“ချောင်းထဲက သရက်ကိုင်းပေါ်မှ အစိမ်းသရဲ”📖(စ/ဆုံး)

“ချောင်းထဲက သရက်ကိုင်းပေါ်မှ အစိမ်းသရဲ”📖(စ/ဆုံး)

———————————————-

စစ်ကိုင်းတိုင်းရှိ ရွာလေးတစ်ရွာ။
ထိုရွာကလေးသည်.အလွန်ကြီးမားသည့်ချောင်းကြီးနှင့်.မြစ်တစ်ခု၏စုံရာတွင်တည်ရှိလေပြီး.မြေမျက်နှာပြင်အလွန်နိမ့်ကာ ရေပတ်လည်ဝိုင်းနေသည့်ရွာဖြစ်သည်။
လယ်မြေတွေရှိသော်လည်း ရေအမြဲနစ်နေသဖြင့် စိုက်ပျိုး၍မရဘဲ မိုးကုန်.ရေကျချိန်ရောက်မှ ပေါ်လာသောလယ်ကွက်တွေပေါ်တွင် ဝမ်းစာအဖြစ်မုယင်းစပါးကိုစိုက်ပျိုးကြရသည်။
ရွာခံအများစုကတော့.တံငါလုပ်ကိုင်ခြင်း၊ငါးကြီးချဥ်၊ငါးကလေးချဥ်လုပ်ရောင်းခြင်း၊အရက်ချက်လုပ်ရောင်းချခြင်းဖြင့်သာအသက်မွေးဝမ်းကြောင်းပြုကြသည်။
ရွာအနောက်ဘက်တွင်ချောင်းကြီး။အရှေ့ဘက်တွင်မူးမြစ်ဖြစ်သည်မို့မိုးရာသီဆိုလျှင်သွားရလာရခက်ခဲသည်။
ရေကဒူးလောက်ပေါင်လောက်နက်လျှင်ကားလမ်းပေါ်သို့ရောက်အောင် လှေဖြင့်သွားလျှင်အဆင်ပြေသည်။
အကယ်၍ ရေနည်းပြီး.ခြေသလုံးခန့်သာရှိလျှင်တော့ ကားလမ်းသို့ရောက်အောင် သုံးနာရီခန့်ကြာအောင် ခြေကျင်လျှောက်ရသည်။
ဤရွာကလေးသည်ဤကဲ့သို့လမ်းပန်းဆက်သွယ်ရေးခက်ခဲရုံမျှမက ရွာထဲတွင် ဆေးခန်းလည်းမရှိဘဲ ရမ်းကုဆရာတွေဖြင့်သာကုကြရသည်။
နောက်ဆုံး ရောဂါမသက်သာတော့မှ မြို့ဆေးရုံသို့သွားကြသည်။
ရောဂါလွန်မှသွားကြတော့ သေဆုံးကြသည်ကများလှသည်။
ပြီးတော့ ရွာလူတွေကစရိုက်လည်းအလွန်ကြမ်းကြသည်။
ထိုမျှမကသေး။ထိုရွာသည်.ဘာသာရေးလည်းမထွန်းကား၊ပညာရေးလည်းအားမပေးကြချေ။
ထို့ကြောင့် မိမိတို့ရွာကျောင်းတွင် ဆရာ ဆရာမဘယ်နှစ်ယောက်ရှိသည်၊ဘယ်သူအသစ်ပြောင်းလာသည်၊ဘယ်သူအပြီးထွက်သွားသည်ဆိုတာမသိကြ။
ဤကဲ့သို့နေရာဒေသမျိုးမှ မူ.လွန်ကျောင်းသိို့ဒေါ်ချယ်ရီဝေကပြောင်းရွေ့လာခဲ့ရသည်။
သူမကဘွဲ့ရလုပ်သားမို့စာသင်ပေးရသည်။
နေစရာအိမ်ကတော့ ကျောင်းအုပ်ဆရာမကြီးဒေါ်သူသူ၏အိမ်တွင်နေရသည်။
ဒေါ်သူသူကလည်းအပျိုကြီးဖြစ်ပြီး တစ်ကိုယ်တည်းနေထိုင်သောကြောင့် ဒေါ်ချယ်ရီဝေအတွက်.အဆင်ပြေရပါသည်။
သို့သော် ဒေါ်ချယ်ရီဝေမှာ လုံးဝမပျော်ပိုက်ပါ။
ရွာသည် ခြင်တွေ ဖြုတ်တွေအလွန်ပေါပြီး အနည်းငယ် နေထိုင်မကောင်းဖြစ်လျှင်တောင် ဆေးဝယ်သောက်ရန် ဆေးဆိုင်မရှိပါ။
ပြီးတော့ လျှပ်စစ်မီးလည်းမရှိသလို၊ငါးညှီနံ၊နွားချေးန့ံတွေကလည်းအမြဲနံစော်လျက်ရှိနေသည်။
ပို၍ဆိုးသည်မှာ ရွာခံလူတွေက စိတ်ကြမ်း ကိုယ်ကြမ်းဖြစ်ကြသည်မို့ ဒေါ်ချယ်ရီဝေမှာ၎င်းတို့နှင့်အရောတဝင်မလုပ်ဝ့ံချေ။
အခြားလက်ထောက်.မူ/ပြတွေကလည်း
ရွာခံလူတွေနှင့်အိမ်ထောင်ကျပြီး ရွာထဲတွင်သာအခြေချကုန်ကြသည်။
ထို့ကြောင့် စာသင်ပြီး ညနေအချိန်ဆိုလျှင် ကျောင်းအုပ်ဆရာမကြီးနှင့်အတူအိမ်ထဲတွင်သာ ရှိနေရသည်မို့ အလွန် ပျင်းရိငြီးငွေ့ကာ အချိန်ပြည့်တိုင်း နယ်မှမိဘတွေကိုသာလွမ်းနေမိတော့သည်။
တစ်ညနေတွင်တော့ ဒေါ်ချယ်ရီဝေတို့အိမ်​
ရှေ့သို့အမျိုးသမီးကြီးတစ်ဦးရောက်လာသည်။
ထိုအမျိုးသမီး၏လက်ထဲတွင်လည်း ဟင်းထည့်ထားသည့်ဇလုံကိုကိုင်ဆောင်ထားသည်။၎င်းကိုမြင်တော့​ဒေါ်သူသူက
“သြော် မလှတင် အိမ်ပေါ်တက်ခဲ့လေ”
ဒေါ်လှတင်ဆိုသည့်ထိုအမျိုးသမီးကြီးလည်းအိမ်ပေါ်တက်လာသည်။
ပြီးနောက်
“ဆရာမတို့ထမင်းစားပြီးကြပြီလား”
“ဘယ့်နှယ့်စားပြီးရမှာတုန်းအေ။အခုမှကျောင်းကပြန်ရောက်လာတာမို့ ထမင်းချက်ဖို့ ပြင်နေရတယ်”
“ဒါဆိုအတော်ပဲ။အမေက ငါးဟင်းပို့ခိုင်းလို့”
ပြောပြီး ဒေါ်လှတင်က ငါးဟင်းဇလုံကိုပေးလေရာ.ဒေါ်သူသူက
“အားနာစရာကြီး အေ”
“ရပါတယ်ရှင့်။အမေက.ဆရာမတို့နှစ်ယောက်တည်း ကျောင်းသွားကျောင်းပြန်ဆိုတော့ ဟင်းအလျင်မမီမှာစိုးလို့ပေးလိုက်တာပါတဲ့”
“အေးကွယ်။ကျေးဇူးတင်ပါတယ်”
ဒေါ်သူသူက ငါးဟင်းဇလုံကိုယူကာ အခြားဇလုံထဲသို့လှယ်လိုက်သည်။
“မဆေးနဲ့တော့ဆရာမ။အိမ်ရောက်မှ ကျွန်မဆေးလိုက်ပါတော့မယ်”
ပြောပြီး ဒေါ်လှတင်က ဇလုံကိုပြန်ယူလိုက်သည်။
ပြီးနောက်ဒေါ်သူသူနှင့်ဒေါ်ချယ်ရီဝေကိုနှုတ်ဆက်ကာပြန်သွားသည်။
ထိုအခါမှ ဒေါ်သူသူက ဒေါ်လှတင်အကြောင်းကိုပြောပြသည်။
ဒေါ်လှတင်သည် အသက်လေးဆယ်အရွယ်ရှိပြီး အပျိုကြီးတစ်ယောက်ဖြစ်ကာမိခင်မုဆိုးမကြီးနှင့်အတူနေကြောင်း။၎င်းတွင် အစ်ကိုနှစ်ယောက်တော့ရှိပြီး ရွာအနောက်ဘက်တွင် အိမ်ထောင်ကိုယ်စီနှင့်ဖြစ်ကြောင်းစသည်တိုကိုပြောပြပြီး ဒေါ်လှတင်တို့၏အိမ်ကိုပါလက်ညှိုးထိုးပြသည်။
ထိုအိမ်က ဒေါ်သူသူ၏အိမ်နှင့်မျက်နှာချင်းဆိုင်အနေအထားတွင်ဖြစ်ပြီး လှည်းလမ်းကလေးသာခြားသလို၊ကျောင်းသို့သွားလျှင်လည်း ၎င်းတို့၏ အိမ်ခေါင်းရင်းမှဖြတ်သွားရခြင်းဖြစ်လေသည်။
