ငါ့ထဘီပြန်ပေး

*ငါ့ထဘီ ပြန်ပေ*📖📖📖

*************************

အိမ်ရောက်တာနဲ့ ထမင်းအိုးတစ်လုံး တည်ပြီး၊ မသိန်းညွန့် ရေချိုးရန်အတွက် ရေခံပြင်သို့ ထွက်လာခဲ့တယ်။ သူ့လက်ထဲမှာ လျှော်ဖွပ်မယ့် အဝတ်ဟောင်းတစ်ချို့ပါလာတယ်။

နေကုန်အောင် ပဲရွေးရတာမို့ ညနေစောင်းတော့ ညီးစီစီဖြစ်နေတာနဲ့ ရေချိုးရင်း အဝတ်တွေပါ လျှော်မယ်ဆိုပြီး ရေတိုင်ကို ရောက်လာခဲ့တယ်။

ရေတိုင်က အိမ်နောက်ဖေးမှာ။ ပါလာတဲ့ အဝတ်တွေကို တဒိုင်းဒိုင်းနဲ့ လျှော်ဖွပ်ပြီး၊ ကိုတင်မောင် လုပ်ပေးထားတဲ့ ဝါးလုံးတန်းမှာ အဝတ်တွေကို လှန်းလိုက်တယ်။

နေက ဝင်စပြုနေပြီ။နေမပူပေမယ့် လေနဲ့ သွေ့ခြောက်လိမ့်မယ်ဆိုပြီး၊ အဝတ်တွေကို ကျကျနန ဖြန့်လှန်းနေလိုက်တယ်။

အဲ့ဒီအချိန် သူ နောက်ကျောပေးထားတဲ့ ရေတိုင်က ရေကျသံကြားလိုက်ရတယ်။ မသိန်းညွန့်က လှည့်မကြည့်ဘဲ သူ့ယောက်ကျားကိုတင်မောင်  အလုပ်က  ပြန်လာတယ်အထင်နဲ့ …

” ကိုတင်မောင်ရေ ဆာပြီလား၊  ခဏတော့ စောင့်ဦးတော်။ ကျုပ် ရေချိုးပြီးတော့ ထမင်း အတူစားကြတပေါ့ “

တင်မောင်က လက်သမား။ အလုပ်က ပြန်လာရင် အခုလို ရေတိုင်မှာ ခြေတောက်လက်တောက် ဆေးပြီး မျက်နှာသစ်တတ်တယ်။ ပြီးရင်တော့ မသိန်းညွန့် ခူးခပ်ပေးတဲ့ ထမင်းကို တန်းစားတတ်သူ။ ဒါကြောင့် မသိန်းညွန့်က သူ ရေချိုးတာ ခဏစောင့်ပါဦးလို့ လှမ်းပြောတာ။

မသိန်းညွန့် အဝတ်တွေ လှန်းပြီးတော့ ရေတိုင်ကို ပြန်လာတယ်။ ကိုတင်မောင်က မရှိတော့ဘူး။ မသိန်းညွန့် စိတ်ထဲ ဒီယောက်ျား တယ်မြန်ပါလားလို့ တွေးလိုက်မိတယ်။

ဒါနဲ့ မသိန်းညွန့်က စဉ့်အိုးထဲက ရေကို ခပ်ချိုးမယ်အလုပ် … သူ ခုနက ထားခဲ့တဲ့  ရေဖလားကို မတွေ့ရတော့ဘူး။ ကိုတင်မောင်များ ရေဖလားကို ယူသွားသလားဆိုပြီး၊

” ကိုတင်မောင် … တော် ရေဖလား ယူသွားသေးလား “

အိမ်ထဲက ပြန်ဖြေသံမကြားရဘူး။ မသိန်းညွန့် ကျောပေးထားတဲ့ နောက်က ရှပ်ရှပ်ဆိုတဲ့ အသံ ထွက်လာတယ်။

အသံသဲ့သဲ့ ကြားလိုက်ရလို့လားမသိ။ မသိန်းညွန့် မျက်လုံးက အနောက်ဖက်ခြံစည်းရိုးဘက် ရောက်သွားတယ်။ အဲ့ဒီမှာ သူရှာနေတဲ့ ရေဖလားကို တွေ့လိုက်တယ်။

” ဟင်! ရေဖလားက ဘယ်လိုလုပ် အဲ့ဒီနေရာ ရောက်နေတာလဲ “

ရေဖလားက ခြံစည်းရိုးနားက မြေပေါ်မှာ မှောက်ခုံလေး။ ဇဝေဇဝါနဲ့  မသိန်းညွန့်  ရေဖလားကို သွားယူလိုက်တယ်။

မသိန်းညွန့်  ရေဖလားကို ယူပြီး ခပ်မြန်မြန် ရေချိုးလိုက်တယ်။ ရေချိုးနေရင်း ကိုတင်မောင်များ ဗိုက်ဆာလာလို့  ဒေါသထွက်ပြီး  ရေဖလားကို လွှင့်ပစ်လိုက်တာလားလို့ တွေးလိုက်မိသေးတယ်။

ရေချိုးပြီး တစ်ခါ …

” ဟင်! ဒီပေါ်တင်ထားတဲ့ ထဘီက ဘယ်ရောက်သွားပြန်တာလဲ “

ရေတိုင်နံဘေးက ကျောက်ခဲတုံးပေါ် တင်ထားတဲ့ ထဘီက ပျောက်နေပြန်တယ်။ အဲ့ဒီမှာ ခုနလိုပဲ ရှပ်ရှပ် ဆိုတဲ့ အသံသဲ့သဲ့ထပ်ကြားရလို့ သူ လှည့်ကြည့်လိုက်ပြန်တယ်။

