့်ကို ဒေါသထွက်ပြီး ရိုက်မလို့ တကဲကဲဖြစ်နေတယ်
ဗျို့။
တော်သေးတယ်။အဖွားနဲ့ဦးလေးက အမေ့ကိုတားပြီး
ဆွဲထားပေလို့ဗျ။အဲ့ဒီနေ့ကစပြီး ကျွန်တော်လည်း မြွေမြင်ရင်
ကြောက်ပြီး ဝေးဝေးကရှောင်ပြေးတာ ဒီနေ့အထိပါပဲဗျာ။

××××××××××××××××××××

ကျန်းမာ ချမ်းသာကြပါစေ

#စက်လေးတာတီး