ထိုအခါဒေါ်ချယ်ရီဝေက
“သြော်။သူ့အိမ်က အဲဒါကိုး။နီးနီးလေးပဲ”ဟုဆိုလိုက်သည်။
နောက်တစ်နေ့ညနေတွင်လည်း ဒေါ်လှတင်သည် ဒေါ်သူသူနှင့်ဒေါ်ချယ်ရီဝေအတွက် ဟင်းတွေလာပို့ပေးပြန်သည်။
ဒီတစ်ခါတော့အိမ်သို့ချက်ချင်းမပြန်သေးဘဲ.ဒေါ်သူသူတို့နှင့် စကားပြောဆိုနေပြီး
အတန်ကြာတော့မှအိမ်သို့ပြန်သွားသည်။
ထိုနေ့မှစ၍လည်း ဒေါ်ချယ်ရီဝေတို့လည်း ဒေါ်လှတင်တို့သားအမိကိုခင်မင်သွားလေတော့သည်။
ဒေါ်ချယ်ရီဝေတို့ ကျောင်းသို့သွားရာလမ်းဖြစ့သည့် ဒေါ်လှတင်တို့၏အိမ်ခေါင်းရင်းတွင် အလွန်ကြီးမားသည့်သရက်ပင်ကြီးတစ်ပင်ရှိသည်။
ထိုအပင်ကြီးတွင်.ဝက်မကြီးတစ်ကောင်ကိုလည်း ကြိုးဖြင့်အမြဲချည်ထားတတ်သည်။
ဒေါ်လှတင်သည် သရက်သီးတွေ သီးကင်းစအချိန်တွင်လည်း ဒေါ်ချယ်ရီဝေတို့ငါးပိရည်ဖြင့် တို့စားရန်အတွက်အမြဲခူးပေးတတ်သလို၊အသီးကြီးပြီဆိုလျှင်လည်းသုပ်စားရန်အတွက်ခူးပေးတတ်ပြန်သည်။
တစ်ညနေတွင်တော့ဒေါ်ချယ်ရီဝေနှင့်ဒေါ်သူသူလည်း ကျောင်းမှပြန်လာရာ အနှီသရက်ပင်ကြီးအောက်၌လူတွေစုရုံးစုရုံးဖြစ်နေသည်ကိုတွေ့ရသဖြင့် ‘ဘာများဖြစ်သလဲ’ဟုတွေးကာ လူအုပ်ထဲသို့ဝင်ကြည့်လိုက်ရာ ပြတ်နေသည့်ကြိုးတစ်ချောင်းကိုကိုင်ကာငိုနေသည့်ဒေါ်လှတင်ကိုတွေ့ရသည်။
ရွာလူကြီးကလည်းဒေါ်လှတင်ကိုမေးနေလေသည်။
“ဘာလို့ဒီလိုလုပ်ရတာတုံး။ပြောစမ်းပါဦး”
ယင်းသို့​မေးသော်လည်းဒေါ်လှတင်မှာ.ငိုမြဲသာငိုနေသည်။
မိခင်ကြီးဒေါ်ပုတုကလည်းဒေါ်လှတင်ကို
ဆူပူကြိမ်းမောင်းနေလေသည်။
ထိုအခါဒေါ်သူသူလည်း ဖြစ်ကြောင်း ကုန်စင်ကို ဒေါ်လှတင်အား မမေးဖြစ်ဘဲ.အနားမှလူတစ်ယောက်ကိုသာခပ်တိုးတိုးမေးလိုက်သည်။
“ဘာတွေဖြစ်နေတာတုံး”
“ဟာ ဒေါ်လှတင်လေ။ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေတာ။ကြိုးကဆွေးနေတော့ပြတ်ကျပြီး ဘာမှဖြစ်မသွားဘူး။ကံကောင်းလို့ပေါ့”
“သြော်”
ဒေါ်သူသူလည်းဆက်မမေးဖြစ်တော့ဘဲ သက်ပြင်းချကာဒေါ်ချယ်ရီဝေနှင့်အတူပြန်လာခဲ့တော့သည်။
ထိုညက ဒေါ်လှတင်လည်း အိမ်သို့ရောက်မလာပါ။
သို့သော် နောက်တစ်နေ့ညတွင်တော့ ဒေါ်သူသူ၏အိမ်သို့ ဟင်းပန်းကန်ယူပြီးရောက်လာသည်။
ထိုအခါမှဒေါ်သူသူနှင့်ဒေါ်ချယ်ရီက ကြိုးဆွဲချသည့်ကိစ္စကိုမေးဖြစ်တော့သည်။
“အစ်မ။ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရတာတုံး။ဘာတွေအဆင်မပြေဖြစ်နေလို့တုံး”
ယင်းသို့မေးတော့ ဒေါ်လှတင်လည်းသက်ပြင်းချပြီး
“အဆင်မပြေလို့မဟုတ်ပါဘူးဆရာမတို့ရယ်။ကျွန်မကိုလူတစ်ယောက်က အဲဒီလိုလုပ်ဖို့အမြဲခိုင်းနေလို့ပါ။အဲဒီလူကညတိုင်းအိပ်မက်ထဲကိုရောက်လာတယ်။ပြီးတော့ကိုယ့်ကိုယ်ကိုကြိုးဆွဲချဖို့တိုက်တွန်းတယ်။အိပ်မက်ဆိုပေမယ့်သူပြောတဲ့စကားတွေကတော့ အပြင်မှာပီပီပြင်ပြင်ကြားနေရပါတယ်။သူ့အသံကိုကျွန်မကလဲဲပြီး ဘယ်သူမှမကြားကြပါဘူး”
ယင်းသို့ရှင်းပြတော့ ဒေါ်သူသူနှင့်ဒေါ်ချယ်ရီဝေလည်းအံအားသင့်မိကြသည်။
နောက်ဆုံးတွင်တော့ ဒေါ်သူသူက
“ညီမ အိပ်ရေးပျက်တာများလို့ ကယောင်ချောက်ချားဖြစ်တာနေမှာပါ။အိပ်ရေးဝအောင်အိပ်ပြီ.စိတ်ကိုငြိမ်ငြိမ်ထားပါ။ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်”
ယင်းသို့ပြောတော့လည်းဒေါ်လှတင်က ခေါင်းကိုသာခါရမ်းရင်း
“မဟုတ်ဘူး ဆရာမ။ကျွန်မ တကယ်ကိုကြားနေရတာပါ”
ဒေါ်သူသူတို့နှစ်ယောက်သက်ပြင်းကိုယ်စီချမိကြသည်။
ဒေါ်လှတင်က
“ကဲ နောက်လည်းကျနေပြီ။ကျွန်မပြန်လိုက်ပါဦးမယ်”
“အေးအေး”
ဒေါ်လှတင် အိမ်သို့ပြန်သွားသည်။
ဒေါ်သူသူနှင့်ဒေါ်ချယ်ရီဝေလည်းစကားမပြောဖြစ်ကြတော့ဘဲ ဒေါ်လှတင်အကြောင်းကိုသာ ကိုယ်စီတွေးနေကြတော့သည်။
++++++++++++++++++++++++
ရက်အနည်းငယ်ကြာတော့ ဒေါ်လှတင်တစ်ယောက် မြို့မှ သီလရှင် ကျောင်းတွင် ရက်အနည်းငယ်ကြာသည်အထိ သီလရှင်သွားဝတ်သည်။
ပြန်ထွက်လာသည့်အခါတွင် ခေါင်းတုံး(ဂတုံး)ပုံစံကြီးကိုလူမြင်တာရှက်သည်ဟုဆိုသပြီး အစိမ်းပုပ်ပုပ်အရောင်ရှိသည့်ဦးထုပ်ကိုအမြဲဆောင်းထားတော့သည်။
ပြီးတော့သီလရှင် ထွက်လာပြီးသည့်နောက်ဒေါ်လှတင်၏နှုတ်မှ ဘုရားတရားအကြောင်းအမြဲပြောတတ်တော့သလို၊ညအချိန်တွင်လည်း အိမ်၌ဘုရားရှိခိုးခြင်း၊မေတ္တာပို့အမျှဝေခြင်း စသည်တို့ကိုအမြဲ​ပြု
လုပ်လေတော့သည်။
တစ်ဖန်။အလုပ်အကိုင်တွေကိုလည်း ခါတိုင်းလို ပုံမှန်ပြုလုပ်နေသဖြင့်ရွာသူရွာသားတွေသာမက ဒေါ်ချယ်ရီဝေတို့ လည်း ဒေါ်လှတင်တစ်ယောက်’ စိတ်ပြောင်းသွားပြီ။ကံကောင်းသွားပြီ’ဟုထင်လိုက်ကြတော့သည်။
