ဂျပန်ကုန်းက ဂျပန်ကြီး

ဂျပန်ကုန်းက ဂျပန်ကြီး (စ/ဆုံး)

—————————–

အချိန်အားဖြင့် မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်နေသည့်အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းမှနေ၍ မဟာမိတ်တပ်များက ဂျပန်တပ်များကိုတိုက်ခိုက်လေရာ ဂျပန်တပ်များအထိနာစစ်ရှုံးပြီး မြန်မာပြည်အောက်ပိုင်းဒေသများသို့ အပြင်းအထန်ဆုတ်ခွာနေရသည့်အချိန်လည်းဖြစ်ပေသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်းတစ်နေရာတွင် ကွင်းချောင်း(အမည်လွှဲ)ဟု အမည်ရသည့် ရွာကလေးတစ်ရွာရှိသည်။ ထိုရွာကလေးမှာ လမ်းပန်းဆက်သွယ်ရေးအရ ဝေးလံခေါင်သီသည့်အပြင် စစ်တောင်းမြစ်လက်တက်တစ်ခုကိုအခြေပြု၍ တည်ထားသောကြောင့် သွားလာရအလှမ်းဝေးသည့်ရွာကလေးဖြစ်သည်။ သို့သော်လည်း ထိုအချက်ကပင် တစ်ခုကောင်းနေပြန်သည်။ ယခုကဲ့သို့ စစ်မီးတောက်လောင်နေသည့်အချိန်တွင် သွားလာရခက်ခဲသည့် ကွင်းချောင်းရွာကလေးကို စစ်မီးမကူးစက်ဘဲရှိနေလေရာ ထိုရွာနှင့်အနီးတစ်ဝိုက်တွင် စစ်ဟူသည့်အသံကိုမကြားရပဲ ငြိမ်းငြိမ်းချမ်းချမ်းရှိနေလေသည်။

မိုးလလွန်ပြီး သီးနှံများပေါ်ထွန်းသည့်အခါ ရွာကလေးတွင်နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင်များ၏ ထုံးစံအတိုင်း အလှူပေးခြင်း၊ သားသမီးရတနာများကို ရှင်ပြုနားသပြုလုပ်ပေးခြင်း အစရှိသည့် အလှူအတန်းများကို အစဉ်အလာမပျက်ပြုလုပ်ကြလေ့ရှိသည့်အတိုင်း ယခုလည်း ကွင်းချောင်းရွာကလေးတွင် ရွာလုံးကျွတ်နီးပါး ရှင်သာမဏေပြု ရဟန်းခံပေးသည့် အလှူပွဲကြီးတစ်ခုကို ကျင်းပနေကြလေသည်။

ကွင်းချောင်းရွာ၏ တောင်ဘက်ပိုင်းတွင် ရှေးယခင်မင်းအဆက်ဆက် တည်ထားကိုးကွယ်ခဲ့သည့် ရှေးဘုရားပုထိုးတစ်ခုရှိပြီး ထိုဘုရားပုထိုးအနီးတွင် ကွင်းချောင်းရွာတစ်ရွာလုံးက ကိုးကွယ်ကြသည့် ဘုန်းကြီးကျောင်းတစ်ဆောင်လည်းရှိသည်။ ဘုန်းကြီးကျောင်း၏ အရှေ့ဘက် မြေကွက်လပ်ကုန်းကလေးတွင် ရှင်ပြုအလှူတော်အတွက် အုန်းလက်မဏ္ဍပ်များထိုးထားကာ စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပြင်ဆင်နေကြလေသည်။ တစ်ရွာလုံးမှ ထည့်ဝင်သည့်အလှူဖြစ်သည့်အတွက် အလှူပွဲမှာ မြိုင်ဆိုင်လှသည်။ အလှူတွင် တောဆိုင်းတစ်ခုထည့်ရုံသာမက မြေဝိုင်းဇာတ်ပွဲတစ်ခုလည်း ခင်းကျင်းထည့်သွင်းလေရာ ကွင်းချောင်းရွာမှ ရွာသူရွာသားများသာမက အနီးအပါးရွာများမှ ရွာသူရွာသားများပါ လာရောက်အားပေးကြသဖြင့် အလှူပွဲကြီးမှာ စည်ကားနေလေတော့သည်။

ကောင်းမှုတစ်ခုပြုသည့်အခါ အဖျက်ဆိုသည်က ဝင်စမြဲဖြစ်လေရာ ယခုလည်း ကွင်းချောင်းရွာအလှူပွဲအတွက် အဖျက်တစ်မျိုးက ဝင်လာပြန်တော့သည်။ အလှူနေ့ အကျွေးအမွေးများမစတင်ခင် မနက်ပိုင်းမှာပင် ရွာသူရွာသားများမှာ အလှူကျင်းပသည့် မဏ္ဍပ်ကုန်းကလေးတွင် စည်ကားလျှက်ရှိနေသည်။ ထိုစဉ်မှာပင် မြောက်အရပ်မှ တဖောင်းဖောင်းနှင့်အသံများကြားရပြီးနောက် အလှူကျင်းပသည့် မဏ္ဍပ်အတွင်းသို့ စိန်ပြောင်းဗုံးသီးများ ကျဆင်းပေါက်ကွဲလေရာ အလှူလာသူများ ထိခိုက်ဒဏ်ရာရရှိကြကာ ရွာသူရွာသားများမှာ ခြေဦးတည့်ရာထွက်ပြေးကြလေသည်။

