ချစ်ခြင်းကျိန်စာသင့်လေသူ

ချစ်ခြင်းကျိန်စာသင့်လေသူ(စ/ဆုံး)

———————————–

အောက်ခြေကျောက်ဆောင်ကိုရေလှိုင်းလုံးကြီးတွေတစ်ဝုန်းဝုန်းရိုက်ခတ်‌နေပါသော မြင့်မြင့်မားမားကျောက်တောင်ကမ်းပါးကြီးရဲ့အစွန်းမှာ သွယ်သွယ်နွဲ့နွဲ့အသွင်သဏ္ဌန်လေးတစ်ခုမတ်မတ်ရပ်လို့နေလေသည်။ လေတိုက်နှုန်းကပြင်းထန်လှတာမို့ မိန်းကလေးရဲ့ဆံနွယ်ရှည်‌တွေသာမက၊ ဝတ်ထားတဲ့ဖြူလွလွချည်ဂါဝန်ရှည်က သူမရဲ့ပါးလှပ်လှပ်ခန္ဓာကိုယ်ကလေးမှာကပ်ပြီးလွင့်ပျံလို့နေသည်။ လည်တိုင်ကျော့ကျော့မှာပတ်ထားတဲ့ပုဝါရှည်ကပြေလျောပြီး ငှက်ကလေးတစ်ကောင်အလား ချောက်ကမ်းပါးအောက်ကိုလွင့်ကျသွားချိန်မှာတော့ သူမကလိုက်ဖမ်းဖို့မကြိုးစားပဲ ရုတ်တရက်ခေါင်းကိုမော့လှန်ပြီး ခြောက်ကပ်ကပ်အော်ရယ်လိုက်လေသည်။

“ငါတို့နှစ်ယောက် ဒီပုဝါလေးလို လေဟုန်စီးခွင့်ရတော့မယ်…ပျော်လိုက်တာ”

ဗလာမျက်ဝန်းတွေနဲ့မိန်းကလေးရဲ့အသိမဲ့စွာတီးတိုးရေရွတ်လိုက်သံအက်ရှရှကလေးထွက်ပေါ်လာခဲ့သည်။ သူမရဲ့စိတ်ကူးတွေထဲမှာ ဒီချောက်ကမ်းပါးစွန်းကြီး‌အောက်ကပင်လယ်ထဲကိုအကြိမ်‌ပေါင်းများစွာခုန်ဆင်းခဲ့ဖူးသည်။ ခုန်ချလိုက်ရင် သူမရဲ့ခန္ဓာကိုယ်ပေါ့ပေါ့လေးက ငှက်မွှေးတောင်လေးတစ်ချောင်းလို ဦးတည်ရာမဲ့ ဘယ်လောက်ကြာအောင် လေထဲမှာလွင့်မျောနေပြီးမှ ရေခဲတမျှအေးစက်ပြီးကြမ်းတမ်းပြင်းထန်လွန်းလှတဲ့လှိုင်းတံပိုးတွေအောက်နစ်မြုပ်ပျောက်ကွယ်သွားလေမလဲ။ ဒီကမ္ဘာကြီးပေါ်မှာ သူမ မရှိတော့ဘူးဆိုတာလူတွေကသတိတောင်ပြုမိကြလိမ့်မည်မထင်ပါ။

“ဒီနေ့တော့ အသက်ကိုရှင်သန်အောင် ပင်ပန်းတကြီးမွေးမြူရင်း နာကြင်ခံစားခဲ့ရတာ‌တွေအားလုံးပြေပျောက်အောင် မင်းရင်ခွင်မှာအမောဖြေအိပ်စက်ဖို့ ကိုယ်တို့လာပြီ ပင်လယ်ကြီးရေ…”

သူမရဲ့စကားကို ပင်လယ်ကြီးကနားလည်သည့်အလားလက်ခုပ်သံအကျယ်ကြီးတီးရင်း မော်ကြည့်စောင့်မျှော်နေသည်လို့ထင်မိလေသည်။ စီးထားတဲ့အဖြူ‌ရောင်ခြေညှပ်ဖိနပ်အပါးလေးကိုချွတ်လိုက်တော့ အေးမြစိုစွတ်တဲ့မြက်ပင်လေးတွေရဲ့အထိအတွေ့ကိုခံစားမိချိန်မှာ လှမ်းလက်စခြေလှမ်းတို့တစ်ခဏရပ်တန့်သွားပေမယ့် ချက်ချင်းဆိုသလိုပဲ ကမ်းပါးစွန်းကို တစ်ရွေ့ရွေ့ဆက်လျှောက်သွားပါသည်။ မိုးစက်မိုးပေါက်လေးတွေတစ်ဖွဲဖွဲကျလာတာကို ခေါင်းမော့ခံယူရင်းလက်နှစ်ဘက်ကို ဘေးနှစ်ဖက်သို့အတောင်ပံသဖွယ်ဖြေးညှင်းစွာဆန့်တန်းလိုက်ကာ ခပ်သွက်သွက်အရှိန်ဖြင့်ပြေးပြီး ကမ်းပါးစွန်းကခုန်ချလိုက်စဉ်မှာ ရင်ထဲလှပ်ခနဲအေးသွားပြီး မျက်စိစုံမှိတ်ထားလျှက်ကပြုံးယောင်သန်းနေတဲ့မိန်းကလေးဟာ ဝါဂွမ်းလေးတစ်စလိုမျောလွင့်၍ ကျသွားခဲ့ရရှာလေပြီ။

************

“ဝုန်း.. ဒုန်း…ဒုန်း..”

“တံခါးဖွင့်လိုက်စမ်း $ ‌ေ-ာင်မ… အခုချက်ချင်းဖွင့်ဆိုဖွင့်… ကြာရင်နင်ပိုနာမယ်နော်… နားကန်းနေလား အမျိုး-ုတ်မ… နင်ဒီအခန်းထဲကပြေးလွတ်လိမ့်မယ်ထင်နေတာလား…. -ီးလိုမှပဲ… အားးးး”

မကြားဝံ့မနာသာ ဆဲဆိုခြိမ်းခြောက်သံတွေနဲ့အတူ အိပ်ခန်းတံခါးကိုထိုးကြိတ်ကန်ကြောက်လိုက်၊ အရှိန်နဲ့ပြေးပြီးကိုယ်လုံးနဲ့ဝင်တိုက်လိုက်လုပ်နေတဲ့ခင်ပွန်းဖြစ်သူရဲ့အသံကြောင့် နဂိုကပိုးဟတ်ဖြူလေးတစ်ကောင်လို ဖျော့တော့ပါးလျားသောမိန်းကလေးရဲ့မျက်နှာမှာပိုလို့တောင်သွေးဆုတ်ဖြူရော်သွားကာ နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးနှင့်နံရံကြားလွတ်နေတဲ့ထောင့်ကြားလေးထဲမှာ ကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ကာပုဝပ်တုန်ရီနေလေသည်။

“ဂျွတ်….ဖြောင်း”

ကျယ်လောင်တဲ့အသံကြီးနဲ့အတူ အိပ်ခန်းတံခါးကသော့အုံကျိုးပြီးပြုတ်ထွက်ကာ ခင်ပွန်းဖြစ်သူကသူ့အရှိန်နှင့်သူမထိန်းနိုင်ပဲ အိပ်ခန်းကြမ်းပြင်ပေါ်ဟတ်ထိုးလဲကျသွားရတာမို့ ပိုလို့တောင်ဒေါသထွက်လာပုံရသည်။

မီးမှောင်ချထားတဲ့အိပ်ခန်းတွင်းမှာခေါင်းကိုဟိုဘက်ဒီဘက်‌ဝှေ့ရမ်းရှာရင်း ကုတင်နံဘေးမှာကျုံ့ကျုံ့လေးဝပ်လျှက်တဆတ်ဆတ်တုန်နေရှာတဲ့မိန်းကလေးကို‌နောက်ဆုံးမှာ‌တွေ့ရှိသွား‌လေသည်။ ဧည့်ခန်းကတိုးဝင်လာတဲ့ မှုန်ပျပျအလင်းရောက်အောက်မှာ မိန်းကလေးရဲ့အသနားခံသလိုကူကယ်ရာမဲ့မျက်ဝန်းတွေကို ခင်ပွန်းဖြစ်သူကအရဿာခံကာတစ်စိမ့်စိမ့်ကြည့်နေရင်းကမျက်နှာကြီးပေါ်မှာစက်ဆုပ်စရာအပြုံးကပေါ်လာလေတော့သည်။

“မလုပ်… မလုပ်ပါနဲ့အစ်ကိုရယ်…
ညီမကိုအနိုင်မကျင့်ပါနဲ့… ရှိခိုးတောင်းပန်ပါတယ်… နှစ်မချင်းကိုယ်ချင်းစာပါရှင်”

ဗလုံးဗထွေးကြောက်ရွံ့တုန်ခါနေတဲ့အသံနှင့်မိန်းကလေးကတိုးလျှိုးတောင်းပန်ရှာပါသော်လည်း

“ဟားဟားဟားဟား… မင်းကများ ငါ့ကိုကလန်ချင်သေးတယ်ပေါ့.. အော်စမ်း… အော်လေ.. ဒီတိုက်ခန်းက ငါ့စိတ်ကြိုက် Sound Proof Doors (အသံလုံတံခါးတွေ) တပ်ထားတာ… မင်းသေအောင်အော်လည်းဘယ်အမျိုးမှမင်းကိုမကယ်နိုင်ဘူး…
ရန်ကုန်နဲ့လန်ဒန်ဆိုတာမိုင်ပေါင်းများစွာအဝေးကြီးပဲဟ…. ဘာ.. နှစ်မချင်းစာပါဟုတ်လား…
ငါကတစ်ဦးတည်း‌သောသားဆိုတာမင်းမေ့နေပြီထင်တယ်… ကိုယ်ချင်းစာရအောင်ဘာနှစ်မမှလည်းငါ့မှာမရှိဘူးကွ… ပြီးတော့မင်းကငါတရားဝင်လက်ထပ်ယူထားတဲ့မိန်းမ… ငါ့စိတ်ကြိုက်မင်းနေပေးရမယ်… လာစမ်း”

ခင်ပွန်းရဲ့လက်တစ်ဖက်က သူဝတ်ထားတဲ့ခါးပါတ်ကိုဆွဲဖြုတ်နေရင်း ကျန်တဲ့လက်တစ်ဖက်က မိန်းကလေးရဲ့ဆံနွယ်ရှည်တွေကိုရစ်ပတ်လိမ်ကာ ချောင်ထဲမှတစ်ရွတ်တိုက်ဆွဲခေါ်ထုတ်နေလေသည်။ နဂိုကတည်းကမြင့်မားထွားကြိုင်းသောခင်ပွန်းသည်နှင့်ခွန်အားမမျှရတဲ့ကြားထဲ ယခုလို
သူယင်းထမုန်ယိုနေချိန်မှာဆိုပိုလို့တောင်ရုန်းမထွက်နိုင်ပါချေ။

ဆောင့်ဆွဲခံထားရတဲ့ဆံပင်ရှည်တွေကြောင့် ဦးရေပြားပြုတ်ထွက်မတတ်တင်းကြပ်နာကြင်နေတာတွေလျော့ပါးသက်သာလိုသက်သာငြား ခင်ပွန်းသည်ရဲ့လက်ကို မိန်းကလေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့တွန်းဖယ်ရင်းက သူဆွဲခေါ်ရာနောက်
တရွတ်တိုက်ပါလာရလေသည်။

ထို့နောက် မိန်းကလေးကိုကုတင်ပေါ်ဆောင့်တွန်းလှဲချလိုက်ပြီး ခါးပါတ်ကိုလက်နှစ်ဖက်နဲ့ခပ်တင်းတင်းရစ်ပတ်လျှက်ဆွဲခါလိုက်သံ “ဖြောင်း”ကနဲကိုကြားလိုက်ရချိန်မှာ မိန်းကလေးတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထကာတစ်‌စောင်းလှဲလျှက်ကဒူးနှစ်ဖက်ကိုတင်းတင်းပိုက်ပြီးမျက်စိစုံမှိတ်အံကြိတ်ထားမိသည်။ အပြင်းအထန်နာကြင်မှုကြောင့် မိန်းကလေးရဲ့ကွေးထားတဲ့ဒူးတွေကရုန်းရင်းကန်ရင်းပြေလျှော့သွားရပြီး မျက်နှာကိုမထိခိုက်မိအောင်လက်နှစ်ဖက်ဖြင့်ကြိုးစားကာလျှက်
တဆတ်ဆတ်တုန်နေသည်အထိ ယောက်ျားကြီးအားနှင့် ခါးပတ်ဖြင့်ဆယ်ချက်ခန့်အားကုန်လွှဲရိုက်ပြီးချိန်မှာတော့ ခပ်မြော့မြော့သာကျန်တော့သောမိန်းကလေးကို လူမဆန်စွာ မဖွယ်မရာပြုမူလေတော့သည်။

မိနစ်နှစ်ဆယ်ခန့်အကြာ လူ့ငနွားက သူ့ဆန္ဒတွေပြည့်သွားချိန်မှာ မိန်းကလေးကိုဆောင့်တွန်းပစ်လိုက်ပြီး ဧည့်ခန်းထဲကဆိုဖာမှာခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ အော်ဟစ်နေတော့သည်။

“‌ေ-ာင်မ… နင်မေ့ချင်ယောင်ဆောင်မနေနဲ့….
ငါ့ကိုအခုချက်ချင်းပိုက်ဆံလှမ်းတောင်းပေး… ဆေး.. ဆေးအချိန်မှီဝယ်ရမယ်… အားးး… အူးးး.. ဆေး.. ဆေးပေးပါ”

ဒီစကားတွေကတော့ မိန်းကလေးသတိလစ်မသွားခင် လေးနောက်ဆုံးကြားလိုက်ရတဲ့ခင်ပွန်းသည်ရဲ့စကားသံတွေပါပဲ…

************

သတိရတစ်ချက်မရတစ်ချက်ဖြစ်နေရှာတဲ့ မိန်းကလေးရဲ့အတွေးတွေထဲမှာ သူမကိုပြုံးပြီးငုံ့ကြည့်နေတဲ့သိပ်ချစ်ရတဲ့ ယောက်ျားပီသချောမွေ့သောချစ်ဦးသူရဲ့မျက်နှာကအုပ်မိုးလို့နေလေသည်။ အာခံတွင်းမှာငုံထားမတတ်ဂရုတစိုက်အချစ်ခံရသောမိန်းကလေးသည် သူမချစ်သူကိုကျေနပ်ပီတိဖြစ်စွာ ချစ်စဖွယ်ပြုံးလို့ကြည့်‌နေမိသည်။

မိန်းကလေးသည် ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုများ
နှင့်အတူမွေးဖွားလာခဲ့သူဖြစ်သည်။ သိတတ်စအရွယ်ကတည်းက လူတွေကိုကြောက်တတ်သည်။ လူအများနှင့်ရောရောထွေးထွေးမနေလို။ မိန်းကလေးကိုသိပ်ချစ်ပြီးအလိုလိုက်သောမိသားစုဖြစ်တဲ့ နှစ်ဖက်အဖိုးအဖွား၊ မိဘနှစ်ပါး၊ အစ်မနှင့်အစ်ကိုကလွဲလို့ ဘယ်သူနှင့်မျှ အကျွမ်းတစ်ဝင်ရင်းနှီးချစ်ခင်‌နေထိုင်ခြင်းမရှိခဲ့။ ယုတ်စွအဆုံးတစ်ဝမ်းကွဲမောင်နှစ်မဆွေမျိုးတွေနှင့်တောင်စကား‌ပြောဆိုခြင်းမရှိခဲ့ပါ။ ကျောင်းတက်တဲ့အရွယ်ရောက်လာသည့်တိုင် မိန်းကလေး
ကျောင်းတက်နေလျှင်မိသားစုဝင်တစ်ဦးမဟုတ်တစ်ဦးကဆရာ‌တွေရဲ့ခွင့်ပြုချက်ယူပြီး အတန်းအပြင်မှာငုတ်တုတ်ထိုင်၍စောင့်ရှောက်ပေးရတတ်သည်။

