ချစ်ခြင်းရဲ့အခြားတစ်ဖက်

ချစ်ခြင်းရဲ့အခြားတစ်ဖက် (စ/ဆုံး)
————————————–
မြူ နှင်းငွေ့တွေ ဖုံးလွှမ်းနေတဲ့ မနက်အရုဏ်တက်ချိန်လေးမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့လေးက အေးချမ်းတဲ့ အသွင်ကိုဆောင်နေသလို တစ်မြို့လုံးငွေဇလာခြုံလွှာ ဖြန့်ကျက်ထားသကဲ့သို့ သာယာလှပနေပေသည်။
မြို့အစွန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုကတော့ ရှမ်း ပြည်ဆောင်းကို အန်တုနေသလို ထီးထီးကြီး မြင့် မားစွာ တည်ရှိနေလေရဲ့။
“နန်း နေရထိုင်ရတာ အဆင်ပြေရဲ့လား မပေါ့မပါး ကြီးနဲ့ နေတာထိုင်တာ သွားတာလာတာ ဂရုစိုက်ဦး”
“ဟုတ်ကဲ့ပါ နန်းလည်းသေချာဂရုစိုက်ပြီး နေပါတယ်
ဒါနဲ့ ခြံစောင့်ကိုဖိုးသာမိန်းမလည်း နေ့စေ့လစေ့ ဖြစ်နေပြီနော် သူနဲ့ နန်းနဲ့ မွေးတာကွာမှာမဟုတ်ဘူး
သူတို့အတွက်လည်း လိုအပ်တာရှိ ကူညီပေးလိုက်ပါဦး”
” အေးပါ နန်းရယ် ကိုကူညီပေးပါ့မယ် အခုနားလိုက် ဦးနော်”
….
စိုင်းနောင်တစ်ယောက် မိဘတွေချန်ထားခဲ့တဲ့
အမွေတွေကိုဦးစီးရင်း ငယ်ချစ်နန်းဆုရီနဲ့ လက်ထပ်ခဲ့တာ ၂နှစ်တောင် ရှိတော့မယ်။
ခုတော့ သူတို့အသိုက်အမြုံလေးကို ပိုမိုပျော်ရွှင်စေမယ့် ရင်သွေးလေးရောက်လာတော့မယ်ဆိုတော့ အတိုင်းအဆမရှိဝမ်းသာနေလေတော့သည်။
…..
တစ်ဖက်မှာလည်း……
“ကိုဖိုးသာ ကျုပ်ညက အိမ်မက်မက်တယ်တော့
ကျုပ်အနားမှာ သျှောင်တစ်စောင်းထုံးထားတဲ့ လူငယ်လေးတစ်ယောက် လာအိပ်တယ်တဲ့
ထူးဆန်းတာက အဲဒီလူလေးရဲ့နဖူးမှာ စကြာအမှတ်အသားလေးပါတာပဲ နောက်ပြီး သူက ဓားရှည်တစ်လက်ကိုလွယ်ထားသေးတယ် အဲဒါအိမ်မက်
ကောင်းလား.မကောင်းလား သိရင် ပြောပြစမ်းပါဦးတော်”
“အဲဒါတော့ ကျုပ်လည်းမသိဘူး မိန်းမရေ ဘုရား တရားသာလုပ်ပါကွာ သားသမီးဆိုတာ ကိုယ်က သွန်သင်ဆုံးမနိုင်ရင် လိမ်မာမှာပေါ့”
……
ဒီလိုနဲ့ ရက်အတန်အကြာ နန်းဆုရီနဲ့ ငွေဖြူ တို့နှစ်ယောက် ၃နာရီခြားပြီး ကလေးမွေးဖွားခဲ့ကြတယ်။
ငွေဖြူ က ယောင်္ကျားလေးမွေးတယ်။
နန်းဆုရီက မိန်းကလေး။
ငွေဖြူ မွေးတဲ့ကလေးက အိမ်မက်ထဲကလို နဖူးမှာ စကြာပုံအမှတ်လေးပါလာတာပဲ။
နန်းဆုရီ မွေးတဲ့ကလေးက ကျောပြင်မှာ မြတ်လေးပန်းပုံစံ အဖူးပုံစံလေးတွေ ပါလာတာပဲ။
….
မွေးနေ့တစ်နေ့တည်း မွေးဖွားခဲ့ကြတဲ့ ကလေးနှစ်ယောက်အနက်..