မြောက်ဘက်တာရိုးကို အခိုင်အမာအကာအကွယ်ယူထားသည့် ဂျပန်တပ်တစ်တပ်မှာအလှူမဏ္ဍပ်အတွင်းမှ ပြေးလွှားနေကြသည့်လူများအား သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် မင်္ဂလာရှိသည့် အလှူမဏ္ဍပ်ကြီးမှာ မျက်စိရှေ့မှာတွင်ပင် လူသေအလောင်းများ၊ ခြေပြတ်လက်ပြတ်များ၊ မသေမရှင်ဖြစ်နေသည့်လူများနှင့် သုဿန်တစပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ရွာသားများက ကျည်လွတ်ရာနေရာသို့ ရှောင်ပုန်းနေကြရလေသည်။ ထိုအခါ ဂျပန်တပ်များက အလှူမဏ္ဍပ်အတွင်းသို့ ချီတက်လာကြပြီးနောက် ချက်ပြုတ်ပြင်ဆင်ထားသည့် အစားအသောက်များကို အားပါးတရ စားသောက်ကြလေသည်။ ထိုမျှသာမကသေး ဒဏ်ရာရနေသူများကို ဘက်နက်ဖြင့်ထိုးသတ်ခြင်း၊ စစ်ဖိနပ်များဖြင့် ကန်ကျောက်သတ်ဖြတ်ကြခြင်းတို့ကို ပြုလုပ်နေကြသေးသည်။

ထိုကုန်းကလေး၏ အနောက်ဘက်တွင်လည်း ကုန်းကလေးတစ်ခုရှိသေးသည်။ ထိုကုန်းကလေးပေါ်တွင်တော့ ကရင်မကြီးတစ်ဦးက သူ့သားကလေး၏ အလောင်းကိုပွေ့ပိုက်ကာ ငိုကြွေးနေလေသည်။ လွတ်မြောက်သွားကြသည့် ရွာသူရွာသားများမှာ ကရင်မကြီးအားထွက်ပြေးရန် ဝိုင်းဝန်းအော်ဟစ်ကြသော်လည်း ကရင်မကြီးက မပြေးဘဲ သားဖြစ်သူမောင်ရှင်လောင်း၏ အလောင်းကိုသာပွေ့လျှက် ငိုကြွေးနေတော့သည်။ ဂျပန်စစ်သားများမှာ အလှူမဏ္ဍပ်ကုန်းပေါ်မှ လှမ်းကြည့်လိုက်လေရာ သားကိုပိုက်၍ငိုကြွေးနေသည့် ကရင်မကြီးကိုလှမ်းတွေ့မြင်သွားကြသည်။

ကရင်မကြီးကလည်း သားဖြစ်သူသေဆုံးသွားသဖြင့် ဂျပန်များကိုကြည့်ကာ ကရင်လိုအော်ဟစ်လျက် ဆဲဆိုနေလေသည်။ ကရင်စကားနားလည်သူများကမူ သာမန်ဆဲဆိုနေခြင်းမဟုတ်ဘဲ ဂျပန်စစ်သားများကို အသေဆိုးနှင့်သေကြစေရန်အတွက် ကျိန်စာတိုက်နေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ ကရင်မကြီးအော်ဟစ်နေသဖြင့် ဂျပန်စစ်သားများက နားငြီးသည်လားတော့မပြောတတ်ပေ၊ ဂျပန်စစ်သားတစ်ဦးက ရိုင်ဖယ်သေနတ်နှင့် အလှူမဏ္ဍပ်ကုန်းပေါ်မှ သေနတ်နှင့်လှမ်းပစ်ထည့်လိုက်ရာ ကရင်မကြီး၏ ဦးခေါင်းတည့်တည့်ကို ကျည်ဆန်ထိမှန်ကာ ကရင်မကြီးလည်း ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

တိုက်ပွဲဖြစ်ရာဒေသမှ ဆုတ်ခွာထွက်ပြေးလာကြသည့် ဂျပန်များမှာ အငတ်ငတ်အပြတ်ပြတ်နှင့် အလှူအတွက် ချက်ပြုတ်ထားသည့် အစားအစာများကို အငမ်းမရစားသောက်ကြလေသည်။ ကရင်မကြီး၏ သေခါနီးတိုက်ခဲ့သည့် ကျိန်စာက အစွမ်းပြခြင်းလား၊ အများကပြောသလို ထိုကရင်မကြီးမှာ စုန်းကဝေတစ်ဦးဖြစ်၍လားတော့ မပြောတတ်ပေ၊ အလှူထမင်းဟင်းများကို စားသောက်ပြီးသည့် ဂျပန်များမှာ ညနေနေဝင်သွားသည့်အချိန်မှာပင် အော့အန်ကုန်ကြလျှက် ဂျပန်စစ်တပ်တစ်ဖွဲ့လုံး ပါးစပ်တွင်အမြှုပ်များထွက်ကာ သေဆုံးကုန်ကြသည်မှာ တစ်ဦးတစ်ယောက်ပင် မကျန်ပေ။ အယောက်သုံးဆယ်ခန့်ရှိသည့် ဂျပန်တပ်တစ်တပ်လုံးမှာ ကရင်မကြီးကျိန်စာအတိုင်း အသေဆိုးနှင့်သေကုန်ကြလေသည်။