မိန်းကလေးသည် သူမကိုချစ်သောမိသားစုအပေါ်တွင် အလွန်မှီခိုဆိုးနွဲ့တတ်သည်။ အထူးသဖြင့် သူမ၏မိခင်အပေါ်အနိုင်ယူတတ်သူဖြစ်သည်။ မိန်းကလေး၏မိခင်သည်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဖခင်ကတော့အစိုးရအရာရှိကြီးတစ်ဦးဖြစ်သည်မို့ သူမ၏ဘဝကလို‌လေသေးမရှိပြည့်စုံအေးချမ်းပါသည်။ မိခင်ကမိန်းမပီသသူမို့ ဆေးရုံ၊ ဆေးခန်းတာဝန်ဝတ္တရားတွေမအားလပ်တဲ့အကြားက အသက်ကြီးမှဖွားမြင်ခဲ့တဲ့အငယ်ဆုံးသမီးလေး၏ဝေယျာဝစ္စကိုကိုယ်တိုင်လုပ်ကိုင်ပေးရမှကျေနပ်သူဖြစ်လေသည်။ ထက်မြက်သောမိခင်ကြီး၏ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းခဲ့ရ‌သောမိန်းကလေးသည် ဉာဏ်ကောင်းသည်မှန်သော်လည်းသွက်လက်ထက်မြက်မှုမရှိပါ။ သူမအလိုမကျလျှင် မိခင်ကြီးကိုတွန်းထိုးအော်ဟစ်နေတတ်သလို “ငါ့အတွက်မိခင်ကြီးမှာပင်ပန်းရရှာပါလား”ဆိုသည့် သနားငဲ့ညှာမှုမျိုးလည်းမရှိပေ။ အရွယ်ရောက်လာသည်အထိ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီကအစ မိခင်ကြီးကိုယ်တိုင်လျှော်ဖွတ်ပေးမှဝတ်လေ့ရှိသူဖြစ်သည်။ မည်မျှပင်တစ်ကိုယ်ကောင်းဆန်ပြီး၊ ကိုယ့်အတ္တကိုသာရှေ့တန်းတင်လေ့ရှိသောသမီးဖြစ်ပါသော်လည်း မိခင်ကြီးမှာစိုးစဉ်းမျှအပြစ်မမြင်နိုင်ပဲချစ်ခင်ရှာပေသည်။

မိခင်သည်ဆရာဝန်မကြီးတစ်ဦးဖြစ်သလို၊ အိမ်ထောင်ရှင်မကောင်းတစ်ဦးလည်းဖြစ်တာမို့ အလုပ်နှင့်အိမ်ထောင်မှုဘဝကြား မျှခြေဖြစ်အောင်ကြိုးစားထမ်း‌ဆောင်ရသည်မှာအလွန်‌မောပန်းရ‌သောကြောင့် သမီးလေးကြီးပြင်းလာတဲ့အခါ မိမိလိုမပင်ပန်းစေချင်တဲ့အတွက် ကြုံကြိုက်လေတိုင်း

“သမီးကြီးလာရင် မေမေ့လို Lady Doctor (အမျိုးသမီးဆရာဝန်) မလုပ်ပဲ၊ Doctor’s Lady (ဆရာဝန်၏အမျိုးသမီးလေး)သာလုပ်နော် သမီးလေး”

ဟုခပ်ပြုံးပြုံးနှင့် စသလိုနောက်သလိုဖြင့် ဖြစ်စေချင်သည်တို့ကိုဆုံးမသင်ကြား‌‌ပေးတတ်လေသည်။

ကံတရားက မိခင်ကြီးဖြစ်စေချင်သလိုဖြစ်မလာခဲ့ပဲ စာတော်သောမိန်းကလေးသည် ဆရာဝန်မကလေးဖြစ်လာခဲ့လေသည်။ ကံကောင်းသည်က ဘယ်တုန်းကမှ သူစိမ်းတွေနှင့်ဆက်ဆံပေါင်းသင်းခဲ့ခြင်းမရှိသောမိန်းကလေးသည် ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက် မမျှော်လင့်ပါပဲ သူမနှင့်အသွင်တူသောသူငယ်ချင်းမ‌လေးတစ်ယောက်ကိုရရှိလိုက်ခြင်းပင်ဖြစ်သည်။
သူမတို့နှစ်ယောက်သည် ပထမနှစ်တက်စကတည်းက စိတ်ကျန်းမာရေးစစ်ဆေးခြင်းကို တစ်ကြိမ်တည်းနှင့်မအောင်မြင်ခဲ့သောကျောင်းသားများထဲတွင်ပါဝင်ခဲ့ရာက စတင်ပြီးခင်မင်မိကြကာ ကျောင်းသူသက်တမ်းတစ်လျှောက်လက်တွဲခဲ့ကြခြင်းဖြစ်လေသည်။

ကျောင်းသားတွေအများကြီးရှေ့ကဖြတ်လျှောက်ရပြီဆိုလျှင် နှစ်ယောက်သား ချွေးစေးတွေပျံနေတဲ့လက်‌တွေကို အပြန်အလှန်တင်းတင်းဆုပ်ကိုင်ကာ ခေါင်းကြီးတွေကိုယ်စီငုံ့ရင်း ကြောက်ကြောက်ရွံ့ရွံ့နှင့်အလျင်အမြန်အပြေးတပိုင်းလမ်းလျှောက်တတ်ကြသည်။ အစပိုင်းက သူတို့နှစ်ဦးကို ဂေါက်သီးမလေးနှစ်ယောက်လို့ ကျောင်းသားတွေကအထူးအဆန်းလိုလိုက်ကြည့်ကာ စနောက်တတ်ကြပေမယ့် ဆေးကျောင်းတို့၏ထုံးစံအတိုင်းနှစ်ရှည်လများအတူတစ်ကွကျောင်းတက်၊ လက်တွေ့အတူလုပ်၊ ခွဲခန်းအတူဝင်ကြရင်း သူမတို့အကြောင်းကိုပိုသိလာကြကာ အနှောက်အယှက်မပေးတော့ပဲ သူမတို့လိုအပ်လျှင်တောင်ကူညီပေးကြလေတော့သည်။ နာမည်အစအက္ခရာချင်းလည်းတူ၊ ခုံနံပါတ်ရှေ့နောက်လည်းဖြစ်သောသူငယ်ချင်းနှစ်ယောက်တို့သည် အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာကြတာနှင့်အမျှ အလုပ်သင်ဆရာဝန်ဘဝသို့တိုင်ရောက်ရှိလာကြလေသည်။

မိန်းကလေး၏သူငယ်ချင်းသည် သူမ လောက်လည်း ဉာဏ်မကောင်းသလို၊ ဆရာဝန်ဖြစ်ရန်ဝါဿနာလည်းမပါသူမို့ ၎င်း၏မိဘများအလိုအရသာ ဇွတ်မှိတ်ကြိုးစားရင်းဤမျှသောအနေအထားအထိရောက်လာရသူဖြစ်သည်။
မိန်းကလေးတို့နှစ်ယောက်သည် သူမတို့ရင်ထဲမှာရှိသမျှအကြောင်းအရာတွေအကုန်လုံးကို အချင်းချင်းမခြွင်းမချန်ရင်ဖွင့်ပြောဆိုတိုင်ပင်လေ့ရှိကြလေသည်။

မိန်းကလေးအလုပ်သင်ဆရာဝန်ဖြစ်သောနှစ်တွင် အစ်ကိုဖြစ်သူက မိသားစုဓါတ်ပုံကို ဖေ့စ်ဘုတ်အကောင့်တွင်အမှတ်မထင်တင်လိုက်မိရာက သူ၏ငယ်သူချင်းတစ်ဦးကတွေ့ရှိသွားပြီး မိန်းကလေးကိုစိတ်ဝင်စားကာ ဖေ့စ်ဘုတ်မှတစ်ဆင့်မိတ်ဖွဲ့လာခဲ့လေသည်။ ယောက်ျားပီသပြီးရည်မွန်ခန့်ညားသော၊ စကားအပြောအဆိုဆွဲဆောင်မှုရှိပြီးညက်ညောသော၊ နူးညံ့သိမ်‌မွေ့ပြီးမိန်းကလေးတွေအကြိုက်ကိုအလွန်အလိုက်သိသော ထိုအစ်ကိုကို မိန်းကလေးသည် တစ်စထက်တစ်စစွဲလန်းချစ်ခင်လာလေသည်။ မိန်းကလေးမျက်နှာတစ်ချက်ညိုလျှင်ပင် နေစရာနေရာမရှိလောက်အောင်ကို
သည်းသည်းလှုပ်ချစ်ပြတတ်တဲ့အစ်ကိုသည် အတွေ့အကြုံလုံးဝမရှိသောအပျိုစင်အူရိုင်းမိန်းကလေး၏ ရူးမတတ်ချစ်ရသောအချစ်ဦးဖြစ်လာခဲ့ရလေသည်။

************

“ညီမလေးရေ… မင်းချစ်သူက ကိုကို့သူငယ်ချင်းဆိုပေမယ့် သိပ်ရင်းနှီးခဲ့တဲ့သူငယ်ချင်းတော့မဟုတ်ဘူး.. အထက်တန်းကျောင်းတက်တုန်းကဆိုမေးထူးခေါ်ပြောလောက်ပဲရှိခဲ့တာ… ကျောင်းတုန်းကတော့ သူက‌ လူကြီးသားသမီး၊ သ‌ဘောကောင်းပေမယ့် ဆေးလိပ်‌တွေသောက်၊ ရန်တွေဖြစ်နဲ့ဆိုးတဲ့‌ ကျောင်းသားတစ်ယောက်ပဲ….အခုဆိုသူနဲ့မတွေ့ရတာနှစ်တွေတောင်မနည်းတော့ဘူး… ဒါကြောင့်
သူကအခုအင်္ဂလန်မှာအိုင်တီအင်ဂျင်နီယာတစ်ယောက်အဖြစ်အသက်မွေးနေတယ်ဆိုတာကြားရတာပဲရှိတာ သူ့အကြောင်းတော့ ဃဃနနမသိတာမို့ ညီမလေးသေချာစုံစမ်းကြည့်ပါဦး…. ကိုကိုလည်း သူနဲ့အဆက်အသွယ်ရှိလောက်တဲ့သူငယ်ချင်းတွေရှာ‌ဖွေမေးမြန်းကြည့်ပါဦးမယ်”

ငယ်စဥ်ကတည်းက ချစ်လွန်းလို့နာမည်‌တောင်တစ်ခါမှမခေါ်ပဲ “ညီမလေး”လို့သာခေါ်‌တတ်တဲ့
မိန်းက‌လေးရဲ့အစ်ကိုသည် အိမ်ထောင်ရက်သားကျပြီး တစ်မြို့တစ်ရွာမှာနေပေမယ့် သူ့ညီမလေးကိုစိတ်ပူစွာအရိပ်အမြွက်သတိပေးလေသည်။ မိန်းကလေးနှင့်ဆယ်နှစ်ကွာသောအစ်မအကြီးဆုံးသည်လည်း နိုင်ငံရပ်ခြားတွင်မိသားစုနှင့်အခြေကျနေပေပြီ။

မိန်းကလေးသည် လိုင်းပေါ်မှာသာတွေ့ဆုံချစ်ကြိုက်ရသောချစ်သူကို တစ်ဘဝလုံးပုံအပ်ရန်အထိယုံကြည်ထားသူမို့ ချစ်သူအစ်ကို့အကြောင်းကိုအထူးတလည်လည်းမစုံစမ်းမိသလို အပေါင်းအသင်းမဆန့်သူမို့ ဘယ်သူ့ကိုမေးမြန်းကြည့်ရမှန်းလည်းမသိခဲ့ပါပေ။ ရိုးအလွန်းသောသူမို့ ချစ်သူအစ်ကို့ကို ဒီအကြောင်းဖွင့်ပြောပြမိတော့ အစ်ကိုကမျက်ရည်ထွက်အောင်ပင် သူမကိုရယ်မောလေသည်။

“မိန်းကလေးရယ်….အစ်ကိုက မိန်းကလေးကို
ဒီလောက်တောင် မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တာကိုသိရက်သားနဲ့ မိန်းကလေးက အစ်ကို့ကို မယုံဘူးလားကွာ….. ဟားဟား”

လှောင်ရယ်ခံရလို့ မျက်နှာလေးနီရဲအောင်ရှက်သွားရတဲ့မိန်းကလေးသည် အစ်ကိုအလုပ်လုပ်ရာလန်ဒန်မြို့ကြီးသို့အပြေးလေးသွားပြီး အစိကို့ရင်ခွင်ကျယ်ကြီးထဲမှာမျက်နှာကိုဖွက်ထားလိုက်ချင်သည်ဟုတွေးရင်း ရင်ခုန်သံတွေမြန်လာရသည်။

“ဟေ့ ကောင်မလေး….မျက်နှာလေးမော့ပါဦးကွ…
အစ်ကို့အကြောင်းဘာသိချင်သလဲ ကြိုက်တာမေး… အစ်ကိုပြောပြပါ့မယ်… အစ်ကို့ဖေဖေကဘယ်သူဆိုတာတော့ ညည်းသိပြီးသားပဲမဟုတ်လား… အစ်ကိုကတစ်ဦးတည်းသောသား…မြန်မာပြည်မှာကျောင်းပြီးပြီးချင်း မိဘတွေက အင်္ဂလန်ကိုလွှတ်လိုက်လို့ ဒီမှာ မာစတာဘွဲ့ယူပြီး အလုပ်ဝင်နေတာသုံးနှစ်ရှိပြီ… အခုဆိုချစ်ရတဲ့ရည်းစားလေးလည်းရနေပြီ၊ အလုပ်လည်းရှိ‌နေပြီဆိုတော့ အစ်ကို မိန်းကလေးကိုမခွဲနိုင်တော့ဘူးကွာ… လက်ထပ်ယူချင်ပြီ… မိန်းကလေးဘွဲ့ယူပြီးတာနဲ့ အစ်ကိုတို့မင်္ဂလာဆောင်ကြရအောင်နော် ကောင်မလေး”

တွတ်တီးတွတ်တာချွဲနွဲ့ရင်း ရီဝေရွှန်းလဲ့တဲ့မျက်လုံးကြီးတွေနဲ့ စားမတတ်ဝါးမတတ်စိုက်ကြည့်နေခဲ့တဲ့
အစ်ကို့ကို မဝံ့မရဲပြန်ကြည့်ရင်း ကြက်သီးတစ်ဖြန်းဖြန်းထသည်အထိ အချစ်ရဲ့ညှို့ချက်စက်ကွင်းမှာ မိန်းကလေး ယစ်မူးနေမိကာ ခေါင်းကိုသာအခါခါအထပ်ထပ်ညိမ့်နေမိပါတော့သည်။

“ဆက်ရန်”

#Way

“#ချစ်ခြင်းကျိန်စာသင့်လေသူ”(၂)

အစ်ကိုမလာရောက်နိုင်ပေမယ့် အစ်ကို့မိဘတွေက မိန်းကလေးရဲ့မိဘတွေဆီမှာမိသားဖသားပီပီလာ‌ရောက်တောင်းရမ်းကြ‌လေသည်။
မိဘတွေက သမီးရဲ့ခင်ပွန်းလောင်းကိုလေ့လာကြည့်ချင်ကြသေးတာမို့ အင်္ဂလန်မှခေတ္တပြန်လာကာစေ့စပ်ပွဲအရင်လုပ်ထားပြီး တစ်နှစ်ကြာမှ လက်ထပ်စေလိုကြသော်လည်း အစ်ကိုကအလုပ်မှခွင့်မရဟုဆိုကာ တစ်ခါတည်းထိမ်းမြားလက်ထပ်ပေးဖို့ခွင့်ပြုပါရန်အစ်ကို့မိဘတွေကတောင်းဆိုကြ‌ပါသည်။ သမီးဖြစ်သူကလည်း သတို့သားဘက်ကတောင်းဆိုတဲ့အတိုင်းသာလုပ်ပေးဖို့ မိဘတွေကိုနားပူနားဆာလုပ်တာကတစ်‌ကြောင်း၊
ဂုဏ်သရေရှိသတို့သားမိဘများကိုယုံကြည်သည်ကတစ်ကြောင်းတို့ကြောင့် သမီးစိတ်ချမ်းသာရင်ပြီးရောဆိုပြီးခွင့်ပြုလိုက်ကြလေတော့သည်။

ထို့ကြောင့် မိန်းကလေးတို့ဘွဲ့နှင်းသဘင်အခမ်းအနားအပြီးတစ်ပါတ်အကြာမှာ အစ်ကိုနှင့်လက်ထပ်ဖို့အ ပြေးအလွှားလေးစီစဥ်ထားခဲ့သည်။ လက်ထပ်ပြီးပြီးချင်းအစ်ကိုနှင့်အတူ အင်္ဂလန်နိုင်ငံကိုလိုက်ပါသွားမည်မို့ ပတ်စ်ပို့ကိစ္စ၊ ဗီဇာကိစ္စ၊ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စ‌တွေပါ အချိန်တိုအတွင်းလုပ်ဆောင်ရသေးသည်။
အစ်ကိုနှင့်လက်မထပ်လည်း မိန်းကလေးက အစိုးရအလုပ်ဝင်ရန်စိတ်ကူးမရှိပဲ အပြင်ဆေးကုမ္ပဏီတစ်ခုခုမှာသာအလုပ်ဝင်လိုသူဖြစ်လေသည်။

ထုံးစံအတိုင်း တစ်ဦးတည်းသောသူငယ်ချင်းမလေးကို မင်္ဂလာသတင်းပြောပြရင်းပျော်ရွှင်တက်ကြွနေတဲ့မိန်းကလေးကို သူငယ်ချင်းကအေးစက်စက်မျက်ဝန်းတွေနဲ့ကြောင်စီစီကြည့်ကာ သူမရဲ့ကုတ်ကွေးကျနေတဲ့နှုတ်ခမ်းကို အတင်းပြုံးဟန်ပြုတာမို့ ပြုံးသည်နှင့်မတူပဲ ငိုခါနီးမဲ့ကျလာသလိုဖြစ်‌နေတာမို့ မိန်းကလေးအံ့ဩသွားရလေသည်။

“ငါချစ်တဲ့သူနဲ့မင်္ဂလာဆောင်တော့မှာကို နင်ဝမ်းမသာဘူးလားဟင်….”