ထို့အပြင် လ.တွေလည်းအနည်းငယ်ကြာမြင့်လာပြီမို့ ဒေါ်လှတင်ကြိုးဆွဲချသတ်သေဖို့ကြိုးစားသည့်အကြောင်းကိုလည်းမေ့စပြုလာကြသည်။
စာမေးပွဲ ပြီးတော့ ဒေါ်ချယ်ရီလည်း အိမ်သို့ပြန်ကာအနားယူသည်။
အိမ်တွင် နှစ်လခွဲခန့်အနားယူပြီး ထိုရွာသို့ပြန်လာခဲ့ရသည်။
ပြီးတော့ ရွာသို့ရောက်ရောက်ချင်းပင် ဒေါ်လှတင်အတွက် ပါတိတ်အနီရောင်ထမီကိုလက်ဆောင်ပေးဖြစ်သည်။
ဒေါ်လှတင်လည်းလက်ဆောင်ရသည်မို့ပျော်ရွှင်လို့နေလေသည်။
ထိုနှစ်က မိုးဦးစောသည်။
ခါတိုင်းနှစ်တွေဆိုလျှင် ဇူလိုင်လဝက်လောက်မှ မိုးကဖြိုင်ဖြိုင်ရွာလေ့ရှိသော်လည်း ​လေးလပိုင်း၌ပင် မိုးက တရစပ်ရွာတော့သည်။
ထို့ကြောင့် ရွာအနောက်ဘက်မှချောင်းရော မြစ်ပါ ရေလျှံပြီး..စိုက်ထားသည့်မုယင်းစပါးတွေမှာ မရိတ်သိမ်းရသေးဘဲ ရေနှင့်ပါသွား ကာ မျိုးထားရန်ပင် ပြန်မရကြချေ။
အားလုံးနည်းတူ ဒေါ်လှတင်တို့လည်း မုယင်းစပါးတွေဆုံးရှုံးလိုက်ကြရသည်။
စပါးရိတ်သိမ်းချိန်၌ မိုးများ၍ စပါးမရကြပေမင့် တကယ်တမ်း မိုးရွာရမည့်အချိန်ရောက်ပြန်တော့ မိုးကနည်းနေပြန်သဖြင့် အင်းထဲ ငါးအဝင်နည်းပြီးအင်းသမားတွေဒုက္ခရောက်ကြရပြန်သည်။
သူ့အပူ၊ကိုယ့်အပူနှင့်၊မပြေလည်မှုတွေကြောင့်အားလုံးအလိုလို ချာလပတ်လည်နေကြသည်။
ထို့ကြောင့် ဒေါ်လှတင် ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေဖို့ကြိုးစားသည့်အကြောင်းနှင့်၊ပြောင်းလဲလာသည့်အကြောင်းတွေကိုလည်းမေ့နေကြချေပြီ။
ဤသို့ဖြင့်ရှစ်လပိုင်းသို့ရောက်လာခဲ့သည်။
တစ်ညနေတွင်တော့ လေးတန်းကျောင်းသားလေးတွေသည် ဒေါ်သူသူက အိမ်သို့လာရန်ခေါ်ထားသဖြင့် အားလုံးစုပြုံပြီးလာကြသည်။
သို့ဖြင့် ဒေါ်လှတင်၏ အိမ်ခေါင်းရင်းသို့ရောက်လာတော့ လွှမ်းနိုင်အမည်ရှိကျောင်းသားလေးက သရက်ပင်ပေါ်သို့အမှတ်မထင်မော့ကြည့်မိရာ မိန်းမတစ်ယောက်ကြိုးတန်းလန်းဖြင့်သေဆုံးနေသည်ကိုတွေ့ရလေရာကြောက်လန့်တကြားဖြင့်အော်ဟစ်ရာမှ အခြားကျောင်းသားတွေလည်း သရက်ပင်ပေါ်မော့ကြည့်မိပြီး အလောင်းကိုမြင်ရသဖြင့် လန့်ပြီး အော်ငိုသူကငို၊ကြောက်လန့်ပြီး အိမ်သို့ပြန်ပြေးသူကပြေးဖြင့် ဆူညံပွတ်လောရိုက်သွားသည်။
ယင်းသို့ပွတ်လောရိုက်သည့်အသံတွေကြောင့် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည့် ဒေါ်သူသူနှင့်ဒေါ်ချယ်ရီဝေလည်းအပြင်သို့ ကပျာကယာထွက်ပြီးကြည့်လိုက်ရာ သရက်ပင်၏ တစ်ဝက်လောက်ကသရက်ကိုင်းတွင်ကြိုးဆွဲ ချပြီးသေဆုံးနေသည့်ဒေါ်လှတင်ကိုတွေ့ရသည်။
သရက်ကိုင်းတွေကြောင့်မျက်နှာကိုမမြင်ရပေမင့် ကျောင်းဖွင့်ချိန်က ဒေါ်ချယ်ရီဝေလက်ဆောင်ပေးထားသည့်ပါတိတ်အနီရောင်ထမီကိုဝတ်ထားသောကြောင့် ဒေါ်လှတင်မှန်းသိလိုက်ကြသည်။
ထို့နောက် နှစ်ယောက်သား အလောင်းရှိရာသို့ခပ်သုတ်သုတ်လျှောက်လာကြသည်။
ယင်းအချိန်၌ဒေါ်လှတင်၏အမေလည်းအိမ်ပေါ်မှဆင်းလာသလို၊ရွာသူရွာသားတွေနှင့်ရွာလူကြီးပါရောက်လာကြသည်။
ဒေါ်လှတင်၏အလောင်းကိုမော့ကြည့်ကာ တစ်ယောက်တစ်ပေါက် ပြောဆို၊ဝေဖန်နေကြသည်။
ဒေါ်လှတင် ၏အမေဆိုလျှင်လည်းအလောင်းကိုမော့ကြည့်ပြီး အော်ငိုလျက်ရှိနေသည်။
ခေတ္တ အကြာ၌ရွာလူကြီးက အားလုံးနှင့်တိုင်ပင်သည်။
“ကဲ ရဲစခန်းကိုသွားပြီး အကြောင်းကြားရင် လမ်းက ရေမကျော်ပေမယ့် ရွ့ံထူလို့ သွားရလာရခက်တယ်။အဲဒီကိုရောက်သွားရင်တောင် အစစ်အဆေးအမေးအမြန်းကထူဦးမယ်။နောက်ပြီး ရဲကဆေးရုံပို့ခိုင်းလို့ပို့ရရင်လည်း ညတွင်းချင်း သင်္ဂြိုဟ်လို့မ
ရတဲ့အပြင်အလုပ်ကပိုဦးမယ်။ဒီတော့မင်းတို့လယ်လိုလုပ်ချင်ကြလဲ”
ယင်းသို့မေးတော့ ရွာသားတွေလည်းတီးတိုးတီးတိုးဖြင့်တိုင်ပင်ကြသည်။
ရွာဓလေ့အရ အစိမ်းသေဆိုလျှင် သေတာသိသိချင်း သင်္ဂြိုဟ်ရသည်။
နောက်နေ့ကူးပါက ရွာနာသည်၊ရွာခိုက်သည်ဟုအယူရှိကြသည်။
နောက်ဆုံးတွင်တော့ ရွာသားတစ်ယောက်က
“ကဲဗျာ ။ဘယ်ရဲစခန်းမှသတင်းပို့မနေတော့ဘူး။ရှုပ်တယ်။ဒီညပဲ ဒီမှာ သင်္ဂြိုဟ်လိုက်ကြတာပေါ့”
ယင်းသို့အကြံပြုတော့ အားလုံးကလည်း သဘောတူထောက်ခံလိုက်ကြသည်။
သို့သော် အလောင်း ကိုတော့မည်သူမှတက်မဖြုတ်ရဲကြချေ။
မှောင်ကလည်းမှောင်နေပြီ။
ထို့နောက် ရွာလူကြီးက ရေနံဆီမီးတုတ်တွေလုပ်ရန်ပြောသည်။
ခဏအတွင်းမှာ ငါးခုခြောက်ခုခန့်ရလိုက်သည်။
ပြီးနောက် ချောင်းအထက်ပိုင်းတွင်တဲထိုးကာ နေထိုင် ကြသည့်တံငါသည်ယောကျ်ားလေးယောက်ကိုသွားခေါ်ရသည်။
၎င်းတို့ကလည်းလုပ်ရဲကိုင်ရဲ​ဖြစ်အောင်တင်လာသည့်အရက်အရှိန်ကြောင့်လုပ်ပုံကိုင်ပုံကမြန်သလို၊ နှုတ်ထွက်စကားတွေကလည်းကြမ်းတမ်းလွန်းလှသည်။