သို့သော် ဂျပန်များသေဆုံးသွားသော်လည်း ထိုအမင်္ဂလာကုန်းကြီးမှာ အလွန်သရဲခြောက်သည့် ကျတ်ကုန်းကြီးအဖြစ် တည်ရှိနေခဲ့လေသည်။ ခေတ်များစွာပြောင်းလဲသွားသော်လည်း ထိုကုန်းကြီးကို ခြေချရဲသူမရှိကြ၊ ထိုကုန်းအနီးတွင် ဂျပန်စကားဖြင့် အော်ဟစ်ပြောဆိုသံများ၊ တစ်ခါတစ်ရံ စစ်ဖိနပ်သံများဖြင့် ညီညီညာညာချီတက်နေသည့်အသံများ၊ အချို့မှာ သေနတ်ကိုင်ထားကြသည့် ဂျပန်စစ်သားများကို ရိုးတိုးရိပ်တိတ်မြင်တွေ့ကြရသည်မို့ ထိုကုန်းကြီးအား ကွင်းချောင်းရွာသားများ မည်သူမှ မသွားဝံ့ပေ။

ထိုကုန်းအနီးတွင်ရှိသည့် ဘုန်းကြီးကျောင်းကြီးနှင့် စေတီမှာလည်း လူသူမရောက်၊ နေထိုင်သည့်သူမရှိတော့သဖြင့် ကျောင်းပျက် စေတီပျက်ကြီးတစ်ခုအဖြစ် တည်ရှိနေလေတော့သည်။ ဂျပန်များသေဆုံးခဲ့သည့်ကုန်းအား ယခုတိုင် ဂျပန်ကုန်းဟု ခေါ်ဝေါ်ကြသကဲ့သို့ ကရင်မကြီး ကျိန်စာတိုက်ခဲ့သည့် ကုန်းကလေးကိုလည်း ကျိန်စာကုန်းဟုခေါ်ဆိုရင်း ကာလကြာရှည်လာသည့်အခါ ကျိန်ကုန်းဟု အမည်တွင်နေလေတော့သည်။

ဘကြီးပြောင်မှာ သူငယ်စဉ်က တွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို ရွာခံကလေးများအား ပုံပြင်တစ်ပုဒ်သဖွယ်ပြောဆိုနေခြင်းဖြစ်သည်။ ဂျပန်ကုန်းနှင့် ပတ်သက်သည့် ပါးစပ်ရာဇဝင်၊ ဒဏ္ဍာရီဇာတ်လမ်းများကို ကွင်းချောင်းရွာသူရွာသားများအဖို့ အပ်ကြောင်းထပ်အောင် ကြားဖူးနေကြသော်လည်း ရွာခံကလေးငယ်များအဖို့မူ အသစ်အဆန်းသဖွယ်ဖြစ်နေကြလေသည်။

“ဒါဆို အဲဒီကရင်မကြီးရဲ့ ကျိန်စာက အတော်စွမ်းတာပေါ့နော် ဘကြီးပြောင်”

အမေးအမြန်းထူသည့် ကလေးငယ်တစ်ဦးက ဘကြီးပြောင်အားမေးတော့သည်။

“အေးပေါ့ကွ၊ သေခါနီးတိုက်တဲ့ကျိန်စာက တကယ်စွမ်းတယ်ဆိုတာကိုး၊ တစ်ချို့ကလည်း အဲဒါ ကျိန်စာကြောင့်မဟုတ်ဘူးတဲ့ကွ၊ ကရင်မကြီးက စုန်းမကြီးတဲ့၊ စုန်းမှန်းမသိအောင် ဇာတ်မြှုပ်ပြီးတော့ နေတယ်ဆိုပဲ၊ ဂျပန်တွေသေတာကလည်း သူ့ရဲ့စုန်းပညာနဲ့လုပ်လိုက်တာလို့ပြောကြသေးတယ်၊ တစ်ချို့ကတော့ ဒီလိုမယူဆဘူးကွ၊ အလှူထမင်းတွေစားပြီး ဂျပန်တွေသေကုန်တယ်ဆိုတာ မျိုးချစ်စိတ်ရှိတဲ့ ရွာသားတစ်ချို့က ဂျပန်တွေမစားခင် အလှူထမင်းထဲကို အဆိပ်တွေခပ်ထည့်လိုက်လို့ သေကုန်ကြတာဆိုပဲ”

“ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီဂျပန်ကုန်းဆိုတဲ့အသံကြားလိုက်တာနဲ့တင် အလိုလိုကြက်သီးထလာတာဗျ၊ ဟိုတစ်လောကတောင်မှ ကိုကြီးဖိုးသားတစ်ယောက် ဂျပန်ကုန်းမှာ သရဲခြောက်ခံရသေးတယ်မဟုတ်လား”