သူဌေးကတော်မွေးတဲ့သမီးလေးကို မြတ်လေးငုံလို့ အမည်တပ်ခဲ့ပြီး
ငွေဖြူ မွေးတဲ့ကလေးကိုတော့ နေသူရိန်လို့ အမည်တပ်ခဲ့ကြသည်။
….
ကလေးနှစ်ယောက်စလုံး ကစားဖော်ကစားဖက်
အဖော်အဖြစ် မြို့စွန်စံအိမ်ကြီးထဲမှာ ကြီးပြင်းလာ ခဲ့ကြတယ်။
မြတ်လေးငုံအတွက် အင်္ကျီတစ်ထည်ဆိုရင်
နေသူရိန်အတွက် အင်္ကျီတစ်ထည်
မြတ်လေးငုံအတွက် အရုပ်တစ်ရုပ်ဆိုရင်
နေသူရိန်အတွက် အရုပ်တစ်ရုပ် ရစမြဲပဲ။
….
နေသူရိန်ရဲ့ထူးခြားချက်က တခြားကလေးတွေလို ကစားစရာမမက်ပဲ ဓားကိုသဘောကျတာပဲ။
အချိန်ကာလတွေ တရွေ့ရွေ့ကုန်ဆုံး လာပြီးတဲ့ နောက်မှာ နေသူရိန်နဲ့ မြတ်လေးငုံတို့ နှစ်ယောက်သား ကျောင်းနေရွယ်တောင်ရောက်လာခဲ့တယ်။
ကျောင်းနေတော့လည်း နေသူရိန်တို့ကို မောင်နှမတွေလို့ပဲ တခြားကျောင်းသားတွေက ထင်ကြတယ်။

တစ်နေ့မှာတော့
“သူရိန်.. ငါ့ကို ဟိုသစ်ပင်ပေါ်က မျက်လုံးပြူ းပြူ းနဲ့ ကောင် ရယ်ပြနေတယ် အဲ့ကောင်က ကြောက်စရာ ကြီး”
“ဘယ်အပင်လဲ မိငုံ ”
“ဟိုမှာ အဲဒီသရက်ပင်”
” ငါလည်းမမြင်ရပါဘူး နင်ငါ့ကိုမနောက်နဲ့ဟာ”
“ငါကနောက်စရာလား တကယ်ပြောတာ မနေ့ထဲ က ငါသွားတဲ့နောက် တကောက်ကောက် လိုက်နေ တာ”
” အဲဒါဆို ဆရာမနဲ့တိုင်လိုက်ပေါ့”
“ဆရာမကို.မပြောရဲဘူး”
” မပြောရဲလည်း မပြောနဲ့ဟာ နောက်တစ်ခါ နင့်နောက်လိုက်ရင် ငါခဲနဲ့လိုက်ပစ်ပေးမယ်”
ကလေးပီပီ ဘာမှန်းညာမှန်းမတွေးမိပဲ ပြောလိုက်တယ်။
….
ညနေအိမ်ပြန်တော့ ..
“သူရိန် ဟိုကောင် ငါ့နောက်လိုက်လာနေတယ်
အနောက်မှာ လိုက်လာတယ်”
လာကြိုတဲ့ ဦးဖိုးသာတစ်ယောက် ကလေးတွေပြော နေတာကို နားမလည်အောင်ဖြစ်နေတယ်။
သမီးလေး.ဘယ်သူလိုက်လာလို့လဲမေးတော့
ခေါင်းခါပြတယ်။
မြတ်လေးငုံက အဲလိုမမြင်အပ်မြင်အပ်တွေကို မြင်ရတယ်။
ဒါပေမယ့် ထူးဆန်းတာက သူမကြောက်တာပဲ။
တစ်ခါတစ်လေ ဆံပင်ဖားလျားနဲ့မိန်းမတစ်ယောက် ကလေးတစ်ယောက်ပိုက်ပြီး သူ့အနောက်လိုက်လာ တယ်တဲ့။ အိမ်နားရောက်တော့မှ ပြန်လှည့်သွား တယ်ပြောတယ်။
ကျောင်းသွားရင်လည်း ဘယ်အပင်မှာ ဘယ်လိုအကောင်ရှိတယ်။ ဘယ်ရေမြောင်းမှာ ဘယ်လိုကောင်ရှိတယ်ဆိုတာကအစ.သူပြောပြတယ်။
အဲဒီကောင်တွေက သူ့ကိုတွေ့ရင် ခေါင်းငုံ့ပြီး သွားကြတယ်လို့လည်းပြောတယ်။
….