မိန်းကလေးက ဇဝေဇဝါနှင့်နားမလည်နိုင်သလိုမေးတော့ သူငယ်ချင်းက သူမကို

“I’m so happy for you..”

လို့သာမျက်လုံးသေကြီးတွေနဲ့ပြောရင်း မိန်းကလေးရဲ့နဖူးကိုဂုဏ်ပြုအနမ်းတစ်ချက်ဖွဖွပေးကာ တင်းကြပ်နေအောင်ခေတ္တဖက်ထားလေသည်။ ပြီးနောက် လူချင်းခွာပြီး ခုနကအပြုံးမျိုးထပ်ပြုံးပြပြန်ကာ

“ငါချစ်ရတဲ့နင်ကလည်းငါ့အနားမှာရှိမ‌နေနိုင်တော့ဘူး….. ငါ့မိဘ‌တွေကိုပေးထားမိတဲ့ကတိ‌တွေ၊ တာဝန်တွေလည်းအကုန်ကျေခဲ့ပြီးပြီမို့…ငါနင့်ကိုနှုတ်ဆက်ခဲ့တယ်နော်”

ဟု အနိမ့်အမြင့်အတက်အကျမရှိတဲ့အသံနှင့်
ပြောကာ မိန်းကလေးကိုခပ်ငေးငေးကြည့်ရင်းရုတ်တရက်လှည့်ထွက်သွားလေတော့သည်။

မိန်းကလေးစိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသော်လည်း မနက်ဖြန်ဘွဲ့ယူပြီး နောက်တစ်ရက်မှာ
အစ်ကို့ကိုလေယာဉ်ကွင်းမှာသွားကြိုရမည်ဟုတွေးမိတာကြောင့်စိတ်တွေကြည်နူးလန်းဆန်းသွားရပြန်ကာအရာအားလုံးကိုမေ့သွားရပါသည်။

နောက်တစ်နေ့ မိန်းကလေးတို့စာသင်နှစ်ကကျောင်းသူကျောင်းသားတွေအကုန်လုံး အမ်ဘီဘီအက်စ်ဘွဲ့ကို ပျော်ရွှင်ဂုဏ်ယူစွာတက်ရောက်ယူကြရင်း၊ မိဘဆွေမျိုးများနှင့်အမှတ်တရဓါတ်ပုံတွေရိုက်ကြပါသည်။ သူငယ်ချင်းနှစ်ယောက်လည်းဓါတ်ပုံတွေအများကြီးရိုက်ကြပြီးလမ်းခွဲခဲ့ကြသည်။ နောက်တစ်နေ့မနက်ဝေလီဝေလင်းအချိန်မှာ ဖုန်းသံကကျယ်လောင်စွာမြည်ဟီးလာသည်မို့ အိပ်ချင်မူးတူးနဲ့မိန်းကလေးဖုန်းဖြေလိုက်ချိန်မှာတော့ ရှော့ခ်ရကာကြက်သေသေသွားရသည်။
ဒီကနေ့နံနက်အစောကြီးမှာ မိန်းကလေးရဲ့သူငယ်ချင်းမသည် ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချပြီးအဆုံးစီရင်သွားလေပြီတဲ့လေ။
ဒီသတင်းဆိုးက မိန်းကလေး၏စိတ်နှလုံးကိုညှိုးချုံးစေသော ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရပါသည်။

************

ခရီးသည်များဆိုက်ရောက်ရာအပေါက်မှအထွက် လက်ဝှေ့ရမ်းပြကာ အနားကိုအပြေးအလွှားလေးရောက်လာတဲ့အစ်ကို့ကို မိန်းကလေးက
ငေးကြောင်ကြောင်မျက်နှာပေးနှင့်ငိုင်တိုင်တိုင်ကြည့်နေမိပါသည်။ ဟိုးအရင်လိုင်းပေါ်မှာတွေ့ကာစနှင့်စာလျှင် အစ်ကိုက ပါးရိုးတွေချောင်ကျလျှက် အတော်ပိန်သွားပုံရသော်လည်း အမြဲတမ်းတက်ကြွသွက်လက်နေတဲ့သူ့ပုံစံကပျောက်ကွယ်မသွားချေ။

“ဟိတ်… မိန်းကလေး ဘာတွေကြောင်ကြည့်နေတာလဲ… အစ်ကိုရောက်လာပြီလေ မပျော်ဘူးလား”

အစ်ကိုက မိန်းကလေးရဲ့ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာ ဝမ်းသာအားရမေးလာမှ မိန်းကလေးအစ်ကို့ကိုမော့ကြည့်ရင်းပြုံးပြဖြစ်သည်။

“သားလေး… အရမ်းပိန်သွားတယ်နော်… မင်း အခုထိမလိမ္မာသေးဘူးလားကွယ်”

အစ်ကို့အမေနှင့်အတူလာကြိုတာမို့ မိန်းကလေးငိုချင်စိတ်ကိုအသာထိန်းရင်း အစ်ကိုတို့သားအမိနှစ်ယောက်စကားပြောတာကိုသာနားစွင့်နေမိသည်။

“ဟာ… အမေကလည်း ရောက်ရောက်ချင်းလုပ်ပြီဗျာ… ဒါကြောင့်မြန်မာပြည်ကိုပြန်ကိုမလာချင်တာ…”

သူ့အမေစကားကြောင့်မျက်နှာပျက်သွားတဲ့အစ်ကိုက မိန်းကလေးရှေ့မှာ ကမန်းကတန်းအိန္ဒြေဆည်လိုက်ရင်း မလုံမလဲပြုံးပြလေသည်။ မျက်ရည်တွေဝဲလာတဲ့သူ့အမေက အသံတုန်တုန်လေးနဲ့

“မင်းအဖေက မင်္ဂလာဆောင်ကိစ္စအားလုံးတာဝန်ယူပေးပြီးရင် သူ့ဘက်ကမိဘတာဝန်အကုန်ကျေပြီတဲ့သားရယ်”

အစ်ကိုက သူ့အမေကိုစိတ်ပျက်တဲ့လေသံနှင့်ခွန်းတုံ့ပြန်လေသည်။

“အမေကလည်း မိန်းကလေးရှေ့မှာဘာတွေအထုပ်ဖြည်ပြနေတာလဲ…ကျွန်တော်ကလည်း အဖေ့သားပါ… သူပြတ်သလို ကျွန်တော်လည်းပြတ်ပါတယ်… ရှေ့လျှောက် သူ့အထောက်အပံ့တစ်ပြားတစ်ချပ်မှယူမှာမဟုတ်တော့ပါဘူး”

“အခု အမေ ဒရိုင်ဘာနဲ့လာတာမဟုတ်လား…
အမေပြန်တော့… မိန်းကလေးနဲ့ကျွန်တော်သီးသန့်စကားပြောစရာရှိတယ်… နောက်မှ အိမ်ပြန်လာခဲ့မယ် ဟုတ်ပြီလား”

အစ်ကိုက သူ့အထုပ်အပိုးတွေ အမေနဲ့ထားခဲ့ပြီး မိန်းကလေးလက်ကိုဆွဲကာ လေယာဉ်ကွင်းအပြင်ဘက်ခပ်သွက်သွက်ထွက်ခွာလာတာမို့ မိန်းကလေးက အားနာတဲ့မျက်လုံးလေးနဲ့ ယောက္ခမလောင်းကိုလည်ပြန်ကြည့်ကာနှုတ်ဆက်ရင်းအစ်ကိုဆွဲ‌ခေါ်ရာနောက်ဟပ်ထိုးလိုက်လာရလေသည်။

************

တက္ကစီးငှားပြီး လူရှင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်သွားကာ စားစရာတွေမှာကာ စကားပြောဖြစ်ကြတော့အစ်ကိုက လူတွေရှေ့မရှောင် မိန်းကလေးနံဘေးပူးကပ်ထိုင်ရင်း မိန်းကလေးကို မလွှတ်တမ်း ရင်ခွင်ထဲထည့်ဖက်ထားလေသည်။ တစ်ခါမှ ယောကျာ်းတစ်ယောက်နှင့် ဒီလောက်ကြီးတရင်းတနှီးမနေဘူးတာကြောင့် မိန်းကလေးရင်တွေတဒိတ်ဒိတ်ခုန်ရင်း၊ သူငယ်ချင်းနာရေးကိစ္စနှင့်တစ်မနက်လုံးလည်းငိုထားခဲ့တဲ့အရှိန်ကြောင့်ဝမ်းနည်းဆို့နင့်နေတာရော၊ ရှက်စိတ်ကြောက်စိတ်တွေ‌ကြောင့်ပါ ချွေးစေးတွေပျံကာခေါင်းတွေမူးနောက်လာရသည်။

“ဟိတ်… ကောင်မလေး… အစ်ကိုရောက်လာပြီလေ မျက်နှာကြီးကဘယ်လိုဖြစ်နေရတာလည်းကွာ… ဖုန်းထဲမှာလို အစ်ကို့ကိုချစ်တဲ့အကြောင်းတွေပလွတ်ပလွတ်နဲ့ပြောစမ်းပါဦးကွ”

ရင်ခွင်ထဲကမိန်းကလေးရဲ့မျက်နှာကိုမေးဖျားကပင့်ပြီးဆွဲမော့လိုက်ကာ မျက်နှာချင်းအနီးကပ်မေးတော့ မိန်းကလေး ကမန်းကတန်းမျက်လွှာချလိုက်မိသည်။ ရုတ်တရက် ဝမ်းနည်းဆို့နင့်လာတာကြောင့် အစ်ကို့ရင်ခွင်ကိုမျက်နှာအပ်ပြီး ချုံးပွဲချငိုရင်း ရင်ဖွင့်မိလေသည်။

“ညီမရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေး ဒီမနက်ပဲသူ့ကိုယ်သူ ဆူဆိုက်လုပ်သွားတယ်အစ်ကိုရယ်… ဒီကမ္ဘာကြီးမှာညီမကိုနားအလည်နိုင်ဆုံးသူ
မရှိတော့ဘူး…အီးဟီးဟီး”

“ဪ… မိန်းကလေးပြောပြောနေတဲ့တစ်ယောက်လား… ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတော့ ဆိုက်ကိုပတ်သ် (Psychopath)ပေါ့… ဒီလိုမူမမှန်တဲ့သူတွေရဲ့စိတ်ဆိုတာအစိုးမရဘူးမိန်းကလေးရဲ့…
ဒါမထူးဆန်းပါဘူး”

“ရှင်…”

အစ်ကို့ရဲ့နှစ်သိမ့်အား‌ပေးမှုကို‌မျှော်လင့်ထားရာကအဲဒီလိုပြောလိမ့်မယ်မထင်ထားတာကြောင့် စိတ်ဓါတ်တွေပြိုလဲကျနေတဲ့မိန်းကလေး ကြောင်သွားပြီး ဝမ်းပန်းတစ်နည်းငိုရှိုက်နေရာက အစ်ကို့ကိုမော့ကြည့်မိလေသည်။

ဒါကို ပါးနပ်တဲ့အစ်ကိုက သူစကားမှားသွားပြီဆိုတာကိုချက်ချင်းရိပ်မိသွားပြီး မျက်နှာအမူအယာပြင်ရင်း မိန်းကလေးရဲ့မျက်ရည်တွေကိုပွတ်သုတ်ပေးကာ ချိုချိုသာသာဖြောင်းဖျပြောဆိုလေသည်။

“ဆောရီးပါကွာ… မိန်းကလေးဒီလောက်ခံစားနေရမှန်းမသိလို့ စိတ်ပြေပါစေတော့ရယ်လို့လွှတ်ကနဲပြောမိသွားတာပါ…အစ်ကိုတမင်ရည်ရွယ်တာမဟုတ်ပါဘူး… မိန်းကလေးကို တစ်သက်လုံးချစ်သွား၊ နားလည်ပေးသွားမယ့်အစ်ကိုတစ်ယောက်လုံးရှိပါသေးတယ်ကောင်မလေးရယ်…စိတ်မဆိုးနဲ့တော့နော်…စိတ်ပြေပါတော့”

အစ်ကိုကချော့လည်းချော့ရင်း တင်းတင်းကြပ်ကြပ်ဖက်ပွေ့ကာ တုန်ရီနေတဲ့မိန်းကလေးရဲ့နှုတ်ခမ်းအစုံကိုစုပ်ယူနမ်းရှိုက်နေတာမို့ မိန်းကလေးအသက်ရှုကြပ်လာကာ အတင်းရုန်းထွက်လိုက်ရင်း ပတ်ဝန်းကျင်ကို‌ မလုံမလဲဝေ့ဝဲကြည့်မိသည်။ စားသုံးသူတစ်ချို့နဲ့ဝန်ထမ်းတွေက သူတို့အတွဲကိုကွက်ကြည့်ကွက်ကြည့်လုပ်ရင်းတီးတိုးပြောနေကြတာတွေ့ရသည်။

“အစ်ကို ဘယ်လိုတွေလုပ်နေတာလဲ..ဒါမြန်မာနိုင်ငံ.. ပြီးတော့ public area မှာလေ… နည်းနည်းပါးပါးဆင်ခြင်ပါဦး…”

မိန်းကလေးအသံကငိုသံစွက်ကာ ရှက်ခြင်း၊ ကြောက်ခြင်းကြောင့် ရင်ဘတ်ပေါ်လက်ကလေးနှစ်ဖက်ယှက်ရင်းတုန်လှုပ်နေတာမို့ အစ်ကိုက သူ့ပခုံးနှစ်ဖက်ကိုဟန်ပါပါတွန့်လိုက်ရင်း မိန်းကလေးနှင့်ခပ်ခွာခွာပြင်ထိုင်လိုက်သည်။ ‌ပြီး‌နောက် စီးကရက်တစ်လိပ်ကိုထုတ်သောက်လိုက်ပြီး မီးခိုးငွေ့တွေကို သူမမျက်နှာဆီသို့ကျီစယ်သလိုမှုတ်ထုတ်လိုက်ကာ မျက်လုံးကိုမှေးစင်းပြီးကြည့်နေလေသည်။ အတန်ကြာမှ…

“အစ်ကိုအရမ်းလွမ်းနေခဲ့ရလို့ ရုတ်တရက်မထိန်းနိုင်ဖြစ်သွားတာပါ… ဒါမျိုးထပ်မလုပ်တော့ဘူးလို့ကတိပေးတယ်နော်မိန်းကလေး… ကဲပြောပါဦး… မင်္ဂလာဆောင်အတွက်အားလုံးအဆင်သင့်ပဲလား…. မင်္ဂလာဖိတ်စာရောယူလာလား…ပြကြည့်ပါဦး”

အစ်ကိုကသူ့ကိုယ်သူထိန်းနိုင်သွားသလို တည်တည်ငြိမ်ငြိမ်မေးမြန်းပြောဆိုလာတော့ မိန်းကလေးလည်း အနည်းငယ်အကြောက်လျော့သွားရသည်။ မင်္ဂလာပွဲအကြိုဓါတ်ပုံရိုက်ဖို့စီစဉ်ထားတာတွေ၊ ဖိတ်စာအချို့ဝေဖို့ကျန်နေသေးတဲ့ကိစ္စတွေ၊ မင်္ဂလာပွဲနေ့အတွက်အသေးစိတ်အစီအစဉ်တွေ၊ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့သီးသန့်မင်္ဂလာညစာစားကြမှာတွေ တိုင်ပင်ဆွေး‌နွေးရင်း တစ်ယောက်နှင့်တစ်ယောက်ပိုပြီးရင်းနှီးလာသလိုခံစားမိရသည်။