“အေး၊ ဟုတ်တယ်၊ ဖိုးသားက နွားပျောက်လို့လိုက်ရှာရင်း ညနေစောင်းမှာ ဂျပန်ကုန်းကိုရောက်သွားတာတဲ့ကွ၊ ဖိုးသားက နွားကျောင်းသား၊ ပြီးတော့ သရဲတွေဘာတွေလည်း ကြောက်တဲ့ကောင်မဟုတ်ဘူးကွ၊ ဒီကောင်အရဲစွန့်ပြီး ဂျပန်ကုန်းမှာ နွားလိုက်ရှာတော့ ချုံတွေကြားထဲမှာ ဂျပန်တွေအိပ်နေတာကိုမြင်တွေ့လိုက်ရသတဲ့ကွာ၊ သေနတ်တွေလည်း ကိုင်လို့တဲ့ကွ၊ ဒီကောင့်ကိုမြင်တော့ ဂျပန်တွေက ကွိကွိကွကွနဲ့အော်ကြတယ်ဆိုပဲ၊ နှုတ်ခမ်းမွှေးနဲ့ ဂျပန်ကြီးတစ်ယောက်က ဒီကောင့်နောက်ကို ဓါးကြီးကိုင်ပြီးလိုက်တော့မှ ဒီကောင်လည်းခြေကုန်သုတ်ပြေးတာ ရွာကိုတောင် ရောက်မှန်းမသိရောက်လာတယ်ဆိုပဲကွ”

ဘကြီးပြောင်ပြောစကားကို နားထောင်ပြီးသည့်အခါ ကလေးများမှာကြောက်ရွံ့သွားကြသည်။ ကလေးတစ်သိုက်ထဲတွင် ဘကြီးပြောင်ပြောသမျှကို မှုန်တေတေနှင့်နားထောင်နေသည့်ကလေးတစ်ယောက်ရှိလေသည်။ အခြားကလေးများက ထိုကလေးအားကြည့်ပြီး

“ဟေ့ကောင်ဂျပန်ကြီး၊ မင်းကဂျပန်ဆိုတော့ ဒီဂျပန်သရဲတွေကို မကြောက်ဘူးမို့လားကွ”

ဂျပန်ကြီးဆိုသည့်ကလေးက အခြားကလေးများကိုကြည့်ရင်း

“မကြောက်ပါဘူး၊ ငါက နည်းနည်းလေးမှတောင် မကြောက်ဘူး”

ဘကြီးပြောင်က ဂျပန်ကြီးအားကြည့်ရင်း

“ဟေ့ကောင်ဂျပန်ကြီး၊ မင်းမကြောက်ဖူးဆိုပြီး အဲဒီနေရာကို တစ်ယောက်ထဲမသွားနဲ့ကွနော်၊ တော်ကြာ တစ်ခုခုဖြစ်ရင် မင်းအမေသန်းတင် ရင်ကျိုးနေအုံးမယ်၊ ကြားလား”

ဘကြီးပြောင်ပြောလိုက်သည့်အခါ ဂျပန်ကြီးကခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူတို့လူစုလည်း ဘကြီးပြောင်အိမ်ဝိုင်းအတွင်းမှထွက်လာကာ လူစုခွဲလိုက်ကြလေတော့သည်။

(၂)

အချိန်ကာလအားဖြင့် ၁၉၈၀ပြည့်ဝန်းကျင်ဖြစ်သည်။ ဂျပန်များသေဆုံးသည့်အဖြစ် ဖြစ်ပွားပြီး နှစ်ပေါင်းသုံးဆယ်ကျော်၊ လေးဆယ်နီးပါးရှိနေသည့်အချိန်ဖြစ်၏။

ကွင်းချောင်းရွာ အနောက်ပိုင်းတွင်နေထိုင်သည့် ကိုထွန်းရင်နှင့် မသန်းတင်တို့မှာ တတိယမြောက်သားကလေးကို မွေးဖွားခဲ့ကြလေသည်။ သို့သော် ထိုသားကလေးမှာ အရှေ့မှ အကိုများနှင့်မတူဘဲ အသားအရည်မှာ မွေးစကပင်ဖြူစင်းကာ မျက်ပေါက်မှေးမှေးနှင့်ဖြစ်လေသည်။ ကြီးလာသည့်အခါတွင်လည်း အသားမှာဖွေးဖွေးဆွတ်အောင်ဖြူလေသည်။ ကိုထွန်းရင်နှင့် မသန်းတင်တို့မှာ ဗမာများဖြစ်ကြသည့်အလျှောက် အသားအရည်မှာ ညိုမည်းသော်လည်း တတိယမြောက်သားကလေးမှာတော့ သူတို့နှင့်မတူဘဲ ဖြူစင်သည့်အသားအရည်ရှိသဖြင့် အလွန်ထူးဆန်းနေကြလေသည်။