တစ်နေ့မှာ.ကျောင်းထဲက ကလေးတစ်ယောက်ကို သရဲဝင်ပူးပါလေရော။ ဝင်ပူးတဲ့ကလေးက ၆တန်းကျောင်းသား။သူရိန်တို့က ၂တန်း။ မုန့်စားဆင်းချိန် အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။
ဝင်ပူးခံရတဲ့ကလေးရဲ့ ခြေတွေလက်တွေ ကောက်ကွေးပြီး မျက်လုံးတွေနီရဲလာတယ်။
ပြီးတော့ာပါးစပ်ကြီးစောင်းပြီး သွားရည်တမြားမြား ကျနေတာ။
ဆရာမတွေကတော့ ဘာလိုချင်လဲ.ဘာလို့ဒီလိုလုပ်တာလဲ မေးကြတော့..
သူဆာလို့တဲ့ သူနှမ်းဖတ်မုန့်တွေ အချိုမုန့်တွေ စားချင်တယ်တဲ့ (သရဲတိုင်း အမဲသားမတောင်း သလို သရဲတွေဟာ နှမ်းဖတ်၊ အချို၊ သားစိမ်းငါးစိမ်း၊ အညှီအဟောက်ကိုကြိုက်နှစ်သက်တယ်လို့ ဆရာတော်တစ်ပါးရေးထားတာ.ဖတ်ဖူးပါတယ်)
ဆရာမတွေလည်းမုန့်စျေးတန်းမှာရှိတဲ့ မုန့်တွေချပေးတော့ နှမ်းပစ်မုန့်နဲ့ ဒိန်ခဲတွေကို စားပစ်တာ။
….
သူရိန်နဲ့မြတ်လေးငုံလည်း မုန့်ဝယ်ဖို့ အသွား လူအုံနေတာမြင်တော့ ဝင်ကြည့်တဲ့အခါ..
“သူရိန် သူရိန် ..အခုဝင်ပူးနေတဲ့သူက ရေမြောင်း ထဲမှာနေတဲ့ကောင် ငါလာရင် မော်တောင်မကြည့်ရဲ ဘူး ဟိဟိ”
….
“အဲဒါဆို နင်သူရှေ့သွားရပ်လေ”
ငါသွားပြမယ်ဆိုပြီး မုန့်တွေပလုတ်ပလောင်း စားနေ တဲ့ သူရှေ့ဝင်ရပ်လိုက်တယ်ဆိုရင်ဖြင့်..
စားနေတဲ့မုန့်တွေကို ပစ်ချပြီး မြတ်လေးငုံရှေ့ ဒူးထောက်ကာ ..
” မမလေး ကျွန်တော်အရမ်းဆာလို့ပါ ကျွန်တော့်ကို မဆူပါနဲ့နော် ဒီကလေးကိုလည်း အန္တရာယ်မပေးပါ ဘူး”
မြတ်လေးငုံကော တစ်ကျောင်းလုံးက လူတွေပါ အံ့သြကုန်ကြတယ်။
မြတ်လေးငုံလည်း ဟိုကြည့်ဒီကြည့်လိုက်ကြည့်ရင်း နောက်တစ်ခါမလုပ်နဲ့ ငတေ ဆိုပြီး ပါးစပ်က လွှတ်ခနဲခေါ်မိသွားတယ်။
ဟိုကလည်း နောက်မလုပ်တော့ဘူးပြောပြီး ထွက်သွားတော့မှ ဆရာမတွေလည်း သက်ပြင်းချနိုင်တော့တယ်။
….
မြတ်လေးငုံရဲ့သတင်းကတော့ တစ်ကျောင်းလုံး
ပျံ့သွားခဲ့တယ်။
သူရိန်ကတော့ မြတ်လေးငုံပြောတာတွေကို ယုံကြည်လာတယ်။
….
တဖြည်းဖြည်းကြီးပြင်းလာခဲ့တာ လူပျို အပျိုအရွယ် တောင် ရောက်လာခဲ့ပြီ။ ကြိုးချင်းထားတော့ ကြိုးချင်း ငြိ အိုးချင်းထားတော့ အိုးချင်းထိဆိုသလို သူရိန်နဲ့ မြတ်လေးငုံတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက်ရည်ငံလာခဲ့တယ်။
ငယ်စဉ်ထဲက သံယောဇဉ်ဖြစ်ခဲ့တဲ့ သူရိန်တို့နှစ်ယောက် စတင်ရည်ငံတဲ့နေ့ကစပြီး စံအိမ်ကြီးမှာ ထူးဆန်းမှုတွေဆက်တိုက် ဖြစ်ပေါ်လာခဲ့တယ်။
….