“သံရုံးဗီဇာရောယူပြီးပြီမဟုတ်လား….
လေယာဉ်လက်မှတ်တွေရော အကုန်စီစဉ်‌ပြီးပြီလားမိန်းကလေး… အဲဒါတွေကအရေးကြီးတယ်…အစ်ကိုကခွင့်ဆယ်ရက်ပဲရတာမို့ မင်္ဂလာပွဲအပြီးနောက်တစ်ရက်ပြန်မှဖြစ်မှာမို့ပါ”

“ဟုတ်ကဲ့…. အားလုံးအဆင်သင့်ပါပဲ… ညီမကအစ်ကို့ကိုချစ်လွန်းလို့သာအစ်ကို့နောက်လိုက်ခဲ့ရမှာ… ဘာသာမတူလူမျိုးမတူသူစိမ်းတွေကြားမှာဘယ်လိုနေရမယ်မှန်းတွေးမရသေးဘူး…ပျော်သလိုမပျော်သလိုနဲ့အခုထက်ထိဝေခွဲမရဖြစ်နေမိတုန်းပဲအစ်ကိုရယ်”

အစ်ကိုက သူမရဲ့လက်လေးတစ်ဖက်ကိုဖျစ်ညှစ်အားပေးရင်း သူမကိုပြုံးပြီးကြည့်နေလေသည်။ ပြီးမှ သူမရဲ့နားနားကပ်ကာ လေသံတိုးတိုးနှင့်ချော့မြှုဆွဲဆောင်ပြန်လေသည်။

“အချစ်လေး… ဒီညမပြန်နဲ့‌တော့ကွာ..ကိုယ်တို့အတူနေကြရအောင်… နော်”

ရောက်ကတည်းက ဒီကိစ္စကိုပဲဦးစားပေးနေတဲ့အစ်ကို့ကို မိန်းကလေးက စိတ်ညစ်ညူးစွာကြည့်ရင်း စိတ်ထဲတစ်မျိုးကြီးခံစားလာမိရသည်။ အစ်ကိုက ဘယ်လိုလူစားမျိုးပါလိမ့်… ငါ့ရွေးချယ်မှုရောမှန်မှမှန်ရဲ့လား တွေးကာစိတ်ထင့်သလိုဖြစ်သွားမိရသည်။

“ညီမတို့နှစ်‌ယောက်ကတစ်သက်လုံးအတူနေကြဖို့ဆုံးဖြတ်ပြီးသွားပြီပဲအစ်ကိုရယ်… ညီမကိုတန်ဖိုးထားချစ်ခင်ရင် ဒီကအပြန်မှာ ညီမကိုအိမ်ပြန်လိုက်ပို့ရင်း တစ်ခါမှမတွေ့ရသေးတဲ့ ညီမမိဘတွေကိုဂါရဝပြုဖို့မသင့်ဘူးလား… မနက်ဖြန်ဆိုလည်းတစ်နေ့လုံးဓါတ်ပုံရိုက်တာတွေ၊ မင်္ဂလာဝတ်စုံဖစ်တင်းချဖို့တွေ အချိန်လုလုပ်ရမယ့်အလုပ်တွေမှတန်းစီနေတာပဲ…”

“အိုးခေ… အိုးခေ…ဟုတ်ပါပြီဗျာ… မိန်းကလေးရဲ့သဘောအတိုင်းပါပဲ”

အခုလိုကျတော့လည်း အစ်ကိုက ခုနကတစ်ဇွတ်ထိုးကမူးရှူးထိုးဖြစ်နေတာသူမဟုတ်သလိုပဲမို့ မိန်းကလေးသက်ပြင်းမောကြီးချလိုက်မိပါတော့သည်။

“ဆက်ရန်”

#Way

“#ချစ်ခြင်းကျိန်စာသင့်လေသူ”(၃)

တစ်ခါမှ မိသားစုနှင့်မခွဲခွာခဲ့ဖူးတာကြောင့် မိန်းကလေးစိတ်ထဲမှာ လက်ထပ်ပွဲပြီးဆုံးသွားတာတောင်မှ ဒါဟာအိပ်မက်တစ်ခုလေလားလို့ဇဝေဇဝါဖြစ်လို့နေရသည်။ အထူးသဖြင့် ဘဝတစ်လျှောက်လုံး သူမရဲ့ဝေယျာဝစ္စတွေကိုမညည်းမညူဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့တဲ့မိခင်ကြီးမပါပဲ ကိုယ့်ဘဝလမ်းကို ကိုယ်တိုင်လျှောက်လှမ်းရတော့မည်ဆိုတော့ မိန်းကလေးကိုယ်တိုင်ကဝမ်းနည်းအားငယ်နေမိသလို မိခင်ကြီးမှာလည်း သမီးကို
ရင်ခွင်ထဲကလွှတ်‌ပေးလိုက်ဖို့စိတ်မချနိုင်အောင်ဖြစ်နေရလေသည်။

“သမီးရေ… မေမေ့သမီးလေးကအိမ်ထောင်ရှင်မလေးဖြစ်သွားပြီမို့ အိမ်မှုကိစ္စအဝဝအပြင်၊ လင်ယောက်ျားရဲ့ဝေယျာဝစ္စကိုပါတာဝန်ယူလုပ်ကိုင်ပေးရတော့မယ်… အစစအရာရာတတ်‌မြောက်အောင်သင်ယူလေ့လာပါ… ရောက်ရာအရပ်မှာတွေ့တဲ့သူနဲ့သင့်တင့်အောင်‌မိတ်ဆွေဖွဲ့နေထိုင်ပါ…
သမီးလေးလိုအပ်တာမှန်သမျှ မေမေတို့ကိုမဆိုင်းမတွအသိပေးပါ… အခက်အခဲတွေရင်ဆိုင်ရရင်လည်း မေမေတို့နဲ့လှမ်းတိုင်ပင်ပါနော်… ဘာလို့မှန်းမသိဘူး သမီးနဲ့ခွဲရမှာ မေမေ့စိတ်တွေလေးနေတယ်သမီးလေးရယ်”

တစ်တွတ်တွတ်မှာကြားနေတဲ့မိခင်ကိုဖက်ရင်း မိန်းကလေးမျက်ရည်တွေတွေကျနေမိသည်။ မနက်ဖြန်ဆိုရင် အစ်ကို့လက်ကိုတွဲပြီး နိုင်ငံရပ်ခြားမှာတစ်အိုးတစ်အိမ်ထူထောင်ဖို့သွားရပေတော့မည်။ မိန်းကလေးအတွက်တော့ဘဝနှင့်ချီတဲ့စွန့်စားခန်းတစ်ရပ်ပါပေ။

အင်္ဂလန်ရောက်ခါစမှာ ရာသီဥတုကြမ်းတာရော၊ ဆွေမျိုးအသိမိတ်ဆွေရယ်လို့တစ်ဦးမှမရှိတာကြောင့်ရော၊ အချက်အပြုတ်သန့်ရှင်းရေးအိမ်မှုကိစ္စမကျွမ်းကျင်တာကြောင့်ရောသာမက လန်ဒန်သားတွေရဲ့လေယူလေသိမ်းကိုကျင့်သားမရ‌သေးတာမို့ဘာသာစကားအခက်အခဲကိုပါရင်ဆိုင်ရတာကြောင့်ဘယ်လိုမှနေမပျော်ပဲ အိမ်လွမ်းနာကျကာ မြန်မာပြည်ပြန်ပြေးချင်နေမိတာသာသိလေသည်။

မိန်းကလေးတို့လင်မယားသည် လန်ဒန်မြို့နှင့် ကီလိုမီတာရှစ်ဆယ်ခန့်‌ကွာဝေးသော Burkinghamshire, Milton Keynes City ရှိ Oakgrove ကရှစ်ခန်းတွဲအုတ်ခံနှစ်ထပ်တိုက်တန်းလျားတစ်ခုရဲ့ဒုတိယထပ်အခန်းမှာငှားနေကြပါသည်။

ဤမြို့ကလေးသည် သန်ရှင်းသပ်ရပ်သော
ချစ်စဖွယ်မြို့က‌လေးတစ်မြို့ဖြစ်ပြီး ထူးခြားချက်ကတော့ ယာဉ်ကြောထိန်းသိမ်းရေးအတွက်
တစ်မြို့လုံးရှိလမ်းဆုံ၊ လမ်းခွများမှာ မီးပွိုင့်အစား
မြောက်များလှစွာသောအဝိုင်းပတ်များထားရှိခြင်းပင်ဖြစ်သည်။ Aldi လို၊ Lidl လိုနာမည်ကြီး Croissant မုန့်ကောင်းကောင်း‌လေးတွေရတဲ့စူပါမားကက်‌တွေ‌ မြို့တွင်းနေရာအနှံ့ဖွင့်လှစ်ထားတာမို့‌လေလားမသိ ရှုရှိုက်ရတဲ့လေကိုကအစ ဝက်ပေါင်ခြောက်ကင်လို၊ ပေါင်မုန့်မီးကင်လိုအနံ့အသက်‌တွေသာရနေသည်ဟုပင်ထင်မိသည်။

အင်္ဂလန်ပြန်ရောက်‌တော့ အစ်ကိုသည်အရင်တုန်းက မိန်းကလေးကိုငုံထားမတတ်ရွှန်းရွှန်း‌ဝေအောင်ချစ်ပြခဲ့ဖူးသောအစ်ကိုနှင့် တစ်ယောက်စီများလားလို့တောင်ထင်မှတ်ရအောင်အပြုအမူအပြောအဆိုတွေကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါသည်။

အစ်ကိုကလန်ဒန်မြို့တွင်းသို့ ရုံးဖွင့်ရက်တိုင်းရထားစီး၍ရုံးတက်ပါသည်။ သို့သော် သူမတို့မြန်မာပြည်မှပြန်ရောက်ပြီးတစ်ပါတ်လောက်သာအလုပ်ဆင်းတာတွေ့ရပြီး နောက်ပိုင်းမှာ အလုပ်ကအဆင်မပြေလို့ထွက်လိုက်သည်ဟုဆိုသော်လည်း အိမ်မှာလည်းမြဲမြဲမ‌နေပဲဟိုယောင်ယောင်ဒီယောင်ယောင်၊ ထွက်ချည်ဝင်ချည်နှင့်ဂနာမငြိမ်ဖြစ်နေတတ်သည်။

အိမ်မှာရှိနေလျှင် တစ်နေကုန် ဧည့်ခန်းဆိုဖာပေါ်မှာလှဲလျောင်းပြီး စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ်ဆက်တိုက်ရှိုက်ဖွာကာမှိန်းနေတတ်ပြီး လိုအပ်လို့
သူ့ကိုစကားသွားပြောလျှင်လည်း ပြောတာကို
မကြားသလို၊ ကြည့်နေပေမယ့်မမြင်သလို ရီဝေဝေမျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြန်မှိန်းသွားတတ်သည်။ တစ်ခါတစ်ခါ ရေချိုးခန်းဝင်လျှင်လည်းနာရီနဲ့ချီသည်အထိအကြာကြီးနေတတ်ပြီး မိန်းကလေးကအတင်းတံခါးခေါက်ပြီးခေါ်ထုတ်ယူမှထွက်လာတတ်သည်။ သူထွက်သွားလျှင် ရေချိုးခန်းထဲမှာစိမ်းရွှေရွှေအနံ့တစ်မျိုးကျန်ခဲ့တတ်သလို ဘေစင်တွေဆေးကြောသန့်ရှင်းရင်းလည်း အဖြူရောင်အမှုန့်အစအနတွေကျန်ရစ်တာမျိုးလည်းတွေ့ရသည်။

မိန်းကလေးတတ်သ‌လောက်မှတ်သ‌လောက်ကြိုးစားချက်‌ထားသောထမင်းဟင်းတို့ကိုပြင်ဆင်တည်ခင်း‌ ကျွေးလျှင်လည်းစားသည်ရယ်လို့သိပ်မရှိပဲ အရာမယွင်းတတ်ချေ။ တစ်ကယ်တော့ ဒါက မိန်းကလေးအတွက်ပြဿနာရယ်လို့မဟုတ်လှသေး…တစ်ကယ့်ပြဿနာက တစ်ပါးသူကိုဖွင့်ပြောပြဖို့ပင် အလွန်အော်ဂလီဆန်စရာကောင်းလှပါသည်။

မိန်းကလေး၏ခင်ပွန်းသည် ဖိုမကိစ္စတွင်ပုံမှန်မဟုတ်‌သောစိတ်စွဲလန်းမှုမျိုးရှိ‌နေပြီး တရားဝင်ဇနီးမယားသာမက ပြင်ပ၌ပါမိန်းမလိုက်စားတတ်သူတစ်ယောက်ဖြစ်‌နေခဲ့မှန်း အိမ်ထောင်သက်လပိုင်းလောက်နှင့်သိရှိလာခဲ့ရတော့ သူမ ဆောက်တည်ရာ မရဖြစ်ခဲ့ရသည်။ အစပိုင်းကတော့ အိမ်ထောင်ကျခါစမို့စိတ်အားထက်သန်‌နေ၍ဟုထင်မိခဲ့သော် လည်း နောက်ပိုင်း အိမ်မှာရှိတဲ့အချိန်တိုင်းလို ဒီကိစ္စကိုသာတောင်းဆိုနေတတ်သည်။ အတော်လွန်ကျူးလာ၍ မိန်းကလေးက ငြင်းပယ်မိလျှင် အစ်ကိုကအလွန်စိတ်ဆိုးပြီး ကြမ်းကြမ်းတမ်းတမ်းဆဲဆိုအော်ဟစ်တာတွေပါလုပ်လာတော့ သူမတစ်ဖြည်းဖြည်းထိတ်လန့်လာရပါသည်။

အိမ်မှာဝင်ငွေမရှိတဲ့အပြင် အစ်ကို့အ‌ဖေကလည်း
မထောက်ပံ့တော့တာကြောင့် မေမေတို့ဆီကို အကြောင်းပြချက်မျိုးစုံပေးပြီး အိမ်လခ၊ စားစရိတ်၊ အသုံးစရိတ်ကအစလစဥ်လှမ်းပြီးမှာရသည်။ မိန်းကလေးသည်ရိုးအလွန်းသော်လည်း ဆေးပညာရှင်တစ်ဦးမို့ အစ်ကိုအလွန်အကျွံသုံးစွဲနေသောအရာတွေသည်စိတ်ကြွ‌ဆေးနှင့်မူးယစ်ဆေးဝါးတွေမှန်းခဏချင်းရိပ်စားမိလာခဲ့သည်။ အိုင်တီပညာရပ်ကိုနိုင်ငံရပ်ခြားမှာဘွဲ့လွန်ဒီဂရီရထားပါသော ခေတ်ပညာတတ်ခင်ပွန်းသည်
နှမျောစရာကောင်းလှစွာ မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ကာ စိတ်တွေပုံမှန်မဟုတ်တော့ပဲ ကစဉ့်ကလျားဖြစ်နေပုံရသည်။

သူ့အကြောင်းတွေကို မိန်းကလေးက သူမရဲ့မိဘတွေဆီတိုင်ကြားမှာစိုးကာ ဖုန်းပြောတိုင်းမှာ သူကဘေးနားမှာငုတ်တုတ်ထိုင်စောင့်ကြည့်နေတတ်ပြီး ပိုက်ဆံလှမ်းတောင်းခိုင်းသည့်အချိန်မှလွဲ၍ ကျန်တဲ့အချိန်တွေမှာ မိန်းကလေးကိုမည်သူနှင့်မျှဖုန်းပြောခွင့်မပေးတော့ပဲ၊ သူမ၏ဖုန်းကိုပါသိမ်းယူထား‌လိုက်တော့လေသည်။