ထိုကလေးမှာ ငယ်ငယ်က စကားပြောခဲလေသည်။ အသက်ငါးနှစ်အထိ ဗမာစကားကောင်းကောင်းမပြောတတ်သေးပေ၊ သို့သော် ထိုကလေးမှာ တစ်ခါတစ်ရံတွင်တစ်ယောက်တည်း ကွိကွိကွကွစကားများကို ပြောဆိုနေတတ်လေသည်။ ကွင်းချောင်းရွာရှိ ရှေ့မှီနောက်မှီ အဘကြီးတစ်ယောက်က ထိုကလေးစကားပြောနေသည်များကို နားထောင်ကာ ဂျပန်စကားများဖြစ်သည်ဟု ပြောဆိုလေသည်။ ထိုအဘကြီးမှာ ဂျပန်ခေတ်ကိုမှီခဲ့သူဖြစ်ရာ ဂျပန်စကားကို ကြားဖူးနားဝရှိသည်ဟုဆိုသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်သီသည့် ထိုရွာကလေးတွင် ဂျပန်စကားကို မသင်ဘဲတတ်မြောက်နေခြင်းမှာ ထူးခြားမှုတစ်ခုဖြစ်နေပြန်သည်။ ထို့ကြောင့် ထိုကလေးအား မိဘများနာမည်ပေးထားသည့် မောင်ထွန်းခင်ဟူသည့် အမည်ပျောက်ကာ ဂျပန်ကြီးဟုသာ ရပ်ရွာမှခေါ်ဆိုကြလေသည်။

ဂျပန်ကြီးမှာ အသက်ကြီးလာသည်နှင့်အမျှ ဗမာတစ်ဦးနှင့်လုံးလုံးမတူဘဲ ဂျပန်တစ်ယောက်နှင့်ပင် တူညီနေပြန်သည်။ အသက်ဆယ်နှစ်ခန့်ရှိသည့်အခါ ဂျပန်ကြီးမှာ စကားအတော် ပြောလာနိုင်သည်။ တစ်ခါကလည်း ဘေးနားရွာတွင် အလှူရှိသဖြင့် ကိုထွန်းရင်တို့ မိသားစုလိုက် လှည်းဖြင့်ထွက်လာခဲ့ကြသည်။ ရွာပြင်အရောက်တွင် ဂျပန်ကြီးက ဂျပန်ကုန်းဆီသို့ငေးမျှော်လှမ်းကြည့်နေသည်ကိုတွေ့ရသဖြင့် ကိုထွန်းရင်က ဂျပန်ကြီးအားကြည့်ရင်း

“ဟေ့သား၊ ဘာတွေတွေ့လို့ အဲဒီလောက်တောင်ကြည့်နေရတာလဲကွာ”

ထိုအခါ ဂျပန်ကြီးက

“ဟိုမှာ သားကိုဂျပန်ကြီးတွေက လက်ပြပြီးနှုတ်ဆက်နေကြတယ်အဖေ”

ကိုထွန်းရင်ကြည့်လိုက်သည့်အခါတွင်လည်း ထိုနေရာတွင် လူမနေထိုင်သည့်အတွက် ချုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေသည်မှလွဲ၍ လူနှင့်တူသည့်ပုံ တစ်ခုမှမတွေ့ရသဖြင့် ကိုထွန်းရင်မှာ အလွန်ထူးဆန်းနေတော့သည်။ ထိုအချိန်မှစ၍ ဂျပန်ကြီးအား လူဝင်စားအဖြစ် ရွာကသတ်မှတ်ကာ မသန်းတင်မှာလည်း သားဖြစ်သူအား အရိပ်တကြည့်ကြည့်စောင့်ကြည့်လေတော့သည်။

တောရွာကလေးများနည်းတူ ဂျပန်ကြီးမှာလည်း အသက်အရွယ်ရလာသည်နှင့် မိဘဖြစ်သူ၏ လယ်ယာလုပ်ငန်းအား ကူညီပေးရလေသည်။ ဂျပန်ကြီးအသက်ဆယ့်လေးနှစ်ခန့်ရောက်သည့်အခါ နွားကျောင်း၊ လယ်ထွန်၊ ပေါင်းသင် စသဖြင့်လယ်ယာလုပ်ငန်းခွင်တွင်ကူညီပေးရလေသည်။ သို့နှင့် တစ်ရက်တွင် နွားကျောင်းသွားသည့် ဂျပန်ကြီးမှာ ရွာသို့ပြန်မလာခဲ့ပေ၊ အချိန်ညနေစောင်းနေသဖြင့် မိဘဖြစ်သူ ကိုထွန်းရင်နှင့် မသန်းတင်တို့မှာ အလွန်စိတ်ပူကာ လိုက်ရှာကြလေသည်။ ထိုအချိန်ရွာသားတစ်ဦးမှာ သတိပေးသဖြင့် ဂျပန်ကုန်းတွင်သွားရောက်ရှာဖွေကြလေရာ ဂျပန်ကြီးကို ဂျပန်ကုန်းတွင်ပြန်တွေ့ရလေသည်။ ဂျပန်ကြီးက ဂျပန်ကုန်းတွင် တစ်ခုခုကိုရှာဖွေနေဟန်ဖြင့် ရှာဖွေနေလေတော့သည်။

“ဟာ၊ ဟေ့ကောင် ဂျပန်ကြီး၊ မင်းမို့လို့ မကြောက်မရွံ့ကွာ၊ ဒီနေရာမှာ ဘာလာလုပ်နေတာလဲကွ”