ထဘီက  မြေပေါ်မှာ အခေါက်လိုက်လေး ။ ဒီတစ်ခါ မသိန်းညွန့် အတော် ဒေါသထွက်သွားတယ်။

ဒီယောက်ျား  သူဟာသူ ဗိုက်ဆာလည်း ခူးစားနှင့်ပေါ့။ ဘယ့်နှယ် သူ့ထဘီကို လွှင့်ပစ်ရတာလဲလို့ ဒေါသဖြစ်သွားပြီး …

” ကိုတင်မောင်  ရှင်တစ်ယောက်တည်း အလုပ်လုပ်နေရတာမဟုတ်ဘူးနော်။ ကျုပ်လဲ တစ်နေကုန် အရီးမြတို့ဆီမှာ ပဲရွေးလိုက်နေရတာ ။

တကတည်း  မိန်းမက ခူးပေးမှ ထမင်း စားလို့ ရတယ် ထင်နေသလားမသိဘူး “

မသိန်းညွန့်က အဲ့သလို ပြောပြီး၊ သူ့ထဘီကို သွားကောက်တယ်။ အိမ်ထဲက ဘာမှ ခွန်းတုန့်ပြန်တာ မကြားရဘူး။

ဒီထဘီက  ဒီနေ့ ညနေမှ အရီးမြက သူ့ကို ‘ ဒါလေးက ညည်းနဲ့ လိုက်မှာအေ့ ။ ယူသွားတော့ ။ ငါ ညည်းကို အလကား ပေးလိုက်တာနော် သိန်းညွန့် ‘ ဟုဆိုကာ ပေးလိုက်ခြင်း ဖြစ်တယ်။

အရီးမြက မပေးစဖူး ပေးလိုက်တာဆိုတော့ မသိန်းညွန့်လည်း ဝမ်းသာအားရ ယူခဲ့ပြီး ၊ ညနေ ရေချိုးပြီး တစ်ခါတည်း ချဝတ်ပစ်မယ်လို့  အရီးမြအိမ်ကတည်းက ကျိမ်းလာခဲ့တာလေ။

အရီးမြက အင်မတန် ကပ်စေးနည်းတဲ့သူ။ ပိုက်ဆံ ချမ်းသာတယ်။ ဒါကြောင့် အပေါင်ခံတာ၊ ငွေတိုးချေးတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ လယ်တွေယာတွေလည်း အတော်များများ ပိုင်တယ်။

မသိန်းညွန့် ရေစိုထဘီကို ထဘီသစ်နဲ့ လဲလိုက်တယ်။ ထဘီသားလေးက အိအိလေးဆိုတော့ ဝတ်လို့အကောင်းသားလို့ သဘောကျသွားတယ်။ ထဘီက အဟောင်းမဟုတ်သလို အသစ်ချပ်ချွတ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အတော်ကို လတ်သေးတယ်။ အရောင်မကျသေးဘူး။

ထဘီလဲပြီး မသိန်းညွန့် နောက်ဖေးပေါက်ကနေပဲ အိမ်ထဲ ဝင်လိုက်တယ်။ ထမင်းအိုးက နေရာမပျက်သေးတော့ ကိုတင်မောင် ထမင်း မစားနှင့်သေးဘူး။

ဒါနဲ့  သူလည်း သနပ်ခါးလိမ်းဖို့ ကျောက်ပြင်ရှိရာ အိမ်ရှေ့ခန်းကို ထွက်လာခဲ့တယ်။

” ဟင်! ဒီယောက်ျား ဘယ်ထွက်သွားတာပါလိမ့် ၊ အိမ်ရှေ့ခန်းမှာလဲ မရှိပါလား “

” သွားရင်လဲ သွားမယ်ပြောသွားတာမဟုတ်ဘူး ၊ ဘယ့်နှယ်လူပါလိမ့်”

မသိန်းညွန့်က သူ့ယောက်ကျားကို မကျေမနပ်ဖြစ်တဲ့ပြီး မြည်တွန်တောက်တီးနေတယ်။ သနပ်ခါးတောင် ကောင်းကောင်း မလူးနိုင်ဘူး။ တော်သလို လိမ်းပြီး၊ ထဘီနဲ့ လိုက်မယ့် အင်္ကျီကို ရွေးဝတ်လိုက်တယ်။ အင်္ကျီဝတ်ရင်းနဲ့ မသိန်းညွန့်က …

” ထဘီသစ်ကလေးနဲ့ ငါ ထွေးရီတို့အိမ် သွားလည်အုံးမှ ။ အို …  သွားလို့က မဖြစ်သေးပါဘူး ။ တော်နေကြာ ကိုတင်မောင် ပြန်လာရင် ထမင်းခူးခပ်ကျွေးရအုံးမှာ  ။ ဒီယောက်ျားက တော်တော်ရယ် “

ဒီလိုနဲ့ … မသိန်းညွန့်ခမျာ သူ့ယောကျ်ား ကိုတင်မောင်ကို ပြန်လာနိုးနိုးနဲ့ စောင့်နေလိုက်တာ၊ မှောင်သွားတဲ့အထိပဲ ဆိုကြပါစို့။ မသိန်းညွန့်လည်း ဗိုက်ကလည်းဆာ၊ ယောကျ်ားကမလာ မလာဆိုတော့ ဒေါသထွက်လာတယ်နဲ့တူပါတယ်။