ရွာခံအချို့ကလည်းမီးတုတ်တွေထွန်းပြကြ၊အချို့ကလည်း အလောင်း တင်ရန် ဝါးကပ်ယက်ကြဖြင့်အလုပ်တွေရှုပ်နေကြသည်။
ထူးခြားသည်မှာ ထိုရွာ၏ဓလေ့ဖြစ်သည်။
ယင်းမှာ အစိမ်းသေ သေဆုံးလျှင် ဘုန်းကြီးမပင့်ရ။သရဏဂုံမတင်ရ၊လှူဖွယ်မပို့ရ၊တစ်လပြည့်မှ​သေသူအတွက်ရည်စူးကာ ဆွမ်းဆန်စိမ်းလှူရသည်စသည်တို့ဖြစ်သည်။
၎င်းကိုဆွမ်းစိမ်းနာသည်ဟုလည်းခေါ်ကြသည်။
ထိုကဲ့သို့အယူအစွဲတွေအရ ဒေါ်လှတင်ကိုညတွင်းချင်းမြေမြှုပ်ရန်ဝါးကပ်ပေါ်တင်လိုက်သည်။
ဘုန်းကြီးမပါ၊တရားမနာ၊ယောကျ်ားအချို့က အလောင်းတင်ထားသည့်ဝါးကပ်ကိုကြိုးဖြင့်ဆွဲရန်အတွက် ကြိုးတပ်လိုက်ကြသည်။
ဒေါ်လှတင်၏မိခင်ကတော့ အော်ငိုနေဆဲဖြစ်သည်။
ကြိုးတပ်ပြီးသည့်နောက်အလောင်းကို သင်္ချိုင်းသို့ဆွဲသွားကြသည်။
အချိန်ကလည်းည ခုနှစ်နာရီ ခွဲခန့်ဖြစ်နေပြီ။
မီးတုတ်ကို ကိုင်ကာရှေ့မှသွားသည့်လူကငါးယောက်၊၎င်းတို့၏အနောက်တွင် အလောင်းတင်ထားသည့်ဝါးကပ်ကိုဆွဲသည့်လူကသုံးယောက်၊နောက်ဆုံးမှာ မီးတုတ်ပြသည့်လူတွေက ငါးယောက်ဖြစ်သည်။
သင်္ချိုင်းဆီသို့သွားကြရင်းဖြင့် နောက်ဆုံး
မှမီးတုတ်ကိုင်ငါးယောက်က
“ဒါဘယ်သူ့အိမ်က ခွေးသေကောင်ပုပ်လဲဟေ့”
ဟုအော်မေးတော့ ရှေ့ဆုံးက မီးတုတ်ကိုင်ငါးယောက်က
“ဒေါ်ပုအိမ်က ခွေးသေကောင်ပုပ်ပါဗျို့”ဟုအော်ဖြေကြသည်။
ယင်းသို့အော်မေး အော်ဖြေကြသည့်အပြုအမူကို သင်္ချိုင်းသို့မရောက်မချင်း တစ်လမ်းလုံး ပြုလုပ်သွားကြရသည်။
ဒါလည်းပဲ ရွာဓလေ့အရ ဖြစ်သည်။
သင်္ချိုင်းသို့ရောက်တော့ နောက်ဘဝအထုံမပါစေရန်ဆုတောင်းပြီး အလောင်းကို အနောက်ဘက်သို့ဦးခေါင်းထားပြီး မြေမြှုပ်ကြသည်။
ဒေါ်လှတင် ကြိုးဆွဲချရာ၌အသုံးပြုခဲ့သည့်ကြိုးကိုလည်းမီးရှို့ပစ်ကြသည်။
အလောင်းတင်သည့်ဝါးကပ်ကိုတော့ဒေါ်လှတင်၏မြေပုံပေါ်တွင်ပစ်ထားခဲ့လိုက်ကြသည်။
နောက်တစ်နေ့မနက် ရောက်တော့ရွာသူရွာသားတွေကဒေါ်လှတင်ကြိုးဆွဲချခဲ့သည့်သရက်ပင်ဆီသို့ငှက်ပျောပွဲ၊အုန်းပွဲတွေဖြင့်ရောက်လာကာ ရွာစောင့်နတ်ကိုတိုင်တည်ပြီး သရက်ကိုင်းတွေကိုဓားဖြင့်ခုတ်ချိုင်ကြသည်။
ပြီးနောက် ယင်းသရက်ကိုင်းတွေကို ရွာအနောက်ဘက်တွင် စီးဆင်းသည့်ချောင်းကြီးထဲသို့ပစ်ချလိုက်ကြတော့သည်။
ထိုအချိန်မှစ၍ ပြဿနာ တွေဖြစ်ပေါ်လာလေတော့သည်။
+++++++++++++++++++++
ညနေ ကျောင်းဆင်းချိင်မို့ ကျောင်းသားတွေလည်း ချောင်းကြီးထဲသို့ရေဆင်းကူကြသည်။
ယင်းသို့ကူးကြရင်းမှ ဖိုးစည် အမည်ရှိကျောင်းသားလေးက
“ရေငုပ်ပြိုင်ကြမလားဟေ့”
ယင်းသို့စိန်ခေါ်တော့အားလုံးက လက်ခံလိုက်ကြသည်။
ရေကလည်း အောက်ခြေအထိ မြင်ရလောက်အောင် ကြည်လင်လျက်ရှိနေသည်။
“ကဲ ဒါဖြင့် စကြမယ်။ရှုံးတဲ့ကောင် လွယ်အိတ်တွေကို အကုန်သယ်ပေးရမယ်”
“စိန်လိုက်လေ”
အားလုံးရေထဲခုန်ဆင်းကာ ပြိုင်တူငုပ်လိုက်ကြသည်။
ယင့်သို့ငုပ်ကြရင်းဖြင့်ဖိုးစည်၏ခြေထောက်ကိုတစ်ယောက်တစ်ယောက်က လာရောက်ဆွဲကိုင်သဖြင့် ဖိုးစည်လည်း လှည့်ကြည့်လိုက်ရာ ဒေါ်လှတင်ကိုတွေ့လိုက်ရသည်။
“အာ ဝူးဝူး”
ဖိုးစည်လည်း ကြောက်လန့်တကြားဖြင့်အော်ဟစ်ရုန်းကန်ပြီး ကုန်းပေါ်သို့ချက်ချင်းပြန်တက်သည်။
ပြီးနောက်
“ဟေ့ကောင်တွေ။ပြန်တက်ခဲ့ကြ။ရေထဲမှာဒေါ်လှတင်ကြီးရှိတယ်”
ယင်းသို့အော်ပြောပြီးထွက်ပြေးသွားလေတော့သည်။
ရေငုပ်နေသည့်ကျောင်းသားတွေလည်း ကုန်းပေါ်သို့ချက်ချင်းပြန်တက်လာကြသည်။
ဟုတ်သည် မဟုတ်သည်အပထား။ယင်းသို့​
သေသူ၏အမည်ဖြင့် ပြောဆိုခြောက်လှန့်ခံရတော့ ကြောက်လန့်ပြီးတက်လာကြခြင်းဖြစ်သည်။
ကုန်းပေါ်သို့ရောက်တော့ ဖိုးစည်ကိုမတွေ့ရတော့သဖြင့်​ေကျာင်းသား တစ်ယောက်က
“အဲဒီကောင် မငုပ်နိုင်တော့လို့အော်ပြေးသွားတာဖြစ်မှာ”
ယင်းသို့ ပြောနေခိုက်တွင်
“ဟီး ဟီးဟီး ”
ရေထဲမှ ဒေါ်လှတင် ၏ညည်းသံကြီးထွက်ပေါ်လာသည်။
ထိုအခါမှ ကျောင်းသားတွေလည်း တိုင်ပင်ထားကြသည့်အလား.ရွာထဲသို့ခြေကုန်သုတ်လေတော့သည်။
ထိုအချိန်မှစ၍ ဒေါ်လှတင်တစ်ယောက် မကျွတ်သေးဘဲ ချောင်းထဲတွင်ရှိနေသေးသည်ဟုသည့်သတင်းက ရွာထဲတွင် ပလူပျံနေလေတော့သည်။
အချို့ကလည်းမယုံကြချေ။
ထို့ကြောင့် ပြုမြဲကိစ္စဖြစ်သည့်
ကျွဲနွားတွေကိုချောင်းသို့သွားပြီး
ရေချ(တိုက်)ကြသည်။
ယင်းသို့ရေချရာ၌ခါတိုင်းဘာမှမထူး​ခြား​သော်လည်း သရက်ကိုင်းတွေ ချောင်းထဲရောက်လာတော့မှ ကျွဲနွားတွေက နှာတရှုးရှုးမှုတ်ကာရွာထဲသို့ အတင်းပြေးကြတော့သည်။
“ဟ ဒီကောင်တွေဘာဖြစ်တာလဲဟ”
ကျွဲတွေ.နွားတွေကိုရေချသူလည်းယင်းသို့ရေရွတ်ပြီးမှင်တက်နေခိုက်တွင်
“ဟီး..”