တစ်ရက်မှာ ခင်ပွန်းအိမ်အောက်ထပ်ခဏဆင်းချိန်ဖုန်းမေ့ထားခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ယောက္ခမဖုန်းဆက်လာတော့ မိန်းကလေးဖုန်းဖြေလိုက်မိသည်။ ဖုန်းထဲမှ မိန်းကလေး၏ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်းတို့ပြည့်နှက်‌နေသောလေသံဖျော့ဖျော့ကို ယောက္ခမကြီးကရိပ်စားမိချိန်မှာစတင်ငိုကြွေး‌လေတော့သည်။ အမျိုးသမီးကြီးက သားသမီးချင်းကိုယ်ချင်းမစာပဲ မိန်းကလေးအပေါ်တမင်သက်သက်ယုတ်မာခဲ့ခြင်းမဟုတ်ပါ‌ကြောင်း၊ သူ့သားသည်ဆိုးသွမ်းသည်မှန်‌သော်လည်းအိမ်ထောင်ကျလျှင်တော့ပြုပြင်ပြောင်းလဲသွားလိမ့်ဟုထင်မှတ်မိတာ‌ကြောင့် မိန်းကလေးကို သူ့သားအကြောင်းတွေ ကြိုတင်ပြီးသတိမပေးခဲ့မိသည့်အတွက်ခွင့်လွှတ်ပေးပါရန်တောင်းပန်လေသည်။ မိန်းကလေးကဘာမှပြန်မဖြေပဲ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်စွာနားထောင်နေရင်းက သူတစ်ပါးသမီးပျိုအညွန့်အဖူးလေးအ‌ပေါ်လုပ်ရက်ကြသူတွေကို ရင်ထဲမှာအောင့်မျက်နာကျင်နေခဲ့ရသည်။ ထိုအမျိုးသမီးကြီးက ငိုကြီးချက်မနှင့်တောင်းပန်လိုက်ရုံနှင့် သူမဘဝကနဂိုအတိုင်းအပျိုစင်ပြန်ဖြစ်တော့သည်မှမဟုတ်ပဲလေ။

************

ပင်စင်စားမိဘနှစ်ပါးက ရှိသမျှပိုင်ဆိုင်မှုတစ်ချို့ကိုထုခွဲရောင်းချပြီး တတ်နိုင်သလောက် သူတို့သမီးတောင်းသမျှပို့ပေးနေခဲ့သော်လည်း ဘာကြောင့်ငွေတွေဒီလောက်လိုသလဲဟုမေးလျှင် မိန်းကလေးက အကြောင်းပြချက်‌တွေအမျိုးမျိုးရှာကြံပေးရတတ်သည်။ မိန်းကလေးကိုယ်တိုင်ဖြစ်‌ကြောင်းကုန်စင်ကို ဖွင့်မပြောခဲ့ပေမယ့် သူ့သမီးလေးစိတ်ဆင်းရဲနေရသည်ကိုမိခင်ဖြစ်သူကစိတ်ချင်းဆက်သွယ်‌နေသကဲ့သို့ခံစားသိရှိနေပါသော်လည်း ဘာအကြောင်းကြောင့်ရယ်တော့အသေအချာမသိနိုင်ပါချေ။ ပြေးကြည့်ရအောင်ကလည်းအလွယ်တကူသွားလို့လာလို့ဖြစ်နိုင်သောအရပ်မဟုတ်ပါ‌လေ။

ခင်ပွန်းသည်သူ့အကြောင်း မိန်းကလေးရိပ်မိသိရှိသွားပြီဆိုတာသိလျှင်သိချင်း ယခင်လိုပုန်းလျှိုးကွယ်လျှိုးမဟုတ်တော့ပဲ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်ထင်ထင်ပင် ယခင်ကထက်ပိုပြီးသုံးစွဲကာရမ်းကားလာလေတော့သည်။ သူဆေးအဆက်ပြတ်ပြီး ယင်းထနေသောအချိန်မျိုးတွင် မိန်းကလေးကို စိတ်ရှိလက်ရှိပိတ်လှောင်ရိုက်နှက်တတ်ပြီး ဇနီးမယားကို လိင်ကျွန်တစ်ယောက်လို အော့နှလုံးနာစရာအမှုတွေခြိမ်းခြောက်ပြုမူခိုင်း‌နေစဥ် ပါးစပ်မှလည်း သူရူးတစ်ယောက်လို အခြားအမျိုးသမီးတွေရဲ့နာမည်တွေကိုကျေနပ်စွာတစ်တွတ်တွတ်‌ညီးတွားနေလေ့ရှိသည်။

တစ်ရက်ထက်တစ်ရက် စိတ်ရောလူပါချုံးချုံးကျလာသောမိန်းကလေးသည် အစားအသောက်မဝင်တော့ပဲ စက္ကူဖြူတစ်ရွက်လို ပါးလှပ်လှပ်ခန္ဓာကိုယ်သာကျန်လေတော့သည်။ ခင်ပွန်းကအပြင်ထွက်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ အိမ်တံခါးကိုအပြင်မှသော့ခတ်ထားတတ်သလို ဖုန်းတွေကိုလည်းသိမ်းထားတာကြောင့် သူမမှာ ဒီလူမသိသူ
မသိငရဲခန်းကလွတ်မြောက်ဖို့တိတ်တဆိတ်နည်းလမ်းရှာမှဖြစ်တော့မည်ဟုစတင်တွေးတောလာမိသည်။ နောက်ကြောင်းသေချာမသိရပါသောလူတစ်ယောက်ကိုစုံလုံးကန်းယုံကြည်ပြီး ချစ်တာတစ်ခုတည်းနဲ့မဆင်မခြင်လက်ထပ်မိခဲ့တဲ့သူမရဲ့အဖြစ်ကိုနောင်တရလို့မဆုံးပါပေ။

ဒီလိုနှင့်ခြောက်လခန့်ကြာသွားပြီး တစ်ရက်မှာတော့ ထုံးစံအတိုင်း သူမကိုနှိပ်စက်ပြီး ဆေးကွဲကာအိပ်ပျော်သွားတဲ့ခင်ပွန်းသည်အလစ်အငိုက်မှာ သော့ကိုအမိအရယူပြီး အပြင်ကခတ်ထားတဲ့သော့ခလောက်ကို အတွင်းကလှမ်းဖွင့်ကာ အသင့်ပြင်ထားသောပတ်စပို့စ်နှင့်ပိုက်ဆံအချို့ပါသောအိတ်ကိုဆွဲပြီး အိမ်ပေါ်မှ ကမူးရှူးထိုးဆင်းပြေးခဲ့သည်။ အားသွန်ခွန်စိုက်ပြေးရင်း အနီးဆုံးလမ်းဆုံလမ်းခွအရောက်မှာတော့ကားခေါင်မိုးပေါ်မှာ အဝါရောင် Taxi ဆိုင်းဘုတ်တင်ထားတဲ့ Bkack Cab တစ်စီးကိုအ‌လောသုံးဆယ်တားလိုက်ပြီး လန်ဒန်မြို့ Charles Street, Mayfair Township မှာရှိတဲ့အင်္ဂလန်နိုင်ငံဆိုင်ရာမြန်မာသံရုံးကိုမောင်းပို့ခိုင်းခဲ့သည်။

သံရုံးအရောက်မှာတော့ တာဝန်ရှိသူသံအရာရှိများကို အိမ်တွင်းအကြမ်းဖက်ခံရသည့်ဖြစ်စဉ်ကိုတိုင်တန်းကာအကူအညီတောင်းတော့ ရိုက်နှက်ထိုးကြိတ်ခံထားရတဲ့ဒါဏ်ရာတွေဗရပွနှင့်မိန်းကလေးကို သနားဂရုဏာသက်စွာကူညီစောင့်ရှောက်ကြလေသည်။
တာဝန်ရှိသူတွေက ရဲတပ်ဖွဲ့ကိုသတင်းပို့တိုင်ကြားပြီး မိန်းကလေး၏ခင်ပွန်းသည်ကိုသွားရောက်ခေါ်ဆောင်ကာထိန်းသိမ်းခိုင်းခဲ့ပါသည်။ မြန်မာသံရုံးမှတစ်ဆင့် မိဘတွေဆီဆက်သွယ်အကြောင်းကြားပေးတော့ မိန်းကလေးမိဘတွေခမြာ ယူကျူံးမရ၊ ရင်ထုမနာဖြစ်ကြရတာမို့ တရားဥပဒေအတိုင်းသာ နှစ်ဦးသဘောတူလင်မယားကွာရှင်းခြင်းကိုသာအဓိကထားဆောင်ရွက်ပေးပါရန်တောင်းဆိုကြလေသည်။ နိုင်ငံရပ်ခြားမှာအမှုမရှည်ကြာစေချင်တော့တာကြောင့် မိန်းကလေးနှိပ်စက်ညှင်းပန်းခံခဲ့ရတာတွေကိုလည်း တရားမစွဲတော့ပဲ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့မိန်းက‌လေးအား မိဘများက မြန်မာနိုင်ငံသို့အပြီးပြန်ခေါ်ခဲ့ပါတော့သည်။

“ဆက်ရန်”

#Way

“#ချစ်ခြင်းကျိန်စာသင့်လေသူ”(၄)

မိန်းကလေး အိမ်ပြန်ရောက်ချိန်မှာတော့ မိခင်သည် မိန်းကလေးစိတ်နှင့်အိပ်ယာ‌ပေါ်ဘုန်းဘုန်းလဲနေပြီး ဖခင်သည်လည်း ကျောက်ကပ်ရောဂါကို အပြင်းအထန်ခံစားနေရပြီဖြစ်လေသည်။

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မိန်းကလေးသည်အသက်ရှင်လျှက်မိဘရပ်ထံပြန်ရောက်နိုင်ခဲ့ပြီမို့ မိဘတွေက သမီးလုပ်သူခံစားနေရသောဝေဒနာတွေလျော့ပါးသက်သာစေဖို့နှစ်သိမ့်ဖေးမကြ‌ပါသည်။

စိတ်ဒါဏ်ရာအကြီးအကျယ်ရလာခဲ့‌သောမိန်းကလေးသည် ကျန်းမာရေးချို့ယွင်းနေသောမိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ဖို့အသိမဝင်နိုင်ရှာပဲ ပြန်ရောက်လာကတည်းက ယခင်တုန်းကထက်
လူတွေကိုပိုကြောက်တတ်လာကာ ဘယ်သူနှင့်မျှ
မတွေ့လိုပဲ ပြူတင်းပေါက်တံခါးတွေအလုံပိတ်ပြီး နေ့ရောညပါ အ‌မှောင်ချထားတဲ့သူမရဲ့အိပ်ခန်းထဲက ထောင့်တစ်ထောင့်မှာကပ်မှီထိုင်ရင်း တစ်ယောက်တည်းစကားတွေပြောနေတတ်သည်။

အမေရိကန်နိုင်ငံသားခံယူထားပြီဖြစ်သောအစ်မအကြီးဆုံးက ဝင်ငွေကောင်းသူမို့ မိဘတွေရဲ့ကျန်းမာရေးအတွက်လိုအပ်တဲ့‌နေရာတွေမှာသုံးစွဲဖို့ငွေကြေးဒိုင်ခံပို့ပေးကာ အစ်ကိုလင်မယားက အိုးပစ်အိမ်ပစ်နှင့်မိဘနှစ်ပါးနှင့်ညီမဖြစ်သူကိုအနီးကပ်လာ‌ရောက်ပြုစုစောင့်ရှောက်ပေးကြပါသည်။

“ညီမလေးရယ်… အိပ်ခန်းထဲမှာချည်းပဲအောင်းမနေပါနဲ့…အညောင်းပြေအညာပြေအိမ်ပြင်ဘက်ထွက်ပြီးလမ်းလေးဘာလေးလျှောက်ပေးပါလား… ကိုယ်ရောစိတ်ပါလန်းသွားအောင်လို့လေ…ပြီးတော့ ညီမလေးအခန်းထဲမှာဘယ်သူနဲ့စကားတွေပြောနေတာလဲ”

နံရံကိုမှီကာဒူးနှစ်လုံးကိုပိုက်ပြီးကွေးကွေးလေးထိုင်နေတဲ့မိန်းကလေးက ခန္ဓာကိုယ်ကိုမလှုပ်ပဲ မျက်လုံးလေးပဲဝင့်ကြည့်ကာ အစ်ကို့အမေးကိုဖြေလေသည်။

“ညီမလေးသူငယ်ချင်းက ညီမလေးကို တစ်ချိန်လုံးအဖော်လုပ်ပေးနေတယ်လေကိုကိုရဲ့…
သူက ညီမလေးပြန်လာလို့ဝမ်းသာနေရှာတာ… တစ်နေ့ကျရင် ညီမလေးကို သိပ်လှပြီး
သိပ်ကို‌အေးချမ်းတဲ့ပင်လယ်ပြင်ကြီးဆီသူကခေါ်သွားပေးဦးမှာတဲ့”

မိန်းကလေးရဲ့အစ်ကိုဖြစ်သူက ဘေးဘယ်ညာဝေ့ဝဲကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်လိုက်လေသည်။ သူ့ညီမလေးသည် မရှိကိုအရှိထင် စိတ်ထဲမှာအာရုံကောင်ဖန်ဆင်းပြီး ဆုံးပါးသွားသောသူငယ်ချင်းကိုအသက်ရှင်နေသေးသယောင်ပြုကာ မိမိကိုယ်ကိုလှည့်စားနေရှာသည်။ အစ်ကိုက သူ့ညီမလေးကိုနှစ်တွေချီအောင်စိတ်ရှည်ရှည်နှင့်ဖြောင်းဖျပြီး စိတ်ရောဂါအထူးကုသမားတော်ကြီးတွေနှင့်ပြကာကုသစေခဲ့သည်။

သည်လိုနှင့် တစ်ဖြည်းဖြည်း မိန်းကလေးသက်သာလာပြီး ပုံမှန်နီးပါးပြန်ကောင်းလာချိန်မှာပဲ မိဘနှစ်ပါးစလုံးသည်သမီးအတွက်နောက်ကြောင်းမအေးစွာနှင့်ပဲရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးပါးသွားကြလေတာမို့ အိမ်ကြီးထဲမှာ သူမတစ်ယောက်တည်းသာ အထီးကျန်နေခဲ့ရတော့သည်။

အစ်ကိုက ညီမလေးကိုသူနှင့်အတူခေါ်ထားလိုပါသော်လည်း ညီမလေးသည်စိတ်မကြည်လင်သည့်အခါတိုင်း မထင်လျှင်မထင်သလိုအော်ဟစ်သောင်းကျန်းတတ်ဆဲဖြစ်ပြီး၊ တစ်ကိုယ်ကောင်းဆန်ဗိုလ်ကျတတ်သူမို့ သူ့ဇနီးသားသမီးတွေနှင့်အစေးမကပ်သည့်အတွက် လက်လျှော့လိုက်ရပါသည်။

မိန်းကလေးကိုစိတ်မလေရလေအောင်
အစ်ကိုဖြစ်သူက အလုပ်တစ်ခုခုဝင်လုပ်ရန်
တိုက်တွန်းတော့ နိုင်ငံရပ်ခြားကအဆင့်မြင့်ဆေးရုံကြီးတွေနဲ့ချိတ်ဆက်‌ထားပြီးမြန်မာနိုင်ငံသား‌တွေကိုလိုအပ်သမျှကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီမှာအလုပ်ဝင်ခဲ့လေသည်။
မိန်းကလေးအလုပ်ဝင်လို့ နေသားတကျရှိမှ အစ်ကိုမိသားစုက သူမကိုစိတ်ချလက်ချထားခဲ့ပြီးသူတို့လုပ်ငန်းရှိရာအရပ်ဒေသသို့ပြန်ကြလေတော့သည်။

မိန်းကလေးသည် တစ်သက်လုံးက ဘယ်သူ့ကိုမှသည်းခံပြီးပေါင်းသင်းခဲ့ဖူးခြင်းမရှိ၊ လူအများနှင့်လိုက်လျောညီထွေဆက်ဆံလုပ်ကိုင်ခဲ့ဖူးခြင်းလည်းမရှိ၊ မျှဝေခြင်း၊ စာနာခြင်းဆိုတာကိုဘာမှန်းမသိ၊ ကိုယ့်ဆန္ဒတစ်ခုတည်းကိုသာရှေ့တန်းတင်တတ်သူမို့ လုပ်ငန်းခွင်တွင် အထက်အောက်မည်သည့်လုပ်ဖော်ကိုင်ဖက်တစ်ဦးတစ်‌ယောက်နှင့်မျှအံဝင်ခွင်ကျမရှိတာကြောင့် လုပ်ငန်းခွင်တွင်
မပျော်ပိုက်ပဲ လအနည်းငယ်အတွင်း အလုပ်မှထွက်လိုက်‌ပြန်လေသည်။

************

မိန်းကလေးသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း ဘာသာတရားကိုထဲထဲဝင်ဝင်ကြည်ညိုကိုင်းရှိုင်းသူတစ်ဦးတော့မဟုတ်တာမို့ သူမဘဝမှာကြုံတွေခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကိုသံ‌ဝေဂယူဆင်ခြင်သုံးသပ်ကာ သံသရာမှလွတ်မြောက်ရာလမ်းကို
ကျင့်ကြံအားထုတ်ဖို့လည်းစိတ်မကူးမိသလို၊ လမ်းမှန်ညွှန်ပြပေးမယ့်သူလည်း သူမအနားမှာ
တစ်ဦးတစ်‌ယောက်မျှမရှိရှာပေ။