သူ့ယောက်ျား ပြန်ရောက်တဲ့အထိ စောင့်မနေတော့ဘဲ ၊ တစ်ယောက်တည်း ထမင်းတွေ ခူးခပ်စားလိုက်တယ်။ သူကတော့ ကန်စွန်းရွက်ကြော်နဲ့ ငပိရည်ရယ် သခွားသီးရယ်နဲ့ စားပေမယ့်၊ သူ့ယောက်ျားအတွက်တော့ ရွာထဲ ဟင်းဆိုင်က ဝယ်လာတဲ့ အမဲကြော်လေးတစ်တုံးနဲ့ အဆုတ်ကြော်လေး၂တုံးကို ချန်ထားပေးလိုက်တယ်။သူ စားပြီးတော့ ထမင်းဝိုင်းကို အုပ်ဆောင်းနဲ့ အုပ်ထားလိုက်တယ်။ ပြီးတော့ဆေးစရာ ရှိတဲ့ အိုးခွက် ပန်းကန်တွေ ဆေးပြီး၊ အိမ်ရှေ့ကို ထွက်လာခဲ့တယ်။

”  အင်း   ဒီညတော့ ငါ ထွေးရီအိမ် သွားဖြစ်မယ် မထင်တော့ဘူး။ သေနာကျက ဘယ်ချိန်မှ ပြန်လာမလဲမသိနိုင်ဘူး။ ယောက်ျားများ တယ်လဲ တစ်ကိုယ်ကောင်းဆန်သကိုး။ သူထင်ရာ သူထွက်နေတော့တာပဲ “

မသိန်းညွန့်က အဲ့သလို ခရားရေလွှတ် မြည်တွန်တောက်တီးနေတုန်းမှာပဲ ခြံဝကို ကိုတင်မောင်တစ်ယောက် စိုက်တိုက်မိုက်တိုက် ရောက်ချလာတော့တယ်။

အဲ့ဒီမှာ မသိန်းညွန့် ပါးစပ်ဟောင်းလောင်းနဲ့ အံဩသွားပါတော့တယ်။ ကိုတင်မောင်က တူတို့လွှတို့ပါတဲ့ ဘေးလွယ်အိတ်ကို လွယ်လျက်သား အိမ်ထဲ ဝင်လာတာလေ။ သူ့ပုံစံက အခုမှ အလုပ်ကနေ ပြန်လာတဲ့ပုံ။

” ရှင် … ရှင် … အခုမှ အလုပ်က ပြန်လာတာလား “

မသိန်းညွန့်က ဇဝေဇဝါ ဖြစ်နေဟန်နဲ့ မေးလိုက်တဲ့အခါ ၊ ကိုတင်မောင်က …

” အေးဟာ … ဒီကနေ့ နောက်ကျတယ်။ အမိုးသွပ် အပြီးမိုးနေရလို့  အားလုံး နောက်ကျမှ ပြန်ရတယ်။ ကဲ ငါ့မိန်းမ ငါ ဗိုက်ဆာသဟာ ။ ထမင်းခူးတော့ စားကြရအောင် “

ကိုတင်မောင်က ရိုးရိုးသားသား ဖြေလိုက်တော့ မသိန်းညွန့် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထကုန်တယ်။ ဟုတ်တယ်လေ။ သူ အဝတ်လှန်းနေတုန်းက ရေတိုင်ကိုလာပြီး ရေတွေ တဗျန်းဗျန်းနဲ့ ဆေးသွားတာ ဘယ်သူလဲ။ ပြီးတော့ ရေဖလားတို့၊ ထဘီတို့ကို လွှင့်ပစ်တာကရော ဘယ်သူလဲ ။ သူ့ခမျာ မြင်လည်း မမြင်လိုက်ရ။ ပြန်တွေးကြည့်ရင် သဲထိတ်ရင်ဖို ဖြစ်စရာကောင်းနေတယ်မဟုတ်လား။

ချက်ချင်း မသိန်းညွန့်ဟာ ကိုတင်မောင် ရှိရာကို တိုးကပ်သွားပြီး၊ အိမ်ထဲကို  မရဲတရဲ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကိုတင်မောင် ပြန်မရောက်ခင်က သူ တွေ့မြင်ခဲ့သမျှကို ခပ်တိုးတိုး ပြောပြလိုက်တယ်။

အဲ့ဒီတော့မှ ကိုတင်မောင်လည်း မျက်လုံး ပြူးသွားတယ်။ ပြီးတော့ လွယ်အိတ်ထဲက လက်သမားသုံး တူကို ထုတ်ယူပြီး လက်နက်အဖြစ် ကိုင်ထားလိုက်မိတယ်။

” အိမ်ထဲများ  ရှိနေမလား သိန်းညွန့် “

” မပြောတတ်ဘူး ကိုတင်မောင် “

သူတို့ စိတ်အထင်က သူတို့ ခြံထဲကို လူစိမ်းသူခိုးတစ်ယောက် ရောက်နေတယ်လို့ အောက်မေ့မိကြဟန်တူတယ်။ ကိုတင်မောင်က ရှေ့က ဦးဆောင်ပြီး အိမ်ထဲကို ဝင်လိုက်တယ်။ ကိုတင်မောင့်လက်ထဲမှာ တူတစ်ချောင်း။ ရန်ပြုလာရင် အသင့်ခုခံနိုင်ဖို့ပေါ့။