ချောင်းထဲမှ မိန်းမတစ်ယောက်၏ငိုသံကြီး ထွက်ပေါ်သည်မို့ ထိုလူလည်းလှမ်းကြည့်လိုက်ရာ သရက်ကိုင်းတွေပေါ်၌ငုတ်တုတ်ကြီးထိုင်ကာ ငိုနေသည့်ဒေါ်လှတင်ကိုတွေ့လိုက်ရသည်။
ထိုအခါ ၎င်းလည်း အော်ဖို့ရန်ပင်မေ့သွား ပါးစပ် အဟောင်းသားဖြင့်ကြည့်နေမိသည်။
ပြီးနောက်မှ ကယောင်ချောက်ချားဖြင့်အော်ဟစ်ပြီး ရွာထဲသို့ပြေးဝင်သွားတော့သည်။
+++++++++++++++++++++++++
.ယင်းကဲ့သို့အဖြစ်အပျက်တွေဖြစ်ပြီးသည့်နောက် ရွာသူရွာသားတွေလည်း ထိုချောင်းကြီးဆီသို့သွားပြီး ရေကူးခြင်း၊ကျွဲနွားရေချခြင်းတို့ကိုမပြုလုပ်ရဲတော့ချေ။
ထို့ကြောင့် ရွာမှလူတွေနှင့်ချောင်းကြီးက မသက်ဆိုင်တော့သကဲ့သို့ဖြစ်လာသည်။
သို့သော် ပြဿနာတွေကထိုမျှနှင့်ရပ်မသွားသေးချေ။
အထူးသဖြင့် ညအချိန်ဆိုလျှင် ရွာထဲက ခွေးတွေအမြဲမပြတ်အူကြသည်။
အချို့ခွေးတွေကလည်း သူစိမ်း တစ်ယောက်ကိုမြင်ရသလိုအတင်းထိုးအောင်ပြီး ရုတ်ချည်းရပ်သွား ကြောက်ရွ့ံစွာဖြင့်အမြီးကုပ်ပြီး ချောင်ထဲသို့ဝင်သွားကြသည်။
ဒါတွေကတော့ ယခုမှမဟုတ်ဘဲ ဒေါ်လှတင် ကွယ်လွန်ပြီး သည့်နောက် ညစဥ်ညတိုင်းဖြစ်နေခြင်းပင်။
ထိုမျှမကသေး။ညဘက်တွင် အမျိုးသမီးကြီးတစ်ယောက် ဆံပင်ကိုဖားလျားချပြီး ရွာထဲတွင် လျှောက်ပြေးနေသည်ဟုလည်းလူပြောများလာကြသည်။
ထို့ကြောင့် ညနေမိုးချုပ်ပြီဆိုလျှင် တစ်ရွာလုံးအိမ်အပြင်ပင်မထွက်ဝံ့တော့ဘဲ တံခါးပိတ် မီးမှိတ်ကြတော့သည်။
ရွာလည်းမှောင်မည်းတိတ်ဆိတ်ကာ ခြောက်ကပ် လျက်ရှိနေလေတော့သည်။
တစ်ည။
ဒေါ်ပုမအိပ်ပျော်နေခိုက်တွင် ​
“အမေ အမေ”
အိမ်ရှေ့မှခေါ်သံကြောင့်ဒေါ်ပုမလည်း ပြတင်းပေါက် ကိုဖွင့်ကြည့်လိုက်ရာ လရောင်အောက်တွင် ရပ်ပြီး အိမ်သို့လှမ်းကြည့်နေသည့်သမီးဖြစ်သူဒေါ်လှတင်ကိုတွေ့လိုက်ရသည်။
“သမီး ”
ဒေါ်ပုမကပြန်ခေါ်တော့ဒေါ်လှတင်ကလှမ်းပြောသည်။
“အမေ သမီးကိုကူညီပါဦး။သမီးမှာ နေစရာရော စားစရာပါမရှိဘူး။ချောင်းထဲမှာပစ်ချထားတဲ့သရက်ကိုင်းတွေပေါ်မှာ ပဲနေဒဏ်မိုးဒဏ်ခံပြီး နေနေရတယ်။ကူညီပါဦးအမေရယ်”
ယင်းသို့အကူအညီတောင်းပြီး ဒေါ်လှတင်သည် စူးစူးဝါးဝါးအော်ဟစ်ငိုကာ ခေျာင်းဘက်သို့ထွက်ပြေးသွားသည်။
ယင်းအခိုက်မှာပင် ဒေါ်ပုမလည်းအိပ်ရာမှနိုးလာခဲ့ပြီး သမီးဖြစ်သူ၏အဖြစ်ကိုတွေးကာ မျက်ရည်ကျမိလေတော့သည်။
သို့ဖြင့်မနက်သို့ရောက်တော့ ဒေါ်ပုမက သားကြီးဖြစ်သူ ဦးအောင်တင်ကိုပြန်ပြောပြလိုက်ပြီး
“ဘယ်လိုလုပ်မလဲသားရယ်။မင့်ညီမကိုကူညီလိုက်ပါဦး”
ယင်းသို့ပြောတော့ ဦးအောင်တင်က
“ရပါတယ် အမေ။ကျွန်တော်ကူညီလိုက်ပါ့မယ်”
ကတိပေးပြီး ညနေစောင်းအချိန်သို့ရောက်တော့ဦးအောင်တင်သည် တံငါသည်ဖြစ်သည့်ဦးသန်းမောင်
ကိုအရက်ဖိုးပေးပြီး ချောင်းထဲမှ သရက်ကိုင်းတွေကို ခုတ်ပေးဖို့အကူအညီတောင်းသည်။
ထိုအခါဦးသန်းမောင်က
“စိတ်ချ ။ကျုပ်လုပ်ပေးမယ်”
ယင်းသို့ပြောပြီး အရက်မူးအောင်သောက်ကာ ဓားမတစ်ချောင်းဖြင့်ချောင်းထဲသို့ဆင်းပြီး သရက်ကိုင်းတွေတွေစတင်ခုတ်သည်။
ယင်းသို့ခုတ်ခိုက်မှာပင်
“ငါ့ရဲ့နေစရာနေရာကိုလာဖျက်ဆီးတယ်ပေါ့ဟုတ်လား”
ယင်းအသံကြောင့်ဦးသန်းမောင်
လည်းခေါင်းမော့ပြီးကြည့်လိုက်ရာ သရက်ကိုင်းကြီးပေါ်တွင် မတ်တတ်ရပ်ပြီး သူ့ကိုလက်ညိုးငေါက်ငေါက်ထိုးကာပြောဆ်ိုနေသည့်ဒေါ်လှတင်က်ုတွေလိုက်ရသည်။
ထိုအခါဦးသန်းမောင်
လည်းကြောက်လန့်ကာကုန်းပေါ်တက်ပြေးလေတော့သည်။
ထိုမျှမကသေး။အိမ်သို့ပြန်ရောက်သည့်နောက် လန့်ဖျားဖျားလေတော့သည်။
+++++++++++++++++++++++
မီးခိုးတွေက ဝေ့ဝဲလျက်ရှိနေသည်။
ဦးသန်းမောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“ဒါဘယ်နေရာပါလိမ့်”
ယင်းသို့တီးတိုးရေရွတ်ပြီး ပတ်ဝန်းကျင်ကို မျက်သိကစားပြီးကြည့်လိုက်ရာ ဆံပင်ဖားလျားချထားသည့်ဒေါ်လှတင်ကိုတွေ့လိုက်ရသည်။
ဦးသန်းမောင် သွေးပျက်သွားသည်။
ယင်းအခိုက်တွင် ဒေါ်လှတင်က ဦးသန်းမောင်ကိုလက်ညိုးငေါက်ငေါက်ထိုးပြီး
“နောက်တစ်ခါ သရက်ကိုင်းတွေ လာခုတ်ရင်နင့်ကိုအသေသတ်ပစ်မယ်”
ယင်းသို့ခြောက်လှန့်ပြောဆိုပြီး မီးခိုးတွေကြားထဲပျောက်ကွယ်သွားတော့သည်။
ထိုအခါမှ ဦးသန်းမောင်လည်း အိပ်မက်မှလန့်နိုးလာခဲ့သည်။
ဇောချွေးတွေကြောင့်လည်း တစ်ကိုယ်လုံးရွှဲစိုလျက်ရှိနေသည်။
ပြီးတော့ ဤအိပ်မက်က ယခုမှ မက်တာမဟုတ်ဘဲ သရက်ကိုင်းတွေကို ခုတ်ပြီး ဖျားသည့်နေ့ကစပြီးမက်ခဲ့ခြင်းဖြစ်သည်။
တကယ့်တကယ်အပြင်တွင်လည်း ဒေါ်လှတင်က သောင်းကျန်းလျက်ရှိနေသည်။
ညဘက်ဆိုလျှင်လည်း စူးစူးဝါးဝါးအော်ဟစ်ငိုကာ ရွာထဲလျှောက်ပတ်ပြေးသည်။
ထို့ကြောင့် ညနေမှောင်ရီပျိုးသည်နှင့် ရွာသူရွာသားများအတွက် သွေးပျက်ဖွယ်ရာအချိန်ကိုစတင်ကြုံရသည်မှာ ညစဉ်လိုလိုဖြစ်နေလေတော့သည်။
တစ်နေ့သောညနေခင်းတွင် ဦးတင်အောင်သည် အိမ်တံခါးတွေကိုလိုက်ပိတ်နေခိုက် တစ်စုံတစ်ယောက်က နောက်ကျောမှနေ၍သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည်ဟု ခံစားရသဖြင့်လှည့်ကြည့်လိုက်ရာ ဇနီးဖြစ်သူ ဒေါ်ဝင်းကိုတွေ့လိုက်ရသည်။