“ဟာ အဖေတို့ပါလား၊ ကျုပ် သေတ္တာကလေးတစ်ခုရှာနေတာအဖေရ”

“ဟေ၊ ဒီလိုတောခေါင်ခေါင်နေရာမှာ ဘယ်ကသေတ္တာရှိမှာလဲသားရဲ့”

“မဟုတ်ဘူးအဖေ၊ သားကို ဗိုလ်ကြီးကပြောထားတယ်၊ ဒီနားမှာ သေတ္တာတစ်လုံးရှိတယ်တဲ့၊ အဲဒီသေတ္တာထဲမှာ ပိုက်ဆံတွေရှိတယ်လို့ပြောတယ်၊ အဲဒီပိုက်ဆံတွေယူပြီးတော့ သူတို့အတွက် လှူပေးပါလို့ ပြောတယ်အဖေရ”

“ဟေ၊ ဟုတ်လို့လားကွာ”

ထိုနေ့တွင်တော့ ဂျပန်ကြီးကို ရွာသို့ပြန်ခေါ်လာခဲ့သည်။ ဂျပန်ကြီးသတင်းက ရွာအတွင်းပျံ့နှံ့သွားလေရာ ကွင်းချောင်းရွာဦးကျောင်းဆရာတော်ကိုယ်တိုင် ကိုထွန်းရင်တို့အိမ်ဆီသို့ ကြွလာကာ ဂျပန်ကြီးအားမေးမြန်းလေတော့သည်။ ရွာဦးကျောင်းဆရာတော်မေးမြန်းသည့်အခါမှ ဂျပန်ကြီးက ယခင်ဘဝအကြောင်းများကို မချွင်းမချန် ပြန်လည်ပြောပြလေတော့သည်။ ရွာဦးကျောင်းဆရာတော်မှာ ထိုကိစ္စကိုစိတ်ဝင်စားသူဖြစ်လေရာ ဗလာစာအုပ်ဖြင့် တခုတ်တရ ရေးမှတ်ထားလေသည်။ ဂျပန်ကြီးမှာ ယခင်ဘဝမှ သူ့နာမည်များ၊ ယခင်ဘ၀ အဖေနှင့်အမေမှာ အိုဆာကာမြို့တွင်နေထိုင်ကြောင်းမှစ၍ သူစစ်ထဲဝင်ခဲ့ပုံ၊ တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရပုံများကို ပြောပြနိုင်လေသည်။

သို့သော် သူတို့သေဆုံးခဲ့သည့်အကြောင်းများကိုမူ ပြန်လည်မပြောနိုင်ခဲ့ပေ၊ ရွာဦးကျောင်းဆရာတော်က ဆက်လက်မေးမြန်းကြည့်ရာ ထိုဂျပန်ကုန်းတွင် ဂျပန်ဆယ့်ရှစ်ယောက်ခန့်ရှိကြောင်း၊ ဗိုလ်ကြီးမှာ နှုတ်ခမ်းမွှေးထူထူနှင့် အရပ်ပုပုဖြစ်ကြောင်း၊ သူတို့ဆုတ်ခွာထွက်ပြေးလာရင်း သေတ္တာတစ်လုံးကျန်ခဲ့ကြောင်း ထိုသေတ္တာအတွင်းတွင် ပိုက်ဆံများနှင့်ရတနာများရှိကြောင်း ပြောဆိုလေသည်။ ဂျပန်ဗိုလ်ကြီးမှာလည်း ဗုဒ္ဓဘာသာတစ်ဦးဖြစ်သည့်အတွက် ထိုသေတ္တာကိုရှာဖွေပြီး လှူဒါန်းစေလိုကြောင်း ပြောဆိုလေတော့သည်။

ဂျပန်ကြီး၏ စကားများကို အားလုံးက နားလည်ကြသော်လည်း ဂျပန်ကြီးကို ထိုနေ့မှစ၍ ခြံထဲမှထွက်ခွင့်မပေးတော့ပေ၊ အထက်လမ်းဆရာများနှင့်တိုင်ပင်ကာ ဂျပန်ကြီးတစ်ယောက် ဂျပန်သရဲများနှင့် အဆက်အသွယ်မလုပ်နိုင်စေရန်အစီအရင်များ စီရင်ထားတော့သည်။ ဂျပန်ကြီးထံမှ ရတနာသေတ္တာသတင်းကြားရသည့်အခါ သတ္တိကောင်းသည့်ရွာသားများက ရတနာသေတ္တာအား တိုးတိုးတိတ်တိတ်သွားရောက်ရှာဖွေကြသော်လည်း သေတ္တာကိုမတွေ့ဘဲ အမျိုးမျိုးခြောက်လှန့်ခံကြရကာ ပြန်လည်ထွက်ပြေးလာကြရသည်။

(၃)