အိမ်ထဲမှာ မီးအိမ်ထွန်းထားတော့  ထင်သာမြင်သာ ရှိတယ်။ ကိုတင်မောင် မျက်စိရှင်ရှင်နဲ့ အသေအချာ လေ့လာကြည့်တယ်။အိမ်ထဲမှာတော့ ဘာမှ မတွေ့ပါဘူး။ ဒါနဲ့ ကိုတင်မောင်က  ဓာတ်မီးကို ယူပြီး အိမ်နောက်ဖေး ရေတိုင်ဘက်ကို ထိုးကြည့်ပြန်တယ်။ အဲ့ဒီမှာလည်း ဘာကိုမှ မတွေ့ရပြန်ဘူး။ ကိုတင်မောင် သူ့မိန်းမဘက်ကို ပြန်လှည့်ကြည့်တယ်။ သဘောက ‘မင်းဥစ္စာ ဟုတ်ကော ဟုတ်ရဲ့လား’ ပေါ့။

” အို … ကျွန်မက ဘာကိစ္စ ရှင့်ကို လိမ်ပြောရမှာလဲ ၊ အဓိပ္ပါယ်မရှိတော်”

ကိုတင်မောင်က သက်ပြင်းချလိုက်ပြီး ၊

” အခု ဘာမှ မတွေ့ဘူးဆိုတော့ ထွက်သွားပြီနေမှာပါ ။ ကဲကွာ ငါလဲ ဆာလှပြီ ၊ ထမင်း ခူးတော့ “

ကိုတင်မောင်က အဲ့သလို ပြောတော့ မသိန်းညွန့်  နည်းနည်းအကြောက်ပေါ့သွားပါတယ်။

ကိုတင်မောင်က နောက်ဖေးသွားပြီး ခြေလက်မျက်နှာ ဆေးကြောနေတယ်။ မသိန်းညွန့်က သူ့ယောက်ျားအတွက် ထမင်းခူးတယ်။

ကိုတင်မောင်အတွက် ထမင်းခူးပြီးတော့ မသိန်းညွန့်က စားပွဲဝိုင်းက အုပ်ဆောင်းကို လှန်လိုက်တဲ့အခါ …

” အမယ်လေး  ကိုတင်မောင်ရေ “

မိန်းမရဲ့ အလန့်တကြား အော်သံကြောင့် ကိုတင်မောင် အိမ်ထဲ ပြေးဝင်လာပြီး …

” ဘာလဲ … ဘာဖြစ်တာလဲ သိန်းညွန့် ” လို့ မေးလိုက်တဲ့အခါ ၊ မသိန်းညွန့်က မျက်စိမျက်နှာတွေ ပျက်နေပြီး ဟင်းပန်းကန်ကို လက်ညှိုးထိုးပြပြီး …

“ပန်းကန်ထဲက အမဲသားကြော်နဲ့ အဆုတ်ကြော်တွေ မရှိတော့ဘူး ။ ခုနကပဲ ကျွန်မ အသေအချာ ပန်းကန်ထဲ ထည့်ပြီး၊ အုပ်ဆောင်းနဲ့ အုပ်ထားခဲ့တာ “

ကိုတင်မောင် က မသိန်းညွန့်မျက်နှာကို အသေအချာကြည့်လိုက်တယ်။ သူ အကဲခတ်ရသလောက်တော့ မသိန်းညွန့် လိမ်ညာဟန်ဆောင် ပြောနေတာ မတွေ့ရဘူး။ ဒါနဲ့ …

” ကြောင်များ ဝင်စားသွားသလားမှ မသိတာ ‘လို့ ခပ်ဖော့ဖော့ ပြောလိုက်တယ်။ မသိန်းညွန့်က ခေါင်းကို ခါရမ်းပြပြီး …

” ကျွန်မ  အုပ်ဆောင်းနဲ့ အုပ်ထားခဲ့တာလေ။ ကြောင်  ဝင်စားတယ်ဆိုလဲ အုပ်ဆောင်းက နေရာပျက်နေမှာပေါ့”

ဒါလဲ ဟုတ်တာပဲ။ သူခိုးက ဟင်းခိုးစားသွားတာများလား။ ဒါတော့ မဖြစ်နိုင် ခိုးချင်းခိုးရင် တခြား တန်ဖိုးရှိတာ ခိုးသွားမှာပေါ့။

ကိုတင်မောင် သစ်သားဘီဒိုပေါ်က သူ့ကက်စက်ကို လှမ်းကြည့်လိုက်တယ်။ ကက်စက်က အခန့်သား ရှိနေတယ်။ တကယ်ဆို သူခိုးက အဲ့ဒီကက်စက်ကို အသာ မ ယူသွားရုံပဲ။ အခုတော့ …

ကိုတင်မောင် ခေါင်းရှုပ်မခံချင်တာနဲ့ …

” ကဲဟာ  … နေပစေတော့ ၊ ရှိတာနဲ့ပဲ ငါစားလိုက်တော့မယ် “

မသိန်းညွန့်က သက်ပြင်းချလိုက်ပြီး၊ ‘ အင်း  အင်း  ဒါဆိုလဲ ကျွန်မ ကြက်ဥလေး မွှေကြော်ပေးမယ် ‘ဆိုပြီး မီးဖိုဘက် ထွက်သွားလိုက်တယ်။

မီးမွှေး ၊ ကြက်ဥကြော်ပြီးတော့ ကြက်ဥကြော်ကို ထမင်းဝိုင်းမှာ ချပေးကာ၊ မသိန်းညွန့် သူ့ယောက်ျားအနီးမှာ ယပ်တောင်တစ်ချောင်းနဲ့ ထိုင်ခတ်ပေးနေတယ်။

ကိုတင်မောင်လည်း ဆာဆာရှိလှသမို့ထမင်းကို အားပါးတရ လွေးတော့တာပေါ့။ ပထမ တစ်ပန်းကန် ကုန်လုလုမှာ မသိန်းညွန့်က ထမင်းထပ်ထည့်ပေးတယ်။