ဒေါ်ဝင်းသည် ဆံပင်ကိုဖားလျားချပြီး ဦးတင်အောင်အား စူးစူးစိုက်စိုက်ကြည့်နေသည်။
ဦးတင်အောင်က
“လန့်လိုက်တာမိန်းမရာ။ဆံပင်ကိုဘယ်လိုလုပ်ထားတာတုံး”
ယင်းသို့မေးလိုက်ပေမင့် ဒေါ်ဝင်းက ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဦးတင်အောင်ကိုသာ စိုက်ကြည့်နေလေသည်။
ပြီးနောက်
“ငါဗိုက်ဆာတယ်။ငါဗိုက်ဆာတယ်။ငါ့ဆီ အမဲတစ်ပိဿာလာပို့လှည့်”
“ဟင် မိန်းမ မင်းဘာတွေပြောနေတာလဲ”
“ငါနင့်မိန်းမမဟုတ်ဘူး။ငါနင့်ညီမလှတင်”
ဦးတင်အောင်ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ကြောက်စိတ်တွေကြောင့်လည်း အသက်ရှူရပ်သွားလောက်အောင်လည်းဖြစ်သွားသည်။
ယင်းအခိုက်တွင် ဒေါ်ဝင်းက
“ဒီညပဲ ငါ့ဆီအမဲသားလာပို့လှည့်။ငါဗိုက်ဆာတယ်။ဒီညငါစားရမှဖြစ်မယ်”
ပြောပြီး ဒေါ်ဝင်းလဲကျသွားသည်။
ထိုအခါမှ ဦးတင်အောင်လည်း ဒေါ်ဝင်းကိုချက်ချင်းပွေ့ထားလိုက်ပြီး ရေမန်းတိုက်ခြင်၊နှိပ်နယ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရတော့သည်။
ပြီးနောက် ရွာလူကြီးဆီသို့သွားကာ အကျိုးအကြောင်းပြောပြလေတော့ ရွာလူကြီးက
“ဒါဖြင့်လည်း ကျွေးစရာရှိတာမြန်မြန်ကျွေးလိုက်။မဟုတ်ရင်ရွာကိုဒုက္ခပေးနေဦးမယ်”ဟုဆိုလေသဖြင့် ဦးတင်အောင်လည်း အမဲသားတစ်ပိဿာဝယ်ပြီး အနည်းငယ်လက်ရဲဇက်ရဲရှိသည့်လူငယ်တွေကိုခေါ်ကာ ချောင်းကြီးဆီသို့ သွားချပေးထားလိုက်ရတော့သည်။
နောက်ရက်တွေတွေလည်း ဒေါ်လှတင်သည် ရွာထဲမှ အခြားအမျိုးသမီးထံဝင်ပူးကာ အသားစိမ်းတွေတောင်းပြန်သည်။
ထိုအိမ်မှအမျိုးသားလည်း အသားစိမ်းတစ်ပိဿာဝယ်ကာ လူငယ်တွေခေါ်ပြီး ချောင်းအစပ်သို့သွားထားရပြန်သည်။
ယင်းသို့နေ့စဉ်နီးပါး လူတွေကိုဝင်ပူးပြီး အသားစိမ်း၊ငါးစိမ်းတွေလာကျွေးဖို့ပြောလေရာ ကြာတော့ ရွာခံလူတွေလည်း ကြောက်လည်းကြောက်၊စိတ်လည်းပျက်လာကြသည်။
အခြေအနေတွေကလည်း ဘယ်လိုမှထိန်းမရအောင်ဖြစ်လာသည်။
ထို့ကြောင့် ဒေါ်ချယ်ရီဝေက ရွာလူကြီးကိုပြောသည်။
“ဒီအတိုင်းဆို ကြာရင်အဆင်မပြေဘူး။ရွာကဘုန်းကြီးကျောင်းမှာ ဆရာတော်တစ်ပါးတော့ပင့်မှဖြစ်တော့မယ်။ဘုန်းကြီးကျောင်းဖြစ်ပြီး ဘုန်းကြီး ကိုရင်မရှိတာလူကြားလို့မကောင်းပါဘူး။ဘုန်းကြီးရောက်လာရင်ရွာထဲမှာ ကမ္မဝါ
ရွတ်ဖတ်ပြီး နှင်ထုတ်မှဖြစ်တော့မယ်”
ယင်းသို့ပြောတော့ ရွာလူကြီးလည်းသက်ပြင်းချပြီး
“အရင်တုန်းကတော့ ကျောင်းမှာ ဘုန်းကြီးအိုတစ်ပါးကျောင်းလာထိုင်ပါသေးတယ်။
ဒါပေမယ့် ဆွမ်း ကွမ်းက သိပ်မပြည့်စုံရှာဘူး။ရွာကလည်း ရှေးရိုးစွဲတွေရှိနေပြီး ဘာသာရေး အလှူအတန်းတွေကိုသိပ်အလေးမထားကြဘူး။ဘုန်းကြ​ီးကလည်း ဘာမှမပြောဘဲသည်းခံပြီးကျောင်းထိုင်ပါတယ်။တစ်ရက်မှာတော့ ဘုန်းကြီး နေမကောင်းဖြစ်ပြီး ရွာထဲမှာဆေးလာဝယ်တယ်။ ရွာမှာဆေးဆိုင်မရှိဘူး။ဒါကြောင့်ရမ်းကု ဆရာဝန်ဆီသွားပြတော့ ဆရာဝန်က ဆေးထိုးပေးလိုက်တယ်။
အဲဒီဆေးထိုးပြီးတဲ့နောက် ဘုန်းကြီး လည်း မကြာခဏအိမ်သာထဲဝင်ညှစ်နေရတော့တာပဲ။ရွာသားတွေကဒါကိုသတိထားမိတော့’အရှင်ဘုရား ဝမ်းလျှော
နေတာလား’လို့မေးတော့ဘုန်းကြီးက
“မသိပါဘူးကွာ။ဆရာဝန်ဆီမှာဆေးထိုးပြီးတဲ့နောက်ပိုင်း ငါခဏခဏ ညှစ်ချင်နေတာပဲသိတယ်လို့”ပြန်ဖြေတယ်။
ရက်နည်းနည်းကြာတော့ဆရာတော်ကြီးလည်း မီးစာကုန်တဲ့အရွယ်လည်းဖြစ်ပြန်၊ဆေးထိုးကလည်းမှားထားတော့ ပျံလွန်တော်မူသွားတယ်။
ဒါကိုသိသွားတော့ အခြားရွာက ဆေးမှူးရောက်လာပြီး ရမ်းကုဆရာဝန်ကိုချော့ပြီးမေးတယ်။’ဘုန်းကြီးကိုထိုးတဲ့ဆေးပုလင်းကိုပြပါ။ဒါမှမဟုတ်၊နမူနာဆေးပုလင်းကိုပဲပါ’ဆိုတော့ ရမ်းကုဆရာဝန်လည်း ဘုန်းကြီးကိုထိုးတဲ့ဆေးပုလင်းကိုပြလိုက်တယ်။အဲဒီအခါဆေးမှူးလည်းတော်တော်စိတ်ပျက်သွားတယ်။ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကိုထိုးတဲ့ဆေးပုလင်းကအမျိုးသမီးတွေ
သားဖွားခါနီးထိုးပေးရတဲ့သားအိမ်ပွင့်ဆေးဖြစ်နေလို့ပဲ။ပိုဆိုးတာက အဲဒီရမ်းကုဆရာဝန်က အင်္ဂလိပ် ဆေးဆရာသာလုပ်နေတာ။အင်္ဂလိပ်စာတစ်လုံးမှမတတ်ဘူး။ကြားဖူးနားဝနဲ့ပဲဆေးကုတာ။
အဲဒီနောက်ပိုင်း ကျောင်းမှာ ဘယ်ကိုယ်တော်မှကျောင်းလာမထိုင်ကြတော့ဘူး။စောစောကပြောသလို ဆွမ်းကိစ္စခက်ခဲတာရော ရောဂါဖြစ်ရင် သောက်စရာ ဆေးမရှိဘဲရမ်းကုသမားတွေပဲရှိတာကြောင့်ရောပေါ့။ပိုဆိုးတာကလည်း ဘုန်းကြီးကျောင်းက သင်္ချိုင်းနဲ့ ခြံစည်းရိုး လေးပဲခြားတာဆိုတော့ သိပ်မနေချင်ကြတာလည်းပါတာပေါ့”ဟုရှည်လျားစွာရှင်းပြသည်။
ထိုအခါ ဒေါ်ချယ်ရီဝေက
“ဒါပေမယ့် အခုကျောင်းကဟောင်းလောင်းကြီးဖြစ်နေတယ်။ရဟန်းတစ်ပါးပါးတော့ပင့်ဖို့ကောင်းပါတယ်’။ကျောင်းကိုဒီအတိုင်းကြီးမထားကောင်းဘူး”
ရွာလူကြီးအနည်းငယ်စဥ်းစားလိုက်သည်။
ပြီးနောက်
“ဟုတ်တော့ဟုတ်ပါတယ် ။ကျုပ်တို့ကြိုးစားကြည့်ပါဦးမယ်”
ယင်းသို့ဆိုပြီး ရွာလူကြီးလည်း နေအိမ်သို့ပြန်သွားသည်။
သို့ဖြင့်ရက်အနည်းငယ်အကြာတွင်တော့ ရွာလူကြီးနှင့်ရွာသားအချို့၏ကြိုးစားမှုကြောင့်ကျောင်းထိုင်မည့်ကိုရင်ကြီးတစ်ပါးရောက်လာသည်။
ထိုအခါဒေါ်ချယ်ရီဝေတို့လည်းစိတ်ချမ်းသာသွားရသည်။
ပြီးတော့’ဘယ်ကျောင်းက ပင့်လာသလဲ’ဟုမေးတော့ ရွာလူကြီးက