မြတ်လေးငုံဘယ်သွားသွား.အနားကနေတကောက်ကောက် လိုက်နေကြတဲ့ နာနာဘာဝတွေက သူရိန်နဲ့ရည်ငံတဲ့နေ့ကစပြီး သူရိန်ပါလာရင် အနားမလာတော့ပဲ အဝေးကနေ မျက်ထောင့်နီကြီးနဲ့ သူရိန်ကို စိုက်ကြည့်နေတတ်ကြတယ်။
သူတို့က မြတ်လေးငုံကို သူရိန်နဲ့ရည်ငံတာ သဘော မကျတဲ့ပုံစံ။
တစ်ညမှာတော့ မြတ်လေးငုံ ထူးဆန်းတဲ့အိမ်မက် တစ်ခုမက်ခဲ့တယ်။
အိမ်မက်ထဲမှာ ဆံပင်ဖားလျားချပြီး ထဘီအနက်ရင်လျားထားတဲ့ မိန်းမတစ်ယောက်က တောင်ဝှေး
တဒေါက်ဒေါက်နဲ့ ထောက်ပြီး မြတ်လေးငုံ ကုတင်အနားလျှောက်လာတယ်။
ကုတင်အနားလဲရောက်ကော.…
“သမီး ..သမီး အမေတို့ကို.ဘာကတိပေးထားလဲ
သမီး လူတို့နေတဲ့နေရာ သွားချင်လွန်းလို့ အမေတို့ လွှတ်ခဲ့တာ သမီး အိမ်ထောင်မပြုဘူးလို့ ကတိပေး ထားတာ မေ့နေပြီလား သမီး အသက်၆၀ပြည့်တဲ့နေ့ထိ အမေတို့ခွင့်ပြုခဲ့တာ သမီးအိမ်ထောင်ပြုဖို့စဉ်း စားတာနဲ့ အဲဒီလူကို အမေတို့သတ်ရလိမ့်မယ် သမီး ကိုသတိလာပေးတာ သမီးက သာမန်လူမဟုတ်ဘူး ဆိုတာ ခေါင်းထဲထည့်ပါ သမီး အဲဒီနေသူရိန်ဆိုတဲ့ ကောင်လေးနဲ့ ဆက်ပြီးပတ်သတ်မယ်ဆိုရင်.အမေ တို့အဆိုးမဆိုပါနဲ့ ..”
…..
မြတ်လေးငုံ လန့်နိုးလာတော့ တစ်ကိုယ်လုံးချွေးစေး တွေပြန်နေခဲ့တယ်။
ငယ်ငယ်လေးထဲက သံယောဇဉ်ဖြစ်ခဲ့တဲ့ သူရိန်ကိုလည်းမေ့မရနိုင်ဘူး။ ဒါပေမယ့် သူရိန်နဲ့ဆက်ပြီး ပတ်သတ်မယ်ဆိုရင် သူရိန်ဒုက္ခရောက်လိမ့်မယ်။
မြတ်လေးငုံ အရဲစွန့်ပြီး ရှေ့ဆက်တိုးဖို့စဉ်းစားလိုက် တယ်။ ဘာလို့ဆိုတော့ သူရိန်နဲ့ မခွဲနိုင်ဘူး။
……
နောက်နေ့ သူရိန့်ဆီ သူသွားခဲ့တယ်။
ဒါပေမယ့် သူရိန်က သူ့ကိုရှောင်နေတယ်။
သူရိန်ဘာဖြစ်လို့.ဘာဖြစ်နေမှန်း မသိလောက်အောင် ရုတ်တရက်ကြီး သူရိန်ပြောင်းလဲခဲ့တယ်။
အကြောင်းရင်းကို.မြတ်လေးငုံ မသိခဲ့ရဘူး။
သူရိန်ကို.ခြံထဲမှာမတွေ့တာ.နှစ်ရက်ရှိပြီ။
သူ့အမေကိုမေးကြည့်တော့.ဘုန်းကြီးကျောင်း သွား အိပ်တယ်လို့ပြောတယ်။
……
သူရိန် မြတ်လေးငုံကို အတွေ့မခံပဲ ရှောင်နေခဲ့တယ်
မြတ်လေးငုံနဲ့ ချစ်သူဖြစ်တဲ့နေ့က သူရိန်အိမ်မက် တစ်ခုမက်ခဲ့တယ်။