ကိုတင်မောင် ဒုတိယပန်းကန် ဆက်အစားမှာ သူတို့အိမ်ထရံကို ဒုန်းခနဲ ခဲနဲ့ လှမ်းထုတာ ခံလိုက်ရတယ်။

” ဒုန်း “

အသံက ပြင်းသလို ထိချက်ကလည်း ပြင်းတယ်။စိတ်မြန်လက်မြန် ကိုတင်မောင်က စားလက်စ ပန်းကန်ကို ချပြီး၊ ထမင်းဝိုင်းကနေ လွှားခနဲ ခုန်ထသွားတယ်။ မြန်ချက်က အိမ်ရှေ့ကို တန်းရောက်သွားသလိုပဲ။

” ဟေ့  ဘယ်က မိမစစ်၊ ဖမစစ်အကောင်တုန်းကွ ၊ သတ္တိရှိရင် အိမ်ကို ခဲနဲ့မပစ်နဲ့ ၊ ငါ့ကို လာပစ် “

အိမ်အပြင်ဘက်မှာ ကြယ်ရောင်လရောင်နဲ့ဆိုတော့ ထင်သာမြင်သာတယ်လို့ ပြောလို့ရတယ်။ကိုတင်မောင် သူ့အိမ်ရှေ့ ဝန်းကျင်ကို လိုက်ရှာတယ်။ လူဆိုလို့ တစ်ယောက်မှ မတွေ့ရဘူး။ မသိန်းညွန့်က ဓာတ်မီး ယူလာပေးတော့ သူ ဟိုဟိုဒီဒီ မီးထိုးကြည့်သေးတယ်။ ဒါပေမဲ့ ဘာကိုမှ မမြင်ရပါဘူး။

ကိုတင်မောင်ရော မသိန်းညွန့်ပါ တစ်ယောက်ကိုတစ်ယောက် အံအားသင့်နေကြဟန်နဲ့ အကြည့်ချင်းဆုံသွားကြတယ်။ သူတို့ ခုနက ခဲမှန်တဲ့ အိမ်နံရံထရံကို သွားကြည့်ကြတယ်။ လူကြီးလက်တစ်ဝါးစာလောက်ရှိမယ့် မြေစာခဲလုံးတစ်လုံးက မြေပေါ်မှာ ကျနေသလို၊ ထိမှန်တဲ့ ထရံမှာ မြေစာမှုန်တွေ  ကပ်နေတာကို တွေ့လိုက်ကြရတယ်။

မသိန်းညွန့်က တစ်စုံတစ်ရာကို တွေးမိပြီး …

” ကိုတင်မောင် … ခဲက … လူ … လူ … ပစ်တာရော … ဟုတ် ရဲ့ လား “

ကိုတင်မောင်က မသိန်းညွန့်စကားကြောင့် ဒေါသ ထွက်သွားပြီး …

” ဟ … လူပစ်တာမဟုတ်လို့  ခွေးက ခဲကိုင် ပစ်နိုင်လို့လားကွ “

မသိန်းညွန့် ဇက်ပုသွားတယ်။ ဒါပေမဲ့ သူ့ယောက်ျားဒေါသ ဆက်မထွက်ရအောင် …

” ကဲ …လာပါ … လာပါတော် ၊ တော်လဲ ထမင်းစားလို့ ပြီးသေးတာမှ မဟုတ်တာ ၊ လာ … လာ  ထမင်း ပြီးအောင်စားလိုက် “

မသိန်းညွန့်က ဒေါသကြီးနေတဲ့ ကိုတင်မောင်ကို လက်ဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ သူတို့လင်မယားလည်း အိမ်ထဲအရောက် ၊ သူတို့ အိမ်ခေါင်မိုးပေါ်ကို  ခဲလုံးတွေ လေးငါးဆယ်လုံး တဒုန်းဒုန်းနဲ့ ကျလာပြန်တယ်။

” ဒုန်း … ဒုန်း … ဝုန်း “

ဒီတခါ  အသံတွေက ပိုမြည်လာသလို အရှိန်ကလည်း ခပ်ပြင်းပြင်းပဲ။

ကိုတင်မောင်  ထရံမှာ ချိတ်ဆွဲထားတဲ့  လေးခွနဲ့ လောက်စာလုံးအိတ်ကို ယူတဲ့ပြီး အိမ်အပြင် ပြေးထွက်သွားတယ်။ မသိန်းညွန့်က အနောက်နေ ဓာတ်မီးကိုင်လိုက်တယ်။

ဒါပေမဲ့  ကိုတင်မောင်ရော မသိန်းညွန့်ပါ  အပြင်ရောက်တော့ အံအားသင့်သွားကြပြန်တယ်။ အပြင်မှာ ဘယ်သူမှ မရှိဘူးလေ။ ကိုတင်မောင်က မသိန်းညွန့်လက်ထဲက ဓာတ်မီးကို ယူပြီး ဟိုဟိုဒီဒီ ထိုးကြည့်သေးတယ်။ ဘာဆို ဘာမှကို မတွေ့ရတာ။

သေချာပြီ။ ဒါ  လူလုပ်တာမဟုတ်တော့ဘူး။ သူတို့လင်မယားကို မကျေနပ်တဲ့ နာနာဘာဝက လုပ်နေတာဆိုတာကို သူတို့လင်မယား သိသွားကြပြီ။

အဲ့ဒီအချိန် မသိန်းညွန့် မျက်လုံးထဲ ဘာတွေ့သွားသလဲဆိုတော့ …

” ဟင်! ဟို … ဟိုမှာ   ကိုတင်မောင်”