“မြို့အစွန်ရွာကျောင်းကပင့်လာတာ။ဒီအတိုင်းပင့်မရလို့ ကိုယ်ရင့်မိဘတွေကို
တစ်နှစ် စပါးတင်းငါးဆယ်ထောက်ပ့ံလှူပေးပါမယ်’ပြောပြီးပင့်လာရတာ”
“ကောင်းပါတယ်လေ။ကျောင်းမှာ ကိုရင်ရှိလည်းမဆိုးပါဘူး။ကမ္မဝါမရွတ်တတ်ရင်တော့ ပဌာန်းအကျဥ်းတော့ရွတ်တတ်မှာပါ”
ပြောပြီး ဒေါချယ်ရီဝေလည်းကျောင်းအုပ်ဆရာမကြီးဒေါ်သူသူနှင့်အတူ စာသင်ကျောင်းသို့ထွက်သွားလေ
သည်။
+++++++++++++++++++++++++++
ည။ထုံးစံအတိုင်း တစ်ရွာလုံး တံခါးပိတ်မီးမှိတ်နေပြီး တိတ်ဆိတ်လျက်ရှိနေသည်။
ယင်းအခိုက်တွင် ခွေးအူသံတွေ၊ဟောင်သံတွေက တစ်ရွာလုံးဆူညံသွားသည်။
ကျောင်းတွင် တစ်ပါးတည်းရှိနေသည့် ကိုရင်ကြီးလည်းမီးအိမ်ကိုကိုင်ပြီး ကျောင်းပေါ်မှလူဝင်တံခါးကိုပိတ်ရန်ဟန်ပြင်လိုက်စဥ်
“ဟီး ဟီးဟီး ”
ငိုသံနှင့်အတူ မိန်းမကြီး တစ်ယောက်သည် ဆံပင်ဖားလျားချပြီး လှေခါးထစ်တွေအတိုင်း ကျောင်းပေါ်သို့ပြေးတက်လာသည်။
မိန်းမကြီးဟု ဆိုရသော်လည်း မီးအိမ်အလင်းရောင်က လှေခါးအထိမရောက်သဖြင့်မျက်နှာကိုကောင်းစွာမမြင်ရဘဲ ငိုသံနှင့် ဆံပင်ဖားလျားချထားသောကြောင့်သာ မိန်းမကြီးမှန်းသိထားရသည်။
ကိုရင်ကြီးလည်း မျက်မှောင်ကြုတ်သွားသည်။
“ဒီဒကာမကြီး ဘာဖြစ်လာတာပါလိမ့်။ယောကျ်ားနဲ့ရန်ဖြစ်ထားလို့လား”
ယင်းသို့တွေး နေခိုက်တွင် ထိုမိန်းမကြီးသည် ကိုရင်ကြီး၏ရှေ့သို့ရောက်လာသည်။
ကိုရင်ကြီးကလည်း မီးအိမ်ကိုမြှောက်ပြီးကြည့်လိုက်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာကြီးကိုမြင်လိုက်ရသည်။
ထိုမိန်းမကြီးသည် အခြားလူမဟုတ်။ဒေါ်လှတင်ဖြစ်နေသည်။
ဒေါ်လှတင် ကွယ်လွန်ပြီး ယခုကဲ့သို့ခြောက်လှန့်နေသည်ဆိုတာကို ကိုရင်ကြီးကမသိ။
သို့သော် ယခုမူ ယင်းအဖြစ်ကိုမသိရသေးပေမင့် သူမ၏မျက်နှာကြီးကိုမြင်လိုက်ရသည့်နောက် ကိုရင်ကြီးလည်း ‘အား’ဟုသာတစ်ချက်တည်းအော်နိုင်ပြီး သတိလစ်ကာ လဲကျသွားတော့သည်။
ထို့နောက် သူသတိပြန်ရလာတော့ သူ့ မျက်နှာကိုငုံကြည့်နေကြသည့် ရွာလူကြီးနှင့်ရွာသူရွာသားတွေ၏စိုးရိမ်တကြီးကြည့်နေကြသည့်မျက်နှာတွေကိုအနီးကပ်မြင်လိုက်ရသည်။
ပြီးတော့ သူလဲကျနေသည်မှာ ကျောင်းဝန်းထဲတွင်မဟုတ်ဘဲ ချောင်းကြီး၏ဘေးတစ်ဖက်တွင်ဖြစ်နေသည်။
ထိုမျှမကသေး။သူ၏လက်တွင်လည်းဒရစ်ပိုက်တွေကချိတ်လျက်ရှိနေသည်။
ယင်းအခိုက်တွင် ရွာလူကြီးက
“တော်သေးတာပေါ့ ကိုရင်ကြီးရယ်။တပည့်တော်တို့ကကိုရင်ပျံပွဲလုပ်ရတော့မလားဆိုပြီး စိုးရိမ်နေတာ”
ယင်းသို့လျှောက်တင်တော့ကိုရင်ကြီးက
“သရဲကကျုပ်ကိုဂုတ်ချိုးသတ်ပြီအောင့်မေ့နေတာ။တော်ပြီ။ခင်ဗျားတို့ကျောင်းမှာဆက်မနေရဲတော့ဘူး။ပြန်မယ်။ကျုပ်မယ်တော်ကိုထောက်ပံ့မယ့်စပါးတင်းငါးဆယ်လည်းမရရင်နေပါစေတော့”
ယင်းသို့ခပ်ပြတ်ပြတ်ပြောတော့ ရွာလူကြီးက
“ဆက်နေပါကိုရင်ရယ်။တပည့်တော်တို့ စပါးတင်းရှစ်ဆယ်အထိထောက်ပံ့ပေးပါ့မယ်”
“မနေဘူး။ပြန်မယ်”
ယင်းသို့ဆိုပြီး မြို့မှကျောင်းသို့ပြန်ဖို့စီစဥ်လေရာ ကျောင်းထိုင်သည်မှာ တစ်ညပင်မပြည့်သော်လည်းရွာလူကြီးက စပါးတင်းငါးဆယ်ကို မြို့အထိရောက်အောင်ပို့ပေးလိုက်တော့သည်။
ကိုရင်ကြီးမရှိတော့သည့်နောက် အစီအစဥ်တစ်ခုကိုချမှတ်ရတော့သည်။
ယင်းမှာ ကျောင်းကိုစောင့်ရန်အတွက် တစ်ညကိုရွာသားငါးယောက် ကျောင်း၌အိပ်ပေးရမည်။
မလိုက်နာပါကဘုံဒဏ်တပ်မည်ဟုအမိန့်ထုတ်ရသည်။
ဘုံဒဏ်ဆိုသည်မှာ တောင်ခြေမှမြေကြီးများကိုတူးပြီး ခြင်းတောင်ကြီးများဖြင့်သယ်ကာ ရွာမှ ရွှံဗွက်ထူသည့်လမ်းကိုဖို့ရခြင်းဖြစ်သည်။
အလှည့်ကျ ငါးယောက်အဖွဲ့ထဲမှ တစ်ယောက်ယောက်က ကိုယ်တိုင်မအိပ်ဘဲ အရွယ်မရောက်​သေး
သည့်ကလေးကို ကိုယ်စားညအိပ်လွှတ်ခဲ့လျှင်၊သို့မဟုတ်၊ငါးယောက်ထဲမှတစ်ယောက်ယောက်ကပျက်ကွက်ခဲ့လျှင် ယင်းငါးယောက်စလုံးဘုံဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ရွာသားတွေလည်း ဘုံဒဏ်ချမှတ်ခံရမည်ကိုမလိုလားသောကြောင့် ငါးယောက်အလှည့်ကျ မပျက်မကွက် အိပ်ပေးကြတော့သည်။
ယင်းသို့အလှည့်ကျအိပ်ပေးခဲ့ရာ တဖြည်းဖြည်း နှစ်လပင်ကျော်လာခဲ့တော့သည်။
အိမ်စားဝတ်နေရေးအတွက်တစ်ဖက်၊ကျောင်းစောင့်အဖြစ်အလှည့်ကျအိပ်ပေးရသည်ကလည်း တာဝန်တစ်ခုပမာဖြစ်လာတော့ ရွာသားတွေလည်း တဖြည်းဖြည်း
ငြိုငြင်လာကြတော့သည်။
++++++++++++++++++++++++++
မိုးသည် အဆက်မပြတ် ရွာသွန်းလျက်ရှိနေသည်မို့ ချောင်းရေတွေကလျှံလျက်ရှိပြီး တဟုန်ထိုးစီးဆင်းနေသည်။
သို့သော် သရက်ကိုင်းတွေ ကမူ နဂို ချထားသည့်နေရာမှ နည်းနည်းမှမရွေ့။
ထို့အပြင် အရွက်စိမ်းတွေကလည်း ဝေဝေဆာဆာဖြစ်၍ပင်နေသေးတော့သည်။
ရွာလူကြီးလည်း ယင်းသရက်ကိုင်းတွေကိုကြည့်ပြီး သက်ပြင်းချမိသည်။
ဤအတိုင်းဆိုလျှင် ဒေါ်လှတင်သရဲမ မကျွတ်သေးဘူးဆိုတာဖြစ်နိုင်သည်ဟုလည်းတွေးမိသည်။
ထို့နောက် ရွာလူကြီးလည်း ရွာသားတွေကိုခေါ်ပြီး အစည်းအဝေး လုပ်ပြန်သည်။
ယင်းသို့ပြုလုပ်ရာ၌ အားလုံး၏သဘောတူထောက်ခံချက်တစ်ချက်ရလာသည်။
ယင်းမှာ အခြားရွာတွေမှ ဘုန်းကြီးတွေကိုရွာသို့ပင့်ပြီး ဒေါ်လှတင်အတွက်ဆွမ်းစိမ်းနာရန်ဖြစ်သည်။