အိမ်မက်ထဲမှာ သျှောင်တစ်စောင်းထုံးထားတဲ့ အဖိုးတစ်ယောက်က သူရိန့်ဆီကို.ရောက်လာခဲ့
တယ်။ အဖိုးအိုရဲ့နောက်မှာ သျှောင်တစ်စောင်းနဲ့ လူငယ် ၄ယောက်။ သူတို့ကိုမြင်တော့ သူရိန်စိတ်ထဲ.အလိုလိုဝမ်းနည်းလာသလိုခံစားရတယ်။
ထိုလူလေးယောက်ကလည်း သူရိန့်ကိုမြင်တော့ ပြေးဖက်ရင်း သူတို့ငိုကြတယ်။ အဖိုးအိုရဲ့ပြောပြ ချက်အရ သူရိန်ရဲ့ အစ်ကို၄ယောက်တဲ့ …
သူတို့ညီအငယ်ဆုံးလေးက.ပူဆာလို့ လူ့ပြည်ခဏ လွှတ်ပေးခဲ့တာ။ သူတို့ညီအစ်ကိုတွေက မိဘတွေ ထားခဲ့တဲ့ ပစ္စည်းတွေကို.နောင်ပွင့်မယ့်ဘုရားကို
လှူ ဖို့စောင့်နေကြတဲ့ ညီနောင်ငါးဖော်သိုက်နန်းက လို့ အဖိုးကပြောတယ်။ သူရိန်ရဲ့နဖူးမှာပါတဲ့ စကြာ လိုပဲ သူ့အစ်ကိုတွေနဖူးမှာလည်း စကြာပုံအမှတ်အသားတွေပါကြတယ်။
….
အရင်က သူတို့ကအဝေးကနေပဲ ကြည့်နေကြတာ
အခု.မြေးလေးကို အန္တရာယ်ပေးမယ့် နာနာဘာဝ အဆက်အနွယ်တွေထဲကသူနဲ့ ချစ်ကြိုက်နေတာကို အစ်ကိုတော်တွေက သဘောမတူဘူး။
“သူရိန် မြေးက အိမ်ထောင်ပြုလို့မရဘူး မြေး ကတိ သစ္စာပြု ခဲ့တာမေ့သွားပြီလား”
ဆိုပြီး အဖိုးကပြောတော့..သူရိန်တို့ညီအစ်ကိုငါးယောက် ဘုရားမှာသစ္စာဆိုကြတဲ့မြင်ကွင်းက မျက်လုံးထဲရေးရေးပေါ်လာတယ်။
ညီအငယ်ဆုံးသူရိန်ရဲ့ သစ္စာဆိုသံစာစာလေးက အကျယ်ဆုံးထွက်ပေါ်နေတဲ့ အသံလေး.သူရိန် ကြားနေရတယ်။
….
“မြေးလေး.သူနဲ့လက်ထပ်ရင်.ညီအစ်ကိုတွေရင်ကွဲ သေရလိမ့်မယ် နောက်ပြီး အဲဒီမိန်းကလေးက အဖိုး တို့နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပဲ သူတို့က နာနာ ဘာဝအနွယ်ဝင်တွေ ပေါင်းစပ်လို့မရဘူး အခုလည်း မြေးလေးကို.ဒုက္ခပေးကြဖို့ သူတို့အနွယ်တွေကလုပ် နေကြပြီ အဖိုးတို့က မြေးကို ဒုက္ခမရောက်အောင် ကူညီဖို့လာကြတာပဲ မြေးလေးအနားမှာ.အစ်ကို တော် တွေ ရှ်ိနေတယ်”
…..
သူရိန် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်။မြတ်လေး ငုံကိုလည်းတွေ့ချင်တယ်။ အစ်ကိုတော်တွေရဲ့ မျက်နှာညှိုးငယ်နေတာကိုလည်း မမြင်ချင်ဘူး။
သူရိန်အတွေးပေါင်းများစွာနဲ့တွေးနေရင်း ..