ကိုတင်မောင်က မသိန်းညွန့် လက်ညှိုးထိုးပြတဲ့ဘက် ကြည့်လိုက်တယ်။

” ဟင်! အဲ့ … အဲ့ဒါ  … “

သူတို့ လင်မယား ကြည့်တဲ့ဘက်က ရေတိုင်နားက နောက်ဖေးစည်းရိုး။

အဲ့ဒီစည်းရိုး ရှေ့တည့်တည့်မှာ ဆံပင်ဖားလျားနဲ့ မိန်းမတစ်ယောက်က သူတို့ကို မကျေမနပ်နဲ့ စူးစူးစားစားကြီး ကြည့်နေတယ်။

နောက်ပြီး   အဲ့ဒီမိန်းမက မသိန်းညွန့်ခါးက ထဘီကို လက်ညှိုးထိုးပြပြီး၊

” ငါ့  ထ   ဘီ   ပြန်  ပေး ! “

လို့ ဗလုံးဗထွေးသံကြီးနဲ့ အော်ပြောလိုက်တာကို သူတို့နှစ်ယောက်စလုံး နားနဲ့ ဆက်ဆက်ကြားလိုက်ကြရတယ်။

အသံကြီးက ကြောက်စရာကြီးမို့ ၊ လင်မယားနှစ်ယောက်စလုံး၊ ရင်တွေတုန် ကြက်သီးတွေ ဖျန်းဖျန်းထကုန်ကြတယ်။

အခုမှ ကိုတင်မောင်က သူ့မိန်းမခါးက လုံချည်ကို သတိထားမိသွားတယ်။ သူလည်း ဒီထဘီကို တခါမှ သူ့မိန်းမ ဝတ်တာ မမြင်ဖူးဘူးလေ။

” မင်း  … မင်း  … ဘယ်သူ့ထဘီ ယူဝတ်လာတာလဲ “

” ဟို  … ဟို …  ဒါက ကျွန်မကို အရီးလေးမြက လက်ဆောင်ပေးလိုက်တာ … “

အရီးလေးမြဆိုကတည်းက ကိုတင်မောင်သိလိုက်ပြီ။ ဒါ အပေါင်ဆုံး ထဘီပဲ ဖြစ်မယ်ပေါ့။

” ဟာ  မင်းကွာ ၊ ဘာမသိညာမသိနဲ့ ယူလာရတယ်လို့ “

ကိုတင်မောင်  ထဘီတောင်းနေတဲ့သူကို အသေအချာ ကြည့်လိုက်တယ်။

”  မြတ်စွာဘုရား !   အဲ့ဒါ  …  အဲ့ဒါ  … မယ်ဆုံမဟုတ်လား  “

လရောင် ဖြိုးဖျဖျအောက်မှာ ဆံပင်တွေက လေမှာ တဖျတ်ဖျတ် လွင့်နေပြီး၊ မသတီစရာ ဖွေးစုပ်စုပ်မျက်နှာကြီးက တစ္ဆေမ မယ်ဆုံမှ မယ်ဆုံဆိုတာ ပေါ်လွင်နေတယ်။

မယ်ဆုံဆိုတာလည်း မသိန်းညွန့်တစ်ယောက် သိသွားတဲ့အခါမှာတော့ ၊ တစ်ကိုယ်လုံး တုန်ရင်သွားသလို၊ ခေါင်းနပမ်းလည်းကြီးသွားတယ်။

သူ ဝတ်ထားတဲ့ ထဘီက မယ်ဆုံရဲ့ လုံချည်ဆိုပါလား။ မသိန်းညွန့် ဘာမှ မစဥ်းစားတော့ဘူး။ သူ့ခါးက ထဘီကို အမြန်ချွတ်ပြီး မယ်ဆုံရှိရာဘက်ကို လွှင့်ပစ်ပေးလိုက်တယ်။

ကိုတင်မောင်က သူ့မိန်းမ လုပ်ရပ်ကို ကြည့်ပြီး ၊ ဟာခနဲ တချက်မျှ အသံထွက်သွားတယ်။ကိုတင်မောင်ခမျာ  ချက်ချင်းပဲ သူ့ခါးက ပုဆိုးကို ချွတ်ပြီး ၊ မသိန်းညွန့်ကိုယ်ပေါ် စွပ်ချကာ ဝတ်ပေးလိုက်တယ်။ သူက အားကစားဘောင်းဘီတို ပါသေးတော့ တော်သေးတယ်လေ။ မသိန်းညွန့်က ထဘီမရှိတော့ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေတာကိုး။

ထဘီကို  တစ္ဆေမ မယ်ဆုံက ပြန်ရတာနဲ့ သူတို့လင်မယားကို  ဆက်ဒုက္ခမပေးတော့ဘူး။ အမှောင်ထဲကို တရွေ့ရွေ့ တိုးဝင် ပျောက်ကွယ်သွားသတဲ့ ။

သူတို့လင်မယား နောက်ဆုံး မြင်လိုက်ရတာကတော့ အဲ့ဒီ ထဘီက တလွင့်လွင့်နဲ့ တစ္ဆေမ မယ်ဆုံနောက် ပါသွားတယ်ဆိုပဲ။

နောက်တော့မှ သူတို့ လင်မယား သိရတာက ၊ အဲ့ဒီထဘီကို မယ်ဆုံ မသေခင်က  အရီးလေးမြဆီမှာ လာပေါင်သွားတာတဲ့။ အရီးလေးမြကလည်း မယ်ဆုံရဲ့ ထဘီဆိုတော့ သူ့အိမ်မှာ ဆက်မထားရဲတာနဲ့၊ မသိန်းညွန့်ကို ပေးလိုက်တာတဲ့။