အစ်မကြီးလုပ်သူက မိန်းကလေးအတွက်
ဂလစဉ်အသုံးစရိတ်ကိုထောက်ပံ့ပေးနေတာမို့ အလုပ်အကိုင်မရှိသော်လည်း သူမမှာစားဝတ်‌နေရေးအတွက်ပူပင်စရာတော့မရှိပါချေ။

တစ်နေ့တစ်နေ့ အချိန်တွေကဖြုန်းမကုန်နိုင်အောင်ပိုလျှံလာတဲ့အခါ ဟိုးယခင်တုန်းကလိုပဲ ဖေ့စ်ဘုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်သို့ သူမတစ်ဖန်ပြန်ရောက်လာလေတော့သည်။ စားစရာအခြောက် အခြမ်းတွေဝယ်ထားပြီး လနှင့်ချီကာအိမ်ထဲကအိမ်ပြင်မထွက်ပဲ ဖေ့ဘုတ်ကိုသာတစ်ကမ္ဘာလုပ်ရင်း သူမထက်အသက်ဆယ်နှစ်ခန့်ကြီးသောအစ်ကိုကြီးတစ်ဦးနှင့် လိုင်းပေါ်တွင်ခင်မင်မိကြပြန်သည်။

ထိုအစ်ကိုကြီးသည် ကနေဒါနိုင်ငံတွင်နေထိုင်သောမြန်မာလူမျိုးခွဲစိပ်အထူးကုဆရာဝန်တစ်ဦးဖြစ်လေသည်။ သူသည် အိမ်ထောင်နှစ်ဆက်ပျက်ထားသောနှစ်ခုလပ်တစ်ဦးဖြစ်ကာ ယခင်အိမ်ထောင်တွေနှင့်သားသမီးတစ်ဦးမှမထွန်းကားခဲ့သူလည်းဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်တွင် အစ်ကိုကြီးရေးတင်ထားသောဆေးပညာဆိုင်ရာပို့စ်တစ်ခုကို မိန်းကလေးကဝင်ရောက်ပြီးဆွေးနွေးခဲ့ရာမှစပြီး နောက်ပိုင်းမှာခင်မင်သွားကြခြင်းဖြစ်သည်။ မိန်းကလေးရင်ဖွင့်သော သူမရဲ့အထီးကျန်ဘဝကို ဘဝတူတွေမို့ အစ်ကိုကြီးကကိုယ်ချင်းစာနာပေးနိုင်သလို ကြင်ကြင်နာနာလည်းနှစ်သိမ့်အားပေးတတ်သည်။

အစ်ကိုကြီးနှင့်တွေ့ဆုံရပြီးနောက်ပိုင်းမှာ မိန်းကလေးသည် ဘဝကိုပြန်လည်ခုံမင်လာပြီး လွတ်လပ်ပျော်ရွှင်ပေါ့ပါး‌လာရသည်။
မိန်းကလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေးသည်လည်း အခုနောက်ပိုင်းမိန်းက‌လေးဆီအလည်မလာတော့သည်မှာအ‌တော်ပင်ကြာ‌လေပြီမို့ မိန်းကလေးတောင်မေ့စပြုနေလေပြီ။
အစ်ကိုကြီးမှလွဲ၍ ဒီကမ္ဘာကြီးပေါ်မှာသူမကိုနားလည်နိုင်သူတစ်ဦးတစ်ယောက်မှမရှိလို့ခံယူပြီး အစ်ကိုကြီးအပေါ်စိတ်‌နှစ်ပြီးအားကိုးတွယ်တာသံယောဇဉ်ဖြစ်ခဲ့ရလေသည်။ သူမတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး နှုတ်မှဖွင့်ပြောစရာမလိုပဲ တစ်ယောက်ရင်ထဲမှာဘာတွေခံစားနေရတယ်ဆိုတာ တစ်ယောက်ကသိမြင်နေနိုင်သည်အထိ နားလည်မှုရှိကြသည်လို့ မိန်းကလေးကတော့
တစ်ထစ်ချယုံကြည်မိလေသည်။

“မိန်းကလေး တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲနေပြီး ဘာတွေလုပ်နေသလဲဟင်”

နေ့စဉ် မက်စေ့ခ်ျတွေရာချီပြီးပို့နေသောမိန်းကလေးကို အစ်ကိုကြီးက ညဘက်အလုပ်အားချိန် ဗွီဒီယိုကောလ်ပြောရင်းမေးတော့ မျက်လုံးလေးတွေတောင်ပိတ်သွားအောင်ကို မိန်းကလေးကအားပါးတရရယ်ရင်းပြန်ဖြေလေသည်။

“ညီမကတစ်ယောက်တည်းသမားဆိုတော့ ဘာမှလုပ်စရာမရှိပါဘူး…. တစ်နေ့လုံးလည်းအားနေတော့ လိုင်းပေါ်မှာချည်းပဲပေါ့….
အစားအစာဆိုလည်းသိပ်မမက်တော့ ကွတ်ကီးတစ်ချပ်နှစ်ချပ် ဒါမှမဟုတ် ခေါက်ဆွဲခြောက်တစ်ထုပ်ကိုခြေစားပြီး ရေသောက်ချလိုက်တာပဲ…
ထမင်းဟင်းတွေလည်းတခုတ်တရချက်မနေတော့ပါဘူး… ပြီးတော့ ညီမဘဝမှာသတိရစရာ၊ ချစ်ခင်တွယ်တာစရာဆိုလို့ကိုကြီးတစ်ယောက်တည်းရှိတော့ ပြောချင်လွန်းလို့ရင်နှင့်အမျှပြည့်ကြပ်နေတဲ့စကားတွေကိုစာတွေရေးပြီးပို့နေလိုက်တာပေါ့…. ဘာဖြစ်လို့လဲကိုကြီးရဲ့…. ကိုကြီးအတွက်အနှောက်အယှက်များဖြစ်နေလို့လားဟင်”

မိန်းကလေးက ပြုံးနေရာက မျက်နှာလေးယောင်ယောင်မဲ့ကျလာတော့ အစ်ကိုကြီးက
ရယ်ရယ်မောမောနဲ့ဆုံးမလေသည်။

“အဲလိုသ‌ဘောနဲ့ပြောတာမဟုတ်ပါဘူးမိန်းကလေးရယ်… မိန်းကလေးရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးပြုစေချင်လို့ပါ….ဆေးပညာဆိုတာအချိန်နှင့်တစ်ပြေးညီ ခေတ်မှီတိုးတက်ပြောင်းလဲနေတာမို့ လေ့လာလို့ကိုမကုန်နိုင်ဘူးမဟုတ်လား… မိန်းကလေးကိုယ်တိုင်လည်းဆရာဝန်တစ်ယောက်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်အမြဲလေ့လာဆည်းပူးနေသင့်တာပေါ့… အခုလိုအချိန်တွေဖြုန်းနေမယ့်အစား သင့်တော်တဲ့အလုပ်တစ်ခုခုပြန်ဝင်လုပ်ပါလားကွယ်”

မိန်းကလေးက ဆယ်ကျော်သက်မလေးတစ်ယောက်မူနွဲ့သလို နှုတ်ခမ်းလေးစူရင်း

“ညီမကစာနဲ့အတော်ဝေးနေပြီမို့ ဘာမှလည်းထပ်ပြီးမသင်ယူချင်တော့ပါဘူး… ညီမတို့နှစ်‌ယောက်လက်ထပ်ကြတဲ့အခါ ကိုကြီးရဲ့အိမ်ရှင်မလေးပဲလုပ်တော့မယ်လို့တွေးထားတယ်…ခစ်ခစ်”

မိန်းကလေးကရှက်ရယ်ရယ်ရင်း သူမရဲ့စကားကို အစ်ကိုကြီးကဘယ်လို့များတုံ့ပြန်မှာပါလိမ့်လို့ မျှော်လင့်တကြီးနဲ့စောင့်ကြည့်နေလေသည်။

မိန်းကလေးရဲ့စကားကိုကြား‌တော့ အစ်ကိုကြီးသည် ရယ်မြူးရိပ်သန်းနေရာက မျက်နှာထားတည်သွားပြီး

“အိမ်ထောင်ရေးဆိုတာကို ကိုကြီးရဲ့အသက်အရွယ်၊ ကိုကြီးရဲ့အတွေ့အကြုံတွေအရ အယုံအကြည်မရှိတော့တာကြာပါပြီကော မိန်းကလေးရယ်… မိန်းကလေးကိုယ်တိုင်လည်း ဆိုးဝါးတဲ့အိမ်ထောင်ဖက်ကြောင့်စိတ်ဒါဏ်ရာတွေအများကြီးရခဲ့ဖူးတာပဲမဟုတ်လား… ဒါတွေကိုသင်ခန်းစာယူပြီး လက်ကျန်ဘဝကို တစ်ကိုယ်တည်းပဲ အေးအေးချမ်းချမ်းလျှောက်လှမ်းသွားဖို့ကိုပဲတွေးတော့တယ်… မိန်းကလေးလည်းဒီလိုပဲဖြစ်သင့်တယ်”

အစ်ကိုကြီးရဲ့စကားအဆုံးမှာ မိန်းကလေးမျက်နှာအကြီးအကျယ်ပျက်သွားရလေသည်။
ဒါဆို အစ်ကိုကြီးက သူမကိုချစ်တယ်ဆိုတာ
ဘဝလက်တွဲဖော်အဖြစ်နဲ့မဟုတ်ချေဘူးပေါ့။

တစ်ဇွတ်ထိုးဆန်ပြီး‌ခေါင်းမာတဲ့မိန်းကလေးသည်
မကြာသေးခင်ကပဲ ရူးရူးမူးမူးနဲ့ အစ်ကိုကြီးရှိရာ
ကနေဒါနိုင်ငံကိုသွားဖို့ကြိုးစားတော့ မမကြီးရဲ့မိတ်‌ဆွေက‌နေဒါနိုင်ငံသားတစ်ဦးကစပွန်ဆာခံပြီးခေါ်ယူပေးပါသော်လည်း ကံမကောင်းစွာနဲ့ပဲ ပြည်ဝင်ခွင့်ဗီဇာမရခဲ့ပါ။
ဒါပေမယ့် သူမအားမလျှော့ပဲ အစ်ကိုကြီးနှင့်ချိန်းပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာဆုံတွေ့ကြဖို့ တောင်းဆိုခဲ့သေးသော်လည်း အစ်ကိုကြီးက အင်းမလုပ်အဲမလုပ်၊ အလုပ်အကြောင်းပြပြီး ဟိုရက်ရွှေ့ဒီရက်ရွှေ့လုပ်နေခဲ့တာတွေသည် သူမကို အတည်တကျလက်ထပ်ယူဖို့စိတ်ကူးအစ်ကိုကြီးမှာမရှိခဲ့လို့သာပေါ့။

“ဒါဆို… အစကတည်းက ကိုကြီး… ကိုကြီးက ညီမနဲ့လက်တွဲပြီး ဘဝတစ်ခုထူထောင်ဖို့ တစ်ခါမှစဉ်းစားမထားခဲ့ဖူးပေါ့…ဟုတ်လား”

“ကိုကြီးပြောပြီးပါပြီကောမိန်းကလေးရယ်…
ကိုကြီးကအိမ်ထောင်ရေးဆိုတာကြီးကိုစိတ်ကုန်စိတ်ပျက်သွားပြီမို့ နောက်ထပ်အိမ်ထောင်ပြုဖို့အစီအစဉ်လုံးဝကိုမရှိတော့ဘူး…
ညီမလေးနဲ့ကိုကြီးနဲ့အခုလိုပဲလိုင်းပေါ်ကနေအမြဲဆက်သွယ်ပြီး ချစ်ချစ်ခင်ခင်နဲ့တစ်ယောက်ကိုတစ်‌ယောက်အဖော်ပြုပြီးနေလို့ရနေကြတာပဲ….”

မိန်းကလေးရဲ့မျက်လုံးအစုံသည် အံ့ဩရိပ်သန်းနေရာမှ မျှော်လင့်ချက်‌တွေရိုက်ချိုးခံလိုက်ရလို့
မယုံကြည်မှု၊ နာကျည်းမှု၊ ခံပြင်းမှုအရိပ်အယောင်တွေတစ်ဖျတ်ဖျတ်ရွေ့လျားသွားပြီး နောက်ဆုံးမှာတော့ တစ်ဖြည်းဖြည်းကြောင်စီစီဖြစ်လာတာကို အစ်ကိုကြီးကသတိထားမိသွားကာ အထိတ်တလန့်သတိပေးလေသည်။

“မိန်းကလေး… မိန်းကလေးဘာဖြစ်သွားတာလဲ… သတိထားပါဦး…”

“နင်တို့… နင်တို့ယောကျာ်းတွေအားလုံး အယုတ်တမာကောင်တွေ…ငါဒီလောက်တောင်ချစ်ခဲ့တာ… ငါဒီလောက်တောင်မျှော်လင့်အားကိုးခဲ့တဲ့ဟာကို…
ငါ့..ကို..နင်..တို့..လုပ်..ရက်..ကြ..တယ်..”

မိန်းကလေးက ခေါင်းကြီးစောင်းပြီး ပြူးကျယ် သောမျက်လုံးတွေနဲ့ပါးစပ်ကတစ်တွတ်တွတ်ရွတ်ရင်းကကျယ်လောင်စွာအော်ဟစ်ပေါက်ကွဲလေတော့သည်။ ဖုန်းကိုသာမက သူမအနားကရှိသမျှအရာဝတ္ထုပစ္စည်းတွေအားလုံးကိုပေါက်ခွဲလွှင့်ပစ်သောင်းကျန်းနေခဲ့ပြီး အချိန်အတော်အကြာမှာတော့ မောပန်းသွားပုံရကာ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သာအပေါ်ကော့တက်ရုံခပ်လွန့်လွန့်ပြုံးရင်း ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်လှဲချလိုက်လေသည်။

တခဏအကြာမှာ တစ်စုံတရာအသံကြားလိုက်သလိုပုံစံမျိုးဖြင့် အိမ်ရှေ့တံခါးမကြီးကိုလှမ်းကြည့်လိုက်ပြီး မျက်နှာကတစ်ဖြည်းဖြည်းပြုံးလာလေသည်။

“ဟင်… နင်ရောက်လာပြီလား…
နင်ပြောတာမှန်တယ်သူငယ်ချင်း…
ငါလေအစကတည်းကနင်နဲ့ပဲအတူနေခဲ့ရမှာဟ….. အခုအချိန် အဲဒီအကောင်တွေ ငါ့အနားမှာသာရှိရင်လေ သူတို့ကိုတစ်စစီဖြစ်သွားအောင်အပိုင်းပိုင်းဆုတ်ဖြဲပစ်မိမှာ…..
အခုလည်းနင်နဲ့အတူနေဖို့ငါ့ကိုလာခေါ်ပြန်တာပဲမဟုတ်လား….. ငါ့ကိုစိတ်မဆိုးနဲ့တော့နော်… နော်…
ဒီတစ်ခါတော့ နင်ပြောတဲ့ပျော်စရာကောင်းတဲ့ပင်လယ်ကြီးဆီ ဒို့နှစ်‌ယောက်အတူသွားကြမယ်လေ…အဟီးဟီး… ဟင် မဟုတ်သေးပါဘူး…
ကိုကြီး.. ကိုကြီးအိမ်လာလည်ရင် ငါ့ကိုမတွေ့ပဲနေဦးမယ်… သွားလို့မရသေးဘူးဟဲ့”

အပြင်းအထန်နာကျည်းခံစားရမှုတွေကြောင့်အသိစိတ်လွတ်သွားပြီး မျက်လုံးသေကြီးတွေနဲ့အနားမှာတစ်စုံတစ်ယောက်ရှိလေသယောင်စိုက်ကြည့်ပြောဆိုကာငိုဟယ်ရယ်ဟယ်ဖြစ်နေသောမိန်းကလေးသည် အစားလည်းမစား၊ ညတွေလည်းမအိပ်တော့ပဲ နောက်နှစ်ရက်အကြာမှာ ဘယ်သူမျှမသိလိုက်ပါပဲအိမ်မှတိတ်တဆိတ်ထွက်ခွာသွားလေတော့သည်။

“ဇာတ်သိမ်းပိုင်းမျှော်”

#Way

“#ချစ်ခြင်းကျိန်စာသင့်လေသူ”(၅)

အောက်ခြေကျောက်ဆောင်ကိုရေလှိုင်းလုံးကြီးတွေတစ်ဝုန်းဝုန်းရိုက်ခတ်‌နေတဲ့ မြင့်မြင့်မားမားကျောက်တောင်ကမ်းပါးကြီးရဲ့အစွန်းမှာ သွယ်သွယ်နွဲ့နွဲ့အသွင်သဏ္ဌန်လေးတစ်ခုမတ်မတ်ရပ်လို့နေလေသည်။