ထိုနောက်ပိုင်းမှစတင်၍ ဂျပန်ကြီးမှာ အတိတ်အကြောင်းအရာများကို မေ့တေ့တေ့ဖြစ်လာဟန်တူသည်။ ဂျပန်ကြီးအသက်နှစ်ဆယ်အရွယ်အရောက်တွင် မိဘများက တစ်ရွာတည်းနေ မခင်လှဆိုသူနှင့် ပေးစားလိုက်တော့သည်၊ မခင်လှနှင့်အကြောင်းပါပြီး သားတစ်ယောက်မွေးပြီးသည့်အခါ ဂျပန်ကြီးမှာ သူအဖြစ်ချင်ဆုံးဆန္ဒတစ်ခုအား မခင်လှကိုဖွင့်ပြောလေတော့သည်။

“ခင်လှ၊ မင်းကိုငါအယုံဆုံးလူလို့ သတ်မှတ်လို့ ဒီအကြောင်းတွေကိုတိုင်ပင်ချင်တယ်”

“ပြောပါအုံးအကိုရယ်”

“အကို ဂျပန်ကုန်းကိုသွားချင်တယ်၊ ဂျပန်ကုန်းက အကို့ရဲ့သူငယ်ချင်းတွေနဲ့ အရာရှိကို ကူညီပေးချင်တယ်၊ သူတို့တွေ အဲဒီဂျပန်ကုန်းမှာ ဒုက္ခသုက္ခတွေခံစားပြီးနေလာရတာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီ၊ သူတို့ကိုလွတ်မြောက်အောင် အကိုလုပ်ပေးချင်တယ်”

“အကိုက ဘာလုပ်ပေးချင်လို့လဲ”

“ဂျပန်ကုန်းမှာ ရတနာသေတ္တာရှိတယ်ဆိုတာ မင်းလည်းသိတယ်မဟုတ်လား ခင်လှ၊ ဒီတော့ အကိုတို့ ရွာသားတွေမသိအောင်လို့ အဲဒီရတနာသေတ္တာကိုသွားရှာကြမယ်၊ ရတနာတွေရတဲ့အခါ သူတို့ကိုရည်စူးပြီးတော့ အလှူအတန်းလုပ်ပြီး အမျှအတန်းဝေပေးကြရအောင်”

မခင်လှမှာ လင်ယောက်ျားဖြစ်သူ၏ စကားကိုနားထောင်ချင်သော်လည်း ဂျပန်ကုန်းဆိုသည့်နေရာကိုကြားသည်နှင့် ကြောက်ရွံ့နေမိသည်။

“အကိုရယ်၊ အကို့သားကလည်းငယ်ပါသေးတယ်၊ ပြီးတော့ ဂျပန်ကုန်းဆိုတာကလည်း မြေကြမ်းတဲ့နေရာဆိုတော့ ကျွန်မကတော့ အကို့ကိုအဲဒိကိုမသွားစေချင်ဘူး”

မခင်လှအား စည်းရုံး၍မရသဖြင့် ဂျပန်ကြီးမှာစိတ်ညစ်သွားရတော့သည်။ ဂျပန်ကြီးက တငူငူတငိုင်ငိုင်နှင့် တစ်ပတ်ခန့်ကြာနေထိုင်ပြီးသည့်နောက် နောက်ဆုံးမခင်လှမှာ လင်ယောက်ျား၏ စကားကိုလက်ခံလိုက်ရတော့သည်။

မနက်လင်းသည်နှင့် ကလေးအားဆွေမျိုးများနှင့်ထားခဲ့ပြီး မခင်လှနှင့်ဂျပန်ကြီးမှာယာခင်းထဲဆင်းသည့်ဟန်၊ ထင်းခွေသည့်ဟန်ဖြင့် ဂျပန်ကုန်းသို့သွားကာ ရတနာသေတ္တာကိုတူးဖော်ရှာဖွေကြလေသည်။ ဂျပန်ကုန်းမှာ အလွန်အခြောက်အလှန့်ကြမ်းလှသည်ဆိုသော်လည်း မခင်လှမှာ သရဲကိုအရိပ်အယောင်ပင်မမြင်ရပေ၊ သို့သော်လည်း လင်ယောက်ျားဖြစ်သူ ဂျပန်ကြီးမှာ တစ်ခါတစ်ရံတစ်စုံတစ်ယောက်နှင့်စကားပြောနေသည့်အသံများကိုတွေ့ရသည်။ သုံးရက်တိတိတူးဖော်ပြီးသည့်အခါ နောက်ဆုံးတွင်တော့ တွင်းတူးရင်း သံထည်အပိုင်းအစတစ်ခုကိုတွေ့ရှိကြလေသည်။ ထိုသံထည်အပိုင်းအစအား ဆက်လက်တူးဖော်လိုက်သည့်အခါ သံသေတ္တာတစ်ခု၏ အစွန်းဖြစ်နေသည်ကိုတွေ့ရသည်။ သံသေတ္တာမှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီမို့ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သည်။