အဲ့ဒီလိုဖြစ်ပြီး နောက်မှာ မသိန်းညွန့်ခမျာ  အရီးလေးမြကို ဒေါသထွက်ထွက်နဲ့ ပြောလိုက်ဆိုလိုက်တာများ ရစရာကို မရှိဘူးပေါ့။

အရီးလေးမြကတော့ ဒီလိုပဲ ပြန်ပြောလိုက်တယ်။

” ညည်းကလဲ  အလကားရတာဆိုပြီး လိုချင်မျက်စိက ရှိတာကိုးအေ့၊ ခံရတာတောင် နည်းသေး ၊ ညည်းလောဘနဲ့ ညည်းပဲ ခံပေါ့အေ” ဟူသတဲ့။

တကယ်တော့  အရီးလေးမြက လူလည်ကျတာပါ။ မယ်ဆုံက တစ္ဆေမအဖြစ်နဲ့ မကျွတ်မလွတ်ဘူးဆိုတာကို သူလည်း သိတယ်လေ။

ပြောရမယ်ဆိုရင်  အရီးလေးမြကိုယ်တိုင်က တစ္ဆေမ မယ်ဆုံ ခြောက်လှန့်တာကို ခံခဲ့ရပြီးပြီ။

မယ်ဆုံ  ကွယ်လွန်ပြီး ဆယ်ရက်လောက်အကြာမှာ အခြောက်ခံရတယ်။ သူ အခြောက်ခံရပုံက …

အရီးလေးမြဟာ  သူ အပေါင်ခံထားတဲ့ ပစ္စည်းတွေကို အခန်းတစ်ခန်းထဲမှာ စုပြုံထားတယ်။ ဒန်အိုးဒန်ခွက်တွေ၊ အဝတ်အထည်တွေဆိုတာက မနည်းဘူး။

အရီးလေးမြက အမှတ်အသားကောင်းတယ်။ အပေါင်ခံတဲ့ပစ္စည်းကို စက္ကူပိုင်း တစ်ပိုင်းပေါ်မှာ အမည်၊နေ့စွဲနဲ့ ယူငွေ ရေးထားလေ့ရှိတယ်။ ဒန်အိုးဒန်ခွက်တွေကို စီရီထားတတ်သလို၊ အဝတ်အထည်တွေကိုလည်း ထင်းရူးသေတ္တာနဲ့ ထည့်ထားတတ်တယ်။ ရက်လွန် လာမရွေးတဲ့ ပစ္စည်းဆို သူက ပြန်ရောင်းတယ်။

အခု မယ်ဆုံရဲ့ ထဘီကိုလည်း သူက  ပြန်ရောင်းမယ့် အဝတ်ပုံမှာ ခွဲထားလိုက်တယ်။ မယ်ဆုံက သေပြီဆိုတော့ မရွေးတော့ဘူးဆိုတာ သေချာပြီမဟုတ်လား။

တစ်ညနေမှာ  အရီးလေးမြ အိမ်မှာ တစ်ယောက်တည်း ရှိနေချိန် အပေါင်ပစ္စည်းတွေထားတဲ့ အခန်းထဲက  အသံသဲ့သဲ့ကြားလိုက်ရသတဲ့။အသံက ရှိုက်သံလိုလို ငိုသံလိုလို မသဲကွဲဘူး။

“ဟင်! အခန်းထဲက ဘယ်သူပါလိမ့်။ မိလှသန်းနဲ့ မိမြစန်းလည်း ရွာတောင်ဖျားကို ငါပဲ အကြွေးသွားတောင်းခိုင်းလိုက်တာပါ ။ ပြီးတော့ ကိုဘိုးရင်ကလည်း ရွာလူကြီးက အစည်းအဝေးဖိတ်လို့  စောစောကတည်းက ထွက်သွားတာ “

မိလှသန်းနဲ့ မိမြစန်းဆိုတာက သူ့သမီးနှစ်ယောက်။ သူပဲ ရွာတောင်ဖျားက ရစရှိတဲ့ အကြွေးတွေ သွားတောင်းခိုင်းလိုက်တာ။ ဦးဘိုးရင်က အရီးလေးမြ ခင်ပွန်း။ ရွာဦးစေတီ ထုံးသင်္ကန်းကပ်ဖို့နဲ့ ဘုရားပွဲကျင်းပမယ့်ကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ ရွာလူကြီး အိမ် သွားတယ်။

အိမ်မှာ အရီးလေးမြ တယောက်တည်း ကျန်ခဲ့ချိန်။ အရီးလေးမြ အဲ့သလို တွေးနေချိန် အခန်းထဲက ငိုသံက တိုးသွားလိုက် ကျယ်လာလိုက် ဖြစ်လာသတဲ့။

အရီးလေးမြက ကြောက်တတ်သူတော့မဟုတ်ဘူး။ ဒါပေမဲ့ အချိန်က နေဝင်ရီတရောအချိန်။ အပေါင်ပစ္စည်းထားတဲ့အခန်းဆိုတာက သူကလွဲရင် ဘယ်သူမှ ဝင်လေ့ရှိတာမဟုတ်ဘူး။

ဒါနဲ့  အရီးလေးမြဟာ  အပေါင်ပစ္စည်းတွေထားတဲ့ အခန်းတံခါးဝကို ရောက်သွားတယ်။ ငိုသံက ကြားနေရတုန်းပဲ။ အရီးလေးမြက …