အသေအချာအားစိုက်ကြည့်လိုက်လျှင် ပိန်သွယ်ပါးလျသောဦးပြည်းစိမ်းစိမ်းနှင့်ဆရာ‌လေးတစ်ပါး ပင်လယ်ပြင်ဘက်မျက်နှာမူရင်းမတ်တပ်ရပ်‌နေတာဖြစ်လေသည်။ လေတိုက်နှုန်းကပြင်းထန်လှတာမို့ ဆရာလေးရဲ့သီလရှင်ဝတ်စုံသာမက၊ ခြုံထည်သဘက်ရှည်သည်လည်းလွင့်ပျံလို့နေလေသည်။ ဆရာလေးသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ကမ်းပါးစွန်းမှာ တည်တည်ငြိမ်ငြိမ်ရပ်လို့နေရင်း မျက်လုံးစုံမှိတ်၊ ဦးခေါင်းကိုမော့ကာ မိုးငွေ့ပါသောလေကို အားပါးတရရှုရှိုက်လိုက်လေသည်။

“ဆရာလေးမနန္ဒ… အစွန်းဘက်သိပ်မသွားနဲ့နော်..
မတော်တဆခြေချော်ပြီးပြုတ်ကျနေမှဖြင့်ကွယ်”

ဆရာလေးဒေါ်နန္ဒစာရီတစ်ယောက် အေးမြလတ်ဆတ်တဲ့ပင်လယ်လေကို အားပါးတရရှုရှိုက်နေရာက ကျောဘက်က ဆရာကြီးဒေါ်ခေမာဝတီရဲ့သတိပေးသံအကြားမှာ မျက်စိဖွင့်ပြီးလှည့်ကြည့်လိုက်မိသည်။ ကမန်းကတန်းလက်အုပ်ချီလိုက်ပြီး ပြုံးရွှင်ကြည်လင်သောမျက်နှာထားဖြင့်…

“တင်ပါ့ဘုရား… တပည့်တော်သတိထားပါတယ်”

အဖိတ်ဥပုသ် ရွာထဲဘက်ဆွမ်းဆန်စိမ်းအလှူခံထွက်ရင်း ကျောင်းအပြန်လမ်းမှာ ကမ်းပါးစွန်းကိုခပ်သွက်သွက်လျှောက်သွားပြီးပင်လယ်လေ
ရှုရှိုက်နေတဲ့ဒေါ်နန္ဒကို ဆရာကြီးကချစ်ခင်စွာနှင့်လက်ကမ်းပေးလိုက်တော့ ဒေါ်နန္ဒက ဆရာကြီးရှိရာသို့ပြန်‌လျှောက်လာကာ လက်ကိုကူတွဲပြီး တောရကျောင်းဘက်ဖြေးညှင်းစွာဆက်လျှောက်ခဲ့လေသည်။ ရွာသားတွေလောင်းလှူလိုက်သောလှူဖွယ်ပစ္စည်းတွေကိုတော့ အားကောင်းမောင်းသန်ဘုန်းကြီးကျောင်းသားလေးတွေကသယ်ဆောင်ပြီး ရှေ့မှသွားနှင့်ကြလေပြီ။

သူမကို ကြင်ကြင်နာနာနဲ့ဂရုတစိုက်လက်တွဲ‌ခေါ်နေတဲ့ဒေါ်နန္ဒကိုကြည့်ရင်း ဒေါ်ခေမာတစ်ယောက်
လွန်ခဲ့တဲ့ငါးနှစ်လောက်က မိုးသည်းလေထန်နေတဲ့တစ်ညနေမှာ သူမရဲ့ကျောင်းကိုရောက်လာခဲ့တဲ့ သေလုမျောပါးမိန်းကလေးကိုပြန်ပြီးတွေးတောမြင်ယောင်လာမိလေသည်။

************

“ဆရာကြီး‌ဒေါ်ခေမာ…ဆရာကြီးဘုရား…”

နေဝင်ခါနီးအချိန် မိုးကခပ်ဖွဲဖွဲရွာ‌နေရာကနေ သည်းသည်းမည်းမည်းရွာချလာတာကြောင့် သူမတစ်ဦးတည်းသီတင်းသုံးနေတဲ့ကျောင်းဆောင်တံခါးကိုပိတ်ထားပြီး ဘုရားကိုဆီမီးကပ်လှူပူဇော်ဖို့ပြင်နေချိန်မှာပဲ အပြင်မှတံခါးကို တဒုန်းဒုန်းထုကာအော်ခေါ်သံကြားလိုက်ရတာမို့ လုပ်လက်စအလုပ်ကိုအသာချပြီး တံခါးဖွင့်ပေးဖို့ပြင်လိုက်သည်။

“ဟဲ့…ဟဲ့… မိုးထဲလေထဲ ဘယ်သူများတုန်းဟဲ့”

တံခါးအပြင်မှာတော့ မိုးရေတွေစိုရွှဲနေတဲ့ ကပ္ပိယမောင်ငလုံးကို အမောတကြီးတွေ့လိုက်ရလေသည်။

“အရေးကြီးကိစ္စရှိလို့ ဆရာကြီးကို ကျောင်းဘက် ခဏကြွခဲ့ပါဦးတဲ့… ဆရာတော်ဘုရားကမိန့်လိုက်တယ်ဗျ”

“ဟဲ့… အခုချက်ချင်းလားဟဲ့ငလုံးရဲ့… အစ်ကိုတော်ဘာများဖြစ်လို့ပါလိမ့်”

ဆရာကြီးဒေါ်ခေမာသည် ကျောင်းထိုင်ဘုန်းကြီးအစ်ကိုတော်အရှင်ပါရမီ သီတင်းသုံးသော တောရကျောင်းဝန်းအတွင်းတွင် ဇရပ်တစ်ဆောင်သီးခြားဆောက်လုပ်ပြီးနေထိုင်လာခဲ့သည်မှာ
သာသနာ့ဘောင်ဝင်ကတည်းကဖြစ်ပါသည်။

တစ်ဦးတည်းသောအစ်ကိုဖြစ်သူက ငယ်ဖြူအဖြစ်ရဟန်းပြုသွားကတည်းက သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဒေါ်ခေမာကပဲကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။ ရွာဦးကျောင်းမှာကိုရင်စည်း၊ ပဉ္ဇင်းတက်ပြီးနောက် အစ်ကိုတော်အရှင်ပါရမီက သူတစ်ပါးတည်း တောရကျောင်းဆောက်တည်ကာသီတင်းသုံးလိုသည်ဆိုတော့ ရွာနှင့်အတန်ငယ်
လှမ်းတဲ့တောကြီးမျက်မည်းထဲမှာကျောင်းသင်္ခန်း‌ ဆောက်လှူပေးခဲ့သည်။

မိဘများဆုံးပါးသွားချိန်မှာတော့ အိမ်ထောင်မပြုပဲအပျိုကြီးလုပ်နေရင်း လောကီမှာမပျော်မွေ့တော့တာကြောင့် ဒေါ်ခေမာသည်လည်း သီလရှင်အဖြစ်သာသနာ့ဘောင်သို့ကူးပြောင်းလာခဲ့တာဝါတော်နှစ်ဆယ်ပင်ကျော်ခဲ့လေပြီ။ မောင်နှစ်မနှစ်ယောက်တည်း တရားအားထုတ်နေခဲ့ကြရင်း ရွာမှအလွန်ဆင်းရဲသောစားရမဲ့မဲ့သောက်ရမဲ့မဲ့ကလေးများကကျောင်းအိပ်ကျောင်းစားကုသိုလ်ယူရင်းဝတ်ကြီးဝတ်ငယ်ပြုပါရစေခွင့်တောင်းတော့
မောင်နှစ်မနှစ်ယောက်အသက်အရွယ်တွေလည်းကြီးရင့်လာကြပြီမို့ ကပ္ပိယကျောင်းသားလေးတွေကိုလက်ခံစောင့်ရှောက်ပေးထားခဲ့သည်။

ဘာများဖြစ်ပါလိမ့်တွေးရင်း ဒေါ်ခေမာကျောင်းပေါ်လှမ်းတက်လိုက်တော့ အစ်ကိုတော်ရဟန်းနှင့် တံငါသည်ကိုသာမြ၊ မနှင်းခင်တို့သားအဖနှစ်ယောက်သည် ရေတွေရွှဲရွှဲစိုပြီးသတိလစ်နေရှာတဲ့ပိန်သွယ်ဖြူဖျော့သောအသက်သုံးဆယ်ခန့်အမျိုးသမီးလေးတစ်ဦးကိုဝိုင်းဝန်းပြုစုပေးနေတာကို ဘက်ထရီမီးရောင်ခပ်မှိန်မှိန်အောက်မှာတွေ့လိုက်ရပါသည်။

“ညီမတော်လာပြီလား… ဒီမှာကွယ် မောင်သာမြတို့သားအဖတစ်‌တွေငါးဖမ်းထွက်ပြီး‌ လှေပြန်သိမ်းအလာ ကျောက်ဆောင်အမြင့်ကြီးအကွေ့ကိုအရောက်မှာ ကမ်းပါးစွန်းက မိန်းကလေးတစ်ယောက်ပင်လယ်ထဲခုန်ချလာတာတွေ့လို့ မိုးထဲလေထဲမနည်းဆယ်ပြီးခေါ်လာတာ… ရွာနဲ့ကလည်းဝေးသေးတော့ ဒို့ကျောင်းကိုပဲခေါ်လာခဲ့တာတဲ့”

အစ်ကိုတော်ရဟန်းကရှင်းပြနေတုန်း သတိလစ်နေသောမိန်းကလေးထံမှ တအင်းအင်းညည်းညူသံထွက်ပေါ်လာပြီး ရုတ်တရက် ရေတွေတဝေါ့ဝေါ့နှင့်အန်ချလိုက်တာမို့ ဒေါ်ခေမာနှင့်မနှင်းခင်တို့နှစ်ယောက်သား‌ ကျောထုသူထု၊ ရင်ဖိသူဖိနှင့်ပြုစုပေးကြလေသည်။

“ဟဲ့ နှင်းခင်… ညည်းက ဆရာကြီးကျောင်းမှာ သီလရှင်ဝတ်စုံအပိုတွေရှိတာ သွားယူလာခဲ့ပေးစမ်းပါအေ… အဝတ်အစားရေစိုတွေကိုအရင်လဲပေးကြရအောင်ပါ… ပြီးတော့ ငလုံးက ရေ‌နွေးအိုးသွားတည်ချေ…သွား”

ဘေးကဘာကူညီပေးရမှန်းမသိဖြစ်နေတဲ့အစ်ကိုတော်ကို ဒေါ်ခေမာကလှည့်မေးလိုက်သည်။

“အစ်ကိုယ်တော်ဆီမှာ အကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေးလေးများဆောင်ထားတာရှိပါလားဘုရား… ရှိရင် လောလောဆယ်တစ်လုံးတစ်လေတိုက်ထားရအောင်ပါ…. တပည့်တော်လည်းသိပ်နားမလည်လို့ ကိုသာမြကို ရွာကဆေးမှူးသွားပင့်ခိုင်းရင်ကောင်းမယ်ထင်တယ်ဘုရား”

“အေး..အေး… ကောင်းတယ်ထင်သလိုသာစီစဉ်တော့နှစ်မရေ”

ဦးသာမြနှင့်အတူဆေးမှုးရောက်အလာမှာတော့ သတိ ကောင်းကောင်းရနေပြီဖြစ်တဲ့မိန်းကလေးကို ခြောက်ခြောက်သွေ့သွေ့ အဝတ်အထည်တွေလဲပေးပြီးနွေးနွေးထွေးထွေးထားကာ ရေနွေးပူပူကိုမှုတ်ကာတိုက်ထားပြီးဖြစ်လေသည်။

“မိန်းကလေးက သတိလည်းရနေပြီ… အဖျားလည်းမဝင်ဘူးဆိုတော့ ဒီအတိုင်းပဲနွေးနွေးထွေးထွေးထားပေးပါ။ တစ်ကယ်လို့အဖျားဝင်လာရင်တိုက်ဖို့ဆေးတော့ပေးထားခဲ့ပါ့မယ်။ သွေးချိန်ကြည့်တော့ သွေးပေါင်အတော်ကျနေတယ်… သွေးအားနည်းနေတာမို့ မနက်ဖြန်တစ်ခေါက်ထပ်လာကြည့်လို့အဖျားမရှိရင် အားဆေးချိတ်ပေးပါ့မယ်။
သူ့ကိုအားရှိ‌အောင်၊ အဖျားမဝင်အောင်
ကြက်စွပ်ပြုတ်‌ရည်ပူပူလေးပြုတ်တိုက်လို့ရတယ်… သိပ်လည်းစိတ်မပူပါနဲ့… ကောင်းသွားမှာပါ”

မိန်းကလေးက သူ့ကိုပြုစုလုပ်ကိုင်ပေးနေသမျှကို မျက်လုံးအကြောင်သားနှင့်ငြိမ်ပြီးကြည့်နေလေသည်။ ဆရာကြီးဒေါ်ခေမာကချော့မော့ပြီး
မေးမြန်းပါသော်လည်း မိန်းကလေးထံမှ ဘာစကားမှထွက်မလာသောကြောင့် ကျောင်းသားကြီးတစ်ယောက်အား သူမကို‌ကျောပိုးပြီးဒေါ်‌ခေမာ၏ ကျောင်းဆောင်သို့ခေါ်ဆောင်သွားစေသည်။

အလွန်တရာစိတ်ထိခိုက်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ပုံရသောမိန်းကလေးသည် ရောက်ခါစကတစ်လလောက်က စကားမေးမရပဲ
ငူငူငိုင်ငိုင်သာတွေဝေငေးမောနေတတ်သည်။ တစ်ဖြည်းဖြည်းကျန်းမာရေးကောင်းလာသောအခါ ဒေါ်ခေမာမခိုင်းပေမယ့် ဒေါ်ခေမာ့အဝတ်တွေလျှော် ပေးတာမျိုး၊ကျောင်းဆောင်သန့်ရှင်းရေးလုပ်ပေးတာမျိုး‌တွေကူညီလုပ်ကိုင်ပေးလာလေသည်။

“ဒကာမလေးနာမည် ဘယ့်နှယ့်ခေါ်သလဲကွဲ့….
ဘယ်အရပ်ဇာတိလဲ”

မိန်းကလေးကခေါင်းငုံ့လို့သာနေလေသည်။

“မိန်းကလေးငယ်ငယ်ချောချောလေးမို့
မိဘဆွေမျိုးတွေစိတ်ပူနေကြမှာစိုးလို့ပါကွယ်…
သူတို့ကိုအကြောင်းကြားပေးရမယ်မဟုတ်လား ဒကာမလေးရဲ့”

မိန်းကလေးက ခေါင်းကိုညင်သာစွာယမ်းပြလေတာမို့ ဒေါ်ခေမာကသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး

“မိန်းကလေးက ဗုဒ္ဓဘာသာကိုးကွယ်သလားကွဲ့”

ဒီတစ်ခါမှာတော့ မိန်းကလေးက သူ့ကိုမော်ကြည့်ပြီး အံ့အားသင့်ဖွယ်ရာ ခေါင်းညိမ့်ပြလေသည်။
ဒေါ်ခေမာထိတ်ကနဲဝမ်းသာသွားပြီး မိန်းကလေးရဲ့ ကျောပြင်လေးကိုညင်ညင်သာသာပုတ်ပေးရင်းစကားကိုဖြည်းညှင်းစွာပြောကာတရားပြလေသည်။