ထိုသံသေတ္တာအားဖွင့်ကြည့်ကြသည့်အခါ စုတ်ပြဲနေပြီဖြစ်သည့် ဂျပန်ခေတ်ငွေစက္ကူများကိုတွေ့ရသည်။ ငွေစက္ကူများမှာ အပုံလိုက်ကြီးဖြစ်နေသည်။ ထိုခေတ်ထိုအခါက အလွန်တန်ဖိုးရှိမည်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ တန်ကြေးမရှိတော့ပေ၊ ငွေစက္ကူများနှင့်အတူ ရွှေလက်စွပ်သုံးကွင်းနှင့် အခြားကြေးထည်ပစ္စည်းများကိုတွေ့ရသည်။ ခေတ်ကာလတန်ကြေးအားဖြင့် များများစားစားမရှိသော်လည်း ဂျပန်ကြီးက ထိုပစ္စည်းများကိုထုခွဲရောင်းချပေးပြီးနောက် မိမိတွင်ရှိသည့် ငွေများကိုစိုက်ကာ အလှူအတန်းတစ်ခုစီစဉ်ပေးလိုက်လေသည်။ အလှူရေစက်ချသည့်နေ့တွင် ဂျပန်ကြီးက ဂျပန်ကုန်းသို့သွားကာ ဂျပန်လိုအော်ဟစ်ပြောဆိုနေလေသည်။ ဂျပန်ကြီးပြောသည်ကို မည်သူမှလည်းနားမလည်နိုင်ကြပေ၊ ဂျပန်ကြီးမှာ ပြောဆိုနေရင်း မျက်ရည်များပင် ကျသည်ဟုဆိုကြသည်။

“ခင်လှရေ၊ ဗိုလ်ကြီးက ငါ့ကိုတာဝန်ကျေပြီလို့ပြောတယ်၊ ပြီးတော့ ငါလည်းမကြာခင် ဂျပန်ကိုပြန်ရတော့မယ်တဲ့ဟ”

ဂျပန်ကြီးပြောသည့်စကားကို ရွာသူရွာသားများမှာ နားမလည်နိုင်ကြပေ၊ ထိုကိစ္စများဖြစ်ပွားပြီး သုံးနှစ်ခန့်အကြာတွင်တော့ ဂျပန်ကြီးတစ်ယောက် ကောက်ကာငင်ကာနှင့် သေဆုံးသွားလေတော့သည်။ ထိုတော့မှ ဂျပန်ပြည်ပြန်မည်ဆိုသည့်စကားမှာ သေဆုံးမည့်စကားဖြစ်မှန်းသိကြရသည်။ မခင်လှထံတွင် ဂျပန်ကြီးနှင့်ရသည့် သားနှစ်ယောက်ကျန်ခဲ့လေသည်။ သို့သော် သားနှစ်ယောက်စလုံးမှာ ဗမာပုံစံစစ်စစ်များဖြစ်ကြသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင် တောင်ငူမြို့မှလာကြသည့် ဧည့်သည်များမှာ ဂျပန်ကြီးအကြောင်းကိုကြားသိသွားပြီး ဂျပန်ကြီးပြောသည့်အရာများမှာ ဟုတ်မဟုတ်ကိုစုံစမ်းမည်ဟုပြောဆိုကာ ရွာဦိးကျောင်းဆရာတော်မှတ်သားထားသည့် စာအုပ်ကိုယူဆောင်သွားကြလေသည်။ ထိုနောက်ပိုင်းတွင် ထိုဧည့်သည်များနှင့် အဆက်အသွယ်မရတော့သဖြင့် ဂျပန်ကြီးဇာတ်လမ်းမှာ ကွင်းချောင်းရွာအနီးတစ်ဝိုက်တွင် ပြောဆိုလေ့ရှိသည့်် ပုံပြင်တစ်ပုဒ်သဖွယ်ဖြစ်ကာ တိမ်ကောသွားလေတော့သည်။

ယခုထက်တိုင် ကွင်းချောင်းရွာအနီးတွင် ဂျပန်ကုန်းဆိုသည့် နေရာတစ်ခုရှိနေသေးသည်။ ထိုအနီးမှ စေတီပျက်အား ဆရာတော်တစ်ဦးက ဦးဆောင်ကာ ပြန်လည်ပြုပြင်သွားသဖြင့် ယခုဆိုလျှင် ဆည်းလည်းသံတညံညံဖြင့် ကြည်ညိုဖွယ်ကောင်းသည့် စေတီတစ်ဆူဖြစ်နေလေချေပြီ၊ ကွင်းချောင်းရွာကလေးမှာလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ဆိုင်ကယ်များဥဒဟိုသွားလာနိုင်သည့်ရွာကလေးတစ်ရွာဖြစ်နေလေပြီ၊ သို့သော်ရွာသူရွာသားအတော်များများမှာ ထိုဂျပန်ကုန်းဟူသည့် အမည်နာမ မည်သို့ခေါ်တွင်ခဲ့သည်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပြီဖြစ်ပြီး ရှေ့မီနောက်မီ သက်ကြီးဝါကြီးလူများလောက်သာ ဂျပန်ကုန်းမှဂျပန်သရဲများနှင့် ဂျပန်ကုန်းမှစစ်သားဝင်စားခဲ့သည့် ဂျပန်ကြီးအကြောင်းကို သိရှိကြလေတော့သည်။ ထိုရွာတွင်လည်း ဂျပန်ကြီး၏ သားသမီး၊ မြေးမြစ်များမှာ ရနေ့ထက်တိုင် နေထိုင်လျှက်ရှိနေပါသေးသည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
#အဂ္ဂဇော် #ဖြစ်ရပ်မှန် #သရဲ