” ဟဲ့  ဘယ်သူတုန်း “

လို့ အခန်းတံခါး မဖွင့်ခင်မှာ အသံပြုလိုက်သတဲ့။ အရီးလေးမြ အဲ့သလို အသံပြုလိုက်ချိန် အခန်းထဲက ငိုသံကို တိခနဲ ရပ်သွားတယ်။

အရီးလေးမြလည်း မရဲတရဲနဲ့ အခန်းတံခါးကို တွန်းဖွင့်ကြည့်လိုက်တယ်။

”  ဖန်း  ဖလပ်  ဖလပ် “

အံဩစရာ။ အရီးလေးမြ သေသေချာချာ တစ်ထည်ချင်း ခေါက်ပြီး စီစီရီရီ ထပ်ထားတဲ့ အဝတ်ပုံက အဝတ်တွေက လူတစ်ယောက်က လွှင့်ပစ်လိုက်သလို အခန်းအပြင်ဘက်ကို လွင့်လာတယ်။

” ဖပ် “

” အံမယ်လေး “

အဝတ်တစ်ထည်က အရီးလေးမြရဲ့ မျက်နှာပေါ် လာမှန်ပြီး ဖုံးအုပ်လိုက်သလို ဖြစ်သွားတယ်။ အရီးလေးမြ လန့်ပြီး အံမယ်လေးတမိတာပေါ့။

မျက်နှာပေါ်က အဝတ်ကို အရီးလေးမြက ကမန်းကတန်း ဖယ်ရှားလိုက်ပြီး ကြည့်လိုက်တော့ …

” ဟင်!  ညည်း ဘယ် … ဘယ် …

သူ… လဲ “

အရီးလေးမြက တုန်တုန်ရင်ရင်နဲ့ မေးလိုက်တယ်။ အရီးလေးမြ တွေ့မြင်လိုက်ရတာက …

ကျောမပေါ် ဆံစတွေ ဖြန့်ကြဲထားတဲ့ မိန်းမတယောက်က အဝတ်ပုံရှေ့မှာ ကျောပေး ထိုင်နေတာတွေ့လိုက်ရတယ်။ မမှောင့်တမှောင်ဆိုတော့ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။

အဲ့ဒီမှာ  အဲ့ဒီမိန်းမက ခန္ဓာကိုယ် လှည့်မလာဘဲ၊ သူမရဲ့ ဦးခေါင်းကို ကျောဘက် တဖြည်းဖြည်း လှည့်လိုက်သတဲ့။

ခေါင်းကြီးက ပြောင်းပြန်လှည့်လာတော့ အရီးလေးမြ လိပ်ပြာလွင့်စင်သွားမတတ် ထိတ်လန့်သွားတယ်။

” အောင်မယ်လေး! သ …သ …သရဲ “

အရီးလေးမြဟာ အခန်းပေါက်ကို ကျောပေး ၊လူကလည်း နောက်ဆုတ်နောက်ဆုတ်နဲ့ ကတုန်ကရင်တွေ ဖြစ်၊သူ့ရင်ဘက်ထဲက အသဲနှလုံးကို လက်နဲ့ ဖျစ်ဆုတ်ကိုင်လိုက်သလို ထိတ်လန့်ကြောက်ရွံသွားသတဲ့။

အဲ့ဒီအချိန် သူ့သမီးနှစ်ယောက်က အကြွေးတောင်းပြီး အိမ်ကို ပြန်ရောက်လာကြတယ်။ အရီးလေးမြရဲ့ ထိတ်လန့်တကြား အော်သံကြောင့် သူတို့ညီအစ်မနှစ်ယောက် အရီးလေးရှိရာကို ပြေးဝင်လာကြတယ်။

” အမေ … အမေ  … ဘာဖြစ်တာလဲ”

အခန်းဝမှာလည်း အဝတ်တွေက ဖရိုဖရဲ ပြန့်ကြဲလို့ပေါ့။ သူတို့အမေကို သူတို့ ပြေးဖက်လိုက်တယ်။ အံဩစရာက  မိလှသန်းနဲ့ မိမြစန်းတို့ အခန်းဝ ရောက်လာချိန်၊ အရီးလေးမြကို ခြောက်တဲ့ သရဲက မရှိတော့ဘူး။

အခန်းထဲမှာ လွှင့်မပစ်ဘဲ ကျန်တာဆိုလို့ ထဘီတထည်ပဲ ခေါက်ရိုးမပျက် တွေ့လိုက်ရတယ်။ အဲ့ဒီထဘီက   မယ်ဆုံ မသေခင်က လာပေါင်သွားတဲ့ ထဘီပဲပေါ့။

အဲ့ဒီကတည်းက အရီးလေးမြ သိလိုက်ပြီလေ။ သူ့အခန်းထဲ ဝင်တာ တစ္ဆေမ မယ်ဆုံကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ဒါကြောင့် အရီးလေးမြက နောက်တစ်နေ့ သူ့အိမ်မှာ ပဲလာရွေးတဲ့ ‘သိန်းညွန့်’ကို စေတနာရှိသလိုနဲ့ ထည့်ပေးလိုက်တာပဲပေါ့။

မသိန်းညွန့်ကလည်း အလကားရတဲ့ ပစ္စည်းဆိုတော့  ဘာမှ မေးမနေဘဲ ယူလာခဲ့မိပြီး ၊ တစ္ဆေမ မယ်ဆုံရဲ့ ထဘီလာတောင်းတာ ခံရလိုက်ရပါသတဲ့။

(ပြီးပါပြီ)

ပီပီ၊မန္တလေး၊