“သူရိန်​.. သူရိန်​”
“ဟင်. မြတ်လေး နင် ဘာလာလုပ်တာလဲ”
“ငါ.နင့်ကိုတွေ့ချင်လို့ပေါ့ သူရိန်ရယ် ငါလာခိုးတွေ့ တာ”
“ငါလည်းတွေ့ချင်တာပေါ့ မြတ်လေးရယ် ငါတို့ဘဝ တွေက နီးဖို့မဖြစ်နိုင်ဘူး”
…..
စကားပြောနေရင်း မြတ်လေးငုံတွေ့လိုက်ရတာက သူရိန့်အနောက်မှာ သျှောင်တစ်စောင်းနဲ့ လူ၄ယောက် ဓားလွတ်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူရိန်အနားမှာ ဝိုင်းထားတယ်။

မြတ်လေးအနောက်မှာလည်းဆံပင်ဖားလျားနဲ့.မိန်းမ ၂ယောက်။ မြတ်လေးငုံ.နားလည်လိုက်ပြီ။ သူရိန် သူ့ကို.ဘာလို့ရှောင်နေလဲဆိုတာ။ မြတ်လေးငုံနဲ့ သူရိန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လှည့်ထွက်ဖို့ကြိုးစားပေမယ့် သံယောဇဉ်ဆိုတဲ့ ကြိုးက ရစ်ပတ်ထားတာကြောင့် နောက်မဆုတ်နိုင်ခဲ့ဘူး။

သူရိန်က မြတ်လေးငုံဆီအပြေး မြတ်လေးငုံအနား လည်းရောက်ကော အနောက်က ဆံပင်ဖားလျားနဲ့ မိန်းမတစ်ယောက်က သူရိန့်ကို ရိုက်ချလိုက်တယ်။

သူရိန် မြတ်လေးငုံအနားတောင်မရောက်ဘူး။ ပုံလျက်သားလဲကျသွားတယ်။
သူရိန်မြေပေါ်လဲအကျ အနောက်မှာရှိနေတဲ့ အစ်ကိုတော်တွေရဲ့ ဓားဆွဲထုတ်သံကို.ကြားလိုက်ရတယ်။
ကျန်တာ.သူရိန်မသိတော့ပဲ အမှောင်ဖုံးလွှမ်းသွားခဲ့ တယ်။
….
ဘယ်လောက်ကြာကြာသတိမေ့လဲ မသိဘူး။ သတိ ရလာတော့ ကုတင်တစ်ခုပေါ်ရောက်နေတယ်။
သူ့ဘေးမှာ သျှောင်တစ်စောင်းနဲ့ အစ်ကိုတော်တွေ
သူရိန်ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့ နန်း ဝတ်နန်းစားနဲ့။ခေါင်းမှာလည်း သျောင်တစ်စောင်းနဲ့
သူရိန် သိလိုက်ပြီ။
သူ့ကို.အစ်ကိုတော်တွေ ပြန်ခေါ်လာခဲ့တယ်ဆိုတာ
သူတို့သိုက်နန်းထဲ သူ့ကိုပြန်ခေါ်လာခဲ့ပြီဆိုတာ သူရိန်သိလိုက်ရတယ်။
ထိုစဉ်.…
“လူလေး…”
“အဖိုး.ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး”
“အိမ်း မင်းကို မိစ္ဆာမတွေရိုက်လိုက်တဲ့နောက်မှာ မင်း အစ်ကိုတော်တွေရဲ့ ဓားချက်နဲ့သူတို့အထိနာခဲ့ ကြတယ် မင်းကိုတော့ လိပ်ပြာပြန်နုတ်ခဲ့ပြီး ဒီကိုခေါ်လာတာပဲ”
“ဒါဆို ဒါဆို.မြတ်လေးငုံကော..”
….
“သူမအကြောင်းတော့.အဖိုးလည်း မသိရတော့ဘူး
လူ့လောကမှာပဲ ရှိနေမလား သူ့ဘဝ သူ့နေရာ ပြန်သွားမလားဆိုတာ အဖိုးလည်း မပြောတတ်ဘူး
အခု အဖိုးပြောချင်တာက.မြေးလေး.သွားချင်တဲ့ လူဘဝကို.ခေတ္တရောက်ခဲ့ပြီးပြီ ဒါကြောင့် အဖိုးတို့နေရာကနေ ထွက်သွားဖို့မစဉ်းစားပါနဲ့.မြေးလေး ရယ်”
ဆိုပြီး သူရိန်ကို ထွေးပွေ့လိုက်တယ်။
သူရိန်အတွေးထဲမှာတော့ အရင်ဘဝက မိခင် ဒေါ်ငွေဖြူ ၊ ဖခင် ဦးဖိုးသာ…သူဌေး ဦးစိုင်းနောင် သူဌေးမ နန်းဆုရီ
နောက်ပြီး မြတ်လေးငုံရဲ့ မျက်နှာလေး ..