ထို့ကြောင့် နောက်တစ်နေ့မနက် ၌ရွာလူကြီးကိုယ်တိုင်ပင် ရွာသား သုံးယောက်နှင့်အတူ ဘုန်းကြီးတွေကိုလှည်းဖြင့်ပင့်ပြီး ဆွမ်းစိမ်း ကုသိုလ်ပြုလုပ်ကြလေတော့သည်။
သို့သော်ထိုည၌ပင် ရွာလူကြီးသည် ဒေါ်လှတင်ကိုအိပ်မက်မက်သည်။
ဒေါ်လှတင်က
“ငါ့ကိုကျွတ်လွတ်ဖို့နင်တို့လုပ်တာလား။ငါမကျွတ်လွင်ချင်သေးဘူး။ဒါကြောင့်နင်တို့တွေ ဘုန်းကြီးပင့်လာတဲ့လှည်း ရွာထဲဝင်လာတာနဲ့ငါက အခြားနေရာရှောင်ထွက်သွားတာ။အခုငါ ချောင်းထဲက သရက်ကိုင်းတွေ ပေါ်မှာပဲ နေနေတယ်”
ယင်းသို့ပြောပြီး လှည့်ပြန်သွားသည်။
ထိုအခါမှရွာလူကြီးလည်းလန့်နိုးလာခဲ့သည်။
ပြီးနောက်
“ဟင်း ဘယ်လောက်အထိ ဒုက္ခတွေပေးဦးမှာလဲမလှတင်ရေ”ဟုညည်းတွားမိလေတော့သည်။
+++++++++++++++++++++++++++
ရက်.လအချို့ကြာမြင့်လာပြီဖြစ်သည်။
တစ်ရက်တွင် တော့ ရွာခံလူတစ်ယောက်သည် မိခင်ကျန်းမရေးမကောင်းသဖြင့်ရထားဖြင့် မန္တလေး သို့သွားကု ပေးလေသည်။
ထို့နောက် မိခင် ကျန်းမာရေး ပြန်ကောင်းလာသည့်အခါ အမြန်ရထားဖြင့်ပြန်ခေါ်လာခဲ့သည်။
ယင်းသို့ပြန်ခေါ်လာရင်းဖြင့် မျက်နှာချင်းဆိုင်ခုံပေါ်တွင်ရှိသည့်ပုဏ္ဏား​
ကြီးယောက်နှင့်စကားစမြည်ပြောဆိုဖြစ်ကြသည်။
ယင်းသို့ပြောကြရင်းမှ ထိုပုဏ္ဏားကြီး
သည်ဗေဒင်ဆရာမှန်းသိရလေသည်။
ထို့ကြောင့် ရွာခံလူက
“ကျွန်တော်တို့ရွာကိုလိုက်ပြီးဗေဒင်​ေဟာပါလားဗျာ။နည်းနည်းတော့ဝေးတယ်ဗျ။ဒါပေမယ့် လမ်းစရိတ်နဲ့ စားစရိတ် ကိုကျွန်တော်တာဝန်ယူပါ့မယ်”
ယင်းသို့ပြောတော့ ဗေဒင်ဆရာပုဏ္ဏားကြီးက
“ကောင်းပြီလေ။ကျုပ်လိုက်ခဲ့ပါ့မယ်”
သို့ဖြင့် ရထားသည်နံနက်လေးနာရီခွဲအချိန်၌ဘူတာတွင်ဆိုက်ရောက်သည်။
ထို့နောက် သုံးယောက်သား အိပ်စင်ငှားပြီးအိပ်ကာ မနက်ရှစ်နာရီ ကားဖြင့်လာခဲ့ကြရပြန်သည်။
ကားဂိတ်သို့ရောက်သည့်အခါတွင်နေ့လည်ဆယ့်နှစ်နာရီကျော်နေချေပြီ။
ထို့နောက် ထမင်းဆိုင်တွင် နေ့လည်စာစားသောက်ပြီး ခြေကျင်ဆက်လျှောက်ကြရပြန်သည်။
သို့ဖြင့်ညနေခြောက်နာရီကျော်စအချိန်၌
ရွာအနောက်ဘက်ရှိ ချောင်းကြီးပေါ်မှ တံတားပေါ်သို့ရောက်လာခဲ့ကြသည်။
ထို့နောက် တံတားပေါ်သို့ဆက်လျှောက်ရင်းဖြင့်ဗေဒင်ဆရာပုဏ္ဏားကြီးက
“အစ်ကိုတို့ရွာမသန့်ဘူး။မကောင်းဆိုးဝါးအန့ံ၊အစိမ်းသရဲအနံ့ရ​ေနတယ်”
ယင်းသို့ရုတ်တရက်ကြီးပြောလိုက်တော့ ရွာခံလူနှင့်မိခင်လည်းအံသြသွားကြသည်။
သို့သော် လမ်းခုလပ်တွင်ဖြစ်နေသဖြင့် ထိုအကြောင်းတွေကိုမပြောဘဲဆက်လျှောက်လာခဲ့ကြသည်။
အိမ်သို့ရောက်သည့်အခါမှ ရွာခံလူက
“ပုဏ္ဏားကြီးပြောတာဟုတ်ပါတယ်။ကျွန်တော်တို့ရွာမှာ အစိမ်းသရဲမ ရှိနေပါတယ် ”
ယင်းသို့ဆိုပြီး ဒေါ်လှတင်အကြောင်းအားလုံးကိုပြန်ပြောပြလိုက်သည်။
ထိုအခါပုဏ္ဏားကြီးက
“ဒါဆိုဒေါ်လှတင်ရဲ့မိသားစုကိုခေါ်ပေးပါ”
“ဟုတ်ကဲ့ပါပုဏ္ဏားကြီး”
ထိုလူလည်းဒေါ်လှတင်အမေနှင့် အစ်
ကိုဖြစ်သူကိုပြေးခေါ်သည်။
နှစ်ယောက်သား အိမ်ပေါ်သို့ရောက်လာတော့ပုဏ္ဏားကြီးက
“ကဲ ဒီရွာက ဒေါ်လှတင်အကြောင်းကိုကျွန်တော်သိပြီးပါပြီ။အမေနဲ့အစ်ကိုခွင့်ပြုမယ်ဆိုရင်သူ့ဝိဥာဥ်ကိုကျွန်တော်ခေါ်သွားချင်ပါတယ်”
ယင်းသို့ခွင့်တောင်းတော့ ဒေါ်ပုမက မည်သို့မှပြန်မပြောသော်လည်း ဦးအောင်တင်က
“ဟာ ခေါ်သွားပါဗျာ။ခေါ်လို့ရလို့ကတော့ခွင့်မပြုနိုင်စရာမရှိပါဘူး”
ယင်းသို့ခွင့်ပြုတော့ပုဏ္ဏားကြီးက
“ဒါဖြင့်ဒေါ်လှတင်ရဲ့အလောင်းမြှုပ်တဲ့မြေပုံကိုလိုက်ပြပါ”
“ဟုတ်။ရပါတယ်”
ထို့နောက် ဦးတင်အောင်လည်းထိုညတွင်းချင်းမှာပင်အခြားရွာသားသုံးယောက်နှင့်အတူပုဏ္ဏားကြီးအား မြေပုံကိုလိုက်ပြသည်။
မြေပုံရှေ့သို့ရောက်တော့ပုဏ္ဏကြီးသည်အသင့်ယူဆောင်လာသည့်ဆေး
ဖယောင်းတိုင်တွေကို ဒေါ်လှတင်၏မြေပုံပတ်ပတ်လည်တွင်ထွန်းကာ ဂါထာတစ်ပုဒ်ကိုမည်သူမှနားမလည်နိုင်သည့်ဘာသာဖြင့်
နာရီဝက်ခန့်ရွတ်လေသည်။
ဂါထာရွတ်၍ပြီးဆုံးသည့်အခါ ညည်းသံကြီးထွက်ပေါ်လာသည်။
“အင်း ဟင်းဟင်း”
ယင်းညည်းသံအဆုံး၌ ဆေးဖယောင်းတိုင်တွေလည်းမီးများသေ သွားပြီး မြေစာပုံခေါင်းရင်းဘက်မှအရာဝတ္ထုလေးတစ်ခုထွက်လာသည်။
ပုဏ္ဏား ကြီးလည်းထိုအရာဝတ္ထုလေးကိုလွယ်အိတ်ထဲသို့ ဆတ်ခနဲ ကောက်ထည့်ပြီး နောက်သို့ပြန်လှည့်မကြည့်ဘဲ ရွာထဲမှအပြီးထွက်သွားလေတော့သည်။
++++++++++++++++++++++++
နောက်တစ်နေ့မနက် တွင်တော့ဦးအောင်တင်သည် ချောင်းထဲမှ သရက်ကိုင်းတွေကို သွားကြည့်လေရာ သရက်ကိုင်းတွေမှာညှိုးခြောက်စပြုနေသည်ကိုတွေ့ရသည်။
ဒီတော့မှသူ့ညီမ၏ဝိဥာဥ်မရှိတော့မှန်း စိတ်ထဲတွင်ခံစားမိလိုက်သည်။
သို့ဖြင့် နေ့လည်အချိန်သို့ရောက်တော့ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ၊မြစ်ရေတွေလျှံတက်ကာ ဒလဟောစီးလေသည်။
ထို့အတူ ညိှုးခြောက်စပြုနေသည့်သရက်ကိုင်းတွေလည်း ရေစီးကြောင်းနှင့်အတူ အောက်ဘက်သို့မျောပါသွားလေတော့သည်။
ထိုနေ့မှစ၍လည်း ထိုရွာကလေးတွင် ဒေါ်လှတင်၏ ဝိဥာဥ်ကိုအရိပ်အယောင်မျှပင်မမြင်ရတော့ချေ။

ပြီးပါပြီ
အားလုံးအေးချမ်းပါစေ..
ရေးသားသူ-ဆရာဆွေ(တောင်တွင်း)

#crd