“ဒကာမလေးက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရလောက်အောင် ဘယ်လောက်တောင်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရသလဲတော့ဆရာကြီးမမှန်းနိုင်ပေမယ့် ဒကာမ‌လေးရဲ့ပုံပန်းသဏ္ဌန်ကိုကြည့်ရင်တာတော့ ဘဝမှာ ပြည့်ပြည့်စုံစုံ အေးအေးချမ်းချမ်း‌နေထိုင်လာခဲ့ရပုံ‌ပေါ်ပါတယ်…
ဒီ‌တော့ ကိုယ်ဆင်းရဲခြင်းထက် အကြီးအကျယ်
စိတ်ဆင်းရဲခြင်းဖြစ်ခဲ့ရပုံပါပဲ….
ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုရင်လောကကြီးမှာဖြစ်ပြီးရင်ပျက်တတ်တဲ့မတည်မြဲခြင်းတရားတွေကို
ဒကာမလေးကောင်းကောင်းသိနားလည်သင့်ပါလျက်နဲ့ အမေ့မေ့အလျော့‌လျော့နဲ့သတိမထားမိတာပဲနေမှာပါ…
လူရယ်လို့ဖြစ်လာရင်လောကဓံဆိုတာကိုမလွဲသာမရှောင်သာကြုံကြရမှာပဲ… ဖြစ်ချင်တိုင်းလည်းဖြစ်မလာတတ်သလို၊ မဖြစ်ချင်တာတွေလည်းဖြစ်လာတတ်စမြဲမို့ ဘာတွေပဲကြုံလာရကြုံလာရဒါဟာဖြစ်တတ်တဲ့သဘာဝပဲဆိုတာကိုလက်ခံရမယ်…
အခုပဲကြည့်လေ သေချင်ပါတယ်ဆိုပြီးကာယကံမြောက်ကြိုးစားခဲ့ပေမယ့် သေကံမရောက်တော့သက်မပျောက်ခဲ့ဖူးမဟုတ်လား…
ရခဲတဲ့လူ့ဘဝကိုရောက်တုန်းရောက်ခိုက်မှာ တစ်ဖက်ကကုသိုလ်ကောင်းမှုတွေပြုရင်း
တစ်ဖက်ကလည်းနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုကျင့်ကြံအားထုတ်မှ လူဖြစ်ရကျိုးနပ်တော့မှာပေါ့ ဒကာမလေးရယ်”

ဆရာကြီးဒေါ်ခေမာရဲ့စကားအဆုံးမှာ မိန်းကလေးသည် ကိုယ်ကိုကိုင်းညွှတ်ချကာ ဆရာကြီးရဲ့ခြေအစုံကိုနဖူးဖြင့်တိုက်ရင်း သည်းထန်စွာငိုကြွေးလေတော့သည်။ ဆရာကြီးက မိန်းကလေးရဲ့ဆံစလေးတွေကိုပွတ်ပေးရင်း သူမကြိတ်မှိတ်ခံစားရသမျှ‌ ပေါ့ပါးသွား‌စေလိုသောစေတနာဖြင့် မဟန့်တားပဲအားရအောင်ငိုကြွေးစေလေသည်။

တစ်သိမ့်သိမ့်ရှိုက်ငိုနေရင်း တစ်ဖြည်းဖြည်းရှိုက်သံဆဲလာချိန်မှာတော့ မိန်းကလေးသည် စိတ်ထိန်းလာနိုင်ပုံရကာ စကားစလေသည်။

“အမှန်မှာတော့ တပည့်တော် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာမဟုတ်ရပါဘူးဆရာကြီး… တပည့်တော် စိတ်ထဲမခံစားနိုင်‌လွန်းလို့ပေါက်ကွဲပြီး စိတ်အခြေအနေ တစ်ခဏပေါ့သွပ် အသိမဲ့သွားချိန်မှာ ထင်ယောင်ထင်မှားနဲ့ခုန်ချလိုက်မိတာပါ…
တပည့်တော်က ဆရာဝန်တစ်ယောက်ဖြစ်ပြီး
ရန်ကုန်မြို့မှာနေထိုင်ပါတယ်…
မိဘတွေကတော့ဆုံးပါးသွားကြပါပြီ…
အစ်မနှင့်အစ်ကိုကလည်းရပ်ဝေးမှာနေထိုင်ကြပါတယ်…. လူငယ်ပီပီ အချစ်ရေးကြောင့် သောကတွေဒုက္ခတွေကြုံရချိန်မှာ နဂိုကတည်းက စိတ်ဓါတ်အခံကအားနည်းပျော့ညံ့သူမို့ လောကဓံကိုခံနိုင်ရည်မရှိပဲ စိတ်ကစဉ့်ကလျားနဲ့အခုလိုတွေ‌လျှောက်လုပ်မိတာပါဘုရား”

“ဪ…ဒီလိုတွေဖြစ်ခဲ့တာလားဒကာမလေး… ဆရာကြီးတို့ကတော့ တစ်ခြားကိစ္စတွေမှာမကူညီနိုင်ပေမယ့် ဒကာမလေးဘဝမှာဖြောင့်မတ်မှန်ကန်တဲ့လမ်းကိုလျှောက်လှမ်းနိုင်ဖို့ဘယ်လိုစိတ်မျိုးထားရမယ်၊ ဘာတွေကျင့်ကြံအားထုတ်ရမယ်ဆိုတာကိုတော့ လမ်းမှန်ညွှန်ပြနှလုံးသွင်းပေးနိုင်ပါတယ်… ဆရာကြီးတို့ဆီမှာ ဒကာမလေးပျော်သလောက်နေနိုင်တယ်… ဒကာမလေးကိုယ့်အရပ်ကိုပြန်ချင်တယ်ဆိုလည်းပြန်ဖို့စီစဉ်ပေးနိုင်သလို… ဆွေမျိုးတွေကိုအကြောင်းကြားပေးဆိုလည်း အကြောင်းကြားပေးပါ့မယ်ကွယ်”

“မှန်ရာကိုဆိုရရင် တပည့်တော်မ တစ်ဘဝလုံးပေးဆပ်ခြင်းဆိုတာကိုမသိနားမလည်ခဲ့ပဲ၊ ရယူခြင်းသက်သက်နဲ့အတ္တအလွန်ကြီးခဲ့သူပါဘုရား…
နဂိုဗီဇကိုကလူအများနဲ့ပေါင်းသင်းဆက်ဆံလိုစိတ်မရှိပဲ အလိုက်အထိုက်မနေတတ်မထိုင်တတ်ခဲ့လို့ လောကီရေးရာမှာအလွန်ပဲအားနည်းခဲ့ပါတယ်…
လူရိပ်လူကဲမခတ်တတ်တော့ ကိုယ်ယုံကြည်အားကိုးမိသူတွေရဲ့လိမ်လည်လှည့်ဖျားခြင်းတွေကိုခံခဲ့ရပါတယ်….
တပည့်တော်ဘဝတစ်လျှောက်လုံးမှာ ဆရာကြီးတို့နဲ့အတူတကွနေထိုင်ရတဲ့အေးချမ်းမှုမျိုးတစ်ခါမှမခံစားခဲ့ရဖူးပါဘူး…
ဒီမှာနေရတာသိပ်ကိုငြိမ်းချမ်းပြီးအပူအပင်ကင်းပါတယ်…
ဆရာကြီးတို့ခွင့်ပြုမယ်ဆိုရင်တပည့်တော်ဒီမှာဆက်နေချင်ပါသေးတယ်…
ဆွေမျိုးတွေကိုတော့အကြောင်းကြားသင့်တဲ့အချိန်ရောက်ရင် အကြောင်းကြားပါ့မယ်…
ကိုယ်တိုင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်သာမို့ သာမာန်ကာလျှံကာပေါ့ပေါ့ဆဆနဲ့ ဗုဒ္ဓရဲ့တရားစစ်တရားမှန်တွေကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးတာမျိုးမရှိခဲ့တာကြောင့် အခွင့်သာတုန်းလေး ဆရာကြီးထံမှာ တပည့်ခံပြီးသင်ယူချင်ပါတယ်… လမ်းညွှန်သင်ပြပေးပါရှင်”

မိန်းကလေးက ပြောပြောဆိုဆို ဆရာကြီးဒေါ်ခေမာကိုရိုကျိုးစွာဦးသုံးကြိမ်ချကန်တော့လေသည်။

“ဒကာမလေးနေချင်စိတ်ရှိရင်ပျော်သလောက်
နေနိုင်ပါတယ်ကွယ်… လောကဓံအတိုက်တွေကို ဒကာမလေးနှလုံးသွင်းမှန်ကန်အောင် ဆရာကြီးတရားပြသင်ကြားပေးပါ့မယ်…
ဒကာမလေးအနေနဲ့ဖြစ်ခဲ့သမျှတွေကို ကံကြမ္မာကြောင့်လို့ ကံအပေါ်မှာအလုံးစုံပုံချမိလိမ့်မယ်… ဆရာကြီးတို့ယုံကြည်ထားတဲ့ “ကံ” ဆိုတာက
အလုပ်ပါပဲ… အလုပ်တစ်ခုလုပ်ဖို့ကြတော့ စိတ်ကလာတဲ့”ဆန္ဒ”ဆိုတာကအလွန်အရေးကြီးပါတယ်…
စိတ်ကလေးကြည်လင်နေရင်၊ ပြင်းပြတဲ့ဆန္ဒသာရှိရင် လုပ်သမျှကိစ္စတွေအားလုံးကိုမှန်မှန်ကန်ကန်လုပ်ဆောင်နိုင်တာမို့ ဖြစ်လာသမျှအကျိုးဆက်တွေသည်လည်းကောင်းကျိုးတွေဆီဦးတည်
သွားပါတယ်…
ပုဂ္ဂိုလ်တစ်ဦးဦးဟာဖြူစင်တဲ့စိတ်ထားတယ်၊ မှန်ကန်တဲ့လမ်းကို‌လျှောက်တယ်ဆိုရင်ကိုကအလိုလိုကံမြင့်လာစေဖို့အကြောင်းတရားအထောက်အပံ့တွေဖြစ်လာပြီလို့ ဒကာမလေးနားလည်ထားလိုက်ပါကွယ်”

ဒေါ်ခေမာက မိန်းကလေးအား ဝိဿနာကမ္မဌာန်းတရားကျင့်ကြံအားထုတ်နည်းကိုတစ်ဆင့်ခြင်းစိတ်ရှည်လက်ရှည်လက်တွဲခေါ်ယူသင်ပြပေးသလို မိန်းကလေးသည်လည်းအံ့ဩစရာကောင်းလောက်အောင် ဉာဏ်ကြီးပြီးအထုံပါရမီပါသူကလေးမို့ နားလည်တတ်မြောက်လွယ်လေသည်။

သည်လိုနှင့် မိန်းကလေးရဲ့စိတ်‌ရေအလျင်သည် တစ်စထက်တစ်စတည်ငြိမ်အေးချမ်းလာပြီမို့ အားလပ်ချိန်တွေမှာ ဆင်းရဲနွမ်းပါးတဲ့ရွာသားတွေကို သူမ တတ်ထားတဲ့ဆေးပညာနှင့် တတ်စွမ်းသလောက်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတာကြောင့် ရွာသားများကလည်း ဆရာမလေး၊ ဆရာမလေးနှင့် သူမကိုအားကိုးချစ်ခင်လာကြလေသည်။ ဆရာဝန်ဆိုသော်လည်း ဘွဲ့ရပြီးကတည်းက
ကုသရေးတာဝန်တွေမထမ်းဆောင်ခဲ့ဖူးသောမိန်းကလေးသည် ကိုယ်ကုသပေးလိုက်လို့သက်သာပျောက်ကင်းသွားကြတဲ့လူနာတွေကိုကြည့်ရင်း တစ်ခါမှမရဖူးတဲ့ကြည်နူးပီတိကို ခံစားရတာကြောင့် အလွန်ပျော်ရွှင်ဝမ်းမြောက်နေလေသည်။

မိန်းကလေး၏အစ်ကိုက ညီမလေးကိုလိုက်လာခေါ်သော်လည်း ပြန်လိုက်မသွားပဲ သူမ ပျော်သ၍နေဦးမည်ဆိုသောကြောင့် ဆရာတော်နှင့်ဆရာကြီးထံစိတ်ချလက်ချအပ်နှံထားခဲ့ပြီး လစဉ်ထောက်ပံ့ငွေများသာမပြတ်ပို့ပေးခဲ့လေသည်။

************

သည်လိုနှင့်သုံးနှစ်ခန့်ကြာသွားပြီးနောက် ဆရာကောင်းသမားကောင်း၏သွန်သင်ညွှန်ပြမှုကြောင့် သမာဓိအားကောင်းပြီးစိတ်ဓါတ်ခိုင်မာကာ လောကဓံကိုခံနိုင်ရည်ရှိစပြုလာပြီဖြစ်သောမိန်းကလေးသည် သူမ၏စိတ်ကိုယတိပြတ်ဆုံးဖြတ်ကာ ရာသက်ပန်သီလရှင်ဝတ်လိုပါကြောင်း ဆရာကြီးထံခွင့်ပန်လျှောက်ထားလေတော့သည်။

ဆရာကြီးဒေါ်ခေမာက အလွန်တရာဝမ်းမြောက်စွာသာဓုခေါ်ခဲ့သော်လည်း ချက်ချင်းလက်ခံဆောင်ရွက်မပေးသေးပဲ မိန်းကလေးကို အသေအချာစဉ်းစားရန်နောက်ထပ်တစ်နှစ်ခန့်အချိန်ယူစေခဲ့လေသည်။
ဆုံးဖြတ်ချက်အတိုင်းသံန္နိဌာန်ခိုင်ခိုင်ချထားသောမိန်းကလေးသည်တစ်နှစ်ကြာသော်လည်းစိတ်မပြောင်းလဲသောကြောင့် သီလရှင်အဖြစ်သာ့သနာဘောင်အတွင်းသွတ်သွင်းပေးပြီး “မနန္ဒစာရီ”ဘွဲ့အမည်ခေါ်တွင်စေခဲ့ပါသည်။

သာသနာ့ဝန်ထမ်းသီလရှင်အဖြစ်ကူးပြောင်းသွားသောညီမငယ် ဒေါ်နန္ဒစာရီကို နိုင်ငံရပ်ခြားကအစ်မကြီးနှင့်အစ်ကိုမိသားစုများကလာရောက်တွေ့ဆုံရင်း ဝမ်းသာဝမ်းနည်းဖြစ်ကာမျက်ရည်ကျကြရှာလေသည်။

ဝင်းပကြည်လင်သောမျက်နှာထားနှင့် ဝါတော်ရဆရာကြီးများကဲ့သို့ ကြည်ညိုဖွယ်အိန္ဒြေရှိလှသော ဒေါ်နန္ဒစာရီသည် ဆွေမျိုးများကိုမျက်လွှာတစ်ချက်ဝင့်ကြည့်ရင်း….

“ဒကာကြီး၊ ဒကာမကြီးတို့ ဆရာလေးရဲ့ဘဝ‌က အေးချမ်းသွားပြီမို့ ဆရာလေးအတွက်နောက်ဆံမတင်းကြပါနဲ့တော့… ဆရာလေးရသင့်ရထိုက်တဲ့မိဘအမွေတွေကိုလည်းစွန့်လွှတ်လှူဒါန်းလိုတာမို့
သင့်သလိုသာစီရင်ရစ်ကြပါ”

“ဆရာလေးရယ်… မမကြီးတို့…အဲ… တပည့်တော်မတို့အားလုံးက မိဘအမွေတွေကိုထုခွဲရောင်းချပြီးရလာမယ့်‌ငွေကြေးတွေကို ဘဏ်စာရင်းဖွင့်ပြီး
ဒီတောရကျောင်းအတွက်ရာသက်ပန်ပဒေသာပင်အဖြစ်စိုက်ထူပေးဖို့စီစဉ်ထားပါတယ်…ဆရာလေး ဘဝတစ်လျှောက်လုံး မတောင့်မတ၊ မကြောင့်မကျပဲ သာသနာ့ဝန်ထမ်းနိုင်ဖို့၊ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကျင့်ကြံပွားများနိုင်ဖို့အထောက်အပံ့ဖြစ်အောင်ရည်ရွယ်ပါတယ်ဘုရား”

“သာဓု….သာဓု… သာဓု”

ဆရာလေး ဒေါ်နန္ဒစာရီက အပိုစကားတွေများစွာ
မပြောပဲ ဆွေမျိုးများ၏အလှူကို မျက်လွှာချလျှက်သာဓုသုံးကြိမ်သာခေါ်လေသည်။

“ကဲ… ကဲ… အချိန်လည်းအတော်လင့်နေပြီ… ဒကာမကြီးတို့အဝေးကြီးပြန်ကြရဦးမှာမို့ သွားကြပါတော့”

ဆွေမျိုးများအပြန်တွင်လိုက်ပို့ပေးရင်း ကျောင်းပေါက်ဝမှာလက်ကလေးနောက်ပစ်ပြီး‌မျှော်ကြည့်ကျန်ရစ်ခဲ့သော ဒေါ်နန္ဒစာရီတစ်ဖြစ်လဲ မိန်းကလေး၏ရုပ်အဆင်းသည် တစ်သက်လုံးမြင်ဖူးခဲ့သမျှနှင့်လားလားမျှမတူပဲ သီလ၊ သမာဓိ၊ ဉာဏ်ပညာတို့၏ဂုဏ်ကြောင့် ပိုမိုတင့်တယ်၍ ကျက်သရေရှိစွာ‌အေးချမ်းလွန်းလှသည်ဟု ဆွေမျိုးတစ်စုကထင်မြင်မိကြပါတော့သည်။

“ပြီးပါပြီ”

#Way
၂၈၀၅၂၀၂၄