“အဖိုး.ကျွန်တော် မြတ်လေးကို သွားကြည့်ချင်တယ် သိုက်နန်းကခဏထွက်ခွင့်ပြုပါနော်”
“မြေးလေး သံယောဇဉ်မထားပါနဲ့တော့ကွယ်”
“ခဏလေးပါ.အဖိုးရယ် ခဏလေးပဲ.ကြည့်မှာပါ
သူလူ့ဘဝမှာ ရှိသေးလား ကြည့်မှာပါ”
“ညီငယ် မင်းသွားချင်ရင် အစ်ကိုတို့လိုက်ပို့ပေးမယ်
ခဏကြည့်ပြီး ပြန်လာရမယ်”
ဆိုတဲ့ခွင့်ပြုချက်နဲ့ သူရိန်နဲ့အကိုတော်၄ပါး သိုက်နန်း ကနေ ထွက်လာခဲ့တယ်။
ဒီတစ်ခါတော့ လူဘဝနဲ့မဟုတ် သိုက်နန်းရှင်ဘဝနဲ့ လူ့ဘဝနေခဲ့တဲ့ နေရာလေးကို တစ်ကျော့ပြန်ရောက်လာခဲ့တယ်။စံအိမ်ကြီးကတော့ ဟောင်းနွမ်းနေပါပြီ။
ခြံထဲမှာလည်း ယခင်သူရိန်နေခဲ့တဲ့ ခြံစောင့်အိမ် လေး ကတော့ ယိုင်တိယိုင်တိုင်..
ခဏနေ ခြံထဲကနေထွက်လာတဲ့ အမျိုးသမီးကြီးတစ်ဦး ..အသက်က ၄၀ကျော်လောက်ရှိပြီ။
သူမကိုတွေ့တော့ သူရိန် နှုတ်ကနေ..
မြတ်လေးငုံ ဆိုပြီး လွှတ်ခနဲထွက်သွားမိတယ်။
ဆံပင်တွေကျိုးတိုးကျဲတဲနဲ့ မိန်းမကြီးတစ်ယောက်လို ဖြစ်နေတဲ့ သူမကိုမြင်တော့ သူရိန်တွေဝေသွားမိ တယ်။
အချိန်က ဘာလို့ဒီလောက်ကုန်တာမြန်ရတာလဲ။
အဖြစ်အပျက်တွေက မနေ့ကလိုပါပဲလား။
မြတ်လေးငုံတစ်ဖြစ်လဲ မိန်းမကြီးက ဘေးနားမှာ အရုပ်လေးတစ်ရုပ်ချပြီး..
“သူရိန် .. နင်ကလည်းကစားမယ်ဆိုပြီး.ဘာလို့ထိုင်နေတာလဲ..ငါတို့ကစားကြမယ်လေ.နင်မကစားရင် ငါထမင်းမစားဘူး”
တစ်ယောက်ထဲ.စကားတွေပြောနေတဲ့ မြတ်လေးငုံ တစ်ဖြစ်လဲ စိတ်မနှံံ့တဲ့အမျိုးသမီးကိုတွေ့တော့ ..
သူရိန် အနားသွားဖို့ ကြိုးစားပေမယ့်…
“ညီငယ် အချိန်စေ့ပြီ ပြန်ရအောင် ကတိပေးထား တယ်နော်”
ဆိုတဲ့စကားကြောင့် သူရိန်အစ်ကိုတော်တွေခေါ်ရာ သိုက်နန်းဆီသို့ ပြန်ဖို့အလှည့်..
“သူရိန်..ဟိုမှာသူရိန်.. သူရိန်မသေသေးဘူး”
ဆိုတဲ့ မြတ်လေးငုံရဲ့ အော်ခေါ်သံ..
သို့ပေသော်ငြား သူရိန်လှည့်ကြည့်နိုင်စွမ်း မရှိခဲ့လေတော့ပေ။
…………….ပြီးပါပြီ………………….
#crd_ဇေယန (ရာမည)